🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~~
"ဒီပုဒ်စာကိုကိုးကားပြီးဖြေရင် ရမယ်ထင်တယ်နော် "
မှော်ဝင်နှင့်ညိုချောသည် နက်ဖြန်ဖြေမည့်ဘာသာရပ်အတွက် လိုအပ်သည့်အချက်အလက်များ၊ မေးခွန်းဟောင်းများရှာရန်အတွက် ကျောင်းစာကြည့်တိုက်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
" ရှူး... "
တခြားသူတွေအနှောင့်အယှက်ဖြစ်မည်ဆိုး၍ အသံတိုးတိုးပြောရန် မှော်ဝင်သူမနှုတ်ခမ်းနား လက်ညှိုးတစ်ချောင်းထိကပ်သတိပေးလိုက်တော့ ညိုချောသဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။
စာအုပ်ထဲက အချက်အလက်တွေ နုတ်စ်ထဲကူးရေးနေစဥ် အနောက်မှသူမလက်အား တွန်းတိုက်သွားသဖြင့် လက်ထဲက ဘောပင်လေးလွတ်ကျသွားတော့ မျက်မှောင်ကုပ်သွား၍ စူးရှသောအကြည့်တို့ဖြင့် အနောက်သို့ချာခနဲလှည့်ကြည့်လိုက်ရာ ခရမ်းနုရောင် ဒူးအထက်စကပ်ကို ဦးစွာမြင်လိုက်ရပြီး ခေါင်းမော့ကြည့်လိုက်စဥ်မှာပင် မတ်တပ်ရပ်ပြီးသားဖြစ်သွားသည်။
"ခု တောင်းပန် "
ပြတ်သားသောလေသံဖြင့် ခပ်မြန်မြန် ဆိုလိုက်သော မှော်ဝင်။ တစ်ဖက်က မိန်းကလေးကလည်း သူမကိုစိုက်ကြည့်နေသည်က မျက်နှာထားတင်းတင်းဖြင့်။ ကြားထဲက ညိုချောစိတ်ရှုပ်စွာ ခေါင်းကုပ်လိုက်ပြီး ထိုင်ရာမှထရပ်ကာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်ဖြင့် သက်ပြင်းချနေ၏။
"မတောင်းပန်ဘူးဆို ဘာလုပ်မလဲ "
ခပ်ဝဲဝဲစကားသံလေးက ချစ်စရာကောင်းပေမယ့် မာထန်နေသည်။ အခြေအနေက တဖြည်းဖြည်း တင်းမာလာဟန်ရှိတာမို့ ညိုချောမနေသာဘဲ ဝင်ဖျန်ဖြေရတော့သည်။
"မှော်ဝင်... မတော်တဆပဲဟာ "
" ဘာမတော်တဆလဲ "
အသံကအနည်းငယ်ကျယ်သွားသဖြင့် တိတ်ဆိတ်နေသည့်စာကြည့်တိုက်ထဲ ဟိန်းထွက်သွားကာ အနီးအနားမှာရှိသည့် လူအများ၏ ငြိုငြင်သည့်အကြည့်တို့ သူမတို့ဆီ ရုတ်ခနဲ ကျရောက်လာသည်။ ထုံးစံအတိုင်း လျစ်လျူရှုလိုက်၏။
ထိုအချိန် မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု၊ မြင်ကွင်းတစ်ခုကြောင့် မျက်လုံးအပြူးသားဆွံ့အသွားသူက ညိုချောပင်။
" Magic... "
" Lilac "
အလွန်ချိုမြရွှင်မြူးသော အသံစာစာလေးတွေဖြင့် နှစ်ယောက်သား ပွေ့ဖက်လိုက်ကြ၏။ အခြေအနေတွေ တင်းမာနေရာမှ ရုတ်ချည်း ဆန့်ကျင်ဘက်အနေအထားသို့ ကူးပြောင်းသွားသဖြင့် ညိုချော ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်နေသည်။ ထို့နောက် ကိုယ်ချင်းခွာလိုက်ကြပြီး လက်ဖဝါးချင်းရိုက်ကာ လက်သီးချင်းတိုက်လိုက်ကြပြီး...
"I miss you so much "
" Really "
" Of course "
အချိန်တစ်ခုထိ အလွမ်းသယ်ကြပြီးနောက် နေရာမှာပြန်ထိုင်လိုက်ကြသည်။
"နေဦး... ငါသူ့ကိုသေချာကြည့်နေတာ၊ သိနေသလိုပဲ... ကျစ် ဘယ်သူပါလိမ့် "
"ပြောကြည့်လေ မှန်ရင်လိုချင်တာပေးမယ် ညိုချော "
"ဟင်! ချောနာမည်ကိုသိနေတယ် "
မှော်ဝင့်ကိုလှမ်းကြည့်ပြီး ညိုချောကပြောလိုက်တော့ မှော်ဝင် ပခုံးတစ်ချက်တွန့်ပြကာ နှုတ်ခမ်းလှုပ်ရုံ ပြုံးပြလျက် ဘေးနားက သူမငယ်သူငယ်ချင်းအား မျက်လုံးစွေကြည့်လိုက်၏။
"ပန်းပေးပြီ ငါမသိတော့ဘူးဟာ၊ စာတွေမရသေးပါဘူးဆိုမှ ချောင်နေတဲ့ ငါ့ဦးနှောက်ကို နင်တို့အလုပ်ပေးနေတာပဲ "
"သေချာကြည့်ပါဦး၊ ဘယ်သူနဲ့တူလဲ၊ မျက်လုံးထဲပုံဖော်ကြည့်လိုက် "
ခုထိ Lilac က အလျော့မပေး၊ စားပွဲပေါ်လက်တစ်ဖက်ထောက်လျက် မျက်ခုံးလှုပ်ပြရင်း ပြုံးစစဖြင့် ပြောလိုက်သည်။
"ကဲ သူ့ဦးနှောက်ကို ဖောက်စားမနေနဲ့တော့၊ သနားပါတယ်၊ ကိုယ့်ဘာသာပဲ မိတ်ဆက်လိုက်တော့ "
ထိုအခါမှ Lilac ကစိတ်လျော့သွားဟန် လေးတွဲသောသက်ပြင်းတစ်ချက်ချလိုက်ပြီး လည်ချောင်းရှင်းသည့်အနေဖြင့် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"Hi! I'm Thiri Shin Thant "
"ဘယ်လို! သီရိရှင်းသန့် ဟုတ်လား"
" Sure "
"နင်က ရှစ်တန်းအောင်ပြီးကတည်းက US ကို ပြောင်းသွားတာမဟုတ်လား၊ အဲဒါ ရုတ်တရက်ကြီး ဒီကိုဘယ်လိုလုပ်ပြီး... "
အံ့သြလွန်းလို့ စကားမဆက်နိုင်တော့သည် ညိုချော လက်ပိုက်လျက် ငြိမ်သက်နေသော မှော်ဝင့်ဆီဒိုင်းခနဲအကြည့်ရောက်လာခဲ့ပြီး...
"နင်တို့နှစ်ယောက် အစထဲက အဆက်အသွယ်ရှိတာလို့တော့ မပြောနဲ့နော် "
"ဟုတ်တယ် ညိုချောရဲ့၊ မှော်နဲ့က အမြဲ email ကတစ်ဆင့် စကားပြောဖြစ်တယ်လေ "
ထိုစကားကြာတော့ ညိုချောမျက်နှာ ကွက်ခနဲ ပျက်သွားကာ မဲ့ကျသွားသည်။ ပခုံးလေးကိုင်းကျသွားပြီး မလှုပ်တော့။ ခဏနေတော့ ရုတ်ခနဲ ခန္ဓာကိုယ်လေး ပြန်မတ်လာပြီး မျက်လုံးတွေက အဓိပ္ပာယ်တစ်မျိုးဖြင့် အရောင်လက်ကာ ရန်လိုသောအကြည့်တို့ဖြင့် မှော်ဝင့်ကိုကြည့်လျက်...
"ဒါဆို နင်တို့နှစ်ယောက်က ငါ့ကိုဖယ်ထားကြတာပေါ့ ဟုတ်လား "
" အဲလိုမဟုတ်ပါဘူး ညိုချောရယ် "
"သိပါတယ် သိပါတယ်၊ ငယ်ငယ်ထဲက နင်မှော်ဝင်ကို ဘယ်လောက်ခင်လဲဆိုတာ "
"ကဲ ဒရမ်မာတွေချိုးမနေနဲ့တော့၊ ရှင်ကရော ကျောင်းစာတွေနဲ့မအားလို့ ပြန်မလာဖြစ်သေးဘူးဆို၊ ခုချက်ချင်းကြီးရောက်လာတာ ဘာကြောင့်... "
မှော်ဝင်အမေးကို ညိုချောလည်း သိချင်တာမို့ ငြိမ်နားထောင်နေလိုက်သည်။
"ဒါက ဒီလိုရှိတယ်၊ တို့တွေကျောင်းမှာ နောက်ဆုံးနှစ်ဆို စာတမ်းပြုစုရတယ်လေ၊ ခေါင်းစဥ်က မိမိနိုင်ငံရဲ့ အထင်ကရနေရာတွေအကြောင်းဖြစ်နေတယ်၊ ဂူဂဲလ်က အချက်အလက်တွေ ကိုးကားပြီး ဖြေလို့ရပေမယ့် ကိုယ့်နိုင်ငံရဲ့ အထင်ကရနေရာတွေအကြောင်း ကိုယ်သိထားသင့်တယ်ထင်လို့ ကိုယ်တိုင်ကိုယ်ကျ လေ့လာလို့ရအောင် ခွင့်တစ်လတင်ပြီးပြန်လာခဲ့တာ၊ ပြီးတော့ မှော်ဝင်ကို surprise လုပ်ချင်တာလည်းပါတာပေါ့ကွယ် "
" သြော် "
ညိုချောက ခေါင်းညိတ်၍ အံ့သြဟန်ပြုသည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ကောက်ကာငင်ကာထမေးလာသည်က...
"ခုနက သီရိရှင်းသန့်ကို မှော်ဝင် Lilac လို့ ခေါ်လိုက်တာ ကြားမိသလားလို့ "
"အင်း... ဟုတ်တယ်၊ ဟိုမှာ နိုင်ငံခြားသားခံယူလိုက်တော့ နာမည်ပါပြောင်းလိုက်ရတယ်လေ၊ Lilac James လို့၊ အဲဒါကြောင့် မှော်က သိီရိကို Lilac လို့ခေါ်တာ၊ မှော့်ကိုလည်း Magic လို့ နာမည်ပြောင်ပေးထားတယ်၊ ဘာပဲဖြစ်ဖြစ် သီရိက မြန်မာနာမည် သီရိရှင်းသန့်ကိုပဲ ကြိုက်တယ် "
"ဟုတ်နေတာပဲ "
"အခုဘယ်မှာတည်းလဲ၊ ကိုယ့်အိမ်မှာ လာနေလို့ရတယ်နော် "
"နေချင်ပါတယ်၊ ဒါပေမဲ့ ဒီကိုမလာခင်ကတည်းက dad က သူ့အသိမိတ်ဆွေ ဟိုတယ်မှာတည်းဖို့ ချိတ်ပေးပြီးသားဖြစ်နေလို့ပါ၊ စိတ်မကောင်းမဖြစ်ပါနဲ့နော် အမြဲတမ်းတွေ့နေရမှာပါ၊ အဲ့အခါ ငြီးငွေ့သွားမှာတောင်စိုးရတယ်၊ ဒါနဲ့လေ မှော်တို့က စာမေးပွဲဖြေနေရတာမဟုတ်လား၊ သီရိကြောင့် အနှောင့်အယှက်ဖြစ်သွားလားဟင်"
"ဘယ်ကလာ... တို့တွေနောက်နှစ်ရက်ဆို လွတ်ပြီကျွတ်ပြီလေ၊ နော့ မှော်ဝင် "
" အင်း "
သူ့လက်မောင်းကိုချိတ်၍ လက်ဖဝါးကို ဆုပ်ကိုင်ကာ တပြုံးပြုံးဖြစ်နေသည့် သီရိရှင်းသန့်ကို ကြည့်ပြီး ခေါင်းညိတ်ကာ ဆိုမိ၏။ ပါးလှပ်သောခန္ဓာကိုယ်နှင့် ဖြူလွသော အသားအရေ၊ သမင်မျက်လုံးတွေပိုင်ဆိုင်သူ၊ ကလေးဆန်သော မွန်-ဗမာ ကပြားမလေး သီရိရှင်းသန့်ကို တခြားဘယ်သူနဲ့မှမတူဘဲ မှော်ဝင် သံယောဇဉ်ပိုမိပါသည်။ ညီမကလေးလို၊ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းလို။ ညိုချောနှင့်တောင်မတူပါ။ သီရိရှင်းသန့်က သူမအပေါ် အရမ်းအားကိုးတွယ်တာတတ်သူလည်းဖြစ်သည်။ အားငယ်တတ်ပြီး စိတ်ဆိုးစိတ်ကောက်လည်းလွယ်သည်။ အရယ်လည်းသန်သည်။
°°°°°°°°°°°°°°°°°°°
"Hi! Long time no see. How are you?"
" Fine, and you "
" me too "
သမာဓိ လေယာဉ်ပေါ်က ဆင်းလာတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို နောက်ထပ်တစ်စီးဆိုက်ရောက်လာကာ သူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဂျပန်-ဗမာ ကပြား လေယာဉ််မယ် မီကိုနဲ့ အမှတ်မထင် ဆုံတွေ့တော့ လူမှုရေးအရနှုတ်ဆက်ဖြစ်ကြသည်။ ပြီးနောက် ခဏတဖြုတ် နားနေရန် နားနေခန်းထဲသို့ သမာဓိ ဝင်လာခဲ့၏။ ယခု ၁၁ နာရီထိုးလုပြီ။ ညနေ ၃ နာရီ flight နဲ့ ပြင်သစ်ကို သွားရပေဦးမည်။
"အတော်ပဲ သမာဓိ...၊ မင်းကိုငါ အကူအညီတောင်းစရာရှိလို့ "
သူအဝတ်အစားလဲနေသည့် အခန်းထဲသို့ ရေးကြီးသုတ်ပျာ ဝင်လာသည့် မြတ်ကျော်။
"မင်းရှေ့တစ်ပတ်အားလား "
" ဘာလို့လဲ "
"အားရင် ငါ့အစား မင်း duty ဝင်ပေးပါလားကွာ၊ ငါအရေးကြီးကိစ္စသွားစရာရှိလို့ပါ၊ တကယ့်ကိုမသွားမဖြစ်လို့ပါ "
"သေရေးရှင်ရေးလား "
" ဆိုပါတော့ "
"မင့်ကောင်မလေးက အကြောင်းအမျိုးမျိုးပြပြီး လှမ်းခေါ်နေတာမလား၊ ငါမသိဘူး ထင်နေလား... "
"အဟဲ... ဟုတ်တယ်၊ ငါ့ကိုကူညီပါဦးကွာ၊ နော် လုပ်ပါကွာ... "
မြတ်ကျော်ကို ကျောခိုင်းလျက် စွပ်ကျယ်အကျီကို ကျောဘက်ကနေ ဆွဲချွတ်လိုက်ပြီး အဝတ်ခြင်းထဲ ပစ်ထည့်လိုက်ကာ ဗီရိုအပေါ်ဘက်မှာကပ်ထားသည့် အချိန်ဇယားကို တစ်ချက်လှမ်းမော့ကြည့်လိုက်၏။ မြတ်ကျော်ကလည်း သူ့နည်းတူလိုက်ကြည့်သည်။
"ရှေ့အပတ်က မင်းရဲ့နားရက်မလား၊ လုပ်ပါကွာ၊ မင့်အလှည့်ကျ ငါပြန်ကူညီမယ်လေ "
သမာဓိသည် သူ့ကို အသည်းအသန် ဂျီတိုက်နေသည့် မြတ်ကျော်အား လှည့်ကြည့်တော့ လက်ဖဝါးနှစ်ဖက်ပူးကာ တောင်းပန်တိုးလျှိုးနေလေရာ သူနှာခေါင်းရှုံ့လိုက်မိသည်။
"ကောင်းပြီ၊ ဒါပေမဲ့ မင်းက ပြည်တွင်းမလား၊ ငါမင်းအစား duty ဝင်လို့မဖြစ်ဘူးထင်တယ်နော် "
"ဖြစ်ပါတယ်ကွာ မင်းနားရက်ပဲလေ၊ ငါ Captain နဲ့ ကြည့်ကျက်ပြောထားလိုက်မယ် "
စိတ်အပါလှချည်းမဟုတ်ပေမယ့် အချင်းချင်းတွေ မျက်နှာထောက်စရာတွေရှိသေးတာမို့ မငြင်းတော့ဘဲ လက်ခံလိုက်ရသည်။
သူ ရေချိုးခန်းထဲဝင်မည်အလုပ် ဖုန်းဝင်လာသဖြင့် ရေမချိုးခင် ဖုန်းပြန်ဖြေလိုက်၏။
" အေးပြော "
" အင်း...ဟုတ်ပြီ၊ မင်းနေကောင်းတယ်မလား၊ အဆင်ပြေလား၊ အေးပါ "
စိုင်းခမ်းနောင်နဲ့ ဖုန်းပြောပြီး ရေဗန်းခလုတ်ကိုဖွင့်ကာ ဖုန်းကို ဘေးနားက အုတ်ဘောင်ပေါ် သူတင်ထားလိုက်သည်။ ခန္ဓာကိုယ်ပေါ်သို့ စီးကျလာသော ရေကို လက်ဖြင့် ပွတ်သပ်လိုက်ရင်း ခေါင်းလျော်ရည်ဘူးကိုလှမ်းယူကာ လက်ထဲညှစ်ထည့်ပြီး ဆံပင်ကိုသုတ်လိမ်းလိုက်၏။ ထို့နောက် ခေါင်းကိုရေဆေးချပြီး ကိုယ်ကို ဆပ်ပြာတိုက်လိုက်သည်။
စိုင်းခမ်းနောင်ပြောတာကတော့ bang က စာမေးပွဲဖြေပြီးတော့မယ်တဲ့။ ပြီးရင် တောင်ကြီးကိုပဲပြန်မလား၊ လုပ်ငန်းခွင်ထဲတန်းဝင်မလား... စိတ်ဝင်စားစရာပဲ။ မင်းဟာ ငါ့အတွက်တော့ အမှန်ကို စိတ်ဝင်စားစရာကောင်းတဲ့ မီးရှူးမီးပန်းလေးပါပဲ။ မင်းလေးကို မီးညှိပြီး ကောင်းကင်ပေါ်လှလှပပလွှတ်တင်ပေးဖို့ ငါအရောက်ပြန်လာခဲ့မယ်။ အချိန်တစ်ခုပဲပေး...။
°°°°°°°°°°°°°°°°°
စာမေးပွဲဖြေပြီး ပြန်လာကတည်းက မှော်ဝင် အိပ်ပျော်သွားလိုက်တာ ညနေ ၆ နာရီဝန်းကျင်လောက်မှ တရေးနိုးလာသည်။ ဒါတောင် အိပ်ရာမှ မထချင်သေးပါ။ ပျင်းရိလေးတွဲနေသည်။ ဘေးမှာရှိသည့် ဖက်လုံးကိုဆွဲယူဖက်ထားလိုက်ပြီး တစ်မှေးပြန်မှေးလိုက်ပါ၏။ အိပ်လို့ သိပ်ကောင်းတာပဲ။
" တင်းတောင်... တင်းတောင်... "
လူခေါ်ဘဲလ်တီးသံကို သဲ့သဲ့ကြားရသည်။ အနီးအနားက လာသလိုလို၊ အဝေးက လာသလိုလိုနဲ့။ အိပ်မက်များမက်နေတာလား။ သူမ လုံးလုံး အိပ်ပျော်မသွားသေးတာကိုလည်း သိနေသည်။ ခေါင်းလည်းထူမကြည့်ချင်ပါ။ ဘဲလ်သံအဆက်မပြတ်ကြားရသည့်အပြင် လူခေါ်သံပါ ကြားနေရသဖြင့် စိတ်ကတိုလာ၏။
" ကျစ် "
အိပ်မှုန်စုံမွှားနဲ့ပဲ အိပ်ရာထဲမှ လူးလဲထကာ အပြင်သို့ထွက်လာခဲ့သည်။ မျက်လုံးနှစ်ဖက်ကို လက်ခုံဖြင့် ဖိပွတ်ကာ တံခါးသွားဖွင့်ပေးလိုက်တော့ တံခါးပေါက်ဝမှာ ခြေစုံရပ်၍ ရှုံ့တွသော မျက်နှာထားဖြင့် သူမကို ငေးစိုက်ကြည့်နေသူကြောင့် ရုတ်တရက် အံ့သြသွားရတော့သည်။
"အိပ်ပုတ်ပဲ၊ တောက်လျှောက်ဖုန်းတွေခေါ်၊ ဘဲလ်ဆက်တိုက်တီးနေတာကို၊ ဟင်း... ဒီမှာ မှော်တစ်ယောက်ထဲနေတာလား "
ပြောပြောဆိုဆို ဖိနပ်စင်ပေါ်က ဖိနပ်ကိုလဲချွတ်ပြီး အိမ်ထဲဝင်သွားသော သီရိကို လည်ချောင်းသံဖြင့် ' အင်း ' တစ်လုံးသာ ဖြေလိုက်မိသည်။ သူမ ခုထိ အိပ်ချင်စိတ်မပြယ်သေးပါ။ စိတ်ရှုပ်စွာ ခေါင်းကုပ်လိုက်မိပါသေးသည်။
" မှော့်အခန်းက ဘယ်မှာလဲ၊ လာ... "
သူမကိုလည်း လက်မောင်းကနေ အတင်းဆွဲခေါ်နေလေရာ ဘုမသိဘမသိနဲ့ သီရိနှင့်အတူ ကြောင်တောင်တောင် အခန်းထဲပြန်ဝင်လိုက်ရတော့သည်။
"ဘာကိစ္စရှိလို့လဲ သီရိရယ်"
အိပ်ရာပေါ် လဲချဖို့ပြင်နေသည့် မှော်ဝင့်ကို သီရိဆွဲဖက်ထားရင်းက ရေအတင်းချိုးခိုင်းနေလေရဲ့။ သူလည်း ပေရပ်နေကာ ပစ်လှဲလိုက်ဖို့ ကြံရွယ်နေသည်။
"သွား... ရေမြန်မြန်သွားချိုးဆို၊ ညစ်ပတ်ကလေး သွားချိုးပါ "
" မချိုးဘူးကွာ "
သီရိကို တွန်းဖယ်လျက် အိပ်ရာပေါ်သို့ ဗိုင်းခနဲ ပစ်လှဲချလိုက်တော့ သီရိပါ သူမနှင့်အတူ ပူးကပ်လျက်ပါလာ၏။ သီရိက သူမကို အလွတ်မပေး၊ သိမ်းကျုံးပွေ့ဖက်ထားလေရာ ရုတ်တရက် အနေခက်သွားရသည်။
"ကဲ လွှတ်စမ်းပါ သီရိရယ်၊ လာရင်းကိစ္စသာပြော "
မှော်ဝင်သည် ရုတ်ခနဲ ကုန်းထလိုက်ပြီး အနောက်သို့ဆုတ်ထိုင်၍ သီရိကို သေချာကြည့်လျက် ခပ်တည်တည် ပြောလိုက်တော့ သီရိ မျက်နှာပျက်သွားတာကိုတွေ့လိုက်သောအခါ သူမ အားနာမိသွားပြန်သည်။
" ရေအရင်သွားချိုးလိုက်ပါ၊ ပြီးမှဆက်ပြောမယ် ဟုတ်ပြီလား "
အိပ်ချင်စိတ်ပြယ်သွားကာ မျက်လုံးပါ ပြူးကျယ်သွားရပြီး သက်ပြင်းမျှင်မျှင်လေးချလိုက်၍ ရေချိုးခန်းထဲသို့ ဝင်သွားတော့ ဘာရယ်မဟုတ် နောက်ကျောထဲ စိမ့်ခနဲ ခံစားလိုက်ရသည်။ ရေချိုးပြီး မှော်ဝင် ပြန်ထွက်လာတော့ သီရိကို အခန်းထဲမှာ မတွေ့ရတော့။ ညအိပ်ဂါဝန်ပါးလေးကို မြန်မြန်လဲဝတ်လိုက်ပြီး ကမန်းကတန်း အပြင်သို့ထွက်လိုက်ရာ ဧည့်ခန်းထဲမှာ သီရိအပြင် ညိုချောပါ ရောက်နေတာကို အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
"ဟယ် မြန်သားပဲ၊ အဝတ်စားသွားလဲလေ၊ နည်းနည်းရွှိုင်းလာခဲ့ "
သီရိက သူမအနားလျှောက်လာပြီး ပြုံး၍ ပြောလိုက်သည်။ ညိုချောကလည်း ခေါင်းညိတ်ပြ၏။
"နေပါဦး ဘယ်သွားကြမလို့လဲ "
" Night out "
မှော်ဝင့်အမေးကို သီရိရှင်းသန့်ကပင် ပြုံးလျက် တက်ကြွစွာ ဝင်ဖြေလိုက်သည်။ သူမ မျက်ခုံးပင့်တက်သွား၏။
"ဟုတ်တယ် မှော်၊ ချောကို သီရိဖုန်းဆက်လှမ်းခေါ်လို့ ကို့ကိုထားခဲ့ပြီး ထွက်လာခဲ့ရတာ "
"ဟုတ်တယ်လေ... ဒီနေ့ စာမေးပွဲနောက်ဆုံးဘာသာဖြေပြီးတာဆိုတော့ အောင်ပွဲခံရမှာပေါ့၊ ဟုတ်ဘူးလား သီရိပြောတာ "
ညဘက်အပြင်သိပ်ထွက်လေ့ထွက်ထမရှိသော မှော်ဝင် အင်တင်တင်ဖြင့် မကြည်မသာဖြစ်သွားရသည်။ ဒီည နားမယ်လို့ သေချာတွက်ထားခဲ့တာပင်။ မနက်မှ တောင်ကြီးပြန်မယ်ပေါ့။ ခုတော့ ကိုယ့်ဆီ တကူးတက လာလည်တဲ့ သူငယ်ချင်းကို ငြင်းမလွှတ်ရက်ပါ။ အထူးသဖြင့် သူမကို သူများတွေထက် ပို၍ ချစ်ခင်တွယ်တာတဲ့သူအပေါ်မှာပေါ့။
°°°°°°°°°°°°°°°°°°°°
စာမေးပွဲဖြေနေချိန် ဖုန်းစက်ပိတ်ထားရာ ယခုမှ သတိရပြီး ပြန်ဖွင့်ကြည့်လိုက်သောအခါ မေမေတို့ရော ဉာဏ်ဝင့်သူပါ သူမဆီ ဖုန်းတွေ ငါးကြိမ်ထက်မနည်း ခေါ်ထားတာကို တွေ့ရသည်။ သူမ ဖေဖေ့ကို ဖုန်းပြန်ခေါ်ပေမယ့် ကိုင်မယ့်သူမရှိပါ၊ မေမေ့ဖုန်းက busy ဖြစ်နေ၏။ ထို့ကြောင့် ' မနက်မှပြန်လာမည်ဖြစ်ကြောင်း ' စာပို့ထားလိုက်ပါသည်။ ညိုချောကတော့ သူမနှင့်အတူ ပြန်မည့်ပုံမပေါ်။ သူ့ကောင်လေးနဲ့ တစ်ခုခု ကြိတ်ကြံစည်နေဟန်ရှိသည်။
" မှော် လာလေ၊ ကရအောင် "
သီရိနဲ့ ညိုချောက တစ်ခေါက်ကပြီးလို့ အမောဖြေကာ နောက်တစ်ခေါက်ထပ်ကဖို့အတွက် သူမကိုအပါခေါ်နေ၏။ လက်ထဲက အနီရောင်ဝိုင်ရည်တစ်ခွက်မကုန်သေးပေမယ့် လူကရိုးတိုးရိပ်တိပ်ဖြစ်လာနေပြီ။ စိတ်လက်ပေါ့ပါးကာ စည်းချက်နှင့်အတူ လိုက်ပါစီးမျောချင်နေမိ၏။ သေချာပါသည်။ သူမ လစ်မစ်ကျော်သွားပြီ။ အရက်ကို ကန့်သန့်ချက်တစ်ခုထက် ပိုသောက်မိရင် ဘာဖြစ်မလဲဆိုတာ ယခု သိရပါတော့မည်။
ခြေလှမ်းတွေက မှန်နေပါသေးသည်။ လက်ချောင်းတွေကလည်း သီချင်းသံဇဥ်နှင့်အတူ ဟန်ချက်ညီညီ လှုပ်ယမ်းနေနိုင်သေး၏။ ရီဝေဝေဖြစ်နေသော ဦးခေါင်းကိုလည်း ဟိုဘက် ဒီဘက် ခါယိမ်းနေကာ ခန္ဓာကိုယ်ကိုလည်း နွဲ့နှောင်း၍ သူမဘေးနားက လူတွေနည်းတူ ကခုန်နေမှန်းမသိ ငြိမ့်ငြိမ့်လေး လှုပ်နေမိတော့သည်။ ဖွင့်ထားသည့် သီးချင်းက မြူးလေ ပို၍ စိတ်လွတ်လပ်ကာ တက်ကြွသွက်လက်လေမို့ တလောကလုံး ခဏမေ့သွားသလိုပင် ခံစားနေရသည်။ မျက်လုံးမှေးစင်းထားတော့ ပိုခံစားလို့ကောင်းတာပေါ့။ သူမကိုသူမ ထိန်းချုပ်လေ လွတ်ထွက်လေမို့ ခဏတော့ ကိုယ့်စိတ်ကိုယ် လွှတ်ပေးထားလိုက်သည်။
"ဟိတ် ကိုယ်နဲ့အတူကမလား၊ ဘော်ဒါမပါဘူးမလား... "
" ဟေ့လူ... အဖော်ပါတယ်၊ ဒိုးလိုက်တော့ "
စကားသံကြားလို့ မှော်ဝင် မျက်လုံးဖွင့်ကြည့်တော့ သီရိက သူမဘေးနားကပ်လျက် ဖြူဖွေးညီညာသော သွားတန်းလေးတွေ ပေါ်သည်အထိပြုံးပြရင်း ခေါင်းပေါ်လက်မြှောက်၍ ယိမ်းနွဲ့ကာ ကခုန်နေတာကို ဝိုးတဝါး မြင်ရသည်။ အသိစိတ်ပြန်ကပ်အောင် ခေါင်းတစ်ချက်ခါ၍ နောက်သို့ဆုတ်လိုက်ရာ လူတစ်ယောက်နဲ့ တိုက်မိသွားသည်။ ထိုအခါ သီရိက သူမအားတွဲခေါ်၍ လူကြားမှ ထွက်လာခဲ့၏။
"ပြန်တော့မလို့လား၊ တို့တွေလိုက်ပို့ပေးမယ်လေ၊ ဆန္ဒရှိရင် တို့တွေနဲ့ လိုက်ခဲ့လို့ရတယ်နော် "
" အလန်းလေးတွေကွ "
" လာခဲ့ပါကွာ၊ မူမနေစမ်းပါနဲ့ "
သီရိက မှော်ဝင့်ကိုတွဲထားရာ လူတစ်စုက သီရိလက်ကို လှမ်းဆွဲတော့ပါသွားပြီး အနားမှာရှိသည့် ညိုချောက သူမအား လှမ်းဖမ်းထိန်းထားလျက် သီရိကိုလည်း မီရာလှမ်းဆွဲရင်းက...
"ငါတို့က မိကောင်းဖခင်သားသမီးတွေ၊ လုံခြုံရေး မခေါ်စေချင်ရင် အေးဆေးလှည့်ပြန်နော် "
ဟု ပြောလိုက်ပေမယ့် ထိုလူတွေက ဖြုံပုံမရပါ။ သူမတို့ကို နှိမ့်ချသည့်အကြည့်၊ ရှုတ်ချသည့်အကြည့်၊ အောက်တန်းကျသည့် အကြည့်တွေ ပေါင်းစုံနှင့် ခေါင်းအစခြေအဆုံး စားတော့မတက်ဝါးတော့မတက် အကြည့်ရိုင်းတွေနဲ့ ကြည့်နေကြသည်။
ဒါကို မှော်ဝင် မြင်နေရသည်။ စကားသံတွေကိုလည်း ကြားနေရသည်။ သို့သော် လူက ဘာမှပြန်လည်မတုန့်ပြန်နိုင်ဘဲ အားအင်းချိနဲ့နေသူတစ်ယောက်ပမာ ကိုယ့်ခန္ဓာကိုယ်ကို မနည်းသယ်ပိုးထမ်းရွက်ထားနေရသည်။ အန်လည်းအန်ချင်နေ၏။ စိတ်ထဲလည်း ပျော်နေသည်။
" အချိန်မတော် nightclub လာပြီး သူတော်ကောင်းဖြစ်ချင်နေသေးတယ် လာစမ်းပါ "
လူတစ်ယောက် သူမလက်မောင်းကို အကြမ်းပတမ်းဆွဲယူလိုက်တာကို သတိပြုမိချိန်မှာ ပျို့အန်ချင်လာသည့်အချိန်နှင့် ကွက်တိဖြစ်သွားရာ ရင်ထဲမရှင်းလင်းဘဲ တစ်ဆို့နေသည့် လည်ချောင်းထဲက အစာတွေ အကုန်လုံး အိတ်သွန်ဖာမှောက် အန်ချပစ်လိုက်မိတော့သည်။
" ဟာ! Shit "
" နံလိုက်တာကွာ "
စိတ်ပျက်စွာ ညည်းညူသည့်အသံကို မှော်ဝင်အသေအချာကြားလိုက်ရချိန်ဝယ် သူမကို ညိုချောတို့က ဆွဲခေါ်သွားခဲ့ကြပြီဖြစ်သည်။
" ရေ... ရေသောက်ချင်တယ် "
ကားမောင်းနေသည့် ညိုချောက အနောက်ခန်းမှာရှိသည့် သီရိအား ရေသန့်ဘူးလှမ်းပေးတော့ သီရိလှမ်းယူပြီး အဖုံးကပျာကယာဖွင့်၍ မှော်ဝင်ကို တိုက်လိုက်သည်။ ပြီးနောက် သူ့ပခုံးကိုပြန်မမှီတော့ဘဲ မှော်ဝင်က လျော့တိလျော့ရဲ ထိုင်နေရာမှ လှဲချလိုက်ပြီး သီရိပေါင်ပေါ် ခေါင်းအုံးကာ ငြိမ်သက်သွားသည်။
"မှော်က သိပ်မသောက်နိုင်ဘူးနော်၊ လေးခွက်လောက် သောက်ထားတဲ့ သီရိတောင် ဘယ်လိုမှမနေဘူး၊ မူးချင်ချင် ဖြစ်နေတာတောင် ဘယ်ရောက်သွားမှန်းမသိဘူး... "
"ဟုတ်တယ် သူ့အတွက်က တစ်ခွက်တောင် တော်တော်မူးနေပြီ၊ တို့လည်းအရင်ကမသိဘူး... ဆယ်တန်းအောင်တဲ့နှစ် Christmas ညမှာ တို့တွေသူငယ်ချင်းတွေစုပြီး ပါတီအသေးစားလုပ်တယ်လေ၊ အဲ့တော့မှ သိတာ၊ မှော်က အရက်မူးရင် တစ်မျိုးလေးကွ၊ ဘယ်သူနဲ့မှ မတူဘူး၊ ဆန့်ကျင်ဘက် ဖြစ်သွားတာ၊ နောက်ပိုင်း ပွဲလမ်းသဘင်ရှိရင်တောင် မှော်သောက်တာမတွေ့ရတော့ဘူး... "
"ဒါဆို ဒီနေ့ သီရိအတင်းတိုက်လို့ မှော်သောက်လိုက်ရတာပေါ့နော် "
"ဆိုပါတော့၊ ဒီနေ့ည မှော်မူးတာ ဘာဟုတ်သေးလို့လဲ၊ Christmas ညတုန်းကမှ တကယ်မှတ်မှတ်ရရပဲ မှော်သောင်းကျန်းတာလေ "
" တကယ်... ဘယ်လိုမျိုးလဲ "
လည်တိုင်လေးဆန့်၍ နားစွင့်သော သီရိကို ညိုချော ကားမှန်ကတစ်ဆင့် ကြည့်၍ ပြုံးလိုက်ကာ အရှိန်ယူလိုက်ပြီးမှ စကားစသည်။
"အဟင်း... အစတုန်းက ချောတို့သတိမထားမိသေးဘူး၊ သူငယ်ချင်းတွေကလည်း အများကြီးကွ၊ နှစ်ဆယ်ကျော် သုံးဆယ်လောက်ရှိမယ်၊ တစ်ခါမှ မသောက်ဘူးတော့ အတိုင်းအဆမရှိသောက်ကြတာပေါ့၊ နောက်မှ မှော်ပျောက်သွားတာ သတိထားမိပြီး လိုက်ရှာကြတာ၊ သူ့ကို ဘယ်မှာပြန်တွေ့တယ်ထင်လဲ သီရိ "
"ဘယ်မှာပြန်တွေ့တာလဲ၊ အိမ်သာထဲမှာလား၊ ရေချိုးခန်းထဲမှာလား "
"ဘယ်ကလာ၊ ရေခဲသေတ္တာထဲမှာလေ "
"ဘုရားရေ... "
"ဟုတ်တယ်... အဲဒါနဲ့ မပြီးသေးဘူး၊ ပြန်ခါနီးမှာပေါ့ ဘယ်လိုဘယ်လို ကားခေါင်မိုးပေါ်တက်သွားလဲမသိဘူး၊ ခြေကားရား လက်ကားရားနဲ့ လုံးဝကို နိုးလို့မရတော့တာ ဆရာရေ၊ သေချင်ရဲ့ ပက်ကျိပဲ... "
"မှော်က တော်တော်ဆိုးတာပဲ "
"အင်း... နောက်နေ့နိုးလာတော့ သူဘာမှမမှတ်မိဘူးတဲ့လေ၊ သူများတွေမှာတော့ သူ့ကြောင့် ဖက်ဖက်မောသွားတာပဲ၊ သူကသာ အေးရာအေးကြောင်းနဲ့ "
" ချစ်စရာလေးပါ... တခြားလူဖြစ်သွားတာနော် "
"အဟွင်း... အဆိပ်ထုတ်ထားတဲ့ မြွေပွေးလိုပေါ့ "
သူတို့မှော်ရှေ့မှာ မှော့်အကြောင်း ပြောနေပေမယ့် မှော်ကတော့ သီရိပေါင်ပေါ်မှာ တုတ်တုတ်မျှမလုပ်ဘဲ အိပ်မောကျနေပြီဖြစ်သည်။ သီရိသည် ပြုံး၍ မှော်ဝင့်ကို ငုံ့ကြည့်နေမိ၏။ ဝင်းမွတ်ကြင်လင်နေသည့် မျက်နှာလေးမှာ နားထင်ကျောလေးတွေက စိမ်းလို့၊ မည်းနက်နေတဲ့ မျက်တောင်လေးတွေကလည်း ကော့ပျံနေတာပဲ၊ မထူမပါးနှုတ်ခမ်းလေးတွေက...
"သီရိ... ဟိုတယ်ပြန်မှာမလား "
" ဟင် "
ကိုယ့်အတွေးနဲ့ကိုယ်မို့ ရုတ်တရက် သီရိ လန့်သွားကာ ဆတ်ခနဲ ခေါင်းပြန်မော့လိုက်ပြီး ခဏစဥ်းစားဟန်ပြုပြီးမှ ပြန်ဖြေလိုက်ပါသည်။
" ဟင့်အင်း...၊ ဒီညတော့ မှော်နဲ့ပဲလိုက်အိပ်တော့မယ် "
" အိုကေ "
ညိုချော အနောက်ကို တစ်ချက်လှမ်းကြည့်ပြီး အရှိန်မြှင့်ကာ လိုရာခရီးသို့ မောင်းနှင်လာခဲ့တော့သည်။
°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°🖤🖤
အခန်း(၁၂) ဆက်ရန်>>>
#ပတ္တမြားအလင်း