book

Index 15

အခန်း(၁၅)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


ပြာလဲ့နေသောကောင်းကင်အောက် အဆုံးမရှိသည့် ပင်လယ်ပြာ၊ ဖြူလွလွသဲသောင်ပြင်ထက် ဘောကွင်းပိုက်၍ ဆင်းလာနေသော လူအများကို ကုန်းမြင့်တစ်နေရာမှ လှမ်း၍ မြင်နေရ၏။ သူလည်းပဲ ပင်လယ်ထဲဆင်းဖို့ ဆိုင်းပင်းနေ၏။ တချို့လည်း စက်ဘီးကိုယ်စီဖြင့်။ တချို့ကတော့ သောင်ပြင်မှာ ဘောလုံးကန်နေကြသည်။ မရှိမဲ့ရှိမဲ့ ခရုခွံတွေကို ကောက်နေသည့် မိန်းကလေးတွေကိုလည်း တွေ့နေရသည်။ 


သမာဓိသည် ခရမ်းရောင်ဘောင်းဘီတို၊ အစိမ်းရင့်ရောင် ရှပ်အကျီလက်တိုကို ဝတ်ထားပြီး ရေထဲဆင်းလာခဲ့သည်။ ခြေချောင်းတွေက သဲတွေထဲနစ်ဝင်သွားပြီး လှိုင်းပုတ်လိုက်ရာ သူ့ခြေချင်းဝတ်ထိ ရေထဲမြုပ်သွားတော့သည်။ ထို့နောက် ပင်လယ်ရေ ရင်ခေါင်းလောက်ရောက်သည်အထိ ဆက်ဆင်းလာခဲ့၏။ 


၁၅ မိနစ်လောက်ကြာတော့ ကိုဇင်ကိုလတ်တို့အဖွဲ့ ကမ်းခြေဘက်ဆင်းလာသည်။ သူ မျက်လုံးတစ်ချက်ဝေ့ကာ အားလုံးကို ခြုံငုံကြည့်လိုက်၏။ သူမျှော်နေသောသူပါမလာပါ။ ရေထဲကနေ ဇင်ကိုလတ်ကို သမာဓိ လက်လှမ်းပြလိုက်၏။ သူ့ကိုတွေ့သွားပြီး လက်လှမ်းပြကာ ဘောကွင်းကိုယ်စီဖြင့် ရေထဲဆင်းလာကြတာ တွေ့ရသည်။ 


"ကြာပြီလားကွ "


" မကြာသေးပါဘူး၊ ခုတင်ရေထဲဆင်းလာတာ "


"အေးနေတာပဲ၊ မဆင်းခင် တစ်ခွက်လောက်ချလာရမှာ "


" ကိုနော် "


" အေးလို့ပါကွာ ချောကလည်း... "


ရေနက်ထဲသို့ ဇင်ကိုလတ်က ဆင်းသွားသည်။ ညိုချောက ဘောကွင်းထဲဝင်လိုက်ချိန် လှိုင်းအုပ်သွားသဖြင့် ဘောကွင်းတခြား လူတစ်ခြားဖြစ်သွားပြီး ခပ်မြင့်မြင့်ထုံးလာသည့် ဆံပင်တွေ ရေစိုသွားတော့ ညည်းသံထွက်လာ၏။


" ကို... ချောဆီလာဦး၊ ဒီမှာ စိုကုန်ပြီ "


" လာပြီ၊ ဒါနဲ့ မှော်ဝင်တို့ရော ဆင်းမလာဘူးလား "


ညိုချောက တစ်ဖက်လှည့်ကာ ခပ်လွယ်လွယ်ဖြေလိုက်၏။ 


" ဘယ်သိမလဲ "


ထိုအချိန် ကျန်မိန်းကလေးများနှင့် ယောကျာ်းလေးများက ဘောကွင်းလုနေကာ ဆူညံနေ၏။ သမာဓိ ရေဆက်ကူးချင်စိတ်ပျောက်ကာ ကုန်းပေါ်ပြန်တက်ဖို့ ပြင်ချိန် ဇင်ကိုလတ်က လှမ်းမေးသည်။ 


"တက်တော့မလို့လားကွ၊ နေပါဦး "


" ဆားငန်ရည်တွေ နားထဲဝင်သွားလို့၊ ကျွန်တော် အရင်တက်နှင့်တော့မယ်၊ ညစာစားတဲ့အခါ ပြန်ဆုံတာပေါ့ "


"အေး... ဂရုစိုက်ဦး "


ရေတွေစိုထားသဖြင့် ရှပ်အကျီက အသားမှာကပ်နေကာ သမာဓိအကျီကို လုံးချေ၍ ရေညစ်ချလိုက်၏။ အကျီအောက်မှာရှိနေသည့် ဖုထစ်နေသော အသားစိုင်တွေက အထင်းသား။ မြင်သူတိုင်းကို တမင်ဆွဲဆောင်နေသယောင်။ ပြီးတော့ ကုန်းပေါ်ပြန်တက်လာသောအခါ ကမ်းခြေဘက်ဦးတည်၍ မောင်းနှင်လာသော ဂျပန်ဘီးပေါ်က မိန်းကလေးနှစ်ယောက်က သူ့မြင်ကွင်းထဲ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သည်။ သူ့ခြေထောက်တွေကို သဲတွေက ဆွဲစုတ်ထားလေသလား၊ ရှေ့လှမ်းလို့မရဘဲ တောင့်တင်းစွာ ရပ်ကြည့်နေမိသည်မှာ သူနှင့် အနီးဆုံးရောက်ရှိလာမှ လွှတ်ခနဲ သတိဝင်လာကာ မျက်နှာလွှဲလိုက်ရသည်။ 


မှော်ဝင်တို့သည် ရေထဲမဆင်းဘဲ ကမ်းခြေမှာ စက်ဘီးနင်းဖို့ ရွေးချယ်လိုက်သည်။ ညနေခင်း ကမ်းခြေအလှကို စက်ဘီးပေါ်ကနေ အသေချာထိတွေ့ ခံစားနေရ၏။


"မှော်... ဟိုးမှာ ကိုသမာဓိ၊ သီရိတို့ကို လှမ်းကြည့်နေတယ် "


ခပ်လှမ်းလှမ်းမှာကတည်းက မှော်ဝင် သတိထားမိပြီး မသိချင်ယောင်ဆောင်၍ ရှေ့သို့ ဆက်နင်းလာခဲ့သည်။ ရုပ်ပျက်ဆင်းပျက် ကြောင်နေတာပဲ။ အလွန်စိတ်ပျက်မိ၏။ သီရိက စက်ဘီးကယ်ရီရာမှာထိုင်လိုက်လာ၏။ အပြန်ကျတော့ သူမက တစ်လှည့် ထိုင်လိုက်လာသည်။ 


ယောကျ်ားတွေအားလုံးက တူတူပဲ။ ဆန်းပြားသွားတာမရှိ၊ ထူးခြားသွားတာမရှိ။ အံ့သြစရာမရှိ။ အထင်ကြီးစရာမရှိ။ 


သမာဓိ မှော်ဝင်ကို ငေးကြည့်မိလိုက်သည်က အံ့သြလွန်း၍ပင်။ ကုပ်ဝဲဆံပင်လေးနှင့် လိုက်ဖက်စွာ မိန်းကလေးပီပီသသ ဂါဝန်လေးဝတ်ထားကာ ပို၍ ဆန်းပြားသည်က ခေါင်းမှာ ဆံညှပ်ကလစ်ထိုးထားလျက် လည်ပင်မှာ ငွေရောင်ဆွဲကြိုးလေးတစ်ကုံးဆွဲထားလို့ပင်။ ထူးခြားနေသည်။ အဆင်တန်ဆာဆိုလို့ လက်ပတ်နာရီပဲ အစဥ်တစိုက် ဝတ်ဆင်တတ်သူမဟုတ်လား။ 


အနည်းငယ် အေးလာပြီဖြစ်ရာ အခန်းပြန်ပြီး ရေချိုးဖို့အတွက် ဟိုတယ်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ သူ ရေသန့်နဲ့ရေချိုးပြီးနောက် ကော်ဖီပူပူလေးမှုတ်သောက်လိုက်၏။ အချမ်းဓာတ်က ပြေလျော့သွားကာ နေသာထိုင်သာရှိသွားတော့သည်။ 


ခုတင်ထက်အသာလဲလျောင်းကာ ခါးကျောဆန့်လိုက်၏။ မိနစ်ပိုင်းအတွင်း ငိုက်မြည်းလာသည်။ လုံးလုံးလျားလျား အိပ်ပျော်မသွားသေးပါ။ သို့သော် ခေါင်းထဲမှာ ပုံရိပ်များ ပြေးလွှားနေသည်။ 


ယောကျ်ားလေးအုပ်စုတစ်စု၊ သူတို့ရှေ့မှာ မိန်းကလေးနှစ်ယောက်၊ ပတ်ဝန်းကျင်က အနည်းငယ်ဝါးနေသည်။ ထိုစဉ် မိန်းကလေး တစ်ယောက်ပြောလိုက်သောစကားသံက သူ့နားထဲ ဂီတာကြိုးကို အားပါပါ တီးခတ်လိုက်သောအခါ ထွက်လာသောအသံလိုမျိုး စီးဝင်သွား၏။ 


" တူလို့လား... တန်လို့လား... "


" အား... "


ပတ်လက်အနေအထားမှ အာခေါင်ခြစ်၍ အော်ဟစ်ရင်း ငေါက်ခနဲ ထထိုင်လိုက်၏။ အသက်ရှူသံက ကျယ်လောင်စွာ ပခုံးလေးလှုပ်ယမ်းသည်အထိ မောဟိုက်နေသည်။ ထိုစကားသံတွေက နားထဲကမထွက်။ အသည်းခိုက်အောင် နာကျင်ရသည်။ သူ့မာနတွေကို မီးနဲ့မြှိုက်နေသလိုပင်။ အသားတွေ တုန်ယင်နေ၏။


" ငါခံစားရသလို မင်းလည်း ထပ်တူပြန်ခံစားရစေမယ် "


အဲလိုကျိန်စာတိုက်ချင်ပေမယ့် ဒါဟာ မသူတော်တွေရဲ့ လုပ်ရပ်ပဲဟု သူ့ရဲ့မသိစိတ်က အထပ်ထပ်သတိပေးနေ၏။ သူပြန်မတုန့်ပြန်ရင်တောင် သူမဘဝက သူထင်ထားသလို အရမ်းကိုပြီးပြည့်စုံနေတာ မဟုတ်သလို သိပ်စိတ်ချမ်းသာစရာကောင်းနေတာလည်း မဟုတ်ဘူးဆိုတာ သူမျက်မြင်ကိုယ်တွေ့ပါပဲ။ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ သူမရဲ့ မာနတွေက သူမကိုယ်သူမ ပြန်လောင်မြှိုက်နေတယ်ဆိုတာ သိခဲ့မယ်ဆိုရင်ဖြင့်... ။ 


°°°°°°°°°


"ပုံလေးတွေလှလိုက်တာ ကြည့်ပါဦး "


Pdf ဖိုင်နဲ့စာဖတ်နေတဲ့ မှော်ဝင် သီရိပြသည့် ဖုန်းထဲမှ ဓာတ်ပုံတွေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြီးနောက် ခေါင်းညိတ်၍ စာပြန်ဖတ်နေသောအခါ...


" IG မှာ ဘယ်ပုံတင်ရင်ကောင်းမလဲ ရွေးပေးပါဦး မှော်... "


အနားမှာ တစ်မျိုးမဟုတ်တစ်မျိုး ဂျီကျနေပြန်သည်။ 


"လက်ဖက်သုတ်လာတယ်၊ လာအားပေးကြဦးဟေ့ "


ညိုချောက ပန်းကန်လေးကိုင်၍ အခန်းထဲဝင်လာသည်။ family room မှာ အခန်းနှစ်ခန်းပါသဖြင့် တစ်ခန်းမှာ ၇ယောက်စီ နေ၏။ တခြားအခန်းမှ မိန်းကလေးတွေကလည်း ညိုချောနဲ့အတူ လိုက်ဝင်လာသည်။ 


"သီရိမြည်းမယ် "


အိပ်ရာပေါ်မှ ရုတ်ခနဲ ဆင်းသွားကာ ညိုချောလက်ထဲက လက်ဖက်တစ်ဇွန်းခတ်၍ မြည်းကြည့်လိုက်ပြီး မျက်နှာလေး ရှုံ့သွားလျက်...


" နည်းနည်းငန်တယ် "


" ဟုတ်လား... ၊ ဒါဆို အကြော်စုံထပ်ထည့်လိုက်မယ် "


သက်သက်က သူယူလာသည့် အကြော်နဲ့ ပုဇွန်ခြောက်တွေ ထပ်ထည့်၏။ ထို့နောက် ဆီပါ နည်းနည်းထပ်ထည့်လိုက်သည်။ ငရုတ်သီးစိမ်းကတော့ မပါမဖြစ်။ လက်ဖက်ကိုလည်း သေချာအခါးရည်ညှစ်၊ အချိုမှုန့် ဆားအချိုးကျရောကာ ကြက်သွန်ဖြူလေးပါထည့်ထောင်းထားသည်။ 


" မှော် မြည်းကြည့်ဦးလေ "


ညိုချောက ပန်းကန်အား သူမထံထိုးပေးလာသဖြင့် လက်ဖက်စားဇွန်းဖြင့် တစ်ဇွန်းခတ်ကာ စားလိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ' ကောင်းတယ် ' ဟု ပြောလိုက်သည်။ 


"သီတင်းကျွတ်လပြည့်နေ့တုန်းက ဒီမှာ ဆောင်းဦးပွဲတော် ကျင်းပ​သေးတယ်တဲ့၊ ၅ရက်တောင် "


သူမအိပ်ရာမှာ သီရိ၊ ညိုချော၊ သက်သက်က ဝင်ထိုင်သဖြင့် သူမ နံရံနားကပ်ပေးလိုက်၏။ သီရိက သူမ ခန္ဓာကိုယ်အားမှီနွဲ့ထိုင်ကာ သူများစကားပြောတာ ငြိမ်နားထောင်နေသည်။ 


" အဲ့တုန်းက တော်တော်စည်မှာနော်၊ စာမေးပွဲဖြေနေရလို့ပေါ့ဟာ "


" စာမေးပွဲဆိုတာကြီး မကြားချင်ဘူးဟေ့ "


"အောင်မှာပါဟာ၊ ဘာလိုလိုနဲ့ ငါတို့တောင် ဘွဲ့ရတော့မယ် "


" ခရီးထွက်လာပါတယ်ဆိုမှ တခြားအကြောင်းပြောစမ်းပါ "


"တခြားအကြောင်းဆိုတော့က ဟိုခပ်ချောချော သမာဓိ အကြောင်းပြောရအောင် "


"အေး... မဆိုးဘူး၊ ငါလည်း သူ့ကို စိတ်ဝင်စားနေတာ ဟီး "


" မိန်းမနော် ဒါမျိုးဆိုမပြောချင်ဘူး... "


"သူ့မှာ ချစ်သူတွေဘာတွေများ ရှိနေမလားမသိဘူးနော် "


" မရှိရင်ရော မျှော်လင့်မလို့လား "


" မရှိဘဲနေမလား၊ လေယာဉ်မောင်ပါဆို စော်ကြည့်မှာပေါ့ "


" လောင်းမလား... "


သမာဓိ...။ ဒီနာမည်ကို မကြားချင်ဘူး။ နာမည်ကြားရုံနဲ့ ဒေါသတွေက အလိပ်လိုက်ထွက်လာတာမို့ လူမြင်ရင် သတ်ချင်စိတ်ပါ ဖြစ်လာတတ်တာ ဘာလို့မှန်းမသိ။ 


မိန်းမတော်တော်များများဟာ သူမတွေ့ရသလောက် အားနေရင်၊ ကွယ်ရာကျရင် သူများအကြောင်းပြောမယ်၊ ယောကျ်ားလေးတွေအကြောင်းပြောမယ် ဆိုတာချည်းသာ။ အများစုဟု ပြောရမလား၊ လူနည်းစုဟာ ပြောရမလား။ အတင်းအဖျင်းဟု တိုက်ရိုက်ဆိုလို့မရစေဦး သာကြောင်းမာကြောင်းရဲ့ နောက်ကွယ်မှာ 'သူ့ကို ဟိုနေ့က ဘယ်မှာ ဘယ်သူနဲ့ တွေ့ခဲ့တယ်လေ' ဆိုတဲ့ မထိခလုတ် ထိခလုတ် စကားသံလေးတွေက မပါမဖြစ်။ 


"မှော် စားဦးလေ "


" တော်ပါပြီ "


ညိုချောကို သူမပြန်ပြောလိုက်ပြီး မှော်ဝင် အိပ်ရာပေါ် ဘေးတစ်စောင်းလဲလျက် သူတို့ကို ကျောခိုင်းလိုက်သည်။ သီရိက သူ့လက်မောင်းကို တစ်ချက်ပွတ်လျက်...


" နေမကောင်းဘူးလား မှော်၊ ဘာဖြစ်လို့လဲ "


နှုတ်ကမဖြေဘဲ ခေါင်းခါယမ်းပြလိုက်၏။ 


"ညဥ့်နက်နေပြီ ၊ ငါတို့လည်း အိပ်ရအောင် "


" အေး... လက်ဖက်စားပြီး အိပ်ပျော်ပါဦးမလားမသိဘူး "


" သြော် နင်ကတော်တော် အသက်ကြီးနေပြီကိုး "


သူမတို့နှင့် ကပ်လျက်အခန်းသို့ လက်ဖက်ပန်းကန်ယူ၍ အလျှိုအလျှို ပြန်သွားကြသည်။ စကားသံတွေကတော့ နံရံကိုတိုးပေါက်၍ ကြားနေရဆဲ။ 


သူမအိပ်ချင်သလား၊ မအိပ်ချင်သေးပါ၊ ဒါဖြင့် ဘာကြောင့် အစောကြီး အိပ်ရာဝင်ခဲ့သလဲ။ ဒါလည်း အဖြေမရှိပါ။ သူမဟာ လူတွေနဲ့ မဝင်ဆံ့တာတော့အမှန်ပင်။ သူမရဲ့ ခံယူချက်၊ သဘောထားတွေဟာ လူအများနဲ့ ကွဲထွက်ကောင်းကွဲထွက်နေမယ်ဆိုတာ သိပါတယ်။ သူမကို ဘယ်သူမှ နားလည်မှာမဟုတ်သလို သူမကလည်း ဘယ်သူ့ကိုမှ နားလည်ပေးနိုင်မည်မဟုတ်။ 


အမှောင်ကိုကြိုက်သည့် သူမက အမှန်ကို မြတ်နိုးသည်။ အထီးကျန်ခြင်းကို ပွေ့ဖက်ထားသည့် သူမက သစ္စာတရားကို တန်ဖိုးထားသည်။ အချစ်ကို ဥပေက္ခာပြုထားသော်လည်း အမုန်းကိုတော့ လက်ခံသည်။ အမုန်းကိုလက်ခံသော ကျွန်မက ဘယ်သူ့ကိုမှ ကိုယ်စိတ်နှစ်ပါးစလုံးနဲ့ မမုန်းခဲ့ပါ။ သို့ပေတည့်... ချွင်းချက်အနေနဲ့ တစ်ယောက်သောသူကိုတော့... ။ 


°°°°°°°°°°°°°°°°°


နောက်နေ့မနက်နိုးလာတော့ သူမ ခေါင်းကိုက်နေသည်။ နာရီကြည့်လိုက်တော့ ၆နာရီမထိုးသေး။ အိပ်ရေးမဝဘဲ နိုးလာခဲ့သည်။ ပြန်အိပ်လို့ရတော့မည်မဟုတ်။ သီရိက ဘေးမှာ သူမအားဖက်၍ အိပ်နေသဖြင့် ခါးပေါ်က လက်ကို အသာဖယ်လိုက်သည်။ ညိုချောက စောင်ခေါင်းမြီးခြုံ၍ အိပ်နေလေရဲ့။ 


ထို့နောက် တစ်ယောက်နိုးလာသောအခါ တခြားသူများလည်း လှုပ်လှုပ်ရွရွဖြင့် နိုးလာကြသည်။ ယခင်နေ့တွေကလောက် သိပ်မတက်ကြွတော့။ သူမ မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်၏။ သီရိလည်း နိုးလာသည်။ ပြီးတော့ သူမကိုပြန်ဖက်၍ မှေးနေ၏။ ညိုချောက အရင်ထသွားသည်။ နောက်မှ သီရိလည်း ထကာ မျက်နှာသွားသစ်ကြသည်။


"ညိုချော... မှော့်ကိုနိုးလိုက်ရကောင်းမလား"


" မနိုးပါနဲ့၊ ကြည့်ရတာ နေသိပ်မကောင်းဘူးထင်တယ် "


" အင်းပါလေ "


"ဘုရားသွားမှာဆိုတော့ ထမီဝတ်ကြနော် "


"ဟာ အဲဒါမှ ပြဿနာပဲ၊ သီရိမှာ ထမီပါမလာဘူး ညိုချော၊ ညိုချောမှာပါလားဟင် "


"အင်း၊ သီရိက ဘယ်ဖုံးလား ညာဖုံးလား "


" ညာဖုံး... "


"ကိုယ်နဲ့တူတူပဲ၊ ကိုယ်ပေးမယ် "


အသံတွေကြောင့် မှော်ဝင် ထထိုင်လိုက်သည်။ သီရိက ခရမ်းပြာရောင်ထမီ၊ ရင်ဖုံးအကျီနှင့် ညိုချောကလည်း အညိုနုရောင် ဝမ်းစပ်ထမီအကျီတွေ ဝတ်ထားပြီး အသင့်ဖြစ်နေပြီ။ 


"မှော် နိုးပြီလား၊ နေကောင်းလား "


သီရိက အိပ်ရာအစပ်နားလာထိုင်ပြီး မေး၏။ 


" ကောင်းပါတယ် "


" ဟုတ်လို့လား... ဒါဆို သွားဖို့ပြင်ဆင်တော့လေ၊ သီရိတို့ အဆင်သင့်ဖြစ်နေပြီ "


" ကိုယ်မလိုက်တော့ဘူး... သီရိတို့ပဲ သွားကြတော့ "


" ဟင် ဘာလို့လဲ၊ နေကောင်းတယ်ဆို၊ လိုက်ခဲ့လေ၊ ဟိုတယ်မှာ တစ်ယောက်ထဲ နေခဲ့ရမှာပေါ့ "


" အင်းလေ မှော်ရဲ့၊ အတူတူလာပြီး အတူတူသွားရမှာပေါ့ "


" ဘာမှမဖြစ်ပါဘူး၊ ဒီအတိုင်း ပင်လယ်ကိုကြည့်ပြီး အေးဆေးနေချင်လို့ "


" ဒါဆို သီရိလည်း မလိုက်တော့ဘူး... မှော်နဲ့ပဲနေခဲ့မယ် "


" သီရိက လိုက်သွားပါ၊ ကိုယ်တစ်ယောက်ထဲဖြစ်တယ်၊ လိုက်သွား ဟုတ်လား... "


" စိတ်မချပါဘူး... "


" ဘာကိုစိတ်မချတာလဲ "


" ဟို... "


" ကဲ စကားရှည်တယ် "


သွားချင်ရဲ့နဲ့ သူမကြောင့် မသွားဘူးလုပ်နေသော သီရိကို ညိုချောတို့နှင့် အတင်းလိုက်သွားခိုင်းရသည်။ 


ခေါင်းဖြီးနေစဥ် ဖုန်းဝင်လာသဖြင့် ဘီးကိုမှန်တင်ခုံမှာချထားပြီး ဖုန်းကိုင်လိုက်ပါသည်။


" ဟဲလို ပါး...၊ နေကောင်းလား "


" ဒီနေ့မဟုတ်ဘူးလေပါး၊ မနက်ဖြန်မှပြန်လာမှာ၊ ပါးအတွက် ပင်လယ်ငါးခြောက်ဝယ်လာခဲ့မယ် "


" အဆင်ပြေပါတယ်၊ ညိုချောတို့က သံတွဲမြို့မှာရှိတဲ့ ဘုရားတွေသွားဖူးတယ် "


" ဟုတ်ကဲ့ မေမေရော "


" ဒါဆို ဖုန်းချလိုက်ပြီနော် "


ဖေဖေနဲ့ ဖုန်းပြောပြီးနောက် လန်းဆန်းသွားရန် ရေခဲရေနဲ့ ရေချိုးလိုက်သည်။ ခေါင်းပါလျှော်လိုက်ရာ ပေါ့ပါးသွားသည်ဟု ခံစားရသည်။ ပေါင်လယ်လောက်ရှိသည့် ဂျင်းဘောင်းဘီကို ဝတ်၍ မိုးပြာရောင် ဟိုဒီအကျီကို ဝတ်ကာ မှော်ဝင် ကမ်းခြေသို့ ဆင်းလာခဲ့သည်။ ဖုန်းကို အခန်းထဲမှာပဲ ထားခဲ့လိုက်တော့၏။ 


" Meow "


သူမခြေထောက်နား အမြီးလေး ဝေ့ကာဝိုက်ကာဖြင့် လှည့်ပတ်ကာ အသံသေးသေးမျှင်မျှင်လေးဖြင့် အော်နေသော ရွှေဝါရောင် ကြောင်ပိစိလေးကို တွေ့ရသဖြင့် ဒူးထုပ်ထိုင်ချမိသည်။ 


" ပူစီ "


ဗိုက်ကလေးပိန်နေကာ အားအင်ချည့်နဲ့သည့်ပုံဖြင့် သူမကို မသနားသနားအောင် မြူဆွယ်နေသည့်နှယ် သဲပြင်ပေါ် ခန္ဓာကိုယ်လေး လူးပြနေသည်။ 


" ဗိုက်ဆာလို့လား "


အသံတောင်မထွက်တော့။ အဝါရောင်မျက်လုံးတွေနဲ့ အသနားခံသည့်အကြည့်တို့ဖြင့်သာ သူမကို ကြည့်နေသည်။ 


သူမဆီမှာ မုန့်လည်းပါမလာ။ ကိုယ်တိုင်က ဗိုက်မဆာသဖြင့် မနက်စာတောင် သွားမစားခဲ့။ ပိုက်ဆံလည်း ယူမလာခဲ့မိပါ။ 


" အကင်တွေ လတ်ဆတ်သန့်ရှင်းတယ်နော်၊ ပူပူလေး မွှေးမွှေးလေး၊ ပုဇွန်ကင်ရမယ်၊ ဂဏန်းကင်ရမယ်၊ ငါးကင်ရမယ် "


" ဒီမှာ ဒီမှာ "


ဗန်းဖြင့် ရွက်ရောင်းသည့် အကင်သည်မိန်းကလေးငယ်ကို မှော်ဝင် လက်ယပ်ကာ လှမ်းခေါ်လိုက်တော့ ကပျာကယာ သူမဆီ ပြေးလာ၏။ 


" အကင်အစုံရမယ် မမလေး "


ကောင်မလေးက ပြောပြောဆိုဆို သူမခေါင်းပေါ်က ဗန်းကိုအောက်ချ၏။ 


" ငါးကင်နှစ်ချောင်းပေးပါ "


" ဟုတ်ကဲ့ မမလေး "


စွန့်ပစ်ပလတ်စတစ်အိတ်ကို ခင်းကာ ငါးကင်နှစ်ကောင်လုံး ကြောင်လေးကို ချကျွေးလိုက်တော့ အကင်သည်မလေးက မျက်လုံးပြူးသည်။ 


" မမလေးက သိပ်သဘောကောင်းတာပဲနော် "


ပူစီလေး တကျွတ်ကျွတ်ဝါးစားနေတာကို ကြည့်ပြီး သူမ ပီတိဖြစ်မိပါ၏။ နောက်နောင် သူ ဒီလိုမျိုး ဗိုက်စာလို့ ကျွေးမယ့်သူမရှိရင် ဆိုတဲ့စိတ်ကြောင့် ရင်ထဲမကောင်းဖြစ်သွားမိသည်။ ပူစီရဲ့ခေါင်းလေးကို လက်ဖြင့် တစ်ချက်သပ်ပြီး မှော်ဝင် မတ်တပ်ရပ်လိုက်ရင်း...


" ငါးကင်ဖိုး ဟိုတယ်မှာလိုက်ယူနော်၊ နောက်ကလိုက်ခဲ့ "


" ဟုတ်ကဲ့ မမလေး "


မသွားခင် ပူစီလေးကို တစ်ချက်လှမ်းကြည့်တော့ ပူစီလေးကလည်း သူမကို မော့ကြည့်လာကာ သာယာသောအသံလေး၊ ရွှင်မြူးသောအသံဖြင့် နှုတ်ဆက်သည်။ 


ထိုချစ်စဖွယ် မေတ္တာတွေ၊ ကရုဏာတွေနှင့် ပြည့်နေသော မြင်ကွင်းအား မှော်ဝင်မမြင်နိုင်သည့်နေရာမှာရှိနေသော သမာဓိ သိမြင်သွားသည်။ ခက်ထန်သောသူတို့၏ နှလုံးသားတစ်စိတ်တစ်ပိုင်းသည် နူးညံ့နေတတ်သည်မှာ သဘာဝပင် မဟုတ်ပါလား။ ထူးဆန်းသည်ဟု မထင်ပါ။ 


ယနေ့ ရန်ကုန်ကနေလာမည့် foreign captain တစ်ယောက်ကို သမာဓိ သွားကြိုဖို့တာဝန်ရှိသဖြင့် ကိုဇင်ကိုလတ်တို့နဲ့ လိုက်မသွားဖြစ်ပါ။ ထို့​ကြောင့် သည်မြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ 


ကစားပွဲတစ်ခု။ သူတစ်ယောက်ထဲ ကြေညာခဲ့တဲ့ ကစားပွဲ။ စည်းမျဥ်းတွေမရှိ၊ ဆုလာဘ်မရှိ၊ အချိန်ကန့်သတ်ချက်မရှိ၊ တရားသူကြီးမရှိ။ ထို့ကြောင့် သူတရားပါရဲ့လား။ သူလည်း ပူလောင်နေတာပါပဲ။ မမြင်ရသည့် သူ့ကိုယ်ထဲက အပူမီးတွေကို ပင်လယ်ရေနဲ့ ငြိမ်းသက်လို့တောင် ရပါ့မလား။ အို ရနိုင်ပါဦးမလား...။ 


°°°°°°°°°°°°°°


"အရမ်းပင်ပန်းတယ်ကွာ ခြေထောက်တွေလည်း ညောင်းတာတအားပဲ "


ပြန်လာချင်း ညိုချောက ခိုညည်းသလို ညည်းသည်။ သီရိကတော့ အိပ်ရာပေါ် ထိုးအိပ်နေ၏။ တခြားသူတွေလည်း ထိုနည်းလည်းကောင်းပင်။ သူမမလိုက်ခဲ့တာ ကံကောင်းသည်ဟု ပြောနေသေးသည်။ 

မနက်ဖြန် ပြန်ရတော့မည်မို့ ယနေ့အားကုန်သုံးကာ လည်ပတ်ခဲ့ဟန် တူပါသည်။ 


ညနေထမင်းစားချိန်ရောက်မှ သီရိရှင်းသန့်တို့ နိုးလာကြသည်။ ခြေသလုံးကြွက်သားကို လက်သီးဆုပ်ဖြင့် ထုရိုက်ကာ သီရိက ညည်းရင်း ရေချိုးခန်းထဲဝင်သွားသည်။ 


"ဟေး girl... ညစာစားပြီးရင် သောင်ပြင်မှာ မီးပုံပွဲကျင်းပမှာနော်၊ ကြိုသတိပေးထားတာ "


အခန်းအပြင်ဘက်က ဇော်ခန့်ရဲ့ လှမ်းအော်ပြောသံကိုကြားရပြီး ခြေသံက တဖြည်းဖြည်း ဝေးသွားသည်။ 


"ငါတော့မလှုပ်ချင်တော့ဘူး၊ တစ်နေကုန် လမ်းလျှောက်ထားရတာ၊ ခြေထောက်တွေကိုက်နေပြီ "


" ငါရောပဲ "


" ဗိုက်ဆာလိုက်တာ ပြီးရင် သွားကြမယ် "


" သွားမယ်ဟေ့ "


အနွေးထည်အပါးလေးတွေ ထပ်ဝတ်ကြပြီး ညစာစားဖို့ သူမတို့မိန်းကလေးအုပ်စု ဟိုတယ်ပင်မစားဖိုဆောင်သို့ ချီတက်လာခဲ့ကြသည်။ 


ဒီည သူမ ထူးထူးဆန်းဆန်း စိတ်ကြည်လင်နေ၏။ စိတ်အဟာရပြည့်ဝသည်ဟု ဆိုရမည်။ ထမင်းစားတော့လည်း တခြားသူတွေနှင့်အတူ ရယ်ရယ်မောမော စကားတွေ ပြောဖြစ်ခဲ့ကြသည်။ 


ယောကျ်ားလေးတွေ ကမ်းခြေမှာ မီးပုံပွဲဖန်တီးနေစဥ် သူမတို့က အစားအသောက်ပြင်ဆင်ပေးရသည်။ ဟိုတယ်ကို ခွင့်တောင်းကာ ဟိုတယ်အရှေ့မှာပင် သူမတို့တွေ ပွဲလုပ်ဖို့ စီစဥ်နေကြခြင်းသာ။ ညိုချောက အကင်တွေယူလာပြီး တချို့က ဝိုင်တွေ၊ ဖျော်ရည်တွေ သယ်လာကြသည်။ မီးတွေပြင်ဆင်ကာ party ပွဲစဖို့ အသင်ဆင့်ဖြစ်နေကြပြီ။  


" မှော် ဘယ်လဲ၊ နေပါဦး... မနက်ဖြန်ဆို ငါတို့အိမ်ပြန်ရပြီပဲဟာ၊ ခဏလောက်နေလိုက်ပါဦးနော် "


" အင်းလေ၊ တစ်ခါတလေ ပေါ့ပေါ့ပါးပါးနေစမ်းပါ "


" ဟုတ်သားပဲ နော်မှော် "


အားလုံးက သူမကို ရှိနေစေချင်သဖြင့် သူမ ခဏလောက် နေလိုက်မယ် စိတ်ကူးပြီး ထိုင်နေလိုက်သည်။ 


" သမာဓိ လာကွ၊ အစ်ကိုက မင်းမလာတော့ဘူးလို့ ထင်နေတာ "


" ကျွန်တော် နောက်မကျပါဘူးနော် "


" ကွက်တိပဲ ကိုယ့်လူ၊ ပွဲက ခုမှစမှာ "


သူတို့သည် မီးပုံကို ဝိုင်းထိုင်ကာ ကိုယ်စီလက်ထဲဝိုင်ခွက်တွေကို လှုပ်ရင်း ကောင်းကင်အောက် ငွေရောင်ပင်လယ်ပြာကို ဘေးမှာထားပြီး လောကရဲ့ အလှအပကို အပြည့်အဝခံစားနေကြသည်။ 


" ကဲ... လူလည်းစုံပြီ၊ အစားအသောက်လည်း အဆင်သင့်​ဖြစ်ပြီဆိုတော့ ကစားပွဲလေးစလိုက်ကြရအောင်၊ ကစားပွဲ နာမည်က Truth or drink "


သီရိက သူမလက်မောင်းကို ခေါင်းမှီ၍ လက်ထဲက ဝိုင်ရည်တစ်ကျိုက်သောက်သည်။ ဝိုင်အနီရောင်တွေ သူမအာခံတွင်းထဲ စိုးစိမျှ မဝင်သေးပါ။ သောက်ချင်စိတ်လည်းမရှိ၊ မသောက်သင့်ဘူးဟု သူမမသိစိတ်က ဟန့်တားနေသည်ဟု ထင်မိသည်။ 


သူမတို့အလယ်မှာ စားပွဲတစ်လုံး ချထားသည်။ ထိုစားပွဲပေါ်၌ ပုလင်းလွတ်တစ်လုံးရှိသည်။ အားလုံးရဲ့ လက်ထဲမှာ ဝိုင်ခွက်တစ်ခွက်စီရှိနေ၏။ ကိုဇော်ကြီးက အနီရောင်ဝိုင်ရည်တွေ လိုက်ဖြည့်ပေးသည်။ 


" သွေးပူသွားအောင် အားလုံးပဲ တစ်ငုံသောက်လိုက်ရအောင်၊ ချီးယား... "


ကိုဇော်ကြီးက ခွက်ကိုမြှောက်ကာ အားလုံးထက်အရင် တစ်ကျိုက်ကျိုက်လိုက်၏။ အားလုံးသောက်ကြပေမယ့် သူမမသောက်ခဲ့ပါ။ ပြီးတော့ ဇော်ခန့်က စားပွဲပေါ်က ပုလင်းကို တစ်ချက်လှည့်လိုက်သည်။ အားလုံးရဲ့အကြည့်တွေက ထိုနေရာမှာ။ ဘယ်သူ့ရှေ့မှာ ရပ်သွားမလဲ။ သဲမှုန်တွေပါလာသည့် ခပ်အေးအေး လေတစ်ချက် သူမတို့ဘက် ဝှေ့လာသည်။ ကျောထဲစိမ့်ခနဲ အေးသွား၏။ ထိုအချိန်မှာပင် ပုလင်းက ရပ်သွားပြီး ပုလင်းဦးခေါင်းက ဇင်ကိုလတ်ကို ညွှန်ပြနေ၏။


" ဟေး... ကိုဇင်ကိုလတ်... "


"Truth or Drink "


" Drink "


" ဟာ! မင်းမညစ်နဲ့ကွာ "


" ငါညနေက ဒီမှာပဲ ရေလာကူးထားတာပါကွ၊ သန့်ပြီးမွှေးနေတာပဲ၊ အေးလာလို့ သောက်လိုက်ဦးမယ်ဟေ့ "


ယောကျ်ားလေးတွေ လက်ထဲမှာက ဘီယာခွက်တွေ ကိုင်ထားတာဖြစ်သည်။ ဇင်ကိုလတ်က ပျော်ရွှင်စွာ မော့သောက်လိုက်သည်။ 


" နောက်တစ်ယောက်အလှည့်ကျရင် မေးခွန်းဖြေရမယ်၊ မဖြေနိုင်ရင် သောက်ရမယ်၊ ဒီတစ်ခါတော့ ရှိစေတော့ကွာ "


စားပွဲပေါ်မှာ တစ်ပတ်လည်သွားသည့် ပုလင်းက ကံထူးရှင်ကို သေချာရွေးချယ်နေသည်။ တဖြည်းဖြည်းနှေးလာကာ ညိုချောနားရပ်မလိုလိုနဲ့ သက်သက်နားရောက်လာပြီး သီရိနားမှာ အရှိန်လျော့သွားသောအခါ သီရိ စိတ်လှုပ်ရှားကာ ပါးစပ်ကို လက်ဝါးဖြင့် ဖိပိတ်ထားပြီ မျက်တောင်မခက်ဘဲ ပုလင်းကိုကြည့်နေစဥ် ရပ်သွားကာ ပုလင်းက ညွှန်ပြရွေးချယ်လိုက်သည်က...


" မှော်ဝင်... "


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၆) ဆက်ရန် >>>


#ပတ္တမြားအလင်း


rate now: