book

Index 4

အပိုင်း(၂)

Zawgyi


မိုးသည်းည...ကာရန်


~~~~~~~~~~


"ဟဲ့ပခြုပ်......."


"အေမ့.........."


နောက်ကနေ ကျောကုန်းကို ပုတ်လိုက်ကာ အသံပြုလိုက်တာမို့ နတ်ပခြုပ်လန့်သွားကာ

လက်ထဲက ယောင်းမလေးလွတ်ကျသွား၏။

ပခြုပ်လန့်သွားပုံလေးကို ကြည့်ပြီး မြရွှေကြုတ်က ဟားတိုက်ရယ်မောလို့နေသည်။

ရွှေကြုတ်တို့က အစ်မရယ်လို့ ဘယ်တုန်းကမှ မရိုသေ။ တစ်နှစ်ပဲ ကွာတာမို့ ခေါ်လိုက်ရင်လည်း ပခြုပ်...ပခြုပ်နဲ့။ အကြီးရယ်လို့ လေးစားသမှုနည်းနည်းလေးတောင်မရှိ။


"ပခြုပ်.....နင်ငိုနေတာလား..."


ယောင်းမလေးကို ကောက်လိုက်ရင်း ဘေစင်မှာ ရေဆေးပြီး ပြန်လှည့်လာမှ ပခြုပ်မျက်နှာ

ကို ရွှေကြုတ်မြင်သွားသည်။ ပခြုပ်က မျက်နှာကို တစ်ချက်ပွတ်လိုက်ပြီး၊


"မီးခိုးတွေခိုးလို့ပါ....."


 ရှောင်လွှဲဖြေလိုက်တဲ့ ပခြုပ်ကို ရွေကြုတ်က 

သေချာအကဲခတ်ရင်း ထမင်းအိုးမွှေနေသည့်

ပခြုပ်ကို ပုခုံးကနေ ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်ကာ၊


"ညာနေတာ.....အဟင်း....ပခြုပ်ရာ။ နင် ငါ့ကိုညာလို့ရမယ်ထင်နေသလား။ နင့်မျက်လုံးတွေ ဒီလောက်အစ်ပြီး နီရဲနေတာ..."


ပခြုပ်က ရွှေကြုတ် လက်တွေကိုဖယ်ချပြီး

အရှေ့ပြန်လှည့်လိုက်ကာ၊


"နင် ညကပြန်မအိပ်ဘူးမို့လား...ရွှေကြုတ်"


ရွှေကြုတ်မျက်နှာလေးက ဘာမှ ပြောင်းလဲသွားခြင်းမရှိဘဲ ပခြုပ်ကို ကျောခိုင်းကာ ထမင်းအုပ်ဆောင်းကို သွားဖွင့်နေ၏။ 


"နင် ငါ့အိပ်ယာမှာလာအိပ်တယ်မို့လားပခြုပ်.."


ပခြုပ်ကိုယ်လေးဆက်ခနဲတုန်သွားကာ မျက်နှာလေးက သွေးရောင်လွှမ်းသွား၏။

ပခြုပ်ရဲ့ မျက်နှာအပြောင်းအလဲကို ကျောခိုင်းနေတာမို့ ရွှေကြုတ်က မမြင်။


"နင်မိန်းကလေးဆိုတာလည်း သတိရဦး ရွှေကြုတ်...။ တစ်ညလုံးပြန်မလာဘဲနေရအောင်

နင်...."


ရင်ထဲမှာ ကြင်ရှနာကျင်ကာ ပခြုပ်ပြောဆို

နေပေမယ့် ဘယ်တုန်းကမှ ဂရုမစိုက်တတ်တဲ့ရွှေကြုတ်က ပုခုံးတစ်ဖက်တွန့်လိုက်ကာ၊


"နေရာတကာမပါနဲ့ ပခြုပ်။ ငါ့ကို မေးတာမြန်းတာချုပ်ချယ်တာတွေ ငါမကြိုက်ဘူး။

ခုခေတ်မှာ မိန်းမမို့ ညအပြင်မထွက်ရဘူးဆိုတဲ့ ဥပဒေမရှိဘူး။ နင်သာ ခေတ်ကို မျက်ခြေ

ဖြတ်ချင်နေတာ"


"ဘာ....."


ရွှေကြုတ် စကားလုံးတွေကြောင့် ပခြုပ်ရင်နာသွားရသည်။ ပြောရက်လိုက်တာ...။

သူ့ကြောင့် သူမဘာဖြစ်ခဲ့သလဲ မသိ။ ရွှေကြုတ် နင့်ကြောင့်....ဟင့်....။


အနာကို တုတ်နဲ့ အဆွခံလိုက်ရတာမို့ ပခြုပ်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျကုန်၏။ရည်းစားကို ယောင်လို့တောင်မထားခဲ့ဖူးတဲ့သူမ...အပျိုစင်ဘဝကို အသက်ထက်မြတ်နိုးတန်ဖိုးထားခဲ့ပါသော သူမ။ လူယုတ်မာ...လူရမ်းကားကြောင့်...သူမဘဝက....။ 


"ညက အိမ်ပြန်မအိပ်တာ နင်နော်ရွှေကြုတ်။မိန်းကလေးဖြစ်ပြီး ရည်းစားတွေမှိုလိုပေါက်ထားတာရော ကောင်းတယ်ထင်နေသလား။ ပြီးတော့ ညက နင် ဘယ်မှာ သွားအိပ်တာလဲ ရွှေကြုတ်..."


"နင်သိစရာ မလိုပါဘူး။ ငါ့ထက် တစ်နှစ်လေးကြီးတာနဲ့ ဆရာကြီးဂိုက်ဖမ်းမနေစမ်းနဲ့။

နင့်ဘာသာ ဘာနှစ်ဘဲ ရောက်ရောက်၊ဘာတန်းဘဲတက်နေနေ ငါအထင်မကြီးဘူး.."


ရွှေကြုတ်ရဲ့ အပြောက ပခြုပ် ရင်ထဲနင့်ခနဲဖြစ်သွားစေကာ မျက်ရည်တွေချက်ချင်းဝဲတက်လာရ၏။ ကိုယ်ကတော့ ညီမလေးဆိုပြီး ချစ်လိုက်ရတာ ။ ရွှေကြုတ် ပြောဆိုနေသမျှ နာရကောင်းမှန်းလည်း မသိ။ သူမကကျတော့ ပြောထွက်ရက်သည်။ ဆယ်တန်းကို သုံးနှစ်ဆက်တိုက်ကျပြီး ရည်းစားများတဲ့ ဂုဏ်ပုဒ်ကို ကျေကျေနပ်နပ်ကြီးခံယူထားတဲ့ မြရွှေကြုတ်။


"ရွှေကြုတ်.....ငါက နင်ကောင်းဖို့ပြောနေတာနော်။ ဒီနှစ်တော့ နင်ဆယ်တန်းအောင်အောင်ဖြေသင့်တယ်။ မေမေတို့လည်း နင့်အတွက်ဘယ်လောက်ပူပန်နေရသလဲ နင်သိသားနဲ့ ရွှေကြုတ်ရယ်.."


"တော်စမ်းပါ...သူတို့လိုချင်တဲ့ ဂုဏ်ဒြပ်တွေကို သမီးလိမ္မာဖြစ်တဲ့ နင်ဘဲဖြည့်ဆည်းပေးလိုက်ပေါ့။ နင်က သူတို့ရဲ့အချစ်တော်သမီးဘဲ။ နင်ဘဲ သူတို့စိတ်ချမ်းသာအောင်နေ။ ငါကတော့ မနေနိုင်ဘူး.."


"ရွှေကြုတ်....မိဘတွေကို အဲလိုမပြောပါနဲ့။မေမေတို့ဖေဖေတို့က ငါတို့ညီအစ်မနှစ်ယောက်လုံးကို အတူတူချစ်တာပါဘဲ။ ပြီးတော့ နင့်ကို မေမေတို့ဘယ်လောက်ချစ်သလဲ နင်သိရဲ့သားနဲ့ ရွှေကြုတ်ရယ်"


"ကျစ်.....သွားစမ်းပါ။ ချစ်တာမဟုတ်ဘူး...အလကား သူတို့ဖြစ်စေချင်တဲ့အတိုင်း သားသမီးတွေကို ရုပ်သေးရုပ်တွေလို ကြိုးဆွဲချင်တာ။ နင်သာ သူတို့ကြိုးဆွဲရာကနေ...ငါကတော့ မနေနိုင်ဘူး။ ကိုယ်လုပ်ချင်တာလုပ်မှာဘဲ"


"မဟုတ်ဘူး ရွှေကြုတ်...နင် မိဘတွေကို အဲလို မပြောသင့်ဘူး။ မိဘဆိုတာ သားသမီးတွေကောင်းစားတာဘဲမြင်ချင်ကြပြီး အဲလို ကောင်းစားအောင် လမ်းမှန်ကို ပို့ပေးကြတာ။နင် မိဘတွေကို မစော်ကားနဲ့ ရွှေကြုတ်"


ထမင်းအိုးငှဲ့နေရင်း ပခြုပ် မခံမရပ်နိုင်စွာထပြောလိုက်သည်။ သူမအပေါ် ဘယ်လိုပဲ ပြောဆိုနေပါစေ အကြီးပီပီ သူမခံနိုင်သည်။မိဘကို စော်ကားပြောဆိုတာတော့မခံချင်။


"ဘာစော်ကားတာလဲ။ ဘာမှမစော်ကားဘူး။သားသမီးတွေကို နေရာတကာချယ်လှယ်ချင်တာကို ပြောပြတာ။ ငါ့ကိုဘဲကြည့်လေ...ဆယ်တန်းမအောင်တာလေးကို အပြစ်ကြီးတစ်ခုလို ဆူပူနေတာ။ ဆယ်တန်းမအောင်တာလေးနဲ့ဘဲ လူတော်မတိုးဝံ့တော့သလိုလို...။ သွားစမ်းပါ...အဲလိုဖြစ်နေလို့ကို တမင်အောင်အောင်မဖြေတာ။ ပခြုပ်...နင့်ကိုလည်း ငါပြောထားမယ်နော်။ ငါ ညကပြန်မအိပ်တာကို ဖော်ကောင်လုပ်ရင်တော့ ငါ့အဆိုးမဆိုနဲ့"


ငခြုပ်..ရွှေကြုတ် ရဲ့ခြိမ်းခြောက်သလို အပြောကြောင့်ထမင်းအိုးကို ခွင်ပေါ်ပြန်တင်ရင်း၊


"ရည်းစားတွေများတာလည်း မကောင်းဘူး ရွှေကြုတ်။ပြီးတော့...နင် မိန်းကလေးတန်မဲ့ အပြင်မှာ ညအိပ်တာလည်း...."


"ဟာ!.......နားတွေငြီးလိုက်တာ။ ငါ့ကိစ္စငါ နင်သိစရာမလိုဘူး။ တော်ပြီဟာ...မပြောချင်တော့ဘူး"


ထမင်းအုပ်ဆောင်းကို ဆောင့်ခနဲပစ်ချကာ ထွက်သွားသည့် ရွှေကြုတ်ကျောပြင်လေးကို လိုက်ကြည့်ရင်း ပခြုပ်မျက်ဝန်းအိမ်မှာ မျက်ရည်တို့စိုစွတ်လို့လာသည်။ ဝမ်းနည်းနာကျင်ခြင်းများကြောင့် မျက်ရည်မြစ်က တလဟော စီးဆင်းလေတော့၏။


"ကလစ်....ဝူး....."


ရွှေကြုတ်ကတော့ ဒေါသတကြီးဖြင့် ဆိုင်ကယ်မောင်းထွက်သွားတော့သည်။ ပြောမရဆိုမရတဲ့ညီမကိုလည်း မနိုင်။ မိဘကိုလည်းပြန်မတိုင်ရက်...။ ပခြုပ်သာ ပြန်တိုင်ခဲ့ရင် ရွှေကြုတ်အဆူခံရမှာ သူမမလိုလားပါ။ ဒါကြောင့် ရွှေကြုတ် ဘာတွေလုပ်နေနေ မေမေတို့ကွယ်ရာမှာသာ ရွှေကြုတ်ကို ကြိတ်ပြောနေပေမယ့် မေမေတို့ရှေ့ရောက်တာနဲ့ ပခြုပ်ပါးစပ်ပိတ်နေသည်။ 


တစ်နှစ်ထဲ ကြီးတဲ့ သူမအပေါ် ကြင်နာရကောင်းမှန်းနားမလည်။ ငယ်ငယ်ထဲက အငယ်လေးဆိုပြီး ပခြုပ်ဘက်က အမြဲတမ်းအလျှော့ပေးကာ အလိုလိုက်ခဲ့သမျှ ရွှေကြုတ်ကကျတော့ ပခြုပ်အပေါ်အနိုင်ယူဗိုလ်ကြမြဲ။ အကြီးဖြစ်တဲ့ သူမကို အစ်မလို့လည်း

မသတ်မှတ်။ မိဘတွေက ငယ်ငယ်ထဲက မမလို့သင်ထားခဲ့ပေမယ့်...ရွှေကြုတ်တို့ လေးငါးနှစ်သမီးလောက်ရောက်တော့ မမလို့ခေါ်နေ

ရာကနေ ပခြုပ်လို့ပြောင်းခေါ်ခဲ့တာ ခုချိန်ထိ။အကြီးကို ပခြုပ်လို့ခေါ်ရမလားဆိုပြီး ဖေဖေရိုက်တော့လည်း အသားသာအနာခံတာ ပခြုပ်ကနေ နည်းနည်းလေးမှမလျော့။ပခြုပ်လို့...ရွှေကြုတ်ခေါ်တာကို ကလေးဘဝမို့ အဒေါ်တွေဦးလေးတွေက ချစ်စနိုးဖြင့် နားထောင်ကောင်းတယ်လို့ မြှောက်ပေးကြ၏။ ရွှေကြုတ်ကတော့ ဘယ်သူတွေ ပြောနေပါစေ ပခြုပ်ကို မမလို့မခေါ်တော့ပေ။ ပခြုပ်လို့ခေါ်ပြီး နင်နဲ့ငါနဲ့ပြောသည်။ တစ်တန်းငယ်တယ်ဆိုပေမယ့် ပခြုပ်တက်တဲ့အတန်းကို လာပြီး ပခြုပ်အပေါင်းအသင်းတွေနဲ့ရန်ဖြစ်တတ်တာ မြရွှေကြုတ်။


ဦးတက်လူနဲ့ ဒေါ်စနိုးတို့ရဲ့ ရင်နှစ်သည်းချားသမီးရတနာလေးတွေ။ မြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ ပခြုပ်တို့ရွာက အိမ်ခြေတစ်ရာကျော်ကျော်သာရှိ၏။ မြို့ကနေ ကျောက်ချောလမ်းမကြီးက ပခြုပ်တို့ ရွာနားတစ်လျှောက်ဖြတ်သွားတာမို့ လမ်းပန်းဆက်သွယ်ရေးအထူးကောင်းမွန်တယ်လို့ဆိုရမည်။ အထက်တန်းကျောင်း၊ ကျေးရွာဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်း ရှိနေတာမို့ ပခြုပ်တို့ရွာက လူစည်သည်။ အနီးအနားတစ်ခုလုံးက ရွာတွေအားလုံး...ပခြုပ်တို့ရွာဘုန်းကြီးကျောင်းကို ကိုးကွယ်ဆည်းကပ်ကြ၏။ ကျောက်ချောလမ်းမကြီးက ပခြုပ်တို့ ရွာနဲ့သိပ်မဝေး။ ကျေးရွာမှာ လျှပ်စစ်မီးတွေမရှိသေးပေမယ့် solarတွေဖြင့် ရွာလုံးကျွတ် မီးလင်း၏။ 


တောသူတောင်သားတွေမို့ လယ်နဲ့ခြံကိုသာ ဦးစားပေးလုပ်ကိုင်ကြတာမို့ ပခြုပ်တို့ ရွာပတ်လည်မှာ လယ်ကွင်းတွေက တမျှော်တခေါ်ကြီး။ ပခြုပ်တို့ရဲ့ဘိုးဘေးဘီဘင်လက်ထပ်ထဲက လယ်တွေလုပ်လာခဲ့တာ ပခြုပ်တို့လက်ထပ်ရောက်တော့လည်း တခြားစီးပွားရေးမလုပ်ဘဲ ဒီလုပ်ငန်းတွေသာ ဆက်လက်လုပ်ကိုင်ခဲ့ကြရတယ်။ 


ပခြုပ်တို့အိမ်ဘေးတွင်ဂိုထောင်ကြီးဆောက်ကာ စပါးတွေ၊ပဲတွေသိုလှောင်ပြီး စျေးတက်ချိန်မှာပြန်ထုတ်တတ်သည်။ လယ်ဧကများစွာလုပ်ကိုင်တာမို့ ပခြုပ်တို့အိမ်က အလုပ်သမားမပြတ်။ ကောက်ရိတ်စက်ပါထောင်ထားတာမို့ ခုလိုရိတ်ချိန်မျိုးဆို လက်ဖျားငွေသီးလေတော့သည်။ ပခြုပ်တို့ ကိုယ့်လယ်တွေရိတ်ချိန်ရောက်ရင် အလုပ်တွေရှုပ်တော့သည်။ ရိတ်သိမ်းပြီးသား စပါးတွေကို လယ်ကွင်းထဲကနေ ပခြုပ်တို့ အိမ်အရောက် ဆိုင်ကယ်ကယ်ရီသမားတွေက သယ်ပိုးပို့ကြပြီး စပါးအိတ်တွေကို ဂိုထောင်ထဲသွင်းတော့၏။ ထိုအချိန်ဆို ပခြုပ်တို့ပါ မနေသာ။ ရိတ်ချွေစက်နောက် မေမေနဲ့လျှောက်လိုက်ရင်း ကိုယ့်စက်နဲ့ ရိတ်မဲ့ လယ်သမားတွေကို လိုက်စပ်ရသေးသည်။ဖေဖေက ပခြုပ်တို့လယ်ထဲနဲ့ အလုပ်များနေချိန်...မေမေနဲ့ပခြုပ်က ပခြုပ်တို့ရိတ်ချွေစက်နောက်ကို ဆိုင်ကယ်တစ်စီးဖြင့် ပတ်လိုက်ရင်း အလုပ်များနေခဲ့ရ၏။ ထိုအချိန်မျိုးတွင် အိမ်မှာ အသက်သာဆုံးက မြရွှေကြုတ်ပင်။


အိမ်မှာ ရွှေကြုတ် စိတ်ဝင်စားတာ ဘာမှမရှိ။ မေမေကို ဆိုင်ကယ်နဲ့ အနှံ့လိုက်ပို့ဖို့လည်း စိတ်မဝင်စား။ အိမ်မှာထမင်းချက်ပြီးကျန်ခဲ့ပါဆိုတော့လည်း မဟုတ်။ ရွှေကြုတ်တို့က ဘယ်သူတွေဘယ်လောက်အလုပ်ရှုပ်ရှုပ် အစားမပျက်၊အသွားမပျက်၊ အအိပ်မပျက်။ဆိုင်ကယ်တစ်စီးနဲ့လျှောက်လည်ချင်လည်၊မလည်ချင်ရင်လည်း ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေတတ်၏။ ဆယ်တန်းသုံးနှစ်ကျထားလို့လည်း ရှက်ရကောင်းမှန်းမသိ...ရွှေကြုတ်တို့အချိုးမပြောင်း။ ပခြုပ်တို့မိသားစုက ရွာနီးချုပ်စပ်မှာ ကြွယ်ဝတယ်လို့ဆိုရမည်။ တိုက်ခံနှစ်ထပ်ပြင်ထောင်အိမ်ကြီးက ဟီးထနေလျက် အိမ်ဘေးတွေ နွားတင်းကုတ်ဖြင့် နွားတွေမွေးထားသည်။ ထိုတင်းကုတ်ဘေးတွေ စပါးတွေ၊ပဲတွေသိုလှောင်သည့် ဂိုထောင်ကြီးအပြင် ထော်လာဂျီ၊ထွန်စက်တွေ၊ရိတ်ချွေစက်တွေပါရှိ၏။


ပခြုပ်ရဲ့ဦးလေး၊ဒေါ်လေးတွေကလည်းရွာထဲမှာ မျက်နှာဖုံးတွေမို့ ပခြုပ်တို့မိသားစုဆိုလူရှိန်၏။ ပခြုပ်တို့အိမ်မှာလည်း ဖေဖေနဲ့မေမေကသဘောကောင်းသလောက် ပခြုပ်ကိုရှိန်ကြသည်။ ရွှေကြုတ်ကျတော့ လူချစ်လူခင်များသည်။ ငယ်ငယ်ထဲက တစ်ရွာလုံးနဲ့တည့်အောင်ပေါင်းတတ်တဲ့ရွှေကြုတ်နဲ့၊ ကလေးဘဝထဲက ကျောင်းစာတွေနဲ့ စာအုပ်တွေကြားအလုပ်များနေတဲ့ ပခြုပ်ကိုကျတော့ လူသိနည်း၏။ ငယ်ငယ်ထဲက အိမ်ထဲမှာဘဲနေပြီး မိဘကိုကူညီတဲ့ပခြုပ်ကို ပခြုပ်တို့ရွာထဲနဲ့အနီးအနားရွာတွေကသာမြင်ဖူးတွေ့ဖူးကြသည်။ တချို့ကို ပခြုပ်ကို ကောင်းကောင်းပင်မသိ။


ပခြုပ်ဆယ်တန်းအောင်တော့ ပခြုပ်တို့မြို့ကနေ ဆယ့်ခြောက်မိုင်လောက်ဝေးသည့် ခရိုင်မြို့မှာ ကျောင်းသွားတက်ခဲ့ရာမှ ပခြုပ်နဲ့လူတွေပိုစိမ်းသွားခဲ့တော့သည်။ လေးလတစ်ဖြတ်ပြီးလို့နှစ်လပိတ်တိုင်းအိမ်ပြန်ပေမယ့်အိမ်ရောက်ရင်လည်း အိမ်ထဲမှာသာနေခဲ့တာမို့ ပခြုပ်ကို ရင်းနှီးသူနည်းသည်။ အိမ်မှာနေရင်လည်း ရွာထဲလောက်သာသွားတာမို့ ရွာထဲကလူလောက်နဲ့ ဟိုဘက်ရွာ၊ဒီဘက်ရွာလောက်သာ သိကြ၏။


ရွှေကြုတ်ကတော့ ပခြုပ်နဲ့လုံးဝမတူ။ ဒီနယ်တဝိုက်မှာ ရွှေကြုတ်မသိတဲ့လူမရှိသလို၊ ရွှေကြုတ်ကို မသိတဲ့လူကလက်ချိုးရေလို့ရသည်။ ကလေး၊လူကြီးအားလုံး ရွှေကြုတ်နဲ့သိ၏။ ပြီးတော့ ရွှေကြုတ်မတွဲဘူးတဲ့ယောက်ျားက ပခြုပ်တို့နယ်မှာ အလွန်ရှားပါးသည်။ ရွှေကြုတ်က ပခြုပ်လောက်ကိုယ်လုံးမလှပေမယ့် ဝတ်လိုက်တိုင်း မြန်မာဝတ်ဆုံတွေချည်းသာ။ ဘောင်းဘီတွေ၊ဂါဝန်တွေ လုံးဝမဝတ်ဘဲ ထဘီနဲ့ရင်ဖုံးတွေရင်စေ့တွေကို အစမ်းထွင်ချုပ်ကာ ပုံဆန်းဆန်းလေးတွေဝတ်တာမို့ ရွှေကြုတ်က ပေါ်ပြူလာဖြစ်သည်။ ဆံပင်တွေက တင်ပါးအထိဖုံးကာ မိတ်ကပ်နဲ့နှုတ်ခမ်းနီနဲ့ ရွှေကြုတ်တို့က အမြဲအလန်း။ ရွှေကြုတ်က ဘယ်တော့မှ ဖရိုဖရဲမနေ။ သူမကိုယ်သူမ အမြဲသနေတတ်ကာ  အဝတ်တွေအနည်းငယ်နွမ်းသွားတယ်ဆိုကိုင်မကြည့်တော့ပေ။ အမြဲတမ်း သစ်နေမှ ဝတ်ချင်သည်။အကောင်းစားမှ သုံးချင်သည်။အကောင်းစားမှ ဝတ်ချင်၏။


ပခြုပ်စိတ်ကကျတော့ ရွှေကြုတ်နဲ့မတူပေ။ အလှအပတွေကြိုက်ပေမယ့် သိပ်မပြင်။ မြို့မှာ ကျောင်းသွားတက်နေပေမယ့် အိမ်ရောက်တာနဲ့ပခြုပ်တို့ပုံက ရွှေကြုတ်လောက်မှ မသားနား။ ငယ်ငယ်ထဲက အိမ်မှာနေရင် ထဘီမမြဲတဲ့ပခြုပ်...ကျောင်းတက်ချိန်နဲ့လှူရေးတန်းတာတွေ၊ဘုရားကျောင်းကန်တွေကိုသွားမှ ထဘီစကပ်နဲ့အကျီကိုဝတ်သည်။ အိမ်မှာနေရင် ဂါဝန်တွေ ဘောင်းဘီတွေနဲ့သာ အနေများကာ ပုခုံးသာသာဆံပင်လေးကို အမြဲစည်းနှောင်ထားတတ်၏။မိုးလင်းတာနဲ့ သနပ်ခါးသွေးကာ မျက်နှာတစ်ပြင်လုံးလူးပြီး အိမ်မှာရှိသမျှအလုပ်တွေကို တန်းစီလုပ်တော့သည်။ ထမင်းဟင်းချက်တာက အစအဝတ်လျှော်၊မီးပူတိုက်၊အလုပ်သမားတွေကိစ္စကအစပခြုပ့်တာဝန်။ တစ်နေ့တစ်နေ့ အဲဒီတာဝန်တွေနဲ့ပိနေတဲ့ပခြုပ်ကို တချို့ကကျောင်းသားလို့ပင်မထင်။ ဆယ်တန်းတောင်မအောင်သေးတဲ့ရွှေကြုတ်ကိုကျတော့ တက္ကသိုလ်တက်နေတယ်လို့ထင်ကြ၏။


ထင်လည်းထင်စရာပင်..အိမ်ကိုဧည့်သည်လာလျှင် ပခြုပ်ကပြေးလွှားလုပ်ကိုင်နေသလောက်ရွှေကြုတ်တို့က တမလင်ကွပ်နဲ့လက်သည်းဆိုးမပျက်။ ပခြုပ်က ဒီနှစ်ဘွဲ့ရတော့မည်။ ရွှေကြုတ်က ဆယ်တန်းကိုဟေးလားဝါးလားလုပ်လို့ကောင်းတုန်း။ဘော်ဒါမှာသွားထားတော့လည်း မနေ။ဘယ်လိုမှ ပြောမရတဲ့မြရွှေကြုတ်။


ပခြုပ်က ရည်းစားထားရမှာစိတ်မဝင်စားပါ။ ကျောင်းသွားတက်နေပေမယ့် ပခြုပ်ရည်းစားမထားခဲ့။ ပခြုပ်တကယ်ချစ်တဲ့သူရှိလာခဲ့ရင် ထိုသူကသာ ပခြုပ်ရဲ့အချစ်ဦး၊ရည်းစားဦးဖြစ်စေချင်သည်။အပျော်အပျက်သဘောနဲ့ပခြုပ်ရဲ့ ပါးလေးတွေလက်လေးတွေကို အအိုမခံချင်။ ပခြုပ်တကယ်ချစ်တဲ့သူကိုသာ လက်ထပ်ပြီး ပခြုပ်ရဲ့ သန့်ရှင်းတဲ့အပျိုစင်ဘဝလေးကို ပေးချင်သည်။ ခုတော့ ပခြုပ်ရဲ့စိတ်ကူးတွေ၊မျှော်လင့်ချက်တွေ ပြိုလဲပျက်ဆီးခဲ့ရလေပြီ။


ပခြုပ်အရမ်းကို မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ပခြုပ်ရဲ့ ခန္ဓာကိုယ်လေးက ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူရမ်းကားလက်မှာ ကြွေလွင့်ခဲ့လေပြီ။ ပခြုပ်..ကိုယ့်ကိုယ်ကို မသတီတော့ပါ။ လူလောကကြီးမှာ ရှင်သန်နေရတာကိုလည်း စိတ်ပျက်သွားရကာ သိမ်ငယ်ရှက်ရွံခြင်းတွေသာပြည့်နှက်လို့နေတော့၏။ပခြုပ်ရဲ့ ခန္ဓာကိုယ်က မသန့်ရှင်းတော့ပါ။ သွေးသားကို ဝါးမြိုတတ်သော ရာဂဘီလူးလက်ဝယ် အစိပ်စိပ်အမွှာမွှာဖြစ်ခဲ့လေပြီ။ ဘယ်သူ့ကို မပြစ်တင်ရမလဲ ပခြုပ်မသိ။ အိမ်မှာမနေဘဲ ရည်းစားနဲ့အပြင်မှာချိန်းတွေ့တဲ့ ညီမဖြစ်သူရွှေကြုတ်ကိုအပြစ်ဆိုရမလား။သည်းထန်စွာရွာသွန်းနေတဲ့မိုးကိုဘဲ အပြစ်ပုံချရမလား။ မေမေတို့အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး ရည်းစားတစ်ယောက်နဲ့ချိန်းတွေ့တဲ့အပြင် နောက်တစ်ယောက်ပါ အိမ်ကို ခေါ်တဲ့ ရွှေကြုတ်လား။ ဒါမှမဟုတ်...ချစ်သူရည်းစားဘဝမှာတင် အခွင်အရေးယူကာ သွေးသားဆန္ဒကို ရှေ့တန်းတင်တဲ့ ထိုလူစိမ်းကိုဘဲ အပြစ်တင်ရမလားမသိတော့ပေ။


ဘယ်သူတွေ မှားသည်ဖြစ်စေ ပခြုပ်ဘဝကတော့ ပြန်လည်ဖြူစင်လာတော့မည်မဟုတ်။ အမည်းစက်စွန်းထင်းသွားသည့် အဖြူရောင်လေးလို ဖျက်ဖို့ကြိုးစားလေ ပိုစွန်းထင်းလေဖြစ်တော့မည်။ မေမေတို့ဖေဖေတို့များသာ သိသွားရင်....။ တွေးလိုက်တာနဲ့ပခြုပ် မျက်ရည်တွေသုတ်မနိုင်တော့ပေ။ ပခြုပ်ကြောင့် မေမေတို့အရှက်ခွဲရတော့မဲ့အဖြစ်...။ ပိုဆိုးတာက ဘယ်သူဘယ်ဝါက လာစော်ကားမှန်းမသိတဲ့ ပခြုပ်အဖြစ်က ရင်နာစရာအကောင်းဆုံးပါ။ ပခြုပ်မောပန်းကာအိပ်ပျော်သွားချိန် ထိုလူစိမ်းဘယ်အချိန်ပြန်သွားသလဲ မသိလိုက်။ ရွှေကြုတ်လို့ခေါ်နေတာမို့ ပခြုပ်ကို ရွှေကြုတ်နဲ့မှားပြီး စော်ကားသွားခဲ့တာ။ ဘုရား...ဘုရား ရွှေကြုတ်နဲ့ ဘယ်အဆင့်အထိများ ကျော်လွန်ပြီးကြလို့ ခုလို အိမ်ထဲကို ဝင်လာပြီး စော်ကားရဲတာလဲ။ ရွှေကြုတ်ရယ် မိုက်လိုက်တာ။ ခုတော့...သူမပါ...။ ပခြုပ်အဖြစ်က လူမှားစော်ကားခံရတဲ့အဖြစ်။ ဘယ်လောက်ဆိုးဝါးပြီး နာကျင်စရာကောင်းလိုက်သလဲ။ 


ဖျတ်ခနဲလန့်နိုးလာတော့ အနားမှာ ထိုလူမရှိတော့ပေ။ မနက်လေးနာရီထဲက ပခြုပ်ငိုနေခဲ့တာ ခုချိန်ထိ မျက်ရည်မစဲ။ ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်ကာ ဝမ်းနည်းမိသည်။ အဖန်ငါးရာ ငါးကမ္ဘာသာမရှိရင် ပခြုပ်ကိုယ့်ကိုယ်ကို သတ်သေမိမလားမသိ။ မေမေတို့ကိုလည်း အသိမပေးရဲသလို ရွှေကြုတ်ကိုလည်း ဖွင့်မပြောရဲ။ ပခြုပ်အဖြစ်က.....ဟင့်...ဟင့်။


ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဖြစ်မှာ သူမကိုများလှောင်ပြောင်နေမလားလို့ သိမ်ငယ်စိတ်တွေက တစ်မနက်လုံးပခြုပ်ကိုနှိပ်စက်လို့နေလေတော့သည်။ ငိုရလွန်းလို့ ခေါင်းတွေကိုက်ကာ မျက်လုံးအိမ်တွေပါရဲနေလေပြီ။ ပခြုပ်ရဲ့ နာကျင်ခြင်းတွေက ပျောက်ကွယ်မသွားခဲ့။ပခြုပ်ဝတ်ခဲ့တဲ့ဂါဝန်ကို လုံးခြေကာ ဗီရိုချောင်ထဲထိုးထည့်ထားကာ သူမကိုယ်လေးကို ရေတွေအထပ်ထပ်လောင်းချပစ်လိုက်သည်။ ရေကန်မှာ တစ်နာရီလောက် ပခြုပ်အချိန်ဖြုန်းနေလိုက်သည်။သူနဲ့ထိစပ်ခဲ့တဲ့ပခြုပ်ကိုယ်ပခြုပ်ရွံ့ရှာကာ ရေတွေလောင်းချနေပေမယ့် ပြောင်သွားတယ်လို့ မထင်။စိတ်ထဲမသန့်...။သူနမ်းခဲ့တဲ့နေရာတွေ၊သူထိစပ်ခဲ့တဲ့နေရာတွေကို အသားတွေပဲ့ကြွေမတတ် ဆပ်ပြာတွေအထပ်ထပ်တိုက်ခဲ့သည်။ နောက်ဆုံး ပခြုပ်အသားတွေပြာကာ နှုတ်ခမ်းတွေတဆက်ဆက်တုန်ခါလျက် အဖျားတက်မတတ်တုန်ခါလာမှ အိမ်ပေါ်ပြန်တက်ခဲ့လိုက်သည်။ အဝတ်စားလဲရင်း မှန်ထဲမှာမြင်နေရတဲ့ ပခြုပ်ကို ပခြုပ်ပြန်ကြည့်ကာ ဝမ်းနည်းတကြီး ငိုချလိုက်မိသည်။ မနေ့ကနတ်ပခြုပ်နဲ့ ဒီနေ့နတ်ပခြုပ်... မတူတော့။ မနေ့ကအထိ နတ်ပခြုပ်ဆိုတာ ဘာအပူအပင်မှ မရှိတဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းရင်း ကလေးဆန်ဆန်လေးနဲ့အပြစ်ဆိုမြူတစ်မှုန်မှ မရှိသူ။ ခု မှန်ထဲမှာမြင်နေရတဲ့ နတ်ပခြုပ်ကတော့ မဖြူစင်မသန့်ရှင်းတော့တဲ့ခန္ဓာကိုယ်နဲ့ အပျိုစစ်စစ်မဟုတ်တော့တဲ့ အစော်ကားခံအကြွေပန်း။ ဘဝချင်းက မတူတော့ပေ။ ထို့အပြင် နတ်ပခြုပ်ရဲ့စိတ်ဓာတ်တွေပါ ပြောင်းလဲလို့သွားခဲ့လေပြီ။ ရဲရင့်ပြတ်သားခဲ့တဲ့ နတ်ပခြုပ်တစ်ယောက်သိမ်ငယ်စိုးထိတ်ခြင်းတွေ ချက်ချင်းပြောင်းသွားရကာ အချိန်တိုင်းကျီးလန့်စာစားနေရတော့မဲ့အဖြစ်။


ပခြုပ်...ပခြုပ် ဖြစ်လာမဲ့ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့ပါ။ ပခြုပ် ဘာလုပ်ရမလဲ။ပခြုပ်ဘာလုပ်သင့်သလဲ မေမေရယ်။ တကယ်လို့များ...ပခြုပ်မှာကိုယ်ဝန်ရှိလာခဲ့ရင်.....ပခြုပ်..ဘယ်လိုရင်ဆိုင်ရမလဲ။ လောကကြီးကို ပခြုပ်ဘယ်လိုရင်ဆိုင်ရပါ့မလဲ။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~


"ကျွီ.....ထောက်......"


"လာပါပြီ.... ဒေါသကုမ္ဘာရ...."


"အေးလေဟယ်....မျက်နှာကြီးက အမြဲတမ်းဆူပုတ်နေတာဘဲ။ ဘာကိုကြည့်ပြီး ကောင်လေးတွေက ကြိုက်သလဲ မသိဘူး..."


"မြရွှေကြုတ်ဆိုတာနဲ့ မီးကို သေနေကြတာပါလား.."


လှမ်းနေသည့် ရွှေကြုတ် ခြေလှမ်းတွေ စကားသံတွေကြောင့် ရပ်တန့်သွားပြီးစကားသံလာရာကို မျက်လုံးက တန်းခနဲရောက်သွား၏။ ထင်တဲ့အတိုင်းပါဘဲ...ရွာမြောက်ပိုင်းက ယွန်းမီတို့ ဆောင်းယွန်းတို့အုပ်စုပင်။ ရွှေကြုတ်ကြည့်လိုက်မှ ရွှေကြုတ်ဆီရောက်နေတဲ့ အကြည့်တွေကို လွှဲဖယ်သွားကာ၊


"အဟင်း....အရမ်းအထင်ကြီးနေတာပါဟာ။ ရည်းစားတွေဒီလောက်များနေတာ ဘယ်ယောက်ျားက အထင်ကြီးမှာလဲ"


မြအိက သူမကို ရွံ့ရှာသလိုလို...အထင်သေးသလိုလိုဖြင့် ဝေ့ကြည့်ပြီးမှ စကားဆက်၏။


"အေးလေဟယ်....ရွာလယ်ပိုင်းက ထက်ရှိုင်းဆို ငါ့ကို ဘာပြောလဲ သိလား"


ယွန်းမီက သူရှေ့က မြအိနဲ့ဆောင်းယွန်းကို မျက်စပစ်ပြလိုက်တော့ ဆောင်းယွန်းက ဘူးသီးကြော်ကို အချဉ်ရည်ဖြင့်တို့ရင်း၊


"ပြောစမ်းပါဦး...."


ပါးစပ်ထဲသို့ အကြော်ကို လှလှပပလေးသွင်းရင်း မေးဆတ်မေးလိုက်တော့၊


"အဲမိန်းမကို အလိုက်ပေးရင်တောင် မယူဘူးတဲ့လေ။ သူ့တစ်ကိုယ်လုံးမှာ မက်မောစရာဘာရှိတော့လို့လည်းတဲ့လေ...."


"အဟီး.....ဟုတ်ပါ့နော်....."


ရွှေကြုတ် လက်သီးကို ကျစ်နေအောင်ဆုပ်ရင်း နှုတ်ခမ်းကို ကိုက်ပစ်လိုက်သည်။ ကိုယ့်အတင်းကို ပြောနေတာမှ ဗြောင်။ ထိုစဉ်....၊


"ဟေး...ရွှေကြုတ်....ကိုယ်ဒီမှာ...."


ရွှေကြုတ်လက်သီးလေးပြေကျသွားရကာ အသံလာရာဆီ အကြည့်တွေရောက်သွားရသည်။ ထိုအခါ...လက်ဝေ့ရမ်းလျက် ရယ်ပြနေသည့် မင်းသစ်။ ထောင့်စားပွဲပုလေးဆီ ရွှေကြုတ် လှမ်းလာခဲ့သည်။ 


"ခဏ......"


ရွှေကြုတ်အတွက် ခုံပုလေးကို မင်းသစ်က တစ်သျှူးဖြင့် သေချာသုတ်လိုက်ပြီးမှ ရွှေကြုတ်ဘက်တိုးပေးကာ၊


"ထိုင်လို့ရပါပြီခင်ဗျာ...."


မင်းသစ်ရဲ့ အလိုက်သိမှုကြောင့် စောစောက ထွက်နေတဲ့ ဒေါသတွေက ကြောက်ပျောက်ငှက်ပျောက် ပျောက်သွားရကာ ခုံမှာဝင်ထိုင်လိုက်ပြီး မင်းသစ်ကို ချိုအီအီလေးပြုံးပြလိုက်မိသည်။ ရွှေကြုတ် မင်းသစ်ကို သဘောကျတာ အဲဒီအချက်တွေကြောင့်ပင်။ မင်းသစ်က ရွှေကြုတ်လိုချင်တဲ့အချက်တွေမရှိပေမယ့် ရွှေကြုတ်စိတ်ပျော်အောင်တော့စွမ်းနိုင်၏။ မချမ်းသာတာလေးတစ်ခု....အဲဒီတစ်ခုက မင်းသစ်အတွက် ရွှေကြုတ်ရဲ့စီမံကိန်းမှာ မိုင်းနက်စ်ပြနေခဲ့တာ။ ဒါပေမယ့် မင်းသစ်နဲ့တွဲရတာ ရွှေကြုတ်ပျော်သည်။ 


"ကျေးဇူး...."


ခပ်နွဲ့နွဲ့လေးဆိုလိုက်ရင်း မင်းသစ်မှာပေးထားတဲ့ အကြော်လေးကို လက်လှမ်းနေစဉ်၊


"ကြည့်ပါလား...အပိုးကိုကြိုးနေတာဘဲ။ ဟိုကောင်တွေက အဲလို လုပ်ပေးနေရတာကိုဘဲ နွားပြာကြီး အောက်သွားမရှိဖြစ်နေကြတာ။ ဘယ်လောက်များ ပေးအမ်းထားသလဲ မသိဘူး"


စောစောက ဝိုင်းကနေ အသံက စီခနဲပြန်ထွက်လာ၏။ အကြော်ဆိုင်လေးက တဲသဘောမျိုးထိုးထားက အထဲမှာ သုံးဝိုင်း၊ အပြင်မှာ ငါးဝိုင်းရှိသည်။ ရွှေကြုတ်တို့က အတွင်းပိုင်းမှာ ထိုင်နေကာ ယွန်းမီတို့က ဆိုင်ထဲဘက်အပြင်ဝိုင်းမှာဆိုတော့ သိပ်မဝေးပေ။ပြီးတော့ ဆိုင်ထဲမှာက လူရှင်းနေကာ ရွှေကြုတ်တို့ဝိုင်းရယ်၊ယွန်းမီတို့ဝိုင်းအပြင် တခြားအတွဲတစ်ဝိုင်းသာရှိနေတာမို့ သူတို့ပြောဆိုနေသမျှ အားလုံးကြားနေရ၏။


"ရုပ်ကလေး ဗန်းပြပြီး ယောက်ျားတွေကို ကစားနေတာပါဟယ်။ အထင်ကြီးစရာကိုမရှိဘူး။ ရည်းစားတစ်ခါထားတိုင် သူ့ပါးတွေ၊သူ့လက်တွေ၊ သူ့ခန္ဓာကိုယ်က တစ်ခါအိုသွားတာကို မသိရှာဘူး..."


မြအိရဲ့ စကားကြောင့် ရွှေကြုတ်ပါးစပ်ထဲ ဝင်လုလု အကြော်က တဝက်တပျက်နဲ့ ရပ်သွားရကာ အောက်က ပန်းကန်ထဲ လျောကျသွား၏။ မင်းသစ်က ဘာဖြစ်တာလည်း ဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ကြည့်သည်။


"ဟုတ်ပါ့...ဟုတ်ပါ့...အပျိုရည်က ဘယ်နှစ်ထပ်ကွမ်းပျက်နေသလဲတောင်မသိတော့ဘူး"


"တောက်!!....."


ရွှေကြုတ် ဒေါသက ထောင်းခနဲဖြစ်သွားပြီး မတ်တပ်ထရပ်လိုက်၏။ ထို့နောက် ဘယ်သူမှ တားဆီးမရလိုက်ချိန်၊


"ဖြန်း!!......ဖြန်း!!....."


"နင်.....နင်......"


ရွှေကြုတ်ရဲ့ လျှပ်တပြက်လှုပ်ရှားမှုနောက် ယွန်းမီနဲ့ မြအိ ပါးတွေ ဆင်တိုက်အရိုက်ခံလိုက်ရသည်။ ရုတ်တရက်အရိုက်ခံလိုက်ရသဖြင့် ယွန်းမီနဲ့မြအိ ပါးတွေကို အုပ်ကိုင်ရင်း ဒေါသတွေကြီးလာတော့သည်။


"ဟုတ်တယ်....နင်တို့အမေ မြရွှေကြုတ်....။

အဲဒါ သူများအကြောင်းကို ပြောချင်ဦး။ သူများအတင်းတုတ်တဲ့ အရသာက ဘယ်နဲ့နေလဲ.....အဟင်း....အရမ်းချိုတယ်မို့လား"


ခါးထောက်ရပ်လျက် ခပ်မဲ့မဲ့ပြောလိုက်တော့ ယွန်းမီတို့ ဆက်ဆက်ခါအောင်နာသွားရသည်။ ရွှေကြုတ်ကို မီးတောက်မတတ်စိုက်ကြည့်ပြီး၊


"တောက်!!.....ကောင်မ...နင်ကများလူပါးဝလို့ .."


"ဖမ်းထားစမ်း...အဲကောင်မကို မှတ်လောက်သားလောက်အောင် ဆုံးမပေးလိုက်မယ်။ ဒင်းက ချိုထောင်နေတာ..."


"အဲချိုကို ရိုက်ချိုးလိုက်မယ်...."


"လုပ်ကြည့်စမ်း....ငါ့အသားကို ထိကြည့်စမ်း။ နင်တို့အားလုံး မသာပေါ်သွားချင်သလား.."


မြအိက ထဘီကို ပြင်ဝတ်လိုက်ပြီး ယွန်းမီတို့ကို ချုပ်ခိုင်းနေတာမို့ ရွှေကြုတ် ခါးထောက်လျက် မြအိကိုယ်ကို ဘေးလုံးချင်းပစ်တိုက်ချလိုက်သည်။


"ကြည့်စမ်း....ကြည့်စမ်း....လူပါးဝတဲ့ကောင်မ..."


"ဘယ်သူက လူပါးဝတာလဲ။ ကိုယ့် စောက်ကြောင်း မဟုတ်ဘဲ ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်း ပြောနေတဲ့ ကောင်မတွေ..."


"ပြောတော့ဘာဖြစ်လဲ။ ပြောတယ်...ပြောတယ်။ မှန်တာပြောတာ ဘာဖြစ်သလဲ.."


ယွန်းမီကပါ ရွှေကြုတ်ပုခုံးကို တိုက်ချလိုက်ရင်း ထဘီတစ်စဆွဲကာ ရန်ထောင်တော့သည်။


"ရွှေကြုတ်.....တော်ပါတော့။ မပြောပါနဲ့တော့ကွာ။ ရှက်ဖို့ကောင်းလိုက်တာ..."


မင်းသစ်အနားရောက်လာကာ...ရွှေကြုတ်လက်ကိုဆွဲလိုက်ပေမယ့် ရွှေကြုတ်က ဖယ်ချလိုက်ပြီး၊


"ဖယ်စမ်းပါ။ ဒီကောင်မတွေ အရမ်းလူပါးဝတာဘဲ။ ရှင်ဖယ်နေ....ဒီကောင်မတွေကို မှတ်လောက်အောင်ဆုံးမမယ်"


"ထိကြည့်လေ....ထိကြည့်စမ်းပါ..."


ထိုင်ရှင် သားအမိက ပြူးကြောင်ကြောင်လေးတွေနဲ့ ရပ်ကြည့်နေကာ မင်းသစ်က မိန်းမတွေကြား ကန့်လန့်ကန်လန့်ဖြစ်နေ၏။


"ထိတယ်....ထိတယ်....."


"ဖျန်း....."


ရွှေကြုတ် စားပွဲပေါ်က အချဉ်ရည်ပန်းကန်ကို ဆွဲယူကာ ယွန်းမီ မျက်နှာကို လှမ်းပက်ပစ်လိုက်၏။ ယွန်းမီရဲ့မျက်နှာနဲ့ ရင်ဘတ်တစ်ပြင်လုံး အချဉ်ရည်တွေစွန်းထင်းကုန်ကာ စွေ့စွေ့ခုန်သွားတော့သည်။


"တောက်!.....နင်....နင်တွေ့မယ်...."


ယွန်းမီကလည်း အားကျမခံ တစ်ဖက်စားပွဲက အချဉ်ရည် ပန်းကန်နဲ့ ရွှေကြုတ်ကို လှမ်းအပေါက်....၊


"ရန်မဖြစ်ကြပါနဲ့ဗျာ.....ဟာ..."


"ဖျန်း......ဒေါက်...."


အချဉ်ရည်ပန်းကန်က ကြားထဲကနေ ဝင်တားလိုက်တဲ့မင်းသစ်ရင်ဘတ်ကို မိတ်ဆက်သွား၏။ 


"ကောင်မတွေ့မယ်...."


"ဒေါက်..."


"အ!......"


"တော်ကြပါတော့ဗျာ...."


ရွှေကြုတ် ပန်းကန်လုံးဖြင့် လှမ်းအပေါက် ယွန်းမီကို မထိဘဲ မင်းသစ်ထိပ်ကိုမှန်ကာ ကျကွဲသွားသည်။


"ရန်မဖြစ်ကြပါနဲ့။ ကျုပ်ဆိုင်မှာ ရန်မဖြစ်ကြပါနဲ့...."


ဆိုင်ရှင်အဒေါ်ကြီးအော်ဟစ်တားပေမယ့် ဆိုင်ထဲမှာ ခုံတွေပျံ့ကျဲကုန်ကာ ခဏချင်း ဖရိုဖရဲဖြစ်ကုန်တော့၏။ နောက်ဆုံး မြအိနဲ့ ဆောင်းယွန်းက ချုပ်ပေးကာ ယွန်းမီက ရွှေကြုတ် ပါးကိုရိုက်တော့သည်။


အပိုင်း(၃)ဆက်ရန်


ဇာတ်လမ်းမှာပါတဲ့အပြောအဆိုတွေက ရိုင်းစိုင်းနေရင်လည်း ဖြည့်စွက်ဖတ်ပေးကြပါရှင့်။ဇာတ်သဘောအရမို့ပါနော်။


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: