book

Index 58

အပိုင်း(၂၉) Zawgyi


မိုးသည်းည....ကာရန်

          

~~~~~~~~~~


"ပခြုပ်..."


အက်ကွဲတိုးရှသည့် သူ့အသံကိုကြားပေမယ့် ပခြုပ် တံခါးကိုပိတ်ပစ်လိုက်သည်။ အံ့သြမယုံကြည်နိုင်ခြင်းများနှင့် ထိခိုင်ခံစားသွားရသည့် သူ့မျက်နှာကို မြင်ယောင်မိတော့ ရင်ထဲ မကောင်းနိုင်။ 


"ဟီး...ဖေဖေဆီသွားမယ် မေမေတံခါးဖွင့်ပေးပါ"


သားရဲ့ ငိုသံက သူမနှလုံးသားကို ဆွဲဆုပ်ချေမွနေသလို လက်ထဲကနေ လွတ်မချမိသေးတဲ့ သနပ်ခါးတုံးကို ငေးစိုက်ကြည့်နေသည့် သားမျက်လုံးတွေကြောင့် ထိတ်ခနဲဖြစ်သွားပြီး သနပ်ခါးတုံးက လက်ထဲကနေ လျောကျသွားတော့၏။ 


"ဖေဖေရေ...သားသားကို လာခေါ်ပါ...သားသားကို မထားခဲ့ပါနဲ့...ဟီး....ဖေဖေကြီး"


ခုတင်ပေါ်ဝယ် ခြေချင်းပွတ်လျက် ဝမ်းနည်းပက်လက်ငိုကျွေးနေသော သားကိုကြည့်ကာ ရင်တွေနာနေမိသည်။ သူနဲ့ပက်သက်ရင် ပေးဆပ်သူကြီး ဖြစ်နေရသည့် ပခြုပ်။ ကိုယ့်ဘက်ကချည်း ဆုံးရှုံးခဲ့ရတာတွေများကြီး။ ကသောင်းကနင်းဖြစ်ခဲ့ရတဲ့ ပခြုပ်ဘဝက ခုမှ တည်ငြိမ်ဖို့ကြိုးစားရုံရှိသေးတာ...ခုတော့ သူက မုန်တိုင်းတစ်ခုလို ထိုးမွှေနေပြန်ပြီ။ 


"ပခြုပ်....တံခါးလေးဖွင့်ပါ ပခြုပ်ရယ်...ကိုယ်ရှင်းပြပါရစေ...သားနဲ့ကိုယ်တွေ့ပါရစေ ပခြုပ်ရယ်"


တောက်...ဒီလူ အမှတ်မရှိဘူးလား။ တံခါးကို တဒုန်းဒုန်းထုလျက် အော်နေတာမို့ ပခြုပ် ဒေါသထွက်နေရသည်။ 


"သားနဲ့ကိုယ်တွေ့ပါရစေ ပခြုပ်...တံခါးဖွင့်ပါကွာ"


ဖေဖေပြန်လာမှ ခက်တော့မည်။ ပတ်ဝန်းကျင်ကို သူ ဂရုမစိုက်တော့ဘူးလား ဒီလောက်ဆူနေတာ အနီးနားအိမ်တွေ ကြားသွားမှ။


"သား....."


တံခါးကို ကျောမှီထားရာမှ သားရှိရာကိုတိုးကပ်သွားလိုက်သည်။


"ဟင့်....ဟင့်....ဖေဖေကြီး....ဖေဖေ"


သားရယ်....။ သူမခေါ်နေတာကို အရေးမစိုက်သလို သားက သူ့ကိုသာ တသသတမ်းတနေလျက် ငိုကျွေးနေတော့သည်။ မကြာသေးတဲ့ ကာလမှာ သားရဲ့စွဲလမ်းစိတ်ကို သူမမယုံနိုင်...။


သားစိတ်ထဲမှာ ဖခင်ဆိုတာကို တမ်းတနေခဲ့တာ သူမလုံးဝမရိပ်မိခဲ့ပါလား။ ပြီးတော့ သူ...ခြောက်နှစ်လုံးလုံးပျောက်နေတဲ့ သူ ဘာကြောင့် သူမတို့ဘဝထဲ ပြန်ရောက်လာရတာလဲ။


"သားလေး..."


"ဖေဖေ....ဟီး....သားသားကို လာခေါ်ပါ "


"ပခြုပ်...မင်းအထင်လွဲနေတာတွေကို ကိုယ်ရှင်းပြပါ့မယ် တံခါးဖွင့်ပါ ပခြုပ်ရယ်...ကိုယ့်ကို တံခါးဖွင့်ပေးပါ။ မင်း မဖွင့်သရွေ့ ဒီနေရာကနေ ကိုယ်တစ်လှမ်းမရွေ့ဘူး ပခြုပ်"


"မနေနဲ့ သွား....ရှင်ထွက်သွားပါတော့ ကျွန်မတို့သားအမိဘဝကိုမဖျက်ဆီးပါနဲ့။ သားကရှင်နဲ့ မဆိုင်ဘူး မင်းစွဲဘဏ္ဍာ...ကျွန်မတို့သိက္ခာကိုငဲ့ပြီး ရှင်ပြန်ပါတော့"


ငိုရှိုက်နေသည့် သားကိုယ်လေးကို ပွေ့ဖက်လိုက်ပေမယ့် သားက အထိမခံဘဲ သူ့ကို တစာစာခေါ်နေတာမို့ ပခြုပ်အသည်းနာရသည်။ သားရဲ့ဉာဉ်ဆိုးကို ဒီတစ်ခါတော့ ပခြုပ် နာကျင်စွာခံစားရပြီ။ သူ့ကိုမတွေ့ရလို့ ဆန္ဒပြပြီး ဂျစ်တိုက်ငိုနေတာမို့ သူ့ကို မုန်းတီးနေမိသည်။ အလကားလူ...ရှင် ကျွန်မတို့သားအမိကို သက်သက်ဒုက္ခလာပေးနေတာ။ 


"သား....တိတ်ပါ သားရယ်"


"ဟင်အင်း....ဟင်အင်း ဖေဖေကြီးဆီသွားချင်တယ်။ အပြင်မှာ ဖေဖေရှိတယ်မို့လား...သားသားကို လာခေါ်ပါ ဖေဖေကြီးရေ"


သူမကို တစ်ခါမှ မဆက်ဆံသဖူး သားက ပစ်ပစ်ခါခါဆက်ဆံလာသည်။ သူမကို လုံးဝအထိမခံဘဲ ခုတင်တစ်ဖက်စွန်းကို ကပ်ကာ မုန့်ပူဆာသလို တတွတ်တွတ်တောင်းဆိုနေတော့၏။ သားငိုနေတာကို မကြည့်ရက်ခဲ့တဲ့ သူမ ဒီတစ်ခါတော့ အံကြိတ်ကာ တင်းခံထားမိသည်။ ဒီလူနဲ့ မပက်သက်ပါနဲ့ သားရယ်...သူနဲ့နေဖို့မတောင်းဆိုပါနဲ့ မေမေမလိုက်လျောနိုင်ဘူး သား။သားလေးနားလည်စေမဲ့ စကားလုံးရွေးရင်း သားနားကို တိုးထိုင်လိုက်တော့ နံရံကို ကျောကပ်တဲ့အထိ မှီပစ်လိုက်တဲ့ သား။ သားရဲ့အပြုအမူလေးကြောင့် ရင်ထဲနင့်သွားရကာ မျက်ရည်တွေရစ်ဝဲလာရတော့၏။မေမေ့ကို မမုန်းပါနဲ့ သားရယ်။ 


"သားလေး....မေမေဆီလာပါ သားရယ်....မငိုနဲ့နော်။ သားဘာလိုချင်သလဲ ပြော...မေမေဝယ်ပေးမှာပေါ့ သားရဲ့..မငိုနဲ့နော်"


"ဟင့်အင်း....ဖေဖေ့ဆီပဲ သွားချင်တယ်...ဖေဖေ့ကို တံခါးဖွင့်ပေးလိုက်ပါ...သားသားဖေဖေကြီးနဲ့ နေချင်တယ်"


သူမကဆွဲ သားကရုန်းနဲ့ အခန်းထဲမှာ ဖရိုဖရဲဖြစ်နေပေမယ့် သားဘက်ကလည်း လုံးဝမလျော့...အာခေါင်ခြစ်လျက် ကုန်းရုန်းအော်ကာ ပခြုပ်လက်တွေထဲက ရုန်းနေတာမို့ သားကိုယ်လုံးကို မနိုင်တော့ပေ။ အပြင်ကနေ တံခကို တဒုန်းဒုန်းထုကာ ခေါ်နေသည့် သူ့ကြောင့် သားပိုဆိုးနေတာ။ တည်ငြိမ်အေးချမ်းစပြုနေတဲ့ ဘဝကို သက်သက်လာနှောက်ယှက်နေတာ။


"ဟဲ့...ဟဲ့....ဒါဘယ်လိုဖြစ်ကြတာလဲ...ပခြုပ်...အိုး ခေါင်းမှာလဲ သွေးတွေနဲ့ပါလား။ ပခြုပ်...ထွက်ခဲ့စမ်း အပြင်ကို"


ဟင်...ဒေါ်လေးငယ်...။ဒေါ်လေးငယ်ရဲ့အသံကြောင့် ပခြုပ် အနည်းငယ်ရှိန်သွားရပြီး ရှက်လည်းရှက်သွားသည်။ သူမတို့ ဖြစ်ပျက်နေတာကို ဒေါ်လေးငယ်ကြားသွားလို့ အိမ်အထိရောက်လာတာ။ 


"ဘွားဘွားရေ....ဟီး..သားသားကို လာခေါ်ပါ"


သားက သူမလက်တွေကိုဖယ်ချပြီး တံခါးဆီပြေးသွားတော့ ပခြုပ် ခုတင်ပေါ်မှာ ငေါင်တောင်တောင်ဖြင့်ကျန်ရစ်ခဲ့၏။


"စွဲ....သွေးတွေမနည်းပါလားကွယ်....ခက်တယ် ပခြုပ်တစ်ယောက်နဲ့တော့ ဟင်း....ပခြုပ် တံခါးဖွင့်စမ်း"


"ဘာတွေဖြစ်နေကြတာလဲ...ဟင် ..."


သွားပြီ....ဖေဖေပါ ပြန်လာပြီ။ အပြင်မှာ လူတွေစုနေပြီမှန်း ဆူညံနေတဲ့ အသံတွေကြောင့် သိလိုက်သည်။ 


"သမီးကြီး....တံခါးဖွင့်စမ်း....မြေးလေးအထဲမှာ မို့လား...ဖေဖေပြောနေတယ်လေ ပခြုပ်"


ဖေဖေကိုယ်တိုင် တံခါးလာခေါ်နေပြီမို့ သူမ တင်းခံနေလို့မရတော့။ တံခါးဖွင့်လိုက်တယ်ဆို အားလုံးအကြည့်တွေက ပခြုပ်ဆီရောက်လာတော့သည်။


"ဖေဖေကြီး....."


"သား....."


ဒေါ်လေးငယ်တို့ဖေဖေတို့အပြင်အိမ်နီးချင်းတွေပါ ရောက်နေတာမို့ ပခြုပ်မျက်နှာပူသွားရသည်။ ဒေါ်လေးငယ်ကတော့ မပြောချင်ပါဘူးအေဆိုသည့် ပုံစံမျိုးဖြင့် ပခြုပ်ကို မျက်စောင်းထိုးနေတာကို ပခြုပ် မမြင်ချင်ယောင်ဆောင်ထားလိုက်ပေမယ့် နို့စိမ်းရောင် ရှပ်အကျီရဲ့ ပခုံးစွန်းပေါ်သွေးတွေစွန်းထင်းနေလျက် မျက်ရည်အရွှဲသားနှင့်သားကို ပွေ့ချီထားသည့် သူ့ကိုတော့ မကြည့်ချင်မြင်လျက်သားဖြစ်နေသည်။


"လူကြားမကောင်း သူကြားမကောင်းနဲ့ ပခြုပ်ရယ်....ဘယ်လိုဖြစ်ရတာလဲ"


ကိုယ့်တူမအကြောင်းကိုယ်သိနေတော့ ထိန်းထိန်းသိမ်းသိမ်းပြောလိုက်ရသည်။ ကောင်လေးကြည့်လိုက်တော့ ခေါင်းမှာ သွေးတွေနဲ့ ကိုယ့်တူမရဲ့ မျက်နှာကိုသာ မလွှတ်တမ်းကြည့်လျက် ငြိမ်သက်တိတ်ဆိတ်နေလေသည်။ ကလေးကလည်း အဖေဖြစ်သူကိုပျောက်သွားမှစိုးသည့်အလား တွယ်ကပ်ကာ နေတာမို့ ပြဿနာရဲ့တစ်စွန်းတစကို ရိပ်မိသလိုရှိလာရသည်။ 


အိမ်နီးချင်းတွေပါ ရောက်နေတာမို့ ပြဿနာတွေ အကျယ်အကျယ်မဖြစ်အောင် ထိန်းရတော့မည်။ မယ်မင်းကြီးမ ကြည့်တော့ တစက်မှ အချိုးမပြေ...ယောက်ျားကို မီးပွင့်မတတ်စိုက်ကြည့်နေတာ။ ခက်လိုက်တာနော်...။ 


"သွေးတွေ အရမ်းထွက်နေတာ ဆေးခန်းသွားလိုက် ပခြုပ်...တော်ကြာမဖြစ်သင့်တာတွေဖြစ်ကုန်မယ်...သားလေး ဘွားဘွားဆီလာ"


"မတော်တဆဖြစ်သွားတာပါ ဒေါ်လေးငယ် ပခြုပ်ကြောင့်မဟုတ်ပါဘူး...နေပါစေ...ကျွန်တော် ဘာမှ မဖြစ်ပါဘူး"


ခပ်စိမ်းစိမ်းကြည့်နေသည့် ပခြုပ်ကြောင့် ရင်ထဲမကောင်းပေမယ့် သူ ပြေရာပြေကြောင်းပြောလိုက်မိသည်။ ပခြုပ်ပေးအပ်တဲ့အပြစ်ကို သူ ခံယူရဲပေမယ့် ပတ်ဝန်းကျင်က ပခြုပ်ကို မမြင်စောင်းမဲ့အဖြစ်ကိုတော့ သူ အဖြစ်မခံနိုင်။ လည်ဂုတ်ပေါ် စီးကျနေသည့် သွေးတွေကို သူမမှုလို့ ဒီနေရာမှာ ပေရပ်နေခဲ့တာ။ လုပ်ရက်ပါလားလို့လဲ...ပခြုပ်ကို အပြစ်မတင်ရက်။ ပြီးတော့ သူကိုယ်တိုင်က မိန်းမလုပ်သမျှငြိမ်ခံနေတဲ့ကောင်မျိုးမဟုတ်ပေမယ့် ပခြုပ်နဲ့ပက်သက်ရင် အရာရာကို ခွင့်လွှတ်နေမိသည်။


ဦးတက်လူ သမီးကိုကြည့်ပြီး ပြောစရာ စကားလုံးတွေ ပျောက်ဆုံးနေသည်။ ပခြုပ်တို့ အခြေအနေကို ရိပ်စားမိသွားတဲ့ အိမ်နီးချင်းတွေလည်း ရှဲသွားပြီ။ လူရှင်းသွားမှ ဒေါ်လေးငယ် ပခြုပ်နားတိုးလာပြီး၊


"ဘယ်လိုလုပ်လိုက်တာလဲ ပခြုပ်.....လူကြားမကောင်း သူကြား ကိုယ့်ယောက်ျားကို ကိုယ်ထိလက်ရောက် ဒီလိုပဲ လုပ်ရသလားကွယ်။ သွား...ခု ဆေးပေးခန်းလိုက်ပို့လိုက် သွေးတွေ ဒီထက်ပိုထွက်နေရင် ဒုက္ခရောက်မယ်။ ကလေးလည်း စိတ်ဆင်းရဲရတယ် ပခြုပ်ရယ်။ ကိုယ့်ကလေးရဲ့မျက်နှာတော့ ထောက်ပါဦး ဟိုမှာ မြေးလေးအရမ်းကြောက်နေတာ"


လုပ်လိုက်တုန်းကတော့ စိတ်နောက်ကိုယ်ပါလျက် ခုလို သွေးတွေနဲ့မြင်တော့ ရင်ထဲမကောင်းပါ။ ပြီးတော့ ပတ်ဝန်းကျင်က ဘာပြောကြမလဲ။ 


"ဟဲ့....ဘာငေးနေတာလဲ မိပခြုပ်...လိုက်ပို့လိုက်ဆို ဒီကောင်မလေးနဲ့တော့လေ"


"အို ဘာလို့ပို့ရမှာလဲ သူ့မှာခြေတောက်ပါတာဘဲ...သူ့ဘာသာသွားပေါ့"


"ဒေါက်.."


"အား....ဒေါ်လေးငယ်ကလည်း"


တူမဆိုပေမယ့် သားသမီးတွေလိုဖြစ်နေတာမို့ ဒေါ်လေးငယ်က ပခြုပ်ခေါင်းကို ဒေါက်ခနဲနေအောင်ခေါက်ချပစ်လိုက်ကာ၊


"ပခြုပ် ဘာစကားတွေပြောနေတာလဲ သွား...ခုသွား"


လက်မောင်းရင်းကနေဆွဲပြီး တွန်းလိုက်တာမို့ ကိုယ်လုံးလေးယိုင်သွားတာကိုမနည်းထိန်းလိုက်ရသည်။ 


"ဒါတောင် ပေကပ်ကပ်လုပ်နေသေးတယ် ဒီကောင်မလေးနဲ့တော့..."


"ရတယ် ဒေါ်လေးငယ် နေပါစေ...ကျွန်တော် မသွားဘူး"


မင်း ဆန္ဒမရှိရင် မလုပ်ပါနဲ့ ပခြုပ်ရယ် ကိုယ်နားလည်ပါတယ်။ ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေပေမယ့်ပီပြင်တဲ့အပြုံးတွေကိုတော့ နှုတ်ခမ်းထက်မှာ ဆင်မြန်းလိုက်ရသည်။ 


"ဘာရရမှာလဲ သွေးထွက်လွန်ရင် မကောင်းဘူး..ပခြုပ် ဒေါ်လေးပြောနေတယ်လေ"


"သမီးကြီး.."


ပခြုပ် ဖေဖေနဲ့မိက်လုံးချင်းဆုံသွားတော့ မလုံမလဲဖြင့်အမြန် မျက်နှာလွှဲလိုက်ရသည်။ 


"အဲဒီလို ဒေါသအလျှောက် လက်ပါတာ ဖေဖေမကြိုက်ဘူး သမီး။ အထူးသဖြင့် ကိုယ့်ခင်ပွန်းကို စိတ်နောက်ကိုယ်ပါ ရိုက်ဖယ်ပုတ်ဖယ်လုပ်တာက မိန်းမကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး...နောက်မဖြစ်စေနဲ့ ကြားလား။ စွဲကို ဖေဖေကိုယ်တိုင်လွှတ်လိုက်တာ ခုတော့ သမီးကြီးက ဖေဖေတို့အရှက်ကို စီးခွဲလိုက်သလိုပဲ။ လင်ရယ်မယားရယ်ဖြစ်လိုက်ပြီးမှ တော့ အညှိုးအတေးတွေမထားသင့်တော့ဘူး။ ဖေဖေ့သမီးတွေကို လိမ္မာရေးချားရှိတဲ့မိန်းကလေးတွေအဖြစ်ပဲ ဖေဖေမြင်ချင်တယ်...ဖေဖေပြောတာကို သမီးသဘောပေါက်မှာပါ။ ကဲ...ဆေးခန်းကို လိုက်ပို့လိုက်သမီး"


"ဒါပေမယ့်..."


ပခြုပ် ထက်တွန့်တက်ဖို့ကြိုးစားလိုက်ပေမယ့် ဖေဖေက လက်ကာတားလိုက်ရင်း၊


"ဖေဖေ့သမီးတွေကို လွတ်လပ်ခွင့်အပြည့်ပေးခဲ့တာ သမီးတို့အသိဆုံးပဲ။ ဘယ်ကိစ္စမဆို သမီးတို့စိတ်ဆန္ဒအတိုင်းဖြစ်စေခဲ့တာ...သမီးကြီးက ပညာတတ်ပဲ အမှားအမှန်ကို ဝေဖန်တတ်တဲ့ အသိဉာဏ်လည်းရှိတယ်။ ကိုယ့်လုပ်ရပ်ကမှားနေမှန်းသိသိရက်နဲ့ မာနတရားတွေထားပြီး တင်းမခံစေချင်ဘူး သမီး...မြေးလေးရဲ့ မျက်နှာကို သမီးငဲ့ရမယ်။ ကိုယ်ဆန္ဒအတိုင်း ဆုံးဖြတ်လို့မရတော့ဘူး...သမီးရဲ့ကလေးအတွက် သမီးထည့်တွက်ရမယ်။ဖေဖေပြောတာ သဘောပြောတယ်နော်"


"ကိုယ့်ယောက်ျားပြန်လာတာ ခုလိုဖြစ်သွားတော့ ကောင်းသလား ပခြုပ်။ ပတ်ဝန်းကျင်က ဘာပြောကြမလဲ။ ခေါင်းမမာချင်စမ်းပါနဲ့ ပခြုပ်ရယ် ဒေါ်လေးငယ်တို့ပြောတာနားထောင်ပါကွယ်။ ကိုယ့်တူမလေးကို ပတ်ဝန်းကျင်က ပုတ်ခတ်လာမှာ ဒေါ်လေးငယ်မလိုလားဘူး သမီး။ ခြောက်နှစ်လုံးလုံး သမီး ခံစားခဲ့ရတာ သမီးကိုယ်တိုင်အသိနော်...ခုဆို ပတ်ဝန်းကျင်မှာ ခေါင်းမော့ရင်ကော့နိုင်ပြီ။ ဒါကို အခြေအနေပိုဆိုးအောင်မလုပ်ချင်စမ်းပါနဲ့ ပခြုပ်ရယ် နော်.."


ဧည့်ခန်းမှာ တောင့်တောင့်လေးရပ်နေသည့် ပခြုပ်ကို လက်မောင်းလေးကနေ ဆွဲကိုင်လျက် ဒေါ်လေးငယ်က တတွတ်တွတ်နဲ့ဖြောင်းဖျနေသည်။ ဒေါ်ငေယ်ပြောတာတွေက မှန်ပေမယ့် ပခြုပ်လက်မခံနိုင်ပါ။ ကွာရှင်းထားတဲ့အဖြစ်တွေ မသိကြပေမယ့် ခြောက်နှစ်လုံးလုံးယောက်ျားက မဆက်သွယ်ဘူးဆိုပြီး အရပ်ထဲမှာ တံတွေးခွက်ပက်လက်မျောခဲ့ရတော့ ဒေါ်လေးငယ်တို့က ပခြုပ်အတွက်မခံနိုင်ကြ။ သူနဲ့ကွာရှင်းလိုက်ပြီလို့လည်း ပခြုပ် မပြောဖြစ်ခဲ့။ မျက်မမြင်နားမကြားသလို ခြောက်နှစ်လုံးလုံးနေထိုင်ခဲ့တာ ခုမှ ဘယ်သူ့စကားကို ဂရုစိုက်ရမှာလဲ။


"မြေးလေး...ဖေဖေတို့နဲ့လိုက်သွား။ ပခြုပ် ဆိုင်ကယ်နဲ့အမြန်သွားလိုက် ကြားလား"


ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဆိုင်ကယ်သော့ကို ယူပြီး လက်ထဲလာထည့်ပေးနေပြီမို့ ပခြုပ်မနေသာတော့ပါ။ ဖေဖေတို့ဒေါ်လေးငယ် တို့ကြောင့် လိုက်ပို့ရပေမယ့် ပခြုပ် စိတ်ထဲမှာ သူ့ကို နည်းနည်းလေးမှ မကျေနပ်။ 


~~~~~~~~~~~~~~~~~~~~~~~~~~


"ရှင် ပြန်တော့...."


"ဟင်"


ကားတံခါးကို လက်နောက်ပြန် ပြန်ပိတ်နေစဉ်သူ့ရှေ့မှ အသံလေးထွက်ပေါ်လာ၏။ ဖျတ်ခနဲ မော့ကြည့်မိတော့... လက်လေးတင်းတင်းပိုက်လျက် သူ့ကို စူးစိုက်ကြည့်နေသည့် ပခြုပ်။ မျက်ခုံးတွေတွန့်ချိုးလျက် သူ့မျက်နှာထက်ကနေ ကားဆီ အကြည့်တွေဝေ့တက်သွားကာ၊


"ပြန်တော့လို့ ပြောနေတာ မကြားဘူးလားရှင်"


ခေါင်းက ပတ်တီးလေးကို ပြန်စမ်းရင်း သူပြုံးလိုက်မိသည်။ ထိုအခါ မျက်နှာလေး ပိုတင်းသွားကာ၊


"ရှင်နဲ့ ဘာမှ ပက်သက်ဖို့မရှိဘူး  ကျွန်မအိမ်ကနေ ခုချက်ချင်းထွက်သွားပါ"


"ဘယ်နှယ့်ဗျာ...ခုမှ ပြန်လာတယ် ခုနှင်ထုတ်နေတယ်...တဆိတ် မလွန်လွန်းဘူးလားအမိ"


"ဘာ....လွန်တယ် ဟုတ်လား...."


မချိုမချဉ်ပြုံးလျက် မျက်ခုံးပင့်ပြောလိုက်သည့် သူ့မျက်နှာပေးကို အသည်းတွေယားသွားရသည်။ ပခြုပ် ဒေါသတွေဖြစ်ကာ စွေ့စွေ့ခုန်လေ ရယ်ချင်လေ....နှုတ်ခမ်းလေးစုလုံးလျက် ရန်တွေ့သည့် သူမပုံလေးက ချစ်စရာ။ 


"ယောက်ျားပြန်လာတာကို ကြိုဆိုလိုက်ပုံက နွေးထွေးလိုက်တာနော်...ဒီမိန်းမအရမ်းလိမ္မာတာပဲ"


"ဘာမိန်းမလဲ...ရှင်...ရှင် လူပါးမဝနဲ့... "


ရှက်စိတ်နဲ့ လူကဖျင်းခနဲဖြစ်သွားပြီး ရှူးရှူးရှဲရှဲဖြစ်နေပေမယ့် သူက အပြုံးမပျက်..လက်ပိုက်လျက်ကားတံခါးကို ပခုံးစောင်းနဲ့မှီရပ်ကာ အကြည့်စူးစူးတွေက ပခြုပ်တစ်ကိုယ်လုံးပေါ် ဖြာကျသွားတာမို့ပခြုပ်ကိုယ်လေးကျုံ့သွားရသည်။ ရဲတင်းလွန်းသည့် အကြည့်တွေကြောင့်မျက်နှာကို ရေနွေးငွေ့ အဟပ်ခံလိုက်ရသလို ပူထူသွားရကာ၊


"ဘာကြည့်တာလဲ....ရှင်"


မျက်နှာနီနီလေးနဲ့ ပခြုပ်ကိုကြည့်ပြီးရင်ခုန်လှိုင်းတွေက တဝုန်းဝုန်းဖြစ်နေပြီ။ရန်တွေ့ကောင်းသည့် ဖူးပြည့်ပြည့်နှုတ်ခမ်းလေးကို အပြစ်ပေးချင်စိတ်ကို မနည်းမြိုသိပ်လျက် သွားတန်းတွေပေါ်အောင်ပြုံးလိုက်ပြီး လှပသည့်မျက်နှာလေးကိုစိုက်ကြည့်ကာ တစ်လုံးချင်းပြောချပစ်လိုက်သည်။


"ချစ်လို့...."


"ရှင်...တောက်"


"ဟေ့...ကိုယ့်ကိုတောက်မခတ်နဲ့ကွ..ကိုယ်မကြိုက်ဘူး"


"လဲသေလိုက်...အဲမှာ"


ဆံပင်တွေဝေ့ခါသွားသည့်အထိ ဆတ်ခနဲလှည့်သွားကာ အော်သွားပေမယ့် သူစိတ်မဆိုးနိုင်။ ပခြုပ်ရဲ့ ကိုယ်လုံးပြည့်ပြည့်လေးကို ကြည့်ရင်း သူမနောက်ကနေကပ်လိုက်သွားကာ စလိုက်သည်။


"မသေချင်သေးပါဘူး...မိန်းမနဲ့ပြန်ပေါင်းထုတ်မလို့ ဟန်ပြင်တုန်းရှိသေးတယ်"


"ရှင့်ပါးစပ်ပိတ်..."


သူ့ကိုလှည့်အော်လိုက်တဲ့ ပခြုပ်အသံလေးက စူးရှနေလျက် မျက်နှာလေးကလည်း တဖြည်းဖြည်း ကာလာရင့်လာသည်။ 


"ရှင် မရှက်ဘူးလား မင်းစွဲဘဏ္ဍာ"


"ကျစ်...ဘာကိုရှက်ရမှာလဲ။ မိန်းမမို့မိန်းမခေါ်တာကို ဘာလဲ မင်းကယောက်ျားလား"


"ရှင်..."


သူ့ကိုဘယ်လိုမှပြောမရတဲ့အဆုံး မီးဖိုဘက်ကို ကူးလာကာ နွှေးထားတဲ့ ဟင်းအိုးကို ခွင်ပေါ်က အသာချလိုက်သည်။ သူနဲ့စကားပြောချင်စိတ်မရှိတော့သလို မျက်နှာချင်းလည်း မဆိုင်ချင်။ 


"မွှေးနေတာပဲကွာ..ဘာဟင်းတွေချက်လဲ ပခြုပ်"


"ဘာချက်ချက်..."


ပခြုပ်  ဘုကလန့်တွေချည်းစွတ်ပြောပစ်လိုက်မိသည်။ ဆေးခန်းကပြန်လာတော့ အိမ်ကိုပြန်မလိုက်ပဲ ထက်ကိုအိမ်မှာနေကျန်ခဲ့တော့ ပခြုပ်က ဝမ်းသာနေတာ။ သူကျန်နေခဲ့တာကို မငိုတဲ့အပြင်လက်လေးပြကာနှုတ်ဆက်နေသည့်သားရဲ့ အမူအယာလေးထူးဆန်းပါတယ်လို့ထင်နေတာ သူက အကြံနဲ့မှန်း ခုမှသိတော့သည်။ ပြန်လိုက်မလာလေ ကောင်းလေပဲဟု သတ်မှတ်ထားတာ။စိုက်ခင်းတွေ မြေသြဇာကြဲဖို့ ဖေဖေထွက်သွားတော့ သားကိုသိပ်ကာ ထမင်းစားမလို့ပြင်နေစဉ် ခြံထဲကို ကားကြီးမောင်းဝင်လာတော့ စိတ်ထဲထင့်သွားပြီး အိမ်ရှေ့ထွက်ကြည့်တော့ ထင်တဲ့အတိုင်း သူဖြစ်နေသည်။ 


"ဘာလဲ ..ကိုယ့်ကိုမကျွေးချင်လို့လား...ကိုယ်က မင်းကျွေးတာကိုစားချင်နေတာ ဘယ်လိုလဲ ကျွေးမှာလား"


"အို..."


ခပ်တည်တည်ဆိုလျက် ရှေ့တိုးလာတော့ ပခြုပ်နောက်ဆုတ်ရပ်လိုက်မိသည်။ 


"ဟိုထဲမှာ အကုန်ခူးထားတယ် စားသွား...ပြီးရင်ပြန်တော့"


ညှို့ရီနေသည့် ရီဝေဝေအကြည့်နက်တွေကို ရှောင်တိမ်းရင်း ထမင်းစားပွဲဆီလက်ညှိုးထိုးပြလိုက်ပေမယ့် သူ့အကြည့်တွေက သူမဆီကနေ တစ်လက်မလေးမှရွေ့လျားသွားခြင်းမရှိခဲ့။ အရင်ကမရှိခဲ့သော အပြောတွေအကြည့်တွေကြောင့် ပခြုပ်နေရတာ မလွတ်လပ်တော့ပါ။ အတူတူနေ အတူတူစားခဲ့တဲ့ အချိန်တွေတုန်းကတောင် ပခြုပ် သူ့ကိုမရှက်ခဲ့မိ။ 


"ပခြုပ်..."


"အို... ဘာလုပ်တာလဲ"


 သူမလက်လေးကို မချင့်မရဲစိတ်ဖြင့် ဆွဲလိုက်တော့ ပခြုပ်က အတင်းရုန်းနေသည်။ 


"ဖယ်ဆို....ရှင်မရမ်းကားနဲ့"


ဘယ်လိုမှ အထိမခံပဲ ပခြုပ်က ခါးခါးသီးသီးငြင်းဆန်သည်။ အဲဒီလိုဆတ်ဆတ်ထိမခံဖြစ်လေ သူမှာဆုံးရှုံးရမှာကြောက်လေဖြစ်နေ၏။ 


"အို ဘာလုပ်တာလဲ"


ပခြုပ် ပခုံးလေးကို တင်းခနဲဖျစ်ညှစ်ကာရုတ်တရက်  ခါးလေးကနေ စွေ့ခနဲမပြီး မီးဖိုခုံပေါ်ပွေ့တင်လိုက်တာမို့ ပခြုပ် မျက်လုံးပြူးသွားရကာ ရန်ထောင်လိုက်မိသည်။ 


"ရှင်..ရှင် လွှတ်..ရှင့်အကြံဒါအကုန်ပဲလား"


မီးဖိုခုံပေါ်ကနေ လျောဆင်းဖို့ ကြိုးစားလိုက်ပေမယ့် သူမအကြံကိုကြိုသိနေတဲ့ သူက ခါးကနေသိုင်းဖက်ပစ်လိုက်တာ ပခြုပ်ဘယ်လိုမှ ရုန်းမရတော့။ 


"ချစ်တယ်...ကိုယ် မင်းကိုချစ်တယ်ပခြုပ်ရယ်"


တိုးလျပေမယ့် သူရဲ့ရင်ဖွင့်သံစဉ်က ပခြုပ်နားထဲဆူညံစွာပဲ့တင်ထပ်လျက် အရည်တွေလဲ့ကာ ညှို့ရီနေသည့် အကြည့်တွေကို ရင်မဆိုင်ရဲစွာခေါင်းငုံ့တိမ်းရှောင်လိုက်ပေမယ့် ပခြုပ်ရင်တွေပန်းတွေ တဆတ်ဆတ်တုန်သွားရသည်။ ထို့နောက်...စေ့ပိတ်ထားသည့်နှုတ်ခမ်းထက်မှာ နွေးထွေးသွားသည့် အတွေ့မှာ လူက မူးနောက်ပြာဝေသွားရစဉ်...အပြင်မှာ မိုးကတဝုန်းဝုန်းရွာသွန်းနေ၏။ မိုးနှင့်အပြိုင် အနမ်းများက အရိုင်းဆန်သည့်တိမ်စိုင်တွေလို ကစဉ့်ကလျားမျောပါလျက်...။


အပိုင်း(၃၀)ဆက်ရန်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: