book

Index 60

အပိုင်း(၃၀) Zawgyi

မိုးသည်းည....ကာရန်


~~~~~~~~~~


အနမ်းများကပခြုပ်ရဲ့မျက်နှာပြင်အနှံ့ အညှိုးကြီးသော မိုးလိုတဖွဲဖွဲကျရောက်နေကာ ရုန်းကန်ဖို့အင်အားမဲ့လျက် ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်မကြားရဲ။ မလွန်ဆန်နိုင်သော အထိအတွေ့မှာ ရင်ခုန်သံတို့ကစဥ့်ကလျားဖြင့် သူပြုသမျှနုရသည့်အဖြစ်။ 


အရှိန်အဟုန်နဲ့ရွာနေသည့် ထစ်ချုန်းမိုးက သူ့ရင်ခုန်သံတွေကို သောင်းသောင်းဖျဖျကြိုဆိုနေလေသည်။ မျက်လွှာလေးချလျက် အပျိုဖျန်းလေးတစ်ယောက်လို ရှက်သွေးဖြာနေသည့် ပခြုပ်။ ပါးမို့ဖောင်းဖောင်းလေးတွေက ပန်းနုရောင်ပြေးလျက် အရှက်သည်းနေဟန်က သူ့ရင်ခုန်သံတွေကို မြန်စေသည်။


"ကိုယ့် မင်းနဲ့သားဆီအပြီးပြန်လာတာပခြုပ် ကိုယ့်ရင်ကွဲအောင်တော့ မရက်စက်လိုက်ပါနဲ့ကွာ။ ကိုယ်မှားခဲ့တာကို ဝန်ခံပါတယ် ပခြုပ် အဲဒီညက ကိုယ်မူးနေခဲ့တာ.."


ပြန်ပြောပြဖို့တောင်မျက်နှာပူစရာ။ရည်ရွယ်ချက်က ထက်ကိုတို့အိမ်မှာ သူငယ်ချင်းတွေ ပျော်ကြပါးကြဖို့ ညနေစောင်းထဲက လူစုမိနေကြတာ။ တစ်ညလုံး သောက်စားနေကြပြီးမှ မြရွှေကြုတ်ရဲ့မိဘတွေ မရှိကြတာကို ထက်ကိုပြောလို့သိသွားတော့ ရွှေကြုတ်ကို သွားတွေ့ဖို့ ဝိုင်းမြှောင့်ပေးကြတယ်။ 


ရည်းစားတွေ အများကြီးထားခဲ့ပေမယ့် မိန်းကလေးတွေအပေါ် ဘယ်တုန်းကမှ အခွင့်အရေးယူဖို့ သူစိတ်မကူးခဲ့ဖူးပါ။ ယာမကာလေးကလည်း ရေချိန်ကိုက်နေကြတော့ ဘာမှစဥ်းစားမနေပဲ မြရွှေကြုတ်အိမ်ကို ထွက်လာခဲ့မိတာ။ ထက်ကိုနဲ့ သီဟက ခြံဝအထိလိုက်ပို့ပြီး ပြန်လှည့်သွားကြတော့ သန်းခေါင်ယံကြက်တွန်နေပြီ။ 


ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး မိုးကလည်း သည်းသည်းမည်းမည်းကို ရွာနေခဲ့တာ။ မှောင်မည်းနေတဲ့ အိမ်ကြီးဆီတဖြည်းဖြည်းချည်းကပ်လာပြီး ထက်ကိုပြောလိုက်တဲ့ ဘုရားခန်းဘေးက အခန်းရောက်တော့ ပြတင်းပေါက်တံခါးက ဖွင့်နေခဲ့တယ်။ အထဲကိုချောင်းကြည့်လိုက်တော့ လျှပ်ရောင်အလက်မှာ မြရွှေကြုတ်ကို မြင်လိုက်ရတော့ ကျေနပ်သွားရပြီး ပြတင်းပေါက်ကနေ အခန်းထဲကို တွယ်တက်ကာ သူ့ကိုယ်ပေါ်က မိုးကာကို ပြတင်းတံခါးမှာလွှားတင်ရင်း မြရွှေကြုတ်ကို နိုးဖို့ခုတင်ဆီချည်းကပ်သွားခဲ့မိတာက မှားယွင်းမှုခြေလှမ်းအစဖြစ်သွား၏။


အချိန်အခါ နေရာဒေသနဲ့သောက်ထားတဲ့ အရက်ရဲ့တန်ခိုးကြောင့် သူမဘေးဝင်လှဲအိပ်လိုက်ပြီး ပွေ့ဖက်နမ်းလိုက်မိသည်။ မွှေးမြနေသည့် သနပ်ခါးရနံ့လေးတွေနဲ့ ရင်ခုန်ယစ်မူးဖွယ်အတွေ့မှာ သူ့စိတ်တွေကို သူဖမ်းဆုပ်မရတော့။ ရုန်းကန်ငြင်းဆန်နေသည့် သူမရဲ့အသံ လေးတွေက မိုးသံလေသံကြားဝယ်တိုးဝင်ပျောက်ကွယ်လျက် ရင်ခုန်သံများနှင့်အတူစီးမျောသွားရင်း...။


လင်းပိုင်းရောက်မှ မိုးခြိမ်းသံတွေကြောင့် သူ လန့်သွားသွားခဲ့တော့ နွေးထွေးသည့် ကိုယ်လုံးလေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်လျက်သား။ မိုးလင်းမှ ပြန်ချင်ပေမယ့် ပတ်ဝန်းကျင်က မြင်သွားရင် သူ့ချစ်သူ သိက္ခာကျမှာစိုးကာ သူ ပြန်ထွက်ခဲ့ပေမယ့် စွဲလမ်းနှစ်သက်ဖွယ်သနပ်ခါးရနံ့လေးက အရှိန်မပြေသေးတဲ့ မူးရီရီအာရုံတွေကိုပါ ကြည်လင်သွားစေခဲ့သည်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်စိတ်ကိုထိန်းပေမယ့် မမေ့နိုင်စရာ အဖြစ်လေးနဲ့ သနပ်ခါးရနံ့လေးတွေ သင်းပျံ့နေသည့် သူမကိုယ်သင်းနံ့လေးကို စွဲလမ်းကာ သတိရတသနေခဲ့၏။


"မင်းဆီက ရခဲ့တဲ့သနပ်ခါးနံ့လေးကို ကိုယ်ခုချိန်ထိ စွဲလမ်းနေတုန်းပဲ ပခြုပ်။ အဲဒီအဖြစ်လေးကို ကိုယ်ဘယ်လိုမှမေ့မရခဲ့ဘူး။ အဲဒါတွေကြောင့် ကိုယ်မြရွှေကြုတ်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ ဒါပေမယ့် မင်းညီမက လက်မခံခဲ့ဘူး"


မီးဖိုခုံပေါ်က ဆင်းခွင့်မပေးသလို ဖက်ထားတဲ့လက်တွေကလည်း မြွေတစ်ကောင်လို တင်းကျပ်စွာရစ်ပတ်ထားတာမို့ ပခြုပ်အနေကျပ်နေသလို သူ့ရဲ့ထွက်သက်ဝင်သက်တွေက လည်တိုင်မှာ လာရိုက်ခတ်နေတော့ ပိုဆိုးသည်။ ပြီးတော့... ပခြုပ်ရဲ့ ရင်ဘတ်လှလှလေးနားမှာ သူခေါင်းကြီးဝဲနေတော့ ရှက်စိတ်ဖြင့် ပူထူကာ မျက်နှာကို ဘယ်နားသွားဝှက်ရမှန်းမသိတော့။


"ကိုယ် သွေးဆူလွယ်တဲ့ကောင်မဟုတ်ဘူး ပခြုပ် ဒါပေမယ့် မင်းရဲ့ ကိုယ်လေးကို ပွေ့ဖက်နမ်းရှိုက်မိတော့  ရင်ခုန်သံတွေကို ထိန်းမရတော့ပဲ တပ်မက်စိတ်တွေ အလိုလိုဖြစ်လာခဲ့တာ။ အဲဒါ ဘယ်မိန်းမကိုမှ မဖြစ်ဖူးတဲ့ကိုယ်ရဲ့ သီးသန့်ခံစားမှုပဲ ပခြုပ်"


သူ ရှင်းပြနေတာတွေက ပခြုပ်နားထဲ ဝင်တစ်ချက်မဝင်တစ်ချက်...။ ငုံ့ချထားတဲ့မျက်နှာလေးကို သူမလွတ်တမ်းငေးကြည့်နေတာကို မကြည့်ပဲသိနေသည်။ 


"ကိုယ်နဲ့မင်း ကားပေါ်မှာ ပထမဆုံးဆုံတော့ ကိုယ် မြရွှေကြုတ်နဲ့လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ ပခြုပ်။ ကိုယ့်ရည်ရွယ်ချက်က နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့... ရုတ်တရက် မြ ရွှေကြုတ်အပေါ် အမှားကျူးလွန်မိခဲ့တော့ သူ့ကျု လက်ထပ်ပြီးမှ ဟိုကိုထွက်မယ်ဆိုပြီး ကိုယ်စီစဥ်ခဲ့တာ။ နောက်တော့ ပြဿနာတွေတက်တယ်ပြီး ကိုယ် သူနဲ့ပြတ်သွားတယ်။ ဘာကြောင့်ဆိုတာ မင်းတို့သိပါတယ်"


ရုတ်တရက် ပခြုပ်ရဲ့ မျက်လွှာလေးတွေပင့်တက်လာသည်။ 


"မေမေတို့စီစဥ်တဲ့ မင်းနဲ့ကိုယ်တို့ကိစ္စကို မဂ်လာဆောင်ဖို့နှစ်ရက်သုံးရက်အလိုမှ ကိုယ်သိခဲ့ရတာ။ အမှန်တကယ်ဆို ကိုယ် မြရွှေကြုတ်ရဲ့အစ်မကို လက်မထပ်ချင်ဘူး...ဒါပေမယ့်မင်းနဲ့ ဘုရားပေါ်မှာဆုံပြီးမှ ကိုယ့်စိတ်ကူးတွေပြောင်းသွားခဲ့တာ...မင်းကို စတွေ့ကတည်းက စိတ်ဝင်စားခဲ့တော့ ကိုယ်လက်ထပ်ဖို့သဘောတူခဲ့တာပါ ပခြုပ်။ ဒါပေမယ့်... မဂ်လာဦးညကတော့ ကိုယ်အတော်လေးရင်ခံသွားခဲ့တာ။ နမြောတသစိတျတှနေဲ့အရမျးကျု ခံစားသွားရတာ...ဒါပေမယ့် မင်းကို ကိုယ်ချက်ချင်းစာနာပေးလိုက်မိတယ်ကွာ"


စွဲက သူ့ဘာသာစကားတွေပြောလိုက် ပခြုပ်မျက်နှာလေးကို လေငွေ့လေးနဲ့ မှုတ်လိုက်ဖြင့် စိတ်အေးလက်အေးပင်။ သွေးတွေစွန်းနေတဲ့ အကျီကို နက်ပြာရောင်တီရှပ်လေးနဲ့လဲဖယ်ဝတ်ထားတဲ့ စွဲ မျက်နှာမှာ ဆယ်ကျော်သက်တစ်ယောက်လိုနုပျိုနေလျက်။ အနီးကပ်မှ စိမ်းညှို့နေသည့် မျက်ခုံးတန်းတွေနှင့် ရွှန်းတောက်ရီဝေနေသည့်မျက်လုံးတွေက ပုံကျလှပနေ၏။ လေးကိုင်းသဏ္ဍာန် ပိရိသေသပ်သည့် နီမြန်းမြန်း နှုတ်ခမ်းပါးကို ပခြုပ် မကြည့်ရဲပါ။ ချောမွေ့တည်ကြည်နေသော ဤယောကျ်ားနဲ့ ယှဥ်တိုင်း ကိုယ့်ကိုယ်ကို သိမ်ငယ်သလိုခံစားရနေရသည်။


"ရှင် အထင်သေးပြီး ကွာရှင်းဖို့ကြိုးစားခဲ့တာ မို့လား...ရှင်အမေပြောခဲ့သလိုပဲ ကျွန်မတို့ဘက်က အသုံးချလိုက်မိတယ်။ ဒါပေမယ့် တစ်ဖက်တည်းမှားတာ မဟုတ်ဘူး ရှင်တို့ဘက်က စကမ်းလှမ်းခဲ့တာ... မဖြစ်သာတဲ့အခြေအနေမို့ ကျွန်မ မငြင်းနိုင်ခဲ့တာ။ရှင်မပူပါနဲ့ ကျွန်မသားကို ကျွန်မစောင့်ရှောက်နိုင်ပါတယ်"


အကြာကြီးငြိမ်နေပြီးမှ ပခြုပ် ထပြောလိုက်တာတော့ သူပြုံးမိသွားသည်။ 


"မရဘူး...မင်းနဲ့အတူတူ သားလေးကို ကိုယ်တို့ပြုစုပျိုးထောင်ရမယ်။ ကိုယ့်တို့မိဘတွေက သားသမီးတွေအတွက် မရှိမဖြစ်လမ်းပြကြယ်တွေဘဲ ပခြုပ်"


ပြုံးစေ့စေ့နဲ့ပြောကာ ပါးလေးကို ဖျတ်ခနဲ နမ်းလိုက်တဲ့ သူရဲ့အပြုအမူကြောင့် ပခြုပ် ကိုယ့်ပါးပြင်ကို ယောင်ကိုင်မိမတတ်ဖြစ်သွားရသည်။


"ဒါကြောင့် ခြောက်နှစ်လောက်ပျောက်သွားထင်တယ်"


ပခြုပ် ခပ်ရိရိပြောပစ်လိုက်တော့ သူက ခေါင်းမော့ရယ်လိုက်ပြန်သည်။ သူ ရယ်လိုက်ပုံက ကြည့်ကောင်းနေတာမို့ ပခြုပ် ငေးခနဲကြည့်မိပြီးမှ မျက်နှာလွှဲပစ်လိုက်မိသည်။ 


မျက်နှာတင်းတင်းလေးနဲ့ပြောလိုက်ပုံလေးကသူ့ကို မကျေမနပ်ဖြစ်နေတာ ပေါ်လွင်နေတာမို့ ကြည်နူးသွားရသည်။ တစ်ချိန်လုံး သူ့အပေါ်အေးစက်နေသည့် သူမဆီက ပထမဆုံး သဝန်တိုသံလေးထွက်လာပြီ။ အဟင်း....ဒီလောက်ဆို အခြေအနေမဆိုးဘူး။


"မင်းပဲ ကွာရှင်းခိုင်းပြီးတော့...အဲဒါကြောင့် မပြန်တာ။ လွမ်းတယ်....အရမ်းလွမ်းတာပဲကွာ...ဟိုမှာ မင်းတို့သားအမိကိုလွမ်းတဲ့ဒဏ်ကို အလူးအလိမ့်ခံစားခဲ့ရတာ။ အဲဒီအတွက် အလျော်ပြန်ရမှ ဖြစ်မယ်ကွ...ဘယ်လိုလဲ ပေးမှာလား"


"ဒါပဲ ရမယ်....ကဲ"


"အ....သေပြီကွာ...."


ဗိုက်ခေါက်ကို ဆွဲလိမ်ပစ်လိုက်တော့ မျက်နှာကြီး ရှုံ့တွလျက် စွဲက အသံကုန်အော်တော့သည်။ 


"ရက်စက်တဲ့ မိန်းမ..."


သူ့ကိုနှိပ်စက်ပြီး ခုံပေါ်က ဆင်းဖို့ ကြိုးစားနေတဲ့ ပခြုပ်ကို ဆွဲဖက်ပစ်လိုက်ပြီး သူမလည်တိုင်နဲ့ရင်ဘတ်လှလှလေးပေါ် မျက်နှာအပ်ပစ်လိုက်သည်။ 


"အို...."


ခေါင်းကို ဆွဲဖယ်လို့လည်း မရ...အချစ်ကြမ်းသည့် သူ့ကို ကြောက်လာရသည်။  တစ်ယောက်ယောက်မြင်သွားကို သူမစိုးရိမ်နေပေမယ့် သူက ဘာကိုမှ ဂရုမစိုက်...စိတ်ထင်တိုင်းကြဲနေတော့ မလူးသာမလွန့်သာဖြစ်နေရ၏။ မီးဖိုထဲမှာမို့ တစ်ယောက်ယောက်မြင်သွားမှာကို ပူပင်ကာ မျက်နှာ ဘယ်ထားရမှန်းမသိတော့သလို ရင်တွေတလှပ်လှပ်ခုန်နေရသည်။


"သူများတွေမြင်ကုန်မယ်...ဖယ်တော့"


ခပ်ဆောင့်ဆောင့်တားဆီးသံလေးကပင် တုန်ရီနေရသည်။ မူမမှန်တဲ့ ရင်ခုန်သံတွေကို သူကြားသွားမှာလည်း စိုး၏။ 


"ဖယ်လေ...."


ခါးမှာဖက်ထားတဲ့ လက်တွေကိုမလွှတ်ပဲ ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် ခပ်နက်နက်လေးစိုက်ကြည့်နေတာမို့ ပခြုပ် ပြေးပေါက်ပိတ်နေသည်။ အရည်လဲ့နေသည့် ထိုမျက်ဝန်းတွေကို ရှက်၏။


"ဘယ်သူမှမလာပါဘူးကွာ...လင်မယားချင်းပဲ ဘယ်သူမြင်မြင်"


ခက်ပါလားနော်...တကယ့် တစွတ်တိုးပါလား။ ဘယ်သူမှ ဂရုမစိုက်တတ်တဲ့ စွဲအကြောင်းကို သိထားတော့ လန့်လာရသည်။ သူမရှက်ပေမယ့် ပခြုပ်ရှက်တယ်...မတော် ဖေဖေတို့ ဒေါ်လေးငယ်တို့မြင်သွားမှဖြင့်။ 


"ဖေဖေ မြင်သွားလိမ့်မယ်...လွှတ်စမ်းပါ"


အပြင်ကို စိုးရိမ်မကင်းစွာ လှည့်ပတ်ကြည့်နေသည့် ပခြုပ်ရဲ့ အမူအယာလေးတွေက မာန်မာနတွေနဲ့ ပြင်းထန်နေသည့် ခပ်မာမာစရိုက်တွေပျောက်ဆုံးကာ ချစ်သူနဲ့ခိုးချောင်ခိုးဝှက်ချိမ်းတွေ့နေသည့် မြီးကောင်ပေါက်မလေးလိုပင်။ သူမ မျက်ဝန်းလေးတွေက စောစောကလို စိမ်းတောက်ခြင်းတွေ ရှိမနေပဲ နူးညံ့ကာနေသည်။


"ယောက္ခမကြီးက သဘောရှိကလောဟိတဲ့"


"ဘာ.....ဘာလဲ"


"ဖြန်း...."


"အား....ဒီမိန်းမအရမ်းလက်မြန်တာပဲကွာ...ယောကျ်ားကိုတစ်ချိန်လုံးနှိပ်စက်နေတော့တာ။ ကြည့်စမ်း...လက်ကြီးရဲသွားပြီ"


"အသက်နဲ့အဝေးကြီးပါ အဲဒီလောက်အကဲပိုမနေပါနဲ့။ ဟင်း...ယောကျ်ားကြီးမဟုတ်တဲ့အတိုင်းပဲ"


"ဘာ...."


 စွဲ လက်မောင်းကိုပြန်ကြည့်ပြီး ရှုံ့မဲ့ရေရွတ်နေတာမို့ အမြင်ကပ်ကပ်နဲ့မျက်စောင်းထိုးပစ်လိုက်မိသည်။


"ယောကျ်ားဟုတ်မဟုတ် သိရအောင်...ကဲ..."


"အမေ့...."


ကြောက်လန့်တကြားအော်သံလေးအဆုံးမှာ ပခြုပ် တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲပစ်ကျသွားခဲ့ပြီး ရန်စွာတတ်သည့် နှုတ်ခမ်းလေးဆီက ခပ်စာစာအသံလေးပါပျောက်ဆုံးသွားလေသည်။  အေးစက်နေသည့်ပခြုပ် နှုတ်ခမ်းသားလေးမှာ ချက်ချင်းပူနွေးလှိုက်ခုန်လျက်။ အနမ်းတွေက မျက်နှာပြင်အနှံ့ပြေးလွှားကာနှုတ်ခမ်းလေးမှာ နောက်တစ်ဖန်စခန်းချ၏။ 


စည်းချက်ညီညီ လှုပ်ခတ်နေသည့် ရင်ခုန်သံများက ချစ်ခြင်းတေးသွားကို ဆိုညည်းလျက်။ ပခြုပ်ရဲ့လက်နှစ်ဖက်က သူ့လည်ပင်းကို ခိုတွဲထားလိုက်မိတဲ့အထိ အသိစိတ်တွေလွင့်ပါးသွားတော့သည်။


"သိပ်ချစ်တာပဲကွာ...."


တိုးတိတ်သော နှလုံးသားစောင်းကြိုးခတ်သံက ပခြုပ်နှလုံးသားရပ်ဝန်းဆီ ပဲ့တင်သံမြည်ဟွန်းသွား၏။ သားလေးခြောက်နှစ်မှ ရည်းစားစကားအပြောခံရတဲ့အဖြစ်က ရယ်လည်းရယ်စရာ။ သူရမ်းကားထားသဖြင့် သွေးခြေဥနေသည့် နှုတ်ခမ်းလေးကို လက်မဖြင့် ဖွဖွပွတ်ရင်း နှာခေါင်းနဲ့ဖိနမ်းပစ်လိုက်မိသည်။ ချစ်လိုက်တာ ပခြုပ်ရယ်...။ 


ဘာမှ မစားရသေးလို့ တဂွီဂွီမြည်နေသည့်ဗိုက်ကိုလည်း သတိမရကြ။ ထမင်းစားမဲ့သူကလည်း မေ့နေသလို တောင်းစားတဲ့သူကလည်း ဗိုက်အလိုလိုပြည့်နေလျက်။ 


တစ်ယောက်ကိုတစ်ယောက် စူးနင့်စွာငေးစိုက်ကြည့်ရင်း စွဲက ဘောင်းဘီအိတ်ထဲကနေ တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်၏။ သူ့လက်ပြန်အရုတ်မှာ ပါလာတဲ့အရာလေးက အနီရောင်ကတ္တီဘာဗူးလေးတစ်ခု။ ပခြုပ် အံ့သြနေမိစဥ်...ဗူးလေးထဲကနေ တစ်ပွင့်တည်းသော စိန်လေးနှင့် လှပသည့်လက်စွပ်လေးတစ်ကွင်းကို ထုတ်ယူကာ ပခြုပ်လက်လေးမှာ စွပ်ပေးလာ၏။ ဖောင်းပြည့်နေသည့်လက်ချောင်းလေးက လက်စွပ်လေးနှင့်ပနံရနေလေသည်။


"ကြိုက်လား....အဲဒါ ကိုယ်ရဲ့ခြောက်နှစ်မြောက်ချစ်သက်လက်ဆောင်..."


လက်စွပ်လေးက ပခြုပ်ရဲ့လက်လေးမှာ အံဝင်ဂွင်ကျနှင့် သိပ်သိပ်သည်းသည်းလေးနေရာယူနေသည်။ ပခြုပ် ငြင်းဆန်ဖို့စိတ်ကူးမိစဥ်...၊


"အို.."


ပခြုပ်ရဲ့လက်လေးကို ဆွဲယူပြီး သူ့နှုတ်ခမ်းလေးဖြင့် ထိကပ်လိုက်တာမို့ နွေးခနဲဖြစ်သွားကာ ကြည်နူးမိသလိုလို၊ရှက်သလိုလိုနှင့်။ 


"အိမ်ထောင်ဦးပစ္စည်းဆိုတာ မငြင်းကောင်းဘူးတဲ့...ဖြုတ်ဖို့မစဥ်းစားနဲ့။ မင်းအတွက် ကိုယ်ရည်ရွယ်ခဲ့တာ ခုမှ မဟုတ်ဘူး ပခြုပ်။ ဟိုး...လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ထဲက.."


သူ ဘာကိုဆိုလိုတာလဲလို့ ပခြုပ်အဖြေရှာနေစဥ်..သူ စောစောက ဗူးလေးကို ပြန်ဖွင့်လိုက်သည်။ 


"ကိုယ်ပေးဖို့အခွင့်မသာခဲ့တဲ့ ပစ္စည်းလေးပေါ့...ကိုယ်ရဲ့လုပ်အားခလေးနဲ့လုပ်ထားခဲ့တာ။ စောစောကလောက်တန်ဖိုးမကြီးပေမယ့် ဒီလက်စွပ်လေးက ကိုယ့်အတွက်အဖိုးအထိုက်ဆုံးပါ ပခြုပ်။ ရော့...ဒါလေးကို မင်းသိမ်းထားလိုက်တော့"


သူ့မျက်နှာက ကြည်လင်ဝင်းပနေလျက် သူ့အပြုံးတွေက ချိုမြနေခဲ့သည်။ 


"ဟင်အင်း....မသိမ်းဘူး"


"ဟင်"


ပခြုပ်က ဗူးလေးကို မယူဘဲ ခေါင်းခါငြင်းဆန်တော့ သူ နားမလည်နိုင်ပါ။ ဘာကြောင့်လဲ...စိန်နဲ့ရွှေ တန်ဖိုးချင်းအကွာချင်းမို့ မယူဘူးဆိုတဲ့ စိတ်ဓာတ်မျိုး ပခြုပ်မှာ မရှိတာ သိ၏။ 


"ဘာလဲ....ခပ်ကြီးကြီးမိန်းမတွေ အမ်းလိုက်တယ်လို့ထင်နေတာလား ပခြုပ်"


ပခြုပ်ရင်ထဲနင့်သွားရသည်။ တစ်ချိန်က သူ့အပေါ်အထင်မြင်မှားပြီး ရိုးစွပ်ခဲ့တာကို သတိရသွားမိကာ ဝမ်းနည်းသွားရသည်။ပခြုပ်ကို ကားနဲ့တိုက်ပြေးသွားတဲ့ ဒေါ်ယမုံခင်မှန်းသိရတော့ ရွှေကြုတ်နဲ့ကိုဟိန်းစိုးက အားလုံးရှင်းပြ၏။ ထိုအခါမှ သူနဲ့ပက်သက်သမျှကို ပခြုပ်နားခဲ့ရတာ...တကယ်ဆို ကိုယ့်နားကိုယ်ပင်မယုံချင်။


ပခြုပ်ရဲ့ကလေးလေးကို မွေးဖွားဖို့ သူ ပိုက်ဆံရှာနေခဲ့တာတဲ့လေ။ ဒေါ်ယမုံခင်ရဲ့ အလုပ်မှာ အရင်ဝင်လုပ်ပြီးမှ ကိုဟိန်းစိုးမိုးဆီမှာ အလုပ်ဆက်လုပ်ခဲ့တာတဲ့။ အလုပ်တစ်ခုတည်းဆို ဝင်ငွေနည်းလို့ အလုပ်ကြမ်းတွေ ကြားပေါက်အလုပ်တွေပါ ဝက်လုပ်ပြီး ပခြုပ်ရဲ့မွေးစရိတ်နဲ့ တိုက်ခန်းခတွေကို သူ ဖြေရှင်းခဲ့သတဲ့။ ပခြုပ်မွေးခါနီးလေ နေပူမရှောင်မိုးရွာမရှောင်အလုပ်ကြိုးစားခဲ့ပြီး ညဘက်တွေဆို ကုန်ကားတွေပါ ဝင်မောင်းခဲ့တယ်တဲ့။ 


"တောင်းပန်ပါတယ်...ကျွန်မ မှားခဲ့တာပါ"


"အဲဒီကျွန်မဆိုတာကြီး အရင်ပြင်ပါလားကွာ...။အရမ်းစိမ်းနေသလိုပဲ"


ပခြုပ်နဲ့ပက်သက်ရင် အသေးစိတ်ကအစ သတိထားဖြည်းစည်းတဲ့သည့် သူ့စေတနာ မေတ္တာတွေကို ပခြုပ် ဥပေက္ခမပြုရက်။


"ရှင့်ကို အထင်မှားခဲ့မိတဲ့အတွက် ရှင်ခွင့်လွှတ်ပေးပါ။ ဒီလက်စွပ်တွေကိုလည်း ကျွန်မ..အဲ့...ပခြုပ်လက်မခံပါရစေနဲ့ စွဲ"


"မင်း မဖြုတ်ပစ်ရဘူး ပခြုပ်...ဘာလဲ ကိုယ့်အချစ်ကို မယုံကြည်လို့လား ပခြုပ်ရယ် ဟင် ပြောစမ်းပါ။ ကိုယ်အနှစ်နှစ်အလလ ရင်ကွဲခံပြီး သူများတိုင်းပြည်မှာ အလုပ်သွားလုပ်တာ မင်းတို့သားအမိအတွက်ပါကွာ။ ကိုယ့်ကို မမုန်းပါနဲ့ ပခြုပ်ရယ် "


"ဒီလောက်တန်ဖိုးကြီးတာတွေကို မလိုချင်ဘူး စွဲ။ စွဲ..ရှင့်အမေက ရှင်နဲ့ပခြုပ်ကို သဘောကျမှာ မဟုတ်ဘူး။


"မင်းနဲ့သားလောက် ဘယ်အရာမှ အရေးမကြီးဘူးကွာ ကိုယ့်အချစ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ခံပေးပါ ။ ဒါလေးကို သိမ်းထား ရော့..ဟိတ် ယူလေကွာ"


ပခြုပ် သူ ကမ်းပေးနေသည့် ဗူးလေးကို မယူသေးဘဲ လက်ခလယ်က မောင်းကွင်းပုံ လက်စွပ်လေးကို ချွတ်ယူကာ သူ့လက်သည်းလေးမှာစွပ်ပေးလိုက်တော့ အရမ်းဝမ်းသာသွားပုံနဲ့ ပါးစပ်မစေ့အော်ပြုံးနေခဲ့သည်။


"ဟယ်...အတော်ပဲ ကြည့်စမ်း"


သူမ လက်ခလယ်မှာ စွပ်ထားတဲ့အရာလေးက သူကျတော့ လက်သန်းလေးသာတော်၏။ ဒါတောင် သူမက သဘောအကျကြီးကျကာ ရယ်နေတာမို့...။


"ဘာလဲ.."


သူ ရှေ့မှာ လက်လေးကို ဖြန့်ပေးနေတဲ့ ပခြုပ်အမူအယာကို နားမလည်။ သူ ထပ်မေးလိုက်တော့ သူမက ရှက်စနိုးရယ်လျက် ရွှေလက်စွပ်လေးကို စွပ်ပေးဖို့ မျက်စပစ်ပြ၏။


"စိန်လက်စွပ်ကြီးဝတ်ပြီး ဒါလေးကို မဝတ်ရင် ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ စွဲ"


သူ ပြုံးမိသွားပြီး သူမရဲ့လက်ခလယ်လေးဝယ် ရွှေလက်စွပ်လေးကို စွပ်ပေးလိုက်သည်။


"ချစ်လိုက်တာ ပခြုပ်ရယ်...ကိုယ့်ကိုရောချစ်လား"


"မသိဘူး"


ခေါင်းလေးငုံ့ချလျက် မာန် မျက်နှာကို မကြည့်ရဲသလို မျက်လွှာချလျက် ခပ်တိုးတိုးဖြေသည်။


"မရဘူးနော်...ကိုယ်လိုချင်တာ ဒီအဖြေမဟုတ်ဘူး။ ပြန်ပြော "


"အာ...ဘယ်လိုဖြစ်နေတာလဲ"


အငြိမ်မနေတဲ့ သူ့ကြောင့် ပခြုပ်စိတ်ကျဥ်းကျပ်နေရသည်။ ဘယ်လိုမှ ရုန်းမရအောင်ချောင်ပိတ်ဖမ်းလျက် မရမကမေးနေတဲ့ စွဲ။


"ကိုယ့်ကို ချစ်မို့လား ပခြုပ်ရယ်။ ဖြေပါကွာ...ကိုယ့်ကို မင်းလည်း ချစ်နေတာပဲ"


ဟင်..။ သူသိနေတယ်ဆိုပါလား...ဘုရားဘုရား ရှက်စရာကောင်းလိုက်တာ။


"မမေးနဲ့ ဖယ်..."


"မဖြေလည်းရတယ်...မင်းမျက်လုံးလေးတွေက အဖြေကို ကိုယ်ရိပ်မိတယ်"


"ရှင်...ရှင်နော်..."


ပခြုပ် ရှက်ရှက်နဲ့ရန်ထောင်ပစ်ချင်ပေမယ့် သူက အခွင့်မပေးခဲ့ပါ။ အချစ်ဖြင့်ထုံမွှန်းသောပန်းနုရောင်ကမ္ဘာဝယ် မမောနိုင်မပန်းနိုင်ဖြင့် ပန်းတိုင်ဆီ တက်လှမ်းရင်း...။


"ဖေဖေကြီး...ဟာ...ဖေဖေနဲ့ မေမေ...kiss.."


"ဟာ...သားသား"


သားရဲ့ အသံစူးစူးလေးကြောင့် သူနဲ့ပခြုပ် သတိဝင်လာကာ မျက်နှာချင်းအမြန်ခွာလိုက်ပြီး လှည့်ကြည့်မိသည်။ ထိုအခါ...သားက မီးဖိုခန်းအပေါက်ဝမှာ ပြုံးပြုံးလေးရပ်လျက် သူနဲ့ ပခြုပ်ကို ကရော် ကရော်လုပ်နေသေး၏။


"ဖေဖေနဲ့မေမေ ရှက်ပါတယ် ကရော်..ကရော်.."


"အဟဲ...သားကလည်းကွာ"


ပခြုပ်မျက်နှာမထားတတ်ဖြစ်နေစဥ် သူ ပခြုပ်ခါးလေးကို ပင့်မကာ အောက်ပြန်ချပေးပြီး သားအပြောကြောင့် ရှက်ရယ်ရယ်လိုက်၏။


"ဟဟ...မေမေရှက်နေပြီ ဖေဖေကြီးရေ...မေမေကလည်း အနမ်းပေးတာ ရှက်စရာကျလို့...ခစ်..ခစ်"


သားရဲ့ ရယ်မောသံလေးကြောင့် ပခြုပ်က မျက်နှာလေး ဟိုလွှဲသည်လွှဲနှင့်။ သြော်...ခုတော့လည်း ရယ်သံတွေက သာယာစိုပြေလျက်...။


အပိုင်း(၃၁)ဆက်ရန်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: