🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~~
"ဟောဟိုက ဘာကျွန်းလဲဟင် "
" ဘယ်သိမှာလဲ "
" သဲဖြူကျွန်း... "
" ဟုတ်လား ဟင် "
မှော်ဝင်နှင့် သီရိ တောင်ကမ်းပါးနားမှာရပ်၍ မြင်နေရသည့် ရှူခင်းတွေကို ငေးကြည့်နေစဥ် လက်ဝဲဘက်မှာရှိသော ကျွန်းတစ်ကျွန်းကို လက်ညှိုးတစ်ချောင်းညွှန်၍ မေးလိုက်သော သီရိရဲ့အမေးကို မှော်ဝင်မဖြေနိုင်ပေမယ့် ရုတ်တရက် အနောက်မှာရောက်လာသော လူတစ်ယောက်က ဝင်ဖြေလိုက်သဖြင့် သူမတို့ လှည့်ကြည့်လိုက်မိကြသည်။
"ကိုသမာဓိ "
သီရိက တိုးတိုးရေရွတ်လိုက်သည်။ သမာဓိက သီရိကိုမကြည့်ဘဲ ထိုသဲဖြူကျွန်းကို လှမ်းငေးကြည့်နေရင်းက ခပ်လေးလေးပြောလာသည်။
"သဲဖြူကျွန်းက နာမည်နဲ့လိုက်အောင် တစ်ကျွန်းလုံးကသဲတွေ ဖြူနေတာလေ၊ တံငါရွာကနေပဲ သွားရတာ၊ တခြား စိတ်ဝင်စားစရာတော့မရှိဘူး "
"သြော် ကိုသမာဓိရောက်ဖူးတယ်ပေါ့ "
"ကြာပါပြီ၊ ခုတော့ သဲတွေဖြူသေးရဲ့လားမသိဘူး "
"သီရိသွားကြည့်ချင်လိုက်တာ၊ ဟို သီရိနာမည်က သီရိရှင်းသန့်ပါ "
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ "
" ဟင် မှော်... ဘယ်လဲ "
"စောင့်ဦးလေ "
လှည့်တောင်မကြည့်ဘဲ ရှေ့ကထွက်သွားသော မှော်ဝင်နောက် သီရိရှင်းသန့် လျင်မြန်စွာ လျှောက်လိုက်သွားရသည်။ ကျန်ရစ်ခဲ့သည့် သမာဓိက သဘောကျစွာ ရယ်လိုက်မိသည်။ မသိရင် ချစ်သူကို စိတ်ကောက်ပြီးထွက်သွားတဲ့ မိန်းကလေးပုံစံမျိုးနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိရဲ့လားတော့မသိ။ မင်း ဘယ်အချိန်ထိ စိမ်းကားနိုင်မလဲ၊ ရှောင်တိမ်းနိုင်မလဲ စောင့်ကြည့်မယ်။
"ဘုရားဖူးပြီးရင် ပြန်ကြမယ်ဟေ့၊ သွားစရာနေရာတွေက အများကြီးရှိသေးတယ် "
"ဘယ်သွားမှာလဲ ကိုဇော်ကြီးရဲ့ "
"အတွဲသွားချောင်းကြမယ်လေ "
"ပေါက်ပေါက်ရှာရှာ "
"စတာပါဟယ်... နင်တို့တွေကလည်း ငါ့ကို မျက်စောင်းထိုးမယ်ဆိုတာကြီးပဲ၊ ငပလီမြို့ရဲ့ နာမည်ကျော်နေရာတစ်ခုကို သွားမလို့ "
" ဘယ်နေရာလဲလို့ "
"ပေါင်ဝန်တံတားလေ "
" ဒါဆို မြပတ္တမြားဥယျာဥ်ကိုပါ ဆက်သွားကြမယ် "
"မင်းရောက်ဖူးလား သမာဓိ "
" မရောက်ဖူးဘူးဗျ "
"ဒါဆိုကောင်းတာပေါ့ "
ဘုရားပေါ်က ဆင်းလာခဲ့ကြပြီး တံငါရွာထဲပြန်ဝင်လာကာ သူတို့တွေ သုံးဘီးငှားကြသည်။ လူကများသဖြင့် တစ်စီးထဲလူအကုန်မဆံ့သဖြင့် နှစ်စီးငှားရသည်။ သုံးဘီးမောင်းသည့်ဦးလေးကြီးက လွှတ်သဘောကောင်းပါသည်။ လမ်းတစ်လျှောက် ရယ်စရာတွေပြောပြ၏။ ကာလံဒေသံကိုလိုက်ပြီး နေတတ်အောင်နေလိုက်တော့ ဘဝက သိပ်ပျော်စရာကောင်းသည်ဟု ထင်မိသည်။ တဝါးဝါးတဟားဟားနှင့် ပွဲကျ၍လာခဲ့သည်မှာ နောက်ဆုံး ပေါင်ဝန်တံတားရှိရှာရောက်ရှိလာပါသည်။ ဦးလေးကြီးကို အသွားအပြန်ချုပ်ငှားလိုက်ပြီး အပြင်မှာစောင့်ခိုင်းထားလိုက်ပါသည်။
ပေါင်ဝန်တံတားသည် ယခင်ပေအရှည် ၅၀၀ ခန့်ရှိတာဖြစ်ပြီး ခရီးသွားဧည့်သည်များ ပိုမိုလည်ပတ်နိုင်စေရန်အတွက် တိုးချဲ့တည်ဆောက်ထားပြီး မြကန်ထဲတွင် ဘဲရုပ်များ၊ ကနူးလှေများလှော်ခတ်နိုင်ရန် စီစဥ်ထားတာတွေ့ရသည်။ ထိုတံတားတစ်ဖက်တစ်ချက်တွင် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများရှိနေသည်။ တံတားက လူနှစ်ယောက် သုံးယောက်စာလျှောက်နိုင်ရုံပင်။
တံတားကိုနောက်ခံထား၍ အုပ်စုလိုက်ဓာတ်ပုံရိုက်ကြပြီး ဂေါ့ရပ်ကွက်မှာရှိသည့် မြပတ္တမြားဥယျာဥ်သို့ ဝင်ကြည့်ခဲ့ကြသည်။ ယင်းဥယျာဥ်သည် ၁၀ ဧကခန့် ကျယ်ဝန်းသည်ဟု သိရ၏။
" အကျယ်ကြီးပဲဟ၊ အကြိုက်ပဲ၊ ဒီမှာလည်း တံတားရှိတာပဲ၊ သွားကြည့်ရအောင် "
မိန်းကလေးတွေ လက်ချင်းတွဲ၍ ထိုတံတားသို့ ပြေးသွားကြည့်ကြသည်။ တံတားက မြစ်ချောင်းမှတစ်ဆင့် ဒီရေတောကိုဖြတ်၍ သွယ်တန်းတည်ဆောက်ထားခြင်းဖြစ်သည်။ ဘေးမှာ လက်ကိုင်တန်းမရှိ။
"ဆဲလ်ဖီဆွဲမယ်၊ တစ်ယောက်လောက်ရိုက်ပေးကြပါ၊ ပလိစ် "
တံတားပေါ်မှာ လူများတိုးကြိတ်နေသဖြင့် ခပ်ဝေးဝေးသို့ မှော်ဝင် လျှောက်သွားလိုက်ပါ၏။ ထိုစဥ် အဝေးမှပြေးလာသည့် မိန်းကလေးတစ်ယောက်က သူမအား တိုးခွေ့ဖြတ်ကျော်ကာ ပြေးသွားသဖြင့် ခန္ဓာကိုယ်ယိုင်နှဲ့သွားပြီး ခြေချော်သွား၍ တံတားဟိုဘက်သို့ ဟပ်ထိုးလဲကျမည်အပြု လက်မောင်းကနေဆွဲယူထိန်းမတ်ခြင်းခံလိုက်ရသဖြင့် အနောက်သို့ ပြန်ကျလာသည်။
" ဟာ ! "
ရုတ်တရက် သူမအား တွန်းတိုက်သွားသူကို ဒေါသမထွက်နိုင်သေးဘဲ ရေတုန်ပန်းတုန်ဖြစ်သွားရာ ရင်ဘက်လေးဖိ၍ စိတ်လျော့နေရသည်။ ခြေဖျားလက်ဖျားများပင် အေးစက်နေ၏။ အသက်ရှူနှုန်းမြန်စွာ ထိတ်လန့်နေဆဲ။ အသက်ကိုပြင်းပြင်းရှူရှိုက်၍ စိတ်လှုပ်ရှားမှုကို အလျင်အမြန်ထိန်းချုပ်လိုက်နိုင်သည်။
သမာဓိ မျက်ခုံးပင့်လျက် မှော်ဝင်ကို စိုက်ကြည့်နေ၏။ သူမက သူ့ကို မြင်ဟန်မပေါ်။ ထို့နောက် သူ့ဘက်သို့ တည့်တည့်လှည့်လာသောအခါမှ သူ့ကိုမြင်သွားကာ မျက်လုံးတို့က ရိပ်ခနဲ အရောင်ပြောင်းသွားသည်။ ဝိုင်းစက်နေသော သူမမျက်လုံးထဲမှာ တစ်စုံတစ်ခုကို သူအပြေးအလွှားရှာဖွေလိုက်ပါသည်။ နူးညံ့မှု၊ သိမ်မွေ့မှု၊ ဂရုဏာတရား... ဘာဆိုဘာမှမတွေ့ရ။ ခက်ထန်မှုတစ်ခုကသာ သူမမျက်လုံးမှတစ်ဆင့် မျက်နှာတစ်ခုလုံး ရောင်ပြန်ဟပ်နေသည်။ သူမှားသွားပြီ။ အမှားတစ်ခုက ရှုံးနိမ့်မှု၏ ပထမခြေလှမ်းဖြစ်နေမယ်ဆိုရင်ဖြင့်...။
"ငါမင်းကို မကယ်ခဲ့သင့်ဘူး "
" ဘာကိုကြားဖို့မျှော်လင့်နေတာလဲ၊ ကျေပြီ လို့မှတ်လိုက် "
"သိပ်ပြီးမာန်တက်မနေနဲ့ "
အနားကပ်၍ သမာဓိ ပြောလိုက်သည်။ နှုတ်တရာ စာတစ်လုံး၊ စာတစ်လုံးထက် အကြည့်တစ်ချက်က ပိုထိရောက်သည်ထင်သဖြင့် အကြည့်တစ်ချက်နဲ့သာ မှော်ဝင် သမာဓိကို ကြည့်နေလိုက်သည်။
ထိုအကြည့်တွေကို သမာဓိ ကြာကြာမခံနိုင်ပါ။ စက္ကန့်မျှသာ စိုက်ကြည့်နိုင်ပြီး နောက်ဆုံး အကြည့်ချင်းတိုက်စစ်တွင် သမာဓိ အရှုံးပေး၍ လှည့်ထွက်သွားရသည်။ သီရိရှင်းသန့်က သူတို့နှင့် မနီးမဝေးမှာ ကြောင်တောင်ရပ်ကြည့်နေ၏။ သူမကြည့်ဘဲ မျက်နှာတည်ဖြင့် ခါးကိုမတ်၍ ခြေလှမ်းကျဲဖြင့် လျှောက်ထွက်လာခဲ့သည်။ ရင်ထဲ မျက်ခနဲ ခံစားနေရ၏။
°°°°°°°°°°°°°°°°°°°
"မှော်... အိပ်ပုတ် ထတော့၊ နောက်ကျတော့မယ် "
" နိုးနေပါပြီ "
"နိုးရင်ထတော့၊ သူများတွေ ပြင်ဆင်နေကြပြီ "
"မင်းသာ အရင်ပြီးအောင်လုပ်ပါ "
ဒုတိယမြောက်နေ့မှာ လည်ပတ်ဖို့အတွက် ပုလဲကျွန်းနှင့် ကျောက်ကလပ် သွားဖို့ စီစဥ်ထားကြသည်။ အားလုံးက အဝတ်အစားရွေးနေတာနဲ့ အချိန်ကုန်နေကြသည်။ သူမကတော့ အသားကပ်ဘောင်းဘီရှည်နှင့် ဟိုဒီအကျီဝတ်ပြီး သူတို့ဖီးလိမ်းပြင်ဆင်တာကို ထိုင်စောင့်နေလိုက်၏။ စောင့်နေစဥ် ကျောပိုးအိတ်ထဲ လိုလိုမယ်မယ် တိုတိုထွာထွာလေးတွေ ထည့်နေ၏။
" မှော်... ဒါလေးလှလား... "
ဒူးအထက်ဂါဝန်ကို သီရိကကိုယ်ပေါ်မှာ ကပ်ပြသည်။ ပြီးတော့ ဘောင်းဘီတိုနဲ့ ရှပ်အကျီဖြူကို နှိုင်းယှဥ်ပြပြီး ရွေးချယ်ခိုင်းနေသည်။
"ကိုယ်နဲ့အဆင်ပြေတာကြည့်ဝတ်လေ၊ ပြီးမှ အသားတွေမည်းကုန်ပြီလို့ လာမငြီးနဲ့ "
"အာ... မသိတော့ဘူး၊ ညိုချောလုပ်ဦး "
"တို့လည်း ဘာဝတ်ရကောင်းမလဲ တိုင်ပတ်နေတာ၊ မှော်ပဲအေးတယ်၊ သူအစောဆုံးပြီးတာ "
"မြန်မြန်လုပ်ကြ၊ ငါဗိုက်ဆာလာပြီ "
"ခဏလေး... အကျီသွားလဲလိုက်ဦးမယ်၊ စောင့်ဦးနော် "
သီရိက ခြေမျက်စိထိရှည်သည့် ဂါဝန်အလွင့် ခရမ်းဖျော့ရောင်လေး သွားလဲပြီး ထွက်လာသည်။ လွယ်အိတ်လွယ်ကာ အခန်းပြင်ရောက်မှ ဦးထုပ်ကျန်ခဲ့ပြီဟုဆိုပြီး ပြန်ပြေးယူနေသေးသည်။
မနက်စာကို ဟိုတယ်ကကျွေးသည့် ဘူဖေးပဲစားလိုက်ကြသည်။ စားဖိုဆောင်မှာ သမာဓိနှင့် သူမမျက်နှာချင်းဆိုင်မိတော့ သမာဓိကပင် အရင်မျက်နှာလွှဲရှောင်ထွက်သွားသည်။ သူမက အနေသာချည်းပဲ။ အရောမဝင်လေ ကောင်းလေ။ စက်လှေကို မနက် ၈နာရီ မှာထားသဖြင့် ခပ်မြန်မြန် စားသောက်၍ ကမ်းခြေသို့ တပျော်တပါး ဆင်းလာခဲ့ကြတော့သည်။
ထိုင်တော့လည်း မှော်ဝင်နှင့် ဆန့်ကျင်ဘက်နေရာမှာ သူကျောခိုင်း၍ ထိုင်လိုက်လာသည်။ ပုလဲကျွန်းမှာ ရေတွေက ကြည်လင်နေကာ ဟိုးအောက်ခြေ ရေမျက်နှာပြင်ထိမြင်ရသည်။ တချို့ ရေငုတ်ပြီး စူးစမ်းလေ့လာသူများကို တွေ့ရ၏။ လှိုင်းတွေကတော့ အနည်းငယ်ကြီးသည်။ သဲတွေက ဖြူလွလွ၊ လမ်းလျှောက်တိုင်း သဲတွေထဲ ခြေထောက်တွေ နစ်ဝင်သွားသည့် ခံစားချက်က တိမ်တွေပေါ် လမ်းလျှောက်နေသလိုပဲဟု တင်စားချင်ပါသည်။
ထို့နောက် ငပလီကိုလာရင် မဖြစ်မနေသွားရမည့် ကျောက်ကလပ်သို့ ဦးတည်လာခဲ့ကြသည်။ တစ်နာရီလောက်စက်လှေမောင်းအပြီးမှာ ငပလီရဲ့အလှဆုံးနေရာတစ်ခုသို့ ရောက်ရှိလာ၏။ ထူးထူးခြားခြား မိုးကောင်းကင်နှင့် ပင်လယ်ပြင်ကို သူမတို့ တစ်ရောင်တည်း မြင်တွေ့ခဲ့ရပါသည်။
" ဖြည်းဖြည်းဆင်း "
" ငါ့လက်ကိုဆွဲပါဦး "
" ရေကတိမ်ပါတယ်ဟ၊ ဧကန္တ လက်ကိုင်ခံချင်လို့များလားနော် "
"ချော်လဲလို့ အရှက်ကွဲရတာထက်ဆိုရင် လက်ကိုင်ခံရတာကို ဂရုထားမနေတော့ဘူးဟေ့ "
" မှတ်တောင်ထားရဦးမယ် "
" ကျေးဇူးနော် "
သမာဓိသည် သူအရင်အောက်ဆင်းသွားပြီး စက်လှေပေါ်မှဆင်းမည့် မိန်းကလေးတွေကို လက်တွဲ၍ အောက်သို့ချပေးနေ၏။
"ကျေးဇူးပါ ကိုသမာဓိ "
သီရိက သူ့လက်မောင်းကိုကိုင်ဆင်း၍ အောက်ရောက်တော့ အပြုံးဖြင့် ကျေးဇူးတင်စကားဆိုသည်။ နောက်တစ်ယောက်က မှော်ပင်။ သူ့လက်ကိုကိုင်မည်မဟုတ်မှန်းသိသဖြင့် လက်ကမ်းမပေးတော့ဘဲ အသာရပ်နေလိုက်စဥ်မှာပင် သူမကလည်း လှေပေါ်မှဆင်းလာသည်။ ထိုစဥ် လှိုင်းပုတ်လိုက်သဖြင့် မှော်ဝင် ဟန်ချက်ပျက်သွားကာ သူ့ဘက်သို့ ယိမ်းယိုင်လာရာ လက်မောင်းကို ထိန်းကိုင်ပေးလိုက်မိ၏။
မှော်ဝင်က သူ့အား ဖျတ်ခနဲ မော့ကြည့်လာပြီးမှ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး ရှေ့သို့ လျှောက်ထွက်သွားသည်။ လျှပ်တပြက် မြင်လိုက်ရသည့် သူမမျက်ဝန်းထဲမှ ရှက်သွေးဖြာမှုကို သူ မယုံကြည်နိုင် ပြန်ပုံဖော်ကြည့်နေရင်း ထိုပုံရိပ်လေး ပျောက်ကွယ်သွားမှာ စိုးရိမ်တတ်နေသည်။ သူမူမှမှန်သေးရဲ့လား။
"ဟေ့ သွားမယ်လေကွ၊ ဘာရပ်လုပ်နေတာလဲ "
ဇင်ကိုလတ် သူ့ပခုံးအား ပုတ်၍ပြောသွားမှ သူသတိပြန်ဝင်လာပြီး မျက်နှာကို လက်ဝါးဖြင့် တစ်ချက်ပွတ်သပ်လိုက်ရင်း တိုးတိုးရယ်မိသည်။ လေပူမှုတ်ထုတ်လျက် သောင်ပေါ်သို့ တက်လာခဲ့သည်။ အမည်မသိ ကြည်နူးမှုဖြင့် စိတ်တွေလှုပ်ရှားနေမိ၏။ ဒီလိုပုံစံမျိုးနဲ့ မင်းဘယ်လိုရှေ့ဆက်မလဲ သမာဓိ။
"ရှုခင်းတွေက အရမ်းလှတာပဲဟယ်"
" မှတ်တမ်းတင်သွားဦးမှ "
" သာယာလိုက်တာဟယ်၊ ငါတော့ ဒီကနေ မပြန်ချင်တော့ဘူး "
"ဒါဆို ငပလီသားတစ်ယောက်ကို ယောကျာ်းတော်လိုက်လေ၊ နင် ငါ့ယူလည်း ရတယ်နော်၊ ဒီကို ဟန်းနီးမွန်းပြန်လာကြမယ် "
"ကြည့်စမ်း... ပါးစပ်သရမ်းတာ၊ သူ့ရုပ်သူရည်နဲ့၊ ဖိနပ်စာမိတော့မယ်၊ ဒင်းတော့... သေဖို့သာပြင်ထား "
"ငါ့ကိုမိဖို့ ဆယ်သက်ဟေ့၊ ဆယ်သက် မိန်းမရေ... "
မခံချင်အောင် လိုက်စပြီး ပြေးထွက်သွားသဖြင့် အနောက်မှ ဖိနပ်တကိုင်ကိုင်ဖြင့် ရိုက်ဖို့ ပြေးလိုက်သူကလိုက်။ ဓာတ်ပုံအလှရိုက်သူကရိုက်၊ ခရုခွံကောက်သူကကောက်လုပ်နေကြသည်ကို သစ်ပင်ပေါ် ဆောက်ထားသည့် လင့်စင်(သစ်သားအိမ်) ပေါ်ကနေ စီးမိုးပြီး ကြည့်နေသူက သမာဓိပင်။ လက်ထဲမှာလည်း ကင်မရာတစ်လုံးကို ကိုင်ထား၏။ ပြီးတော့ မျက်လုံးနားမှာ သေချာချိန်ရွယ်၍ ဖျတ်ခနဲ ဖျတ်ခနဲ ဓာတ်ပုံရိုက်လိုက်ပါသည်။
သူရိုက်ထားပြီးသော ဓာတ်ပုံတွေကို ပြန်ကြည့်ပြီး သမာဓိ တပြုံးပြုံး ကျေနပ်နေသည်။ နောက်တစ်ပုံထပ်ရိုက်ရန် ကမ်းခြေဘက်ပြန်လှမ်းကြည့်လိုက်တော့ မရှိတော့။ သူ မျက်လုံးကစားပြီး လျှောက်ရှာကြည့်တော့ လင့်စင်တွေဆောက်ထားသည့်ဘက်သို့ တက်လာနေတာတွေ့ရသဖြင့် သူအမိအရ ရိုက်ယူထားလိုက်ပါသည်။
လေအဝှေ့မှာ ဆံပင်လေးတွေ မျက်နှာပေါ်ဝဲသွားသည့်ပုံ၊ ထိုဆံပင်တွေကို ဖယ်လိုက်သောပုံ၊ သွားမပေါ်ဘဲ အလှဆုံးပြုံးလိုက်သည့်ပုံ၊ ပြန်၍ တည်တံ့သွားသောပုံ၊ ရိုက်ချက်တွေအားလုံးက snap တွေဖြစ်နေသော်လည်း လည်ပြန်ငေးကြည့်ရလောက်အောင် လှနေတာက ဓာတ်ပုံဆရာတော်လို့လား။ သူမကပဲ အပြစ်မဆိုရက်အောင် လှနေလို့လား။ သူ မေးခွန်းထုတ်ချင်ပါသည်။ ပြီးတော့ သူ့လုပ်ရပ်တွေက မှန်ရောမှန်ရဲ့လား။ ဒီအခြေအနေကို စိုင်းခမ်းနောင် သိရင်ရော သူ့ကို ဘယ်လောက်များ ပြစ်တင်ကဲ့ရဲ့လိုက်မလဲ။
"ပြုတ်တော့မကျပါဘူးနော် သီရိကြောက်တယ် "
မှော်ဝင်ခေါင်းခါပြပြီး လှေကားမှတစ်ဆင့် လင့်စင်ပေါ်သို့ တက်ထိုင်ပြလိုက်တော့မှ သီရိလည်း မရဲတရဲ တက်လာသည်။ အပေါ်ရောက်တော့မှ ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးလို့နေသည်။ လင့်စင်ပေါ်မှ ပင်လယ်ပြင်ကို ငေးကြည့်ရတာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ ပင်လယ်လေတဖြူးဖြူးနှင့်၊ စာအုပ်ထိုင်ဖတ်လို့ကောင်းသည့် နေရာတစ်ခုဟု ဆိုချင်ပါသည်။
နေ့လည်စာကို ကျောက်ကလပ်မှာပင် စားကြသည်။ စားပြီးတော့ ပါဆယ်ဂိမ်းကစားကြမည်ဟုဆိုကာ အရိပ်ရသည့်အပင်အောက်မှာ အခင်းခင်း၍ ဝိုင်းဖွဲ့ကာထိုင်ကြပြီး ကိုဇော်ကြီးက သူဟိုတယ်ကနေ ပင်ပန်းစွာ သယ်ယူလာသည့် ဂီတာကို ထုတ်ယူ၏။
"ကဲ မဲလိပ်တွေပါတယ်နော် "
" ပါတယ်၊ ဒီမှာ "
" ဒါဆို ငါသီချင်းစဆိုပြီ "
ကိုဇော်ကြီးက အဖွဲ့ခေါင်းဆောင်ပီပီ ဂီတာပိုက်၍ သူတို့တွေကို ကျောခိုင်းကာထိုင်လျက် ဂီတာကြိုးညှိကာ သီချင်းဆိုဖို့ ချောင်းဟန့်သည်။
သီရိက ဂိမ်းကစားဖို့အတွက် စိတ်အားထက်သန်နေသဖြင့် မှော်ဝင်ပါ လိုက်ထိုင်ပေးနေရသည်။ ဒီလိုအလုပ်မျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မလုပ်ခဲ့ဖူးပါ။ ဒါကို တချို့က အတွေ့အကြုံယူသင့်သည်ဟု ဆိုကြလိမ့်မည်။ သူမကတော့ အချိန်ပေါနေတဲ့သူတွေ သက်သက်အချိန်ဖြုန်းတာဟု ထင်မိသည်။ သူများတွေများ အချိန်လုပြီး ပိုက်ဆံရှာဖို့အတွက် နေပူဆတ်ခါးထဲ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရချိန်မှာ သူမတို့ကတော့ အရိပ်အောက်မှာ မိဘပေးလိုက်သည့် ငွေဖြင့် အပူအပင်ကင်းစွာ အချိန်ဖြုန်းနေနိုင်သည်။ လောကကြီးဟာ မတရားဘူးဟု သူမထင်မိသည်။
ကိုဇော်ကြီး သီချင်းသံစသည်နှင့် ပါဆယ်ထုပ်က ပထမဆုံး ညိုချောဆီမှတစ်ဆင့်လက်ဆင့်ကမ်းသွားသည်။ အားလုံး သည်းတထိတ်ထိတ်၊ ရင်တဖိုဖိုပင်။ ဘယ်သူ့ဆီကျမလဲပေါ့။ နောက်ဆုံး သီချင်းသံရပ်သွားတော့ ပါဆယ်ထုပ်က သီရိပေးက ကောင်မလေးဆီမှာ။ အားလုံးဆီက လက်ခုပ်သြဘာပေးသံ ကြားရပြီးနောက်...
"အလယ်ကိုကြွပေးပါ၊ မဲလိပ်နှိုက်မယ် "
" ဗလာ၊ ဗလာ "
" ဝမ်းသာစရာ ဗလာမပါပါဘူးခင်ဗျာ "
"ဟာ! "
" နှိုက်ပြီးရင် ဒီကိုပဲပေးလိုက်ပါ "
"အိုကေ၊ ကျောင်းတုန်းက ရယ်စရာအလွဲတဲ့"
"အလွဲပေါင်းသောင်းခြောက်ထောင်ထဲက တစ်ခုပြောပြမယ်... အဲ့နေ့က ကျောင်းနောက်ကျတယ်၊ ကမန်းကတန်းကျောင်းကို လာတဲ့အချိန်မှာ ငါ့ကိုတွေ့တဲ့သူတိုင်း ပြုံးစိစိနဲ့ ငါ့လည်း ဘာမှမပြောဘဲနဲ့၊ ငါလည်း ကြောင်တောင်တောင်နဲ့ အခန်းထဲပြေးဝင်တာပေါ့၊ အဲ့မှာ အတန်းက ကျောင်းသားတွေက ငါ့ကို လက်ညှိုးထိုးပြီး ဝိုင်းရယ်ကြတာ "
" ဘာလို့လဲ "
" မသိချင်ရှာဘူးနော်၊ ထမီအထက်ဆင်က အောက်ရောက်နေလို့ဟေ၊ ဇောက်ထိုးကြီးဝတ်လာမိတာရော "
" ဟား ဟား... "
"ကဲ ပြန်စမယ်ဟေ့၊ နင် သီချင်းဆိုရမယ်နော် "
" ဟာ ငါမှ သီချင်းမဆိုတတ်ဘဲ "
" မရဘူး၊ ရတာဆို၊ သွား... "
"ငါ့ကို အနိုင်ကျင့်တယ်၊ ကိုကိုနဲ့ပြန်တိုင်ပြောမယ် "
" ချစ်လေးကို ဘယ်သူအနိုင်ကျင့်တာလည်း ကိုကို့ကိုပြော... "
" နှာဘူးကောင်၊ ကြားထဲက လျှာအရသာခံနေတယ် "
" ဟ ဟ "
နောက်ထပ်ကံထူးသူကတော့ ညိုပြီးချောတဲ့ ညိုချောပင်။ ညိုချောက တမင် မျက်နှာလေး ရှုံ့မဲ့ကာ ရှေ့ထွက်လာသည်။ မဲနှိုက်ပြီး တခြားသူကို ပေးဖတ်ခိုင်းလိုက်ပါ၏။
" ငယ်ငယ်တုန်းက ကိုယ့်ကိုရိုက်ခဲ့တဲ့ ဆရာမတွေကို ဘာပြောချင်လဲ တဲ့၊ အမှန်အတိုင်းပြောနော် "
"ဟာ! မေးခွန်းသတ်ပြီကွာ "
" ဖြေရမယ်၊ ဖြေရမယ် "
"အင်း... လွယ်လွယ်လေးပါ၊ ဆရာမ သမီး အခုလိမ္မာနေပါပြီပေါ့ ဟုတ်ဘူးလား "
" ထားပါတော့ "
ညိုချောပြီးတော့ ကိုဇော်ကြီး မဲနှိုက်ရသည်။ ကိုဇော်ကြီးကို မျောက်က,ကခိုင်းသဖြင့် ဟာသနှောကာ ကသည်။ နောက်အလှည့် သီချင်းရပ်သွားချိန် သီရိလက်ထဲ ပါဆယ်ထုပ်ကိုင်မိလျက်သား ဖြစ်သွားသဖြင့် ရှေ့ထွက်ကာ မဲလိပ်နှိုက်ရသည်။ မဲထဲမှာပါသည့် စာက...
"ကိုယ့်ရဲ့ခရပ်ရှ်က ဘယ်သူလဲ ပြောပါတဲ့ "
သီရိသည် ပြုံးရွှင်နေရာမှ ရုတ်တရက် နှုတ်ခမ်းလေးကွေးကျသွားကာ မျက်နှာမသာမယာဖြစ်သွားသည်။ သေချာတွေးတော စဥ်းစားနေဟန်လည်းရှိသည်။
" ပြောလေ သီရိ "
" ဟို သီရိမပြောလို့ မရဘူးလား "
မျက်နှာငယ်ဖြင့် သီရိက မှော်ဝင်ကို လှမ်းကြည့်၍ ပြောလိုက်သည်။ မှော်ဝင် ဘာပြန်ပြောရမည်မသိ။ သိရီကိုသာ လှမ်းကြည့်နေမိ၏။
"ခရပ်ရှ်ကို ပြောခိုင်းတာလေ၊ ချစ်သူကိုပြောခိုင်းတာမှမဟုတ်တာ ဘာများခက်လို့လဲ "
" အေးလေ သီရိ "
ညိုချောက ထောက်ခံသည်။ သီရိကတော့ မှော်ဝင်ကိုသာ အကူအညီတောင်းသည့်မျက်နှာလေးဖြင့် အစဥ်မပြတ် ငေးကြည့်နေဆဲ။ ထို့ကြောင့် သူမ မျက်မှောင်ကြုတ်သွားမိသည်။ ထိုအချိန်မှာ ညိုချောက သူမကို တစ်ချက်လှမ်းကြည့်လျက် သီရိကို ပြောလိုက်သည်။
"ဧကန္တ သီရိရဲ့ခရပ်ရှ်က သူများတွေကို ဖွင့်ပြောလို့မရတဲ့သူဖြစ်နေလို့လား...၊ ဒါဖြင့် "
သီရိက ငိုမဲ့မဲ့ မျက်နှာလေးအသွင်သို့ ပြောင်းလဲသွားသည်။ တခြားသူတွေကလည်း ထူးဆန်းအံ့သြဟန်ဖြင့် သီရိကို ကြည့်နေကြ၏။ ညိုချောက မျက်ခုံးလေးပင့်၍ ပြောလက်စစကားကို ရပ်ထားသည်။
သမာဓိကတော့ သူနဲ့ ၉၀ ဒီဂရီထောင့်ချိုးမှာရှိနေသော မှော်ဝင်ရဲ့ အရိပ်အခြေကိုသာ သေချာကြည့်နေပါသည်။ ပျော်ရွှင်မှုအသွင်ဆောင်ထားတဲ့ ကံကောင်းမှုတွေက တစ်ခါတစ်ရံမှာ ကံဆိုးမှုတွေ ဖြစ်နေတတ်သည်။
" ဒါဖြင့် သီရိက... "
" ပြောတာ မပြောတာ... ဒါသူ့ရဲ့ အခွင့်အရေးပဲ၊ ဘောင်ကျော်မလာနဲ့ ညိုချော "
မှော်ဝင်က ပြောပြောဆိုဆို ထိုင်နေရာမှ သီရိနားသို့ ထလာ၏။
"ဟာ ဒါဂိမ်းစည်းမျဥ်းပဲလေ၊ ခက်ခဲတဲ့မေးခွန်းတစ်ခုမှမပါဘူး "
"ရပါတယ် သီရိဖြေလိုက်မယ် "
"နင့်သဘောဆန္ဒမဟုတ်ဘဲ တခြားသူရဲ့ တိုက်တွန်းမှုကြောင့် ဘယ်တော့မှမလုပ်နဲ့"
ရုတ်ချည်းပင် ထိုနေရာမှာ သူမတို့သုံးယောက်သာ ရှိနေသည့်အလား ဖြစ်သွားသည်။ တခြားလူတွေက တိုးတိုးကြိတ်ကြိတ်ဖြင့် အတင်းဖျင်းပြောနေ၏။
"သီရိက နင်မဟုတ်သလို၊ နင်က သီရိမဟုတ်ဘူး ညိုချော၊ ငါ အဲဒါပဲပြောမယ် "
သီရိလက်ကိုဆွဲ၍ နေရာမှလှည့်ထွက်လာခဲ့သည်။ အစကတည်းက စိတ်ပျက်စရာကောင်းသည့် နေရာမှာ သူမရှိမနေခဲ့သင့်တာ။
"ဟိုလေ သီရိက... "
မှော်ဝင် ခေါင်းခါပြလိုက်သည်။ သူမ သီရိဆီက ဘာဆိုဘာမှ မကြားမသိချင်ပါ။ လူတိုင်း ကိုယ့်ကိစ္စနဲ့ကိုယ် ကိုယ်အကြောင်းနဲ့ကိုယ် ရှိသည်။ သူမ ဒါကို ကောင်းစွာ နားလည်ပေးနိုင်သည်။ သို့သော် ညိုချောနဲ့ အဖုအထစ်တွေ မဖြစ်စေချင်ခဲ့တာတော့ အမှန်ပင်။ ထွေးပြီးသား တံတွေးကို ဘယ်တော့မှ ပြန်မြိုလို့ရမည်မဟုတ်။ အရာရာဟာ အကောင်းဘက်သွားဖို့ ဖြစ်လာတာဟုပဲ သဘောထားလိုက်တော့သည်။
"မှော်ဝင်က ဘာလည်းဟ... ဂိမ်းကစားပါတယ်ဆိုမှ၊ ဆိုက်ကိုပဲ "
" သူငယ်ချင်းတွေပဲဟာ၊ ဒီလောက်ပြောစရာမလိုပါဘူး "
" မထားသင့်တဲ့နေရာမှာ မာနထားရင် တစ်နေ့ရောင်ပြန်ဟပ်လိမ့်မယ် "
ထိုစကားတွေသည် တစ်စုံတစ်ယောက်ရဲ့ နှလုံးသားနဲ့အရှိုက်ကို ပြင်းစွာလာရောက် ရိုက်ခတ်လာသည်ကို ထိုသူမှအပ မည်သူမှ သိနိုင်မှာမဟုတ်ပေ။
ပင်လယ်လို မာယာများတဲ့ လောကကြီးထဲ ရှင်သန်ရပ်တည်ဖို့ လူတိုင်း တစ်ခါတလေတော့ မာယာများတတ်ဖို့လိုမည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤
အခန်း(၁၅) ဆက်ရန်>>>
#ပတ္တမြားအလင်း