မိုးသည်းည....ကာရန်
~~~~~~~~~~
"ပိန်သွားသလိုပဲနော်...နေရောကောင်းရဲ့လား အဟင်း"
စဝင်လာကတည်းက ခနဲတဲ့တဲ့စကားသံနှင့်မထိတထိအပြုံးကြောင့် ရွှေကြုတ် ဖျင်းခနဲဖြစ်သွားသည်။ သူ ဒီကိုလာဖို့ချိန်းတာ သူမကိုတမင်ရိဖို့လား။ ဒါဆိုရင်တော့ ဆော်ရီးဘဲ မင်းချစ်သူ။ အနားမှာ အရိပ်လာထိုးသည်နှင့် ရွှေကြုတ် ထရပ်ပစ်လိုက်၏။
"ဘာလုပ်တာလဲ ရွှေကြုတ်"
မင်းချစ်သူ ရွှေကြုတ်ကို မျက်မှောင်ကုတ်ကြည့်လျက် မေးလိုက်သည်။
"တမင်ရိဖို့လာတာဆိုရင်တော့ ပြန်တော့မယ်"
"ဟား....."
မင်းချစ်သူ..ခေါင်းမော့ရယ်လိုက်ကာ ရွှေကြုတ် လက်မောင်းရင်းကနေ ဆွဲလျက်ထိုင်စေလိုက်၏။ ရွှေကြုတ်ကလည်း မထိုင်ဘဲ ပေရပ်နေလျက်။
"အို....လွှတ်"
"စိတ်ကြီးပဲကွာ...ပြန်ထိုင်ပါဦး သဲရယ်"
မချိုမချဉ်အပြုံးတစ်ခုနောက်က မျက်နှာကြီးကိုသာရွှေကြုတ် ကုတ်ဖဲ့ပစ်ချင်နေသည်။သူ့ကို သိပ်အစာကြေလှတာမဟုတ်။ fbမှာ ပျံ့နှံ့သွားတဲ့ပုံကြောင့် ရွှေကြုတ် အရှက်ရခဲ့တာ။ ဒါတောင် သူကမျက်နှာပြောင်နိုင်သေး၏။
"အဟင်း...ကိုယ့်ကိုစိတ်ကောက်နေတာလား။ ဒါဆိုရင်တော့ ကိုယ်ကောင်းကောင်းချော့တတ်တယ်"
"ရှင်နော်"
ရိပ်ခနဲပြိုဆင်းလာသည့် ခေါင်းကိုရှောင်လိုက်ပေမယ့် ရွှေကြုတ် ပါးတစ်ဖက်နွေးသွားရသည်။
"ဖယ်စမ်း"
ရွှေကြုတ် စိတ်တိုတိုဖြင့်တွန်းထုတ်ပစ်လိုက်တော့ မင်းချစ်သူ မျက်နှာပျက်သွား၏။
"သဲ ကိုယ့်ကိုစိတ်ဆိုးနေတယ် ထင်တယ် ။ စိတ်မဆိုးပါနဲ့ကွာ ကိုယ် သဲကို ချစ်လွန်းလို့ ကြံမိကြံရာ ကြံလိုက်တာပါ"
အဟင်း....ကြံမိကြံရာတဲ့လား ။ကျွန်မ အိပ်မက်တွေ ပျက်စီးသွားတာကို ရှင်မသိပါဘူး မင်းချစ်သူ။
"သဲကကွာ...သိပ်စိမ်းကားတာဘဲ ။ ကိုယ်ဘယ်လောက်လွမ်းနေရသလဲ သိလား"
တွေ့တာနဲ့ ထုံးစံအတိုင်းပွေ့ပိုက်ဖို့ ကြိုးစားကာ လက်တွေက တပြင်ပြင်။ ရွှေကြုတ် ရုန်းဖယ်ပစ်ရင်း သူနဲ့လွတ်ရာမှာ သွားထိုင်လိုက်တော့ မင်းချစ်သူ မျက်နှာကြီး သိသိသာသာပျက်သွားလေသည်။
"အပိုတွေပြောမနေနဲ့ ရှင်လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် ကျွန်မဘယ်လောက်ထိခိုက်ခဲ့ရတယ်ထင်သလဲ"
မင်းချစ်သူမျက်နှာ မဲ့ကျသွားကာ ရွှေကြုတ် ရှေ့သွားပြီး ခါးထောက်ရပ်လိုက်၏။ ပြီးတော့...စိမ်းတောက်နေသည့်မျက်ဝန်းတွေထဲ စိုက်ကြည့်၍၊
"ကိုယ်ကတော့ မနိုင်နိုင်တာနဲ့လုပ်ရမှာဘဲ သဲ။ မင်းကို ကိုယ်မှ လက်လွှတ်ဆုံးရှုံးမှမခံနိုင်တာ"
သေလိုက်....။ ရွှေကြုတ် စိတ်ထဲကနေ ပြောပစ်လိုက်တာ ပစ်ပစ်နှစ်နှစ်။ သူ့ကိုမော့ကြည့်ပြီးမှ ဆတ်ခနဲမျက်နှာပြန်လွှဲကာ၊
"အဲဒီအတွက် ရှင့်ကိုဘယ်လောက်ထိရွံ့သွားနိုင်သလဲ ရှင်မတွေးတော့ဘူး မင်းချစ်သူ"
"အဟ.....ရွံ့တယ်ဟုတ်လား...."
မထိတထိမေးသံနှင့်အတူ လှောင်ရယ်သံက တဆက်တည်းထိုးဝင်လာ၏။ ရွှေကြုတ် အောက်နှုတ်ခမ်းလေးကို တအားဖိကိုက်လိုက်ပြီးမှ ပြန်ထိန်းရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ပစ်လိုက်၏။
"အနည်းဆုံးတော့ မင်းကို ချည်နိုင်ပြီလေ မဟုတ်ဘူးလား"
"မြရွှေကြုတ်ကို ဘယ်သူမှ ချည်နှောင်လို့မရဘူးဆိုတာရှင်မေ့နေပြီထင်တယ်"
"မင်းထင်လို့ပါ...ခုပဲကြည့်လေ ကိုယ်ချိန်းတဲ့နေရာကိုမင်းလာရပြီမို့လား"
အနိုင်ယူပြောနေသည့် သူ့မျက်နှာကြီးကို ပြေးကုတ်ဆွဲပစ်ချင်နေသည်။ ရွှေကြုတ် သူ့ကိုဒေါသထွက်နေမှန်းသူသိသည်။ ဒါပေမယ့် သူမကို ဒီလိုမှ မလုပ်ရင်သူ ခံသွားရမှာ။ မြရွှေကြုတ်ဆိုတာ လွယ်တဲ့မိန်းမမဟုတ်။ ယောက်ျားတွေကို နည်းမျိုးစုံနဲ့ ကစားနေသည့် အသည်းစားဘီလူးမလေး။
"လာချင်လွန်းလို့လာတယ်များထင်နေသလား။ ရှင်လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်ပါ မင်းချစ်သူ။ ရှင်မရပ်ဘူးဆိုရင်..."
"ဘာဖြစ်နိုင်လဲ ပြောစမ်းပါဦး"
ကိုယ့်စကားမဆုံးခင် ဖြတ်မေးလိုက်သံက လှောင်ပြောင်သရော်တော်တော်။ ရွှေကြုတ် အံကြိတ်ပစ်လိုက်သည်။ထို့နောက်...ထိုင်နေရာမှ ထရပ်လိုက်စဉ်၊
"စိတ်ဆိုးသွားတာလား ဆော်ရီး ကိုယ်တကယ်မရည်ရွယ်ပါဘူးကွာ။ အားလုံးက သဲကိုချစ်လို့"
လက်ကိုဆွဲလျက် တိုးလျစွာတောင်းပန်နေသည့် မင်းချစ်သူ။ ရွှေကြုတ် သူ့လက်ကိုဖယ်ချပစ်ရင်း၊
"ဘာချစ်လို့လဲ ချစ်တာမဟုတ်ဘူး သက်သက်အရှက်ခွဲတာ။ ရှင်ကြောင့် ကျွန်မ အိမ်မှာ ဘာကောင်မဖြစ်နေသလဲ သိလား။ မေမေတို့တွေလည်း သိကုန်ပြီ။ အားလုံးသိကူန်ပြီသိရဲ့လား"
မကျေနပ်ချက်တွေစုပုံလျက် သူ့ရင်ဘတ်ကို မဆက်မပြတ်ထုပစ်လိုက်သည်။ မင်းချစ်သူကလည်း မရှောင်။
"ဆော်ရီးကွာ....ကိုယ်တကယ်တောင်းပန်ပါတယ်။ သဲလက်ထပ်တော့မယ်ဆိုလို့ ကိုယ်ပူထူပြီးကြံမိကြံရာကြံလိုက်မိတာပါကွာ...ကိုယ့်ကို ခွင့်လွှတ်နော်"
"ဖယ် လာမတောင်းပန်နဲ့ ရှင်နဲ့ကျွန်မပြတ်ပြီ"
"ဟာ သဲ မဟုတ်တာကွာ။ ကိုယ်လုံးဝမပြတ်နိုင်ဘူးနော်။ ကိုယ့်ကို အရင်ကောင်တွေလို အလွယ်တကူချန်ခဲ့လို့ရမယ်များထင်နေသလား။ လုံးဝဘဲ "
"ကျွန်မကတော့ ရှင့်ကိုအတော်စိတ်ပျက်နေပြီ မင်းချစ်သူ။ ရှင်နဲ့လည်း ဆက်မတွဲနိုင်တော့ဘူး။ ဒါကြောင့် ဇာတ်လမ်းပြတ်ပြီ"
ရွှေကြုတ် ဆတ်ဆတ်ထိမခံဖြစ်လေ မင်းချစ်သူ အသည်းယားလေပါ။ ကြာလေ ရွှေကြုတ်ကို သူချစ်လေ၊ရွှေကြုတ်ကို ဆုံးရှုံးရမှာကြောက်လေ။
"ရမလား ရွှေကြုတ် ကိုယ်လုံးဝကျန်မနေခဲ့နိုင်ဘူးနော်။ ဟား....မင်း အဲဒီလိုလုပ်လို့ရမလားကွ"
"သိပ်ရတာပေါ့....မြရွှေကြုတ်စိတ်နဲ့ ကိုယ်ကိုဘယ်သူမှ လာချုပ်လို့မရဘူး။ ရှင့်ကို ဆက်မတွဲနိုင်တော့တာ သေချာတယ်"
"မင်း တကယ်ပြောနေတာလား သဲ"
မင်းချစ်သူ မျက်နှာ သိသိသာသာပျက်ယွင်းသွားသည်။
"ဒါနောက်စရာ မဟုတ်ဘူး ရှင် ဟိုတစ်ခါယုတ်မာလိုက်ထဲက မေမေတို့က ရှင်နဲ့အဆက်ဖြတ်ခိုင်းနေတာ။ ကျွန်မအစ်ကိုတွေလည်း ရှင့်ကို တွေ့ရာသချိုင်းဓားမဆိုင်းဘဲတဲ့။ သူတို့ အတော်စိတ်ဆိုးနေကြတာ။ ဆိုးလည်း ဆိုးချင်စရာကိုး ရှင့်လုပ်ရပ်ကြောင့် ကျွန်မတို့မိသားစုသိက္ခာဘယ်လောက်ကျသွားသလဲ သိလား"
"အစထဲက မင်းသာဆင်ခြင်ခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းကို မရှိဘူး ရွှေကြုတ်။ မင်းစွဲဘဏ္ဍာနဲ့လက်ထပ်မှာ မင်းအစ်မလို့ ပြောခဲ့ရင် ကိုယ်လည်း ခုလိုမှားမှာမဟုတ်ဘူး။ ခု သူတို့လည်း လက်ထပ်သွားပြီဘဲ ကိုယ်တို့က ဘာကြောင့်ပြတ်ရမှာလဲ။ အရေးမပါလိုက်တာကွာ"
ဆံပင်တွေထဲ လက်ထိုးဖွလျက် မင်းချစ်သူမျက်နှာမှာ ကာလာရင့်လာ၏။
"ဘာဖြစ်ဖြစ် ရှင့်ကို ဆက်မတွဲနိုင်တော့ဘူး မင်းချစ်သူ။ ရှင်နဲ့ကျွန်မ ဇာတ်လမ်းပြီးပြီ"
"ကိုလို့တောင်မခေါ်နိုင်တော့ဘူးပေါ့လေ...အဟက်...မင်းက တကယ်စိမ်းကားနိုင်ပြီပေါ့"
ရွှေကြုတ် ဘာမှပြန်မပြောမိ။ မျက်နှာတစ်ဖက်လွှဲပြီး အံကြိတ်ထားမိသည်။ ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာမှတော့ ရွှေကြုတ်ဘာတွေမက်မောနေရဦးမှာလဲ။ မနေ့က တစ်နေလုံး သူမငရဲကျနေတဲ့အဖြစ်ကို ဘယ်သူသိနိုင်မှာလဲ။ သိလည်း အသိမခံနိုင်ပါ။ မြရွှေကြုတ်ဆိုတာ ယောက်ျားတစ်ယောက်ကြောင့် နာကျင်ခံစားနေရပါတယ်လို့ ရာဇဝင်အတွင်မခံနိုင်။
မဂ်လာပွဲကို သူမရောက်သွားတော့ အားလုံးကသူမအတွက်နာကျင်စရာအပြည့်။ ပိုပြီး ခံစားရတာက စွဲရဲ့မိခင်ဒေါ်ထက်ထက်သာကိုယ်တိုင်က ပခြုပ်ကို သိပ်ချစ်နေခြင်းပင်။ ပြီးတော့ စွဲ။ ပခြုပ်ကို ကြည့်နေတဲ့အကြည့်ထဲမှာ မြတ်နိုးခြင်းတွေဖြန့်ခင်းလျက်။ ပခြုပ်ကသာ အသိမထားမိချင်နေမည် စွဲကို တစ်ချိန်လုံးအကဲခတ်နေသည့် သူမ အားလုံးမြင်နေရ၏။
"မင်းပြတ်မယ်ဆိုတိုင်း ကိုယ်မပြတ်နိုင်ဘူး သဲ။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတာလည်း မင်းသိမှာပါ။ သတ္တိရှိရင် လုပ်ကြည့်ပေါ့"
ရွှေကြုတ် မျက်နှာမော့လာ၏။ စူးရဲနေသည့် မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေလျက် တစ်ချက်တစ်ချက် ဒေါသရောင်လေးတွေလက်သွားတတ်သည်။
"အဟင်း....ကြောက်မွှေးဆိုတာ မွေးထဲကကိုမပါတာ "
အလှပဆုံးပြုံးလျက် ခြေလှမ်းအရွေ့...၊
"ကိုယ်ကလည်း လုပ်သင့်တာဆက်လုပ်ရတာပေါ့ ဒါဆို။ အဟင်း...ပွဲကခုမှပိုကောင်းမှာ"
လှမ်းလက်စခြေလှမ်းတွေတုံ့ခနဲရပ်သွား၏။ ထို့နောက် အလျှံတညီးညီးတောက်နေသည့်ဒေါသမျက်လုံးများက သူ့ဆီချက်ချင်းရောက်လာကာ၊
"မနိုင် နိုင်ရာဆွဲထွက်တာ ယောက်ျားကောင်းအလုပ်မဟုတ်ဘူး "
"အဟင်း....ကောင်းပါတယ်လို့ရော ပြောမိလို့လား။ ကိုယ် ကောင်းတာမကောင်းတာ မင်းအသိဆုံးဘဲ ရွှေကြုတ်။ မင်းဘက်က သည်အန့်လို့စာတန်းချိတ်ပေမယ့် ကိုယ်ဘက်ကမပြီးပြတ်နိုင်သေးဘူး ။ ဒါကြောင့် ပွဲကခုမှစမှာ"
"ဘာပွဲလဲ...ဘာပွဲမှ စဖို့မရှိဘူး"
" အဲဒါ မင်းဘက်ကလေ ကိုယ့်ကတော့ လုံးဝမပြတ်နိုင်ဘူး။ ဘာမဆိုလုပ်ဖို့လည်း ဆုံးဖြတ်ထားတယ်"
"ပြောစမ်းပါဦး ရှင်ဘာတွေများ ယုတ်မာဖို့ကြိုးစားနေတာလဲ"
ရွှေကြုတ် မြိုသိပ်မရစွာ မေးပစ်လိုက်သည်။
"ကိုယ်ပြောနိုင်တာတစ်ခုက မင်းနဲ့ကိုယ်ညားသွားနိုင်တယ်ဆိုတာဘဲ ရွှေကြုတ်။ ကဲပါ...မင်းစိတ်ရှုပ်သွားပြီထင်တယ်။ ပြန်ချင်လည်း ပြန်တော့လေ။ မနက်ဖြန်မှ တွေ့ကြတာပေါ့"
"ရှင်..."
ပါးတစ်ဖက်ကို ကျူးကျော်ကာ ထွက်သွားသည့် သူ့ကျောပြင်ကိုကြည့်ရင်း ရွှေကြုတ် ဒေါသတွေတလိပ်လိပ်တက်လာ၏။
ညားသွားရင်လည်း သတ်ပွဲဘဲ မင်းချစ်သူ။
~~~~~~~~~~~~~~~~~~~~~~~~
"ဆိုင်းမဆင့်ဗုံမဆင့်သမီးရယ် မေမေကသမီးတို့ဟိုမှာနေဦးမယ်ထင်တာ"
ပစ္စည်းတွေသိမ်းနေသည့် ပခြုပ်ကို ကူသိမ်းပေးရင်း ဒေါ်စနိုး စိတ်မကောင်းသလို ဆိုလာ၏။
"ဟုတ်တယ် မေမေ။ သူက သင်တန်းရှိသေးတော့ မနက်ဖြန်ရန်ကုန်ပြန်ဆင်းမှာ"
"အင်းလေ လင်ရယ်မယားရယ်ဖြစ်မှတော့ ယောက်ျားရှိတဲ့အရပ်မှာလိုက်နေတာ အကောင်းဆုံးပါဘဲ ။ ဒါနဲ့...သမီးတို့အဆင်ပြေတယ်မို့လား"
အဝတ်တွေအိတ်ထဲထည့်ရင်း ပခြုပ်မျက်နှာလေးမော့လာ၏။ ပြီးတော့ မိခင်ကို တောင်းပန်တိုလျှိုးစွာကြည့်ရင်း၊
"သမီး အားလုံးပြောပြလိုက်ပြီ မေမေ"
"ဘယ်လို...ဘယ်လို....ပခြုပ်.."
မျက်လုံးတွေပြူးလျက် ဒေါ်စနိုးမျက်နှာ အကြီးအကျယ်ပျက်သွား၏။ ထို့နောက်..မလုံမလဲ လှည့်ပတ်ကြည့်ရင်း ပခြုပ်နားထိုးကပ်လျက်၊
"တကယ်ပြောလိုက်တာလား....မိုက်လိုက်တာ ပခြုပ်ရယ်"
"သမီး ဘာမှမဖြစ်ပါဘူး မေမေ။ သူကလည်း လက်ခံပေးတယ်။ ခုပဲကြည့်လေ..သူ အိမ်အထိပါလာတာ"
ပခြုပ်က အေးအေးဆေးဆေးပြောနေပေမယ့် ဒေါ်စနိုးရင်ဘတ်ဖိလျက် အသက်ဝဝရှူနေရသည်။
"ခက်ပါလား ပခြုပ်ရယ်"
"သမီး ဖုံးကွယ်ရမှာ စိတ်မလုံဘူး မေမေ။ သမီးတို့အဆင်ပြေပါတယ်။မေမေ ဘာမှ စိတ်မပူပါနဲ့နော်။ သမီးသိမ်းလိုက်မယ်...မေမေသွားစရာရှိတာသွားလေ"
"မသွားတော့ပါဘူး သမီးရယ်။ နောက်နေ့မှ သွာလည်း ရပါတယ်"
တကယ်တော့ ဒီနေ့ငွေတွေချိန်းထားတာရှိသည်။ စိုက်ပျိုးရေးငွေတွေထုတ်တော့ ရစရာတွေသိမ်းဖို့ရှိနေပေမယ့် သမီးနဲ့သမက်ရောက်လာတော့ သူမ သွားလို့မဖြစ်တော့။သမီးတစ်ယောက်ထဲကို ကိစ္စမရှိ ခုကသမက်ပါ ပါလာတော့ သူမတို့ဘက်ကတာဝန်ကျေရပါမည်။ ပြီးတော့ သမီးက အားလုံးပြောပြထားပြီးပြီတဲ့လေ။ ဘယ်လောက်မျက်နှာပူစရာကောင်းနေသလဲ။ ဒါတောင် ကောင်လေးက သူမတို့ကို ချေချေငံငံဆက်ဆံနေသေးသည်။
"မေမေ ဘာမှ မစိုးရိမ်ပါနဲ့ သမီး ပြောထားတယ်။ ဒီအကြောင်းတွေကို မေမေတို့မသိပါဘူးလို့။ ဘာပဲ ဖြစ်ဖြစ် သူလက်ခံပေးတာ ကျေးဇူးတင်ရမယ်"
"မေမေတော့ ရင်တွေတောင်ပူတယ် သမီးရယ်"
"ကဲပါ...သမီးတို့ မပြန်သေးပါဘူး မေမေ။ မိုးချုပ်ခါနီးမှ ပြန်ကြမှာ။ မေမေ သွားစရာရှိတာ သွားလေ။ နေ့လည်စာအတွက်မပူပါနဲ့ သမီးချက်ထားလိုက်မယ်။ ပြီးတော့ သူကလည်း တစိမ်းမှ မဟုတ်တာ"
သမီးဖြစ်သူ ပြောတာလည်း ဟုတ်တုတ်တုတ်ပင်။
"ကဲ...ဒါဆို သမီးအဖေနဲ့ မေမေသွားလိုက်မယ်။ ရွှေကြုတ်ပြန်လာရင် သတိထားဦး။ ဒီကောင်မလေးက ဘယ်မျက်နှာမှ ကြည့်တာမဟုတ်ဘူး"
ပခြုပ် ပြုံးလိုက်မိ၏။ သူမတို့ရောက်ကတည်းက ရွှေကြုတ်ကို မတွေ့။ ဘယ်တွေ သဝေထိုးနေသလဲ မသိပါ။ ရွှေကြုတ်က ခုချိန်ထိ အကျင့်တွေမပြင်သလို နေချင်သလိုနေသည်။ အိမ်မှာ သူမမရှိရင် မေမေတို့အတွက် ရင်လေးစရာ။ ရွှေကြုတ်ဆိုတာ အိမ်တွင်းရေးစိတ်မဝင်စားသလို စီးပွားရေးကိုလည်း ဝါသနာပါတာမဟုတ်။ မေမေတော့ ပင်ပန်းမှာ မြင်ယောင်နေသည်။
"ရွှေကြုတ် ဘယ်သွားတာလဲ မေမေ"
"အမလေး... သူ့သူငယ်ချင်းတွေဆီတဲ့။ သမီးတို့မလာခင်လေးကဘဲ ထွက်သွားတာ။ ဒီကောင်မလေးကိုတော့ မပြောချင်ပါဘူးကွယ်"
ဟိုတစ်ခါပြဿနာဖြစ်ပြီးကတည်းက ရွှေကြုတ်ကို မေမေမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာ။ ဒီနေ့မှ အပြင်လွှတ်တာ ထူးဆန်းနေသည်။
"ရွှေကြုတ်ကို စိတ်ချသွားပြီပေါ့ ဟုတ်လား မေမေ"
ပခြုပ် အမေးကို မေမေက အပြုံးနှင့်တုံ့ပြန်၏။
"စိတ်ချတယ်လို့ မဟုတ်ပါဘူး သမီးရယ်။ သူ့ကို မေမေဘယ်တော့မှ စိတ်မချဘူး။ ခုဟာက စွန်ကြိုးတစ်ခုလိုပေါ့ နှစ်ပတ်တင်းဖို့ တစ်ပတ်လျော့တဲ့သဘော"
"ရွှေကြုတ်က နားနည်းနည်းကောက်တယ် မေမေ။ အိမ်အလုပ်တွေကို တတ်သလောက်ခိုင်းကြည့်ပါလား။ မွေးထဲက တတ်တဲ့သူ ဘယ်သူရှိလို့လဲ"
"အင်း....ခုတော့ခိုင်းရတော့မှာပေါ့...ဒါနဲ့ ထက်ထက်သာတို့နဲ့ အဆင်ပြေရဲ့လား သမီး။ သူတို့ သမီးအပေါ်ဆက်ဆံရေးဘယ်လိုလဲ"
မိခင်တစ်ယောက်ရဲ့ ပူပင်မှုတွေက ဘယ်တော့များမှ ဆုံးခန်းတိုင်မလဲ။ ပခြုပ် တွေးလိုက်မိရင်း မေမေ့ကို နားလည်နေမိသည်။ မိဘမေတ္တာကြီးမားတာကို ပခြုပ်သိပါသည်။ သားသမီးတွေ အရွယ်ရောင်တာတောင် ကလေးငယ်လေးလိုပဲ မြင်နေတဲ့ မိဘတွေ။ ခုချိန်အထိ သူတို့မှာ သားသမီးတွေအတွက်လိုက်ပူနေရတုန်း။ ဒါတွေကို ရွှေကြုတ် နားလည်စေချင်သည်။
"ဟုတ်ကဲ့ မေမေ။ သူတို့တစ်အိမ်လုံး သမီးကို ချစ်ကြတယ်။ ပြီးတော့ သမီးအရင်းလိုလဲ စေတနာထားကြတယ်"
ဒေါ်စနိုး ရင်ထဲ နွေးသွားရ၏။ ကိုယ့်သမီးလေး ခုလို အဆင်ပြေနေတော့ မိခင်တစ်ယောက်အနေနဲ့ အတိုင်းမသိကြည်နူးရသည်။
"အင်း...စကားကြီးဆယ်ခွန်းကို သမီးဘယ်တော့မှ မမေ့နဲ့ကွဲ့။ ပြီးတော့ ခင်ပွန်းယောက်ျားအပေါ်လည်း မယားဝတ္တရားကျေပွန်အောင်ကြိုးစားပါ သမီး။ သူက ကိုယ်ရဲ့အိမ်ဦးနတ်ဘဲ။ အိမ်ဦးနတ်ကို ညအိပ်ယာဝင်တိုင်း ရှိခိုးအိပ်ဖို့မမေ့နဲ့။ ပြီးတော့ လူ့စိတ်ဆိုတာ အချိန်ကာလတွေအလိုက်ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ ပတ်ဝန်းကျင်ကြောင့်ဘဲ ဖြစ်ဖြစ် ဘာကြောင့်ဘဲဖြစ်ဖြစ် စိတ်တွေကွဲပြားနိုင်တယ် သမီး။ အဲဒီလိုဖြစ်လာခဲ့ရင်..ဘယ်တော့မှ စိတ်မကွက်မိစေနဲ့။ သူတို့ကို ကိုယ့်မိဘလိုပဲ သဘောထား။ ကြားလား"
"ဟုတ်ကဲ့"
"မေမေဘာကိုဆိုလိုမှန်း သမီးသိမှာပါ။ မိဘအပေါ်သိတတ်လိမ္မာတဲ့သမီးရဲ့ဘဝလေးသာယာဖြောင့်ဖြူးမှာပါကွယ်"
"မေမေတို့ သွားတော့လေ...တော်ကြာ မရလိုက်ဘဲ နေမယ်"
"အင်း....ကောင်လေးကို အပေါ်လွှတ်လိုက်မယ်"
"ဟုတ်ကဲ့"
မေမေပြန်ဆင်းသွားပြီး မကြာလိုက် သူအခန်းထဲရောက်လာသည်။ အိပ်ခန်းကအစ သူတို့အိမ်နဲ့တခြားစီမို့ စွဲ အခန်းပတ်လည်ကိုလှည့်ပတ်ကြည့်နေမိသည်။ တိုက်ခံနှစ်ထပ်ပြင်ထောင်အိမ်ကြီးမှာ ပခြုပ်က အပေါ်ထပ်သီးသန့်နေပုံရ၏။ အပေါ်ထပ်တစ်ထပ်လုံးမှာ သူမတစ်ခန်းဘဲ ရှိနေသည်။ အခန်းထဲမှာလည်း ဗီရိုမြင့်ကြီးတစ်လုံးနှင့် စာရေးစာပွဲသာရှိ၏။ ပစ္စည်းပစ္စယဆိုလို့ သိပ်ကြီးမများ။နံရံနားကပ်လျက် ဖျာလေးခင်းထား၏။ ကြည့်ရတာ သူမဒီအတိုင်းအိပ်သည့်ပုံ။
ဗီရိုဘေးထိုင်လျက် အဝတ်တွေထည့်နေသည့် ပခြုပ်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်တော့ သူ့ကို မော့ကြည့်လိုက်တာနဲ့ ကွက်တိမိသွား၏။
"ထိုင်လေ...ရှင်အိမ်လိုတော့ မခမ်းနားဘူးပေါ့"
ထိုင်လေဆိုပြီး ဖျာပေါ် မေးဆတ်ပြလိုက်ပေမယ့် စွဲ မထိုင်ဖြစ်။ စာရေးစာပွဲနားလျှောက်သွားပြီး စာအုပ်ထပ်တွေကို ကြည့်နေမိသည်။ အစကတော့ ပခြုပ် သူဘာတွေကြည့်နေမလဲဟု ရှက်စိတ်ဖြင့် သူ့ကိုလိုက်ကြည့်မိသေးသည်။ နောက်တော့ သူက ပြတင်းတံခါးကနေ အပြင်ကို လှမ်းကြည့်နေသဖြင့် သိမ်းစရာရှိတာ ဆက်သိမ်းနေလိုက်၏။
စွဲ ပြတင်းပေါက်ကနေ ခြံထဲကိုငုံ့ကြည့်လိုက်တော့ ခေါင်းရင်းဘက်မှာ ပိတောက်ပင်ကြီးက အုံ့အုံ့ဆိုင်းဆိုင်းနှင့်တည်ရှိနေ၏။ ပြီးတော့ တစ်ခြံလုံးမှာ သက်ရင့်ပင်တွေအပြည့်။ ပြတင်းပေါင်ကနေ ခွာကာ ပြင်ထောင်နံရံတွေကို လိုက်ကြည့်နေမိသည်။ ထူးဆန်းတာက တစ်ခန်းလုံးမှာ ဘာအလှဓာတ်ပုံမှ ရှိမနေခြင်းပါ။ ဧည့်ခန်းထဲမှာတော့ သူမရဲ့ ဘွဲ့ဓာတ်ပုံကြီးက ထည်ဝါစွာနေရာယူနေသည်။ ပြီးတော့ ဘွဲ့ဝတ်စုံဖြင့် ပို့စ်မျိုးစုံရိုက်ထားသည့်ပုံတွေနဲ့ မိသားစုဓာတ်ပုံတွေ။ ကလေးဘဝတုန်းက ပုံတွေဘဲ နေရာယူနေ၏။ သူမကြည့်ရတာ ဓာတ်ပုံရိုက်တာ ဝါသနာပါပုံမရ။
သို့ပေမယ့်...စာဖတ်ဝါသနာကြီးမှန်း သူတန်းသိလိုက်၏။ အခန်းထဲဝင်လာကတည်းက စားပွဲပေါ်မှာ စာအုပ်မျိုးစုံကို သေသပ်စွာဖြင့် စီစီရီရီတင်ထားတာကို မြင်လိုက်ရသည်။ပြီးတော့ နံရံမှာ အီကွေးရှင်းတွေ၊သီအိုရမ်တွေရေးထားသည့် စာရွက်ပိုင်းတွေနှင့်ပြည့်နေ၏။
"သမီးရေ....မေ့တော့မလို့..."
"ဘာလဲ မေမေ"
စွဲ ငေးနေတုန်း အခန်းဝမှ ပခြုပ်မေမေရဲ့အသံကြောင့် လှည့်ကြည့်မိသွား၏။
"ဒီမှာလေ...သမီးရဲ့ ဗီရိုရှင်းရင်း တွေ့လို့ မေမေလျှော်ပြီးမီးပူတိုက်ထားတာ သမီးရဲ့ ဂါဝန်လေး"
"ဟုတ်...ဟုတ်ကဲ့"
ပခြုပ်မျက်နှာလေးမှာ သွေးမရှိတော့။ ကြောက်စရာ လက်နက်တစ်ခုလို မိခင်ဆီက ဂါဝန်လေးကို တုန်တုန်ချိချိဖြင့် ယူလိုက်သည်။
"သားရေ...အန်တီတို့ရွာထဲခဏသွားလိုက်ဦးမယ်။အေးဆေးနေကြဦး"
"ဟုတ်ကဲ့ အန်တီ။ ရပါတယ် ကျွန်တော့်ကို အားမနာပါနဲ့"
စွဲ ပြုံးပြုံးလေး ဆိုလိုက်၏။
"ဒါဆို မေမေသွားလိုက်ဦးမယ်။ သမီးရေ...ပြီးမှ သိမ်းပါလားကွယ်"
"ဟုတ်ကဲ့"
"မေမေလည်း သိပ်မကြာပါဘူး။ သား ပြင်းနေမှာပေါ့ သမီးရဲ့ စကားလေးဘာလေးပြောနေ"
"အဟင်း"
မေမေ ထွက်သွားသည်နှင့် ပခြုပ် ဂါဝန်လေးကို အိတ်ထဲ အမြန်ထိုးထည့်ပစ်လိုက်၏။ပြီးတော့...မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာတာမို့ မျက်တောင်ခတ်၍သိမ်းလိုက်ရသည်။
ထို့နောက် စိတ်မလုံသလို မော့အကြည့် သူက သူမကို စူးစူးစိုက်စိုက်ကြည့်နေခဲ့လေသည်။ယခုလို လျှို့ဝှက်စွာပြုံး၍ စူးစိုက်ကြည့်တတ်သည့် ထိုမျက်ဝန်းများက လူကိုသေးငယ်ကြုံလှီသွာအောင် လှီးဖြတ်ချလိုက်သလို စူးရှထွင်းဖောက်နေလျက်...။
ပခြုပ် မျက်နှာလွှဲပစ်လိုက်ပြီး ထရပ်လိုက်စဉ်..သူက ပခြုပ်နားရောက်လာကာ၊
"မင်းတစ်ယောက်ထဲ ဒီအပေါ်ထပ်မှာအိပ်တာလား"
"ဟုတ်တယ်....ဘာလို့လဲ"
"ဘာမှ မဖြစ်ပါဘူး မေးကြည့်တာ"
ဟင်း...နေရာတကာ စပ်စုချင်နေတာ။ ပခြုပ် နှုတ်ခမ်းလေး သိသိသာသာမဲ့ကျသွား၏။ ဒါကို သူကလည်း မြင်ဖြစ်အောင်မြင်လိုက်သည်။
"မင်းကိုယ်ဝန်က ဘယ်နှလလဲ ပခြုပ်"
မထင်မှတ်တဲ့ မေခွန်းမို့ ပခြုပ် မျက်လုံးလေးဝိုင်းသွားပြီး သူ့ကို မော့ကြည့်လိုက်မိသည်။ ဒီကိုယ်ဝန်နဲ့ပက်သက်ပြီး အစာမကြေဖြစ်နေတဲ့သူက ခုလိုရုတ်တရက်မေးလာတော့ ပခြုပ်အံ့သြရ၏။ပြီးတော့ ရှက်ရွံ့သိမ်ငယ်သွားရတာ သူမသာသိသည်။
"သုံးလ..."
"မင်းရည်းစားကရော ဒီအကြောင်းသိလား "
ပခြုပ်နဲ့ စွဲ မျက်လုံးချင်းဆုံသွား၏။ ဘယ်သူကမှ စပြီး မလွှဲဖယ်မိကြ။ခဏတန်ကြာမှ....ပခြုပ်ဆီက မပွင့်တပွင့်အသံလေးထွက်လာ၏။
"ကျွန်မမှာ ရည်းစားမရှိပါဘူး"
"ဘာ....ရည်းစားမရှိဘူးဟုတ်လား။ အဟင်း...ထားပါ ဒီကိစ္စမင်းနဲ့ငါ အပေးအယူဖြစ်ပြီးမှတော့"
"ဒီကလေးရဲ့အဖေက ဘယ်လိုစရိုက်မျိုးနဲ့ပေါက်လွှတ်ပဲစားဖြစ်နေနေ ကျွန်မ ဒီကလေးကို ကောင်းကောင်းမွန်မွန်မွေးမှာ။ ရှင် အဲဒီလို လှောင်သလို ရိသလို မပြောပါနဲ့ "
"ကြည့်ရတာ ကလေးအဖေတောင်မသိတာထင်တယ်"
ပက်ခနဲ ပြန်ပြောမလို့ပြင်ပြီးမှ ပခြုပ်မပြောဖြစ် မျက်စောင်းတစ်ချက်ထိုးကာ သူ့ကိုကျောခိုင်းပစ်လိုက်သည်။ သူနဲ့လိုက်နေရတော့မှာမို့ သူမအမြတ်နိုးဆုံးရတနာတွေကို သယ်သွားရမည်။
အပေါ်ထပ်မှာ စာအုပ်ဗီရိုကြီးရှိနေတာမို့ ပခြုပ် ထိုစာအုပ်ဗီရိုဆီထွက်လာခဲ့သည်။ဗီရိုက ခြောက်ပေရှိတာမို့ အပေါ်မှာ တင်ထားသည့် စာအုပ်ကို ပခြုပ်မမှီပါ။ သူမလိုချင်တဲ့စာအုပ်တွေကလည်း ထိုအပေါ်မှာသာ ရှိနေတာမို့ ခွေးခြေပုလေးယူပြီး ခုလိုက်သည်။ထို့နောက် ခွေးခြေကို လိုချင်သည့်စာအုပ်တန်းနားမှန်းချပြီး ထိုပေါ်တက်ရပ်လိုက်၏။ ဒါတောင် ခြေဖျားထောက်လိုက်ရသေးသည်။
စာအုပ်က အထူတွေချည်းမို့ လက်ဖြင့်လိုက်စမ်းရသလို မမှီမကမ်းဖြစ်နေတာမို့ ထောက်ထားရသည့်ခြေတောက်ကလည်း နာကျင်လာကာ စာအုပ်ကိုလှမ်းအဆွဲ၊
"အေမ့...."
စာအုပ်ထပ်တွေအားလုံးယိမ်းထိုးခုန်ပေါက်ကုန်သဖြင့် ဆွဲလိုက်မိသည့် စာအုပ်ကိုလွှတ်ချပစ်လိုက်သည်။ သို့သော်..ပြိုကျလာသည့်စာအုပ်များက ပခြုပ်မျက်နှာဆီခုန်ဆင်းလာတော့ ခွေးခြေပုပေါ်ရပ်နေမိသည့် ကိုယ့်အဖြစ်ကို ကိုယ်မေ့ပြီး နောက်ကိုခြေတစ်လှမ်းအဆုတ်၊
"အမလေး...."
အသားလွတ်ပြုတ်ကျသွားပြီမှန်း သိလိုက်ကာ ရင်ထဲ လှပ်ခနဲတုန်သွား၏။မျက်လုံးကို စုံမှိတ်ပစ်လိုက်ချိန်...ပခြုပ်အောက်ကိုကျမသွားခဲ့။ ပြိုကျလာသည့်စာအုပ်များကို စွဲက ကျောပေးခံလျက် ပခြုပ်ကိုယ်လေးကိုလွတ်အောင်ကိုယ်နှင့်ကွယ်ပြီး တအားဖက်ထားလိုက်၏။
"ကျွတ်....."
ပြုတ်ကျလာသည့်စာအုပ်တွေရဲ့အရှိန်က မသေးတာမို့ စွဲမျက်နှာရှုံ့မဲ့ငြီးတွားလိုက်မိသည်။ ကြောက်အားလန့်အားဖြင့် ဖက်ထားသည့်ပခြုပ်မှာလည်း သူ့လည်ပင်းကို အသေဖက်ထားသည့် လက်တွေကို လွှတ်ပေးဖို့သတိမရ။ ပြူးကြောင်ကြောင်လေးဖြင့် သူ့မျက်နှာရှုံ့တွတွကိုငေးနေမိ၏။
ပြည့်ဝိုင်းဝိုင်းမျက်နှာလေးနှင့် မျက်လုံးလေးတွေပြူးပြီး သူ့ကိုလွှတ်ပေးဖို့ မေ့လျော့နေသည့် ပခြုပ်ကို သူ အမှတ်တမဲ့ငေးမောမိသွားသည်။နူးညံ့အိထွေးနေသည့်ကိုယ်လုံးလေးကို ခါးကနေ သိမ်းပွေ့ထားသဖြင့် စွဲမျက်နှာက သူမရင်ဘတ်လှလှလေးနားထိကပ်လျက်။
စွဲကိုယ်တိုင်လည်း ကိုယ်လုံးတစ်တစ်လေးကို သိမ်းပွေ့လျက် ရင်တွေတဒိတ်ဒိတ်ခုန်နေ၏။တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာ ဖတ်ထားမိရင်း မျက်လုံးတွေလွှဲဖယ်လို့မေ့လျော့နေလျက်။ သူမကိုယ်လေး ပြုတ်ကျလာတာကို သူစီးဖမ်းလိုက်တာ တကယ်စိုးရိမ်ပူပန်ခြင်းများစွာဖြင့်။
"ပခြုပ်....ပခြုပ်ရေ....ဟဲ့ ဘယ်တွေရောက်ကုန်တာလဲ"
လှေကားအတိုင်းတက်လာသည့် ရွှေကြုတ်ရဲ့အသံစာစာလေးကြောင့် ပခြုပ်သတိဝင်လာ၏။
"အို...လွှတ်ပါ...."
လည်ပင်းကိုသိုင်းဖက်ထားသည့်လက်ကိုဖြုတ်ပစ်ပြီး ပခြုပ်ရုန်းလိုက်၏။သို့သော်...၊
"အို..."
ပခြုပ် နှုတ်ခမ်းလေးဟသွားစဉ် သူ့မျက်နှာ တဖြည်းဖြည်းငုံ့ကျလာပြီး ပခြုပ်နှုတ်ခမ်းလေးကို...။
"ပခြုပ်ရေ.....ဟင်...."
ခြေသံနှင့်အတူ ရွှေကြုတ်အနားရောက်လာတာလည်း ပခြုပ်သိနေသည်။ သို့သော်လည်း...ပခြုပ်တစ်ကိုယ်လုံးကျင်ခဲလျက် နှလုံးသွေးတွေရပ်တန့်မတတ်ဖြစ်ကုန်၏။
သူ့ကိုထုနှက်ဖို့ ရုန်းကန်ဖို့ဘာအင်အားမှ မရှိတော့ဘဲ စက္ကန့်ပေါင်းများစွာကို ပင်ပန်းကြီးစွာဖြတ်သန်းနေခဲ့ရ၏။ ရှက်လွန်းသဖြင့် ပခြုပ် မျက်ဝန်းတွေကို မှိတ်ထားပေမယ့် မျက်လုံးထဲ ပြိုးပြက်လက်နေခဲ့လေသည်။
အပိုင်း(၁၇)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း