book

Index 18

အခန်း(၁၈)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


ရပ်ကွက်ထိပ်က နိဗ္ဗာန်စျေးမှာ ငါးရံ့ဆန်ပြုတ်ဝင်သောက်ပြီး တိုဟူးနွေးဝင်စားကာ ဘုရားပွဲစျေးသို့ သုံးယောက်သား ဝင်လာခဲ့ကြသည်။ 


ညနေမစောင်းခင်အချိန်ထဲက လူများတိုးကြိတ်နေရ၏။ ယခုချိန် တောင်အောက်မှာ ကားတွေပြည့်နေရောပေါ့။ လပြည့်နေ့မို့ ထူး၍ စည်းကားနေပါသည်။ တောင်ကြီးသားတွေကလည်း နှစ်စဥ်နှစ်တိုင်း ပါဝင်နွှဲနေကြဖြစ်ပေမယ့် ဘယ်သောအခါမှ ရိုးအိီ၍မသွားခဲ့ပါ။ တစ်နှစ်ထက်တစ်နှစ် အနယ်နယ်အရပ်ရပ်က မီးပုံးပျံလာလွှတ်သူတွေ တိုး၍တိုး၍ လာခဲ့ကာ ကမ္ဘာကသိသည့် တောင်ကြီးတန်ဆောင်တိုင်ကို လက်လွှတ်ခံသူမရှိ၊ အဝေးရောက်နေသူပင် ပြန်လာကြသည့် ဆွေမျိုးများစုံသည့်ပွဲဟုပင် ဆိုရမလိုပင်။ 


ဘုရားပွဲစျေးမှာ မြန်မာ့ရိုးရာမုန့်မျိုးစုံကို တစ်စုတစ်စည်းထဲ တစ်နေရာထဲမှာ တွေ့ရပေမည်။ ကလေးများအတွက် ကစားစရာများ၊ ဂိမ်းပြိုင်ပွဲများ၊ ချား၊ ရဟက် တို့ကလည်းမပါမဖြစ်။ ကံကောင်းရင် ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့တောင် ဓာတ်ပုံရိုက်လို့ ရပေလိမ့်ဦးမည်။ အဆိုအက အတီးအမှုတ်နှင့် ဇာတ်သဘင်လည်း ပါသေးရာ ပို၍မြိုင်ဆိုင်လှပေသည်။ 


"ဟိုဟာ ဘာလဲဟင်၊ ဟိုဟာလေး စားချင်တယ်၊ အဲဒါလိုချင်တယ်၊ အရုပ်လေးက ချစ်စရာလေးတော် "


ကလေးငယ်တစ်ယောက်လို မှော်ဝင်ရဲ့လက်အားချိတ်၍ မြင်မြင်သမျှ ပူဆာနေသော သီရိရှင်းသန့်။ ပူဆာသမျှကို သူမအကုန်ဝယ်ပေးလိုက်ပါသည်။ 


"ကောက်ညှင်းရွှေကြည်နဲ့ ဆန်ရွှေကြည်... မှော်ဘာကြိုက်လဲဟင် "


" ဆန်ရွှေကြည် "


"အူး... သီရိက ကောက်ညှင်းရွှေကြည်ပိုကြိုက်တာ၊ ဆန်ရွှေကြည်လည်း ကောင်းပါတယ် "


"ကိုဉာဏ်ကရော... "


" ဗျာ ကျွန်တော်ကလား... "


"အင်းပေါ့... ကိုဉာဏ်ကလည်း ဘာမေးမေး တစ်ဗျာဗျာနဲ့ ဘာမှန်းလည်းမသိဘူး၊ ဟယ် လှလိုက်တာ လှလိုက်တာ... "


ကောင်းကင်မှာ ဖြာထွက်နေသည့် မီးရှူးမီးပန်းတွေကို သီရိခေါင်းချာချာလည်အောင် ငေးမော့ကြည့်ရင်း လက်ကလေးနှစ်ဖက်ယှက်ကာ ဝမ်းသာအားရ ရွတ်ဆိုလိုက်ခြင်းပင်။ 


မှော်ဝင်နှင့်သီရိကတစ်တွဲ အရှေ့ကနေလျှောက်၍ ဉာဏ်ဝင့်သူက အနောက်ကနေ အရန်သဘောမျိုး လိုက်စောင့်ရှောက်ပေးနေ၏။ လူအရမ်းများသဖြင့် ပျောက်သွားမှာနှင့် အန္တရာယ်တစ်စုံတစ်ခုကြုံမှာကို သူစိုးရိမ်နေသည်။ လူအများထဲမှာ မူးရူးသောက်စားသည့် ယောကျာ်းသားတွေကလည်း ပါသည်မဟုတ်လား။ ပါးစပ်က ဗရမ်းဗတာအော်ဟစ်ရမ်းကားတတ်သူနှင့် မှော်ဝင်နဲ့ ထိပ်တိုက်တွေ့မှာကို သူတွေးပူနေမိ၏။ ပွဲထဲမှာ ကြက်ပျံမက စည်ကားနေခြင်းကို ကြည့်၍ ပီတိတော့ဖြစ်မိသည်။ စျေးသည်တွေလည်း တော်တော်လေး အရောင်းသွက်၏။ 


" မှော်... သီရိ ရဟက်စီးချင််တယ် "


အတွဲပေါင်း ၃၂ ခု တပ်ဆင်ထားသည့် ရဟက်ရှေ့ရောက်တော့ သီရိက သူမလက်ကို ဆွဲ၍ပူဆာဂျီကျပြန်သည်။ သည်တစ်ခါတော့ ဘယ်လိုနည်းနဲ့မှ မလိုက်လျောနိုင်ပါ။ အရမ်းမြင့်သဖြင့် အန္တရာယ်လည်းများနိုင်သည်။ 


" အရမ်းမြင့်တယ်သီရိ၊ မစီးပါနဲ့ "


" မမြင့်ပါဘူး... အရမ်းပျော်ဖို့ကောင်းမှာ စီးရအောင် နော်၊ မစီးရတာ ဘယ်လောက်ကြာပြီလဲ စီးချင်လို့ပါ၊ ကိုဉာဏ်... ကူပြောပေးပါဦး "


" ဟေး...၊ ချစ်စရာလေးကွ "


အနားကကပ်ပြောသွားတော့ မှော်ဝင် ရုတ်ခနဲ နောက်လှည့်ကြည့်လိုက်၏။ ပါးစပ်သရမ်းတဲ့ဟာတွေကို ခွေးလျားသီးကျွေးပစ်ရမယ်။ ရွံလိုက်တာ။ 


"မှော်ပြောတာဟုတ်တယ် သီရိရဲ့၊ တော်ကြာဆို မီးပုံးပျံတွေလွှတ်တော့မှာ ကွင်းဘက်သွားကြည့်ရအောင် "


" ဟွန့် "


" လာပါ လိမ္မာတယ် သီရိလေးက "


ချော့မော့ပြောလိုက်သော်လည်း သီရိနှုတ်ခမ်းလေးကို ရှေ့သို့ တစ်တောင်လောက် ဆူထားသည်။ ပွဲခင်းထဲမှာ လူတအားများသဖြင့် ခေါင်းကိုက်လာသည်။ အနံ့တွေကလည်း ပေါင်းစုံမို့ အသက်ရှူကြပ်ချင်လာ၏။


" မှော်... ဘာဖြစ်လို့လဲ၊ ခေါင်းမူးလို့လား"


ဉာဏ်ဝင့်သူ သူမမျက်နှာသွင်ပြင်အား ကြည့်၍ ခန့်မှန်းပြီး ပြောလိုက်သည်။ သူလည်း ပွဲထဲကအမြန်ထွက်ချင်နေတာနဲ့ အစဥ်သင့်သွားသည်။


" ဟုတ်လား... ဒါဆိုသွားမယ် သွားမယ် "


သီရိ မှော်ဝင်ခါးလေးကို သိုင်းဖက်၍ လက်မောင်းကိုပွတ်သပ်ရင်း ပွဲထဲမှ ထွက်လာခဲ့တော့သည်။ နည်းနည်းချွဲတတ်ပြီးဆိုးချင်ပေမယ့် သူမကို ဂရုတစိုက်ရှိပုံလေးကိုတော့ သဘောကျမိသည်။ 


ကွင်းထဲထိသွားချင်ပေမယ့် ကွင်းထဲမှာ လက်ပံပင် ဆက်ရက်ကျသလို ပြည့်ကျပ်ညပ်နေသဖြင့် တိုးဝင်သွားရင် လူပိပြီးတောင် သေနိုင်တာမို့ အန္တရာယ်ကင်းကင်းဖြင့် မှော်ဝင်တို့ ကွင်းအပြင်ဘက် ကားပါကင်နားမှာရပ်၍ မကြာခင်လွှတ်တင်ဖို့ မီးပုံးပျံတွေ ပြင်ဆင်နေကြသည်ကို ကြည့်နေကြသည်။ 


သူမ ငယ်ငယ်တုန်းကဆို ဖေဖေတို့နှင့် စောစောသွားကာ ကွင်းရဲ့အချက်အချာကျသည့် အလယ်လောက်နား၌ နေရာယူ၍ မီးပုံးပျံလွှတ်ဖို့ ပြင်ဆင်ပုံတွေကို သေချာအနီးကပ်ကြည့်ခဲ့တာပင်။ ပြိုင်ပွဲများပါ ပြုလုပ်ကျင်းပသဖြင့် ကိုယ်ယူလာသည့် မီးပုံးပျံအရုပ်သည် သူတကာထက် ထူးခြားဆန်းသစ်ပေါ်လွင်နေဖို့လိုသေးသည်။ အရုပ်တွေ ထပ်နေချင်းမရှိခဲ့။ မီးပုံးပျံလွှတ်တင်ရာတွင် လိုအပ်သည့်ပစ္စည်းများမှာ ယမ်းစိမ်း အရောင်မျိုးစုံ၊ ထုံး၊ ကန့်၊ ဒုတ္ထာ စသဖြင့် ပါဝင်သည်။ လေတိုက်ရာအရပ်ကို ဆန့်ကျင်၍ မီးညှိကြရသည်။ လေတိုက်လာရင်တော့ တော်တော်နဲ့ မီးမစွဲဘဲ အချိန်ကြန့်ကြာနေတတ်၏။ 


"တက်လာပြီ တက်လာပြီ၊ ဘဲရုပ်ကလေး... "


" ရွှေဖရုံသီးရုပ်လေး လှလိုက်တာ၊ ဟယ် မီးပွားတွေမလား... မှော် "


ရွှေဖရုံသီးမီးပုံးပျံရုပ်သည် ကောင်းကင်ပေါ်သို့ တက်လာရုံရှိသေး မီးပွားတွေလွင့်စင်လာသဖြင့် အထာသိနေသည့် လူများ အဝေးသို့ တိမ်းရှောင်နေကြသည်ကို အဝေးက အထင်းသားမြင်နေရသည်။ ပြီးနောက် ထိုမီးပုံးပျံသည် လေထဲမှာပင် ပေါက်ကွဲသွားပါတော့သည်။ ပွဲလာဧည့်သည်တွေ အထူးသဖြင့်ကလေးတွေအတွက် အန္တရာယ်ရှိသဖြင့် အဝေးကကြည့်တာ ဘေးကင်းစိတ်ချလုံခြုံသည်ဟု ထင်မိသည်။ အဝေးကကြည့်တော့လည်း တစ်မျိုးလှတာပါပဲ။


တခြား ဆင်ရုပ်၊ မြင်းရုပ်၊ ကန္နရီအရုပ်၊ ကြက်ဖရုပ်၊ ဒေါင်းရုပ်၊ ငန်းရုပ် အစရှိသဖြင့် လှပသောမီးပုံးပျံရုပ်တို့သည် လေကိုခွင်း၍ အောင်မြင်စွာ အထက်သို့ရုန်းကုန်တက်သွားကြသည်။ မီးရှူးမီးပန်းများ၊ ဗျောက်အိုးများ၏ အလင်းရောင်ဖြင့် ကောင်းကင်ယံကို အလှဆင်ထားသေးသည်။ ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားတိုးရစ်များက ထိုပုံရိပ်တွေကို အမိအရ မှတ်တမ်းတင်နေကြ၏။ 


ထိုအလှအပများကိုကြည့်၍ တစ်ခဏတော့ စိတ်ညစ်ညူးတာတွေ ပြေပျောက်သွားသည်ဟု သူမထင်မိသည်။ စိတ်ပေါ့ပါးသွား၏။ 


ထိုခဏ၌ပင် လူအယောက် ၃၀ ကျော်လောက် နာရီပေါင်းများစွာ ကြိုးစားပြုလုပ်ထားသော ညမီးကြီးကို မဟူရာကောင်းကင်ယံထက် လွှတ်တင်လိုက်သောအခါ တောင်ကြီးတစ်မြို့လုံး အလင်းရောင်ဖြာကျသွားကာ ခမ်းနားထည်ဝါစွာဖြင့် အုန်းဆံကြိုးမှာ မီးစာကုန်သည်အထိ အထက်မှာရှည်ကြာစွာ ရှိနေပါလိမ့်ဦးမည်။ 


"Amazing... real beautiful ဆိုတာ ဒါကိုပြောတာဖြစ်မယ်၊ နှစ်စဥ်နှစ်တိုင်း ဒီလိုကျင်းပခွင့်ရတာ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလိုက်လဲ၊ တခြားဘယ်နိုင်ငံမှာမှ မရနိုင်တဲ့ ခမ်းနားမှုတွေ မြန်မာနိုင်ငံမှာ ရှိနေတာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတစ်ခုပါ၊ ရေရှည်ထိန်းသိမ်းသွားနိုင်ကြရင်ကောင်းမယ်နော် "


ထိုစကားတွေပြောနေသောသူမှာ သီရိရှင်းသန့်ဖြစ်နေရာ မှော်ဝင်နဲ့ ဉာဏ်ဝင့်သူ တအံ့တသြဖြင့် ငေးကြည့်နေမိစဥ် သီရိက သူတို့ကို လှည့်ကြည့်လာပြီးမှ ရှက်ကိုးရှက်ကန်း ပြုံးရယ်ရင်းက ပြောသည်။


"ဘာဖြစ်လို့သိီရိကိုကြည့်နေကြတာလဲဟင်"


"သီရိလေးလေးနက်နက်ပြောတာကို နားထောင်နေတာပါ၊ စိတ်အနှောင့်အယှက်ဖြစ်သွားလား "


"အဟင်း... ရပါတယ်ကိုဉာဏ်ရဲ့ ၊ သီရိက စိတ်ထဲရှိတာပြောလိုက်တာ၊ မှော် ပြုံးထား"


ဉာဏ်ဝင့်သူကိုပြောရင်း သီရိက ဖုန်းကင်မရာကိုဖွင့်၍ ညမီးကြီးကိုနောက်ခံထားပြီး သူမတို့နှစ်ယောက်ပုံကို ဓာတ်ပုံရိုက်ရင်း ခပ်တည်တည်ဖြစ်နေသည့် မှော်ဝင်ကို ပြုံးခိုင်းနေသည်။ 


"ကိုဉာဏ်ရောပဲ ဒီဘက်တိုး... ပြုံးပြုံးလေး ရိုက်ပြီ "


သီရိက အလယ်မှာနေကာ အလှဆုံးပြုံး၍ ဉာဏ်ဝင့်သူကလည်း ပြုံးလျက် မှော်ဝင်ကတော့ နှုတ်ခမ်းတွန့်ကွေးရုံလောက်သာ။ 

ဒီနေ့ပြုံးပြီး မနက်ဖြန်ငိုနေရမည့် အဖြစ်မျိုး သူမ မ​ဖြစ်ချင်ပါ။ ပျော်တာကို ပျော်တယ်လို့ သဘောထားပြီး ဝမ်းနည်းရင်လည်း ခံနိုင်ရည်ရှိအောင် ငယ်ငယ်ထဲက ကျင့်ကြံလာခဲ့သည်။ 


များမကြာမီတွင် စိန်နားပန်မီးပုံးပျံသည်လည်း ကောင်းကင်၌ နေရာယူလျက်ရှိတာကို လှမ်း၍တွေ့ရသည်။ စိန်နားပန် ကိုယ်ထည်၌ မီးပုံးပျံအသေးစားများ ချိတ်ဆွဲထား၏။ အပြင်ဘက်မှာတောင် လေကတဟူးဟူးတိုက်နေတာမို့ ကွင်းထဲမှာဆို သည်ထက်ပိုဆိုးမည်ထင်သည်။ မီးပုံးပျံများသည်လည်း လေဆန်ကိုအန်တု၍ အထက်ကိုနင်းတက်သွားစဥ် လေတစ်ချက် ဝေ့တိုက်လိုက်တိုင်း ယိမ်းနွဲ့သွားပုံကာ အသည်းတယားယားပင်။ အောက်က မျှော်မော့ကြည့်သူများကလည်း လည်ပင်းတစ်ညောင်း။ 


သိုးမွေးအနွေးထည် အပေါ်မှာ ဟိုဒီအကျီတစ်ထည်ထပ်ဝတ်လာပြီး သိုးမွေးဦးထုပ် လက်အိတ်၊ ဂျင်းဘောင်းဘီရှည်၊ ရှူးဖိနပ် အပြည့်အစုံ ဝတ်လာတာတောင် မေးချင်းရိုက်အောင် ချမ်းသည့်ညဟု ဆိုရမလား။ သီရိက သူမအနွေးထည်အကျီအိတ်ထဲ လက်တစ်ဖက်ထိုးထည့်ထားသည်။ 


သည်လိုမြင်ကွင်းမျိုးမြင်ရဖို့ အအေးဒဏ်ကို အံတု၍ လာကြည့်ရတာနဲ့ ထိုက်တန်အောင် ပြန်ရလိုက်သည့် ခံစားမှုရသဟာလည်း စာဖွဲ့၍ကုန်နိုင်တော့မည်မဟုတ်။ 


°°°°°°°°°°°°°


"ကျွန်တော်တို့က အန်တီ့ကို ရန်ကုန်ဆေးရုံကြီးမှာပဲ ရှိနေဦးမယ်ထင်တာ၊ သမာဓိကိုဖုန်းဆက်တော့မှ ဒီကိုပြန်ရောက်နေမှန်းသိရလို့ သတင်းလာမေးတာပါ "


" အန်တီသက်သာနေပါပြီကွယ်၊ သတိတရလာမေးလို့ သားတို့ကို ကျေးဇူးတင်ပါတယ် "


"ဝမ်းသာပါတယ်အန်တီ၊ အကူအညီလိုရင်လည်း ကျွန်တော်တို့ကို အချိန်မရွေးခေါ်ခိုင်းလို့ရပါတယ်... "


" အေးကွယ်... "


မိုးမင်းတို့အုပ်စု ညနေက သမာဓိကို အပြင်သွားဖို့ ဖုန်းဆက်လှမ်းခေါ်၍ မရသဖြင့် အိမ်တိုင်ရာရောက် လာခေါ်ခြင်းဖြစ်သည်။ အခုလည်း လက်ကုပ် မျက်ခြေပြကာ စွယ်နေပြန်သည်။ ဒါကို မေမေက သတိထားမိဟန်တူ၏။


"သားလေး... မေမေခဏနေရင် အိပ်ရာဝင်တော့မှာ၊ သားအပြင်သွားစရာရှိရင်သွားနော်၊ နောက်တော့မကျစေနဲ့၊ သောက်စားပြီး ရန်တွေဘာတွေလည်း မဖြစ်ကြရင် အကောင်းဆုံးပေါ့ကွယ်၊ သူငယ်ချင်းတွေ အားနာစရာ လိုက်သွားလိုက်ပါသားရယ်... "


"ကျေးဇူးပါအန်တီ၊ ဒီကောင်ကြီးကို ကျွန်တော်တို့ အိမ်အရောက်ပြန်လိုက်ပို့ပေးပါ့မယ်၊ စိတ်သာချ အန်တီ... "


ဆွယ်တာအကျီအပေါ်က လောင်းကုတ်ရှည်ကိုထပ်ဝတ်၍ အနက်ရောင်ခေါင်းစွပ်ကိုဝတ်ပြီး မိုးမင်း၊ စိုင်းခမ်းနောင်တို့အဖွဲ့နှင့် သမာဓိ  လမ်းလျှောက်ထွက်လာခဲ့ကြသည်။ လမ်းပေါ်မှာ လူအများပြည့်လို့။ 


"ရှမ်းမလေးတွေ ချောတယ်လှတယ်... "


မိုးမင်းက လမ်းလျှောက်ရင်း မိန်းကလေးတွေရှေ့ရောက်ရင် ပိုးကထလာပြီး အပြောင်အပျက်လုပ်ကာ သီချင်းတကြော်ကြော်ဆိုလာ၏။ မိန်းကလေးများကလည်း စိတ်မဆိုးကြပါ။ သူတို့ကို လှည့်ကြည့်လှည့်ကြည့်လုပ်ကာ တပြုံးပြုံးဖြင့်။ 


"ဟ ပွတာပဲ၊ ၁၀၀၀ ကွ "


ထို့နောက် ရုတ်တရက် မိုးမင်းက သူ့ခြေထောက်အောက်က ပစ္စည်းတစ်ခုကိုကောက်၍ အလန့်တကြားအော်လိုက်သည်ကို ဘေးကတစ်ယောက်က ဝမ်းသာစွာဖြင့်...


"ပံ့သကူပစ်နေကြပြီလား၊ များများစားစားမလိုချင်ပါဘူး... တစ်သောင်းတန် တစ်ရွက်လောက်ပဲတွေ့လိုက်စမ်း... "


ထိုအခါ စိုင်းခမ်းနောင်က ပြုံး၍ ထိုသူ၏ ခေါင်းအနောက်ကို ဖက်ခနဲ လှမ်းရိုက်၍ လည်ပင်းကိုလက်မောင်းဖြင့် ဖျစ်ညစ်နေကာ စနောက်နေရင်း ရှေ့သို့ဆက်လျှောက်လာခဲ့တော့သည်။ 


သူ့အရွယ်ကောင်လေးတွေ ဘေးနားမှာ ချစ်သူကောင်မလေးတွေနဲ့ လက်ချင်းတွဲလျက် ပျော်ပျော်ပါးပါး သွားလာနေကြတာမြင်တော့ သြချမိသား။ relationship တစ်ခုရေရှည်တည်မြဲဖို့မတည်မြဲဖို့ထက် ခုတွေ့၊ ခုကြိုက်၊ ခုတွဲ၊ ခုပက်ပလစ်ဖွင့်ချ၊ ပြဿနာသေးသေးတစ်ခုအတွက်နဲ့ ဖြေရှင်းမနေဘဲ ကျောခိုင်းလိုက်ကြတာ ခုခေတ်မှာ ထူး၍ဆန်းမနေတော့ပေမယ့် နစ်နာသူမှာ မိန်းကလေးတွေပင်။ 


ပတ်ဝန်းကျင်က နှာခေါင်းရှုံ့လာမှ မိန်းကလေးမို့ ပိုအပြောခံရတယ်၊ ပိုနစ်နာတယ်လို့ အသံတွေထွက်လာရော။ လက်ခုပ်နှစ်ဖက်က တီးမှမြည်တာလေ။ ယောကျ်ားလေးတွေ ဘယ်လိုအပြစ်ရှိတယ်ဆိုစေဦး မိန်းကလေးဘက်က အဖြေပေးမှ ချစ်သူရည်းစားတွေဖြစ်ကြရတာ။ ထိုမှတစ်ဆင့် အဆင့်တက်ကြတာလေ။ တစ်ဖက်သက်စကားသံတွေကြားတော့ ဘယ်သူ့ဘက်မှလိုက်ပြောတာမဟုတ်သော်လည်း ကိစ္စတိုင်းမှာ ယောကျ်ားတွေကိုဆိုပြီး အမြဲခေါင်းစဥ်တပ်နေကြတော့ သိမ်းကျုံးပြောခံနေရသူအဖို့ ခံပြင်းစရာပင်။ 


" ကိုသမာဓိ... "


သူအတွေးတွေထဲနစ်မြောနေစဥ်မှာပင် ခေါ်သံကြား၍ ရုတ်ခနဲ မော့ကြည့်လိုက်တော့...


"သီရိက တူပါတယ်ဆိုပြီး ကြည့်နေရင်း လှမ်းခေါ်လိုက်တာ၊ တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလာတွေ့မယ်မထင်ဘူး... "


သီရိက ပြောပြောဆိုဆို အနားလျှောက်လာကာ တအံ့တသြပုံစံလေးဖြင့် ပြောလိုက်တော့မှ သမာဓိသတိပြန်ကပ်သွားပြီး ပြုံးရယ်ရင်း...


"ကျွန်တော်ရောပဲ... ၊ ညစျေးလာတာလား"


သီရိဘေးက မှော်ဝင်အား ရိပ်ခနဲ ဝေ့ကြည့်ရင်း သမာဓိ ပြောလိုက်၏။ မှော်ဝင့်နားက ယောကျ်ားတစ်ယောက်ကိုလည်း သတိပြုလိုက်မိသည်။


"သီရိတို့က ပြန်တော့မလို့၊ ကိုသမာဓိက ဒီကိုအလည်လာတာလား "


" ကျွန်တော်က တောင်ကြီးဇာတိလေ "


" သြော် မထင်ရဘူးနော် "


" ဘာလို့လဲ "


သမာဓိ မျက်မှောင်လေးပင့်၍ နားမလည်စွာ မေးလိုက်၏။ သီရိက ပြုံးရယ်ရင်း ပြန်ဖြေဖို့ အရှိန်ယူလိုက်ချိန် အနောက်နားမှ ဆူညံသံတွေနှင့် လူတစ်စုရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် အားလုံးပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။ 


"ကြည့်ရတာ ရန်ပွဲဖြစ်ဖို့ အစပျိုးနေပြီထင်တယ်၊ တခြားသွားရအောင် "


သမာဓိတို့အုပ်စုထဲမှ ထွက်လာသောအသံပင်။ 


"ကိုယ်တို့လည်း သွားကြတာပေါ့ "


ဉာဏ်ဝင့်သူ တိုးတိုးပြောလိုက်တော့ သီရိက ခေါင်းညိတ်ရင်း သမာဓိတို့ဘက်လှည့်၍ နှုတ်ဆက်သောအခါ သမာဓိက


"ဒါဆို ပြန်လှည့်တာပေါ့၊ လမ်းမှာ သီရိတို့ကို ကျွန်တော်တစ်ခုခုဧည့်ခံမယ်လေ "


ဟု ပြောတော့ သီရိက အားတုံ့အားနာဟန်ဖြင့် စကားဆိုလာ၏။ 


"အစားအသောက်နဲ့ပတ်သက်ရင် သီရိမငြင်းပါဘူး၊ ဒါပေမဲ့ မှော်က ခေါင်းမူးနေတော့ ပြန်မှဖြစ်မယ်၊ နောက်မှ စားတော့မယ်နော် ကိုသမာဓိ "


သမာဓိ မှော်ဝင်အား တစ်ချက်လှမ်းကြည့်လိုက်၏။ မျက်နှာမကောင်းတာကို သတိထားမိသည်။ နှုတ်ခမ်းလေးတွေ အနည်းငယ် ဖြူဖျော့နေ၏။ တစ်ဖက်လှည့်နေသည်။ စိတ်မရှည်ဟန်လည်းပုံပေါ်နေ၏။

ထိုအခါ သမာဓိ သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူ၍ မှော်ဝင်ရှေ့ ထိုးပေးလိုက်သည်။ သူမက နည်းနည်းမှ ငဲ့မကြည့်။ လက်ပိုက်လျက် ကိုယ်လေးကျုံ့ထား၏။ သီရိရှင်းသန့်က သူမအစား သူ့လက်ထဲမှ ပီကေကို လှမ်းယူ၍ ပြောလာသည်က...


"သီရိ ယူထားလိုက်မယ်နော် "


ပြီးနောက် သူတို့ရှေ့မှ သူမတို့တွေ လျှောက်ထွက်သွားကြသည်။ သူ့ရင်ထဲ လှိုက်ဟာကျန်နေခဲ့၏။ ဘာများ မပျော်ရွှင်စရာရှိလို့ မျက်နှာညှိုးနေရသလဲ။ သူ ပထမဦးဆုံးအကြိမ် သူတစ်ပါးအကြောင်း စိတ်ဝင်စားနေမိသည်။ ထိုသူကလည်း မှော်ဝင်ဖြစ်နေ၏။ ရပ်ငေးကြည့်နေရင်း စိုင်းခမ်းနောင်ဆီမှ စကားသဲ့သဲ့တစ်ခွန်း ကြားလိုက်ရသောအခါ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတော့သည်။


"ဒီပွဲမှာ မင့်နှလုံးသားကို မပေးလိုက်မိစေနဲ့ "


°°°°°°°°°°°°°°°°°°°°


သူမတို့ ပွဲကပြန်လာပြီး ကိုယ်လက်သန့်စင်ပြီးနောက် မှော်ဝင် အဘွားခန်းထဲသို့ ဝင်လာခဲ့သည်။ ဘွားက ဆေးလွှတ်ထားသည့်အရှိန်ကြောင့် မှိန်းနေ၏။ လက်ကနေ အကြောရှာမရသဖြင့် ခြေထောက်ကနေ ဆေးလွှတ်ထားရသည်။ သူမဝင်သွားတော့မှ သူနာပြုဆရာမလေးက ခွင့်တောင်းပြီး ညစာသွားစား၏။ ဆရာမပြန်လာသည့်အချိန်အထိ ဘွားနားမှာစောင့်ပေးပြီး ညဥ့်နက်တော့မှ အခန်းထဲပြန်ဝင်လာခဲ့သည်။ စိတ်ပင်ပန်းတာကြောင့်လားမသိ။ တစ်ကိုယ်လုံး ကိုက်ခဲကာ နုံးချည့်နေ၏။ 


"အဘွားအိပ်သွားပြီလားမှော်... "


" အင်း "


"မှော့်ကြည့်ရတာ နေမကောင်းချင်သလိုပဲ၊ ဆေးကြိုသောက်ထားမလား "


" ဟင့်အင်း၊ ရတယ် "


မှော်ဝင် အိပ်ရာပေါ်အသာလှဲ၍ မျက်လုံးခဏမှိတ်ထားလိုက်သည်။ အိပ်လို့ပျော်ပါစေ။ သီရိက သူမခန္ဓာကိုယ်ပေါ် ဂွမ်းစောင်လေး လွှားခြုံပေး၏။ နဖူးလေးကို စမ်းလိုက်၊ သွေးခုန်နှုန်းကို စမ်းလိုက်ဖြင့် ဘေးနားကနေ သီရိက ဂရုတစိုက်ရှိပေးနေ၏။ 


"မှော့်ကိုပြောရဦးမယ်၊ သီရိမနက်ဖြန် ရန်ကုန်ပြန်ရမယ်၊ ရန်ကုန်မှာတစ်ညအိပ်ပြီး US ကိုတန်းပြန်မယ်... မာမီတို့ လှမ်းခေါ်နေလို့ "


မှော်ဝင် မျက်လုံးအသာဖွင့်ကြည့်လိုက်၏။ သီရိက အိပ်ရာပေါ် ငုတ်တုတ်လေးထိုင်၍ သူမအား ငုံ့ကြည့်ရင်း မျက်နှာမသာမယာဖြစ်နေ၏။ 


"အင်းလေ... ကိုယ်ဆွဲမထားတော့ပါဘူး၊ မနက်ဖြန် သီရိကို ရန်ကုန်ပြန်လိုက်ပို့ပေးမယ် "


"ဟင့်အင်း၊ သီရိ စောနက လေယာဉ်လက်မှတ်လှမ်းမှာပြီးပြီ၊ မှော်လိုက်မပို့နဲ့တော့နော် အဘွားဘေးနားမှာပဲနေပါ "


"မနက်ဖြန် လေဆိပ်ထိလိုက်ပို့ပေးမယ်၊ ကိုယ်လည်း မကြာခင် သီရိနဲ့အနီးဆုံးကို အရောက်လာခဲ့မှာပါ "


မှော်ဝင်ပြောရင်း ထထိုင်လိုက်၍ သီရိလက်ကို ဆုပ်ကိုင်လျက် သေချာသော စကားတစ်ခွန်းကို ပြောလိုက်တော့ သီရိက ပြုံးကာ ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ 


"မှော် နားတော့လေ၊ ရေကုန်နေလို့ သီရိရေသွားထည့်လိုက်ဦးမယ် "


မှော်ဝင် ခေါင်းညိတ်ပြလိုက်ပြီး ပြန်လှဲနေလိုက်သည်။ သီရိ ရေခရားယူ၍ အပြင်သို့ ထွက်သွားလေသည်။ သူမ ဖုန်းအသံပိတ်ဖို့ အနားက ဖုန်းကိုလှမ်းယူလိုက်၏။ လိုင်းမကြည့်ဖြစ်တာလည်း နှစ်ရက်သုံးရက် ကြာနေပြီမို့ မအိပ်ခင်လေး ခဏအင်တာနက်လိုင်းဖွင့်လိုက်၏။ ထိုအခါ...


" ကလောင် ကလောင် ကလောင်... "


သူမတို့ နောက်ဆုံးနှစ်ကျောင်းသားတွေချည်း စုဖွင့်ထားသည့် group chat မှာတင်ထားသည့်ပုံများသည် လိုင်းဖွင့်လိုက်သောအခါ သူမဖုန်းထဲဝင်လာ၏။ ပုံတစ်ပုံကို လက်ညှိုးဖြင့် ထောက်ကြည့်လိုက်တော့ ငပလီမှာ အုပ်စုလိုက်ရိုက်ထားသည့်ပုံပင်။ ထို့နောက် group ထဲဝင်ကြည့်လိုက်သည်။ အပြန်အလှန် စကားတွေပြောထားကြပြီး ငပလီမှာ ရိုက်ထားသည့် ပုံတိုင်း group မှာ ပြန်တင်ပေးထားတာတွေ့ရ၏။ လက်ညှိုးဖြင့် ဆွဲဆွဲကြည့်ရင်း ပုံတစ်ပုံကို သွားထောက်မိသောအခါ ...


" ဒုတ် "


ကျယ်လောင်လှသော နှလုံးခုန်သံနှင့်အတူ ငေါက်ခနဲ ထိုင်လိုက်ရင်း လက်မနှင့်လက်ညှိုးသုံးကာ ပုံကိုအကြီးချဲ့ကြည့်လိုက်ရာ အလွန်အမင်း အံ့သြထိတ်လန့်စွာ သတိလက်လွတ်ဖြင့် ဖုန်းသည် လက်ထဲမှလျောခနဲ အိပ်ရာပေါ်သို့ လွတ်ကျသွားတော့သည်။ 


" မှော် ဘာဖြစ်လို့လဲဟင် "


°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°🖤🖤


အခန်း(၁၉) ဆက်ရန်>>>


#ပတ္တမြားအလင်း


rate now: