⛈⛈မိုးသည်းည...ကာရန်⛈⛈
🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸
"ကိုယ်တို့လက်ထပ်ကြရအောင်လားရွှေကြုတ်"
"အင်း!......"
ရင်ခွင်မှာမှီနွဲ့ရင်းမြရွှေကြုတ်ရဲ့အသံလေးကသာသာလေးထွက်ပေါ်လာ၏။
"တကယ်လားရွှေကြုတ်၊ကိုယ့်မိဘတွေကို ကိုယ်အသိပေးလိုက်တော့မယ်"
မင်းစွဲဘဏ္ဍာ သူ့ရင်ခွင်ထဲကမြရွှေကြုတ်ကိုရင်ဘတ်ချင်းခွာ၍ငုံ့မိုးကြည့်ရင်း ဝမ်းသာအားရပြောလိုက်မိသည်။ထိုအခါ...ရွှေကြုတ်က တခစ်ခစ်ရယ်မောလိုက်တာမို့ သူမျက်မှောင်ကျုံ့လိုက်ပြီး၊
"ဘာလို့ရယ်နေတာလဲ ရွှေကြုတ်။ကိုယ်ပြောတဲ့စကားထဲမှာ ရယ်စရာလည်းတစ်ခွန်းမှမပါပါဘူး"
ရွှေကြုတ်ကသူ့စကားတွေကိုအလေးအနက်ထားတဲ့ပုံမရှိ။ ရယ်မောစရာတစ်ခုလို ဟက်ဟက်ပက်ပက်
ရယ်နေ၏။
"ခစ်..ခစ်....ဘာဖြစ်လို့လဲ။ရယ်တာတောင်မရယ်ရတော့ဘူးလားစွဲရယ်။အဟင်း...ဟင်း"
သူ့ရင်ခွင်ထဲကနေရုန်းထွက်ကာ ကိုယ်လေးတသိမ့်သိမ့်လှုပ်ခါနေသည်အထိအားပါးတရရယ်မောနေတဲ့ ရွှေကြုတ်။ စွဲ မျက်မှောင်ကြီးကုတ်ကာ မျက်နှာပါတင်းမာလာတော့ ရွှေကြုတ်ကအရယ်မပျက်တဲ့အပြင် သူ့ပုံကိုကြည့်ပြီးပိုသဘောကျနေမိ၏။ တခါတခါသူက ကလေးငယ်လေးတစ်ယောက်လိုပင်။ အသက်ကသာ ရွှေကြုတ်ထက်ကြီးတာ စိတ်ကလေးကလက်တစ်ဆစ်ရယ်။ မာနကလည်းမိုးထိုးလို့နေသေးသည်။ မင်းစွဲဘဏ္ဍာဆိုတဲ့နာမည်ဆန်းနဲ့သည်ယောကျ်ားသည် မက်မောစရာစည်းစိမ်ဥစ္စာ၊မိန်းကလေးတိုင်းပစ်ကျလောက်တဲ့ရုပ်ရည်ရူပကာနဲ့ပညာအရည်အချင်းပါပြည့်စုံသူ။ သည်နယ်တဝိုက်မှာ ဦးမင်းလူနှင့်ဒေါ်ပပဖြိုးတို့ရဲ့တဦးတည်းသောသားမင်းစွဲဘဏ္ဍာဆို မသိသူမရှိ။
"ရွှေကြုတ်...ကိုယ်အတည်ပြောနေတာ။ကိုယ့်တို့လက်ထပ်ကြစို့ရွှေကြုတ်ရယ်..နော်"
တင်းမာသွားတဲ့မျက်နှာကိုတရစ်ပြန်လျော့ချရင်း သူညင်ညင်သာသာဆိုလိုက်သည်။ ရယ်မြူးရိပ်တို့ယှက်သန်းနေသည့် မျက်လုံးလေးများဖြင့်သူ့ကိုငေးစိုက်ကြည့်ရင်းရွှေကြုတ်ကခပ်ပေါ့ပေါ့လေးခေါင်းညိတ်လာ၏။
"အင်း....."
"ဒါဆိုရွှေကြုတ်မိဘတွေဆီမှာ ကိုယ်လာတောင်းမယ်။ ဘယ်လိုလဲ..."
"အဟင်း...ဟင်း....."
သူ့စိတ်ထဲထောင်းခနဲဖြစ်သွားရပြီး ရွှေကြုတ်ပုခုံးလေးကနေဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ပစ်လိုက်၏။ထိုအခါ လှပတဲ့မျက်နှာလေးက သူနှင့်မျက်နှာချင်းဆိုင်သွားပြီးရယ်မြူးနေပုံက သူ့စိတ်ကိုစွနေသလို...။
"ရွှေကြုတ်...."
"ဟင်!.....ပြောလေစွဲ"
ကော့ညွှတ်နေသည့်မျက်တောင်၊အနည်းငယ်ကျယ်တယ်လို့ထင်ရပေမယ့်လှပသည့်မျက်အိမ်၊စင်ရော်တောင်လိုမျက်ခုံးလေးနှင့်သေသပ်ပိရိတဲ့နှုတ်ခမ်းအစုံနှင့်သူမ။ သွယ်လျလျမျက်နှာကျပုံကြောင့်ကိုရီးယားမလေးတစ်ယောက်လိုလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူ့ချစ်သူလေး။တီတီတာတာစကားတွေကိုမနားတမ်းပြောရင်းရယ်မောလိုက်တိုင်းသွားစွယ်လေးကဖွေးခနဲလက်သွားပုံကအသည်းယားဖွယ်။ ရည်းစားများပါတယ်ဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့သူ့ချစ်သူလေးကို သူလည်းရည်းစား
များတဲ့သူမို့နားလည်နိုင်ခဲ့သည်။ သို့သော်..ခုလိုလေးလေးနက်နက်ပြောရမဲ့စကားတွေကိုပြက်ရယ်ပြုနေတာကိုတော့ သူနည်းနည်းမှမကြိုက်။
"မင်း..ကိုယ့်ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား"
ချစ်သူသက်တမ်းလေးလမှာပထမဆုံးမေးမိလိုက်မိ၏။ သူ့အပေါ်ချစ်ပါတယ်ဆိုလာသူရွှေကြုတ်ကိုလည်း သံသယဝင်လာမိသည်။ရွှေကြုတ်က အရယ်
မပျက်ဘဲသူ့မေးဖျားလေးကိုမော့နမ်းလိုက်ကာ၊
"ချစ်တာပေါ့...ဘာလဲ စွဲကတို့အချစ်ကိုမယုံလို့လား"
မထင်မှတ်တဲ့သူမရဲ့အပြုအမူလေးကြောင့် ရင်ထဲနွေးသွားရပြီး အမူပိုကာပြန်မေးလာသည့်ရွှေကြုတ်ကိုချစ်စနိုးငေးကြည့်မိပြန်ကာ၊
"တခါတလေကျရင် ကိုယ်သံသယဝင်မိတာတော့အမှန်ဘဲ။ မင်းပုံက နည်းနည်းလေးမှမလေးနက်ဘူးရွှေကြုတ်။ကိုယ်က အဲလိုပုံမျိုးကိုမနှစ်သက်ဘူး။မိန်းမဆိုတာလေးနက်တည်ကြည်နေမှ။ရည်းစား
များတာမများတာကပြဿနာမဟုတ်ပေမယ့် ကိုယ့်လက်ထပ်ရမဲ့မိန်းမတစ်ယောက်ကပေါ့ပြက်ပြက်ဖြစ်နေတာတော့ကိုယ်သဘောမကျတာအမှန်ဘဲ"
"ဒါဆိုစွဲလိုချင်တဲ့မိန်းမမျိုးရှာလိုက်ပေါ့..ရွှေကြုတ်ကတော့လုံးဝမပြောင်းနိုင်ဘူး။ရွှေကြုတ်စိတ်နဲ့ရွှေကြုတ် ကြိုက်သလိုနေပိုင်ခွင့်ရှိတယ်"
မျက်နှာတည်တည်လေးနှင့်သူမဆိုလိုက်၏။ခုလိုချုပ်ချယ်တာရွှေကြုတ် အမုန်းဆုံးပင်။ယောကျ်ားတွေအားလုံးဒီအတိုင်းပါဘဲ။သူတို့နဲ့ပက်သက်မှုလေးရှိလိုက်တာနဲ့ ဟိုလိုနေပါ၊ဒီလိုနေပါဆိုပြီးပါဝါတွေ၊အာဏာတွေပြလာရော။ ရွှေကြုတ်ကလည်း ဒါမျိုးဆိုငြိမ်မနေတတ်..။
"မင်းဘယ်လိုပြောလိုက်တာလည်း မြရွှေကြုတ်"
သူ့မျက်လုံးတွေစူးရဲလာကာစကားသံပါအနည်းငယ်မာလာ၏။ဟိုးအဝေးလယ်ကွင်းဆီကကျေးငှက်လေးတွေရဲ့အော်မြည်သံပင် မသာယာနိုင်တော့ပါ။သီတင်းကျွတ်တော့မှာမို့ စပါးခင်းတွေအားလုံးမြကမ္ပလာရောင်မှရွှေဝါရောင်အဆင်းပြောင်းကာ ဝင်းမှည့်လို့နေလေပြီ။ ကောင်းကင်တစ်ပြင်လုံးအပြာရောင်လွှမ်းခြုံကာ ကြည်စင်သောမိုးသားရိပ်တို့ဖြင့် သီတင်းဝါလကျွတ်ချိန်ကိုကြိုလင့်နေတော့သည်။ သူတို့နှင့်မလှမ်းမကမ်းထန်းပင်တန်းဆီက စာကလေးငှက်ငယ်များ၏တကျီကျီအော်မြည်သံကသူ့နားစည်ကိုထွင်းဖောက်ဝင်ရောက်လာ၏။ လယ်ကွင်းနှင့်မနီးမဝေးကုက္ကိုပင်ကြီးအောက်ရှိဝါးတန်းလျားလေးထက်တွင်အတူတူထိုင်နေရင်း သူထရပ်လိုက်၏။ထိုစဥ်..သူမရဲ့အသံကသူ့နားထဲကန့်လန့်ဝင်သွားရသည်။
"ကြားတဲ့အတိုင်းဘဲလေ..."
"ဘာ!!....."
"ဖလပ်....ဖလပ်.....ဖျန်း...ဖျန်း..."
အိမ်တန်းတက်လာသည့်ငှက်ကလေးတစ်သိုက်ထပြေးကုန်တော့၏။ သူ့အသံအတော် ကျယ်သွားလို့ဖြစ်မည်။ မာနကြီးတဲ့ယောကျ်ားတစ်ယောက်မို့ မာနကချက်ချင်းခေါင်းထောင်လာကာ၊
"မင်းနဲ့ငါ့အခြေအနေကိုမင်းအသိဆုံးဘဲ ရွှေကြုတ်။ လက်ထပ်ဖို့ကို ငါ့ဘက်ကတော့အသင့်ဘဲ။ မင်းဘက်ကမင်းသဘောမင်းဆန္ဒအတိုင်းသာဆုံးဖြတ်"
မင်း၊ငါနဲ့ချက်ချင်းပြောင်းလဲသွားတဲ့စွဲ။ရွှေကြုတ် မျက်နှာပျက်သွားပြီးမခံမရပ်နိုင်စွာသူနဲ့မျက်နှာချင်းဆိုင်ထရပ်လိုက်သည်။ထို့နောက် ကာလာရင့်နေသည့်မျက်နှာနှစ်ခုကနီးကပ်သွားပြီး စူးရဲနေသည်မျက်လုံးချင်းထိပ်တိုက်ဆုံသွားကာ မီးဖွားတွေလျှံထွက်ကုန်၏။
"ဘာအခြေအနေလဲ...ခေါက်ထားစမ်းပါ။မြရွှေကြုတ်တို့က ဒါလောက်နဲ့မလွမ်းလောက်ဘူး။ ဒီမှာအလိိုလိုကမှညစ်နေရတဲ့အထဲ သူကသပွတ်အူလာလုပ်နေတယ်"
"မင်းဘယ်လိုပြောလိုက်တာလဲရွှေကြုတ်။ကိုယ်နဲ့မင်းရဲ့အခြေအနေကို မင်းသဘောပေါက်သင့်တယ်"
"ဘာအခြေအနေလဲ...ဘာတွေလာပြောနေတာလဲ"
စွဲ မျက်နှာပျက်သွားပြီးရွှေကြုတ်ကိုမယုံနိုင်စွာကြည့်လိုက်မိသည်။ သူမမျက်နှာမှာပြောင်းလဲခြင်းတစုံတရာမရှိ။
"ရွှေကြုတ်...ဟိုညကကိစ္စကိုမင်းစိတ်ဆိုးနေတာလား။ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ ကိုယ်ဘက်ကလွန်ခဲ့တာမှန်တယ်။ဒါကြောင့်လည်းလက်ထပ်ဖို့ပြောနေတာပေါ့။ ကိုယ်မိကောင်းဖခင်သားသမီးပါ ရွှေကြုတ်။ကိုယ်မှားခဲ့တဲ့အမှားတစ်ခုကို တာဝန်ယူရဲတဲ့သတ္တိလည်းရှိပါတယ်"
"အို....ဘာတွေမှားပြီး၊ဘာတွေတာဝန်ယူချင်နေတာလဲ။စွဲ...တို့ကိုလာနောက်နေတာလား"
မသိနားမလည်သလိုလို၊ဘာမှမဖြစ်ခဲ့သလိုလို
ပြောနေသည့်ရွှေကြုတ်ကြောင့် စွဲဒေါသထွက်ချင်လာသည်။ သူ့ကိုစိတ်ဆိုးနေတာလည်းမဟုတ်။ စိတ်ဆိုး၊စိတ်ကောက်နေတာဆိုလည်းဖြေသာဦးမည်။ခုတော့ ဘာမှမသိတဲ့ပုံဖမ်းနေတာ။
"မင်း..အဲဒီညကအဖြစ်အပျက်ကိုလုံးဝမသိတာလား၊ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလားရွှေကြုတ်"
"ဘာညလဲ...ဘာညမှမသိဘူး။ လက်ထပ်ချင်တာနဲ့ဘဲ စွဲ..ထင်ရာတွေပြောနေတာတော့မဟုတ်ပါဘူးနော်"
သူ့မာနကိုနှိုးဆွခံလိုက်ရတာမို့ ဒေါသကထောင်းခနဲထွက်သွား၏။ သို့သော်...ကိုယ့်ဘက်ကမှားခဲ့တာမို့သူ့ဒေါသကိုမြိုသိပ်လျက်၊
"မင်းရှက်နေတာလို့ဘဲ ကိုယ်ယူဆပြီးခွင့်လွှတ်လိုက်မယ် ရွှေကြုတ်။ မင်းနဲ့ကိုယ်လက်ထပ်ရအောင်"
တတ်နိုင်သလောက်ထိန်းချုပ်လျက် အချိုသာဆုံးသုံးနှုန်းလိုက်သည်။
"ရွှေကြုတ်လက်မထပ်ချင်သေးဘူး စွဲ။ဒါကြောင့်...ခုချိန်မှာရွှေကြုတ်ငြင်းရလိမ့်မယ်"
သူရဲ့သီးခံမှုအတိုင်းအတာကုန်ဆုံးသွားပြီ။ယောကျ်ားကောင်းတစ်ယောက်မို့..ကိုယ့်အမှားအတွက်သည်မျှအောက်ကျို့နေရတာ။မဟုတ်ရင်တော့..ခုလိုအောက်ကျခံဖို့အဝေးကြီး..။မင်းစွဲဘဏ္ဍာဆိုတာ
မိန်းမတစ်ယောက်ကိုအညံ့ခံမဲ့ ယောကျ်ားမျိုးမဟုတ်တာမင်းသိပါတယ်ရွှေကြုတ်။
"ကောင်းပြီ...မင်းဘက်ကလက်မခံတာနော်ရွှေကြုတ်"
"ဟုတ်တယ်...ဟုတ်တယ်။ မြရွှေကြုတ်ဆိုတာချည်နှောင်တဲ့ကြိုးတွေကိုမုန်းတဲ့မိန်းမ။ဘာကြိုးမှအချည်နှောင်မခံဘူး။ခု ရွှေကြုတ်လက်မထပ်နိုင်ဘူး"
"ကောင်းပြီ...မင်းစကားကိုမှတ်ထားရွှေကြုတ်။မင်းနောင်တမရပါစေနဲ့"
"အဟက်!....နောင်တဟုတ်သလား။ဝေးသေး...ရွှေကြုတ်ကဘာကိုနောင်တရရမှာလဲ"
"တောက်!....မင်း...."
စိတ်ရှိတိုင်းပြောမထွက်တဲ့သူ့ကိုယ်သူဘဲဒေါသထွက်ကာ တောက်တစ်ချက်ခေါက်လျက်သူမရှေ့ကထွက်လာခဲ့မိသည်။ငါယောကျ်ားကောင်းပီသတယ်ရွှေကြုတ်။ ဒါပေမယ့်... ငါ့မာနက အောက်ကျို့ဖို့ဘယ်တော့မှခွင့်မပြုဘူး။မိန်းမတစ်ယောက်ကိုလက်ထပ်ဖို့ခခယယလုပ်ရတယ်လို့ ငါ့ရာဇဝင်အတွင်မခံနိုင်ဘူး။မင်းဘက်က လက်ခံလာတဲ့တစ်နေ့ကိုငါစောင့်မယ်ရွှေကြုတ်..နောက်ထပ်ဘယ်တော့မှ ငါ့ဘက်ကစပြီးမတောင်းဆိုတော့ဖို့ဆုံးဖြတ်လိုက်ပြီ။
"ဝရော.....ဝူး...."
ဆိုင်ကယ်ပေါ်တက်ကာ နှုတ်ဆက်ဖော်မရဘဲမောင်းထွက်သွားတဲ့သူ့ကိုလိုက်ငေးနေမိပြီးမှ ရွှေကြုတ်နှုတ်ခမ်းကိုက်ပြီးမျက်နှာလွှဲပစ်လိုက်သည်။ ရင်ထဲမှာတဆစ်ဆစ်နာနေတာဘယ်သူသိမှာလဲ။ ရည်းစားတွေအများကြီးထားခဲ့တယ်..သူမပျော်ရွှင်အောင်အကုန်လုံးလိုက်လျောပေးကြပေမယ့် ဒီယောကျ်ားနဲ့တွေ့မှ။ ထားခဲ့သမျှရည်းစားတွေနဲ့ယှဥ်လျှင် စွဲလောက်မာနကြီးပြီးသူမအပေါ်ဆက်ဆံပုံအချိုးမပြေတဲ့တာမရှိတော့ပေ။ အားလုံးထက်သာတဲ့ရုပ်ရည်မျိုးပိုင်ဆိုင်ပြီး ချမ်းလည်းချမ်းသာတဲ့ မင်းစွဲဘဏ္ဍာကိုတော့ အားလုံးထဲမှာအောင်မှတ်အဆင့်သတ်မှတ်ခဲ့ပြီးသား။ သူ မာနကြီးတတ်တာ၊မောက်မာတာတွေသိနေပေမယ့် သူမကိုယ်တိုင်လည်းဒီအတိုင်း၊ဒီစရိုက်မို့ စရိုက်တူချင်းသူ့ကိုပိုသဘောကျမိခဲ့တာ။ ခုတော့...။
မိန်းမဆိုတဲ့အမျိုးက အချော့ကြိုက်တာသူမသိလေသလား။ ဘယ်လောက်ပဲ ရွှေကြုတ်မာနကြီးကြီး သူရဲ့ဂရုစိုက်မှု၊လိုက်လျောနွေးထွေးမှုတော့ရချင်မိတာပေါ့။ တစ်ချိန်မှာ ရွှေကြုတ်လက်ထပ်မဲ့ယောကျ်ားဟာ စွဲဆိုတာ သေချာပြီးသားအဖြေတစ်ခု။ ဒါကိုပြေရာပြေကြောင်းမပြောဘဲ သူဘက်ကဒေါသတွေနဲ့ပြောဆိုသွားတာများရွှေကြုတ်ကိုသူ့ကောင်မလေးဆိုတာမေ့နေသလားမသိ။ မင်း၊ငါဆိုတဲ့အသုံးအနှုန်းကိုအမုန်းဆုံးဘဲ။ဘယ်သူတွေ၊ဘယ်ရည်းစားတွေဆီက နွေးထွေးချင်းတွေဘယ်လောက်ရရ သူမမပျော်။ သူမလိုချင်တဲ့၊တောင်းတတဲ့ကြင်နာမှုက ထိုလူတွေဆီက မဟုတ် တာသေချာ၏။ သူမလိုချင်တာ သူ့ဆီက...။ချစ်သူတွေဖြစ်စထဲကမျှော်လင့်ခဲ့တာ တခြားယောကျ်ားတွေလို သူမအပေါ်နွေးထွေးလာမဲ့ သူ့ဆီကချစ်ခြင်းတွေ...။ သူလိုယောကျ်ားဆီက မရနိုင်မှန်းသိလေပိုပြီးလောဘကြီးမိလေ။သို့သော်..အချိန်ကြာလာလေ..ပိုသေချာလာလေ။ မင်းစွဲဘဏ္ဍာဆိုတာ သွေးအေးလူသားတစ်ယောက်၊မာနတွေခေါင်ခိုက်ကာ အချစ်မရှိတဲ့ယောကျ်ား။ အလကားလူ....။
~~~~~~~~~~~~♥~🌸~♥~~~~~~~~~~~
"ဟုတ်တယ်...အဲကောင်ကအလကားကောင်။မင်းသူ့ကိုကြိုက်ရတာ တကယ်ပင်ပန်းပါတယ်သဲလေးရယ်။ သူ့ကိုဖြတ်ပစ်လိုက်စမ်းပါ။ သဲနားမှာ ကိုယ်တစ်ယောက်လုံးရှိနေတာဘဲ"
မင်းချစ်သူက သူ့ရင်ခွင်ထဲမှီအိပ်နေသည့် ရွှေကြုတ်ရဲ့ဆံနွယ်လေးတွေကိုဆော့ကစားရင်း ဆိုလိုက်၏။
"အလကားပါကွာ...သူ့အကြောင်းပြောမနေနဲ့။ သဲတို့အကြောင်းဘဲပြောရအောင်နော်.."
မင်းချစ်သူဆိုတာ ရွှေကြုတ်ရဲ့ဘယ်လောက်မှန်းမသိတဲ့နံပါတ်စဥ်တစ်ခု။ မင်းစွဲဘဏ္ဍာထက်တော့ မင်းချစ်သူက တစ်ပတ်ပိုစော၏။ မင်းချစ်သူနဲ့ချစ်သူတွေဖြစ်ပြီးတစ်ပတ်လောက်ကြာမှ မင်းစွဲဘဏ္ဍာနဲ့ကြိုက်ခဲ့တာ။ မင်းစွဲဘဏ္ဍာနဲ့ကရွာချင်းအဝေးကြီး၊မင်းချစ်သူကျတော့ ရွာချင်းကပ်လျက်မို့ အစစအရာရာမင်းချစ်သူကသာနေ၏။ ခုလည်း သူတို့ချိန်းတွေ့နေကြပြောင်းတောထဲဝယ် မင်းစွဲဘဏ္ဍာအကြောင်းကို ရွှေကြုတ်ကမချင့်မရဲပြောနေတာမို့ မင်းချစ်သူကမလိုလားစွာပြောလာသည်။
"သဲဘဲစပြောတာနော်....ကိုယ်ကတော့ဖြစ်နိုင်ရင်ဒီကောင့်အကြောင်းစကားထဲကိုထည့်မပြောချင်ဘူး"
"ဘာလဲ...သဝန်တိုတာလား.."
ကြာကြည့်လေးနဲ့ကြည့်ကာဆိုလိုက်သည့် ရွှေကြုတ်ကြောင့် မင်းချစ်သူအသည်းယားသွားကာ မျက်နှာချင်းဆွဲအကပ်၊
"ဟိုးဆရာ.....ဟိုးထား"
သူ့မျက်နှာရှေ့မှာလက်လေးနှစ်ဖက်ကွယ်လိုက်ပြီး ရယ်ကျဲကျဲလေးဆိုလိုက်ပေမယ့် ဆိုးပြီဆိုဓားပြထက်ကြမ်းတမ်းတတ်တဲ့ မင်းချစ်သူကို သူမမတားဆီးနိုင်။
"အို!......"
နူးညံ့ခြင်းတွေအပြည့်နှင့်အဆက်မပြတ်ပြိုဆင်းလာသည့် အနမ်းများကိုမရုန်းဖယ်မိတော့ပါ။ မလွယ်ဆန်နိုင်တဲ့အထိအတွေ့မှာနစ်မျောလိုက်ပါရင်း၊
"ချစ်တယ်..သဲရယ်"
"ဟင်း.....သဲလည်းတူတူပါဘဲကို"
လည်တိုင်ထက်ထိကပ်နမ်းရင်း မင်းချစ်သူကရင်ခုန်ယစ်မူးသံကြီးဖြင့် ဆိုပြီးအနမ်းများကပြန်လည်အသက်ဝင်လာ၏။
"အင်း!.....ကို...တော်ပြီကွာ"
ငြီးသံရှည်လေးစွဲလျက်သူမငြင်းဆန်ပေမယ့် အားမပါသလို တရစ်ရစ်နှောင်ဖွဲ့လာသည့် သူကလည်းနောက်ဆုတ်မသွားခဲ့။
"ချစ်လို့ပါ သဲရယ်။ ရှက်မနေပါနဲ့ ကိုတို့ကရှက်နေစရာလိုတော့လို့လား..."
ခပ်ရဲရဲအပြောကြောင့် ရွှေကြုတ်မျက်နှာလေးရဲသွားရပြီး သူ့ရင်ဘတ်ကိုတအားထုချလိုက်မိသည်။
"သွား.....ဘာတွေပြောနေမှန်းမသိဘူး...လူဆိုး"
"ချစ်လို့ဆိုးတာပါကွာ...."
ရင်ဘတ်ပေါ်အရှိန်နဲ့ရောက်သွားတဲ့လက်လေးကိုဖမ်းဆွဲလိုက်ရင်း ချိုကြည်စွာဆိုလိုက်တော့ သူမမျက်စောင်းဒိုင်းခနဲရောက်လာတော့သည်။
"ကိုနော်....ဟင်း...မပြောချင်ဘူး။ ပြောင်းခင်းထဲမှာဆိုတာလည်းသတိရဦး"
ရွှေကြုတ်က ပတ်ဝန်းကျင်ကိုမရဲတရဲကြည့်ရင်း မလုံမလဲလေးဖြစ်နေ၏။နှစ်ရွာကြားရှိ လမ်းဘေးကိုက်ငါးဆယ်လောက်မှာ ဦးထွန်းရဲ့ပြောင်းတောကြီးကညို့မှောင်လို့နေလေသည်။ ပြောင်းပင်တွေအားလုံးက အဖူးတွေဝင်နေပြီ။ လေတသုန်သုန်တိုးနေသည့် ပြောင်းတောထဲဝယ် ပြောင်းရနံ့များနှင့်ရောလျက် ရွှေကြုတ်ဆီကမွှေးရနံ့ကစွဲမက်ဖွယ်ထွက်ပေါ်လို့နေသည်။ လမ်းဘက်ကကြည့်ရင်မမြင်နိုင်တဲ့ဘက်မှာ သူ့ဆိုင်ကယ်ကိုတမင်သွားရပ်ထားခဲ့တာမို့ သူတို့ဒီအထဲရှိနေတာဘယ်သူမှအလွယ်တကူမမြင်နိုင်ပါ။ ပြီးတော့ ပြောင်းတောထဲအထိတိုးကာ ထိုင်နေတာမို့ လမ်းပေါ်ကနေ ပြောင်းတောစပ်အထိလာကြည့်ရင်တောင် သူတို့ကိုတွေ့ဖို့မလွယ်။ အကြံသမား မင်းချစ်သူရဲ့လျှို့ဝှက်ကြံစည်မှုကို ရွှေကြုတ်မသိ။ သူနဲ့ချိန်းတွေ့နေကြမို့ သူခေါ်ရာကိုလွယ်လွယ်ကူကူဘဲလိုက်လာခဲ့တာ။ ပြီးတော့ ခုရက်ပိုင်းမှာမင်းစွဲဘဏ္ဍာကြောင့် သူမစိတ်တွေရှုပ်ထွေးနောက်ကျိနေခဲ့တာ။ ယောကျ်ားဖြစ်ပြီးနေနိုင်တဲ့ မင်းစွဲဘဏ္ဍာကို သူမမကျေနပ်ပါ။ တကယ်ဆို သူ့ဘက်ကသူမကိုလာချော့ပါတော့လား။ခုတော့...သူမနဲ့အပြိုင်မာနတွေပြနေတာကောင်းသလား။
"အဟင်း....ဘယ်သူမှ ဒီဘက်ကိုမလာပါဘူးကွာ။ တွေးပူမနေစမ်းပါနဲ့ သဲရာ။ ကို ဘယ်လောက်လွမ်းနေသလဲ သိရဲ့လား"
မချိုမချဥ်ကြည့်လျက် မင်းချစ်သူကမျက်နှာချင်းအတင်းထိကပ်လာတော့၏။
"ကိုနော်...စကားအကောင်းပြောရအောင်လားကွာ"
"အင်း....အချစ်အကြောင်းပြောရင်ပိုမကောင်းဘူးလား..."
သူမဘယ်လိုငြင်းဆန်ငြင်းဆန် သူရဲ့အချစ်တွေက နွယ်တစ်ပင်လိုရစ်ပတ်လာတာမို့ရှောင်ဖယ်ဖို့ကြိုးစားလေပိုတင်းလေဖြစ်နေတော့သည်။ မစွမ်းရင်ကလည်းရှိ၊ကန်စွန်းပင်ကလည်းငြိလေပြီ။ လေတဖြူးဖြူးတိုးနေသည့် ပြောင်းတောထဲဝယ်ကျေးငှက်သံမှတပါးတိတ်ဆိတ်ငြိမ်သက်လျက်။
~~~~~~~~~~~~~~♥~🌸~♥~~~~~~~~~~
"ကိုကြီးထက်ကို လွယ်အိတ်ကြီးတကားကားနဲ့ဘယ်သွားမလို့လဲဗျ...."
"ဂျာရစ်ပါလားကွ....မင်းနဲ့တွေ့တာအတော်ဘဲ"
ရွာလည်လမ်းတစ်လျှောက်ဆိုင်ကယ်မောင်းလာတဲ့ ထက်ကိုမင်းကို ဂျာရစ်ကဆော့နေရင်းနှုတ်ဆက်လိုက်တာမို့ ခုမှဂျာရစ်ကိုမြင်သွားကာ ထက်ကိုမင်းဆိုင်ကယ်ကိုလမ်းဘေးချရပ်လိုက်၏။ တခြားကလေးတွေက ဂျာရစ်နဲ့ထက်ကိုမင်းတို့ကို ငေးကြည့်ရင်း၊
"ဟေ့ကောင်ဂျာရစ်...မင်းဆက်ဆော့ဦးမှာလား...".
"မဆော့တော့ဘူးကွာ...မင်းတို့ဘာသာဆော့တော့"
"အေး...ပြီးရော"
သူတို့အချင်းချင်းပြောလို့ပြီးသွားတော့ ကျန်တဲ့ကလေးတွေကလေးသီးလိမ့်တမ်း ဆက်ကစားနေကြသည်။ လေးသီးဆိုတာ ရွှံ့တွေကိုအလုံးတွေဝိုင်းအောင်လုံးပြီးခြောက်အောင်နေလှန်းပြီးမှ ဖြစ်လာတဲ့အလုံးတွေကိုခေါ်ခြင်းပါ။ ထိုလေးသီးဆိုတာကို လေးခွနဲတပ်၍အကောင်ပလောင်တွေပစ်ရာမှာ
သုံးသလို ခုလိုလည်းကစားလို့ရသေးသည်။ လေးသီးသုံးလုံးကိုအောက်ကခံလျက်အပေါ်ကတစ်လုံးတင်ပြီးအဖိုပစ်တိုင်းဆော့ကြသလို၊လေးသီးတွေတစ်လုံးချင်းကိုအတန်းရှည်ကြီးတန်းလျက်"ဂုတ်ထိခေါင်စား"ဆိုပြီးလည်းဆော့ကြသည်။ကျေးလက်သဘာဝကလေးတွေဆိုတာ လေးသီးကိုနည်းမျိုးစုံလုပ်ပြီးဆော့တတ်ကြ၏။ခုလည်းဂျာရစ်တို့အုပ်စု ကျင်းတူး၍ကျင်းလိမ့်ကြေးကစားနေကြခြင်းဖြစ်သည်။ ကျင်းလှည့်တိုင်းကစားတယ်ဆိုတာငါးကျင်းတန်းကနေတစ်ကျင်းထဲအထိတူးကာခပ်လှမ်းလှမ်းဆီက လေးသီးသုံးလုံးဖြင့်ကျင်းထဲဝင်အောင်လိမ့်ကြေးကစားနည်းပင်။
ထက်ကို ဆိုင်ကယ်ပေါ်ကနေကလေးတွေကစားတာကိုလှမ်းကြည့်ရင်း၊
"မင်းကစားနေတာလားဂျာရစ်..."
ဂျာရစ်ရဲ့အမည်ရင်းကချမ်းငြိမ်းသူ။သူ့ဆံပင်ကအမြဲဂျာရစ်မို့ တစ်ရွာလုံးကဂျာရစ်လို့ပြောင်ခေါ်ရာကအမည်ရင်းချမ်းငြိမ်းသူပျောက်ပြီးဂျာရစ်ဖြစ်နေတာ။ ဂျာရစ်အသက်ကဆယ့်နှစ်နှစ်။အမြဲတမ်းဘောင်းဘီနဲ့စွပ်ကျယ်ဂျိုင်းပြတ်ကိုဝတ်ကာ လွယ်အိတ်ကိုမချတမ်းအမြဲလွယ်ထားတတ်၏။ ထိုအိတ်ထဲဝယ် လေးခွတစ်လက်နဲ့လေးသီးအပြည့်ထည့်ထားတတ်သေးသည်။
"မကစားတော့ဘူးကိုကြီး။ ဒါနဲ့...ကိုကြီးကိုခွင်ကောင်းကောင်းနေရာပြမလို့ဗျ..ဘယ်လိုလဲ..လိုက်မှာလား"
ဂျာရစ်က အရွယ်နဲ့မလိုက်အောင်ငှက်ပစ်ကျွမ်းကျင်သူမို့ ငှက်ပစ်ဝါသနာအိုးထက်ကိုတစ်ယောက် ဂျာရစ်ကိုအပေါင်းအသင်းလုပ်ထားရတာ။ခုလည်း ငှက်ပစ်ထွက်ဖို့ဂျာရစ်ကိုလာရှာရာမှ ကြားလိုက်ရတဲ့သတင်းကြောင့်ထက်ကိုမျက်လုံးတွေတောက်ပလို့သွား၏။
"ဟ....ကြာသလားဘဲ။ ဘယ်နေရာလည်းသာပြော"
"ဘကြီးထွန်းရဲ့ပြောင်းတော...။အဲဒီနေရာမှာငှက်တွေပေါမှပေါဗျာ။ ကျွန်တော် မနေ့ကရောက်ခဲ့သေးတယ် ကိုကြီးရ။ ချိုးတွေဆိုအကောင်အကြီးကြီးတွေဘဲသိလား"
"ဟုတ်လားကွ...ခုသွားပစ်ကြမယ်။ ချိုးမကြော်စားရတာကြာနေပြီ။ ပြောနေ..ကြာတယ်ကွာ ဆိုင်ကယ်ပေါ်တက်...ဂျာရစ်"
ဂျာရစ်တို့နှစ်ခါအဖော်မစပ်လိုက်ရ။ ဆိုင်ကယ်ပေါ်လွှားခနဲတက်လာတော့သည်။
"အရှိန်မလျှော့နဲ့နော်ကိုကြီး...."
"ဟား....ဟား....ငါဘယ်တုန်းကဖြည်းဖြည်းမောင်းတတ်လို့လဲဂျာရစ်ရာ..မင်းလည်းသိသားနဲ့"
"ကိုကြီးအကြောင်းသိနေလို့ စတာပါဗျာ။ မြန်မြန်သွားကြမယ်....တော်ကြာနေ..တောင်ပိုင်းကဖိုးထူးတို့အုပ်စု အရင်ဦးနေမှဖြင့်...."
"အေး....သူတို့မဦးခင်..တို့အရင်ဦးကြတာပေါ့ကွာ"
ထက်ကို ဆိုင်ကယ်ကိုအရှိန်တင်ရင်းရွာပြင်ကိုဦးတည်လိုက်သည်။ ကိုယ်ထူကိုယ်ထလမ်းခင်းထားတာမို့ ရွာလမ်းမကြီးကဖြူးဖြောင့်လို့နေသည်။ ခင်းထားတာကကျောက်ချောလမ်းမဟုတ်၊ကွန်ကရစ်လမ်း။ ကားတွေ၊ထော်လာဂျီတွေပါဝင်လို့ရအောင်ခင်းထားတာမို့ လမ်းကကျယ်ပြီးဆိုင်ကယ်မောင်းလို့တအားကောင်းနေသည်။
နှစ်ရွာကြားရှိပြောင်းတောကြီးကအဝေးကပင်အုံ့အုံ့မှိုင်းမှိုင်းဖြင့်မြင်နေရသည်။လေအဝှေ့မှာပြောင်းပင်တွေကယိမ်းနွဲ့ကခုန်လို့နေလေ၏။ပြောင်းဖူး ဖူးချိန်မို့ကျေးငှက်ပေါတာမဆန်းပါ။ ထက်ကို ဆိုင်ကယ်ပေါ်ကလှမ်းကြည့်ရင်းသဘောကျနေမိသည်။ ဒီနေ့တော့ ငှက်ကြော်ကောင်းကောင်းလေးစားရချည်သေးရဲ့။ လမ်းမကြီးကနေ ပြောင်းတောဆီသို့လှည်းလမ်းဖောက်ထားသဖြင့်ထိုလှည်းလမ်းအတိုင်းသူတို့မောင်းလာခဲ့သည်။ ပြောင်းခင်းနဲ့မလှမ်းမကမ်းရောက်တော့ ဆိုင်ကယ်ရပ်လိုက်ကာ၊
"ဆင်း...ဂျာရစ်။ဒီကနေလမ်းလျှောက်သွားကြမယ်။ ငါတို့ဆိုင်ကယ်သံကြားလို့ ငှက်တွေပျံ့ပြေးကုန်မှဖြင့် ဘာမှရလိုက်မှာမဟုတ်ဘူး"
"ဟုတ်တယ်ကိုကြီး...။အသံလုံလုံနဲ့ချောင်းသွားမှ..."
"အေး......တွေ့တာနဲ့မလွတ်စေနဲ့နော်"
"စိတ်ချလိုက်စမ်းပါ။ ဂျာရစ်တို့လက်နဲ့တွေ့ရင်လွတ်သွားတဲ့အကောင်ရှိဖူးလို့လား"
"တွေ့တာနဲ့ဆော်ပစ်လိုက်..."
အတိုင်အဖောက်ညီညီဖြင့်ပြောင်းတောဆီလှမ်းလာခဲ့မိသည်။ မြောက်လေအသုတ်မှာ ပြောင်းပင်တွေကယိမ်းနွဲ့သွားကာ ပြောင်းရွက်တွေရိုက်ခတ်သံကတရှဲရှဲဆူညံ့နေတော့သည်။
"ကူး.....ကူး.....ကူး....."
"ဟော!.....ကြားတယ်မို့လားကိုကြီး"
"အေး...ကြားတယ်"
ဂျာရစ်က ချိုးကူသံကြားတာနဲ့ထက်ကို ကိုမျက်ရိပ်ပြလိုက်၏။ထို့နောက်...ပြောင်းတောဆီသို့ခြေသံဖွဖွဖြင့်တိုးကပ်သွားစဥ်၊
"ဖရော.....ဖရော....."
"ဟ!......ဘာလဲ..."
"ကိုကြီး...အထဲကတိုးလာတာဘာကောင်လဲ"
ပြောင်းပင်တွေသိမ့်ခနဲသိမ့်ခနဲဖြင့်အကောင်တစ်ကောင်တိုးလာပုံကြောင့်ပြောင်းခင်းစပ်တွင်ရပ်လျက် နှစ်ယောက်သားအသင့်ပြင်ထားလိုက်သည်။လက်ထဲက လေးခွတွေကသားကောင်ထွက်လာတာနဲ့အသင့်...။ပြောင်းပင်တွေရဲ့လှုပ်ရှားမှုက တစတစနီးကပ်လာတာမို့ ထက်ကိုနဲ့ဂျာရစ်တစ်ယောက်ကိုတစ်ယောက်မျက်စပစ်လိုက်ကာ လက်ထဲကလေးခွတွေကိုပိုဆွဲထားလိုက်စဥ်၊
"ခစ်....ခစ်....."
"ဗုဒ္ဓေါ!!......"
"သ...သရဲလား...ကိုကြီး..."
လေတိုးသံနှင့်ရောလျက်ပျံ့လွင့်လာသည့်ရယ်သံလွင်လွင်လေးကြောင့် ဂျာရစ်ကြက်သီးမွှေးညှင်းတွေထကာ အသံတွေပါတုန်လာ၏။
"နေစမ်းပါဦး...ဂျာရစ်ရာ"
လှည့်ပြေးတော့မည့်ဂျာရစ်လက်ကို ဖမ်းဆွဲလိုက်ကာ သေချာနားထောင်ကြည့်လိုက်တော့ မိန်းမသံလေးထွက်ပေါ်လာပြန်၏။
"သွား....သူသိပ်ဆိုးတာဘဲ"
ဟင်...။ဒီအသံကိုကြားဖူးသလိုဘဲ။ ထက်ကို အသံကိုရင်းရင်းနှီးနှီးသိနေသလိုမို့ စဥ်းစားနေမိသည်။
"သဲကလည်းကွာ..."
"ကိုနော်....သွား..."
ဟင်...။အသံကို ခန့်မှန်းလိုက်မိသည်နှင့်တပြိုင်နက် မျက်နှာရှေ့ပွားခနဲပေါ်လာသည့်လူရိပ်တွေကြောင့် ထက်ကိုမျက်နှာတပြင်လုံးရဲသွား၏။
"ရွှေကြုတ်!!......"
"ဟင်!!!.....ထက်.....ထက်ကို...နင်..နင်"
သူကိုမြင်လိုက်တာနဲ့စကားတွေထစ်ငေါ့ကာ အကြီးအကျယ်မူပျက်သွားသူက မြရွှေကြုတ်။ရွှေကြုတ်ပုခုံးကိုပိုင်စိုးပိုင်နင်းဖက်ထားကာ သူ့ကိုဂျိုကြည့်ကြည့်နေသူက တစ်ဖက်ရွာကမင်းချစ်သူ..သူတို့ကြည့်မရဆုံးလူပေါ်ကျော့တစ်ယောက်။ ရွှေကြုတ်က မူပျက်နေသလောက် သူကခပ်တည်တည်။ပုံစံကိုက သူများရည်းစားကြောင်တောင်နှိုက်တဲ့ရုပ်။ ထက်ကို မျက်လုံးတွေကရွှေကြုတ်ရဲ့ကိုယ်လုံးပေါ်ဝေ့ဝဲသွားတော့ ရွှေကြုတ်မလုံမလဲဖြင့် အကျီတွေကိုဆွဲဆန့်ချနေတော့သည်။ နှုတ်ခမ်းနီတွေပျက်ကာ မျက်နှာတပြင်လုံးအဆီတွေပျံလျက် အကြီးအကျယ်မျက်နှာပျက်ကာဆံစလေးမှာ အမှိုက်လေးတွေကပ်နေသည့် ရွှေကြုတ်ကိုသူမျက်မှောင်ကျုံ့လိုက်မိသည်။
"သဲ....ကိုတို့သွားကြစို့..."
"အင်း....."
"နေဦးရွှေကြုတ်...."
လှမ်းနေသည့်ခြေလှမ်းတွေ မိုးခြိမ်းသံလိုဟိန်းထွက်လာသည့်ထက်ကိုအသံကြောင့် ရပ်တန့်သွားရသည်။ ထိုအခါ... ရှေ့ကထွက်သွားသည့်မင်းချစ်သူကရွှေကြုတ်လက်ကိုဆွဲလျက်ဖြင့် နောက်ပြန်ကြည့်ကာ၊
"ဘာလဲ.....မင်းကဘာကောင်လဲ။ သူများသမီးရည်းစားကြားထဲ..."
ထက်ကိုက ရန်ထောင်နေသည့်မင်းချစ်သူကိုဂရုမစိုက်...ရွှေကြုတ်နဲ့မျက်နှာချင်းဆိုင်ရွှေ့ရပ်လိုက်ပြီး ယိုယွင်းပျက်စီးနေသည့်ရွှေကြုတ်ကိုခပ်မဲ့မဲ့တစ်ချက်ကြည့်လျက်၊
"ဒါဘာသဘောလဲ ရွှေကြုတ်...."
ခေါင်းထက်ကအမှိုက်လေးကို သူမမျက်နှာရှေ့ထောင်ပြကာအဓိပ္ပါယ်နှစ်ခွဖြစ်စေသည့်မေးခွန်းကို ရွေးမေးလိုက်၏။ရွှေကြုတ်ဆီက ဘာသံမှထွက်မဘာဘဲငြိမ်နေတာမို့ တည့်မေးပစ်လိုက်သည်။
"နင်..စွဲကိုသစ္စာဖောက်တာလား..."
ရွှေကြုတ်မျက်နှာပျက်သတဲ့ပျက်သွားရကာ အဝေးကိုအကြည့်လွှဲသွားပြီးမှ၊
"အဲဒါငါ့ကိစ္စ...နင်နဲ့မဆိုင်ဘူး။ဖယ်....ငါတို့သွားမယ်"
လှည့်ထွက်သွားသည့် ရွှေကြုတ်ရဲ့အကျီကိုအမှတ်တမဲ့အကြည့်ရောက်သွားရပြီး သူ့မေးကျောတွေပါထောင်ထသွားရ၏။ ပြုတ်ထွက်နေသည့်ကြယ်သီးလေးရဲ့ ရွှေကြုတ်ရဲ့ဖရိုဖရဲပုံ..ပြီးတော့မူပျက်နေတဲ့မျက်နှာ။အားလုံးကိုချုံငုံကြည့်လိုက်တော့ အဖြေကအရှင်းသား...။
"တောက်!!.....သစ္စာမရှိတဲ့မိန်းမ..."
အပိုင်း(၅)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း