⛈⛈မိုးသည်းည....ကာရန်⛈⛈
🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸
"မေမေ..."
"ဟယ်....သား...သားလေး"
အရပ် ကလန့်ကလားကြီးနဲ့သူ့ကို မေမေက ဆီးကြိုပွေ့ဖက်ရင်း မျက်ရည်တွေနဲ့ အလွမ်းဖြေနေသည်။ ခြောက်နှစ်လုံးလုံး မဆက်သွယ်ပဲ သံယောဇဥ်ဖြတ်ခဲ့တဲ့ သားကို အပြစ်မမြင်နိုင်ပဲ ပြန်တွေ့ရတော့ ကြည်နူးလှိုက်ဖြာလျက်။
" ကြည့်စမ်းပါဦး..မေမေ့သားက ချောလာလိုက်တာကွယ်"
သူ့ကို မော့ကြည့်ရင်း မေမေ ဝမ်းသာနေပုံက သူ့ရင်ထဲ စွတ်ကျင်သွားရသည်။
"သားရယ် မေမေတို့ကို အဆက်အသွယ်ဖြတ်ထားလိုက်တာ...မေမေ့သားလေးကို မေမေ့မှာ ဘယ်လောက်သတိရနေသလဲ သိရဲ့လား"
မေမေ့မျက်ရည်တွေကို အသာအယာသုတ်ပေးရင်း မေမေပါးပြင်လေးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ မေမေနှုတ်ခမ်းထက်မှာ အပြုံးတွေပွင့်လန်းသွားလေ၏။ ဟိုးတုန်းကလိုပဲ မေမေရင်ခွင်ထဲ ခေါင်းတိုးကာ မေမေရဲ့ ဒေါသတွေကို ဖြေသိမ့်ပေးလိုက်တာပါ။
"ဖေဖေ..."
သားဖြစ်သူကို အလွမ်းသည်နေသည့် ဒေါ်ထက်ထက်သာ ကလေးအသံလေးကြောင့်မျက်လုံးပြူးသွားကာ စကားတွေထစ်ငေါ့ကုန်သည်။ ကလေးငယ်လေးတစ်ဦးက သားကို ဖေဖေဟုခေါ်ပြီး သူမတို့နောက်မှာ ရပ်နေတာမို့ ကလေးကိုကြည့်ပြီး သူမ နားမလည်နိုင်။
"သား...ဒါလေးက ဘယ်သူလဲ...ဘယ်ကလဲ"
"ကျွန်တော့်သားပါ မေမေ"
"ဘာ.....မင်း မင်း သားဟုတ်လား။ စွဲ...မင်း ဟိုမှာ အိမ်ထောင်တွေကျ..."
အသားဖြူဖြူလေးနဲ့ ချစ်စရာ ကလေးငယ်လေးကို ကြည့်ပြီး ဒေါ်ထက်ထက်သာ ရင်တုန်နေသည်။ သား...ခြောက်နှစ်လုံးလုံးမဆက်သွယ်ခဲ့တာ ဒါကြောင့်လား။
"ဟာ....မဟုတ်တာ မေမေရာ။ ကျွန်တော်နဲ့ ပခြုပ်တို့ရဲ့သားပါဗျာ...မေမေကတော့လုပ်ပြီ"
"ဘာ...နတ်ပခြုပ်..ဟုတ်လား....တောက် မင်းစွဲဘဏ္ဍာ မင်းနွားလုံးလုံးဖြစ်နေပြီ အဲဒါသိရဲ့လား"
"အန်တီ အထင်မှားနေပြီ"
အပေါက်ဝမှာ ပေါ်လာတဲ့အရိပ်လေးကြောင့် ဒေါ်ထက်ထက်သာမျက်နှာမှာ နီရဲတင်းမာသွားရင်း၊
"နတ်ပခြုပ်..."
နာမည်တစ်ခုက ဒေါသကြောင့် နှုတ်ခမ်းဖျားကနေ ခုန်ထွက်သွားသည်။နတ်ပခြုပ်က သူမတို့နားလို့ လျှောက်လာနေ၏။ သား ပြန်လာတာ နတ်ပခြုပ်က ဘယ်နေရာကနေပါလာရတာလဲ။ သားကုန်ခဲ့တဲ့ပိုက်ဆံတွေ ပြန်ပေးပြီး ပြောသွားခဲ့တဲ့ စကားတွေက မနေ့တစ်နေ့ကလိုပင်။ဒီကောင်မလေး အပြောင်းအလဲ မြန်လှချည်လား။ အဲဒီတုန်းကတော့ သားကို အလိုမရှိပါဘူးနဲ့ ခုကျမှ။
"ဟုတ်ပါတယ် အန်တီ....ကျွန်မ နတ်ပခြုပ်ပါ"
"မင်းမှာ အရှက်မရှိဘူးလား နတ်ပခြုပ်"
"ဟာ....မေမေ....မေမေမှားနေပြီ...ကျစ်"
သားကို ချီထားရင်း စွဲ မိခင်နဲ့ ပခြုပ်ကြားဝင်ရပ်ကာ အချိန်မှီတားလိုက်ရသည်။ တော်ကြာ ထင်ရာတွေစွတ်ပြောနေမှဖြင့် ပခြုပ်နဲ့ တစ်ဒုက္ခ။
"ဘာမှားတာလဲ....နေစမ်း စွဲ၊ မင်း အဲဒီလောက်နွားကျစရာလား။ ဒီကလေးက မင်းကလေး မဟုတ်ဘူး သိရဲ့လား"
"မေမေနဲ့တော့ ပြဿနာပဲဗျာ...."
ချီထားတဲ့ ကလေးကို ကြည့်ပြီး ဒေါ်ထက်ထက်သာက စွတ်ရွတ်ပြောနေတာမို့ စွဲ စိတ်ပျက်သလို ငြီးတွားရင်း အားတုံ့အားနာဖြင့် ပခြုပ်ကို လှည့်ကြည့်လိုက်မိသည်။
"ဘာပြဿနာလဲ စွဲ...မင်းအသာနေစမ်းပါ သူနဲ့မေမေရှင်းပြီးသား...ခုမှ ဘာလာရှုပ်ချင်တာလဲ"
"တော်ပါတော့ မေမေရာ...ပခြုပ်ကို ထင်ရာတွေစွတ်ပြောနေတော့တာပဲ။ သားက ကျွန်တော့်သား...ကျွန်တော်နဲ့ပခြုပ်တို့ရဲ့ ကလေးစစ်စစ်...ကျွတ်...မေမေနဲ့တော့ခက်ကုန်ပါပြီ"
စိတ်လှုပ်ရှားခြင်းတို့ဖြင့် စွဲ မျက်နှာတစ်ခုလုံး နီရဲကာ ရှုံ့တွနေလျက်...။
"ဘာ....မင်းဘာသိလို့လဲ မင်းစွဲဘဏ္ဍာ...မာယာတွေနဲ့ဖြားယောင်းတာကို မင်းက အဟုတ်ကြီးထင်နေတာ။ ဒီမှာ နတ်ပခြုပ်...မင်း ငါ့သားနဲ့ မပက်သက်တော့ပါဘူးလို့ကတိပေးခဲ့တာ မေ့သွားပြီလား။ ဘာလဲ...ငါ့သားမှာ မက်လောက်စရာတွေရှိလာတော့ မင်း ပြန်ကပ်ချင်နေတာလား။ ငါ လုံးဝ သဘောမတူဘူးနော် နတ်ပခြုပ်"
သားအတွက် ဘာကိုမှ မမြင်လောက်အောင် ဒေါသအမျက်ချောင်းချောင်းထွက်လျက် ရန်တွေ့နေသည့် ဒေါ်ထက်ထက်ကို ကြည့်ပြီး ပခြုပ်ငြိမ်သက်နေသည်။
"ခက်နေပါလားဗျာ...ပခြုပ်က ကျွန်တော့်မိန်းမ..သားကလည်းကျွန်တော့်သားပါဆိုမေမေရာ။ မေမေ အထင်မှားနေပြီ။ ပခြုပ် ဗိုက်တစ်လုံးနဲ့ဒုက္ခရောက်ခဲ့တာ ကျွန်တော့်ကြောင့်ပါဗျာ"
"မင်း ငါ့ကို အရူးကွက်လာမနင်းနဲ့ သား။ မေမေအားလုံးသိပြီးပြီ...ဟေ့ နတ်ပခြုပ် ဒီကလေးရဲ့ အဖေအမည်ခံဖို့ ငါ့သားကို လက်ထပ်ခဲ့တာပါဆို...မင်းပဲ ဝန်ခံခဲ့တာ။ ခုမှ အာစေးမိသလိုလုပ်မနေနဲ့ ပြောစမ်း..."
"အန်တီ....စွဲပြောနေတာတွေက အမှန်ပါ...မိခင်တစ်ယောက်အနေနဲ့ အန်တီ ခုလိုဖြစ်နေတာ ပခြုပ်နားလည်ပါတယ်...တကယ်တော့ သားလေးက အန်တီသားရဲ့ကလေးပါ အန်တီမယုံရင် ဒီအင်န်အေ စစ်ကြည့်လိုက်ပါ။ အားလုံးက မထင်မှတ်တဲ့ ကံကြမ္မာကြောင့် ဖြစ်ကုန်တာ"
လေပြည်လေးနဲ့ ပြောလိုက်တဲ့ ပခြုပ်စကား အဆုံးမှာ ဒေါ်ထက်ထက်သာ မျက်မှောင်ကြီးကျုံ့သွားကာ၊
"ငါ့သားပြန်ရောက်လာလို့ ညည်းလာလိမ်နေတာမို့လား အဟင်း...ထက်ထက်သာက အယုံလွယ်တဲ့မိန်းမ မဟုတ်ဘူး။ မင်းတို့ညီအစ်မတွေပဲ ပြောခဲ့တာလေ...ဘယ်ယောကျ်ားနဲ့မှန်းမသိတဲ့ ကလေးကို ငါ့သားကလေးလို့ ညည်းတို့ပြောချင်တာလား။ ညည်းကိုယ်တိုင်ဝန်ခံခဲ့တာကို ညည်းမေ့နေပြီလား နတ်ပခြုပ်"
"ပခြုပ် မမေ့ပါဘူး အန်တီ...သားလေးက စွဲရဲ့သားသာ မဟုတ်ခဲ့ရင် အန်တီပြောခဲ့သလို အန်တီတို့နဲ့ပက်သက်ဖို့လည်း မရှိပါဘူး...ခုဟာက"
"ဘာလဲ...ငါ့သားရဲ့ကလေးပါလို့ ညည်းက ပြောချင်တာလား....တတ်လည်းတတ်နိုင်ပါ့အေ။ ဒါပေမယ့်...ညည်းတစ်ခုမှတ်ထား...ညည်းတို့ဘာပြောပြော ငါမယုံဘူး။ ပြီးတော့ ဒီကလေးကိုလည်း ငါ့သားရဲ့ကလေးလို့လုံးဝ အသိအမှတ်မပြုနိုင်ဘူး"
"မေမေ့...."
စွဲရဲ့ တားဆီးသံကြီးက ဟိန်းထွက်သွား၏။ မတားလို့လား မရတော့ပါ...မေမေပြောဆိုနေသမျှ ပခြုပ်အတွက် နစ်နာစရာတွေချည်းပါ။ အဆင်ပြေရုံရှိသေးတယ် ပခြုပ်နဲ့သူ ကွဲသွားနိုင်သည်။
"မင်း ဘာသိလို့လဲ စွဲ....သူ့ညီမ ပြောလို့ မေမေအားလုံးသိပြီးပြီ...ပြီးတော့ သူကိုယ်တိုင်မေမေ့ကို ဝန်ခံခဲ့တာ။ ကလေးအမည်ခံဖို့ သားကို လက်ထပ်ခဲ့တာတဲ့။ မင်းတို့ ကွာရှင်းပြီးနေမှာ...ဘာဇယားတွေလာရှုပ်ကြတာလဲ"
မေမေနဲ့တော့ ပြဿနာ။ ပခြုပ်ကို မနည်းခေါ်ခဲ့ရတာ...ခုတော့ မေမေစည်းကြိုလိုက်ပုံကြောင့် ရှင်းရတော့မည်။ မြရွှေကြုတ်ရဲ့ စနက်က ခုချိန်ထိ မငြိမ်းနိုင်သေးပါလား။
"ကျွန်တော် ရှင်းပြတာလေးကို ခဏလေးနားထောင်ပေးပါ.."
"မရှင်းနဲ့....ဘာမှ ရှင်းဖို့မလိုဘူး စွဲ။ မင်းကို မေမေ အပြတ်ပြောပြီးပြီနော်...ဒီလိုမိန်းကလေးမျိုးနဲ့မေမေ့သားကို မေမေသဘောမတူနိုင်ဘူး သား"
မျက်နှာတစ်ပြင်လုံး ပူထူသွားရပြီး ဒေါ်ထက်ထက်သာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။ လိုက်လာမိတာကို နောင်တမရပေမယ့် ပြင်းထန်တဲ့စကားလုံးလက်နက်တွေက ပခြုပ်ရဲ့မာနကို တိုက်ရိုက်လာထိ၏။ ခေါင်းမော့လိုက်ကတည်းက ဒေါ်ထက်ထက်သာကို ရင်ဆိုင်ဖို့။ ပြန်လှန်ပြောဖို့ ပါးစပ်ပြင်လိုက်စဥ်...ပခြုပ်ရဲ့ လက်တစ်ဖက်မှာ တင်းခနဲခံစားလိုက်ရတာမို့ ပခြုပ်မော့ကြည့်တော့ စွဲ။ လက်ဖဝါးလေးကို အားနဲ့ဖျစ်ညှစ်လိုက်ပုံက ပြောထွက်တော့မဲ့စကားလုံးတွေကို လည်ချောင်းဝတွင် တစ်ဆို့သွားစေသည်။ သူက ပခြုပ်ကို မကြည့်...။ သူ့အမေကို စူးနစ်စွာစိုက်ကြည့်လျက်၊
"ပခြုပ်ကို အဲဒီဘဝရောက်အောင် လုပ်ခဲ့တဲ့ကောင်က မေမေသား ကျွန်တော်ပဲ...ကျွန်တော် တာဝန်မယူခဲ့လို့ ခုလို မေမေပြောစရာဖြစ်ခဲ့တာ...အားလုံးက ကျွန်တော့်အမှားကြောင့်ပါ မေမေ။ အရက်သောက်ပြီး ချစ်သူမိန်းကလေးကို အခွင့်အရေးယူခဲ့တဲ့ ကျွန်တော်...တကယ်တော့ ပခြုပ်က နစ်နာခဲ့တဲ့ သူပါ။ မေမေ သူ့ကို အပုပ်မချပါနဲ့တော့ ကျွန်တော် တောင်းပန်ပါတယ်...အပြစ်ရှိတဲ့သူက ကျွန်တော်ပါ"
"ဘာ....ဘာပြောလိုက်တယ် မင်းစွဲဘဏ္ဍာ..."
စွဲ သူမလက်လေးကို ဆုပ်ကိုင်ရင်း အသက်အောင့်ပစ်လိုက်မိသည်။
"ပခြုပ်ကို မြရွှေကြုတ်နဲ့မှားပြီး ကျူးလွန်ခဲ့တာ ကျွန်တော်ပါ မေမေ...ပခြုပ်က ဘယ်သူမှန်းမသိပဲ တဖက်သတ် နစ်နာခဲ့ရတာပါ"
"မင်းစွဲဘဏ္ဍာ...မင်း"
ဒေါ်ထက်ထက်သာ သားဖြစ်သူကို ကြည့်ပြီး ဘာပြောရမှန်းပင်မသိတော့။ အပြစ်ရှိလို့ရိုက်ပုတ်ဆုံးမလိုက်ရတော့မလား။ ဒါမှ မဟုတ်ရင် ပြင်းပြင်းထန်ထန်ပြောဆိုပစ်ရမလား။ တဖက်မိန်းကလေးအပေါ် သူမ လွန်ခဲ့မိပြီ။
"ကျွန်တော် အားလုံးရှင်းပြပါ့မယ် မေမေ..."
စွဲ ရှင်းပြတော့ ဒေါ်ထက်ထက်သာတစ်ယောက် ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိထားရ၏။
"အမလေး....ကံကြီးပေလို့သာပေါ့....မဟုတ်ရင် ငါ့မြေးလေးအဖြစ်က မတွေးရဲစရာပါလား။ အင်း....သားကိုလည်း မေမေအပြစ်မတင်ချင်တော့ပါဘူး။ သမီး...ပခြုပ်အပေါ် မေမေမှားခဲ့တယ်ကွယ်။ မေမေ့ကို ခွင့်လွှတ်ပေးပါ...သားဇောကြောင့် မေမေ သမီးအပေါ်မတရားခဲ့ဘူး"
မြေးလေးကို ရင်ခွင်ထဲ ထည့်လျက် သူမရှေ့မှာ မျက်လွှာချကာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေသည့် ချွေးမဖြစ်သူကို တောင်းပန်လိုက်မိသည်။ ခံပြင်းနာကြည်းစိတ်တို့နဲ့ လှည့်မကြည့်ခဲ့တာ။ ပခြုပ်တို့မိသားစုနဲ့ပက်သက်ပြီး နားမထောင်ခဲ့တာ တကယ်တော့ အညာခံရတယ်ဆိုပြီး ရင်ထဲ မချိအောင်ခံစားခဲ့ရလို့။ သူမရှေ့မှာ ပုံ့ပုံ့လေးထိုင်နေတာ ကြည့်စမ်းပါဦး...ကျက်သရေရှိလိုက်တာ။ အပြာရောင်ဝမ်းဆက်လေးနဲ့ ဆံပင်ရှည်တွေကို ကျစ်စံမြီး တစ်ချောင်းတည်းကျစ်ချထားသဖြင့် နဖူးလေးက ပြောင်ရှင်းလျက် ဝင်းမွတ်နေသည့် မျက်နှာလေးက ကျက်သရေ ရှိရှိလေးလှနေသည်။ ကလေးအမေဆိုပေမယ့်...ဟိုးတုန်းကထက်ပိုလှလာလိုက်တာ။
"ပခြုပ် နားလည်ပါတယ် အန်တီ...ပခြုပ်ကိုယ်တိုင်မိခင်တစ်ယောက်မို့ အန်တီ့သားအပေါ်ထားတဲ့ မေတ္တာကို ပခြုပ်ကိုယ်ချင်းစာနိုင်နေပါပြီ"
စကားသံလေးက ဟိုးအရင်ကလို ညက်ညက်ညောညောလေးနှင့် အေးဆေးတည်ငြိမ်ဟန်အပြည့်။
"သမီးလို စိတ်သဘောပြည့်ဝတဲ့မိန်းကလေးကို မေမေ မတရားပြောခဲ့မိပြီ။ မြေးလေး...ဘွားဆီလာပါဦးကွယ်"
ပခြုပ်ရင်ခွင်ထဲကနေ သားက ခေါင်းခါပြနေတာမို့ မေမေမျက်နှာပျက်သွားတာကို သူ မြင်လိုက်ရသည်။
"အဲဒါ သားဘွားဘွားရေ သားရဲ့....ဘွားဘွားဆီသွားလိုက်ဦး"
သားက မျက်လုံးဝိုင်းလေး နဲ့ သူ့ကို မော့ကြည့်ပြီး မေမေ့ကို လှမ်းကြည့်ကာ၊
"ဖေဖေရဲ့မေမေမို့လား....ဖေဖေ"
"ဟုတ်တယ် ဖေဖေရဲ့အမေ သားရဲ့ဘွားဘွား...ဘွားဘွားဆီသွားလိုက်သား"
"ဟုတ်ကဲ့.."
သားက သူ့စကားကို နားထောင်ကာ ပခြုပ်ဆီကနေ မေမေ့ဆီသွားတော့မေမေက မြေးဖြစ်သူကို ဆီးပွေ့ရင်းသား ပါးလေးနှစ်ဖက်ကို နမ်းရှိုက်လိုက်၏။
"ဘွားဘွားကြီး..."
"အေ...မြေးလေး ပြောလေ...ကြည့်စမ်းပါဦး ငါ့မြေးလေးက သေချာကြည့်မှ မြေးဖေဖေငယ်ငယ်ကနဲ့တစ်ပုံတည်း.."
ဒေါ်ထက်ထက်သာတစ်ယောက် စောစောက စေ့စေ့မကြည့်မိခဲ့တဲ့မြေးကို သေချာကြည့်ကာ မှတ်ချက်ချ၏။ သူမ အတ္တကြောင့် ဒီလောက်ချစ်စရာကောင်းတဲ့မြေးလေးကို ပစ်ထားလိုက်မိတာ နောင်တရနေမိသည်။
"မြရွှေကြုတ်...ကြည့်စမ်းပါဦး...သူ့ကြောင့် မေမေ့မြေးလေးနဲ့မေမေဝေးနေရတာ။ ပခြုပ်ရယ်...မေမေ့ကို ဘာလို့ညာခဲ့ရတာလဲ။ အဲဒီတုန်းက ရှင်းပြလိုက်ရင် ပြီးနေတာကို"
အပြစ်တင်တာ မဟုတ်ပေမယ့် မချိတင်ကဲဆိုမိသည်။
"သမီး ကိုယ်တိုင် မသိခဲ့လို့လားကွယ်"
"ခွင့်လွှတ်ပါ မေမေ....အဲဒီတုန်းက ပခြုပ် သူ့ကို စိတ်နာနေခဲ့တာ။ ညီမလေးပြောပြလို့ သူ့သားဆိုတာ သိပြီးပါပြီ။ ဒါပေမယ်...သူ့ကို မုန်းနေတော့ သူ့ကလေးဆိုတာကို တစ်သက်လုံးမသိစေရဘူးဆိုပြီး ပခြုပ် မြိုသိပ်ထားလိုက်တာပါ။ သားကို ပခြုပ်တစ်ယောက်တည်း စောင့်ရှောက်မယ်ဆိုပြီး ဖုံးကွယ်ဖို့ဆုံးဖြတ်ထားတာ"
"ဖြစ်မှ ဖြစ်ရလေ....မြရွှေကြုတ်...မြရွှေကြုတ် သူ့ကြောင့် မေမေ့မြေးနဲ့ချွေးမကို ဆုံးရှုံးရတော့မလို့။ ဒီကလေးမလေးက အတော် ဆိုးတာပဲကွယ်..."
"ညီမလေးလည်း ခုဆိုလိမ္မာနေပါပြီ မေမေ...သူ့ကို ခွင့်လွှတ်ပေးပါနော် ပခြုပ်တောင်းပန်ပါတယ် "
"ဟင်း...မေမေ ခွင့်လွှတ်ပါတယ် သမီးရယ်"
စိတ်သဘောထားပြည့်ဝတဲ့ ချွေးမကို ဒေါ်ထက်ထက်သာ စေ့စေ့ကြည့်နေမိသည်။ မျက်နှာလေးက အေးချမ်းသလောက် မနောလေးလည်းပြည့်ဝ၏။ သားရှင်းပြတာကို သူမအကြွင်းမဲ့ယုံလိုက်ပါပြီ။ မြေးလေးရဲ့မျက်နှာလေးကိုစေ့စေ့ကြည့်လေ ဒါငါ့မြေးဟုတ်ရဲ့လားဆိုတဲ့ သံသယ မြူတစ်မှုန်စာလေးတောင်မရှိခဲ့ပါ။
သားငယ်ငယ်က အတိုင်းချွတ်စွပ်တူနေသည့်မြေးလေး။ ဒီမြေးလေးကို ခြောက်နှစ်လုံးလုံးပစ်ထားမိတဲ့ အချိန်တွေကို နမျောနေမိသည်။
"မြေးလေးနာမည် ဘယ်လိုခေါ်လဲ မြေး"
"ဘုန်းမြတ်သော်ပါ ဘွားဘွား"
"ဘွားမြေးလေးက နာမည်နဲ့လူနဲ့လိုက်တယ်...ဟင်း ဟင်း "
မေမေ ပျော်နေတာကို ကြည့်ပြီး ပခြုပ်ကိုမျက်စိမှိတ်ပြလိုက်တော့ ပခြုပ်က မေမေ မမြင်အောင်မျက်စောင်းလှမ်းထိုးနေတာမို့ သူ ရယ်လိုက်မိသည်။ ခုတော့ အားလုံး အိုကေပြီ။
"မြေးလေးက ခြောက်နှစ်တောင်ရှိနေပြီ သမီး...ရှင်ရောပြုပြီးပြီလား"
မေမေ သတိပေးလိုက်မှ သူ မေ့နေတဲ့အရာကို သတိရသွားသည်။
"ဖေဖေက သူ့မြေးငယ်သေးလို့ မပြုခိုင်းသေးတာ မေမေ။ပြီးတော့ ညီမလေးရဲ့သားကိုလည်း စောင့်နေတာ။ သူတို့ညီအစ်ကိုနှစ်ယောက်ကို ရှင်ပြုပေးဖို့စီစဥ်ထားပါတယ်"
"အေး...ဒါလည်း ဟုတ်တာပဲ။ နောက်သုံးနှစ်လောက်ဆို ရှင်ပြုလို့ရပြီ။ အဲဒီကျရင် ငါ့မြေးကို ဘွားကိုယ်တိုင်စည်းစည်းကားကားနဲ့ တစ်နယ်လုံးမီးခိုးတိတ်လှူပစ်မယ်ဟေ့...ဘယ်လိုလဲ မြေးလေး...ကိုယ်ရင်ဝတ်မယ်မို့လား"
"ဟုတ်ကဲ့ ဘွားဘွား...သားသား မြင်းကြီးစီးပြီး ရှင်ပြုချင်တယ်"
အတိုင်အဖောက်ညီနေသည့် မြေးအဘွားတွေ။ သားကလည်းငယ်ပေမယ့် အကင်းပါးတော့ အဆင်ပြေနေသည်။
"ဒါနဲ့ ပခြုပ်....မင်းညီမ ကလေးက ဘယ်အရွယ်ရောက်ပြီလဲ.."
"သုံးနှစ်"
"သြော်....ကိုဟိန်းစိုးကြီးတောင် ကလေးရနေပြီပဲ။ သူတို့က ဒီမှာပြန်လှူမှာတဲ့လား ပခြုပ်"
"မလှူလို့ရမလား...ဖေဖေက သူ့မြေးတွေကို သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီးရှင်ပြုပေးမယ်လို့ကြေညာပြီးသား...ကိုဟိန်းစိုးကလည်း လက်ခံတယ်လေ"
"ဟုတ်လား....အင်း ကောင်းပါတယ်။ ကိုယ်ကတော့ သားတို့ညီအစ်ကိုနှစ်ယောက်တည်း မပြုစေချင်ဘူး ပခြုပ်"
"ဟင်...စွဲက ဘယ်လိုဖြစ်စေချင်လို့လဲ"
"ဒီလိုလေ...ပခြုပ်ရဲ့။ အလှူကြီးပေးတာကွာ...ကိုယ်တို့တွေ ရှင်မပြုနိုင်တဲ့ကလေးလေးတွေပါ လှူကြရအောင်။ ဒီနယ်တစ်ဝိုက်မှာ ရှင်မပြုနိုင်တဲ့ကလေးတွေ ရှိမှာပေါ့ အဲဒီကလေးတွေကို ကိုယ်တို့ရှင်ပြုပေးရအောင် ဘယ်လိုလဲ"
"ကောင်းတာပေါ့....ပခြုပ်လည်းသဘောကျတယ်။ သီလရှင်ဝတ်ချင်တဲ့ မိန်းကလေးတွေကိုလည်း သီလရှင်စည်းပေးမယ်။ ပဥ္ဇင်း ဘောင်တက်ချင်တဲ့ သူတွေကိုလည်း လှူကြရအောင် အရမ်းကောင်းတဲ့ အစီအစဥ်ပဲ"
"ဟင်း...ဟင်း...မေမေ့သားနဲ့သမီးကတော့ တကယ့်စိတ်တူကိုယ်တူပဲ။ သားတို့အလှူထဲမှာ မေမေလည်းပါမယ်"
"ဟုတ်ကဲ့ မေမေ...အဲဒါက လှူခါနီးမှ ပြောကြတာပေါ့.."
"အေးအေး...."
"လောလောဆယ် မေမေ့ကို ရည်စူးပြီး မေမေရဲ့ဆန္ဒလေးကို ဖြည်းဆည်းပေးချင်တယ်။ အဲဒါကို ပခြုပ် အကောင်အထည်ဖော်ဖို့ကြိုးစားနေတာ"
"ဘာလဲ ပခြုပ်"
"တခြားတော့မဟုတ်ပါဘူး စွဲ။ စာကြည့်တိုက်လေးဆောက်မလို့။ အားလုံးပြင်ဆင်ပြီးနေပြီ သိလား....ဆောက်ဖို့ပဲ ကျန်တော့တယ်"
"အင်း....ကိုယ့်မိန်းမက သမီးအလိမ္မာလေးပဲကွ။ ကိုယ် ဘာကူညီပေးရမလဲ ပြောလေ"
"အင်း....စာအုပ်တွေလည်းမှာပြီးပြီ...ဘာမှ မလိုတော့ပါဘူး။ ဒါပေမယ့် စွဲလည်းအလှူထဲပါချင်ရင်တော့ မေမေရဲ့ အထိမ်းအမှတ်နေ့မှာ ဘိုးဘွားရိပ်သာကို သွားလှူမလို့ အဲဒီမှာ ဝင်ပါပေါ့"
"အင်း....သမီးလေးက မိဘကျေးဇူးသိတတ်လိုက်တာကွယ်....ကောင်းတယ်သမီး သမီးမေမေကို သမီးကျေးဇူးဆပ်တာ မေမေသာဓုခေါ်ပါတယ်ကွယ်။ မေမေတော့ ချွေးမအလိမ္မာလေးရလိုက်တာပဲ"
မျက်ရည်တွေဝေ့သီနေသည့် ပခြုပ် လက်လေးကို သူဆုပ်ကိုင်ရင်း အားပေးနှစ်သိမ့်လိုက်မိသည်။ မငိုပါနဲ့ ပခြုပ်ရယ်...မင်းမျက်ရည်တွေကို ကိုယ်မမြင်ရက်သလို မင်းအမေလည်း စိတ်ကောင်းမှာမဟုတ်ဘူး။ စိတ်ချပါပခြုပ်....မင်းနားမှာ ကိုယ်တစ်သက်လုံးရှိနေမှာပါ။ မင်းရဲ့ သောကတွေ ပူလောင်ခြင်းတွေကို မျှဝေခံစားရင်း မင်းမျက်ရည်တွေကို ကိုယ်သုတ်ပေးနေမှာပါ ပခြုပ်ရယ်။
ခင်ပွန်းကောင်းပီသစွာနဲ့မင်းရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမှာပါ။ ကိုယ့်ကြောင့် မင်း မျက်ရည်မကျစေရပါဘူး ပခြုပ်။ ကိုယ့်ကြောင့်ပဲ မင်း စိတ်ချမ်းသာစေရပါမယ်ကွာ။ ယနေ့မှစ...နောင်နှစ်ပေါင်းများစွာတိုင် သစ္စာရှိစွာနဲ့သက်ဆုံးတိုင်ချစ်ကြပါစို့။
~~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~
"ကိုကို....ညီ့ကို အဲဒီကားပေးပါလား"
"မင်းလွန်ပြီ ...အာကာ...စောစောကတော့ ဆိုင်ကယ်လိုချင်လို့ဆိုပြီး...မင်း အမျိုးမျိုးမလုပ်နဲ့ သွား...ဆိုင်ကယ်ပဲ စီး"
"သားရေ...ညီလေးလိုချင်တာ ပေးလိုက်လေကွယ်...သားကအကြီးပဲ ကိုယ့်ညီလေးကို အလျော့ပေးမှပေါ့"
ကလေးနှစ်ယောက်ငြင်းခုန်နေတာကို မီးဖိုထဲကနေ ကြားနေရတာမို့ ပခြုပ်ထွက်လာပြီး ပြောလိုက်သည်။ အပြင်မှာ ဘယ်သူမှ မရှိဘူးထင်နေတာ စွဲနဲ့ကိုဟိန်းစိုးက ခေါင်းချင်းဆိုင်ပြီး ဘာတွေတိုင်ပင်နေမှန်း မသိ။ ဘယ်လို အဖေတွေလည်း မသိ...ကလေးတွေကို လှည့်မကြည့်ပဲ သူတို့ဟာနဲ့သူတို့ အလုပ်များနေသည်။
မနေ့က စာကြည့်တိုက်ဖွင့်ပွဲကျင်းပခဲ့တာ။ အနီးအနားရွာတွေအပါအဝင် ကိုယ့်ရွာထဲကို ဝက်သားနဲ့ကြက်သား ကျွေးပြီး ဖွင့်ပွဲလုပ်ခဲ့သည်။ ပွဲလေးက အတော်စည်းကားသွားသလို အားလုံးကလည်း ပညာအလင်းကို သဘောကျကြ၏။ ရွှေကြုတ်တို့လည်း စာကြည့်တိုက်ဖွင့်ပွဲ မကျင်းပခင် တစ်ရက်ကြိုပြီး ရောက်နေတာ။ ခုဆို သူမတို့အိမ်လေးက မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့သာယာ စိုပြေနေလေပြီ။
ဒီနေ့တော့ မေမေရဲ့နှစ်ပတ်လည်နေ့မို့ မနက်က ရိပ်သာကို သွားလှူခဲ့ပြီးပြီ။ ရွှေကြုတ်နဲ့ ညနေစာအတူတူချက်နေစဥ် ကလေးတွေကို သူတို့အဖေတွေနဲ့ထားလိုက်တာ ခုတော့ သူတို့က ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေသည်။
"အကြီးဖြစ်တိုင်း အလျော့ပေးရမှာလား မေမေ။ သားကတော့ မပေးနိုင်ပါဘူး ။ ညီက အရမ်းလွန်တယ်...ဟိုအရုပ်လိုချင်ဒီအရုပ်လိုချင်နဲ့"
"ညီလေးလိုချင်တာသားကပေးလိုက်လေ..ကိုယ့်ညီလေးကို အဲဒီလိုအနိုင်မကျင့်ရဘူးနော်...မေမေ ဘာပြောထားလဲ သော်"
ပခြုပ် ပြောဆိုနေတော့ စွဲနဲ့ ကိုဟိန်းစိုးက ကြည့်နေတာ ဘာမှ ဝင်မပြော။
"မေမေပြောထားတာ သားသိပါတယ် မေမေ။ ဒါပေမယ့် ညီကို အရုပ်တွေအရင်ရွေးဆော့ခိုင်းထားတာ။ သူမကြိုက်တဲ့ဟာကို သားကဆော့ နေတဲ့ဟာ...အဲဒါကို သူက သားဆီက အရုပ်ကို ထပ်လိုချင်နေတာ မေမေ။ မေမေ ပြောသလို ကိုယ့်ညီလေးကို ဦးစားပေးပြီးပြီ။ ဒါကို ဗိုလ်ကျချင်လို့တော့မရဘူး"
"ဟဲ့....သား....မင်း ဘယ်လိုပြောလိုက်တာလဲ"
"သော်ပြောတာ မှန်တယ် မမရယ်...သားက ဆိုးတာကိုး...ထားလိုက် သူတို့ညီအစ်ကိုတွေဆော့ ပါစေ။ သားသော်က သူ့ညီကို အနိုင်မကျင့်ဘူး ရွှေကြုတ်သိတယ်"
"ဟုတ်တယ် ပခြုပ်.. သော်လို စိတ်ဓာတ်မျိုးလေးကို ကိုယ်လည်းသဘောကျတယ်။ သူ ဦးစားပေးသင့်သလောက်ပေးပြီးပြီ ဒါကို ရောင့်တက်လာတာဟာ သက်သက်ဗိုလ်ကျချင်တဲ့စိတ်ဓာတ်ကွ။ သော်လို အစ်ကိုမျိုးနဲ့မှ ကိုယ့်သား စိတ်ဓာတ်ပြောင်းမှာ။ အလိုလိုက်အလျော့ပေးပါများရင်...အကြီးကို အကြီးမှန်းမသိဘဲ ဖြစ်သွားမယ်"
ကိုဟိန်းစိုးကပါ ထောက်ခံနေသည်။
"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်...သားက အလျော့မပေးချင်ဘူး။ ကိုယ့်ထက်ငယ်တဲ့ညီလေးကို ကိုယ့်ကအလျော့ပေးသင့်တာပေါ့"
"အဲဒီလိုအလျော့ပေးခဲ့လို့ ငါ ဘာဖြစ်ခဲ့လဲ မမ။ငါ့သားကို ငါ့လို အဖြစ်မခံနိုင်ဘူး "
ပခြုပ် ငြိမ်သက်သွား၏။ ကိုယ့်တုန်းက အကြီးဆိုပြီးနေရာတကာ အလျော့ပေးခဲ့လို့ ရွှေကြုတ် ဗိုလ်ကျခဲ့သမျှ ခံခဲ့ရတာ မဟုတ်လား။
"အာကာက အငယ်မနဲ့ တစ်ပုံတည်းပဲ... အကြီးအပေါ် ဗိုလ်ကျချင်တယ်။ ကိုယ့်ထင်ရာကို လုပ်ချင်တယ်။ ဒါပေမယ့် သော်က သမီးကြီးကို မတူဘူး။ သမီးတို့ငယ်ငယ်ကဆို ဒီလိုအဖြစ်မျိုး ခဏခဏကြုံခဲ့တာ။ အငယ်မက သမီးကြီးဆီက လုယူပြီး အရုပ်တွေအကုန်လုံးတစ်ယောက်တည်းလိုချင်ခဲ့တာ။ ဒါပေမယ့် သမီးကြီးက အလျော့ပေးခဲ့တယ်။ သော်ကတော့ သမီးကြီးနဲ့စိတ်ဓာတ်လုံးဝမတူဘူးပဲ"
ဖေဖေ ပြောလိုက်တာကို အားလုံးက သဘောပေါက်သလို ပြုံးကုန်ကြသည်။
"အကြီးဖြစ်တိုင်းအလျော့ပေးဖို့မဟုတ်ဘူးကွ..အငယ်တွေလေးစားအောင်နေရမယ်။ အကြီးဆိုတဲ့တာဝန်ယူမှုရှိရမယ်။ အငယ်ကို အလျော့ပေးပြီး အငယ်လုပ်သမျှငြိမ်ခံနေတာ မဟုတ်သေးဘူးလို့ ဖေဖေထင်တယ်။ ခု မြေးသော်က ပထမဆုံး အငယ်ကို ဦးစားပေးရမှာကို သူသိတယ်။ ဒါကြောင့် မြေးအာကာကို စိတ်ကြိုက်ရွေးခိုင်းပြီးပြီ။ အတူတူဆော့နေရင်း သူ့အရုပ်တွေကို လာတောင်းတော့ ပထမတစ်ခါပေးလိုက်တယ်။ ဒါကို မတင်းတိမ်နိုင်ပဲ အငယ်လေးက နောက်ထပ်ထပ်တောင်းလာလို့ မပေးနိုင်တော့ဘူး ပြောတယ်...မြေးအာကာလည်းထပ်မတောင်းရဲတော့ဘူး။ င့ါမြေးနှစ်ယောက်လုံးလိမ္မာကြပါတယ်...။ တစ်ခါတလေမှာ မိဘတွေထက် သူတို့ကလေးချင်းစိတ်ဓာတ်ကို ပြုပြင်သွားတတ်တယ်...မြေးအာကာ သူ့အလိုလိုပြောင်းလဲသွားလိမ့်မယ် သမီး"
"ဖေဖေပြောတာ ဟုတ်တယ် မမ။ အိမ်မှာဆို ဘယ်သူ့စကားမှ နားမထောင်တတ်တဲ့ သားက သော်နဲ့ဆို မီးသေနေတာပဲ။ ကလေးဆိုတာ အဲဒီလိုကြောက်ရမဲ့သူရှိမှ"
အားလုံးက ဝိုင်းထောက်ခံနေတော့ ပခြုပ်ပြောခွင့်မသာတော့ပါ။ သားကို ခေါင်းငုံ့အလျော့ပေးစေချင်လို့ မဟုတ်ပေမယ့် တစ်ခါတလေလာတဲ့ ညီလေးကို အိမ်ရှင်အနေနဲ့ အလျော့ပေးစေချင်တာပါ။ ညီအစ်ကိုတွေ ချစ်ချစ်ခင်ခင်ဖြစ်နေတာပဲ ပခြုပ်မြင်ချင်သည်။ ထမင်းဝိုင်းရောက်တော့ ကိုဟိန်းစိုးက စကားစလာ၏။
"ညီ....မင်းတို့ လုပ်ငန်းကဘယ်တော့လောက်အကောင်အထည်ဖော်မလဲကွ"
"ဘာအလုပ်လဲ စွဲ..."
ပခြုပ် မေးလိုက်တော့ စွဲက နှုတ်ခမ်းနားရောက်နေသည့်ထမင်းလုတ်ကို အောက်ပြန်ချလိုက်ကာ၊
"ကိုယ်တို့သူငယ်ချင်းတွေစုပြီး အီလက်ထရောနစ်စင်တာတစ်ခုလုပ်မလို့..."
"ဘယ်တော့လောက်လုပ်မလဲ စွဲ"
"နောက်တစ်ပတ်ဆို ကိုယ့်သူငယ်ချင်းတစ်ယောက်ပြန်ရောက်လာတော့မယ်။ သူရောက်တာနဲ့ လုပ်ငန်းစရမှာပေါ့။ ကိုယ်တို့ ဟိုမှာနေဖို့အားလုံးစီစဥ်ပြီးပြီ...အဲဒါ အဖေ့ကို ခွင့်တောင်းစရာရှိလို့"
ဖေဖေကို လှမ်းကြည့်လိုက်ပြီး ပခြုပ်မျက်လုံးပြူးသွားရသည်။
"ဘာလဲ စွဲ...ဘာခွင့်တောင်းမလို့လဲ....သမီးကြီးနဲ့မြေးက မင်းမိသားစုပဲ ခေါ်သွားပါ အဖေ ဘာမှ ပြောစရာမရှိပါဘူး"
ပခြုပ် ရင်ထဲ ဆို့နစ်သွားရသည်။
"မဟုတ်ဘူး အဖေ...ကျွန်တော် သားနဲ့ပခြုပ်ကို ခေါ်သွားမှာ ဟုတ်တယ်။ကျွန်တော်ခွင့်တောင်းချင်တာက...အဖေ့ကိုပါ ကျွန်တော်တို့နဲ့ခေါ်သွားချင်တာ။ အဖေတစ်ယောက်တည်း မထားခဲ့နိုင်ဘူး ပခြုပ်ကလည်း အဲဒီလိုအဖြစ်ခံမှာ မဟုတ်ဘူး။ အဖေ ကျွန်တော်တို့နဲ့ ရန်ကုန်လိုက်ခဲ့ပါ"
မထင်မှတ်တဲ့ စကားတွေကြားရတော့ ပခြုပ်ရင်ထဲ ကြည်နူးသွားရပြီး စောစောက ဝမ်းနည်းစိတ်တွေပျောက်ရှကုန်သည်။ စွဲကိုလည်း အားကိုးအထင်ကြီးစိတ်တွေ ပိုတိုးသွား၏။ ရှင် ပခြုပ်အတွက် အမြဲတမ်းတွေးပေးတယ်နော် စွဲ။ပခြုပ် ရှင့်အချစ်တွေကို တွန်းလှန်ဖို့ အင်အား ကြာလေ မရှိလေပါလား စွဲရယ်။
"စွဲပြောတာကို ကျွန်တော်လည်း ထောက်ခံတယ် အဖေ။ ကျွန်တော်တို့အိမ်မှာလည်း အဖေစိတ်ကြိုက်နေလို့ရတယ်..."
"ဟုတ်တယ် ဖေဖေ...အစောကြီးထဲက သမီးက ဖေဖေ့ကိုခေါ်ထားချင်တာ။ ဖေဖေက မမကို စိတ်မချဖြစ်နေလို့သာ။ ခုဆို မမအတွက်ဘာမှပူစရာမလိုတော့ဘူးလေ...သမီးတို့နဲ့လိုက်နေပါ"
"ဒီက အလုပ်တွေအတွက်မပူပါနဲ့ အဖေ...အဖေ့တူတွေနဲ့ လွှဲထားခဲ့မယ်။နောက်ပြီးတော့ ကျွန်တော်လည်း ပစ်မထားပါဘူး။ နှစ်ပတ်တစ်ခါလောက်ပြန်ကြည့်မှာပါ။ ပခြုပ်ကိုလည်း အလုပ်ထွက်စေချင်တယ်။ မဟုတ်ရင်...ကိုယ်တို့မိသားစု တစ်ကွဲတပြားဖြစ်နေမှာ။ ပခြုပ်ကို ဘယ်လိုမှ မထားခဲ့နိုင်ဘူး"
အလုပ်ထွက်ရမယ်တဲ့။ ကလေးတွေအပေါ် ပခြုပ်တွယ်တာသလို ကျောင်းကြီးကိုလည်း မခွဲချင်ပါ။
"ပခြုပ် စဥ်းစားပါရစေဦး"
ပခြုပ် ရဲ့ အဖြေစကားကို အလိုမကျပေမယ့် အားလုံးက အလိုက်တသိနဲ့ဘာမှ ဆက်မပြောကျတော့။
~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~
"ခဏလေး စွဲ....ပခြုပ် အိပ်ယာခင်းပေးမယ်။ ဒီမှာ သားက အိပ်ခါစမို့"
အိပ်ယာပေါ် တစောင်းလေးလှဲရင်း သားကို သိပ်နေသည့် ပခြုပ်၊ သူဝင်လာတာကိုမြင်တော့ အပြုံးချိုချိုလေးနှင့်ဆိုလာ၏။သူ့မျက်နှာ အီလည်လည်ကြီးဖြစ်သွားတာကို သတိမထားမိတာလား၊ ဒါမှမဟုတ် တမင်မမြင်ဟန်လုပ်နေသလား မသိ။ အကြောင်းပြချက်မျိုးစုံဖြင့် သူ့ကိုအိပ်ခန်းထဲဝင်ခွင့်မပေးခဲ့။ အားလုံးအိပ်ကုန်ပြီဆိုမှ ဘုရားခန်းရှေ့မှာ အိပ်ယာပြင်ပေးတဲ့ ပခြုပ်။
"ဘယ်အချိန်အထိ ကိုယ်က အပြင်မှာအိပ်ရမှာလဲ ပခြုပ်..."
ရှူသိုးသိုးမျက်နှာကြီးကိုကြည့်ပြီး ပခြုပ်ပြုံးလိုက်မိသည်။
"မင်းအကြောင်းမျိုးစုံပြကြီး ကိုယ့်ကိုရှောင်နေတာ မသိဘူး ထင်နေသလား။ ဒီညတော့ အပြင်ထွက်ပြီး လုံးဝမအိပ်နိုင်ဘူး"
အပေါ်ထပ်တစ်ခုလုံးမှာ သူနဲ့ပခြုပ်တို့သားအမိသာရှိသည်။ ရွှေကြုတ်တို့မိသားစုက ရွှေကြုတ်နေခဲ့တဲ့အခန်းမှာ။ ဖေဖေကလည်း သူ့အခန်းနဲ့သူ။
"တိုးတိုးပြောပါ စွဲရယ်...ဖေဖေတို့ကြားသွားပါ့မယ်"
ကြိတ်ဆူနေသည့် ပခြုပ်ကို အလိုမကျသလို စိုက်ကြည့်ရင်း ခြေရင်းဘက်ကနေ ပတ်သွားကာ ပခြုပ်နောက်ဘက်မှာ ဝင်လှဲအိပ်လိုက်ပြီး နောက်ကနေ သိုင်းဖက်ပစ်လိုက်သည်။
"အို...ဘယ်လိုလုပ်နေတာလဲ။ တစ်ယောက်ယောက်မြင်သွားလိမ့်မယ်...ထပါ စွဲရယ်"
"ကိုယ့်မိန်းမနဲ့ သားနားမှာတောင် နေခွင့်မရှိတော့ဘူးလားကွာ"
ပခြုပ်က သူ့ဖက်ထားတဲ့လက်ကို ဖယ်ချပစ်ဖို့ရုန်းနေရင်း၊
"မဟုတ်ဘူးလေ စွဲရယ်...ဖေဖေ မြင်သွားရင်မကောင်းဘူးကွာ"
"မရဘူး...ဘယ်သူမြင်မြင်ကွာ"
နောက်ကနေ ထင်တိုင်းနှိပ်စက်နေတော့ ပခြုပ် ရုန်းဖယ်ပစ်လို့လည်းမရ။အလွယ်ထုံးဖွဲ့ထားသည့် ဆံထုံးလေးလည်း ပြေကျသွားရပြီး ဂုတ်သားလေးကို ထိကပ်နမ်းနေလျှင်၊
"ယားတယ်... စွဲနော် ဖယ်စမ်းပါ သားနိုးသွားလိမ့်မယ်"
ကိုယ်ဝန်ကြီးနဲ့တုန်းက ခုတင်တစ်လုံးထဲ အတူတူအိပ်ခဲ့ဖူးပေမယ့် ခုလိုနီးနီးကပ်ကပ်ကြီးကျတော့ ပခြုပ် ရှက်ရွံ့ပူထူနေသည်။လက်နောက်ပြန် တွန်းပစ်လိုမှ ပိုအဆင်ဆိုးသွားကာ သူ့လည်ပင်းကို ဖက်လိုက်သလိုဖြစ်သွား၏။
"မင်းနားကို ကိုယ်မကပ်အောင် အကြောင်းတွေပြနေတာမို့လား ပခြုပ်။ တစ်ချိန်လုံး ကိုယ့်အပေါ် မာနတွေစွတ်ပြနေတော့တာပဲနော်။ ကိုယ့်အပေါ် ခုချိန်အထိ မကျေနပ်နိုင်သေးဘူးလား..ဟင် ပြောစမ်းပါ။ ကိုယ် ဒီလောက်ချစ်ပြနေတာ မယုံသေးဘူးလား ပခြုပ်ရယ်"
ပခုံးလေးကနေ ဆွဲလှည့်ပစ်လိုက်တော့ ပက်လက်လေးဖြစ်သွားတဲ့ ပခြုပ်ကို တံတောင်တစ်ဖက်ထောက်လျက် ငုံ့မိုးကြည့်နေတာမို့ ပခြုပ် သူ့မေးဖျားလေးကို နမ်းလိုက်ကာ၊
"ပခြုပ် ရှင့်အပေါ်ယုံကြည်စိတ်နဲ့အမြဲတမ်းအားကိုးအထင်ကြီးခဲ့တာကို ရှင်မှမသိပဲ"
"အဟွန်း...ချစ်တယ်လို့ပြော အပိုတွေမပါနဲ့"
ပခြုပ် ရယ်မောလိုက်ရင်း၊
"သိနေတာပဲ မပြောချင်ပါဘူး ရှက်စရာကြီး"
"မရဘူး...သိနေပေမယ့် ဟောဒီနှုတ်ခမ်းလေးကအဖြေကိုကြားချင်တာ...ပြောကွာ"
ပခြုပ်က မဖြေပဲ သူ့ရင်ခွင်ထဲခေါင်းဝှက်နေလျှင် စွဲ အသည်းယားကာ ပက်လက်လှဲချလိုက်ပြီး သူမကိုယ်လေးကိုရင်ဘတ်ပေါ်ဆွဲတင်ပစ်လိုက်သည်။
"အဲဒီလောက်တွန့်တိုစရာလိုလို့လား..မင်းအချစ်ကို တစာစာတောင်းခံနေတဲ့ ဒီကောင်ကိုမသနားတော့ဘူးလား။ သားလူပျိုဖြစ်တဲ့အထိ မိန်းမဆီကအဖြေတောင်းနေရမယ်ထင်ပါတယ်"
နှစ်ယောက်ကြားပိနေသည့် ဆံပင်တွေကို ကိုယ်လေးကြွလျက်ထုတ်ယူရင်း သူ့ရင်ဘတ်ပေါ်တင်လိုက်ကာ မျက်လုံးအပြူးသားလေးနဲ့သူ့ကိုကြည့်နေသည့် ပခြုပ်ရဲ့ပါးလေးကိုဖျတ်ခနဲနမ်းသည်။
"ဖြေကွာ...ဒီမှာစောင့်နေတာ၊ မဖြေလို့ကတော့ တစ်ညလုံး နှိပ်စက်ပြမယ် မင်းမအိပ်ရဘူးမှတ်"
"သွား...လူကိုအနိုင်ကျင့်နေတယ်"
ပခြုပ် မျက်နှာလေးရဲသွားပြီး သူ့ရင်ဘတ်ကိုလက်သီးဆုပ်လေးနဲ့ထုပစ်လိုက်ရင်း မျက်စောင်းလေးထိုးလိုက်၏။
"ကြာတယ်ကွာ...သုံးအထိရေလို့မှ မဖြေရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေအောင်လုပ်ရတော့မယ်"
ရင်တွေတဒိန်းဒိန်းခုန်ကာ ပခြုပ် ပြောထွက်ဖို့ဝန်လေးနေရသည်။
"တစ်..."
"တော်...မရေနဲ့ ကလေးကျနေတာပဲ"
"ကြည်ကြည်သာသာလေးဖြေလိုက်ပါလား..ဒါဆို ကိုယ်လည်းရေစရာမလိုတော့ဘူး"
"ချစ်တယ်..."
တိုးလျပေမယ့်ကြည်လင်နေသည့်အသံလေးကနှလုံးသားတစ်ခုလုံးပူနွေးလှိုက်ခုန်သွားသည်။
"မကြားလိုက်ဘူး...ပြန်ပြော"
"ရှင် မညစ်နဲ့...သွား...တော်ပြီ"
ရင်ဘတ်ပေါ်ကနေ ရုန်းထတော့ စွဲ ပြန်ဖိဖက်ထားကာ၊
"ရပါတယ် ခင်ဗျားက တကယ်မှမချစ်ပဲ...သိလိုက်ပါပြီ"
"အဲဒါ ဘာဖြစ်တာလဲ စွဲနော်..."
"ဟုတ်တယ်လေ တကယ်ချစ်တဲ့သူတွေကကိုယ့်ယောကျ်ားကိုချစ်တယ်ပြောတာ ခင်ဗျားလိုစွံ့အမနေဘူး"
"တကယ်ချစ်တာကို မယုံလည်းနေ..ဖယ်"
"အဟွန်း..."
သူ သဘောကျစွာရယ်လိုက်ရင်း မျက်နှာချင်းဆွဲကပ်ပစ်လိုက်သည်။
"သားလေးက ရှင့်သားဆိုတာကို ဘယ်လိုသိတာလဲဟင်စွဲ ညီမလေးပြောပြတာလား"
သူ့လက်မောင်းပေါ်ခေါင်းအုံးကာ ရင်ခွင်ကျယ်ဝယ်မျက်နှာကပ်လျက် ပခြုပ် တိုးတိုးလေးမေးလိုက်၏။စွဲ...သူမနဖူးလေးပေါ်အနမ်းခြွေလိုက်ကာ၊
"မဟုတ်ဘူး...မင်းနဲ့လက်ထပ်ပြီး ကိုယ်မင်းအကြောင်းတွေအားလုံးစုံစမ်းတယ်။ ချစ်သူရည်းစားမရှိပဲ ဒီပြဿနာပေါ်လာတာ ဖြစ်မှမဖြစ်နိုင်တာ။ ကိုယ့်သံသယတွေကိုဖြစ်စေတာက မင်းကိုကိုယ်နမ်းလိုက်မိတဲ့နေ့က။ အဲဒီမှာ ကိုယ့်စွဲလမ်းခဲ့တဲ့သနပ်ခါးရနံ့လေးကိုမင်းဆီကရတယ်လေ။ပြီးတော့ ကိုယ့်ဆီပါလာတဲ့ ပန်းပွင့်လေးတစ်ပွင့်ကမင်းအမေလာပေးတဲ့ဂါဝန်က ပန်းပွင့်လေးတွေနဲ့အတူတူပဲ...။အဲဒီညလွန်မြောက်ပြီးတော့ ကိုယ်မြရွှေကြုတ်ကိုလက်ထပ်ခွင့်တောင်းခဲ့တာ၊ဒါပေမယ့် ရွှေကြုတ်ကဘာမှမသိဘူး။ကိုယ်ပြောတာတွေလည်း သူနားမလည်ခဲ့ဘူးလေ။ အားလုံးကိုဆက်စပ်ကြည့်လိုက်တော့ အဖြေကရှင်းနေတာပဲ မင်းနဲ့ကိုယ်ကျူးလွန်ခဲ့တယ်ဆိုတာ။ တကယ်တော့...ကိုယ်တို့နှစ်ယောက်က ကာရန်တွေလွဲနေခဲ့ကြတာပါ ပခြုပ်ရယ်"
"ဒါဆို...စွဲကအစောကြီးထဲက သိနေတာပေါ့နော်"
"အင်း....အမြဲတမ်းသနပ်ခါးလေးလိမ်းပြီး ထဘီလုံးဝမဝတ်တတ်တဲ့..ဂါဝန်တွေချည်းမချွတ်တမ်းဝတ်တဲ့ ကောင်မလေးကို ရူးရူးမူးမူးစွဲလမ်းရင်းချစ်သွားတာ။ အရမ်းလည်း ပျော်သွားတာသိလား။ ကိုယ်ချစ်တဲ့မိန်းကလေးက ကိုယ့်ရင်သွေးကိုလွယ်ထားတာ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ။ ကမ္ဘာမှာ ကံအကောင်းဆုံးလူသားလို့တောင် ကိုယ့်ကိုယ်ကိုထင်ခဲ့တာ...အဟ...အဲလောက်ထိ ကိုယ်ရူးခဲ့တာကွ"
ကြည်နူးချမ်းမြေ့ခြင်းများစွာနဲ့ သူ့ရင်ဘတ်ကိုနမ်းလိုက်မိသည်။ သူ အဲဒီလောက်အထိချစ်နေတာကို သိရတော့ မယုံရဲသလိုလို။
"မင်း ကွာရှင်းခွင့်တောင်းတုန်းကဆို ကိုယ့်အသည်းတွေမရှိတော့သလိုပဲ...ကလေးအတွက်စိုးရိမ်တာရော မင်းကိုအဆုံးရှုံးမခံနိုင်တာရောပေါင်းပြီး ကိုယ်အရူးကြီးလိုလျှောက်ပြေးချင်တဲ့အထိပဲ။နောက်ဆုံးတော့ မင်းအသက်အန္တရာယ်ဖြစ်မှာကို စိုးပြီး ကိုယ်ရင်အကွဲခံလိုက်ရတာ။ ဟိုကိုရောက်ကာစတစ်ပတ်လောက်ကဘာမှမလုပ်နိုင်ဘူး သိလား။ မင်းနဲ့သားဆီပြန်ပြေးလာချင်စိတ်တွေနဲ့ လုံးထွေးနေတာ။ နောက်တော့ ကိုယ့်စိတ်ကိုယ်ဖြေပြီး အလုပ်ထဲစိတ်နှစ်လိုက်ရတာ။ မင်းကိုလွမ်းတိုင်း မင်းပုံလေးတွေကြည့်ပြီး ကိုယ်ရဲ့ညတွေ၊နေ့တွေကိုဖြတ်သန်းခဲ့ရတာပါ ပခြုပ်ရယ်"
"စွဲရယ်...ရှင် ပခြုပ်ကိုအဲဒီလောက်ထိချစ်သတဲ့လား"
"အဲဒီထက်အများကြီးပိုတာပေါ့....ကိုယ့်ရဲ့အသက်သွေးသားတစ်ခုလိုမင်းကိုချစ်တာ"
မျက်နှာပြင်အနှံ့ကျရောက်လာသည့်အနမ်းများကို ကြည်ဖြူစွာလက်ခံရင်း ပခြုပ်မျက်နှာလေးကို မော့ပေးလိုက်မိသည်။ ရှင့်ထက်မလျော့တဲ့ချစ်ခြင်းတွေနဲ့ ပခြုပ်လည်းချစ်ခဲ့တာပါ စွဲရယ်။ရင်ထဲမှာ တိုးတိုးလေးဆိုညည်းလိုက်တာ လှိုက်လှဲသောချစ်ခြင်းတရားများဖြင့်။
" ကိုယ်လေ...မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ ညလေးတစ်ညကိုဘယ်တော့မမေ့ဘူး။အဲဒီညလေးထဲကို တစ်ခေါက်ပြန်သွားကြစို့လား ပခြုပ်ရယ်"
မွတ်သိပ်သောအနမ်းများကို ငြိမ်သက်စွာခံယူရင်း ကာရန်ညီသည့် ရင်ခုန်သံများဖြင့် နှစ်ကိုယ်တူကြည်ဖြူစွာအပ်နှင်းရင်း.......။
ပြီးပါပြီ။
ထာဝရ
#ဖက်ဖူးစိမ်း