book

Index 45

အပိုင်း(၂၃)

⛈⛈မိုးသည်းည....ကာရန်⛈⛈


🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


တစ်ညလုံးနာနေသည့် ဗိုက်က မနက်လေးနာရီအထိလုံးဝမမွေးသေးပါ။ အော်ဟစ်ညည်းတွားသံတွေကြားထဲ ပခြုပ်လက်လေးကို ဆုပ်ကိုင်ရင်း စိုးရိမ်နေရသည်။ နံနက်ငါးနာရီလောက်မှာ ရေမွှာပေါက်ကာ မွေးခန်းထဲရောက်သွားတော့၏။


အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ထိုင်မနေနိုင်သည့် စွဲကို ကြည့်ကာ ရွှေကြုတ်တို့ပင်မူးနောက်လာသည်။ တစ်ညလုံးမအိပ်ရသေးပေမယ့် ဘယ်သူမှ အိပ်ချင်စိတ်ရှိမနေကြပါ။  အားလုံးမျက်နှာမှာ စိုးရိပ်ခြင်းများစွာဖြင့် မွေးခန်းဘက်ကို နားစွင့်နေမိကြသည်။ဒေါ်စနိုးက နှုတ်ခမ်းများတစ်လှုပ်လှုပ်ဖြင့် အဂ်ုလိမာလသုတ်ရွတ်နေဟန်တူကာ ရွှေကြုတ်ကတော့ လက်ဖဝါးချင်းထပ်ပွတ်လျက် ငြိမ်သက်နေ၏။ သူသာဖင်မထိုင်နိုင်တာ။


"အစ်ကို ခဏ..."


"ဗျာ...."


"စွဲ ထိုင်နေစမ်းပါရှင်"


လမ်းသွားလမ်းလာတွေ မလွတ်တော့ သူ့ကို ဖယ်ခိုင်းမှ သတိဝင်လာကာ ရှောင်ပေးလိုက်ရသည်။ဒေါ်စနိုးက မျက်လုံးဖွင့်ကြည့်ပြီး ပြန်မှိတ်သွားပေမယ့် ရွှေကြုတ်က သူ့ကို အမြင်ကပ်သလို ထိုင်ခိုင်းနေလေသည်။ ရင်တစ်ခုလုံးပူလောင်နေတာ ဘယ်သူသိမှာလဲ။ မွေးခန်းထဲက ပခြုပ်ရဲ့ နာနာကျင်ကျင်နဲ့ ညည်းညူသံတစ်ချက်ကြားတိုင်း ဘယ်လိုမှ ထိုင်နေလို့မရ။ တစ်ကိုယ်လုံးလည်း ချွေးတွေနစ်နေပြီ။ မွေးခန်းရှေ့မှာ လျှောက်နေမိတာ ဘယ်နှခါမှန်းတောင်မရေရွတ်နိုင်တော့။


"အန်တီသွားကြည့်လိုက်ဦးမယ်"


ဒေါ်စနိုးက အခန်းထဲဝင်သွားတော့ သူနဲ့ရွှေကြုတ်သာ အပြင်မှာ ကျန်ရစ်ခဲ့သည်။ ဘုရားစာတွေရွတ်နေမိရင်း အဂ်ုလိမာလသုတ်က ပခြုပ်ရဲ့အော်သံကြောင့် တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်နေသည်။ 


အရှေ့အရပ်စီမှ နေမင်းကြီးသည် တစတစထွက်ပေါ်လာနေပြီမို့ လင်းအားလာနေပြီ။ ဆေးရုံတစ်ခုလုံးလျှပ်စစ်မီးရောင်များလင်းထိန်နေသည့်ကြားက ရောင်နီလေးပျိုးလာကာ မိုးဖွဲလေးတွေ ရွာသွန်းလာချိန်မှာတော့။


"အူဝဲ...အူဝဲ...."


"ဟာ....."


"မွေးပြီ သမီးရေ ယောကျ်ားလေး...မေမေမြေးချီရပြီ.."


မွေးခန်းထဲက ထွက်လာတဲ့ ဒေါ်စနိုးမျက်နှာက ပြုံးရွှင်နေသည်။ 


"ယောကျ်ားလေး....သားလေး..."


သူ့နှုတ်ဖျားမှ တတွတ်တွတ်ရွတ်နေမိချိန် ဒေါ်စနိုးတစ်ယောက်အခန်းထဲပြန်ဝင်သွားပြန်သည်။ 


"ကလေးက ဓာတ်ကင်ရမယ်...အသည်းရောင်အသားဝါဖြစ်နေလို့ ဒီက လူနာရှင် ဓာတ်ကင်တဲ့ဆီ သွားလိုက်ပါ"


ဆရာမလေးက အနှီးနှင့်ပတ်ထားသည့် ကလေးလေးကို ပွေ့ကာ သူ့ဆီလာပေးနေသည်။ 


"ဓာတ်ကင်တဲ့ဌာနကို အမြန်သွားလိုက်ပါရှင့်"


"ဗျာ....ဟုတ်ကဲ့"


မွေးကင်းစ ကလေးလေးကို ပွေ့လျက် သူထွက်လာတော့ ရွှေကြုတ် နောက်ကပါလာသည်။ မချီတတ်ပေမယ့် သူ့လက်တွေပေါ်မှာ လှုပ်ရှားငိုယိုနေသည့် ကလေးငယ်လေးက မကြာခင်ကမှ ပခြုပ်မွေးဖွားပေးလိုက်တဲ့ သားလေးတဲ့လား။ အသားတွေနီရဲညိုပုပ်အောင် ငိုနေသည့် နီတာရဲကလေးလေးကို ငုံ့ကြည့်ရင်း စိုးရိမ်နေရသည်။


"ဓာတ်ကင်ရင် ဟိုမှာ ထားခဲ့ရမှာပေါ့နော် စွဲ...ရှင် မသွားသေးဘူးလား"


"အချိန်ကျန်ပါသေးတယ် ရွှေကြုတ်။ ဓာတ်ကင်ရင် သားလေးအရမ်းငိုနေမလား မသိဘူး"


သူ့ခြေလှမ်းကို ပြေးလွှားလိုက်ရင်း ရွှေကြုတ်က အနှီးထုပ်ထဲက ကလေးလေးကို ငုံ့ကြည့်၏။


"တိတ်ပါ သားရယ်....တိတ်ပါ"


ပွေ့ပိုက်ထားရင်း ချော့မြှူလိုက်တော့ ကလေးလေးက အငိုတိတ်သွားသည်။နုညံ့အိစင်နေသည့် သားရဲ့ပါးပြင်ကို ငုံ့မွှေးရင်း ဓာတ်ကင်တဲ့ဌာနမှာ သားကို ထားခဲ့ရသည်။


"သားလေးအတွက် စိတ်ချရပါ့မလား စွဲ"


ရွှေကြုတ်က တူဖြစ်ကို စိတ်မချသလိုလှည့်ကြည့်ရင်း စကားစ၏။ အခြားကလေးလေးတွေနဲ့ နည်းတူဓာတ်ကင်တော့ အသံတွေပြာအောင်အော်ငိုနေသည့် သားကို ကြည့်ပြီး သူရောရွှေကြုတ်ပါ မျက်ရည်တွေဝိုင်းလာသည်။ 


"အခြားကလေးတွေလည်း ရှိနေတာပဲ....ဓာတ်ကင်လိုက်ရင်ကောင်းသွားမှာပါကွာ"


"ရှင် ပြန်ချင်ပြန်တော့လေ တော်ကြာလေယာဥ်မမီဖြစ်နေမယ်။ သားလေးကို ရွှေကြုတ်စောင့်လိုက်မယ်"


အပေါက်ကနေ ကလေးလေးကို တစ်ချက်ချောင်းကြည့်ပြီး သူ ပြန်လှည့်ထွက်လာခဲ့သည်။ ပခြုပ်ရယ်...နှောင်တွယ်စရာကြိုးတစ်စကတင်းနေတော့ ကိုယ်ဖြတ်ဖို့ခက်နေတယ်ကွာ။ မင်းမချည်ခဲ့ပေမယ့် ဒီကရင်မှာ လာငြိနေတော့...။


မွေးခန်းထဲကနေ တွန်းထွက်လာသည့် ထရော်လီနှင့်ပါလာရင်း မိန်းမောနေသည့် ပခြုပ်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ တစ်ကိုယ်လုံးချွေးတွေနစ်နေပေမယ့် စေ့ပိတ်ထားသည့် ပခြုပ်နှုတ်ခမ်းသားလေးတွေတုန်ခါနေသည်။ တစ်ညလုံးဗိုက်နာသည့် ဝေဒနာခံစားရပြီး သားလေးကို ခက်ခက်ခဲခဲမွေးဖွားလိုက်ရတော့ ပခြုပ် မောပမ်းစွာ အိပ်ပျော်သွား၏။


မထူမပါးမျက်တောင်လေးတွေစင်းကျလျက် အိပ်ပျော်သွားသည့် ပခြုပ်ကို သူထိုင်ငေးနေမိသည်။ ခဏလေးပါ ပခြုပ်ရယ်...ခဏလေးပါ။ ဒီအခိုက်အတန့်လေးကို ကိုယ်သိမ်းဆည်းထားချင်လို့ပါကွာ။ ထွေးဆုပ်ထားသည့် လက်ဖဝါးလေးတွေက တဖြည်းဖြည်းနွေးလာပြီး ဖြူရော်နေသည့်မျက်နှာလေးပါ ပန်းသွေးရောင်သမ်းလာနေသည်။


အန်တီ မမြင်အောင် နဖူးလေးကို ခိုးနမ်းရင်း အမှတ်တရတွေ ထုပ်ပိုးနေမိသည်။ အချိန်တွေသာ ရပ်တန့်လို့ရရင်သိပ်ကောင်းမှာဘဲ ပခြုပ်ရယ်။ ပန်းရောင်ပြေးနေသည့် ပါးပြင်လေးကို ဖွဖွလေးထိကိုင်ကြည့်ရင်း ရင်ထဲတဆစ်ဆစ်နာလာသည်။ ကိုယ် နှုတ်မဆက်ချင်ဘူး ပခြုပ်။ ဆုပ်ကိုင်ထားသည့် လက်လေးကို ဖျစ်ညှစ်ရင်း သူ ထရပ်လိုက်သည်။


"အန်တီ ကျွန်တော်သွားပြီ.."


"သြော်....အေးအေး..."


ပခြုပ်အတွက် စားစရာပြင်ဆင်ရင်း ဒေါ်စနိုးက လှည့်ကြည့်၏။ 


"သူ နိုးတဲ့အထိတော့ အချိန်မရတော့ဘူး အန်တီ"


"ကျေးဇူးတင်ပါတယ် သားရယ်။ အစစအရာရာအတွက်ကျေးဇူးပါ"


မျက်ရည်တွေကြားကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေသည့် ဒေါ်စနိုးကို သူပြုံးပြရင်း လှည့်ထွက်လာခဲ့သည်။ ပြန်မကြည့်တော့ပါဘူးလို့ စိတ်တင်းထားပေမယ့် တံခါးဝရောက်မှ နောက်တစ်ကြိမ်လှည့်ကြည့်မိ၏။ ခုတင်ပေါ် မှေးစက်နေသည့် မျက်နှာလေးကြောင့် ခြေလှမ်းများက ယိုင်ချင်ချင်။ လက်သီးကို ဆုပ်ထားရင်း မေးကျောတွေတင်းခနဲဖြစ်သွားချိန် ဆတ်ခနဲကျောခိုင်းပစ်လိုက်သည်။ထိုအခါ...မျက်ရည်တစ်စက်က ခြေဖမိုးပေါ်ပေါက်ခနဲကြွေဆင်းသွား၏။ 


ကိုယ်လှမ်းနေသည့်ခြေလှမ်းအတိုင်း နှလုံးသားတွေပြုတ်ကျကျန်ရစ်ခဲ့တယ်ဆို မင်းယုံမလား ပခြုပ်။


~~~~~~~~~🌸~♥~🌸~~~~~~~~~~~~~


"သားလေးရော....သားရောဟင်..."


ပထမဆုံး သတိရမိတာက ကလေးလေး။ သူမ မိန်းမောသွားစဥ် ယောကျ်ားလေးလို့ပြောသံကြားလိုက်တယ်။ သား ခုဘယ်မှာလဲ။ သားလေးဆိုတဲ့အသံကြားလိုက်တာနဲ့ ရင်ထဲမှာ ရှိသမျှ ဝေဒနာတွေအားလုံးယူပစ်သလိုသက်သာသွားပြီး အေးမြသွားခဲ့တာ။ သားလေးတဲ့...။ 


ခုတင်ဘေးမှာ မေမေက ထိုင်လျက် သူမကို နွေးထွေးစွာပြုံးပြနေလေသည်။ မေမေ့ဘေးမှာ တီလေးနဲ့လေးလေး။ ပြီးတော့ ကိုရဲ။


"အရမ်းမထနဲ့လေ သမီး...ဖြည်းဖြည်း"


သူမ ကိုယ်လေးကို တီလေးနဲ့မေမေက ဆွဲထူပေးပြီး လေးလေးက ခေါင်းအုံးကိုနေရာပြင်ပေးကာ သက်သောင့်သက်သာမှီစေလိုက်သည်။ 


"သား....သားလေး ဘယ်မှာလဲ မေမေ။ သမီးရဲ့သားလေးနဲ့တွေ့ချင်တယ်"


"ရှိပါတယ် သမီးရယ်။ ငြိမ်ငြိမ်လေးလှဲနေ...ကလေးလေးက အသားဝါဖြစ်လို့ ဓာတ်ကင်နေတာ။ သမီးဘာမှ စိတ်မပူနဲ့ ကလေးလေးတွေ မွေးပြီးတိုင်း ဒါမျိုးဖြစ်တတ်တယ်။ အငယ်မ စောင့်ပေးနေတယ် သမီး"


အသားဝါတဲ့...။ ကျွန်မကို မွေးတုန်းကလည်း ဒီလိုဓာတ်ကင်ခဲ့ရဘူးတာဘဲ။


"သားလေး တကယ်ရှိတာတော့ ဟုတ်ပါတယ်နော် မေမေ"


"တကယ်ပါ သမီးရယ်။ မြေးလေးက ဓာတ်ကင်နေရတာပါကွယ်။ တတုံးတခဲကြီးနဲ့ ချစ်စရာကြီးသိလား"


ပခြုပ် မျက်နှာလေးပြုံးလာပြီး အခန်းထဲကို တစ်ချက်ဝေ့ကြည့်၏။ ဒါကိုမြင်သွားတဲ့ ဒေါ်စနိုးက၊


"စွဲ ဒီမနက်ပဲ ထွက်သွားပြီး သမီး...သမီးနိုးတဲ့အထိဆို လေယာဥ်မမှီမှာစိုးလို့တဲ့ မေမေ့ကို နှုတ်ဆက်သွားတယ်။ သမီး ဘာမှ အားမငယ်နဲ့နော် မေမေတို့အားလုံးသမီးနားမှာ ရှိတယ်။ ကလေးကရိုးရိုးမွေးတာဆိုတော့ သိပ်မကြာဘူး ဆင်းရမှာ"


"ပခြုပ်...သမီး ဘာစားချင်လဲ။ ညနေကျရင် တီလေးချက်လာခဲ့မယ်။ ခုတော့ စားကောင်းမယ်ထင်တာလေးတွေပဲ စဥ်းစားချက်လာတာ...နေလို့ကောင်းတယ်မို့လား"


"ဟုတ်ကဲ့ တီလေး"


တင်းထားတဲ့ကြားက အသံလေးက အဖျားခတ်တုန်ခါသွားသည်။ မျက်ရည်တွေဝဲတက်လာတော့ မေမေက ဆံပင်တွေကို သပ်တင်ပေးရင်း နှစ်သိမ့်၏။


"အားမငယ်ပါနဲ့ သမီးရယ်။ စီးပွားဆိုတာ အရွယ်ရှိတုန်းရှာရတာမဟုတ်လား။ စွဲက သမီးတို့နောင်ရေးအတွက် အဝေးကြီးမှာ အလုပ်သွားလုပ်တာလေ။ သူမကြာခင်ပြန်လာမှာပေါ့။ ကြည့်ပါလား...ဒီလိုနေရာမျိုးမှာ မွေးဖွားဖို့ သူ့ဘာသာ ကြိုးစားသွားတာ ဘယ်လောက်အားကိုးထိုက်တဲ့ခင်ပွန်းလဲ"


"ရှင်..."


ပခြုပ် နားမလည်သလို မျက်လုံးလေးပြူးကြောင်သွားကာ တီလေးကို မော့အကြည့် မေမေက တီလေးကို မျက်စပစ်ပြလိုက်တာမြင်လိုက်ရသည်။


"ကဲ...သမီး ဘာမှ တွေးမနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေ ..မိခင်ကျန်းမာမှ ကလေးလည်းကျန်းမာမှာ ကြားလား"


"ဟုတ်ကဲ့..."


ခေါင်းလေးအညိတ်မှာ မျက်ရည်စက်တွေက ပါးပြင်ပေါ်ဖြတ်ဆင်းကုန်တော့သည်။ ပခြုပ်ကို ကြည့်နေရင်း မေမေက တစ်ဖက်လှည့်ကာ မျက်ရည်ကျိတ်သုတ်နေသလို တီလေးက မသက်မသာ သက်မချ၏။ လေးလေးကတော့ လူကြီးပီပီ ပခြုပ်မျက်နှာကိုသာ အကဲခတ်နေကာ တစ်ခွန်းမှ ဝင်မပြော။ 


"ရွှေကြုတ်ဆီ ကျွန်တော်သွားလိုက်ဦးမယ် မေမေ...ပခြုပ် နင်ဘာစားချင်လဲ။ ငါ လှည့်ဝယ်ပေးမယ်လေ"


ကိုရဲက ပခြုပ်ကိုအားပေးသလို ပြုံးပြရင်း ဆိုလာသည်။ ပခြုပ် ခေါင်းရမ်းပြလိုက်တော့ ခဏငေးစိုက်ကြည့်ပြီး အခန်းထဲကနေ ထွက်သွားတော့၏။ အားလုံးက ဝိုင်းဂရုစိုက်နေကြပေမယ့် ပခြုပ် မပျော်ပါ။ ရင်ထဲ ဆို့ကျပ်ကာ လေးလံနေရသည်။ မသိစိတ်ထဲကနေ တစ်စုံတစ်ခုကို တောင်းတနေမိတာလား။ ဟင်အင်း...ဘာကြောင့်မျှော်လင့်ရမှာလဲ။ သူနဲ့ ငါက ဘာမှ မဆိုင်ကြတော့တဲ့လူတွေ။ 


မုန်းတယ်...ရှင့်ကို အရမ်းမုန်းတယ်စွဲ။ ဒီကလေးက ရှင့်ကလေးဖြစ်နေတဲ့အတွက် ရှင့်ကို ပိုမုန်းတယ်သိလား။ ချစ်သူဘဝမှာတင် မိန်းကလေး ဘယ်နှယောက်လောက်များ ရှင်ဖျက်ဆီးပြီးပြီလဲ။ ရှင်လို အခွင့်အရေးယူတတ်တဲ့ယောကျ်ားမျိုးကို ကျွန်မ သိပ်ရွံ့တယ်။ ပြီးတော့ ပိုင်းလုံး...မိန်းမတစ်ယောက်ဆီကပိုက်ဆံကို ယူရမှာ ဝန်မလေးတဲ့ ရှင့်စိတ်ဓာတ်ကအရမ်းအော့နှလုံးနာစရာကောင်းတယ်။ ရှင်ကသားရဲ့အဖေလို့ဘယ်တော့မှ ရှင်မသိစေရဘူး စွဲ။ 


မှေးမှိတ်ထားသည့် မျက်လုံးများနှင့်တင်းတင်းစေ့ထားသည့်နှုတ်ခမ်းလေးကိုကြည့်ပြီး ဒေါ်စနိုး သက်မအခါခါချနေမိသည်။ ကိုယ့်သမီးအကြောင်း ကိုယ်သာအသိဆုံးမို့ မျက်စိမှိတ်ငြိမ်နေထဲက ရင်ထဲက အစိုင်အခဲကို ရိပ်မိနေသည်။ နှုတ်ဆက်လက်မပြပေမယ့် ချန်ခဲ့သူနဲ့ ကျန်ခဲ့သူ ရင်ထဲ ဘယ် ဝေဒနာက ပိုဆိုးဝါးသလဲ...။


~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~


"တိတ်ပါ သားရယ် တိတ်ပါကွယ်....အေး..အေးပါ သားလေးရယ်"


"ကလေးက ငိုလှချည်လား ပခြုပ်"


ဧည့်ခန်းထဲမှာ ဟိုဒီလျှောက်ရင်း ပခြုပ်ချော့နေပေမယ့် သားက ဘယ်လိုမှ မနေပါ။ ကော့လန်ထိုး၍ ငိုနေတာ ဘယ်လိုမှ ချော့လို့မရ။


"ဘာဖြစ်လို့လဲ မသိပါဘူး မေမေရယ်။ သားက တအားကို ငိုနေတာ"


ဆေးရုံက ဆင်းတာ မကြာသေးတာမို့ တိုက်ခန်းမှာဘဲ ဆက်နေနေတာ။ မကြာခင်ရွာပြန်ဖို့လည်း စီစဥ်နေပြီ။ 


"နို့ဆာလို့များလား ပခြုပ်ရယ်။ ကလေးက မငိုစဖူး တအားငိုနေတာ"


သမီးဖြစ်သူ လက်ထဲကနေ မြေးကိုလက်ပြောင်းယူရင်း ဒေါ်စနိုးချော့မြှူနေမိသည်။


"တိတ်ပါ မြေးရယ် တိတ်ပါကွယ်....အိုး.."


သီချင်းဆိုသိပ်ပေမယ့် သားက အငိုလုံးဝမရပ်ပါ။ မိခင်ပွေ့ထားသည့် သားလေးကို ပခြုပ် ဘေးကနေ ဝင်ချော့နေမိသည်။


"သမီးကို ပေးမေမေ။ နို့ဆာလို့များလား..."


ပခြုပ် သားကို ပွေ့ချီပြီး ဆက်တီခုံမှာ ထိုင်လျက် နို့တိုက်ပေမယ့် သားကမျက်နှာတွေနီရဲနေအောင်ငိုနေတာ လုံးဝမရပ်ပါ။


"လုပ်ပါဦး မေမေရယ်။ သားလေးအရမ်းငိုနေတယ်... ဘာများဖြစ်လို့လဲ မသိပါဘူး"


ပခြုပ် သားကို ဘယ်လိုမှ မကြည့်ရက်တော့ပါ။ ပါးလေးတွေညိုပုပ်တဲ့အထိငိုနေတဲ့သားလေး ဘာများဖြစ်လို့လဲ။ ရင်တွေပူကာ သူမပါ ငိုချင်လာ၏။


"တိတ်ပါ သားရယ်.....ချိုချိုစို့ရအောင်နော်..သားနော်"


ကလေးသေးသေးလေးတွေ ချီနေစမရှိသေးတော့မနည်းကြိုးစားချီပိုးနေရသည်။ ခုမှ သားလေးကို သူမသေချာချီတတ်ရုံရှိသေးတာ။ 


"မငိုပါနဲ့သားရယ်...ချိုချိုစို့လိုက်နော်"


တအားအော်ငိုနေသည့်သားလေး နည်းနည်းငြိမ်သွားတော့မှ ပခြုပ်သက်မချနိုင်တော့သည်။ အစက မသိသာပေမယ့် သားလေးအကြောင်းကို သူမတဖြည်းဖြည်းသိလာရ၏။ သားက လသားအရွယ်ပေမယ့် အငိုတအားသန်သည်။ သူ စိတ်ထဲအလိုမကျဖြစ်လာရင် တော်တော်နဲ့မတိတ်တော့။ အသားတွေရဲတွတ်တဲ့အထိ ငိုတော့တာ။


"မြေးလေးက အငိုအရမ်းသန်တာဘဲ သမီးကြီးရယ်။ သူ အလိုမကျဖြစ်သွားတာနေမယ်။ သမီးကြီး အဝတ်တွေလျှော်တာကြာသွားတာကိုး"


စောစောက သားလေးရဲ့အနှီးတွေနဲ့ သူမအဝတ်တွေကိုလျှော်ဖွတ်နေတာမို့ သားလေး နို့ဆာသွားတာကြောင့် တအားငိုတာဖြစ်မယ်။သားရယ်...။ မျက်ရည်တွေနှင့် သူမကိုမော့ကြည့်နေသည့် သားမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်ထဲ တသိမ့်သိမ့်ကြည်နူးနေရသည်။ မျက်ရည်စလေးတွေကို ပွတ်သုတ်ပေးရင်း သားလေးကို တယုတယချော့မြှူနေမိသည်။


မျက်တောင်လေးတွေ စင်းကျကာ မျက်လုံးလေးတွေမှေးသွားသည့် သားလေး မကြာခင်အိပ်ပျော်သွားလေ၏။ ထိုစဥ်...ဘဲလ်သံမြည်လာတာမို့ မီးဖိုထဲကနေ မေမေထွက်လာကာ အခန်းတံခါးဖွင့်လိုက်တော့ ၊


"ထက်ထက်သာ..."


လက်ပွေ့အိတ်ကြီးကို လက်မောင်းမှာချိတ်လျက် ဒေါ်ထက်ထက်သာက မျက်နှာထားတင်းတင်းဖြင့် အခန်းထဲလျှောက်ဝင်လာ၏။ 


"အန်တီ ထိုင်ပါရှင့်"


ပခြုပ်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည့် အထိ မျက်လုံးတွေက ပခြုပ်ဆီကနေ လုံးဝလွှဲဖယ်မသွားခဲ့ပေ။


"တစ်ယောက်တည်းလား ဦးရော မပါဘူးလား "


သားလေးကို ပွေ့ပိုက်လျက်ဖြင့် ပခြုပ် နှုတ်ဆက်လိုက်သည်။ သူ့သားနဲ့သူမ ဘာမှ မဆိုင်တော့တာကို သူတို့ ကို ဖွင့်မပြောဖြစ်သေးပါ။


"မပါဘူး...တစ်ယောက်တည်းလာတာ မင်းနဲ့ပြောစရာရှိလို့"


အခန်းထဲ စဝင်လာကတည်းက အရယ်အပြုံးမဲ့နေသည့် မျက်နှာတင်းတင်းကြောင့် ပခြုပ် ဒေါ်ထက်ထက်သာကို အံ့သြတကြီးကြည့်နေမိသည်။ 


"ဟုတ်ကဲ့...ဘာများလဲ အန်တီ"


မေမေ့ကို တစ်ချက်မော့ကြည့်ရင်း ပခြုပ် စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားမေးလိုက်သည်။ ဒေါ်ထက်ထက်သာက ပခြုပ်ရင်ခွင်ထဲက ကလေးကို တစ်ချက်လှမ်းကြည့်လာ၏။ ထိုအခါ...သူမမျက်လုံးထဲဝယ် ရောင်စဥ်ပေါင်းစုံဖြတ်ပြေးသွားပြီး မသိမသာမဲ့သွားတော့ ပခြုပ်စိတ်ထဲ တမျိုးဖြစ်သွားကာ၊


"ပြောပါ အန်တီ...ပခြုပ် ကို ဘာပြောချင်တာပါလဲ"


"ထက်ထက်သာ...ဘာဖြစ်လို့လဲ။ ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဒါမှ.. ကျွန်မတို့လည်း သိရမှာပေါ့"


ဒေါ်စနိုးက ပခြုပ်ဘေး ဝင်ထိုင်လိုက်ပြီး လမ်းဖွင့်ပေးလိုက်သည်။ သူမလည်း ဒီလောက်တော့ လူကဲခတ်တတ်ပါတယ်။ ထက်ထက်သာ မျက်နှာက ကောက်ကြောင်းတွေက ပေါ့သေးသေးမဟုတ်နိုင်။


"ကောင်းပြီ...ပြောဖို့လာတာဆိုတော့လည်း ပြောရမှာပေါ့။ အရင်ဆုံးပြောချင်တာက ဒီကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ နတ်ပခြုပ်..."


တစ်ချိန်လုံးပေါင်ပေါ်ကမချတဲ့အိတ်ထဲကနေ စာချုပ်နှစ်စောင်ကို ဆွဲထုတ်ပြီး ပခြုပ်ရှေ့ချပေးလိုက်တဲ့ ဒေါ်ထက်ထက်သာမျက်နှာက တင်းမာခက်ထန်နေလျက်။


"ဒီအတွက်ဆိုရင်တော့ မလိုတော့ပါဘူး အန်တီ..သူနဲ့ကျွန်မ ကွာရှင်းပြီးပါပြီ"


"ဘာ....ကွာရှင်းပြီးပြီဟုတ်လား...အဟင်း..ဟင်း...နတ်ပခြုပ် မင်းက ငါထင်ထားတာထက်တောင်ပိုကြောက်စရာကောင်းပါလား ဟမ်"


"ထက်ထက်သာ...နင်ဘာတွေပြောနေတာလဲ"


"လှည့်စားခံရတာကို နာလွန်းလို့ဟေ့..အရူးလုပ်ခံရတာကို နာလို့သိလား။ အိပ်ချင်ယောင်ဆောင်တဲ့သူတွေနှိုးရခက်တယ်ဆိုတာ ဒါမျိုးနေမှာ..."


"ဘာ...နင် ဘာပြောတယ်"


ဒေါ်စနိုး မျက်နှာကြီး နီရဲကာ ဒေါသတွေထွက်လာသလို ရှက်ရွံ့သိမ်ငယ်စိတ်တွေပါ ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့လို့နေလေသည်။ ဒီလို အခြေအနေမျိုးနဲ့ရင်ဆိုင်ရမှာ သူမသေမတတ်ကြောက်လန့်ခဲ့တာ။ ခုတော့..သူမ သိပ်ကြောက်ခဲ့တဲ့နေ့ကိုရောက်လာပြီ။


"ငါတို့အလို့ခံခဲ့ရပေမယ့် ဆက်ပြီး မအနိုင်တော့ဘူး စနိုး။ကလေးအဖေခေါ်စရာမရှိတာနဲ့ ငါ့သားကို အသုံးချလိုက်တာ ငါညံ့လို့..အေး တစ်ခါပဲ အညံ့ခံမယ်ဟေ့"


"အဲဒါ ငါတို့ကအရင်ကမ်းလှမ်းခဲ့လို့လား ထက်ထက်သာ"


"မသိလို့ဟေ့...ခုလို အပုပ်နံတလှိုင်လှိုင်ထွက်နေမှန်း သိရင် ဘယ်လာပါ့မလဲ။ အငယ်က ရည်းစားတကာနဲ့ရှုပ်ချင်တိုင်းရှုပ်နေလို့ အကြီးလေး တော်ပါတယ်ထင်မိတယ်..."


"အန်တီ...နေပါဦး...ခု အန်တီဘာဖြစ်ချင်တာလဲ ကျွန်မတို့ကို ဒီလိုချိုးဖဲ့ပြောဖို့လာတာဆို အန်တီ ပြန်လိုက်ပါတော့"


ပခြုပ် မျက်နှာတည်တည်ဖြင့်ထပြောတော့ ဒေါ်ထက်ထက်သာ စွေ့စွေ့ခုန်သွားသည်။


"ပြန်မှာပါ...ငါကလည်း လာချင်လို့လာတယ် မထင်နဲ့ ပြောချင်လွန်းလို့သိလား။ ခု ငါ့သားက ဟိုရောက်နေပြီ။ မင်း ငါ့သားနဲ့လုံးဝပက်သက်ဖို့မကြိုးစားပါနဲ့။ ဒါပေမယ့် တစ်ခုတော့ပြောလိုက်မယ် ငါတို့ရဲ့ ဂုဏ်သိက္ခာအတွက် ဒီအကြောင်းတွေ မပေါက်ကြားပါစေနဲ့။ ဘယ်သူနဲ့ဖြစ်လာလာ ငါတို့ခြံထဲပေါက်တော့ ငါတို့ခြံပေါက်ပဲပေါ့..ဒါပေမယ့် ဘာရပိုင်ခွင့်မှ မမျှော်လင့်နဲ့တော့ နတ်ပခြုပ် ငါ့သား မင်းကို ဘယ်လိုရှာကျွေးခဲ့တယ်ဆိုတာလည်း ငါသိတယ်။ အထူးကုဆေးခန်းကြီးမှာ ပြတဲ့စရိတ်တွေနဲ့ ကလေးမွေးတဲ့တစ်လျှောက်လုံး ကုန်ကျစရိတ်ကို ငါ့သားက ကုန်းရုန်းရှာရတာ ငါအသည်းအနာဆုံးဘဲ နတ်ပခြုပ်"


သူရဲ့ပိုက်ဆံတွေတဲ့လား။ အားလုံး သူထုတ်ကုန်ခဲ့တာတဲ့လား။ 


"ပြန်ယူသွားလိုက်အန်တီ...အားလုံး ကျွန်မပြန်ပေးမယ်။ ဒါတွေကို ကျွန်မ မသိခဲ့ပေမယ့် နေစရိတ်စားစရိတ်တွေအတွက် သူ့ကိုပြန်ပေးဖို့ ပိုက်ဆံအားလုံးတွက်ထားပြီးသားပါ။ ခု မွေးစရိတ်တွေပါ အကုန်ကျွန်မ ပြန်ပေးမယ်။ ခဏလေး..."


ပခြုပ် သားကို မေမေ့ဆီ လက်ပြောင်းပေးပြီး အိပ်ခန်းထဲက ပိုက်ဆံထုပ်ကို ဆွဲယူလာလိုက်သည်။ တိုက်ခန်းခတွေ၊ဆေးခန်းပြစရိတ်တွေ၊စားစရိတ်တွေကို သူ့ကို တစ်နေ့ပြန်ပေးမယ်စိတ်ကူးဖြင့် ဘဏ်ထဲက ငွေတွေထုတ်ထားခဲ့တာ။


"ရော့...အားလုံးပြန်ယူသွားလိုက်အန်တီ။ ဒီတိုက်ခန်းမှာကျွန်မတို့ခုနစ်လနေခဲ့တာ ကျွန်မလေးလစာပေးမယ်။စားစရိတ်လည်းဒီအတိုင်းပဲ။ဆေးခန်းပြတဲ့စရိတ်တွေနဲ့ မွေးစရိတ်ပါ အားလုံးပါတယ်။ ဒီပိုက်ဆံတွေက အရင်ကတည်းက သူ့ကိုပြန်ပေးဖို့ စိတ်ကူးထားပြီးသားပါ။ အန်တီ အားလုံးပြန်ယူသွားလိုက်ပါ။ ဟုတ်တယ်...ကျွန်မကလေးရဲ့အဖေအမည်ခံဖို့ အန်တီ့သားကို လက်ထပ်ခဲ့တာ။ ခုသားလေးလည်းမွေးပြီးပြီ သူနဲ့ပက်သက်ဖို့မလိုတော့ဘူး။ အန်တီပြန်လိုက်ပါတော့"


ထိန်းထားသည့်ကြားက အသံတွေတုန်ခါလို့နေ၏။ 


"ကိုယ့်ပေါင်ကိုယ်လှန်မထောင်းဘူး နတ်ပခြုပ်။ ငါ့သားနဲ့ လာမပက်သက်ရင် ပြီးတာပဲ "


"စိတ်ချ အန်တီ အန်တီသားရှိတဲ့အရပ်ကို ကျွန်မယောင်လို့တောင်ဖြတ်မလျှောက်ဘူး"


"မင်းစကားမင်းတည်ပါ နတ်ပခြုပ်"


အခန်းထဲကနေ ထွက်သွားတဲ့ ဒေါ်ထက်ထက်သာကျောပြင်ကိုကြည့်ရင်း ပခြုပ် အံကြိတ်လိုက်မိသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပေမယ့် မျက်ရည်စက်တွေက ပါးပြင်ပေါ် အရှိန်အဟုန်နှင့် လိမ့်ဆင်းလာနေသည်။


ရှင်တို့ရဲ့ သွေးသားကို ရှင်တို့ဘယ်တော့မှ သိခွင့်မရစေရဘူး ဒေါ်ထက်ထက်သာ။ 


"သမီးကြီးရယ်....ငါ့သမီးကြီးမှ ဖြစ်မှဖြစ်ရလေကွယ်"


"မေမေ"


မေမေရဲ့ရင်ခွင်ထဲ ခေါင်းတိုးလျက် ပခြုပ် ချုံးပွဲချ၍ငိုပစ်လိုက်မိသည်။ ဒီမျက်ရည်က ပူလောင်ခြင်း ဝေဒနာတွေကိုတိုက်စားသွားပါတော့။ 


အပိုင်း(၂၄)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: