မိုးသည်းည....ကာရန်
~~~~~~~~~~
"မင်း နေခဲ့ဦး..ကိုယ်အပြင်ခဏထွက်လာဦးမယ်။ သန့်ရှင်းရေ လုပ်ချင်ရင်လည်းလုပ်ထား၊မလုပ်ချင်ရင်လည်း နေ"ဟု ပြောပြီး ထွက်သွားလိုက်တာ မိုးသာစုန်းစုန်းချုပ်ရော သူ ပြန်ရောက်မလာခဲ့ပါ။ တိုက်ခန်းတစ်ခုလုံးမီးရောင်တွေ ဖွေးဖွေးလှုပ်အောင်လင်းနေပေမယ့် ပခြုပ်ကျောထဲစိမ့်ကာ ကြောက်လာမိသည်။
မကြောက်ဘဲခံနိုင်ရိုးလား။ ကိုယ်မသိတဲ့အရပ်ဒေသတစ်ခုမှာ လူမရှိတဲ့တိုက်ခန်းထဲဝယ် ပခြုပ်တစ်ယောက်တည်း။
မင်းစွဲဘဏ္ဍာဆိုတာ ဘယ်လိုယောက်ျားမျိုးမှန်းသေချာမသိလိုက်ခင် သူက အားလုံးထောင့်စေ့အောင်စီစဉ်နိုင်ခဲ့၏။ ဒီမနက်မှ ရန်ကုန်ကိုတက်လာပေမယ့် နေစရာ တိုက်ခန်းအသင့်ငှားပြီးနေပြီ။ ကားပေါ်ပါလာကတည်းက ဖုန်းတစ်လုံးနှင့် သူအလှုပ်ရှုပ်နေခဲ့ပြီး ပါးစပ်က ဖုန်းပြောမပျက်ဘဲ ပခြုပ်လက်ထဲကို ရှူဆေးတောင့်နှင့်ပူရှိန်းချိုချဉ်တွေထည့်ပေးလာတော့ ပခြုပ်တအံ့တသြဖြစ်ခဲ့သေးတာ။
Express Bus ကားကြီးနှင့် ဆောင်းတွင်းဘက်ခရီးသွားရတာ ပခြုပ်အတွက်ငရဲပင်။ အအေးကြောက်တဲ့ ပခြုပ် ကားစထွက်ကတည်းက ဒုက္ခများနေခဲ့ရသည်။ လက်လေးကိုတင်းတင်းပိုက်ထားရင်း ဝတ်ထားသည့်အနွေးထည်လေးကို ထပ်ဆွဲထားမိစဉ် သူက aircon ကိုထပိတ်လိုက်ပြီး သူ့အိတ်ထဲက သဘတ်စောင်လေးထုတ်၍ ပခြုပ်ပခုံးမှာလွှားခြုံပေးလာခဲ့၏။ ထိုအခိုက်အတန့်လေးမှာဘဲ ပခြုပ်ရင်ထဲ ကြည်နူးမြစ်လေးတစ်စင်း နွေးနွေးလေးဖြတ်ဆင်းသွားခဲ့လေသည်။ အပျိုလေးတစ်ယောက်လို ရင်တွေခုန်နေသည့် ကိုယ့်ကိုယ်ကိုပခြုပ် ပြန်ရှက်ခဲ့ရ၏။ပြီးတော့ ပြောသေးသည်။"မင်းပုံက အအေးတော်တော်ကြောက်တဲ့ပုံ"တဲ့။ တကယ်ဆို သူနဲ့ပခြုပ်အတူနေတာ နှစ်ရက်တစ်ပိုင်းတောင်မပြည့်သေး။ ပခြုပ်နဲ့ပက်သက်ပြီး သူသိတာတွေများနေပြီ။
ကားစထွက်ကတည်းက ပြောလိုက်တဲ့ဖုန်း ကားရပ်နားသည့်နေရာရောက်မှာ နားတော့သည်။ ကားပေါ်က ခရီးသည်တွေအကုန်ဆင်းမှ ခုံကနေထရပ်လိုက်ပြီး ပခြုပ်ကို မျက်ရိပ်ပြလျက် ထခိုင်းလျက် ရှေ့ကနေဆင်းသွားတာတစ်ချက်လှည့်မကြည့်။ အရမ်းအေးနေရင် ခြေတွေလက်တွေကျင်ပြီး လမ်းမလျှောက်နိုင်သည့် သူမမှာသာ ကိုယ့်ဒုက္ခနဲ့ကိုယ် ကားတံခါးဆီရောက်အောင်မနည်းလျှောက်ခဲ့လေသည်။ ခြေနင်းခုံကိုနင်းမိပြီးမှ ပခြုပ် အောက်ကိုခြေချလိုက်ဖို့မဝံ့မရဲဖြစ်နေခဲ့ရသည်။ သူမ ခြေတောက်တွေထုံကျင်လျက် မတ်မတ်ပင်မရပ်နိုင်။ ဘေးကိုကြည့်လိုက်တော့ သူကစီးကရက်တစ်လိပ်ကို ဖွာရှိုက်လျက် ဘေးဘီကိုငေးနေတာမို့ ကားတံခါးကို အားပြုလျက် သူမ အရဲစွန့်ဖို့ ကြိုးစားလိုက်စဉ် သူမခါးလေးကနေပွေ့ချသည့် သူ။ မျက်နှာလေးရဲတွတ်သွားသလို ပခြုပ် ကျေးဇူးလည်းတင်သွားခဲ့လေသည်။ဒီလိုထုံကျင်ပြီး ကတ္တရာလမ်းပေါ်ပစ်ကျခဲ့ဖူးတာမို့ ခုတစ်ခါလည်း သူ့ကြောင့်သာမဟုတ်ရင် ပခြုပ်ဒူးခေါင်းတွေ ကတ္တရာလမ်းနှင့်မိတ်ဆက်နေလောက်ပြီလေ။
မှတ်မှတ်ရရ ပခြုပ် တတိယနှစ်ကပေါ့...ဒီဇင်ဘာလထဲကျောင်းတွေပြန်ဖွင့်တော့ သူမရုပ်ပျက်ဆင်းပျက်အရှက်ကွဲခဲ့တာ။ စနေနဲ့တနဂ်နွနှေစ်ရက်သာပိတ်ရက်ရှိတဲ့ကျောင်းကို ပိတ်ရက်တိုင်းအိမ်ရောက်အောင်ပြန်ခဲ့တဲ့ သူမ။ သောကြာနေ့ဆို အတန်းချိန်အစောကြီးပြီးတာနှင့် ပခြုပ် ကားဂိတ်ကို အူယားဖားယားပြေးပြီး ကြုံတဲ့ကားပေါ်တက်လိုက်ခဲ့တာ။ ဆယ့်ခြောက်မိုင်လောက်သာဝေးသည့်ခရီးမို့ ပခြုပ်အတွက်က အဖော်မပါလည်း ကိစ္စမရှိ။ တနလ်ာနေ့ မနက်အစောကြီးမှ ထပြန်တတ်သည့် သူမ ဆောင်းရောက်တော့ ကားပေါ်မှာ ချမ်းသည့်ဒဏ်ကိုလူးလိမ့်နေအောင်ခံခဲ့ရသည်။ အဲဒီတုန်းက မနက်အစောကြီးထပြန်လာတဲ့ သူမ ကားဂိတ်လည်းရောက်ရော ခြေတောက်တွေကျင်ခဲနေရော။ အဲဒီမှာ ဖြစ်ချင်တော့ ကားပေါ်ကခုန်အဆင်း ကျင်နေသည့် ခြေတောက်က ဒုက္ခပေးကာ ပခြုပ်ဒူးထောက်ပစ်ကျသွားခဲ့သည်။ ဂိတ်ထဲမှာလည်း လူတွေအများကြီး၊ ပြီးတော့ စျေးသည်တွေနှင့်။ ပခြုပ် ပွန်းပဲ့သွားသည့်ဒူးက နာတာတစ်မျိုး ရှက်တာရောပေါင်းကာလာပြေးထူတဲ့ သူတွေကြားထဲ ခေါင်းပင်မဖော်ရဲခဲ့ပေ။
ယခုလည်း သူသာပွေ့မချပေးရင် အဲဒီတုန်းကလိုပဲ အဖြစ်ဆိုးမှာ သေချာသည်။ မြေပြင်ပေါ်ခြေချမိချိန်၌၊
"ခြေတောက်ကျင်နေတာလား"
လက်လွှတ်ပြီးမေးလိုက်တော့ ပခြုပ်မျက်နှာလေးရှုံ့မဲ့မဲ့ဖြစ်သွားခဲ့ပြီး၊
"ဟုတ်တယ်... "
ဟု မပွင့်တပွင့်ပြန်ဖြေလိုက်၏။
"သန့်စင်ခန်းသွားဦးမလား...ကိုယ်လိုက်ပို့မယ်လေ"
"ဟင်အင်း...မသွားချင်ဘူး"
ပခြုပ် ခေါင်းခါတော့ ပခြုပ် ပခုံးလေးကို ထိန်းပွေ့လျက် ဆိုင်ထဲဝင်ကာ မနက်စာစားလိုက်ကြသည်။ ဂျင်းအနက်လေးကို ဝတ်လာတာလည်း မတိုက်ဘဲ တူနေခဲ့သည်။ သူ ဟိုကိုမထွက်ခင်အထိဆိုတော့ ဘယ်လောက်ကြာမယ်မှန်းမသိတာမို့ မေမေက ပခြုပ်အတွက်လက်ဝတ်လက်စားတွေအပြင် ပခြုပ်ရဲ့ ဘဏ်စာအုပ်တွေရော သုံးဖို့ငွေပါ တပါတည်းထည့်ပေးလိုက်တာ။ ပခြုပ်တို့အဖြစ်က ရန်ကုန်မှာ တစ်အိုးတစ်အိမ်လာထူထောင်ရသည့်အဖြစ်။ သူ့မိဘတွေကတော့ လောလောဆယ်သုံးဖို့အပြင် လစဉ်တိုင်းငွေပို့ပေးမည်တဲ့။ ပခြုပ် ကတော့ဒီအဖြစ်ကို သိပ်ပြီးလိပ်ပြာမသန့်ချင်။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်လာပြီး မိဘလုပ်စားတမင်လာဖြုန်းနေရတဲ့အဖြစ်မဟုတ်လား။ သူ့ကိုပေးပြီးသား ကတိမို့ လိုက်ခဲ့ရပေမယ့် ဟိုရောက်တာနဲ့ ပခြုပ်တစ်ခုခုကြံရမည်။
"မင်းဖိနပ်ချွတ်လိုက်ပါလား ပခြုပ်"
"ဟင်...ဘာလို့လဲ"
ကားပေါ်ပြန်ရောက်လို့ ခုံမှာထိုင်လိုက်တာနဲ့ သူက ပခြုပ်ကို အနားကပ်ပြီးပြောလာ၏။ ပခြုပ် ပြူးကြောင်ကြောင်လေးဖြစ်နေစဉ် ပခြုပ်ကိုမျက်စပစ်လျက် သူကထပ်သတိပေးမှ ယောင်နနလေးဖြင့် သူပြောတဲ့အတိုင်း သူမ ရဲ့ကြိုးသိုင်းဖိနပ်အနက်လေးကိုချွတ်ပစ်လိုက်သည်။ထိုအချိန်မှာဘဲ သူက ပခြုပ် မထင်ထားတဲ့အပြုအမူလေးကို ရုတ်တရက်ပြုလိုက်၏။ ထိုအရာက..ပခြုပ်ခြေတောက်လေးနှစ်ဖက်ကို သူ့ခြေတောက်ကြားထဲ ညှပ်ပစ်လိုက်ကာ သူ့ဘက်ကလက်လေးတစ်ဖက်ကိုဆွဲယူပြီး သူ့ဂျာကင်အိတ်ထဲထည့်ပစ်လိုက်လေသည်။
"အို....ဘာလုပ်တာလဲ"
ပခြုပ် အတင်းပြန်ရုန်းပေမယ့် သူက ပခြုပ်ရဲ့ ခြေရောလက်ပါ အလွတ်မပေးဘဲ ပြန်ဖိချလျက်။
"ငြိမ်ငြိမ်နေ"
မတည်မပြုံးမျက်နှာဖြင့် ပြောလိုက်တဲ့စကားတစ်ခွန်းမှာ ပခြုပ်ငြိမ်ကျသွားခဲ့လေသည်။ နီးကပ်လွန်းသည့် အနေအထားမှာ သူ့ကိုယ်ကရေမွှေးနံ့က ပခြုပ်ကို ရိုက်ပုတ်နေခဲ့ပြီး ဖုန်းပြောရင်း တစ်ချက်တစ်ချက်ငဲ့ကြည့်လာတော့ လေငွေ့နွေးနွေးက ပခြုပ်လည်တိုင်၊ပါးပြင်နှင့်နားသလယ်စပ်လေးတွေမှာလာရောက်ကြည်စယ်လို့နေလေသည်။ ယောက်ျားလေးနဲ့ပက်သက်ပြီး ကင်းရှင်းခဲ့သည့် ပခြုပ် သူနဲ့တွေ့မှ ဘာတွေဖြစ်နေမှန်းမသိ။ ကိုယ်နဲ့လက်ထပ်ထားတဲ့သူ ဆိုပေမယ့် တကယ်ဆိုပခြုပ်နဲ့သူကဘာမှမဆိုင်ပါ။ ကိုယ့်အဖြစ်ကိုကိုယ်တွေးရင်း ပခြုပ်ရင်တစ်ခုလုံးမွန်းကျပ်နေခဲ့၏။
"ဘုတ်!...."
"အေမ့!......"
မီးဖိုခန်းဘက်မှ ပြုတ်ကျသံကြောင့် ပခြုပ်အတွေးလွန်နေရာမှ လန့်အော်မိသွားလေသည်။ အသံနှင့်တဆက်တည်း ကိုယ်လေးပါ ဆတ်ခနဲတုန်သွားပြီး မျက်လုံးတွေက မီးဖိုခန်းဘက်ကို မရဲတရဲကြည့်မိလျက်သားဖြစ်နေ၏။ဒီမှာ ပခြုပ်တစ်ယောက်တည်းပါလား ဘုရား။ တစ်ယောက်တည်းဆိုသည့် အသိဝင်လာတာနဲ့ အားငယ်စိတ်ပါတပါတည်းရောလျက် ကြောက်လာသည်။
သူ..သူ ပြန်မလာသေးဘူးလား။ အိမ်ရှေ့တံခါးဆီ မျက်လုံးဝေ့ကြည့်ရင်း ပခြုပ် မျက်ရည်လေးတွေဝေ့တက်လာရ၏။ တစ်နေ့လုံးလည်း သူ့ကိုစောင့်ရင်း ပခြုပ်သန့်ရှင်းလေးလုပ်ကာ ပစ္စည်းတွေပါနေရာချပြီးပြီ။ ရှေ့ခန်းမှာ လူမနေဘူးဆိုသည့် အသိဖြင့် အမှောင်ကြီးစိုးလာလေ ပခြုပ်ပိုထိတ်လန့်လာရလေပါ။
တစ်ယောက်တည်း မနေရဲသည့်အကျင့်ကခေါင်းထောင်လာ၏။ အိမ်မှာဆိုတစ်ယောက်တည်းနေရသည့် အချိန်တွေရှိပေမယ့် အနားမှာလည်း ကိုယ့်အဒေါ်တွေဦးလေးတွေနှင့်။ပြီးတော့ ကိုယ့်အိမ်ကိုယ့်ရာ။ နေ့လည်ကမှ ရောက်လာသည့် ဒီတိုက်ခန်းထဲမှာတော့ ပခြုပ်ကြောက်မိသည်။
ဖုန်းလေးကိုလက်ထဲ ကိုင်ထားရင်း ပခြုပ် ရသမျှဘုရားစာတွေရွတ်နေမိသည်။ အနည်းဆုံး သူသွားတာ ခြောက်နာရီ၊ခုနစ်နာရီထက်မနည်းတော့ပေ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်သွားတာပေမယ့် ပခြုပ် သံသယစိတ်တွေဝင်လာရသည်။ သူများ ပခြုပ်ကို ထားသွားခဲ့ပြီလား။ ဒါမှမဟုတ်ရင် အညှိုးနဲ့တမင်နှိပ်စက်နေတာလား။ ပခြုပ်ကို မကျေနပ်ရင်လဲ အစကတည်းက မကြင်နာပါနဲ့လားရှင်။ စာနာဖေးမမှုတွေနဲ့ ကုမရတဲ့ ဝေဒနာ တွေပေးဖို့ကြံရွယ်နေတာခဲ့တာလား။
"တောက်.....တောက်...တောက်...."
ရေချိုးခန်းထဲက ရေတစ်စက်စက်ကျသံက ပခြုပ်စိတ်ကို ပိုပြီးခြောက်လှန့်နေသည်။တိတ်ဆိတ်နေသည့် အချိန် ရေကျသံ၊အိမ်မြှောက်ကျွတ်ထိုးသံတွေက ခြောက်ချားဖွယ်ရာထွက်ပေါ်နေလေ၏။ တိုက်ခန်းရောက်ကတည်းက လဲလှယ်ထားသည့် လက်ပြတ်ဂါဝန်လေးက သန့်ရှင်းလေးလုပ်ထားသဖြင့် အနည်းငယ်ပေပွနေလေပြီ။
စွဲ ရှင်ဘယ်တွေရောက်နေတာလဲ အမြန်ပြန်လာပါတော့။ ပခြုပ် ဧည့်ခန်းကဒရင်းဘတ်ပေါ်ထိုင်ပြီး လက်လေးဖွဖွပိုက်ကာ မျက်ရည်တွေကျလာသည်။ စိတ်ထဲကလည်း သူ့ကိုတနေမိကာ သူပြန်လာမယ့် တံခါးဆီသာ လည်တဆန့်ဆန့်ဖြစ်နေလေ၏။ဖုန်းဆက်ကြည့်ဖို့ စဉ်းစားမိပေမယ့် ထိုစိတ်ကူးကအကြိမ်ကြိမ်ပျောက်ကွယ်သွားရသည်။ ပခြုပ် ဆက်လိုက်မှ သူတစ်မျိုးမြင်သွားမလားဆိုသည့်အတွေးနှင့်အတူ ပခြုပ် လက်လျော့ခဲ့ရ၏။
ငါ့ကို တမင်ထားသွားတာဘဲ။ သူ့အတွက် ငါက အရေးပါတဲ့မိန်းမမှမဟုတ်တာ။ ကိုယ်နဲ့မဟုတ်တဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့မိန်းကလေးကို ဘယ်ယောက်ျားကရော အထင်ကြီးနိုင်မှာလဲ ။ အတွေးဝင်လာသည်နှင့် ပခြုပ်နှုတ်ခမ်းသားလေးကို ဖိကိုက်ပစ်လိုက်၏။ထိုစဉ်...မျက်ရည်တစ်စက်က သူမ ခြေဖမိုးလေးပေါ်ပေါက်ခနဲကျသွားသည်။ ရေချိုးဖို့လည်း သတိမရတော့ဘဲ ပခြုပ် အားရပါးရငိုနေမိတော့၏။
ဟုတ်ပါတယ် သူပခြုပ်ကို အထင်အမြင်သေးလို့ သူ့လက်ထဲက အရုပ်လေးတစ်ရုပ်လို ထင်သလိုပြုမူခဲ့တာ။ ပြန်တွေးလိုက်တိုင်း နှလုံးသားတွေဆတ်ဆတ်ခါနာ၏။ ရွှေကြုတ် အသံကြားမှ ပခြုပ်ကို ပခြုပ်ကို သူ..။ တမေ့တမောနမ်းနေသည့် နှုတ်ခမ်းများက ရွှေကြုတ် ခြေသံပြင်းပြင်းဖြင့်ပြန်ဆင်းသွားမှလွတ်မြောက်ခွင့်ရတော့သည်။ တဆက်တည်း ပခြုပ်နားလည်လိုက်တာက သူပခြုပ်ကို စော်ကားလိုက်တာ ပြီးတော့ ညီမလေးကို တမင်ရွဲ့တာ။ ကိုယ့်ကိုယ်ကို ဘာနဲ့တူနေသလဲ ပင်မသိတော့ပါ။
နားလည်ရခက်သည့် သူ့ကိုလည်း ပခြုပ်နားမလည်ချင်တော့။ နေ့လည်စာစားပြီးကတည်းက အလုပ်ရှုပ်နေသည့် ပခြုပ် ဗိုက်ကဆန္ဒပြလာသည်။ လက်ထဲမှာလည်း ပိုက်ဆံရှိသည်။သို့သော် ပခြုပ်ဘာမှ ဆင်းမဝယ်ဖြစ်ချင်စိတ်မရှိ။ ကိုယ်မရင်းနှီးသေးသည့် ပတ်ဝန်းကျင်မှာ ညအချိန်သွားလာဖို့ဘယ်လိုမှ မရဲနိုင်။ ဝယ်ထည့်လာသည့် မုန့်တွေပဲ စားလိုက်ဖို့ ဆုံးဖြတ်ပြီး အထုပ်လေးအတိုင်းရှိနေသည့် မုန့်ကို ထုတ်ယူ၍ ဗိုက်ဖြည့်ဖို့ကြိုးစားလိုက်သည်။
လူကစိတ်ရောကိုယ်ရောနွမ်းနယ်နေတာမို့ ရေချိုးပစ်လိုက်ချင်ပေမယ့် ဘယ်သူမှမရှိဘဲ ရေချိုးခန်းထဲ မဝင်ရဲတဲ့ ဒုက္ခကဖိစီးနေသည်။ သရဲကားတွေကိုမျက်လုံးထဲ မြင်ယောင်ရင်း ပခြုပ် ချွေးတွေပျံ့လာ၏။ မဝါးပဲ မြိုချမိသည့် မုန့်ကလည်ချောင်းထဲမှာ တစ်နေတာမို့ ရေသန့်ဘူးကိုပြေးဖွင့်သောက်လိုက်ရသည်။
"ကိုကိုဆီဖုန်းဆက်ပြီးလာခေါ်ခိုင်းရင်ကောင်းမလား။ ဒါမှမဟုတ် ကိုရဲဆီဆက်ရကောင်းမလား"
အစ်ကိုနှစ်ယောက်ကို ပြေးသတိရလိုက်ပေမယ့် ပခြုပ်ဖုန်းဆက်ဖို့လက်ကတုံ့နှေးနေရသည်။ ယောက်ျားနဲ့လိုက်လာတာကို ဒီအချိန်မှ ဖုန်းဆက်ခေါ်ရင် သူတို့ဘာထင်ကုန်မလဲ။ မိဘတွေပြန်သိကုန်မှ ခက်မယ်။ပြီးတော့ အစ်ကိုတွေကရော ဒီအတိုင်းငြိမ်နေမှာတဲ့လား... သူ့ကိုပြဿနာမရှာဘူးလို့ပြောနိုင်မလား။ပခြုပ် ချွေးတွေလည်းပျံ့ကာ လည်ချောင်းထဲ ခြောက်ကပ်လာ၏။ ပတ်ဝန်းကျင်ကို မပြတ်လိုက်ကြည့်နေသည့် မျက်လုံးများက ညောင်းညာစပြုလာပြီ။ထိုစဉ်....၊
"ဂျိုင်း....ဂျိုင်း....."
ဟင်။ သံပန်းတံခါးကို ဆွဲခါလိုက်သံကြောင့် ပခြုပ် မျက်ရည်များကြားက ခေါင်းမတ်သွား၏။ သေချာနားစွင့်ကြည့်တော့ ပြန်လည်တိတ်ကျသွားပြန်တာမို့ ပခြုပ်တစ်ယောက်တည်းဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူပြန်လာရင် ပခြုပ်ကိုခေါ်မှာ..ဒါဆိုစောစောကအသံကဘယ်သူလဲ။ ပခြုပ် တွေးနေစဉ် တစ်စုံတစ်ခုပြုတ်ကျသံသည် တံခါးအပြင်ဆီကထွက်ပေါ်လာပြန်၏။ ဒါ...ဒါ သရဲများလား။ ရှေ့ခန်းမှာ လူမနေဘူးဆိုတော့ ဒီအခန်းမှာ ပခြုပ်တစ်ယောက်တည်းရှိတာ သိလို့များ...။
ကြက်သီးလေးတွေတဖျန်းဖျန်းထလာပြီး ပခြုပ်တစ်ကိုယ်လုံးအေးစက်လာတော့သည်။
"ဂျိုင်း...."
"ပခြုပ် တံခါးဖွင့်စမ်းကွာ"
သူ....သူပြန်လာပြီ။ လှိုက်ခနဲ ဝမ်းသာသွားကာ ပခြုပ် တံခါးဆီထပြေးသွားပြီး တံခါးဆွဲအဖွင့် ။ စွဲက အပြင်မှာ မားမားကြီးရပ်နေလျက် လက်ထဲမှာလည်း အထုပ်အပိုးတွေအပြည့်...ခေါင်းအုံးနှစ်လုံးကို တံတောင်နှင့်ညှပ် လျက် အထုပ်ကြီးကြီးတွေကိုလည်း မနိုင်မနင်းကိုင်ထားသေးသည်။
"ကျွန်မကိုပေး"
လက်ထဲက အထုပ်ကြီးတွေကို လက်ပြောင်းယူတော့ သူက မပေးဘဲ တံတောင်နှင့်ညှပ်ထားသည့် ခေါင်းအုံးတွေကိုသာ ယူခိုင်း၏။
"ဒါတွေယူလိုက်..."
"ရှင် ဒါတွေကို တစ်နေကုန်သွားဝယ်နေတာလား"
ဧည့်ခန်းဆီ ပြန်လျှောက်လာရင်း ပခြုပ် ခေါင်းအုံးအသစ်စစ်စစ်တွေကို ဒရင်းဘတ်ပေါ်တင်လိုက်ပြီး မေးပစ်လိုက်သည်။အထုပ်တွေကို သူမဘေးချပေးပြီး သူကတံခါးကို သွားပြန်ပိတ်နေကာ ဒီဘက်လှည့်လာတော့ မျက်နှာက အလိုမကျသလို မျက်မှောင်ကြီးတွန့်ချိုးလျက် ပခြုပ်ပုံကို ခြေဆုံးခေါင်းဆုံးကြည့်၍၊
"မင်းကရော တစ်နေကုန် ဒီအတိုင်းထိုင်နေတာလား"
မျက်နှာလေးတင်းသွားကာ ပခြုပ်ခေါင်းအုံးတွေကို ဆောင့်အောင့်ဆွဲယူလိုက်၍၊
"ဟုတ်တယ် တစ်နေကုန် ဒီအတိုင်းထိုင်နေတာ...အဲဒီတော့ ဘာဖြစ်သေးလဲ"
ဘောက်ဆတ်ဆတ်လေးပြောပြီး အခန်းထဲ ဝင်သွားသည့်အထိ လိုက်ကြည့်ရင်း စွဲ ပြုံးလိုက်မိ၏။ သူကြည့်နေတုန်း သုန်မှုန်နေသောမျက်နှာလေးဖြင့် ပခြုပ်ပြန်ထွက်လာပြီး သူ့နားက အထုပ်တွေကို သယ်သွားပြန်ပြီး အခန်းထဲပြန်ဝင်သွား၏။ ပုစွန်စီရောင် လက်ပြတ်ဂါဝန်လေးက သူမလှုပ်ရှားမှုအတိုင်း နွဲ့နွဲ့ခါနေပြီး မြှောက်စည်းထားသည့် ဆံစလေးတွေ မျက်နှာပေါ် ပြန်နေပုံက ဖရိုဖရဲဆန်နေသည်။ ရေချိုးမထားသည့်ပုံလေးက အနည်းငယ်နွမ်းဖတ်ဖတ်လေးဖြစ်နေကာမျက်လုံးလေးတွေက မျက်ရည်ရောင်ကြောင့်ပိုတောက်နေခဲ့လေသည်။
ဝင်သွားလိုက်ပြန်ထွက်လာလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည့် သူမကို ဒရင်းဘတ်ပေါ်ထိုင်ကာ စီးကရက်ဖွာလျက် ငေးနေမိသည်။ အိတ်အကြည်လေးနှင့်ထည့်ထားသည့် ဖော့ဗူးနှစ်ဗူးကိုတော့ စားစရာမို့ ချန်ထားခဲ့ပုံရသည်။ သူတစ်ခါတည်းကယ်လာတဲ့အထုပ်တွေကို သူမ သုံးခါလောက်ခွဲသယ်လိုက်ရ၏။ သူ စီးကရက်တစ်ဝက်မကျိုးတကျိုးမှာ ပခြုပ် အိပ်ခန်းထဲကထွက်လာသည်။
"ဟေ့.....ဒါဘာလုပ်တာလဲ"
သူ့အော်သံကြောင့် ပခြုပ်ခြေလှမ်းရပ်သွား၏။စီးကရက်ကို အောက်ပစ်ချပြီးခြေတောက်ဖြင့် တိုးချေပြီးမှ မျက်လုံးတွေက ပခြုပ်ထံစူးစူးရဲရဲကြည့်လာသည်။ ထဘီရင်လျားလေးနှင့် သဘတ်တစ်ထည်ကိုခြုံထားသည့် ပခြုပ်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး အနားလျှောက်လာတော့ ပခြုပ်သဘတ်စကိုတင်းနေအောင်ဆုပ်ထားလိုက်ကာ၊
"ရေချိုးမလို့"
"ဘာ!...."
သူရဲ့ဘာသံကြီးက နည်းနည်းနောနောမဟုတ်။ ပခြုပ် မျက်ခုံးလေးတွေအလိုမကျစွာစုတွန့်သွား၏။
"ဒီအချိန်မှ ရေချိုးရအောင်...မင်းရူးနေလား ပခြုပ်။ သွား...ခုချက်ချင်းအထဲပြန်ဝင် လုံးဝမချိုးရဘူး"
ပခြုပ် ဒေါသတွေ ထောင်းခနဲထွက်လာ၏။ သူ နေရာတကာဆရာလုပ်တာများပြီ။
"ကျွန်မဘာသာဘယ်အချိန်ချိုးချိုးပေါ့...ရှင်နဲ့ဘာဆိုင်လဲ"
သူ့မျက်လုံးတွေစူးရဲသွားကာ ပခြုပ်လက်မောင်းလေးကို ဆွဲကိုင်ခါယမ်းပစ်လိုက်၏။
"မင်းကိုယ်မင်းမသိဘူးလား ပခြုပ်။ ဒီလောက်အေးနေမှ ရေချိုးစရာလား သွား အဝတ်ပြန်ဝတ်ထားလိုက်"
သဘတ်လေးလျောကျသွားမှာစိုးတာမို့ ပခြုပ်တင်းတင်းလေးဆုပ်ထားရင်း ခေါင်းထဲပါ မူးနောက်လာကာ၊
"ဖယ် ရှင် လူကို အဲဒီလောက်အနိုင်မကျင့်နဲ့သိလား"
သူ့လက်ကို မတင်းတိုက်ချပြီး လက်မောင်းကနာကျင်မှုရော ဝမ်းနည်းစိတ်ပါရောလျက် ထိုင်ငိုပစ်လိုက်သည်။ ထိုအခါ...သူ့မျက်နှာအကြီးအကျယ်ပျက်သွားပြီး ဆံပင်တွေထဲ လက်ထည့်ကာ ကျစ်ခနဲစုပ်သပ်လိုက်မိသည်။
"ဟီး.....ဟင့်....."
ကလေးလို ငုတ်တုပ်လေးထိုင်ပြီး ဝမ်းနည်းပက်လက်ငိုနေတာမို့ စွဲ ဘာလုပ်ရမှန်းမသိဖြစ်သွားလေသည်။ နောက်မှ...သူမဘေးမှ ခြေဖျားထောက်ထိုင်ချလိုက်ကာ မျက်နှာလေးကိုဆွဲမော့ယူလိုက်ပြီး မျက်လုံးလေးတွေထဲစိုက်ကြည့်၏။
"ဒါ ငိုစရာလား..."
စကားသံက မချိုသာသော်ငြား ပါးပြင်ပေါ်စီးကျနေသည့် မျက်ရည်များကို သုတ်ပေးနေသည့်လက်တစ်စုံကတော့ နူးညံ့နေလျက်။
"ငိုမှာဘဲ...ရှင်ဖယ်"
လက်ကိုတိုက်ချလိုက်တော့ စွဲက အသာဖယ်ပေးလိုက်ကာ၊
"ဘာလို့စောစောမချိုးတာလဲ။ခုမိုးချုပ်နေပြီ။ ရေပြောင်းရေလွှဲမှာ အချိန်မဟုတ်ရေချိုးရင်ဖျားတတ်တာ မင်းမသိဘူးလား"
"သိတယ်....ဒါပေမယ့် ကျွန်မမှ မချိုးရဲတာ"
မျက်တောင်ဖျားလေးတွေမှာ မျက်ရည်စလေးတွေသီးလျက် ရှိုက်သံဖြင့် ဆိုလိုက်တော့ သူ မျက်မှောင်ကျုံ့သွား၏။
"ဘာလို့မချိုးရဲတာလဲ"
"ဟို...ဟို...ကျွန်မတစ်ယောက်တည်းမနေရဲလို့။ ပြီးတော့ ဘယ်သူ့မှမရှိတဲ့တိုက်ခန်းမှာ ဘယ်လိုမှ ရေမချိုးရဲဘူး"
ရှိုက်သံတွေရောထွေးနေပေမယ့်သူမဘာပြောတယ်ဆိုတာတော့ သူနားလည်နေသည်။
"ဆော်ရီး....မင်းကြောက်တတ်မယ်မထင်လို့။ ကဲပါ...ချိုးရင်လည်း သွက်သွက်ချိုး"
သူ ထရပ်လိုက်တော့ ပခြုပ်က မျက်ရည်သုတ်လျက်ရေချိုးခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီ။ သူ အိပ်ခန်းထဲဝင်လိုက်တယ်ဆို အံ့သြသွားရသည်။ သန့်ရှင်းနေသည့် အိပ်ခန်းတွင်းဝယ် ခုတင်ပေါ် မှာသူဝယ်လာသည့် အိပ်ယာခင်းကိုပြန့်ပြူးစွာခင်းလျက် ခေါင်းအုံးတွေစောင်တွေကို သူ့နေရာနှင့်သူစီထား၏။ ပြီးတော့ သူဒီအတိုင်းပစ်ချထားခဲ့သည့် အဝတ်အိတ်က ဗီရိုဘေးမှာ ထောင်လျက်။ ဗီရိုတံခါးဆွဲဖွင့်ကြည့်တော့ အဝတ်တွေကို သူ့နေရာနှင့်သူ သေသပ်စွာထည့်သိုထားတာမို့ သူ့အလိုလိုပြုံးလိုက်မိ၏။ ဒီကောင်မလေး စည်းစနစ်ကောင်းတာနှစ်ယောက်မရှိ။
မနက်ကတည်းက အဝတ်တွေကိုချွတ်ပစ်လိုက်ပြီး ပုဆိုးကွက်စိပ်တစ်ထည်ထုတ်လဲလိုက်ကာ ရေလဲတစ်ထည်ဆွဲလျက် ရေချိုးခန်းဆီလျှောက်လာခဲ့လိုက်သည်။ တံခါးနားရောက်တော့ အထဲကရေကျသံမကြားရတော့ပါ။
"ဒေါက်.....ဒေါက်"
တံခါးကိုနှစ်ချက်ဆင့်ခေါက်ပစ်လိုက်၏။အထဲက တုံ့ပြန်သံမကြားရ။
"ပခြုပ်.....ဟေ့....မင်းမပြီးသေးဘူးလား။ ကြာနေပြီထွက်လာခဲ့တော့"
တံခါးနောက်တစ်ကြိမ်ခေါက်ဖို့လက်ရွယ်လိုက်စဉ် တံခါးက ရှပ်ခနဲဖွင့်လာပြီး အထဲကနေ မှုန်ကုတ်ကုတ်မျက်နှာလေးနှင့် ပခြုပ်က ထွက်ရပ်လိုက်ရင်း၊
"လူကိုတဟေ့ဟေ့နဲ့ နွားမောင်းနေတာကျနေတာဘဲ။ဖယ်....ရှင့်ထက်ကျွန်မပိုချမ်းတတ်တယ်"
သူ့ကို တွန်းပစ်ပြီး ထွက်သွားသည့် ပခြုပ်ကြောင့် သူ့မှာ ပါးစပ်အဟောင်းသားဖြင့်ကျန်ရစ်ခဲ့ရလေသည်။ ရေစက်လေးတွေခိုတွဲနေသည့်မျက်နှာလေးက သုန်မှုန်ကာ သူ့ကို ဘလိုင်းကြီး စူဆောင့်နေဟန်က ကလေးပေါက်စနလေးလိုလို။
သူ ရေချိုးပြီး ပြန်ထွက်လာတော့ ပခြုပ်က အနီရဲရဲဂါဝန်လေးနှင့်ဒရင်းဘတ်ပေါ်ထိုင်နေ၏။ သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး မျက်နှာလွှဲလိုက်ပုံက စိတ်ကောက်နေသည့် ကောင်မလေးတစ်ယောက်ဟန်အပြည့်။စွဲ မမြင်ချင်ယောင်ဆောင်လျက် အိပ်ခန်းထဲဝင်ကာ အဝတ်လဲလိုက်သည်။ ညဘက်တွေချမ်းလာတာမို့ အနက်ရောင်မှာ အဖြူကန့်လန့်စင်းပါသည့် ခေါင်းစွပ်အကျီကိုကောက်စွပ်ပြီး ပုဆိုးတစ်ထည်လဲ၍ အပြင်ပြန်ထွက်လာတော့လည်း ပခြုပ်က စောစောကအတိုင်းထိုင်နေလျက်။
"ဟာ....ဘာမှပြင်မထားဘူးလား"
"ဘာပြင်ရမှာလဲ"
ပခြုပ်အဖြေကြောင့် သူအလိုမကျဖြစ်သွားတာ သိသိသာသာ။
"မင်းဘာမှ မစားတော့ဘူးလား ပခြုပ်"
"ဟင်အင်း မစားတော့ဘူး။ ကျွန်မ မုန့်စားပြီးပြီ"
ဆာနေသည့်ဗိုက်က မုန့်နှင့်ဖြည့်ထားတာမို့ နောက်ထပ်မတောင်းတတော့ပေ။ ဖော့ဗူးတွေကို စောစောကတည်းက မြင်ပေမယ့် ဖွင့်စားဖို့လည်း စိတ်ကူးမရှိ။အချမ်းဓာတ်က ကျောထဲစိမ့်ဝင်လာတာမို့ ပခြုပ် လက်လေးပိုက်လိုက်စဉ်၊
"အနွေးထည် သွားဝတ် ပြီးရင် ခေါက်ဆွဲကြော်စားရအောင်"
ပခြုပ် အခန်းထဲဝင်လာခဲ့ကာ အနွေးထည်လေးထုတ်ယူဝတ်လိုက်၏။ ယောက်ျားလေးပေမယ့် အဝတ်တွေကို စနစ်တကျထားသည့် သူက ရေလဲပုဆိုးကို လွှားလှမ်းထားပြီး လျှော်မည့်အဝတ်တွေကို သီးသန့်ပုံထားသည်။
"ထိုင်လေ"
အိုးခွက်ပန်းကန်တွေမဝယ်ရသေးပေမယ့် ပခြုပ်သယ်လာတဲ့ ပန်းကန်လေးနှစ်ချပ်ကို ချပြီး ဖော့ဗူးတွေဖွင့်နေသည့် သူက အနားရောက်လာတဲ့ပခြုပ်ကို ထိုင်ခိုင်း၏။မိန်းမသားမို့ မနေသာသည့် ပခြုပ်ကပဲ သူ့လက်ထဲကဗူးကိုယူပြီး ပန်းကန်ထဲထည့်ပေးလိုက်သည်။ ကျန်တစ်ဗူးကို ပြန်ပိတ်ပြီးဘေးမှာချလိုက်တော့ သူ ပခြုပ်ကိုလှမ်းကြည့်လာ၏။
"ကျွန်မ မစားချင်လို့ပါ ရှင်စားလေ"
တူကိုသာ ပန်းကန်ထဲထည့်ပေးရင်း သူ့ဆီလှမ်းပေးတော့ သူကမယူဘဲ မျက်မှောင်ကျုတ်၏။
"စားလေ...ကျွန်မတကယ်မဆာလို့"
"မဆာရအောင် နတျသုဒ်ဓါတှစေားထားလို့လား"
ပခြုပ် မျက်နှာလေးရဲသွား၏။ ပက်ခနဲ ပြန်ပြောမည်ပြင်ပြီးမှ နှုတ်ဆိတ်နေလိုက်မိသည်။
"မဟုတ်ပါဘူး စောစောကမှ မုန့်စားလိုက်လို့မဆာတော့တာ။ ရှင် စားလေ..ကျွန်မ ဆာတော့မှစားမယ်"
ပန်းကန်ကိုလက်ထဲထည့်ပေးလိုက်တော့ ခပ်တည်တည်လှမ်းယူလိုက်၏။သို့သော်...ပန်းကန်ကို ဘေးပြန်ချပစ်လိုက်တာမို့ ပခြုပ် မျက်နှာလေးပျက်သွားရသည်။
"အို...စားလေ"
"ဒီမှာ မင်းရယ်ကိုယ်ရယ်နှစ်ယောက်တည်းရှိတာ တစ်ယောက်မစားမှတော့ ဘာလုပ်မှာလဲ နေပါစေ"
"အို ဘာဆိုင်လို့လဲ"
ပခြုပ် သူ့ကိုနားမလည်နိုင်တော့ပါ။ အသားလွတ် ဘက်တိုက်နေတယ်လို့ဘဲ ထင်သည်။
"ဆိုင်မဆိုင်တော့မသိဘူး ကိုယ်တစ်ယောက်တည်း စားမှာမဟုတ်ဘူး ပခြုပ်"
"ကျွန်မ ဗိုက်မှမဆာတာ"
မျက်လုံးချင်းဆုံသွား၏။ ပခြုပ် မျက်နှာလွှဲပစ်လိုက်ပြီး၊
"ရှင် ဗိုက်ဆာနေတာမို့လား ရှင်စားပါ။ ကျွန်မက တကယ်မဆာလို့မစားတာ"
"ကိုယ်လည်း မစားဘူး"
"ရှင်....."
ရန်တွေ့မလို့စုဆောင်းပြီးမှ သူ့အကြည့်တွေကြောင့် ပခြုပ်ပါးစပ်ပိတ်သွားရလေသည်။ ခေါက်ဆွဲကြော်ပန်းကန်လေးက မျက်နှာငယ်နေလျက်။
"ကိုယ်လည်း တစ်ပွဲလုံးမကုန်ဘူး ဒီတစ်ပွဲကိုတူတူစားမယ်"
"ဟင်..."
ပခြုပ် အံ့သြလို့မှ မပြီးခင် သူကပန်းကန်အလွတ်တစ်ချပ်ထဲခွဲထည့်နေ၏။
"တော်ပြီလေ...ကျွန်မ မဆာပါဘူးဆို"
သူ့လက်ထဲကနေ ပန်းကန်ကို အတင်းဆွဲလုတော့ သူကလည်း ပြန်အဆွဲ ပန်းကန်လေးက နှစ်ယောက်ကြားပြုတ်ကျသွားကာ ကွဲကြေသွားတော့သည်။
"ခွမ်း..."
"အို.....ကုန်ပါပြီ"
"အဲဒါကြောင့်ပြောတာ မင်းကအရမ်းလုတာကို....ထားလိုက်တော့ ဒီမှာ တူတူစားမယ်"
ရှူသိုးသိုးမျက်နှာကြီးနှင့် သူက ပခြုပ်ကိုယ်လေးကို ဒရင်းဘတ်ပေါ်ဆွဲချပစ်လိုက်တာမို့ သူမ သူ့ဘေးမှာ ထိုင်လျက်လေးကျသွားရလေသည်။ ခေါက်ဆွဲကြော်နည်းနည်းမှောက်သွားပြီး ပန်းကန်လေးပါ ကွဲသွားတော့ ပခြုပ်စိတ်ထဲမကောင်း။ တကယ်ဆို ပခြုပ်တို့မှာ ဒီပန်းကန်လေးနှစ်ချပ်ပဲ ရှိတာမဟုတ်လား။
"ဟေ့ စားလေ ဘာငေးနေတာလဲ။ ဘာလဲ ရွံလို့လား"
"ဟင်....မရွံပါဘူး"
ပခြုပ် ခပ်သွက်သွက်လေး ပြန်ဖြေလိုက်မှ သူက တူအသစ်ကို ပခြုပ်လက်ထဲထည့်ပေးကာ စားဖို့မေးဆတ်ပြ၏။
"စားလေ..."
"ကျွန်မ တကယ်မဆာလို့ပါ"
"ဘာလဲ ခွံကျွေးရမှာလား"
သူပုံက မထင်ရင်တကယ်လုပ်တော့မည့်ပုံမို့ ပခြုပ် ကပြာကယာတူလေးကို ယူလိုက်ရသည်။
"ရတယ်...ကိုယ့်ဘာသာစားမယ်"
ပခြုပ် သူ့ကိုင်ထားသည့် ပန်းကန်လေးကို ထပ်ကိုင်ရင်း ခေါက်ဆွဲကိုခေါင်းငုံ့ ညှပ်ယူလိုက်တာမို့ သူပြုံးလိုက်တာကို မမြင်လိုက်။ ခေါက်ဆွဲကြော်တစ်ပန်းကန်ကို နှစ်ယောက်ခေါင်းချင်းဆိုင်၍ အတူတူစားခဲ့ရသည့် ထိုညစာလေးက ဘယ်အရာနဲ့မှ မလဲနိုင်လောက်အောင် ပို၍အရသာရှိနေခဲ့သည့်အဖြစ်က.....။
အပိုင်း(၁၈)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း