မိုးသည်းည....ကာရန်
~~~~~~~~~~
ရှေ့သို့ကော့လန်ပူဖောင်းနေသော ဗိုက်ကြီးကို ဗီရိုမှန်ကနေ လှည့်ပတ်ကြည့်ရင်းပခြုပ် မျက်နှာလေးပျက်သွားရသည်။ အတိတ်ကို နောက်တစ်ခေါက်ပြန်မလျှောက်ချင်ပေမယ့် အဲဒီအတိတ်ကို ရှင်ဖြစ်စေချင်တယ်ဆို ကျွန်မလွန်တယ်လို့ ပြောမလား စွဲ။ မချစ်ဖူးလို့ရူးတာပါ စွဲရယ်။
ကိုယ့်အနားက မကြာခင်ခွဲထွက်တော့မဲ့ ယောကျ်ားတစ်ယောက်ကို ကျွန်မ ချစ်နေမိပြီဆိုရင် ကျွန်မရူးနေလို့လား။ ဟင်အင်း..ကျွန်မ မရူးဘူး။ အချစ်ဆိုတာကို ကောင်းကောင်းနားမလည်ပေမယ့် ရှင့်ကို ချစ်နေမိပြီ။ ဒါပေမယ့်...ကျွန်မက..။
ချက်ချင်းဝေ့တက်လာသည့် မျက်ရည်တွေ ပြိုဆင်းမလာအောင် မျက်တောင်ခတ်၍သိမ်းဆည်းလိုက်ပေမယ့်မျက်ရည်တစ်စက်က ညာဘက်ပါးပြင်ပေါ်လက်ခနဲကြွေဆင်းသွားလေသည်။ ဗိုက်ကြီးနဲ့မျက်ရည်ကျရင် ကလေးမျက်လုံးပြူးတတ်တယ် နောက်ကို ဘာအကြောင်းနဲ့မှ မငိုရဘူးတဲ့။ သူပြောခဲ့ဖူးတဲ့ စကားတွေက နားထဲအလိုလိုကြားယောင်နေမိသည်။ စွဲရယ်...ကျွန်မ မျက်ရည်တွေအလိုလိုကျနေမိတယ် သိလား။ ရှင့်ကို ကျွန်မ စွန့်လွှတ်လိုက်ရမှာ ကြောက်နေပြီ။
"သမီး...လမ်းလျှောက်ရအောင်လေ..."
"ဟုတ်ကဲ့မေမေ ...လာပြီ"
ဧည့်ခန်းထဲက မေမေ့အသံကြားမှ မျက်ရည်တွေ ကပြာကယာသုတ်ပြီး အပြင်ထွက်လိုင်သည်။ သူ မရှိတဲ့အချိန်တွေဆို မေမေနဲ့ရွှေကြုတ်က ဒီဘက်အခန်းမှာချည်းပင်။ သူ ဝယ်ထည့်ထားတဲ ဆက်တီခုံပေါ် ရွှေကြုတ်က ခြေဆင်းထိုင်ရင်း ဖုန်းသုံးနေသည်။ ပခြုပ် ထွက်လာတာကို မျက်လွှာတစ်ချက်ပင့်ကြည့်ပြီး၊
"နင့်မျက်နှာက နုဖန်နေတာဘဲ ပခြုပ် မိန်းကလေးမွေးမယ်ထင်တယ်"
ကောက်ခါငင်ခါထပြောလိုက်တော့ ပခြုပ်မျက်နှာလေးပြုံးသွား၏။
"ဘာလေးဖြစ်ဖြစ် ကိုယ့်ရင်သွေးပဲ ငါချစ်တယ် ရွှေကြုတ်"
"နင် အာထရာဆောင်းဘာလို့မရိုက်တာလဲ ပခြုပ်...။ ဘာလေးလည်းဆိုတာကြိုသိရတော့ ပိုမကောင်းဘူးလားဟ"
ဖုန်းကို စားပွဲပေါ်တင်လာပြီး ရွှေကြုတ်က ခပ်မတ်မတ်ထိုင်လိုက်ပြီး ပခြုပ်ကို စူးစိုက်ကြည့်နေမိသည်။ ပခြုပ်တို့ အလုပ်မဟုတ်တာ။ ကိုယ်လည်း မတတ်နိုင်တာ မဟုတ်ပဲနဲ့ အာထရာဆောင်းမရိုက်တာ။
"မရိုက်ဘူး ရွှေကြုတ်။ မွေးလာတာကို ငါ တသိမ့်သိမ့်ကြည်နူးချင်လို့ တမင်မရိုက်တာ"
"ဟွန့်....နင့်ယောကျ်ားက နောက်တစ်ပတ်ဆိုထွက်တော့မှာ ကလေးမွေးတာနဲ့ဘယ်မှီတော့မလဲ"
ပခြုပ်မျက်နှာလေး ကွက်ခနဲပျက်သွားရသည်။
"အဲဒါပဲ ကောင်းပါတယ် ရွှေကြုတ်...ငါ လမ်းလျှောက်လိုက်ဦးမယ်"
"နင်က ပျော့စိစိလုပ်နေ...သူများနောက်ပါသွားမှ မျက်ရည်လည်ရွဲလုပ်မနေနဲ့ ပခြုပ်...ငါ မပြောချင်ဘူး"
ရွှေကြုတ် စကားကြောင့် ဒေါ်စနိုးရော ပခြုပ်ပါမျက်လုံးပြူးကုန်သည်။
"ဘာ....အငယ်မ ဘာတွေပြောနေတာလဲ။ ကဲ...သမီးကြီး မေမေနဲ့လမ်းလျှောက်ရအောင်"
ပခြုပ်မျက်နှာပျက်နေတာကို ရိပ်မိနေတဲ့ဒေါ်စနိုးက စကားစဖြတ်လိုက်ပြီး ပခြုပ်လက်မောင်းလေးကို ပြေးတွဲလိုက်သည်။
"မေမေဟင်းအိုးတန်းလန်းနဲ့မို့လား...ပခြုပ်ကို သမီးကူလိုက်မယ်။ လာ...ပခြုပ်"
"ဟဲ့...ဟဲ့...ဖြည်းဖြည်း...သြော်...ငါ့နှယ့်နော် ကလေးလည်းထွက်ကျသွားပါဦးမယ် ရွှေကြုတ်ရယ်"
"ဒါလောက်တော့ သမီးလည်း သိပါတယ်မေမေရဲ့။ ကိုယ့်အစ်မကို ရက်စက်ပါ့မလား"
"အေးပါ...အောက်မဆင်းနဲ့ ဝရန်တာမှာလျှောက်ကြ"
"ဟုတ်ကဲ့.."
ဒေါ်စနိုး မီးဖိုထဲဝင်သွားတာနဲ့ ရွှေကြုတ် အစ်မဖြစ်သူရဲ့လက်မောင်းလေးကို တွဲလိုက်ကာ ဝရန်တာဆီထွက်လာလိုက်သည်။ ပခြုပ်ကို ပြောပြချင်သည့်စကားလုံးတွေက ရင်ထဲအပြည့်။
"ပခြုပ်"
"ဟင်..."
ခါးတစ်ဖက်ထောက်ရင်း လမ်းလျှောက်နေသည့် ပခြုပ် သူမခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ ရွှေကြုတ်မျက်နှာက တစ်ခုခုကို အလေးအနက်ပြောချင်နေပုံရ၏။
"ပြောလေ ရွှေကြုတ် ဘာပြောမလို့လဲ"
ဝရန်တာကို နောက်ပြန်မှီရပ်နေသည့် ရွှေကြုတ်ကို သူမစကားထောက်ပေးလိုက်သည်။ပြောရခက်နေသည့် ရွှေကြုတ် အမူအယာကို သူမ အကဲခတ်မိနေ၏။
"နင် စွဲကို စွဲကို ဘယ်လိုသဘောထားလဲ ပခြုပ်။ အဲဒါ ငါသိချင်လို့"
ခြေလှမ်းတွေ ရပ်တန့်ကာရွှေကြုတ်မျက်နှာကို စူးစိုက်ကြည့်မိသွားရသည်။ စွဲနဲ့ပက်သက်ပြီး ရွှေကြုတ်ရင်ထဲမှာ အစိုင်အခဲဖြစ်နေတာလား။
"နင်ဖြေရခက်နေရင်လည်း မဖြေပါနဲ့ ပခြုပ် ငါနားလည်ပြီ"
"နင် သူ့အပေါ်...ဟို..."
ရွှေကြုတ်ရယ် ငါဘယ်လိုပြောထွက်ပါ့မလဲ။
"ဘာစိတ်မှ မရှိဘူးပခြုပ်။ သူက ငါ့စာရင်းထဲမှာ မရှိတော့တာ ကြာပြီ။ နင်သိပါတယ် ငါဘယ်တစ်ယောက်ကို လေးလေးနက်နက်ထားခဲ့ဖူးလို့လဲ"
မဟုတ်ဘူး ရွှေကြုတ် နင်ညာနေတာ။ နင် သူ့ကို အရူးအမူးစွဲလမ်းခဲ့တာ ငါတို့သိပါတယ်။ ငါ နင့်အပေါ်မတရားခဲ့ဘူး ရွှေကြုတ်ရယ်။
"ဒါပေမယ့်..."
"တော်တော့ပခြုပ်...ငါ ခုပြောချင်တာက နင့်အတွက်သတိပေးချင်လို့။ နင် ငါနဲ့စွဲကို အထင်လွဲနေတာတွေ စိတ်ထဲကထုတ်လိုက်တော့။ ငါနဲ့သူက ဘာမှ မဟုတ်တော့ဘူး။ သူ့စိတ်ထဲမှာ ငါမရှိတော့တာကြာပြီ ပခြုပ်။ အဲဒါ နင်တို့မဂ်လာမဆောင်ကဆို နင်ယုံမလား။ ငါနဲ့မင်းချစ်သူ အကြောင်းတွေသူသိသွားပြီးထဲက ငါ့ကို သူဖြတ်သွားတာ လုံးဝကိုလှည့်မကြည့်တော့တာဟ။ တကယ်တော့ နင့်ဝတ်စုံတွေကို ငါဖျက်ဆီးပစ်တယ်ဆိုတာ သူနဲ့သူ့အမေကို မကျေနပ်လို့ဘဲ ပခြုပ်။ စွဲက အရင်ဖြတ်သွားတော့ ငါမခံချင်ဖြစ်သွားတာပါ ပခြုပ်။ ခု ငါ့စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး"
ဟုတ်ရဲ့လားလို့ ငါမမေးရဲပါဘူး ရွှေကြုတ်ရယ်။ နင်တို့နှစ်ယောက်လုံးက ငါ့အချစ်ဆုံးနှစ်ယောက်ပါ။ နင် သူ့ကို ချစ်ခဲ့တာမဟုတ်ဘူးလို့ ပြောချင်တာလား။ ဒါပေမယ့်...ငါလေ ငါ သူ့ကိုချစ်မိနေတယ် ရွှေကြုတ်ရယ်။ မချစ်တတ်ခဲ့တဲ့နှလုံးသားက သူ့ကိုမှ လက်ညှိုးထိုးပြနေတယ်။
"ငါပြောတာယုံပါ ပခြုပ်။ စွဲကလည်း ငါ့အပေါ်ဘာစိတ်မှ မရှိတော့ဘူးဟ။ အကြောတင်းလွန်းလို့ မမြင်တောင်ကပ်တယ် နင့်ယောကျ်ားမို့ပေါ့ မဟုတ်ရင် ဒင်းကို အမှုန့်ကြိတ်ပစ်ချင်နေတာ"
မာန်ပါပါလေးပြောနေတဲ့ ရွှေကြုတ်စကားတွေကို အပြည့်အဝယုံကြည်နေမိသည်။ ရွှေကြုတ်ရယ်...ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်...ငါ သူ့ကို ဆုံးရှုံးရတော့မယ်ဟ။
"နင့်ကို ငါသတိပေးချင်လို့ ပခြုပ် နင် သူ့ကို မချစ်မိစေနဲ့နော်။ ဒီကောင်က မျက်နှာသိပ်များတာ သိလား။ ခုလည်း အပြင်မှာ ခြေငြိမ်တာမဟုတ်ဘူးဟ...ခပ်ထောထောအမျိုးသမီးကြီးတစ်ယောက်နဲ့ တွဲနေတယ် ပခြုပ်။ နင် မယုံရင် ဒီမှာကြည့်..."
ရွှေကြုတ်က အသင့်ယူလာတဲ့ဖုန်းထဲက ဓာတ်ပုံတွေကို ဖွင့်ပြနေသည်။ သူ့လက်မောင်းကို အကျအနချိတ်လျက် လျှောက်နေတဲ့ပုံတွေက အစီအရီထွက်ပေါ်လာတော့ ပခြုပ်မျက်လုံးတွေပြာသွား၏။သူမထက်အသက်ကြီးကာ ဝတ်ပုံစားပုံကအစ သူဌေးတစ်ယောက်မှန်း သိသာနေသည်။ ပြီးတော့ တချို့တဝက်ပုံတွေမှာကျတော့ ကားပေါ်မှာ ရယ်မောပျော်ရွှင်လျက်။
ဟန်မဆောင်နိုင်လောက်အောင် ပခြုက်မျက်နှာလေးသွေးစုပ်ဖြူရော်သွားကာ ခေါင်းထဲမိုက်ခနဲဖြစ်သွားတာမို့ ဝရန်တာလက်ရန်းကို ဆွဲလိုက်ရသည်။
"ဟဲ့...ဘာဖြစ်တာလဲ စိတ်ထိန်းစမ်းပါ ပခြုပ်ရာ။ ဒီကောင်က နင်ဒီလောက်ခံစားဖို့မတန်ပါဘူးဟာ"
မျက်လုံးစုံမှိတ်ထားပေမယ့် ပခုံးလေးကို ဖျစ်ညစ်အားပေးရင်း မချင့်တင်ကဲ ပြောနေသည့် ရွှေကြုတ်အသံကို ကြားနေရသည်။ သို့သော်..နားထဲမှာ ရိုက်ခတ်နေသည်က ခပ်ထောထောအမျိုးသမီးဆိုတာပင်။
"ငါနဲ့သူက ဘာမှမဆိုင်တာဘဲ ရွှေကြုတ်ရယ်။ မဖြစ်သာတဲ့အခြေအနေမို့လက်ထက်ခဲ့ရတာ နင်သိသားနဲ့ အပြင်မှာ သူလမ်းသူလျှောက်တာ ငါဘာပြောစရာလိုသလဲ"
ကိုယ့်စိတ်ကိုယ်တင်းကာ ရွှေကြုတ်ကို ကျောခိုင်းလျှောက်ရင်း ပြောလိုက်ပေမယ့် လည်တိုင်ဆီသို့ မျက်ရည်စတွေ စီးဆင်းလာတော့သည်။ ရွှေကြုတ်မမြင်အောင် ကြိတ်သုတ်ရင်း ရွှေကြုတ်ဘက်ပြန်လှည့်တော့ မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားလိုက်ကာ၊
"သူနိုင်ငံခြား မထွက်ခင် ကွာရှင်းဖို့ ငါတို့သဘောတူညီမှုထားခဲ့ပြီးသားပဲ။ သူ့ဘဝနဲ့သူပျော်အောင်နေတာဘဲ ရွှေကြုတ်ရယ်။ ထားလိုက်ပါ...ငါ နားလည်ပါတယ်"
တဆစ်ဆစ်နာကျင်နေသည့် ရင်ဘတ်ကို ရွှေကြုတ်မမြင်အောင် အပြုံးဖြင့်ဖုံးဖိရင်း ပခြုပ် ကိုယ့်ကိုယ်ကို မာန်တင်းထားရသည်။
"ဘာ....နင်တို့က ကွာရှင်းဖို့ ပြောထားတယ်ဟုတ်လား ပခြုပ်"
ရွှေကြုတ်က သူမအနား ချက်ချင်းရောက်လာကာ မေးလိုက်တော့ ခေါင်းညိတ်ခြင်းဖြင့် အတည်ပြုပေးလိုက်သည်။
"ဟာ...နင်ရူးနေလား ပခြုပ်။ ဘာလို့ကွာရှင်းရမှာလဲ။ ကျစ်...အဲဒါတွေခက်တာဘဲ "
ရွှေကြုတ်ပုံက သူမကို အပြစ်တင်ချင်နေသလိုလို။
"ဟော....ဟိုမှာကြည့်ပါလား...ပြန်တာတောင်နောက်ကပါလာတယ်"
သူမ မြင်လုံးတွေက လမ်းမပေါ်ရောက်သွားရပြီး စွဲနဲ့အမျိုးသမီးတစ်ယောက်ကမြင်ကွင်းထဲ တန်းရောက်လာသည်။ ဝေးနေလို့ မသဲကွဲပေမယ့် ရွှေကြုတ်ဖုန်းထဲက အမျိုးသမီးမှန်းတန်းသိလိုက်သည်။ တောက်ပြောင်နေသည့်ကားကြီးဘေးမှာ ရပ်လျက်စကားတွေပြောနေသည့်မြင်ကွင်းကို စူးစိုက်ကြည့်ရင်း ပခြုပ် အံကြိတ်လိုက်၏။
တစ်ခါမှ မချစ်ဖူးလို့ရူးလောက်အောင်ချစ်ပေမယ့် ကျွန်မအချစ်က မာနကြီးတယ် စွဲ။ဒီတစ်သက် ရှင် ကျွန်မရဲ့အချစ်ကို မသိစေရဘူး။ နှလုံးသားကို သော့ခတ်ပြီး ထာဝရသချိုင်းပစ်လိုက်မယ်... ။
"အဲဒီအမျိုးသမီးပေါ့...နင့်ယောကျ်ားနဲ့တွဲနေတာ။သူက အတော်ချမ်းသာတယ်ပခြုပ်။ နင့်ယောကျ်ားကို အမ်းနေတယ်လို့တောင်ပြောနေကြတယ်ဟ။ အသက်က လေးဆယ်လောက်ဆိုပေမယ့် အရမ်းလှတယ် ပြင်ဆင်ထားတာလည်းမင်းသမီးတောင်ရှုံးလောက်တယ်ဟ။ချမ်းသာတဲ့မိန်းမဆိုတော့ စွဲမျက်စိကျသွားတာဖြစ်မယ်။သူတို့နှစ်ယောက်ကို ငါခဏခဏတွေ့တယ်။အနီးကပ်ကြည့်မှ အမျိုးသမီးကြီးက တော်တော်ချောတယ်ဟ။ အသက်နှစ်ဆယ်သာသာလို့တောင်ထင်ရတယ်သိလား။တစ်ကိုယ်လုံးလည်း စိန်တွေညွတ်နေအောင်ဝတ်ထားတာ စီးတဲ့ကားကျတော့လည်း သိန်းထောင်ကျော်တယ်ဟ။ အဲဒါပဲ ယောကျ်ားတွေက ရှေ့တမျိုးကွယ်ရာတမျိုးနဲ့။ သူနဲ့အပြတ်ရှင်းလိုက် ပခြုပ်။ ပျော့စိစိလုပ်နေရင် နင်ပဲခံသွားရမှာ။ ဟိုက မိန်းမလည်ရုပ်"
အောက်ကို ငုံ့ကြည့်ပြီး ရွှေကြုတ်က ဒေါသထွက်နေပေမယ့် ပခြုပ်က မျက်လုံးမရွေ့။ မျက်နှာမှာ ကြီးကြီးမားမား ပျက်ယွင်းသွားခြင်းမရှိဘဲ မျက်လုံးတွေကတော့ စူးလက်နေခဲ့၏။
ဖျတ်ခနဲမြင်ယောင်လိုက်တာက ဒီတိုက်ခန်းခတွေ ပြီးတော့ တစ်လျှောက်လုံးစားစရိိတ်တွေနှင့် အံဆွဲထဲက ငွေအထပ်လိုက်တွေ။ အားလုံးက ရုပ်ရှင်ပြကွက်တွေလို အစီအရီပေါ်လာတော့ အောက်နှုတ်ခမ်းသားကို လူမမြင်အောင်ကြိတ်ကိုက်ပစ်လိုက်မိသည်။ ရှင်ကျွေးတဲ့ ထမင်းကဒီလိုနည်းနဲ့ရလာတာတဲ့လား စွဲ။ ဒီအကြောင်းတွေသာ အသောကြီးသိခဲ့ရင် ကျွန်မ အငတ်သာခံလိုက်မယ်..ရှင်ကျွေးတဲ့ထမင်း စားခဲ့မိမှာ မဟုတ်ဘူး။
ဝမ်းနည်းစိတ်တွေလှိုက်တက်လာတော့ အံကြိတ်ကာတင်းခံပစ်လိုက်သည်။ မငိုနဲ့ ပခြုပ်...ဒီမျက်ရည်ကျဖို့မတန်ဘူး။ နင် သူ့ကို ချစ်နေရင် နင်ပိုရှုံးနိမိ့သွားမှာပေါ့။ အစကတည်းက..ကွာရှင်းမယ်လို့ သူကတိတောင်းခဲ့ပြီးသား နင်သာစိတ်ကူးယဥ်ပြီးရူးနေခဲ့တာ။ သူသာ နင်ချစ်နေတာ သိရင် ဘယ်လောက်ဟားလိုက်မလဲ။ မငိုနဲ့...နတ်ပခြုပ်ဆိုတာ အချစ်ကို ကိုးကွယ်တဲ့မိန်းမမှ မဟုတ်တာ။ အချစ်ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့တဲ့မိန်းမ။ နင်နဲ့သူက မကြာခင်ရက်အတွင်းမှာ ကွာရှင်းရမဲ့သူတွေ။ နင့်စိတ်ထဲ ပေါ့ပေါ့ပါးပါးထားလိုက်စမ်းပါ..နင့်ခံစားချက်တွေကို သူတို့မြင်ရင် ဘာပြောကြမလဲ။ ကျွန်မ ဘယ်တော့မှ မရှုံးနိမ့်ချင်ဘူး စွဲ။
"ဒါ သူ့လွတ်လပ်ခွင့်ပဲ ရွှေကြုတ် ငါနဲ့ဘာဆိုင်လဲ။ အစကတည်းက ဒီကလေးကြောင့် ငါနဲ့သူလက်ထပ်ခဲ့တာ။ ပြီးတော့.. ဒီကလေးရှိနေမှန်း သိသိနဲ့ သူအရှက်မခွဲဘဲ သဘောထားကြီးပေးခဲ့တာ..ဒါတွေနဲ့တင် ငါ သူ့ကို ကျေးဇူးတင်နေပါပြီ ရွှေကြုတ်။ သူသာ ခုလိုနှုတ်မလုံခဲ့ဘူးဆိုရင် ငါတို့မိသားစု အရှက်ကွဲနေတာကြာပြီ။ သူ နိုင်ငံခြားမထွက်ခင် ငါ ကွာရှင်းပေးမှာ။ သူ့ကို အသုံးချမိခဲ့တာကိုပဲ ငါ စိတ်မကောင်းဖြစ်နေရတာ ရွှေကြုတ်။ ငါ သူ့အပေါ်မတရားခဲ့ဘူး.."
"ကလေးအဖေကို နင်သိလို့လား ပခြုပ်"
ခပ်မတ်မတ်ပြန်လျှောက်လာတဲ့ သူ့ပုံရိပ်ကို မျက်လုံးမခွာဘဲ ပခြုပ် ခေါင်းခါလိုက်မိသည်။
"မလိုအပ်တော့ဘူး ရွှေကြုတ်။ ငါ သိလည်း မသိချင်ဘူး။ ဒီကလေးကို ငါ့ဘာသာ ငါပြုစုပျိုးထောင်နိုင်တယ်"
အိတ်တစ်လုံးလွယ်ပြီး လျှောက်လာတဲ့ သူ့ကိုကားဘေးကနေ ရပ်ကြည့်နေသည့် အမျိုးသမီးကလည်း မျက်လုံးတွေလွှဲမသွားခဲ့ပေ။ကားဘေးကနေ အကြာကြီးရပ်ကြည့်နေ၏။ အဆင့်အတန်းတဲ့...။ ဒီစကားလုံးလေးနဲ့ကျွမ်းဝင်နေပေမယ့် ဒီနေ့မှ သူမနှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းတိုးဝင်လာခဲ့သည်။ ကျွန်မနဲ့ အဲဒီအမျိုးသမီးက မိုးနဲ့မြေလိုကွာခြားလွန်းမှန်း ကျွန်မသိပါတယ်။ မယှဥ်နိုင်လောက်အောင် ဂုဏ်ဒြပ်တွေခြားနေတဲ့ကြားက ကျွန်မက ကိုယ်ဝန်ကြီးနဲ့ ရှင်အထင်ကြီးစရာမရှိတဲ့မိန်းမ။
ကျွန်မ အချစ်ကို သိလိုက်ချိန်မှာ အရာရာကနောက်ကျနေပြီ စွဲ။ အစွဲအလမ်းကြီးတဲ့ ကျွန်မ...ဒီအချစ်ကို ဘယ်လိုဖြေသိမ့်ရမလဲ။ ရှင့်ဘေးကကောင်မလေးတွေနဲ့ ကျွန်မယှဥ်ပြီး ရှင့်အချစ်ကို တောင်းတလိမ့်မယ်တော့ ရှင်မထင်လိုက်နဲ့စွဲ..ကျွန်မမှာ မာနရှိတယ်။
"ငါ သူနဲ့ကွာရှင်းလိုက်တော့မယ်...ဒီနေ့ပဲကွာရှင်းမယ်"
"ပခြုပ်...နင်ရူးသွားပြီလား...ကလေးအဖေက သူဖြစ်နေရင်ရော"
"ဘာ..."
"ဟုတ်တယ်...နင်လွယ်ထားရတာ သူ့ကလေးပဲ ပခြုပ်"
အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးပေမယ့် တကယ်ကြားရတော့ ပခြုပ် ဝမ်းမသာနိုင်။ နှလုံးသားကို အစိမ်းလိုက်ခွဲလျက် မီးကင်ခံလိုက်ရသလို နာကျင်ခံစားနေရသည်။ ရုတ်တရက် ဆွံ့အသွားပြီးမှ၊
"ဟင်အင်း...မဖြစ်နိုင်ဘူး။ ငါ မယုံဘူး ရွှေကြုတ်...နင်..နင် ပြောခဲ့တုန်းက မင်းချစ်သူ ကလေးဆို"
"အဲဒါ ငါညာခဲ့တာ ပခြုပ်...အဲဒီတုန်းက နင်တို့မဂ်လာမဆောင်ဖြစ်အောင် ငါတမင်ပြောခဲ့တာ။ မိုးတွေသည်းတဲ့ညက ငါ မင်းချစ်သူနဲ့ သွားတွေ့နေတာ မထင်မှတ်ဘဲ သူရောက်လာတော့ ပြဿနာတွေခုလိုရှုပ်ထွေးကုန်တာ။ ဒီကိုယ်ဝန်က စွဲနဲ့ရတဲ့ကိုယ်ဝန်ဘဲ ပခြုပ်"
ဝရန်တာလက်ရန်းမှာ ကိုင်ထားသည့်လက်နှစ်ဖက်က ပိုတင်းသွားသလို မှေးမှိတ်ထားခြင်းမရှိတဲ့ မျက်လုံးတွေထဲမှာ ခဏချင်းမှောင်မိုက်သွားရသည်။
"နင် အရမ်းခံစားသွားရပြီလား ပခြုပ်..."
အရမ်းခံစားသွားရပြီတဲ့လား...ရွှေကြုတ်ရယ်။ နှလုံးသားတစ်စုံ ရှင်လျက်သေသွားတာ နင်မှ မမြင်ဘဲ...။
~~~~~~~~~~~~~~~~~~~~~~~~
"အား....ကျွတ်.....ကျွတ်...."
"ပခြုပ် ဘာဖြစ်တာလဲ....ဗိုက်နာလို့လား...."
"အား.....ဟုတ်....မေမေ....ကျွတ်....ကျွတ်"
ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့လူတွေအားလုံးပြာယာခတ်ကုန်တော့သည်။ မနက်ဖြန် လေယာဥ်နဲ့ထွက်ရတော့မဲ့ စွဲ အဝတ်တွေထည့်နေရင်း ဧည့်ခန်းထဲကို ချက်ချင်းရောက်သွားတော့ ဆက်တီခုံပေါ်ထိုင်နေတဲ့ ပခြုပ်က ဗိုက်ကို နှိပ်လျက် ရှုံ့မဲ့အော်ဟစ်နေသည်။
"ဟဲ့...မွေးတော့မှာပေါ့...မိရွှေကြုတ် သွား ခုလိုအပ်တာတွေ မြန်မြန်ထည့် ဆေးရုံသွားရမယ်"
"ဟုတ်...ဟုတ်ကဲ့"
"ပခြုပ်....မွေးတော့မှာလား..အန်တီ..ပခြုပ်မွေးတော့မှာလား"
ပခြုပ်ဘေး ဝင်ထိုင်ရင်း သူ ဘာလုပ်ရမှန်းမသိတော့ပေ။ မနက်ကတည်းက ပခြုပ် ဗိုက်နည်းနည်း နည်းနည်းနာနေတာ သူသိသည်။ ဒါပေမယ့် မွေးတော့မယ်လို့ သူမထင်မိခဲ့။
"ဟုတ်တယ်...မွေးတော့မှာ ဆေးရုံအမြန်သွားမှ ဖြစ်မယ်။ မှောင်နေပြီ...ကားအမြန်ဆင်းငှား"
"ဟုတ်ကဲ့"
"အား....နားလိုက်တာ အမေရေ...."
ပြေးထွက်လာသည့်ခြေလှမ်းများက ပခြုပ်အော်သံကြောင့် နောက်ဆံငင်နေရသည်။ အယောင်ယောင်အမှားမှားဖြင့် ပြေးဆင်းပြီးမှ ဖိနပ်မစီးမိတာ သတိရ၏။ ဖိနပ်ပြန်စီးရင်း လှေကားထစ်တွေကို ဘယ်လိုကျော်လွှားဆင်းမိမှန်းပင်မသိတော့။ အငှားကားတစ်စီး ငှားပြီး ပြန်တက်ပြေးလာတော့ ဧည့်ခန်းထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ အသင့်ဖြစ်နေပြီ။
"အား.....ကျွတ်....ကျွတ်..."
အံကြိတ်တောင့်ခံလို့လည်း မရ။ တလစေနာနေတာလည်း မဟုတ်ဘဲ တစ်ချက်တစ်ချက် သေမတတ်ခံစားရ၏။ ဝေဒနာကြားက သူပြန်ဝင်လာတာကို ပခြုပ်စောင့်နေတာ။
"ပခြုပ်.... အားတင်းထားနော် ကိုယ်ကားငှားပြီးပြီ ဆေးရုံသွားရအောင် ဟိုရောက်ရင်သက်သာသွားလိမ့်မယ်နော်"
အော်ဟစ်နေသည့် သူမဘေးရောက်သွားပြီး သူမကို ပွေ့ဖို့ကြိုးစားလိုက်မိသည်။
"မထိနဲ့...."
"ဟာ..."
"ဟဲ့ ပခြုပ်....ဆေးရုံမြန်မြန်သွားရမှာလေ...ညည်းကို သူမပွေ့လို့ ကျုပ်တို့ကပွေ့နိုင်မလား"
ဒေါ်စနိုး ချွေးတွေပျံအောင်စိတ်ပူနေသည့်ကြားက ပခြုပ်လုပ်ပုံမဟုတ်တော့ အော်လိုက်မိသည်။ စွဲ ပါးစပ်အဟောင်းသားနဲ့ ပခြုပ်ရဲ့ ဝေဒနာကြားက တင်းမာနေသည်မျက်နှာလေးကို တအံ့တသြငေးကြည့်မိသွားကာ၊
"ဘာဖြစ်လို့လဲ...ကိုယ်ဘာလုပ်ပေးရမလဲ ပခြုပ်"
"ရှင် ကျွန်မကို ကွာရှင်းပေးပါ... အ...."
"ဘာ.....မိပခြုပ် ဘာတွေပြောနေတာလဲ။ စွဲ...သား မြန်မြန်ပွေ့ချီလိုက်ပါကွယ်။ နောက်ကျရင်မကောင်းဘူး"
ဗိုက်လေးကို နှိပ်လျက် ပခြုပ်မျက်နှာလေးက ရှုံ့မဲ့နေသည်။
"အား....ကျွတ်....မကွာ...မကွာပေးရင် ကျွန်မ မမွေးဘူး...အ...ခုလက်မှတ်ထိုးပေးမှ ဆေး..ဆေးရုံသွားမယ်"
"ပခြုပ်....နင်ဘာတွေပြောနေတာလဲ။ စွဲ...ပခြုပ်ကို ခေါ်ခဲ့တော့လေ"
"မိပခြုပ်....မွေးခါနီး ဘာတွေပြောနေတာလဲ သား နားထောင်မနေနဲ့ သွားကြမယ်"
ဒေါ်စနိုးနဲ့ ရွှေကြုတ်...မျက်နှာတွေပျက်ကုန်ကြ၏။ စွဲကတော့ ပခြုပ်မျက်နှာကို စူးနစ်စွာစိုက်ကြည့်လျက်၊
"ဟဲ့ ခေါ်ခဲ့တော့ဆို...ဘာလုပ်နေတာလဲ။ ဆေးရုံအမြန်သွားရမယ်ဆိုတာ မသိကြဘူးလား"
အခန်းတံခါးနားရောက်ပြီးမှ သူတို့ပါမလာကို သတိထားမိတဲ့ ဒေါ်စနိုးက လှည့်ပြောသည်။ သူမ ဒေါသတွေလည်း ဖြစ်နေပြီ။
"ဟင်အင်း... ကွာမပေးရင် လုံးဝသွားမမွေးဘူး။ အား...ခု လက်မှတ်ထိုးပေး...ရွှေကြုတ်...စာချုပ်ယူခဲ့...ငါ့ခေါင်းအုံးအောက်မှာ"
"ပခြုပ်....."
"သွားယူဆို...သွား...."
အနာနည်းနည်းရပ်သွားတာမို့ ပခြုပ်က သူမဖြစ်ချင်တာကို ဇွတ်တောင်းဆိုတော့သည်။ ရွှေကြုတ် အလယ်မှာရပ်လျက် အူကြောင်ကြောင်ဖြစ်နေရ၏။
"မယူနဲ့....အဓိပ်ပါယျမရှိတာ ပခြုပ်"
ဒေါ်စနိုး ဒေါသတွေဖြစ်နေပေမယ့် သူနဲ့ပခြုပ် မျက်လုံးချင်းဆုံကာ ဘယ်သူမှ မလွှဲဖယ်မိ။ မင်း အဲဒီလောက်တောင်နာကြည်းနေခဲ့တာလား ပခြုပ်ရယ်။ အားလုံးဒီလိုဖြစ်အောင် ကြိုတင်ပြင်ဆင်ခဲ့တာပေါ့။ မင်း မျက်လုံးထဲက ကိုယ့်အပေါ်နာကြည်းရိပ်တွေကို ကိုယ်မြင်နေရတယ် ပခြုပ်။ မင်း စိတ်ချမ်းသာဖို့ ဘာမဆိုဖြည့်ဆည်းပေးမှာပါ ပခြုပ်ရယ်။လပေါင်းများစွာ မင်းချုပ်တီးခဲ့ရတာ အရမ်းခကအခဲနေမှာပေါ့။
"အား....အ....ကျွတ်..."
နောက်တစ်ကြိမ် နာလာတော့ ဘယ်လိုမှ နေမရတော့ပါ။ ခါးတွေကော့လန်ပြီး အော်နေတော့ ပခြုပ်ကိုယ်လေးကို ပြေးပွေ့ဖက်လိုက်မိသည်။
"ဖယ်...ရှင် မကွာရှင်းပေးရင် ဆေးရုံမသွားဘူး...အမေ့..."
မျက်နှာ တပြင်လုံးချွေးစေးတွေ ပြည့်လာတာတောင် ပခြုပ်က အံကြိတ်လျက် သူမဖြစ်ချင်တာကို အတင်းတောင်းဆိုနေသည်။
"ဆေးရုံသွားရအောင်ကွာ...စိတ်ချ ကိုယ်မသွားခင် လက်မှတ်ထိုးခဲ့ပါ့မယ် ပခြုပ်ရယ်။ ခုတော့ ဆေးရုံအရင်သွားရအောင်နော်"
"ဟင်အင်း...ဟင်အင်း....မသွားဘူး...ရှင်ခုလိက်မှတ်မထိုးရင် ကျွန်မ မမွေးဘူး ။ အသေခုပြစ်မယ်"
"ပခြုပ်...."
"ကျစ်.....ပခြုပ်ရာ...."
ဒေါ်စနိုးမျက်နှာကြီး မည်းနေပြီ။ ကိုယ့်သမီး ခေါင်းမာတာ သိနေပေမယ့် ဒီလောက်အထိဆိုးဝါးမယ်မထင်ထားပါ။ ခုတော့ အသက်နဲ့အလဲအထပ်လုပ်နေတာ ဘယ်လောက်အသည်းယားစရာကောင်းလဲ။
"အ....အမေ့....."
"ဒီလောက်နာနေတာကို ခေါင်းမာနေတာလား ပခြုပ်...သား ပွေ့ခေါ်ခဲ့"
ပခြုပ်မျက်လုံးတွေက သူ့မျက်နှာထက်မှာ စူးနစ်စွာ စိုက်ကျနေသည်။ လက်မှတ်မထိုးပေးသရွေ့ ဒီနေရာဘယ်လိုမှ ရွေ့မဲ့ပုံမရှိပါ။ ပွေ့ချီသွားလို့ရပေမယ့်...သူမ အကြီးအကျယ်စိတ်ထိခိုက်သွားမှာ သူမလိုလားပါ။ခွဲမွေးဖို့ ဘယ်လိုမှ ပြောမရတဲ့ သူမ...ဒီထက်ခေါင်းမာနေရင် ကလေးရောလူကြီးရော ဒုက္ခရောက်သွားလိမ့်မယ်။
ဒေါ်စနိုးဆူလိုက်တော့ အသံထွက်မလာတော့ပေမယ့် နာကျင်နေသည့် အမူအယာတွေက သူမမျက်နှာလေးမှာ အထင်အရှားပေါ်နေသည်။ နှုတ်ခမ်းသားလေးကို အတင်းဖိကိုက်ထားတာမို့ မကြာခင်သွေးတွေထွက်လာတော့မည်။ ပခြုပ်ရယ်...မင်းစိတ်ဓာတ် အဲဒီလောက်ပြင်းထန်ရလားကွာ။ အသားကုန်ဖိကိုက်ထားသည့် နှုတ်ခမ်းလေးနှင့် စိမ်းတောက်နေသည့်မျက်လုံးတွေကို စိုက်ကြည့်ရင်း သူ သက်ပြင်းချလိုက်သည်။
"ရွှေကြုတ်...စာချုပ်မြန်မြန်ယူလာခဲ့ပါ...."
"ဟင်...."
"စွဲ..."
"ယူလိုက်ပါ ရွှေကြုတ်...ခုချိန်မှာ ကလေးအသက်ရော လူကြီးအသက်ပါ အရေးကြီးနေတာ"
နဖူးက ချွေးတွေကို ဖွဖွလေးသုတ်ပေးရင်း သူ ပြောလိုက်တော့ ရွှေကြုတ် အခန်းထဲပြေးဝင်သွား၏။ သိပ်မကြာလိုက်ပါ ဘော့ပင်တစ်ချောင်းနဲ့စာချုပ်ကိုင်ပြီး ထွက်လာတော့ သူ အမြန်ယူထိုးပေးလိုက်သည်။ မင်း ကျေနပ်ပါတော့ ပခြုပ်ရယ်။
"အား....အမေရော နာလိုက်တာ....အား..."
ပခြုပ် အသံဆလးပြန်ထွက်လာတော့ သူဆွဲပွေ့လိုက်ပြီး အောက်ထပ်ကို အမြန်နှုန်းဖြင့် သွားနေမိသည်။ သူ့လက်ပေါ်မှာ ချွေးတွေနစ်လျက် ညည်းတွားနေသည့် ပခြုပ်ရဲ့အသံဆလးတစ်ချက်ကြားတိုင်း နှလုံးသားတွေ ရမ်းခါနေရ၏။
အသင့်စောင့်နေသည့် ကားပေါ်ကို ပွေ့တင်ပြီးမှ ပခြုပ်အမေကို ဝင်ထိုင်ခိုင်းလိုက်သည်။
"သားပဲ ပွေ့ထားလိုက်ပါကွယ်...အန်တီဘေးကလိုက်ခဲ့မယ်"
ပခြုပ်အမေလည်း အတော်စိုးရိပ်နေကာ သူ ဝင်ထိုင်ပြီး ပခြုပ်ကိုပွေ့လိုက်တာနဲ့ ဘေးမှာ ဝင်ထိုင်၏။ ရွေကြုတ်က ရှေ့ခန်းမှာ ထိုင်ကာ နောက်ကိုလှည့်တကြည့်ကြည့်ဖြစ်နေသည်။
"အား...နာလိုက်တာ....အရမ်းနာတယ်"
"ကားဆရာ အမြန်မောင်းပေးပါဗျာ...ရောက်ခါနီးပြီ ပခြုပ်ရယ်။ အားတင်းထားနော် ရောက်တော့မှာပါ"
ချွေးစေးတို့ဖြင့်အေးစက်နေသည့်လက်ဖဝါးလေးကို တစ်ဖက်ကထွေးဆုပ်ရင်း မျက်နှာကချွေးတွေကိုကျန်တစ်ဖက်ဖြင့်သုတ်ပေးနေမိသည်။ ကားဆရာကိုလည်း အမြန်မောင်းခိုင်းရင်း သူမကို အားပေးနေမိကာ ကျက်ထားတဲ့ အဂျုလိမာလသုတျကလညျးရှတျရအောငျ အစတောင်ဖော်လို့မရ။
"အား....ကျွတ်....ကျွတ်....နာလိုက်တာ... အမေရေ...အ"
"မေမေရှိတယ် သမီး...ရောက်တော့မှာ...မေမေရှိတယ်နော် သမီးနားမှာ မေမေရှိတယ်။ ဘုရားကို အာရုံပြုထား သမီး"
ဒေါ်စနိုးက သမီးဖြစ်သူရဲ့စိုကပ်နေသည့် ဆံစတွေကို သပ်ပေးရင်း အားပေးနေသည်။
"အ....နာတယ်...အရမ်းနာတာပဲ... အား...ကျွတ်...."
"အင်းပါကွာ...ရောက်တော့မယ်...ဆေးရုံရောက်ရင် သက်သာသွားမှာပါကွာ ခဏနော်...ခဏလေးပါ...ပခြုပ် ရယ်"
"အား....စွဲ....အမေ့..."
တစ်ချက်တစ်ချက်ခါးလေးကော့ထိုးတိုင်း သူဆုပ်ကိုင်ထားသည့်လက်လေးက တင်းခနဲဖြစ်သွားပြီး ပခြုပ်ရဲ့မျက်နှာလေးက ဝေဒနာခံစားနေရတာကို သူဘယ်လိုမှ မကြည့်ရက်နိုင်ပါ။ ဖြစ်နိုင်ရင် ယောကျ်ားကြီးတန်မဲ့ ကိုယ်တိုင်ဝင်မွေးပေးလိုက်ချင်သည်။
"အား....."
"ခဏနော်....ရောက်ပြီ ပခြုပ်...ရောက်ပြီ။ နာတာတွေအားလုံးသက်သာသွားမှာပါကွာ..."
ကိုယ့်ကိုနှစ်သိမ့်တာမှန်း သိသိလျက်ဖြင့် နွေးထွေးမှုအပြည့်ပါသည့် သူ့စကားမှာ သူမ ကျေနပ်နေမိသည်။ တစ်ချက်တစ်ချက် မိန်းမောသလို ဖြစ်သွားရင်း သူဆုပ်ကိုင်ထားသည့်ကြားက သူ့လက်မောင်းကို အားကိုးတကြီးပြန်လည်ဆုပ်ကိုင်နေမိရင်း၊
"အမေ့....အား...."
"အင်း...အင်းပါကွာ..."
သူမကို ကားပေါ်ကနေပွေ့ချီပြီး ထရော်လီပေါ်တင်တွန်းလာသည့်အထိ ပခြုပ်သတိလုံးလုံးမလစ်ပါ။ နာကျင်စွာအော်ဟစ်ရင်း မေ့တစ်ချက်လျော့တစ်ချက်ဖြစ်နေသည်။ အနားမှာ တစ်တွတ်တွတ်အားပေးလာသည့် မေမေ့အသံနှင့် သူ့အသံကို ကြားနေပေမယ့် ပခြုပ်ပြန်မပြောနိုင်။
အပိုင်း(၂၃)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း