book

Index 19

အခန်း(၁၉)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


သီရိရှင်းသန့်သည် ရေသွားထည့်ပြီး အခန်းထဲပြန်ဝင်လာတော့ အင်မတန် သွေးပျက်နေသည့်သွင်ပြင်ဖြင့် မှော်ဝင့်ကို မြင်လိုက်ရသောအခါ ထိတ်ခနဲဖြစ်သွားပြီး အနားလျှောက်သွားကာ စားပွဲပေါ် ရေခရားအိုး ကပျာကယာထား၍ မှော့်ဘေးနား ဝင်ထိုင်ရင်း ပခုံးကိုလက်ဖြင့် အသာအယာကိုင်လိုက်သောအခါ တဆတ်ဆတ် တုန်နေ၏။ 

ထိုအခါ စိုးရိမ်တကြီး သီရိမေးလိုက်သည်။


" မှော် ဘာဖြစ်လို့လဲဟင် "


" တောက်! "


မှော်ဝင် တက်ခေါက်လိုက်ပြီး ခုတင်အောက် ဝုန်းခနဲ ဆင်းကာ ခါးထောက်လျက် အံကိုတင်းနေအောင်ကြိတ်ထားရင်း မျက်လုံးအစုံက အိပ်ရာပေါ်က ဖုန်းဆီသို့ စိုက်ကြည့်၍ အလွန်မာထန်စွာ ဆိုလိုက်သောစကားက ကျောချမ်းစရာပင်။


"ငါ့ဘာသာအေးဆေးနေတာကို ဒင်းတို့က သွေးတိုးလာစမ်းတယ်ပေါ့၊ အေး... ဘယ်သူဖြစ်ဖြစ် မှော်ဝင့်အမျက်ကို ခါးစည်းခံဖို့သာပြင်ထား "


ကျိန်စာအလား ကြားရသူအဖို့ ကြောက်ခမန်းလိလိ တုန်လှုပ်ခြောက်ချားဖွယ်အတိ။


သီရိ မှော်ဝင်ဖုန်းကို ကောက်ယူကြည့်လိုက်သောအခါ ​ခြေတစ်လှမ်းနောက်ဆုတ်သွားရင်း လက်ထဲကဖုန်းကို ကျစ်ကျစ်ဆုပ်၍ မှော်ဝင်အား မယုံနိုင်စွာ မင်တက်ငေးကြည့်နေမိသည်မှာ အသက်မဲ့သူတစ်ယောက်လိုပင်။ 


မှော်ဝင် ရင်ထဲ တလှပ်လှပ်ဖြင့် မိမိကိုယ်ကိုယ် ယူကြုံးမရ ခံစားနေရသည်။ အမှားတစ်ခု...။ သူမ သတိတစ်ချက်လွတ်သွားချိန်မှာ ဂြိုလ်ဆိုးက ဝင်လာခဲ့သည်။ လက်ခုပ်က နှစ်ဖက်တီးမှမြည်တာ မှန်ပေမယ့် သူ့ဘာသာနေနေတဲ့ လက်ဖဝါးတစ်ဖက်ကို လာတီးရင်လည်း မြည်တယ်ဆိုတာ လူတွေက သတိမမူမိကြဘူး။ 


သီရိလက်ထဲမှ သူမဖုန်းကိုဆွဲယူလိုက်ချိန်မှ သီရိ လှုပ်ရှားလာပြီး သူမအား ကြည့်နေပေမယ့် လွင့်ထွက်သွားသော စိတ်ဝိညာဉ်က သေချာပြန်ကပ်ဟန်မတူ။ 


"မှော်... စိတ်ကိုအရင်ဆုံးတည်ငြိမ်အောင်ထား၊ ဒါမှ ဘာဆက်လုပ်ရမလဲ အဖြေထွက်လာမှာ"


ဒေါသထွက်နေတဲ့အချိန်မှာ မည်သည့်ဆုံးဖြတ်ချက်ကိုမှမချဖို့ ဦးဘုန်းခန့်က မှော်ဝင်အား အထပ်ထပ်သတိပေးခဲ့ဖူးပါသည်။ 


အခုချိန် သူမအလုပ်ချင်ဆုံးအရာ(လုပ်နိုင်သည့်အရာ)က လက်ထဲက ဖုန်းကို ရိုက်ခွဲပစ်လိုက်ဖို့ပဲရှိသည်။ ဒါပေသည့် တန်ရဲ့လား။ အခုလိုလုပ်လိုက်လို့ ယိုယွင်းပျက်စီးသွားသည့် အရာတွေက နဂိုအတိုင်းပြန်ဖြစ်လာမှာလား။ 


စိတ်ပန်းလူနွမ်းဖြစ်နေပေမယ့် အနားမယူနိုင်သေးဘဲ အဖြေတစ်ခုထွက်လာဖို့ အခန်းထဲမှာ လူးလာခေါက်ပြန်လျှောက်နေမိသည်မှာ မနက်အရုဏ်လင်းခါနီးထိပင်၊ ဘာကိုမှဆုံးဖြတ်လို့မရနိုင်သေးဘဲ ထူပူနေဆဲဖြစ်သည်။ သီရိက သူမဘေးနား တစ်ချိန်လုံးရှိနေပြီး စောနလေးမှ အိပ်ပျော်သွားခဲ့သည်။ လက်ကလေးပိုက်၍ ကွေးနေတာမြင်တော့ သီရိခါးနားမှာရှိသည့်စောင်ကို ပခုံးနားထိ မှော်ဝင် ဆွဲခြုံပေးလိုက်၏။ သူမလည်း ပါရာစီတမော့နှင့်အစာကြေဆေးတွဲသောက်ကာ နာရီဝက်ဖြစ်ဖြစ် အိပ်ပျော်ရန် ကြိုးစားလိုက်ပါသည်။ 


°°°°°°°°°°°°°


" သီရိနိုးပြီလား... ထမင်းစားခန်းထဲမှာ တူမလေးမှော်ဝင် စောင့်နေတယ် "


" ဟုတ်ကဲ့ဒေါ်လေး "


သီရိရှင်းသန့် ထမင်းစားခန်းထဲဝင်သွားတော့ မနက်စာစားနေသည့် ဦးဘုန်းခန့်နှင့် မှော်ဝင်ကို တွေ့ရသည်။ ထို့နောက် မှော်ဝင့်ဘေးက ခုံလွတ်မှာဝင်ထိုင်ရင်း မှော့်အခြေအနေကို အကဲခတ်နေမိသည်။ 


"သီရိအတွက် ရှမ်းအစားအစာတွေ ပြင်ထားတယ်၊ စားကြည့်ပါဦး အကြိုက်တွေ့မှာပါ "


မှော်ဝင်က တည်တည်ငြိမ်ငြိမ်ပင်၊ ပေါ့ပါးလန်းဆန်းနေ၏။ သီရိကို ပြုံး၍ ပြောလိုက်သည်။ 


"သီရိမှတ်မိလား... ဒေါ်နန်းပန်ဆိုင်က ခေါက်ဆွဲလေ၊ တို့တွေငယ်ငယ်က ခဏခဏသွားစားကြတာ "


"မှတ်မိတာပေါ့၊ အရမ်းစားကောင်းလို့ ကျောင်းမတက်ခင် အဆာပြေစားကြတာလေ၊ ဒါတောင် ၈နာရီကျော်သွားလို့ မစားရတဲ့ ရက်တွေရှိခဲ့တယ်လေ "


"အင်း... ဒီနေ့ သီရိစားဖို့ စောစောသွားဝယ်ခိုင်းထားတာ၊ များများစား... "


"စားမှာပေါ့ "


သူမက စားပြီးသွားပြီမို့ သီရိ အားရပါးရ လွေးနေတာကိုသာ သဘောကျ၍ ငေးကြည့်နေမိသည်။ 


"ပါပါးတော်ပြီလား... "


"တော်ပြီ သမီးလေး၊ သမီးအဘွားကို ဆေးတိုက်ပြီးပြီလား သွားကြည့်လိုက်ဦးမယ် "


" ဟုတ်ကဲ့ "


"သီရိက ဒီနေ့ပြန်မှာဆို ဟုတ်လား... "


"ဟုတ်ပါတယ် အန်ကယ်၊ မနက် ၁၀ နာရီ ဖလိုက်နဲ့ပါ "


"သမီးလေးက လိုက်ပို့ပေးလိုက်နော် "


ဦးဘုန်းခန့် တစ်ရှူးဖြင့် နှုတ်ခမ်းတစ်ဝိုက်ကို သုတ်ပြီး ရေတစ်ခွက်သောက်ကာ နေရာမှ ထွက်သွားလေသည်။ ထိုအခါမှ သီရိက သူမအနားကပ်၍ တိုးတိုးမေး၏။


"အဆင်ပြေရဲ့လား "


မှော်ဝင် ခပ်အမ်းအမ်းပြုံးပြလိုက်သည်။ သီရိက သက်ပြင်းချ၏။ ခေါက်ဆွဲဆက်စားနေသည်။ တစ်ဝက်ပဲကုန်ပြီး ဆက်စားချင်စိတ်မရှိသဖြင့် ထားခဲ့လိုက်သည်။ 


သီရိရှင်းသန့်သည် အဘွားကို ထိုင်ကန်တော့ပြီးမှ မှော်ဝင်နှင့်အတူ လေဆိပ်ဆင်းလာခဲ့တော့သည်။ အလာတုန်းက ပျော်ခဲ့ရသလောက် အပြန်မှာတော့ စိတ်လက်မရွှင်မပျရှိရသည်။ နှုတ်ဆက်ခြင်းတွေက ခါးသက်သည်။ ထို့ကြောင့် သီရိ မှော်ဝင့်ကို နှုတ်ဆက်စကားမဆိုခဲ့ပါ။ မှော်ဝင်ကလည်း မဆို။ လေယာဉ်ပေါ်တက်ခါနီး မိနစ်ပိုင်းအလိုမှာ သီရိရှင်းသန့်က မှော်ဝင့်အား ပွေ့ဖက်၍ စကားတစ်ခွန်းဆိုသည်။


" You are my everything... Magic "


သီရိစကားသံသည် အဖျားမှာ တိမ်ဝင်တိုးလျသွား၏။ မှော်ဝင် သီရိကျောကို အသာပွတ်၍ နှစ်သိမ့်ပေးလိုက်ပါသည်။ သီရိက ကိုယ်ချင်းခွာ၍ သူမညာဘက်ပါးပြင်လေးကို မြတ်နိုးစွာ ဖွဖွနမ်းရှိုက်ပြီးနောက် သူမအား ကျောခိုင်း၍ ချာခနဲ လှည့်ထွက်တော့...


" I'll miss you. Lilac "


သီရိက မှော်ဝင်အား လှည့်မကြည့်ဘဲ ခြေလှမ်းတွေရပ်၍ ခေါင်းတဆတ်ဆတ်ညိတ်ပြပြီးမှ ခပ်သွက်သွက် လျှောက်ထွက်သွားတော့သည်။ သီရိကျောပြင်လေးကို တခဏမျှ ရပ်ငေးကြည့်နေပြီးမှ မှော်ဝင် လေဆိပ်ထဲမှ ထွက်လာခဲ့တော့၏။ အကျီရင်ဘက်မှာ ချိတ်ထားသည့် နေကာမျက်မှန်ကို ဖြုတ်ယူတပ်လိုက်ရင်း စိတ်ထဲပြောလိုက်မိသည်က....


"မင်းဟာ ကိုယ့်အတွက် forever just friend ပါ သီရိရှင်းသန့် "


°°°°°°°°°°°°°°°°°°°


မှော်ဝင် သည်ဓာတ်ပုံကို ဒုတိယအကြိမ်မြောက် ကြည့်နေခြင်းဖြစ်ပေမယ့် သူမမျက်လုံးထဲမှာတော့ စွဲထင်ကျန်ရစ်နေပြီး​​ဖြစ်သည်။ ထိုပုံထဲတွင် ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ရှိနေသည်။ ခပ်ရိုင်းရိုင်းပြောရရင် ကမ်းစပ်နားမှာ နမ်းနေကြသည်ပေါ့။ ပိုပြီး ရှင်းရှင်းပြောမယ်ဆိုရင် မိန်းမက သူမဖြစ်ပြီး ယောကျ်ားက သမာဓိဖြစ်သည်။ 


ဖြစ်ပျက်ခဲ့သမျှ အခြေအနေများအား သူမ လုံးဝမမှတ်မိတော့သည့်အပြင် စဥ်းစား၍ပါမရတော့ချေ။ သို့သော် ထိုအမှန်တရားအား သူမ မျက်လုံးစုံမှိတ် ဘူးခံငြင်း၍ ရသောအခြေအနေ မဟုတ်တာမို့ လက်တွေ့ကျကျ ဆုံးဖြတ်ရပေတော့မည်။ ဘာကြောင့်... ဘာကြောင့် သူမ သည်အခြေအနေဆိုးတွေ ကြုံတွေ့နေရသနည်း။ 


စိတ်ကိုတည်ငြိမ်အောင်ထားကာ မျက်လုံးစုံမှိတ်၍ အသက်ကိုပြင်းပြင်းရှူရှိုက်လျက် ခေါင်းထဲရှုပ်ယှက်ခက်နေသော၊ ရင်ထဲတင်းကျပ်နေတာတွေကို အားလုံးဖြေလျော့လိုက်သည်။ 


" ဟူး... "


တံတွေးမြိုချလိုက်ပြီး လေပူမှုတ်ထုတ်လျက် မျက်လုံးအစုံဖွင့်လိုက်ရင်း သေချာပိုင်နိုင်သော ဆုံးဖြတ်ချက်တစ်ခုချပြီးသော မျက်နှာသွင်ပြင်ဖြင့် ဖုန်းကိုပြန်ဖွင့်ပြီး group chat ထဲ ပြန်ဝင်လိုက်သည်။ သူမတို့ပုံကို တင်ထားသော အကောင့်ထဲဝင်လိုက်တော့ profile picture မှတစ်ပါး တခြားမတွေ့ရသဖြင့် အကောင့်တုဆိုတာ သေချာသွားသည်။


သူမ ဘာလုပ်ရမလဲသိသွားပြီဖြစ်သည်။ ယုံကြည်မှုတစ်ခုကို ဆုပ်ကိုင်လျက် မဲ့ပြုံးလိုက်ရင်း လက်မနှစ်ချောင်းကိုသုံး၍ chat box မှာ စာရိုက်လိုက်၏။


"ပုံတင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ၂၄ နာရီ အချိန်ပေးမယ်၊ တင်ထားတဲ့ပုံကိုပြန်ဖျက်ပြီး လာတောင်းပန်၊ မဟုတ်လို့ကတော့ အကောင့်ကိုဟက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲမယ်၊ အဲ့အခါ ဘယ်သူ့မျက်နှာမှ ထောက်နေမှာမဟုတ်ဘူးဆိုတာ သိရလိမ့််မယ် "


စာကိုတစ်ခေါက်ပြန်ဖတ်ကြည့်ပြီး ဘေးနားက မြှားလေးကိုနှိပ်၍ ပို့လိုက်သည်။ တွေ့ကြသေးတာပေါ့၊ အကဲစမ်းရင် ပွဲကြမ်းသွားမယ်ဆိုတာ သိရစေမယ်။ ဘာအကြောင်းပဲဖြစ်ဖြစ် မလုပ်ခင်က လူတိုင်း နောက်တစ်ခေါက် ပြန်ဆန်းစစ်ကြည့်ခဲ့ရင် ယခုလိုအဖြစ်မျိုးတွေ ဖြစ်လာစရာအကြောင်းမရှိပါ။ ရှေ့ဆက်ဘာဖြစ်မလဲ အနာဂတ်ပြေးလမ်းပေါ်မှာ ဆက်လက်ရှုစားရတော့မှာပေါ့။ 


" ဒေါက် ဒေါက် "


တံခါးခေါက်သံကြားသဖြင့် မှော်ဝင် လက်ထဲကဖုန်းကို စားပွဲပေါ်တင်၍ တံခါးသွားဖွင့်ပေးလိုက်တော့ ဒေါ်လေးငယ်ကို တွေ့ရသည်။ မျက်နှာမကောင်းပါ။


" အမေခေါ်နေတယ် "


ဟု ပြောပြီး ရှေ့ကထွက်သွားတော့ သူမတံခါးပြန်ပိတ်၍ နောက်ကလိုက်သွား၏။ ဘွားခန်းထဲမှာ ထင်ထားသည်ထက် လူစုံရှိနေရာ သူမထိတ်လန့်သွား၏။ ဖေဖေက ရှေ့သို့တက်လာခိုင်းပြီး ဘွားနားမှာထိုင်ခိုင်းသည်။ အားလုံးမျက်နှာပျက်နေကြသည်။ ဖုံးကွယ်ထားပေမယ့် မျက်နှာမှာလာပေါ်နေ၏။ 


" မြေး... "


" ​မြေးဒီမှာရှိပါတယ်ဘွား... "


" ​မြေးဉာဏ်နဲ့ လက်ထပ်ပါ၊ ကတိပေး... "


မှော်ဝင် တုပ်တုပ်မျှမလှုပ်။ ဘွားကို နှာခေါင်းပိုက်တပ်ပေးထားရသည့်အပြင် အသက်ရှူစက်လည်းတပ်ထားရသည်။ ဘွားက လည်ပင်းလေးစောင်း၍ သူမအားငဲ့ကြည့်လျက် အဖြေစောင့်နေရှာသည်။ 


"လက်ထပ်မယ်လို့ပြောလိုက်လေ၊ ဘာလုပ်နေတာလဲ "


" ပြောလိုက်လေ၊ လက်ထပ်ပါ့မယ်လို့ "


တခြားသူတွေက မနေသာဘဲ သူမကို ဝိုင်း၍ တိုက်တွန်းနေကြသည်။ 


"မြေး ဘုရားစာရွတ်ပေးမယ်၊ ဘွားအာရုံပြုထားနော် "


အားလုံးကို လျစ်လျူရှုကာ ဘွားခေါင်းအုံးဘေးက ဘုရားစာအုပ်ကိုယူ၍ ဘုရားစာရွတ်ပေးနေချိန်မှာ ဒေါ်မြကေခိုင်က သမီးဖြစ်သူ မှော်ဝင်အား လက်မောင်းကနေ အပြင်သို့ ဆွဲခေါ်သွားတော့ တောင့်တောင့်လေး နှုတ်ခမ်းအားစေ့လျက် ပါသွားသည်။ 


"နင်ဘာအချိုးချိုးတာလဲ၊ နင့်ကိုကြည့်နေတာကြာပြီ၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီမှတ်မနေနဲ့၊ နင်ဘယ်ခြေလှမ်းလှမ်းတာနဲ့ ဘယ်ခရီးသွားမယ်ဆိုတာ ငါသိတယ်၊ ခုချက်ချင်း လက်ထပ်ပါ့မယ်လို့ အမေ့ကို သွားပြောလိုက် "


" သွားလေ "


မေမေက သူမပခုံးအား ဆောင့်တွန်း၍ အခန်းထဲ ပြန်လွှတ်နေသည်။ ဒေါသလည်း ထွက်နေ၏။ ထိုအခိုက် အခန်းထဲမှ ဖေဖေ့ရဲ့ အလန့်တကြား ခေါ်သံကြားရသောအခါ သူမရော ဒေါ်မြကေခိုင်ပါ အခန်းထဲ ပြန်ဝင်လာခဲ့ကြသည်။


" အမေ အမေ... "


" မေမေ မေမေ "


"ကိုကိုလုပ်ပါဦး... အမေ့ကိုခေါ်ကြည့်ပါဦး၊ လုပ်ကြပါဦး... "


ဦးဘုန်းခန့် မိခင်ဖြစ်သူ၏ လက်ကသွေးခုန်နှုန်းကို သေချာစမ်းကြည့်ပြီးမှ ခေါင်းခါယမ်းရင်း...


"အမေ အသက်မရှိတော့ဘူး... "


"မဟုတ်ဘူး... မဟုတ်ဘူး...၊ သတိမေ့သွားတာဖြစ်လိမ့်မယ်၊ ဆေးထိုးပေးပါ၊ အသက် အသက်ကယ်ဆေးထိုးပေးပါ...၊ အမေ... "


မှော်ဝင် အနောက်သို့ တရွေ့ရွေ့ဆုတ်သွားရင်း နံရံနဲ့ကျောကပ်၍ထိုင်ချလိုက်သည်။ ဘွားသည် ဝေဒနာပြင်းပြင်းထန်ထန် မခံစားရဘဲ ညင်သာစွာ ထွက်ခွာသွားခဲ့ပါသည်။ ကျန်ရစ်သူတွေမှာတော့ ဝမ်းပန်းတနည်း အပူလုံးကြွ၍ ငိုကြွေးမြည်တမ်းနေကြသည်။ လူတိုင်း တစ်နေ့သေကြမှာပါပဲ။ အသေလှမလှကတော့ မိမိကိုယ်၌သာ မူတည်ပါသည်။ အဘွားက ဝဋ်ကျွတ်သွားပြီဟု သူမထင်သည်။ သူမတို့ကတော့ ခန္ဓာရှိသ၍ ဝဋ်ကြွေးတွေ ဆပ်ရပေဦးမည်။ ဒီဘဝ ဒီခန္ဓာနှင့်ပဲ ဝဋ်ကြွေးအကြေဆပ်ချင်ပါသည်။ နောင်ဘဝ မကူးပါရစေနဲ့ဘုရား။ 


"မှော်ဝင် သမီးလေး...၊ ငိုချလိုက်လေ တင်းခံမထားနဲ့၊ ငိုချလိုက် သမီးလေး... "


ဖေဖေက သူမဘေးနား လာထိုင်၍ ပခုံးကိုပွတ်သပ်၍ နှစ်သိမ့်ပေးနေပါသည်။ သူမ မငိုချင်ပါ။ ငိုလို့လည်းမရပါ။ ဝမ်းတော့ဝမ်းနည်းသည်။ သူမချစ်သော သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီမဟုတ်လား။ သူမထင်သည်။ တချို့မျက်ရည်တွေက မမြင်ရဘူး။ 


°°°°°°°°°°°°


"မှော်... ကိုယ်စိတ်မကောင်းပါဘူးကွာ၊ မင်းလည်း ဝမ်းနည်းနေမယ်ဆိုတာ ကိုယ်သိတယ်၊ ဖြေပါကွာ၊ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါပဲ "


ဘွားဆုံးသည့်နေ့ ညနေခင်းမှာပင် ညိုချော သူမထံသို့ ရောက်လာပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ နှစ်သိမ့်ပေးခဲ့ပါသည်။ 


"ပြီးတော့လေ group ထဲက ပုံတွေမရှိတော့ဘူး သိလား၊ ကိုယ်လည်းတွေ့တွေ့ချင်း အတော်လေး အံ့သြသွားတယ်၊ ဘယ်သူလည်းသိချင်မိတယ်၊ ဒါပေမဲ့... "


" ဆက်ပြော "


ညိုချော တွန့်ဆုတ်နေသည်။ မှော်ဝင် ပက်လက်ကုလားထိုင်မှာ မှီထိုင်နေရင်း ရုတ်ခနဲ မတ်မတ်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ညိုချောအားကြည့်၍ ခပ်ပြတ်ပြတ် ပြောလိုက်တော့ ညိုချောဆီမှ သက်ပြင်းချသံ ကြားရ၏။ 


"ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးသွားပြီဆိုတော့ ပြီးပါစေတော့လား၊ ချောသဘောဆို အရှည်အရှည်မဖြစ်စေချင်ဘူး... အဘွားနာရေးကိစ္စကလည်းရှိသေးတယ်၊ ပြီးတော့ မင်းသာ အစထဲက ဝိုင်မသောက်ခဲ့ဘူးဆိုရင်..."


မှော်ဝင့်အကြည့်တွေကြောင့် ညိုချောစကားရပ်သွားသဖြင့် ဆက်ပြောဖို့ မျက်ခုံးပင့်ပြလိုက်ပေမယ့် တစ်ခွန်းမှထပ်မဟတော့သောကြောင့် သူမအလှည့်ရောက်ပြီပေါ့။ အမှန်တော့ ဖြတ်ပြောချင်သော်လည်း ညိုချောပြောလို့ပြီးမဲ့အချိန်ကို စောင့်နေတာပင်။ သူများစကားပြောနေတုန်း ဖြတ်ပြောတာဟာ ရိုင်းတယ်မဟုတ်လား။ 


"နင်ပြောလို့ပြီးရင် ငါပြောမယ်၊ ပြီးခဲ့တာတွေ ပြီးပါစေတော့ ဟုတ်လား...၊ ဆုံးရှုံးသွားတာ ငွေကြေး အာဏာ မဟုတ်ဘူး၊ ငါရဲ့ အရှက်နဲ့ဂုဏ်သိက္ခာ "


မှော်ဝင် အောက်နှုတ်ခမ်းသားကို တစ်ချက်ဖိကိုက်ပြီးမှ စကားဆက်လိုက်ပါသည်။


"ငါဝိုင်သောက်ခဲ့တယ် ဟုတ်တယ်၊ ဝိုင် အရက်သောက်ခဲ့တာမဟုတ်သလို လစ်မစ်လည်းမကျော်ခဲ့ဘူး၊ ဒါကို လူမှန်းမသိ မူးသွားတယ်ဆိုတော့ ဝိုင်ထဲမှာ ဘာရောခဲ့သလဲဆိုတာ... "


ညိုချောက မျက်လွှာချထား၏။ မှော်ဝင် ညိုချောကိုကြည့်ရင်း မတ်တပ်ရပ်လိုက်တော့မှ ညိုချောလည်း မတ်တပ်ရပ်လိုက်၏။ ပြီးတော့ သူမ ညိုချောနားကပ်၍ ပုံမှန်လေသံအတိုင်း ပြောလိုက်သောအခါ မျက်လွှာပင့်ကြည့်လာသည်။


"ဘုရားနဲ့ လုပ်တဲ့သူပဲ သိလိမ့်မယ်၊ ငါက ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တာ နင်သိပါတယ်၊ မနက်ဖြန် နေမဝင်ခင် လုပ်တဲ့သူ ငါ့ကိုလာတောင်းပန်ရင်တောင်းပန် မဟုတ်လို့ကတော့ အဆုံးထိသွားမှာ "


မှော်ဝင် နောက်ဆုံးစကားပြောပြီးသည်နှင့် ချာခနဲ လှည့်ထွက်ကာ အဘွားရုပ်အလောင်းရှိသည့် အခန်းထဲသို့ ဟန်မပျက် ဝင်လာခဲ့လိုက်တော့သည်။ ယိုင်လဲလုနီးပါးဖြစ်နေသည့် သူမမပိုင်သော ခန္ဓာကိုယ်ကို ထိန်းချုပ်ထားရတာ အလွန်ပင်ခက်ခဲပင်ပန်းနေပါပြီ။ 


°°°°°°°°°°°°°°°°°°°


"ဖုန်းနဲ့မပြောဘဲ အပြင်မှာပြောမယ်ဆိုတော့ အရေးကြီးကိစ္စပဲဖြစ်ရမယ်၊ ဘာပြောမှာလဲ"


သမာဓိ စိုင်းခမ်းနောင် ချိန်းဆိုသည့် ' The Upper House Cafe ' သို့ ရောက်ရှိနေ၏။ သို့သော် စိုင်းခမ်းနောင်က ချက်ချင်းမပြောသေးဘဲ မိနစ်အနည်းငယ်ကြာမှ ပြောသည်။


"Ban ရဲ့ အဘွားဆုံးတာ မင်းသိပြီးပြီလား"


သမာဓိ ခေါင်းခါပြရင်း တအံ့တသြဖြစ်သွားသည်။ စိုင်းခမ်းနောင်က ခေါင်းညိတ်ရင်း...


"မနေ့ကဆုံးသွားတာ သန်ဘက်ခါ မြေချမယ်၊ ဒီထက်ဆိုးတဲ့ သတင်းတစ်ခုရှိသေးတယ် "


သမာဓိ မျက်မှောင်ကြုတ်၍ ဂရုတစိုက် နားထောင်နေလိုက်သည်။ စိုင်းခမ်းနောင်က ပြောသင့်မပြောသင့် ချင့်ချိန်နေဟန်တူသည်။ တော်တော်လေး အရှိန်ယူနေတော့ သူပိုသိချင်လာသည်။ စိုင်းခမ်းနောင် မျက်နှာရိပ်ကြည့်တော့လည်း သူခန့်မှန်းကြည့်လို့မရတာမို့ စိတ်မရှည်တော့ချေ။


"ဘာသတင်းလဲ ပြောလေကွာ "


"ငပလီမှာဖြစ်ခဲ့တဲ့ကိစ္စ... ရော့ ဒီပုံကြည့်လိုက် မင်းရှင်းသွားလိမ့်မယ် "


စိုင်းခမ်းနောင်ဆီမှ ဖုန်းကိုယူ၍ သူကြည့်လိုက်တော့ အံ့သြဆွံ့အသွားရသည်။ ရန်ကုန်မပြန်ခင်ညက ငပလီကမ်းခြေမှာ မီးပုံပွဲလုပ်ပြီး နှုတ်ဆက်သီချင်းဆိုပြီးနောက် အပြန်မှာ မှော်ဝင်နဲ့ သူတွေ့ခဲ့တယ်၊ နောက်ပြီး သူတို့တွေ စိတ်လွတ်သွားခဲ့ကြတယ်၊ ဒါကို ဘယ်သူက ဓာတ်ပုံရိုက်ထားခဲ့တာလဲ။ သမာဓိ ဒေါသထောင်းခနဲထွက်သွားသည်။


" ဒီပုံက... "


"ဒီပုံကို ငါမနေ့က အသိသူငယ်ချင်းတစ်ယောက်ဆီက မရမက တောင်းယူလာခဲ့တာ၊ သူအရမ်းပေါက်ကွဲနေပြီ၊ တရားစွဲမယ်လို့ပြောတယ်၊ ဘာပဲဖြစ်ဖြစ် မင်းနိုင်ပြီသမာဓိ၊ ဒီပွဲမှာ မင်းနိုင်သွားပြီ "


ယခုချိန်မှာ နိုင်ဖို့တွေ၊ မနိုင်ဖို့တွေ သူ,မစဥ်းစားမိပါ၊ သူစဥ်းစားမိသည်က သူမ သူ့ကို ရွံသွားပြီဆိုတာပဲ သိသည်။ 


"သူမင်းကို ပြဿနာလာရှာလိမ့်မယ်၊ မင်းရှောင်နေလိုက်ပေါ့၊ ပွဲကပြီးသွားပြီပဲ "


"ပွဲမပြီးသေးဘူး၊ ငါဘယ်သူလဲ သူမသိသေးဘူး၊ နောက်ပြီး ငါကလူယုတ်မာမဟုတ်သလို အခွင့်အရေးသမားမဟုတ်ဘူး၊ ငါ သူနဲ့တွေ့ရမယ် "


"ကောင်းပြီ၊ ဒါကမင်းအပိုင်း၊ ငါကတော့ သူဒီလို အရှက်ကွဲသွားတာ ကျေနပ်တယ်၊ ငါ မင်းလို သဘောထားမကြီးနိုင်ဘူး... "


"စိုင်းခမ်းနောင်... သူ့ဖုန်းနံပါတ် ငါ့ကိုစုံစမ်းပေး၊ အခုနော် "


" ကောင်းပြီ "


သမာဓိ အလိုလို သက်ပြင်းချမိပြန်သည်။ မှော်ဝင်နဲ့ သူ ထိပ်တိုက်တွေ့ရတော့မည်။ ကြိုတင်ပြင်ဆင်ပြီးသားပါ၊ နောက်တစ်ခေါက် တွေ့ချင်နေတာနဲ့ အစဥ်သင့်သွားသည်။


Cafe ဆိုင်လေးသည် ညောင်ရွှေလွင်ပြင်ကို နောက်ခံထားလျက် တောင်ကြီးမြို့အလှကို အပြည့်အဝခံစားနိုင်သည့် ဆိုင်လေးဖြစ်သည်။ သို့သော် ထိုသဘာဝအလှတွေကို ရှေ့မှာထားပြီး ခံစားချက်မဲ့နေခဲ့ပါသည်။ 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🖤🖤


အခန်း(၂၀) ဆက်ရန်>>>


#ပတ္တမြားအလင်း


rate now: