book

Index 3

အခန်း(၃)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~


3 years later >>>


အရှေ့တောင်အရပ်မှ တိုက်ခက်လာသော မုတ်သုန်လေကို ထိုးခွင်း၍ အဝါရောင်မော်ဒယ်မြင့်ကားတစ်စီးသည် ကျောင်းဝင်းထဲ ကားရပ်နားရာနေရာတွင် အကျအနရပ်လိုက်၏။ အိမ်မှထွက်လာစဥ်ကတည်းက တဖွဲဖွဲရွာကျနေသော မိုးသည် အရှိန်မြှင့်လာကာ သည်းသထက် ပို၍သည်းထန်စွာ ရွာသွန်းလျက်ရှိသည်။ 


အနက်ရောင်လည်ကပ်ဆွယ်တာအကျီလက်ရှည်အား အပေါ်သို့ အနည်းငယ်ဆွဲတင်လိုက်၏။ နီညိုရောင်ဆိုးထားသည့် နှုတ်ခမ်းဖူးလေးက တင်းတင်းစေ့ထား၏။ ဘေးလွယ်အိတ်ထဲမှ အနက်ရောင်ခေါက်ထီးလေးအား ဆွဲထုတ်လိုက်ရင်း လက်တစ်ဖက်က ကားတံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် ထီးကိုအရင်ဖွင့်ပြီးမှ အနက်ရောင်လေဒီရှူးစီးထားသည့် ညာခြေတစ်ဖက်က မြေပြင်ပေါ်သို့ရောက်ရှိလာ၏။ ကားတံခါးပြန်ပိတ်ချိန် မညင်သာသည့် လေတစ်သုတ်ကြောင့် ညာလက်ဖြင့်ကိုင်ထားသော သူမထီးလေး ယိမ်းယိုင်သွားရသည်။

ထိုအခိုက် သူမနှုတ်ခမ်းလေး အလိုလို ကွေးညွတ်သွားရသည်က တစ်စုံတစ်ရာကို လှောင်ပြောင်လိုက်ခြင်းပင်။ ဘာမဟုတ်တဲ့လေကြောင့် သူမ စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်။ သည်လောက်နဲ့ အနှောင့်အယှက်ဖြစ်အောင်လည်း မလုပ်နိုင်ပေ။


ပခုံးထက်က လျောကျနေသည့် လွယ်အိတ်ကြိုးအား သေချာပြန်လွယ်လိုက်ရင်း ထိုနေရာမှ လျှောက်ထွက်လာခဲ့လေသည်။ ကြည်လင်အေးမြနေသည့် မိုးစက်တွေက သူမခြေရင်း ဝပ်တွားခယနေကြသည်။ 


ခါးကိုမတ်၊ ရင်ကိုကော့၍ ခပ်မှန်မှန်လေး လျှောက်လှမ်းလာသည့် လမ်းတစ်လျှောက်၌ မြင်သူအပေါင်း မင်သက်ငေးမောသွားရလောက်အောင် သူမသည် ဆွဲဆောင်အားပြင်းလွန်း၏။ သူမရဲ့ ဆွဲငင်အားကြောင့် သစ်ရွက်တွေနှင့် ပန်းခရေတွေကပင် သူမလျှောက်လှမ်းသည့်လမ်း၌ ပြုံးရွှင်စွာ ခင်းကျင်းထားလျက်ရှိဘိသကဲ့သို့ ဖြစ်နေ၏။ 


ထိုခဏ၌ပင် သူမရှေ့ လူတစ်ယောက်ပိတ်ရပ်လိုက်သဖြင့် လှမ်းနေဆဲခြေလှမ်းများ တုံ့ခနဲရပ်လိုက်ရသောကြောင့် ချက်ချင်းပင် မျက်နှာတစ်ခုလုံးတင်းမာသွားပြီး ဖျတ်ခနဲ မော့ကြည့်လိုက်၏။


မျက်နှာစိမ်းရွယ်တူယောက်ကျားတစ်ယောက်အား သူမ တွေ့လိုက်ရ၏။ သူ့လက်ထဲက ပန်းစည်းကိုလည်း သူမအား ကမ်းပေးနေ​သေးသည်။ သူမ ခေါင်းငဲ့စောင်းလျက် ပန်းစည်းကိုကြည့်ပြီး မေးငေါ့ပြလိုက်တော့...


"Happy valentine day "


ဟု ပြောလိုက်သဖြင့် မျက်ခုံးနှစ်ခုအား ထိစပ်သည်အထိကျုံ့လိုက်ပြီးမှ သဘောပေါက်သွားဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်မိသည်။ ထို့နောက် သူ့လက်ထဲက ပန်းစည်းအား ဆွဲယူလိုက်ပြီးမှ တမင်လွတ်ချလိုက်၏။ ပြီးတော့ မတော်တဆ လွတ်ကျသွားသလိုမျိုး စိတ်မကောင်းဖြစ်ဟန် ဆောင်ပြလိုက်ရာ သူက ပျာပျာသလဲဖြင့် ပန်းစည်းအား ကုန်းကောက်ပေးနေချိန် သူမလှည့်ထွက်ကာ မဲ့ပြုံးပြုံးရင်း ဆက်လျှောက်သွားလိုက်တော့သည်။  


သူမဘေးနား ပုရိသယောကျ်ားတွေ တစ်ယောက်ပြီးတစ်ယောက် ချဥ်းကပ်လာကြပြီး ချစ်သူများနေ့ကို အခွင့်ကောင်းယူ၍ ပန်းစည်း၊ ချောကလက်၊ လက်ဆောင်ပစ္စည်းမျိုးစုံဖြင့် ပိုးပန်းနေကြတော့သည်။ သူမကို စိတ်အနှောင့်အယှက်ပေးနေကြတာပင်။ သူမ မျက်စိရှေ့မှာရှိနေသည့် များစွာသော လက်ဆောင်ပစ္စည်းတွေထဲမှ တွေ့ရာတစ်ခုကို ပြီးစလွယ်ဆွဲယူလိုက်ပြီး လှည့်ထွက်လာခဲ့၏။ ဒါကို အကြီးအကျယ်ဝမ်းသာသွားဟန်ဖြင့် လက်သီးလက်မောင်းတန်းကာ မြူးထူး၍ ကျန်ခဲ့သော ကံထူးသူ မောင်ဖေငယ်အား တခြားကံမကောင်းသူတွေက ဝိုင်းသမသံများကို သူမခပ်လှမ်းလှမ်း ရောက်သွားသည်အထိ ကြားနေရဆဲ။ ယခုမှပဲ စိတ်သက်သာရာရတော့သည်ဟု ခံစားရသည်။ 


လက်ထဲက ပန်းစည်းအား သူမခန္ဓာကိုယ်အောက်ပိုင်းဖြင့် တစ်ချက်ချင်းရိုက်၍ လာခဲ့သည်မှာ လမ်းတစ်လျှောက် နှင်းဆီနီတွေ၏ ပွင့်ဖက်များ ပြန့်ကျဲသွားတော့သည်။ ပန်းဆိုနှင်းဆီနက်ကလွဲလို့ ဘာပန်းမှမကြိုက်သော၊ အပြင်ပန်းသွင်ပြင်အရ ဖော့ဖယောင်းလို နူးညံ့ပျော့ပျောင်းတယ်ထင်ရပေမယ့် အတွင်းစိတ်မာကြောခက်ထန်သော၊ လှတယ်ဆိုတာထက် ဆွဲဆောင်မှုရှိသော၊ ဂုဏ်သတင်းကျော်ဇောသော၊ အလှသရဖူဆောင်းခဲ့ဖူးသော၊ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်တက်ရောက်နေသော၊ ပုရိသယောကျ်ားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသည့် သူမနာမည်က တော်ဝင်တဲ့ 'မှော်ဝင်'...။


ထိုအချိန် ဘေးချင်းယှဥ်လျှောက်သွားသော လူတစ်ယောက်၏ ထီးနှင့်သူမထီးချင်း ပွတ်တိုက်မိသွားရာ သူမထီးလေး တစ်ဖက်သို့ယိုင်သွားပြီး ခေါင်းပေါ်မှတစ်ဆင့် ပခုံးပေါ်သို့ မိုးစက်များက အလုအယက် ခုန်ပေါက်ဆင်းလာကြသည်။ အာရုံနောက်သွားရသော်လည်း စကားအပိုမပြောချင်တာမို့ တစ်ချက်တောင်လှည့်မကြည့်တော့ဘဲ ပခုံးပေါ်က ရေစက်တွေအား လက်ဖြင့်ခါထုတ်လိုက်ပြီးမှ ရှေ့ဆက်လျှောက်ဖို့ ခြေလှမ်းလိုက်စဥ်ခဏဝယ်...


" Game start now! "


သူမနောက်ကျောဘက်ဆီမှ လာသောအသံတစ်ခုကို ပြတ်ပြတ်သားသား ကြားလိုက်ရ၏။ ထိုစဥ် ချာခနဲ လှည့်ကြည့်လိုက်သော် ကျောင်းသားကျောင်းသူများကိုသာ တွေ့ရသည်မို့ အရပ်လေးမျက်နှာအနှံ့ မျက်လုံးကစားပြီး ရှာကြည့်လိုက်၏။ အသံပိုင်ရှင်ကား မည်သူနည်း။ 


"ဂျိန်း! "


ဆင့်ကဲဆင့်ကဲ ကြားရသည့် မိုးထစ်ချုန်းသံက သူမစိတ်ကိုဆွနေသလိုပင်။ ပို၍ ဒေါသထွက်စေပါသည်။ လွန်ခဲ့သည့် ၃နှစ်ကာလက ရွံရှာစက်ဆုပ်ဖွယ်ရာ အဖြစ်အပျက်ကို သိသောသူမှာ လူအနည်းအကျဥ်းသာရှိပါသည်။ သူမကို ယခုလိုမျိုး မည်သူကမှ အရဲကိုး၍ စိန်ခေါ်ဝံ့သူမရှိပါ။ သူမဘယ်တော့မှ မမေ့ခဲ့သော စကားအား ပြန်ကြားလိုက်ရခြင်းက သူမအတွက် ပို၍သေချာသွားစေပါသည်။ တိုက်ဆိုင်ခြင်းလုံးဝမဖြစ်နိုင်။ မည်သို့ပင်ဖြစ်စေ စစ်ကြေညာလိုက်ခြင်းဟု သူမသတ်မှတ်လိုက်သဖြင့် ဖော်အဲဗားဝဲကမ်းပါ။ အသံမဟုတ်ဘဲ သတ္တိရှိရင် လူလုံးလာပြစမ်းပါ။ 

သူဘယ်လောက်သတ္တိရှိလဲ ကြည့်ရသေးတာပေါ့...။


°°°°°°°°°°°°°°°°°°°°°


"ဒီညနေ တောင်ကြီးပြန်ဖြစ်လား မှော်..."


"အင်း "


"ဒါဆိုအတော်ပဲ... ကိုယ်ကုန်းဆင်းလို့ရပြီ၊ ပါဆယ်ထုပ်လေးတစ်ထုပ် ထည့်ပေးလိုက်ချင်လို့၊ အိမ်ကလာယူပါလိမ့်မယ် "


" အင်း "


"ကိုယ်အရင်ပြန်နှင့်မယ် ဟိုမှာလာကြိုနေပြီ၊ ပါဆယ်ထုပ်ကအိမ်မှာကျန်ခဲ့တော့ မင်းဆီကိုယ်လာပို့မယ်၊ ကိုယ့်ကိုစောင့်နေဦးနော် "


ညိုချောက ကားပါကင်ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး သူမကို ပြောလိုက်သဖြင့် အလိုက်သင့်ခေါင်းညိတ်ပြလိုက်ပါသည်။ ထို့နောက် အပြုံးဖြင့် သူမကို ကျောခိုင်းကာလျှောက်ထွက်သွား၏။ ကျောင်းနှင့်နီးသည့်နေရာတွင် သူမအတွက် မေမေက တိုက်ခန်းတစ်ခန်းဝယ်ပေးထားသည်။ ထိုတိုက်ခန်းတွင် သူမတစ်ယောက်ထဲနေပြီး ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်သည်။ ညိုချောကို သူမနှင့်အတူလာနေဖို့ခေါ်ပေမယ့် ညိုချောက သူ့မိဘတွေစီစဥ်တဲ့အတိုင်း ကမာရွတ်က ဆွေမျိုးတွေအိမ်မှာနေရင်း ကျောင်းတက်ရသည်။ စောနက သူ့ကိုလာကြိုတဲ့သူက အထက်တန်းတုန်းကတည်းက တွဲလာသည့် ညိုချောရည်းစားပင်။ 


ခါတိုင်း တစ်လတစ်ခါပြန်လာဖို့တောင် စကားမဆိုတဲ့မေမေက အခုဘာအကြောင်းမှမဆိုဘဲ သူမကို အိမ်ပြန်လာခဲ့ဖို့လှမ်းအကြောင်းကြားတာ ဘာလို့များပါလိမ့်။ 


"ခဏလေးပါ မှော် "


သူမ ကားတံခါးလှမ်းဖွင့်လိုက်စဥ် အနောက်ကနေ တံခါးကိုတွန်းပိတ်လိုက်ပြီး တစ်ပြိုင်နက် စကားသံကြားလိုက်ရသောကြောင့် အလွန်အကျူး ဒေါသထွက်သွား၏။ အနောက်လှည့်ကြည့်လိုက်တော့ သူမတို့အတန်းထဲက ကျောင်းသားတစ်ယောက်၊ နာမည်ကတော့ အမှတ်တမဲ့ပဲ...။


"ကိုယ် စကားနည်းနည်းလောက်ပြောချင်လို့ပါ၊ ၅မိနစ်လောက်ပဲ ကြာမှာပါ၊ ခွင့်ပြုပါမှော်... တကယ့်ကို ခဏလေးပါပဲ "


ကျူးကျူးကျော်ကျော် သူမအသားကိုပါ ထိကိုင်ဖို့ ကြိုးစားလာသဖြင့် စိတ်ထဲဗုံးတွေကြဲနေကာ တစ်ခုခုလုပ်ပစ်လိုက်ချင်စိတ်ကို ချုပ်တည်းထားနိုင်သေးသော ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်မိသည်။ သို့သော်...


"အပိုစကားတွေပြောမနေဘဲ လိုရင်းတန်းပြောမယ်ဆိုရင် နားထောင်မိမှာ၊ ခုတော့ လစ်လိုက်တော့ မြန်မြန် "


"မှော် ကိုယ်လေ... နှစ်စဥ်နှစ်တိုင်း ဒီနေ့လိုနေ့မျိုးမှာ ပြောနေကျစကားကိုပဲ ပြောမှာပါ၊ ကိုယ်မင်းကိုအရမ်းချစ်တယ်၊ မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ "


" တောက်! "


လက်တစ်ဖက် ခေါင်းပေါ်မြှောက်တက်သွားပြီး သူ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချလိုက်ဖို့ ရွယ်လိုက်ပြီးမှ ဒီ့ထက်နာကျင်ခံစားသွားစေဖို့ သူမမှာနည်းလမ်းရှိသဖြင့် လက်ကိုအသာအောက်ပြန်ချလိုက်၏။ တော်ရုံသနားတတ်တဲ့သူ ကရုဏာသက်သွားစေမည့် မျက်နှာပေးဖြင့် သူမရှေ့ခပ်တောင့်တောင့်ရပ်၍ မျက်လုံးမှေးစင်းကာ ကြည့်နေသော သူ့ကို စက္ကန့်အနည်းငယ်သာ သူမစိုက်ကြည့်လိုက်၏။ 


ထိုခဏအတွင်း သူမကို မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ သူ့အကြည့်တွေ ချက်ချင်း ရုတ်သိမ်းသွားကာ မျက်လွှာချလျက် ကားနားက ဖယ်ပေးကာ လမ်းဘေးကပ်ရပ်သွားတာကို ခပ်စိုက်စိုက်ကြည့်နေလိုက်၏။ 


ယောကျ်ားတစ်ယောက် ငေါက်ခနဲပါလာအောင် ကြည့်တတ်တာက တခြားသူတွေအတွက် အရည်အချင်းဆိုရင် သူမအတွက်ကတော့ ယောက်ကျားတစ်ယောက် တုံ့ခနဲရပ်သွားအောင် ကြည့်နိုင်တာက အရည်အချင်းပဲ၊ လက်နက်တစ်ခုပဲ။ 


မှော်ဝင်သည် ကားတံခါးအား ဆွဲဖွင့်လိုက်ပြီး အသာဝင်ထိုင်ကာ ပြန်ပိတ်လိုက်၏။ သူမခေါင်းပေါ်က မှန်ကိုမော့ကြည့်ကာ အနည်းငယ်ပျက်နေပြီဖြစ်တဲ့ နှုတ်ခမ်းနီကိုပြန်ဆိုးလိုက်၏။ ထို့နောက် ကားကို​အရှိန်မြှင့်၍ ကျောင်းဝင်းထဲမှ မောင်းထွက်လာခဲ့တော့သည်။ စတီယာတိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တခြားလက်တစ်ဖက်က ပိတုန်းရောင်ဆံနွယ်တွေထဲ ထိုးထည့်ရင်း စိတ်မကျေနပ်မှုကို ဖြေဖျောက်နေမိသည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


"မနက်ဖြန်ဆို ဖေဖေဆုံးတာ ၁၀နှစ်ပြည့်ပြီ၊ သမီးအဘွားအိမ်မှာ ဘုန်းကြီး၅ပါးပင့်ပြီး အရုဏ်ဆွမ်းကပ်ဖို့ စီစဥ်ထားတယ် "


"သမီးမလိုက်ချင်ဘူးမေမေ "


"အဲလိုပြောမယ်မှန်းသိလို့ ဘာမှမပြောဘဲ လှမ်းခေါ်လိုက်တာ၊ အဝတ်စားလဲ... အခု သမီးအဘွားအိမ်သွားမလို့၊ ဟိုမှာ အားလုံးရောက်နေပြီ မေမေတို့လည်း ဝိုင်းကူရမယ်"


မေမေ့တွန်းအားပေးမှုကြောင့် သူမမျက်နှာ အလိုလို ပျက်ယွင်းသွားသည်။ စိတ်ပျက်စရာတွေ ကြုံတွေ့ရတော့မှာကို ကြိုသိနေပေမယ့် သူမကိုတွေ့ချင်လို့ မျှော်နေမယ့်တစ်ယောက်သောသူရှိသေးတာကို ဖျတ်ခနဲ သတိရသွားသဖြင့် မာန်လျော့လိုက်ရသည်။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ရယ်ပါ။ 


ရေမိုးချိုးအဝတ်စားလဲပြီး မနက်ကျရင်ဝတ်ဖို့အတွက် အကျီအပိုတစ်စုံကားထဲထည့်ယူလာကာ တောင်ကြီးမှ ထွက်ခွာလာခဲ့သည်။ ညောင်ရွှေမြို့သို့ရောက်သောအခါ ဘွားဘွားနေထိုင်သည့် မိုင်းသောက်သို့ ဆက်၍ မောင်းနှင်လာခဲ့၏။ ညိုချောထည့်ပေးလိုက်သည့် ပါဆယ်ထုပ်က ကားနောက်ခန်းမှာ ခြေရာလက်ရာမပျက်ဘဲ သည်အတိုင်းရှိနေ၏။ 


ခြံဝန်းကျယ်ကြီးထဲမှာ မင်းမျိုးမင်းနွယ်တွေ၏ အဆောင်အယောင်ကဲ့သို့ တခမ်းတနားဖြင့် တစ်ထီးတစ်နန်းရှိနေသော သုံးထပ်တိုက်ကြီးက ဝင့်ထည်စွာ တည်ရှိနေ၏။ သူမ မရောက်ဖြစ်တာ နှစ်ချီနေပေမယ့် ထိုအိမ်ကြီးကတော့ နဂိုအတိုင်းဘာမှမပြောင်းလဲဘဲ ကြံ့ခိုင်စွာရှိနေဆဲဖြစ်သည်။ အိမ်ထဲမှာတော့ ဘယ်လိုအခြေအနေရှိပြီး ဘာတွေပြောင်းလဲနေပြီလဲမသိ။ ကားကို ထုံးစံအတိုင်း သစ်ရက်ပင်အောက်တွင် ရပ်ထားခဲ့၏။ 


မေမေ့လက်ကိုချိတ်၍ သူမတို့အိမ်ထဲဝင်လာခဲ့ပါသည်။ အိမ်ထဲမှာ အမှန်တကယ် အလုပ်လုပ်နေသူများနှင့် အလုပ်လုပ်ချင်ယောင်ဆောင်ပြီး မျက်နှာလုပ်နေသော သူများကို လှမ်းတွေ့လိုက်ရတော့ ပြုံးမိရသည်။ 


"ဟယ်... ကေခိုင်တို့သားအမိလာတယ်ဟေ့"


"လာကြ လာကြ၊ မျှော်နေတာ မနက်ကတည်းက... "


ဖေဖေ့ညီမ,မငယ်က သူမကိုပြုံးပြပြီး လက်ကိုလှမ်းကိုင်ဖို့ပြင်တာကို မြင်လိုက်ရသဖြင့် ကိုယ်ကို အနောက်သို့ ရို့လိုက်၏။ ထို့ကြောင့် အနည်းငယ် မျက်နှာမကောင်းဖြစ်သွားသော မငယ်ကို လျစ်လျူရှုကာ ခပ်တည်တည်ပင် လျှောက်ထွက်လာခဲ့သည်။ သူမဦးတည်ရာက အောက်ထပ်ထမင်းစားခန်းဘေးနားက အခန်းတစ်ခန်းဆီသို့ပင်။ ခပ်သွက်သွက် လျှောက်လာပြီး အခန်းရှေ့ခြေစုံရပ်ကာ တံတွေးမြိုချလျက် တံခါးခေါက်လိုက်၏။ အထဲမှ တုန့်ပြန်သံမကြားရသဖြင့် ပြုံးလိုက်မိရင်း လော့ခ်ချမထားမှန်းသိတာမို့ ကိုယ့်ဘာသာဖွင့်ဝင်သွားလိုက်ပါတော့သည်။ 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🖤🖤


အခန်း(၄) ဆက်ရန် >>>


#ပတ္တမြားအလင်း#


rate now: