book

Index 2

အခန်း(၂)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~


"မှော်... "


" မှော်ဝင် "


" ရှင် "


" လူလာခဲ့စမ်း၊ မေမေခေါ်နေတယ်လေ "


စိတ်အာရုံတစ်ခုလုံး တီဗီဖန်သားပြင်ပေါ်မှ ရီရယ်လက်တီရှိုးသို့ ရောက်နေသဖြင့် မီးဖိုခန်းထဲက မေမေလှမ်းခေါ်နေတာကို သူမ အမှတ်တမဲ့ မကြားလိုက်မိဘူးဖြစ်သွားသည်။ ကပျာကယာ မီးဖိုခန်းထဲဝင်သွားတော့...


" နောက်ဖေးမှာရေတင်ထားတယ် သွားကြည့်လိုက်ဦး၊ မေမေမကြည့်အားလို့ "


" ဟုတ်ကဲ့ "


မေမေသည် ဟင်းအိုးတပြည့်ရှိနေသော ချဥ်ပေါင်ရွက်တွေကို ယောင်းမဖြင့် ဖိချေမွှေရင်း သူမကို ခေါင်းငဲ့ကြည့်ကာ ပြောလိုက်တော့ ခေါင်းညိတ်လျက် ထွက်လာခဲ့လိုက်သည်။ ရေပြည့်အောင်စောင့်ပြီး မီးခလုတ်အား ပိတ်၍အိမ်ထဲပြန်ဝင်လာတော့ အပြင်ထွက်ဖို့ အသင့်ဖြစ်နေသော မေမေ့ကို တွေ့လိုက်ရ၏။ 


"မေမေ ဆေးရုံသွားတော့မယ်၊ တံခါးတွေသေချာပိတ်လား တစ်ချက်စစ်ကြည့်၊ ဘယ်သူခေါ်ခေါ် ရမ်းသမ်းပြီးတံခါးမဖွင့်ပေးနဲ့ ပြန်မထူးနဲ့၊ တစ်ခုခုဆို ဖုန်းလှမ်းဆက်၊ အိပ်တော့မယ်ဆို မိန်းချအိပ် "


"စိတ်ချပါ မေမေရယ်၊ မှော်က ကလေးမှမဟုတ်ဘဲ "


"ထမင်းအချိန်မှန်စား... ညနေအိမ်ပြန်နောက်ကျမယ်ဆိုရင် မေမေဖုန်းကြိုဆက်မယ် "


" ဟုတ်ကဲ့ "


လည်သာအိတ်အား ပခုံးတွင် ကျော့ကျော့လေးလွယ်လျက် မေမေက သူမကို မှာတမ်းခြွေ၍ ကိုယ်ပိုင်ကားလေးဖြင့် သူမတို့အိမ်ခြံဝင်းထဲမှ ခပ်မှန်မှန် မောင်းထွက်သွားတော့သည်။ 

မိသားစုသုံးယောက်ထဲသာနေသဖြင့် မနက်မိုးလင်းလို့ အလုပ်ကိုယ်စီသွားကြသောအခါ သူမတို့အိမ်ကို အမြဲသော့ခတ်ထားခဲ့ရသည်။ သူမငယ်ငယ်တုန်းကတော့ ဆွေးမျိုးနီးစပ်တော်သည့် အဒေါ်တစ်ယောက်လာနေ၍ သူမကို ပြုစုစောင့်ရှောက်ပေး၏။ ယခု သူမလည်း တက္ကသိုလ်တက်နေပြီဆိုတော့ အကူမခေါ်တော့ဘဲ နိုင်ရာတာဝန်ထမ်းရင်း တဖြည်းဖြည်း မိသားစုနဲ့ အနေဝေးလာသလို ခံစားလာရသည်။ 


တံခါးတွေ သေချာပိတ်ပြီးမပြီး သေချာလိုက်စစ်ကြည့်ပြီးနောက် အောက်ထပ်က ဆိုဖာပေါ် လှဲလျောင်းလျက် အဲကွန်းလေးဖြင့် ဖုန်းကြည့်ရင်း ဇိမ်ကျနေ၏။ 


"ဒေါက် ဒေါက် မှော်ဝင် ညီမလေး... "


" ဘယ်သူမှမရှိကြဘူးလား၊ ခြံတံခါးလည်းသော့ခတ်မထားဘဲနဲ့ "


" ဟင် မလတ် တစ်ယောက်ထဲလား... "


တံခါးသွားဖွင့်ပေးလိုက်တော့ အပေါက်ဝတွင် ရှိနေသော မလတ်အား မထင်မှတ်ဘဲ တွေ့လိုက်ရသည်။


" အေး "


" အထဲဝင်လေ၊ စျေးလာဝယ်တာလား "


" ဟုတ်တယ် "


မလတ်သည် မေမေ့ညီမဝမ်းကွဲရဲ့ သမီးဖြစ်သည်။ ညောင်ရွှေမြို့တွင် အိုးမကွာအိမ်မကွာ စတိုးဆိုင်ကြီး တစ်ဆိုင်ဖွင့်ထားပြီး ဆိုင်အတွက်လိုအပ်တာရှိလျှင် တောင်ကြီးမြို့ကို တက်လာပြီး စျေးလာဝယ်လေ့ရှိသည်။ 


"မှော်... တစ်ယောက်ထဲလား၊ အိမ်မှာဘယ်သူ့မှမရှိဘူးလား... "


" အင်း "


"အတော်ပဲ... မမလတ်ကို စျေးကူဝယ်ပေးပါဦး၊ ဒီတစ်ခါ လိုအပ်တဲ့ပစ္စည်းကများတော့ ကျန်ခဲ့မှာစိုးလို့၊ ပြီးတော့ အကူခေါ်မလာမိဘူးရယ်၊ လိုက်မယ်မလား မှော် "


"အိမ်တောင်ရောက်နေပြီပဲ၊ လိုက်ရတော့မှာပေါ့၊ မှော် ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်၊ ခဏတော့စောင့် "


" ဟုတ်ပြီ "


အလိုရှိလို့ အိမ်တိုင်ရာရောက် ရောက်လာသူကို သူမငြင်းလွတ်ဖို့ အင်အားမရှိပါ။ အမှန်ဆို မဖြစ်မနေ အကြောင်းကိစ္စရှိမှသာ အပြင်ထွက်လေ့ရှိသော ခပ်အေးအေးသာ နေလိုသော သူမဆီသို့ ဦးတည်၍လာသော အရေးကိစ္စတွေကလည်း ခုဆို ခဏခဏပေါ်လာ၏။ ဒီလိုကိစ္စမျိုးတွင်တော့ သူမသည် အရေးပါအရာရောက်တတ်သည်။ 


°°°°°°°°°°°°°°°°


"မမလတ် မုန့်ဝယ်ကျွေးမယ်သိလား မှော်၊ မတွေ့တာကြာလို့လားမသိဘူး... ငါ့ညီမလေး လှလာလိုက်တာ ကြည့်ပါဦး"


လိုတာရဖို့အတွက် ​​မြှောက်ပြောနေမှန်းသိသိကြီးနဲ့ ကြိတ်မှိတ်ခံယူနေရသော သူမရုပ်သွင်မှာ အပြုံးတုလေးတောင်ရှိမနေပါ။ သူမသည် စိတ်မပါဘဲ သူတစ်ပါးတိုက်တွန်းမှုကြောင့် မဖြစ်မနေလုပ်ရလျှင် ထိုသို့လည်း အမှုအယာဖြင့် မကြိုက်ကြောင်း ပြတတ်ပါသည်။ 


"ထိပ်ဆုံးကဆိုင်မှာ ပြန်ဆုံမယ်နော်၊ ငါ့ညီမလေးကို အားကိုးပါတယ် "


မမလတ်က သူမအား စျေးဝယ်ဖို့စာရင်းမှတ်ထားသည့် စာရွက်တစ်ရွက်ကိုပေးခဲ့ပြီး သူကတော့ စာရွက်နှစ်ရွက်ကို လက်ထဲမှာကိုင်၍ လူစုခွဲလိုက်ပါသည်။ တစ်ပတ်တစ်ခါ စျေးဝယ်ဖို့ အကြောင်းပြပြီး တောင်ကြီးကို တက်လာကာ ချစ်သူနဲ့လာလာချိန်းတွေ့တတ်သည့် မမလတ်အကြောင်း သူမသိသိကြီးနဲ့ လိုက်လာခဲ့တာဖြစ်သည်။


"ဒီလောက်နေပူနေတာကို စျေးမြန်မြန်ဝယ်ပြီး အိမ်မှာပြန်နှပ်နေရမယ့်အစား ချစ်သူနဲ့ ချိန်းတွေ့ရတယ်လို့၊ ဒုက္ခကြီးလိုက်တာ... "


သူမ စိတ်ပျက်စွာ ညည်းတွားလိုက်ပြီး စာရင်းထဲကအတိုင်း လိုက်ဝယ်နေလိုက်တော့သည်။ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပိုးစရာမလိုဘဲ စာရင်းပြလိုက်ရုံဖြင့် သူတို့ဘက်က အိမ်အထိတိုက်ရိုက် ပို့ဆောင်ပေးပါသည်။ စရန်ချပေးပြီး အိမ်ရောက်မှ ငွေအကြေပေးချေရ၏။ မမလတ်တို့က ဝယ်နေကျဖော်သည်တွေမို့ ဆိုင်ရှင်တွေက အပြည့်အဝယုံကြည်ထားပုံပေါ်သည်။ တချို့ဆိုင်တွေကတော့ မျက်နှာလာပြဖို့လိုသဖြင့် ကိုယ်တိုင်လာရသည်လည်းရှိသည်။ အားလုံးဝယ်ခြမ်းပြီးနောက် ထိပ်ဆုံးကဆိုင်မှာ မမလတ်အား စောင့်နေလိုက်သည်။


"တောက် ဒင်းနဲ့ငါနဲ့ပြတ်ပြီ၊ ငါ့ကို ဘာများမှတ်နေလဲမသိဘူး၊ သောက်ချိုးမပြေလာလုပ်နေတယ် "


တစ်ခုခုကို မကျေမချမ်းဖြစ်လာပုံပေါ်သော မလတ်သည် တစ်ကိုယ်တည်း တဗျစ်တောက်တောက်ဆိုရင်း ဆောင့်အောင့်ကာ သူမထံသို့ လျှောက်လာနေသဖြင့် တွေငေးရပ်ကြည့်နေလိုက်၏။ အနားရောက်မှ...


"မလတ် အားလုံးဝယ်ပြီးပြီလား၊ စုံရဲ့လား"


သူမပြောတာ ကြားသလား၊ မကြားသလားမသိ၊ မေးရိုးလေးတွေတင်းကာ အံကြိတ်ထားပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေကာ ဒေါသများစွာထွက်နေပုံရသည်။ သူမပြောတာကို ပြန်မဖြေဘဲ တစ်အောင့်ကြာမှ...


"ညီမလေးကို မလတ်အိမ်ပြန်လိုက်ပို့ပေးမယ်၊ သြော် နောက်မှ မုန့်လိုက်ဝယ်ကျွေးတော့မယ်နော် "


" မလိုပါဘူး "


မလတ်က သူ့ကားဖြင့် အိမ်သို့ပြန်လိုက်ပို့ပေးပြီး အိမ်ထဲမဝင်ဘဲ နှုတ်ဆက်ကာ ပြန်မည်ဟု ပြောနေသဖြင့် သူမစကားများများ ပြောနေရသည်။ 


"နေ့လည်စာစားပြီး ညနေ နေအေးမှပြန်ပါလား မလတ်၊ အခုပြန်သွားရင် နေပူထဲပြန်လာတယ်ဆိုပြီး ကြီးကြီးတို့ မလတ်ကို ဆူလိမ့်မယ်၊ မှော့်ကိုလည်း မေမေက မလတ်ကို ထမင်းမကျွေးလိုက်ရကောင်းလားဆိုပြီး ဆူနေလိမ့်မယ်၊ အဲ့တော့ ညနေမှပြန်လိုက်ပါ "


" ဟုတ်ပါတယ်လေ "


သူမအပြောကို လက်ခံပြီး မလတ်က သူမနှင့်အတူ အိမ်ထဲလိုက်ဝင်လာသည်။ မျက်နှာက မသာမယာနှင့် မှုန်ကုတ်နေ၏။ ကိုယ့်အကြောင်းမဟုတ်တာမို့ သူမ ဖာသိဖာသာပဲ နေလိုက်၏။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေ အများကြီးသိထားရင် ခေါင်းလေးတယ်မဟုတ်လား။ ဒါမျိုး စပ်စုတာလည်း ဝါသနာမပါပါ။ 


"Wifi password က အရင်အတိုင်းပဲလား မှော် "


" အင်း "


📲" တီ တီ တီ "📲 


ထိုစဉ် ဆက်တိုက်ခေါ်နေသည့် ဖုန်းကို မလတ်က မကိုင်ဘဲ လျစ်လျူရှုထားသည်။ ကြာလာတော့ စိတ်မရှည်တော့ဟန်ဖြင့် မကိုင်ချင်ကိုင်ချင်ဖြင့် ဖုန်းကိုင်လိုက်ရင်း သူမနှင့် ခပ်လှမ်းလှမ်းမှာ စကားသွားပြောနေ၏။


တစ်အောင့်ကြာတော့ ပြိုတော့မလိုဖြစ်နေသည့် ညို့မှိုင်းနေတဲ့ ကောင်းကင်လိုမျက်နှာမျိုးဖြစ်နေရာမှ ချက်ချင်း မြူးကြွစွာ ဝင်းလက်သောအသွင်ဖြင့် သူမအနားသို့ ပြန်ရောက်လာသော မလတ်က...


"မှော်... မလတ်သူနဲ့သွားတွေ့လိုက်ဦးမယ်၊ ပြန်မလာတော့ဘူးနော်၊ ပြီးရင် ညောင်ရွှေက အိမ်ကိုပဲ တန်းပြန်လိုက်တော့မယ် "


ဟု ချိုသာစွာပြောလာသဖြင့် သူမ မအူမလည်ခေါင်းညိတ်ပြလိုက်ပြီးမှ...


"ဂရုစိုက်ပြန်နော် "


" အေးပါ "


တယ်လည်းတတ်နိုင်ပ၊ ဟွန်း....။ 

ခပ်သဲ့သဲ့ပြုံးလျက် ခြံတံခါးသေချာပြန်ပိတ်ပြီး အိမ်ထဲဝင်လာခဲ့တော့သည်။ ထို့နောက် ထမင်းစားသောက်ပြီး တစ်ရေးတစ်မော အိပ်ဖို့ပြင်လိုက်၏။ 


°°°°°°°°°°°


"နင်ပေးတဲ့တစ်ပဲခြောက်ပြားပိုက်ဆံက ငါတို့မိသားစု ခြောက်ယောက်လုံး ဝမ်းဝတယ်လို့ နင်ထင်နေတာလား ဟမ်၊ ပြောစမ်းပါ "


"ဘာ! တစ်ပဲခြောက်ပြား... ငါ တစ်နေကုန် ခြေညောင်းအောင်ဆိုက်ကားနင်းပြီး ကောင်းရောင်းကောင်းဝယ်နဲ့ ရလာတဲ့ ပိုက်ဆံငါးထောင်ကို မင်းမို့လို့ ပြောရက်တယ်၊ ငါ အလေလိုက်နေတာမဟုတ်ဘူး "


"ဒါဆို ငါကရော၊ ငါကရော မကောင်းတာလုပ်စားနေတဲ့ မိန်းမပျက်မို့လို့လား ပြောစမ်းပါ အရက်သမားရဲ့၊ အိမ်ပြန်လာရင် အရက်လေးတမြမြနဲ့၊ နင်သောက်မဲ့ ပိုက်ဆံက ဆန်တစ်ပြည်ဝယ်လို့ရတယ် သိလား သိလား... "


"ဟဲ့ ကောင်မ၊ နင် လက်ပါမလာနဲ့နော်၊ ငါရိုက်ရင် တစ်ချက်စာတောင်မရှိဘူး၊ နင်သာ လင်ငယ်နေနေလို့ ငါပေးတဲ့ပိုက်ဆံက မလောက်တာပေါ့၊ သူများမိန်းမတွေ မင်းလိုမဟုတ်ဘူး၊ သုံးတတ်စွဲတတ်တယ်၊ ငါပင်ပန်းလို့ အရက်သောက်တယ် ဘာဖြစ်လဲ၊ ငါရှာတဲ့ပိုက်ဆံ ငါသုံးတော့ ဘာဖြစ်လဲ"


"နင် ခွေးစကားမပြောနဲ့နော်၊ နင့်မိန်းမတွေနဲ့ ငါ့ကိုလာမနှိုင်းနဲ့၊ မကျေနပ်ရင် အဲ့မိန်းမတွေအိမ်သွားတက်နေလေ၊ လူပါးဝလို့ အရက်သမားကများ... "


"တောက် ဒီမိန်းမပါးစပ်မပိတ်နိုင်ဘူး၊ ငါထလုပ်ရ ထမင်းခုနှစ်ရက်မစားနိုင်ဘဲ ဖြစ်တော့မယ် "


ညိုချောတို့အိမ်ဘက် လမ်းလျှောက်ထွက်ရင်း ရပ်ကွက်တွေထဲက ဖြတ်လျှောက်တော့ စရိုက်ဆန်ဆန် အသုံးအနှုန်းတွေ၊ အမြင်မတင့်တယ်ဖွယ်ရာ ကြမ်းတမ်းစက်ဆုပ်သည့် အမူအယာတွေ မြင်တွေ့ရ၏။ အရာအားလုံးဟာ သူမအတွက် အစိမ်းသက်သက်ဖြစ်နေ၏။ ထိုအိမ်တွေကို သူမကျော်သွားတာတောင် စိတ်ဝင်တစားဖြင့် လည်ပြန်ကြည့်မိပါသေးသည်။ 


"အလကားပါ မှော်ရာ၊ ဒါတွေက ဒီလိုရပ်ကွက်တွေတိုင်းမှာ ဖြစ်နေကြပါ၊ မဆန်းတော့ဘူး၊ မင်းအတွက်တော့ ဆန်းနေမှာအသေအချာပဲ "


"သူတို့က ဘာဖြစ်ကြတာလဲ "


သူများအကြောင်းဆို စိတ်မဝင်စား မစပ်စုတတ်သည့် သူမက ထူးဆန်းစွာ သိချင်စိတ်ဖြင့် စကားစလိုက်တော့ ညိုချောအံ့သြသွားမှာ သေချာသည်။ 


"အင်းးး ဆင်းရဲသားတွေမှာ ဖြစ်တတ်တဲ့ ရောဂါလို့ ပြောရမလားမသိဘူး၊ သိပ်ချစ်လွန်းလို့ မိဘတွေသဘောမတူတဲ့ကြားက လက်ထပ်ထားပေမယ့် ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ကြတဲ့အခါ ထမင်းရည်ပူကိုလည်းမယက်နိုင်ကြတော့ဘူးလေ၊ မဲမဲမြင်ရာ ရမ်းကြတော့တာပေါ့၊ အဲလိုပဲ လွယ်လွယ်မှတ်ထားလိုက်ပါ မှော် "


အချင်းချင်း သတ်လားဖြတ်လား အချေအတင်ဖြစ်နေကြတဲ့ သူတွေက တစ်ချိန်တုန်းက အရမ်းချစ်ခဲ့တာတဲ့လား။ ဆန်းသားလား။ 


ထိုစဥ် သူမဦးခေါင်းထိပ်မှာရှိသည့် ဗွေပေါ်သို့ မိုးစက်လေးတစ်စက်လာထိတွေ့သဖြင့် ဦးရေပြားတစ်လျှောက် အေးမြသွားတာကို စိမ့်ခနဲ ခံစားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်တော့ သူမရဲ့ရှည်လျားလှသော မျက်တောင်လေးတွေ စိုစွတ်သွားသည်။ သဘောကျစွာ ပြုံးရယ်လိုက်မိပါ၏။ 


"မိုးရွာတော့မလားမသိဘူး၊ ရှေ့နားဆိုရောက်ပြီ၊ ပြေးသွားကြရအောင် "


မိုးရိပ်ဆင်နေသည့် ကောင်ကင်အား မော့ကြည့်ပြီး ညိုချောက သူမကို ငဲ့ကြည့်၍ ပြောလိုက်၏။


" ဟာ! "


မညီမညာ​ဖြစ်နေသည့် မြေနီလမ်းထက် တိုးထွက်နေသော ​ခဲလုံးကိုခလုတ်တိုက်မိပြီး သူမခြေညှပ်ဖိနပ်လေး ကြိုးတစ်ဖက်ပျက်သွား၏။ ဖိနပ်လေးအား ငုံ့ကြည့်ရင်း မျက်မှောင်ကုပ်၍ ညည်းညူသလို ရေရွတ်မိသွားသည်။


"ဟယ်... ဖိနပ်ပျက်သွားပြီ ဘယ်လိုလုပ်မလဲ၊ ဟုတ်ပြီ ချောဖိနပ်ကို မှော်ပဲစီးလိုက် ဟုတ်လား "


"ရပါတယ် အိမ်နားပဲရောက်တော့မယ် "


"စီးလိုက်ပါ "


ညိုချောက သူ့ဖိနပ်အား ချွတ်ပေးပြီး သူမအား အတင်းစီးခိုင်းနေသည်။ သူမ ဘယ်လိုမှငြင်းမရပါ။ 


"ဟင့်အင်း... ခြေပြောင်လမ်းလျှောက်ရလဲ မှော့်အတွက်က ပြဿနာမရှိပါဘူး၊ မဟုတ်ရင် ဒီလိုလုပ်ဖို့ အခွင့်ကြုံမှာမဟုတ်ဘူး "


ပြောပြောဆိုဆိုဖြင့် သူမက ဖိနပ်နှစ်ဖက်စလုံးကို ချွတ်လိုက်ပြီး လမ်းဘေးတွင် သွားချထားလိုက်သည်။ ဖြူဥနေသည့် ခြေထောက်နုနုလေးတွေက မြေနီလမ်းပေါ် ရွရွလေး ခြေစုံရပ်လျက်ရှိသည်။ 


"ဖြစ်ပါ့မလား "


" သိပ်ဖြစ် "


ထိုခဏ၌ပင် မိုးစက်လေးများက သူမကိုယ်ပေါ် တစ်စက်ချင်း တစ်ပေါက်ချင်း လာထိတွေ့ကြသည်။ ထိုအရသာကို သူမနှစ်ခြိုက်သည်။ ခြေဗလာဖြင့် ဆက်လျှောက်လာခဲ့ကြစဥ် တစ်နေရာအရောက်တွင် လင်းတတစ်အုပ်ထံမှ ငှက်ဆိုးထိုးသံအလား နားဝင်ဆိုးလှသည့် အသံတွေကို ကွဲကွဲပြားပြားမရှိဘဲ ကြားလိုက်ရသည်။ 


"ဘယ် ညာ ဘယ် ညာ ... ဘယ် ဘယ် "


နားထဲကြည်လင်ပြတ်သားမှုမရှိဘဲ အသံတွေက လုံးထွေးစွာ မညီမညာ တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြ၏။ 


ထိုအသံကိုကြားပြီး သူမခြေလှမ်းတွေ တဖြည်းဖြည်း နှေးလာသည်။ မျက်တောင်တဖျပ်ဖျပ်ခက်ရင်း လက်ဖဝါးကိုလက်ချောင်းလေးတွေဖြင့် ပွတ်နေချိန် သူမတို့ဆီသို့ ထိုလင်းတအုပ်က လျင်မြန်စွာ ရောက်ရှိလာ၏။ ညိုချောက ပြဿနာဖြစ်မည်စိုး၍ သူမလက်ကို အတင်းဆုပ်ကိုင်ထား၏။ နေရာမှ မြန်မြန် ဆွဲခေါ်နေသေးသည်။ သူမ ထိုသူတွေကို လှည့်မကြည့်ပါ။ လှည့်ကြည့်စရာရောဘာရှိလဲ။ ကလေကချေတွေပဲလေ။ 


"ဟိတ် တို့ဖိနပ်စီးမလား၊ မင်းလေး အားမနာပါနဲ့၊ တို့က မင်းခြေပြောင်လျှောက်နေတာကို မကြည့်ရက်လို့ပါ "


" .... "


"ဟိတ် စကားပြန်ပြောဦးလေ၊ ချေတာလား"


သူမဘေးကနေ ထပ်ကြပ်မကွာလိုက်၍ တိုးလျစွာ ပြောနေသော သူ့ပါးစပ်ကထွက်လာသည့် ကွမ်းနံ့သည် တစ်ချက်တစ်ချက် သူမမျက်နှာဆီ ရိုက်ခက်လာသဖြင့် ထောင်းခနဲ ဒေါသထွက်သွား၏။ ပခုံးချင်းထိလုမတတ်ဖြစ်နေသည်ကို သူမ ရွံရှာစက်ဆုပ်၏။ သိပ်ရဲတင်းလွန်းတာကိုလည်း အံ့သြ၍ ဘဝင်မကျပါ။ အလုံးစုံစုပေါင်းလိုက်လျင် သိပ်ကိုခံပြင်းစရာကောင်းနေတာမို့ သူမခြေလှမ်းတွေကို တိခနဲရပ်ပစ်လိုက်၏။ ဘေးမှာရှိနေသည့် ထိုသူအား ချာခနဲလှည့်၍ စူးစူးရှရှ စိုက်ကြည့်လိုက်ပါ၏။ 


သူ့ရဲ့ တန်ပြန်အကြည့်က သူမလိုပဲ သိပ်ကို စူးရှနေသဖြင့် ကြိတ်အံ့အားသင့်နေရသည်။ 

နီကြောင်ကြောင်ဆံပင်တွေက ဖရိုဖရဲ၊ အရှေ့မှာကျနေသည့် ဆံပင်တွေက မျက်လုံးတစ်ဖက်ကို အုပ်လုနီးနီးဖြစ်နေ၏။ ညစ်ထွေးနေသော အညိုရောင်မကျအနီရောင်မကျသည့် ရှပ်အကျီနှင့် စုတ်ပြတ်နေသော ဂျင်းဘောင်းဘီပြဲကို ဝတ်ထားသော ထိုသူ၏ ဗွိီရှိုတ်သဏ္ဍာန် မျက်နှာကျပုံစံတွင် မျက်နှာတစ်ခုလုံး၏အစိတ်အပိုင်းတွေက အချိုးအစားပြေပြစ်နေ၏။ သူ့ပုံစံနှင့် မလိုက်ဖက်ဘဲ ရှိနေသည်က ယုံကြည်မှုအပြည့်ဖြင့် ဝင့်ကြွားစွာရှိနေသော မျက်ဆံနက်နက်နဲ့ မျက်တောင်ရှည်တွေ ခြံရံထားသည့် မျက်ဝန်းတစ်စုံ။ သိပ်ကိုမုန်းပါသည်။ ဘာကြောင့်မှန်းမသိ...။ 


"မင်းနာမည်ဘယ်လိုခေါ်လဲ မိန်းကလေး "


သူမအကြည့်ရဲ့ တန်ပြန်တိုက်စစ်ကို ချိုးဖျက်ကာ မခန့်လေးစား အပြုံးအရယ်ဖြင့် မေးလာသဖြင့် အလိုလို မျက်ခုံးတွန့်ကျသွားပြီး လက်သီးဆုပ်လိုက်၏။


"နင်တို့ကိုယ့်လမ်းကိုယ်သွားစမ်း မနှောင့်ယှက်နဲ့ "


"အမိကလည်း.... ဒေါသကြီးပဲ၊ မျက်နှာလှလှ​လေး ရုပ်ဆိုးသွားပါဦးမယ် စိတ်လျော့ စိတ်လျော့ "


" အဟား.... "


ညိုချောပြောသည်ကို အပြောင်အပျက်လုပ်ကာ သူ့ရဲ့နောက်လိုက်သူငယ်ချင်းများက ဝိုင်းဟားနေကြ၏။ ညိုချောက တောက်တစ်ခေါက်ခေါက်ဖြင့် သူမကို လက်မောင်းကဆွဲခေါ်ကာ ထိုနေရာမှ ဆက်လျှောက်လာခဲ့ကြပေမယ့် သူတို့ကလည်း သူမတို့နောက် ဆက်လိုက်လာနေဆဲ။


"ဘယ်ညာ ဘယ်ညာ၊ ဖြည်းဖြည်းလျှောက်ပါ အမိရဲ့၊ အနောက်က ကျားမလိုက်လာပါဘူး...."


" တော်ကြာ မြေကြီးနိမ့်ဆင်းသွားဦးမယ်နော့ "


"မစကြပါနဲ့ကွာ ငါတို့ကို ကြောက်သွားပါဦးမယ် အဟား... ဘုရားဆူး အသည်းနုတဲ့မိန်းကလေးတွေပါ "


အသည်းနုတဲ့မိန်းကလေးတွေ....။ 

ထိုစကားက သူမကိုအသည်းခိုက်အောင် နာကျင်စေပါသည်။ ဘာကြောင့်ပဲပြောပြော ထိုစကားအတွက် သူတို့ တစ်ခုခု ပြန်ပေးဆပ်ရမည်။ 


"နင်တို့ ဘာဖြစ်ချင်လို့လဲ "


အုပ်လိုက်ကျင်းလိုက်,လိုက်လာသည့် သူမအနောက်က ရွယ်တူကောင်လေးတစ်သိုက်အား ဆတ်ခနဲ လှည့်ကြည့်၍ ခပ်တည်တည် လေသံမာမာဖြင့် ပြောလိုက်၏။ မထင်မှတ်ထားသည့် သူမလုပ်ရပ်ကြောင့် သူတို့တွေ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားကြသည်။ သူမ ဂရုမစိုက်ပါ။


"အလကား... အာရုံထဲထားမနေနဲ့၊ လာပါကွာ "


သူမလက်အား အတင်းဆွဲနေသည့် ညိုချော၏လက်ထဲမှ ခပ်သာသာလေး ရုန်းထွက်လိုက်ပြီး ရှေ့သို့ခြေနှစ်လှမ်းတိုးရပ်လိုက်၏။ အပေအတေ ဂျစ်ကန်ကန် ကောင်လေးတွေ၏ မှုန်တေတေမျက်နှာများအား သူမ မနှစ်မြို့ဖွယ် သိမ်းကျုံးတစ်ချက်ကြည့်လိုက်ရင်း နှုတ်ခမ်းတစ်ဖက်အား ပီပီပြင်ပြင် မဲ့ပစ်လိုက်၏။


ထိုအခါ သူတို့ထဲမှ စောနက ရဲဝင့်စွာ သူမကို စကားဆိုလာခဲ့သော သူကပင် ရှေ့ထွက်လာပြန်သည်။


" မင်းကိုစိတ်ဝင်စားလို့ "


" ရာရာစစ "


"အဟွန်း... မာနကြီးတစ်ခွဲသားနဲ့အိုက်တင်ခံမနေပါနဲ့ကွာ၊ မင်းလည်း တို့ကို စိတ်ဝင်စားနေတယ်မလား... "


"နင့်လိုလမ်းဘေးက အပေအတေကိုလား၊ ​ခြေကောင်းလက်ကောင်းကြီးနဲ့ လမ်းဘေးမှာ လေလွင့်နေတဲ့ အမှိုက်လိုကောင်မျိုးကို ငါက မှိုက်မှိုက်မဲမဲ စိတ်ဝင်စားလိမ့်မယ်မထင်လိုက်နဲ့၊ နင်နဲ့ငါနဲ့က တူလို့လား... တန်လို့လား... "


သူမနှုတ်ဖျားက ခါးသီးစွာဖြင့် လွယ်လွယ်ထွက်ကျလာသော စကားကြမ်းတွေသည် တစ်ဖက်သားအား အတော်ပင် ရိုက်ခက်သွားဟန်တူသည်။ ရှူးရှူးရှဲရှဲဖြင့် မျက်လုံးတွေက မီးဝင်းဝင်းတောက်လျက် ရှေ့ဆံပင်အား အပေါ်သို့သပ်တင်ကာ ခါးထောက်လိုက်ရင်း သူမမျက်လုံးများအား စိုက်ကြည့်လျက် ပြောလာသည်က...


"ရင့်လှချည်လားကွ၊ မင်းက ဘာသားနဲ့ထုပြီး ဘာအစားအစာတွေစားနေလို့ မတူမတန်စကားပြောရတာလဲ၊ မင်းခန္ဓာကိုယ်ပေါ်က အတုအယောင်တွေ အားလုံးခွာချလိုက်၊ မင်းနဲ့ငါနဲ့ လူလူချင်းတူတူပဲ "


စကားဆက်ပြောဖို့ အဖက်မတန်တာမို့ လှည့်ထွက်ဖို့ ခြေလှမ်းပြင်လိုက်စဥ် သူမဆီသို့ ထိုးနှက်လာသည့် ရိုက်ချက်ပြင်းပြင်းတွေကြောင့် ဟက်ခနဲ လှောင်ရယ်လိုက်ရင်း ပါးစောင်အား လျှာဖြင့်ထိုးလျက် ခေါင်းငဲ့ကြည့်လိုက်၏။ ဆူပွက်နေသည့် အမျက်ဒေါသက မျက်လုံးကတစ်ဆင့် ရောင်ပြန်ဟပ်နေသည်။ တုန်ရီနေသော လက်ကို သူတစ်ပါးမမြင်စေရန် လက်နောက်ပစ်ထားလိုက်၏။ ' ပညာရှိအမျက်အပြင်မထွက် ' ဟူသော ဆိုရိုးအတိုင်း လိပ်တက်လာသော ဒေါသအစိုင်အခဲများကို တံတွေးနဲ့အတူ အတင်းမြိုချပစ်လိုက်၏။  


"လာပါကွာ... သူတို့နဲ့စကားပြိုင်လုနေလို့ အမြတ်ထွက်လာစရာ အကြောင်းမရှိပါဘူး၊ ပြန်ကြပါစို့ကွာ လာပါနော် မှော် "


"ဟျောင့်... မှော်တဲ့ကွ "


ဟာကွက်ကို စောင့်ဖမ်းနေသော သူတို့သည် ညိုချော၏သတိလက်လွတ်ပြောလိုက်မိသော စကားကို အငိုက်ဖမ်းသွားကာ သူတို့အချင်းချင်း လက်ဖဝါးချင်းရိုက်၍ အားရကျေနပ်စွာဖြင့် လှောင်သံစွက်လျက် ပြောနေကြသဖြင့် မရည်ရွယ်ဘဲ အမှားလုပ်မိသလို ဖြစ်သွားသော ညိုချော ဇတ်ပုသွားကာ သူမအား တောင်းပန်ဟန်ဖြင့် ညှိုးလျစွာ ကြည့်နေ၏။ 


ဟွန်း... ပွဲကတော့လှပြီ။ 

ဆင်ကန်းတောတိုးမို့ ဥပေက္ခာပြုတာကို  ကြောက်တယ်ထင်နေရင်တော့ ကိုယ့်နေရာကိုယ်သိအောင် သူမက ကရုဏာထားပြီး သင်ပြပေးရမှာပေါ့။


"လူလူချင်းတူပေမယ့် အဆင့်တန်းချင်းကွာတယ်လေ၊ နင့်လိုလူမျိုးက ငါ့ရဲ့ခြေသလုံးဖက်ပြီး ခခယယတောင်းပန်ရင်တောင် သနားပြီး ပြန်စိတ်ဝင်စားဖို့မပြောနဲ့ တံတွေးနဲ့တောင်လှည့်ထွေးမှာမဟုတ်ဘူး၊ အဲ့တော့ တော်ရာမှာနေ၊ မမီမကမ်း ကုပ်ဖက်တက်ဖို့ မစဥ်းစားနဲ့ အကျနာလိမ့်မယ် "


မိမိပြောချင်တာပြောပြီးသည်နှင့် အနားရှိသည့် ညိုချောလက်ကို ဆွဲကာ သူတို့ကို ကျောခိုင်း၍ လှည့်ထွက်တော့ ညိုချောက နားနားကပ်ကာ တီးတိုးစကားဆို၏။


"မှော်... နင်ပြောတာ နည်းနည်းများသွားတယ်နော်၊ ပြဿနာဖြစ်ကုန်မှဖြင့်... "


"ငါပြောတာနည်းတောင်နည်းသေးတယ်၊ ငါ့​ခြေဖဝါးအောက်က သဲမှုန်လောက်တောင် တန်ဖိုးမရှိဘူးလို့ ပြောမလို့၊ အဲလိုပြောလိုက်ရင် အနာကိုဆားပတ်သလို ဖျပ်ဖျပ်လူးပြီး စက်စက်ခါအောင် ရူးသွားမယ်ဆိုတာသိနေလို့၊ သနားလို့ မပြောဘဲနေလိုက်တာ၊ ငါ့ကို ကျေးဇူးတင် "


သူမစကားကြောင့် အလွန်အမင်း အံ့အားသင့်သွားဟန်ဖြင့် ညိုချောသည် သူမအား နှုတ်ခမ်းလေးဟ၍ ပြူးတူးတူးလေး ခေါင်းငဲ့ကြည့်၍ ရှေ့ဆက်လျှောက်နေစဥ် နောက်ပါးဆီမှ သြရှရှအသံကျယ်တစ်ခုကို စူးခနဲကြားလိုက်ရ၏။


"ကျမ်းကျွံရင် နုတ်လို့ရတယ်၊ စကားကျွံရင် နုတ်လို့မရဘူး၊ မင်းလက်လွတ်စပယ်ပြောခဲ့တဲ့ စကားတစ်ခွန်းအတွက် ပြန်ပေးဆပ်ရမယ်၊ စောင့်နေလိုက် တစ်နေ့နေ့ ငါမင်းရှေ့ မရောက်ရောက်အောင် ပြန်လာခဲ့မယ်၊ အဲဒီအခါကျ Game start now!... "


ထိုစကားအဆုံး ညှို့မှိုင်းနေသည့် ကောင်းကင်တစ်ခွင်လုံး လျှပ်စီးတွေ ဝင်းခနဲ ဝင်းခနဲ ပျိုးပျက်လက်သွားကာ ကြောက်မက်ဖွယ်ရာ ခရီးလမ်းက အဆင်သင့်စောင့်ကြိုနေဟန် ရုတ်တရက် ထိတ်ခနဲဖြစ်သွားတာမို့ ဣဒ္နြေဆည်လိုက်ရင်း ခေါင်းမော့ကြည့်လိုက်တော့ အမြင်အာရုံ၌ အဖြူရောင် အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး မိုးချုန်းသံကို တစ်ချက်ပြီးတစ်ချက် ကျယ်လောင်စွာ ကြားနေရ၏။ 


ထိုအခိုက်အတန့်နှင့် ထိုမြင်ကွင်းသည် သူမဦးနှောက်ထဲ သံမှိုရိုက်သလို စွဲမြဲစွာထင်ကျန်ရစ်တော့မှာ မလွဲဧကန်ပင်ဖြစ်သည်။


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၃) ဆက်ရန်>>>


#ပတ္တမြားအလင်း#


rate now: