မိုးသည်းည....ကာရန်
~~~~~~~~~~
အရာအားလုံးက ပြောင်းလဲသွားပြီဘဲ။ အရင်က ဆိုင်ကယ်တစ်စီးနဲ့သူတို့တွေ ပတ်သတ်သွားခဲ့တဲ့ ကျောက်ခင်းလမ်းမကြီးကခုတော့ ကတ္တရာလမ်းမကြီးဖြစ်နေလေပြီ။လမ်းဘေးတစ်လျှောက်မီးတိုင်တွေစီတန်းပြီး ဖွင့်ဖြိုးတိုးတက်ကာနေသည်။ မိုးရာသီဆိုပေမယ့် ကုန်ကားတွေ ထော်လာဂျီတွေ ကုန်သယ်နေတာမို့ လမ်းတစ်လျှောက်လုံး ရှောင်နေရသည်။မပြောင်းမလဲရှိနေတာကတော့ အစိမ်းရောင်ကမ္ဗလာပြင်ကြီးဖြန့်ခင်းထားသော တမျှော်တခေါ်လယ်ကွင်းပြင်ကျယ်ကြီးတွေသာရှိ၏။
စတီယာရင်ကို လက်တစ်ဖက်ဖြင့်ထိန်းရင်း ရှေ့မှာမြင်နေရတဲ့လမ်းမကြီးကို ငေးနေမိ၏။သူ ဖွင့်ထားတဲ့ Rဇာနည်ရဲ့သီချင်းက နှလုံးသားထဲ လာရိုက်ခတ်လို့နေတာမို့...။
~~တကယ်ဆိုရင်လေ မင်းနဲ့တို့ကြားက ထားရှိခဲ့ကြတဲ့ကြင်နာခြင်း...နားလည်မှုလွဲလို့ တို့ဝေးခဲ့ကြပြီ...
~~တကယ်ဆိုရင်လေ မင်းနဲ့တို့ကြားက ထားရှိခဲ့ကြတဲ့ကြင်နာခြင်း...နားလည်မှုလွဲလို့ တို့ဝေးခဲ့ကြပြီ...
ပခြုပ်ရယ်...။သီချင်းလေး ဆုံးသွားတော့ မြတ်နိုးခဲ့ရတဲ့ နာမည်လေးတစ်ခုကို ဖွဖွလေးရေရွတ်နေမိသည်။ အားလုံးက ကိုယ်မပွင့်လင်းခဲ့လို့ ပခြုပ်နစ်နာခဲ့ရတာပါကွာ...မင်းနာကျင်ခံစားခဲ့ရတာတွေက ကိုယ့်ကြောင့်ပါ ပခြုပ်ရယ်။အစကတည်းက ကိုယ်သာပွင့်လင်းခဲ့ရင် မင်း ခုလိုဖြစ်မှာ မဟုတ်ဘူး...။
နာကျင်ကြေကွဲနေသည့် မျက်လုံးတွေကို မျက်မှန်နဲ့ဖုံးဖိရင်း အရယ်အပြုံးမဲ့နေသော နှုတ်ခမ်းသားတွေက မျဉ်းတစ်ဖြောင့်တည်းဖြစ်နေသည်။ အလွမ်းတွေနဲ့ လုံးထွေးရင်း ကိုယ်ရုန်းကန်နေခဲ့ချိန်မှာ မင်းတို့သားအမိက စက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်း လွှမ်းမိုးနေခဲ့တယ် ပခြုပ်ရယ်။
ရန်ကုန်မှာ တစ်ရက်ပဲနေပြီး မနက်စောစောထပြီး မောင်းလာခဲ့တာ။ လက္က နာရီကို ငုံ့ကြည့်မိပြန်သည်။ ရှစ်နာရီထိုးဖို့ ငါးမိနစ်သာလိုတော့တာမို့ ကားအရှိန်ကို နည်းနည်းမြှင့်ပြီး ပျံ့လွင့်နေသည့် အာရုံတွေကို စုစည်းလိုက်ရသည်။ မဟုတ်ရင်...မြင်ချင်တွေ့ချင်နေတဲ့ မျက်နှာလေးကို မမြင်လိုက်ရပဲ မာလကီးယားသွားနိုင်သည်လေ...။ ရှစ်နာရီလောက်ဆိုတော့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ ရှုပ်နေပြီ။
အိမ်ကိုအရင်ဝင်လိုက်ရင် ဟိုဘက်ကိုလွတ်သွားမှာ..ပြီးတော့ အိမ်ကို ဝင်ချိန်စိတ်ထက် သူ့စိတ်တွေက ဒီဘက်မှာ အလေးသာနေသည်။လွမ်းခဲ့ရတဲ့ရက်တွေက နည်းသလား...အလွမ်းတွေရာသီရင့်နေတာ သူ့ဘာသာနားလည်နေ၏။ နှုတ်ခမ်းလေး မဖွင့်ပဲ ပြုံးတတ်သည့် မျက်နှာဝိုင်းဝိုင်းလေးက တရစ်ဝဲဝဲဖြင့်...။ ရင်ခုန်သံတွေက ဆယ်ကျော်သက်လေးလို ကမောက်ကမနဲ့ စည်းချက်မမှန်တော့တာ အချစ်ရဲ့ဆွဲငင်ဓာတ်တစ်မျိုးလား။ လှမ်းမြင်နေရတဲ့ အုံ့မှိုင်းမှိုင်းရွာကြီးထဲမှာ ပျောက်ဆုံးနေတဲ့ သူ့နှလုံးသားတစ်ခြမ်းက သံလိုက်တစ်ခုလို ဆွဲငင်နေတာဘဲ နေမှာ။
ကိုယ့်အတ္တတွေအဆင့်သင့်ခဲ့တာလား ပခြုပ်ရယ်။ ခက်ခဲပင်ပန်းခဲ့ရတဲ့မင်းဘဝလေးကို ကိုယ့်အကြင်နာတွေနဲ့ ခြွေသိမ့်ပါရစေကွာ...။သိနေပေမယ့် မြိုသိပ်ထိန်းသိမ်းမိသမျှ ထိခိုက်ခံစားရတာက ပခြုပ်။ ခြောက်နှစ်တာလုံး မေ့ပျောက်ထားခဲ့တဲ့ အကြောင်းအရာတွေကို တစ်ရက်တည်း သူအစရှာနိုင်ခဲ့သည်။
မြရွှေကြုတ်နဲ့ပက်သက်ပြီး ပခြုပ်အနစ်နာခံခဲ့ရတာတွေကို သူ ခွင့်မလွှတ်ချင်ပါ။ ဒီကောင်မလေးကို ကာကွယ်ပေးနေသည့် ပခြုပ်ကို သနားမိသလို ဂရုဏာဒေါသလည်းဖြစ်မိသည်။ သူမကိုယ်မှာ ဆူးခြစ်ရာတောင်အထင်မခံနိုင်တာ ဒီညီမနဲ့ကျမှ ဒုက္ခပေါင်းများစွာကို ရင်စည်းခံရသတဲ့။ တိုက်ခန်းကို သွားကြည့်ပြီး ပြန်လာတော့ မထင်မှတ်ပါပဲ မြရွှေကြုတ်တို့ စုံတွဲနဲ့ သြားဆုံမွ အကြောင်းစုံသိခဲ့ရတာ။ အဖြစ်အပျက်တွေက ရုပ်ရှင်ဆန်နေသလို မထင်မှတ်ထားတဲ့တဆစ်ချိုးအပြောင်းအလဲတွေကို သူသိလိုက်ရသည်။
"ပျောက်သွားလိုက်တာ ညီလေးရာ...အေးလေ မင်းဘဝလည်း ခုတော့ပြောင်းလဲသွားပြီပေါ့။ မင်းသိချင်တာတွေအားလုံးကို ကိုယ်ပြောပြပါ့မယ်ကွာ"
သုံးယောက်မျက်နှာချင်းဆိုင်မိတော့ ရွှေကြုတ်က အပြစ်ရှိနေသူမို့ သူ့ကို မဝင့်မရဲကြည့်နေပြီး ကိုဟိန်းစိုးနဲ့သူ့ကြားမှာ ဘာမှဝင်မပြော။ သူတို့နဲ့ဆုံပြီး သုံးမိနစ်မပြည့်ခင်မှာ သိလိုက်ရတာက ကိုဟိန်းစိုးနဲ့မြရွှေကြုတ် လက်ထပ်ပြီးကြပြီဆိုတာပါဘဲ။
"ရွှေကြုတ် မှားခဲ့ပါတယ် စွဲ။ အမှားတွေအများကြီးကို ကျူးလွန်ခဲ့မိတယ်။ ရွှေကြုတ်ကြောင့် မေမေလည်းသေရတယ် စွဲတို့မိသားစုလည်း တကွဲတပြားဖြစ်ခဲ့ရတယ်။ တကယ်တော့ ပခြုပ်ရဲ့ကလေးက ရှင်နဲ့ရခဲ့တဲ့ကလေးပါ စွဲ"
ရွှေကြုတ် ဖွင့်ပြောတော့ သူ မအံ့သြတော့ပါ။
"ဘာ...ရှင်အစကတည်းက သိနေတယ် ဟုတ်လားစွဲ။ အဟင်း...ဒါကြောင့် ပခြုပ်အပေါ် ပြာနေခဲ့တာကိုး။ရှင် တကယ်ဟန်ဆောင်ကောင်းတယ် စြဲ။ ဒါပေမယ့် ပခြုပ်ကတော့ ရှင့်ကို နာကြည်းသွားပြီ။ မချစ်ဖူးတဲ့အသည်းနှလုံးက ပထမဆုံးချစ်တတ်ခါမှ ပြဿနာတွေတန်းစီသွားတော့ သူအချစ်ကိုအရမ်းကြောက်သွားခဲ့တာ.....။ မေမေကလည်း မထင်မှတ်ဘဲ ဆုံးသွားတော့ သူ့ပယောဂကြောင့်ဆိုပြီး ထိခိုက်ခံစားနေရတယ်"
မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလျက် ရွှေကြုတ်က သူသိချင်တာတွေ အားလုံးကို ပြောပြသွားခဲ့သည်။
"ဖြစ်ပျက်သမျှအားလုံးရဲ့ တရားခံဟာ ရွှေကြုတ်ပါ ရွှေကြုတ်မိုက်ခဲ့လို့ မေမေသိခဲ့ရပြီး မိသားစုတွေအရှက်ရခဲ့ရတာ။ကိုကြီးလည်း သိပြီးသားတွေဆိုပေမယ့် သေချာနားထောင်ပေးပါ.. ကိုကြီးနားလည်ပေးပါနော်။ တကယ်တော့ ပခြုပ်က ရိုးသားဖြူစင်တဲ့မိန်းမကောင်းလေးပါ...ရွှေကြုတ်ကသာ မိန်းမတစ်ယောက်မှာရှိသင့်တဲ့တန်ဖိုးကို မထိန်းသိမ်းခဲ့တာ။ ပခြုပ်မှာ ကိုယ်ဝန်စရှိတယ်လို့ သိလိုက်ကတည်းက ရှင်ရဲ့ကိုယ်ဝန်မှန်း သိလိုက်တယ်။ အဲဒါကြောင့် ရှင့်ကိုလက်ထပ်ဖို့သဘောတူခဲ့တာ....အနိုင်ယူစိတ်တွေနဲ့ အခ်စ်ဆိုတာကို အလေးအနက်မထားဘဲ ကိုယ်ထင်ရာကိုယ်လုပ်ခဲ့တယ် အစ်မကို စာနာပေးရမှန်းနားမလည်ခဲ့ဘူး။ မိဘစကားနားထောင်တော့ ပခြုပ်ကို မေမေတို့ကချစ်တယ် အဲဒါကို မနာလိုပြီး ရွှေကြုတ်မှားခဲ့မိတယ်"
ပြောရင်းမျက်ရည်တွေကျလာပြီး ရှိုက်ငိုနေတော့ ကိုဟိန်းစိုးမိုးက ချော့မော့နှစ်သိမ့်ပေးနေသည်။ ရွှေကြုတ်အတွက် အဖော်မွန်ကောင်းရလိုက်ပြီဆိုတာကို သူသိလိုက်ပြီ..ပြီးတော့ ရွှေကြုတ်အတွက် သူ ဝမ်းသာနေမိတာ အမှန်ပါ။
"ပခြုပ်က သူ့ပြဿနာကိုရှင်းဖို့ ဘယ်သူမှ မသိအောင် ရန်ကုန်ကို တိတ်တိတ်လေးထွက်သွားတယ်လေ...ဖူးစာဆိုတာ တကယ်ထူးဆန်းတယ်နော်။ တမင်လုပ်ယူရင်တောင်တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ် ရှင်တို့န်ှယောက်ကတော့ ကားတစ်စီးတည်းသွားခဲ့ရတဲ့အပြင် ရှင့်အမေက ပခြုပ်ကို လာတောင်းတဲ့အထိ တိုက်ဆိုင်ခဲ့တယ် စွဲ။ ပခြုပ်ရဲ့ကိုယ်ဝန်က ရှင်နဲ့ရတယ်ဆိုတာ ရွှေကြုတ်တစ်ယောက်ပဲ သိတာလေ...ဘာမှမသိရွာတဲ့ မေမေက ရှင့်အမေရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်။ ပခြုပ်က ငြင်းတော့ မေမေက သူ့အသက်နဲ့ခြမ်းခြောက်ခဲ့တာ..အဲဒီမှာ ရှင်နဲ့ လက်ထပ်ဖို့ဖြစ်သွားတယ်။ရှင်တို့လက်ထပ်ပြီးသွားတော့ ရှင့်ကို ရွှေကြုတ်မချစ်ခဲ့ဖူးဆိုတာ ပိုသေချာသွားတယ် ဒါပေမယ့် ရှင်အမေ ပြောခဲ့တဲ့စကားမမေ့သလို ရှင့်အမေကို မုန်းတီးစိတ်တွေနဲ့ လက်စားချေဖို့ချောင်းမြောင်းနေခဲ့တယ်။ မာနကြီးတဲ့ ရှင့်ကိုလည် ပြန်ပြီးလက်စားချေချင်ခဲ့တယ်။ ရှင်နဲ့ပခြုပ် ကွာရှင်းဖြစ်အောင် ဒေါ်ယမုံခင်နဲ့ရှင့်ကို ကျွန်မအသုံးချလိုက်တော့ သားသားကို မွေးမဲ့ နေ့မှာ ပခြုပ်က ရှင့်ဆီက ကွာရှင်းခွင့်တောင်းဆိုတဲ့အထိ ပြင်းထန်သွားခဲ့တယ်"
သူ မသိခဲ့တဲ့ စာမျက်နှာတွေမှာ မြရွှေကြုတ်ဆိုသော သူမရဲ့လုပ်ရပ်တွေက ကဝေတစ်ကောင်လိုပါပဲလား။
"အဲဒီအချိန်မှာ ကိုကြီးကို နှစ်နှစ်ကာကာချစ်နေတာမှန်ပေမယ် ရှင့်ကိုလက်စားချေချင်စိတ်က အသိတရားတွေကို အမှောင်ဖုံးနေခဲ့တာ ဘာမှလည်း မမြင်တော့ဘူး။ ပခြုပ်အတွက် ရှင် ပိုက်ဆံရှာနေမှန်းမသိဘဲ ဒေါ်ယမုံခင်ဆီက ချူနေပါတယ်လို့ ပခြုပ်အထင်လွဲအောင်ပြောပြီး ရှင့်အပေါ် ပခြုပ်ရဲ့အမုန်းမီးမြင့်အောင် ကေလးက ရှင်နဲ့ရတဲ့ကလေးဆိုတာပါ အသိပေးလိုက်တယ်။ ရွှေကြုတ်ကြိုတင်တွက်ထားတဲ့အတိုင်းပဲ အားလုံးဖြစ်လာခဲ့တယ်။ ပခြုပ်လည်း ရှင့်ကိုမုန်းသွားတယ် ပြီးတော့ ရှင့်ကလေးဆိုတာကို ရှင်ဘယ်တော့မှ မသိစေရဘူးတဲ့လေ...။ ပြဿနာတွေကို မသိတဲ့ရှင့်အမေက ကေလးကို အရမ်းချစ်ပြနေတော့ ကလဲ့စားချေဖို့အကွက်ရသွားတယ်...ရှင်နဲ့ပခြုပ် ဘာကြောင့်လက်ထပ်ဖြစ်ခဲ့တယ်ဆိုတာကိုပြောပစ်လိုက်တော့အတော်စွေ့စွေ့ခုန်သွားသလို ပခြုပ်ကိုလည်း ရှင့်အမေ စိတ်နာသွားတယ်။ ရှင်နဲ့ မပက်သက်ဖို့လာပြောပြီး ကွာရှင်းပေးဖို့အထိပြောတော့ ပခြုပ်က ရှင်တို့နှစ်ယောက်ကွာရှင်းထားတယ်လို့ပြောပြီး တစ်လျှောက်လုံးရှင်ကုန်ခဲ့တဲ့ပိုက်ဆံတွေကို ရှင့်အမေဆီပြန်အပ်လိုက်တယ် စွဲ။ အဲဒီနေ့က မေမေအရမ်းခံစားသွားရသလို အရှက်ရခဲ့မယ်ဆိုတာ ရွှေကြုတ်မတွေးခဲ့မိဘူး"
ဒါတွေကို သူလုံးဝမသိခဲ့ရပါလား။ နစ်နာပြီးရင်း နစ်နာနေသူက ပခြုပ်...။ ရိုးသားစွာရှာဖွေခဲ့တဲ့ပိုက်ဆံကို ပိုင်းလုံးဘဝလုံးလုံးရောက်အောင်ပြောရက်ခဲ့တဲ့ ရွှေကြုတ်ကို သူဒေါသဖြစ်သွားရသည်။
"စွဲ စိတ်ဆိုးမယ်ဆိုလည်း ဆိုးချင်စရာပါ ရွှေကြုတ်က အမှားတွေအများကြီး ကျူးလွန်ခဲ့တဲ့သူကိုး။ ခုဆို အရမ်းနောင်တရနေပါပြီ။ ရှင်တို့ နှစ်ယောက်ကို ပြန်ပေါင်းစေချင်တယ်။ကြားထဲက ကလေးလည်း ခံစားနေရတယ် စွဲ။ မေမေဆုံးရတာလည်း ရွှေကြုတ်ကြောင့်ပါ...ဟင့်...ဟင့် ရွှေကြုတ်...ရွှေကြုတ် ကြောင့်"
ပြောနေရင်း ရှိုက်ကြီးတငင်ငိုနေတော့ ဆိုင်ထဲက လူတွေသူတို့ဝိုင်းဆီ ကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်ပြီတော့ရွှေကြုတ်ကိုချော့ရင်း ကိုဟိန်းစိုးမိုးကပဲ ဆက်ပြောလာခဲ့တယ်။
"ယမုံခင်က ရွှေကြုတ်ကို ကားနဲ့တိုက်ခိုင်းတယ် စွဲ...အဲဒါကို ပခြုပ်က ကြားကဝင်ခံလိုက်တာ...သူတို့အမေက ကားတိုက်မှုဖြစ်တာကို မြင်သွားပြီးရှော့ခ်ရသွားတာ အသက်ပါ ပါသွားတယ်ကွာ။ ပခြုပ် အရမ်းပို ခံစားခဲ့ရတာ ကိုယ်မြင်ရတော့ တကယ်စိတ်မကောင်းဘူး စွဲ။ အရေးပေါ်အခြေအနေမှာ အမေရဲ့စျာပနကို မသိခဲ့ရဘူး...သူ ဆေးရုံဆင်းတော့ အမေရဲ့လလည်းဆွမ်းသွတ်တော့မှာ...ဟင်း...တကယ်ကို ရင်နာစရာပါ ညီရာ။ ပခြုပ်ဆိုတာ အရူးတပိုင်းပဲတနေ့တနေ့တမှိုင်နဲ့မို့ ကလေးနဲ့မနည်းစည်းရုံးပြီး အစားအအိပ်မှန်အောင် ကြိုးစားခဲ့ရတာ။ သူ နယ်ပြန်လိုက်သွားတော့မှ ဒီမှာ ပြဿနာတွေက ပိုကြီးသွားတယ်... မင်းချစ်သူဆိုတဲ့ ကောင်လေးက ကိုယ့်ကို လာရန်လုပ်တယ်။ ရွှေကြုတ်နဲ့သူ့အကြောင်းတွေကို ဖွင့်ပြောလာတော့ အစက ကိုယ်လည်း ဒေါသတွေဖြစ်ပြီး ရွှေကြုတ်ကို ပစ်ထားလိုက်မိတယ်။ အဲဒါကို ဒီကမိဆိုးလေးက အိပ်ဆေးတွေသောက်ပြီး ဆေးရုံရောက်တဲ့အထိဖြစ်ကုန်ရော...အကြောင်းစုံသိနေတဲ့သူ့အစ်ကိုက ကိုယ့်ကို ပြဿနာလာရှာတယ်...ဒါပေမယ့် ကိုယ့်ဘက်ကလျော့ဖို့စိတ်မကူးခဲ့ဘူး။ တစ်နေ့တော့ ပခြုပ် ကိုယ့်ဆီရောက်လာပြီး အားလုံးပြောပြမှ ကိုယ်စာနာပေးခဲ့မိတယ်။ အဟင်း...ပခြုပ်က ကိုယ့်ကို အလဲထိုးသွားခဲ့တာကွ ညီရ...ကြည့်တော့ ပျော့စိစိလိုလိုဘာလိုလိုနဲ့ အရမ်းစကားတတ်တဲ့ ကောင်မလေး...သူပြန်သွားတဲ့အထိ ကိုယ့်မှာ တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး။ နောက်တော့ ပခြုပ်ပြောသွားတာတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်မှ ကိုယ့်ရွှေကြုတ်ကို နားလည်သွားခဲ့တာ။ ပြီးတော့ ယမုံခင်ဆီက ကွာရှင်းစာချုပ်ကို ကိုယ်ရခဲ့တော့ ရွှေကြုတ်နဲ့လက်ထပ်လိုက်တယ်ဆိုပါတော့ ညီ"
"ပခြုပ်က နယ်မှာ ကျောင်းဆရာမလုပ်နေတယ် စွဲ...ဒီမှာလာနေဖို့ဘယ်လိုမှ ခေါ်မရဘူး။ ခေါင်းမာတဲ့ သမီးကို မထားခဲ့နိုင်တော့ ဖေဖေ့ကိုလည်း ဒီမှာခေါ်ထားလို့မရဘူး စွဲ..ပခြုပ် ဘဝကအရမ်းခက်ခဲခဲ့ရတာကို မမကို ရှင်ဂရုစိုက်ပေးပါ နားလည်ပေးပါလို့လဲ တောင်းဆိုချင်တယ်။ သူ ဘယ်လောက်မုန်းမုန်း ရှင်ရအောင်ချော့ပေးပါနော်။ မမကို ရှင့်လက်ထဲအပ်နိုင်မှ ရွှေကြုတ် စိတ်ချနိုင်မှာ"
ကိုဟိန်းစိုးမိုးနဲ့ ရွှေကြုတ်တို့ပြောသွားတဲ့စကားတွေကို တစ်ညလုံးကြားယောင်နေမိခဲ့ပြီး ပခြုပ်ကို တွေ့ချင်စိတ်တွေ အရမ်းပြင်းပြနေခဲ့တာ။ အတွေးတွေနဲ့ရောက်ယက်ခတ်ပြီးညကလည်း သူအိပ်မပျော်ခဲ့ပါ။ မိုးမလင်းခင်ကတည်းက ကားမောင်းထွက်လာခဲ့တာ ပခြုပ်နဲ့သားကို တွေ့ခွင့်ရဖို့။ ရွာထဲကားစဝင်လိုက်ကတည်းက စိတ်တွေအရမ်းလှုပ်ရှားနေရပြီး ဘောက်သံတွေနဲ့ဆူညံနေတဲ့ ထက်ကို အိမ်ရှေ့ရောက်တော့ ကားကို အိမ်ဘေးမောင်းဝင်ကာ စက်သပ်လိုက်တော့ ထက်ကို ပြေးထွက်လာပုံက ပုဆိုးကြီးမလျက်။ အဟင်း...ဒီကောင်တောင် ကလေးမွေးနေ့ကျင်းပနေပြီ။
"ဟ...ဟုတ်မှဟုတ်ရဲ့လားလို့ကွာ...ကားဝင်လာတဲ့အထိ မယုံနိုင်ဘူး။ မင်းအရမ်းပြောင်းလဲသွားတယ် စွဲ။ အတော်ထောလာပုံရတယ်"
နို့စိမ်းရောင်ရှပ်လက်တိုကို အနက်ရောင်စတိုင်ပင်န်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး မျက်မှန်အနက်နဲ့ မင်းသားတစ်ယောက်လို ချောမွေ့နေသည့် စွဲ။ အိမ်ထဲတန်းဝင်လာလို့ပေါ့ မဟုတ်ရင် သူ စွဲကို မှတ်မိမှာ မဟုတ်။
"အဲဒီလောက်လည်း မဟုတ်ပါဘူးကွာ...ဒါနဲ့ ဟိုကောင်တွေရော လာကြလား"
မျက်မှန်အနက်ကို မချွတ်ပဲ သူ ထက်ကိုနဲ့ ယှဉ်လျှောက်လာတော့ အိမ်ရှေ့က ဧည့်သည်တွေရဲ့အကြည့်တွေ သူ့ထံစုပုံရောက်လာတော့သည်။ မျက်မှန်ကို မချွတ်တာ ကိုယ့်အကြံနဲ့ကိုယ်..ကိုယ့်မျက်လုံးတွေရွေ့လျားနေတာကို သူများတွေသတိထားမိကုန်မှာစိုးလို့။
"အလုပ်တွေရှိလို့ ပြန်ကုန်ကြပြီကွ ဒီကောင်တွေက တစ်ညလုံးမပြန်ဘူး။ မင်းလာမယ်လို့မထင်တော့ ပြန်ကုန်ကြတာ ငါလည်း မင်းမပြောနဲ့ဆိုလို့ မပြောပြလိုက်ဘူး။ စွဲ...အမြန်လာကွ"
ထက်ကို ရှေ့ကနေ သွက်သွက် သွက်သွက်နဲ့ အိမ်ထဲဝင်သွားတာမို့ သူလည်း ထက်ကိုနောင်ကနေ ပါလာရသည်။ ဧည့်သည်တွေကိုကျော်ပြီး ထက်ကို သွားနေတာက မွေးနေ့ကိတ်ကြီးဘေးမှာ စုံပြုံနေသည့် ကလေးတွေဆီသို့...။ မနေ့ကတည်းက စီစဉ်လာတဲ့လက်ဆောင်ဗူးကို ကိုင်ကာ သူ့မျက်လုံးတွေက ကလေးအုပ်စုထဲပြေးလွှားနေသည်။
"ဒါ ငါ့သမီးလေ စွဲ.."
ပန်းရောင်ဂါဝန်အကားလေးနဲ့ ကော်ပတ်ရုပ်လေးလို ဖူးဖူးစင်စင်လေးလှနေသည့် ချစ်စရာကလေးမလေးက ဘေးမှာ ကလေးတွေပတ်ဝိုင်းလျက် မွေးနေ့ကိတ်ကြီးကို ခွဲဖို့ပြင်နေသည်။သူ မွေးနေ့လက်ဆောင်ကို ကလေးမလေးလက်ထဲ ထည့်ပေးရင်း မျက်မှန်ကို ချွတ်ပစ်လိုက်ကာ နွေးနွေးလေးပြုံးပြလိုက်တော့ ထက်ကိုရဲ့သမီးလေးက သူ့ကိုပြန်ပြုံးပြနေ၏။
"ကျေးဇူးတင်ပါတယ် လေးလေး...လေးလေးက အရမ်းချောတာပဲနော်"
စကားတတ်သည့် အသွက်မလေးကို သူ အသည်းယားသွားပြီး ပါးလေးကို ငုံ့မွှေးလိုက်မိသည်။
"သမီးက ချစ်ဖို့ကောင်းလိုက်တာ"
"ငါနဲ့တူလို့လေ....စွဲ ဒါ ငါ့မိန်းမ..ကလျာနီတဲ့...နီနီ ဒါ ကိုယ့်သူငယ်ချင်း စွဲ"
ကလေးတွေဘေးမှာ စောစောကတည်းက ထိုင်နေတဲ့ ထက်ကိုဇနီးကို သူပြုံးပြလိုက်သည်။ သူမကလည်း နွေးနွေးထွေးထွေးလေးပြုံးနေပြီး၊
"ကိုစွဲအကြောင်းကိုတော့ ကိုထက်က ခဏခဏပြောတယ်။ ပြောလွန်းလွန်းလို့ အပြင်မှာ မမြင်ဖူးပေမယ့် ရင်းနှီးနေတာ ကြာပြီ...ထိုင်ပါဦး ကိုစွဲရဲ့ မတ်တပ်ကြီး"
"နေပါစေ...ဒီကောင်ကြီးက ရတယ်...သော်ပြန်သွားပြီလား နီနီ"
ထက်ကိုက မေးလိုက်တော့ ကလျာနီက သူ့ကို မော့ကြည့်ရင်း ခေါင်းယမ်းပြနေသည်။ ဘာတွေပြောနေမှန်း သူနားမလည်သလို လည်ဖို့လည်း မကြိုးစားမိ။ စိတ်ထဲတောင်းတနေသည့် အရိပ်လေးကိုသာ ရှာဖွေနေမိသည်။ မျှော်လင့်နေသည့် သူကို မမြင်ရတော့ မောသွားရသည်။
"သော်လား...မပြန်သေးဘူး အပေါ်ကဝိုင်းမှာလေ"
"သွားခေါ်လာခဲ့ နီနီ"
"ဟာ မရဘူး...သူ့ဘိုးအေပါလာတာ သိသားနဲ့ ကိုထက်ကလည်း"
"ပြဿနာပဲကွာ....သော်ခေါ်မရဘူးလား"
"စောစောက သမီးတစ်ခေါက်သွားခေါ်တယ် သော်က ခဏကြာမှ ဆင်းလာမယ်တဲ့ ကိုထက်"
"နေတော့ အပေါ်မှာ လူရှင်းနေပြီပဲ ကိုယ်တို့အပေါ် သွားလိုက်မယ်"
"အင်း"
"စွဲ....လာကွာ...အပေါ်မှာ သွားစားရအောင် ဒီမှာက လူရှုပ်တယ်ကွ"
နှစ်ထပ်တိုက်ပြန်ဆောက်ထားတဲ့ ထက်ကို တို့အိမ်က အရင် သူတို့ဝင်ထွက်နေသည့် အိမ်ထက်များစွာခမ်းနားသွားသည်။ဟိုးတုန်းက စားအိမ်သောက်အိမ်ဖြစ်ခဲ့ဖူးသည့် အိမ်ဆိုတော့ အသစ်ဆောက်လိုက်ပေမယ့် သူ့စိတ်ထဲရင်းနှီးနေဆဲပင်။
"ဟာ...."
"ဘုတ်.."
လှေကားတစ်ဆစ်ချိုးမှာ ရိပ်ခနဲဝင်လာသည့် ကလေးလေးက သူ့ကို အရှိန်နဲ့ပစ်တိုက်ကာ လဲကျသွားတာမို့ သူဖမ်းထိန်းပေးလိုက်ရသည်။
"သား....ဘာဖြစ်သွားသေးလဲ ဘယ်နားနာသွားသေးလဲဟင်"
ကလေးလေးဘေးမှာ ထိုင်ချလိုက်ပြီး သူ စိုးရိမ်တကြီးမေးနေပေမယ့် ထိုချာတိတ်က သူ့မျက်နှာကို စိုက်ကြည့်နေတာ မျက်တောင်မခတ်။ တဖြည်းဖြည်းမျက်ရည်လေးတွေစို့တက်လာပြီး သူ့လည်ပင်းကို သိုင်းဖက်ပစ်လိုက်ရင်း ခေါ်လိုက်သည့် အသံက သူ့နှလုံးသားရပ်ဝန်းတစ်ခုလုံး လှုပ်ရှားသွားရကာ အသွေးအသားမထိ စိမ့်ဝင်သွားရသည်။
"ဖေဖေ..."
"ဟင်..."
နူးညံ့သည့် ကိုယ်လုံးလေးရဲ့ အထိအတွေ့မှာ သူ့ကိုယ်ကြီးတောင့်မတ်သွားရပြီး တဖျင်းဖျင်းနဲ့သွေးကျောထဲစိမ့်သွားသည့် ခံစားချက်ကြီးက ပြောမပြတတ်အောင်ပါဘဲ။
"သား...သားက..."
စကားလုံးတွေထစ်ငေါ့ကာ ကလေးလေးတစ်ယောက်ရှေ့မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရကာ၊
"ဖေဖေက သားဖေဖေမို့လားဟင်"
ရင်ခွင်ထဲကနေ ခေါင်းထောင်ကာမေးနေသည့်သားကို ပွေ့ဖက်ရင်း သူ မျက်ရည်တွေစို့တက်လာရသည်။
"သားရယ်...."
ဂျင်းဘောင်းဘီအတိုလေးနဲ့ တီရှပ်နက်ပြာလေးကို ဝတ်ဆင်ထားသည့် ကလေးလေးက သူ့သားတဲ့လား။ သားကို ရင်ခွင်မှာ ဆွဲအပ်ရင်း သူအသံက စို့နစ်နစ်ကြီးထွက်သွားသည်။
"ဖေဖေ့ကို သားက သိနေတယ် ဟုတ်လား...ဝမ်းသာလိုက်တာ သားရယ်"
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် သားက သူ့ကိုမော့ကြည့်ကာ၊
"သိတာပေါ့ တီတီလေးက ဖေဖေ့ဓာတ်ပုံတွေပြထားတာကို...ဖေဖေက သားတို့အတွက် ဟိုးအဝေးကြီးမှာ အလုပ်သွားလုပ်တာတဲ့ ခု သားတို့ဆီ ပြန်လာပြီပေါ့နော်...သားတို့နဲ့နေဖို့အပြီးပြန်လာပြီပေါ့"
သားရဲ့စကားတွေကြောင့် သူ့ရင်ထဲ စို့ကျပ်လာရသည်။ သားပါးပြင်လေးကို ဖိကပ်နမ်းရင်း သူ ခေါင်းညိတ်ပြလိုက်တော့ သားမျက်နှာလေးဝင်းပသွား၏။
"ဟုတ်တာပေါ့ သားရယ် သားတို့နဲ့အတူတူနေဖို့ ဖေဖေပြန်လာတာ။ သားမေမေရော မပါဘူးလား"
"မေမေက အစောကြီးပြန်သွားတာ သားက ဘဘနဲ့တမင်နေခဲ့တာ ဖေဖေ။ မေမေက ဖေဖေ့ကို စိတ်ဆိုးနေတာဆို ဟုတ်လား ဖေဖေ။ တီတီလေးက မေမေ့ရှေ့မှာ ဖေဖေ့အကြောင်းတွေ မမေးရဘူးတဲ့ အဲဒါဘာဖြစ်လို့လဲဟင်"
သားပုံစံလေးက သူ့ကို အဖေမှန်းကြိုသိနေပေမယ့် သူ့အမေစိတ်ဆင်းရဲမှာကိုလည်း စိုးရိမ်နေပုံရသည်။
"ဒီလိုသားရဲ့...ဖေဖေအလုပ်သွားလုပ်တာကို သားမေမေက စိတ်ဆိုးနေတာကွ...သားရော စားပြီးပြီလား"
"စားပြီးပြီ ဖေဖေ... ဖေဖေရော"
သားက သူ့လည်ပင်းကို ဖက်တွယ်ကာ သူ့မျက်နှာကို မလွတ်တမ်းစိုက်ကြည့်နေသည်။ သူ့ပျောက်သွားမှာကို စိုးရိမ်နေသည့်သားပုံက သူ့ရင်ထဲကို ကျင်ရှသွားစေသည်။ထက်ကိုက သူတို့သားအဖကို ပြုံးပြုံးကြီးကြည့်နေကာ ဘာမှ ဝင်မပြော။
"ဒါဆို ဖေဖေနဲ့လိုက်ခဲ့ကွာ...နောက်တစ်ခါထပ်စားပေါ့"
သားကိုယ်လေးကို ကောက်ချီလိုက်တော့ သားက သူ့လည်ပင်းကို သူ့လက်လေးနှစ်ဖက်ဖြင့် ဖက်ကာ ပါလာသည်။
"စွဲ...မင်းအတွက် ဝမ်းသာတယ်ကွာ...ငါက သားနဲ့မင်းကို ရင်းနှီးအောင်လုပ်ပေးမလို့ကို ခုတော့ သားကမင်းကို သိနေတော့ ဝမ်းသာစရာပေါ့ကွာ"
"လေးလေးထက်ကိုကလည်း သားက ဖေဖေ့ကို အစောကြီးကတည်းကသိပြီးသားပါ...သားသားဖေဖေက ဟိုအဝေးကြီးမှာ အလုပ်သွားလုပ်နေတာလို့ တီတီလေးက ပြောထားတာ။ ဖေဖေ..ဖေဖေက ဘာလို့သားသားတို့ကို အကြာကြီးပစ်ထားရတာလဲဟင်.."
သူ့လက်ပေါ်ကနေ သူ့မျက်နှာကို လက်လေးနှစ်ဖက်ဖြင့် ညှပ်ကိုင်ရင်း သားက သူသိချင်တာကို မရမကမေးနေတာမို့ ထက်ကိုက ပြုံးစိစိဖြစ်နေပြီ။
"ဘုန်းမြတ်သော်က မင်းနဲ့တစ်ရုပ်တည်းတူသလို စိတ်ဓာတ်ကလည်း မင်းလိုဘဲ စွဲ။ ငါတို့ဝဋ်တွေ ခုတော့လည်ပြီပေါ့...ဖြေလိုက်တော့ စွဲရေ"
ကိုယ့်သားရဲ့နာမည်တောင်မသိတဲ့အထိ သူရဲ့ညံ့ဖျင်းမှုကို ထက်ကိုက အလိုက်တသိဖြေပေးနေတာမို့ သူ ဝမ်းသာသွားရ၏။
"သား သော်..."
"ဗျာ လေးလေး"
သားက ခေါ်တာတော့ထူးသည်။ သို့သော်...မျက်လုံးတွေက သူ့မျက်နှာကနေ မရွေ့။
"သားဖေဖေကို ဒံပေါက်ကျွေးလိုက်ပါဦးကွာ...သူ့ခင်ဗျာ အဖော်မရှိဖြစ်နေတာ"
"သားသားက စောစောကမှ ပြီးတာ ဖေဖေရဲ့...ဒါပေမယ့် ဖေဖေ့ကို သားသားစောင့်ပေးမှာပေါ့ "
"လိမ္မာလိုက်တဲ့ သားကွာ..."
သူ သားပါးလေးကို ငုံ့နမ်းပ်လိုက်တော့ သားက သဘောကျသွားသလို ပြုံးလိုက်သဖြင့် သားရဲ့ မျက်နှာလေးကို ကြည့်ရင်း ငေးခနဲဖြစ်သွားရသည်။သားလိုပဲ ပြုံးလိုက်တိုင်း မေးလေးနှစ်ခွဖြစ်သွားတဲ့ မျက်နှာလေးက ဖျတ်ခနဲပေါ်လာတော့ အသာသက်မချလိုက်ရသည်။
"ဖေဖေ့ကို သားချစ်တယ်"
"သားရယ်"
သူ့ကို သေချာစိုက်ကြည့်ပြီးမှ သားက ချစ်စဖွယ်ဆိုနေတာမို့ သားကိုယ်လေးကို ပိုတိုးဖက်လိုက်ပြီး၊
"သား ဘယ်သူနဲ့လာတာလဲ"
"ဘဘနဲ့...ဖေဖေ..."
"ဗျာ..."
သူ ထူးလိုက်တာကို သားက သူ့နားနားကပ်လျက် လူလည်ကြီး လုပ်မေးလာသည်က၊
"ဖေဖေ သားကိုချစ်လားဟင်"
"ချစ်တာပေါ့ သားရယ်...အရမ်းချစ်တာပေါ့ကွ"
"ဟိုဝိုင်းမှာ ဘဘရှိတယ် ဖေဖေ...ဘဘဆီသွားကြမယ်"
အပေါ်ထပ်မှာ လူကြီးတွေချည်းရှိနေတာမို့သူတို့တက်သွားတော့ စကားသံတွေတိတ်ကျသွားပြီး သားနဲ့သူ့ကို ဝိုင်းကြည့်နေကြသည်။လူကြီးလေးငါးယောက်နဲ့ စကားဝိုင်းပြောနေသည့် ဦးတက်လူရဲ့မျက်လုံးတွေက သူ့ထံက မခွာ..။ သူ ပြုံးပြလိုက်ရင်း လွတ်နေတဲ့ဝိုင်းမှာ ထိုင်လိုက်တဲ့အထိ သားက သူ့ရင်ခွင်ထဲက မထွက်မလို သူ့ကို ဖက်တွယ်ထားသည့် လက်တွေလည်း မလွတ်။
"စားကွာ စွဲ...မင်း ကားမောင်းလာရတာ ဗိုက်ဆာနေရောပေါ့"
"ငါ ဗိုက်တောင်ပြည့်နေပြီကွာ...သားရော စားဦးနော် ဖေဖေတစ်ယောက်တည်းစားရမှာ တစ်မျိုးကြီးဘဲ"
"သားသားဗိုက်ပြည့်နေပြီ ဒါပေမယ့် ဖေဖေခွံကျွေးရင်တော့ သားစားမယ် ဖေဖေ"
"စကားတတ်လေး မင်းမေမေအတိုင်းပဲ"
သား ပါးလေးကို မနာအောင်ဆွဲရင်း သူကြည်စယ်လိုက်တော့ သားက သူ့ပေါင်ပေါ်ထိုင်နေလျက် သူ့မျက်နှာကို မော့ကြည့်ပြီး၊
"ဖေဖေက ဓာတ်ပုံထဲမှာထက်အများကြီး ပိုချောတယ်နော်...ဆံပင်တွေလည်း ပိုရှည်လာတယ်"
"ဟုတ်တာပေါ့ သားရဲ့ သားလည်း အဖေတူလို့ချောတာသိလား...သားဖေဖေနဲ့သားကတစ်ရုပ်တည်းပဲ"
သူ ခွံကျွေးတဲ့ ဒံပေါက်ကို ဝါးရင်း သားက ထက်ကို စကားကို မျက်လုံးဝိုင်းလေးနဲ့နားထောင်နေသည်။
"အာရုံဆွမ်းကျွေးတာဆိုတော့ လူပါးသွားကွ...မင်း အေးဆေးစားကွာ...ငါ အောက်ခဏဆင်းလိုက်ဦးမယ်"
"ရတယ်....ဧည့်သည်မှ မဟုတ်တာကွာ...အန်တီလေးရော ထက်ကို"
အန်တီလေးလို့ သူငယ်ချင်းအားလုံးခေါ်ကြတာ ထက်ကိုရဲ့အမေကိုပါယ သူတို့တစ်ဖွဲ့လုံးကို သားသမီးနဲ့မခြား အလိုက်လိုက်တဲ့ အန်တီလေးကို သူတို့တစ်ဖွဲ့လုံးကလည်း ချစ်ကြသည်။
"မေမေ ဆုံးသွားတာတစ်နှစ်ရှိပြီ စွဲ"
"ဟင်...ဟုတ်လား ငါ မသိလိုက်ဘူး သူငယ်ချင်းရာ...အန်တီလေးအတွက် တကယ်စိတ်မကောင်းပါကွာ"
"ကဲ...မင်းတို့ အေးဆေးစားကြဦး ငါအောင်ဆင်းလိုက်ဦးမယ်"
"အေးအေး..."
"သား စားဦးမလား"
"သားဝပြီး ...အစကတည်းက ဖေဖေတစ်ယောက်တည်းမို့ သားကအဖော်လုပ်စားပေးတာ..."
"ဒါဆို ထ....ဟိုမှာ သားဘဘဆီသွားရအောင်"
"ဟုတ်ကဲ့"
ဦးတက်လူရှိရာ ဝိုင်းကို ထသွားတဲ့အထိ သားက သူ့လက်ပေါ်က ပါလာသည်။ အပေါ်မှာ လူကြီးတွေလည်း ရှင်းနေပြီမို့ ဦးတက်လူဘေး ဝင်ထိုင်လိုက်ရင်း၊
"ဦး နေကောင်းတယ်နော်"
"ဟင်....မင်း...."
အပိုင်း(၂၈)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း