book

Index 50

အပိုင်း(၂၅) Zawgyi

မိုးသည်းည....ကာရန်


        ~~~~~~~~~~


ကန်ဘောင်ပေါ်က ဖလားကိုလိုက်စမ်းနေရင်း ဖျတ်ခနဲဝင်လာတဲ့ အတွေးကြောင့် လှုပ်ရှားနေသမျှ လုပ်ငန်းတွေအားလုံးရပ်တန့်သွားရတော့သည်။


"အမေ့ စပ်လိုက်တာ..."


ပခြုပ် ခဏလေး သတိလစ်သွားတယ်ဆို ခေါင်းလျှော်ရည်တွေ မျက်လုံးထဲဝင်ကုန်တော့သည်။ ရေဖလားကို စမ်းမသွားတာမို့ ခေါင်းပေါ်လောင်းချလိုက်ပြီး သဘတ်လေးနဲ့ပတ်လိုက်တဲ့ အထိ စိတ်နဲ့ကိုယ်က သိပ်မကပ်ချင်။ အမှတ်တရဆိုတာ မှတ်မှတ်သားသားဖြစ်ခဲ့မှ သတိရလိမ့်မယ်လို့ ပခြုပ်ထင်ခဲ့ဖူးတယ်။


မထင်မှတ်ထားတဲ့ အပြုအမူလေးတွေက တစ်ချိန်မှာ ခုလိုသတိရလွမ်းဆွတ်စရာဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။သူ့ဖက်က အမှတ်မထင်လုပ်ပေးလိုက်တာပေမယ့် ပခြုပ်မှာတော့...။ ဒီယောက်ျားကို မေ့ဖို့ကြိုးစားကာမှ သူနဲ့ပက်သက်တဲ့အကြောင်းအရာတွေက တိုက်ဆိုင်စွာ အတွေးထဲဝင်ရောက်လာနေတာ ခက်သည်။


ခုလို ရှန်ပူတွေမျက်စိထဲ ဝင်ခဲ့တုန်းက သူရေလောင်းပေးခဲ့ဖူးတာဘဲ။ ရေချိုးခန်းထဲမှာ မလုံမလဲနဲ့ သူ့ကိုရှက်ပါတယ်ဆိုမှ ဖရိုဖရဲဖြစ်ခဲ့တဲ့ ပုံစံလေးတွေကရင်ထဲလှိုက်ဖိုနွေးထွေးသွားစေသည်။ နာကြည်းပါတယ်လို့ဘယ်လောက် စိတ်တင်းထားထား ပထမဆုံးချစ်တတ်ခဲ့တဲ့နှလုံသားလေးက တိုက်ဆိုင်မှုရှိတိုင်း တမ်းတနေမိ၏။


ခေါင်းလျှော်ပြီးမှ အဝတ်လျှော်တတ်သည့် အကျင့်အတိုင်း အဝတ်ဇလုံကြီးဘေးမှထိုင်လိုက်မှ အမှတ်တရတွေပိုတိုးလာတော့သည်။ ကိုယ်ဝန်လရင့်လာတော့ အဝတ်တွေကို သူကလုံးဝအလျှော်မခံတော့သလို ပခြုပ်ကလည်း အတင်းလုလျှော်နဲ့ ရေချိုးခန်းထဲမှာ အဝတ်ဇလုံကြီး ဘေးချပြီး အတူတူလျှော်ခဲ့တဲ့နေ့စွဲတွေက ဦးနှောက်ထဲ ကြီးမားစွာ တိုးဝင်နေခဲ့တော့...။ တစ်ချိန်မှာ သတိရစရာတွေဖြစ်လာအောင် ရှင်ပြုစားခဲ့တာလား စွဲ။ 


ဝဲတက်လာသည့်မျက်ရည်တွေကို လက်မောင်းနဲ့ပွတ်တိုက်ပစ်လိုက်မိသည်။ဘာမှ မကြာလိုက်တဲ့ ကာလအတွင်းမှာ မနေတတ်အောင်လွှမ်းမိုးနိုင်တဲ့ သူ။ ခုတော့ ပခြုပ်ရဲ့ နေ့စဉ်အတွေးအာရုံမှာ သူသာပိုင်စိုးလို့နေတော့သည်။ အဝတ်တွေလျှော်နေပေမယ့် ဒီအလုပ်ပေါ်မှ အာရုံက ရှိမနေ....မရယ်မပြုံးနဲ့ခပ်တည်တည်မျက်နှာတစ်ခုကသာ ထပ်တလဲလဲရစ်ဝဲလို့နေသည်။ 


မဖြစ်နိုင်မှန်းသိပေမယ့် ရေချိုးခန်းတံခါးကိုသာ ခဏခဏလှမ်းကြည့်နေမိရင်း ဝမ်းနည်းစိတ်ကတိုးဝင်လာသည်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်။ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်နေမိပြီ။ 


မကြာလိုက်ဘူးထင်နေပေမယ့် နှစ်လဆိုတဲ့အချိန်ကာလတစ်ခုက လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီ စွဲ။ နှုတ်ဆက်မသွားခဲ့တာက ရှင့်စိတ်ထဲမှာ နတ်ပခြုပ်ဆိုတဲ့ ကျွန်မက အမှိုက်အစသာသာမို့ထင်ပါတယ်။ အချစ်တွေများတဲ့ ယောက်ျားမှန်း သိလို့ မချစ်မိအောင်ဆင်ခြင်နေကာမှ ချစ်တတ်လာအောင် ပြုစားသွားခဲ့တဲ့ ရှင့်ကို ကျွန်မမုန်းတယ် မင်းစွဲဘဏ္ဍာ။


တစ်ယောက်တည်း ရှင်သန်နေတဲ့ ကျွန်မကမ္ဘာလေးကို မွှေနှောက်သွားတဲ့ လေပွေရိုင်းတစ်ခုက အချိန်တန်တော့ ထွက်ခွာသွားခဲ့ပြီနော်။ ကျန်ရစ်ခဲ့သူကတော့ မနေတတ်မထိုင်တတ်နဲ့ နေ့ရက်တိုင်းက အလွမ်းနဲ့မိတ်ဖွဲ့နေရပြီ စွဲ။ အင်အားတွေဖြစ်ပေါ်စေတဲ့လက်တစ်စုံကို ကျွန်မတမ်းတနေတတ်ပြီ။ 


ထိန်းချုပ်မရတဲ့ စိတ်တွေက သူနဲ့ပက်သက်ဖူးတဲ့ အတိတ်တွေမှာ တဝဲလည်လည်နှင့်။


စာရိတ္တမကောင်းတဲ့ယောက်ျားမှန်း သိလိုက်မှ ကျွန်မဘက်က နောက်ပြန်လှည့်မရအောင်ချစ်မိနေပြီ။ ရှင့်ကို မုန်းနိုင်ဖို့ ကျွန်မအသက်ရှင်နေတဲ့စက္ကန့်တိုင်းကြိုးစားနေမှာ။ တကယ်တော့ ရှင်က ကျွန်မအချစ်နဲ့လုံးဝမထိုက်တန်တဲ့ယောက်ျား မချစ်သင့်တဲ့ယောက်ျားဘဲ။ 


~~~~~~~~~~~~~~~~~~~~~~~~


"ပခြုပ်..."


"ဘာလဲဟ"


နယ်ပြန်တော့မဲ့ သူက သားဘေးမှာ တစောင်းလေးလှဲပြီး သားအိပ်နေတာကို တစိမ့်စိမ့်ကြည့်နေပါလား။ ရွှေကြုတ် အခန်းထဲဝင်လာပြီး ပခြုပ်တို့သားအမိကို ငုံ့ကြည့်လိုက်ရင်း၊


"သားသားအိပ်သွားပြီမို့လား"


ခုတင်ပေါ် လက်တစ်ဖက်ထောက်ရင်း ပခြုပ်က ထိုင်လိုက်သည်။


"အင်း...ဒါနဲ့ နင်ဘာလုပ်မလို့လဲ"


ခုတင်စွန်းမှာ ဖြည်းဖြည်းဝင်ထိုင်လိုက်ပေမယ့် မွေ့ယာကသိမ့်ခနဲဖြစ်သွားပြီး သားကိုယ်လေးလှုပ်သွားတာမို့ ပခြုပ် ချော့သိပ်လိုက်ရပြန်သည်။ထိုအခါ ရွှေကြုတ် ပြောမဲ့စကားတွေရပ်တန့်သွားပြီး သားသားကိုချော့နေသည့် အစ်မဖြစ်သူကို ငေးကြည့်မိသွားသည်။


"နင် သားသားကို အရမ်းချစ်တာပဲလား ပခြုပ်"


"အဟင်း...."


ဘာမှပြန်မဖြေပဲ ပြုံးနေသည့် ပခြုပ်ကို သူမနားမလည်နိုင်တော့ပါ။သားရဲ့တင်ပါးလေးကို ဖြည်းဖြည်းလေးပုတ်ရင်း ချော့နေသည့် ပခြုပ်...သူမမျက်နှာထက်မှာ အေးချမ်းမှုတွေ၊ချစ်ခြင်းမေတ္တာတွေအပြည့်။


"ချစ်တာပေါ့ဟာ သားက ငါ့ဘဝ၊ငါ့အနာဂတ်၊ငါ့ကမ္ဘာပဲလေ။ သားရှိနေရင် ငါ့ဘဝကပြီးပြည့်စုံနေပြီ။ သားအတွက် ငါအသက်ရှင်နေမှာ ရွှေကြုတ်"


ဒီစကားတွေက မေမေ့မေတ္တာအမှန်တွေပါ သားလေးရယ်။ သားလေးမျက်နှာမြင်နေတာနဲ့ မေမေအမောပြေနေပါပြီကွယ်။ ပခြုပ် သားကို ပွေ့ဖက်ရင်း သားရဲ့ပါးအိအိလေးကို ငုံ့မွှေးလိုက်မိသည်။ ထိုခံစားမှုသည် ဘာနဲ့မှယှဉ်မရသည့် ကြည်နူးချမ်းမြေ့ခြင်းမဟုတ်ပါလား။


ဆံပင်ရှည်တွေကို စည်းချထားပြီး ရှန်သားအကျီလက်ပြတ်လေးနဲ့ ရိုးရိုးထဘီ အပွင့်လေးကို ဝတ်ဆင်ထားတဲ့ ပခြုပ်ရဲ့ပြည့်ဖြိုးသည့်ကိုယ်လုံးလေးက ထင်းရှင်းနေသည်။ တကယ်တော့ ပခြုပ်က သူမထက်ကိုယ်လုံးပိုလှတာ။ဂါဝန်တွေဘောင်းဘီတွေနဲ့ အနေများတော့ ပခြုပ်ရဲ့ကိုယ်လုံးလေးကို ဒီလောက်လှမှန်း သတိမထားမိကြတာပါ။ ခုလို ထဘီကို တင်းတင်းလေးဝတ်ထားတော့ ပန်းပုထုထားသလို လှပသည့်ကိုယ်လုံးလေးက ဘယ်လိုမှ ဖုံးဖိမရတော့ပေ။အသားလေးဝါညက်နေသည့် ပခြုပ်...ကလေးမွေးပြီးမှ ဝင်းနှစ်ကာ ရွှေသားလေးလို ဝင်းဝါကြည်လင်နေလေသည်။


ငယ်ငယ်ကတည်းက ဖောင်းကားနေသည့်ပါးမို့မို့လေးတွေက အနည်းငယ်ပြေကျသွားပေမယ့် အလှပျက်မသွားခဲ့ဘဲ ရဲစိုနေသည့်နှုတ်ခမ်းလေးကြောင့် အလှသွေးပိုကြွယ်နေလေသည်။ တစ်သားမွေးတစ်သွေးလှဆိုတာ ဒါမျိုးလား။


အလှအပကို စိတ်မဝင်စားတာမျိုးလည်း မဟုတ်။ အိမ်မှာနေရင် တစ်ပတ်နွမ်းအဝတ်လေးတွေနဲ့ သနပ်ခါးလေးလိမ်းနေတတ်ပြီး တစ်နေရာရာသွားရင်တော့ မိတ်ကပ်ခပ်ပါးပါးလေးလူးတတ်တဲ့ ပခြုပ်။ ဆံပင်ကျပြန်တော့ ခပ်မြင့်မြင့်လေးစည်းရင်စည်း မဟုတ်ရင် ဘေးခွဲဆံပင်လေးကို ဒီတိုင်းချထားခြင်းဖြင့် ပခြုပ်ရဲ့ အလှပြင်ခြင်းအလုပ်ပြီးဆုံးသွား၏။သို့သော်...ထိုအလှအပကိုပဲ ငေးမောကြတဲ့ ပုရိသတွေက ဒုနဲ့ဒေးပါ။ 


ပခြုပ်က လူစုစုနေရာတွေဆို သိပ်မသွားသလို မဖြစ်မနေမို့သွားခဲ့ရင်တောင် အကြာကြီးမနေတတ်။ လူတောမတိုးရဲတာမဟုတ်ပေမယ့် ပခြုပ်ရဲ့ ဗီဇကိုက သီးသန့်ဆန်လွန်းတာ။ အိမ်မှာ ငြိမ်ပြီး အလုပ်လုပ်နေတတ်တဲ့ ပခြုပ်က စာအုပ်တွေကြားမှာ မွေ့ပျော်နေသူ။


မျက်နှာတစ်ခုလုံးမှာ လှတယ်လို့ပြောစရာ တစ်ခုချင်းမရှိပေမယ့် အားလုံးချုံ့ငုံကြည့်ရင်တော့ ပခြုပ်မျက်နှာလေးက လှသလို ချစ်စရာအလွန်ကောင်း၏။ ပါးဖောင်းဖောင်းလေးနဲ့ ပြုံးလိုက်တိုင်းထင်းသွားသည့်မေးနှစ်ခွလေးက ဆွဲဆောင်မှုရှိတာအမှန်ပင်။ ကိုယ်လုံးလေးကျတော့ ပြောစရာမလိုအောင် လှ၏။အနေတည်ပြီး အေးဆေးလို့ ပခြုပ်ကိုဆို အတော်များများက ရှိန်ကြသည်။ 


"သူ နင့်ကိုဆက်သွယ်သေးလား ပခြုပ်"


မရည်ရွယ်တဲ့မေးခွန်းတစ်ခုက ရုတ်တရက်ထွက်သွားပြီးမှ ပခြုပ်မျက်နှာကို စူးစိုက်ကြည့်မိသွားသည်။ အမူအယာလေးတစ်ချက်ပျက်သွားတာ ခဏလေးပေမယ့် ထိုအခိုက်အတန့်လေးကိုပဲ သူမမြင်ဖြစ်အောင်မြင်လိုက်၏။ ပုံမှန်လေးပြန်ဖြစ်သွားပေမယ့် သားသားကို သိပ်နေတဲ့ ပခြုပ် လက်လေးတစ်ဖက်ကတော့ ရပ်တန့်သွားတာမို့။


"ဆော်ရီး...ငါ စကားမှားသွားတယ်။ သားသားကကြည့်စမ်းပါဦး အိပ်ပုပ်ကြီးလိုက်တာ။ အိပ်နေပုံကိုကြည့်ပါလား မျက်ခုံးကြီးတွန့်ထားတာ သူ့အဖေအတိုင်းပဲ...ခစ် ခစ်...နှာတံလေးက လုံးစင်းနေတာပဲကွာ...ပခြုပ် နင်ကနှာခေါင်းမလှဘဲနဲ့ နင့်သားက နှာခေါင်းလေးတအားလှတယ်နော်။ နင်နဲ့တစ်နေရာမှလည်း မတူပါလားဟယ်။ ကြည့်..ကြည့် အိပ်နေရင်းနဲ့ ပါးစပ်ပြင်လိုက်တာလေးကိုကြည့်စမ်း နှုတ်ခမ်းလေးက ပါးလှပ်နီရဲနေတာဘဲကွာ...ငါ ကိုက်ဆွဲမိတော့မယ်...ဟင်း"


ဘေးကလူဘာဖြစ်နေသလဲ မသိတဲ့ရွှေကြုတ်က သူမပြောချင်ရာ စွတ်ပြောပြီး အသားယားသလို နှုတ်ခမ်းကိုက်လျက် သားပါးလေးကို ငုံ့မွှေးနေသည်။ တမင်ရည်ရွယ်ပြီးပြောသွားတာလား ဒါမှမဟုတ် တိုက်ဆိုင်နေခဲ့တာလား မသိ။ ရွှေကြုတ်ရဲ့စကားလုံးတွေက တည်ငြိမ်နေတဲ့ သူမနှလုံးသားကန်ရေပြင်ပေါ် ခဲလုံးဆွေပမာ အဆက်အပြတ်ကျသွားပြီး ဂယက်ထသွားရပြီ။ မေ့ပျောက်ဖို့ကြိုးစားနေပါတယ်ဆိုမှ သတိရစရာတွေပစ်သွင်းနေပြန်သည်။ တော်ပါတော့ ရွှေကြုတ်ရယ်...သူနဲ့ပက်သက်ခဲ့တဲ့ အတိတ်ကို ငါ မေ့ထားချင်တယ်။ အကျည်းတန်လွန်းတဲ့ နေ့စွဲတွေကို ဖန်တီးခဲ့တဲ့ သူ့ကို ငါမုန်းတယ်။ သားဆလးမျက်နှာကို မြင်ယောင်မိတိုင်း ဒေါ်ထက်ထက်သာရဲ့စကားတွေကို ကြားယောင်မိတဲ့အခါတိုင်း သူ့ကို ပိုမုန်းတီးတယ် ရွှေကြုတ်။ 


အချစ်ဆိုတဲ့အရာကို ဘာမှန်းမသိခဲ့ပဲ ကိုယ်ဝန်ကြီးနဲ့ မိသားစုကြားမှာ အရှက်ကွဲခဲ့ရတဲ့ ငါ့အဖြစ်တွေက သွေးပျက်စရာတွေပါဟာ။ ငါ့ဘဝကို စက္ကူတစ်ရွက်လို အစိပ်စိပ်အမွှာမွှာဆုပ်ဖြဲရက်ခဲ့တဲ့ အဲဒီယောက်ျားကိုမှ ချစ်ခဲ့မိတဲ့ ငါ့အဖြစ်ကိုငါ အမုန်းဆုံးဘဲ။ 


သူ့အရိပ်တွေထင်ဟပ်နေတဲ့ ဒီနေရာမှာ ငါမနေဘူး။ ငါ ရင်ခုန်ခဲ့တာ ငါ့အပေါ်ဖေးမမှုတွေနဲ့ ရိုးသားတဲ့ ခရီးဖော်လေးတစ်ယောက်၊ဒါပေမယ့် ရည်းစားတွေအများကြီးထားပြီး မြှာပွေတဲ့ မင်းစွဲဘဏ္ဍာဆိုတဲ့ ငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့ခပ်ရှုပ်ရှုပ်လူကိုတော့ ငါမုန်းတယ်။ 


သားရဲ့မျက်နှာလေးက သူနဲ့လာတူနေတာကိုက သူ့အပေါ်နာကြည်းစရာတိုးစေခဲ့သည်။ မိုးတွေသည်းထန်နေခဲ့တဲ့ညတစ်ညမှာ မူးမူးရူးရူးနဲ့ ချစ်သူမိန်းကလေးအပေါ်အခွင့်အရေးယူခဲ့တဲ့ စည်းမစောင့်တဲ့ယောက်ျား။ ကံကြမ္မာကဤယောက်ျားကိုမှ သူမရှေ့ရောက်အောင်တွန်းပို့ခဲ့လေတော့ ...။


"ပခြုပ်"


သားသားကိုကြည့်ပြီး ငြိမ်သက်သွားတာမို့ ပခြုပ်အတွေးတွေ ဘယ်ဆီရောက်နေပြီမှန်း ရွှေကြုတ်ရိပ်မိလိုက်ပြီ။ ငေးရီနေတာမျိုးလည်း မဟုတ်သလို အရင်လိုဖျတ်လတ်ခြင်းလည်း မမည်တဲ့ ပခြုပ်မျက်လုံးတွေထဲက မာနရိပ်တွေကို သူမမြင်တွေ့နေရသည်။ ပခြုပ်ရယ် မချစ်တတ်ခဲ့တဲ့နင့်နှလုံးသားက ပထမဆုံးချစ်မိသွားကာမှ သူ့လုပ်ရပ်တွေကြောင့် နင်နာကျင်ခံစားနေရတာပါဟာ။နင်ကိုယ်တိုင်မသိလိုက်ချိန်မှာ သူ့က နင့်စိတ်၊နင့်နှလုံးသားတွေကို အပိုင်သိမ်းသွားတော့ နင့်မာနက လက်မခံနိုင်ဖြစ်နေတာ နင်သိရဲ့လား။


ညနေကားနဲ့ပြန်ဖို့အသင့်ဖြစ်နေတဲ့ ပခြုပ်...တစ်ခန်းလုံးပစ္စည်းတွေသိမ်းဆည်းပြီးနေပြီ။ အိပ်ခန်းထဲမှာ ကလေးအိပ်ဖို့မွေ့ယာတွေမသိမ်းရသေးတာဘဲရှိ၏။ တိုက်ခန်းတစ်ခုလုံး ဘာပစ္စည်းအတိုအထွာမှ မကျန်စေရအောင် စနစ်တကျသိမ်းပြီးပြီ။ စွဲ ဝယ်ထည့်ပေးခဲ့တဲ့ ပရိဘောကတွေကိုတော့ ဒေါ်ထက်ထက်သာကိုပြန်အပ်လိုက်ပါပြီ။ ဒီတိုက်ခန်းကို သူနဲ့ရောက်လာတဲ့နေ့က အသင့်ရှိနေခဲ့သည့် ဒရင်းဘတ်လေးသာ ဧည့်ခန်းထဲမှာ နေရာပြန်ယူနေခဲ့၏။ ဆက်တီခုံနဲ့ ဒရင်းဘတ် လဲသွားတာပေမယ့် ဒီအပြောင်းအလဲလေးကိုပဲ ပခြုပ်ရင်ထဲကြီးကြီးမားမားထိခိုက်နေမိသည်။ တိုက်ခန်းတစ်ခုလုံးပြောင်းလဲသွားသလို ခံစားမှုမျိုးခံစားလိုက်ရတာ။ ဒါဟာ ဆက်တီတွေအပေါ်လိုချင်တပ်မက်စိတ်မဟုတ်တာတော့ သေချာ၏။ ဒါဆို ဘာလဲ...ဆက်တီခုံတွေနေရာမှာ အရင်ကရှိခဲ့တဲ့ ဒရင်းဘတ်လေးပြန်ရောက်လာတာကို ပခြုပ် ဘာဝမ်းနည်းစရာဖြစ်နေရတာလဲ။


အခန်းထောင့်ရောက်နေတဲ့ ဒရင်းဘတ်လေးကို ဧည့်ခန်းနေရာပြန်ရွှေ့ခဲ့တဲ့နေ့က သူ့ကိုမှ ပြင်းပြင်းပျပျသတိရသွားမိတာ သူမမညာချင်ပါ။ ဒီဒရင်းဘတ်လေးပေါ်မှာ အိပ်ပျော်နေတတ်တဲ့ သူ့ကို မြင်ယောင်နေမိသည်။ တစ်ခါတရံ အိပ်ခန်းထဲက ထွက်လာရင်း  ဒရင်းဘတ်ပေါ် သူအိပ်နေသလိုလို ထင်ယောင်ထင်မှားဖြစ်နေမိတဲ့ သူမ။ သူမရှိတော့ပေမယ့် သူ့အရိပ်တွေသူ့အငွေ့အသက်တွေပြည့်လျှံနေခဲ့တဲ့ ဒီအခန်းမှာ ပခြုပ် ဆက်မနေလိုတော့ပါ။ မုန်းမေ့ဖို့ကြိုးစားနေတဲ့ပခြုပ် သူနဲ့အမှတ်တရတွေရှိနေသည့် ဒီနေရာကို အရင် စွန့်ခွာဖို့ဆုံးဖြတ်လိုက်တာ။


"ပခြုပ်....နင် သူ့ကို သတိရနေတာလား..."


ပခြုပ်အတွေးတွေက သူ့ဆီမှာ ပျံ့လွင့်နေချိန် ရွှေကြုတ်ဆီက သူခိုးဖမ်းသလို မေးခွန်းကြောင့် ရွှေကြုတ်နဲ့မျက်လုံးချင်းဆုံသွားချိန် မလုံမလဲနဲ့ မျက်နှာလွှဲလိုက်ရသည်။


"နင်မညာနဲ့ ပခြုပ်။ နင် သူ့ကို သတိရနေတယ်။ အဲဒါ သူ့ကို စွဲလမ်းနေလို့ပဲ ပခြုပ်"


"မဟုတ်ဘူး...ငါကဘာကြောင့်စွဲလမ်းရမှာလဲ။ ဝေးသေးတယ် သူ့လိုယောက်ျားမျိုးကို ဘယ်တော့မှ သတိရဘူး... လွမ်းစရာရှိခဲ့ရင်တောင် နာကြည်းစရာက ရင်ထဲအပြည့်ပါ ရွှေကြုတ်။ ငါအရွံ့ဆုံး ကာရိုက်တာတွေနဲ့ လူကို ဘယ်တော့မှ မတမ်းတဘူး...သားလေးနဲ့အနာဂတ်မှာ ငါတစ်ယောက်ပဲ ရှိရမယ်။သားရဲ့ ရှင်သန်ခြင်းအားလုံးက ငါ့လက်ထဲမှာပဲ ရှိတယ်"


"ဒါပေမယ့် သားသားက သူ့အဖေကို မေးလာရင်ရော ပခြုပ်....မမေးစေရဘူးလို့တော့ မပြောနဲ့နော်။ ကလေးဆိုတာမျိုးက ငယ်ငယ်ကသာ နားသွင်းလို့ရမှာ အရွယ်ရောက်လာရင်တော့ အဲဒီကွက်လပ်ကြီးလိုအပ်လာမှာဘဲ ပခြုပ်။ ဘာလဲ သားရဲ့အဖေက မရှိတော့ဘူးလို့ နင်ဖြေမှာလား"


"ဒီမေးခွန်းမျိုး မမေးအောင် ငါလုပ်မယ် ရွှေကြုတ်။ ဒါပေမယ့် သူနဲ့သားကြားမှာ သွေးခွဲစရာမလိုပါဘူးဟာ။ ဒီလောကမှာ သူ့သွေးသားရှင်သန်နေတဲ့ အဖြစ်ကို သူဘယ်တော့မှ မသိစေရဘူး ရွှေကြုတ်။ ပြီးတော့ နင့်ကို ငါတစ်ခုလောက်တောင်းဆိုချင်တယ် ရွှေကြုတ်။ လိုက်လျောပေးပါမယ်လို့လည်း ငါ့ကို ကတိပေးပါ"


"ဘာများလဲ ပခြုပ်။ နင် ဘာတွေဖြစ်နေတာလဲ "


ငါ ပြောမဲ့စကားတွေကို နင်အလေးအနက်ထားပါ ရွှေကြုတ်ရယ်။ နင် မဖန်တီးခဲ့ပေမယ့် နင်နဲ့တိုက်ရိုက်ပက်သက်နေတဲ့ ဒီဇာတ်လမ်းကို နင် ထာဝရ မြှုပ်နှံပေးပါဟာ။ 


"နင်တို့နှစ်ယောက်အတွက်ရော ငါတို့သားအမိအတွက်ပါ စဉ်းစားပြီး ကတိပေးစေချင်တယ်။ ငါနဲ့သားလေးရဲ့အနာဂတ်မှာ သူ့ကို မရှိစေချင်ဘူးရွှေကြုတ်။ ပြီးတော့ ငါရဲ့ဆုံးဖြတ်ချက်က သူရောနင်ရော အဆင်ပြေစေချင်တယ်"


လေးလေးနက်နက်ဆိုနေသည့် ပခြုပ်ကို နားမလည်ချင်တော့ပါ။ ပခြုပ် ဘာတွေ ပြောချင်တာလဲ။ ဘာကို တောင်းဆိုချင်နေတာလဲ။ 


"နင်တို့နှစ်ယောက်ဆိုတာ..."


မရှင်းလိုက်တာကို အရင်မေးလိုက်တော့ ပခြုပ် ပြုံးသွားသည်။ 


"နင်နဲ့ မင်းစွဲဘဏ္ဍာကိုပြောတာ ငါကြောင့် နင်တို့ချစ်သူနှစ်ဦးကွဲခဲ့ရတာ...အဲဒီတုန်းက ငါတကယ်စိတ်မကောင်းဘူး ရွှေကြုတ်။ နင့်အပေါ် ငါအနိုင်ယူခဲ့တာလည်း လုံးဝမဟုတ်ဘူး ငါ့ဘက်မှာ တကယ်ကို ဘေးကြပ်နံကြပ်ဖြစ်နေခဲ့လို့ သူနဲ့မလွှဲသာ မရှောင်သာလက်ထပ်လိုက်ရတာပါဟာ..."


"ဘာလဲ...ခု နင်လိုချင်ရင် ပြန်ယူလို့ရပြီလို့ပြောချင်တာလား ပခြုပ်။ အဟင်း....မြရွှေကြုတ်က အဲဒီလောက်မဖိန့်ဘူး ပခြုပ်။ ငါနဲ့စွဲကို နင်အထင်လွဲနေတာဆိုရင်တော့ နင်မှားနေပြီ ပခြုပ်။ နင်နားလည်အောင် ငါမပြောတတ်ပေမယ့် သူနဲ့ငါဘာအကန့်မှ မရှိတော့ဘူးဆိုတာတော့ နင်ယုံ... ရွှေကြုတ်က ယောက်ျားတစ်ယောက်ကို အဲဒီလောက်အစွဲအလမ်းမကြီးဘူး ပခြုပ်။ အေး အရင်ကဖြစ်ခဲ့တာတွေကြောင့် နင်အထင်လွဲနေတာဆိုရင်တော့ ငါပြောခဲဖူးသလိုပဲ သူ့အမေနဲ့သူ့ကို မကျေနပ်ခဲ့လို့ ငါလက်စားချေဖို့ လုပ်ခဲ့တာ။ ပြီးတော့ နင်မသိသေးတာကို ငါဝန်ခံချင်တယ်။ ဒေါ်ထက်ထက်သာဆိုတဲ့ မိန်းမကြီးကို ငါ အပြတ်အနိုင်ရခဲ့တယ် ပခြုပ်။ပြီးတော့ အဲဒီပွဲမှာ နင့်ကိုအသုံးချခဲ့မိတယ်"


"ဘယ်လို...ငါ့ကိုအသုံးချခဲ့တယ်ဟုတ်လား"


ပဟေဠိဆန်တဲ့ ရွှေကြုတ်ကို သူမနားမလည်နိုင်...ဘာကို ဆိုလိုမှန်း မသိတော့ ပြန်မေးခွန်းထုတ်လိုက်မိသည်။ 


"ထားလိုက်ပါ နင်သိလည်း ဘာမှထူးမလာတဲ့အတူတူ မသိချင်နဲ့တော့။ နင် ငါ့ကို ဘာတောင်းဆိုချင်တာလဲ ပြောလေ...ငါ တတ်နိုင်တာကို လိုက်လျောပေးမယ်..ပြောကြည့်"


မျက်စပစ်လျက် မေးနေသည့် ရွှေကြုတ် မျက်လုံးတွေမှာ ကြာလေးတွေပါနေသည်။ ဒီအကြည့်တွေ ဒီအမူအယာတွေကြောင့် ယောက်ျားတွေပစ်ကျကုန်တာနေမှာ။ အဲဒီအထဲမှာ မင်းစွဲဘဏ္ဍာလည်း တစ်ယောက်အပါ မဟုတ်လား။


"တစ်သက်လုံးကတိတည်ရမှာနော် ရွှေကြုတ်...ဘာတော့မှ မပြောရဘူး"


"ကဲ....ပြောစရာရှိတာပြော.."


စိတ်မရှည်တတ်တဲ့ ရွှေကြုတ်...စကားပလ္လင်ခံနေတော့ အသည်းယားနေပြီ။ သားသားကို ချစ်မြတ်နိုးစွာ ငေးကြည့်ရင်း ထွက်ပေါ်လာတဲ့ ပခြုပ်ရဲ့ အသံက ခပ်အက်အက်။


"သားရဲ့အဖေက သူဆိုတာကို ဘယ်တော့မှ သူမသိပါစေနဲ့...."


"ဟင်..."


နှုတ်ခမ်းလေးဖွင့်ဟလျက် မျက်လုံးတွေပါဝိုင်းသွားတဲ့အထိ ရွှေကြုတ် အံ့သြသွားတာကို ပခြုပ် မသိဟန်ဆောင်နေလိုက်သည်။ ဘယ်သူတွေ ဘာထင်ထင် ဂရုမစိုက်ချင်တော့ပါ။ သားရဲ့အနာဂတ်မှာ သူ့ကို လုံးဝမပါဝင်စေချင်တာ သူမရဲ့ဆုံးဖြတ်ချက်။ မေမေတို့ရှိနေသရွေ့ သူနဲ့ဝေးရာကို ထွက်သွားမသွားနိုင်ပေမယ့် ဘယ်သူမှ မသိခဲ့တဲ့ အတိတ်ရဲ့အရိပ်ကိုတော့ ထာဝရမြှုပ်နှံပစ်လိုက်မည်။ 


"နင် ဘာလုပ်ခဲ့တယ်ဆိုတာ ငါမသိချင်ဘူး ရွှေကြုတ် သိဖို့လည်း မကြိုးစားဘူး။ ဒါပေမယ့်...ငါတောင်းဆိုတာကိုတော့ နင်လိုက်လျောပေးပါဟာ...ညီအစ်မဆိုတဲ့ သံယောဇဉ်နဲ့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ငါ့ဆန္ဒကိုဖြည့်ဆည်းပေးပါ ညီမလေးရယ်။ သူ့ကလေးဆိုတာကို သူ့ဘယ်တော့မှ မသိပါစေနဲ့။ သူ့ကို မပြောပါဘူးလို့ ငါ့ကို ကတိပေးပါဟာ"


"ပတ်ဝန်းကျင်က သူ့ကလေးလို့ သိနေကြတာဘဲ ပခြုပ် ဒါကို နင်က ဘာတွေဖြစ်စေချင်သေးလို့လဲ"


"အဲဒီလိုဖြစ်အောင် ဖန်တီးခဲ့ကြရတာပဲ ရွှေကြုတ်။ဒါပေမယ့် သူကိုယ်တိုင် သူ့ကလေးဆိုတာကို ဘယ်တော့မှ မသိစေရဘူး။ ငါ့ကို ကတိပေးပါ ရွှေကြုတ်ရယ် နော်"


"ကောင်းပြီ ငါကတိပေးတယ်....စိတ်ချ ငါဘယ်တော့မှ မပြောဘူး"


"ကျေးဇူးတင်ပါတယ် ညီမလေးရယ်...ကျေးဇူးတင်ပါတယ်"


လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေသည့် ပခြုပ်ကို ကြည်ပြီး ရွှေကြုတ် ရယ်ချင်စိတ်ကို မနည်းမြိုသိပ်နေရသည်။ အဖြစ်မှန်တွေကို ငါဘက်ကဘယ်တော့မှ မဖွင့်ဟဘူး ပခြုပ်...စိတ်ချ။ ဘာကြောင့်လဲဆိုတော့ သူ့ကို နာကျင်စေချင်လို့...မြှာပွေတဲ့ယောက်ျား၊မိန်းကလေးတွေအပေါ် အောက်ကျို့မခံခဲ့ဖူးတဲ့ မာနခပ်ကြီးကြီးယောက်ျားက နင့်အပေါ်မှ ဂရုဏာမိုးတွေကွက်ကြားရွာပြီး အချစ်တွေ ဖောသီသီပေးခဲ့တာ ငါ ကျေနပ်ခဲ့တယ်လို့ထင်နေတာလား။ ငါ့ကို ခါချခဲ့တယ်...နင့်ကိုကျတော့ ပြာနေအောင် ဂရုစိုက်ခဲ့တယ်နော် ဒါတောင် သူ့ကလေးဆိုတာ မသိလို့။ သိများတာသိသွားရင်... အဟင်း ဒါပေမယ့် ငါမပြောဘူး ပခြုပ်။ မင်းစွဲဘဏ္ဍာနဲ့ သူ့အမေ ဒေါ်ထက်ထက်သာ...အဟင်း...ဟင်း ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ သူ့သားကို အဖိုးထိုက်အဖိုးတန်တဲ့ သိက္ခာရှင်မိန်းကလေးနဲ့မှ ပေးစားချင်တဲ့ ဒေါ်ထက်ထက်သာ...သူ့သားနဖားကြိုးအထိုးခံရတယ်ဆိုတာ သိတဲ့နေ့က စွေ့စွေ့ခုန်သွားတာများ တကယ်အားရစရာကြီးသိလား။ ငါ့ကို ပိုးစိုးပက်စက်ပြောခဲ့တဲ့ မိန်းမကြီးကို ဒီတစ်ခါတော့ ငါနိုင်လိုက်ပြီ ပခြုပ်။ဆော်ရီး...ငါအနိုင်ရဖို့ နင့်နာမည်၊နင့်သိက္ခာတော့ စတေးလိုက်မိတယ်။


"သားသား အိပ်သွားရင် ငါ့နောက်အဖော်လိုက်ခဲ့ပါလား...ပခြုပ်။ နင်က အပြီးပြန်တော့မှာဆိုတော့ မပြန်ခင်တစ်ခုခုသွားစားရင်း နင့်ကို မိတ်ဆက်ပေးချင်လို့"


"မိတ်ဆက်ပေးမလို့ ဟုတ်လား ရွှေကြုတ်...ဒါ...ဒါဆို နင်အသစ်ရနေပြီပေါ့"


ပခြုပ် မျက်လုံးပြူးသွားရသည်။ ရွှေကြုတ်ကို ဘယ်လိုမှ လိုက်မမှီတော့ပါ။ 


"ဟုတ်တယ်....ခုတစ်ယောက်က နယ်နယ်ရရမဟုတ်ဘူးနော် ပခြုပ်။ တကယ့်ဟိုက်ဘော့စ်... သူ့ကိုတော့ ငါတကယ်ကြွေတာဟ..လက်ထပ်ဖို့အထိရည်ရွယ်ထားတယ်။ မေမေကိုတော့ လောလောဆယ်ဖွင့်မပြောသေးဘူး။ ဒါပေမယ့်...နင်နဲ့ပေးတွေ့ပေးချင်လို့။ သူကလည်း နင့်ကိုတွေ့ချင်နေတာဟ။ မကြာစေရဘူး ခဏပဲ...ညနေကား မှီအောင်ပြန်ပို့ပေးမှာပါ...နော် လိုက်ခဲ့နော်"


တွေ့လား..။ သူ လိုချင်တာ၊သူဖြစ်ချင်တာဆို မရမကချွဲပြီ မိရွှေကြုတ်ကတော့လေ။ ပခြုပ် မျက်စောင်းထိုးတော့ ရွှေကြုတ်က ပြောင်ချော်ချော်လေးရယ်ပြနေလေသည်။ အနိုင်ယူဗိုလ်ကျနေကြမို့ ခုလဲ ပခြုပ်လက်မောင်းကို ဆွဲခါလျက် အတင်းစည်းရုံးနေတော့၏။


"ရွှေကြုတ်ရယ် တကယ်ရော သေချာလို့လား...ရန်ကုန်မှာ အလိမ်အညာတွေက ပေါမှ ပေါနဲ့ဟာ"


ပခြုပ်က ရှေ့နောက်ကြိုတွေးလျက် စိုးရိပ်မကင်းသံလေးဖြင့်ဆိုလာသည်။ 


"ဟာ...လုံးဝအလိမ်အညာမဟုတ်ဘူးနော် တကယ်...ရွှေကြုတ်တို့က အဲဒီလောက်လူကဲခတ်မညံ့ပါဘူးဟ...ပြီးတော့ နင့်ကို တစ်ခုကြိုပြောထားချင်တယ် သူက နင့်ကို သိနေတယ် ပခြုပ်..ပြီးတော့ နင့်ကိုတွေ့ချင်နေတာ။ နင်မပြန်ခင် လိုက်တွေ့ပေးပါဟာနော်...ငါ့အစ်မက လိမ္မာပါတယ်"


ပခြုပ် ဘယ်လိုမှ မငြင်းသာတော့တာမို့ ရွှေကြုတ်ကို လိုက်လျောလိုက်ရသည်။


"သူက ငါ့ကိုသိနေတယ်ဟုတ်လား နင်ပြောထားတာမို့လား ရွှေကြုတ်"


"ငါပြောလို့ဆိုတာထက် သူက စွဲရဲ့ဇနီးတစ်ယောက်အဖြစ် နင့်ကို သိနေတာ ပခြုပ်။သူနဲ့စွဲက အရမ်းရင်းနှီးတယ်။ နင်တို့နှစ်ယောက်ကွာရှင်းထားတာကို သူမသိသေးဘူးဟ။ ဟိုရောက်ရင် အလိုက်သင့်လေးပြောပေးပါ။ သူက ကုမ္ပဏီပိုင်ရှင်သူဌေး လူကြီးလူကောင်းတစ်ယောက်ပါ။ပြီးတော့ သူ့ကို ငါလက်ထပ်မှာ ပခြုပ်"


"တကယ်ကြီးလား...."


"အင်း တစ်ရာရာခိုင်နှုန်းသေချာတယ်"


"ဖြစ်ပါ့မလား...."


"ဘာကိုလဲ"


"သူနဲ့တွေ့ဖို့"


"ဘာမဖြစ်စရာရှိလဲ ငါတစ်ယောက်လုံးပါတဲ့ဟာ။ သူကမေမေနဲ့တွေ့ချင်တာ အဲဒါကျတော့ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...မေမေ့အကြောင်းလည်း နင်သိသားနဲ့။ နင်လိုက်တွေ့ပေးပါ ပခြုပ်ရယ် please"


ရွှေကြုတ်က သနားစရာ မျက်နှာပေးမျိုးလေးနဲ့တောင်းဆိုနေလေတော့ ပခြုပ် အင်တင်တင်နဲ့ လိုက်လျောနေရသည်။ သူနဲ့ပက်သက်တဲ့ဘယ်သူမဆို ပခြုပ်မတွေ့ချင်သလို ပက်လည်းမပက်ချင်။ ရွှေကြုတ်ရဲ့ရည်းစား ကုမ္ပဏီပိုင်ရှင်သူဌေးတစ်ယောက်က သူနဲ့ပါသိနေတယ်ဆိုတော့ ဒါဟာ ဘယ်လိုဆက်ထုံးမျိုးလဲ။ ရိုးသားမှုရော ရှိရဲ့လား။ 


"ဘာတွေတွေးနေတာလဲ...ငါ့ကိုကိုက သဘောကောင်းပါတယ်ဟ...ဘာမှ ပူမနေနဲ့ ငါတစ်ယောက်လုံးပါတဲ့ဟာ"


တကယ်တော့ ပခြုပ်စိတ်ပူနေတာ တခြား။ ကုမ္ပဏီ ပိုင်ရှင်တဲ့ ရွှေကြုတ်ရဲ့ငြိနေတယ်ဆိုတဲ့ ထိုလူက အသက်အရွယ်ဘယ်လောက်ရှိနေပြီလဲ။ ကိုကိုတဲ့...ခေါ်ပုံကိုကြည့်။ အသက်ခပ်ကြီးကြီးတော့ မဟုတ်ပါစေနဲ့။ မိရွှေကြုတ်က ပြောလို့ရတာမဟုတ်...ချမ်းသာရင်ပြီးရောဆိုပြီး ရွေးလိုက်မှဖြင့်။ 


"ငါ့ကိုကိုဆိုလို့အသက်ခပ်ကြီးကြီးမထင်လိုက်နဲ့နော်...သုံးဆယ်သာသာလေးပဲ ရှိသေးတာ။ ဒါပေမယ့်...လုံးဝ အလန်းနော် တကယ့် gentleman ။ ရွှေကြုတ်တို့က အဘိုးကြီးကိုတော့ ရင်မခုန်ပါဘူး ပခြုပ်ရဲ့"


သူမ အတွေးကို သိနေသလို ရွှေကြုတ်က ပြုံးပြုံးလေးဆိုလိုက်မှ အသက်ရဲရဲရှူနိုင်တော့သည်။ ကိုယ့်ဘဝက မလှပခဲ့ပေမယ့် ညီမလေးကိုတော့ တင့်တင့်တယ်တယ်လှလှပပလေးဖြစ်စေချင်တာ ပခြုပ်ရဲ့ ဆန္ဒပါ။ 


"နင်လိုက်တွေ့ကြည့်လိုက်ပါ...ငါ့ကိုကိုမှာ နင်မကြိုက်တဲ့ အချက်ရှိလာရင် ငါဇက်ဖြတ်ခံမယ်...ဘယ်လိုလဲ"


ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရွှေကြုတ်က မျက်ခုံးမျက်စပစ်လျက်ဆိုနေသည်။ ရွှေကြုတ်ရဲ့လူက အတော်ပါဖက်ဖြစ်နေပုံရ၏။


"ကောင်းပြီ....ငါလိုက်တွေ့မယ်။ ဒီတစ်ခါတော့ နင်တကယ်တည်လိုက်ပါတော့ ရွှေကြုတ်ရယ်။ မိန်းကလေးတန်မဲ့ ရည်းစားတွေအများကြီးထားတာ မကောင်းပါဘူးဟာ။ လူအထင်သေးစရာဖြစ်မယ်...အတင့်အတန်းရှိတဲ့ယောက်ျားတစ်ယောက်ကို နင်ရွေးချယ်ပြီးပြီ နင်တကယ်ချစ်တယ်ဆို သူနဲ့ နှစ်ယောက်တစ်ဘဝထူထောင်သင့်တယ်"


"ငါလည်း ဆုံးဖြတ်ထားပါတယ်ဟ...ကဲ နင်အဝတ်လဲပြီးရင် သွားကြမယ်"


"ဟယ်...ခုလား"


"အေးလေ...ဒီနေ့က ရုံးပိတ်ရက်..သားသားလည်း အိပ်နေတုန်း သွားမယ်လေ"


"အေးပါ.."


"ကြည့်ပျော်ရှုပျော်တော်ဖြစ်ပါစေနော်"


"စိတ်ချ...နင်သိက္ခာမကျစေရဘူး"


ပခြုပ် မျက်စောင်းလေးဝင့်လိုက်တော့ ရွှေကြုတ်ကပြုံးလျက် အခန်းထဲကနေ လှစ်ခနဲထွက်သွားလေသည်။ မမြင်နိုင်တဲ့ ကံကြမ္မာကိုသာ ကြိုသိခွင့်ရှိခဲ့လျှင် ရွှေကြုတ် တစ်ယောက် ခုလိုပြုံးနေနိုင်ပါဦးမလား...။


မေမေကိုယ်တိုင် ဆင်တူဆင်မြန်းပေးခဲ့သည့် ပိုးတွဲဝတ်စုံလေးတွေ ဆင်တူဝတ်ပြီး တိုက်ခန်းကနေ ဆင်းလာခဲ့တော့ ညီအစ်မနှစ်ယောက်စလုံးရယ်မောပြုံးရွှင်လျက်။ အကြိုက်ချင်းထပ်တူကျခဲသည့် ပခြုပ်တို့ညီအစ်မမှာ ထူးထူးခြားခြားကော်ဖီရောင်ကြိုက်တာချင်း ရှားရှားပါးပါးတူနေခဲ့တာမို့ ကော်ဖီရောင်ဝတ်စုံလေးကို ခုလိုဝတ်ဆင်ဖြစ်ခဲ့တာပါ။ဆံပင်ရှည်တွေကို နောက်မှာ ချလျက် ယဉ်စစလေးတွေနဲ့ အလှကြီးလှနေလေသည်။ ပခြုပ်ပြင်ဆင်နေတုန်း ရွှေကြုတ်က ကိုကြီးကို ဖုန်းဆက်ထားပြီးသားမို့ အောက်မှာ ကိုကြီးကားရောက်နေပြီ။ 


ကားအပြင်ထွက်စောင့်နေသည့် ကိုကြီးကို လက်ဝေ့ရမ်းပြရင်း သွက်သွက်လှမ်းလိုက်တော့ ပခြုပ် နောက်မှာကျန်ခဲ့လေတော့သည်။


"ကိုကြီး..."


ရွှေကြုတ်က လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ကားဆီသာအာရုံရောက်နေသဖြင့် အန္တရာယ်ကို သတိမမူမိခဲ့။ နောက်ကနေ ခပ်မှန်မှန်လိုက်လာသည့် ပခြုပ်၊ ရွှေကြုတ်ဆီပြေးဝင်လာသည့် ကားတစ်စီးကို မြင်လိုက်ချိန်...မျက်လုံးထဲပြာသွားရကာ၊


"ညီမလေး...."


"ဒုန်း....."


"ပခြုပ်......"


ကားတိုက်သံကြီးနဲ့ အော်သံတွေက ပတ်ဝန်းကျင်တစ်ခုလုံး ငရဲပွက်သွား၏။


အပိုင်း(၂၆)ဆက်ရန်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: