🖤 မာနသည်သာ ကိုးကွယ်ရာ 🖤
~~~~~~~
"ဘာရယ်!... "
"ဟဲ့ အခန်းထဲမှာဆက်ပြော လိုက်လာခဲ့ "
" ညည်းနော်... ဟွန်း ဟွန်း "
" လာ လာ "
ဆောင်းတွင်းဘက်ကြီး မမျှော်လင့်ဘဲ မိုးထရွာသည့်နေ့ မနက်ချိန်ခါဝယ် သူမတို့အိမ်၌ ဆွေမျိုးများစုံလင်စွာ ရောက်ရှိနေပြီး ရုတ်ရုတ်သဲသဲဖြင့် တီးတီးတိုးတိုးဖြင့် ခြေချင်းလိမ်နေကာ ထူးဆန်းစွာ ဖြစ်နေကြသည်ကို ဧည့်ခန်းထဲက တီဗီရှေ့ဆိုဖာပေါ်ခြေချိတ်ထိုင်နေရင်း အလုံးစုံလှမ်းမြင်နေရသည်မို့ စိတ်ဝင်စားသွားရာ မိန်းကလေးပီပီ စူးစမ်းစပ်စုချင်စိတ်ဖြင့် တီဗီမကြည့်တော့ဘဲ အသာထလာခဲ့တော့သည်။ အကြောင်းကိစ္စကြီးငယ် ကြုံလာတိုင်း အမြို့မြို့အနယ်နယ်မှာ ရောက်နေကြသည့် ဆွေမျိုးတွေသည် သူမတို့နေထိုင်သည့် တောင်ကြီးမြို့က တောင်ပေါ်အိမ်လေးမှာ စုဝေးတတ်ကြပါသည်။
"ဘာဖြစ်နေကြတာလဲ "
တစ်ကိုယ်တည်း ရေရွတ်လျက် မျက်မှောင်ကြုတ်၍ အနောက်မှ လျှောက်လိုက်သွားလိုက်၏။ အိမ်မှာသူမတစ်ယောက်လုံးရှိနေတာကို မေ့နေသည့်ဟန်ဖြင့် သူတို့ဘာသာ သီးသန့်ဖြစ်နေကြသည်။ အောက်ထပ်ကအစွန်ဆုံးအခန်းထဲ အားလုံးဝင်သွားတော့ သူမလည်း ရောယောင်၍ လိုက်ပါသွားသောအခါ...
"သြော် မိမှော် ကလေးက ကလေးလိုနေစမ်း သွား သွား.... "
အမေ့ညီမ ဒေါ်လေးရင်က တံခါးပိတ်ခါနီး အပေါက်ဝမှာ သူမကိုမကြည်မသာဖြင့်ကြည့်ရင်း အတင်းနှင်လွှတ်၏။ ထိုအခါ...
"ဟဲ့ ဝင်ခိုင်းလိုက် သူလည်းမငယ်တော့ဘူး"
အခန်းတွင်း လေးငါးခြောက်ယောက်ရှိနေသည့် အမျိုးအုပ်ကြားမှ မေမေ့ရဲ့ စိတ်မရှည် ခပ်ပြတ်ပြတ်အသံကိုကြားလိုက်ရစဥ် သူမ အခန်းထဲရောက်ရှိသွား၏။ အခန်းထဲရောက်ပြီးမှ စိတ်ရှုပ်ထွေးအိုက်စပ်စွာ အပြင်ပြန်ထွက်ချင်စိတ်တွေ တဖွားဖွားပေါ်လာရပြန်သည်။ ထို့ကြောင့် အခန်းထောင့်တစ်နေရာတွင် လက်ပိုက်လျက် နံရံကိုကျောမှီပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်ပါတော့သည်။
" ပြောစမ်း ဘယ်ကောင်လဲ "
အလုံပိတ်ထားသည့် အခန်းတွင်း မေမေ့ရဲ့ဒေါသသံစွက်နေသည့် အသံကျယ်က ဟိန်းထွက်သွားသည်။ မတ်တပ်ရပ်ရင်း ခါးထောက်လျက်ရှိနေသော မေမေသည် ခုတင်စွန်းတွင် ငုတ်တုတ်လေး ခေါင်းငုံ့၍ ပခုံးလေးတုန်ရင်စွာဖြင့် ထိုင်နေသော မမအေးအား ဒေါသငွေ့ဖြင့် ပြာကျသွားတော့မယောင် စီးမိုး၍စူးစိုက်ကြည့်နေလေ၏။
"ဟဲ့ အ,သွားပြီလား... အမိုက်မရဲ့၊ ဘယ်ကောင်နဲ့ဖြစ်ခဲ့တာလဲ"
မေမေက ထပ်၍ပြောပြန်ပါသည်။ မေမေသည်လောက်ဒေါသထွက်တာ အခုချိန်ထိ သူမ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ပထမဆုံးဖြစ်သည်။ မမအေးက ပခုံးလေးတစ်ချက်လှုပ်သွားသည်။ ရှိုက်၍ငိုလေသလားမသိ။ သူမသည် မမအေးနှင့်မျက်စောင်းထိုးတွင်ရှိနေ၍ မမအေးအားကိုယ်တစ်ခြမ်းသာ မြင်ရလေသည်။ ဘာတွေဖြစ်နေမှန်းမသိ၊ နားမလည်နိုင်စွာ စိတ်ရှုပ်လာရသည်။ လေပူတစ်ချက် မှုတ်ထုတ်လိုက်ချိန် ဒေါ်လေးရင်ကြောင့် သူမပခုံးလေးတစ်ချက် တုန်သွားရ၏။ အကြောင်းမှာ....
"မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင်မ "
ပြောပြောဆိုဆို ဒေါ်လေးရင်က မမအေး၏မျက်နှာအား ဆွဲမော့၍ ညာဘက်ပါးလေးကို ဖြောင်ခနဲနေအောင် တစ်ချက်ချလိုက်သောကြောင့်ပင်။ အဖြစ်အပျက်အားကြည့်ပြီး သူမလေးပင်စွာ ခေါင်းခါယမ်းမိသည်။ သူမ ငယ်ငယ်တုန်းကလည်း သည်လိုအဖြစ်အပျက် အခြေအနေမျိုး ထပ်တူညီစွာ မြင်တွေ့ခဲ့ရဖူးသည်ကို ပြန်အမှတ်ရမိပါသည်။ ငယ်စဥ်က ကလေးအရွယ်မို့ ဘာမှန်းမသိခဲ့သလို ယခုလည်းရေးရေးရာရာ မသိပါချေ။ သူမသည် အဲလိုနုံအသော၊ အရိပ်ပြရင် အကောင်မမြင်သော၊ ထုံပေသော မိန်းကလေးသာဖြစ်သည်။
"မငိုနဲ့၊ ကျက်သရေမရှိဘူး...ကောင်မရဲ့၊ ဆူးပေါ်ဖက်ကျရင် ဖက်ပဲပေါက်မှာ၊ ဖက်ပေါ်ဆူးကျရင် ဖက်ပဲပေါက်မှာ၊ လင်ကောင်မပေါ်ဘဲ ကလေးမွေးချင်လို့လား "
' လင်ကောင်မပေါ်ဘဲ ' လို့ပြောလိုက်တာလား၊ သူမနားကြားများမှားသွားတာလား။
ပိုက်ထားသောလက်အား ဖြုတ်ချလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးသွားမိသည်။ ထိုစကားကိုပြောလိုက်သောသူက ဒေါ်လေးရင်ရဲ့ အထက်ကအစ်မဖြစ်သူ ဒေါ်လေးချိုစိမ့်ပင်။
မေမေ့မှာ စုစုပေါင်း မောင်နှမခြောက်ယောက်ရှိသည်။ အကြီးဆုံးက ဒေါ်လေးခင်မို့မို့နိုင်၊ မေမေကဒုတိယမြောက်၊ ပြီးရင် ဒေါ်လေးချိုစိမ့်၊ ဒေါ်လေးရင်အေးက စတုတ္ထမြောက်၊ သူ့အောက်မှာ မောင်တစ်ယောက်ရှိသည်။ လေးလေးအောင်ထိုက်၊ လေးလေးဇော်သက်က အငယ်ဆုံးဖြစ်သည်။
"သူတွဲနေတဲ့အကောင်ကို မြသိတယ် မေမေ"
တံခါးကိုမှီနွဲ့ရပ်နေရာမှ စကားဝိုင်းထဲမဝင့်မရဲ ဝင်လာသူမှာ ဒေါ်လေးချိုစိမ့်ရဲ့ သမီးကြီးမြမြခက်။ အားလုံးရဲ့အကြည့်က တစ်ဖန်မြမြခက်ဆီ ဝေ့ဝဲရောက်သွားပြန်၏။ သူမ မမအေးအား လှမ်းကြည့်လိုက်တော့ နေစရာနေရာမရှိအောင် ချောက်ချားနေတာတွေ့ရသည်။
"နှစ်လမ်းသွားက အပေအတေကောင်တွေထဲက ' ဆိုးပေ ' ဆိုတဲ့ ကောင်နဲ့ တတွဲတွဲသွားနေတာကို အငယ်မပြောလို့ မြ,သိတာ တစ်ပတ်ရှိပြီ"
မြမြခက်သည် လူကြီးဆန်သည်။ အသက်က ၂၅နှစ်၊ သူမထက် ၈နှစ်ကြီး၏။ ဘူမိဗေဒမေဂျာနှင့် မာစတာဘွဲ့ယူရန် ပြင်ဆင်နေသောသူဖြစ်သည်။
"အံပါ့.... အံ့သြပြီးရင်း အံ့သြနေတော့တာပဲ၊ လူပုံကြည့်တော့ မခုတ်တတ်တဲ့ကြောင်၊ အရိုးခံပဲဆိုပြီး လွှတ်ထားလိုက်မှ ဆယ်ပါးမှောက်ပါပေါ့လား.... အဲ့အကောင်နဲ့ ရတာလား ပြောစမ်း၊ ငါကိုင်ဆောင့်ရသေတော့မယ် "
သားသမီးအတွက် လွန်စွာပူပင်သောကရောက်နေသည့် မိခင်တစ်ယောက်၏ ရင်ထဲဘယ်သို့ဘယ်ပုံဖြစ်နေသည်ကို အထူးပင် ပြောစရာလိုမည်မထင်ပါ။ ဒေါ်လေးရင် စိတ်မောပန်းနွမ်းနယ်စွာ သမီးဖြစ်သူ မမအေး၏ နံဘေးဝင်ထိုင်ချလိုက်၏။
သူမသည် တစ်မိသားစုလုံး အမည်ဖော်ရ၊ ဖြေရှင်းရခက်နေသည့် ပုစ္ဆာကို ယခုမှသိတော့သည်။ မမအေးသည် နာမည်နဲ့လိုက်အောင် အလွန်ပင်အေးချမ်းသူလေးဖြစ်သည်။ ယဥ်ကျေးသိမ်မွေ့သူပင်။ အရှက်အကြာက်ကြီးပြီး မိဘစကားမြေဝယ်မကျနားထောင်သူက ဘယ်လိုလုပ် မိဘတွေမကြိုက်သည့် အမှုကို လုပ်ရပါသလဲ။ သူမနားမလည်နိုင်အောင်ရှိရသည်။ မမအေးကိုကြည့်ပြီး မေမေပြောနေကြ စကားတစ်ခွန်းတော့ရှိသည်။ " ဒီကောင်မလေး ရိုးအေးတာတော့မှန်ပါတယ်၊ အယုံလွယ်တာတော့ မကြိုက်ဘူးဟေ့ " ဟု မမအေးအိမ်လည်လာတိုင်း မမအေးရှေ့မှာပင် မေမေက ခဏခဏပြောလေ့ရှိ၏။ ပြီးတော့ မမအေးသည် ပညာရေးတက္ကသိုလ်တက်ရောက်နေသော ဆရာမလောင်းလျာလည်း ဖြစ်ပါသည်။
"ဖအေနာမည်မပြောဘူးဆိုတော့ နင့်ဗိုက်ထဲက ကလေးကို ဖျက်ချမလို့လား မိအေး ဟမ်"
" ဟင်! ဟင့် အင်း.... "
ဒေါ်လေးချိုစိမ့်ရဲ့ ကြက်သီးထစရာစကားကြောင့် သူမ ဒေါ်လေးချိုစိမ့်ကို ဖျတ်ခနဲ မျက်လုံးပင့်ကြည့်လိုက်မိ၏။ မတုန်မလှုပ်ရှိနေသော မမအေးသည်လည်း ထိုစကားကြောင့် အသံထွက်လာရသည်။ မမအေးအသံထွက်လာအောင် တမင်ပြောလိုက်သလားမသိပါ။ သူမသည် ထိုသို့လည်း အရိပ်အကဲခက် ညံ့ပါသေးသည်။ မေမေကတော့ တစ်ခွန်းတပါဒမှ ဝင်မပြောသေးပါ။ အကြံအိုက် စဥ်းစားနေပုံပေါ်သည်။
"သမီး... သမီး.... "
နှုတ်ခမ်းလေးတလှုပ်လှုပ်ဖြစ်နေသော မမအေးကို အားလုံးက စိတ်မရှည်စွာ ကြည့်နေကြပေမယ့် သူမကတော့ မမအေးပါးစပ်က ထွက်ကျလာမည့်စကားတွေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမိသည်။ ရင်ထဲမှာတော့ မမအေးနှင့်ထပ်တူ မောပန်းစွာ ပူပန်ကြောင့်ကြ ရှိရသည်။
"ညည်းအဖေသိရင် ညည်းကိုသတ်မှာ၊ ညည်းသိတယ်နော် "
" ဟင့် "
ရှိုက်သံထွက်လာပြန်သည်။ မမအေး ဘာကြောင့်များ အခုမှ တွန့်ဆုတ်ဝန်လေးနေရသလဲ။ မေမေကတော့ 'ကိုယ်ရွေးချယ်လိုက်လို့ မှားသွားခဲ့ရင် အဲ့အမှားကို လက်ခံပြီး ရင်ဆိုင်ရဲတာ သတ္တိ' လို့ သူမကို ဆုံးမသွန်သင်ခဲ့ဖူးပါသည်။
မမအေးဆီက တိကျသည့်အဖြေတစ်ခုကို မရဘဲ သည်အခန်းထဲ ပူလောင်စွာ ရှိနေကြသည်မှာ နာရီပေါင်းများစွာ ကြာလာခဲ့တော့သည်။ အပြင်မှာ တဖြောက်ဖြောက်ရွာနေသည့် မိုးသည်လည်း ဆက်မရွာနိုင်တော့ဘဲ လက်လျော့သွားချေပြီ။ တိမ်စိုင်ထဲဝင်ပုန်းနေသည့် နေမင်းတောင် ထွက်စပြုပြီ။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🖤🖤
ဒေါ်လေးရင်သည် ပဲခူးသားနှင့်အိမ်ထောင်ကျပြီး ပဲခူးမှာမိသားစုနှင့်အတူ နေလာခဲ့တာ မမအေးတစ်သက်ရှိမည်ထင်သည်။ သမီးတစ်ယောက်ထွန်းကားပြီး ယောက်ကျားဖြစ်သူက သင်္ဘောသားဖြစ်သဖြင့် ဒေါ်လေးရင်သည် အိမ်မှုကိစ္စတွေနဲ့ပဲ အချိန်ကုန်စေခဲ့သည်။
ဒေါ်လေးချိုစိမ့်ကျတော့ နည်းပညာတက္ကသိုလ်က ကထိကဖြစ်၍ ရှမ်းပြည်ဘက်မှာတာဝန်ကျရင်း ကလောမှာ စီးပွားရေးလုပ်ငန်းရှင်နှင့် အိမ်ထောင်ပြု၍ အခြေချနေထိုင်ခဲ့၏။
လေးလေးဇော်သက်အကြောင်း သူမသိပ်မသိပါ။ မသိဆို လေးလေးက မြန်မာပြည်မှာမှမရှိဘဲ။ တစ်နိုင်ငံပြီးတစ်နိုင်ငံ လှည့်လှည်သွားလာရင်း ပျောက်ကွယ်မျိုးတုန်းလုဆဲဖြစ်သည့် သက်ရှိသတ္တဝါနှင့် ကြွင်းကျန်ရုပ်တုတွေအကြောင်း ထဲထဲဝင်ဝင်လေ့လာသော အထွေထွေသုတေသနပညာရှင်တစ်ယောက်ဖြစ်သည်ဟု မေမေထံမှ ကြားသိရသည်။ ဖြစ်နိုင်ရင် လေးလေးဇော်သက်နှင့် တစ်ခါလောက်တွေ့ပြီး ရင်းရင်းနှီးနှီးစကားပြောရင်း ပြင်ပဗဟုသုတတွေလည်း တိုးပွားချင်မိပါသည်။
မေမေ့အစ်မကြီး ဒေါ်လေးခင်မို့မို့နိုင်သည် အညာဘက်တွင် မိသားစုနဲ့အတူနေပြီး လေးလေးအောင်ထိုက်ကတော့ သူ့ရဲ့ဘယ်နှစ်ယောက်မြောက်မှန်းမသိသည့် မိန်းမနှင့် ရန်ကုန်မြို့ ဗဟန်းမှာနေထိုင်သည်ဟုပင် သူမသိထား၏။ သူတို့နှစ်ယောက်သည် သူမတို့နှင့် အလှမ်းဝေးသော စိတ်ချင်းမနီးသော ဆွေးမျိုးများဟုပင် ဆိုလို့ရသည်။
ရင်လေးစရာကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မေမေတို့တွေငြိမ်သက်နေကြ၍ မမအေးကိစ္စ အဆင်ပြေသွားပြီဟု မှတ်ယူခဲ့သော်လည်း တစ်နေ့၌ အိပ်မက်တောင်မမက်ဘူးသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးတစ်ရပ်သည် ငြိမ်သက်နေသော မုန်တိုင်းအသွင်ဖြင့် သူမတို့အိမ်သို့ပင် စီးနင်းဝင်ရောက်လာခဲ့တော့သည်။
"ဘယ်လိုဖြစ်ကြပြန်တာလဲ ပြောကြစမ်းပါဦး"
"နောက်မှပြောပါရစေ၊ အရင်ဆုံး ဘာဆက်လုပ်ရမလဲ အကြံပေးကြပါဦး "
ဒေါ်လေးရင်သည် အပူမီးဝိုင်းသည့်ရုပ်သွင်ဖြင့် ဆံပင်ဖရိုဖရဲ နွမ်းညစ်သော အဝတ်စားများဖြင့် မျက်ရည်တွေက ပါးပြင်ပေါ်အဆက်မပြတ်စီးကျလျက် မေမေ့ကို အကူအညီတောင်းနေခြင်းဖြစ်သည်။
"ငါကဘာပြောတတ်မှာလဲ... နင်တို့ခေါ်လာတဲ့ လက်သည်က စိတ်ချရလို့လား"
"စိတ်ချရပါတယ်၊ မမက ဆရာဝန်ဆိုတော့ တစ်ခုခုလုပ်ပေးပါ၊ အားကိုးစရာဆိုလို့ မမပဲ ရှိပါတော့တယ် "
"တော်စမ်းပါ နင်တို့လုပ်ချင်ရာလုပ်ပြီးမှ ငါ့ကိုလာတိုင်ပင်မနေနဲ့၊ ငါက သွားဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်မဟုတ်ဘူးဟဲ့၊ ငါလုပ်ချင်တိုင်း လုပ်လို့မရဘူး..."
"အား... အမေရေ.... အ အား "
အခန်းထဲမှာ ဒေါ်လေးရင်ပြောသည့် လက်သည်အဒေါ်ကြီးနှင့် မမအေးနှစ်ယောက်ထဲရှိနေသည်။ မမအေး၏ မချိမဆန့်အော်သံတွေသည် အခန်းတွင်း ပဲ့တင်သံထပ်လျက် အပြင်သို့ပျံ့လွင့်လာခဲ့သည်။
ထိုအသံကိုကြားပြီး သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်းဖြာထလျက် ဆတ်ခနဲတုန်ယင်သွား၏။ မမအေး သည်လောက်နာကျင်နေတာ ဘာကြောင့်လဲ။ ကလေးမွေးရအောင်လည်း ဗိုက်ကမှ ပူထွက်မလာသေးတာ။ ဒါဆို မဟုတ်မှ... ကလေးပျက်ကျလို့လား၊ ဖျက်ချတာလား။ ဘာပဲဖြစ်ဖြစ်ပါ သည်လိုကြိတ်လုပ်နေမယ့်အစား ဆေးရုံသွားသင့်သည်ဟု သူမထင်သည်။ ဘာလို့ ဆေးရုံမသွားကြသေးတာလဲ။ ခုဆို မမအေး ဝေဒနာခံစားနေရတာ တစ်ရက်တောင်ရှိသွားပြီ။ မေမေတို့ ဘာကိုစောင့်နေကြတာပါလိမ့်။ ကြားထဲက မမအေး တစ်ခုခုမဖြစ်ပါစေနဲ့ ဘုရား...။
"အားလုံးပြီးသွားပြီ ဒါပေမဲ့ သွေးသွင်းဖို့လိုတယ်လို့ လက်သည်အဒေါ်ကြီးက ပြောတယ်၊ မမလုပ်ပါဦး "
"ကိုယ့်ဘာသာသွေးသွင်းဖို့က မဖြစ်နိုင်ဘူး၊ အဲဒါထက် လိုနေတဲ့သွေးကို ဆေးရုံမှာပဲ ရှာလို့ရမှာ၊ ဘယ်လိုလုပ်ကြမလဲ "
"အဲ့အတွက်ပူမနေနဲ့ စိမ့်လိုနေတဲ့သွေးရှာလိုက်မယ် "
သူမမေမေဒေါ်မြကေခိုင်သည် သွားဆရာဝန်တစ်ယောက်ဖြစ်၍ ဖေဖေဦးဘုန်းခန့်ကတော့ နှလုံးခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ဖြစ်ပါသည်။
လူကြီးတွေမျက်နှာအား လိုက်ဖတ်နေရင်း ကြောင်တောင်တောင်ဖြစ်နေသည်မှာ သူမတစ်ယောက်တည်းသာ။ အားလုံး သူ့အလုပ်နဲ့သူ ရှုပ်နေကြ၏။ ထိုအချိန် သူမသိချင်တာသွားမေးရင် အဖြေသိရဖို့ထက် ငေါက်ခံရမှာ ကျိန်းသေသည်။ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် ပထမနှစ်တက်နေသည့် ကလေးမက လူကြီးမကျသည့် သူမရဲ့စကားသည် သည်အိမ်မှာ အရာမဝင်သလို အရေးလည်းမပါချေ။
ဘာလို့ ဆေးရုံမပို့ကြတာလဲ။ သူမကတော့ ထိုမေးခွန်းဖြင့်သာ အလုပ်ရှူပ်နေမိ၏။ စိတ်ရှုပ်နေသည်ဆို ပိုမှန်မည်။
မမအေးသည် တစ်ပတ်လုံးအခန်းအောင်းနေသဖြင့် အခြေအနေဘယ်လိုရှိသည် သူမမသိပါ။ မေမေတို့ကတော့ ထမင်းစားချိန်နှင့် ကျန်အချိန်များတွင် တစ်လှည့်စီ မမအေးဆီ ဝင်ထွက်သွားလာနေကြပေမယ့် သူမကိုတော့ မမအေးဆီ သွားခွင့်မပြုပါ။
°°°°°°°°°°°°°°°°°°°°°°°°°°
"ညည်းကြည့်ထား... ယောကျ်ားတွေ ဘယ်လောက်ကောင်းလဲဆိုတာ "
ဧည့်ခန်းထဲ လူစုံတက်စုံ စုဝေးထိုင်မိကြချိန် ဒေါ်လေးချိုစိမ့်ဆီမှ အဆက်အစပ်မရှိသော စကားကို သူမကြားလိုက်ရသည်။ ထိုစကားအား သူမကိုကြည့်၍ ပြောနေခြင်းသာ။
ဒေါ်လေးချိုစိမ့်က နာမည်တပ်မပြောဘဲ ယောကျ်ားတွေလို့ သိမ်းကျုံးပြောလိုက်သည်ကို သူမ နားမလည်နိုင်စွာ စဥ်းစားတွေးတောရင်း ခေါင်းကုပ်လိုက်မိ၏။
"မရခင်တုန်းကတော့ ချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့၊ မင်းက ကိုယ့်ဘဝ၊ မင်းကိုမှ မရင်ရင် ကိုယ်သေရပါလိမ့်မယ်၊ ပျားရည်သုတ်ထားတဲ့ အဆိပ်ပါးစပ်ကနေ ထွက်ကျလာတဲ့နုနုရွရွစကားအလှတွေကို မနူးမနပ်မိန်းကလေးတွေက ပစ်ရုံ၊ အေး... တကယ်လည်းရရော ဖျာလိုခင်းနင်းကြတာလေ၊ အဲ့ထဲမှာ သူက သူဋ္ဌေးသားမို့လို့၊ သူက ပညာတတ်မို့လို့၊ သူက သူတော်စင်မို့လို့ ဆိုပြီး ဘယ်သူမှ သွားယုံလို့မရတဲ့ခေတ်၊ ယုံစားမိလို့ကတော့ မစင်တွင်းထဲ ခေါင်းနစ်ဖို့သာပြင်ထား၊ ပြန်ထလာရင်လည်း လက်ညှိုးပေါင်းတစ်ထောင်နဲ့ မျက်လုံးပေါင်း တစ်ကုဋေရဲ့အောက်က ဒီတစ်သက် လွတ်မြောက်ဖို့ မမျှော်လင့်တော့နဲ့ "
စကားအရှည်ကြီးအဆုံး ဒေါ်လေးချိုစိမ့် မောသွားဟန်တူသည်။ သက်ပြင်းတွဲကြီးချ၍ ရင်ဘက်ထုနေလေ၏။ တစ်ချက် တစ်ချက် တက်ခေါက်နေသေးသည်။ ပြောသွားသည့်အထဲမှာ သူမနားထဲစွဲနေတာဆိုလို့ မစင်တွင်းရယ်၊ လက်ညှိုးတွေရယ်၊ မျက်လုံးတွေရယ်၊ ပြီးတော့ သူမ လွယ်လွယ်မှတ်ထားလိုက်သည်က ယောက်ကျ်ားတွေသည် မကောင်းကြပါ။ မရင်ခင်တစ်မျိုး၊ ရပြီးတစ်မျိုး အမျိုးမျိုး...။
"ဒီအကြောင်းတွေပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ "
မေမေက ထိုသို့ခပ်ညည်းညည်းစကားဆိုသည်။ ဒေါ်လေးရင်က ဆိုဖာလက်ရန်းပေါ်လက်ထောက်မေးတင်လျက် ဘာတွေအတွေးနယ်ချဲ့နေသည်မသိ။ မျက်တွင်းလေးတွေချိုင့်၍ညိုနေသည်။
ဒေါ်လေးချိုစိမ့် ယောကျာ်းတွေအကြောင်းပြောတော့ ဆေးပညာရပ်နှင့်ပတ်သက်၍ ဘန်ကောက်မှာ တစ်လသင်တန်းသွားတက်နေသည့် ဖေဖေ့ကိုတောင် သူမပြေးသတိရမိပါသည်။ ဒေါ်လေးချိုစိမ့်ပြောသည့် ဆိုးရွားလှသော ယောကျ်ားတွေထဲမှာ တည်ကြည်ခန့်ညား၍ စကားနည်းသော သူမဖေဖေတော့မပါပါ။ ဖေဖေက သူမကို အရမ်းချစ်ပြီး မေမေ့အပေါ်တွင်လည်း ကြင်နာစွာ ဆက်ဆံသောကြောင့်ပင်။
"မိမှော်... ညည်းသိအောင်ပြောလိုက်မယ်၊ မသိသေးရင်လည်းမှတ်ထား...၊ ညည်းအစ်မ မမအေးကို သူ့အကောင်က ခြေတော်တင်ပြီး ကလေးရလာမှ မယူဘူး၊ သူနဲ့ရတာမဟုတ်ဘူးလို့ ခွေးဇာတ်ခင်းပြီး ဘူးခံငြင်းလို့ အခုလိုတွေ ဖြစ်လာတာ သိလား...၊ ယောကျ်ားဆိုတဲ့အတိုင်း အကုန်ကျားတွေချည်းပဲ၊ အခွင့်ကြုံရင် သူတို့မှာရှိတဲ့ အစွယ်တွေ၊ အကျင့်ဆိုးတွေ၊ ဉာဥ်ဆိုးတွေကို ထုတ်ပြဖို့ ကျားချောင်းချောင်းနေတဲ့သူတွေချည်းပဲ၊ ကမ္ဘာပေါ်မှာ ယောကျာ်းမရှားဘူး... ရိုက်သတ်လို့တောင်မကုန်ဘူး၊ ယောကျာ်းကောင်းပဲရှားတာ၊ ဒါတွေကို ညည်းသိအောင်ပြောနေတာက အခုမှ ညည်းက လူလုပ်မယ်ကြံရုံရှိသေးတယ် အရှေ့မှာ မမြင်နိုင်တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံတွေ့လာရဦးမှာ၊ အေး... ဘာမဟုတ်တဲ့ လမ်းပေါ်က အပေအတေတွေနဲ့တွေ့ပြီး ညည်းဘဝ အညွှန့်ကျိုးမှာစိုးလို့ ပြောနေတာ၊ ကြားလား မှော်ဝင်...၊ ညည်းကို ကိုယ့်သမီးလို သဘောထားပြီး ငါက စေတနာနဲ့ ပြောနေတာ... မောတယ်အေ "
သူမ ဒေါ်လေးချိုစိမ့်အား မမှိတ်မသုန်ကြည့်နေရင်းက ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။ ပြီးတော့ ဒေါ်လေးရင်ဘေးနားထိုင်နေသည့် မေမေ့ကို သူမ မျက်လုံးထောင့်ကပ်ကြည့်လိုက်တော့ မေမေက ခြေချိတ်ထိုင်လျက် ပေါင်ပေါ်လက်တစ်ဖက်တင်ထား၍ တခြားလက်တစ်ဖက်က ကုပ်ပိုးအား ဖိပွတ်နေသည်။ ဒူးတစ်ဖက်ကိုလည်း စီးချက်မှန်စွာလှုပ်ယမ်းနေသေး၏။ မေမေသည် သူမကြည့်နေသည်ကို သတိထားမိဟန်မပေါ်။ တခြားမှာ အာရုံနစ်နေပုံရသည်။
"ငါတို့အမျိုးတွေ အိမ်ထောင်ရေး ကံမကောင်းဘူးလို့ ပြောရမလား...၊ ကိုယ့်ဘက်က ပေးလိုက်တာပဲဖြစ်ဖြစ်၊ ပြန်ရတာပဲဖြစ်ဖြစ် ကောင်းတာတစ်ခုမှမရှိဘူး... "
မေမေသည် စဥ်းစဥ်းစားစားဖြင့် ပြောနေရင်းက စကားကိုရပ်လိုက်သည်။ ပြီးနောက် ဒေါ်လေးရင်ကို အသာမျက်လွှာပင့်ကြည့်၏။ ခဏအကြာ အကြည့်လွှဲသွားပြန်သည်။ မေမေ့စိတ်ထဲဘာရှိသလဲ၊ ဘာတွေတွေးနေသလဲ၊ ဘာဆက်ပြောမလဲ သူမမသိပါ။ ခန့်မှန်းကြည့်ဖို့လည်း သူမဉာဏ်မမီပါ။ ထို့နောက် မေမေသည် စကားဆက်ပြန်ပါသည်။
"သက်ဝေတုန်းကလည်း ထိုနည်းလည်းကောင်းပဲ၊ အမျိုးအုပ်ထဲက ခွဲထွက် တစ်စင်ထောင်သွားပြီး မရှူနိုင်မကယ်နိုင်တော့ ဒီအိမ်ပဲ ဦးခိုက်လာတာပဲ၊ ပြီးတော့ အောင်ထိုက်... ပထမမိန်းမတုန်းက ရှိတာအကုန်ယူပြီး ထွက်သွားတာပေါ်မလာတော့ဘူး၊ ဒုတိယတစ်ယောက်ထပ်ယူပြန်တော့လည်း ကျွန်လိုရှာကျွေးနေရက်နဲ့ လင်ငယ်နေပြီးခိုးစားတယ်၊ မိန်းမမရှိဘဲမနေနိုင်တော့ တွေ့ရာကောက်ယူပြန်တယ်... ဒီတစ်ခါတော့ မဆိုးရှာပါဘူး လိမ္မာရေးခြားရှိပြီး မယားဝတ္တရားကျေပွန်ပါတယ်၊ ဟင်း... မိန်းမအမျိုးတွေရဲ့ ခိုင်းဖက်၊ နွားလိုရုန်းပြီး မိန်းမမိသားစုကို ဘုရားအမှတ်နဲ့ကိုးကွယ် ကိုယ့်အမျိုးတွေကို ဥပေက္ခာပြု၊ တယ်လည်းကောင်းပါ့ အဟွန်း...၊ ဇော်တွေချည်းပဲ... "
ပြောနေရင်းဖြင့် မေမေက ခနဲ့တဲ့တဲ့ လှောင်သလိုပြုသလိုနှင့် မဲ့ပြုံးကလေးပြုံး၍ ဟက်ခနဲ တစ်ချက်ရယ်၏။ ဒေါ်လေးတို့ကတော့ အနည်းငယ် မျက်နှာပျက်နေကြသည်။ မျက်လွှာလေးတွေချလို့၊ ဘာစကားမျှမဆို။ တိတ်ဆိတ်နေကြ၏။ တိတ်ဆိတ်ခြင်းက မေးခွန်းများစွာထွက်လာစေပါသည်။ အဖြေကတော့မရှိပါ။
"ဒါတောင် ပညာတွေ၊ ဂုဏ်ဒြပ်တွေ၊ စည်းစိမ်ဥစ္စာတွေက ကာဗာသဘောမျိုးဖြစ်နေလို့ ဘယ်သူမှ စေ့စေ့မကြည့်ရဲတဲ့အပြင် လက်ညှိုးနဲ့တောင်ယောင်ပြီးမထိုးရဲတာ "
ကိုယ့်ဘာသာပြောသလို ရေရွတ်မြည်တမ်းလိုက်ရင်း ခဏအကြာ မေမေက စကားဝိုင်းထဲမှ နှုတ်ထွက်ကာ ထထွက်သွားလေ၏။ ထိုအခါ သူမလည်း မေမေ့နောက်သို့ အသာလေးထလိုက်သွားမိပါသည်။
" မေမေ "
အပေါ်ထပ်သို့တက်မည့်ဆဲဆဲ သူမလှမ်းခေါ်လိုက်သဖြင့် မေမေသည် လှေကားခြေရင်းတွင် တုန့်ခနဲရပ်သွားကာ သူမဘက်သို့ ကိုယ်တစ်ခြမ်းသာ ဖြည်းညင်းစွာ လှည့်ကြည့်လာ၏။ သူမ နှုတ်ခမ်းအား လျှာဖြင့် တစ်ချက်သပ်လျက် သက်ပြင်းခိုးချလိုက်မိ၏။ လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်နေမိပြီး စကားပြောဖို့ အားမွေးနေမိသည်။
" ဟို... "
မေမေက သူမကို မျက်လုံးပင့်ကြည့်၏။ ပြောစရာမရှိရင်၊ မပြောတော့ရင် အပေါ်ကိုဆက်တက်သွားတော့မည့်ပုံပင်။ ထို့ကြောင့် အလောတကြီး စကားဆိုလိုက်မိသည်။
"ဟိုလေ... မမအေးက မမအေးကိုယ်ဝန်က ဘယ်လိုဖြစ်သွားတာလဲဟင် "
" ပျက်ကျသွားတာ "
" ရှင်! "
အာမေဋိတ်သံနှင့် မျက်လုံးအစုံပြူးကျယ်သွားစဥ် သူမရှေ့မှ မေမေထွက်သွားပြီဖြစ်သည်။ လှေကားလက်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်တစ်ဖက်က တုန်ရီနေသလား၊ နှလုံးခုန်သံက တုန်ခါနေသလား။ ဝေခွဲမရ...။ သေချာတာကတော့ ထူထဲလှသော မျက်ခုံးတန်းလေးတွေက ကွေးညွတ်နေခဲ့၏။
°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°🖤🖤
အခန်း(၂) ဆက်ရန်>>>
#ပတ္တမြားအလင်း#