book

Index 10

အခန်း(၁၀)

  • Author : Rudylinn
  • Genres : Romance, Drama

🖤 မာနသည်သာ ကိုးကွယ်ရာ 🖤

~~~~~~~~


မှော်ဝင် အဘွားခန်းထဲဝင်သွားတော့ ဉာဏ်ဝင့်သူကလည်း သူမနောက်လျှောက်လိုက်ဝင်လာ၏။ ညရေးညတာနဲ့ ဆေးအကြောင်းမကျွမ်းကျင်သဖြင့် ဘွားကို သေချာဂရုစိုက်နိုင်ရန် nurse တစ်ယောက်ငှားပေးထားသည်ဟု သိရသည်။ ဝှီးချဲလ်ပေါ်ထိုင်နေသောဘွားကို သူနာပြုဆရာမလေးက ဆန်ပြုတ်ခွံကျွေးနေ၏။ သို့သော် ဘွားက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ခေါင်းအား တစ်ဖက်သို့လှည့်ကာလည်လိမ်ထားသည်။ 


တစ်နေ့တစ်နေ့ လေးဘက်လေးလံပိတ်လှောင်ထားသည့်၊ နှာခေါင်းပေါက်လောက်သာ လေဝင်သည့်၊ လျှပ်စစ်မီးတွေသာ ထွန်းထားသော အခန်းကျဥ်းထဲ အမြဲနေနေရတာကြာတော့ စိတ်ညစ်ညူးလာပြီး ငြီးငွေ့လာမှာပေါ့။ အဲ့ကနေ စိတ်တိုင်းတွေမကျတော့ စိတ်တိုလာမယ်၊ အသက်ကကြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ အထီးကျန်ဆန်စွာ နေနေရတဲ့ဘဝကြီးကို စိတ်ကုန်စိတ်ပျက်လာမယ်။


မှော်ဝင် ခေါင်းတညိတ်ညိတ်ဖြင့် တိတ်တိတ်ကလေး အနောက်ကနေ ဝှီးချဲလ်ကိုသွားဆွဲလိုက်တော့ အသံမျှင်မျှင်လေးထွက်လာ၏။ 


" သွား!..."


ရုတ်တရက် ထိတ်ခနဲဖြစ်သွားပေမယ့် ဝှီးချဲလ်ကိုတွန်းကာ အခန်းပြင်သို့ထွက်လာခဲ့ရာ...


" ဘာလုပ်တာလဲ "


"ငါ့ကိုဘယ်ခေါ်သွားမလို့လဲ... "


ထိတ်ထိတ်ပျာပျာအသံဖြင့် ခေါင်းလေးချာချာလည်ကာ ဘွားက ကုန်းထဖို့ပြင်နေသည်။ ဉာဏ်ဝင့်သူကလည်း ဟန့်တားသည့်ဟန်ဖြင့် စိုးရိမ်တကြီးကြည့်နေရင်း ဘွားလက်ကိုဆုပ်ကိုပေးထားတော့မှ ဘွားက အနည်းငယ်မျှ ငြိမ်ကျသွားတော့သည်။ သူမတို့အပြင်ထွက်လာတာတွေ့တော့ လူကြီးတွေကလည်း အလန့်တကြားဖြစ်ကုန်ပြီး အနားသို့စုဝေးကာရောက်လာကြရင်း...


"မှော်ဝင်... ဒါအမေ့ကို ဘယ်ခေါ်သွားမလို့လဲ၊ ညကြီးမိုးချုပ် "


"အေးလေ... အမေက နေကောင်းတာမဟုတ်ဘူး၊ လာအမေ အထဲပြန်ဝင်ရအောင်နော် "


"သူ့ကိုယ်သူ ဘာများမှတ်နေလဲမသိဘူး၊ ဒီအိမ်ကလူတွေကို သူထားရာနေစေရာသွားတဲ့ သူ့အကောင်တွေများမှတ်နေသလားမသိဘူး အံ့ပါ့ "


ခင်ခင့်အပြောကြောင့် မှော်ဝင် မျက်လုံးတစ်ချက်ဝင့်ခနဲစောင်ကြည့်လိုက်တော့ ရုတ်ချည်း ပတ်တောပိတ်သွားပြီး မျက်လွှာပါချသွားတာကိုတွေ့ရသည်။ အဘွားကတော့ နှုတ်ခမ်းဆူကာ ကလေးလို ငူငူကြီးထိုင်နေဆဲဖြစ်သည်။ 


"ဘွား... အပြင်မှာမြေးနဲ့အတူ ခဏလေညှင်းခံမလားဟင် "


ဘွားက ဘာမှပြန်မပြောပါ။ လူကြီးတွေသည် သူမသဘောထားကို သိသောအခါ ရှူးရှူးရှဲရှဲဖြင့် ဝိုင်းတားကြ၏။ မှော်ဝင်ကတော့ ခေါင်းမာဆဲဖြစ်သည်။ ထိုစဥ် ဖေဖေ့ညီက ဘွားဝှီးချဲလ်ကို မှော်ဝင့်လက်ထဲမှ ဖျတ်ခနဲ ဆွဲယူကာ အခန်းဘက်ပြန်လှည့်သောအခါ...


" သွားမယ် "


ဟူသော ဘွားရဲ့ မတိုးမကျယ်အဖြေကြောင့် သူမ လှပ်ခနဲ ဝမ်းသာသွားကာ ဘယ်သူမှမတားနိုင်သလို မကြည်ဖြူသည့်ကြားကပင် ဘွားကိုခြံထဲခေါ်လာခဲ့ပါ၏။ 


" မြေးလေ... ဘွားကို "


" တော်! "


" ဘွားကလည်း... "


ဘွားရဲ့ရှေ့ မြက်ခင်းပြင်ပေါ် ဒူးတစ်ဖက်ထောက်ထိုင်ချကာ ဘွားပေါင်ပေါ်ခေါင်းထိုးတင်တော့ ဘွားကသူမခေါင်းကို ခပ်ကြမ်းကြမ်းဆွဲဖယ်၏။ 


"အဘွား... သားကိုမှတ်မိလားဟင်၊ သား ဉာဏ်ဝင့်သူလေ "


"...."


"အဘွားက သားကိုစကားမပြောချင်ဘူးလား၊ သားလာတာမကြိုက်လို့လား၊ သားကိုမမှတ်မိတော့ဘူးလားဟင် ဘွားဘွား... "


ဘွားဆီက သက်ပြင်းချသံကြားရသည်။ တစ်ဖက်လှည့်နေရာမှ တည့်တည့်ပြန်လှည့်လာကာ နှုတ်ခမ်းတစ်ဖက်မဲ့ပစ်ရင်း...


"နင်တို့တွေတယ်လည်းတတ်နိုင်ကြတယ်နော် "


" ဟင့် ဘွား... "


ရင်ခွင်ထဲရောက်သည်အထိ သူမခေါင်းတိုးဝင်တော့ ဒီတစ်ခါ မဖယ်ပစ်တော့ပါ။ တုန်ရီသောလက်တွေဖြင့် ဆံပင်ကို ဖွဖွသပ်ပေးနေပါသေးသည်။ 


"မျှော်လိုက်ရတာ... နှစ်ယောက်အတူလာကြတာလား "


"ဟုတ်ပါတယ် အဘွား "


ဉာဏ်ဝင့်သူက ဖြေလိုက်၏။


"အပန်းမကြီးရင် ဘွားအတွက် ရေတစ်ခွက်ရယ်၊ ကျွန်မအတွက် ကော်ဖီခါးခါးတစ်ခွက် ဖျော်ပေးနိုင်မလား "


"ရတာပေါ့ ခဏလေးစောင့်နော် "


မှော်ဝင်သည် ဉာဏ်ဝင့်သူကို ပထုတ်ချင်သည့်သဘောဖြင့် တမင်ခိုင်းလိုက်သော်လည်း သူကတော့ သူမရည်ရွယ်ချက်ကိုမသိဘဲ ဝမ်းသာအားရပြောပြီး အနားမှ လျင်မြန်စွာ ထွက်သွားတော့သည်။


" ဘွား... "


"အင်း... ငါမသေခင် မြစ်ကလေးတစ်ယောက်ချီသွားချင်တယ်အေ၊ ဒီအဘွားအိုရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမယ်မလား... မှော်ဝင် "


"ဘွားမှာ ဘွားမြေးဆွေဇင်ကမွေးတဲ့ မြစ်ကလေးရှိနေသားပဲ၊ သူကမွေးတဲ့ကလေး... တီကလေးတောင် ချီချင်ချီရခါနီးပြီ "


ထိုအခါ ဘွားက စိတ်ညစ်ညူးစွာ စုတ်သပ်၏။ မှော်ဝင် နူးညံ့ပြီးနှင်းရည်တွေကြောင့် စိုစွတ်နေသည့် မြက်ခင်းစိမ်းပေါ် တင်ပျဥ်ခွေထိုင်ချလိုက်ပါသည်။ 


"ဘွားရယ်... မဖြစ်နိုင်တာကိုမမျှော်လင့်ပါနဲ့ စိတ်မောပန်းပါတယ်၊ မြေးကလည်း ဘွားစိတ်ချမ်းသာအောင်ဆိုပြီး မျှော်လင့်ချက်အမှားတွေပေးမှာမဟုတ်ဘူး... "


"ခက်တယ် ခက်တယ်... ခေါင်းမာလွန်းရန်ကော၊ ဘယ်သူနဲ့ သွားတူလို့ ဒီလောက်ခေါင်းမာပြောရခက်နေတာလဲ "


"ဘွားနဲ့ပေါ့ ဘွားရဲ့၊ ဘွားမြေးပဲလေ "


"အို... ငါနဲ့မတူပါဘူး၊ ငါနဲ့နည်းနည်းလောက်ပဲတူ ဒီလောက်ပြောရမခက်ဘူးအေ "


ဘွားကတော့လုပ်ပြီ။ ခုပဲအိမ်က သားသမီးတွေက နေမကောင်းလို့ အားရှိမဲ့အစားအစာတွေကျွေး၊ ဆေးသေချာဂရုစိုက်တိုက်နေတာကို ခေါင်းမာပြီးမသောက်ဘဲနေတဲ့သူက ငါနဲ့တူရင် ဒီလောက်ပြောရခက်မှာမဟုတ်ဘူးတဲ့လေ။ သူမစိတ်ထဲတွေးရင်း အသံတိတ်ပြုံးမိတော့ ဘွားကစကားဆက်ပြန်ပါသည်။ 


"ဘွားစိတ်ဖြောင့်ဖြောင့်နဲ့သေချင်တယ်ကွယ်၊ ဒီတော့ ဘွားစကားကို နားထောင်နော်၊ မြေးဉာဏ်နဲ့လက်ထပ်ပါ၊ သူသာလျှင် မြေးနဲ့လိုက်ဖက်တယ်၊ သူ့ထက်လိုက်ဖက်မဲ့သူရှိခဲ့ရင်တောင် ​မြေးဉာဏ်ကသာ ဘွားမြေးနဲ့အသင့်တော်ဆုံးပဲ "


ဘွားက မှော်ဝင်လက်နှစ်ဖက်ကို သေချာဆုပ်ကိုင်ပြီး ဇွတ်တွေပြောပြီး အတင်းတွေကတိတောင်းနေတော့ သူမမွန်းကြပ်လာကာ စိတ်ရှုပ်လာရသည်။ 


ဘာလို့များ... ဘာလို့များ သူမကို အားလုံးက ဒီလောက်တောင် အိမ်ထောင်ချပေးချင်ကြတာလဲ။ တစ်နေ့ကလည်း မေမေတို့က သူမကို ကျောင်းပြီးရင် ဉာဏ်ဝင့်သူနဲ့ လက်ထပ်ရမည်ဟု ရာဇသံပေးထားပြီးဖြစ်သည်။


"မြေးကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်နေနိုင်ပါပြီ၊ ဘဝလုံခြုံမှုရှိဖို့နဲ့ ခါးလှဖို့ဝမ်းဝဖို့အတွက် သူတစ်ပါးအကူအညီမလိုဘူး၊ မှီခိုစရာလည်းမလိုဘူး၊ ယောကျ်ားတစ်ယောက်အပေါ်မှာဆို သာတောင်ဆိုးသေး "


စကားမဆုံးခင် ဉာဏ်ဝင့်သူရောက်လာသဖြင့် စကားစဖြတ်လိုက်၏။ 


"ဘွားအိမ်ထဲပြန်ဝင်ရအောင်နော်၊ အပြင်မှာအေးတယ် "


ဘေးနားက လက်တစ်ဖက်စီမှာ ခွက်တစ်ခွက်စီကိုင်၍ ယောင်နနရပ်နေသော ဉာဏ်ဝင့်သူအား လျစ်လျူရှုကာ နေရာမှလှည့်ထွက်၍ ဘွားကိုအခန်းထဲပြန်ခေါ်လာခဲ့တော့သည်။ ဘွားက သူမကို အခန်းထဲမှာ ကတိတွေတောင်းနေပါသေးသည်။ လှည့်ပတ်ပြောကာ ထွက်လာခဲ့ရ၏။ 


မှော်ဝင် အပြင်ပြန်ထွက်လာတော့ ဖေဖေရောက်နေတာကို တွေ့လိုက်ရပြီး မောင်နှမတွေနှင့် စကားစမြည်ပြောနေသဖြင့် အနားသွားထိုင်ရုံရှိသေး ဖုန်းဝင်လာရာ လက်ကိုင်အိတ်လေးချ၍ အပြင်မှာဖုန်းသွားပြောလိုက်ပါသည်။ 


ဖုန်းပြောပြီးပြန်ဝင်လာကာ ပိုက်ဆံအိတ်ထဲဖုန်းပြန်ထည့်မည်အပြု ဇစ်မှာတပ်ထားသည့် ဝက်ဝံရုပ် key change လေးကို မတွေ့တော့သဖြင့် မျက်ခုံးတန်းနှစ်ဖက် အပေါ်သို့ပင့်တက်သွားရသည်။ စောနကတင် ရှိသေးသည်။ သေချာပါတယ်။ အနီးအနားကို မျက်လုံးကစား၍ ရှာကြည့်လိုက်ရာ ဖေဖေ့ညီမငယ်ရဲ့သမီး ဗိုလ်မလက်ထဲမှာရှိနေသည်ကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်၏။ 


"ဗိုလ်မ... အဲ့အရုပ်ယူဆော့တာ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ "


ထိုအခါ စကားပြောနေသောလူကြီးတွေနှင့် ခပ်လှမ်းလှမ်းမှာ အရုပ်နဲ့ဆော့နေသော ဗိုလ်မတို့ သူမကိုချာခနဲလှည့်ကြည့်လာကြသည်။ သူမကတော့ မျက်နှာထားတင်းတင်းပင်။ 


"ကလေးသူ့ဘာသာသူ ဆော့ပါစေအေ "


"မှော့်ပစ္စည်းကို မှော်မသိဘဲယူကိုင်လို့ ပြောနေရတာ "


ထိုအခါ ဗိုလ်မအမေက စုတ်သပ်ပြီး ဖေဖေ့ကို တစ်ချက်လှမ်းကြည့်ကာ မျက်ထောင့်နီဖြင့် မှော်ဝင့်ကို ပြန်ကြည့်နေ၏။ ဗိုလ်မက မျက်လုံးဝိုင်းဝိုင်းလေး မှိတ်တုတ်မှိတ်တုတ်ဖြင့် လက်ထဲက အရုပ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ ခပ်စူးစူးအကြည့်တို့ဖြင့် လှမ်းသတိပေးနေသော ဦးဘုန်းခန့်။ သို့သော် မှော်ဝင် လက်တစ်ဖက် ရှေ့ဆန့်ထုတ်ပြီး အရုပ်ကိုပြန်တောင်းလိုက်၏။ အရုပ်တစ်ရုပ်က သူမအတွက် ဘာမှအဖိုးမတန်သလို အရေးလည်းမပါပါ။ သို့ပေတည့်...


"ကိုယ့်တူမယူဆော့တာကို ဖြစ်ပျက်နေပုံများ၊ ပေးလိုက်၊ ပြန်ပေးလိုက်စမ်း၊ အရုပ်တစ်ရုပ် ဘာအဖိုးတန်တာမှတ်လိုက်၊ ဒီထက်တန်ဖိုးကြီးတဲ့အရုပ် မေမေဝယ်ပေးမယ်၊ ပြန်ပေးလိုက်လို့ပြောနေတယ် "


ဗိုလ်မအမေက ရန်စွယ်ငေါငေါဖြင့် ထေ့ငေါ့ကာ မဲ့ချိတ်ကာပြောလာရင်း သူ့သမီးထံသွားကာ ဗိုလ်မလက်ထဲက အရုပ်ကိုဆွဲယူနေသည်။ ဗိုလ်မကလည်းမပေး၊ ပြန်ဆွဲထား၏။ 


"အဖိုးတန်တန်မတန်တန် ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ယူတာဟာ ခိုး.တာပဲ... "


"အံမယ်လေးလေး... ဘုရား ဘုရား...၊ လူကြားလို့မှကောင်းသေးရဲ့လားဟင်၊ ကိုကြီး... ကိုကြီးသမီးက တော်တော်တရားလွန်လာပြီနော်၊ ဒီလိုပုံနဲ့ လူကြားထဲ အရှက်မကွဲအောင်ဆုံးမထားဦး "


မှော်ဝင်တို့က မပြောချင်ရင်လည်း ရွှေပိဿာလိုက်ခြင်ပေးမယ်ဆိုရင်တောင် မျက်စောင်းနဲ့လှည့်ထိုးမှာမဟုတ်ဘူး၊ ပြောပြီဆိုလည်း သီကြားမင်းဆင်းတားတောင် ရမယ့်လူစားမျိုးမဟုတ်ပါ။ လက်ပိုက်ဖြုတ်ပြီး မှော်ဝင် နှုတ်ခမ်းတစ်ဖက်ကို မပီမပြင် ခပ်ထေ့ထေ့မဲ့လိုက်ရင်း...


"အမျိုးဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်လိုက်ရင် နောက်ဒီထက်ပိုဆိုးတာတွေလုပ်မလာနိုင်ဘူးလို့ဘယ်သူပြောနိုင်လဲ၊ ဆုံးမသင့်တဲ့သူက မဆုံးမလို့ မှော်ကဝင်ပြောရတာ "


" တော်တော့! "


ဖေဖေရဲ့ ခက်ထန်မာကြောသော ဟန့်တားသံကျယ်ကျယ်ကြောင့် မှော်ဝင် ခြေလှမ်းနောက်ဆုတ်သွားရင်း ပခုံးတစ်ချက်တွန့်သွားရသည်။ ဖေဖေသည် သူမကို ဘယ်တုန်းကမှ လေသံမာမာနှင့် မပြောခဲ့ဖူးပါ။ တစ်ခါမှပေါ့။ 


" တောင်းပန်လိုက် "


မှော်ဝင် အံကြိတ်လျက် မျက်နှာတစ်ဖက်လှည့်ထား၏။ လက်ဖဝါးနှစ်ဖက်ကိုလည်း နာကျင်​အောင်ကုပ်ခြစ်နေသေးသည်။ သူမပြောခဲ့သော စကားအတွက် ဘယ်တော့မှ နောင်တမရပါ။ နောင်တဆိုတာ သူမမှာ ဘယ်သောအခါမှ မရှိခဲ့ဖူးပါ။ ယခုလည်း ထိုနည်းလည်းကောင်းပင်။ ဒေါသကြောင့် အသက်ရှူသံတွေမြန်လာကာ အသံကိုပြင်းပြင်းရှူရှိူက်၍...


"မှော်ပြောတဲ့အထဲမှာ အမှားပါသွားရင် တောင်း ပန် ပါ တယ်... ပါပါး "


ရုတ်တရက် ဝေ့ဝဲတက်လာတဲ့ မျက်ရည်ဥတွေကို အောက်သို့လျောကျမလာစေရန် တင်းခံထားလျက် ခေါင်းအပေါ်မော့ကာ အံကြိတ်ထား၍ ပြောလိုက်သောစကားတိုင်းက သူမရင်ကို ဓားသွားလို စူးရှစေခဲ့သည်။ 


သြော် သြော်... မှန်တာပြောရင်လူမုန်းခံရတယ်တဲ့။


ဖေဖေ့ကိုတစ်ချက်မျှကြည့်ကာ လက်ကိုင်အိတ်ဆွဲ၍ အပြင်သို့ ခပ်သွက်သွက် လျှောက်ထွက်လာခဲ့တော့သည်။ 


ဖေဖေ့ကို မှော်ဝင် စိတ်မဆိုးပေမယ့် စိတ်မကောင်းတော့ဖြစ်မိတယ်။ သူမဘက်မှာ ရပ်တည်မပေးခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခြင်းမဟုတ်ပါ။ သူမပြောတဲ့စကားက အမှန်တွေဖြစ်ပါလျက်(အမှားနည်းပါလျက်) နဲ့ တောင်းပန်ခိုင်းခဲ့တဲ့ ဖေဖေ့ကို သူမနားမလည်နိုင်ပါ။ 


" ဟာ! ... "


နှုတ်ခမ်းလေးပွင့်ဟကာ ခါးထောက်လျက် အသက်ကိုပြင်းပြင်းရှူ၍ လေပူတွေကို ပါးစပ်ကနေ မှုတ်ထုတ်နေမိ၏။ အနားမှာ စုန်ဆန်ခက်ကာ လာရောက်ကျီစယ်တိုက်ခက်နေသည့် လေနုအေးတွေကလည်း သူမအတွက် အေးမြခြင်းကို မပေးနိုင်ပါ။ မီးတောက်အားကောင်းအောင် ပံ့ပိုးနေသလိုပင်။ 


သစ်ရက်ပင်အောက်ရပ်ထားသော ဉာဏ်ဝင့်သူကားပေါ် မှော်ဝင်တက်ထိုင်လိုက်ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဉာဏ်ဝင့်သူ အနားရောက်လာ၏။ ချက်ချင်းပင် ညွှတ်ကိုင်းကျနေသည့် ကိုယ်နေဟန်ထားကို ပြုပြင်လိုက်ပြီး ခပ်မတ်မတ်ထိုင်ကာ...


" မောင်း "


ထိုအခါ ဉာဏ်ဝင့်သူသည် ဦးတည်ရာမဲ့ မောင်းနှင်လာခဲ့တော့သည်။ အပြင်မှာအတော်လေးမှောင်နေပြီ။ မှော့်ကို တစ်ချက်တစ်ချက် အကဲခတ်ရင်း ဘယ်ကိုဆက်ပြီး မောင်းရမှန်းမသိတာမို့ စိတ်ညစ်တာတွေ ပြေပျောက်စေရန် မိုင်းသောက်တံတားခြေရင်းအရောက် ကားကိုရပ်လိုက်၏။ 


ဉာဏ်ဝင့်သူ ကားပေါ်မှ ဆင်းသွားပြီး မိနစ်ပိုင်းလောက်ကြာသွားသည့်တိုင်အောင် မှော် ကားပေါ်ကနေ ဆင်းမလာသေးသဖြင့် သူကားနားပြန်လျှောက်သွားပြီး သူမဘက်က ကားတံခါးကိုသွားဖွင့်ပေးလိုက်တော့မှ အောက်သို့ဆင်းလာ၏။ ပြီးတော့ ဘေးတစ်ဖက်တစ်ချက်တွင် ရောင်စုံမီးလုံးတွေဖြင့် အလှဆင်ထားသော မိုင်းသောက်တံတားဆီ ခပ်ကျော့ကျော့လေးလျှောက်လှမ်းသွားတော့ သူနောက်မှ ဖြည်းဖြည်းလျှောက်လိုက်သွားလိုက်ပါသည်။ 


ဒူးအထက်နီညိုရောင် ဆွဲသားဂါဝန်အပျော့လေးက အဖြူဖျော့ရောင် သူမအသားအရေနှင့် အင်မတန်မှလိုက်ဖက်ညီစွာ ဆွဲဆောင်မှုရှိနေ၏။ လေအဝှေ့မှာ ဖြန့်ချထားသည့် သူမဆံနွယ်တွေ အနောက်သို့လွင့်ဝဲလာတိုင်း တည်ငြိမ်နေသည့် သူ့နှလုံးသားလေး ဂနာမငြိမ် ဣန္ဒြေမရဖြစ်နေတာ မင်းကြောင့်ပါ မှော်ရယ်...။ 


လူတွေက မိုင်းသောက်တံတားကို ဒုတိယဦးပိန်တံတားလို့ တင်စားခေါ်ဝေါ်ကြတယ်။ ပြီးတော့ မိုင်းသောက်ဟာ တစ်မိုင်ကျော်ရှည်လျားတယ်ဟု သိရသည်။ တံတားကနေ စက်လှေစီးပြီး အင်းလေးကန်ထဲ လည်ပတ်လို့ရပါသေးတယ်။ ရာသီဥတုသုံးပါးစလုံး အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များနှင့် foreigners တွေပါ လာရောက်လည်ပတ်လေ့ရှိကြသည်။ ရှူခင်းသာယာပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ အပန်းဖြေလို့ကောင်းသည့်နေရာလေးတစ်ခုပင်။ မိုးရာသီဆိုရင် ဗေဒါခင်းမှာ လှေစီးပြီး ဓာတ်ပုံရိုက်တဲ့သူတွေပေါများ၏။ 


သူတို့နှစ်ယောက်ယဥ်လျှောက်ရင်း တစ်နေရာအရောက်တွင် မှော်ဝင်က ခြေလှမ်းတွေ ရပ်ပစ်လိုက်ပြီး ရေပြင်ကျယ်ဘက် မျက်နှာပေးလိုက်၏။ အနီးအနားမှာ ဓာတ်ပုံရိုက်နေသူတချို့နှင့် ငါးစာကျွေးနေသည့်သူတချို့ ရှိနေသော်လည်း ဆူညံပွက်လောရိုက်မနေဘဲ ကိုယ့်အုပ်စုနှင့်ကိုယ်၊ ကိုယ့်အထာနဲ့ကိုယ် အေးအေးလူလူပင်။ 


ကောင်လေးတချို့ မှော်ဝင့်ကို သိသိသာသာရော၊ မသိမသာပါ လှမ်းလှမ်းရှိုးနေတာကို သတိထားမိတော့ သူနည်းနည်းတော့ ဂျေဝင်သွားမိသည်။ နည်းနည်းမဟုတ်ဘူး... များများဟု ပြောမှပိုတိကျပေမည်။ မှော်ဝင်ကတော့ သူ့အတွေးနှင့်သူ၊ သူ့ပုံစံလေးနှင့်သူ သီးသန့်လေးခွဲထွက်နေကာ ဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ သူမစိတ်အာရုံကို ရင်ပြင်ကျယ်က လွှမ်းခြုံထား၏။ မှော်ဝင် ခဏခဏ တံတွေးမြိုချနေတာကို သူတိုးတိုးကြားနေရသည်။ အရယ်အပြုံးကင်းမဲ့နေတဲ့ သူမမျက်နှာလေး အပြစ်ကင်းသလောက် ခန့်မှန်းရခက်လှသည်။ သူမမျက်နှာပေါ်က ကြည်လင်ရွှင်ပျတဲ့အပြုံးတွေကို သူနောက်ဆုံးမြင်ခဲ့တာ ဘယ်အချိန်တုန်းကပါလိမ့်။ မေ့တေ့တေ့တောင် ဖြစ်နေပါပေါ့လား။ 


မှော်ဝင့်ကို တစိမ့်စိမ့်ကြည့်ရင်း သူကြည်နူးနေမိသည်။ အပေါ်ယံမာကျောတယ်လို့ထင်ရတဲ့၊ မာနတွေနဲ့ တံတိုင်းခက်ကာရံထားတဲ့၊ အလွန်နူးညံ့ပြီး ထိတွေ့ကိုင်တွယ်ဖို့တောင်ခက်ခဲတဲ့ သူမရင်ဘက်ထဲက နှလုံးသားလေးကို သူမြင်အောင်ကြည့်နေမိပါ၏။ ဝမ်းနည်းစရာကောင်းတာက သူ,မမြင်နိုင်ပါ၊ မမြင်ရပါ။ သူမရဲ့ အကာအရံတွေက သိပ်ကိုအစွမ်းထက်၊ အင်အားကြီးမားလွန်းနေခဲ့သည်။ 


သူလေ ရမ္မက်၊ ဆန္ဒ၊ လောဘတွေမပါဘဲ အဖြူရောင်အချစ်တွေနဲ့ သူမကို ချစ်တယ်၊ ချစ််တယ်မှော်ရယ်... ကိုယ်မင်းကို အရမ်းချစ်တယ်။ မှော့်အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေသာစစ်မှန်ခဲ့ရင် ဖုံးကွယ်ထားတဲ့ မင်းရဲ့နှလုံးသားကို ကိုယ်မြင်နိုင်ပါစေ မှော်၊ ဒီလောက်ပါပဲ။ ဒီလောက်ဆိုလုံလောက်ပါပြီ။  မှော်သာ ကြည်ဖြူမယ်ဆို သူအဝေးက ငေးကြည့်ဆိုလည်း ငေးကြည့်နေပါ့မယ်။ အတွေးတွေဖြင့် သူပြုံးလျက် အဝေးတစ်နေရာသို့ အကြည့်ပို့ထားလိုက်၏။


" ကျွန်မရှင့်ကို လက်ထပ်မှာမဟုတ်ဘူး၊ ဘယ်တော့မှ "


ရုတ်တရက် နားနားကပ်၍ ကြေးစည်ထုလိုက်သလိုမျိုး၊ စူးရှကျယ်လောင်သော အသံတစ်ခုကြောင့် သူ့နားတွေ ကျိန်းစက်သွား၏။ ရင်ထဲမှာ မျက်ခနဲ နာကျင်သွားရသည်။ စောနက တစိမ့်စိမ့်ကြည့်နေခဲ့သည့် သူမမျက်နှာလေးကို ခုတော့ သူ,မကြည့်ဝံ့တော့ဘဲ မျက်နှာလွှဲထားလိုက်မိသည်။ 


မှော်ဝင်သည် စကားတစ်ခွန်းကို မပြောခင် သေချာစဥ်းစားပြီးမှ ပြောခြင်းဖြစ်သည်။


"ကျောင်းပြီးရင် လက်ထပ်ဖို့စီစဥ်ထားတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အချိန်ဆွဲထားပေးပါ ကိုဉာဏ်ဝင့်သူ၊ အချိန်တစ်ခုထိပါပဲ၊ ကျွန်မလိုချင်တဲ့ အချိန်အတိုင်းအတာတစ်ခုရောက်ရင် ကျွန်မကိုယ်တိုင် ဒီလက်ထပ်ပွဲကို ငြင်းမှာပါ "


ည ၈နာရီထိုးပြီမို့ တံတားတစ်ဖက်စီမှာရှိသည့် ရေပန်းဥယျာဥ်မှ ရေများဖြာထွက်လာကာ ရေပြင်ကျယ်ဆီသို့ စီးကျလာသော ငြိမ့်ညောင်းသည့်ရေစီးသံဆီသို့ အာရုံရောက်လိုက်၊ မှော့်ဆီအာရုံရောက်လိုက်ဖြင့် သူ့အာရုံတွေ အရပ်လေးမျက်နှာအနှံ့ ပြန့်ကျဲနေခဲ့သည်။ ဉာဏ်ဝင့်သူ ခေါင်းတစ်ချက် ဆတ်ခနဲ ခါယမ်းလိုက်ပြီး အာရုံတွေပြန်စုစည်းလိုက်၏။ ထိုအခါ သူ့မျက်လုံးတွေပြာတက်လာသည်။ ရေငွေ့ကြောင့် အမြင်အာရုံဝေဝါးလာသည်ထင်ပါရဲ့။ သူ့ရှေ့မှာရှိနေသည့် မြင်ကွင်းအားလုံးကို ခေတ္တခဏ မမြင်ရတော့ချေ။ 


စက္ကန့်အနည်းငယ်မျှ မျက်လုံးမှိတ်ထားပြီး ပြန်ဖွင့်လိုက်တော့ ခံစားချက်မဲ့နေသည့် မျက်လုံးတွေနှင့် အသက်မဲ့နေသည့်သွင်ပြင်ဖြင့် သူ့ကိုကြည့်နေသော မှော်ဝင့်ကို တွေ့လိုက်ရတော့ သူ့အမြင်တွေကြည်လင်လာပြီး တုန်လှုပ်သွားမိသည်။ ထို့နောက် လွှတ်ခနဲ စကားတစ်ခွန်း ထွက်သွားမိပါသည်။ 


"လွယ်လိုက်တာ... ကိုယ့်အပေါ်ရက်စက်လွန်းရာကျမနေဘူးလားဟင် "


သူ့စကားဆုံးတော့ မချိုမချဥ်မဲ့ပြုံးတစ်ခုကိုသာ သူမဆီမှ မငြင်းသာဘဲ သူလက်ခံရရှိခဲ့ပါသည်။


"ကောင်းပြီ၊ ဒါဆို မှော် အခု ကိုယ့်ကို အကူအညီတောင်းနေတာလား... "


"...."


'တောင်းဆိုတာလား' ဟူသော စကားလုံးကို ဖယ်၍ သူပြောလိုက်ပါသည်။ သို့သော် မှော့်ဆီက စကားပြန်မရခဲ့ပါ။ 


"ကိုယ်မှော့်ကိုချစ်တယ်၊ ဒီစကားကို ဟိုးအရင်ကတည်းက ကိုယ်ပြောချင်နေခဲ့တာပါ၊ ကိုယ့်ခံစားချက်တွေကို မှော်လည်းသိနေလိမ့်မယ်ထင်တယ် "


" မသိဘူး "


ဒီတစ်ခါမှာတော့ စက္ကန့်မခြား ချက်ချင်း တုန့်ပြန်လာ၏။ 


မှော်ရယ်... မင်းသိပ်တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ဘာလို့ ကိုယ်ဘက်ကျ အမြဲကြည့်ပြီး တခြားသူဘက်ကိုတော့ တစ်ချက်ကလေး ငဲ့စောင်းတောင်မကြည့်ရတာလဲကွာ။ ဘာလို့ဒီလောက်တောင် အသည်းမာရတာလဲ၊ ဘာလို့ဒီလောက်တောင် ပြတ်သားရတာလဲ။ မေးချင်လိုက်တာ...။


"ကိုယ်မှော့်ကို တောင်းဆိုစရာတစ်ခုရှိတယ်၊ လိုက်လျောပေးမယ်ဆိုရင် အရာအားလုံး မှော့်စိတ်တိုင်းကျ​ဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ် "


မှော်က ခေါင်းညိတ်ပြီး မေးဆတ်ပြသဖြင့် ဉာဏ်ဝင့်သူ စကားဆက်လိုက်ပါသည်။


"ကိုယ့်ကို သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပေးလို့ရမလား၊ ကိုယ်တောင်းဆိုတာပါ "


"မေမေတို့က ရှင့်ကို လူ့ယဥ်ကျေးတစ်ယောက်လို့ သတ်မှတ်ထားလို့ အခုလိုမျိုး ရှင့်ကားပေါ် လိုက်စီးပြီး တစ်နေရာထဲ နှစ်ယောက်အတူရပ်ပြီး သည်းခံစကားပြောနေနိုင်တာ၊ အဲ့တော့ ရှင့်အပြုအမှုတွေကို ကျွန်မစောင့်ကြည့်နေမယ်၊ ဟာကွက်မရှိပါစေနဲ့ ကိုဉာဏ်ဝင့်သူ "


"ကိုယ်ဆင်ခြင်ပါ့မယ်၊ မှော်မကြိုက်တာမှန်သမျှ မလုပ်မိအောင် ကိုယ်အမြဲဆင်ခြင်ခဲ့ပါတယ် ... "


"ကျွန်မအတုအယောင်တွေကို မုန်းတယ်၊ အထူးသဖြင့် ကျွန်မကြိုက်အောင် အတင်းလုပ်ယူဖန်တီးထားတာတွေကိုပေါ့၊ ကျွန်မအခုပြောတာတွေက ရှင့်အတွက် အကျိုးရှိမယ်ထင်ပါတယ် "


"ကျေးဇူးပါ... ကိုယ်တစ်ကယ်ကျေးဇူးတင်ပါတယ်၊ အခုလိုမျိုး ကိုယ့်ကို အရင်ကထက်ပိုပြီးရင်းရင်းနှီးနှီးဆက်ဆံလာတဲ့အတွက်၊ အခွင့်အရေးပေးလာတဲ့အတွက်ပါ "


အခွင့်အရေးပေးတယ်တဲ့လား...။

ငါးစာကိုပဲမြင်ပြီး ငါးမျှာချိတ်မှမမြင်ဘဲ။ 

ယောကျာ်းတစ်ယောက်ကို အခွင့်အရေးပေးလိုက်ရင် မှော်ဝင့်ရာဇဝင်ရိုင်းသွားမှာပေါ့။ အဟွန်း... ကိုယ်ကတစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရမှာ ထုံးစံပဲလေ။ အရာရာမှာ အလျော်အစားဆိုတာရှိတယ်။ သူမလိုချင်တာရဖို့အတွက် အတတ်နိုင်ဆုံး သည်းခံရမှာပေါ့လေ။ သူမပြောခဲ့သလို အချိန်အတိုင်းအတာတစ်ခုထိပါပဲ။ ဒါကိုမသိဘဲ ဉာဏ်ဝင့်သူတစ်ယောက် အူမြူးနေလေရဲ့။ သူ့ကိုကြည့်ပြီး သူမ သနားလိုက်တာလေ... ကျွတ် ကျွတ် ကျွတ်...။ 


မှော်ဝင်သည် မျက်နှာလေးပင့်ချီ၍ မျက်လုံးမှိတ်လိုက်ချိန် စကားသံတချို့ နားထဲအတင်းတိုးဝင်လာ၏။ သူမနှစ်ခြိုက်စွာ ပြုံးလိုက်မိသည်ထင်ပါရဲ့။ ဟိုးတစ်ချိန်တုန်းက ညိုချော သူမကို မေးခဲ့ဖူးသည့်စကားတစ်ခွန်းပေါ့။ ဘာတဲ့...။


" နင်ဘာလို့ ဒီလောက်တောင် ယောကျ်ားတွေကို မုန်းနေရသလဲ... " တဲ့။


အဲ့အချိန်တုန်းကလေ သူမ ဟက်ဟက်ပက်ပက် ရယ်မောခဲ့မိသည်ကို ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။ မေးခွန်းရှိရင် အဖြေရှိရမှာပေါ့၊ ဟုတ််တယ်မလား... ။ သူမအဖြေကတော့ အလွန်ပင် ရိုးရှင်းပါသည်။ 


"မမုန်းပါဘူး...၊ ကိုယ်ယောကျ်ားတွေကို မုန်းတယ်လို့ ဘာကြောင့်အတပ်ပြောနိုင်ရတာလဲ ညိုချော... "


"ယူ့နားကပ်လာတဲ့ ယောကျ်ားမှန်သမျှကို ပြတ်ပြတ်သားသားငြင်းပြီး lesson ပေးလွှတ်တာကို ကိုယ်ဘာမှမပြောလိုပေမယ့် သက်သက်ချိုးနှိမ်ပြီး မတူမတန်သလို ဆက်ဆံတာကတော့ ယောကျ်ားတွေအပေါ်မုန်းနေလို့၊ အငြိုးနဲ့လုပ်နေတာလို့ ကိုယ်ထင်တယ်၊ ဘယ်လိုလဲ မှော်ဝင် ကိုယ်ပြောတာမှန်တယ်မလား... "


"အဟား... မဆိုးဘူးပဲ၊ ဒါပေမဲ့ မင်းပြောတာတစ်ဝက်ပဲမှန်တယ်၊ ရှေ့ကပြောခဲ့တဲ့ဟာပေါ့၊ နောက်တစ်ဝက်ကမှားတယ်၊ ကိုယ်သူတို့ကိုမမုန်းပါဘူး... ဘာလို့ဆို တစ်ချိန်ကျရင် အမုန်းတွေက အချစ်ဖြစ်လာနိုင််တယ်လေ၊ ကိုယ်က သူတို့ကို...  ယောကျာ်းတွေကို အထင်သေးတာ၊ အဲ့ထက်ဆိုးရွားတဲ့စကားလုံးများရှိသေးရင် ပြောစမ်းပါကွာ၊ ကိုယ်ပြောချင်လို့ပါ "


ထိုအခါ ညိုချောက သူမစကားကြောင့် မျက်လုံးပြူးကြည့်ပြီး ခေါင်းရောလက်ပါ တစ်ပြိုင်တည်း လှုပ်ခါပြနေ၏။ ထို့ကြောင့် သူမမျက်ရည်ကြည်လေးတွေ စို့တက်လာသည်အထိ သဘောကျစွာ ရယ်မောမိခဲ့ပါသည်။ 


သိပ်ကိုစိတ်ပျက်စရာကောင်းသည့် ဟာသမမြောက်သော ပျက်လုံးတွေက တစ်ခါတစ်ခါ မထင်မှတ်ထားလောက်အောင် ရယ်စရာကောင်းနေခဲ့သည်ကို ယခု သူမသိခွင့်ရခဲ့ပါသည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🖤🖤


အခန်း(၁၁) ဆက်ရန် >>>


#ပတ္တမြားအလင်း


တစ်ကယ်လို့ပေါ့နော်၊ စာဖတ်သူလေးတွေ အပြင်မှာ သမာဓိနဲ့ ဉာဏ်ဝင့်သူ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရတော့မယ်ဆိုရင် ဘယ်သူ့ကိုရွေးချယ်မှာလဲ။ 


ကျွန်မ ဉာဏ်ဝင့်သူဆိုတဲ့ဇာတ်ကောင်ကို စိတ်ကူးယဥ်ဆန်စွာ ဖန်တီးထားခဲ့တာကို ဝန်ခံပါတယ်၊ အပြင်မှာ သူ့လို ပြီးပြည့်စုံတဲ့လူမျိုး ရှိချင်ရှိမယ်၊ ရှိချင်မှလည်းရှိမယ်ပေါ့နော်။


rate now: