book

Index 9

အပိုင်း(၅)

⛈⛈မိုးသည်းည...ကာရန်⛈⛈


🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


"သမီးကြီး...."


"ရှန်!....မေမေ"


"သမီးဖေဖေ...ကားထွက်တော့မယ်။ထမင်းချိုင့်ပြီးပြီလား"


"ဟုတ်...ပြီးပြီမေမေ။ဒီမှာအသင့်ဘဲ"


"အေးအေး...ပြီးရင် သမီးဖေဖေ့ကိုသွားပို့လိုက်"


"ဟုတ်..."


တည်လက်စဟင်းအိုးကိုထားခဲ့ပြီး ထမင်းစားပွဲပေါ်ကထမင်းချိုင့်ကိုယူကာ အလှည့်...။


"ဟဲ့....ဟဲ့....သမီးကြီး...."


ခေါင်းထဲမိုက်ခနဲဖြစ်ပြီး လူကယိုင်အသွားအနီးကပ်ရှိနေသည့်ဒေါ်စနိုးက သူမကိုထိန်းထားလိုက်သည်။


"အား!....."


ဒေါ်စနိုးကြောင့်ပခြုပ်လဲကျမသွားခဲ့ပေမယ့် မူးရိပ်ရိပ်ဖြင့်အမြင်တွေနှစ်ထပ်ဖြစ်လို့နေသည်။ 


"ဘယ်လိုဖြစ်ရတာလဲ သမီးကြီးရယ်။ဒီမှာထိုင်လိုက်"


ထမင်းစားပွဲမှာ ပခြုပ်ကိုအသာတွဲထိုင်ခိုင်းရင်းဒေါ်စနိုးက မသက်မသာမေးလိုက်သည်။ ပခြုပ်..ခေါင်းကိုပြန်ဖိရင်းမျက်နှာလေးရှုံ့မဲ့လျက် လေသံလေးဖြင့်ပြန်ဖြေလိုက်၏။


"အိပ်ရေးတွေပျက်လို့ထင်တယ်မေမေ။ ခေါင်းထဲမိုက်ခနဲဖြစ်သွားတာ"


"ငါ့သမီးကြီးလည်း အရွယ်နဲ့မလိုက်အောင်ပင်ပန်းလိုက်တာ။ ကဲ..ထမင်းချိုင့် မေမေဘဲသွားပို့လိုက်မယ်"


"ရပါတယ်မေမေ..သမီးဘဲသွားပို့ပေးမယ်။မေမေနေပါ.."


ပခြုပ် ထိုင်နေရာမှအတင်းထရပ်တော့ ခေါင်းထဲကမူးရိပ်ရိပ်ကပိုဆိုးသွားရကာ၊


"အင်း....မူးလိုက်တာ"


"နေပါသမီးရယ်။ မေမေဘဲသွားပို့လိုက်မယ်..သမီးသက်သာသလိုနေ"


စားပွဲပေါ်ကထမင်းချိုင့်ကိုဆွဲယူပြီး ဒေါ်စနိုး ရှေ့ကိုလည်းထမင်းချိုင့်ပေးချင်စောကြီးနေသလို နောက်ကသမီးကိုလည်းစိတ်မချဖြစ်လို့နေသည်။မီးဖိုဆောင်မှုသီးသန့်ရှိနေသည့်အပေါက်ကနေ ဂိုထောင်ဘက်ကိုထွက်လာခဲ့လိုက်သည်။ ဂိုထောင်နားမှာ ကောက်ရိတ်စက်ကိုပြင်ဆင်နေသည့် ဦးတက်လူနှင့်အလုပ်သမားလေးတွေက ကိုယ်စီအလုပ်ရှုပ်နေကြ၏။


"ကိုတက်လူ..ဒီမှာထမင်းချိုင့်တွေ။ရှင်တို့ ဒီနေ့ဘယ်နှစ်ဧကလောက်ရိတ်ဖို့ရှိသလဲ..."


ဆီပုံးတွေဆိုင်ကယ်ပေါ်တင်နေတဲ့ဦးတက်လူက အနားရောက်လာတဲ့ဇနီးဖြစ်သူဒေါ်စနိုးကိုမော့ကြည့်လာ၏။ ဂါလန်ပုံးလေးပုံးကို ဦးတက်လူကသူ့ဆိုင်ကယ်ပေါ်နှစ်ပုံးတင်နေကာ တပည့်ဖြစ်သူဖိုးခွားကနှစ်ပုံးတင်နေ၏။ စက်မောင်းသမားထူးမြင့်က စက်နှိုးလျက်ပြင်ဆင်နေသည်။ 


"ဧကနှစ်ဆယ်လောက်ရိတ်ရမယ်။ စပါးတွေလာပို့ရင် မင်းဘဲကြည့်စီစဥ်ထားလိုက်စနိုး။သမီးကြီးကိုလည်း အိတ်တွေသေချာစစ်ခိုင်း"


"အင်းပါ... စိတ်ချ။ သွားကြတော့လေ နေတောင်မြင့်နေပြီ။ ဒီအချိန်ရိတ်မှအတော်ဘဲ"


"အေး...ခုသွားတော့မှာ။ ထူးမြင့်..မင်းမောင်းတော့"


ရိတ်စက်ကြီးက ဆူညံလျက်ခြံဝန်းထဲကထွက်သွားသည်။ ရိတ်စက်နောက်ကနေ ဦးတက်လူနှင့်ဖိုးခွားက ဆိုင်ကယ်ကိုယ်စီဖြင့်လိုက်သွားကြ၏။ သူတို့ထွက်သွားမှ ဒေါ်စနိုးအိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။ မီးဖိုထဲတွင်မတော့..ပခြုပ်ကတည်လက်စဟင်းအိုးကိုမွှေနေတာမို့ ဒေါ်စနိုးသမီးဖြစ်သူပခြုပ်နားရောက်သွားပြီး ပခြုပ်လက်ထဲကဇွန်းကိုဆွဲယူလိုက်၏။ထို့နောက်...၊


"နေမကောင်းဘဲနဲ့သမီးကြီးရယ်။ သွားအိပ်နေ..မေမေကြည့်လိုက်မယ်"


"ရပါတယ်မေမေ...သမီးသက်သာပါတယ်။ မေမေအနားမှာထိုင်နေပေါ့...သမီးချက်လိုက်မယ်"


"ခေါင်းမူးသေးလား။ မူးနေသေးရင်ဆေးမှူးလေးကိုခေါ်လိုက်မယ်လေ"


"မခေါ်ပါနဲ့မေမေ။ သမီးသက်သာပါတယ်။ မေမေထိုင်နေလေ..သမီးဘဲချက်လိုက်မယ်"


"တကယ်သက်သာတာရောဟုတ်ရဲ့လားသမီး"


"သမီးဘာမှမဖြစ်ပါဘူးမေမေရဲ့...ခစ်..ခစ်...မေမေကတော့လေ သမီးတို့ကိုကလေးလေးတွေကျနေတာဘဲ"


ပခြုပ်က ရယ်သွမ်းသွေးလိုက်ရင်းဒေါ်စနိုးဘေးခုံမှာဝင်ထိုင်လိုက်၏။ အနည်းငယ်ပိန်သွားသည့်ဒေါ်စနိုး၏လက်မောင်းလေးတွေကို စမ်းကိုင်လိုက်ပြီး၊


"မေမေ့ကျန်းမာရေးလည်းဂရုစိုက်ဦး..မေမေနည်းနည်းပိန်သွားတယ်"


"မေမေကဘာမှမဖြစ်ပါဘူးကွယ်။ ဒါနဲ့ သမီးဒီတစ်ခါဗိုက်မအောင့်ပါလား"


ဒေါ်စနိုးကတစ်ခုခုကိုသတိရသွားပြီးပြောလိုက်ပေမယ့် ပခြုပ်မျက်နှာလေးပျက်သွားကာ၊


"ဒီတစ်ခါစိတ်ဖိစီးနေလို့လားမသိဘူးမေမေ။ ရက်တွေလွန်နေပြီ"


ပခြုပ်ကတွေးတွေးစစလေးပြောရင်း ဟင်းအိုးအနံ့ထွက်နေတာမို့မီးဖိုဆီလျှောက်သွား၏။ ဒေါ်စနိုး ဓာတ်ဗူးထဲကရေနွေးကို ခွက်ထဲငှဲ့ထည့်ရင်း ပခြုပ်လှုပ်ရှားမှုလေးတွေကို အကဲခတ်နေမိသည်။ ခုရက်ပိုင်း သမီးကြီးပိန်သွားကာ ဖြူဖတ်ဖြူရော်ဖြစ်နေတာတွေ၊ တစ်ယောက်တည်းတွေးတောကာငေးငိုင်နေတတ်တာတွေကိုသူမရိပ်မိနေ၏။ သို့သော်...

နဂိုထဲကသားအမိတွေသူငယ်ချင်းလိုပေါင်းသင်းပြီးပွင့်ပွင့်လင်းလင်းရှိပေမယ့် ခုရက်တွေကအလုပ်တွေများနေတာမို့သမီးကြီးနဲ့သူမသေချာစကားမပြောဖြစ်ခဲ့။ သမီးကြီး တစ်ခုခုဖြစ်နေမှန်းသိနေပေမယ့် အေးဆေးမေးဖို့အချိန်ကမရ။


"သမီးကြီး...."


"ရှင်...မေမေ"


ပခြုပ်က လက်နှီးကိုလှမ်းယူရင်း နောက်လှည့်ထူးလိုက်၏။ အငယ်မလိုအကျီအကျပ်တွေထဘီတွေမဝတ်ဘဲ အိမ်မှာနေလျှင်ဂါဝန်လေးတွေ ဘောင်းဘီလေးတွေတီရှပ်အပွတွေနဲ့မို့ သမီးကြီးကိုယ်လုံးကခန့်မှန်းလို့မရ။ ဘယ်သူမှမသိပေမယ့် သမီးကြီးပိန်သွားတာ အမေတစ်ယောက်ဖြစ်တဲ့သူမ သိနေသည်။ခုလည်းအဝါရောင်ဂါဝန်လေးနှင့်မို့သမီးကြီးရဲ့ခပ်နွမ်းနွမ်းအမူအယာလေးတွေကမှေးမှိန်နေသည်။


"သမီးကြီး ထူးခြားနေတယ်နော်။ တစ်ယောက်ထဲငေးငေးငိုင်ငိုင်နဲ့ပြီးတော့ ထမင်းလည်းဟုတ်တိပက်တိမစားတာကြာပြီ။ ညဘက်ဆိုလည်း သမီးကြီးမအိပ်ဘူး။ ဘာဖြစ်နေတယ်ဆိုတာ မေမေ့ကိုပြော"


ပခြုပ် လက်နှီးလေးခုကာဟင်းအိုးအဖုံးဖွင့်ပြီး ဇွန်းဖြင့်ဟင်းခတ်မြည်းဖို့လုပ်နေတာကို ကြည့်နေတာလည်းမဟုတ်ဘဲမျက်လုံးကအလိိုလိုရောက်နေရင်း ဒေါ်စနိုးမေးနေသည်။ စကားအဆုံး..ပခြုပ်လက်ထဲကဇွန်းလေးကပါးစပ်နားရောက်သွားကာ၊


"အု....."


ပခြုပ်နှာခေါင်းထဲဝင်လာတဲ့အနံ့တွေကြောင့် ရင်ထဲပျို့တက်လာရသည်။


"အု....အု...."


"သမီးကြီး....ဘယ်လိုဖြစ်တာလဲ"


"ဟင်းနံ့တွေကအရမ်းဆိုးတာဘဲ မေမေ။ သမီးအန်ချင်.....အု...."


"ဟင်!!...."


ပခြုပ် မိခင်ကိုဆုံးအောင်ပြန်မပြောနိုင်တော့ပါ..ပါးစပ်ကိုလက်ဖြင့်ပြန်ပိတ်လျက်ဘေစင်ဆီတန်းပြေးလေတော့သည်။


"သမီးကြီး!!...."


"ဝေါ့!.....ဝေါ့!!....."


ဘေစင်မှာထိုးအန်နေတဲ့ပခြုပ်ကိုကြည့်ပြီး ဒေါ်စနိုးမျက်မှောင်ကျုံ့သွားကာ သမီးဖြစ်သူနားချက်ချင်းရောက်သွားတော့၏။


"ဝေါ့!....ဝေါ့!.....ထွီ..."


တဝေါ့ဝေါ့ဖြင့်ထိုးအန်နေသည့်ပခြုပ်ရဲ့ကျောပြင်လေးကိုသပ်ပေးရင်း ဒေါ်စနိုးအတွေးတွေနက်သွားရသည်။ အန်လို့ပြီးသွားတော့ပလုတ်ကျင်းနေသည့်ပခြုပ်ကို စောင့်နေလိုက်ပြီး ပခြုပ်လှည့်လာသည်နှင့်၊


"ပခြုပ်.....သမီး...သမီး..."


စကားလုံးများကလည်ချောင်းဝတွင်ပျောက်ကွယ်သွားပြီး အပြင်သို့ထွက်မလာခဲ့။သို့သော်...ရင်ထဲမှာပဲ့တင်ထပ်လျက်မြည်ဟီးနေလေတော့သည်။ 


"မဟုတ်မှလွဲရော....သမီး...ညည်းဟိုဟာ..."


"ရှင်!...."


ဒေါ်စနိုး ပခြုပ်ရဲ့ဆံစတွေကိုကြည့်ရင်းတုန်ရီနေသည့်လေသံဖြင့်ဆိုလိုက်သည်တွင် ပခြုပ်မျက်နှာလေးအကြီးအကျယ်ပျက်ယွင်းသွားကာ မျက်ရည်တွေတလဟောစီးကျလာတော့သည်။


"ညည်း..စောစောကဓမ္မတာမမှန်ဘူးလို့ပြောနေတယ်။ခု...ခု...ဒါဘာလဲနတ်ပခြုပ်။ဘာလဲ.."


ဒေါ်စနိုး မျက်နှာတွေရဲကာပခြုပ်ပခုံးကနေဆောင့်ခါရင်းကျိတ်မနိုင်ခဲမရမေးလိုက်သည်။


"ဟင့်....ဟင့်....သမီး...သမီး..."


"တောက်!.....ဘယ်သူနဲ့လဲ...ဘယ်ကကောင်လဲ။ပြောစမ်း....နတ်ပခြုပ်"


စိတ်ကြီးသလိုဒေါသကြီးရင်ဘာမှမမြင်နိုင်တော့သည့် ဒေါ်စနိုးအကြောင်းကိုသိနေသဖြင့် ပခြုပ်မျက်လုံးစုံမှိတ်လျက်မိခင်လုပ်သမျှငြိမ်ခံနေလိုက်သည်။ သမီးဘယ်လိုပြောရမလဲ..ဘယ်လိုပြောထွက်ပါ့မလဲ မေမေရယ်။ 


"ပြောစမ်း...ဒါဘယ်သူနဲ့လဲလို့ငါမေးနေတယ်လေ မိပခြုပ်။ဘာလို့ပါးစပ်ပိတ်နေတာလဲ။ ပြော....ခုမှမချင်ယောင်ဆောင်မနေနဲ့"


ဟင်....။မီးဖိုဘက်ကူးတော့မဲ့ ရွှေကြုတ်ခြေလှမ်းများက မိခင်ဒေါ်စနိုးအသံကြောင့်ရပ်တန့်သွားရပြီး အထဲကိုနားစွင့်လိုက်မိသည်။ မေမေ ဘယ်သူနဲ့ဘာဖြစ်နေတာလဲ။ဟင်..ပခြုပ်။ ရွှေကြုတ်မျက်လုံးတွေစူးတောက်သွားကာနံရံအကွယ်ကနေ အထဲကိုချောင်းမြောင်းနေမိသည်။


"ညည်းပါးစပ်ပိတ်မနေနဲ့။ ပါးစပ်ပိတ်ထားလို့ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးပခြုပ်။ ဒါ ဘာလဲ"


ပခြုပ်ဆီကဘာတစ်ခွန်းမှထွက်မလာလေ ဒေါ်စနိုးဒေါသတွေပိုထွက်ကာ ကျိတ်မနိုင်ခဲမရဖြစ်လေ..

ပခြုပ်ကိုဆွဲခါယမ်းနေမိသည်။မျက်စိစုံမှိတ်လျက်အံကြိတ်ငြိမ်သက်နေသည့် ပခြုပ်ကိုအသည်းယားလာကာ၊


"ဖြန်း!!......"


ပြင်းထန်တဲ့ရိုက်ချက်ကြောင့်ပခြုပ်မျက်နှာလေးလည်သွားကာ သူမပါးပြင်လေးကိုအုပ်ကိုင်လျက်ခေါင်းငုံ့ခြေစုံရပ်နေ၏။


"အလိုလိုက်လို့အမိုက်စော်ကားတာ။တောက်!...ငါတို့ကတော့ချစ်လိုက်ရတာ ညည်းကတော့..ညည်းကတော့..."


စိတ်နောက်ကိုယ်ပါရိုက်ပြီးတာတောင်အားမရနိုင်သလိုခေါင်းငုံ့ငြိမ်သက်နေသည့် ပခြုပ်ပခုံးကိုဆွဲခါနေပြန်သည်။ မျက်ရည်သွင်သွင်ကျလျက် သူမလုပ်သမျှပေခံနေတဲ့သမီးကိုပိုစိတ်တိုလာရကာ၊


"ဘယ်သူနဲ့လဲ...ငါမေးနေတယ်ပခြုပ်။ ခုမှငိုမနေနဲ့...ညည်းကောင်ကိုခေါ်လိုက်"


"ဟင်အင်း...ဟင်အင်း...."


ဆောင့်ခါပြီးတွန်းထုတ်လိုက်တဲ့အရှိန်ကြောင့်ပခြုပ်ကိုယ်လေးနောက်ရွေ့သွားရပြီး ခေါင်းခါငြင်းဆန်နေ၏။


"ဘာ!!.....နတ်ပခြုပ်....."


မိုးကြိုးသံလို ဒေါ်စနိုးရဲ့အော်သံကမြည်ဟီးသွားရပြီး ပခြုပ်နားသို့တိုးသွားကာ လက်ကနေဆွဲလိုက်ပြီး၊


"ငါတို့ကိုအရှက်ခွဲနေတာလား မိပခြုပ်။ အဲဒီကောင်ကဘယ်ကကောင်လဲ ပြော။ညည်းရည်းစားကိုခေါ်ခဲ့"


"သမီး..သမီးမှာရည်းစားမရှိပါဘူးမေမေရယ်"


ရှိုက်သံတွေရောနေသည့် တုန်ချိချိအသံလေးက ဒေါ်စနိုးရဲ့ဒေါသတွေကိုပိုကြီးထွားစေကာ၊


"ဘာ!!!.....ရည်းစားမရှိရင် ဒါကဘာလဲပြောစမ်းပါ မိပခြုပ်။ ဒီဗိုက်ကလေဥ ဥတာလား"


"ဟင်အင်း...သမီးမသိပါဘူးမေမေရယ်။ ဟင့်...ဟင့် သမီး..မသိဘူး"


"ညည်းမသိဘဲနဲ့ ဒီဗိုက်ကဖြစ်လာစရာအကြောင်းကို မရှိဘူးပခြုပ်။ ညည်းကောင်ကတာဝန်မယူချင်တာလားပြော...ပြောစမ်း"


"သမီး...သမီးကိုသာသတ်လိုက်ပါတော့။ပခြုပ်ကိုသာသတ်လိုက်ပါမေမေရယ်။သမီးကိုဘာမှမမေးပါနဲ့..မဖြေပါရစေနဲ့ ဟီး...."


ပခြုပ် ချုံးပွဲချပြီးထိုင်ငိုပစ်လိုက်မိသည်။ ရှိုက်ကြီးတငင်ငိုနေသည့် ပခြုပ်ကိုကြည့်ရင်း ဒေါ်စနိုးပါမျက်ရည်တွေကျလာတော့သည်။


"မမေးလို့ရမလား...ပခြုပ် ငါ့သေသာသေလိုက်ချင်တယ်။ ပြောစမ်းပါ ဘယ်ကောင်လဲ"


"တောင်းပန်ပါတယ်...သမီးရှိကြီးခိုးပါတယ်မေမေ။ သမီး..သမီးတကယ်မသိလို့ပါ"


"ဘာ!...မသိရအောင်ညည်း...တောက် မိပခြုပ် ငါတို့ကိုလူတောမတိုးရဲအောင်လုပ်နေတာလား။ သူများတံတွေးခွက်ထဲပက်လက်မျောစေချင်တာလား ဟမ်...မိပခြုပ်။ခုချိန်က ညည်းပါးစပ်ပိတ်နေရမဲ့အချိန်မဟုတ်ဘူး။ ဖြေ..."


"ဟင့်.....ဟီး....."


"နတ်ပခြုပ်!!......"


ပခြုပ်ကိုယ်လေးတုန်သွား၏။သို့သော် ပခြုပ်ဘယ်လိုပြောထွက်မလဲ မေမေရယ်။


"ညည်းရည်းစားကဘယ်ကလဲ ပြော။ ငါ သွားရှင်းမယ်"


"ဟင့်....ဟင့်......"


ဘယ်လိုမှ ခြောက်မေးလို့မရတော့တာမို့ ဒေါ်စနိုးအရုပ်ကြိုးပြတ်လဲကျသွားရကာ ပခြုပ်နှင့်အပြိုင်ငိုရှိုက်နေတော့သည်။ သားအမိတွေမျက်နှာချင်းဆိုင်လျက်ငိုရှိုက်နေမိရင်း ဒေါ်စနိုးမျက်ရည်တွေသုတ်လိုက်ကာ ပခြုပ်နားတိုးကပ်လျက် ကိုယ်လေးတသိမ့်သိမ့်တုန်ခါနေသည့် သမီးဖြစ်သူကိုဖက်လိုက်သည်။ ထို့နောက်...တိုးလျဖျော့တော့သောလေသံဖြင့်မေးလိုက်၏။


"သမီးကြီးပခြုပ်...ဒီမှာမေမေ့ကိုကြည့်စမ်း။ မေမေကသမီးတို့ညီအစ်မတွေကိုဘယ်တုန်းကများဆူသလဲ၊ရိုက်လည်းမရိုက်ခဲ့ဖူးဘူးဆိုတာ သမီးတို့အသိပါ။ မေမေ သမီးကိုအပြစ်မတင်ပါဘူးသမီးရယ်။ လူငယ်သဘာဝမှားခဲ့တာ မေမေခွင့်လွှတ်ပေးမယ်။ ပြော...မေမေ့ကိုမှမပြောရင်သမီးဘယ်သူ့ကိုပြောမလဲ။ သမီးတို့ကိုနားလည်ပေးနိုင်ဆုံးကမေမေပါဘဲ သမီးရယ်။ ခု မေမေတို့ခေါင်းအေးအေးနဲ့

ဆုံးဖြတ်ကျတာပေါ့။ ပြဿနာဆိုတာရှိရင်အဖြေဆိုတာလည်းရှိတယ်သမီး..မေမေ့ကိုဘယ်သူနဲ့လဲသာပြောပါ။မေမေ သမီးရှေ့ကနေမားမားမတ်မတ်

ရပ်တည်ပြီးဖြေရှင်းမယ်"


မိခင်ကိုမော့ကြည့်ရင်းပခြုပ်ရင်ထဲလှိုက်တက်လာ၏။ဟင်အင်း...ပခြုပ်ပြောလို့မဖြစ်ဘူး။ ပခြုပ်ကိုရွှေကြုတ်ကောင်လေးကလူမှားပြီးစော်ကားတာပါဆို ရွှေကြုတ်ကို..မေမေတို့အပြစ်တင်တော့မယ်။ပြီးတော့..ရွှေကြုတ်..ရွှေကြုတ် သူမကိုအရမ်းမုန်းသွားမှာ။ ညီမလေးကို ပခြုပ်အထိခိုက်မခံနိုင်ဘူး။ ပြီးတော့..ထိုလူကပခြုပ်လို့သိသွားတာမဟုတ်ဘူး..ရွှေကြုတ်လို့ဘဲထင်နေတာ။ ပခြုပ်ပြောလိုက်ရင် ရွှေကြုတ်မလိမ္မာတာတွေမေမေတို့သိကုန်မှာ။ ရွှေကြုတ် အရှက်ကွဲသွားမဲ့အဖြစ်မျိုး သူမအဖြစ်မခံနိုင်ဘူး။


"သမီးကိုသာသတ်လိုက်ပါ...ဘာမှမမေးပါနဲ့တော့။ ပခြုပ်..မိုက်တာပါမေမေရယ်"


"မဟုတ်ဘူး!!...."


လည်စင်းပေးနေသည့်ပခြုပ်ကို ရင်ခွင်ထဲကနေဆွဲခွာလိုက်ကာ ဒေါ်စနိုးအော်လိုက်သည်။ မျက်ရည်တွေရွှဲနစ်နေသည့် ပခြုပ်မေးလေးကနေပင့်မော့ကာ၊


"သမီး ကအဲဒီလိုမိုက်လုံးကြီးတဲ့မိန်းကလေးမဟုတ်ဘူး..မေမေယုံတယ်။ မေမေ့သမီးကြီးကို မေမေအမြဲတမ်းယုံကြည်တယ်။ အရင်ကလည်းယုံတယ်၊ခုလည်းယုံနေတုန်းဘဲ ပြောပါ..သမီးမမိုက်မှန်းမေမေသိတယ်။ သမီး...သမီး အစော်ကားခံခဲ့ရတာမို့လား"


ပခြုပ် မျက်ရည်တွေပိုဖိတ်လျှံကျလာကာ အီခနဲငိုချလိုက်ပြန်၏။


"အီး....ဟင့်....ဟီး....."


"မငိုနဲ့သမီး...ငိုနေရုံနဲ့ဒီပြဿနာကပြီးသွားမှာမဟုတ်ဘူး။ သမီးကြီးကိုမေမေအယုံကြည်ဆုံးဘဲ။ မေမေ့သမီးလေးက ဘယ်တော့မှမိုက်လုံးမကြီးဘူးဆိုတာမေမေသိတယ်။သမီးကိုဘယ်သူအနိုင်ကျင့်တာလဲ..."


"ဟင်အင်း....ဟင်အင်း...."


ခေါင်းမာတဲ့သမီးဖြစ်သူအကြောင်းသိနေတာမို့ လက်လျော့လိုက်ရသည့်အခါ သားအမိတွေတစ်ယောက်ကိုတစ်ယောက်ဖက်လျက် ငိုနေမိတော့

သည်။ အိပ်မက်ဆိုးတစ်ခုသာဖြစ်ပါစေလို့အကြိမ်ကြိမ်အဖန်ဖန်ဆုတောင်းမိတော့၏။


~~~~~~~~~~~~~♥~🌸~♥~~~~~~~~~


နားနဲ့ဆက်ဆက်ကြားနေရတာကိုပင် ကိုယ့်နားကိုမယုံချင်။ ဟုတ်မှဟုတ်ရဲ့လားဟု သံသယအတွေးတွေက နှိမ်စက်လို့နေသည်။ခန်းစီးစလေးကိုသိမ်း

ဖယ်ရင်း အခန်းထဲသို့လေးဖင့်သောခြေလှမ်းများဖြင့်လျှောက်ဝင်ခဲ့ရင်း ခုတင်ပေါ်မသက်မသာထိုင်ချလိုက်မိသည်။


ပခြုပ်အဖြစ်က တကယ်ကြီးလား။တကယ်ဗိုက်ကြီးနေတာလား...။အတွေးတွေကရောက်ယက်ခတ်နေ၏။ ပခြုပ်အကြောင်း သူမအသိဆုံး..ပခြုပ်ဆိုတာအဖြူစင်ဆုံးမိန်းမ။ရည်းစားတောင်ထားဖူးခဲ့တာမဟုတ်တဲ့ပခြုပ်..ခုဗိုက်ကြီးနေတယ်တဲ့။ ယုံနိုင်စရာ အကြောင်းမရှိအောင်အဖြစ်အပျက်တွေကဆန်းကြယ်လို့နေလေတော့သည်။ 


ပခြုပ် တက္ကသိုလ်စတက်တော့သူမကိုယ်တိုင် ပခြုပ်ကိုရည်းစားထားဖို့တိုက်တွန်းဘူးခဲ့တယ်။ ဒါပေမယ့်..ထုံးစံမပျက် ပခြုပ်ကတော့ခေါင်းခါငြင်းမြဲပင် ရည်းစားထားရမှာကိုအလုပ်ပိုတစ်ခုလို၊ပျင်းရိစရာအလုပ်လိုသဘောထားတဲ့ပခြုပ်။ လေးနှစ်လုံးလုံးရည်းစားမထားဘဲစာကြိုးစားတာ သူမအသိဆုံးပါ။ ပြီးတော့ ရွာမှာလည်းပခြုပ်ကြိုက်တဲ့သူမရှိ။ သူမနဲ့အနီးကပ်နေတာမို့ ပခြုပ်မှာသာချစ်သူရှိရင် သူမအရင်ဆုံးသိမှာပါ။ခုတော့...ဘာချစ်သူရည်းစားမှမရှိတဲ့ပခြုပ် ကိုယ်ဝန်ရှိနေပြီတဲ့။


ဘယ်သူနဲ့လဲ..။ဖြစ်ရောဖြစ်နိုင်လို့လား။ မေမေပြောသလို ပခြုပ်အစော်ကားခံရတာသေချာလား။ ပခြုပ်ကနုံအအမိန်းကလေးလည်းမဟုတ်ပါဘူး။ ဒီကိုယ်ဝန်ကဘယ်ကရတာလဲ။ 


ရွှေကြုတ်တစ်ယောက်ထဲ အတွေးတွေများနေရသည်။ ထို့နောက်... မျက်လုံးများကစားပွဲထက်ရွေ့အသွား၊


"ဟင်!!.....ပခြုပ်..."


စားပွဲပေါ်ကစီရီနေသည့်စာအုပ်များကိုကြည့်ကာ ရွှေကြုတ်မျက်လုံးလေးဝိုင်းသွားရ၏။ လွန်ခဲ့တဲ့တစ်လကျော်ကျော်နှစ်လလောက်ထဲက ဒီစာအုပ်တွေကိုရွှေကြုတ်ကိုင်မကြည့်ခဲ့တာ။ ရွှေကြုတ်ဖွထားတာကို ပခြုပ်ရှင်းသွားတဲ့ည...။ မေမေတို့ တီလေးအိမ်ညအိပ်သွားခဲ့တဲ့ညကိုရွှေကြုတ်သတိရသွား၏။ ထိုမနက်မှာ သူမအိမ်ပြန်ရောက်လာတော့ ပခြုပ်ငိုနေခဲ့တာ။ သူမမေးတော့လည်းရေရေရာရာမဖြေ။ ပြီးတော့စာအုပ်တွေကိုလည်း ပခြုပ်စီသွားတာမို့ ထိုညကို ရွှေကြုတ်သတိရသွား၏။


ပခြုပ် တကယ်ကိုယ်ဝန်ရှိနေတာပေါ့...ဒါဆိုဘယ်သူနဲ့လဲ။ အိမ်မှာဘယ်သူမှမရှိတဲ့ညက ပခြုပ်တစ်ခုခုဖြစ်ခဲ့တာသေချာတယ်။ဘယ်သူလဲ...ဘယ်သူဖြစ်နိုင်သလဲ။ ပခြုပ်မှာရည်းစားမရှိတာ သေချာတယ်..။ဒါဆိုပခြုပ်စော်ကားခံရတာလား။အဲဒီည...အဲဒီည....။ဟင်........။


ရွှေကြုတ် ထိုင်နေရာမှဆတ်ခနဲထရပ်လိုက်မိကာ မျက်လုံးတွေပြူးကျယ်သွားရ၏။ရှုပ်ထွေးနေသည့်ကြိုးတစကိုအစရလိုက်သလို မယုံနိုင်ခြင်းများစွာဖြင့် ရင်တစ်ခုလုံးတုန်ခါလို့နေသည်။ 


စွဲ.....။ နှုတ်ဖျားမှ နာမည်လေးကိုအထပ်ထပ်ရေရွတ်မိရင်း အံ့သြမယုံနိုင်ခြင်းများ၊နမျောတသခြင်းများဖြင့် ရင်ထဲလှိုက်ဟာလို့လာကာ မခံစားဖူးခဲ့တဲ့ ဝေဒနာတမျိုးကအပြင်းအထန်နှိပ်စက်လို့နေသည်။ တကယ်ဖြစ်နိုင်လို့လား။ စွဲနဲ့ဆိုတာ...ဟင်အင်း ငါထင်ယောင်ထင်မှားဖြစ်နေတာ။ စွဲနဲ့ပခြုပ်က တစ်ယောက်နဲ့တစ်ယောက်သိတောင်သိတာမဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး...ငါ..ငါရူးနေတာ။ ဖျတ်ခနဲဝင်လာတဲ့အတွေးတွေကို ချက်ချင်းမောင်းထုတ်ရင်း ရွှေကြုတ် ခေါင်းခါငြင်းနေမိသည်။ 


"ရွေကြုတ်..ဟိုညကကိစ္စကိုစိတ်ဆိုးနေတာလား.." ။စွဲ ပြောခဲ့တဲ့စကားတွေက အစီအရီတိုးဝင်လာတော့သည်။ စွဲရဲ့စကားအထူးအဆန်းတွေနဲ့လက်ထပ်ခွင့်တောင်းခဲ့တဲ့နေ့..တနည်းဆိုရရင်ရွှေကြုတ်တို့ရန်ဖြစ်ခဲ့တဲ့နေ့..။ စွဲ နှုတ်ဖျားကသူ့အမှားတွေတာဝန်ယူရဲတယ်ဆိုတဲ့စကားလုံးတွေ..အားလုံးကခိုင်မာတဲ့သက်သေတစ်ခုဖြစ်လို့နေ၏။ စွဲ...

တကယ်ဘဲလား...ဟင်အင်း။ မဖြစ်ရဘူး...စွဲဆိုတဲ့မင်းစွဲဘဏ္ဍာကမြရွှေကြုတ်အပိုင်။ စွဲကရွှေကြုတ်ရဲ့မူပိုင်။ 


ရွှေကြုတ်အတွေးတွေယောက်ယက်ခတ်ကုန်ကာ လူပါဂနာမငြိမ်တော့ပေ။ မင်းစွဲဘဏ္ဍာလိုအစစ

အရာရာပြည့်စုံတဲ့ယောကျ်ားမျိုး မရှိနိုင်တော့ဘူး။ သူမတွဲခဲ့ဖူးတဲ့ယောကျ်ားတွေအားလုံးထဲမှာ စွဲကစံချိန်စံညွှန်းတွေနဲ့အကိုက်ညီဆုံး ဇကာတင်စာရင်းမှာပထမ။စွဲလောက်ချမ်းသာပြီး စွဲလိုရုပ်ရည်မျိုးနောက်ထပ်တစ်ယောက်မရနိုင်တော့ပါ။ စွဲက သူမအတွက်...သူမရည်ရွယ်ထားတဲ့သူ။ စွဲကိုဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်။ 


ငါဘာလုပ်ရမလဲ။ ပခြုပ်ရဲ့ကိုယ်ဝန်က စွဲနဲ့ဆိုတာသေချာတယ်။ ပခြုပ်က စွဲမှန်းသိပုံမပေါ်ဘူး။ပြီးတော့ စွဲ...စွဲကိုယ်တိုင်လည်း ပခြုပ်ကိုမသိဘူး ငါလို့ဘဲထင်နေတာ။အခြေအနေနဲ့အချိန်အခါက ငါ့ဘက်မှာ.. ဒီအချိန်မှာတွေဝေနေရင် နောက်ကောက်ကျသွားလိမ့်မယ်။ ငါ ဘာလုပ်သင့်သလဲ..။ ဘယ်လိုမှထိုင်မနေနိုင်တော့ဘဲ ရွှေကြုတ်အခန်းထဲခေါက်တုံ့

ခေါက်ပြန်လျှောက်နေရင်း အကြံထုတ်နေမိသည်။


ဟုတ်ပြီ....။ခေါင်းထဲလက်ခနဲပေါ်လာသည့်အတွေးကြောင့် ရွှေကြုတ်မျက်နှာမှာဝင်းပသွားကာ လက်ဖျောက်ပင်တီးမိသွား၏။ စူးရဲနေသည့် မျက်လုံးထဲဝယ်မရိုးဖြောင့်သည့် အကြံဆိုးများ၏အရိပ်အ

ယောင်များဖြင့်ပြည့်နှက်၍နေလေတော့သည်။


အပိုင်း(၆)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: