book

Index 20

အခန်း(၂၀)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~


"မေမေ... ညိုချောဖုန်းဆက်လှမ်းခေါ်လို့ မှော်ခဏသွားလိုက်ဦးမယ်၊ မေမေဘာမှာမလဲ၊ ဘာဝယ်ခဲ့ရမလဲ "


"မှာစရာမရှိဘူး "


ဘေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်၍ ဖိနပ်စင်နားတွင် ထိုင်လိုက်ပြီး ရှူးဖိနပ်ကြိုးချည်နေစဥ် နောက်ပါးဆီမှ စူးရှသည့် အသံတစ်ခုက အနားရောက်လာ၏။


"မှော်လေး... အန်တီလေးကို ဒိန်ချဥ်တစ်ဘူးလောက်ဝယ်ခဲ့ပေးပါလား၊ အေးသာဝိုင်ခြံနားကလေ... "


မှော်ဝင် ခေါင်းညိတ်ပြလိုက်ပြီး အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။ ညိုချောက ရွှေဘုန်းပွင့်နဲ့ စူဋ္ဌာမုနိဘုရားနားမှာရှိသည့် 'Secret In Town  Cafe ' မှာ စောင့်နေ၏။ အရေးကြီးသည်ဟုဆိုသဖြင့် မှော်ဝင်လာခဲ့ခြင်းဖြစ်သည်။ 


"ငါအချိန်သိပ်မရဘူး ညိုချော၊ လိုရင်းပြော"


" အေးပါ၊ တစ်ခုခုမှာဦးလေ "


" တော်ပါပြီ "


"ဟို ငါဘယ်ကစပြောရမလဲ မသိတော့ဘူး ဖြစ်နေတယ် အဲဒါ... "


မှော်ဝင် မျက်ခုံးပင့်တက်သွား၏။ သည်လို တွေဝေခြင်းမျိုး ညိုချောဆီမှာ သူမ တွေ့ရခဲ၏။ စိတ်ထဲထင့်သွားရသည်။ မှော်ဝင် စားပွဲပေါ်တင်ထားသည့် သူမလက်တွေကို ပြန်ရုတ်လိုက်ပြီး လက်ပိုက်လိုက်၏။ 


"ဂရုမှာ ပုံတင်တဲ့ကိစ္စက အဲဒါက... "


ညိုချောအသံတွေ သိသိသာသာ တုန်ယင်နေသည်။ သူမကတော့ တည်ကြည်စွာပင် ညိုချောအား စိုက်ကြည့်နေ၏။ ထိုအခါ ညိုချောက မျက်လွှာချလျက် ကော်ဖီခွက်ကို ကြည့်နေရင်းက...


"အဲ့ညက ဓာတ်ပုံရိုက်ပြီး ဂရုမှာပုံတင်လိုက်တာ ကိုယ်ပဲ... "


"ဘာလို့တင်တာလဲ မေးလေ၊ အိပ်မက်မဟုတ်ဘူး အမှန်တကယ် ကိုယ်ပုံတင်လိုက်တာ၊ ဘာလို့တင်လဲ မသိချင်ဘူးလား... "


သူမ မထင်မှတ်ထားလောက်အောင်ပင် ညိုချော ရုတ်ချည်းပြောင်းလဲသွားသည်။ မျက်လုံးအရောင်ကအစ အမှောင်ဘက်ကို ကူးပြောင်းသွားသည်။ စကားလုံးတွေက ကြမ်းတမ်းလာ၏။ သူမ နှုတ်ဆိတ်နေမိပြီး ညိုချောအား တွေကြည့်နေလိုက်၏။ ဘာဆက်ပြောမလဲ၊ ဘယ်အထိပြောနိုင်မလဲ။ သူ့စိတ်ထဲရှိသည့်အတိုင်း အိတ်သွန်ဖာမောက် ပြောစေချင်သည်။ သူမနှလုံးသားတစ်ခုလုံး တဆစ်ဆစ်နာကျင်နေတာကို ဥပေက္ခာပြုထားပြီးတော့ပေါ့။ 


"မင်းဟာ လိုတာထက်ပိုပြီး မာနကြီးတဲ့သူပဲ၊  သိပ်မောက်မာတယ်၊ အမြဲအထက်စီးကဆက်ဆံတယ်၊ ကိုယ့်သူငယ်ချင်းအရင်းကိုတောင် မင်းက လူလူသူသူ မပြောဆိုဖူးဘူး၊  မင်းပြောချင်တာ ပြောဖို့ပဲသိတယ်၊ မင်းပြောလိုက်တဲ့ စကားကြောင့် တခြားသူဘာဖြစ်သွားမလဲ နည်းနည်းမှ ငဲ့မကြည့်ဘူး၊ ငါလည်းလူပဲ၊ မင်းမှာပဲ အရှက်သိက္ခာရှိတာမဟုတ်ဘူး၊ ငါလည်း အရှက်နဲ့လူလုပ်တာ " 


အောင့်လိုက်တာ...။ ဟိုး ရင်ဘက်အတွင်းကနေ နင့်နေအောင် အောင့်နေတာ။ အသားတွေလည်း တဆတ်ဆတ်တုန်ရီနေ၏။ အသက်ရှူရပ်သွားသလားဟု အောက်မေ့မိသည်။ ညိုချောမျက်နှာကို ကြည့်လေ သူမအူတွေ၊ကလီစာတွေ ပျက်ထွက်တော့မလို ခံစားရလေပင်။ လုံးဝ ထင်မှတ်မထားခဲ့တာပင်။ လုပ်ရက်လိုက်တာ။ တံတွေးမြိုချဖို့ အတော်ခက်ခဲနေ၏။ သို့သော် မိမိကျရှုံးလေ တစ်ဖက်လူအားရလေမို့ တည်ငြိမ်ဟန်ဆောင်ကာ ခါးမတ်ထိုင်လိုက်ရင်း မခိုးမခန့် အပြုံးလေးတစ်ခု ဖော်ဆောင်လျက် အတက်အကျမရှိသော လေသံဖြင့် မှော်ဝင် စကားဆိုသည်။


"နင်ငါ့ကို အရှက်ခွဲတယ်၊ နင်နာကျင်စေချင်တဲ့အတိုင်း ငါနာကျင်ရပါတယ်၊ စိတ်မပူနဲ့၊ အဲ့အတွက် ငါနင့်ကို ဘာမှပြန်လုပ်မှာမဟုတ်ဘူး ညိုချော၊ အဲလိုဆိုပြီး သိပ်စိတ်အေးမနေနဲ့ဦး၊ တစ်နေ့ တူသောအကျိုးပေးလိမ့်မယ် စောင့်နေလိုက် "


မှော်ဝင် စကားအကုန်ပြောပြီးသည်နှင့် နေရာမှ ထရပ်သောအခါ ခြေထောက်တစ်ဖက် ခွင်ကျမလိုဖြစ်သွားပေမယ့် အချိန်မီ ထိန်းမတ်လိုက်နိုင်ပါသည်။ သည်နေ့ သည်အချိန် သည်ကာလမှာပင် ညိုချောနှင့် သူမတို့၏ သူငယ်ချင်း သံယောဇဉ်သည် တစ်ခန်းရပ်ပြီးဆုံးသွားပြီပဲ ဖြစ်သည်။ မှော်ဝင့်အတွက် သူမရဲ့ အတိတ်တွေက ဘယ်သောအခါမှ မလှပခဲ့ပါ။ 


°°°°°°°°°°°°°°°°°°°°°°°°°°


မှော်ဝင် သူမမျက်နှာအား လက်ဝါးနှစ်ဖက်ဖြင့်အုပ်၍ အချိန်ကြာမြင့်စွာ ငြိမ်သက်နေသည်။ စိတ်တည်ငြိမ်အောင် လုပ်နေသည်ဆို ပိုမှန်လိမ့်မည်။ သူမ ပေါက်ကွဲပစ်လိုက်ချင်သည်။ လုံးဝကို စိတ်ရှိတိုင်း ပေါက်ကွဲပစ်ချင်မိသည်။ နောင်တမရသေးပါ။ 


>>> Ring 📲


ထိုစဥ်မှာပင် သူမလွယ်အိတ်ထဲမှ ဖုန်းမြည်လာ၏။ ကြည့်လိုက်တော့ နံပါတ်စိမ်းဖြစ်နေသည်။ အစက မကိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးမှ ဖုန်းကိုင်လိုက်သည်။ 


" ဟဲလို မှော်ဝင်လား... "


ယောကျာ်းတစ်ယောက်၏ အသံ။ ဖုန်းချဖို့ ပြင်လိုက်စဥ်မှာပင် လက်တွန့်သွားရသည်က...


"ကိုယ် သမာဓိ၊ မင်းဖုန်းမချနဲ့နော်၊ အခုဘယ်မှာလဲ၊ စကားပြောစရာရှိတယ် "


စိတ်အလိုမကျရင် လုပ်လေ့ရှိသည့် အမှုအကျင့်အတိုင်း မှော်ဝင် ပါးစောင်အား လျှာစောင်းဖြင့် ထိုးလိုက်သည်။ ဖုန်းကိုနားမှခွာ၍ မျက်ခုံးနှစ်ခုကြားကို လက်ညှိုးဖြင့် ဖွဖွကုပ်ခြစ်နေမိ၏။ မျက်နှာပြောင်တိုက်မှုကတော့ 9 + ပဲ။ တွေ့ကြတာပေါ့၊ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်စေရမယ်။ ဒီတွေ့ဆုံမှုအတွက် ရှင် ခါးခါးသီးသီး နောင်တရသွားစေရမယ်လို့ ကျွန်မ ကျိန်ပြောရဲတယ်။ 


အေးသာဝိုင်ခြံနားက ဆိုင်လေးတစ်ဆိုင်၏ မြေကွက်တစ်နေရာတွင် သမာဓိရော မှော်ဝင်ပါ ခြေစုံရပ်လျက်ရှိသည်။ ဘယ်သူကမှ စကားမစ။ အချိန်အတော်ကြာအာင် ဖြုန်းတီးပစ်ပြီးမှ သမာဓိ မှော်ဝင်ဘက်သို့ တည့်တည့်လှည့်ကြည့်လိုက်သောအခါဝယ်...


" ဖြောင်း ဖြောင်း... "


နှစ်ဆင့်ရိုက်ချက်ကြောင့် ယောကျ်ားရင့်မာကြီးဖြစ်သည့် သမာဓိ ဟန်ချက်ပျက်သွားပြီး ဖြူဖွေးနုဖက်နေသော ပါးနှစ်ဖက်သည် မှော်ဝင့်ကြောင့် လက်သုံးချောင်းအရာထင်သွားတော့သည်။ ရုတ်တရက်မို့ ယောကျ်ားမာနထိခိုက်သွားသည်ဟု ခံစားလိုက်ရပြီး သမာဓိ လက်တစ်ဖက် လေထဲမြှောက်တက်သွားပြီး မေးငေါ့ကာ ခနဲ့တဲ့တဲ့ ပြုံးနေသည့် မှော်ဝင့်ဆီသို့ ရွယ်လိုက်မိလေသည်။ သူ့ရှေ့မှာ ရပ်နေတာ ယောကျ်ားတစ်ယောက် ဖြစ်လိုက်စမ်း။ ခုတော့... သူ့လက်ကို နာနာကျင်ကျင် အောက်ပြန်ချလိုက်ရင်း တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်၏။


" တောက်! "


မှော်ဝင် သူ့အား ခဏမျှ ရပ်ကြည့်ပြီး လှည့်ထွက်ဖို့ပြင်တော့ သမာဓိ သူမလက်အား ဖမ်းဆွဲထားလိုက်သောအခါ မှော်ဝင်က ရုတ်ခနဲ ပြန်လှည့်ကြည့်ပြီး ခါးသက်စွာပင် ခပ်ဆတ်ဆတ်ပြောလာသည်က...


"အောက်တန်းစား လွှတ်စမ်း "


ထိုစကားက သူ့ပါးကို ဆယ်ခါပြန် ရိုက်တာထက် ပို၍နာကျင်သည်ဟု ထင်မိပါသည်။ အူလှိုက်သည်းလှိုက်ခံပြင်းစိတ်ဖြင့် သူမပခုံးနှစ်ဖက်အား ခပ်ကြမ်းကြမ်း သူ့ဘက်ဆွဲလှည့်လိုက်ရင်း အံကြိတ်သံဖြင့် သမာဓိပြောလိုက်၏။ 


"နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်း"


မှော်ဝင်က သမာဓိမျက်နှာအား မမှိတ်မသုန်ကြည့်၍ တစ်ချက်ဆောင့်ရုန်း၏။ သူအတင်းချုပ်ထားလိုက်သည်။ နဂိုတုန်းက သူဟာ လွန်ခဲ့တဲ့ ၃နှစ်ကျော်က သူမ မောက်မောက်မာမာ ​ပြောဆိုခဲ့တဲ့သူပဲဟု အမှန်ပြောမလို့ပင်၊ ခုတော့ လိုအပ်သည့်အချိန် ထုတ်သုံးရန် ဝှက်ဖဲအဖြစ် ထားရတော့မည်။ 


" အခွင့်အရေးသမား... "


သူမနှုတ်မှ နောက်ထပ်ထွက်လာသော စကားသံနှင့် သူ့မျက်နှာကို လာရိုက်သော အာငွေ့တွေက သူ့အတွက် နာကျင်ပြင်းထန်လွန်းလှ၏။ သမာဓိ နှုတ်ခမ်းတွန့်ကွေးရုံမျှ မဲ့ပြုံးလိုက်ရင်း မှော်ဝင့်အား သူနှင့်ပိုနီးကပ်အောင် ဆွဲယူလိုက်တော့ ရင်ဘက်ချင်းထိကလုကျီစယ်သွားရသည်။


"တစ်ခုပြောလိုက်မယ် သေချာနားထောင်လိုက်၊ ငါသာ အခွင့်အရေးသမားဆိုရင် မင်းမသိလိုက်ခင်မှာတင် မင်းကိုအဓမ္မပြုကျင့်လိုက်လို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ကို လက်ဖျားနဲ့တောင်မထိဘဲ ငါအခန်းပြန်ပို့ပေးခဲ့တယ်၊ အဲဒါ ဘာလို့လဲသိလား... "


"မင်းသိမှာမဟုတ်ပါဘူး...၊ မင်းရဲ့မျက်လုံးတွေကို မင်းရဲ့အတ္တတွေ၊မာနတွေက ဖုံးကွယ်ထားတယ်လေ၊ မင်းကြည့်လိုက် မင်းဘေးမှာ အစစ်အမှန်ရှိသလားလို့ "


သမာဓိ သူ့လက်ထဲမှ မှော်ဝင့်အား လွှတ်ပေးလိုက်သည်။ သူ ခါးထောက်လျက် တစ်ဖက်လှည့်သွားပြီး စုတ်သပ်သည်။ ပြီးမှ သူမဘက် ပြန်လှည့်ကြည့်လိုက်၏။ 


"ကျွတ် ကျွတ် ကျွတ် "


" တိတ်စမ်း!... "


အသံတွေရဲ့နောက်မှာ ခါးသက်မှုတွေပါနေ၏။ နာကျင်ကြေကွဲမှုတွေ၊ ဒေါသတွေ၊ မောဟတွေ။ စကားတစ်ခွန်းက သူမကို ဒီလောက်ထိ မှုပျက်သွားစေလိမ့်မယ်လို့ မထင်ခဲ့မိပါ။


အစစ်အမှန်တဲ့လား...။ 

ဘာက ဒီလောက်ထိ သွေးပျက်ဖို့ကောင်းတာလဲ။ သူမအား တုန်လှုပ်ခြောက်ချားစေခဲ့တာလဲ။ သူမ ဒီမှာ ဆက်၍မရှိချင်တော့ပါ။ နှလုံးခုန်ဖို့၊ အသက်တစ်ခါရှူဖို့ ခက်ခဲနေခဲ့သည်။ အာခေါင်တွေ ခြောက်နေ၏။ အမြင်တွေဝါးလာသည်။ 


" ဒုတ် "


ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားချိန်မှာတော့ သူမရင်ထဲ လှပ်ခနဲ ဖြစ်သွားပြီး ​ခြေလှမ်းတွေ ရွေ့လာသည်။ တဖြည်းဖြည်း သည်နေရာနဲ့ ဝေးဝေးကို လျှောက်လာနေမိပြီ။ အားလုံးကို ထားရစ်ခဲ့ပေမယ့် အရာအားလုံးက ရက်စက်စွာ သူမနောက်သို့ လိုက်လာနေ၏။ ကြမ်းတမ်းလှပေစွ။ 


°°°°°°°°°°°°°°°°° 


"မှော်ဝင် ဘာဖြစ်လာတာလဲ "


" မေးနေတယ်လေ ဒီကလေးနှယ် "


ဘေးလွယ်အိတ်ကို တင်းတင်းဆုပ်ကိုင်လျက် မေမေ၊ ဒေါ်လေးငယ်၊ အန်တီလေး အားလုံးကို ဖြတ်ကျော်၍ မှော်ဝင် အခန်းထဲသို့ ဦးတည်ဝင်လာခဲ့တော့သည်။ အရင်ဆုံး လွယ်အိတ်ကို ခုတင်ပေါ် ပစ်တင်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့၏။ ရေဗန်းခလုတ်ကို ဖွင့်လိုက်ပြီး အေးစက်သည့်ကြမ်းပြင်မှာ ဒူးနှစ်ဖက်ပိုက်၍ ကုပ်ကုပ်လေး ထိုင်ချလိုက်ပါသည်။ လက်သီးဆုပ်လေးအား ရှေ့သွားဖြင့် ဖိကိုက်ထားချိန် ပါးပြင်ပေါ်သို့ ပူနွေးနေသော အရည်တချို့စီးကျလာသည်က မျက်ရည်တွေများလား။ 


အချိန်အတော်ကြာ ထိန်းချုပ်နေခဲ့ရသည့် တင်းကျပ်နေသောစိတ်နှလုံးကို လွှတ်ချပေးလိုက်ချိန်ဝယ် မှော်ဝင်သည် ကလေးငယ်တစ်ဦးကဲ့သို့ ရှိုက်ကြီးတငင်ငိုကြွေးနေမိတော့သည်။ ကိုယ်လုံးလေး တသိမ့်သိမ့်တုန်သည်အထိ အားပါးတရ ငိုကြွေးရင်း အသက်ရှူကြပ်လာ၏။ တစ်ကိုယ်လုံး အေးစက်ထုံကျင်လာရသည်။ 


" ဟင့် ဟင့်... "


ဤအချိန်မှာ သူမ နောင်တတွေ ရနေမိပါသည်။ နောက်ကျောက ထိုးတဲ့ဓားက ပိုခံရခက်သလို ပို၍နက်သည်။ စောစောသိလိုက်ရတာ ပိုကောင်းပေမယ့် ဘာမှမဖြစ်ခင် ကြိုသိရတော့ ပိုမကောင်းပေဘူးလား။ ခုတော့ သူမနှလုံးသားမှာ အမာရွတ်ဖြစ်သွားပြီ။ 


ဘဝကပေးတဲ့ သင်ခန်းစာက တစ်သက်စာအတွက် လုံလောက်သွားပါပြီ။ ဒီလောက်ကလေးကြုံတွေ့ရတာကို ပြိုလဲနေမယ်ဆိုရင် ဘဝက သူမကို ဟားတိုက်ရယ်တော့မပေါ့။ လဲကျရင်ပြန်ထ ဒါဘဝပဲ။ ပါးပေါ်က မျက်ရည်စတွေကို လက်ဖျံဖြင့် ကမန်းကတန်း ဖိသုတ်ပြီးနောက် ဆတ်ခနဲ မတ်တပ်ရပ်၍ ရေခလုတ်ပိတ်ကာ ကိုယ်ပေါ်က အဝတ်စားတွေကိုချွတ်ချပြီးနောက် တဘက်ရင်လျား၍ ထွက်လာခဲ့တော့သည်။


ခိုပြာရောင်ဘလောက်စ်အကျီလက်ရှည်နှင့် အနက်နုရောင်စတိုင်ဘောင်းဘီရှည်ကို ဝတ်၍ မှော်ဝင် ဖြီးလိမ်းပြင်ဆင်ပြီး ဘာမှမဖြစ်ခဲ့သလို ခပ်ကျော့ကျော့လေး အခန်းပြင်ထွက်လာခဲ့ပါ၏။  


°°°°°°°°°°°°°°°°°°°


အဘွားမြေချပြီး သုံးရက်မြောက်နေ့မှာ သူမတို့အောင်စာရင်း ထွက်သည်။ အစကတည်းက အောင်မယ်မှန်းသိနေသဖြင့် မှော်ဝင် အောင်စာရင်းသွားမကြည့်ခဲ့ပါ။ သို့သော် ဖုန်းထဲကနေတော့ ကြည့်ခဲ့သည်။ ပြီးတော့ ဉာဏ်ဝင့်သူကလည်း သူမဆီ ဝမ်းသာအားရ ရောက်လာခဲ့ပြီး သူမနှင့် ညိုချော နှစ်ယောက်လုံး စာမေးပွဲအောင်သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း စကားဆိုသည်။


ရက်လည်ပြီး နောက်တစ်နေ့ ညနေခင်း၌ မှော်ဝင်တို့မိသားစု တောင်ကြီးအိမ်သို့ ပြန်လာခဲ့ကြသည်။ ဉာဏ်ဝင့်သူလည်း လိုက်ပါလာ၏။ သူမ ခေါ်ထားခြင်းဖြစ်သည်။ 


"ဘာပြောတယ်၊ မနက်ဖြန် ဟုတ်လား..."


"ဟုတ်ပါတယ်မေမေ၊ မှော် မနက်ဖြန် UK သွားတော့မယ် "


မှော်ဝင့်စကားကိုကြားတော့ ဒေါ်မြကေခိုင် သွေးတက်သွားတော့သည်။ အင်မတန် အံ့သြလွန်း၍ပင်။ ဦးဘုန်းခန့်သည်လည်း သမီးဖြစ်သူကို နားမလည်နိုင်စွာ ကြည့်နေ၏။ ဒေါ်မြကေခိုင် ခေါင်းသွက်သွက်ယမ်းလိုက်ရင်း...


" နင့်ကိုများများမပြောဘူး၊ တစ်ခွန်းပဲပြောမယ်၊ မသွားရဘူး"


" အားလုံးစီစဥ်ပြီးသား... "


"ဘယ်လိုစီစဥ်စီစဥ် ငါကမသွားရဘူးဆို မသွားနဲ့ပေါ့၊ အထွန့်မတက်နဲ့၊ လက်ထပ်ဖို့သာ လုပ်ကြတော့ "


ဉာဏ်ဝင့်သူအား ဒေါ်မြကေခိုင် လှမ်းကြည့်၍ ပြောသောကြောင့် သူ မှော်ဝင်ကို မျက်လုံးစွေကြည့်လျက် ဝင်ပါရတော့သည်။ 


"မှော်ဝင် နိုင်ငံခြားမှာကျောင်းသွားတက်မဲ့ကိစ္စကို သားသိထားတာကြာပါပြီ၊ သားကလည်း ဟောက်ဆာဂျင်ဆင်းရတော့မယ်... မှော်ကလည်း ကျောင်းသွားတက်မယ်ဆိုတော့ သားဆရာဝန်ဖြစ်မဲ့အချိန်နဲ့ မှော်ပြန်လာမဲ့အချိန်ကတိုက်နေတော့ အဲ့တော့မှ လက်ထပ်ဖို့စီစဥ်မယ်လို့ နှစ်ဦးသဘောတူ ဆွေးနွေးညှိနှိုင်းထားပါတယ် အန်ကယ်နဲ့ အန်တီ "


သည်တစ်ခါမှာတော့ ဒေါ်မြကေခိုင်ရော ဦးဘုန်းခန့်ပါ မျက်စိမျက်နှာပျက်ယွင်းသွား၍ စိတ်ထိခိုက်နာကျင်သွားရသည်မှာ သိသာလွန်းလှသည်။ 


"နင့်ကို ငါအရမ်းကို မျှော်လင့်ထားခဲ့တာ သိလားမှော်ဝင်၊ ဒါပေမဲ့ နင်က လိမ္မာမလိုလိုနဲ့ ငါတို့ကို မလေးစားဘူး၊ မထီမဲ့မြင်ပြုတယ်၊ ဒီလိုအရေးကြီးတဲ့ကိစ္စကို အခုချိန်မှလာပြောတာ ငါတို့ကို နင်မိဘအရာ မသွင်းလို့ဘဲ၊ နင်တောင်ပြတ်နိုင်မှတော့ ငါလည်းစကားအကုန်ပြောလိုက်မယ်၊ သွားချင်သပဆို သွား... မတားတော့ဘူး၊ တစ်ခုပဲ ဟိုမှာနေစဥ်တစ်လျှောက်လုံး ငါတို့ဆီက အထောက်အပံ့ ဘာတစ်ခုမှ ရလိမ့်မယ်လို့ မမျှော်လင့်နဲ့ "


ဒေါ်မြကေခိုင် ဒေါသအလျောက်ပြောပြီး ဝုန်းခနဲ ထထွက်သွားတော့သည်။ ဦးဘုန်းခန့် မှော်ဝင့်အား တစိုက်မတ်မတ် စိုက်ကြည့်နေလေတော့ ရင်ထဲမကောင်းဖြစ်သွားမိပါသည်။ 


" ပါပါး... "


"ပါပါးတကယ် စိတ်မကောင်းဘူး သမီး... "


မှော်ဝင် အံကိုခဲ လက်သီးကျစ်ကျစ်ဆုပ်ထား၏။ ဆုံးဖြတ်ပြီးသားကိစ္စတစ်ခုကို ဘယ်သောအခါမှ ဘယ်သူ့ကြောင့်နဲ့မှ မပြောင်းလဲနိုင်ပါ။ ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးဖို့ပင်။ 


°°°°°°°°°°°°°°°°°°°°


"ဒီတစ်ခါ မှော်ဝင့်အကြောင်းပြောတာ နောက်ဆုံးဖြစ်လိမ့်မယ်ထင်တယ်၊ ဘာလို့ဆို သူမနက်ဖြန်ဆို နိုင်ငံခြားသွားတော့မယ်တဲ့"


" သေချာလို့လား "


" သေချာသလောက်ပဲ၊ သူရှောင်ပြေးတာနေမှာပေါ့ "


ရှောင်ပြေးတာတဲ့။ ဒါဟာ ထင်ကြေးသက်သက်ပဲ။ သူလည်းထင်ကြေးပေးရမယ်ဆို သူမရှောင်ပြေးတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ တကယ်သာ အဲလိုဆို မှော်ဝင်မပီသလိုက်တာ။ သူလည်း မနက်ဖြန် လေဆိပ်ဆင်းရမည်။ အလုပ်ကပြန်ခေါ်နေပြီဖြစ်သည်။ မေမေ့ကျန်းမာရေးက အကောင်းပကတိမဖြစ်သေးပေမယ့် ထူထူထောင်ထောင်တော့ ဖြစ်နေပါပြီ။ 


°°°°°°°°°°°°°


မှော်ဝင်အတွက်တော့ အေးချမ်းလှသည့် မနက်ခင်းလေးက ကျက်သရေအပေါင်း ခညောင်းလို့နေသည်။ မနက်အစောထ၍ ထုံးစံအတိုင်း မြို့တစ်ပတ်လမ်းလျှောက်သည်။ အပြန်မှာတော့ ဒေါ်နန်းပန်ဆိုင်မှာ တကူးတက ခေါက်ဆွဲဝင်စားဖြစ်ခဲ့၏။ နောက်ဆို စားချင်လို့တောင် စားရတော့မည်မဟုတ်။ ခါတိုင်းစားနေကျ ခေါက်ဆွဲကလည်း ယနေ့မှ အရသာထူး၍ကောင်းနေသည်။ 


အိမ်ပြန်လာ ရေမိုးချိုးပြီး အဝတ်စားလဲကာ လက်ကေ့ချ်အိတ်ကို ဆွဲကိုင်လိုက်ချိန် ရင်ထဲ လှိုက်ခနဲ ဖြစ်သွား၏။ ထန်ကုန် သုံးနှစ်ပေါ့။ မသွားခင် နှုတ်ဆက်စကားပြောပြီး ထိုင်ကန်တော့ဖို့ သူမ မိဘတွေက အိမ်မှာရှိမနေခဲ့ပါ။ 


" ဟူး... "


ဒါလည်းတစ်မျိုးကောင်းတာပေါ့၊ ဘာမှ နောက်ဆံတင်းနေစရာအကြောင်းမရှိတော့ဘူးလေ၊ စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်တာပေါ့။ ဖေဖေ့ ATM ကတ်နှင့် မေမေဝယ်ပေးထားသည့် အသုံးအဆောင်ပစ္စည်းများကိုတော့ သည်အတိုင်း ထားရစ်ခဲ့ပါသည်။ သူမမှာရှိသည့် ငွေလေး၅ သိန်းနဲ့ အမြတ်တနိုးစုဆောင်းခဲ့သည့် လက်ပတ်နာရီတွေကိုတော့ သူမနှင့်အတူ တစ်ပါတည်းယူဆောင်လာခဲ့၏။ လေဆိပ်ကို taxi ငှားစီး၍လာခဲ့ခြင်းဖြစ်သည်။ ဉာဏ်ဝင့်သူ​က လိုက်ပို့မည်ဆိုတာကို သူမလက်မခံခဲ့ပါ။ 


သမာဓိ တစ်ယောက်စာ ခရီးဆောင်အိတ်ဆွဲ၍ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက် နှိုက်လျက် ဝင်းထဲသို့ ဝင်လာခဲ့တော့ တိုက်တိုက်ဆိုင်ဆိုင် မှော်ဝင်နှင့် မျက်နှာချင်းဆိုင် သွားဆုံ၏။ နှစ်ယောက်စလုံး လေယာဥ်ပေါ်တက်ခါနီးမို့ အကြည့်ချင်းဆုံရုံမျှသာ။ ထို့နောက် နှစ်ယောက်လုံး ကျောခိုင်း၍ သူလည်း ရန်ကုန်သို့သွားမည့် လေယာဉ်ပေါ်သို့ တက်လာခဲ့ပြီး မှော်ဝင်လည်း သက်ဆိုင်ရာ လေယာဉ်ပေါ်သို့ တက်သွားသည်။ 


သူတို့နှစ်ယောက်သည် အစထဲက ပြဒါးတစ်လမ်း သံတစ်လမ်းပေမို့ နောက်ဆုံးကျောခိုင်းထွက်သွားရတာ ထူး၍ဆန်းမနေတော့ပါ။ 


မြွေတွေတောင် အချိန်တစ်ခုရောက်ရင် အရေခွံလဲရသေးတာမဟုတ်လား၊ သူမလည်း ဘဝတစ်ဆစ်ချိုးပြီမို့ ဒီဘဝက အပေါ်ယံတွေကို ချွတ်ထားခဲ့တော့မည်။ 

စိတ်သစ်လူသစ်နဲ့ ဘဝအသစ်က သူမကို စောင့်ကြိုနေမည်ဟု ထင်သည်။ လေယာဉ်ပေါ်ရောက်သောအခါ အဆတ်မပြက်မြည်နေသည့် သူမဖုန်းကို စက်ပိတ်လိုက်ပါ၏။ စိတ်ထဲရှင်းလင်းကာ ပေါ့ပါးလန်းဆန်းနေသဖြင့် သူမတောင် အံ့အားသင့်နေတော့သည်။ 


°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°•°•°🖤🖤


အခန်း(၂၁) ဆက်ရန်>>>


#ပတ္တမြားအလင်း


rate now: