book

Index 5

အပိုင်း(၃)

⛈⛈မိုးသည်းည...ကာရန်⛈⛈


🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


"မလုပ်ကြပါနဲ့ဗျာ.....တော်ကြပါတော့"


မင်းသစ်ကြားထဲကနေ အတင်းဝင်ဆွဲလိုက်သဖြင့် ရိုက်ချက်တွေက ရွှေကြုတ်ကို လွဲကာ ဆောင်းယွန်းပေါ်ထိမှန်ကုန်၏။ ရွှေကြုတ်က လက်က လွှတ်သည်နှင့် မြအိဆံပင်ကို ဆောင့်ဆွဲကာ နပန်းလုံးတော့သည်။


"ကောင်မ....နင်သေပေတော့.."


"မိန်းမပျက်မ....နင်သာသေသင့်တာ"


"ရွှေကြုတ်...တော်...တော်ပါတော့"


မင်းသစ် ရှက်လည်းရှက်လာသည်။ မိန်းမတွေကြားထဲ သူဖရိုဖရဲဖြင့်ဆွဲနေရတာ ပုံပျက်ပန်းပျက်။


"ရှင်ဖယ်စမ်း...."


"ဟ!....."


ရွှေကြုတ်က မြအိပေါ်ကနေ ခွစီးကာ ပါးတွေရိုက်နေတာမို့ ဆောင်းယွန်းနဲ့ယွန်းမီက ရွှေကြုတ်ကို အတင်းဝင်လုံးနေကြသည်။ သုံးယောက်လုံးထွေးနေတာကို ကြည့်နေရင်း မင်းသစ် ရွှေကြုတ်ကို အတင်းဝင်ဆွဲလိုက်တော့ ယွန်းအိက သူ့ကို ဆောင့်တွန်းလွှတ်လိုက်သဖြင့် ခုံတွေကြားထဲ လဲကျသွားရ၏။ လူလည်းနာသွားကာ မိန်းမတစ်ယောက်ရဲ့အတွန်းကို ခံလိုက်ရတာမို့ မင်းသစ်ရှက်သွားသည်။ ပြီးတော့ မိန်းကလေးတန်မဲ့လုံးထွေးသတ်ပုတ်နေသည့် ရွှေကြုတ်ကိုလည်းစိတ်ပျက်လာသည်။


"အမလေးတော်.....ကျုပ်ဆိုင်တော့ကုန်ပါပြီ။ အရင်းပြုတ်ပါပြီတော်"


"လာကြပါဦး....ဒီမှာရန်ဖြစ်နေကြလို့...."


အကြော်သည်ဒေါ်တုတ်က ရင်ဘတ်ဖိလျက် သူ့ဆိုင်ဖရိုဖရဲဖြစ်ပြီး အရင်းပြုတ်မှာကိုစိုးရိမ်နေသည်။ဒေါ်တုတ်သမီးမပုက အော်ဟစ်အကူအညီတောင်းနေ၏။ စောစောက ထိုင်စားနေတဲ့ စုံတွဲကရန်စဖြစ်ထဲက ဘယ်ဆီပြေးပြီလည်းမသိ။ တစ်ခါထဲ သုတ်ခြေတင်လေပြီ။ ဆိုင်ထဲမှာ ဆိုင်ရှင်ဒေါ်တုတ်တို့သားအမိရယ် ရွှေကြုတ်တို့အဖွဲ့ရယ်သာရှိသည်။ 


"ဖျန်း......"


"တစ်ကိုယ်လုံးပုပ်ပွနေတဲ့ကောင်မတွေ။ ဒါကြောင့် နင်တို့ကို ဘယ်ကောင်မှမကြိုက်တာ။ရည်းစားမရလိုက်ဘဲ သေမဲ့မသာတွေ"


"ဟဲ့ကောင်မ....ညည်းလိုယောကျ်ားတကာနဲ့ဖွတ်ဖန်တကာတေနေတဲ့မိန်းမထက်တော့ ငါတို့ကအဆတရာသာတယ်ဟေ့"


"ကြည့်စမ်း...ကြည့်စမ်း....ကောင်မ ကဲဟယ်.."


တစ်ယောက်နဲ့တစ်ယောက် တွေ့ရာတွေနဲ့ပစ်ပေါက်ရင်း ဆိုင်ထဲမှာ ခုံတွေပလူပျံနေတော့သည်။ တချို့က ကျိုးပဲ့နေပြီး တချို့ကအလဲလဲအကွဲကွဲ။


"ရွှေကြုတ်...ကျုယ်တောင်းပန်ပါတယ် မလုပ်ပါနဲ့တော့"


"ရှင်ဝင်မပါနဲ့..."


မင်းသစ် ရွှေကြုတ်ကိုတားပေမယ့် ရွှေကြုတ်ကသူ့စကားနားမထောင်။ သုံးယောက်တစ်ယောက်ကြားထဲမို့နောက်ဆုံးဆွဲနေသည့် မင်းသစ်ပါရွှေကြုတ်ဘက်ကဝင်ပါရတော့သည်။ရန်ပွဲက ပြင်းထန်လာကာ ဆိုင်ထဲကပစ္စည်းတွေလည်းရစရာမရှိတော့။


"လာကြပါဦး ရွာလူကြီးသမီးနဲ့ဆယ်အိမ်မှူးသမီးတွေရန်ဖြစ်နေလို့။လာကြပါဦးတော်"


ဒေါ်တုတ်ရဲ့အသံက စီခနဲထွက်ပေါ်လာ၏။ ရွာလယ်လမ်းမကနေ ရွာသားတွေပြေးလာပြီး တစ်ဖက်စီက ဝင်ဆွဲတော့မှ လူချင်းကွာသွားသည်။


"ဟေ့.....ရပ်လိုက်ကြစမ်း။ တစ်ရွာထဲသားအချင်းချင်းကို ညည်းတို့ကရန်ဖြစ်နေရတယ်လို့"


"ဦးကြီး ဘာသိလို့လဲ။ သူတို့က လူပါးဝတဲ့ကောင်မတွေ"


ရွှေကြုတ်က ဝိုင်းဆွဲထားသည့်ကြားကနေ

ဖွစလောင်းလန်နေသည့် ဆံပင်ရှည်ကြီးကို ရှေ့ဆွဲချရင်း ယွန်းမီတို့ကိုလက်ညှိုးထိုးလျက်မကြေနိုင်မချမ်းနိုင်ဆိုလိုက်၏။


"အောင်မာ....နင်အရင်လက်ပါတာလည်းပြောဦးလေ ကမ်းနာမရဲ့"


"ဟုတ်တယ်....နင်အရင်လက်ပါတာ မြရွှေကြုတ်"


"သူကစပြီးပါးရိုက်တာပါ ဦးလေး...။ မြအိတို့ဘာသာ အကြော်စားနေတာကို သူကဘလိုင်းကြီးရန်လာစွာတာ"


"ကြည့်စမ်း.....ဗြောင်လိမ်ဗြောင်စားမတွေ။ နင်တို့စောက်ရှက်မရှိဘူးလား။ စကားကို လက်တစ်လုံးခြားအဲလို လှီစယ်မပြောနဲ့။ နင်တို့မှာ အရှက်မရှိဘူးလား"


သုံးယောက်လုံးကက်လန်အောင်တိုင်နေတာမို့ ရွှေကြုတ်ဖိုသီဖက်သီဖြစ်နေတဲ့ထဘီကို တိုတိုပြောင်းဝတ်ရင်း ရွှေကြုတ်က မခံနိုင်စွာပြန်ပက်၏။ 


"ကြည့်ပါလား....ဦးလေး။ သူက ယွန်းမီတို့ကိုတမင်ရန်လိုနေတာ။ လူကြီးသမီးလုပ်နေပြီး မိဘသိက္ခာကျနေတာသူပါဦးလေး"


"နင့်အပေါက်ပိတ်ထားယွန်းမီ။ ဘယ်သူကအရှက်မရှိတာလဲ.."


"တော်ကြပါတော့။ ရန်မဖြစ်ကြပါနဲ့တော့။လူကြီးတွေပြောနေတာတောင် ညည်းတို့က မရပ်ကြသေးဘူး"


"ဦးလေး....ယွန်းမီတို့မကျေနပ်ဘူး။ လူကြီးကိုသွားတိုင်မယ်။ သူကအရင် ယွန်းမီတို့ကိုပါးရိုက်တာ"


"တိုင်...တိုင်ချင်တဲ့ဆီတိုင်ကြ။ နင်တို့ရောမရိုက်လို့လား"


ဆွဲထားတဲ့ကြားကနေ ရွှေကြုတ်က ယွန်းမီပါးကိုလှမ်းရိုက်လိုက်တာမို့ ဖရိုဖရဲတွေဖြစ်ကုန်ကာ အလဲလဲအကွဲကွဲဖြင့် ဝိုင်းဆွဲကြရပြန်သည်။


"တီ.....တီ......"


"ဟော!......ဟိုမှာသူ့အစ်မလိုက်လာပြီ"


"ပခြုပ်မို့လား...။အမလေးအေ...မြရွှေကြုတ်တို့က ပခြုပ်ကိုကြောက်ပါလိမ့်မယ်။ ပခြုပ်လိုက်လာလည်း ဘာလုပ်တတ်မှာလဲ"


"ပခြုပ်ကိုတော့ ရွှေကြုတ်တို့က အသက်ရှိတယ်လို့ရော သတ်မှတ်ရဲ့လား"


"သူတို့မိဘတွေမရှိဘူးလား"


"မရှိဘူး...မနေ့က မြို့တက်သွားတာတွေ့လိုက်တယ်။ ဒါကြောင့် ရွှေကြုတ်တို့ဒီလောက်ထင်တိုင်းကြဲနေတာပေါ့"


တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေတာမို့ ရွှေကြုတ် ဒေါသတွေကထိုဆီကိုစုသွားရကာ၊


"တော်ကြစမ်း...သူများစောက်တင်းပြောရရင်အားရနေကြတာ။ ကိုယ့်ထမင်းကိုယ်စားပြီးကိုယ်ထင်တာ ကိုယ်လုပ်တာဘာဖြစ်သလဲ။ နင်တို့ထမင်းလာစားနေလို့လား"


ရွှေကြုတ် ထကြမ်းလိုက်တော့သူမကိုမသိမသာမျက်စောင်းထိုးလျက် ပါးစပ်တွေပိတ်သွားကြ၏။


"ရွှေကြုတ်......အမလေးရွှေကြုတ်ရယ်။ ဒါဘယ်လိုဖြစ်ရတာလဲ"


အရှက်အကြောက်ကြီးတဲ့ပခြုပ်...လူကြားထဲမှာဆံပင်တွေပွစလောင်းလန်လျက်အဝတ်အစားတွေမသေမသပ်ဖြင့်ရန်ဖြစ်နေသည့်ရွှေကြုတ်ပုံကြောင့် လန့်သွားရကာရှက်လည်းရှက်သွားရ၏။ လူတွေကြားထဲအတင်းတိုးသွားကာ ရွှေကြုတ်လက်လေးကိုဆွဲရင်းစိုးရိမ်ပူပန်စွာမေးလိုက်တော့၊


"ရန်ဖြစ်နေတာလေ....ဘာဖြစ်နေသလဲတောင်မသိဘူးလား"


ရွှေကြုတ်ရဲ့မချေမငံစကားတွေကြောင့် ပခြုပ်ရင်ထဲနင့်သွားရ၏။ ပခြုပ်မှာတော့ သူမပြောလို့ ရွှေကြုတ်ရန်ဖြစ်နေတာသိရပြီး ညီမအတွက်စိုးရိမ်ကာဆိုင်ကယ်မောင်းပြီးပြေးလာခဲ့ရတာ..ရွှေကြုတ်ဆီးပြောလိုက်ပုံက ပခြုပ်ရင်ဝကိုဆောင့်ကန်ခံရသလိုပင်။ရွှေကြုတ်က ပခြုပ်လက်ကို ဆောင့်ရုန်းရင်း၊


"ပခြုပ်... နင်အသာနေစမ်းပါ။ ဒီကောင်မတွေကို ငါမှတ်လောက်အောင်ဆုံးမမှဖြစ်မယ်။ဒင်းတို့က တော်သလင်းခွေးတွေလို လူကိုတွေ့တိုင်းစမန်ခုတ်ပြီးမာန်ဖီနေတာ"


"ခွေးမ......နင်ကများ...."


"အို.....မလုပ်....မလုပ်ကြပါနဲ့ ပခြုပ်ကြားထဲကနေတောင်းပန်ပါတယ်နော်"


"နှစ်ဖက်လုံးတော်ကြတော့... နင်တို့အားလုံးအတူတူဘဲ။ လာ...လူကြီးအိမ်ကိုလိုက်ခဲ့ကြ"


"ဦးလေးရယ်....ပခြုပ်တောင်းပန်ပါတယ်။အဲဒီလိုတော့မလုပ်ပါနဲ့နော်။တစ်ရွာထဲသားအချင်းချင်းဘဲ"


လူကြီးတွေရှေ့တွင်ပင်တစ်ယောက်နဲ့တစ်ယောက် မှီသလိုလှမ်းချနေသည့် ရွှေကြုတ်တို့ကိုစိတ်ပျက်ကာဦးထွန်းကလူကြီးအိမ်ခေါ်တော့သည်။ပခြုပ်...မျက်လုံးပြူးသွားရကာဦးထွန်းကိုတောင်းပန်နေမိသည်။ ဒီအကြောင်းကိုသာဖေဖေတို့သိသွားရင်ရွှေကြုတ်အဖြစ်က မတွေးဝံ့စရာ။


"နတ်ပခြုပ်....ညည်းညီမကိုလည်းကြည့်ဦး။သူတို့က ပြောဆိုမကောင်းတဲ့မိန်းကလေးတွေဘဲ။ဒေါ်တုတ်ဆိုင်ကိုလည်းကြည့်ပါဦး...အားလုံးပျက်ဆီးကုန်ပြီ။ သူတို့ခင်ဗျာ..မရှိလို့လုပ်ကိုင်စားနေရတာ ခုတော့အရင်းပါပြုတ်တော့မယ်"


ဒေါ်မရင်ကပါရစရာမရှိအောင်ပျက်ဆီးနေတဲ့ဆိုင်ကိုကြည့်ပြီး ပခြုပ်ကိုတိုင်ပြောပြောလေတော့၏။ ပခြုပ်စောစောကရွှေကြုတ်အတွက်စိုးရိမ်နေတာမို့ လူအုပ်ကြီးကြားထဲသာအတင်းတိုးဝင်လာခဲ့တာဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်ပျက်နေသလဲမကြည့်မိခဲ့။ ဒေါ်မရင်ပြမှ ဆိုင်တစ်ခုလုံးပျက်စီးနေတာကိုမြင်တော့သည်။ယွန်းမီဆိုတာဆယ်အိမ်မှူးရဲ့သမီး၊ဆောင်းယွန်းကလည်းတခြားလူတွေမဟုတ်..ပခြုပ်တို့ဦးလေးရဲ့မိန်းမဘက်ကတူမ၊မြအိကျပြန်တော့မျက်နှာနာနေတဲ့ဆယ်အိမ်မှူးတူမ အားလုံးကရွာထဲမှာ သူ့အဆင့်အတန်းနဲ့သူနေနိုင်သူတွေချည်းပင်။ပိုဆိုးတာကသူတို့သုံးယောက်လုံးက ပခြုပ်တို့လိုရွာထဲမှာ ချမ်းသာတဲ့မိသားစုတွေဖြစ်လို့နေသည်။ပြီးတော့ မိသားစုတွေကအထိမခံ ဇန်ဇန်ကြဲတွေ ချည်းပင်။


"ဟုတ်ကဲ့ဒေါ်ဒေါ်...ပခြုပ်တာဝန်ယူပါတယ်။ပျက်ဆီးသွားတာတွေအတွက် ပခြုပ်တို့ဘက်က တာဝန်ရှိသလိုဆောင်ရွက်ပေးမှာပါ။အားလုံးဘဲတောင်းပန်ပါတယ်နော်..."


"နင်ဘာသိလို့တောင်းပန်နေတာလဲ ပခြုပ်။ ဘာမှလျှော်စရာမလိုဘူး။ ငါတစ်ယောက်ထဲလုပ်တာမှမဟုတ်တာ။သူတို့လည်းပါတယ်သူတို့ပါလျှော်ရမယ်"


"ယွန်းမီတို့က ဒါမျိုးဆယ်ဆိုင်လောက်လျှော်နိုင်တယ်နော်။ မလျှော်နိုင်ရင်လည်းပြောလိုက် ဒီကဒါမျိုးဆိုသနားသဖြင့်ကူညီမယ်"


"ဒါမျိုးလျှော်နေကြမို့နေမှာပေါ့...ငါတို့ကနင့်လိုအရပ်တကာလှည့်ပြီးရန်ဖြစ်နေတာမဟုတ်တော့ ဒါမျိုးဘယ်သိမလဲ"


"မြရွှေကြုတ် နင်နော်။ ငါတို့ကို နင့်လိုစရိုက်မျိုးများမှတ်နေသလား။နင်သာအရပ်တကာလှည့်ပြီးဖြစ်ချင်တာဖြစ်နေတဲ့ မိမနိုင်ဖမနိုင်"


"ယွန်းမီ!!......."


ပခြုပ်ဆီက ခပ်စူးစူးဒေါသသံလေးထွက်လာ၏။ရွှေကြုတ်ကတော့ လက်မြန်သူမို့ယွန်းမီကိုပြေးရိုက်တော့သည်။ အားလုံးဝင်းဆွဲနေသည့်ကြားမှာ လုံးထွေးသွားပြန်ကာ လူကြီးအိမ်သို့တန်းရောက်သွားတော့၏။


"အဲဒါနင့်ကြောင့်.....ကိုယ်နေရာကိုယ်မနေဘူး"


ရွှေကြုတ်ကပခြုပ်ကိုအပြစ်တင်လာ၏။ပခြုပ် ရင်ထဲမကောင်းဖြစ်သွားရပြီး လူအများကြားထဲအပြစ်တင်ခံလိုက်ရတာမို့ပခြုပ်ရှက်လည်းရှက်သွားသည်။


"နင်ရန်ဖြစ်နေတယ်ဆိုလို့ ငါ​ပြေးလာခဲ့တာပါရွှေကြုတ်ရယ်။ နင်က ငါ့ကိုအပြစ်တင်ချင်တာလား"


"ဟုတ်တယ်...ဟုတ်တယ်။နင်နဲ့စကားများပြီး ငါထွက်လာလို့ခုလိုဖြစ်ရတာ။နင်တရားခံသိလား။ နင့်ကြောင့်....."


ပြောရက်လိုက်တာ ရွှေကြုတ်ရယ်။နင်မို့ ခုလိုပြောထွက်ရက်တယ်။ ငခြုပ် ကိုယ့်အပူကို ကိုယ်ခဏမေ့ကာ ရွှေကြုတ်အတွက်သောကပွားနေရသည်။ ခုတော့ရွှေကြုတ် ပြောလိုက်တဲ့စကားကြမ်းကြမ်းတွေက သူမနှလုံးသားကို တည့်တည့်ထိ၏။ ခံစားလွယ်တတ်သူမဟုတ်​ပေမယ့် မျက်ရည်တွေက ချက်ချင်းပိုးပိုးပေါက်ပေါက်ကျလာရပြီး၊


"ဟုတ်ပါတယ်..ငါကြောင့်။ အားလုံးငါ့ကြောင့်ပါရွှေကြုတ်ရယ်။ နင်ငါ့ကိုသာအပြစ်တင်လိုက်ပါတော့..."


ပခြုပ်ထိခိုက်ကြေကွဲစွာပြောလိုက်မိသည်။ထိုအခါ ရွှေကြုတ်ထံမှ မဲ့ပြုံးတစ်ခုကိုလက်ခံရလိုက်ရတာမို့ ရွာလူကြီးအိမ်ရောက်တဲ့အထိ ပခြုပ် ကျိတ်ပြီးမျက်ရည်ကျခဲ့ရလေတော့သည်။ သံယောဇဥ်ကြီးလေ..ပိုပြီးပူလောင်ရလေ...။


~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~~


" စွဲ....နောက်ကျလှချည်လားကွာ"


"ဧကန်န....ညကအဖိုးကြီးလက်စာမိသွားပြီထင်တယ်"


သီဟက ထောင်ပေးလိုက်တာကို သူရိန်ကအဆင်းမှ ဘီးတပ်လာ၏။ ညနေပိုင်းသူတို့အုပ်စုက ဒီဆိုင်လေးမှာဆုံနေကြ။ ဒီနေ့မှနောက်ကျနေတဲ့ မင်းစွဲဘဏ္ဍာကို တစ်ယောက်တစ်ခွန်းဝိုင်းနောက်နေကြသည်။


အနက်ရောင်တလက်လက်တောက်နေတဲ့ PCXပေါ်က ဆင်းလာတဲ့စွဲပုံက လန်းလန်းဆန်းဆန်းမရှိ။ အမြဲတမ်းမဖီးမသင်ဘဲထားတဲ့ဆံပင်ဘုတ်သိုက်ကို လက်ဖြင့်ပြန်သတ်ရင်း စွဲဆိုင်ကယ်ပေါ်ကနေဆင်းလာ၏။စွဲတို့အုပ်စုက ရွယ်တူတွေချည်းပင်။တစ်အုပ်စုလုံးဆို ဆယ့်လေးငါးယောက်လောက်ရှိသည်။ အုပ်စုထဲမှာ စွဲ၊မင်းထက်နဲ့ထက်ကိုက အချမ်းသာဆုံး။ကျန်တဲ့သူတွေမှာလည်းဆင်းရဲတဲ့သူမပါ။အားလုံးက သူ့စီးပွားနဲ့သူပင်။ စွဲကတော့မိဘကချမ်းသာပြီးဆန်စက်တွေနဲ့မို့ အားလုံးထဲမှာအထောဆုံး၊မာနအကြီးဆုံး။


"ငါ့ကောင်ကြီး ဘာဖြစ်နေတာလဲ...မျက်နှာကြီးကလည်းမှိုင်လှချည်လား"


သူရိန်ကစွဲရဲ့မှုံကုတ်ကုတ်မျက်နှာကြီးကိုကြည့်ပြီး ပြုံးစေ့စေ့ဖြင့်စလိုက်သည်။တီရှပ်ခဲရောင်ပေါ်ကနေ စွဲကသူ့စတိုင်အတိုင်းအနက်ကွက်ရှပ်အကျီကိုတံတောင်အထိလက်ခေါက်ဝတ်ကာ ပုဆိုးကိုခပ်ကျစ်ကျစ်ဝတ်ပြီးသော့ကိုဆော့ကစားလျက်သူတို့ဝိုင်းသို့လျှောက်လာနေ၏။


"ညစ်နေလို့....."


"ချောက်!......"


ညစ်တစ်တစ်ပြောလိုက်ရင်း စွဲက စားပွဲပေါ်သို့သော့ကိုပစ်ချပြီး ခုံဆွဲထိုင်လိုက်၏။ သီဟမှာထားတဲ့ အအေးခွက်ကိုမော့သောက်ချလိုက်ကာ စားပွဲပေါ်ဒေါက်ခနဲပစ်ချလိုက်ပြီး၊


"အရမ်းညစ်နေလို့..."


"ဘာဖြစ်လို့လဲကွ။ စော်နဲ့ကအဆင်မပြေလို့လား.."


ခပ်နက်နက်အကြည့်တွေသူရိန်ဆီတန်းခနဲရောက်လာပြီး သက်ပြင်းချလျက်မျက်လွှာချသွားတဲ့စွဲကို သူရိန်နဲ့သီဟကအကဲခတ်နေ၏။


"ဘာဖြစ်ပြန်လို့လဲ စွဲ။ မင်းဘဲ အရင်ကတော့ခွင့်လွှတ်နိုင်တယ်ဆို"


"ဟုတ်ပါ့စွဲရာ...ရည်းစားများတာ မင်းအသိဘဲ။ဒါကိုမင်းဘဲ ခွင့်လွှတ်နိုင်ပါတယ်၊နားလည်နိုင်ပါတယ်လို့ပြောခဲ့တာဘဲကွာ။ ချစ်ရင်တော့ နားလည်ပေးလိုက်ပေါ့စွဲရာ"


"ဟင်း......."


စွဲက သက်ပြင်းရှည်ကြီးချလိုက်ပြီး စားပွဲထိုးလေးကို နှစ်ပတ်လှမ်းမှာနေတာမို့ သူရိန်မျက်ခုံးပင့်သွားရကာ၊


"ဟ.....စွဲကြီး...ချတော့မလို့လားကွ.."


"ဟုတ်တယ်..ညစ်နေလို့။ မင်းတို့ရောချဦးမလား"


"ချမှာပေါ့ကွ...နေစမ်းပါဦး။ကောင်မလေးကဖြတ်သွားလို့လား"


သီဟက ကောက်ခါငင်ခါမေးလိုက်တာမို့ စွဲငြိမ်ကျသွားသည်။စွဲပုံက တစ်ခုခုကိုလေးလေးနက်နက်တွေးနေပုံပင်။


"မဟုတ်ဘူးကွ...သူနဲ့ကအဆင်ပြေပါတယ်။အိမ်ကဖားသားကြီးကော်နေလို့ကွာ"


"သြော်.....ဒါလေးများကွာ..."


"အေးလေ...ငါတို့ကမင်းမျက်နှာကြီးအီးမှန်တဲ့ပုံကြီးဖြစ်နေလို့ ငါတို့ကစိတ်ပူနေတာ"


သူရိန်နဲ့သီဟက သူ့ကိုဘော်ဒါစိတ်ရှိသူများပီပီ တွေးတွေးစစပြော၏။ လာချပေးတဲ့ ခွက်ကိုကောက်မော့နေတာကို သီဟနဲ့သူရိန်စူးစမ်းကြည့်နေရင်း၊


"စွဲ.....မင်းရွှေကြုတ်ကို တကယ်ချစ်တာလား"


"အဲဒါ....အဲဒါ.....။ငါလည်းသိချင်တယ် စွဲ။ငါတို့ဝိုင်းမြှောက်ပေးလို့ မင်းစကားလိုက်ပြောတာမို့လား။သူ့ကို မင်းတကယ်ချစ်လားမချစ်ဘူးလား အဲဒါဖြေ.."


စွဲ မျက်လုံးတွေညို့မှိုင်းသွားပြီး ဘီယာခွက်ကို နောက်တစ်ကြိမ်ထပ်မော့လိုက်ပြန်၏။


"ခုချိန်တွေ အဲဒါတွေမလိုအပ်တော့ဘူး သီဟ။ ငါ ရွှေကြုတ်ကိုလက်ထပ်တော့မယ်"


"ဘာ!!......."


"ဘယ်လို....ဘယ်လို မင်းဘာပြောလိုက်တယ်စွဲ"


သီဟတို့မျက်လုံးတွေပြူးကုန်ကြ၏။


"မင်းတကယ်ကြီးလား စွဲ"


"နောက်နေတယ်ထင်နေလို့လားသူရိန်။ ဒီစကားတွေက နောက်လို့ကောင်းတဲ့စကားတွေမှမဟုတ်တာ"


လေးနက်နေတဲ့စွဲကိုကြည့်ရင်း သူရိန်တို့အံ့သြကုန်ကာ၊


"မင်းအိမ်က လက်ခံပါ့မလား..."


စွဲတို့အိမ်မှာစွဲကဗိုလ်။တစ်ဦးတည်းသောသားဖြစ်တဲ့စွဲကို အဖေရောအမေရောကသည်းသည်းလှုပ်။ သူဖြစ်စေချင်တာဆို မိဘတွေကလိုက်လျောပေးမည်သာ။


"ငါ့မိဘတွေကငါ​ပြောရင်ရပါတယ်"


"ဆိုင်းမဆင့်ဘုံမဆင့်ပါလား စွဲရာ။ မင်းတို့နှစ်ယောက်က အနေဝေးနေပေမယ့် အဲလောက်လောဖို့လိုလို့လား"


သီဟက စွဲကိုနမျောသလိုဖျောင်းဖျ၏။ဟုတ်တယ်လေ...စွဲတို့သူတို့ဆိုတာဒီနှစ်မှဘွဲ့ယူရမှာ။နောက်ဆုံးနှစ်ကိုခုမှဖြေထားတုန်း။ သူတို့အုပ်စုက ရွာတွေမှာဂေါ်လီတွေဆိုပေမယ့် ကိုယ့်စည်းကိုယ့်ကမ်းနဲ့ကိုယ်နေကြသူတွေများသည်။ ဆယ့်ငါးယောက်အုပ်စုမှာ ငါးယောက်သာကျောင်းဆက်တက်ပြီးကျန်တဲ့ဆယ်ယောက်က ဆယ်တန်းနဲ့ခါးတစ်ပိုင်းပြတ်ကာ မိဘလုပ်ငန်းတွေထဲရောက်ကုန်ကြ၏။


"လိုလို့ပေါ့ကွာ...။ မင်းတို့သာလက်ဖွဲ့ဖို့ပြင်ထားလိုက်ကြ"


"ရွှေကြုတ်က ဆယ်တန်းတောင်မအောင်သေးဘူးနော်..ကြည့်လည်းလုပ်ပါဦးစွဲရာ။တော်ကြာ...သူ့ဖားသားကြီးနဲ့မင်းရှော့ခ်ဖြစ်နေမယ်"


သူရိန်ကကြောက်သလိုပုခုံးတွန့်လျက်ဆို၏။


"ကိစ္စမရှိပါဘူးကွာ...ငါတို့ဘာသာကြည့်လိုက်လိုက်မယ်"


စွဲမျက်နှာက လေးနက်ခြင်းတွေအပြည့်။မြရွှေကြုတ်ဆိုတဲ့ကောင်မလေးကို လိုက်ဖို့မြှောက်ပေးခဲ့တာလည်းသူတို့ထိပ်ဆုံးက။ ရည်းစားများကာ hotဖြစ်တဲ့မြရွှေကြုတ်ကို သူတို့အုပ်စုကစွဲကိုလိုက်ပြောခိုင်းခဲ့တာ သူတို့နဲ့မတည့်တဲ့ကျော်စွာကို တမင်ချိုးချင်လို့။ စွဲနဲ့ကြိုက်တာလေးလသာသာဘဲရှိသေးတာ။ ရွာချင်းကလည်းလှမ်းတာမို့ အမြဲတွေ့ဖို့မဖြစ်နိုင်။မြရွှေကြုတ်တို့ရွာကိုလည်း ခဏခဏမသွားရဲ။သူ့အဖေက ရွာလူကြီးဖြစ်နေတာကြောင့်လည်းပါသည်။


မြရွှေကြုတ်နဲ့စတွေ့တာက သူတို့ရွာက ကထိန်ပွဲကို စွဲတို့အုပ်စုလိုက်သွားရင်းအားလုံးထဲမှာထင်းနေအောင်လှတဲ့မြရွှေကြုတ်ကို ချောတယ်လို့သူ့နှုတ်မှဖွင့်ပြောမိခဲ့ရာမှ သီဟတို့မြှောက်ပေးလို့ ချစ်သူအဆင့်အထိရောက်ခဲ့ခြင်းသာ။ မြရွှေကြုတ်ဆိုတာ ရည်းစားခပ်များများကောင်မလေးဆိုတာလည်း သူကြားခဲ့ပြီးသား။ သူနဲ့အပြိုင် တခြားကောင်တွေနဲ့တွဲနေတာလည်းကြားခဲ့ပြီးပြီ။ရည်းစားများတာက ကိစ္စမဟုတ်။သူလည်း ရည်းစားကခပ်များများ။ခုက သူယောကျ်ားပီသရမည်။မိကောင်းဖခင်သားသမီးပီသရပေလိမ့်မည်။


"မြရွှေကြုတ်ကို မင်းလက်ထပ်လိုက်ရင်လည်း အကောင်းသား..."


အရင်းမရှိအဖျားမရှိထပြောလိုက်တဲ့ သီဟကြောင့် သူခေါင်းမော့သွားရပြီး၊


"ဘာဖြစ်လို့လဲ...."


"အဟင်း......မင်းနဲ့ငါညီအစ်ကိုတော်လို့ရတဲ့အကြောင်းပြောမလို့ပါစွဲရာ.."


"ဘာညီအစ်ကိုလဲ...အကောင်းပြောနေရင်းထဖောက်ပြန်ပြီ"


စွဲနားမလည်သလိုမျက်မှောင်ကျုံ့လျက်ငြိမ်သွားပေမယ့် သူရိန်က ဖဲ့လိုက်၏။သီဟက တကယ်ကြွေဆင်းနေပုံဖြင့် ရီဝေဝေလေးဆိုလာသည်။


"နတ်ပခြုပ်လေးကို ငါကြွေနေတာကြာပြီကွ"


"ဘယ်သူ....ဘယ်သူ...."


ငြိမ်နေတဲ့စွဲ လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏။သူရိန်ကပြုံးလိုက်ပြီး၊


"ငါသိပြီ.....ဟား....ဟား.....စွဲမင်းရဲ့ခယ်မလေးကို ဒီကောင်ချိန်နေတာသိလား"


ခုမှ သူသဘောပေါက်သွားသည်။ရွှေကြုတ်ရဲ့အစ်မဆိုတဲ့တစ်ယောက်ကိုပြောတာ။ အံ့သြစရာကောင်းတာက ရွှေကြုတ်ရဲ့အစ်မဆိုတာကို သူ မသိတာပင်။ မတိုက်ဆိုင်တာလည်းဘာလားတော့မသိပေ။ ရွာတွေလှမ်းတာလည်းဖြစ်နိုင်သည်။ နတ်ပခြုပ်ဆိုတဲ့တစ်ယောက်ကို သူမသိ။ ရွှေကြုတ်နဲ့တွေ့ဖို့သွားရင်လည်း ရွှေကြုတ်သူငယ်ချင်းအိမ်မှာချိန်းတွေ့ကြတာမို့ သူ့အစ်မနဲ့မဆုံဖြစ်။ မြင်တော့မြင်ဖူးမှာပါ....လူနဲ့နာမည်မစပ်မိတာဘဲနေမှာ။ ကျောင်းတက်တုန်းကလည်း သူတို့ကမြို့ကျောင်းမှာတက်ခဲ့ပြီး မြရွှေကြုတ်တို့က သူတို့ရွာရှိအထက်တန်းကျောင်းမှာနေခဲ့၏။ဒါကြောင့်သူတို့ဆုံဖို့အလားအလာမရှိ။ မြရွှေကြုတ်နဲ့ဆုံခဲ့တဲ့ကထိန်ပွဲမှာလည်း မြရွှေကြုတ်ကိုသာတွေ့ခဲ့တာ။ ရွှေကြုတ်တို့ရွာမှာနေတဲ့ထက်ကိုကလည်းရွှေကြုတ်ရဲ့အစ်မအကြောင်းကို သိပ်မပြော။ရွှေကြုတ်မှာအစ်မရှိတယ်လို့သာပြောဘူးပြီး သူတို့ကလည်းစိတ်ဝင်တစားမမေးဖြစ်ခဲ့။ ခုမှ သီဟက ကောက်ခါငင်ခါထပြောနေတာမို့ စွဲအံ့သြနေမိတာ။


"နာမည်ကဘယ်သူ..."


သီဟက ပြုံးလျက်၊


"နတ်ပခြုပ်၊ပညာအရည်အချင်းက အဂ်လိပ်စာအဓိကနဲ့ဖိုင်နယ်ဖြေထားတယ်။ အသက်ကနှစ်ဆယ်၊အရပ်ကငါးပေသုံး၊အေးဆေးတည်ငြိမ်တယ်၊ရွှေကြုတ်လိုရည်းစားမရှုပ်ဘူး၊ခုချိန်ထိ single"


"ခွေးကောင် သိလှချည်လား"


"အေးလေ ဘယ်အချိန်ထဲကကြိတ်ဘူးနေသလဲမသိဘူး။ငါတို့တောင်မသိလိုက်ပါလား"


သူတို့ကိုလျှိုထားတဲ့သီဟကို ဝိုင်းပြောတော့သည်။ သီဟတို့ပိရိချက်..သူတို့ကိုခုမှပြောတယ်။


"လုပ်မနေနဲ့ သူနဲ့ငါကခင်နေပြီ"


"ဟ.......တယ်ဟုတ်ပါလား။ဘယ်လိုသိနေတာလဲကွပြောစမ်းပါ"


သူရိန်က အတင်းမရမကမေးနေ၏။


"မပြောဘူး...အသေသတ်ရင်သတ်လိုက်"


"ခွေးကောင်...ရုပ်ကိုကကြည့်ပါလား..."


"ရပါတယ်...မပြောလည်း သိရမှာဘဲ။လုပ်မနေနဲ့ဟေ့ကောင်"


"အဲဒါဆိုလည်းမမေးနဲ့လေ..။ငါ့ကောင်မလေးက အိမ်တွင်းပုန်းအချောအလှ၊မဟေသီထိပ်ထားလေး...ပြောရင်းနဲ့ရင်တောင်ခုန်လာပြီ"


"ဘာတွေခုန်နေတာလဲ....ဟေ့ကောင်..."


"ဟာ!......ကိုကျော်။ထိုင်ဗျာ.....ဘယ်ကလှည့်လာတာလဲ။မတွေ့တာတောင်ကြာပြီနော်"


အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့ လူက သီဟပုခုံးကိုပုတ်လိုက်ပြီး တရင်းတနှီးပြောလိုက်တာမို့ စွဲနဲ့သူရိန်တစ်ယောက်ကိုတစ်ယောက်မျက်လုံးဖြင့်မေးလိုက်မိသည်။သူရိန်မေးဆတ်မေးတာကို စွဲခေါင်းခါလျက်အဖြေပြန်ပေးလိုက်သည်။


"ဟုတ်ပါ့ညီရာ...အစ်ကိုရန်ကုန်ရောက်နေတာ။ကိုရီးယားသွားမလို့လေ...ခုခဏပြန်လာတာ။ဒါနဲ့ညီရော အရင်တိုင်းဘဲလား"


"ဟုတ်တယ်ကိုကျော်။ကျွန်တော်တို့က လယ်သမားသားသမီးဆိုတော့ဒီအလုပ်ဘဲရှိတာပေါ့ဗျာ။ အစ်ကိုဘယ်သူနဲ့လာတာလည်း..."


"သူငယ်ချင်းတွေနဲ့လေ...ဟိုဘက်ဝိုင်းမှာ။ကဲ...အစ်ကိုသွားလိုက်ဦးမယ်"


"ဟုတ်ကဲ့......"


အပိုးကျိုးနေတဲ့ သီဟကိုအမြင်ကပ်လာကာ ထိုလူကွယ်သွားတာနဲ့ စွဲ သီဟလက်မောင်းကို ခပ်စပ်စပ်လေးထိုးချလိုက်ကာ၊


"ခွေးကောင်..ဘယ်သူမို့အဲလောက်ရိုသေပြနေရတာလဲ..."


"အဲဒါမင်းယောက်ဖလောင်း...."


"ဟေ......."


စွဲ မျက်လုံးတွေ တဖက်ဝိုင်းစီရောက်သွားရကာ စောစောကကောင်ကိုသေချာကြည့်လိုက်ပြီးမှ မျက်နှာပြန်လွှဲကာ၊


"သူကရွှေကြုတ်ရဲ့အစ်ကိုလား..."


"ဟုတ်တယ်....ရွှေကြုတ်အမေနဲ့သူ့အမေကညီအစ်မတွေလေ။ သူနဲ့ရွှေကြုတ်တို့ကမောင်နှမတစ်ဝမ်းကွဲတွေပေါ့။ ရွေကြုတ်နဲ့မတည့်ဆုံးအစ်ကိုဆိုလည်းမမှားဘူး"


စွဲ သူတော်ရမဲ့ယောက်ဖဆိုတာကို နောက်တစ်ကြိမ်ကြည့်မိပြန်သည်။ ရွှေကြုတ်နဲ့လုံးဝမတူ။ အသားညိုပေမယ့် လူချောတစ်ဦးပင်။အရွယ်ကတော့ သူတို့ထက်လေးငါးနှစ်ကြီးလိမ့်မည်၊ ပုံစံကခပ်တည်တည်။သူ့အပေါင်းအသင်းတွေနဲ့တော့ ရယ်မောနေလျက်။


"နတ်ပခြုပ်ရဲ့အချစ်ဆုံးအစ်ကိုဆိုလည်းမမှားဘူး။ပြီးတော့ သူတို့မောင်နှမကရုပ်ချင်းလည်းဆင်တယ်။ နတ်ပခြုပ်ကလည်းအမေတူ၊ ကိုကျော်ဇေယျကလည်းအမေတူဆိုတော့သူတို့မောင်နှမက မျက်နှာချင်းဆင်တယ်။ ကိုကျော်ကြီးက သူ့ညီမကိုတအားချစ်တာ"


"ဒါကြောင့်မင်းအပီဖားထားတာပေါ့လေ။ခွေးကောင်...ဒါမျိုးကျတတ်တယ်"


စွဲ အကွက်ရတုန်းသီဟကိုအပြတ်ဖဲ့နေ၏။


"ပညာလေ....ပညာ...။သူ့ညီမကိုလိုချင်မှတော့ သူ့အစ်ကိုကိုတည့်အောင်ပေါင်းရတော့တာပေါ့ကွ။ခုထဲကမင်းလည်းပေါင်းထား"


"ဘာလုပ်မှာလဲ။ ငါယူမှာ သူမဟုတ်ဘူး သူ့ညီမ..."


"ဟ.....အဲဒါတော့ ငါလည်းသိတာပေါ့ကွ။စွဲ...မင်းအထာတွေမနပ်ပါလား"


"လုပ်မနေနဲ့ညီမရဖို့အစ်ကိုကိုဖားရတဲ့အလုပ်လောက် အောက်တာမရှိဘူး။ မင်းစွဲဘဏ္ဍာဆိုတာ အဲဒီလိုပေါကြောင်ကြောင်အလုပ်တွေလုပ်မဲ့ကောင်မဟုတ်ဘူး။ သေချာကြည့်ထား..."


စွဲက သူ့မျက်နှာကိုလက်ညှိုးဖြင့်ပြန်ထိုးပြကာ ပြောလိုက​တော့ သီဟမျက်နှာမအီမလည်ကြီးဖြစ်သွားပြီး၊


"သြော်......ငါကတော့ မိန်းမတစ်ယောက်ရဖို့အစ်ကိုတွေကို အသေဖားနေရတဲ့ငဖားကောင်ပေါတောတောရုပ်ပေါ့ဟုတ်လား..."


"အင်း....သေချာကြည့်လေတူလေဘဲ...."


စွဲက မချိုမချဥ်ပြောတော့ သူရိန်ကပါအရောက်ပို့၏။


"ဘာနဲ့တူတာလဲကွ..."


"ဂန်ဒူး....."


"ခွေးသတောင်းစား......"


သီဟက ပျစ်ပျစ်နှစ်နှစ်ကြီးထောပနာပြု၏။


"ဟား......ဟား........"


အပိုင်း(၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: