book

Index 35

အပိုင်း(၁၈)

⛈⛈မိုးသည်းည....ကာရန်⛈⛈


🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


"အမလေး....."


တိတ်ဆိတ်သည့်ဉာဥ့်ယံမှာ ပခြုပ်အသံက စူးခနဲထွက်ပေါ်လာတာမို့ အိပ်နေရင်း စွဲ ခေါင်းထောင်သွားကာ ခြေလှမ်းတွေတလွှားလွှားဖြင့် သူမအခန်းထဲချက်ချင်းရောက်သွားတော့သည်။


"စွဲ...လုပ်ပါဦး...ကင်း...ကင်းကြီး"


သူ အခန်းတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ ခုတင်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး တစ်ခုခုကို ထိတ်လန့်နေသည့် ပခြုပ်ကိုအရင်မြင်လိုက်ရ၏။ ပခြုပ်က သူဝင်လာတယ်ဆို ခုတင်ခြေရင်းကို လက်ညှိုးထိုးပြလျက် သူ့ဘေးကိုပြေးဆင်းလာသည်။


"ကင်းလေးများကွာ ကြောက်စရာလုပ်လို့"


ကင်းခြေများကောင်ကိုကြည့်ပြီး သူကခပ်အေးအေးပြောနိုင်ပေမယ့် ပခြုပ်ကတော့ ရင်တုန်မပြေ။ သူ မကြောက်ပေမယ့် ပခြုပ်ကြောက်သည်။


"ကျွန်မကြောက်တယ် ဖယ်လိုက်စမ်းပါ"


သူ့နောက်ကျောမှာ ကွယ်ရပ်ပြီး ပြောလိုက်တဲ့အသံက တုန်ခါလို့နေသည်။ ကင်းကလည်း တရွေ့ရွေ့နှင့် ခုတင်ပေါ်တက်နေပြီ။ 


"အို...ရှင် ဘယ်လိုလူလဲ သူများကြောက်ပါတယ်ဆိုမှ ဖယ်ပေးသွားဦးလေ"


ဘာမှမပြောဘဲ လှည့်ထွက်သွားတာမို့ ကြောက်တဲ့စိတ်တွေပင်ပျောက်ကုန်ကာ ပခြုပ် ဒေါသထွက်သွားရ၏။


"ဒီမှာ ရှင် "


ပခြုပ် စကားမဆုံးလိုက်...သူက မီးဖိုနံရံထောင့်မှာ အသင့်ရှိနေတဲ့ တစ်တောင်လောက်သံချောင်းကို ဆွဲယူပြီး ပြန်လှည့်လာ၏။ ပခြုပ် သူဘာလုပ်တော့မယ်ဆိုတာ သိနေသဖြင့် သူ့နောက်ကလိုက်ကြည့်မိစဥ်၊


"ဒေါက်......ဒေါက်"


ကင်းခြေများကောင်က သူ့လက်ချက်ဖြင့် ဘဝကူးလေပြီ။ တွန့်လိမ်နေသည့် အကောင်ကို ထိုသံချောင်းဖြင့် ကလော်ယူပြီး အခန်းအပြင်ပြန်ထွက်သွားသည့် စွဲ သူမကို စကားတစ်ခွန်းမှ ဆိုဖော်မရ။ ကြောက်တဲ့စိတ်အပြင် မခံချင်စိတ်လေးပါ တိုးဝင်လာတော့ ပခြုပ် မျက်နှာလေး တင်းသွားသည်။


နေရာတကာ သူ့ကို အားကိုးနေရသည့်အဖြစ်ကိုလည်းမခံချင်။ ဉာဥ့်ဦးပိုင်းထဲက စောင်နှင့်ခေါင်းအုံးကိုဝင်ယူကာ ဧည့်ခန်းထဲက ဒရင်းဘတ်ပေါ်မှာ သွားထွက်အိပ်တဲ့ စွဲ။ မပြောချင်သလိုလို မဆက်ဆံချင်သလိုလိုနှင့် တစ်ခါတစ်ခါ သိပ်ကို မောက်မာတင်းစီးလွန်းသည်။ 


ဘာလဲ...သူ့ကို ခုတုံးလုပ်ခဲ့တာကို မကျေနပ်တာလား။ ဖွင့်နေသည့်အိပ်ခန်းတံခါးကနေ ဒရင်းဘတ်ပေါ်ပြန်လှဲအိပ်နေသည့် သူ့ကို မီးရောင်အောက်မှာ အခန့်သားမြင်နေရ၏။ လိုအပ်သမျှကို လိုက်ဖြည့်စည်းပေးတတ်ပေမယ့် စကားအပိုအလိုမပြောသည့် သူ့မျက်နှာထားတင်းတင်းကြောင့် ပခြုပ် ရင်ထဲတင်းခဲနေရသည်။


ဒရင်းဘတ်ပေါ်တစ်စောင်းလှဲကာ စောင်ကို ရင်ညွန့်ပေါ်အထိဆွဲခြုံထားသည့် သူက မျက်လုံးတွေကို မှေးမှိတ်ထားသေးသည်။ ရင်ဘတ်ပေါ်က လှုပ်ရှားမှုမှန်မှန်ကြောင့် သူပြန်အိပ်ပျော်သွားသည့်ပုံ။ အပူအပင်မရှိသလို အေးအေးဆေးဆေးအိပ်မောကျနေသည့် သူ့ကို ကြည့်နေရင်း ပခြုပ်နှုတ်ခမ်းကိုက်ပစ်လိုက်၏။


သူတောင်နေနိုင်တာ ငါကဘာလို့မနေနိုင်ရမှာလဲ။ နေပါစေ...အစထဲကသူ့ကိုကြိုက်လို့လက်ထပ်ယူထားတာမှ မဟုတ်တာ။အနေသာကြီး...။ ပခြုပ် မျက်စောင်းတစ်ချက်ပစ်ထိုးရင်း တံခါးကို အထဲကလော့ခ်ချပစ်လိုက်ပြီး ခုတင်ပေါ်တက်ကာ လှဲလျောင်းလိုက်သည်။


အိပ်မပျော်သည့်မျက်လုံးများက ဘယ်လိုမှ မှေးမှိတ်လို့မရဘဲ ကြောင်စီစီဖြစ်နေလေ၏။ မီးလင်းနေရင် အိပ်မရသည့်အကျင့်က အရိုးစွဲနေတာမို့ မီးရောင်ကြောင့်မျက်လုံးတွေက ပိုပြီးကျယ်လာသလိုလို။ ဟင်း....။ ဘယ်လိုမှအိပ်မရတော့ ပခြုပ် ထထိုင်လိုက်ပြီး ခေါင်းအုံးဘေးကဖုန်းကို လှမ်းယူလိုက်မိသည်။


"ဆယ့်နှစ်နာရီတောင်ရှိနေပြီ...ဟင်း...အိပ်လို့လည်း မရပါလား"


ခပ်တိုးတိုးညည်းတွားနေမိ၏။ အအေးဓာတ်ပိုကဲလာတာမို့ ပခြုပ်စောင်ဆွဲခြုံရင်း ဖုန်းထဲက သတင်းတွေလိုက်ဖတ်နေမိသည်။ စီးပွားရေး ဒီပလိုမာတစ်ခုခုယူချင်ပေမယ့် သူမအဖြစ်က စိတ်သွားတိုင်းကိုယ်ပါလို့မရ။ တိုက်ခန်းငှားခကို တစ်ယောက်တစ်ဝက်ပေးဖို့ ကြံစည်ထားသည်။ ပြီးတော့ ကိုယ့်ဘာသာချက်ပြုတ်စားဖို့ စီစဥ်ထား၏။ မနက်ဖြန်မနက်ကျရင် သူ့ကို စျေးဘက်ပို့ခိုင်းပြီး ချက်စားဖို့လိုအပ်တဲ့အိုးခွက်ပန်းကန်တွေဝယ်မယ်စိတ်ကူးပြီးသား။ ပခြုပ် ဆိုင်ထမင်းဆိုင်ဟင်းတွေကို နေ့ရှိသရွေ့မစားနိုင်ပါ။ ပြီးတော့ ကိုယ့်ဘာသာချက်စားရင်ဖွယ်ဖွယ်ရာရာလည်း စားနိုင်မည်။


ရောက်စက ဖုန်းတစ်ခါဆက်ပြီးထဲက မေမေ့ဆီဖုန်းမဆက်ဖြစ်ခဲ့။ ဒီအချိန်ဆို အိပ်နေကြလောက်ပြီ။ မေမေ့မျက်နှာ မြင်ယောင်မိတိုင်း ပခြုပ်မျက်ရည်မခိုင်တော့။ သီးချိန်တန်သီး၊ပွင့်ချိန်တန်ပွင့်ဆိုသည့် စကားက ပခြုပ်အတွက်ဘယ်တုန်းကမှ ခေါင်းထဲမရောက်ခဲ့ဘူးပါ။ ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းတွေကိုသာ ဦးနှောက်ထဲထည့်ထားပြီး မိဘအတွက် ဘဝတစ်ခုလုံးပေးဆပ်သွားဖို့ ကြံစည်ခဲ့မိ၏။ မိဘကို တတ်နိုင်သလောက်ကူညီမည်။ပြီးတော့ ရွှေကြုတ်။ တစ်ဦးတည်းသော ညီမလေးကို လိမ္မာရေးခြားရှိသည့် ညီမလေးဖြစ်စေချင်သည်။ သူများတွေလက်ညှိုးထိုးမှာ ပခြုပ် အရမ်းစိုးရိမ်၏။ သို့သော်လည်း ဒီညီမက သူမစကားဆိုလုံးဝနားမထောင်ခဲ့ပေ။ 


ညီအစ်မတွေမို့ တိုင်ပင်စရာရှိရင်သူမကသာအလုံးစုံဖွင့်ဟတိုင်ပင်ခဲ့ပေမယ့် ရွှေကြုတ်တို့က တိုင်ပင်ရိုးထုံးစံမရှိ။ အစ်မဆိုပေမယ့် သူငယ်ချင်းလိုပေါင်းပြီး သူထင်သလိုဆက်ဆံ၏။ သူမကိုဆို ဘယ်တော့မှ ခေါင်းငုံ့မခံပါ။ ဒါတွေကိုလည်း အပြစ်မမြင်ခဲ့ဘူးသလို ငြိုငြင်မှုလည်းမရှိခဲ့။ နောင်တစ်ချိန်မှာ မိဘတွေမရှိတော့ရင် သူမ အိမ်ထောင်မပြုဘဲ ညီမလေးကိုပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ညီမလေး နှစ်သက်မြတ်နိုးသူနဲ့ အိမ်ထောင်ရက်သားကျသွားခဲ့ရင်တောင် သူမက လုပ်ငန်းတွေနဲ့ ဆက်ပြီးလည်ပတ်မည်။ သူမ လုပ်သမျှက ညီမလေးအတွက်သာဖြစ်စေရမယ်လို့ စိတ်ကူးခဲ့သမျှက ခုတော့ သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။ 


အပြစ်မဲ့တဲ့ကလေးလေးတစ်ယောက်ကို သူမမရက်စက်ရက်ပါ။ ဘဝဆိုတာ ကိုယ်မျှော်လင့်သလိုမဖြစ်နိုင်မှန်း နားလည်လာရ၏။ ရှေ့လျှောက်ရင်ဆိုင်နိုင်ဖို့ သူမအားမွေးထားရပေလိမ့်မည်။ သူများကို နေရာတကာအားကိုးနေလို့မရမှန်း သူမနားလည်ရမည်။ မင်းစွဲဘဏ္ဍာဆိုတာ သူမ အနားတလစေရှိနေမဲ့ သူမဟုတ်။ အချိန်တန်ရင် ထွက်ခွာသွားမဲ့ ဆောင်းလေရူးတစ်ခုလို။ ကလေးလေးအတွက် ထည့်တွက်ပြီး ခုချိန်ထိကူညီနေတာကို ကျေးဇူးတင်ရမည်။ မဟုတ်ရင်...သူမရဲ့သိက္ခာမာနအပြင်မိဘတွေရဲ့သိက္ခာတွေပါ ကုန်နေလောက်ပြီ။


တိုက်ခန်းခတစ်ဝက်ပေးမယ်လို့ ပြောလိုက်ထဲက သူပုံစံပြောင်းလဲသွားတာ သိသိသာသာ။ မျက်နှာကြီးသုန်မှုန်နေတော့ ပခြုပ်လည်း မခေါ်မ​ပြောချင်ပါ။ ကင်းပြဿနာကြောင့် ခေါ်မိပြန်၏။မာနချင်းပြိုင်ချင်ရင်တော့ ကျွန်မမာနက နဂိုထဲက အရောင်ရင့်ပြီးသား...။


"ချောက်"


တစ်ခန်းလုံးမှောင်မိုက်သွားချိန်မှာ ပခြုပ် စောင်ထပ်ခြုံပြီး ကွေးလိုက်သည်။ ကျောထဲအထိစိမ့်တက်လာတော့ လူကဘယ်လိုမှ အိပ်မရ။တစ်ခုခုလစ်ဟာနေသလို ဘယ်လိုမှ မနွေးထွေးနိုင်ဘဲဖြစ်နေရသည်။ထိုစဥ်..ကြွက်အော်သံတွေက ပခြုပ်နားထဲတန်းဝင်လာ၏။ 


"ကျွိ.....ကျွိ....."


ကျောမလုံတော့ပဲ ပခြုပ် ပက်လက်လှန်အိပ်နေရင်း မျက်လုံးတွေက အမှောင်ထဲစူးစမ်းကြည့်နေမိစဥ်...လည်ပင်းပေါ်သို့အေးစက်စက်အရာတစ်ခုက ဖြတ်ပြေးသွား၏။


"အား......"


"ကျွိ.....ကျွိ...."


မှောင်မှောင်မည်းမည်းထဲဝယ် ဘာဆိုဘာမှ သတိမရနိုင်တော့ဘဲ ပခြုပ်ခုတင်ပေါ်က ဆင်းပြီး တံခါးကို ကမန်းကတမ်းဖွင့်ပစ်လိုက်သည်။


"ဘာဖြစ်တာလဲ....ကျစ်"


ဖွေးထိန်နေသည့်မီးရောက်အောက်ရှိ ဒရင်းဘတ်ဘေး ပခြုပ်ဘယ်လိုဘယ်လိုရောက်သွားသလဲမသိတော့။ စွဲက ထထိုင်လိုက်ပြီး ပခြုပ်ပုံကိုခြေဆုံးခေါင်းဆုံးကြည့်လာ၏။ ချမ်းနေတာတွေလည်း ပျောက်ကာ ပခြုပ်တစ်ကိုယ်လုံးချွေးစတွေသီးနေပြီး ကြောက်စိတ်ကြောင့်ကတုန်ကယင်ဖြစ်နေသည်။


"ကြွက်.....ကြွက်ကြီး ကျွန်မလည်ပင်းပေါ်ဖြတ်ပြေးလို့"


"ကျစ်..."


မျက်မှောင်ကြီးကျုံ့လျက် စုပ်သပ်နေသည့် သူ့မျက်နှာက ပခြုပ်အော်သံကြောင့်အနှောက်အယှက်ဖြစ်သွားပြီး အလိုမကျသလိုတင်းမာနေသည်။


"မင်းတောသူမဟုတ်ဘူးလား "


"ရှင်"


နှုတ်ခမ်းသားလေးတွေတုန်ခါနေသည့် ပခြုပ် သူ့စကားကြောင့် ကြောင်အသွားရပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေလေသည်။


"ရွာမှာရော ကြွက်မရှိလို့လား"


"ဟို....အဲဒါ....ဒါပေမယ့် ကျွန်မကြောက်တယ်။ ဒီကကြွက်တွေက အကြီးကြီးတွေနဲ့ပြီးတော့ ကျွန်မပေါ်ကနေဖြတ်ပြေးတာ"


နှာသီးဖျားလေးတွေပါ ချွေးတွေစို့လျက် ပခြုပ် ကြောက်လန့်နေပုံက ဟန်ဆောင်နေတာနဲ့မတူ။ 


"ကြွက်ကဘာမှမဖြစ်ဘူး သွားအိပ်တော့ကွာ ကိုယ်လည်းအိပ်ချင်နေပြီ"


မျက်လုံးချင်းဆုံသွား၏။


"ပခြုပ်....ဒီနားမှာထိုင်နေမယ် မအိပ်ရဲတော့ဘူး"


"ဟား......"


စိတ်ပျက်သလို ခေါင်းမော့လှန်လျက် အော်လိုက်ပြီးမှ ပခြုပ်ကို စူးစိုက်ကြည့်၏။အထင်မမြင်သေးသလို ရှုံ့ချသလိုလို အကြည့်ကြောင့် ပခြုပ်ကိုယ်လေးတောင့်တင်းသွားခဲ့သည်။


"ဒီမှာ...ရှင်ကျွန်မကို အဲဒီလိုမကြည့်ပါနဲ့။ ကျွန်မက အဲဒီလိုမိန်းမစားမဟုတ်ဘူး"


"ဒါဆိုဘယ်လိုမျိုးလဲ"


ပခြုပ်မျက်နှာ တင်းခနဲဖြစ်သွားရသည်။ ရိုးသားစွာကြောက်ခဲ့မိသည့် စိတ်က သူ့အကြည့်တစ်ချက်မှာ နောင်တတွေတသီကြီးဖြစ်ပေါ်လာရ၏။


"ယောကျ်ားတစ်ယောက်ကို မာယာနဲ့သိမ်းသွင်းပြီးမြှူဆွယ်တာလောက် ရွံ့စရာကောင်းတာမရှိဘူး။ ကျွန်မတစ်သက်လုံးအဲဒီလိုအလုပ်မျိုးဘယ်တော့မှ မလုပ်ဘူး အဲဒါကို ရှင်မြဲမြဲမှတ်ထားပါ"


"အဟွန်း..."


နှုတ်ခမ်းတွေဖွင့်မလာဘဲ ပြုံးလိုက်မှ ပခြုပ်ရင်ထဲ စူးအောင့်သွားရသည်။ ကိုယ့်စကားဆုံးမှ ပြုံးချလိုက်ပုံက အရှိုက်ကိုလာထိ၏။သူ့ရှေ့ရောက်ရင် ပခြုပ်ရဲ့မာနတွေဝပ်ဆင်းရသည့်အဖြစ်ကိုလည်း မကျေနပ်နိုင်။


"ရည်းစားကိုမှိုလိုပေါက်အောင်ထားပြီး နှမချင်းမစာမနာလွယ်လွယ်ကျူးလွန်တဲ့ယောကျ်ားတွေထက် လူလောကထဲကိုမရောက်သေးတဲ့ကလေးလေးကို သတ္တိရှိရှိမွေးမြူတဲ့မိန်းမတွေက ပိုသိက္ခာရှိပါတယ်"


သူ့မျက်နှာ တစ်ချက်ပျက်သွား၏။ သို့သော် ချက်ချင်းမဲ့ကျသွားလျက်၊


"ဒါကြောင့်မို့ အဖေအမည်ခံတွေရှိလာတာဖြစ်မယ်...အဟင်း သိက္ခာကြီးမားတဲ့မိန်းမတွေအတွက်လေ"


ပြောချလိုက်တဲ့စကားက တင်တင်စီးစီး။


"တောက်..."


ခံပြင်းနာကျင်စွာ တောက်ခတ်ရင်း သူ့ရှေ့ကနေချာခနဲလှည့်ထွက်ခဲ့မိသည်။ တစ်စစီပဲ့ထွက်နေသော မာနတရားများက သူ့ခြေရင်းမှာ စုပုံလျက်။ မင်းစွဲဘဏ္ဍာ..ရှင့်နဲ့ပက်သက်ရင် ရှုံးနေရတာ ကျွန်မအမုန်းဆုံးဘဲ။


~~~~~~~~~~🌸~♥~🌸~~~~~~~~~~~~


"မဟုတ်သေးပါဘူး ပခြုပ်ရာ ငါမပြောချင်လို့ကြည့်နေတာကြာပြီ"


ကိုရဲ စကားစလိုက်တာနဲ့ ပခြုပ်မျက်နှာလေးရှုံ့တွသွား၏။ပြီးတော့ ပြန်ပြောဖို့စကားလက်နက်များကအသင့်ရှိနေလျက်၊


"ဘာမဟုတ်ရမှာလဲ သူနဲ့ပခြုပ်က ကွာရှင်းဖို့လည်းသဘောတူပြီးသား ကလေးမမွေးခင်အချိန်အထိသာ မလွှဲမရှောင်သာပက်သက်နေရတာ"


ရဲဇော်နိုင် ပခြုပ်ကိုကြည့်ပြီး ခေါင်းခါရမ်းမိ၏။ ပြောရဆိုရလွယ်မလိုနဲ့ ခေါင်းမာတာနှစ်ယောက်မရှိတဲ့ ပခြုပ်။


"သူ့ဘက်က တာဝန်ကျေနေပြီ ကိုရဲ။ ပခြုပ်ကို အိုဂျီနဲ့လိုက်အပ်ပေးတာတောင်လွန်လှပြီ။ နေပါစေ...ကိုယ့်ကလေးကို ကိုယ့်ဘာသာဂရုစိုက်နိုင်တယ်"


"အိမ်ထောင်ရေးကို နင်က ကလေးကစားစရာများထင်နေတာလား ပခြုပ်။ နင်တို့လက်ထပ်ပြီးတာလည်းကြာပြီ။ တစ်ခုခုဆို ညှိနှိုင်းကြည့်သင့်တယ်"


"အို ဘာညှိစရာရှိလဲ။ ဘာမှ ပြောနေဖို့မလိုဘူးကိုရဲ။ ကလေးမွေးပြီးတာနဲ့ ကွာရှင်းမယ်။ ပခြုပ် ကလေးနဲ့ပခြုပ် ဘဝကိုရှေ့ဆက်ရုံပေါ့"


"မိဘတွေက အလွယ်လေးလက်ခံမယ်ထင်သလား မိပခြုပ်"


"ဘာကိုလဲ...သူ့မိဘတွေလား။ ရတယ်...ပခြုပ်တို့သဘောထားမတိုက်ဆိုင်လို့လမ်းခွဲတယ်ဆိုပြီးတာဘဲ"


ပခြုပ်က တစ်ခွန်းမှ နားမထောင်ဘဲ သူမထင်ရာပြောပြီး ကားတံခါးဖွင့်တက်လိုက်၏။ ညီမဖြစ်သူကို ပြောမရတော့ ရဲဇော်နိုင်စိတ်ပျက်နေရပြီ။ ကားထဲဝင်ထိုင်ပြီး ကားလေးကို မောင်းထွက်လိုက်ကာ၊


"အန်ထရာဆောင်းရိုက်ကြည့်ပါလား...ဒါမှ ဘာလေးမှန်းသိမှာ"


ခုနစ်လထဲရောက်နေပြီဖြစ်သော ဗိုက်လေးက ဗိုက်ဖုံးအကျီအနီရဲရဲလေးနှင့်စူစူမို့မို့လေးဖြစ်နေပြီ။ ပခြုပ်တို့နေတဲ့တိုက်ခန်းကို ရဲဇော်နိုင်က သိနေပေမယ့် သိပ်ပြီး အဝင်အထွက်မလုပ်။ မင်းစွဲဘဏ္ဍာကို မျက်နှာချင်းမဆိုင်ချင်တာလည်း ပါတာမို့ ပခြုပ် အရေးတကြီးခေါ်တိုင်း အောက်ကသာစောင့်တတ်သည်။


"ဟင်အင်း....ဘာလေးမွေးလာမလဲဆိုတဲ့ ကြည်နူးမှုလေးကို တသိမ့်သိမ့်လိုချင်တာ ပခြုပ်မရိုက်ချင်ဘူး"


"ကြိုသိရတော့ ပိုမကောင်းဘူးလား"


"မသိချင်ဘူး ကိုရဲ။ မွေးလာမှ သားလေးသမီးလေးဆိုတဲ့ ပျော်ရွှင်မှုမျိုးကိုဘဲ ပခြုပ်လိုချင်တယ်။ ဒီကလေးလေးက ပခြုပ်ရဲ့အသက်၊ ပခြုပ်ရဲ့ဘဝ"


"သူ့မိဘတွေသိကုန်ပြီလား"


"သိနေပြီ...ဟိုရက်ကတောင်ရောက်လာကြသေးတယ်"


"နင် ကြီးကြီးတို့ဆီပြန်နေသင့်တယ် ပခြုပ်"


"ဟင်အင်း ကိုရဲ သူနဲ့ပခြုပ်ကတိပြုပြီးပြီ။ သူနဲ့ကွာရှင်းပြီးမှ ပခြုပ်ပြန်မယ်။ ကိုယ့်အပေါ် ဒီလောက်နားလည်ပေးတာ ကျေးဇူးတင်ရမယ်"


"ငွေလိုရင်လည်း ငါ့ကိုပြော..ညကတောင် ကြီးကြီးနဲ့ဖုန်း​ပြောဖြစ်သေးတယ်။ နင်ကို သူပေးလိုက်တဲ့ပိုက်ဆံတွေကုန်ပြီလားတဲ့။ နင့်ကိုမေးတာ မသုံးရသေးဘူးလို့ပြောတယ်တဲ့။ အဲဒါ သူ့ကိုလိမ်ပြောတယ်ထင်နေတာ။ ပခြုပ်...နင်အဆင်ပြေရဲ့လား"


ပခြုပ် နှုတ်ခမ်းစေ့လျက်ပြုံးလိုက်၏။


"လိုတာထက်တောင်ပိုနေသေးတယ် ကိုရဲ။ တိုက်ခန်းခ တစ်ဝက်ခံမယ်လို့ပြောတုန်းကလည်း စိတ်ဆိုးတယ်။ပြီးတော့ စားစရိတ်ကအစ သူပဲ အားလုံးအကုန်ခံတာ ပခြုပ်လုံးဝမကုန်ရဘူး။ ဒါပေမယ့် ပခြုပ်ကလည်း အတင်မခံချင်တော့ တိုက်ခန်းခကို တစ်လှည့်စီရှင်းပေးလိုက်တယ်"


"ကောင်းပါတယ် ငါတို့လည်းဆင်းရဲနေတာမှ မဟုတ်တာ။ဒါနဲ့ သူ့မိဘတွေက ပိုက်ဆံတလစေပို့ပေးနေတာလား"


"အဲဒါတော့ ပခြုပ်လည်း မသိဘူး ကိုရဲ။ သူတို့မပို့လို့ ဘယ်ကရမှာလဲ"


ရဲဇော်နိုင် ပြုံးလိုက်ရင်း ကားကို လိုရာကွေ့လိုက်၏။နင် ထင်လို့ပါ ပခြုပ် မင်းစွဲဘဏ္ဍာဆိုတာ သူများနို့သက်ခံစို့မဲ့ ယောကျ်ားမဟုတ်ဘူး။


"မင်းစွဲဘဏ္ဍာက မိဘလုပ်စာလက်ဖြန့်စားတဲ့လူမျိုးဖြစ်နိုင်ပါ့မလား ပခြုပ်ရာ"


"အဲဒါတော့ ပခြုပ်လည်း မသိဘူး။ သူက မာနကိုရေဖျော်သောက်မဲ့ယောကျ်ားမျိုးဆိုတာတော့သိတယ်"


ရဲဇော်နိုင် နောက်တစ်ကြိမ်ပြုံးမိပြန်၏။ မာနကို ကျက်တိုက် နေလှန်းပြီး ရေဖျော်သောက်မဲ့အထဲမှာ နင်လည်း ပါတယ်ပခြုပ်။ 


~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~~


"ပခြုပ်...."


"ဟင်...လာပြီ"


စာအုပ်တစ်အုပ်နှင့်အလုပ်ရှုပ်နေသည့် ပခြုပ် သူ့ခေါ်သံကြောင့် စာအုပ်ကို အသာချရင်း လူကထရပ်လိုက်မိသည်။ 


"ဗိုက်ဆာလိုက်တာကွာ ဘာချက်လဲ"


ရေချိုးပြီးပြန်ထွက်လာတော့ သူ့ကိုယ်ပေါ်မှာ စိမ်းပုတ်ရောင်တီရှပ်နှင့် ပုဆိုးကိုသေသေသပ်သပ်ဝတ်လျက် ရေစိုလက်စဆံပင်တွေက တစ်ချောင်းစီနဖူးပေါ်ကျနေသည်။


"အင်း...ငါးသလောက်ပေါင်းနဲ့ ဂျူးမြစ်ချဥ်ဟင်းချက်ထားတယ်။ ကြက်သားကြော်လည်းရှိသေးတယ်"


"ငါးသလောက်ပေါင်းဟုတ်လား"


"မကြိုက်လို့လား"


အတူတူနေလာတာကြာနေပေမယ့် ထမင်းလက်ဆုံစားဖြစ်တယ်လို့ သိပ်မရှိလှပါ။ မနက်စာနဲ့ညနေစာတော့ တစ်ခါတစ်လေ အတူတူစားဖြစ်ပြီး နေ့လည်ကျတော့ သူက သင်တန်းသွားနေသဖြင့် ပခြုပ်တစ်ယောက်တည်းစားလိုက်၏။ ရောက်စကတည်းက ပခြုပ်ချက်ကျွေးတာ စားသည်။ သူ သိပ်ချေးမများခဲ့။ ငါးသလောက်ကို ပခြုပ် သိပ်မကြိုက်တော့ မချက်ဖြစ်ခဲ့တာ။ ဒီမနက်မှ စျေးသွားရင်း ကျန်တဲ့အသားဟင်းတွေလည်း ထပ်နေသဖြင့် ငါးသလောက်ဝယ်လာခဲ့တာပါ။ 


"မဟုတ်ပါဘူး"


"ရှင် ဘာကြိုက်တတ်လည်း ပခြုပ်လည်းမသိတော့ အဆင်ပြေတာဘဲ ချက်ထားတာ"


ဂါဝန်အကားလေးနှင့် ပခြုပ်က မီးဖိုခန်းထဲ ဦးဆောင်ဝင်သွား၏။


"ဒီမှာ"


ထမင်းစားပွဲမှာ ဝင်ထိုင်ရင်း စွဲက ထမင်းပန်းကန်တွေကိုငုံ့ကြည့်သည်။ 


"မင်း မစားရသေးဘူးမို့လား အတူတူစားမယ်လေ"


ပခြုပ်က ထမင်းပန်းကန်ထဲ ထမင်းခူးပေးရင်း ခေါင်းညိတ်ပြလိုက်၏။


"ဒါ ဘာဟင်းလဲ"


ပန်းကန်လုံးလေးထဲကို ခေါင်းဝင်မတတ်ငုံ့ကြည့်ရင်း မေးနေသည့် စွဲ။ရှောက်သီးကို အရည်ညှစ်ပြီး ငရုတ်သီးစိမ်းနဲ့ နှပ်ထားတာကို သူ သိပေါ်မရ။


"ရှောက်ရည်ပါ ရှင်စားလို့ရပြီ"


ထမင်းပန်းကန်ကို စိတ်မဝင်စားပဲ စွဲက ပခြုပ်ကိုလိုက်ကြည့်နေ၏။ ပခြုပ်က သူနှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး ငါးသလောက်ပေါင်းတစ်ကွင်းကိုသူ့ပန်းကန်ထဲ ဆယ်ထည့်ပေးလာသည်။


"စားလေ"


ပခြုပ်က မေးဆတ်ပြ၏။


"ဒါတွေ ဘယ်လိုစားမှာလဲ"


ရှောက်ရည်ပန်းကန်ကို မျက်စပစ်ပြလိုက်တော့ ပခြုပ်က နှုတ်ခမ်းစေ့ပြုံးလေသည်။


"တစ်ခါမှ မစားဖူးဘူးလား"


ဝေ့တက်လာသည့်အကြည့်တစ်ချက်က မစားဘူးကြောင်း သက်သေခံနေလေသည်။


"အအီပြေတယ်လေ...ပြီးတော့ ကျွန်မကြိုက်လို့တမင်လုပ်ထားတာ"


"အင်း"


စကားပြောနေရင်း ပခြုပ်က ရှောက်ရည်တစ်ခွန်းခပ်ယူပြီး အစိမ်းကြော်လေးပေါ်ထပ်တင်လိုက်၏။ ထို့နောက် လက်လေးဖြင့်သေသပ်စွာယူပြီး ပါးစပ်ထဲထည့်လိုက်လေသည်။နှုတ်ခမ်းမဖွင့်ဘဲ ပါးလေးတစ်ဖက်နှင့်တစ်ဖက် ပြောင်းဝါးနေပုံက သိမ့်မွေ့လွန်း၏။ထို့နောက် ငါးသလောက်ပေါင်းနည်းနည်းဆယ်ယူပြီး ရှောက်ရည်ကို ငရုပ်သီးတွေပါအောင်ခပ်ယူလျက် ဟင်းပေါ်ထပ်တင်တော့ သူ မျက်လုံးပြူးသွားသည်။


"ဟိတ်...အရမ်းစပ်နေမှာပေါ့ "


ပါးစပ်နားရောက်သွားသည့်ထမင်းလုတ်လေးက သူ့တားဆီးသံကြောင့် လမ်းတစ်ဝက်တွင်ရပ်တန့်သွားရသည်။ပခြုပ်မျက်လုံးလှန်အကြည့်မှာ သူ့အကြည့်စူးစူးတွေနှင့်ဆုံသွားရကာ၊


"မစပ်ပါဘူး ကျွန်မစားနေကျပါ။မယုံရင်စားကြည့်ပါလား"


"မစားချင်ပါဘူး...ဒါနဲ့ မင်းကိုယ်ဝန်ကို အိုဂျီနဲ့ပြတာအဆင်ပြေရဲ့လား။ နောက်နေ့ သွားပြရင်ကိုယ်လိုက်ပို့မယ်"


"ရပါတယ်...ရှင်တာဝန်ကျေနေပြီဘဲ ကျွန်မဘာသာ ကျွန်မသွားပါ့မယ်"


"ကိုယ်က မင်းယောကျ်ားပဲ ကိုယ်လိုက်မှ ဖြစ်မှာပေါ့"


"အဟင်း"


ပခြုပ် ဘာပြောရမှန်း မသိဖြစ်သွားကာ ရယ်ပစ်လိုက်မိ၏။ သူ့စိတ်က နားလည်ရခက်မှန်း ကြာလေ ပခြုပ်နားလည်လာလေပါ။အဖြေရှာရခက်တဲ့ပုစ္ဆာထဲမှာ မင်းစွဲဘဏ္ဍာလည်း ပါလေသည်။


"ပြီးတော့ မင်းကိုယ်ဝန်အပ်ထားတဲ့မီးယပ်သားဖွားအထူးကုဆရာဝန်နဲ့လည်း ကိုယ်တွေ့ချင်သေးတယ်။မွေးခါနီးရင်တော့ မင်းအမေကိုလှမ်းမှာကြတာပေါ့"


"ကျွန်မ နယ်ပြန်မွေးချင်တယ် စွဲ"


ထမင်းစားနေရင်း စွဲက မော့ကြည့်၏။ ထို့နောက် ဂျူးမြစ်ချဥ်ဟင်းတစ်ဇွန်းခပ်သောက်လိုက်ပြီးမှ၊


"ကိုယ်ခွင့်မပြုနိုင်ဘူး ပခြုပ်။ မင်းနဲ့ကိုယ့်အကြောင်းကို သိတဲ့သူဘယ်သူရှိလဲ။ အများအမြင်မှာတော့ မင်းက ကိုယ့်မိန်းမဘဲ။ ဒါကြောင့် ဒီမှာပဲ မွေးရမယ်"


"အာ...ပိုက်ဆံတွေအများကြီးကုန်မှာပေါ့"


"မပူနဲ့မင်းဆီက ပြန်မတောင်းဘူး"


"မဟုတ်တာ ဒီကလေးရဲ့ကိစ္စအားလုံးက ရှင်နဲ့ဆိုင်တာမှ မဟုတ်တာ။ ကျွန်မ ကိုယ့်ဘာသာကိုယ်"


"ဒေါက်..."


ချဥ်ဟင်းဇွန်းကို ပစ်ချလိုက်သံကြောင့် ပခြုပ် သူ့ကို မော့ကြည့်မိသွားသည်။ 


"အဲဒီလောက် ပေးချင်နေရင်လဲ ဖြစ်တယ်။ တောင်းတဲ့အချိန်မှ ပေးနိုင်အောင်ပြင်ဆင်ထား"


ဟင်...။ဘာလဲ ပခြုပ်ကို စိတ်ဆိုးသွားတာလား။ ထမင်းကို လက်စသပ်လျက် ဘေစင်မှာ လက်သွားဆေးပြီး ထွက်သွားလိုက်တာ လေတိုက်သွားသည့်အတိုင်း။ ထမင်းဝါးလက်စဖြင့် ပခြုပ်တစ်ယောက်တည်းကျန်ခဲ့ရသည်။


ပေးမှာပါ ဘယ်သူကရော ရှင့်ပစ္စည်းကိုအလကားလိုချင်နေလို့လဲ။ 


ဧည့်ခန်းဆီ မျက်စောင်းလှမ်းထိုးရင်း ပခြုပ် စိတ်ထဲက လှမ်းရန်တွေ့ပစ်လိုက်၏။ 


အပိုင်း(၁၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: