⛈⛈ မိုးသည်းည....ကာရန်⛈⛈
🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸
ရွှေကြုတ်ဆီပြေးဝင်လာသည့် ကားကိုမြင်လိုက်ချိန်မှာတော့ ပခြုပ် အသံပြာအောင်အော်ပြီး ရွှေကြုတ်ကိုပြေးတွန်းပစ်လိုက်ပေမယ့် ဒုန်းခနဲအသံနှင့်အတူ သူမတစ်ကိုယ်လုံးနာကျင်ကာ မျက်လုံးတွေပါပြာလျက် လွင့်စင်သွားသည်။ သတိတရားတွေက ဖမ်းဆုပ်လို့ ရတစ်ချက်မရတစ်ချက်မှာ ရွှေကြုတ်ရဲ့ အသံနဲ့ အောင်မြင်ခန့်ညားတဲ့ ယောကျ်ားတစ်ယောက်အသံကို ကြားနေရ၏။ သို့သော်...ပခြုပ်မျက်လုံးထဲမှာ ဘာမှ မမြင်ရဘဲ ဝေဝါးလို့နေသည်။
"ပခြုပ်.....မမ"
"ဟာ....."
"ပခြုပ်....ပခြုပ် သတိထားပါဦး....ဟီး ဟင့်...ပခြုပ်"
ပခြုပ်ကို ပွေ့လိုက်တာ ရွှေကြုတ်ဆိုတာကို သိနေပေမယ့် ပခြုပ်အမြင်အာရုံတွေမှာ မှောင်အတိကျနေလေသည်။ ရှိုက်သံတွေ မဆဲသည့်ကြားက ပခြုပ်ခေါင်းကို ပွေ့ဖက်ကာ ရွှေကြုတ် တစာစာခေါ်နေတာကို ပြန်မထူးနိုင်။
"ကိုကြီးရေ....မမ မမကို ခေါ်ပေးပါဦး မမခေါ်လို့မရတော့ဘူး။ ဟင့်...ဟင့်...ရွှေကြုတ်ကြောင့် မမခုလိုဖြစ်ရတာ ရွှေကြုတ်အစား ဝင်ခံလိုက်လို့"
တိုက်ပြီးမောင်းပြေးသွားတဲ့ကားနံပါတ်ကို မှတ်နေရင်း သူကြောင်ငေးနေမိစဉ် ရွှေကြုတ်ရဲ့ ဝမ်းနည်းပက်လက်ငိုရှိုက်သံကြောင့် သူ ရွှေကြုတ်ဆီပြေးသွားသည်။ မျက်နှာတစ်ပြင်လုံးသွေးတွေစီးကျနေသည့်အစ်မဖြစ်သူ ကို ရင်ခွင်ထဲပွေ့ပိုက်ကာ အရူးမလေးလို ငိုယိုနေသည့် ရွှေကြုတ်။ ဝေဒနာကို အပြင်းအထန်ခံစားနေရတဲ့ပုံလေးဖြင့် မျက်လုံးတွေပွင့်ကာ သွေးတွေလွှမ်းနေသည့် ကောင်မလေးက နတ်ပခြုပ်တဲ့လား။ ရွှေကြုတ်ရဲ့ အစ်မ နတ်ပခြုပ်တဲ့။
"ပခြုပ်....မမ...ငါခေါ်နေတယ်လေဟာ။ နင် ဘာမှ မဖြစ်ရဘူးနော် ဘာမှဖြစ်လို့မရဘူး။ သားသားလေ...နင့်သားရှိသေးတယ်လေ ပခြုပ်ရာ...။ပခြုပ် ..ငါခွင့်မလွှတ်ဘူးနော်...ငါတို့ကို ထားသွားလို့မရဘူး ပခြုပ်..."
"မငိုပါနဲ့ကွာ....ကိုယ်ဆေးရုံကားခေါ်ထားတယ် မကြာခင်ရောက်လာတော့မှာ မင်းအစ်မဘာမှ မဖြစ်ပါဘူး"
ခဏချင်း လူတွေဝိုင်းအုံလာကြသလို ရွှေကြုတ်တစ်ယောက်အရူးမလေးသဖွယ်ဖြစ်နေရသည်။ ငါကြောင့်....ငါ့အစားဘာလို့ဝင်ခံရတာလဲ ပခြုပ်ရာ။ ငါ နင့်အပေါ်မကောင်းခဲ့တဲ့ညီမပါ ဘာလို့ငါ့အစားဝင်ခံလိုက်ရတာလဲ။ ပြောစမ်းပါ....နင့်သားလေးအတွက် နင်မစဉ်းစားတော့ဘူးလား။
"ပခြုပ်....မမ...ငါတို့ကို မထားခဲ့ပါနဲ့ ပခြုပ်ရယ်"
သွေးအလိမ်းလိမ်းနှင့် ပခြုပ်ကိုပွေ့ဖက်ရင်း ခေါ်နေမိတာက ပခြုပ်ဖြစ်လိုက် မမဖြစ်လိုက်။ လူအုပ်ကြီး ဝိုင်းကြည့်နေတာကိုလည်း မရှက်နိုင်။ မေမေကိုယ်တိုင်ဆင်ပေးခဲ့တဲ့ ပခြုပ်ရဲ့ အကျီမှာ သွေးတွေလွှမ်းနေသည်။နှုတ်ခမ်းသားလေးတွေ တဆတ်ဆတ်တုန်ခါလျက် ပခြုပ်တစ်ခုခုကို အားယူပြောချင်နေပုံရ၏။
"ပခြုပ်...ပခြုပ်....နင် အားတင်းထားနော်။ ဆေးရုံကားရောက်လာတော့မှာ နင်ဘာမှ မဖြစ်ရဘူး ပခြုပ်"
ရွှေကြုတ် သူမကို ပွေ့ဖက်ပြီးပြောနေတာတွေကိုလည်း သိနေသည်။ ဒါပေမယ့်...ပခြုပ်ပြန်ပြောနေသော်ငြား အသံတွေက အပြင်ကို မထွက်...အကြိမ်ကြိမ်အခါခါခေါ်နေမိပေမယ့် သူမအသံကို သူတို့မကြား။
"မမ....ပခြုပ်.....နင့်သားလေးက နင်မရှိဘဲဘယ်လိုအသက်ရှင်မလဲ...နင့်သားနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြရဦးမယ်လေ..မမ"
ညီမလေးရယ်....။ မမတဲ့ တစ်ခါမှ မခေါ် ဖူးခဲ့တဲ့အခေါ်အဝေါ်လေးနဲ့ ရွှေကြုတ် အရူးမီးဝိုင်းဖြစ်နေတာကို ရင်ထဲ မချိအောင်ခံစားရသလို မူးနောက်ပြာဝေနေသည့် ခံစားမှုတွေနဲ့အတူ မခံမရပ်နိုင်အောင် နာကျင်စွာခံစားနေရသည်။တစ်ချက်တစ်ချက် သတိတွေ ဖမ်းဆုပ်မရချင်တော့ပါ။
သား....သားလေး...။ သားကို တမ်းတနေမိပေမယ့် လည်ချောင်းဝတွင် ပျောက်ဆုံးနေသည်။ တစ်ကိုယ်လုံးနာကျင်နေပေမယ့် ဘေးကပြောသမျှကိုလည်း ပခြုပ် အတိုင်းသားကြားနေရသည်။ငါ...ငါ သေရတော့မှာလား။ တစ်ခါမှ တွေးမကြည့်ဖူးသည့် သေခြင်းတရားကို လက်တွေ့ရင်ဆိုင်ရချိန်မှာတော့ ဘယ်လိုမှ မခံစားနိုင်။ မြင်ယောင်နေတာက သားလေးကိုပါ။ ငါ့သားလေး...လူလောကထဲကို ရောက်လာတာ မကြာသေးတဲ့ သားလေးဘယ်လိုရှင်သန်မလဲ။ ငါ မရှိတော့ရင် ငါ့သားလေးဘယ်လိုနေမလဲ...ဟင်အင်း ငါသေလို့မဖြစ်ဘူး ငါသေသွားရင် ငါ့သားတစ်ယောက်တည်းဖြစ်နေမှာ။ ငါ့သားလေးကို စိတ်မချဘူး...သားလေး။
မှောင်မိုက်နေသည့် အမြင်တွေထဲဝယ် သားမျက်နှာလေးက အထပ်တလဲလဲရစ်ဝဲလို့နေလေသည်။ နာကျင်မှု ဝေဒနာကလည်း ပိုတိုးလာကာ မချိမဆန့်ခံစားနေရ၏။
"ပခြုပ်...."။ သူ...သူခေါ်နေတာလား။ သူ့ခေါ်သံကို ပခြုပ် ကြားနေပါတယ်။ ရှင်ဘယ်မှာလဲ စွဲ...ရှင် ကျွန်မကို ခေါ်နေတာမို့လား။ အသံလာရာကို လိုက်ကြည့်ပေမယ့် မျက်လုံးထဲမှာ အမှောင်က နက်သတဲ့နက်နေတော့။
သူ့ရဲ့ခေါ်သံ...သားရဲ့ငိုသံတွေကိုသာ ပခြုပ်ကြားနေရသည်။ သို့သော်...သူတို့ဘယ်မှာလဲ ပခြုပ်မသိ။ လမိုက်ညထက် နက်သည့် အမှောင်ထဲ အရူးတစ်ယောက်လို အော်ဟစ်နေပေမယ့် တုံ့ပြန်သံမကြားရသလို ပခြုပ်ကိုသာ တမ်းတမ်းတတခေါ်နေသည့် သူ့အသံက သူမနားမှာ ပဲ့တင်ထပ်လျက်။
စွဲ....စွဲ...ရှင်ဘယ်မှာလဲ။ သား...ငါ့သားလေး ငိုနေတယ်...သားလေး။သားရဲ့ငိုသံကို ကြားနေပါတယ်။ သားလေး ဒီနားမှာ ငိုနေတာ...မေမေ့သားလေး..။ ငါ့သားလေး နို့ဆာလို့ငိုနေပြီ.. သားလေးနို့ဆာနေပြီလား။ မငိုပါနဲ့ သားရယ်...သားရေ။
သားရဲ့စူးစူးဝါးဝါးငိုသံကို ပခြုပ်ကြားနေရပေမယ့် ဘယ်ဆီမှာမှန်းမသိ။ သားကို ရှာနေပေမယ့် အမှောင်ကမ္ဘာကသာကြီးစိုးနေလေသည်။ ကျွန်မ သားလေးငိုနေတယ်...သူ နို့ဆာနေပြီထင်တယ်...ကျေးဇူးပြုပြီး အလင်းတန်းလေးရယ် ကျွန်မဆီလာရောက်ပေးပါ။ အိပ်ယာနိုးကာစဆို သားက အရမ်းဂျီကျတာ...မျက်နှာတွေနီရဲနေအောင် အသားကုန်ငိုတတ်တယ်။ ဒီအချိန်ဆို ငါ့သားလေးနို့ဆာနေတော့မှာ....သားရေ။ သားကို တမ်းတနေရင်း အသိတရားတွေက လျော့ပါးလာသည်။ မှောင်မိုက်တဲ့ လွင်ပြင်ထဲ ထိုးမကျခင် သားရဲ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ့ခွင့်လေးကို ဆုတောင်းရင်း....။သားလေး....။
~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~~
"အူဝဲ....အူဝဲ...."
ညီအစ်မနှစ်ယောက်ထွက်သွားပြီး မကြာလိုက် မြေးဖြစ်သူက စူးစူးဝါးဝါးထငိုလိုက်တာမို့ တည်ထားတဲ့ ဟင်းအိုးကို မီးခလုတ်ပိတ်ပြီး အိပ်ခန်းထဲဝင်လာတော့ မြေးလေးက အိပ်ယာပေါ်မှာ အသံကုန်အော်နေပြီ။
"ဘွားဘွားမြေးလေး နိုးနေပြီလား...အေး ဟုတ်ပါ့...ကလေးနိုးနေတာကို ဘွားဘွားမသိလိုက်ဘူးကွာ။ တိတ်ပါ မြေးရယ်....ဘွားဘွားချီမှာပေါ့"
မြေးလေးကို ပွေ့ချီရင်း ချော့နေပေမယ့်ကလေးက အငိုမတိတ်။ အိပ်ခန်းထဲကနေ ဧည့်ခန်းထဲ၊ ဧည့်ခန်းထဲကနေ ဝရန်တာဆီ ထွက်အလာ...။
"ဟင်....အောက်မှာ လူတွေများလှချည်လား ဘာဖြစ်တာလဲ ။ ကားတိုက်တာများလား...ဘုရား ဘုရား...စောစောကမှ ငါ့သမီးတွေ ဆင်းသွားတာ...."
ဆောက်တည်ရာ မရဖြစ်သွားပြီး မြေးကို ပွေ့လျက် အောက်ထပ်ကို အမြန်နှုန်းနဲ့ ဆင်းသွားရင်း ရင်ထဲ အပူလုံးက ဆို့တက်နေပြီ။ ကိုယ့်အပူနဲ့ကိုယ် ပြေးလာပေမယ့် မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။
"ကောင်မလေးတွေက ငယ်ငယ်လေးတွေ... ဟိုတစ်ယောက်အစား ဝင်ခံလိုက်တာ သနားပါတယ်။ ညီအစ်မတွေပဲ ဖြစ်မှာပါအေ"
ဟင်....။ ကြားလိုက်ရတဲ့ စကားတွေက နားထဲ ပြင်းထန်စွာပေါက်ကွဲသွားရပြီ။ ငါ့သမီးတွေ....ငါ့ကလေးတွေ။
"ခေါ်လို့လည်း မရဘူးတော့ဘူး သေသွားပြီနဲ့တူပါတယ်။ သွေးတွေက မြင်စင်မကောင်းဘူး"
"ကားသမားရော....တိုက်သွားတဲ့ကားသမားရော"
"တိုက်ပြီးပြေးသွားပြီပေါ့...."
မြေးလေးကိုပွေ့ထားရင်း လက်တွေက ပြေလျော့လာသလို ခြေတောက်တွေ လေးလံထိုင်းလာသည်။ မိုင်အဝေးကြီးကနေ ပြေးလာရသူလို မောပမ်းနေကာ သိချင်စိတ်တွေ ပြင်းပြနေခဲ့ပြီး သွားကြည့်ဖို့ကြတော့ တွန့်ဆုတ်လို့နေ၏။
"ခဏလောက် ဖယ်ပေးကြပါဦး...."
ကလေးလေးကိုပွေ့လျက် လူအုပ်ထဲတိုးဝင်လိုက်ချိန်မှာတော့....။
"အမလေး.....သမီး....သမီးကြီး"
သူမ ဆုတောင်းတွေ မပြည့်ခဲ့ပါ။ အငယ်မက သွေးအလိမ်းလိမ်းနဲ့ သမီးကြီးကို ပွေ့ကာ ငိုနေသည့်မြင်ကွင်းက သူမနှလုံးသားတွေကို ဆွဲနှုတ်ယူသွားသလို ရင်တစ်ခုလုံးဗလာဟင်းလင်းဖြစ်သွားကာ၊
"သမီးကြီး....."
"မေမေ...."
"ဟဲ့ ဟိုအန်တီကြီး လဲသွားပြီ လုပ်ကြပါဦး ကလေးလေးနဲ့"
"သားအမိတွေထင်တယ်....ဘာဖြစ်သွားပြီလဲ မသိဘူး"
ဝေဖန်စကားတွေနဲ့ ကလေးလေးရဲ့ ငိုသံကသာ ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းလို့နေသည်။
မေမေရဲ့စို့နစ်နေသည့် အော်သံကြီးကို ကြားလိုက်ရပြီး မေမေလဲကျသွားတာကို မြင်လိုက်ချိန် ရွှေကြုတ် ဘာလုပ်ရမှန်းမသိတော့။ မေမေ့ဆီဘဲ ပြေးသွားရတော့မလိုလို ပခြုပ်ကိုဘဲ ဆက်ပြီး ပွေ့ထားရတော့ မလိုလိုနဲ့ လူက ဆောက်တည်ရာ မရတော့ပါ။
တက်မတတ်ချက်မတတ်အော်ငိုနေသည့် သားသားကို ကိုကြီး ချီလိုက်တာ မြင်နေရသလို လူအုပ်ကြားထဲ မေမေ့ကို သွားပွေ့ကြတာမြင်နေပေမယ့် သူမ ထိုင်ရာကနေ မထဖြစ်ခဲ့။ ပခြုပ်ကိုသာ တင်းတင်းပွေ့ပိုက်ရင်း မျက်ရည်တွေ တွေတွေကျနေမိသည်။ ထိုအချိန်မှာ ကောင်းကင်တစ်ခုလုံးမည်းမှောင်သွားသလို သူမဘဝလည်း နေကွယ်ခဲ့လေပြီ။
~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~~
အုံ့မှိုင်းနေသည့် မိုးကောင်းကင်ကြီးအောက်ဝယ် နှစ်ကာလကြာမြင့်နေပြီဖြစ်သော အုတ်ဂူလေးက ရာသီသုံးပါးရဲ့ ဒဏ်ကြောင့် အရင်လို သစ်သစ်လွင်လွင်မရှိတော့ပါ။ ရေညှိတို့နှင့် ဟောင်းနွမ်းနေသည့် အုတ်ဂူလေးကသာ ပြောင်းလဲသွားပေမယ့် ထိုအုတ်ဂူလေးနားမှာ လာငိုနေ တတ်တဲ့ ကောင်မလေးကတော့ မပြောင်းမလဲ ရှိနေသည်။
ရေညှိတို့နှင့် အလိပ်လိပ်တက်နေသည့် အုတ်ဂူလေးထက်မှာ အဖြူရောင်နှင်းဆီပန်းလေးက နေရာယူနေပြီး ခြောက်သွေ့နေသည့် ပန်းခြောက်တွေကို သူမလက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဖယ်ရှားနေရင်း မျက်ရည်စက်တွေက ဂူလေးပေါ် တစ်ပေါက်ချင်းပြိုဆင်းကျနေတော့သည်။
ဘယ်နေရာရောက်နေရောက်နေ ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ ဒီနေရာလေးကိုတော့ ဒီလိုအချိန်ဆို သူမ အမြဲတမ်းလာဖြစ်သည်။ ဒဏ်ရာဆိုတာ အချိန်ကြောင့်လျော့ပါးသက်သာသွားကြသတဲ့လေ...။ သူမရင်ထဲက ဒဏ်ရာကတော့ အချိန်ကြာလာတာနဲ့အမျှ လျော့ပါးခြင်းမရှိသလို နာကျင်စရာအဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို ခံစားနေရသည်။ ဒီအချိန်ရောက်တိုင်း နှလုံးကွဲကြေမတတ်လာငိုနေပေမယ့် ဝေဒနာကလျော့ပါးသက်သာခြင်းမရှိခဲ့။
ခြောက်နှစ်။ ခြောက်နှစ်တာကာလမှာ အရင်လို အော်ကြီးဟစ်ကျယ်မငိုတော့တာကလွဲပြီး သူမ မျက်ရည်တွေကတော့ မခမ်းခဲ့ပါ။ ဖြေဆည်မရတဲ့ အဖြစ်အပျက်တွေရဲ့ အဓိက တရားခံဟာ သူမ မဟုတ်လား။ ဒီနေ့မှ မိုးကောင်းကင်ကြီးက တစ်မိုးလုံးမိုးတွေမည်းနေအောင်အုံ့မှိုင်းနေသဖြင့် လွမ်းဆွေးစရာ ပိုကောင်းနေလေသည်။ ခွင့်လွှတ်ခြင်းဆိုတာ သူမနဲ့ မထိုက်တန်မှန်းသိပေမယ့် ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေမိ၏။
ဒီနေ့မှ လွမ်းလွမ်းဆွေးဆွေးကြီးနှင့် သတိရစိတ်တွေ ပိုတိုးနေတာမို့ မနက်ကတည်းက ဒီနေရာကို ရောက်နေခဲ့တာ။ မိန်းမသားတစ်ယောက်တည်း မလာသင့်တဲ့နေရာဆိုပေမယ့် သူမအတွက်ကတော့ မဆန်းတော့ပါ။ လွန်ခဲ့တဲ့ခြောက်နှစ်က ခံစားခဲ့ရတဲ့ ခံစားမှုတွေအတိုင်း နှလုံးသားမှာ နာကျင်နေရသလို တစ်နေကုန်ငိုနေမိပေမယ့် မျက်ရည်တွေ ကုန်မသွားပဲ ပိုတိုးလို့ကျနေသည်။ လေပြည်တွေအသုတ်မှာ ရှည်လျားသည့် ဆံနွယ်တွေက စည်းနှောင်ထားပေမယ့် တလွင့်လွင့်နှင့်နောက်ပါးမှာ လွင့်မျောလို့နေသည်။
အုံ့မှိုင်းနေသည့်မိုးကောင်းကင်ကြီးက သူမနဲ့အပြိုင် ငိုလေပြီ။ မိုးစက်မိုးပေါက်တွေက ဂူလေးပေါ်ခေါင်းတင်ထားသည့် သူမမျက်နှာပေါ် တဖွဲဖွဲကျလာပေမယ့် ဒီနေရာကနေ ထဖို့ သူမမှာ အစီအစဥ်မရှိပါ။ တစ်ခါတစ်လေတော့ စိတ်လွတ်ကိုယ်လွတ်ခံစားပါရစေ...။သူမအတွက် အသက်ကိုတောင်ပေးပြီး ချစ်ပြသွားတာကို တစ်နေ့လောက်လေး ငိုရုံနဲ့ သူမဘက်က ပြန်ပေးဆပ်မှုက အသေးအမွှားလေးမဟုတ်လား။
နောင်တဆိုတာ နောင်မှ ရသတဲ့။ ရှေးလူကြီးတွေရဲ့စကားကို အရင်က ဂရုမစိုက်ခဲ့တဲ့ သူမ၊ ကိုယ်တိုင်ခံစားရမှ ပြင်မရတဲ့ နောက်ထပ်ပြင်ဆင်ခွင့်မရှိတဲ့နောင်တမျိုးဖြစ်နေခဲ့ပြီ။ မှားပါတယ် ခွင့်လွှတ်ပေးပါလို့ အကြိမ်ကြိမ်ငိုယိုတောင်းဆိုနေပေမယ့် ဘာမှ ထူးမလာတော့။ အားလုံးက သူမအတွက် ပေးဆပ်ချစ်ခဲ့ကြတာပါ...သူမကသာ အားလုံးအပေါ်တာဝန်မကျေခဲ့တဲ့သူ။ အနိုင်ယူမှုတွေ၊ ဆိုးနွဲ့မှုတွေနဲ့ မိသားစုအပေါ် နားမလည်ခဲ့တဲ့ မိန်းမ။ မိသားစုဆိုတဲ့ တန်ဖိုးကို မသိခဲ့တဲ့ မိန်းမဆိုးတစ်ယောက်ပါ။ သူမရဲ့မိုက်ပြစ်ကြောင့် အရာရာကို ဆုံးရှုံးလိုက်ရပြီ။
"ရွှေကြုတ်....."
နူးညံ့ခြင်းတွေ အကြင်နာတွေ ပျော်ဝင်နေသည့် လက်တစ်စုံက သူမပခုံးနှစ်ဖက်ကနေ ဆွဲထူမလိုက်ပြီး နွေးထွေးခြင်းတွေစီးမျောနေသည့် သြရှရှခေါ်သံကြောင့် သူမမော့ကြည့်လိုက်တော့ ကိုကြီး။ အမြဲတမ်းအားပေးကာ သူမအနားမှာ အရိပ်လိုရှိနေခဲ့သည့်ကိုကြီး။
"ပြန်ကြရအောင်ကွာ....မိုးလည်းရွာလာပြီ"
ကိုကြီး ထူမလိုက်တဲ့အတိုင်း ပျော့ခွေကာပါသွားပြီး မျက်ရည်ပူတွေက ပါးပြင်ပေါ်လိမ့်ဆင်းသွားသည်။ သူမအပေါ် မညူမဆူဘဲ နားလည်မှုတွေနဲ့ ချစ်ခဲ့တဲ့ကိုကြီးရဲ့ရင်ခွင်မှာ မှီနွဲ့ရင်း အားပါးတရငိုရှိုက်လိုက်မိပြန်ပြီ။ နှစ်တွေဘယ်လောက်ကြာကြာ သူမဒီနေရာကို လာတိုင်း ကိုကြီး အမြဲလိုက်လာပြီး ခေါ်တတ်သလို ကိုကြီးရင်ခွင်ထဲတိုးဝင်ပြီး ငိုတတ်သည့် သူမအကျင့်လည်း အရိုးစွဲလို့နေလေသည်။
"တိတ်ပါကွာ....မင်းခုလိုငိုနေတော့ သူသာ မြင်နေကြားနေရတဲ့ဘဝမှာ ရှိနေရင် ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ မငိုတော့နဲ့နော်...တိတ်...ကိုယ်တို့ပြန်ကြရအောင်။ အိမ်မှာ သားက မင်းကို မျှော်နေတာ"
သားဆိုတဲ့အသံကြောင့် သူမမျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ နောက်ဆုံးအနေနဲ့ ငြိမ်သက်စွာလဲလျောင်းနေသော ဂူလေးကို ငေးစိုက်ကြည့်ရင်း ထိန်းထားသည့်ကြားက မျက်ရည်တွေ ပေါက်ခနဲ ကျသွားပြန်၏။ပခုံးလေးကနေ တယုတယဖက်တွယ်ခေါ်ငင်နေသည့် ကိုကြီးရင်ခွင်ထဲ မှီနွဲ့ကာလိုက်ပါလာရင်း မျက်ရည်မိုးတွေ ရွာနေလေသည်။
ကိုကြီး ဖွင့်ပေးသည့်ကားတံခါးကနေ ကားထဲဝင်ထိုင်လာသည့်အထိ သူမပါးပြင်ပေါ်မှာစိုစွတ်နေဆဲပင်။ သူမကြေကွဲခံစားနေတာကို နားလည်နေသည့်ကိုကြီးက ဘာစကားမှ မဆိုပဲ ကားမောင်းထွက်လာသည်။ သုသာန်ဝင်းထဲက ထွက်လာစဥ်မှာတော့ မျက်နှာချင်းဆိုင်မှ အနက်ရောင်မှန်တွေ အလုံပိတ်တင်ထားသည့် ကားတစ်စီးကိုရှောင်လိုက်ရ၏။ ကိုယ့်အပူနဲ့ကိုယ်မို့ ထိုကားကို လှည့်မကြည့်လိုက်ပေမယ့်ထိုကားထဲက မျက်ဝန်းတစ်စုံကတော့ သူမမျက်နှာထက်မှာ စူးစိုက်သွားခဲ့လေသည်။
~~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~
အလွမ်းတွေကို စာစီပြီး အချစ်တွေကို လှစ်ဟပြခွင့်ရချင်ပါရဲ့....။
ထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမဟုတ်ပေမယ့်အရင်က မြေကွက်လပ်နေရာမှာ ကားပါကင်ရှိနေခဲ့ပြီး တစ်ချိန်က ခြေတောက်အားကိုးနဲ့ပြေးလွှားသွားလာနေခဲ့သည့် သူကိုယ်တိုင်လည်း ကားစီးနိုင်နေခဲ့ပြီ။ ကားကိုပါကင်ထိုးပြီးသည့်အထိ ကားပေါ်ကနေ မဆင်းဖြစ်သေးပါ။ မနေ့တနေ့ကအထိ နိုင်ငံရပ်ခြားမှာ ရှိနေခဲ့တဲ့သူ ဒီနေ့တော့ မွေးရပ်ဌာနေမြန်မာပြည်သို့ ရောက်နေပြီ။
အရောင်အသွေးပြောင်းသွားသည့် တိုက်ကြီးကို မော့ကြည့်ရင်း ကားပေါ်ကနေ မရွေ့ဖြစ်။မျက်မှန်အနက်ကို မချွတ်ပဲ မျက်လုံးတည့်တည့်က အခန်းကို မော့ငေးနေမိရင်း ဟိုးအတိတ်က ပုံရိပ်တွေကို မြင်ယောင်နေမိသည်။ နှလုံးသားမှာ အမြဲတောင်းတနေမိသည့် အရိပ်လေး...သူ့နှလုံးသားရဲ့မူပိုင်လေး။
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘယ်သူ့မှ မဆက်သွယ်ခဲ့ပေမယ့် အချိန်တိုင်းတမ်းတမိတာ သူမပါ။ ရည်ရွယ်ရာပန်းတိုင်ကို တက်လှမ်းနေတဲ့အချိန် ယိုင်နဲ့သွားမှာစိုးလို့ သူမနဲ့ပက်သက်သမျှ သတင်းတွေကို နားမထောင်ရဲတာ သူ့အားနည်းချက်တစ်ခုဖြစ်ခဲ့သည်။ တစ်နှစ်နီးပါ နေထိုင်ခဲ့ဖူးသည့် နေရာဒေသလေးကို ရောက်တော့ သူမကို ပြင်းပြင်းထန်ထန်သတိရမိပြန်ပြီ။
"ပခြုပ်...."
ဒီနာမည်လေးကို ခေါ်မိတိုင်း နှလုံးသားက ပူနွေးလှိုက်ခုန်သွားတတ်သည်။ သူ့ဘဝအခြေတကျဖြစ်မှ ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း သူ ခြောက်နှစ်လုံးလုံး ခံစားချက်တွေကို ဖုံးဖိပြီး အလုပ်ထဲ စိတ်နစ်ထားခဲ့ရတာ။ နဂိုကတည်းက သူ့မိဘတွေဆိုတာ နွမ်းပါးသူတွေမဟုတ်ကြ...သူရှာဖွေတဲ့ပစ္စည်းကို မျှော်ကိုးနေရတဲ့အခြေအနေမဟုတ်တော့ ကိုယ့်ပိုက်ဆံကိုယ်စုပြီး ကိုယ့်ဘဝကိုယ်တည်ဆောက်နိုင်ခဲ့တာ။
သူ့ပြန်ကြည့်စရာမလိုတဲ့အပြင် မေမေက ဒီမှာ တိုက်ခန်းတွေပိုင်နေပြီ။ စီးပွားရေး ကွက်ကျော်မြင်တတ်သည့် မေမေတစ်ယောက်ခြောက်နှစ်တာကာလအတွင်း တိုးတက်ကြီးပွားနေသည်။
သူ အတွေးတွေနဲ့လုံးထွေးနေစဥ် လှေကားကနေ ဆင်းလာတဲ့ စုံတွဲတစ်တွဲကို မြင်လိုက်ရချိန် နှလုံးသားက အဆမတန်ခုန်လာတော့သည်။ ဘာမှ မထူးခြားတဲ့မြင်ကွင်းလေးပေမယ့် ကိုယ်ဝန်ဆောင်သည်ကောင်မလေးကို ကောင်လေးက တယုတယတွဲလျက် ဆင်းလာသည့်မြင်ကွင်းက သူ့နှလုံးသားကို ဆွဲကိုင်ခါယမ်းနေသည်။ လွန်ခဲ့တဲ့ခြောက်နှစ်ကျော်လောက်က သူကိုယ်တိုင်လည်း ပခြုပ်ပခုံးလေးကို တယုတယဖက်လျက် ဒီလှေကားကနေ အကြိမ်ကြိမ်ဆင်းခဲ့ဖူးတာဘဲ။
မျက်နှာဝိုင်းဝိုင်းလေးနဲ့ နှုတ်ခမ်းပြည့်ပြည့်လေးက အာရုံမှာ ထပ်တလဲလဲရစ်ဝဲလျက် မာနရောင်တွေလက်နေသည့် မျက်ဝန်းလေးတွေက နှလုံးသားမှာ သံမှိုလိုစွဲထင်နေသည်။ လွမ်းလိုက်တာ ပခြုပ်ရယ်။ သူ ရောက်တာနဲ့ ပထမဆုံးသတိရမိတာက ပခြုပ်နဲ့သား...ပြီးတော့ နှစ်ယောက်ကမ္ဘာလေးဖြစ်ခဲ့ဖူးတဲ့ ဒီတိုက်ခန်းလေး။ မာနတရားတွေနဲ့ အထင်အမြင်လွဲကာ စိမ်းကားသွားတဲ့ ချစ်ဇနီးလေး... သူ့အပေါ်အနိုင်ယူကာ မွေးဖွားခါနီးမှ ကွာရှင်းခွင့်အတင်းတောင်းခဲ့တဲ့ နေ့လေးကို သူ ဘယ်တော့မှ မမေ့နိုင်ခဲ့။
အသည်းဝါကြောင့် ဓာတ်ကင်ရတဲ့သားလေးနဲ့ ပခြုပ်ကို ကျောခိုင်းခဲ့ရပေမယ့် သူ့စိတ်သူ့ဝိဉာဥ်က သူမနဲ့သားနားမှ ကျန်ရစ်ခဲ့သည်။ ဖုန်းစခရင်ကို ကြည့်ရင်း တစ်ဖြောင့်တည်းဖြစ်နေသည့် သူ့နှုတ်ခမ်းက အလိုလို ကွေးညွတ်သွားရ၏။ မျက်တောင်လေးတွေစင်းကျလျက် နှစ်ခြိုက်စွာ အိပ်မော ကျနေသည့် ပခြုပ်မျက်နှာလေးကို အနီးကပ်ရိုက်ယူထားသည့် ပုံလေးက ဟုမ်းစခရင်မှာ နေရာယူနေခဲ့တာ ခြောက်နှစ်လုံးလုံး။လော့ခ်စခရင်ကျပြန်တော့ရော ဘာထူးသေးလဲ။ ဝရန်တာမှာ ဗိုက်လေးကို ကိုင်ပြီး ငုံ့နေသည့် ပခြုပ်ပုံလေးကလော့ခ်စခရင်မှာ အပိုင်သိမ်းထားလေသည်။ဒီပုံတွေဖြစ်တည်လာခဲ့တာသူမတောင်မသိခဲ့။ တမင် မသိအောင်ခိုးရိုက်ခဲ့ပြီးခြောက်နှစ်တာလုံး ဒီပုံလေးတွေနဲ့အလွမ်းဖြေခဲ့ရတာပါ ပခြုပ်ရယ်။
ကားတံခါးဖွင့်ဆင်းလိုက်ပြီး မြေပြင်မှာ မတ်မတ်ရပ်မိချိန် ဝဲဘက်ရင်အုံက တဒိတ်ဒိတ်ခုန်လာသည်။ လျှောက်နေကြ မြေညီလမ်းကလေးက ကွန်ကရစ်တွေအပြည့်ဖြစ်နေခဲ့ပြီး မျက်လုံးတွေက အတူတူဆင်းဝယ်နေကြ အောက်ဘက်ရှိ ဆိုင်လေးကို လှမ်းကြည့်မိပြန်သည်။ အချိန်ကာလအားဖြင့် တစ်နှစ်တောင်မပြည့်ခဲ့ပေမယ့် တိုတောင်းတဲ့ထိုကာလလေးမှာ သူမနဲ့ပက်သက်သမျှ အမှတ်တရတွေကတော့ ရင်နဲ့မဆန့်အောင်ရှိခဲ့တာ။
ကားသော့ကို ကိုင်ကာ ဘောင်းဘီအိတ်ထဲ လက်ထည့်လျက် ခပ်မတ်မတ်လျှောက်လာရင်း အကြည့်တွေက ဖိနပ်ခြေဦးထိပ်ကိုရောက်သွားလိုက်ရှေ့နှစ်ကိုက်လောက်ကို ရွေ့သွားလိုက်ဖြင့် သူ့စိတ်တွေ ဂနာမငြိမ်ဖြစ်နေရသည်။ ဒီလောက်အထိ မလှုပ်ရှားသင့်ပေမယ့် အရင်ကလည်း သူမနဲ့ပက်သက်ပြီး သူဘယ်တော့မှ မတည်ငြိမ်ခဲ့။ ကိုယ်တစ်ယောက်တည်း ပြာယာခတ်နေခဲ့ရတာ ခြောက်နှစ်ကျော်ထဲက။
ပထမဆုံးလှေကားထစ်ကို ဖြတ်ကျော်နင်းလျှောက်လာရင်း သူမရဲ့အငွေ့အသက်လေးတွေကိုပြန်ခံစားမိလာရသည်။ နွေးထွေးသည့် လက်ဖဝါးလေးတွေကို ပြန်လည်ဆုပ်ကိုင်ခွင့်ရချင်ပါတယ် ပခြုပ်ရယ်။ ပထမဆုံးအမှတ်တရတွေ ရှင်သန်ခဲ့တဲ့ဒီနေရာလေးကို ကိုယ်ရောက်နေပြီ။
ခုနစ်လလောက်နေလာတဲ့တိုက်ခန်းရှေ့ရောက်တော့ ပိတ်ထားသည့် အခန်းက သူ့ကို ပြူးပြဲနှုတ်ဆက်နေသည်။ သော့ခတ်ထားတဲ့ တိုက်ခန်းရှေ့ ခြေစုံရပ်လျက် မမှတ်မသုန်ငေးကြည့်နေမိရင်း၊
"ဟား..."
ဘယ်လိုမှ မြိုသိပ်မရတော့ ခေါင်းမော့ကာ အော်ပစ်လိုက်မိ၏။ မြိုသိပ်ထိန်းချုပ်ထားခဲ့သည့် နှစ်ချို့အလွမ်းများက သူမအရိပ်တွေလွှမ်းခြုံနေသည့် နေရာလည်းရောက်ရော ပွင့်အန်ထွက်လေပြီ။ အရမ်းသတိရတယ် ပခြုပ်ရယ်။
အပိုင်း(၂၇)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း