🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~~
About 3 years later >>>
"သားမှာရည်ရွယ်ထားတဲ့သူ ရှိနေပြီလား..."
ဒေါ်ပန်းဖြူ၏ ဆိုင်းမဆင့်ဗုံမဆင့် မေးလာသောမေးခွန်းကြောင့် သမာဓိ ရုတ်ချည်း တွေဝေသွားရသည်။ မေးရိုးကို လက်ဖြင့် တစ်ချက်ပွတ်လျက် သက်ပြင်းသဲ့သဲ့ချလိုက်မိပါ၏။ အမှန်ဆို မရှိဘူးဟု ချက်ချင်းပြန်ဖြေသင့်တာပင်။ ယခုလိုမျိုး တုံ့ဆိုင်းနေမိခြင်း၏ အကြောင်းပြချက်ကိုလည်း သူရှာမရ။ အသက် ၂၆ နှစ်ကျော်လာခဲ့ပေမယ့် ချစ်သူရည်းစား တစ်ယောက်တစ်လေတောင် မထားခဲ့ဖူးဘူးဟု ပြောလျှင် အံ့သြနိုင်ဖွယ်ရာရှိသလို၊ ဖြစ်နိုင်ကောင်းပါရဲ့ဟု ဆိုဖွယ်ရာရှိသည်။ ယခု ချက်ချင်းပင် သမာဓိ စိတ်ထဲ ဖျတ်ခနဲ ပေါ်လာမိသည့် အတွေးကတော့ မေမေ သူ့ကို အိမ်ထောင်ပြုစေချင်ပြီဖြစ်၍ စကားဦးသန်းနေပြီဆိုတာပင်။
"ရှိခဲ့ရင်လည်း မေမေ့ဆီ ခေါ်လာပြတော့လေ"
နောက်ထပ်စကားသံကြားမှ သမာဓိ အသိစိတ်ပြန်ဝင်လာပြီး ခပ်မျှင်မျှင်လေး ပြုံးလိုက်ရင်းက မေမေ့မျက်လုံးကို သေချာကြည့်၍ ခေါင်းခါပြလိုက်သည်။
" စောပါသေးတယ် မေမေရယ် "
အဓိပ္ပာယ်အမျိုးမျိုးသက်ရောက်စေသော စကားကို ပြောလိုက်တော့ မေမေက သူ့အား မျက်လွှာပင့်ကြည့်၍ အကဲခတ်ပြီးမှ စကားဆက်သည်။
"သားအရွယ်က မငယ်တော့ဘူး၊ မေမေတို့အတွက်လည်း အချိန်က မစောတော့ဘူး၊ သားမှာရှိရင် ခေါ်လာခဲ့၊ မရှိရင်တော့... "
သမာဓိ လက်ကာပြလိုက်သဖြင့် ဒေါ်ပန်းဖြူ စကားကို ရပ်ထားလိုက်သည်။ ထိုအချိန် အနောက်ဘက် ထမင်းစားခန်းထဲမှ ကြက်သားဟင်းကို မဆလာထည့်၍ ဆီပြန်ချက်နေသော စားချင်စဖွယ်ဟင်းရနံ့ကို အရှေ့ဧည့်ခန်းကနေ လေအဝှေ့မှာ ရလိုက်သည်။
"ဟို...အိမ်ထောင်ပြုဖို့ စောလွန်းသေးတယ်လို့ သားထင်တယ်မေမေ"
"မေမေကလည်း သားကို မေမေ့မျက်စိထဲမှာ လမ်းလျှောက်တက်ခါစအရွယ် ကလေးလေးလို့ပဲမြင်တယ်၊ မျက်စိအောက်တင် သား captain ဖြစ်သွားတာတောင်မှပေါ့၊ ဒါပေမဲ့ သားရယ်... မိဘတို့ဝတ္တရားရှိတဲ့အတိုင်း သင့်တော်တဲ့သူနဲ့ပဲ သားကို နေရာချထားပေးချင်တယ်၊ သားမှာ ရည်ရွယ်ထားတဲ့သူမရှိရင် အိမြတ်မွန်လေးနဲ့ ဆိုရင်ရောသား... "
သူ့ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပင်။ မမျှော်လင့်ထားသော စကားမဟုတ်ပေမဲ့လို့ တကယ့်လက်တွေ့မှာကြားလိုက်ရတော့ ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ပို၍သေချာသွားသည်။
"မေမေက သားအိမ်ထာင်ရေးနဲ့ပတ်သက်လို့ သားကို လွတ်လပ်စွာဆုံးဖြတ်ခွင့် ပေးထားပြီးသားပါ၊ အခုဟာက မေမေတို့ သဘောဆန္ဒကို သားကိုပြောပြရုံတင်ပါကွယ်..."
အနည်းငယ် မျက်နှာညှိုးသွားသော သားဖြစ်သူ၏ အရိပ်အကဲနှင့် သဘောဆန္ဒကို မိခင်ဖြစ်သူအနေနဲ့ ထွင်းဖောက်မြင်နိုင်တာမို့ ဒေါ်ပန်းဖြူ စကားကို ထပ်မွမ်းမံပြောလိုက်ခြင်းပင်။ ရုပ်ရည်၊ ပညာအရည်အချင်း၊ ဥစ္စာဓာန အဘက်ဘက်က အပြစ်ဟုဆိုစရာမရှိလောက်အောင် ပြည့်စုံသည်ဟု ဆိုနိုင်သော သမီးရှင်တိုင်း အထူးသဖြင့် မိန်းကလေးတိုင်း လက်တွဲဖော်အဖြစ် ရွေးချယ်ရန်သင့်တော်လှသည့် ထက်မြတ်ရဲရင့်သော သားဖြစ်သူကို ပိုင်ဆိုင်သော မိခင်တစ်ယောက်၏ ရှေ့ရေးကိုကြိုတွေးပူပင်မိခြင်းပင်ဖြစ်သည်။ သို့သော် မိဘစိတ်ဆင်းရဲအောင် တစ်ခါမှ မလုပ်ဖူးသော သားဖြစ်သူ သမာဓိကို ဒေါ်ပန်းဖြူ အကြွင်းမဲ့ယုံကြည်နေခဲ့တော့သည်။
°°°°°°°°°°°°°°°°°°
"အခုလို ညီမနဲ့ အဖော်လိုက်လာပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးတင်ပါတယ်နော်၊ နို့မို့ရင် မင်းသန့်အတွက် မွေးနေ့လက်ဆောင် ဘာပေးရမှန်းမသိလို့ အကြပ်ရိုက်နေမှာ "
" ကိုယ့်မှာအချိန်ရှိပါတယ် "
Juction City အပေါ်ဆုံးထပ်ရဲ့ ကဖေးဆိုင်တစ်ခုမှာ သမာဓိနှင့် အိမြတ်မွန် မျက်နှာချင်းဆိုင်ထိုင်၍ ကော်ဖီသောက်ရင်း စကားပြောနေကြခြင်းဖြစ်သည်။
အိမြတ်မွန် သူမရှေ့မှ ဆင်းဒွစ်ရှ်တစ်ခုကို အသာလှမ်းယူပြီး ရှေ့သွားဖြင့် အနည်းငယ်ကိုက်စားပြီးနောက် ကော်ဖီတစ်ကျိုက်သောက်ရင်း သမာဓိကို မော့ကြည့်တော့ မျက်လုံးတို့က ရီဝေကာ ငေးတိငေးငိုင် ထိုင်းမှိုင်းနေတာတွေ့ရသဖြင့် စိတ်ထဲစနိုးစနောင့်ဖြစ်သွားရင်း တိုးတိုးမေးလိုက်မိပါသည်။
"အစ်ကို... ဘာဖြစ်လို့လဲဟင်၊ စိတ်အလိုမကျတာ တစ်ခုခုရှိလို့လား... ညီမကို ပြောလို့ရပါတယ် "
သမာဓိ ကိုယ်တစ်ဖက်လှည့်စောင်း၍ ခြေချိတ်ထိုင်နေရာမှ တည့်တည့်ပြန်ထိုင်ရင်း ခါးမတ်လျက် ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။
"သြော်... အစ်ကို့အတွက် လက်ဆောင်ပါ၊ ညနေ ရန်ကုန်ပြန်မယ်ဆို ဟုတ်လားအစ်ကို"
အိမြတ်မွန်က ပြောရင်း လက်ထဲက စက္ကူအိတ်အား သူ့ထံကမ်းပေးနေသဖြင့် လက်ကာပြလိုက်ပြီး...
"ဟုတ်တယ်၊ လက်ဆောင်တော့ မယူတော့ပါဘူး... "
ဟုပြောလိုက်တော့ အိမြတ်မွန် မျက်နှာမကောင်းဟန်ဖြင့် အသည်းအသန် ခေါင်းခါယမ်းရင်း ပြောသည်။
"ဟင့်အင်း... ယူပါအစ်ကို၊ အစ်ကို့အတွက် ရည်ရွယ်ပြီး ဝယ်လာခဲ့တဲ့အတွက် ဒီပစ္စည်းက ညီမနဲ့ မသက်ဆိုင်တော့ပါဘူး၊ ညီမ စိတ်ချမ်းသာအောင် ယူပါနော် "
အားတုံ့အားနာဖြစ်သွားသဖြင့် သမာဓိ သူမဆီက ယူထားလိုက်သည်။ စောနက သူမသူငယ်ချင်းအတွက် နာရီဝယ်နေရင်း နာရီနှစ်လုံးဝယ်လိုက်တာကို အမှတ်တမဲ့ တွေ့လိုက်ရသဖြင့် သူ့လက်ထဲက ပစ္စည်းအား ဖွင့်ကြည့်စရာလိုတော့မည်မထင်။ ထိုအခိုက် သူ့အာရုံ၌ ပုံရိပ်တစ်ခု ပြေးလွှားဝင်ရောက်လာ၏။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က နာရီဆိုင်တစ်ဆိုင်မှာ မိန်းမပျိုလေးတစ်ဦး နာရီဝယ်နေစဥ် ပိုက်ဆံအခက်အခဲကြုံတွေ့သဖြင့် မျှော်လင့်ချက် မထားဘဲ သူကူညီပေးခဲ့ဖူးတာကို ပြန်အမှတ်ရမိလေသည်။ ထိုမိန်းမပျိုလေးက သူတို့သူငယ်ချင်းတွေ နာမည်ဝှက်ဖြင့် ခေါ်လေ့ရှိသည့် bang ' မှော်ဝင် ' ပင်။ ထိုအခါ ရင်ထဲ လေးလံသွား၏။ ဟိုအရင်က နာရီဝတ်ရတာ မနှစ်ခြိုက်သော်လည်း ယခုနောက်ပိုင်းမှာတော့ နာရီတစ်လုံးကို လက်မှာအမြဲပတ်ထားတတ်လာသည်။
တိုက်ဆိုင်မှုတစ်ခုကြုံတွေ့လာတိုင်း အမြဲအမှတ်တရဖြစ်နေတတ်သည့် မှော်ဝင့်အပေါ် သူ့ခံစားချက်တွေကို အဘယ်သို့ အမည်တပ်ရမည်နည်း အခုချိန်ထိ စမ်းတဝါးဝါးရယ်ပါ။
" ဟယ်... အိမြတ်မွန်၊ မွန်မွန်မဟုတ်လားဟင်"
ကော်ဖီသောက်ပြီး ဒုတိယထပ်ပြန်ဆင်းလာတော့ မိန်းကလေးနှစ်ယောက် အိမြတ်မွန်ကိုတွေ့၍ အံ့သြဝမ်းသာဟန်ဖြင့် လက်ဆွဲနှုတ်ဆက်နေကြသည်ကို သူကြည့်၍ သက်ပြင်းချလိုက်၏။ ဘောင်းဘီအိတ်ထဲထည့်ထားသည့် လက်တစ်ဖက်အားထုတ်၍ လည်ကုတ်ကိုဖိပွတ်လိုက်ရင်း ကျန်လက်တစ်ဖက်က ဖုန်းကိုဖွင့်ပြီး တစ်နေရာသို့ ဆက်လိုက်သည်။
" မွန်မွန်ရယ်... တို့တွေမတွေ့ကြတာ တစ်နှစ်လောက်ရှိရောပေါ့နော်၊ လှလာလိုက်တာဟယ်"
" ဟဲ့ သူကဘယ်သူလဲ၊ နင့်ကောင်လေးလား၊ ချောလိုက်တာဟယ် ကိုရီးယားမင်းသား လီမင်ဟိုကိုချွတ်ပြီးစွပ်ထားတဲ့အတိုင်းပဲ... မိတ်ဆက်ပေးစမ်းပါဟယ် ငါတို့နဲ့ "
သူသူ့အပြောကြောင့် အိမြတ်မွန် သဘောကျကြည်နူးစွာ ဖွဖွပြုံးရယ်လျက် သူ့ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း ရင်ခုန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" အစ်ကို... "
" နောက်မှပြန်ဆက်လိုက်မယ် "
ဖုန်းချလိုက်ပြီးနောက် သူမဘက် လှည့်ကြည့်တော့ မိန်းကလေးနှစ်ယောက်နှင့်အတူ သူ့ကိုပြုံးကြည့်နေသော အိမြတ်မွန်ကြောင့် အနေရခက်သွားမိ၏။
" သူတို့က ညီမငယ်သူငယ်ချင်းတွေလေ၊ သူက သူသူ၊ သူကတော့ လဲ့လဲ့နိုင်၊ အစ်ကိုက လေယာဥ်မှူး နာမည်က သမာဓိတဲ့ "
" တွေ့ရတာဝမ်းသာပါတယ်နော် "
လူမှုရေးအရ သမာဓိ တစ်ချက်ပြုံးလျက် သူတို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ပြီးတော့ အကြည့်လွှဲနေလိုက်ပါ၏။ သူတို့သူငယ်ချင်းတွေ စကားရပ်ပြောနေတာကို ခဏမျှရပ်စောင့်နေပြီးမှ ထွက်လာခဲ့တော့သည်။
°°°°°°°°°°°°°
" အရမ်းလည်း မစိုးရိမ်ပါနဲ့၊ အန်တီတို့ သိပ်ကံကောင်းတယ်၊ မလွန်ခင်အချိန်မီရောက်လာခဲ့လို့ စိတ်ပူစရာမရှိတော့ပါဘူးဗျာ "
" ကျေးဇူးတင်ပါတယ် ဒေါက်တာလေးရယ်"
"ဒေါက်တာ... car accident case တစ်ခုရောက်လာလို့ပါ၊ အမြန်လေးလာပေးပါ"
" ဟုတ်ပြီ၊ ခွင့်ပြုပါဦးဗျာ "
ဉာဏ်ဝင့်သူ လူနာရှင်မိသားစုအား လှည့်ပြောပြီး လူနာဆောင်မှ ထွက်လာကာ အရေးပေါ်အခန်းသို့ သုတ်ခြေတင်လာခဲ့တော့၏။ ခုတလော ကားအက်ဆီးဒန့်တွေ အဖြစ်များသည်။ ဆေးရုံကြီးက ဆရာဝန်တွေလည်း နေ့မအားညမနားရပါ။ သူလည်း တစ်နေ့ကို အနည်းဆုံး လူနာငါးယောက်လောက် ခွဲစိတ်ကုသပေးရ၏။
ကတ်ပြားပေါ် ပတ်လက်အနေအထားဖြင့် လှဲလျောင်းနေသော လူနာရှင် အသက်သုံးဆယ်ကျော်အရွယ် ယောကျ်ားသည် ဝမ်းဗိုက်အကျီမှာ သွေးတွေရွှဲနေ၏။ ဒဏ်ရာကို လက်နှစ်ဖက်ဖြင့် ဖိအုပ်ထားပြီး ညည်းညူအော်ဟစ်နေသည်။ ထို့နောက် ခုတင်ပေါ်ရွေ့တင်လိုက်တာကို တွေ့ရသည်။ သူအနားရောက်သွားတော့ သူနာပြုဆရာမက သူ့တာဝန်အတိုင်း ရှင်းပြသည်။
"Pressure ကောင်းပါတယ်၊ ဓာတ်မှန်ရိုက်ဖို့အတွက် စီစဥ်ပြီးပါပြီ၊ သွေးသွင်းဖို့ပါ ပြင်ခိုင်းထားပါတယ် ဒေါက်တာ "
ဉာဏ်ဝင့်သူ လူနာရှင်တွေကို အနားက ဖယ်ခိုင်းလိုက်ကာ လူနာကို အကျီချွတ်ခိုင်းလိုက်ပြီး ဒဏ်ရာအတိမ်အနက်ကို တစ်ချက်ကြည့်၍ နှလုံးခုန်နှုန်းကို စမ်းသပ်ပြီးနောက် အနားက ထွက်လာခဲ့၏။ ဓာတ်မှန်အဖြေကို သိရမှ ခွဲစိတ်ဖို့စီစဥ်ရမည်မို့ အဖြေကို စောင့်ဆိုင်းနေစဥ် တခြားအရေးကြီးသည့် လူနာတွေအား လည့်ပတ်ကာ ကြည့်နေလိုက်သည်။
"ဆရာ ဒီနေ့ညနေ အချိန်ရလားဟင်၊ မှူး လက်ရာလေး ချက်ကျွေးချင်လို့ "
သူနှင့်အတူ round လှည့်ဖို့ တာဝန်ကျသည့် ဆရာဝန်မလေး သက်မှူးခင်က လူနာတွေကြည့်ပြီးပြန်အထွက်မှာ တိုးသဲ့သဲ့ပြော၏။ သူ ပြုံးလျက် အားနာနာဖြင့် ငြင်းလိုက်ရသည်။ ဒါကို အလျော့ပေးဟန်မပေါ်။ ထပ်၍ပြောလာသည်က...
"ဒီည night duty မရှိဘူးမလားဆရာ၊ ဟိုတစ်ခါကလည်း ညစာစားဖို့ချိန်းထားရင်း case တစ်ခုပေါ်လာလို့ ပျက်သွားတယ်ဆိုတော့ ဖြစ်နိုင်ရင် ဒီနေ့တော့ လိုက်ခဲ့စေချင်တယ်၊ မေမေကလည်း ဆရာ့ကို တစ်မေးထဲမေးနေလို့ပါ "
လူနာဆောင်တွေရဲ့ ကော်ရစ်တာဘက်ကနေ အရေးပေါ်ခန်းသို့ ပြန်ပတ်လာနေရင်း ဉာဏ်ဝင့်သူ ခြေလှမ်းတွေကို ရပ်လိုက်၍ သက်မှူးခင်ဘက် လှည့်ကြည့်တော့ သူမကလည်း ရပ်၍ခေါင်းငဲ့ကြည့်၏။
" ဒီည duty မရှိပေမယ့် ကျွန်တော် အရေးကြီးသွားစရာလေးရှိလို့ပါ၊ ဆရာမကို အားနာလိုက်တာ၊ နောက်တစ်ခေါက် သေချာလိုက်စားဖြစ်အောင် ကြိုးစားပါ့မယ်၊ အန်တီရော ဆီးချိုမှန်တယ်မလား... "
" ဟုတ်ကဲ့ မေမေက နေကောင်းပါတယ်ဆရာ၊ နောက်တစ်ခေါက် မငြင်းရဘူးနော် "
" ဟုတ်ကဲ့ပါဗျာ "
လုပ်ဖော်ကိုင်ဖက်ဆိုသော်ငြား အလုပ်ချိန်မှာတော့ အခေါ်အဝေါ် အပြောအဆိုကအစ သတိထား၍ ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်အား လေးစားစွာ ပြောဆိုရသည်။ ဆေးရုံတွင်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ လူနာတွေပါမကျန် ရင်းနှီးဖော်ရွေစွာ ပြောဆိုဆက်ဆံလေ့ရှိသော ဉာဏ်ဝင့်သူသည် ဆေးရုံမှာ သဘောကောင်း ရုပ်ချောသော ဆရာဝန်ပေါက်စအဖြစ် နာမည်ကြီးနေပါသည်။ ဆေးရုံနှင့်အိမ် အိမ်နှင့်ဆေးရုံသာ အသွားအလာရှိ၍ လူနာတွေသာ ခေါင်းထဲရှိတာမို့ ချဥ်းကပ်လာသည့် ဘယ်မိန်းကလေးကိုမှ သံယောဇဉ်မထားနိုင်ခဲ့၊ လှည့်မကြည့်အားခဲ့ပါလေ။ ရင်လည်းမခုန်ခဲ့ပါ။ သူ့နှလုံးသားပူနွေးလာသည့် အချိန်တစ်ချိန်တော့ ရှိပါသည်။ မှော်ဝင့်အကြောင်း စဥ်းစားလိုက်တိုင်း တစ်ကိုယ်လုံးအေး၍ နှလုံးသားလေးက နွေးလာရသည်။ တစ်ရက်မှ မေ့မရခဲ့ပါ။ မြန်မြန်ပြန်လာပါတော့ကွာ။
°°°°°
သမာဓိ အိမ်မှမထွက်ခင် မိဘနှစ်ပါးအား ထိုင်ကန်တော့ခဲ့ပါသည်။ မေမေရော ဖေဖေပါ ပြုံး၍ ဆုမွန်ကောင်းတွေပေးကြသည်။ ဒီတစ်ခါ ရန်ကုန်ပြန်ရင် တောင်ကြီးမြို့ကို တော်တော်နဲ့ ပြန်လှည့်လာဖြစ်မည်မဟုတ်တော့။ ခရီးတွေဆက်တိုက်ထွက်၍ အရင်က တာဝန်ထက်နှစ်ဆထမ်းဆောင်းရပေတော့မည်။
" ကျန်းမာရေးဂရုစိုက်နော် သားလေး၊ ဟိုရောက်ရင် မေမေတို့ဆီ နေ့တိုင်းဖုန်းဆက်နော်၊ အစားအသောက်လည်း မှန်မှန်စား... ဟုတ်ပြီလား "
" စိတ်ချပါ မေမေရယ်၊ ကားလာနေပြီ သားသွားတော့မယ်နော် မေမေ၊ ဖေဖေ သားသွားပြီ "
" ဂရုစိုက်သား... အလုပ်တွေချည်းဖိလုပ်မနေနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ဖဲ့ပေးဦး "
" ဖေဖေလည်း ကျန်းမာရေးဂရုစိုက်ပါ "
ဆင်ဝင်အောက်တွင် သားအဖနှစ်ယောက် ပွေ့ဖက်ပြီး မေမေ့ပါးကို နှုတ်ဆက်နမ်း နမ်း၍ သူလှမ်းခေါ်ထားသော မိုးမင်းကားပေါ် ဝင်ထိုင်လိုက်သည်။ ခြံရှေ့ရောက်သည်အထိ ကားထဲကနေ သူ့ကိုလက်ပြနှုတ်ဆက်ကျန်ခဲ့သော မေမေတို့ကို လက်ပြန်ပြနှုတ်ဆက်လာခဲ့သည်။
တောင်ကြီးကနေ မန္တလေးသို့ဆက်သွားပြီး မန္တလေးလေဆိပ်ကနေ ရန်ကုန်သို့ တက်မည်ဖြစ်သည်။ မိုးမင်းက ကားမောင်းနေရင်း လက်တစ်ဖက်လွှတ်၍ စတီယာရင်နားက ခလုတ်တွေကိုနှိပ်ပြီးနောက်မှာတော့ သီးချင်းသံသဲ့သဲ့ထွက်လာသည်။ သီချင်းနာမည်က one direction ရဲ့ ' live while we're young ' တဲ့။ သူတို့နှစ်ယောက်လုံး မြူးကြွတဲ့ သီချင်းသံစဥ်အောက် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သည်အတိုင်း မန္တလေးလေဆိပ်သို့ ရောက်ရှိလာ၏။
"ငါတို့ရန်ကုန်မှာ ပြန်တွေ့ကြမယ်၊ သွားပြီကွာ "
ထိုစကားတစ်ခွန်းသာပြောပြီး မိုးမင်းက လေဆိပ်ဝင်းထဲကနေ သူ့ကိုလက်ကိုင်အိတ်တစ်လုံးနှင့်ထားခဲ့ကာ ခပ်သုတ်သုတ် ထွက်သွားတာကိုကြည့်၍ သူပခုံးတစ်ချက်တွန့်လိုက်မိသည်။ မိုးမင်းတစ်ယောက် ဘာတွေလောနေမှန်းမသိ။ လေယာဥ်ထွက်ခွာဖို့ ၁၅ မိနစ်လောက်လိုနေသဖြင့် လေဆိပ်က စားသောက်ဆိုင်တစ်ခုမှာ ဘလက်ကော်ဖီ သွားဝယ်ပြီးပြန်လာစဥ် သူစီးမည့်လေယာဥ်မှ သတိပေးသံတစ်ချက်ထွက်လာပြီး လေယာဉ်ပေါ်တက်ဖို့ လူများ တန်းစီနေကြပြီ။ လက်ကျန်ကော်ဖီအား အမြန်ရှင်းလိုက်ပြီး အမှိုက်ပုံးထဲ သွားထည့်စဥ် လေယာဥ်တစ်စီးဆိုက်ရောက်လာသဖြင့် လေဆိပ်ဝင်းထဲ တက်သူနှင့်ဆင်းလာသူများဖြင့် ပြည့်နှက်သွားတော့သည်။
သူဒါကို ဂရုမထားဘဲ လူအများထဲမှတိုး၍ တန်းစီရန်ခပ်သွက်သွက်လျှောက်နေစဥ် သူ့ပခုံးအား လူတစ်ယောက်ပြင်းထန်စွာ တိုက်ချသွားသဖြင့် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်သောအခါ လှမ်းနေသည့် ညာခြေတစ်ဖက် အလိုလို တုံ့သွားရခြင်းက သူ့ရှေ့မှာ ခြေစုံရပ်၍ သူ့ကို မော့ကြည့်နေသော... ခပ်မှန်မှန်ခုန်နေတဲ့ သူ့နှလုံးသားကို နှိုးလိုက်သော သူကြောင့်ပင်။
ထိုအခိုက်မှာပင် အလောတကြီး လှုပ်ရှားသွားလာနေသော လူများအားလုံး မိနစ်ပိုင်းမျှ ရပ်တန့်သွားသည်။ အချိန်နာရီ၊ သက်ရှိသက်မဲ့၊ အရာဝတ္တုများအားလုံးသည် ခေတ္တခဏ ရှိနေဆဲ လုပ်နေဆဲ ဖြစ်နေဆဲ နေရာမှာ ရပ်တန့်သွားကြပြီး တစ်ခုတည်းသော လှုပ်ရှားနေသောအရာက ဟိုးအနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့ စက်တစ်ခုလို စက္ကန့်မလပ် ခုန်လှုပ်နေသည့် နှလုံးသားတစ်ခုပင်။
အဖြူရောင်နှင့် အနက်ရောင်ကို စပ်ထားသော လည်ဟိုက်အကျီ၊ အနက်ရောင်ဘောင်းဘီရှည်အပေါ်မှ မဟူရာရောင်လောင်းကုတ်ရှည်ကိုထပ်ဝတ်ထားသော ခဲဖျော့ရောင် ကွေးညွတ်ပျော့ပြောင်းနေသော ဆံပင်တွေက ကျောလယ်လောက်ထိရှည်နေပြီး အညိုနုရောင် မျက်လုံးတို့က တလက်လက်တောက်ပနေကြ၍ နီရဲစိုစွတ်နေသည့် နှုတ်ခမ်းတစ်စုံက ခပ်ဟဟပွင့်နေသည်မှာ အတိတ်ကို ပြန်၍အသက်သွင်းနေသလိုပင်။
အလို... အဲဒါ မင်းတဲ့လား။
°°°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°🖤🖤
အခန်း(၂၂) ဆက်ရန် >>>
#ပတ္တမြားအလင်း