book

Index 16

အခန်း(၁၆)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


" မှော်ဝင် "


သူမ မျက်တောင်တစ်ချက် ခက်လိုက်ပါသည်။ သူမကို မေးခွန်းမေးသူက ဇော်ခန့်ပင်။ မေးခွန်းကြားပြီး အနည်းငယ်ကြောင်သွားမိသည်။


" ဘဝမှာ အလိုချင်ဆုံးဆုက ဘာဖြစ်မလဲ"


သေချာစဥ်းစားလိုက်ပြီးမှ တည်ကြည်စွာ သူမပြန်ဖြေလိုက်သည်။ 


" မရှိဘူး "


" Liar "


ထိုစကားကို မတိုးမကျယ် လေသံဖြင့် ပြောလိုက်သူမှာ သမာဓိပင်။ သမာဓိက မှော်ဝင်ရဲ့ မျက်စောင်းထိုးနေရာလောက်မှာ ထိုင်နေသည်။ 


" ဘာကြောင့်လဲ "


သူမပြောလိုက်၏။ သမာဓိက ပြုံးသည်။ ပြီးမှ ဖြေရှင်းချက်ပေးသည်။ 


"လူသားဖြစ်နေလို့ လိုအင်တောင်းတမှုဆိုတာ အနည်းနဲ့အများတော့ ရှိမှာပဲ၊ ဒါကို မရှိဘူးလို့ ယတိပြတ်ဖြေတာ လိမ်ရာမကျဘူးလား၊ မှားရင် ပြောလို့ရတယ်နော် "


သူ့ရဲ့စကားကို ပြန်လည်ချေပဖို့စကား သူမမှာ အသင့်ရှိမနေပါ။ ရုတ်တရက်မို့ ဘာမှမပြောနိုင် ဖြစ်နေသည်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး သေချာမစဥ်းစားခဲ့မိတာတော့အမှန်ပင်။ 


"လိုအပ်တဲ့အရာပဲရှိတယ်၊ အလိုချင်ဆုံးအရာဆိုတာ မရှိခဲ့ဘူး၊ လိုအပ်တာနဲ့ လိုချင်တာရဲ့ ကွဲပြားမှုကို သိမယ်ထင်တယ် "


မှော်ဝင့်အဖြေကို သမာဓိ သဘောကျသွားသဖြင့် ပခုံးတွန့်ကာ ဝိုင်ရည်အနည်းငယ်မော့သောက်လိုက်သည်။ 


မှော်ဝင်သည် အနည်းငယ်စိတ်ထွေသွားရာ လက်ထဲက အနီရောင်ဝိုင်ရည်အား အာစွတ်ရုံသာ သောက်လိုက်ပါသည်။ ကောင်းကင်ကို မော့ကြည့်တော့ လခြမ်းကွေးလေးကိုသာ မြင်ရသည်။ လပြည့်ပြီးပြီပဲ။ 


"ကဲ နောက်တစ်ယောက်က ဘယ်သူများလဲ... "


ပုလင်းရပ်သွားချိန် လူများ အုံးခနဲ တစ်ချက် ဝမ်းသာစွာ ထရယ်ကြသည်။ 


"သမာဓိပဲ... "


"ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အခိုက်အတန့်တစ်ခုက ဘာလဲ "


" ဟာ မေးခွန်းကြီးကလေ "


မိန်းကလေးတွေဘက်က ထွက်လာသောအသံပင်။ 


သမာဓိ နိီစွေးသော နှုတ်ခမ်းအား မဲ့ကာပြုံးလိုက်ပြီး ပခုံးနှစ်ဖက်တွန့်၍ ' drink ' ဟု ပြောကာ ဝိုင်သောက်လိုက်သည်။


ညကတဖြည်းဖြည်း အေးစက်ခြင်းတွေ ဆောင်ယူလာနေပေမယ့် ကမ်းခြေပေါ်က လူများကတော့ လျစ်လျူရှုကာ ပျော်လို့ကောင်းနေတုန်းပင်။ 


" မှော်... ချီးယား "


ညိုချောက ခွက်ချင်းလာတိုက်သည်။ ပြီးတော့ ခွက်ထဲက ဝိုင်တွေ အားလုံးကုန်အောင်သောက်လိုက်သည်။ သူမကိုလည်း သောက်လေဟု မေးငေါ့ပြောသည်။ တစ်ငုံသောက်လိုက်သည်။ မွှေး၍ လျှာဖျားမှာ ချိုသောအရသာကို ခံစားရပြီး မြိုချလိုက်သောအခါ လည်ချောင်းတစ်လျှောက် နွေးသွားသည်။ သောက်လို့ကောင်းသည်ဟု ဆိုရမည်။ အချမ်းဓာတ်တောင် လျော့သွားသလိုပင်။ ခန္ဓာကိုယ်လေး ပူနွေးလာ၏။ 


သီရိကလည်း ချီးယားလာလုပ်ပြန်သည်။ တစ်ငုံသောက်လိုက်၏။ ပတ်ဝန်းကျင်အနေအထားအရ သူစိမ်းနယ်မြေမို့ အလွန်အကျွံ မသောက်ရန်နှင့် မိမိ၏ လစ်မစ်အား မကျော်ရန် သူမကိုယ်တိုင် သတိထားနေပြီး သီရိတို့ကိုလည်း တားနေရသည်။ 


ကစားပွဲပြီးသွားသောအခါ အဆိုအတီးတွေ အလှည့်ရောက်လာပြန်သည်။ ကိုဇော်ကြီးက ဒိုင်ခံဂီတာတီးပေးပြီး မိန်းကလေးတွေနှင့် ယောကျ်ားလေးတွေက တစ်လှည့်စီ သီဆိုကခုန်နေကြသည်။ 


"သမာဓိ... မင်းငြိမ်မနေနဲ့လေကွာ၊ တစ်ပုဒ်လောက် ဝင်အားဖြည့်ပါဦး "


" မလုပ်ပါနဲ့ဗျာ "


" လာပါကွာ၊ တစ်ပုဒ်လောက်ပါ၊ ကောင်မလေးတွေ နင်တို့လည်း ပြောကြလေဟာ "


"ကိုသမာဓိကလည်း လုပ်ပါ၊ တစ်ပုဒ်လောက်ပဲ ဆိုပေးပါနော် "


" တစ်ပုဒ်ထဲပါ ကိုသမာဓိရယ်... "


"ကဲ တစ်ပုဒ်ပဲနော် "


သမာဓိ ရှေ့ထွက်လာသည်။ ကိုဇော်ကြီးဆီက ဂီတာလှမ်းတောင်းကာ ကြိုးညှိလိုက်၏။ သီချင်းဆိုဖို့ ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပါသည်။ ရှည်လျားဖြူဖွေးသော လက်ချောင်းတွေက ကြိုးတွေကို အရင်တီးခတ်လိုက်သောအခါ သံစဥ်တစ်ခုထွက်ပေါ်လာရင်း ...


🎶 Humm... hm hm... 🎶


🎶 Woah... Oh Oh... 🎶


🎶 It's always a good time 🎶


🎶 Woah... Oh Oh... 🎶


🎶 It's always a good time 🎶


🎶 What's up with this prince song inside my head 🎶


🎶 Hands up, if you're down to get down tonight 🎶


🎶 Cause it's always a good time 🎶


🎶 Slept in all my clothes, like i did'nt care 🎶


🎶 Hopped into a cab take me anywhere 🎶


🎶 Cause it's always a good time 🎶


သီချင်းသံစဥ်ရော စာသားရော သီဆိုတဲ့လူပါ မိုက်နေသဖြင့် ငိုက်မြည်းလာပြီဖြစ်တဲ့ မိန်းကလေးတွေ ခေါင်းထောင်လာကာ တချို့သိသူက သီချင်းကို လိုက်ညည်းရင်း လက်ဖျောက်တီးကာ စီးမျောကခုန်နေ၏။ ထိုစဉ်မှာပင် မှော်ဝင့်ဘေးနား တစ်ချိန်လုံး ကပ်နေသည့် သီရိက သီချင်းစာသားတချို့ ရွတ်ဆို​လိုက်ရင်း သမာဓိနားသို့ လျှောက်သွား၏။ 


🎶 Good morning ... and good night 🎶


🎶 I wake up at twilight 🎶


🎶 It's gonna be alright 🎶


သမာဓိနဲ့ သီရိရှင်းသန့်သည် နှစ်ယောက်အတူတွဲ၍ ပျော်ပျော်ပါးပါး သီဆိုကခုန်ကြသည်။ ညက ပို၍ အရောင်တောက်လာသည်။ ပို၍ လှလာသည်။ ပို၍ တန်ဖိုးရှိလာသည်။ 


သူမခေါင်းထဲ ရိပ်ခနဲ ရိပ်ခနဲ တစ်ချက် တစ်ချက် မူးဝေလာသည်။ သူမ နားမှဖြစ်တော့မည်။ သီရိသီချင်းဆိုနေတာကို ဆုံးအောင် နားမထောင်နိုင်ဘဲ နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်တော့ ခြေထောက်တွေ မခိုင်ချင်တော့ ။ ဣန္ဒြေထိန်းလိုက်ရင်း လှည့်ထွက်လာခဲ့သည်။ သူမထွက်လာတာကို သီရိမမြင်ပါ။ တခြားသူတွေတော့ မြင်မယ်ထင်သည်။ 


🎶 We do'nt even have to try, it's always a good time 🎶


🎶 Woah oh oh... 🎶


🎶 Oh oh oh... 🎶


🎶 It's always a good time 🎶


🎶 Freaked out dropped my phone in the pool again 🎶


🎶 Checked out of my room, hit the ATM 🎶


🎶 Let's hang out, if you're down to get down tonight 🎶 


🎶 Cause it's always a good time 🎶


မှော်ဝင်သည် သီချင်းသံနှင့် ဝေးရာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တော့သည်။

ရုတ်ချည်း ​ခြေထောက်တွေ ကွေးညွတ်သွားကာ သဲသောင်ပြင်ပေါ်သို့ ဒူးထောက်လျက် ကျသည်။ ငါထနိုင်တယ်၊ သုံးငုံလောက်ပဲ သောက်ထားတာ။ ကုန်းကျုံးထနေပေမယ့် ခြေထောက်တွေက အားမရှိ။ စောနကအထိ အကောင်းချည်းပါ။ ဝိုင်​က ဒီလောက်ထိမပြင်းမှန်းလည်း သိနေသည်။ တစ်ခုခုပဲ...။ 


" ဝေါ့ "


အန်ချင်သလိုကြီးဖြစ်လာသည်။ ထလို့မရသဖြင့် သောင်ပြင်မှာ လေးဖက်ထောက်ပြီး သွားနေရသည်။ သူမပုံစံက တကယ့်ကို မြင်ရသူအဖို့ ဗရမ်းဗတာဖြစ်နေမှာပင်။ ရှက်စရာဟုပင် မတွေးမိဘဲ မတ်တပ်ရပ်နိုင်ဖို့သာ ကြိုးစားနေမိသည်။ 


" ဝေါ့ ဝေါ့ "


အန်ချလိုက်တော့ လေတွေချည်းသာ။ ခန္ဓာကိုယ်ကပါ ယိုင်လဲသွားပြီး ကမ်းခြေအစပ်မှာ ကွေးကွေးလေးရှိနေ၏။ လှိုင်းပုတ်သံကို မကြားတစ်ချက်ကြားတစ်ချက်။ ​ခြေဖျားကိုလည်း အေး၍စွတ်စိုသောအရာက ခဏခဏလာထိတာကို ခံစားရသည်။ ဘာမှန်းမသိ...။ အမြင်တွေဝါးလာ၏။ မှိတ်ခါနီး မျက်လုံးတွေကို အတင်းပြူးကျယ်ထားရသည်။ ဝိုင်ချည်းသက်သက်ဆို သူမဒီလောက်ထိ ဖြစ်နေမှာမဟုတ်၊ သေချာသည်။ ဝိုင်ထဲမှာ တစ်ခုခုရောထားတာ ဖြစ်ရမည်။ ကျစ်...။


သမာဓိအပြန်လမ်းမှာ သောင်ပြင်ပေါ် အမည်းရိပ်တစ်ခုလှမ်းတွေ့လိုက်ရသဖြင့် ရပ်၍ လှမ်းမျှော်ကြည့်ရင်း အသာဆက်လျှောက်လာခဲ့တော့...


လူတစ်ယောက်၊ ပုံလျက်သားလေး။ ဇဝေဇဝါဖြင့် အနားကပ်ကြည့်လိုက်လေလျှင် သူသိပ်အံ့သြသွားသည်။ မှောင်ရိပ်ကျနေသဖြင့် မျက်နှာကို ပီပီပြင်ပြင်မမြင်ရပေမယ့် ကိုယ်နေဟန်ထား ကြည့်ရသလောက်တော့... အင်း...။ သူသက်ပြင်းချလိုက်ရင်း ပတ်ဝန်းကျင်ကို ကြ​ည့်ရှုလိုက်ရာ လူတစ်ယောက် ကြွက်တစ်မြီးမှမတွေ့။ ကိုဇင်ကိုလတ်တို့ကလည်း အဝေးမှာ။ သမာဓိ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ သူမရဲ့ ပခုံးသားကို လှုပ်ကာနိုးလိုက်ရင်း ခေါ်လိုက်သည်။


" မှော်ဝင် မှော်ဝင်... "


သူမ ဘာလို့ ယခုလိုပုံစံဖြစ်နေတာလည်း သူနားမလည်နိုင်တော့ပါ။ မသောက်နိုင်ရင်လည်း အစထဲက မသောက်ဘဲနေခဲ့သင့်တာ မဟုတ်လား။ သူမဖြစ်နေလို့ကို သူ့မှာ အံ့မခန်းဖြစ်နေရ၏။ 


မှော်ဝင် ခန္ဓာကိုယ်ကို ပခုံးသားမှ ဆွဲယူထူမတ်လိုက်တော့ ပျော့ဖက်ကာ ပါလာသည်။ မိန်းကလေးတစ်ယောက်ထဲ သောင်ပြင်မှာ စွန်လွှတ်သလို လွှတ်ထား၍ မသင့်တာမို့ ပွေ့ချီဖို့ပြင်လိုက်စဥ် သူမက လှုပ်ရှားလာသည်။


" မှော်ဝင်... သတိထားဦး "


သူမ မျက်လုံးပွင့်လာပြီး သူ့ကို ရီဝေသောအကြည့်ဖြင့်ကြည့်နေ၏။ ပြီးတော့ မျက်လုံးပြန်မှိတ်သွားပြီး ခေါင်းလေးအပေါ်သို့ လန်သွားသည်။ သက်ပြင်းချသံ ကြားရသည်။


"လာ အခန်းပြန်လိုက်ပို့ပေးမယ် "


သမာဓိ မှော်ဝင်ရဲ့ ခါးလေးကိုဖက်၍ လက်မောင်းတစ်ဖက်ကိုကိုင်လျက် တွဲခေါ်ပေမယ့် သူမက သူနှင့်အတူပါမလာဘဲ ပေရပ်နေသည်။ သူငဲ့ကြည့်လိုက်၏။ သူမက သူ့ကို မျက်လုံးမှေးစင်းလျက် ကြည့်နေတာပင်။ မျက်မှောင်ကြုတ်သွားပြီး မှော်ဝင်ကို သူမေးလိုက်သည်။


" ဘာလဲ "


" ရှင်ဘယ်သူလဲ... "


ခပ်လေးလေး ပြန်မေး၏။ 


" အေ့ "


မှော်ဝင် လေတက်လိုက်သဖြင့် သူဖျတ်ခနဲ မျက်နှာလွှဲလိုက်သည်။ ထိုအခါ သူမက သူ့လက်ထဲမှ လျောထွက်ပြီး သူ့ဘာသာ လျှောက်သွားရင်းက လဲကျပြန်တော့ သူအသံထွက်အောင် ရယ်လိုက်မိသည်။ မူးသာမူးနေတာ သူများအကူအညီတော့ ဘယ်တော့မှ မယူဘူးပေါ့လေ။ အဟက်...။


သူမအနားလျှောက်သွားပြီး လက်တစ်ဖက် ရှေ့ထုတ်ကာ ကမ်းပေးလိုက်တော့ သူမက သူ့လက်ကိုကိုင်၍ထသည်။ ပြီးတော့ ရုတ်တရက်ပင် သူမက လက်တစ်ဖက်မြှောက်လာပြီး သူ့ပါးကို လာထိတွေ့သဖြင့် ကြက်သီးမွှေးညှင်းဖြာထသွားရတော့သည်။ကျောထဲမှာစိမ့်၍ ရင်ထဲမှာနွေးသွားသည်။ 


လရောင်ပျပျအောက် ငွေမှင်ရောင်လေးတွေ ဖြာထွက်နေသော ပင်လယ်ပြင်မှ လှိုင်းကြပ်ခွပ်သံလေးတွေကို သာယာငြိမ့်ညောင်းစွာ ကြားနေရသည်။ လူနှစ်ယောက် အရမ်းကိုနီးကပ်စွာရှိနေပြီး အကြည့်ချင်းဆုံနေ၏။ ထိုအကြည့်တွေက ပင်လယ်ပြင်၏ ဆွဲငင်အားကြောင့် အေးမြသည်။ လှိုင်းကြပ်ခွပ်လေးတွေကဲ့သို့ ရင်ခုန်နှုန်းတွေ တည်ငြိမ်မှုမရှိ။ 


" ရှင်ဘယ်သူလဲ "


မှော်ဝင်က သမာဓိရဲ့ ဆွဲမက်ဖွယ် မျက်လုံးတွေကိုသာကြည့်ပြီး သည်မေးခွန်းကိုသာ ထပ်တလဲလဲမေးနေသည်။ သူမမေးတိုင်း သူမဖြေပါ။ နာမည်တစ်ခုက ဘယ်လောက်အရေးပါကြောင်း သူသိနားလည်သည်။ သူမက သူဟုတ်မဟုတ်ကို အတည်ပြုချင်နေတာပဲ။ သူမမျက်လုံးထဲ စိတ်ထဲမှာ ဝေခွဲမရသဖြင့် ထပ်ခါထပ်ခါ မေးနေမှန်းလည်း သဘောပေါက်သည်။ 


ကော့ပျံနေသည့် မှော်ဝင်ရဲ့ မျက်တောင်ရှည်တွေ တစ်ချက်လှုပ်ခက်သွားတိုင်း သူ့ရင်ထဲ တုန်ခါသွားသည်။ ပါးပြင်ပေါ်က သွေးကြောစိမ်းလေးတွေက သူ့သွေးသားတွေကို ဆူပွက်စေသည်။ တင်းတင်းစေ့ထားနေကျ နှုတ်ခမ်းဖူးလေးတွေကို ပွင့်ဟလျက် မြင်လိုက်ရသောတစ်ခဏ သူအရာအားလုံးမေ့သွားကာ ယောကျ်ားတစ်ယောက်ရဲ့ ဟော်မုန်းဓာတ်တွေ နှိုးထလာသည်ဟု ဆိုရမလား။ လက်ဖျားတွေ အေးစက်လျက် အသက်ရှူဖို့ခက်ခဲစွာ မိမိကိုယ်နှင့်စိတ် တိုက်စစ်ဆင်နေသည့်အချိန်မှာ မှော်ဝင်က သူ့မျက်နှာနား တရိပ်ရိပ် တိုးကပ်လာချိန်ဝယ် သူ လေဟာပြင်ထဲ ရောက်ရှိသွားတော့သည်။ 


နူးညံ့နွေးထွေးသော နှုတ်ခမ်းလွှာနှစ်ခု ထိကပ်မိချိန် သူ့နှလုံးခုန်သံတွေ ဟိုးအမြင့်ဆုံးရောက်ရှိသွားကာ သူမကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်လျက် တခြားကမ္ဘာသို့ ရွက်လွှင့်နေမိတော့သည်။ ကဗျာဆန်လှပသော အနမ်းပွင့်ချပ်လေးတွေက လေနှင်ရာ လွင့်မျောနေသည်။ တုန့်ပြန်အနမ်းတွေကို လက်ခံရရှိတဲ့အခါ အရှင်လတ်လတ် နိဗ္ဗာန်သို့ ရောက်သွားသလားဟု ထင်မှတ်မိသည်။


ရုတ်တရက် မှော်ဝင် ငြိမ်သက်သွားသဖြင့် သူမနှုတ်ခမ်းနှစ်လွှာကို အသာလွှတ်ပေးလိုက်ပြီး ကြည့်လိုက်စဥ်မှာပင် သူမက သမာဓိရဲ့ ပခုံးပေါ် မျက်နှာအပ်ကျလာသည်။ သူ နှစ်ခြိုက်စွာ ပြုံးရယ်မိသွားရသည်။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။

သူမရဲ့ ကိုယ်သင်းနံ့လေး သူ့ကိုယ်မှာ စွဲထင်ကျန်ရစ်တော့မှာပင်။ ဖက်ထားတဲ့လက်တွေကို ဖြုတ်မချချင်ပါ။ သည်နေရာမှလည်း တစ်ဖဝါးမှ မခွာချင်ပါ။ သူမကိုလည်း သွားခွင့်မပြုနိုင်ပါ။ ဒီည အဖြစ်အပျက်တွေကို မင်းမှတ်မိနေရမယ်နော် ban... ။ မှော်ဝင့်လည်ကုပ်သားကို ဖိကပ်ကာ နမ်းရှိုက်ရင်း သမာဓိ အမှတ်အသား ပြုလုပ်လိုက်သည်။ 

 

မင်းနဲ့ငါ့ရဲ့ ဆက်ဆံရေးကို ရှေ့လျှောက် ဘယ်လိုအမည်တပ်ရမလဲ...။ 


°°°°°°°°°°°°°°


အခန်းထဲမှာ အသံဗလံတွေဆူညံနေသဖြင့် ဆက်အိပ်လို့မရတော့ဘဲ မှော်ဝင်နိုးသွားသည်။ မျက်ရိုးတွေကိုက်နေရာ ချက်ချင်းမျက်လုံးမဖွင့်ဘဲ ခဏနေမှဖွင့်ကြည့်လိုက်သောအခါ ထိတ်လန့်သွားရသည်။ 


 " Morning... "


မျက်လုံးဖွင့်ဖွင့်ချင်း သီရိရှင်းသန့်မျက်နှာအား နီးကပ်စွာ တွေ့လိုက်ရလို့ပင်။ ထို့နောက် သီရိက သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးပြ၏။ 


" ကျစ်! အား... "


ခေါင်းကိုလက်ဖြင့် ဖိကိုင်ရင်း လှဲနေရာမှ ထထိုင်လိုက်တော့ သီရိက သူ့လက်မောင်းကိုကိုင်၍ ထူပေးသည်။


" မှော်ဝင် နိုးပြီလား၊ ညကဘယ်အချိန်ပြန်သွားမှန်းတောင်မသိလိုက်ဘူး "


ညိုချောက ပစ္စည်းတွေသိမ်းနေရင်း သူမဘက်သို့ လှည့်၍ပြောသည်။


"ငါ ဒီကို ဘယ်လိုပြန်ရောက်နေတာလဲ "


"မမှတ်မိဘူးလား၊ သီရိသီချင်းဆိုပြီးတော့ မှော့်ကို မတွေ့တာနဲ့ အခန်းပြန်လာတော့ မှော်က ခုတင်ပေါ် မှာအိပ်ပျော်နေတယ်လေ"


" ဟုတ်လား... "


"သူ့အကျီမှာ သဲတွေရွှံ့တွေ ပေပွနေလို့ ငါတို့အဝတ်အစားလဲပေးရတယ်ဆိုတဲ့ အကြောင်းပါပြောလိုက်ပါဦး "


"ဟုတ်တယ် ဟုတ်တယ် "


ထုံးစံအတိုင်း သူမဘာမှ မမှတ်မိတော့။ တော်သေးတာပေါ့၊ အခန်းပြန်ရောက်သေးလို့။ 


"မှော့်ပစ္စည်းတွေ သီရိအိတ်ထဲထည့်ပေးပြီးသွားပြီ သိလား၊ လန်းသွားအောင် ရေသွားချိုးလိုက် ပြီးရင် ဆေးတိုက်မယ် "


ကိုယ်ပေါ်လွှားခြုံထားသည့် စောင်ကိုခွာချလိုက်ပြီး ရေချိုးခန်းထဲ တရွေ့ရွေ့လျှောက်သွားလိုက်ပါ၏။ ပြန်ထွက်လာတော့ အဝတ်စားလဲပြီး သီရိတိုက်သည့် အမူးပြေဆေးသောက်လိုက်သည်။ ပစ္စည်းတွေ စုံမစုံပြန်စစ်ကြည့်ပြီး ထမင်းစားဆောင်သို့ ထွက်လာကြသည်။ ပြီးရင် check out လုပ်ကာ တစ်ခါတည်း ရန်ကုန်ပြန်ကြမည်။ ရန်ကုန်ပြန်လက်ဆောင်ကိုတော့ မနေ့ကတည်းက အပြီးဝယ်ထားပြီးဖြစ်သည်။ 


"သီရိက ရန်ကုန်မှာနေခဲ့မှာလား... "


"ဟင့်အင်း... မှော်နဲ့အတူ တောင်ကြီးလိုက်သွားမှာ၊ ဘွားဘွားကို သွားကန်တော့မယ်၊ ပြီးရင် ကြုံတုန်းလေး တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလည်း သီရိပါဝင်နွှဲသွားမယ်လေ၊ ညိုချောကရော... "


"ကိုယ်လည်းတောင်ကြီးပြန်ရမှာ၊ သိတဲ့အတိုင်း အိမ်ကပွမ်နေပြီလေ "


" ဟုတ်လား အဟင်း... "


မနက် ၉နာရီဝန်းကျင်လောက်မှာ ငပလီမှ စတင်ထွက်ခွာခဲ့ကြပြီး နေ့လည် ၃နာရီနီးပါး(ခန့်မှန်းခြေ) တွင် ရန်ကုန်မြို့ထဲ ဝင်ရောက်လာခဲ့ကြ၏။ ရန်ကုန်မြို့မှနေ၍ မှော်ဝင်ကိုယ်ပိုင်ကားဖြင့် သူမတို့သူငယ်ချင်းသုံးယောက် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့ကြပြန်သည်။ တနေကုန် ကားပေါ်မှ ဆင်းရတယ်မရှိပါ။ ညောင်းညာနေ၏။ ကားမမူးတတ်တာ တစ်ခုကောင်းသည်ဟု ဆိုရမည်။ ဘယ်ခရီးနှင်နှင် လူငယ်ပီပီ အမြဲရယ်ဒီပင်။ 


°°°°°°°°°°°°°°°°°°°°°


ယနေ့မနက် အစောဆုံးဖလိုက်နဲ့ သမာဓိလည်း ရန်ကုန်သို့ အရေးပေါ်ပြန်လာခဲ့ရသည်။ အကြောင်းမှာ ဒေါ်ပန်းဖြူ ရုတ်တရက် အမောဖောက်လာသဖြင့် မနက်လင်းအားကြီး ရန်ကုန်ဆေးရုံကြီးသို့ တက်လိုက်ရသည်ဟု ကြားသိရခြင်းကြောင့် ဖြစ်သည်။ ဖေဖေက ဆောက်လုပ်ရေးဆိုက်တစ်ခုကို ကြီးကြပ်နေရသဖြင့် ခရီးလွန်နေခဲ့ရာ ချက်ချင်းပြန်မလာနိုင်ခဲ့ပါ။ 


" နှလုံးသွေးကြောကျဥ်းတာတဲ့၊ အချိန်တစ်ခုထိ စောင့်ကြည့်ရမယ်တဲ့၊ အခြေအနေဆိုးလာရင် ခွဲစိတ်ရမယ်လို့ ဆရာဝန်ကြီးက ပြောတယ် "


ထို့ကြောင့် သူ နှလုံးခွဲစိတ်ဆရာဝန်ကြီး ဦးဘုန်းခန့်နဲ့ သွားတွေ့ခဲ့ပါသည်။ ဆရာဝန်ကြီးက သိပ်စိတ်မပူဖို့နှင့် ဆေးရုံမှာပဲ အခြေအနေစောင့်ကြည့်ပြီး လိုအပ်တာလုပ်ပေးဖို့ သူအမြဲရှိနေမည်ဖြစ်ကြောင်း ပြောပါသည်။ 


မေမေ့ကို ဆေးချိတ်ပေးထားသဖြင့် အိပ်နေပါသည်။ သူ မေမေ့ကို ၂၄ နာရီပတ်လုံး ဂရုစိုက်စောင့်ကြည့်နေခဲ့သည်။ မေမေဘာမှ မဖြစ်ရဘူး၊ ဘာမှအဖြစ်ခံမှာမဟုတ်ဘူး။ 


°°°°°°°°°°°°°°°°°°°


" ကြီးဆွေရောက်နေတယ် "


" သမီးလေး... ပြန်လာပြီလား "


သူမတို့အိမ်ထဲဝင်လာတော့ ကြီးဆွေက ထွက်ကြိုသည်။ ကြီးဆွေကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် သူမ အလွန်ပျော်သွားမိသည်။ ကြီးဆွေက သူမငယ်ငယ်ထဲက အရွယ်ရောက်သည်အထိ ထိန်းကျောင်းလာသည့် ဆွေးမျိုးနီးစပ်တော်သူပင်။ 


" သမီးလေးက အတောင်အလက်တွေစုံပြီး လှလာလိုက်တာ "


" ကြီးဆွေက အရင်အတိုင်းပဲ "


အထုပ်တွေဧည့်ခန်းမှာချပြီး နှစ်ယောက်ထိုင်ဆိုဖာ၌ ထိုင်လိုက်ကြကာ သီရိကို ကြီးဆွေနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ 


" သြော် နားကြလေ၊ ကြီးဆွေ သမီးကြိုက်တတ်တဲ့ ဟင်းတွေချက်ပေးထားမယ် "


" ဟုတ်ကဲ့ ကြီးဆွေ "


သူမတို့ တစ်ရေးအိပ်ပြီး ထလာတော့ ညနေစောင်းနေပြီ။ ကြီးဆွေက ထမင်းပွဲအသင့်ပြင်ထား၏။ 


" ဖေဖေတို့အတွက် ဦးဖယ်ထားတယ်မဟုတ်လား၊ ကြီးဆွေ "


" မောင်ဘုန်းခန့်အတွက် ကြီးဆွေဖယ်ထားပါတယ်၊ မကေခိုင်က ညောင်ရွှေသွားတယ်လေ၊ ဒီနေ့ပြန်လာမယ်မထင်ဘူး "


" မေမေ ညောင်ရွှေသွားတယ် ဟုတ်လား..."


" ဟုတ်တယ် ဒီနေ့ဆို နှစ်ရက်ရှိပြီ "


ထမင်းဖြူပေါ် ဟင်းချိုဆမ်းနေသည့် လက်ကတုန့်ဆိုင်းသွားကာ ခဏငြိမ်သက်စဥ်းစားနေပြီးမှ စကားဆက်လိုက်ပါသည်။


"ကြီးကြီးတို့ နေမကောင်းလို့လား "


" အဲဒါတော့ ကြီးဆွေလည်းမသိဘူး၊ ကြီးဆွေကို အိမ်ခဏလာစောင့်ခိုင်းလို့ ရောက်နေတာ "


စဥ်းတော့စဥ်းစားစရာပဲ။ မေမေက အကြောင်းကိစ္စမရှိဘဲ ဘယ်ကိုမှ အကြာကြီးခရီးသွားတတ်သူမဟုတ်။ သူမကိုလည်း ဘာမှမပြော။ စိတ်ထဲ အနည်းငယ် လေးပင်သွားရသည်။ ထမင်းစားချင်စိတ်တောင်မရှိတော့။ သို့သော် ပန်းကန်ထဲက ထမင်းကုန်အောင် ဖျစ်ညှစ်စားလိုက်ပြီး စိတ်ထဲရှင်းသွားအောင် မေမေ့ဆီ ဖုန်းလှမ်းဆက်လိုက်ပါသည်။ 


" မေမေ အခု ညောင်ရွှေမှာဆို၊ သမီးပြန်ရောက်ပြီ "


" အေး... "


မေမေ့အသံက ကြည်လင်ရွှင်ပျခြင်းမရှိ။ လေးဖင့်နေ၏။ ထို့ကြောင့် အနည်းငယ် စိုးထိတ်သွားရပြန်သည်။ 


" သမီးလာခဲ့ရမလား မေမေ "


" မလာခဲ့နဲ့ "


မေမေ့ရဲ့ အသံက စူးရှကျယ်လောင်နေပါသည်။ ပြီးတော့ စကားသံတချို့လည်း ဖုန်းထဲမှတစ်ဆင့် ကြားနေရ၏။ ကြီးကြီးတို့ အသံပင်။ အသံက မသဲကွဲပါ။ ငိုသံလား၊ အော်သံလား၊ တစ်ခုခုပင်။ နားအူသွားသဖြင့် ဖုန်းကို နားမှခွာလိုက်ရသည်။ 


" ဟဲလို ဟဲလို "


ဖုန်းချသွားပြီ။ ဘာတွေဖြစ်နေကြတာလဲ။ ဒီတစ်ခါမှာတော့ သူမသိချင်မိသည်။ ဘယ်လိုမှ မစဥ်းစားတတ်ပါ။ ဒီတော့ သူမ ဆုံးဖြတ်ချက်ချလိုက်၏။ ညောင်ရွှေလိုက်သွားမည်။ 


" ကြီးဆွေ... မှော် ညောင်ရွှေလိုက်သွားဦးမယ်၊ ပြီးတော့ ဟိုမှာပဲ ညအိပ်လိုက်တော့မယ်၊ ဖေဖေ့ကို မှော်ပဲ ဖုန်းဆက်လိုက်မယ် ကြီးဆွေ "


" သမီးလေး... မိုးချုပ်နေပြီ၊ မနက်မှသွားကြပါလားကွယ်၊ ကြီးဆွေစိတ်မချဘူး၊ မကေခိုင်လည်း လိုက်လာစေချင်မှာမဟုတ်ဘူး... နော် သမီးလေး "


" ရပါတယ်ကြီးဆွေ၊ မှော်သွားနေကျပါ "


မှော်ဝင် ကျောပိုးအိတ်လေးကောက်လွယ်တော့ သီရိကလည်း ကျောပိုးအိတ်လွယ်၍ ရှေ့မှထွက်သည်။ ကားမောင်းနေသည့် တစ်လျှောက်လုံး သီရိက သူမမျက်နှာအား အရိပ်တကြည့်ကြည့်ပင်။ 


" မှော်... ဘွားဘွားရော နေကောင်းတယ်မလားဟင်၊ ပြန်ရင် ဘွားဘွားကို ဝင်တွေ့ကြမယ်နော် "


သီရိက သူမစိတ်လှုပ်ရှားနေမှန်းသိ၍ ဘေးနားက စကားတွေပြောပေးနေသည်။ အပြင်မှာ မှောင်ရိပ်သန်းနေပြီ။ ကြီးကြီးတို့အိမ်ဝင်ဖို့စိတ်ကူးရုံရှိသေး မလတ်တို့အိမ်ကို ဖြတ်သွားရမည်မို့ မလတ်တို့အိမ်ကို အရင်ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ကာ မလတ်တို့ခြံရှေ့ကားရပ်လိုက်သောအခါ...


" အုန်း... "


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၇) ဆက်ရန် >>>


#ပတ္တမြားအလင်း


Take care Lovely.


rate now: