book

Index 55

အပိုင်း(၂၈)

⛈⛈မိုးသည်းည....ကာရန်⛈⛈

           

🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


"မေမေ့..."


"သားလေး..."


ဟင်းအိုးကိုမြည်းနေစဥ် နောက်ကနေ သားကခြေတောက်ကိုသိမ်းဖက်လိုက်တာမို့ သူမကိုင်ထားသည့်ဇွန်းလှုပ်သွားပြီး ဟင်းရည်တွေ ဖိတ်ကျသွားတော့၏။


"သားလေးပြန်လာပြီလား"


လက်ထဲက ဇွန်းကို ချပြီး သားကိုလှည့်မေးလိုက်မိတော့ သားကအပြစ်ရှိအလို ငြိမ်သွား၏။ 


"မေမေ့လက်ပူသွားသေးလားဟင်...သားသားမှုတ်ပေးမယ်လေ"


လက်ကို ဆီပူစင်တိုင်း လေငွေ့လေးနဲ့ အလွယ်မှုတ်တတ်တာကို သားက မှတ်ထားပြီးခုကျတော့ လူလည်ပြီးလုပ်နေတာ။ ထက်ကိုရဲ့သမီးလေး သုံးနှစ်ပြည့်မွေးနေ့ကို အာရုံဆွမ်းကပ်ပြီး ဧည့်သည်တွေကို ဒံပေါက်နဲ့ကျွေးမွေးဧည့်ခံသည့် ပွဲကို မနက်မိုးမလင်းခင် သွားကူညီပေးကာ သူမ ပြန်လာတော့ ခြောက်နာရီပင်မထိုးသေး။ တစ်ရွာတည်းသားတွေဖြစ်နေတဲ့အပြင် ထက်ကိုရဲ့ ဇနီးကလျာနီဆိုတာ ကိုယ့်လုပ်ဖော်ကိုင်ဖက်။ 


အလယ်တန်းမှာ အတူတူသင်ကြားရင်း ညီအစ်မအရင်းတွေလို ခင်မင်နေတာမို့ မသွားလို့လည်း မကောင်း။ အမှန်ဆို ထက်ကိုအိမ်ကို ခြေဦးမလှည့်ချင်ပါ။ ဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ ဗီနိုင်းပုံကြီးက အမြဲတမ်းလှောင်ပြောင်သရော်နေသလို ကလျာနီတို့အိမ်ရောက်တိုင်း အဲဒီဗီနိုင်းကို မကြည့်မိအောင် ကြိုးစားရတာ တစ်ဒုက္ခ။


အများကြီးစုရိုက်ထားတဲ့ပုံဆိုပေမယ့် ထက်ကိုပခုံးကို ဖက်ပြီးသွားတန်းတွေပေါ်အောင်ရယ်နေသည့် တစ်ယောက်သောသူရဲ့မျက်နှာက တစ်ခါပဲမြင်လိုက်ပေမယ့် ခုချိန်ထိစွဲထင်ကျန်ရစ်သည်။ စူးရဲနေသည့် မျက်လုံးများက တစ်စုံတစ်ယောက်ကို ထွင်းဖောက်ကြည့်တတ်သလို ပိရိသေသပ်သည့် နှုတ်ခမ်းလွှာများက အပြုံးသည် မိန်းကလေးတိုင်းမက်မောရူးသွပ်စေ၏။ သွယ်လျလျမျက်နှာမှာအပြစ်ဆိုစရာ မရှိအောင် ချောမောသည့် သူ့ရုပ်သွင်ကို မြင်ယောင်မိတိုင်း ရင်တွင်းအနာက ပြင်းထန်သွားရသည်။


"မေမေ ဘာတွေတွေးနေတာလဲဟင်...သားသားခေါ်နေတာကြာပြီ"


သား..သူမလက်ကိုဆွဲခါပြီး မေးလိုက်မှ အတွေးလွန်နေမိတဲ့ ကိုယ့်အဖြစ်ကိုရှက်သွားရပြီး သားကို ရယ်ပြလိုက်ကာ၊


"ဒံပေါက်စားကောင်းလား သား"


မီးဖိုချောင်ဝင်ထားတာမို့ ပေနေသည့် လက်ကို တင်ပါးနဲ့ပွတ်တိုက်ပစ်ပြီး သားကိုကောက်ချီလိုက်တော့ သားမျက်နှာလေးပြုံးရွှင်သွားသည်။


"စားကောင်းတယ် မေမေ...သားနှစ်ခါတောင်စားခဲ့တာ"


"ဟ....ဟုတ်လား ဒါဆိုမေမေသားက အစားပုပ်လေးပေါ့...."


သားမျက်နှာလေးက ဒီနေ့မှ ပိုလန်းနေသလိုလို...သူမစိတ်ထင်နေလို့လားတော့မသိ။ 


"မေမေ..."


"ရှင့်..."


ထမင်းစားပွဲမှာ ထိုင်လိုက်ပြီး သားကို ပေါင်ပေါ်တင်ကာ သားရဲ့တီတီတာတာစကားသံလေးတွေကို သူမနားစွင့်နေမိသည်။ ကိုယ့်ဘဝရဲ့ ရှင်သန်ခြင်းဟာ သားလေးကြောင့်မဟုတ်လား။ ဒီသားလေးသာ သူမရဲ့အသက်..သူမရဲ့ဘဝ။ သားက သူမမျက်နှာကို စိုက်ကြည့်ရင်း နှုတ်ဆိတ်နေတာမို့၊


" သား....မေမေ့ကိုဘာ​ပြောမလို့လဲ။ ဘာပူဆာမလို့လဲ..."


"သားသားပြောရင် မေမေက လုပ်ပေးမှာလားဟင်"


"အဟင်း....လုပ်ပေးရမှာပေါ့...မေမေ့သားက ဘာတွေပူဆာမလို့လဲ..."


"သားသားလည်း မွေးနေ့ပွဲလုပ်ချင်တယ် မေမေ"


"ဘာများလဲလို့ သားရယ်...သားမွေးနေ့ရောက်ရင် မေမေလုပ်ပေးမှာပေါ့ သားရဲ့"


"တကယ်လား မေမေ"


သားမျက်နှာလေး ဝင်းပသွားကာ ထပ်မေးလိုက်တော့ သူမ ခေါင်းညိတ်ပြလိုက်သည်။


"မေမေ့ကိုချစ်တယ်...အာဘွား"


ပါးကိုရွှတ်ခနဲနမ်းလိုက်တဲ့ သားရဲ့အပြုအမူလေးကြောင့် ရင်ထဲအတိုင်းအဆမရှိကြည်နူးသွားရလေသည်။ ပျော့အိအိဆံပင်လေးတွေက သားနဖူးလေးပေါ် ပြိုဆင်းကျနေတာမို့ သပ်တင်ပေးရင်း နဖူးလေးကို ဖွဖွလေးနမ်းရှိုက်လိုက်ရင်း၊


"လူလည်လေး...ဒါနဲ့ သားဘဘရော..."


ခုမှ ဖေဖေ့ကိုသတိရသွားပြီး မေးလိုက်မိသည်။ သားပြန်လာတာ အသံမကြားဘာမကြားနဲ့။


"ဘဘမပြန်သေးဘူး...မေမေ"


"ဟင်...ဒါဆိုသားကဘယ်သူနဲ့ပြန်လာတာလဲ တစ်ယောက်တည်းပြန်လာရလား သားရယ်"


တစ်ရွာတည်းဆိုပေမယ့် သားတစ်ယောက်တည်းပြန်လာတာကို သူမ ဘယ်လိုမှ စိတ်မချနိုင်။ ကလေးတစ်ယောက်တည်း ပြန်လာတာကို ဖေဖေမသိတာလား။ခုမှ ရင်ပူသွားရကာ၊


"သားပြန်လာတာ သားဘဘသိလား"


"သိတယ် မေမေ...ဘဘကိုယ်တိုင်ပြန်လွှတ်လိုက်တာ"


"ဘာ.....ဘယ်လို ဘဘက ပြန်လွှတ်တယ် ဟုတ်လား"


သူမ စိုးရိမ်တကြီးတုန်လှုပ်နေသလောက် သားက မေးသမျှကို ပြန်ဖြေနေတာ အေးအေးဆေးဆေးပင်။


"ဟုတ်တယ်...မေမေ"


"ကြည့်စမ်းပါဦး သားရယ်...ဒီလောက်အဝေးကြီးကို တစ်ယောက်တည်းပြန်လာရလား။မေမေ့ကို ဖုန်းလှမ်းဆက်လိုက်ရောပေါ့ မေမေလာခေါ်မှာပေါ့ သားရယ်"


"သားတစ်ယောက်တည်း ပြန်တာ မဟုတ်ပါဘူး...."


"ဘယ်သူတွေနဲ့ပြန်တာလဲ သားလေးလေးတို့နဲ့လား"


မောင်ဝမ်းကွဲတွေလည်း သွားတာမို့ မေးလိုက်တာပါ။ ဒီကောင်လေးတွေက တူလေးကို သည်းသည်းလှုပ်ချစ်ကြတာမို့ ဘယ်သွားသွားဆိုင်ကယ်ပေါ်တင်ခေါ်တော့ သူမနဲ့တစ်ရန်။ အကဲပိုတယ်ဆိုပြီး မောင်နှမတွေ ခဏခဏ ရန်ဖြစ်နေရတာ။ ကိုယ့်ခံစားချက်ကို ဘယ်သူတွေနားလည်နိုင်မှာလဲ။


"ဟုတ်ပါဘူး.."


"ဒါဆို ဘယ်သူနဲ့လဲ"


"ဖေဖေနဲ့"


ဘုရား....ဘုရား...နားကြားလွဲနေတာများလား။ ငါ နားကြားလွဲနေတာလား။ ရုတ်တရက် သားကို ကြည့်ပြီး သူမ ကြက်သေသေနေရသည်။ ဖေဖေတဲ့....ဒီနာမ်သားလေးက ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်။


"ဘယ်သူ...ဘယ်သူ...သားစောစောကခေါ်လိုက်တာ"


စကားလုံးတွေထစ်ငေါ့ကာ နောက်တစ်ကြိမ်ထပ်မေးလိုက်မိသည်။ 


"ဖေဖေနဲ့ပြန်လာတာ... အပြင်မှာ ဖေဖေထိုင်နေတယ် မေမေ...ဖေဖေဆီသွားရအောင်"


သူမပေါင်ပေါ်ကနေ လျောဆင်းကာ သူမလက်လေးကို ဆွဲပြီး ရှေ့ကနေ ဦးဆောင်သွားသည့် သားနောက် ယောင်ချာချာဖြင့် အသက်မဲ့သူလိုပါသွားရသည်။ ခုချိန်ထိ အိပ်မက်မှ လန့်နိုးသူတစ်ယောက်လို ဖြစ်နေရသည်။ဖေဖေတဲ့...သားနှုတ်ဖျားကနေ ခေါ်ငင်နေပုံက တရင်းတနှီး။ ဖခင်ဆိုတဲ့ဝေါဟာရနဲ့ပက်သက်ပြီး သားကို မပြောခဲ့ဖူးပါ။ သားကို နောက်ထပ်မမေးဖို့ ပြောထားပြီးကတည်းက သားလေးငြိမ်နေတာ..ခုတော့ သားရင်ထဲမှာနက်နက်ရှိုင်းရှိုင်းနေရာယူနေပြီ။


ဟင်....။ ဧည့်ခန်းဆီ လှမ်းမြင်နေရသည့်နေရာလည်းရောက်ရော...မျက်လုံးတွေပြူးကျယ်သွားကာ ခြေလှမ်းတွေပါ ရပ်တန့်သွားရသည်။ပခြုပ်တို့ဘက်ကိုကျောပေးလျက် သူမတို့သားအမိနှစ်ယောက်ရဲ့ပုံကို စိုက်ကြည့်နေသည့် သူ။ 


မြင့်မားကျစ်လျစ်သည့်အရပ်အမောင်းနဲ့လိုက်ဖက်သည့် ကိုယ်လုံးကဟိုးအရင်ကထက် ပိုဖွံ့ဖြိုးလာကာ...အရပ်ကြီးပါ ပိုရှည်လာသလိုလို။ ခြေခွဲရပ်လျက် လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲထည့်ထားပြီး ကျန်တစ်ဖက်က ရယ်နေသည့် သူမနဲ့သားပုံလေးကို ထိကိုင်နေသည့်မြင်ကွင်းက သူမတစ်ကိုယ်လုံးအေးခဲသွားစေသည်။ သူ့ကိုမြင်လိုက်တယ်ဆို မီးခဲပြာဖုံးနေသော ဒဏ်ရာတွေက ပြန်ပေါ်လာကာ မျက်ရည်က အလိုလိုရစ်ဝဲလာရ၏။ ကိုယ့်ကိုယ်ကို စိတ်မာပါတယ်လို့ ထင်ထားမိသမျှ ဤယောကျ်ားနဲ့ပက်သက်ရင် မျက်ရည်က မခိုင်။ ဝေ့ဝဲတက်လာသည့်မျက်ရည်တွေကို မျက်တောင်သိမ်းပစ်ရင်း အံကြိတ်ပစ်လိုက်မိသည်။ 


မျက်နှာရှေ့ရောက်နေမှတော့ ရှောင်ပြေးဖို့ကလည်း မဖြစ်။ အပြတ်သားဆုံးရင်ဆိုင်ဖို့ ဆုံးဖြတ်ရင်း ဧည့်ခန်းဆီလျှောက်ဝင်လာတော့ သူ့မျက်နှာတဖြည်းဖြည်းလှည့်လာသည်။ အရင်ကထက် ဆံပင်တွေပိုရှည်လာကာ ချောမွေ့နေသည့်မျက်နှာက ပို၍​ရင့်ကျက်လာသလို၊ တီရှပ်ပေါ် ရှပ်ကွက်တစ်ထည်ထပ်ဝတ်ပြီး ဂျင်းဘောင်းဘီနဲ့ပင် မိန်းကလေးတွေ ငေးမောစရာကောင်းအောင် စွဲဆောင်မှုရှိသည့် သူက ခုဆို အော်တာရှပ်နှင့် စတိုင်ပင်န်နှင့်ဆိုတော့ ပြောစရာမလိုတော့။ ဖြူဝင်းနေသည့်မျက်နှာပေါ်မှာ မျက်ခုံးတွေက စိမ်းညှို့ကာ ထင်ရှားနေပြီး စူးရဲသည့်မျက်လုံးတွေက စိန်ပွင့်တွေလို တဖျတ်ဖျတ်လက်နေလျက်။ ပွယောင်းခြင်းမရှိတဲ့ နှာတံအောက်က ပိရိသေသပ်ကာ ပုံကျသည့်ပါးလျပ်လျပ်နှုတ်ခမ်းတစ်စုံက အရယ်အပြုံးကင်းမဲ့နေ၏။မေးရိုးက ပိုသွယ်သွားသလို ရိတ်သင်ပြီးစမို့ ပါးမြိုင်းမွှေး၊မုတ်ဆိတ်မွှေးနေရာတွေက သိသိသာသာစိမ်းဖန့်ကာနေပြီး ရင့်ကျက်မှုအသွင်နှင့်အရင်ထက်ပိုကြည့်ကောင်းလာတာတော့ အမှန်ပင်။ 


ပခြုပ်နဲ့သားရဲ့ချစ်စဖွယ်ပုံလေးတွေကို ငေးမောနေမိစဥ်..နောက်ဘက်က ခြေသံကြောင့် သူလှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ရပ်နေသူက ပခြုပ်။ တမ်းတနေမိသည့်မျက်နှာလေးကို သူတမေ့တမောငေးမိသွားရသည်။ ဖောင်းပြည့်နေသည့်မျက်နှာဝိုင်းဝိုင်းလေးက ပြောင်းလဲသွားခြင်းမရှိပေမယ့် ကြည်တောက်တောက်မျက်လုံးလေးတွေကတော့ မာနရိပ်တို့ဖြင့်စွန်းထင်းနေပြီး နာကျင်မုန်းတီးခြင်းတွေပါ ရောပြွမ်းနေ၏။ ကိုယ့်ကို ခွင့်မလွှတ်နိုင်အောင်မုန်းနေပြီလား ပခြုပ်ရယ်။ မင်းမျက်လုံးလေးတွေကိုမြင်လိုက်ကတည်းက ကိုယ်သိပါတယ်။ 


ဖူးပြည့်နေသည့်နှုတ်ခမ်းလေးကို အကြည့်ရောက်သွားတော့ ရင်ခုန်သံတွေက အထိန်းအကွပ်မဲ့သွားရသည်။ ကျော့ရှင်းနေသည့် လည်တိုင်လေးက ဘလောက်အကျီအဟိုက်လေးအောက်မှာ ပေါ်လွင်နေသည်။ သေ​သေသပ်သပ်ဝတ်ထားသည့် ထဘီလေးက ခြေမျက်စေ့အုပ်ရုံလေးမို့ ခြေခုံဖွေးဖွေးလေးတွေပေါ်နေ၏။ ကိုယ်လုံးလေးက တင်းပြည့်ကာ အရင်ကထက်ပိုကြည့်ကောင်းလာသလို ပခုံးသာသာဆံပင်တွေက ခုဆို တင်ပါးဖုံးနေပြီ။ အိမ်နေရင်း အဝတ်လေးတွေနဲ့ သနပ်ခါးပြေပြေလေးလိမ်းထားသည့် ပခြုပ်ပုံလေးကို မြတ်နိုးမဝစွာကြည့်ရင်း ပွေ့ပိုက်ယုယချင်စိတ်တွေက တဖွားဖွားပေါ်ထွက်လာသည်။


သူ့ကိုမြင်လိုက်ကတည်းက သူ့အခြေအနေကို ခန့်မှန်းလိုက်မိပြီ။ မင်းသားတစ်ယောက်လိုချောမွေ့နေသည့် သူ့ကိုကြည်ပြီး သူမနှုတ်ခမ်းလေး မသိမသာမဲ့သွားပေမယ့် သူကတော့ ပခြုပ်ကို မမှိတ်မသုန်ငေးကြည့်နေတာ မျက်တောင်ပင်မခတ်။ထိုအကြည့်စူးစူးထဲဝယ်မြတ်နိုးလွမ်းဆွတ်ခြင်းတွေပြည့်နှက်နေလျက်။


"ဖေဖေ....ဒီမှာ မေမေ့ကိုခေါ်လာပြီ"


မျက်လုံးတွေမလွှဲဖယ်ပဲ တိတ်ဆိတ်နေသည့်သူတို့နှစ်ယောက်ကြား သားအသံလေးက စီခနဲထွက်လာသည်။ သားက ဆွဲထားတဲ့လက်ကို ဖြုတ်ပစ်ပြီး သူ့ဆီပြေးသွားတာမို့ သူမ အံ့သြနေစဥ်...သားကိုယ်လေးကို သူကစွေ့ခနဲပွေ့ချီလိုက်ပြီး ခုံမှာဝင်ထိုင်လိုက်ပုံက သူ့အိမ်သူ့ရာကို သက်သောင့်သက်သာ...။ ဒေါသတွေ တလိပ်လိပ်တက်လာပေမယ့် ပြုံးရွှင်နေသည့် သားမျက်နှာလေးကြောင့် စုဆောင်းထားသည့်စကားလုံးတွေက လည်ချောင်းဝတွင်တစ်ဆို့လျက်။


"ဖေဖေ့"


"ဗျာ..."


"အဟင်း...ဟင်း...."


"ဘာလို့ရယ်နေတာလဲကွ"


"ဖေဖေထူးသံကို သဘောကျလို့"


ဟင်...ကြည့်စမ်း ကြည့်စမ်း ဘယ်လောက်အသည်းယားစရာကောင်းလိုက်သလဲ။ သူ့လည်ပင်းကို အကျအနသိုင်းဖက်ပြီး မေးဖျားကိုမော့နမ်းလိုက်သည့် သားရဲ့ လျှပ်တပြက်အပြုအမူလေးမှာ သူမ မျက်နှာ ရဲကနဲဖြစ်သွားရပြီး ဝမ်းနည်းစိတ်တွေက ဘယ်ဆီကနေ တက်လာမှန်းမသိတော့ပါ။ သားလေးက သူ့အပေါ် အဲဒီလောက်အထိတွယ်တာနေတာ သူမ မယုံနိုင်။ သူ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။သားနဲ့ရော...ဘယ်အချိန်ကတည်းက တွေ့နေတာလဲ။ မေးခွန်းတွေက အစီအရီထွက်ပေါ်လာပေမယ့် မေးဖို့ကျပြန်တော့ ခွန်အားကမရှိ။


"ပခြုပ် မထိုင်တော့ဘူးလား..."


မတ်တပ်ရပ်လျက် သူနဲ့သားကိုငုံ့မိုးကြည့်ကာ ပခြုပ်မျက်နှာလေးပျက်နေတာကို မြင်တော့သူ ရင်ထဲမကောင်းပါ။  


"ရှင်ဘာလာလုပ်တာလဲ"


မထိုင်ပဲ ပြန်မေးလိုက်တဲ့မေးခွန်းကို ကြိုသိနေတဲ့ပုံစံဖြင့် သူကမတုန်မလှုပ်ရှိနေကာ သူမမှာသာ လှုပ်လှုပ်ရှားရှားဖြစ်နေရသည်။ 


"သားတို့နဲ့ဖေဖေက တူတူနေဖို့ပြန်လာတာပေါ့ မေမေရဲ့။ ဖေဖေ့ကို စိတ်ဆိုးနေတုန်းလားဟင်...ခုထိစိတ်ဆိုးမပြေသေးဘူးလား"


သား ဝင်ဖြေလိုက်တာမို့ သူသဘောကျကာ ပြုံးလိုက်မိပေမယ့် ပခြုပ်မျက်နှာလေးက ရှက်အမ်းအမ်းလေးဖြစ်သွားသည်။ 


"ဖေဖေကြီး"


"ပြော သား"


"မေမေက ခုချိန်ထိ ဖေဖေ့ကို စိတ်ဆိုးနေတာ ဖေဖေချော့လိုက်ပါဦး။ မေမေကလည်း ဖေဖေ့ကို စိတ်မဆိုးနဲ့တော့နော်..ဖေဖေက မေမေနဲ့သားသားဖို့ပိုက်ဆံတွေသွားရှာတာ။ ပြောပြလိုက်လေ..ဖေဖေ"


အဟင်း....စကားတတ်လေး။ လူကြီးလေးလို သူ့အမေကို ရှင်းပြနေသည့် သားကြောင့် သူ့မှာ နှုတ်ခမ်းပင်စေ့မရတော့ပါ။ ပခြုပ်ကိုကြည့်လိုက်တော့ ဒေါသလေးတွေထွက်နေသည့်ကြားက သားကို မပြောရက်မဆိုရက်ဖြစ်နေပုံရသည်။ ကဲ...ဒေါ်ပခြုပ်...ဘယ်နှယ့်ရှိစ...။


မျက်လုံးချင်းအဆုံမှာ မျက်ခုံးတွေပင့်လျက် မေးဆတ်ပြလိုက်သည့် သူ့ဟန်ပန်ကြောင့် ဒေါသတွေ တရစ်ရစ်ထွက်လာရသည်။ သားရှေ့မှာမို့ပေါ့...မဟုတ်ရင် ဒင်းမျက်နှာကြီးကို ပြေးကုတ်ဆွဲပစ်လိုက်ပြီ။ တောက်...သိပ်လူပါးဝတဲ့ သူ။ သားကို ဘယ်လိုစည်းရုံးလိုက်သလဲမသိ...အမေထက် သူ့ကိုပိုတွယ်တာနေပုံနှင့် ရင်ခွင်ထဲကမဆင်းတော့။ကိုယ့်ထက် သူ့ကို ပိုခင်တွယ်နေတော့ ဝမ်းနည်းသိမ်ငယ်စိတ်တို့ဖြင့် သူ့ကို ပိုမုန်းမိပြန်၏။


"သား...ဒီကိုလာခဲ့"


မျက်နှာတည်တည်လေးနဲ့ သားကို လှမ်းခေါ်နေတော့ သားက သူ့လည်ပင်းကို ပိုတိုးဖက်ကာ၊


"ဟင်အင်း...သားသားဖေဖေပေါ်မှာ နေချင်လို့...မေမေက ဖေဖေ့ကိုစိတ်ဆိုးနေတာဆို...ဘာလို့လဲဟင်မေမေ။ ဖေဖေ ဟိုးအဝေးကြီးကို ထွက်သွားလို့မို့လား"


"ဘုန်းမြတ်သော်...မေမေ့ဆီလာခဲ့ဆို...အဲဒါ သားအဖေလို့ဘယ်သူပြောလဲ"


သူ့ကိုမုန်းတီးစိတ်ဖြင့် ဘာမှ မစဥ်းစားဘဲ လေသံမာမာဖြင့်ပြောချလိုက်တော့ သူ့မျက်နှာ ကွက်ခနဲပျက်သွားသလို စောစောက ပြုံးရွှင်နေသည့် သားက ချက်ချင်းငိုမဲ့မဲ့လေးဖြစ်သွားကာ၊


"သားဖေဖေပါ...သားကို တီတီလေးပြောတာ...ဟုတ်တယ်နော်ဖေဖေ...သားသားက ဖေဖေ့သားနော်"


ငိုမဲ့မဲ့လေးနဲ့ပြောရင်း သူ့လက်တွေကိုလည်း ဆွဲခါပြီး အကူအညီတောင်းနေသည့် သား။ သားရင်ထဲကို ရွှေကြုတ်က ရိုက်သွင်းခဲ့တာပေါ့။ အားလုံးက သူ့ဘက်တော်သားချည်းပါလား...နာကျင်ခံစားခဲ့ရတဲ့ ကိုယ့်ဘက်ကိုငဲ့ကြည့်မဲ့သူကျတော့ ရှားပါးနေလျက်။


"ဖေဖေ...ဖေဖေက သားသားဖေဖေဟုတ်ပါတယ်နော်....သားသားက ဖေဖေသားပါနော် ဖေဖေ"


"ဟုတ်တာပေါ့ သားရဲ့...ဖေဖေက သားရဲ့ဖေဖေပါကွာ...သားမေမေက ဖေဖေ့ကို စိတ်ဆိုးနေလို့ သက်သက်ပြောတာ"


သားမျက်ရည်တွေကို သုတ်ပေးရင်း သူချော့မော့နှစ်သိမ့်ပေမယ့် သားက အငိုမရပ်တဲ့အပြင် သူ့အမေကိုကြည့်ပြီး၊


"မေမေ ဖေဖေပြောတာဟုတ်တယ်မို့လား...သားသားဖေဖေ့ကို ချစ်တယ်။ဖေဖေကြီးကို စိတ်မဆိုးပါနဲ့တော့ နော်မေမေ..နော်"


"ဖြေလိုက်လေ ပခြုပ်...သားငိုတာကို မင်းကြည့်ချင်တာလား"


တောက်....။ မင်းစွဲဘဏ္ဍာ ရှင့်ကို ကျွန်မသိပ်မုန်းတယ်သိလား။ ရှင့်ကြောင့် ကျွန်မသားက ကျွန်မကို စိတ်ခုတော့မယ်။ အဲဒါ ရှင့်ကြောင့် ရှင် ကျွန်မတို့ သားအမိကြားထဲ ရန်လာတိုက်နေတာ။


"ဖေဖေ...မေမေ့ကို တောင်းပန်လိုက်လေ။ သားသားတို့အတွက် အလုပ်သွားလုပ်နေတာလို့ မေမေ့ကိုပြောလိုက်ဖေဖေ"


"ဘုန်းမြတ်သော်.."


ပခြုပ်အော်သံက စူးခနဲထွက်လာတာမို့ သားစကားသံလေးတွေ တိတ်သွားသလို သူနဲ့မျက်လုံးချင်းဆုံသွားတော့ သူမမျက်ဝန်းထဲက ရောင်စဥ်တွေက မီးဖွားတွေလို လွင့်စင်ထွက်လာသည်။ 


"ပခြုပ်ရယ် သားကို မအော်ပါနဲ့ကွာ...ကိုယ်ရှင်းပြတာ နားထောင်ပါဦး...ခဏလေးပဲ ပြီးရင် မင်းကြိုက်သလို ဆုံးဖြတ်"


"မလိုချင်ဘူး...ဘာမှ နားထောင်စရာလည်း မလိုဘူး။ ရှင်နဲ့ကျွန်မ ဘာမှပက်သက်ဖို့မရှိဘူး..လာ သား"


ပခြုပ် ထရပ်လိုက်ပြီး သားကို အတင်းချီတော့ သားက သူ့ကို အတင်းဖက်တွယ်ထားပြီး ငြင်းဆန်နေတာ ခါးခါးသီးသီး။


"ဟင်အင်း...ဟင်အင်း...သားသားဖေဖေကိုချစ်တယ်။ ဖေဖေကို မဆူပါနဲ့..."


"တိတ်စမ်း ဘုန်းမြတ်သော်....မင်း မေမေစကားကို ဘယ်တုန်းက ငြင်းဖူးသလဲ။ လာ မေမေ့ဆီခုလာ"


"ဖေဖေကိုအတူတူနေချင်တယ်...ဟင့် ဟင့်... ဖေဖေကြီးကို စိတ်မဆိုးပါနဲ့"


သားက သူမလက်တွေကို ဖယ်ချပြီး သူ့ကိုသာ အတင်းကပ်တွယ်နေတာမို့ ပခြုပ်ဒေါသတွေ ပိုတိုးလာကာ၊


"လာဆို....ရှင်ဆွဲမထားနဲ့ ဖယ်"


သားက သူနဲ့ပခြုပ်ကြားမှ ဓားစားခံဖြစ်နေသည်။ ပခြုပ်နောက်ကို မလိုက်ချင်လို့ငိုယိုပြီး သူ့ကိုဖက်ထားသလို ပခြုပ်ကလည်း အတင်းလုချီနေတော့ သုံးယောက် ဖရိုဖရဲဖြစ်နေလေသည်။


"ကလေးကို အတင်းမဆွဲပါနဲ့ ပခြုပ်ရယ်။ သား အရမ်းငိုနေပြီ...ကိုယ် ရှင်းပြတာလေး ခဏနားထောင်ပေးပါနော်"


"ဘာမှ မရှင်းနဲ့ မကြားချင်ဘူး...သွား ရှင် ခုချက်ချင်း ကျွန်မအိမ်ထဲက ထွက်သွား။ ရှင်နဲ့ကျွန်မ ဘာမှ မဆိုင်တော့ဘူး သားကလည်း ရှင့်သားမဟုတ်ဘူး မင်းစွဲဘဏ္ဍာ...ရှင် ခုထွက်သွား"


ဒေါသထွက်ထွက်နဲ့ ပခြုပ်ရန်တွေ့ပစ်လိုက်တော့ သူ့မျက်နှာ ပျက်သွားကာ၊


"ပခြုပ်ရာ....ဘာလို့ညာနေတာလဲ...သားကကိုယ့်သား...မင်းကကိုယ့်မိန်းမ အဲဒါ ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားဘဲ ပခြုပ်။ ကိုယ် ပြောတာလေး ခဏနားထောင်ပေးပါကွာ....ခဏပဲ"


"မပြောနဲ့...ရှင်နဲ့ကျွန်မ ဘာမှမဆိုင်တော့ဘူး... လာ သား"


"ဟင်အင်း ဖေဖေဆီသွားမယ်...ဖေဖေ သားကို ခေါ်ပါ"


သူလက်ထဲက သားကို အတင်းဆွဲလွဲချီပြီး ပခြုပ် ခေါ်လိုက်တော့ သားက ကော့လန်ထိုးပြီး ငိုတော့သည်။ 


"ကလေး အရမ်းငိုနေပြီကွာ...ကိုယ်ခဏချီပါရစေ...ပခြုပ်။ အဲဒီလိုမလုပ်ပါနဲ့"


"ဖယ်စမ်းပါ...ရှင်နဲ့ဘာဆိုင်လဲ။ ကျွန်မတို့ သားအမိဘဝကို လာမဖျက်ဆီးကြပါနဲ့...ကျေးဇူးပြုပြီး ကျွန်မတို့ ဘာသာ အေးအေးချမ်းချမ်းလေး ရှင်သန်ပါရစေ"


ရုန်းကန်နေသည့် သားကို ထိန်းရင်း ပခြုပ် လှည့်ထွက်တော့ သူ ပခြုပ်ရှေ့က ပိတ်ရပ်လိုက်သည်။ 


"သားသား မငိုနဲ့ ဖေဖေဘယ်မှ မသွားဘူး။ သားတို့နဲ့ပဲ ဖေဖေနေမှာ...ကြည့်စမ်းပါဦး ချွေးတွေကို ရွှဲနစ်နေတာပဲကွာ...မငိုတော့နဲ့"


ထိန်းမရအောင် အော်ဟစ်ငိုယိုနေသည့် သားက သူ့စကားတစ်ခွန်းနဲ့တင် မီးကို ရေနဲ့ငြှိမ်းသလို တိတ်ကျသွားတော့သည်။ အလိုမကျလို့ အော်ဟစ်ငိုတာ သားရဲ့မွေးရာပါဗီဇပင်...ငယ်ငယ်ကတည်းက အသားတွေပြာအောင်ငိုတိုင်း အတော်ကြီးချော့ခဲ့ရတာ။ ခုထိလည်း သူ အလိုမကျရင် ခုနစ်အိမ်ကြားရှစ်အိမ်ကြားအော်ငိုတဲ့သားက ဘယ်သူချော့ချော့မရ။ ချော့မရခြောက်မရတဲ့ သားက သူ့စကားတစ်ခွန်းမှာ ငြိမ်သက်နာခံသွားတော့ သူမ ပိုခံပြင်းသည်။


"ဖေဖေ့ကို နှင်မလွှတ်ပါနဲ့...သားသားဖေဖေ့ကို နှင်မလွှတ်ပါနဲ့"


"ရှင် သွားပါတော့ ကျွန်မအိမ်က ခုထွက်သွား"


"နေပါဦး...ကိုယ်ရှင်းပြပါရစေ....ပခြုပ်"


"ဖေဖေ.....ဖေဖေချီပါ...သားသားကို ခေါ်ပါ"


"တိတ်စမ်း ဘုန်းမြတ်သော်....လာခဲ့"


"ပခြုပ်...မင်း.."


"ရှင် ပြန်တော့....ရှင့်မျက်နှာကို မကြည့်ချင်ဘူး။ သွားဆို သွားနော် ကျွန်မ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်..."


"ဖေဖေကြီးရေ...ဟီး....ဖေဖေ"


"ပခြုပ် ကလေးကို လွှတ်လိုက်ပါကွာ....ပခြုပ် ကိုယ်ပြောနေတာကြားလား"


"ဂျိမ်း..."


 ပိတ်သွားတဲ့အခန်းတံခါးရဲ့အပြင်မှာ သူတစ်ယောက်တည်း ငေါင်စင်းစင်းနဲ့ကျန်ခဲ့သည်။ အထဲက သားရဲ့ငိုသံက ဆူညံစွာထွက်ပေါ်နေတာမို့ ရင်ထဲမကောင်းတော့ပါ။ မာနကြီးလှချည်လား ပခြုပ်ရယ်။ ကိုယ့်ကို အဲဒီလောက်ထိ မုန်းနေပြီပေါ့။ 


"ဖေဖေရေ....ဖေဖေကြီးရေ သားသားကို လာခေါ်ပါ။မေမေ့ကို မချစ်တော့ဘူး ဖေဖေ့ကိုပဲ ချစ်တယ်။ ဖေဖေကို ပြန်ခေါ်ပေးပါ...ဖေဖေဆီသွားချင်တယ် ဟင့်....ဟီး..."


"ပခြုပ်....တံခါးဖွင့်ပါ ပခြုပ်ရယ်...သားငိုအောင်မလုပ်ပါနဲ့ကွာ...ကိုယ်တောင်းပန်ပါတယ်...သားတစ်ခုခုဖြစ်သွားလိမ့်မယ်"


တံခါးတစ်ချပ်သာခြားနေတာမို့ အသံတွေက အတိုင်းသားကြားနေရသည်။ အထဲမှာ သား တတ်မတတ်၊ချက်မတတ်ငိုတာ သူဘယ်လိုမှ နေမရပါ။ သား ငိုသံတွေက သူ့နှလုံးသားကို ဆုပ်ဆွဲနေသလို ခံစားရပြီး တံခါးကို ထုလျက် သူ ပခြုပ်ကြားအောင်အော်ပြောလိုက်မိသည်။ သူမမိသားစုကြားမှာ ဆိုတာလည်းထိန်းသိမ်းရမှန်း မသိတော့။ ဖြစ်ချင်ရာဖြစ်တော့ သူ စိုးရိမ်နေတာ သားအတွက်။


"ပခြုပ်....ပခြုပ် တံခါးဖွင့်လိုက်ပါကွာ။ ကိုယ့်ကို မင်းကြိုက်တဲ့အပြစ်ပေးပါ။ သား ဒုက္ခရောက်သွားလိမ့်မယ် တံခါးဖွင့်ပါ ပခြုပ်"


"အဲဒီဒုက္ခတွေကို ရှင်လာပေးနေတာ မင်းစွဲဘဏ္ဍာ...သွားဆို...ခုထွက်သွား"


"မဟုတ်ဘူး ပခြုပ်..."


"ရှင် မသွားသေးဘူးလား..."


ဒေါသတကြီး ထွက်ပေါ်လာတဲ့အသံလေးနှင့်အတူ ပခြုပ် တံခါးကနေ အပြင်ထွက်လာတော့ သူဝမ်းသာသွားပြီး ပခြုပ်လက်လေးကို လှမ်းအဆွဲ၊


"ကဲဟယ်....အဲဒါ ရမ်းကားချင်ဦး"


"ဒုတ်...."


"မှတ်ထား...အဲဒါ ရမ်းကားချင်ဦး...နောက်တစ်ခါဆို အ​သေသတ်ပစ်လိုက်မယ် မယုံမရှိနဲ့"


လက်ကလေးကို ဆွဲကာ အသည်းယားယားဖြင့် ရင်ခွင်ထဲ ဆွဲအသွင်း သူ့ချိုစောင်းမှာ ပူခနဲဖြစ်သွားကာ ပခြုပ်ကို မော့အကြည့်...။ပခြုပ်က သနပ်ခါးတုံးကိုကိုင်ကာ အခန်းထဲသို့ ချာခနဲလှည့်ဝင်သွားတော့သည်။


အပိုင်း(၂၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: