book

Index 49

အပိုင်း(၂၄)

⛈⛈မိုးသည်းည....ကာရန်⛈⛈



🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


သားမျက်နှာကို တစိမ့်စိမ့်ငေးကြည့်ရင်း ပခြုပ်ရဲ့ ပြုံးနေတဲ့မျက်နှာလေး ပျက်ကျသွား၏။ လသားအရွယ်လေးပေမယ့် သားရဲ့နှာတံလေးက ပုံဖော်ထားသလို လုံးစင်းကာနေပြီး နှုတ်ခမ်းလေးက ပါးလွှာရဲစိုနေသည်။ သားရဲ့မျက်နှာမှာ သူမနဲ့တူတာဆိုလို့ မေးလေးနှစ်ခွဖြစ်နေတာပဲ ရှိသည်။ 


"သားလေးရယ်...."


ဖောင်းအိနေသည့် ပါးပြင်လေးကို ထိရှိုက်မွှေးလိုက်ရင်း ရင်မှာတဆစ်ဆစ်နာ၏။ မျက်နှာတစ်ခုကသူမ အတွေးပုံရိပ်ထဲ ထပ်တလဲလဲစိုးမိုးနေလေသည်။ 


"ကလေး ငိုလှချည်လားကွယ်...ဘာဖြစ်လို့လဲ သမီးကြီး"


ဧည့်ခန်းမှာ ထိုင်နေသည့် ဒေါ်စနိုး မြေးဖြစ်သူ ငိုသံကြောင့် အခန်းထဲရောက်လာတော့ ပခြုပ်က ကလေးကို ပွေ့ပြီး ချော့နေသည်။


"မြေးလေးက ညဆိုတအားငိုတာပဲ သမီးရယ်။ တအားအငိုသန်တဲ့ကောင်"


အိပ်ယာခင်းတွေကို ပြန့်အောင်ဆွဲခင်းရင်း ဒေါ်စနိုး မြေးဖြစ်သူကို လှည့်ကြည့်ကာ ချစ်စနိုးရေရွတ်နေလေသည်။


"သမီးကြီး"


"ရှင်"


အိပ်ယာပေါ်ထိုင်ပြီး သားကို သိပ်နေသည့် ပခြုပ်မျက်နှာလေးက ချောင်ကျနေပေမယ့် ပန်းရောင်လေးပြေးကာ ကြည့်ကောင်းနေဆဲပင်။ ဆံပင်ရှည်တွေကို ရိုးရိုးလေးစည်းချလျက် ကလေးမွေးပြီးကတည်းက ထဘီတွေပဲ ဝတ်တော့တာမို့ ကိုယ်လုံးပြည့်ပြည့်လေးက ခုမှ ထင်းရှင်းနေသည်။


"မြေးလေးရဲ့အဖေကို သမီးသိနေတယ်မို့လား ပခြုပ်"


မထင်မှတ်ထားတဲ့မေးခွန်းမို့ ပခြုပ် မေမေ့ကို အလန့်တကြားမော့ကြည့်လိုက်မိသည်။ အနယ်ထိုင်ဖို့ကြိုးစားနေသည့် ဒဏ်ရာက အသစ်ပြန်နာလာလေသည်။ 


"ဒီအကြောင်းတွေကို မမေးပါနဲ့လား မေမေရယ်။ သမီး ဘယ်တော့မှ ဖြေမှာမဟုတ်ဘူး။ဒါပေမယ့်..သမီးမိုက်ခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ မေမေယုံပါနော်။ သားရဲ့အနာဂတ်ကို သမီးတစ်ယောက်တည်းဖန်တီးမယ်မေမေ အဖေဆိုတဲ့တောင်းတမှုမျိုး သားဆီက ဘယ်တော့မှ မကြားစေရဘူး"


စင်းချထားသည့် မျက်တောင်လေးတွေက မီးရောင်အောက်ဝယ်ပါးပြင်ပေါ်အရိပ်ထိုးလျက် ပြည့်ဖူးနေသည့် နှုတ်ခမ်းသားလေးက မျဥ်းတစ်ဖြောင့်ထဲ ဖြစ်နေကာ မာနရိပ်တွေစွန်းထင်းနေသည်။ဒီတိုက်ခန်းကနေ မပြန်ဖြစ်သေးတာ ရွှေကြုတ်သင်တန်းတွေကြောင့်ပါသလို ကလေးငယ်သေးလို့ မပြန်ဖြစ်သေးတာလည်းပါ၏။ သမီးကြီးကခေါင်းမာသလို အစွဲအလမ်းကြီးတတ်သည်။ ဒီတိုက်ခန်းကနေ မခွာနိုင်အောင် စွဲလမ်းမှုတွေကြီးမားနေပြီလား။


"မနက်ဖြန်ညနေကားနဲ့ သမီးတို့ပြန်ကြမယ် မေမေ"


"ဘယ်လို"


အံ့သြနေသည့် မေမေ့ကို ပခြုပ်မော့မကြည့်ရဲပါ။ ဆုံးဖြတ်ပြီးသွားရင် နောက်ပြန်မလှည့်တတ်သည့် အကျင့်အတိုင်း မေမေဘာပြောပြော သူမလက်မခံနိုင်။ဒီနေရာဒီအရိပ်မှာ နေလိုစိတ်တွေ လုံးဝမရှိတော့ပါ။ ဖြစ်နိုင်ရင် သားလေးကို ခေါ်ဆောင်ပြီး အားလုံးနဲ့ဝေးရာကို ထွက်သွားလိုက်ချင်၏။


"ကောင်းပါပြီကွယ်...မေမေသိမ်းစရာရှိတာ သိမ်းလိုက်တော့မယ်"


"သားအိပ်ရင် သမီးပါလာခဲ့မယ် မေမေ"


မော့ကြည့်လာတဲ့ သမီးရဲ့မျက်ဝန်းလေးတွေက လိုအပ်တာထက်ပိုပြီး အရည်လဲ့နေကာ မျက်နှာလေး မသိမသာပျက်နေသည်။ မဖြေချင်တဲ့မေးခွန်းမို့ အတင်းအကျပ်လည်းမမေးရက်ပါ။ ကောင်လေးအပေါ် စွဲလမ်းနေသည့် သမီးရင်ထဲက ခံစားချက်တွေကို မြင်နေရတော့ အပြစ်မတင်ရက်ပဲ သနားနေမိသည်။


ထက်ထက်သာတို့ဘက်က လုံးဝပြတ်သားသွားသလို ကောင်လေးဘက်က အဆက်အသွယ်မလုပ်။ သူတို့ဘက်ကပြတ်သားသလို သူမတို့ဘက်ကလည်း သံယောဇဥ်အမျှင်တန်းနေမှာမဟုတ်ပါ။ သူကြင်မှ ကိုယ်ကြင်တဲ့။ ဒီပြဿနာတွေဖြစ်လာတာ ကိုယ့်ဘက်ကချည်းမှားခဲ့တာမဟုတ်။ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ကိုယ့်သမီးရဲ့အခက်အခဲအတွက် သူတို့ဘက်ကို အောက်ကျို့ခံပြီး သွားတောင်းဆိုခဲ့တာမှ မဟုတ်တာ။ သူတို့ဘက်က အရင်စပြီး ကမ်းလှမ်းခဲ့လို့သာ ဒီဘက်က လက်ခံလိုက်တာ။ကိုယ့်သမီးတွေကို ပြောဆိုသွားလိုက်တာ သူ့သားကရော သန့်စင်မွန်မြတ်နေလို့လား။ ကိုယ့်ကလေးတွေကို ထိတော့ သူမနာသည်။ 


မြေးလေးရဲ့ မျက်နှာကို ကြည့်ရင်း ရင်ထဲမတင်မကျဖြစ်နေမိတာတွေရှိသည်။ အငယ်မပြောခဲ့တာကို ပြန်ကြားယောင်တိုင်း အိပ်ပျော်နေရင်တောင် ထထိုင်မိသည့်အထိ ဖြစ်နေရသည်။ မင်းချစ်သူရဲ့ကလေးတဲ့...။ မြေးရဲ့မျက်နှာက မင်းချစ်သူနဲ့ဘယ်နေရာမှမတူသလို သမီးကြီးနဲ့မင်းချစ်သူကဘယ်လိုမှ မပက်သက်။ တကယ်ပြဿနာဖြစ်နေကြတာ ရွှေကြုတ်နဲ့ မင်းချစ်သူ။ မင်းချစ်သူက အငယ်မရွှေကြုတ်ကို အသည်းအသန်ဖြစ်နေတာတွေလည်း မြင်နေသိနေရတာပါ။ ရွှေကြုတ်က လုံးဝအကပ်မခံတော့သလို ရန်ကုန်မှာ ပျော်နေပြီ။ 


မင်းချစ်သူက ဒါကို မကျေနပ်သလို နည်းအမျိုးမျိုးနဲ့ အရှက်ခွဲဖို့ကြိုးစားနေသည်။ ချမ်းသာသလောက် ရိုင်းစိုင်းသည့် ကောင်မျိုးနဲ့ ကိုယ့်သမီးကို လုံးဝသဘောမတူနိုင်ပါ။ ကိုယ့်သမီးဘက်က မိုက်ခဲ့တာတွေပြန်တွေးမိတိုင်း အသည်းတွေယားနေရသည်။ ရည်းစားထားတာ အပြစ်မတင်သာပေမယ့် မိုက်ခဲ့လို့ ခုတော့ပြတ်သားချင်တိုင်းပြတ်သားလို့မရ။ နည်းမျိုးစုံနဲ့ချိန်းခြောက်နေတဲ့ မင်းချစ်သူကို အချိုသပ်နေရတာ ကြားနေမြင်နေရတော့ အလိုလိုဒေါသထွက်နေမိသည်။ 


မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကို အဲဒီမိန်းကလေးကသာထိန်းသိမ်းပြီး ကိုယ်တိုင်မြှင့်တင်ရမှာ...ခုတော့။ အမေတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အသွန်အသင်ညံ့ဖျင်းခဲ့လို့ တစ်ဖက်သားရဲ့ချိုးနှိမ်တဲ့အပြောအဆိုတွေကို ရင်စည်းခံခဲ့ရတာ မဟုတ်လား။ မိန်းကလေးတွေမွေးထားပြီး မဆုံးမရကောင်းလားလို့ပြောကြလိမ့်မယ်။ သားသမီးတွေအပေါ် ကိုယ့်လောက်သွန်သင်ပြတာ ရှိမယ်တောင်မထင်ပါ။ အကြီးမ ပခြုပ်က စကားနားထောင်ပေမယ့် အငယ်လေးက ငယ်ငယ်ကတည်းက သူထင်ရာသူလုပ်သူ။ အရွယ်ရောက်လာတော့ အကြီးက နာမည်ပျက်မရှိအောင်နေထိုင်ခဲ့ပေမယ့် အငယ်မကြောင့် ပတ်ဝန်းကျင်မှာ လူပြောစရာတွေဖြစ်ခဲ့ရတာပါဘဲ။ ဒါကို အကြီးမက မိဘတွေစိတ်ဆင်းရဲမှာစိုးပြီး လိုက်လံဖုံးဖိနေခဲ့တာ။


ကိုယ့်အများကြီးမျှော်လင့်ခဲ့တဲ့ သမီးကြီးက ပထမဆုံးကမ္ဘာပြိုအောင်ဖန်တီးလာတော့ နှလုံးကွဲမတတ်ခံစားရတာ ဘယ်သူမှ မသိ။ အနေအေးသလောက် တည်တင်းတဲ့ သမီးကြီးကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါ။ ကလေးအဖေဆိုတာကို ဒီနေ့အထိ မေးလို့မရခဲ့။ မြေးလေးကိုမြင်တိုင်း စွဲမျက်နှာပါ ပူးတွဲမြင်ယောင်နေမိသည်။ 


ကလေးရှိနေပါတယ်ပြောလိုက်တာကို အပြစ်မမြင်ဘဲ ဆက်ဖုံးဖိပေးခဲ့ထဲက တစ်မျိုးဘာလို့ထင်နေခဲ့တာ။ ကလေးမွေးဖွားစရိတ်အထိ အားလုံးတာဝန်ယူသွားတဲ့ လုပ်ရပ်တွေကို နားလည်သလိုတော့ရှိလာသည်။ ကြီးမားတဲ့ဆက်ထုံးတစ်ခုက သူတို့ကြားမှာ ရှိနေတာ သေချာ၏။ 


ကိုယ်ဝန်ကြီးနဲ့ သမီးကြီးကို အရိပ်တကြည့်ကြည့်နှင့် လိုလေသေ့မရှိအောင်စောင့်ရှောက်ခဲ့တဲ့ စွဲ။ ဒါတွေက သဘောထားကြီးတဲ့ယောကျ်ားတစ်ယောက်ရဲ့လုပ်ရပ်ရောဖြစ်နိုင်လို့လား။ ဒီလောက်အထိ သဘောထားကြီးပေးနိုင်ပါ့မလား။ အစက သံသယမရှိခဲ့ပေမယ့် မြေးလေးမျက်နှာကို ကြည့်လေ သူမသံသယက တဖြည်းဖြည်းကြီးထွားလာခဲ့လေသည်။ပြီးတော့ သမီးမွေးမဲ့နေ့က အကျပ်ကိုင်ခဲ့တာတွေက သူတို့ကြားကပြဿနာကနေ မြစ်ဖျားခံလာတာဖြစ်ရမယ်။


 ဝေဒနာကြားကနေ ကွာရှင်းပေးဖို့အတင်းတောင်းဆိုနေခဲ့တဲ့ သမီးကြီးရဲ့မျက်လုံးထဲမှာ နာကြည်းရိပ်တွေအနိုင်ယူမှုတွေ ရက်စက်မှုတွေပြည့်လျှံနေခဲ့ပြီး စွဲရဲ့မျက်နှာမှာတော့ အံ့သြမယုံနိုင်ခြင်းတွေဖြစ်ထွန်းသွားပြီးမှ နောက်တော့ စိုးရိမ်ခြင်းတွေနှင့် အရှုံးပေးမှုတွေရောနေခဲ့တာ။သမီးရဲ့စိတ်ချမ်းသာမှုတစ်ခုတည်းအတွက် အရာရာကို စတေးပေးလိုက်မှန်း သိလိုက်ရတော့ အားလုံးကပြင်ဆင်မရတော့ပါ။ဘယ်သူ့ဘယ်သူအပေါ် အပြစ်ပုံချရမှန်း မသိပေမယ့် သေချာတာတော့ သိက္ခာမဲ့ခဲ့သလိုဖြစ်သွားတဲ့ ပခြုပ်ကြောင့်ဆိုတာ....။


~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~


"ရွှေကြုတ်ရေ...အချိန်မှန်ဂျက်လေယာဥ်ကြီး ရောက်နေပြီဟဲ့..."


"ရွှေစွန်ညိုပါ အထက်ရယ် ဂျက်လေယာဥ်ပဲ ဖြစ်ရတယ်လို့"


"လုပ်မနေနဲ့ ဝဲတာချင်းအတူတူဘဲလေ"


သူငယ်ချင်းနှစ်ယောက်က တဝါးဝါးပွဲကျနေတာမို့ သူမအကြည့်တွေ သင်တန်းအဆောက်အဦးရှေ့တွင် စီတန်းရပ်ထားသည့် ကားတွေဆီရောက်သွားတော့ကားကို မှီရပ်နေသည့် ကိုကြီး။ ရှပ်လက်တိုနှင့် စတိုင်ပန့်ကို ဝတ်ထားပြီး ဆံပင်တိုတိုရှင်းရှင်းကို ဆီလိမ်းပြီး သေသပ်စွာဖီးသင်ထားသဖြင့် ကိုကြီး ပုံက တကယ့် gentleman ။


အဟင်း...ဟင်း....။ သူမကို အစောကြီးကတည်းက မြင်နေတဲ့ကိုကြီးက လက်ပိုက်ကိုဖြုတ်ပစ်ရင်း သွားတန်းတွေပေါ်အောင်ရယ်ပြနေလေရဲ့။ သူမ ပြန်ရယ်ပြလိုက်တော့ ကားဘောနပ်ကို မှီလျက် စိုက်ကြည့်နေသည်။


"နင့်ကိုကြီးက အရမ်းမိတယ်နော် ရွှေကြုတ်။ ဒါပေမယ့် ဟိုင်းနေတာလေးတစ်ခုပဲ"


"ကြီးရင်မှီတဲ့ ...ငါဆိုကုန်းပဲ ပိုးခိုင်းလိုက်မှာ။ သူ့ဘောဒီကြီးက တကယ်မိတယ်"


အရေးထဲ သူတို့နှစ်ကောင်က အပြိုင်ငမ်းနေသေးတယ်။ 


"တော်စမ်းပါ...ကိုကြီးက ငါ့အပိုင်"


"အမြင်ကိုကပ်တယ်... ရအောင်ကို လုပစ်ဦးမှ"


"စနှိုက်ကြော်မ လုပ်မနေနဲ့ ကိုကြီးထိမီးပွင့်သွားဦးမယ် ကြည့်လုပ် ။ ရာသီဥတုသိပ်မသာယာတော့ဘူး"


သူမ မျက်နှာကို ကြည့်ပြီး အပြတ်ဖဲ့နေကြတာမို့ တမင်နှုတ်ခမ်းစူထားလိုက်မိသည်။ ဒီနှစ်ယောက်နဲ့က သင်တန်းစတက်ကတည်းက ပေါင်းလာတာ ခုဆို ငယ်ပေါင်းကြီးဖော်လိုဖြစ်နေပြီ။ ကိုကြီးနဲ့အကြောင်းကိုလည်း အားလုံးသိနေကြသူတွေမို့ တမင်ကပ်ကပ်ရိနေကြတာ။ သူတို့စမှန်းသိပေမယ့် မခံချင်ဖြစ်ရတာလည်း ဘယ်လိုမှ ပြင်မရတဲ့ သူမရဲ့အားနည်းချက်လား။


"ရှင့်ကိုကြီးက အတော်ရှည်တာနော်"


"ဟဲ့..."


"သြော်.....ဘာလဲ စိတ်ကို ပြောတာပါဟ..."


ဗရုတ်ကျနေသည့် သူငယ်ချင်းနှစ်ယောက်က ဘယ်လိုမှ ပြောဆိုမရ။ ကိုကြီးနားရောက်လာတာမို့ ခါးကို တံတောင်နဲ့မသိမသာတွတ်ရင်း သတိပေးလိုက်မှ။


"အဟမ်း....ဒီကဦးလေးကြီးက တူမလေးကို လာကြိုတာထင်တယ်နော်"


ကြည့်စမ်း....ကောင်စုတ်မလေးတွေ။ ကိုကြီးကို သပ်သပ်ဖဲ့နေကြတာ ဟိုကအပြုံးမပျက်လို့တော်သေးတာပေါ့။သူတို့နှစ်ယောက်နဲ့ပါ ရင်းနှီးနေပြီမို့ ကိုကြီးလာကြိုတိုင်း အမြဲစနောက်နေကြတာ အမြင်ကပ်ဖို့ကောင်းနေပြီ။


"ကဲ့....ရှင်တို့လိုက်မှာလား မလိုက်ဘူးလား...မလိုက်ရင် သွားတော့မယ်"


"ကြည့်...စိတ်ပုပ်မ....ကိုကြီးရောက်လာပြီဆိုပြီးတော့ ငါတို့ကို ခေါက်ထားချင်နေတာ...ဟင်း မသိရင်ခက်မယ်"


"နည်းနည်းပါးပါးအလိုက်သိပါတော့လား...ဒီမှာ သူများသမီးရည်းစားကြည်နူးခန်းမရှိဘူး သူတို့အသံချည်းဘဲ"


ကိုကြီးလက်မောင်းကို မှီနွဲ့ရင်း နှုတ်ခမ်းကို မဲ့ပစ်လိုက်တာတောင် သူတို့ကမျက်နှာပိုးမသေ။ လျှာထုတ်ပြောင်ပြနေသေးတာ ကြည့်ပါလား။ ကိုကြီးကတော့ ထုံးစံမပျက်ပြုံးနေလေရဲ့။


"ကဲပါ....ကိုယ်တို့တစ်ခုခုသွားစားရအောင် လိုက်ခဲ့ကြလေ"


"တွေ့လား....ကိုကြီးက ရှင့်လိုစိတ်မပုပ်ဘူး"


"ပုပ်တယ် ပုပ်တယ် ပုပ်တော့ဘာဖြစ်လဲ။ ရှင်တို့လိုက်မစားကြနဲ့"


"ရွှေကြုတ်ကကွာ...သူငယ်ချင်းတွေကို အဲလိုမစနဲ့လေ...ကားပေါ်တက်လေ...ကိုယ်ကျွေးမှာပါ"


"ရတယ် ကိုကြီး သူနဲ့က ဒီလိုပဲ"


"အလကား ငရှုပ်မတွေ..."


"ရှုပ်တော့ဘာဖြစ်လဲ အိမ်အထိကို လိုက်ရှုပ်ဦးမယ်ကြည့်နေ"


ကားပေါ်ရောက်တဲ့အထိ ရန်ဖြစ်လို့မပြီးသေးပါ။ ဒါဟာ...သူတို့ရဲ့ သင်တန်းဆင်းတိုင်းဖြစ်နေကြ ရန်ပွဲလေးတစ်ခုပင်။ ပြီးတော့လည်း အရယ်အမောမပျက်နဲ့ ပြန်တည့်သွားကြပြန်ရော။ကိုကြီးလာကြိုတဲ့ရက်တွေဆို တစ်ဆိုင်ဆိုင်မှာ ထိုင်ပြီး စားသောက်ပြီးမှ လမ်းခွဲတတ်သလို ကိုကြီးလာမကြိုရင်လည်း သုံးယောက်သား မြို့ထဲ လျှောက်လိမ့်နေတတ်သည်။


"သွားပြီ...မဟုတ်တာတွေလည်းလုပ်မနေကြနဲ့နော်...လူမြင်ကွင်းမှာနေကြ.."


ကြည့်....ပြန်ခါနီး ဖောက်လာကြပြီ။နောက်တတ်မှန်းသိနေတာမို့ ကိုကြီးကလည်း ရယ်နေ၏။


"နားထောင်မနေနဲ့ ကိုကြီး လာ သွားမယ်"


ကိုကြီးကို ကားထဲအတင်းဝင်ခိုင်းပြီး စကားစဖြတ်လိုက်မှ လက်ပြနှုတ်ဆက်သွားကြတာ အတော်ဆိုးတဲ့သူငယ်ချင်းတွေ။


"ကိုကြီး..."


"ဟင်...."


ကိုကြီး လက်မောင်းလေးကို မှီနွဲ့ရင်း ချွဲချွဲနွဲ့နွဲ့ခေါ်လိုက်တော့ ကိုကြီးက စောင်းငဲ့ထူးရင်း ပခုံးလေးကိုဖက်လာသည်။ ကိုကြီးပခုံးပေါ် မှီထားတဲ့ သူမခေါင်းလေးကို တစ်ချက်ပွတ်သပ်ရင်း သူ့ပါးပြင်နဲ့ထိကပ်လိုက်ကာ၊


"​ပြောလေ...ကလေး ကိုယ့်ကို ဘာပြောချင်လို့လဲ"


ကလေးတဲ့...အရမ်းကိုနူးညံ့ချိုရီနေသည့် ခေါ်သံလေးပါ။ ရင်ထဲကို တငြိမ့်ငြိမ့်နှင့်စီးဆင်းသွား၏။ 


"မနက်ဖြန် မေမေတို့နယ်ပြန်ကြတော့မယ် သိလား"


"ဟင်....ဒါဆို ကလေးပါ ပြန်လိုက်ရမှာပေါ့ ဟုတ်လား"


အရှိန်နဲ့ပြေးလွှားနေသည့်ကားလေးပင် တုံ့ခနဲဖြစ်သွားပြီး ကိုကြီး အသံက စိုးထိတ်နေဟန်အပြည့်။လမ်းကြောင်းပေါ်နေရာယူပြီးသားမို့ ရုတ်တရက် ကားကရပ်လို့မရပေမယ့် ကိုကြီး မျက်နှာက အကြီးအကျယ်ပျက်ယွင်းနေသည်။


"အင်း....ပြန်လိုက်ရမှာပေါ့လို့။ အစကတည်းက ရွှေကြုတ်ကို မေမေက စိတ်ချတာမှ မဟုတ်တာ။ ပခြုပ်မွေးခါနီးမို့လာစောင့်ရင်း သင်တန်းတက်ခွင့်ပြုတာ"


ကိုကြီးကို စချင်လာတာမို့ တမင်ပြောပစ်လိုက်သည်။


"ကလေးရာ....မပြန်ပါနဲ့ကွာ။ ကိုယ်နဲ့နေခဲ့...ရှုပ်ပါတယ်ကွာ ကိုယ်တို့လက်ထပ်ကြရအောင်။ ဒါမှ ကလေးနဲ့မခွဲရတော့မှာ။ မဟုတ်ရင် ကလေးမေမေက စိတ်မချလို့ နယ်ပြန်ခေါ်သွားရင် ဒီတစ်သက်ဝေးပြီ"


ရင်ထဲ ကြည်နူးသွားရ၏။ ကိုကြီးရယ်...ရွှေကြုတ်ကို တကယ်ချစ်တာပေါ့နော်။ 


"ဖြစ်မလား...မေမေက လုံးဝလက်ခံမှာ မဟုတ်ဘူး။ ကိုကြီးတို့လို ကျိကျိတက်မချမ်းသာပေမယ့် မေမေက ပိုက်ဆံမက်တဲ့မိန်းမမဟုတ်ဘူး ကိုကြီး။ ရွှေကြုတ်ကို နယ်မှာ ကျောင်းပြန်တက်ခိုင်းတော့မှာလေ။ ဒီနှစ်ဆယ်တန်းအောင်သွားတော့ တက္ကသိုလ်ဆက်တက်ရတော့မှာ"


မေမေကိုယ်တိုင်အမိန့်ချထားတာမို့ ရွှေကြုတ် ကိုကြီးကို ပြောပြလိုက်မိသည်။ မနက်ဖြန်ကို ပြန်မလိုက်ရပေမယ့် ကျောင်းတွေဖွင့်ရင်တော့ ခွဲရမှာပဲလေ။ ဒါကြောင့် ကိုကြီးသိအောင်ကြိုပြောမိတာပါ။


"ဟာကွာ...နယ်မှာ မတက်နဲ့ ဒီမှာပဲတက်...ကိုကြီးအားလုံးစီစဥ်ပေးမယ်။ ကလေးဘာမှ မပူနဲ့ကွာ။ နေဖို့စားဖို့အားလုံး အားလုံး ကိုယ်တာဝန်ယူတယ်ကွာ...နော် မပြန်ပါနဲ့"


ခစ်...ကိုကြီးက တကယ့်ကလေးဆိုးကြီးလိုပါပဲလား။ ရွှေကြုတ် ကျိတ်ရယ်လိုက်ရင်း မျက်နှာလေးကိုတော့ ညှိုးနွမ်းနွမ်းလေး တမင်လုပ်ထားလိုက်ကာ၊


"မေမေလက်ခံမလား ကိုကြီးရဲ့ စဥ်းစဥ်းစားစားလဲ ပြောပါဦး။ ကိုကြီးဆီက အထောက်အပံ့နဲ့သာကျောင်းတက်တယ်ကြားရင်ရွှေကြုတ်သေမှာပေါ့...မဖြစ်ပါဘူး ကိုကြီးရယ်"


တမင် အသံကို လုပ်ပြောရင်း မျက်ရည်တွေပါ ဝေ့ပြလိုက်သည်။


"ဘာလို့မဖြစ်ရမှာလဲ...ရှုပ်ပါတယ် ခုထဲက မပြန်နဲ့တော့ ကိုယ့်အိမ်တစ်ခါတည်းလိုက်ခဲ့။ ဒါမှ မဟုတ်ရင် ရွှေကြုတ် မေမေနဲ့ကိုယ်လိုက်တွေ့မယ်"


"အာ....မဖြစ်ဘူး....သေလိမ့်မယ်...အဲဒီလိုလုပ်မှ တစ်သက်လုံးဝေးသွားမှာ"


"ဒါဆို ကိုယ်ကဘာလုပ်ရမှာလဲ။ မင်းနဲ့တော့ လုံးဝမခွဲနိုင်ဘူးနော် ကလေး"


ကားလေးက ကန်တော်ကြီးထဲမောင်းဝင်လာပြီး ကန်ဘောင်မှာထိုးရပ်သွားသည်။ ကားပေါ်ကနေ မဆင်းဘဲ ကိုကြီးက သူမဘက်လှည့်လာကာ၊


"တကယ်ပြန်တော့မှာသေချာလားကွာ...."


ကိုကြီးမျက်နှာက သိသိသာသာပျက်နေပြီး မျက်ဝန်းတွေပါ ညှိုးရော်နေသည်။


"ကိုကြီး ရွှေကြုတ်ကို တကယ်ချစ်တာလားဟင်"


"ဘယ်လိုမေးလိုက်တာလဲကွာ...ကိုယ့်ဘဝမှာ မင်းတစ်ယောက်တည်းချစ်ခဲ့ဖူးတယ်ဆိုရင် မင်းယုံမှာမို့လို့လား ရွှေကြုတ်။ ဒါဟာ...ကိုယ်လိမ်တာလုံးဝမဟုတ်ဘူး...ဘယ်မိန်းမကိုမှ ရင်မခုန်ဖူးခဲ့တဲ့ကိုယ် မင်းကိုတော့ ရူးရူးမူးမူးချစ်ခဲ့တာပါကလေးရယ်"


အချစ်မူး မူးနေတဲ့ အသံကြီးဖြင့် ရွှေကြုတ် ကို ရင်ခွင်ထဲဆွဲသွင်းကာ မချင့်မရဲဆိုလိုက်၏။ ပြီးတော့ တမ်းတတဲ့အနမ်းများက မဆဲသောမိုးလို သူမမျက်နှာလေးပေါ် တဖွဲဖွဲရွာကျလာတာမို့ မျက်ဝန်းတွေမှိတ်ကာ ကြည်ကြည်နူးနူးလေးခံယူနေမိသည်။ အတန်ကြာမှ မခွာချင့်ခွာချင်ဖြင့် သူ့မျက်နှာကို နောက်ဆုတ်ပစ်ရင်း မျက်ဝန်းလေးတွေထဲ စိုက်ကြည့်နေသည့် ကိုကြီး အကြည့်ရဲရဲတွေကြောင့် ရှက်ရွံ့စွာ ခေါင်းလေးငုံ့ချပစ်လိုက်မိ၏။ဒါဟာ...မာယာမဟုတ်ပါဘူး ကိုကြီးရယ်။ 


"နောက်တစ်ခါ ကိုယ့်အချစ်ကို မယုံကြည်သလိုထပ်ပြောကြည့်...ဒီထက်ပိုဆိုးမယ်...ဘယ်နှယ့်ကွာ...ဒီလောက်ချစ်ပြနေတာတောင် မယုံမကြည်နဲ့"


မချင့်မရဲအပြစ်တင်ရင်း သူမနှုတ်ခမ်းလေးမှ ချိုမြိန်ခြင်းများဆီ နောက်တဖန်နစ်မျောသွားပြန်လေသည်။ မျက်လုံးလေးမှိတ်ကာ သူ့အပေါ် တုံ့ပြန်မှုတွေပေးလာတော့ နှလုံးသားက တဒိတ်ဒိတ်ခုန်ကာ ရင်ခုန်သံများအတိုင်းစီးမျောမိပြန်၏။ ကားမှန်တွေချထားတာမို့ ပတ်ဝန်းကျင်ကို ခဏမေ့နေကာ အချစ်ဖြင့်ဖန်ဆင်းသော ပန်းနုရောင်ကမ္ဘာထဲ ငြိမ်းညောင်းသောချစ်သံစဥ်များဖြင့် ကခုန်နေမိသည်။


"ချစ်တယ် ကလေးရယ်။ ကိုယ့်အချစ်ကို ယုံကြည်ပါ ဘယ်တော့မှ ဘာအကြောင်းနဲ့မှ သံသယမဖြစ်လိုက်ပါနဲ့"


နွေးထွေးသည့်ကိုယ်လုံးလေးကို ရင်ခွင်ထဲပွေ့ပိုက်ထားရင်း သူ တတွတ်တွတ်ဆိုနေမိသည်။ သူမလေးနဲ့ လုံးဝမခွဲနိုင်ပါ။ ဒီလောက်အထိ ချစ်သွားမိလိမ့်မယ်လို့ သူ့ကိုယ်သူမယုံနိုင်။ ခုချိန်မှာ အသည်းနှလုံးတစ်ခုလုံးပေါက်ကွဲထွက်မတတ်ချစ်နေမိပြီ။အသက်အများကြီးကွာတဲ့ သူမကို သူထားစရာမရှိအောင်ချစ်မိနေလေသည်။


ဒါပေမယ့်...သူက...။ ဟင်း...ကလေးရယ်။ ကလေးမသိအောင် သက်မတွေ အခါခါခိုးချနေမိရင်း ရင်ခွင်ထဲကနေ လွတ်ထွက်သွားမှာစိုးကာ သူမလေးကို တအားဖက်ထားမိသည်။ တကယ်မဝေးရဲဘူးကွာ...ကိုယ့်အရွယ်က အချစ်ကို ရူးသွပ်ရတော့မဲ့အရွယ်မဟုတ်တော့ပေမယ့် မင်းနဲ့တွေ့မှ ဆယ်ကျော်သက်လေးလိုဖြစ်နေပြီကွာ။ မစွန့်လွှတ်နိုင်တာတော့ သေချာနေပြီရွှေကြုတ်ရယ်...ဒါပေမယ့်...ကိုယ့်ဘက်မှာ...။မင်းကိုယ့်ကို အရမ်းနာကြည်းမုန်းတီးသွားမှာ ကိုယ်ကြောက်တယ်။


"ကိုကြီး"


"ဟင်"


"ရွှေကြုတ်ကို လက်ထပ်နိုင်မလားဟင်။ မေမေ့ဆီမှာ လာတောင်းရမ်းပြီး လက်ထပ်ကြမယ်လေ"


"ဟင်"


"ဘာဖြစ်လို့လဲ....ကိုကြီး ရွှေကြုတ်ကို လက်မထပ်နိုင်ဘူးလား"


ရုတ်တရက် သူမစကားကြောင့် သူမကိုယ်လေးကို ယောင်ပြီးလွှတ်လိုက်မိသည်။ ထိုအခါ...ရွှေကြုတ် မျက်နှာလေး ပျက်ယွင်းသွားပြီး သူ့ကို နားမလည်သလို မော့ကြည့်လာ၏။


"မ...မဟုတ်ပါဘူး... ကိုယ် ကိုယ် ကလေးကို ဘာကြောင့်လက်မထပ်နိုင်ရမှာလဲ"


ကိုယ့်စိတ်ကိုကိုယ်တင်းပြီးပြောလိုက်ပေမယ့် စကားတွေက ထစ်ငေါ့နေခဲ့သည်။ 


"မဟုတ်ဘူး ကိုကြီး ညာနေတာ ရွှေကြုတ်ကို လက်မထပ်နိုင်တာ သေချာပါတယ်။ ဟင်..ဟင့်...တော်ပါ ကိုကြီး လှည့်စားနေတာ ရွှေကြုတ်လို တောသူမဘာပညာမှ မရှိတဲ့မိန်းကလေးကို ကိုကြီးတကယ်လက်မထပ်ရဲပါဘူး။ ရွှေကြုတ်လေ...ရွှေကြုတ် ကိုကြီးကို ချစ်ခဲ့တာ ကိုကြီးကကျတော့ ရက်စက်တယ်"


ရွှေကြုတ် ဝမ်းနည်းပက်လက်ငိုချလိုက်တော့ သူမျက်နှာ အကြီးအကျယ်ပျက်သွားကာ ရွှေကြုတ်ကို ချော့လေတော့သည်။


"မငိုပါနဲ့ကွာ...ကိုယ်က ဘာလို့လက်မထပ်နိုင်ရမှာလဲ။ ခု တရားရုံးသွားပြီးလက်ထပ်ကြမယ်...ခုသွားမယ်လာ"


"ဟင်အင်း"


တကယ်ကြီးသွားဖို့ပြင်တော့ ရွှေကြုတ် သူ့ရင်ခွင်ထဲအတင်းတိုးဝင်ပစ်လိုက်ပြီး ခေါင်းခါလိုက်သည်။


"ဘာလို့ငိုပြန်တာလဲ ကလေးရယ်။ ကိုယ် မင်းကို ချစ်တာတော့ အကြွင်းမဲ့ယုံပေးပါ..."


သူမလောဘကြီးနေမိတာလား ကိုကြီးရဲ့ ဇနီးအဖြစ်ရှိနေချင်မိသည်။ဒါပေမယ့် မင်းချစ်သူရဲ့ရန်ကိုလည်း ကြောက်နေရသေးသည်။ ဒီအကြောင်းတွေကို ကိုကြီးလုံးဝသိလို့မဖြစ်။ သူမကို ကိုကြီးမုန်းသွားမှာ ကြောက်နေမိပြီ။ မင်းချစ်သူဆိုတဲ့ကောင်ကလည်း လုံးဝခွာချမရပါ...သူမကို ချုပ်ကိုင်ဖို့တစ်ချိန်လုံးကြိုးစားနေခဲ့တာ။ အရင်ကောင်တွေလိုပြတ်ပြတ်သားသားခါချမရဖြစ်နေသည်။ ပြီးတော့ သူ့လက်ထဲမှာရှိနေတဲ့ပုံတွေက အရင်က ကိစ္စမရှိပေမယ့် ကိုကြီးနဲ့ပက်သက်မိပြီးမှ တကယ့်အန္တရာယ်မှန်း သူမနားလည်နေရပြီ။


ကိုကြီးလို ချမ်းသာတဲ့သူဌေးတစ်ယောက်က ဒီအပြစ်ကြီးကို လုံးဝခွင့်လွှတ်ပေးမှာ မဟုတ်ပါ။ ဘာဖြစ်ဖြစ် ကိုကြီးနဲ့လက်ထပ်ဖြစ်ဖို့က အရေးကြီးတယ်။


"မပြန်နဲ့တော့ ကိုယ် မင်းအတွက်နေစရာစီစဥ်ပေးမယ်။ မင်းမေမေကို စော်ကားချင်လို့မဟုတ်ပေမယ့် သူကလက်မခံတော့ ဒီလိုပဲ လုပ်မှ ရတော့မယ်။ ကိုယ့်နောက်လိုက်ရဲတယ်မို့လား"


"စကြဝဠာအပြင်ဘက်ဆိုလည်း လိုက်ဖို့အသင့်ပါ ကိုကြီးရယ်...ဘယ်လိုလဲ ခေါ်မှာလား"


"ကြာသလားလို့ ခုသွားလိုက်ကြရအောင်"


"ဟိုး....ဟိုးထားဆရာ...."


 ကိုကြီးမျက်နှာကြီးက အတင်းငုံ့ကျလာတော့ သူမခေါင်းလေးကို နောက်ဆုတ်ရှောင်ရင်း ကိုကြီးမျက်နှာကို လက်ဝါးလေးဖြင့်ကာထားလိုက်တော့ ကိုကြီးက ပြုံးလိုက်ပြီး သူမလက်လေး ကို ဆွဲဖယ်နေတာမို့၊


"ခဏလေးပါ...ရွှေကြုတ်ပြောစရာရှိလို့"


"နောက်မှ ပြော"


"ကိုကြီးနော်...မနက်ဖြန် မပြန်သေးဘူးလို့ ပြောမလို့..နားမထောင်ချင်လဲနေ"


"ဘယ်လို..."


"ဟုတ်တယ်...မနက်ဖြန် မေမေနဲ့ပခြုပ် ပြန်ကြမှာ...ရွှေကြုတ်ကို သင်တန်းတက်ရင်းနေခဲ့တဲ့လေ"


"ဟာကွာ...."


"ကိုကြီးနော်..."


"အဟင်း... ဟင်း...ချစ်လို့"


"သွားပါ"


ခုမှ လွတ်လပ်စွာရယ်သံလေးတွေ ညံစီသွားလေသည်။ လောကကြီးက သာယာနေသလို ချစ်သူနှစ်ဦးရင်ထဲဝယ် အတိုင်းမသိချမ်းမြေ့နေလေသည်။ချစ်သူတိုင်း အလွမ်းဆိုတဲ့နတ်ဆိုးကြီးကို မုန်းတီးတတ်ကြမှာပါ။ ဒီလိုပါပဲ...ကိုယ့်ချစ်သူနဲ့တစ်စက္ကန့်လေးတောင်မခွဲချင်ကြတာ ချစ်သူတိုင်းရဲ့ ဆန္ဒပင်မဟုတ်ပါလား။


~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~


"တောက်..."


စတီယာရင်ပေါ်ဆုပ်ကိုင်ထားတဲ့လက်က လက်သီးအဖြစ်ပြောင်းသွားသလို ကာလာရောင်ကြောင့် လှပနေသည့်မျက်နှာက တင်းမာခက်ထန်လို့သွားသည်။လက်ချင်းချိတ်လျက်ကားထဲဝင်သွားကတည်းက မသက်ာလို့လိုက်ကြည့်ခဲ့တာ ခုတော့ သူမထင်တာမှန်နေသည်။ ကန်တော်ကြီးထဲ ကားကွေ့ဝင်သွားတော့ သံသယစိတ်က ပိုအလေးသာသွားသလို မှန်တွေအလုံပိတ်ထားသည့် ကားပေါ်က ဆင်းမလာတော့ သံသယကခိုင်မာနေပြီ။


အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးနေသလို စောင့်ဆိုင်းခြင်းအလုပ်ကို သူမ သေမတတ်မုန်းနေသည်။ နာရီကို ငုံ့ကြည့်မိတိုင်းကားနောက်မြီးကို ပြေးတိုက်ပစ်ချင်နေမိသည်။ပေါက်ကွဲခွင့်မရတဲ့ ဒေါသများက တမြေ့မြေ့လောင်ကျွမ်းလျက်။ 


"မင်းနဲ့ငါ ဘာမှ ပက်သက်ဖို့မရှိတော့ဘူး။ အေး...မင်းဘက်ကလက်မှတ်မထိုးပေးတာ မင်းကိစ္စပဲ။ ငါကတော့ ရှင်းတယ်...ဒီမှာလက်မှတ်ထိုးပြီးပြီ။ ဒီနေ့ကစပြီးမင်း နဲ့ငါပြီးပြီ"တဲ့ ပြောသွားလိုက်တာ လွယ်လွယ်လေး။ တကယ်မပြီးသေးတာ ရှင်သိပါတယ်။ "မင်းလို ချုပ်ကိုင်ချင်တဲ့မိန်းမမျိုး ငါအမုန်းဆုံးပဲ။ ဒီကမ္ဘာမှာ ငါအမုန်းဆုံးမိန်းမကို ပြဆိုရင်တောင် မစဥ်းစားဘဲ မင်းကိုလက်ညှိုးတန်းထိုးမိမှာအဲဒီလောက်မုန်းတယ်"။ ကြားယောင်မိတဲ့စကားတိုင်းက သူမနားမှာ လာပြောနေသလိုလို။


"မင်းအပေါ် အဲဒီလောက်ခါးခါးသီးသီးဖြစ်နေတဲ့ယောကျ်ားတစ်ယောက်ကို ချုပ်ကိုင်ထားချင်တာ မင်းမရှက်တော့ဘူးလား။ ဒီအချိန်မှာ မင်း သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ။ မင်းအရိပ်အောက်မှာ ငါဘယ်တော့မှ မရှင်သန်ဘူး။ ဒီမှာ မင်းရဲ့ပိုင်ဆိုင်မှုအားလုံးငါထားခဲ့တယ်နော်။ ကျန်တဲ့အပိုင်းကို မင်းမရှုပ်ပါနဲ့ မင်းမာနက ဒီလောက်တော့ မနိမ့်ကျဘူးမို့လား...အဟင်း"။ နောက်ဆုံးလှောင်ရယ်သံလိုလို၊ ခနဲ့တဲ့တဲ့လိုလိုဖြင့် အဆုံးသတ်တတ်သည့် မောင်။ 


နားနှစ်ဖက်ကို ပြန်ပိတ်ရင်း အံကို တင်းခနဲကြိတ်ပစ်လိုက်မိသည်။"ဟုတ်တယ် ကျုပ်က ငွေနဲ့အဝယ်ခံရတာ။ ဒါပေမယ့် မင်းရဲ့လောင်းရိပ်အောက်မှာ တစ်ဘဝလုံး ငရဲအကျမခံဘူး။ ငါ့ဆီမှာ မင်းအတွက်ဘာမှ မရှိဘူး...အသည်းဗလာနဲ့ ကျုပ်က မင်းယောကျ်ား။ ဒါပေမယ့်...ငါ မင်းကို ဆက်မပေါင်းနိုင်တော့ဘူး"။စကားသံတွေက နားစည်မှာ အကြိမ်ကြိမ်ရိုက်ခတ်နေသည်။ 


မင်းရဲ့ရက်စက်မှု အဆုံးအစွန်က ဒါလား။


ကားနောက်မီးနီနီလေးတွေကသူမကို လှောင်ပြောင်သရော်သွားသည်။ထိုအခါ... လက်သီးဆုပ်က ပိုတင်းသွားသလို စူးရဲနေသည့်မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်လျက်။


"ရှင့်ဒီလိုလုပ်လို့ရမယ်ထင်နေလား...အဟင်း....မောင်တို့အချစ်ခရီးသာယာဖြောင့်ဖြူးစေရမယ်"


အပိုင်း(၂၅)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: