book

Index 17

အခန်း (၁၇)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


အုန်းခနဲအသံက အပြင်ကနေ ကြားရသည်အထိ ကျယ်လောင်သဖြင့် မှော်ဝင် ကားပေါ်မှ လျင်မြန်စွာဆင်းလာခဲ့၍ အိမ်ခြံဝင်းထဲသို့ မပြေးရုံတမယ် ခပ်သွက်သွက် လျှောက်ဝင်သွားတော့ အိမ်တံခါးပိတ်ထားတာကို တွေ့ရသည်။ အသံက ဘယ်ကနေလာသနည်း။ လက်ဖဝါးကို လက်သည်းရှည်တွေဖြင့် ကုပ်ခြစ်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေစဥ်မှာပင်...


" ဘုန်း... ဒုန်း... အား!... "


ကြမ်းပြင်ပေါ်သို့ ပစ္စည်းများ အရှိန်ပြင်းစွာ လွှတ်ကျသံ( တမင်ပစ်ချသံ)များ၊ နံရံကို တစ်ခုခုဖြင့် ရိုက်မိသံ၊ နောက် အမျိုးသမီးတစ်ယောက်၏ အူလိုက်သည်းလိုက် အော်ဟစ်မြည်ကျွေးသံ။ သူမ နှလုံးခုန်သံမှာ နှစ်ဆမြင့်တက်သွား၍ ပိတ်ထားသည့် အိမ်တံခါးမကြီးနား ထိတ်လန့်စွာ တိုးကပ်မိသွားချိန်ခဏဝယ် ပါးစပ်အား ဖိပိတ်လိုက်မိသည့် လက်ဖဝါးနှစ်ဖက်က တုန်ရီနေခဲ့၏။ 


" တောင်းပန်ပါတယ်၊ လတ်တောင်းပန်ပါတယ်... မလုပ်ပါနဲ့တော့၊ ဟင့်... မလုပ်ပါနဲ့ ရှစ်ကြီးခိုးပါတယ်... "


"ငါ့ကိုထားခဲ့မယ်ဆို၊ ဟင် ထားခဲ့မယ်လို့ ထပ်ပြောစမ်း... ထပ်ပြောလိုက်စမ်းပါ တောက်! "


တံခါးဘေးက သံဇကာတွေကနေတဆင့် အတွင်းကို သေချာစွာ လှမ်းမြင်နေရသည်။ 


မလတ်က ကြမ်းပြင်မှာ ကျုံ့ကျုံ့လေးထိုင်၍ သူ့အမျိုးသားရဲ့ ခြေထောက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ရှိုက်ကြီးတငင်ငိုကြွေးကာ တောင်းပန်တိုးလျှိုးနေပေမယ့် သူ့အမျိုးသားကတော့ မလတ်ကိုယ်လေးကို ဘောလုံးကန်သလို ဆင့်ကဲဆင့်ကဲ လိမ့်၍ကန်ကြောက်နေသည်။ အငြိုးနဲ့ကို ပြောလိုက်ကန်လိုက် လုပ်နေတာပင်။ ဒါကို မလတ်က ခေါင်းငုံ့ကာ လိမ့်ပိန့်ခံနေလေတော့ အကြောင်းအရင်းကို မသိသော်လည်း မှော်ဝင် အသည်းနှလုံးထဲက တဆစ်ဆစ်နာကျင်ရသည်။ 


" ထားခဲ့မယ်လို့မပြောပါဘူး၊ ရှင်ကသာ ရှင်ကသာ... "


" ဘာ ဘာ သေတော့မယ် ဒီမိန်းမတော့ "


ပြောပြောဆိုဆို ခေါင်းအနောက်က ဆံပင်အုံလိုက်ကို ယောကျ်ားအားဖြင့် ဆောင့်ဆွဲ၍ မတ်တပ်ရပ်စေကာ မလတ်က တုန်တုန်ရီရီဖြင့် မတ်တပ်ရပ်ရုံရှိသေး လက်ပြန်ပေးခံလိုက်ရပြီး ခပ်ဝေးဝေးသို့ လွှင့်စင်သွားတော့သည်။ 


" မလတ်!... "


ထိုစက်ဆုပ်ရွံရှာဖွယ်ရာ မြင်ကွင်းအား ဒီအတိုင်းရပ်ကြည့်နေရခြင်းကို ခံပြင်းစွာ မှော်ဝင် အသံကုန်ဟစ်၍ ကုန်းအော်လိုက်တော့ မလတ်အမျိုးသားက သူမအား ရန်လိုစွာ လှမ်း၍ စူးစိုက်ကြည့်လာခဲ့၏။ သူမအသားတွေ တဆတ်ဆတ်တုန်နေ၏။ တုန်ယင်နေမည့် အသံကို အတတ်နိုင်ဆုံး ထိန်းလျက် အသက်အောင့်ကာ အော်ပြောလိုက်သည်က...


" တံခါးဖွင့်! အခုဖွင့် "


" ညီမလေး... "


မလတ်က ပုံလျက်သားလဲနေလျက်က လှမ်း၍ ဟန့်တားနေ၏။ မျက်ဝန်းမှာ မျက်နှာတစ်ဝိုက်မှာ မျက်ရည်တွေအပြည့်။ နှုတ်ခမ်းထောင့်စွန်းမှာ သွေးစတွေနှင့်။ လက်မောင်းမှာ ခြေထောက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ။ မှော်ဝင် မခံမရက်နိုင်စွာ ရင်ဝမှာ အောင့်မျက်သွားရသည်။ တံခါးကို အတွင်းကနေ သော့ခတ်ထား၏။ 


"မှော်...၊ မှော် စိတ်ထိန်းနော်၊ သူတို့က လင်မယားတွေလေ၊ အန်တီတို့ကို ဖုန်းဆက်ခေါ်လိုက်မယ်၊ စိတ်ထိန်းနော် "


သီရိက ပြောပြောဆိုဆို သူမလက်ထဲမှ ဖုန်းကိုလှမ်းယူ၍ မေမေတို့ကို ဖုန်းဆက်နေပါသည်။ ထိုစဥ်မှာပင် မလတ်ကို သူ့ယောကျ်ားက လက်မောင်းကဆောင့်ဆွဲ၍ မှော်ဝင်မတ်တပ်ရပ်နေသည့် သံဇကာနားသို့ တွန်းပို့လိုက်ကာ နံရံနှင့်မလတ်ခန္ဓာကိုယ်ကိုကပ်စေပြီး ကျောကိုလက်မောင်းဖြင့် အတင်းဖိထားသောအခါ အပြင်က မှော်ဝင် စိတ်မထိန်းနိုင်ဘဲ ဆွေ့ဆွေ့ခုန်နေပါတော့သည်။ 


" ဖွင့်!... အခုချက်ချင်း တံခါးဖွင့်၊ မလတ်... ဘာလို့ငြိမ်ခံနေတာလဲ၊ မှော့်ကို အခု တံခါးဖွင့်ပေး... "


သံဇကာကို လက်နှစ်ဖက်ဖြင့် တွန်းကန်ဖွင့်လျက် အပြင်က အသည်းပေါက်မတက် အော်ဟစ်နေရင်း မျက်ရည်တွေဝဲတက်လာရသည်။ 


"တွေ့လား... မင်းရဲ့ညီမက အသုံးကျသားပဲ၊ သူများလင်မယားကြားဝင်ပါရင် ဘာဖြစ်မလဲ ဆိုတာ ပြရသေးတာပေါ့၊ အခုတော့ မင်းနဲ့ငါ အရင်စာရင်းရှင်းမယ်၊ ဒီအိမ်ထဲ ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဝင်လို့ရမယ်မထင်နဲ့၊ကြားလား... "


" တော်ပါတော့... လတ်တောင်းပန်ပါတယ် ဟီး... မလုပ်ပါနဲ့.... "


" တောက်! "


အောက်နှုတ်ခမ်းသားကို ပြက်ထွက်လုမတက် ဖိကိုက်ထားလျက် နှုတ်ခမ်းတစ်ဖက် မဲ့လိုက်ရင်း သိန်းငှက်တစ်ကောင်ရဲ့ အကြည့်ဖြင့် ကြည့်လိုက်ကာ မှော်ဝင် ပြောလိုက်သည်က...


"အမျိုးသမီးရေးရာနဲ့ ရဲစခန်း နှစ်ခုထဲက တစ်ခု ရွေးခိုင်းနေမှာမဟုတ်ဘူးနော်၊ တံခါးဖွင့် "


မိမိပြောလိုက်သော စကားအပေါ် ယုံကြည်မှုအပြည့် စိတ်ခွန်အားအပြည့်ဖြင့် အတွင်းစိတ်မာကြောမှုက မျက်နှာသွင်ပြင်မှာ အထင်းသားပေါ်နေ၏။ 


မလတ်အမျိုးသားသည် သူမအား စိုက်ကြည့်လျက် ငြိမ်သက်တွေဝေနေပြီးမှ လှောင်ပြောင်ရယ်လိုက်ရင်းက မလတ်ကို လွှတ်ပေးလိုက်ပြီး သိပ်ကြောက်သွားသည့်ပုံဟန်ဆောင်ပြသည်။ ပြီးနောက် ခပ်ဟဟရယ်ပြန်ရင်း...


"ပိုင်နက်ကျူးလွန်မှုနဲ့ မင်းကို တရားစွဲလိုက်ရင် ဘယ်သူအရင်ထောင်ထမင်းစားရမယ်ထင်လဲ၊ မိန်းမချောလေး... ကိုယ့်အကြောင်းမဟုတ်တာ ဝင်မပါရဘူးလို့ မင်းတို့ဆွေကြီးမျိုးကြီးတွေက မင်းကို ဆုံးမမထားဘူးလား...၊ ကောင်းရော... ဟာသပဲကွာ "


အောက်တန်းစားက အောက်တန်းစားစကားပြောမှာပဲ။ သူမ ရူးမိုက်စွာ ဘာတွေ မျှော်လင့်နေတာလဲ။ 


" ညီမလေး... မလတ်တောင်းပန်ပါတယ်၊ ပြန်ပါတော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ "


"စကားတစ်ခွန်းကို နှစ်ခါမပြောတတ်တာ ကျွန်မရဲ့ အားနည်းချက်ပဲ "


နောက်ဆုံးစကားပြောကာ မှော်ဝင် လှည့်ထွက်ပြီး သီရိလက်ထဲမှ ဖုန်းကိုဆွဲယူ၍ ခြံပြင်သို့ ဒိုင်းခနဲ လျှောက်ထွက်သွားရာ အနောက်မှ သီရိ မျက်နှာငယ်လေးဖြင့် သူမနောက်လိုက်လာရင်း ဘာလုပ်ရမည်မသိ ချီတုံချတုံဖြစ်နေကာ လမ်းမဘက်သို့ မျှော်ကြည့်နေ၏။  


"ဟုတ်ကဲ့၊ အမျိုးသမီးရေးရာကပါလားရှင်"


သီရိ မျက်လုံးအဝိုင်းသားဖြင့် မှော်ဝင့်ဘက် ပါးစပ်မစိနိုင်ဘဲ ရုတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက်မှာတော့ ကားတစ်စီး သူမတို့အနား ထိုးရပ်လာသည်။ 


°°°°°°°°°°°°°°


"နင့်ကိုမလာခဲ့နဲ့လို့ပြောတာ အခု ငါ့စကားကို တော်တော်နားထောင်လိုက်တာပဲ၊ ဟင် ပြောစမ်း နင်လုပ်ချင်တိုင်း လုပ်ရအောင် ငါတို့ကို လူမထင်ဘူးလား၊ လူတတ်ကြီး လုပ်ချင်တယ်ပေါ့၊ ဟုတ်လား... "


" ကလေးကိုမပြောပါနဲ့၊ သူလုပ်တာ မှားတယ်လို့ မဆိုနိုင်ဘူး၊ သူလည်း သူ့အစ်မဘက်က ကာကွယ်ပေးတာပဲ... ကလေးကို မဆူပါနဲ့၊ ဒါတွေအားလုံး ဟိုအကောင့်ကြောင့်ဖြစ်ရတာ "


ကြီးကြီးတို့အိမ်ကို အားလုံးရောက်ရှိနေပြီဖြစ်သည်။ မေမေက သူမအား လိမ့်ကာ ဆူပူနေ၏။ မှော်ဝင် ဘာမှခွန်းတုံ့မပြန်။ နှုတ်ခမ်းကိုက်ထား၍ ငြိမ်သက်နေ၏။ ဘယ်သူဘာပြောပြော သူမလုပ်ရပ်သည် မမှားဘူးဟုထင်သည်။ အခန်းထောင့်၌ ဒူးနှစ်ဖက်ပိုက်၍ ရှိုက်ကာငိုနေသော မလတ်ကိုသာ စိုက်ကြည့်နေမိပါ၏။ မလတ်မျက်နှာပေါ်က ဒဏ်ရာတွေကိုမြင်တိုင်း စိတ်ထဲမှာ တနုတ်နုတ်။ လက်မောင်းနှင့် ခြေသလုံးမှာ အညိုအမည်းဆွဲနေ၏။ ဒီလောက်ထိဖြစ်အောင် ဘာလို့ ကြီးကြီးတို့က လွှတ်ထားကြသလဲ။ မေးပြန်ရင် သူများလင်မယားကိစ္စဟု ဆိုလာဦးမှာလား။ သမီးတစ်ယောက် အိမ်ထောင်ကျသွားတာနဲ့ ထိုသမီးက မိဘတွေနဲ့ ဘာမှမဆိုင်တော့ဘူးလား။ သူမ မစဥ်းစားတတ်တော့ပါ။ 


" တစ်ခုခုဆို သဝန်တိုမယ်၊ စကားပြောရင် လက်ပါတတ်တဲ့ ညည်းယောကျ်ားကြောင့် ငါတို့အရှက်တကွဲအကျိုးနည်းဖြစ်ရတာ၊ သိလား... အားလုံးဟာ နင့်ကြောင့်ပဲ၊ သူများကို အပြစ်တင်ချင်ပေမယ့် ကိုယ့်သမီးက ပါနေတော့ တစ်ပန်းရှုံးနေပြီ၊ ငါ သေသာသေလိုက်ချင်တယ်အေ "


ကြီးကြီးက သူ့သမီးဘေးနား ဒူးတစ်ဖက်ထောင်၍ထိုင်ကာ ပြောလိုက်ငိုလိုက် လုပ်နေတော့သည်။ ကလေးတွေကို တခြားအိမ်ပို့ထားလို့ တော်သေးသည်ဟု ဆိုရမည်။ 


အမျိုးသမီးရေးရာ ရောက်သွားပေမယ့် ဘာမှစစ်ဆေးမေးမြန်းခြင်းမပြုသေးခင်မှာပင် ကြီးကြီးတို့က မလတ်ကို အိမ်ပြန်ခေါ်လာကာ သူ့ယောကျ်ားကိုတော့ သူ့အိမ်က ပြန်ခေါ်သွားသည်။ အမှုကမဖြစ်ခင်ထဲက အဆုံးသတ်သွားပြီ။ နောက်ဆုံးနစ်နာသူက ဘယ်သူနည်း။ လုံလောက်သည့်အကြောင်းပြချက်တစ်ခုကတော့ အရွယ်မရောက်သေးသည့် ကလေးတွေ မျက်နှာရှိသေးတယ်တဲ့လေ။ ပြန်တွေးမိတိုင်း ရယ်ချင်မိသည်။ မိဘတွေ ရန်ဖြစ်သတ်ပုတ်တိုင်း မျက်နှာငယ်ဖြင့် ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရမည့် ကလေးတွေရင်ထဲ မည်သို့အနာရွတ်တွေ ဖြစ်သွားမလဲဆိုတာကိုတော့ အဘယ်သူမှ ထည့်မစဥ်းစားမိကြပါ။ အဘယ်မျှ ရင်နာစရာကောင်းလိုက်ဘိသနည်း။ 


"မှော်ဝင် နင့်အဘွားအိမ်မှာသွားအိပ်၊ အခုသွား... "


" မှော်...လာလေ "


မှော်ဝင့်ဘေးနားမှာ သီရိလာရပ်၍ သူမကို တိုးတိုးပြောလိုက်၏။ သို့သော် မှော်ဝင် ထိုင်နေရာမှ မထ၊ မလတ်ကိုသာကြည့်၍ ကြိတ်မနိုင်ခဲမရ ဖြစ်နေမိပါ၏။ ထို့နောက် ရုတ်ခနဲ ထရပ်ပြီး မလတ်ဆီ လျှောက်သွားကာ အနားမှာ မုဆိုးဒူးထောက်ထိုင်ရင်း နှစ်ကိုယ်ကြားရုံ တိုးတိုးပြောလိုက်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။ 


မှော်ဝင် မလတ်ကို အချက်သုံးချက်သာ ပြောပြခဲ့ပါသည်။ တွေဝေနေသည့် မလတ် သူမစကားကြောင့် သေချာဆုံးဖြတ်နိုင်ဖို့ မျှော်လင့်မိပါသည်။ 


"မလတ်ကို သူပါးရိုက်တုန်းက ငြိမ်ခံနေလိုက်တဲ့အတွက် နောက် လက်သီးနဲ့ထိုးဖို့ သူတွန့်ဆုတ်နေမှာမဟုတ်တော့ဘူး၊ အခုလို မလတ်ကြိတ်ခံစားနေရသလို မလတ်ကလေးတွေရင်ထဲမှာလည်း ခံစားနေရမယ်ဆိုတာ သတိပြုပါ၊ အခုခေတ်မှာ single mother အနေနဲ့ ဝင့်ကြွားစွာ ရပ်တည်နေတဲ့ သူတွေအများကြီးရှိနေတာပဲ မလတ်ရယ်... စဥ်းစားပေါ့ "


" ကျေးဇူးတင်ပါတယ် ညီမလေး... "


အိမ်ပေါက်ဝနားအရောက် မလတ်စကားကြောင့် မှော်ဝင် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ ခေါင်းလေးမော့၍ ရှေ့သို့ဆက်လှမ်းလာခဲ့တော့သည်။ 


°°°°°°°°°°°°°


"၇ ရက်၊ ဒါမှမဟုတ် ၁၀ရက်ဖြစ်ဖြစ် ငါ့အတွက် ခွင့်တင်ပေးစမ်းပါကွာ "


" အေးပါ ငါပြောထားလိုက်မယ်၊ မင့်အမေ သက်သာတယ်မဟုတ်လား... "


" သက်သာပါတယ်၊ ချုပ်ရိုးအနာကျက်အောင်စောင့်နေတယ်၊ ငါနောက်မှ ပြန်ဆက်လိုက်မယ်ကွာ "


" အေး အေး "


သမာဓိ အပြင်မှာ ဖုန်းထွက်ပြောပြီး vip room ထဲပြန်ဝင်လာတော့ အန်တီမြတ်နှင့် အိမြတ်မွန်တို့ မေမေနဲ့ စကားပြောနေကြတာ တွေ့ရသည်။ တံခါးပြန်ပိတ်ပြီး ခုတင်ခြေရင်းမှ တစ်ဖက်အခြမ်းသို့ လျှောက်သွားပြီး ပြုံးကာနှုတ်ဆက်လိုက်သည်။ 


"အန်တီမြတ်တို့ ရောက်နေတာကြာပြီလား"


" မကြာသေးပါဘူး... သားအပြင်မှာဖုန်းပြောနေတာတွေ့လို့ အထဲဝင်လာတာ "


သမာဓိ ထိုင်ခုံမှာထိုင်လိုက်ပြီး ရေခဲသေတ္တာဖွင့်၍ အထဲမှ အသီးအနှံနှင့် အချိုရည်ဘူးထုတ်ယူကာ အန်တီမြတ်တို့ရှေ့ စားပွဲပေါ် တင်ထားပေးလိုက်သည်။ 


"အစ်မ... ဘယ်လိုနေသေးလဲ၊ မမောတော့ဘူးမဟုတ်လား... "


" မမောတော့ပါဘူး... သက်သာနေပါပြီ၊ သား... ကိတ်မုန့်တွေရှိတယ်လေ ချပေးလိုက်ပါဦး၊ ကော်ဖီသောက်ကြမလား "


"နေပါစေ၊ ဘာမှမစားတော့ပါဘူး ရပါတယ် "


"ဘယ်ဟုတ်မလဲ တကူးတက လာရတာဆိုတော့ အားနာလိုက်တာ၊ မလာနိုင်လည်း ရပါတယ်၊ စိတ်ထဲဘယ်လိုမှ သဘောမထားပါဘူး... "


"မြတ်တို့ကအားနာနေတာ၊ ဆေးရုံတက်ရတယ်လို့သိရတုန်းက ချက်ချင်းမလာနိုင်ဘူး၊ ခွဲစိတ်တုန်းကလည်း အမီလာချင်တာ၊ အခုမှရောက်လာလို့ တာဝန်မကျေသလို ခံစားနေရတယ် "


"မဟုတ်တာ မြတ်ရယ်... အခုတောင် ဆေးရုံက ဘယ်တော့ဆင်းရမလဲလို့ သားကိုသွားမေးခိုင်းမလို့ "


သမာဓိ မျက်ခုံးနှစ်ဖက်ပင့်တက်သွားရင်း မိခင်ဖြစ်သူကို ငဲ့ကြည့်လိုက်သည်။ ဒေါ်ပန်းဖြူကလည်း သားကို လှမ်းကြည့်နေရင်း ခေါင်းညိတ်ပြသည်။ 


"မေမေကလည်း... မနေ့ကမှ ခွဲစိတ်ပြီးတယ်၊ ချုပ်ရိုးတောင်မကျက်သေးဘူး ဆေးရုံဆင်းချင်နေတာတော့ မဟုတ်သေးဘူးနော်၊ ကြည့်ပြောပါဦး အန်တီမြတ်ရယ်..."


" ဟုတ်သားပဲ... ဆင်းလို့ရရင် ဆရာဝန်ကြီးတွေက ပြောမှာပါ၊ မလောပါနဲ့၊ ဘာအဆင်မပြေလို့လဲ မြတ်တို့ကိုပြောလေ"


"ဆေးရုံအနံ့မခံနိုင်လို့ပါ မြတ်ရယ်၊ အိမ်မှာဆို ပိုပြီးသက်တောင့်သက်သာရှိမယ်ထင်လို့ပါ "


"အဲဒါလည်းဟုတ်တာပဲ၊ အစ်မက နှလုံးမကောင်းတော့ အနံ့တွေဘယ်ခံနိုင်မှာလဲ၊ ဆရာဝန်နဲ့ ဆွေးနွေးကြည့်လိုက်ပါဦးမယ် သမီးဒီမှာခဏနေခဲ့ဦးနော် "


" ဟုတ်ကဲ့မေမေ "


မေမေက အိမြတ်မွန်ကိုကြည့်၍ ပြုံးသည်။ သမာဓိ မျက်ခုံးလှုပ်မိပြန်ပါသည်။ တံတွေးမြိုချလျက် နက်မှောင်သော မျက်ခုံးတန်းအောက်က မျက်လုံးတွေကိုသာ ကစား၍ အိမြတ်မွန်ကို လှမ်းကြည့်တော့ သူမက ပြုံးပြသဖြင့် သူအနေကျုံ့သွားသလို ခံစားလိုက်ရသည်။ မေမေ အိမြတ်မွန်ကို သမီးအရင်းတမျှ ချစ်ခင်တာကို သူသတိထားမိတော့ ယခုချိန်မှာ သက်ပြင်းချမိရုံမှတစ်ပါး အခြားမရှိ။ ငါလိုချင်တာ မင်းမှမဟုတ်ဘဲ အိမြတ်မွန်...။ 


°°°°°°°°°°°°°°°°


သည်တစ်ခါ ဘွားကို အိပ်ရာပေါ်မှာ မမာမကျန်းဖြစ်နေသည့်ပုံစံဖြင့် မြင်ရခြင်းက သူမအတွက် အလွန်နာကျင်ဝမ်းနည်းဖို့ကောင်းခဲ့ပါသည်။ အစားအသောက်မဝင်တော့သဖြင့် နှာခေါင်းပိုက်တပ်ရမည့် အ​ခြေအနေသို့ ရောက်နေပြီး ယခုလက်ရှိ လမ်းတောင်မလျှောက်နိုင်တော့ရာ ဆီးပိုက်တပ်ထားရပါ၏။ 


မှော်ဝင့်နှလုံးသားတွေ နာကျင်ရလွန်း၍ အစိတ်စိတ်အမွှာမွှာကွဲထွက်တော့မလိုပင်။ အပြင်မှာတော့ ကျောက်ဆစ်ရုပ်ပမာ ဟန်ကို့ကို့ မာန်ကို့ကို့ဖြင့် ရပ်တည်နေရသည်။ ခါးသီးလှပေစွ။ 


" ရှေ့နေကြီးရောက်လာပါပြီ မေမေ... "


အသံနှင့်အတူ ရှေ့နေကြီး အခန်းထဲဝင်လာပြီး ဘွားခုတင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။ မှော်ဝင်က ခုတင်အစပ်နားတွင် ခပ်ရို့ရို့ပဲ ထိုင်နေဆဲ။ ဘေးနားမှာ ဘွားရဲ့ သားသမီးမြေးမြစ်တွေ အစုံအလင်ရောက်ရှိနေကြပြီ။ ထိုအခါမှ ဘွားက တွဲကျနေသည့် မျက်ခွံတွေကို အားယူ၍ ဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး မှော်ဝင့်ဆီမှာ အကြည့်တို့ရပ်သည်။ မျက်ခုံးလေးလှုပ်၍ ဘွားက သူ့နားလာရန် ခေါ်နေသဖြင့် သူမ တိုးကပ်သွားလိုက်ပြီး လက်ကိုခပ်ဖွဖွ ဆုပ်ကိုင်ပေးထားလိုက်သည်။ ဘွားလက်က နွေးနေတာပဲ။ နှစ်ခြိုက်စွာပြုံးပြလိုက်ပါ၏။ 


ဘွားက မျက်ရည်စို့နေသည့် မျက်ဝန်းဖြင့် သူမကို ခေါင်းငဲ့စောင့်ကြည့်နေတော့...။

အို... လှိုက်ခနဲ ဆို့တက်လာကာ မျက်ရည်ကြည်များ ရစ်ဝဲတက်လာတော့သည်။ မငိုမိအောင် ထိန်းထားရင်းက ငိုချင်လာတတ်တာ သဘာဝပေလား။ သူမဟာ စိတ်ပျော့ညံ့သူမဟုတ်။ ဒီလောက်က သူမကို မတုန်လှုပ်စေပါ။ ခေါင်းလေးအပေါ်မော့၍ အားယူလိုက်သည်။ ပြီးတော့ ဘွားကိုပြန်ကြည့်လိုက်သော မျက်လုံးတွေက ကြည်လင်နေခဲ့ပါသည်။ 


"ငါပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာအားလုံးကို သုံးပုံ အညီအမျှခွဲမယ်၊ တစ်ပုံက လှူမယ်၊ ငါနဲ့အတူနေတဲ့ အိမ်ထောင်မကျသေးတဲ့ သမီးလတ်ကို တစ်ပုံပေးမယ်၊ ကျန်ငွေတွေကိုတော့... "


ဘွားက စကားမဆက်နိုင်ဘဲ မောပန်းဟန် အသက်ကိုပြင်းစွာ ရှုရှိုက်လျက်ရှိသည်။ မျက်လုံးအသာမှေး၍ အားယူနေရ၏။ သူမ ဘွားရင်ဘက်ကို ဖွဖွဖိပေးထားပြီး ရေနည်းနည်းကို ဘွားနှုတ်ခမ်းနားတေ့ပေးလိုက်တော့ အာစွတ်ရုံသာသောက်သည်။ ပြီးမှ တုန်ရီနေသည့် နှုတ်ခမ်းကိုဖွင့်ဟရင်း...


" မှော်ဝင့်ကို ကျန်တဲ့ငွေတွေပေးမယ် "


သူမအပါအဝင် အားလုံးဆွံ့အသွား။ ဘွားမှာ ပေးဖို့ တခြားသားသမီးမြေးမြစ်တွေရှိရဲ့သားနဲ့ သူမကိုပဲ ပေးမည်ဆိုတော့ တချို့က မျက်စိမျက်နှာပျက်နေကြ၏။ ခေါင်းတစ်ခါခါဖြင့် အသံတွေသဲ့သဲ့ထွက်လာကြပြီ။ ရှေ့နေကြီးက ဘွားပြောသည့်အတိုင်း တသွေမတိမ်းလိုက်ရေးမှတ်နေ၏။ ဘွားက အားလုံးရဲ့ ဆန္ဒကိုမမေးပါ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူ့စကားက အမိန့်တစ်ခုလိုပင်။ 


တစ်ခုရှိသည်က ဘွားမှာပိုင်ဆိုင်မှု မည်မျှရှိသလဲ သူမမသိပါ၊ စိတ်လည်းမဝင်စားပါ။ ပြီးတော့ ဘွားဆန္ဒကို သူမ လက်မခံနိုင်ပါ။ အားလုံးရှေ့မှောက်၊ အဘွားရှေ့မှောက်မှာပင် မှော်ဝင် အပြတ်ငြင်းဆိုလိုက်ပါသည်။ 


" မှော်လက်မခံနိုင်ပါဘူး ဘွား "


ချက်ချင်းပင် ဘွားက ခေါင်းခါလက်ကာပြ၏။ သူမကလည်း သူမစကားကို ပြန်မပြင်နိုင်ပါ။ ခပ်ပြုံးပြုံး ခေါင်းခါပြရင်း ဘွားမျက်နှာကိုကြည့်၍ မှော်ဝင် စကားဆိုလိုက်သည်။


"မြေးလေ... ဘာမှမလိုချင်ဘူး၊ ဘာမှမမက်ပါဘူး ဘွား... "


"အို... ဒါဆိုကျုပ်တို့က မက်တယ်ပေါ့၊ သားသမီးအရင်းဖြစ်ပြီး ဘေးရောက်နေတဲ့ ဘဝပါ "


"နင်တို့အဘွားဆီက ဘာအမွေမှမမျှော်လင့်နဲ့၊ နင်တို့ကို လှည့်ကြည့်အားမှာတောင်မဟုတ်ဘူး... "


နောက်ပါးဆီမှ ဆိုးရွားလှသော အသံတွေကိုကြားနေရပေမယ့် မှော်ဝင်ဂရုမစိုက်အားပါ။ ဘွားကိုသာ နားဝင်အောင် ဖျောင်းဖျနေမိ၏။ 


"မြေးမှမလိုတာ တခြားသင့်တော်တဲ့လူကိုသာ ပေးလိုက်ပါနော် ဘွား၊ သင့်တော်တဲ့သူရတော့ အကျိုးရှိတာပေါ့ "


"ရှည်ပြန်ပြီ၊ ငါပြောတာကိုသာ လက်ခံပါ"


"မြေးစကားကို နားထောင်ပါ ဘွားရယ်... "


ဘွားကိုယ်လေးကို ဖွဖွသိုင်းဖက်ရင်း ဝမ်းနည်းမျက်ရည်စို့ရပြန်ပါသည်။ ဘွားကိုယ်လေးကို ဘယ်အချိန်ဖက်ဖက် နွေးနေ၏။ သနပ်ခါးနံ့လေးကလည်း သင်းပျံ့နေ၏။ 


ဒီအချိန်ခဏလေးကို ပိုင်ဆိုင်ခွင့်ပေးပါ။ ဒီအချိန်ကို ဆွဲဆန့်ခွင့်ပေးပါ။


အလို... ဒါသူမရဲ့ ဆုတောင်းများလား။ အလိုချင်ဆုံးဆုပေါ့...။ 


°°°°°°°°°°°°°°°°°


"ညနေစောင်းနေပြီ၊ ဒီနေ့က လပြည့်နေ့ဆိုတော့ လမ်းထဲမှာ နိဗ္ဗာန်စျေးလုပ်တယ်၊ ညကျရင် မီးပုံးပျံပွဲရှိသေးတော့ တူမလေး သူငယ်ချင်းကို ခေါ်သွားပြီးလိုက်ပြပါလား..."


" တူမလေး... ဒေါ်လေးပြောတာကြားလား"


မှော်ဝင် အပြင်မှာ ထွက်ထိုင်ပြီး ငေးတိငေးငိုင် တွေနေရာမှ ခေါင်းတစ်ချက် လေးလေးပင်ပင် ညိတ်ပြလိုက်၏။ သို့သော်  စိတ်မပါပါ။ စိတ်မပါရင် မှော်ဝင်တို့က ဘာမှမလုပ်။ သက်ပြင်းရှည်ကြီးချလိုက်ပါသည်။ 


"ရပါတယ် ဒေါ်လေး၊ သီရိသိပ်မသွားချင်ပါဘူး... " 


"ဘာလို့မသွားရမှာလဲ၊ အဝေးကနေတောင် လာရတာ သွားရမှာပေါ့၊ သမီးလေး လိုက်ပို့ပေးလိုက်ပါကွယ်၊ ဒီမှာ ပါပါးတို့လည်းရှိတယ်၊ ဘာမှမပူနဲ့ သွားစရာရှိတာသွား... "


ဖေဖေက အနားရောက်လာပြီး ပြောလိုက်သဖြင့် မှော်ဝင် ဘာမှပြန်မပြောတတ်ဖြစ်သွားသည်။ ယခုမှ သီရိကို အားနာစိတ်ဖြစ်မိ၏။ 

သူ့ခမျာ သူမမျက်နှာပဲ ကြည့်နေရတာ မဟုတ်လား။


" အန်ကယ်... "


" သားဉာဏ် "


ထိုစဥ်မှာပင် ဉာဏ်ဝင့်သူ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာသဖြင့် မှော်ဝင် မျက်မှောင်ကုပ်၍ ကြည့်လိုက်ပြီး ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။ 


"အဘွား တော်တော်လေးနေမကောင်းဘူးဆိုလို့ သားလာခဲ့တာပါ "


"အေးကွာ... အခုမင့်အဘွားအိပ်နေတယ်၊ လူကြီးရောဂါပဲ ဆိုပါတော့ကွာ "


ဉာဏ်ဝင့်သူ စိတ်မကောင်းစွာ မျက်နှာညိုး၍ သက်ပြင်းမျှင်မျှင်လေးချလိုက်၍ မှော်ဝင့်ဆီ ဖျတ်ခနဲ အကြည့်ရောက်တော့ သူ လန့်ဖျပ်သွားရ၏။ သူ့ကို အစိမ်းလိုက်ဝါးစားတော့မလို မျက်နှာကြောတင်းကာ ကြည့်နေသောကြောင့်ပင်။ 


"သားရောက်လာတာနဲ့အတော်ပဲ၊ သားညီမတွေကို စောင့်ရှောက်ပြီး အပြင်ခေါ်သွားပေးပါလား၊ ညစျေးပတ်ကြပေါ့ "


" ဗျာ! သြော် ဟုတ်ကဲ့ "


ထိုသို့ပြောလိုက်တော့ သူ့မျက်နှာကို ရေနွေးပူဖြင့် ဖြန်းခနဲ စီးပတ်လိုက်သလိုမျိုး မှော်ဝင့်ဆီမှ အကြည့်တို့ကို လက်ခံရရှိပြန်လေသည်။ သူ အသက်ရှူရပ်သွားမလိုပင်။ ဦးဘုန်းခန့်အရှေ့မှာမို့ ဣန္ဒြေဆယ်လိုက်ရင်း လိုက်ပို့မည်ဟု ပြောလိုက်ရသည်။


"သမီးတို့အနွေးထည်ထူထူဝတ်သွားကြ၊ ရော့ သမီးလေး... မုန့်ဖိုး "


ဦးဘုန်းခန့်က မှော်ဝင်လက်ထဲသို့ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ၅ထောင်တန် တစ်အုပ်ထည့်ပေးလိုက်၏။ 


သီရိရှင်းသန့်သည် အပြင်သွားရမည်ဆိုတော့ သူမမျက်နှာကို ကြည့်၍ တပြုံးပြုံး ဖြစ်နေကာ ကြိတ်၍ဝမ်းသာရွှင်မြူးနေ၏။


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၈) ဆက်ရန်>>>


#ပတ္တမြားအလင်း


သည်အခန်းမှာ ကျွန်မအသည်းနှလုံး အနည်းငယ် ကွဲအက်သွားရပါကြောင်း...


rate now: