book

Index 4

အခန်း(၄)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~


ခြေထောက်နှစ်ဖက်ကို ငှက်မွှေးလို ပေါ့ပါးစွာ လှုပ်ရှား၍ ခြေဖျားထောက်နင်းကာ ညင်သာစွာဖြင့် တိတ်ဆိတ်နေသော အခန်းထဲသို့ လျှောက်ဝင်သွားရာ လျှပ်စစ်မီးနှင့်ပြတင်းပေါက်မှလာသော အလင်းရောင်သည် နှစ်ယောက်အိပ်ကျွန်းခုတင်ကြီး တစ်ဝိုက်ဖြာကျနေသည်ကို ဦးစွာလှမ်းမြင်လိုက်ရသည်။ ခိုးကြောင်ခိုးဝှက်လုပ်နေမိသလိုဖြစ်နေသည့် မိမိဖြစ်ပုံအား သတိပြုမိသွားရာ တိတ်တိတ်ကြိတ်ရယ်လိုက်မိပါသေးသည်။ 


မှော်ဝင်သည် ခုတင်ဘေးတွင် ဒူးတုတ်ထိုင်ချလိုက်ပြီး အိပ်ရာပေါ်ပက်လက်အနေအထားဖြင့် လှဲလျောင်းနေသူ၏ ရင်ဘက်ပေါ်တင်ထားသော လက်တစ်ဖက်အား ခပ်ဖွဖွအုပ်ကိုင်လိုက်ပါ၏။ 


" ဘယ်သူလဲ..."


သူမ အသံတိတ်နေလိုက်၏။ အိပ်နေတယ်ဟု ထင်မှတ်ထားခဲ့တာပင်။ မဟုတ်မှ သူမကြောင့် လန့်နိုးသွားတာများလား...။ 


အရည်ပြားတွေတွန့်ပြီး တုန်ရီနေသည့် လက်တစ်ဖက်က သူမလက်ကနေတစ်ဆင့် လက်မောင်းကိုထိကိုင်ကြည့်ဖို့ လှမ်းနေသဖြင့် အလိုက်တသိပင် အနားတိုးကပ်သွားလိုက်ပြီး ကိုယ်ကိုအရှေ့သို့ ညွတ်ကိုင်းပေးလိုက်၏။ ထိုအခါ ပခုံးကိုထိကိုင်လာပြီး အေးစက်သည့်လက်တွေက လည်ပင်းကိုရောက်လာပြီးနောက် မျက်နှာအနှံ့ အစိတ်အပိုင်းတစ်ခုမကျန် ထိတွေ့ကိုင်တွယ်စမ်းသပ်နေပါတော့သည်။ ထိုအထိအတွေ့နဲ့ ကင်းကွာနေတာ ကြာလှပြီဖြစ်သောကြောင့် မျက်လုံးမှိတ်ထားလျက် နှစ်ခြိုက်စွာ ပြုံးမိရင်း ခံယူနေစဉ် ရုတ်တရက် လက်တွေရုတ်သိမ်းသွားရာ ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ တင်းမာနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ 


"သွားပါအေ... ညည်းပျော်တဲ့နေရာမှာသာနေပါ၊ ဒီလူအိုမကြီးကို ပစ်ထားလိုက်စမ်းပါ၊ မဟုတ်ဘူး... ပစ်ထားကြတာပဲ၊ လာစရာမလိုဘူး...သွား "


"ဘယ်သူ့ကိုပြောနေတာလဲဘွား... "


"အို... ဒီနားမှာ ညည်းအပြင်ဘယ်သတ္တဝါရှိသေးလို့လဲ ပြောစမ်း၊ ငါ့ကို မျက်စိကန်းနေတယ်ဆိုပြီး လျော့မတွက်နဲ့နော် မှော်ဝင် "


" အဟက် "


ခေါင်းလေးမော့၍ သဘောကျစွာ ရယ်မောလိုက်မိပါသည်။ ပြီးမှ ဘွားရဲ့လက်နှစ်ဖက်အားညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး လက်တစ်ဖက်ကို သူမဘယ်ဘက်ရင်ဘက်ပေါ်ဆွဲကပ်ထားလိုက်ရင်း...


"ဘွား... ဘာတွေ့လဲ "


".... "


ဘွားက သူမရင်ဘက်ပေါ်မှသူ့လက်ကို အတင်းရုန်းထွက်နေပြီး ပါးရည်နားရည်တွေတွန့်နေပေမယ့် ဖုံးကွယ်လို့မရသော ဖြူစင်အပြစ်ကင်းပြီး ရင့်ကျက်သည့်အလှဖြင့် အေးချမ်းနေသော မျက်နှာကို သူမနှင့် ဆန့်ကျင်ဘက်နေရာသို့ ပို့ထား၏။ ရေသည်ပြဇာတ်ထဲက" ဆံထုံးတော်ကြီး တမာသီး" ဆိုသည့်အတိုင်း အနောက်မှာအထုံးသေးထုံးဖွဲ့ထားသည့် ဘွားခေါင်းပေါ်က ဆံပင်တွေ ခဲရောင်မှအဖြူရောင် ပြောင်းသွားသည်အထိ ဘွားဘေးမှာ သူမရှိမနေခဲ့ပါ။ အသက်၈၀ ကျော်အရွယ် ဘွားက ဆံပင်တွေဖြူနေသည့်တိုင် နားမထိုင်းသေးသည့်အပြင် ကိုယ်ထူကိုယ်ထဖြင့် သွားနိုင်လာနိုင်ပါသေးသည်။ လက်စွဲတော်တုတ်ကောက်ကတော့ မပါမဖြစ်ပေါ့။ 


ဘွားရဲ့ကလေးဆန်ဆန် ချစ်စရာ အပြုအမှုလေးကြောင့် မှော်ဝင် ပြုံးစိစိမျက်နှာလေးဖြင့် အိပ်ရာပေါ် အသာတက်ထိုင်လိုက်၏။ 


"တကယ်ပဲ မြေးပြန်သွားရမလားဘွား၊ မြေးက ဘွားကိုတွေ့ချင်လို့ ဘွားကြောင့် ဒီအိမ်ကို လာခဲ့တယ်ဆိုတာ ဘွားသိတယ်မလားဟင် ဘွား... "


"သိပါတယ်... အခုလိုလာပေးတဲ့အတွက် ညည်းကိုကျေးဇူးတင်လွန်းလို့ ထိုင်ပါရှိခိုးချင်တယ် "


"ဘွားရယ်... ​မြေးအသည်းနှလုံးလေးရယ်"


"တော်ပါ တော်ပါ၊ ဒီလိုပုံစံနဲ့ ချွေးလာသိပ်မနေနဲ့အေ၊ ပစ်ထားတုန်းက ပစ်ထားပြီးတော့ "


ဘွားကိုယ်လုံးအိအိလေးအား သူမလက်နှစ်ဖက်ဖြင့် သိမ်းကျုံးဖက်ထားပြီး ရှင်မတောင်သနပ်ခါးဖြင့် ဖွေးနေသည့် ပါးပြင်လေးကို တရှုံ့ရှုံ့နမ်းရှိုက်နေမိတော့သည်။ ကရုဏာဒေါသောဖြင့် ဘွားပြောလာသမျှ စကားလုံးတွေကို သူမ စိတ်မဆိုးပါ၊ ပိုလို့တောင်သဘောကျသေး။ 


"ဘွားဘာစားပြီးပြီလဲ....၊ မြေးဘာလုပ်ပေးရမလဲ ဟင် "


"ညည်းဆာလို့မလား... သွားစား၊ စားပြီးရင် အခန်းထဲပြန်လာခဲ့၊ ပေးစရာရှိတယ် "


"ဟုတ်ပါပြီ ဘွားဘွားချစ်ရဲ့ "


သူမမှာ မေမေ့ဘက်က အဘိုးအဘွားတွေမရှိတော့သဖြင့် ကျန်နေသေးသည့် ဖေဖေ့ဘက်ကအဘွားကိုသာ ပုံအောချစ်နေမိတော့သည်။ ဘိုးဘိုးဆုံးသွားပြီး သိပ်မကြာခင်နှစ်တွေမှာ ဘွားရဲ့ဘယ်ဘက်မျက်လုံးရေအိမ်ဖြစ်ပြီး ခွဲစိတ်ကုသခဲ့ပေမယ့် ညာဘက်မျက်လုံးကိုပါ ကူးစက်သွားသဖြင့် စက္ကုအာရုံနှစ်ပါးအလင်းကွယ်သွားရသည်။ ဖေဖေနဲ့မေမေက ဘွားဘွားအိမ်သွားဖို့ခေါ်တိုင်း သူမအမြဲငြင်းပယ်ခဲ့၏။ ဘာလို့ဆို သူမတို့ကို မလိုလားသော၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်တတ်သောသူတွေရဲ့ မျက်နှာကို မကြည့်ချင်တာကတစ်ကြောင်း၊ အကုသိုလ်မဖြစ်ချင်တာကတစ်ကြောင်းမို့ အကြောင်းအမျိုးမျိုးပြကာ ရှောင်ထွက်နေကြဖြစ်သည်။ ဘွားဘွားက ဖေဖေ့ညီမတွေ၊ တူမတွေ၊ မြေးတွေနဲ့အတူနေပေမယ့် အချစ်ဆုံးသားကမွေးတဲ့၊ အဝေးမှာနေတဲ့ သူမကိုသာ အချစ်ဆုံးဆိုတာကို ငယ်ငယ်ထဲကအတပ်သိနေခဲ့ပါသည်။ 


°°°°°°°°°°°°°°°°°°°°


ရေခဲသေတ္တာထဲက ဘေးအကန့်မှာထောင်ထားသည့် နွားနို့တစ်ပုလင်းကို ဆွဲယူလိုက်ပြီး သစ်သီးတွေထားသည့် အောက်ဆုံးအကန့်ထဲမှ ပန်းသီးကိုရွေးယူပြီးနောက် ပြန်ပိတ်လိုက်၏။ အေးစက်နေသည့် နီရဲရဲပန်းသီးကို လက်ဖြင့်ပွတ်သပ်ပြီး တစ်ကိုက်ကိုက်လိုက်၏။ မီးဖိုခန်းထဲမှ ပြန်ထွက်တော့ နောက်ပါးဆီမှ အတင်းအဖျင်းအသံဗလံတွေကို မကြားတကြားဖြင့်ကြားရသောအခါ အခန်းဝကနေ ပြန်လှည့်၍ တံခါးဘောင်အား မှီနွဲ့ရပ်နေကာ ပန်းသီးကို နောက်တစ်ကြိမ်ထပ်ကိုက်လိုက်ရင်း ဆိတ်ဆိတ်နားထောင်နေလိုက်ပါသည်။


"လူကြီးတွေတွေ့လို့ နှုတ်ဆက်ရကောင်းမှန်းလည်းမသိဘူး၊ မျက်နှာကိုကြည့်ပါလား ဘယ်သူမှ လူမထင်တဲ့ရုပ်နဲ့၊ ဒါတောင် သူ့အမေလို ဆရာဝန်မဟုတ်ဘူး... "


"တစ်နှစ်နေလို့မှ မျက်နှာတစ်ခါမမြင်ရတဲ့ မြေးမလေးက ထူးထူးဆန်းဆန်း ရောက်လာတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ ကျိန်းသေတယ် "


"ဟဲ့ အဘွားကြီးက အသက်ကြီးနေပြီလေ၊ သူပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေကလည်း မနည်းမနောပဲ၊ အမွေလိုချင်လို့နေမှာပေါ့"


"ဟုတ်မယ်မထင်ဘူးကွ၊ လူကသာ မလောက်လေးမလောက်စားနဲ့ မာနက မိုးလောက်ရှိတယ်၊ သူ့အမျိုးတွေအပေါ်မှာလည်း တရင်းတနှီးနဲ့ ဖလှဲတကင်းမရှိဘူး၊ အမွေတွေလည်း မက်ပုံမပေါ်ပါဘူး... "


'နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်' တဲ့။ သူမတစ်ယောက်လုံးအနောက်မှာရှိနေတာကို သတိမပြုမိရလောက်အောင် ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်းကို သွားပုတ်လေလွင့်နဲ့ ပိုက်ဆံမပေးရတိုင်း အာသာပြေအောင် ပြောနေကြတာပဲ။ ဒီလိုလူမျိုးတွေသည် မပေါင်းသင့်မပေါင်းအပ်သော လူစားမျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ လွန်လွန်ကျူးကျူးမဖြစ်လာသ၍၊ မျက်ကွယ်ပြုထားနိုင်သ၍ ဥပေက္ခာပြုဖို့ သူမဆုံးဖြတ်ထားပါသည်။ 

လူအမျိုးမျိုး စိတ်အထွေထွေရှိကြတယ်မဟုတ်ပေဘူးလား။ 


"မှော်က ဒီရောက်နေတာကိုး..."


မျက်ခုံးလေးပင့်လျက် အနောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်တော့ လိုတာထက်ပိုမိုဝတ်စားဆင်ယင်ထားသော ဖေဖေ့ညီမဝမ်းကွဲကို တွေ့လိုက်ရသည်။ 


"တူမလေးကို တူမလေးမေမေက လိုက်ရှာနေတယ်၊ အရှေ့ဘက်ကိုသွားလိုက်ဦး "


စားလက်စပန်းသီးအရသာက ပေါ့ပြတ်သွားသဖြင့် ဆက်စားချင်စိတ်မရှိတော့ဘဲ ခပ်လှမ်းလှမ်းက ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပန်းသီးကိုလှမ်းလွှင့်ပစ်လိုက်၏။ထို့နောက် ခေါင်းညိတ်ခေါင်းခါပင်မပြုဘဲ လှည့်ထွက်တော့ ဖေဖေ့ညီမထံမှ မခိုးမခန့်အပြုံးတစ်ခုကို မျက်ဝန်းအိမ်ထောင့်စွန်းမှ ရိပ်ခနဲ မြင်လိုက်ရသော်လည်း နွားနို့ပုလင်းကိုကိုင်စွဲ၍ ဆက်လျှောက်လာခဲ့ပါတော့သည်။


"ဘုန်းခန့်ရော... မတွေ့မိပါလား၊ အတူမလာဘူးလား"


"ဟုတ်တယ်၊ ဒီကိုလာခါနီး ဆေးရုံမှာ emergency case တစ်ခုပေါ်လာတာနဲ့ သွားလိုက်ရတယ်လေ၊ မနက်စောစောထွက်လာပါလိမ့်မယ် "


" ဘုန်းခန့်နဲ့ မတွေ့ဖြစ်တာကြာပြီ "


"သမီး... ဒီကိုခဏလာခဲ့ဦး "


ဧည့်ခန်းမှာ ဧည့်သည်တွေနှင့် စကားထိုင်ပြောနေသော မေမေ့ကို ခပ်လှမ်းလှမ်းကနေ  လှမ်းမြင်လိုက်ကတည်းက သူမကို လှမ်းခေါ်မည်စိုး၍ မျက်နှာလွှဲကာ ခပ်သုတ်သုတ်လျှောက်နေစဥ်မှာပင် အမိအရလှမ်းခေါ်ခြင်းခံလိုက်ရတော့၏။ ပင့်သက်တစ်ချက်ရှိုက်လျက် နှုတ်ခမ်းကိုဖိကိုက်ရင်း မေမေတို့ဘက် လေးကွေးစွာ ​ခြေဦးပြန်လှည့်လာရသည်။


"ကျွန်မသမီးလေး မှော်ဝင်လေ၊ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတယ်၊ သမီးလည်းမှတ်ထား...သူတို့တွေက သမီးအဖေနဲ့ ဆွေးမျိုးနီးစပ်တော်တယ်၊ မိုးကုတ်က ကျောက်သူဋ္ဌေးတွေ "


မေမေက သူမကို သူ့ဘေးနားမှာ ထိုင်စေပြီး ဧည့်သည်တွေနဲ့မိတ်ဆက်ပေးပါသည်။ မေမေ့ထက် အနည်းငယ်အသက်ကြီးပုံပေါ်သော အမျိုးသမီးနှစ်ယောက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အား တစ်ချက်ဝေ့ကြည့်ရင်း ဖျော့တော့သောအပြုံးဖြင့် သူမပြုံးပြလိုက်ပါသည်။ ပြီးလျင် အကြည့်လွှဲ၍ မေမေ့နောက်နား မျက်နှာကပ်ကာ ' ဘွားဘွားဆီ ခဏသွားဦးမယ် ' ဟုတိုးတိုးပြောလိုက်တော့ မေမေက သူမအား စိုက်ကြည့်ကာ မျက်လုံးဖြင့် ဟန့်တားလိုက်သဖြင့် ဘဝင်မကျဘဲ လက်ထဲကပုလင်းကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး ဆိုဖာနောက်မှီအား ကျောကပ်၍ခပ်​လျောလျောထိုင်လိုက်ပါ၏။ သူမပုံစံက စိတ်ပျက်လက်ပျက်ဖြစ်နေပုံပေါက်နေပါလိမ့်မည်။ ဘယ်တတ်နိုင်မလဲ... သူမမကြိုက်တဲ့အကြောင်း အမှုအယာနဲ့တော့ ပြရမှာပဲလေ။ 


"ဘုန်းခန့်သမီးလေးက ဖအေတူသမီး အချောလေးပဲ၊ ဒါဆို အမျိုးချင်းထပ်လို့ရပြီပေါ့၊ ဒါက တို့သားလေး မျိုးဆက်သစ်... အဝေးသင်ကို အီကိုနဲ့ နောက်ဆုံးနှစ်တက်နေတာ၊ သားက ကျောင်းတစ်ဖက်နဲ့ ကျောက်အရောင်းအဝယ်လုပ်ငန်းကို နိုင်သလောက်ဝိုင်းကူနေတာပေါ့ "


"ဒါဆို သားလေးက အားကိုးနေရပြီပေါ့၊ သားလိမ္မာလေးရထားတာပဲ "


"ဆိုပါတော့ကွာ "


ထင်သည့်အတိုင်းပင် သူမအကြောင်းမပါလျင် စကားဝိုင်းကမပြည့်စုံဘူးဆိုတာ။ အဲဒါတွေမကြိုက်တာ၊ ထစ်ခနဲရှိ သားရေးသမီးရေးအကြောင်းတွေပြောပြီး ထိုမှတစ်ဆင့် စီးပွားရေးသဘောတွေ ပါလာတော့မည်။ နောက် စကားကျွံတာတွေဖြစ်လာတော့မည်။ 


သူမမျက်နှာလွှဲထားသော်လည်း မျိုးဆက်သစ်ဆိုသူက သူမအား စေ့စေ့ငှငှ ကြည့်နေသည်ဟု အာရုံခံစားမှုတစ်မျိုးဖြင့် သိနေသောအခါ အနီဖျော့ရောင် နှုတ်ခမ်းနှစ်လွှာအားတင်းတင်းစေ့ထားလျက် ခေါင်းလေးအသာမော့၍ တစ်ဖက်သို့စောင်းထိုင်လိုက်ပါ၏။


"မှော်လို့ခေါ်လို့ရမလား၊ နာမည်နဲ့လူနဲ့ အရမ်းလိုက်တယ် "


".... "


မျိုးဆက်သစ်က သူမမျက်နှာချင်းဆိုင်တွင် ထိုင်နေရာမှ ရုတ်တရက် သူမဘေးနားဝင်ထိုင်လိုက်သဖြင့် စိတ်ကသိကအောက် ဖြစ်သွားရသည်။ တစ်ဖက်လှည့်ထားသည့် သူမမျက်နှာ ညိုညစ်နေတာကို သတိထားမိဟန် မပေါ်သော မျိုးဆက်သစ်သည် အလိုက်ကမ်းဆိုးမသိ သူ့ဘာသာ စကားဆက်နေပြန်ပါ၏။ 


"ဟို ကိုယ့်သူငယ်ချင်းတချို့လည်း ရန်ကုန်မှာကျောင်းသွားတက်နေကြတယ်လေ "


"...."


"အင်း... ဖုန်း ဖုန်းနံပါတ်လေး ပေးလို့ရမလား၊ ပိုပြီးရင်းနှီးသွားအောင်လို့လေ... သြော် ဒါကကိုယ့်ရဲ့ လိပ်စာကဒ် "


ချစ်တယ်၊ ကြိုက်တယ်၊ မြတ်နိုးတယ် ဟူသော ဘူတာကိုရောက်ဖို့အတွက် ပထမဆုံးခြေလှမ်းကို ကျွမ်းကျွင်ပိုင်နိုင်စွာ လှမ်းနေသော မျိုးဆက်သစ်ကို သူမစိတ်ထဲ ချီးကျူးလိုက်မိပါ၏။ အဲ့အတွက် တန်ရာတန်ကြေးတစ်ခုတော့ ပြန်ပေးရပါလိမ့်မည်။ မပေးချင်လည်းပဲ ပေးရပါလိမ့်မည်။ အဖိုးအခကတော့ ကြီးမယ်ထင်ပါရဲ့။ 


အရှေ့စားပွဲဝိုင်းအစွန်နားမှာရှိနေသည့် သစ်တော်သီးပန်းကန်ထဲမှ သစ်တော်သီးတစ်စိတ်အား ခရင်းဖြင့်ထိုးစိုက်၍ နှုတ်ခမ်းနားတေ့ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်ပါ၏။ အရည်ရွှန်းပြီး ချိုမြနေသည့် သစ်သီးကို အသံမြည်အောင် ဝါး၍မြိုချလိုက်ပြီးမှ မျိုးဆက်သစ်ဘက်သို့ အပြုံးဖြင့် လှည့်ကြည့်ကာ လက်ထဲကစားလက်စ သစ်တော်သီးအား ထိုးပေးလိုက်တော့ သူမကို မျက်ခုံးပင့်၍ ထူးဆန်းစွာ ကြည့်နေသည်ကို တွေ့လိုက်ရပါ၏။ ထို့နောက် သူမကို အူတူတူပြန်ပြုံးပြပြီး သူ့လက်ထဲမှ လိပ်စာကဒ်အား စားပွဲပေါ်တင်လိုက်ကာ သစ်သီးစိတ်ကိုလှမ်းယူ၍ အင်တင်တင်မျက်နှာဖြင့် ပါးစပ်ထဲထိုးထည့်လိုက်တာကို ကြည့်ပြီး ခပ်သဲ့သဲ့ပြုံးလိုက်မိပါသည်။ 


မထူမပါးမျက်ခုံးနှစ်ခုက ကွေးညွတ်နေပြီး အနက်ရောင်ဆံပင်ကို တိုကပ်ကပ်ညှပ်ထားကာ နေပူထဲထွက်တာများသဖြင့် နီစပ်စပ်အသားအရေရှိသူ၊ ဘော်ဒီတောင့်တောင့်ဖြောင့်ဖြောင့်  မိုးကုတ်သား ကိုယ်လူချောက ဘယ်ဆိုးလို့လဲ။  


"ကျောင်းပိတ်ရက်မှာ ကိုယ်တို့မိုးကုတ်ကို လာလည်ပါလား...၊ မှော် မိုးကုတ်မြို့ကို မရောက်ဖူးဘူးမလား "


"....."


"မှော်ကအရမ်းလှတော့ ကျောင်းမှာ စတားဖြစ်နေမှာသေချာတယ်၊ ကိုယ်ကတော့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေရတာဆိုတော့ ကျောင်းသားဘဝကို ကောင်းကောင်းမဖြတ်သန်းရပါဘူး၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အရသာကိုလည်း မခံစားဖူးဘူး.... "


"နောက်တစ်ခွန်းထပ်ပြောရင် ဒီထက်နက်နက် ထိုးခံရလိမ့်မယ် "


မှော်ဝင်သည် သူမဘေးနားချထားသော မျိုးဆက်သစ်၏ လက်ခုံအား ခရင်းဖြင့် ထိုးစိုက်လိုက်ရင်း အံကြိတ်သံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အပေါ်ယံအရေပြားကို ထိုးလိုက်ခြင်းဖြစ်သဖြင့် အရမ်းကြီးနာမှာတော့မဟုတ်ပါ။ သူမအပြုအမှုကြောင့် ခွေးအကြီးလှည်းနင်းခံရသလို ဖြစ်နေသော ပုံစံဖြင့် သူမအား ပါးစပ်အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေသော မျိုးဆက်သစ်ကို ညာဘက်မျက်ခုံးတစ်ဖက်လှုပ်ပြလိုက်ပါသည်။ မျိုးဆက်သစ်သည် သည်အတိုင်း ကျောက်ရုပ်လိုဖြစ်နေပြီး သူ့ထံမှ ဘာစကားမျှ ထပ်ထွက်မလာတော့သဖြင့် ကျေနပ်သွားကာ ခနဲ့တဲ့တဲ့ ပြုံးပြလိုက်ပြီး သူ့ကိုဖြတ်ကျော်ကာ အင်မတန်စိတ်ပျက်စရာကောင်းသည့်နေရာမှ သူမထွက်လာခဲ့တော့သည်။ 


တွေးကြ​ည့်ရင် သူမဘဝက ဘယ်လောက်ကျေနပ်စရာကောင်းလိုက်သလဲ။ သူမဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ခွင့်ရှိသည်၊ လုပ်နိုင်စွမ်းရှိသည်။ အဲ့အတွက် သူမဘက်က ဘာမှဆုံးရှုံးနစ်နာသွားစရာအကြောင်းမရှိပါ။ စောနကဖြစ်ရပ်မှာ သူမမဟုတ်ဘဲ တခြားတစ်ယောက်သာ ဖြစ်ခဲ့လျင် ဧကန်မုချ ပြဿနာအကြီးအကျယ်တက်သွားနိုင်ဖွယ်ရှိသည်။ သူမပြုသမျှ နုသောသူထက် ကျားစွယ်ထုတ်ပြသောသူကိုသာ ပို၍သဘောတွေ့သည်။ ဘာလို့ဆို အဲ့အစွယ်ကို ရိုက်ချိုးဖို့အတွက် မှော်ဝင်ဆိုတဲ့ကျွန်မဖြစ်တည်လာတာခဲ့တာမို့လို့ပင်။ 


°°°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°🖤🖤


အခန်း(၅) ဆက်ရန်>>>


#ပတ္တမြားအလင်း


rate now: