book

Index 13

အခန်း(၁၃)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤


~~~~~~~~


"ပစ္စည်းတွေစုံပြီလား တစ်ချက်စစ်ကြည့်ကြဦး၊ ဘယ်သူတွေကျန်သေးလဲ "


"မှော်တို့လိုက်မယ်ဆို... သူတို့ကဘယ်မှာလဲ မလာသေးဘူးလား "


"နှစ်ယောက်ကျန်သေးတယ်ဟေ့၊ သူတို့ကို ပြည်မှာဝင်ခေါ်ရမယ် " 


"၆ နာရီထိုးနေပြီ၊ မိုးမလင်းခင်သွားပါမယ်ဆိုကာမှ... "


"ဟေ့ ဟိုမှာ မှော်ဝင်မလား... ကြည့်ကြစမ်းပါဦး "


" ဟုတ်ပါ့ "


ဟိုးအဝေးမှာ မြင်နေရသည့် ပေါ့ပါးစွာ လှမ်းလာနေသည့် ပုံရိပ်နှစ်ခုက အနီးရောက်တော့မှ ပိုမိုပီပြင်ထင်ရှားလာကာ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်က အသွင်သဏ္ဍာန်ပြောင်းလဲလာသည့် မှော်ဝင့်ကြောင့်ပင်။ မင်တက်စွာငေးမောနေကြသည်မှာ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ 


"ဝါး ဝါး ဝါး.... မှော်ဝင် ဟုတ်ပါတယ်နော်"


"Amazing! You are so beautiful. "


" ဟယ် လှလိုက်တာ မှော်ဝင်ရယ် "


" မှော်မလှတဲ့အချိန်ရှိသေးလို့လားဟင် "


အားလုံးအံ့အားသင့်နေသည့်ကြားက သီရိရှင်းသန့်က ကြားဖြတ်ဝင်၍ မေးလိုက်မှ ပတ်တောပိတ်သွားကြသော်လည်း အကြည့်တွေကတော့ သူမဆီမှာ တစ်ဝဲလည်လည်နဲ့ပါ။


"မှော် ဘယ်လိုစိတ်ကူးနဲ့ ဆံပင်ညှပ်လိုက်တာလဲ၊ ကိုယ်တောင်လိုက်ညှပ်ချင်သွားပြီ သိလား... ယူနဲ့အရမ်းလိုက်တယ်၊ မိန်းကလေးဆန်သွားတယ် "


"လိုက်တယ်မလား... သီရိလည်း အဲဒါပဲပြောနေတာ၊ လူသားသေးသေးလေးကျနေတာပဲလို့ နော် ညိုချော... "


"ဟင် လူသားသေးသေးလေး ဟုတ်လား...၊ အင်း ဟုတ်ပါ့၊ ကဲ လူစုံပြီဆိုတော့ ကားပေါ်တက်ရအောင် သွားကြမယ်ဟေ့ "


ကျောလယ်လောက်မရောက်တက်ရောက်တက် ဆံပင်ကို မှော်ဝင် ကုပ်ဝဲလေးပြောင်းညှပ်လိုက်တာကို အားလုံးက အထူးအဆန်းလုပ်နေကြသည်။ သူမအတွက်တော့ ဘာမှမထူးခြား။ ထူးခြားပါစေရယ်လို့ ညှပ်လိုက်တာလည်းမဟုတ်။ အပြောင်းအလဲဖြစ်ရုံသက်သက်၊ စိတ်ပေါ့ပါးရုံ သက်သက်ညှပ်လိုက်ခြင်းဖြစ်သည်။ 


မှော်ဝင်နှင့် သီရိသည် လက်ထဲကိုင်လာသည့်ခရီးဆောင်အိတ်တွေကို ပရိုဘောက်ကားရဲ့ဝမ်းဗိုက်ထဲထည့်လိုက်ကြပြီး ကျောပိုးအိတ်ကိုယ်စီလွယ်ကာ ကားပေါ်တက်၍ နေရာယူလိုက်သည်။ ညိုချောက သူ့ကောင်လေးနှင့် တစ်တွဲထိုင်သည်။ ဒီတော့ သူမနှင့် သီရိက အတူတူထိုင်ရတာပေါ့။ 


အားလုံးပေါင်း ကားတစ်စီးလုံးမှာ ခုံတွဲဆယ့်နှစ်တွဲရှိသည်။ ယောကျ်ားလေး အနည်းအကျဥ်းသာပါပြီး မိန်းကလေးက ပိုများ၏။ အတွဲတွေပါသဖြင့် ကိုယ့်အတွဲနဲ့ကို ထိုင်ကြကာ နေရာလွတ်မရှိသလောက်ပင်။ သူမတို့က အလယ်လောက်မှာထိုင်ပြီး သီရိကို ပြတင်းပေါက်ဘက်ပေးထိုင်လိုက်သည်။ ကားစထွက်ကတည်းက ဆူညံလို့လာသည်။ တစ်ယောက်တစ်ပေါက်နှင့်၊ မြူးကြွသည့် english သီချင်းတွေ အကျယ်ကြီးဖွင့်လို့။

တချို့က ကားအရှေ့နဲ့အနောက် လူးလာခေါက်ပြန်လုပ်နေ၏။ ကောင်လေးတွေက ဂီတာတွေလည်း ယူလာကြသည်။ အပီဟဲမဲ့ပုံပင်။ ဟိုရောက်ရင် စိတ်အေးချမ်းသာစွာ မနေရဘဲ မျက်စိရှုပ်နားရှုပ်ဖြစ်မှာ ကြိုတင်တွေးမိပြီး သက်ပြင်းချလိုက်မိသည်။


လူငယ်တွေပဲ ပျော်ပျော်နေတတ်တာ ကိစ္စမရှိပေမယ့်လို့ ခရီးသွားတဲ့အရသာပျက်အောင်လုပ်ကြရင်တော့ မကောင်းဘူးဟု သူမ ထင်မိသည်။  ဟေးလားဝါးလားနဲ့ အပျော်ကြူးဖို့အတွက် ခရီးသွားခြင်းကို ခုတုံးမလုပ်သင့်ပေ။ ဒါကြောင့် လူကြီးတွေဟာ လူငယ်တွေကို ယုံကြည်သင့်တဲ့နေရာတွေမှာတောင် ယုံကြည်မပေးမှုတွေကြောင့် လူငယ်နဲ့လူကြီးကြား သဟဇာတမဖြစ်မှုတွေ၊ အဖုအထစ်တွေ၊ နားမလည်မှုတွေ ပိုကြီးထွားလာတာဟုတော့ ယေဘုယျအားဖြင့် သူမတွေးထင်မိပါသည်။ 


"ဗိုက်ဆာလိုက်တာ၊ ဘာပါလာလဲဟေ့၊ မုန့်တို့ဘာတို့ "


"သီချင်းပြောင်း... ရိုးအီနေပြီ၊ နောက်တစ်ပုဒ်" 


"ကားမူးတတ်လို့အရှေ့မှာထိုင်မယ်ပြောတာကို အနောက်မှာထိုင်ရတယ်၊ အေး ငါကားမူးပြီး မထနိုင်လို့ကတော့ နင်တို့တွေ ငါ့ကိုထမ်းခေါ်ရမယ်မှတ် " 


"ဟဲ့ ငါတို့တွေ ဟိုကိုဘယ်အချိန်ရောက်မှာလဲ "


"ခရီးသွားရင် အချိန်မမေးရဘူး၊ လမ်းခရီးကြန့်ကြာတတ်တယ် "


"အေးလေ မိန်းမကလည်း... ဘယ်လောက်သင်ပေးပေး မှတ်ကိုမထားဘူး... "


" ဘာပြောတယ် "


"မှားလို့၊ ယောက္ခမလို့ ပြောတာ "


"ငနာကောင်၊ ငါ့လက်ဝါးစာမိမယ်နော် "


" ဟား ဟား... အေးလိုက်တာ ဖင်တုန်လို့ "


" ဂွတ် ဂွတ် "


" အမလေးဗျ "


မှော်ဝင် ကျောပိုးအိတ်ထဲမှ ပီကေကိုထုတ်ယူ၍ ဝါးနေလိုက်သည်။ ပြီးတော့ မျက်လုံးအကာကိုပါ ထုတ်ယူလိုက်၏။ မျက်လုံးပိတ်ပြီး အိပ်ဖို့ကြံရွယ်ရုံရှိသေး သီရိက သူမရှေ့သို့ bluetooth နားကြပ်တစ်ဖက်ထိုးပေးလာသဖြင့် ငဲ့ကြည့်တော့ သူမလက်ထဲသို့ထည့်ပေးသည်။ ညာဘက်နားမှာတပ်လိုက်သောအခါ သီချင်းသံကြားရ၏။ ပြီးတော့ သူမပခုံးပေါ် ခေါင်းလေးမှေးတင်၍ နောက်နားကြပ်တစ်ခုကို သီရိက သူ့နားမှာ တပ်လိုက်သည်။ 


" မှော်... ရော့ "


သူမတို့ခုံတန်းဟိုဘက်မှာ ထိုင်နေသည့် ညိုချောက သူမတို့ကို အနက်ရောင်အိတ်တစ်ထုပ်လှမ်းပေးနေသည်။ သူမ လှမ်းယူပြီး ဖြေကြည့်တော့ အထဲမှာ မုန့်တွေ ရေသန့်ဘူးတွေ ရှူဆေးဘူးတွေ၊ ပလတ်စတစ်အိတ်တွေ ထည့်ထားသည်။ လွယ်အိတ်ရဲ့ဘေးအိတ်ထဲသို့ ထိုးထည့်လိုက်၏။ မအိပ်တော့ဘဲ ကားဘေးဝဲရာမှာရှိသည့် ရှူခင်းကိုကြည့်ဖို့ဆုံးဖြတ်လိုက်ကာ မျက်လုံးအကာကို ပြန်ထည့်ထားလိုက်သည်။ သီရိကတော့ အိပ်ပျော်လားမပျော်လားမသိ၊ မျက်လုံးမှိတ်၍ ငြိမ်သက်နေပါသည်။ တစ်အောင့်ကြာမှ ခေါင်းထောင်လာကာ ကားအပြင်ဘက်ကို ငေးမျှော်ကြည့်ရင်း စကားဆိုသည်။ 


"ဟိုဟာ ဘာကြာလဲဟင် "


" ပုဒ္မာကြာ "


လမ်းဘေးမြစ်ချောင်းတစ်လျှောက်မှာ ပေါက်နေသောကြာတွေကို သီရိက လက်ညှိုးထိုးကာ မေးခြင်းဖြစ်သည်။ ပြီးတော့ သူမြင်မြင်သမျှ၊ မသိသမျှ တောက်လျှောက်လက်ညှိုးထိုး၍ မေးလာသည်မှာ မှော်ဝင် မျက်ကြောပင်စင်းလာ၏။


၃နာရီလောက်ကြာတော့ ကားတစ်စီးလုံး အသံတိတ်ကျသွားသည်။ သူမ နောက်လှည့်ကြည့်လိုက်၏။ ဖုန်းကြည့်သူကကြည့်၊ နားကြပ်တပ်ပြီးအိပ်သူကအိပ်နှင့်။ ထိုင်တာကြာသွားလို့လားမသိ ကျောတွေနည်းနည်းတောင့်လာသည်။ ထိုင်ထားသည့်နေရာကလည်း ပူကျစ်နေပြီ။ ဟိုဘက် သည်ဘက် လှည့်ချင်ပေမယ့် သူမပခုံးပေါ် သီရိကအိပ်နေသဖြင့် လှုပ်တောင်မလှုပ်မိ။ သို့သော် သီရိမျက်နှာတစ်ခြမ်းကို နေထိုးနေသဖြင့် ပြတင်းတံခါးကို တစ်ဝက်လောက်ပိတ်ထားလိုက်ပါသည်။ ပြီးတော့ မှော်ဝင် ထိုင်ခုံနောက်မှီကို ခေါင်းမှီ၍ မျက်လုံးအသာမှိတ်ထားလိုက်ပါသည်။ စိတ်ထဲတွင် ဘုရားစာရွတ်နေလိုက်ပါသေး၏။ 


°°°°°°°°°°°°°°°°


နေ့လည် ၁နာရီလောက်တွင် မှော်ဝင်တို့သူငယ်ချင်းတစ်စုစီးလားသည့်ကားသည် သံတွဲမြို့ထဲဝင်လာ၏။ နှစ်ထပ်တိုက်အိမ်၊ ပျဥ်ထောင်အိမ်လေးတွေက ကားလမ်းဘေးမှာစိလို့။ ငပလီမြို့ကို ဆက်သွားရဦးမှာဆိုပေမယ့် နုံးခွေနေကြပြီး ခရီးပန်းကြပြီဖြစ်သော်လည်း အားလုံးက ခေါင်းတွေထောင်လာကြသည်။ လည်တိုင်လေးတွေဆန့်လို့ ရှုခင်းကို ​ငေးမျှော်ကြည့်နေကြသည်။  


"ဟေး... ဟိုမှာ ပင်လယ်... "


"ဝိုး... မိုက်တယ်ဟေ့၊ ပင်ပန်းတာတွေ ဘယ်ရောက်သွားပါလိမ့် "


" ရောက်ပြီကွ၊ အား... "


"ကဲ အားလုံးပဲရောက်ပြီ၊ ဖြည်းဖြည်းဆင်းကြပါ၊ ကိုယ့်ယူလာတဲ့ပစ္စည်းတွေကို ကိုယ်နဲ့အတူတစ်ပါတည်းယူဆောင်သွားကြပါခင်ဗျ "


"Reception မှာ ခဏစောင့်ပေးကြပါဦးဗျို့"


ကိုယ့်အထုပ်ကိုယ်သယ်ပြီး ကားပေါ်မှ အလျှိုအလျှို ဆင်းလာကြသည်။ ကားကို သူမတို့တည်းခိုမည့် 'Royal Palace Hotel ' ရဲ့ ကားပါကင်မှာ သွား၍ထားထားစဥ်မှာ သူမတို့က ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြ၏။ 


"ကျွန်မတို့ဒီမှာ ရှေ့လထဲက ဘိုကင်လုပ်ထားပါတယ်ရှင့်၊ family room တစ်ခန်းနဲ့ double room နှစ်ခန်းပါ "


"ဟုတ်ကဲ့၊ ဘိုကင်လုပ်ထားတဲ့နာမည် တစ်ဆိတ်လောက်ပြောပေးပါလားရှင့် "


"ဟေ့ ဘယ်သူ့နာမည်နဲ့ ဘိုကင်လုပ်ထားတာလဲ၊ ဒီမှာ မေးနေတယ်"


"ဟေ လာပြီ လာပြီ၊ ငါ့နာမည်နဲ့ "


"ကိုဇော်ခန့်ပါ အစ်မ "


" ဟုတ်ကဲ့ အစ်မကြည့်ပေးမယ်နော် "


"ဟုတ်ကဲ့ရှင့် သုံးညအိပ်ခရီးအတွက် ဘိုကင်လုပ်ထားပါတယ်ရှင့်၊ မှတ်ပုံတင်တွေ ပေးရပါမယ်ရှင့် "


"ဒီမှာမှတ်ပုံတင်ပါ၊ မှတ်ပုံတင်လာပေးကြဦး"


"ဟုတ်ကဲ့ရှင့် အခန်းသော့ပါ၊ လိုအပ်တာရှိရင် အချိန်မရွေးမေးမြန်းနိုင်ပါတယ်၊ ပျော်ရွှင်ဖွယ်ခရီး ပိုင်ဆိုင်နိုင်ကြပါစေရှင် "


"ကိုဇော်ကြီး... ကိုဇော်ကြီးတို့အတွက် အခန်းသော့ "


" အေး... ဟုတ်ပြီ၊ နေ့လည်စာကို အိမ်ကပါလာတဲ့ထမင်းဟင်းတွေပဲစားကြတာပေါ့၊ ညနေကျရင် အနီးအနားလည်ဖို့အတွက် ငါစုံစမ်းထားလိုက်မယ်၊ ညနေစာမစားခင် ပြန်စုံကြမယ်၊ ယောကျ်ားလေးတွေ ငါနဲ့လိုက်ခဲ့"


" သွားမယ် သွားမယ် "


မိန်းကလေး ၁၅ယောက်က family room မှာစုနေကြမှာဖြစ်ပြီး ယောကျ်ားလေး ၇ယောက်ကတော့ ကျန်အခန်းမှာနေကြမည်။ ကားဆရာက ကားပေါ်မှာပဲ ညအိပ်လိမ့်မည်။ သီရိက ပျော့ဖက်လို့၊ ကားမူးတာတော့မဟုတ်၊ ကားဆောင့်သည့်ဒဏ်မခံနိုင်လို့ဖြစ်မည်။ သူမလည်း အနည်းငယ်နုံးချည့်နေ၏။ တချို့လည်း အခန်းထဲရောက်မှ သန့်စင်ခန်းမှာ ခေါင်းစိုက်ပြီး အန်နေကြသည်။ 


သူမတို့အခန်းရဲ့အရှေ့မှာ နေရောင်အောက် ပျိုးပြက်လက်နေကာ ငွေရောင်လေးတွေ တောက်ပနေသော မျက်စိတစ်ဆုံး ပင်လယ်ပြင်ကျယ်က ရှူမငြီးဖွယ် လှိုင်းကြပ်ခွပ်ကလေးတွေနှင့် အဆင်တန်ဆာဆင်ကာ သက်ရှိပန်းချီကားတစ်ချပ်သဖွယ် လှပခမ်းနားစွာ ရှိနေခဲ့ပါသည်။ 


"မှော်... သီရိရင်ထဲမလင်းဘူး "


"အန်ချင်လို့လား "


" မသိဘူး၊ လည်ပင်းမှာတစ်ဆို့ကြီး "


"လေခံသွားတာဖြစ်မယ်၊ အချိုရည်နည်းနည်းသောက်လိုက်၊ ပြီးရင် ထမင်းစားမယ် "


" အင်း "


" ဒါဆို အချိုရည်သွားဝယ်လိုက်ဦးမယ်၊ ဒီမှာစောင့်နေ၊ ဘာစားချင်လဲ "


"ဟင့်အင်း၊ မြန်မြန်ပြန်လာခဲ့နော် "


ညိုချောကိုလည်းမတွေ့။ အခန်းထဲပြန်မဝင်လာသေးတာဖြစ်မည်။ တခြားသူတွေလည်း ထမင်းမစားဘဲ ထိုးအိပ်နေကြသည်။ မှော်ဝင် အခန်းပြင်ထွက်လာခဲ့သည်။ ခါးနှစ်ဖက်ထောက်၍ လေကောင်းလေသန့်ကို တစ်ဝကြီးရှူရှိုက်လိုက်ပါသည်။ ကမ်းစပ်မှာ ငါးဖမ်းလှေသုံးလေးစီးတွေ့ရ၏။ လှေပိုင်ရှင်ကိုတော့မတွေ့ရ။ ကမ်းခြေကို တစ်ချက်မျှ လှမ်းကြည့်ပြီး ဟိုတယ်ပင်မအဆောက်အဦးသို့ တက်လာခဲ့သည်။ 


°°°°°°°°°°°°°°°°°


"အေး ငါညနေသွားလိုက်မယ် "


" မနက်ဖြန် "


" ​လာပြီလား... ဘယ်မှာတည်းလဲ "


" အေး "


သမာဓိသည် နေ့လည်စာစားဖို့ ဟိုတယ်အခန်းထဲမှ ထွက်လာရင်း စိုင်းခမ်းနောင်နဲ့စကားပြောလာခဲ့သည်။ မနက်အစောလေယာဥ်နဲ့ မြတ်ကျော်အစား သူ ငပလီကို လိုက်လာခဲ့တာပင်။ မနက်ဖြန် ရန်ကုန်ပြန်မည်ဟု နဂိုကတွက်ထားခဲ့ပေမယ့် စိုင်းခမ်းနောင်စကားကြောင့် သူတွေသွားရသည်။ 


ထိုအချိန် ထောင့်ချိုးက ထွက်လာသော တစ်စုံတစ်ယောက်နှင့် သူပခုံးချင်းတိုက်မိသွားရာ ဖုန်းပြောနေရာမှ ဟန်ချက်ပျက်သွားသဖြင့် ရုတ်ခနဲ ခေါင်းမော့ကြည့်လိုက်သောအခါ... 


မယုံနိုင်စရာတွေက တစ်ခါတလေ တကယ်ဖြစ်လာတတ်ပါသည်။ ကိုယ်တွေ့ပေပဲ။ တစ်ဖက်ကလည်း မထင်မှတ်ထားသည်မို့ အံ့သြနေဟန်တူသည်။ သူတို့တွေ နေရာမှာရပ်၍ ကြောင်ကြည့်နေမိကြသည်။ ပြီးနောက် သတိပြန်ကပ်၍ သမာဓိ စိုင်းခမ်းနောင်အား ပြောလိုက်သည်။


" အသက်ရှည်ဦးမယ်ကွ "


ထိုစဉ် သူမက သူ့ဘေးကနေ ဖြတ်ကျော်ကာ လျှောက်ထွက်သွားတော့ ကျောခိုင်းလျက်ကပင် နှုတ်ခမ်းတွန့်ရုံ ပြုံးမိ၏။ 


" မှော် မှော်ဝင်... တူတူသွားမယ် "


အနောက်မှ ညိုချော လှမ်းခေါ်သံကြားရ၏။ စိတ်ထဲစုတ်သပ်လိုက်မိသည်။ မှော်ဝင် လှည့်မကြည့်ဘဲ ခြေလှမ်းများရပ်ကာ စောင့်နေလိုက်၏။ ရပ်စောင့်နေရင်းက သူ့အလိုလို နှလုံးခုန်သံတွေ တစ်ချက်တစ်ချက် ဒုတ်ခနဲ ဒုတ်ခနဲ ကျယ်လောင်စွာ မြည်သံကို သတိပြုမိတော့ မျက်မှောင်တွန့်၍ တံတွေးမြိုချကာ အသံကိုပြင်းပြင်းရှူလိုက်တော့ ပုံမှန်ပြန်ဖြစ်သွားသည်။ ဒါဟာ အံ့သြမှုရဲ့အကျိုးသက်ရောက်မှုကြောင့်ဖြစ်တာ၊ သေချာတယ်။ 


"ဟာ! သမာဓိ... "


ဖုန်းချလိုက်ပြီး သမာဓိ တူရူသို့ လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကနေ သူ့ဆီလျှောက်လာနေသည့် ကိုဇင်ကိုလတ်ကို တွေ့လိုက်ရသည်မို့ သူပြုံးပြလိုက်ပြီး လျှောက်သွားလိုက်ပါ၏။ 


"ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ "


"ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်ကမှ ရောက်တာ၊ အစ်ကိုကရော... "


"ချောသူငယ်ချင်းတွေစုပြီး ငပလီလာကြတာလေ၊ အဲဒါ အစ်ကိုလည်းအားနေတာနဲ့ လိုက်လာတာ၊ ဒါနဲ့ မင်းက ဒီမှာကြာဦးမှာလား... "


"အ​ခြေအနေအရပဲ အစ်ကို "


"အေး...  ဒီဟိုတယ်မှာပဲတည်းတာလား "


"ဟုတ်တယ်၊ အစ်ကိုတို့က အခုမှရောက်တာလား"


" အေးကွ "


" ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့လေ၊ နေ့လည်စာမစားရသေးဘူးမလား၊ ကျွန်တော် အခုပဲသွားစားမလို့ "


" မစားရသေးဘူး၊ သွားတာပေါ့ "


သမာဓိနှင့် ဇင်ကိုလတ်သည် ဟိုတယ်ထဲမှ စကားပြောရင်း လမ်းလျှောက်ထွက်လာကြသည်။ ကမ်းခြေနားက သန့်ရှင့်သပ်ရပ်ကာ စျေးတန်သည်ဟု နာမည်ကြီးနေသည့် ' တော်ဝင်နန်း ' စားသောက်ဆိုင်မှာ ​မြန်မာစာပဲ မှာစားလိုက်ကြသည်။ သဲသောင်ပြင်ကို ဖြတ်တိုက်လာသည့် လေထဲမှာ သဲရနံ့တွေရနေသည်။ ထမင်းစားနေရင်း ကမ်းခြေကို တစ်ချက်ဝေ့ကြည့်မိတော့ ပင်လယ်ထက်လှသော၊ မာယာများသော၊ ရနံ့ကင်းသော မိန်းမတစ်ယောက်ရဲ့ ပုံရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ တခြား မျက်စိပဒါသဖြစ်ဖွယ် မြင်ကွင်းများရှိပါလျက် ဟောဒီမျက်လုံးက သူမြင်ချင်ရာရွေးမြင်တတ်တာပဲ။ ဟာသတစ်ခုလို သတ်မှတ်ပြီး ရယ်ချင်ပေမယ့် တကယ်တမ်းမှာတော့ သူရယ်သွမ်းမသွေးနိုင်ခဲ့ပါ။


°°°°°°°°°°°°°°°°°°°

 

"မှော်... စောနကစားတဲ့ ဂဏန်းချဥ်စပ်ဟင်းက အရမ်းကောင်းတာပဲ၊ ထပ်စားချင်လိုက်တာ "


" အင်း "


"ရေသူမနဲ့ ဓာတ်ပုံရိုက်မယ်၊ သီရိကိုရိုက်ပေး"


မိန်းကလေးအများစုသည် ရေသူမရုပ်တုရှိသည့်နေရာသို့ ပြေးကြ၍ ဓာတ်ပုံရိုက်ကြတာများသည်။ ရေသူမရုပ်တုနောက်မှာ ဝင်လုဆဲ ရွှေအိုရောင်နေဝန်းကိုလည်း အလွှတ်မခံဘဲ ဓာတ်ဖမ်းနေကြသေးသည်။ သီရိကလည်း ဂိုက်ပေးကြမ်း၏။ ပို့စ်မျိုးစုံဖြင့် ပဲတွေပေးနေ၏။ သူမကတော့ ဓာတ်ပုံဆရာလုပ်ပေးလိုက်သည်။ ဓာတ်ပုံရိုက်ရတာ ဝါသနာမပါပါ။ 


"ဟေ့... ပြီးရင် ဘုရားသွားမယ် "


" နေဦး တစ်ယောက်စောင့်ရဦးမယ် "


" ဘယ်သူလဲ ကိုရဲ့ "


" လာလိမ့်မယ် "


ကိုဇင်ကိုလတ်ရဲ့ အမည်မသိ လူတစ်ယောက်ကို မှော်ဝင်တို့ ၁၅မိနစ်နီးပါး စောင့်လိုက်ရသည်။ 


"ရေက အေးနေတာပဲ၊ ဟီး... "


" ဘောင်းဘီရေစိုမယ် သီရိ "


" ပျော်ဖို့ကောင်းတယ် မှော်ရဲ့ "


" ပြောမရဘူးလား "


" ဟဲ လုပ်တော့ဘူး... "


ကမ်းစပ်နားတိုး၍ ​တလိပ်လိပ်တက်လာသော လှိုင်းကြပ်ခွပ်လေးတွေနှင့် ဆော့ချင်နေသော သီရိသည် မှော်ဝင်စကားကြောင့် ငြိမ်ကုပ်သွားကာ မှော်ဝင့်နားကပ်၍ မျက်တောင်ပုတ်ခက်ပုတ်ခက်လုပ်ကာ နောက်ပြောင်ကျီစယ်နေ၏။ ပြီးတော့ လက်ကိုဆွဲကိုင်ထားသေးသည်။ 


"တို့တွေ ဘယ်ဘုရားသွားမှာလဲ "


" ပဒေးတောင်ဘုရား "


" ကြာလိုက်တာ၊ လာရောလာဦးမှာလား"


" လာမှာပါ၊ ဟော ဟိုမှာ လာပြီ၊ ဒီမှာဟေ့ "


ဇင်ကိုလတ်က ကုန်းမြင့်ပေါ်သို့ လက်လှမ်းပြသည်။ သူတို့သည်လည်း နောက်သို့ လှည့်ကြည့်ကြ၏။ သောင်ပြင်ပေါ်သို့ ရှည်မျောမျော ပုံသဏ္ဍာန်တစ်ခု ဆင်းလာသည်။ ထို့နောက် လက်လှမ်းပြ၏။ အဝေးကနေ လှမ်းမြင်ရသော်လည်း ပုံရိပ်က အလွန်ပင်ထင်းလွန်းနေ၏။ အလွန်တောက်ပသလောက် အလွန်စိတ်ပျက်စရာလည်းကောင်းနေသဖြင့် မှော်ဝင် မဲ့ပြုံးပြုံးလိုက်ရင်း မျက်နှာလွှဲလိုက်သည်။


ကိုဇင်ကိုလတ်တို့ရှိရာ သမာဓိ ခပ်သွက်သွက်လေး လျှောက်သွားကာ သူ့ကို အချိန်ကြာမြင့်စွာရပ်စောင့်ခိုင်းသလိုဖြစ်သွားသဖြင့် အားတုံ့အားနာဟန်ဖြင့် စကားဆိုလိုက်ပါသည်။


"တောင်းပန်ပါတယ်ဗျာ၊ စောင့်ရတာကြာသွားတဲ့အတွက် "


"သူ့နာမည်က သမာဓိ၊ လေယာဉ်မောင်၊ ကိုယ့်မိတ်ဆွေ၊ အလုပ်ကိစ္စနဲ့ ဒီရောက်နေတာဆိုတော့ အဖော်အဖြစ်လှမ်းခေါ်လိုက်တာ "


"ဟယ် အမိုက်စားနော် "


" ချောလိုက်တာ၊ မင်းသားရှုံးလောက်တယ်"


"ကဲပါ မိုးမချုပ်ခင်သွားကြရအောင် "


" သွားမယ်ဟေ့ "


မိန်းကလေးတချို့ရဲ့အသံက တိုးထွက်လာတော့ မှော်ဝင် နှာခေါင်းရှုံ့လိုက်မိသည်။ ဒီလိုစိတ်ပျက်စရာကောင်းတာနဲ့ တွေ့မယ်မှန်းသိရင် အစကတည်းက အခန်းထဲမှာပဲနေခဲ့ပါတယ်။ ကျက်သရေ ယုတ်လိုက်တာ။ ဘုရားသွားဖူးမှာမို့ စိတ်ကိုအတတ်နိုင်ဆုံး ကြည်လင်အောင်ထားပေမယ့် ဂြိုလ်ဆိုးက ဝင်လာခဲ့သည်။ 


သီရိက သူမလက်ကို ချိတ်၍ သီချင်းသံတိုးတိုးညည်းကာ ခေါင်းလေးကို ဟိုဘက်ဒီဘက် ယိမ်း၍ အပူအပင်ကင်းစွာ လျှောက်လှမ်းနေ၏။ 


ပဒေးတောင်ဘုရားက တံငါရွာရဲ့အထက်နားမှာ တည်ထားတာဖြစ်သည်။ လမ်းတစ်လျှောက် အုန်းပင်တွေကို တန်းစီစိုက်ထားတာတွေ့ရသည်။ 


"အုန်းပင်တွေအများကြီးပဲနော်၊ မှော် အုန်းရည်မသောက်ချင်ဘူးလားဟင် "


" မသောက်ချင်ဘူး "


" မှော်ကလည်း..."


မှော်ဝင်တို့မိန်းကလေးအုပ်စုက အရှေ့မှလျှောက်၍ သမာဓိတို့ ယောကျ်ားလေးတွေက အနောက်မှ ခြံရံကာ လိုက်ပါလာကြသည်။ အနောက်မှာစကားပြောရင်း လျှောက်လာပေမယ့် သူ့အကြည့်တွေက အရှေ့မှာ။ လမ်းတွေက ပြေပြစ်မှုမရှိ၊ ခလုတ်ကသင်းတွေပေါ၏။ အမြင့်ကိုတက်ရာတာမို့ အနည်းငယ် အားစိုက်ထုတ်၍ တက်ရသည်။ 


" အလုပ်ကိစ္စပြီးသွားပြီလား သမာဓိ "


" သမာဓိ... "


" ဗျာ! ၊ ပြီးသွားပြီ " 


ကမန်းကတန်းပင် ဇင်ကိုလတ်ရဲ့အမေးကို သမာဓိပြန်ဖြေလိုက်၏။ အနည်းငယ် အိုးတို့အမ်းတမ်း ဖြစ်သွားရသည်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးစိစိ။ 


"ငါတို့က သုံးညအိပ်လေးရက်ခရီးလာတာ၊ မင်းအရင်က ငပလီရောက်ဖူးလား "


" တစ်ခေါက်တော့ရောက်ဖူးတယ်၊ ကြာပါပြီ "


" ဟ ဒါဆိုမင်း ငါတို့နဲ့လိုက်လည်ပါလား၊ အလုပ်ကိစ္စပြီးသွားရင်ပေါ့ "


"အဲလိုရလား... "


"သိပ်ရတာပေါ့ "


"အစ်ကိုက အဖွဲ့နဲ့လာတာဆိုတော့ ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်နေပါ့မယ်ဗျာ "


" မဖြစ်ပါဘူး၊ ပိုပျော်ရတာပေါ့ကွ၊ လူငယ်တွေချည်းပဲကို "


သမာဓိက ဖွဖွရယ်သည်။ ချက်ချင်းစကားမဆိုဘဲ တောင်ထိပ်သို့တက်လာခဲ့ပြီး ဘုရားပေါ်ရောက်မှ ဇင်ကိုလတ်ဘက်သို့ လှည့်ကာ အပြုံးဖြင့် စကားဆိုလိုက်သည်။


"ဒါဆိုလည်း လည်တာပေါ့ဗျာ "


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၄) ဆက်ရန် >>>


#ပတ္တမြားအလင်း


rate now: