🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~~
"မှော်လေး နိုးလာပြီလား၊ ခုပဲဝင်လာတော့မလို့ "
"Black coffee ဖျော်ထားတယ်၊ ပါစတာလုပ်ပေးမလို့ဟာ လိုအပ်တာတွေမတွေ့တာနဲ့ ပေါင်မုန့်ကြက်ဥကြော်ပေးထားတယ် "
" ခေါင်းကိုက်နေတယ်မလား... "
ညကဝတ်သွားသည့် ကြိုးတစ်လုံးအသားကပ်အကျီနဲ့ ဂျင်းဘောင်းဘီ အစား သူမကိုယ်ပေါ်မှာ ညအိပ်ဂါဝန်နီညိုရောင်က နေရာယူနေခဲ့သည်။ ခေါင်းတစ်ချက်ကုတ်လိုက်မိ၏။ ညကဖြစ်ခဲ့သမျှတွေ ပြန်မမှတ်မိတော့ပါ။ နားထင်ကြောတွေနှင့် နဖူးကြောတွေ ကိုက်ခဲနေသဖြင့် မျက်နှာရှုံ့တွနေမိပါသည်။ သက်ပြင်ချ၍ ပန်းကန်တွေနဲ့ အလုပ်ရှုပ်နေသော သီရိကိုလှမ်းကြည့်လိုက်တော့ သီရိက တီရှပ်ပန်းရောင်၊ ဘောင်းဘီတိုလေးနဲ့ ဆံပင်ကို ဖြစ်သလိုမြင့်မြင့်ထုံးထားကာ သူမကို ကျောခိုင်းထားတာကို တွေ့ရသည်။
မှော်ဝင်သည် နှာသီးဖျားကို လက်ညှိုးဖြင့်ပွတ်လိုက်ရင်း ထမင်းစားပွဲဝိုင်းရှေ့မှာ ဝင်ထိုင်လိုက်၏။ သီရိ သူမဘက်သို့ပြန်လှည့်လာပြီး မျက်နှာမလန်းတာကို သတိထားမိတော့ ရုတ်ခနဲ သူမနဖူးပေါ် လက်ဝါးနွေးနွေးတစ်ဖက် လျင်မြန်စွာ ရောက်ရှိလာပါတော့သည်။
"ဘာဖြစ်လို့လဲ မှော်၊ ခုထိအမူးမပြေသေးဘူးလား၊ ဒါဆို နည်းနည်းထပ်သောက်လိုက်ပါလား၊ အမူးပြေသွားလိမ့်မယ်၊ သီရိ သွားဝယ်ပေးမယ်လေ၊ ဒါမှမဟုတ်... "
မှော်ဝင် လက်ဝါးကာပြလိုက်၍ ခေါင်းခါပြရင်း...
"နေပါစေ... သီရိ၊ ရပါတယ် ထိုင်လေ၊ သီရိလည်း မှော့်ကြောင့် ပင်ပန်းနေရောပေါ့၊ ညက ညိုချောကားမောင်းပြီး ပြန်လိုက်ပို့တာထင်တယ် ဟုတ်လား "
" အင်း... ဟုတ်တယ်၊ မှော်မှတ်မိသားပဲ၊ အဲ့နောက်ပိုင်းရော ဘာတွေမှတ်မိလဲ၊ သီရိ မှော့်ကို အကျီလဲပေးထားတာလေ "
" မှန်းပြောလိုက်တာပါ၊ မမှတ်မိဘူး "
စားပွဲပေါ်လက်ထောက်၍ ခေါင်းကိုအသာဖိကိုင်လျက် ကော်ဖီတစ်ကျိုက်မော့သောက်လိုက်ပါသည်။ သောက်နေရင်း မျက်လွှာပင့်ကြည့်လိုက်ရာ သီရိက ပြုံး၍ ' ကောင်းလား ' ဟု မေးလိုက်သဖြင့် ခေါင်းညိတ်ပြရင်း ကော်ဖီခွက်ပြန်ချထားလိုက်၏။
ထိုစဥ် ညိုချောသည် ပျော်ရွှင်မှုတစ်ပွေ့တစ်ပိုက်နှင့် အပြင်ကနေ ရုတ်တရက် ရောက်ရှိလာပြီး တက်ကြွစွာ ပြောသည်။
"တို့တွေ ငပလီသွားဖို့စိီစဥ်ထားတာ အဆင်ပြေသွားပြီ သိလားမှော်၊ သွားဖို့ ကားရော၊ တည်းမဲ့ဟိုတယ်ရော၊ အစားအသောက်ရော ဘာမှပူစရာမလိုတော့ဘူးဟ၊ ပျော်စရာကြီး... "
မှော်ဝင်က အေးအေးသက်သာပင်၊ အံ့သြဟန်ပင်မပြ၊ ပြုံးရိပ်တောင်မသန်း။ ခပ်တည်တည်ပင် ကြည့်နေ၏။ သီရိကတော့ ညိုချောနှင့်အတူ အပျော်တွေကူးစက်ကာ သွားလေးဖြီး၍ ငေးကြည့်နေရင်းက ညိုချောကို မေးခွန်းထုတ်လိုက်ပါသည်။
"ငပလီသွားမှာ ဟုတ်လား၊ ဘယ်တော့လဲဟင်၊ မှော်ပါလိုက်မှာလား၊ ဘယ်သူတွေနဲ့လဲ၊ သီရိလည်း လိုက်ချင်တယ်၊ ရမလား..."
"ကျောင်းကသူငယ်ချင်းတွေနဲ့ စုသွားမှာလေ သီရိရဲ့၊ နောက်နှစ်ရက်နေရင်ပေါ့၊ သီရိလိုက်ချင်ရင် လိုက်ခဲ့လေ၊ မှော်လိုက်မလိုက်ကတော့ ကိုယ်တိုင်သာမေးကြည့်လိုက်တော့ သီရိရေ... "
သိရိက ဖျတ်ခနဲ သူမအား လှည့်ကြည့်သည်။ မှော်ဝင်သည် ဆိုဖာပေါ် လှဲလျောင်းလျက် ခြေထောက်နှစ်ဖက်ကို ဆိုဖာလက်တန်းပေါ်တင်ထား၏။ သီရိနှင့်ညိုချောက မျက်နှာချင်းဆိုင်မှာ အတူထိုင်နေကြသည်။ သူတို့ အားတက်သရောပြောနေကြတာကို မှော်ဝင် နည်းနည်းမှစိတ်မဝင်စားပါ။ သူမတွေးနေတာက တခြားအကြောင်းတစ်ခုပင်။
" မှော်လိုက်မယ်မလားဟင် "
သီရိအမေးကို မှော် ခဏငြိမ်သက်စဥ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီညနေ ကိုယ်တောင်ကြီးပြန်မှာ "
"ဟင့်အင်း ဟင့်အင်း... လိုက်ရမယ်၊ မရဘူးနော် မှော်က သီရိကိုထားသွားမယ်ပေါ့လေ ဟုတ်လား... "
ရုတ်တရက် ကလေးတစ်ယောက်လို ခြေချင်းလိမ်ကာ နှုတ်ခမ်းဆူလျက် ညို့မှောင်းသော မျက်ခုံးတန်းတွေကို တွန့်ချိုးထားသေးကာ သီရိရှင်းသန့်က မှော်ဝင်အား စတင်ဂျီတိုက်နေပြီဖြစ်သည်။ ညိုချောက သီရိပုံစံလေးကို သဘောကျလွန်း၍ ကြိတ်ရယ်နေကာ ဘာမှဝင်မပြောဘဲ ငေးကြည့်နေလိုက်သည်။
"သီရိဆန္ဒရှိရင် ကိုယ်နဲ့အတူ တောင်ကြီးလိုက်ခဲ့လေ၊ မရောက်တာလည်းကြာပြီမဟုတ်လား "
"ဘာပဲဖြစ်ဖြစ် သီရိက ညိုချောတို့နဲ့ ငပလီသွားချင်တာ၊ အဲဒါ မှော်ပါလိုက်ခဲ့ရမယ်၊ ဒါပဲနော် "
ရုတ်ခနဲ သီရိက သူမဘက်ကူးလာသဖြင့် ဆန့်ထားသည့် ခြေထောက်အား အလျင်အမြန်ရုတ်သိမ်းလိုက်ပြီး ငေါက်ခနဲ ထထိုင်လိုက်ရတော့သည်။ ပြီးတော့ သူမလက်မောင်းကို တင်းကြပ်စွာ ဆွဲဖက်ထားသော သီရိလက်အား အုပ်ကိုင်လျက် ငဲ့ကြည့်ရင်း...
"ငပလီလိုက်သွားချင်ရင်သွားပေါ့၊ အကြောင်းတော့မရှာနဲ့နော် သီရိ၊ တောင်ကြီးမှာ ရှင်းစရာကိစ္စတွေရှိနေလို့ မှော်မပြန်လို့မဖြစ်ဘူး... သီရိက ကလေးမှမဟုတ်ဘဲ ကိုယ့်ကိုနားလည်ပေးနော်၊ ချော... သီရိကို သေချာဂရုစိုက်ခေါ်သွားပေး "
" အေးပါဟယ်၊ စိတ်ချပါ "
စိတ်ကိုအရှည်နိုင်ဆုံးထား၍ ချောမော့ကာပြောလိုက်ပြီး ညိုချောကို စစ်ကူခေါ်လိုက်တော့ ညိုချောက ခေါင်းညိတ်၍ ဆက်ပြောသည်။
"နင်လည်းလိုက်ခဲ့ရင်ကောင်းမယ်၊ အန်တီနဲ့ အန်ကယ်ကို ငါပြောပေးရမလား "
မှော်ဝင် ခေါင်းခါပြလိုက်သည်။ သက်ပြင်းပါချလိုက်၏။ ထို့နောက် ရှေ့မှာချထားသည့် ရေသန့်ဘူးအား လှမ်းယူလိုက်ပြီး နှုတ်ခမ်းနဲ့မထိဘဲ မော့သောက်လိုက်သည်။ တစ်ဝက်လောက်နီးပါး သောက်ပြီးမှ အဖုံးပြန်ပိတ်ကာ စားပွဲပေါ် ပြန်တင်ထားလိုက်၏။ ပြီးတော့ တံတွေးတစ်ချက် မြိုချလိုက်ကာ သူမ စကားစလိုက်သည်။
"ငါမလိုက်ချင်ဘူးလို့ပြောပြီးပြီပဲ၊ ဒါ ငါ့ရဲ့ လွတ်လပ်ခွင့်လို့ ငါထင်တယ် "
ညိုချောနှင့် သီရိကို တစ်လှည့်စီကြည့်၍ ပြတ်သားစွာ ပြောလိုက်သည်။ ထိုအခါ သူမတို့ သုံးယောက်ကြား လေစိမ်းတွေဝင်လာပြီး လုံးဝတိတ်ဆိတ်သွားတော့သည်။ သူမ အမှန်အတိုင်းပြောလိုက်တာပင်။ စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်ခြင်းဖြစ်သည်။ သူမ တောင်ကြီးပြန်မှဖြစ်မည်။ မဟုတ်ရင် ပြန်ပြင်လို့မရတော့မည့် အမှားတွေဖြစ်လာနိုင်သည်။ သူမ ခေါင်းငုံ့၍ ခြေထောက်အောက်က အစိမ်းရင့်ရောင် ကော်ဇောအား အချိန်ကြာမြင့်စွာ ကြည့်နေစဥ် ဘေးနားက ရှိုက်သံသဲ့သဲ့ထွက်လာတာကို ကြားလိုက်ရသဖြင့် ဖြည်းညင်းစွာ ခေါင်းမော့ပြီး ငဲ့ကြည့်လိုက်သောအခါ...
" ဟင့်! "
" သီရိ ဟာ!...၊ ကလေးလားဟာ "
"သီရိရယ် ဘာလို့ငိုရတာလဲ "
ညိုချောက ပြောရင်း အနားရောက်လာသည်။ သီရိက တရှုံ့ရှုံ့နှင့်၊ ပခုံးလေးတွေ လှုပ်ခါအောင် ရှိုက်ငိုနေလေရဲ့။ မှော်ဝင် အတော်လေး စိတ်ရှုပ်သွားရသည်။ ဒီထက်နားလည်ရှင်းလင်းအောင် သီရိကို သူမ မပြောပြတတ်တော့ပါ။
"သိီရိကိုမှ တန်ဖိုးမထားတာလို့၊ အင့်...၊ သီရိချစ်သလို သီရိကို မှော်မှမချစ်တာ၊ သီရိက မှော့်အတွက် အရေးမကြီးဘူးပေါ့လေ၊ ဟင့်...၊ ဒီလိုခရီးသွားဖို့ အခွင့်အရေးမျိုး နောက်ကြုံတော့မှာမဟုတ်ဘူး... "
ပြောရင်းပြောရင်းနဲ့ တားမရဆီးမရ ဝမ်းနည်းစိတ်တွေနဲ့ သီရိရှင်းသန့် အကျယ်ကြီးအော်ငိုပါတော့သည်။ ထိုအခါ ညိုချော သူမကိုလက်ကုပ်ပြီး မျက်ခုံးပင့်၍ သီရိကိုပြသည်။ ဘယ်လိုလုပ်မလဲပေါ့။ စိတ်ထွေသွားရသည်။ ရုတ်တရက် ဘယ်ကစပြောရမှန်းမသိ။
"နေပါဦး... ငါစဥ်းစားလိုက်ပါဦးမယ်၊ အခုချက်ချင်းထသွားရမှာမှ မဟုတ်တာ၊ ဒီညနေ တောင်ကြီး ပြန်ကိုပြန်ရမှာ၊ အဲဒါ သီရိလိုက်ချင်လိုက်ခဲ့ပေါ့ ဘယ်လိုလဲ "
" ဟင့် "
သီရိက မျက်ရည်သုတ်လျက် နှပ်တွေရှုံ့သွင်းနေသည်။ ပြီးမှ သူမဘက်သို့ လှည့်လာကာ လည်ပင်းကို အားပါးတရ သိုင်းဖက်လာ၏။ ငိုထားသည့် အရှိန်ကြောင့် အင့်ခနဲ ရှိုက်သံထွက်လို့နေပါသေးသည်။ ညိုချောကို မျက်လုံးဝင့်ကြည့်ရင်း မှော်ဝင် သီရိရှင်းသန့်အား ပြန်လည်ပွေ့ဖက်ထားလိုက်သည်။ ထိုအခါ သူမလည်ပင်းသို့ အေးစက်သည့် အရာတစ်ခုထိတွေ့လာသဖြင့် သူမခါးလေး တောင့်မတ်သွားရတော့သည်။
°°°°°°°°°°°°°°°°
"ဝါး... မှော့်အခန်းက အကျယ်ကြီးပဲနော်၊ သီရိ မှော်နဲ့အတူအိပ်ချင်တယ် နော်လို့"
"ကိုယ်က တစ်ယောက်ထဲပဲအိပ်တတ်တယ်"
" ဘာလို့လဲ "
မှော်ဝင် အထုပ်ဖြေနေစဥ် ခုတင်ပေါ်တက်ထိုင်ကာ သူမမျက်နှာကို ငုံ့ကြည့်၍ သီရိက ဖျော့တော့သော အသံသေးသေးလေးဖြင့် မေးလိုက်သည်။ ထိုစဉ်မှာပင် လျှပ်စစ်မီးက ဖြုတ်ဆိုငြိမ်းသွား၏။
"ခဏပဲ၊ ပြန်လာလိမ့်မယ် "
သူမလက်ကို အားကိုးတကြီးဆုပ်ကိုင်လာသည့် သီရိအား ပြောလိုက်ပြီး ဖုန်းမီးဖွင့်လိုက်သည်။ ပြီးလျှင် ခုတင်ပေါ်မှ အသာဆင်းလိုက်ရင်း သီရိအား လှမ်းပြောလိုက်သည်။
"လာလေ အရှေ့သွားရအောင် "
" အင်း "
"မီးပျက်သွားတော့မှ ကောင်းကင်ကြီးဘယ်လောက်လှလည်း မြင်ရတော့တယ်၊ တစ်ခါတလေ အဝေးကြီးကဟာကို တောင့်တနေတာထက် အနီးဆုံးမှာရှိတဲ့ဟာကို မြင်နိုင်ဖို့ အရေးကြီးတယ် ဆိုတာ သိပ်မှန်တဲ့စကားပဲနော်၊ အဲဒါ မှော်ဘယ်လိုထင်လဲဟင် "
"ဘယ်လိုမှမထင်ဘူး "
" အဟင်း... "
သီရိက ရယ်သည်။ ကောင်းကင်ကို ငေးကြည့်ပြီးတော့။ မိနစ်အနည်းငယ် ကြာသွားသည်အထိ မီးကပြန်မလာသေး။ ခြံထဲမှာ ခြင်တွေလည်းကိုက်သည်။ ဖေဖေတို့လည်း ပြန်မလာသေးပါ။ နှစ်ယောက်လုံး နောက်ကျမည်ဟုတော့ ကြိုအကြောင်းကြားထားပါသည်။ သူမတို့ အိမ်ထဲပြန်ဝင်ခါနီးတွင် အိမ်ရှေ့ကားရပ်သံကြားရပြီး လူတစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ အမှောင်ရိပ်ထဲတွင်မို့ မည်သူမှန်း သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန်မှာ မီးက ဖျတ်ခနဲ ပြန်လာသဖြင့် ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားရတော့သည်။
" မှော် "
မျက်နှာချင်းဆိုင်တည့်တည့်မှာရှိနေသည်။ မသိချင်ယောင်ဆောင်နေ၍မရတော့။ မကြားချင်ယောင်ဆောင်နေ၍မရတော့။ ပြန်မထူးလို့တော့ရသည်။
"သူကဘယ်သူလဲ "
ကျောနားကပ်၍ သီရိက တိုးတိုးမေးသည်။ သူမ သူ့အား စိုက်ကြည့်နေလိုက်ပါ၏။
"ကြည့်ရတာ အန်ကယ်တို့ ပြန်မရောက်ကြသေးဘူးနဲ့တူတယ်၊ ကိုယ်မနက်မှလာခဲ့မယ်၊ ဒီမှာ မှော့်အတွက် ပီဇာ "
သူ့လက်ထဲက စက္ကူအိတ်အား ကမ်းပေးနေပေမယ့် မှော်က လှမ်းမယူပါ။ သူမဘေးနားရပ်နေသည့် မိန်းကလေးက အားနာဟန်ဖြင့် လှမ်းယူလိုက်သည်။ ပြီးတော့ ကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြသည်။
" ဒါဆို ကိုယ်သွားပြီနော် "
"မနက် ၈နာရီ ကော်ဖီဆိုင်မှာတွေ့မယ် "
"ဟင်! အာ... ဟုတ်ပြီ၊ ဟင်း... မနက်တွေ့မယ်နော် see you "
ဉာဏ်ဝင့်သူ လက်တစ်ဖက်ဝှေ့ရမ်းပြကာ နှုတ်ဆက်၍ ခပ်လေးလေး ထွက်ခွာသွားသည်။
"မှော်... သူက ဘယ်သူလဲလို့ "
" ဉာဏ်ဝင့်သူ "
"မှော့်သူငယ်ချင်းဟုတ်မယ်မထင်ဘူး၊ သူ့ကြည့်ရတာ မှော့်ကိုတော်တော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ "
"ဟီး... စိတ်ထဲပီဇာစားချင်နေတာနဲ့ အတော်ပဲ "
ပီဇာတစ်ချပ်လုံး သီရိကိုသာ ကျွေးလိုက်သည်။ သူမက လက်ဖျားနဲ့တောင် မထိခဲ့ပါ။ ဘယ်လိုပြောပြော သီရိက သူမနှင့်အတူအိပ်မည်ဟု ပြောနေရာ ခွင့်ပြုလိုက်သည်နှင့် သူမထက် အရင်အိပ်နှင့်သွားသည်။ သူမကတော့ မအိပ်နိုင်သေးပါ။ ဖေဖေတို့ပြန်အလာကို ဧည့်ခန်းထဲမှာ တီဗီကြည့်ရင်း စာဖတ်ရင်း ထိုင်စောင့်နေကာ ဖေဖေတို့ပြန်လာမှ မှော်ဝင်လည်း အိပ်ရာဝင်ခဲ့တော့သည်။ ခေါင်းအုံးနှင့်ခေါင်းထိလိုက်သည်နှင့် တန်းအိပ်ပျော်သွားသည်မှာ ထူးဆန်းလှ၏။
°°°°°°°°°°°°°°°
နောက်နေ့မနက်တွင် သီရိကိုမခေါ်ဘဲ သူမ ဉာဏ်ဝင့်သူနှင့် ချိန်းထားသော ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ဆိုင်ရောက်တော့ ဉာဏ်ဝင့်သူက ဦးစွာရောက်ရှိနေ၏။
"မှော် စာမေးပွဲဖြေနိုင်ခဲ့တယ်မဟုတ်လား၊ ဖြေနိုင်မှာပါ၊ မှော်က စာတော်ပြီးသားပဲ၊ မနေ့က ကိုယ် မှော့်ဆီ ဖုန်းဆက်တယ်... "
"အပိုတွေနောက်ထားပြီး ကျွန်မပြောတာသာ သေချာနားထောင်ပါ "
" ပြောလေ၊ ပြောပါ "
"ကျွန်မ UK မှာ ဘွဲ့လွန်သွားတက်ဖို့အတွက် လျှောက်လွှာတင်ထားတာ ကျလာပြီ၊ ဒီလကုန်သွားရမယ်၊ ဒီသတင်းကို ကျွန်မ ရှင့်ကို ပထမဆုံးပြောပြတာ၊ ကျွန်မ ဘာဆိုလိုချင်တာလဲ သိတယ်နော် "
ကလေးတစ်ယောက် ကော်ဖီနှင့် ရှမ်းခေါက်ဆွဲ လာချပေးတော့ သူမ အသံတိတ်၍ ငြိမ်နေလိုက်သည်။ ဉာဏ်ဝင့်သူက သူမအား မျက်ခုံးပင့်ချီ၍ ငေးစိုက်ကြည့်နေ၏။ ပူလောင်မှုတွေ မပါသောအကြည့်ပင်။
"သိပါတယ်၊ ကိုယ်စောင့်နေပါ့မယ်၊ ရှေးယခင်ထဲက ကိုယ် မေမေတို့ကို စကားဦးသန်းထားပြီးသားပါ၊ ဒီအတွက် စိတ်ချပါ ဘာမှမပူပါနဲ့ မှော်... မှော့်ပညာရေးအတွက်၊ မှော့်ဘဝအတွက် ကိုယ်ဟာ ဆူးငြောင့်ခလုတ်မဖြစ်စေရပါဘူး "
မှော်က ခေါင်းတစ်ချက်ညိတ်၍ စကားဆိုသည်။
"ကိုယ့်စကားကိုယ်တည်ပါ "
" မှော်... ကိုယ်နဲ့အတူ မနက်စာစားသွားပါလား၊ မိတ်ဆွေတစ်ယောက်အနေနဲ့ပါ "
တစ်ရန်တော့ အေးသွားပြီဆိုပေမယ့် စိတ်ကမအေးနိုင်သေးဘဲ ဖြစ်နေသည်။ စိတ်ညစ်ညူးနေ၏။ လေးပင်နေ၏။ သို့သော် ထိုင်လက်စနဲ့ဆက်ထိုင်နေလိုက်ပြီး ကော်ဖီကိုပဲ ဝတ်ကျေတန်းကျေသဘော သောက်လိုက်၏။
°°°°°°°°°°°°°°°°°°°
" သားလေး "
" ဗျာ "
"ညီမလေးကို သေချာဂရုစိုက်ခေါ်လာနော်"
"မေမေရယ်... ဒီခရီးနဲ့ဒီခရီး စိတ်မပူပါနဲ့ဗျာ၊ သားတို့ခုစထွက်လာနေပြီ "
" အေး အေး... ၊ ဒါဆို မေမေဖုန်းချလိုက်တော့မယ်၊ ဂရုစိုက်မောင်းနော် သားလေး "
" ဟုတ်ကဲ့ပါ "
ဖုန်းချလိုက်ပြီး သမာဓိ ပြည်လမ်းမကြီးဘက်ကနေ အဝေးပြေးကားလမ်းပေါ်သို့ တက်လာခဲ့သည်။ အနားမှာ မိန်းကလေးတစ်ယောက်ရှိနေခြင်းက သူ့ကို အမှန်စိတ်မသက်မသာဖြစ်စေတာပင်။ သူ့ကားပေါ် သူစိမ်းမိန်းကလေးမပြောနဲ့ မေမေတောင် လိုက်ပါလာခဲလှ၏။ ယခု မေမေ၏ တောင်းဆိုမှုကြောင့် အိမြတ်မွန်ကို အဆောင်ကနေ သွားကြိုလာခဲ့ပြီး သူကိုယ်တိုင် တောင်ကြီးပြန်လိုက်ပို့ရမည်။
တစ်ယောက်ထဲမဟုတ်သည့်အတွက် အရှိန်မြှင့်၍ မောင်းလို့မရသည့်အပြင် လွတ်လပ်မှုလည်း မရှိသဖြင့် သက်ပြင်းချည်းလိမ့်ချနေမိသည်။ ဘေးကိုလည်း ယောင်လို့တောင် မကြည့်မိပါ။ အိမြတ်မွန်မျက်နှာကို ဖျတ်ခနဲ တစ်ချက်သာကြည့်ပြီး ကားပေါ်ထိုင်ခိုင်းကာ မောင်းလာခဲ့သည်မှာ ခရီးတစ်ဝက်ကျိုးလာခဲ့ပြီ။
"ဟို ဟိုလေ... အစ်ကို "
" အင်ဟင် "
မပွင့်တပွင့် ခေါ်သံတိုးတိုးကြောင့် သူလှည့်မကြည့်ဘဲ ယောင်နန ထူးလိုက်မိသည်။
"ညီမဗိုက်ဆာလို့ပါ၊ ကမန်းကတန်းထွက်လာတော့ ဘာမှမစားလာခဲ့ရဘူး "
" ဆိုင်တွေ့ရင်ရပ်ပေးမယ် "
"ဟုတ်ကဲ့ ကျေးဇူးပါအစ်ကို "
သမာဓိသည် အမှတ်တမဲ့ ငဲ့ကြည့်လိုက်သလိုဖြစ်သွားရာ ရှက်ပြုံးလေးဖြင့် မခို့တရို့လေး ပြုံးနေသည့် အိမြတ်မွန်အား မျက်လုံးထောင့်စွန်းမှနေ၍ ရိပ်ခနဲ မြင်လိုက်ရလေသည်။ သူ့မျက်ခုံးတစ်ဖက်တည်း ပင့်တက်သွားခဲ့၏။
"အစ်ကိုရော... တစ်ခုခုစားပါလားဟင်၊ ညီမဝယ်ကျွေးချင်လို့ပါ "
" မဆာလို့ပါ "
" ဟုတ်ကဲ့အစ်ကို၊ ညီမ ရေသန့်ဘူးဝယ်လိုက်မယ်နော် "
လမ်းဘေးမှာ ထမင်းဆိုင်မတွေ့သဖြင့် အဆာပြေမုန့်ပဲသရေစာဆိုင်မှာ မုန့်တချို့၊ အချိုရေဘူး၊ ရေသန့်ဘူး ဝယ်၍ ကားပေါ်ပြန်တက်လာခဲ့သည်။
" အစ်ကို့အတွက် "
အိမြတ်မွန်က ပီကေထုပ်လေးအား သူ့ဆီ လှမ်းပေးသည်။ ပီကေထုပ်မြင်တော့ တစ်စုံတစ်ယောက်အား သွား၍သတိရမိပြန်သည်။ သူက ပီကေမကြိုက်ပေမယ့် သူမကတော့ ပီကေကြိုက်သည်ထင်ပါရဲ့။ အကြောင်းမဲ့ ပြုံးမိရပြန်သည်။ သူစားဖို့အတွက်မဟုတ်ဘဲ အိမြတ်မွန်လက်ထဲမှ ပီကေကို သူယူထားလိုက်ပါသည်။
°°°°°°°°°°°°°°°°°
"သမီးလေး... "
" ပါပါး "
ဖအေနဲ့ သမီး လွမ်းဆွတ်ခြင်းတွေနှင့် ပွေ့ဖက်လိုက်ကြသည်။
" ပါပါးက သမီးလေးကိုစောင့်နေတာ၊ ပါပါး duty သွားရတော့မယ် "
"ဟုတ်လား... သွားလေ ပါပါး၊ မှော် ညနေထမင်းစားစောင့်နေမယ်နော် "
ဖေဖေက သူမရဲ့ ခေါင်းကိုဖွဖွလေးပုတ်ကာ လှည့်ထွက်ဖို့ပြင်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားဆိုသည်။
"သမီးတို့ ငပလီသွားကြမလို့ဆို၊ လိုအပ်တာတွေ ပြင်ဆင်ပြီးပြီလား၊ မုန့်ဖိုးရောရှိသေးလား... လိုရင် ပါပါးကိုပြောနော် သမီးလေး "
"ရှင်! ပါပါးကို ဘယ်သူပြောတာလဲ "
"ဘာဖြစ်လို့လဲ သမီးရဲ့၊ လုပ်ငန်းခွင်မဝင်ခင် အခွင့်အရေးရတုန်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ခရီးသွားထားသမီးရေ၊ ပါပါးတို့အရွယ်ရောက်လာရင် နောက်ဆံငင်နေရတာနဲ့ ဘယ်ကိုမှ ဖြောင့်ဖြောင့်သွားဖြစ်မှာမဟုတ်တော့ဘူး... ကိုယ်တွေ့သမီးရေ၊ သွားဖြစ်အောင်သွားနော်၊ ပါပါးမုန့်ဖိုးပေးလိုက်မယ် "
ဦးဘုန်းခန့်ထွက်သွားတော့ မှော်ဝင် ရပ်ငေးကြည့်နေရင်းက ဒါဟာ ညိုချောနဲ့ သီရိ တစ်ယောက်ယောက်ရဲ့ စနစ်ဆိုတာ ကောင်းစွာသဘောပေါက်သိရှိပြီးဖြစ်သည်။
" သီရိ! "
" လာပါပြီရှင့်၊ မှော်ပြန်ရောက်ပြီလား... "
ပေါင်လယ်လောက်ရှိသည့် အပြာရောင်ဂါဝန်ကားကားလေးဖြင့် အခန်းထဲမှ မှော်ဝင့်အနား အပြေးလေးရောက်ရှိလာသော သီရိရှင်းသန့်။ အလိုမကျစွာ စူးစိုက်ကြည့်လိုက်တော့ သီရိက သူဘာမှမလုပ်ထားသလိုမျိုး ပြူးတူးတူးလေး ပြန်ကြည့်နေသည်။
"ပါပါးကို ငပလီသွားမယ်ဆိုတဲ့အကြောင်း သွားပြောသလား သီရိ "
" ဟင့်အင်း သီရိမပြောပါဘူး၊ အန်ကယ်က ရောက်တုန်းရောက်ခိုက် တစ်ဝလျှောက်လည်သွားလို့ပြောလို့၊ ညိုချောတို့ ငပလီသွားဖို့ ခေါ်ထားတယ်ဆိုတဲ့အကြောင်းလေးပဲပြောလိုက်တာပါ "
သီရိက လက်နှစ်ဖက်ပွတ်တိုက်နေပြီး ခါးလေးနွဲ့၍ ချစ်စဖွယ်အမူအယာနဲ့ပြောနေသော်လည်း သူမမျက်လုံးထဲ ဘယ်လိုမှမဝင်ဆံ့ပါ။ သို့သော်လည်း နားလည်ခွင့်လွှတ်လိုက်ရပါသည်။
"ကဲပါ ညိုချောဆီ ဖုန်းဆက်ကြည့်တာပေါ့ "
" အင်း... သီရိခေါ်လိုက်မယ် "
လေသာပြတင်းတံခါးဆီလှည့်၍ သီရိက ညိုချောဆီ ဖုန်းလှမ်းဆက်လိုက်သည်။ သူမကတော့ ပြတင်းပေါက်မှတစ်ဆင့် လမ်းမဘက်သို့ လှမ်းမျှော်ကြည့်နေ၏။ အပြင်မှာ နေကကျဲကျဲတောက်ပူနေသည်။
"မှော်ကပြောချင်လို့တဲ့ ပြောလိုက်နော် ရော့ "
သူ့ဆီ ဖုန်းလှမ်းထိုးပေးလာပြီး ပြောခိုင်းနေသည်။ ပြတင်းပေါက်ကို ကျောခိုင်း၍ မှော်ဝင် ဖုန်းယူပြောလိုက်ပါ၏။
" သန်ဘက်ခါသွားမှာမလား "
" ဘယ်ကိုလဲ "
ဖုန်းစပီကာဖွင့်ထားသဖြင့် သီရိပါ ကြားနေရသည်။ မှော်ဝင် သီရိကို လှမ်းကြည့်ပြီးမှ 'ငပလီကို ' ဟု ပြောလိုက်သည်။
" ဟုတ်တယ်လေ၊ ရန်ကုန်ကနေပဲ အားလုံးစုပြီးသွားကြမှာ၊ ကားခအသွားအပြန်ကို တို့တွေ တစ်ယောက်နှစ်သောင်းစုခံထားတယ်၊ ဟိုတယ်က ဘိုကင်ချိတ်ပြီးသား၊ ဒစ်စကောင့်လည်းရှိတယ်၊ ကိုယ့်အတွက်ကိုယ်ရှင်းရုံပဲ၊ သုံးညအိပ် လေးရက်ခရီး၊ အစားအသောက်အတွက်လည်း ပူစရာမလိုဘူး...၊ ငပလီမြို့ခံတစ်ယောက်ပါ,ပါမှာဆိုတော့ အားလုံးအေးဆေးပဲ၊ ယူတို့လိုက်ဖြစ်တယ်မဟုတ်လား... "
"လိုက်ဖြစ်တယ်... လိုက်ဖြစ်တယ် သိလားညိုချော "
သီရိရှင်းသန့်ရဲ့ ဝမ်းသာအားရအသံပင်။ ညိုချောလည်း ထိုနည်းတူ ပျော်ရွှင်သွားဟန်ရှိသည်။ သူမက လိုက်ဖြစ်တယ်၊ မလိုက်ဖြစ်ဘူး မပြောရသေးပေမယ့် လိုက်ဖြစ်ဖို့များကြောင်း ညိုချော ကြိုတင်တွက်ဆပြီးသားဖြစ်မှာ ကျိန်းသေပင်။
"မှော်ကရော... မှော့်အသံလည်း မကြားရပါလားတော် "
" မှော်... ပြောလိုက်လေ "
"အေး... အဲ့နေ့ကျ ရန်ကုန်မှာဆုံမယ် "
" အင်းအင်း "
"ယေး... ကမ်းခြေသွားရတော့မယ်၊ ရေကူးဝတ်စုံသွားဝယ်ရအောင် နော် နော်လို့၊ မှော်... "
" မနက်မှဝယ်ပါ၊ နေဒီလောက်ပူနေတာ မကဲနဲ့နော် မိသီရိ "
" ဟီး... ချစ်လိုက်တာ "
" ဟာ! ဘာလုပ်တာလဲ "
" ချစ်လို့ နမ်းတာလေ "
သီရိက သူမခါးလေးကို ဖက်၍ ညာဘက်ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်တော့ မှော်ဝင် မျက်မှောင်ကြုတ်လျက် ခေါင်းမော့ထားရင်း မျက်လုံးအောက်စိုက်ကာ ကြည့်လိုက်သည်။ ထိုအခါ ပိုတိုး၍ဖက်လာကာ သူမပခုံးကိုခေါင်းလေးမှီထား၏။ နေပူပြင်းသော်လည်း လယ်ကွင်းတွေ၊ ကွင်းပြင်တွေ၊ သစ်တောတွေကို ဖြတ်၍ တိုက်ခက်လာသော လေပြည်လေညှင်းနှင့် ထိတွေ့သူတိုင်း အေးမြချမ်းသာသွားရသည်။ သဘာဝကပေးသည့် ကောင်းမွန်သော လက်ဆောင်တစ်ခုဟု ဆိုချင်ပါသည်။ တောင်ကြီးမြို့၏ ရာသီဥတုသည် သင့်တင့်မျှတသည်ဟု ဆိုရပေမည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤
အခန်း(၁၃) ဆက်ရန် >>>
#ပတ္တမြားအလင်း