book

Index 30

အပိုင်း(၁၅) Zawgyi

မိုးသည်းည.....ကာရန်


~~~~~~~~~~


"ရှင်..ဘာကြည့်တာလဲ"


ဖျတ်ခနဲမျက်နှာလွှဲပြီး  သူမဆီကနေ စွာတာတာအသံလေးချက်ချင်းထွက်လာ၏။ စွဲ မျက်နှာတင်းသွားရသည်။ ကိုယ့်ကပဲ သူ့ကိုတမေ့တမောငေးမိနေသလိုလို။ စူးခနဲလက်သွားသည့် မျက်လုံးလေးတွေက သူ့ထံရောက်လာကာ၊


"ရှင့်ကို ကျွန်မပြောစရာရှိတယ် မင်းစွဲဘဏ္ဍာ"


"အဟင်း...."


ကိုယ့်ဘက်က အောက်ကျို့ပြီးပြောရမှာပေမယ့် ပခြုပ်မျက်နှာကိုပိုတင်းထားလိုက်သည်။ ဒီစကားတွေကို မျက်နှာအောက်ချပြီးပြောရင် သူ့ဘက်ကပိုပြီးအထင်သေးစရာဖြစ်သွားမှာ။ အဲဒီလိုမျိုး ပခြုပ်အဖြစ်မခံနိုင်။ ကိုယ်ကခပ်တင်းတင်းပြောလိုက်မှ ထရယ်လိုက်တာမို့ ပခြုပ် ဖျင်းခနဲဖြစ်သွားရလေသည်။ ပြီးတော့ သိမ်ငယ်စိတ်တွေက မဖိတ်ခေါ်ပါပဲ ရောက်လာ၏။


"ရှင် ဘာရယ်တာလဲ"


"ဟောဗျာ...ရယ်တာတောင်လိုက်ပိတ်ချင်တာလား"


စောစောက ရှက်နေသည့်မျက်နှာလေးက စွာလန်လန်ပုံလေးချက်ချင်းပြောင်းသွား၏။ စွဲ နှုတ်ခမ်းစေ့လျက်ပြုံးလိုက်ရင်း ရှပ်အကျီကြယ်သီးတွေကို စမ်းဖြုတ်လိုက်သည်။


"ရှင်ဘာလုပ်မလို့လဲ "


စွဲ မျက်လုံးတွေပင့်တက်သွားရ၏။ ပခြပ်ရဲ့ အူကြောင်ကြောင်ပုံလေးကြောင့် ရယ်ချင်စိတ်ကိုမနည်းမြိုသိပ်နေရသည်။


"ဘာလုပ်ရမှာလဲ ရေချိုးမလို့ပေါ့"


နောက်ဆုံးကြယ်သီးကို ဖြုတ်အပြီး အကျီကိုဆွဲချွတ်ကာ စွဲ သူမကိုခပ်ချဉ်ချဉ်လေးကြည့်ပေးလိုက်၏။ ဘယ်လိုဟာလေးမှန်းမသိ..။


"ဒီအချိန်ကြီးမှ..."


ပခြုပ်စကားလေး မဆုံးလိုက်..။ စွဲက လက်ထဲကအကျီကိုခုတင်ပေါ်လှမ်းအပစ် မနေတတ်သည့်လက်ကလှမ်းဖမ်းမိလျက်သားဖြစ်သွားသည်။ ပြီးတော့..စည်းမဲ့ကမ်းမဲ့နိုင်လွန်းသည့် သူ့ကိုစိတ်ထဲကကျိတ်ပြီး ဝေဖန်နေမိ၏။


"ရေချိုးတာအချိန်တွေနာရီတွေရှိလို့လား...ကိုယ့်ဘာသာဘယ်အချိန်ချိုးချိုးပေါ့"


သေစမ်း...အဲဒီပါးစပ် ပြောချင်ဦး။ ပခြုပ် ကိုယ့်ပါးစပ်ကိုပြန်အပြစ်တင်မိလေသည်။ အနေသာကြီး... နင် ရှည်တာပခြုပ်။ သူက ပခြုပ်ဘေးကနေ ဖြတ်လျှောက်ကာ ရေလဲတစ်ထည်ဆွဲလျက် တံခါးဆီသွားနေပြီ။ ထိုအခါမှ..ပခြုပ် သတိဝင်လာပြီး သူ့ရှေ့သွားရပ်လိုက်ကာ၊


"နေဦး ရှင်နဲ့ကျွန်မပြောစရာရှိတယ်"


"ကျစ်!....."


လူကိုတိုးတိုက်လျက် ရှေ့မှာကားဆီးလိုက်တာမို့ စွဲ စုပ်သပ်မိသွားသည်။ မျက်ခုံးတန်းတန်းလေးတွေမှာ သနပ်ခါးတွေတင်လျက် ပါးကွပ်ခပ်ပါးပါးလေးနှင့်မျက်နှာလေးက မီးရောင်ကြောင့် ဝင်းဖန့်ဖန့်လေးဖြစ်နေ၏။ နှုတ်ခမ်းနီမရှိတော့တဲ့ နှုတ်ခမ်းပြည့်ပြည့်လေးက အရစ်တွေထင်းကာ ပန်းရောင်ပြေးနေသည်။ ဆံပင်တွေကို ဒီညမှအပြောင်လှန်တင်ထားသဖြင့် ဝိုင်းပြည့်နေသည့်မျက်နှာလေးက ဖူးဖူးစင်စင်လေးလှနေကာ ကိုယ်ရှေ့မှာလာရပ်မှ သူမအရပ်လေးက သူ့ပုခုံးလောက်သာသာပဲ ရှိ၏။


"ဘာလဲ...ဘာပြောမလို့လဲ ပြီးမှပြော"


"မရဘူး ရှင်နဲ့ခုပြောမှဖြစ်မယ်"


စောစောကတည်းက စုလုံးကိုင်ထားသည့်အကျီက လက်ထဲ ဒီအတိုင်းပါလာကာ ပခြုပ်နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တော့ ကျွန်းတံခါးနဲ့ထိသွားသည်။ ထိုအခါ...တံခါးကိုကျောမှီရင်း သူ့မျက်နှာကိုရဲရဲမော့ကြည့်လိုက်ကာ၊


"ကျွန်မ ရှင့်ကိုပြောစရာရှိတယ်...ရှင်သေချာနားထောင်ပေးပါ။ ပြီးတော့ ကျွန်မတောင်းဆိုတာကိုလိုက်လျောပေးပါလို့ ခုကတည်းကမေတ္တာရပ်ခံချင်တယ်"


စူးလက်နေသည့်မျက်လုံးလေးတွေက မီးရောင်ကို မျက်နှာချင်းဆိုင်ထားသဖြင့် အရောင်တဖျက်ဖျက်လက်နေသည်။ ထိုမျက်ဝန်းလေးတွေထဲ စိုက်ကြည့်ရင်း စွဲမျက်နှာတည်သွားကာ၊


"ရုပ်ရှင်တွေထဲကလို ရှင့်ကိုကျွန်မမချစ်နိုင်ဘူး။ ရှင်နဲ့ကျွန်မအတူတူမအိပ်နိုင်ဘူးလို့ ပြောမလို့လား ပခြုပ်။ ရတယ်..ကိုယ်ကလည်း မချစ်မနှစ်သက်တဲ့မိန်းမတစ်ယောက်ကို လက်ဖျားနဲ့တောင်မထိချင်ဘူး။ ဒါပေမယ့်...တခြားအခန်းမှာသွားအိပ်ဖို့တော့မဖြစ်ဘူး လူကြီးတွေသိကုန်ရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ကုန်လိမ့်မယ်။ မင်းပြောချင်တာ ဒါပဲမို့လား.."


စွဲ သူမကိုယ်လေးကို ဆွဲဖယ်ပစ်လိုက်ပြီး တံခါးဖွင့်မည်အပြု။


"အို နပေါဦး"


ပခြုပ် လှမ်းဆွဲလိုက်စဉ် တံခါးလော့ခ်ကိုကိုင်ထားသည့် သူ့လက်ပေါ်ထပ်ဆုပ်မိသလိုဖြစ်သွားသည်။ထိုအခါ... ရေနွေးနဲ့အပက်ခံရသလို ပူနွေးသွားလျက် ပခြုပ်မျက်နှာထားစရာနေရာမရှိတော့။


"ဆော်ရီး..."


ကိုယ့်အမှားမို့ တောင်းပန်ရင်း ပခြုပ် လက်ပြန်ရုတ်လိုက်သည်။ထို့နောက်..ကိုယ့်ဘက်ကအတင်းကြီးဖြစ်နေတာကို သတိထားမိသွားပြီး ပခြုပ် ဆင်ခြင်လိုက်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။


"ဒီစကားကိုခုမပြောရရင် ကျွန်မဘယ်လိုမှအိပ်ပျော်မှာမဟုတ်လို့..ဒါကြောင့် ရှင်နားထောင်ပေးပါ။ ပြီးတော့... "


ပြောရခက်သလို ပခြုပ်မျက်လွှာလေးချပစ်လေသည်။ စွဲ ပခြုပ်ရဲ့ပုံစံလေးကိုကြည့်ပြီး အတွေးနက်သွားရ၏။ သူမ ကိုယ့်ကိုဘာပြောချင်တာလဲ။ ထိုစဉ်...နှာခေါင်းထဲတိုးဝင်လာသည့်သနပ်ခါးရနံ့သင်းသင်းလေးကြောင့် စိတ်ထဲတမျိုးကြီးဖြစ်သွား၏။ ဒီအကြောင်းတွေကို ထာဝရမြှုပ်နှံဖို့ သူကြိုးစားခဲ့ပြီးပြီ။ မြရွှေကြုတ်နဲ့ ပက်သက်သည့်အတိတ်က သူနဲ့အဝေးဆုံးမှာဝေဝါးပျောက်ကွယ်ခဲ့လေပြီ။ သို့သော်...နမ်းရှိုက်ခဲ့ဖူးသည့် ထူးထူးခြားခြားရနံ့လေးကိုတော့ တိုက်ဆိုင်မှုရှိတိုင်းသတိရမိနေသည်။ 


မြရွှေကြုတ်အကြောင်းပါလာတော့ စိတ်ထဲ တင်းခနဲဖြစ်သွားကာ စွဲမျက်နှာပိုတင်းသွားလေသည်။


"ဘာလဲ...မင်းညီမနဲ့ဇာတ်လမ်းကိုပြောချင်တာလား။ ဒါဆိုရင်တော့ ဆော်ရီးဘဲ ပခြုပ်။ ပြီးခဲ့တာတွေကို အစပြန်ထုတ်ပြီး တယောထိုးနေရင်တော့ ကိုယ့်သမိုင်းနဲ့ကိုယ်ဘဲ"


ပခြုပ်မျက်နှာလေးရဲသွားရပြီး ဒေါသတွေအလုံးအရင်းနဲ့ဆောင့်တက်သွားလေသည်။


"ဘယ်သူကရော တယောထိုးချင်နေလို့လဲ။ စကားကိုကြည့်ပြော ရှင့်ကို ကျွန်မကလည်း လိုချင်လွန်းလို့ယူတယ်မထင်နဲ့ ။ ဒီကိုယ်ဝန်ကြောင့်သာမဟုတ်ရင် ဒီမဂ်လာပွဲကဖြစ်လာစရာအကြောင်းကိုမရှိဘူး"


"ဘာ......"


သူရဲ့ဘာသံကြီး ကျယ်သွားကာ လှုပ်လှုပ်ရှားရှားဖြစ်သွားမှ ပခြုပ်ပြောရခက်နေသည့်စကားတစ်ခွန်းက အမှတ်တမဲ့စကားထဲပါသွားပြီမှန်း သူမသတိရလိုက်သည်။ အပြစ်ရှိနေတဲ့သူက သူမမို့ မာန်ပိုတင်းထားရသည်။


ရုတ်တရက် ကြားလိုက်ရသည့်စကားကြောင့် စွဲ လှုပ်လှုပ်ရှားရှားဖြစ်သွားရပြီး ဒေါသတွေက ပွက်ပွက်ဆူနေသည့်ရေနွေးအိုးတစ်ခုလို။


"ကိုယ်ဝန်ဟုတ်လား....မင်းမှာကိုယ်ဝန်ရှိနေတယ်လို့ပြောချင်တာလား"


မေးခွန်းတွေက ခုန်ပေါက်ထွက်သွားရပြီ။ ခေါင်းကို ဆယ်ပေါင်တူနဲ့အထုခံလိုက်ရသလို မိုက်ခနဲဖြစ်သွားပြီး သူမအဖြေကို စောင့်ဆိုင်းနေမိ၏။ဘာတွေလဲ...ဘာတွေဖြစ်ကုန်တာလဲ။


"ဟုတ်တယ်...ကျွန်မမှာကိုယ်ဝန်ရှိနေတယ်"


"ဟာကြာ....."


မထင်ထားသည့်အဖြေမို့ ဒေါသတွေတလိပ်လိပ်ဆောင့်တက်ကုန်၏။ ဖြစ်နိုင်ရင် သူမကိုယ်လေးကို ကိုင်ပေါက်ပစ်လိုက်ချင်သည်။ 


"ကိုယ်ကနွားပေါ့....ဒါဆို"


လက်ကမလုပ်လိုက်ပေမယ့် နာနာကျင်ကျင်ဖြင့်စကားလုံးကရင့်သီးစွာခုန်ထွက်သွားသည်။ သူ့စကားရင့်သွားမှန်းသိပါသည် သို့သော်.. ကြင်ရှသွားသည့်ဒဏ်ရာကဖြေဆေးမရှိ။ 


"တောက်!.....မြရွှေကြုတ်ရဲ့အစ်မပီသပါပေတယ်"


"ရှင် အဲလိုမပြောနဲ့.."


နှစ်ထပ်တိုက်ကြီးမို့ အပေါ်ထပ်တစ်ခုလုံးမှာ သူတို့နှစ်ယောက်ထဲရှိသည်။ အောက်ထပ်မှာ မေမေတို့ရှိပေမယ့် အပေါ်ကသူတို့ဖြစ်ပျက်နေသမျှကိုတော်ရုံဖြင့် မကြားနိုင်ပါ။ ဒါကြောင့်လဲ နှစ်ယောက်လုံးပြောရဲနေချင်းပင်။


ကိုယ့်ညီမကိုထိတော့ ပခြုပ်မခံချင်။ အပြစ်ရှိတာမှန်ပေမယ့် မိသားစုကို အပုတ်ခတ်မခံနိုင်။ဖြစ်လာသမျှကို ပခြုပ်သာခံလိုက်မည်။


"ဒီအကြောင်းတွေကို ကျွန်မမိဘတွေ သိတာမဟုတ်ဘူး။ ရှင် ဘာမှပုတ်ခတ်ဖို့မလိုဘူး"


စွဲ နာနာကြည်းကြည်းဖြင့်မဲ့ပစ်လိုက်ပြီး ခါးထောက်လိုက်ကာ၊


"အဟက်...ရယ်စရာတော့အကောင်းသား။ ဒီမာယာတွေကိုရှောင်ကမှ တည့်တည့်လာတိုးတယ်..."


မျက်လုံးထောင့်တွေ ရဲလာသဖြင့် သူရင်ထဲမှာ ခံစားချက်ပြင်းထန်သွားမှန်း ပခြုပ်ရိပ်မိသွားရသည်။ ဒါပေမယ့် သူမလည်း မြိုသိပ်နေဖို့ စိတ်မလုံ။


"ရှင် ကြိုက်သလိုထင်လိုက် မင်းစွဲဘဏ္ဍာ။ ဒါပေမယ့်...ဒီကလေးရဲ့အဖေကရှင်ဆိုတာမျိုးဖြစ်ပေးပါ။ ကျွန်မ ပြောချင်တာက ဒီကလေးကို ရှင့်ကလေးလို့ဘဲ အားလုံးသိစေချင်တယ်"


"ကလေးအဖေတစ်ယောက်လိုအပ်တယ်ဆိုပါတော့...ဟုတ်တယ်မို့လား"


ခါးထောက်ထားသည့်လက်ကိုဖြုတ်ချကာ နောက်ကိုလှည့်သွားသဖြင့် ပခြုပ်ရင်တတိတ်တိတ်နဲ့လိုက်ကြည့်နေမိသည်။ သူသာ ဒေါသတကြီးထသောင်းကျန်းလိုက်ရင် ပခြုပ်တို့အရှက်တွေဗြန်းဗြန်းကွဲပြီ။ သို့သော်လည်း...ပခြုပ်ထင်သလိုမဟုတ်ခဲ့။ သူက စားပွဲပေါ်မှာအသင့်ရှိနေသည့် စီးကရက်ကိုမီးညှိလျက် ပခြုပ်ဘက်ပြန်လှည့်လာ၏။ မီးခိုးငွေ့တွေကိုပခြုပ်ဆီမှုတ်ထုတ်လိုက်ကာ၊


"ပက်လက်လှန်ပြီတံတွေးမထွေးဘူး..မင်းနဲ့လက်ထပ်တာ ကိုယ်ဘဲ။ ဒါကြောင့် ဒီကလေးရဲ့အဖေကဘယ်သူဘာလို့ ဘယ်ကောင်လာမေးရဲမှာလဲ။ အဟင်း...ကလေးအဖေဆိုရင်တော့မပြောတတ်ဘူး"


စိတ်လှုပ်ရှားတဲ့အချိန်မှာ စီးကရက်သောက်တာ အကောင်းဆုံးတဲ့။ ပခြုပ် သူရဲ့အကျပ်အတည်းကို သဘောပေါက်ပါ၏။ သို့သော်...ကိုယ့်မှာလည်း ဒုက္ခပေါင်းသောင်းခြောက်ထောင်မို့။


"ရှင်ဘက်က မပြောရင်ပြီးတာဘဲ။ ဘာပြဿနာမှ ဖြစ်ဖို့မရှိဘူး မင်းစွဲဘဏ္ဍာ။ ကလေးရဲ့ဖခင်အဖြစ် ရပ်တည်ပေးရင်ရပြီ"


သူ့အကျီကို သေချာဖြန့်ကိုင်ရင်း ပခြုပ် ပခုံးပေါ်တင်လိုက်သည်။ စောစောကတော့ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို ရှူးရှူးရှားရှားထဖြစ်တာလဲ သူ။ ခုတော့ နားလည်ရခက်တဲ့ အနေအထားမျိုးဖြင့်တည်ငြိမ်နေပြန်ကာ၊


"နဖားကြိုးအထိုးခံရမှာ သေမလောက်ကြောက်တဲ့ကောင် ခုမှ အမြီးပဲနံ့ရတော့မလိုလို ဂျိုပဲပေါက်ရတော့မလိုလိုဖြစ်နေပြီ။ မင်းတို့တော်ပါတယ်... နတ်ပခြုပ်"


"အဟွတ်.....အဟွတ်....ရှင်....."


ပခြုပ်နားတိုးကပ်လာပြီး မိုက်မိုက်ရိုင်းရိုင်းဆိုလျက် စကားဆုံးသည်နှင့်သူမမျက်နှာတည့်တည့်ဆီ မီးခိုးငွေ့ဖြင့်မှုတ်လိုက်၏။ ပခြုပ် အသက်ရှူကျပ်သွားကာချောင်းတွေချက်ချင်းထဆိုးကုန်သည်။ရန်ပြန်တွေ့မလို့ပြင်ဆင်ထားသမျှလည်း မွန်းကျပ်လွန်းသည့်အခိုးအငွေ့မှာ ပျောက်ကွယ်လေပြီ။


"ရှင်...ဘယ်လိုလုပ်လိုက်တာလဲ...အဟွတ်..."


သူနဲ့ဝေးရာကိုရွှေ့ရပ်လိုက်ရင်း ပခြုပ်ဒေါသထွက်ကာ ရန်ထောင်ပစ်လိုက်သည်။ သက်သက်လုပ်တာ...ပခြုပ်ကိုအစာမကြေလို့ တမင်လုပ်ပစ်တာ အသိသာကြီး။ 


"အဟွတ်...အဟင်း.....ရှင်မကျေနပ်ရင်တည့်ပြော..ယောက်ျားဖြစ်ပြီး .."


"ယောက်ျားဖြစ်တိုင်း နဖားပါတာမဟုတ်ဘူး နတ်ပခြုပ်။ ဒီမီးခိုးငွေ့လေးတောင်မင်းဆတ်ဆတ်ခါဖြစ်နေတာ လူတစ်ယောက်လုံးကို ဘဝပြောင်းလိုက်တာရော သာယာနေရမှာလား"


"ဒါတော့ ကျွန်မက ရိုးသားစွာအသိပေးတာ ရှင်သဘောရှင့်ဆန္ဒဘဲ။ ဒါပေမယ့်...ကျွန်မလိုနေတဲ့ ကလေးအဖေရှိရင် ရပြီ။ ဒီကိုယ်ဝန်နဲ့ပက်သက်ပြီး ကျွန်မကိုဘာမှလာမေးဖို့မကြိုးစားနဲ့။ ကျွန်မဘာမှဖြေနိုင်မှာမဟုတ်ဘူး"


နှုတ်ခမ်းလေးတွေစုလုံးလျက် ပြောချလိုက်သည့်ပုံလေးကခပ်ရင့်ရင့်။ နတ်ပခြုပ်ကို ကြည့်နေရင်း သူအရှိုက်ထိလာရသည်။ ရိုးသားစွာတွယ်တာမိတဲ့ နှလုံးသားလေးက ခုချိန်မှာ တဆစ်ဆစ်နာကျင်၏။ 


ဖြူစင်သည့်မျက်နှာလေးကို မြင်နေရပေမယ့် သူ့ရင်ထဲ မငြိမ်းချမ်းတော့ပါ။ အပြစ်ကင်းပါသည်လို့ မှတ်ချက်ချခဲ့ပြီးမှ အရက်စက်ဆုံးနည်းနဲ့ သူ့ကိုအလဲထိုးသွားခဲ့လေပြီ။ နတ်ပခြုပ်...မင်းမို့လုပ်ရက်တယ်။ စိတ်တွေ ကျဉ်းကျပ်တိုင်း စီးကရက်သောက်၍ မွန်းကျပ်မှုကိုသူ ဖြေဖျောက်လေ့ရှိသည်။


ကားပေါ်မှာကတည်းကပုံစံလေးက ညှိုးနွမ်းနွမ်းလေးဖြစ်နေပါတယ်လို့ ထင်နေမိတာ ဒီလိုပြဿနာတွေရှိနေခဲ့လို့ပေါ့။ ခွင့်လွှတ်ကြည့်ဖို့ကြိုစားမရတဲ့အတူတူ နေတတ်အောင်နေဖို့သူကြိုးစားရတော့မည်။ ဘယ်လိုမှ ပြင်ဆင်မရတော့သည့် အဖြစ်တွေမို့ ဒီအချိန်မှာထသောင်းကျန်းလိုက်ရင် ကိုယ့်အရှက်ကိုယ်ခွဲသလိုဖြစ်နေမှာ။


"သေချာလား မင်းကောင်ကပြဿနာမရှာတာ"


ကိုယ့်ဘဝကိုယ့်သိက္ခာနဲ့သက်ဆိုင်နေသည်မို့ ဒီလောက်တော့ သူမေးသင့်သည်။ ရေချိုးဖို့လည်း စိတ်မပါတော့တာမို့ ရေလဲပုဆိုးကို ခုတင်ခြေရင်းမှာ တင်လိုက်ပြီး စီးကရက်ထိုင်သောက်နေမိသည်။ အတန်ကြာသည့်အထိ သူမဆီကတုန့်ပြန်သံမကြားရတာမို့ စွဲ သူမကိုလှည့်ကြည့်လိုက်၏။ ညနေကမှ ရောက်လာသည့်အသစ်စက်စက်ခြင်းတောင်းထဲသို့ သူ့အကျီကိုထည့်လိုက်ပြီး ပြတင်းပေါက်တံခါးတွေလိုက်ပိတ်နေသည့် ပခြုပ်။ ကျစ်...ဘယ်လိုမိန်းမလဲ။ ဒီလောက် ပြဿနာတွေကြားမှာတောင် သူမကတည်ငြိမ်နေသည်။


"မင်းပြောစရာကျန်သေးတယ်မို့လား ဆက်ပြောပါပခြုပ်"


ပခြုပ် နှုတ်ခမ်းလေးတင်းခနဲစေ့သွားရ၏။ ကိုယ့်ကိုရင့်ရင့်သီးသီးပြောဆိုလာရင် ပစ်ပေါက်ပစ်ဖို့စကားလုံးတွေစုပေါင်းရင်း အောက်ထပ်ကမကြားနိုင်အောင်တံခါးတွေလိုက်ပိတ်နေတာ။ ဒါပေမယ့်...သူ့ဆီကခပ်အေးအေးထွက်ပေါ်လာတော့ ပခြုပ်အနေကျပ်သွားရသည်။ ရှင် ဟန်ဆောင်နေတာလား မင်းစွဲဘဏ္ဍာ။


"မင်းထိုင်ပြီးပြောပါလား.."


ပခြုပ်ခေါင်းခါပြလိုက်၏။ ထိုင်ပြောလည်းဘာထူးမှာလဲ။ ပြီးတော့...ခုတင်တစ်ခုထဲမှာ သူနဲ့နည်းနည်းကပ်ကပ်ထိုင်ပြီး မပြောချင်။


"ရှင်ဘယ်လောက်အထိ ခံပြင်းအထိနာသွားမလဲဆိုတာ ကျွန်မတွေးမိပါတယ်။ ဒါပေမယ့် ကျွန်မနဲ့ရှင့်အပြင် အားလုံးနဲ့သိက္ခာအတွက် ဒီကိစ္စကိုဖုံးဖိပေးပါ"


လာထိုင်ဆိုတော့ မထိုင်ဘဲ သူနဲ့မလှမ်းမကမ်းမှာရပ်လိုက်ကာ ပြောချလိုက်သည့် စကားကြောင့် သူ မာနကိုလာရောက်ထိပါး၏။


"မင်းတစ်ခုတော့ပြန်ပေးဆပ်ရမယ် ပခြုပ်"


"ဘာလဲ...."


သူမဘက်ကတောင်ပြတ်သားနေမှတော့ သူလည်း တောင်းဆိုရတော့မည်။ အလျော်အစားဆိုတာ မျှတမှုရှိနေမှ။


"တစ်ခုယူပြီးရင်တစ်ခုပေးဆပ်ရမှာကို မင်းနားလည်မှာပါ ...မင်းဘက်ကလည်း ငါ့ဆန္ဒကိုပြန်လိုက်လျောပေးရမယ်။ ဒါမှ အလျော်အစားကမျှနေမှာပေါ့.. မဟုတ်ဘူးလား"


စီးကရက်ကိုဒီလောက်သောက်နေတာတောင် သူ့နှုတ်ခမ်းတွေက ပန်းရောင်မပျက်။ ထိုနှုတ်ခမ်းများက မသိမသာမဲ့လျက် မေးဆတ်မေးတော့ ပခြုပ်မျက်နှာလေးမသိမသာပျက်ကျသွားရသည်။


"ပြောကြည့်..."


စောစောကလို စီးကရက်ငွေ့နှင့်မှုတ်မှာစိုးတာမို့ သူနဲ့ခပ်ခွာခွာရပ်နေပေမယ့် တစ်ချက်တစ်ချက် အနံ့တွေကလာရိုက်နေတာမို့ ပခြုပ် ပြတင်းပေါက်ဘက်ကိုထပ်ဆုတ်ပစ်လိုက်သည်။ နဂိုကတည်းက စီးကရက်နံ့တွေကိုမခံနိုင်သည့် သူမ ကိုယ်ဝန်ရှိနေတော့ပိုဆိုးသည်။ ကလေးကိုဘယ်နည်းနဲ့မှ အထိခိုက်မခံနိုင်။ မီးခိုးငွေ့လွတ်နေပေမယ့်အလုံပိတ်အခန်းထဲဝယ် အနံ့ကတထောင်းထောင်းထွက်လာတာမို့၊


"အဟွတ်...အဟွတ်...."


ပခြုပ် ချောင်းတွေပြန်ဆိုးလာတာမို့ ပြတင်းပေါက်ကို ကပြာကယာပြန်ဖွင့်လိုက်ပြီး အပြင်ကိုခေါင်းထုတ်ကာ လေတဝကြီးရှူလိုက်ရသည်။ ထိုအခါမှ...သက်သာရာရသွားလေ၏။


"မင်းပုံကမီးခိုးငွေ့မခံနိုင်ဘူးထင်တယ် ဒါပေမယ့် ကိုယ်ကလည်း စီးကရက်ပဲသောက်ချင်နေတော့"


ကြည့်...ပြောပုံကတင်တင်စီးစီး။မထိတထိအသံက ခပ်ရိရိ။ ပခြုပ်ကပဲ မခံနိုင်ရင် အပြင်ထွက်နေရတော့မလိုလို။ သူ့ဘက်ကလုံးဝ မလျှော့နိုင်ပါဟု ကြော်ငြာလိုက်တာပေါ့။ ခုထဲက သူ့မာနနဲ့ဘက်တိုက်နေပြီ။ 


"ရှင်ပြောမှာသာဆက်ပြော"


ချောင်းဆိုးရပ်သွားမှ သူ့ဘက်ပြန်လှည့်လိုက်သည်။ ထိုအခါ..မှေးစင်းနေသည့်မျက်လုံးများက ပခြုပ်ကို စူးစိုက်ကြည့်ကာ၊


"ရန်ကုန်ကို ပြန်သွားရင် မင်းလိုက်ခဲ့ရမယ်။ ဒါမှ မိဘတွေမရိပ်မိမှာ။ ပြီးတော့...ဒီမှာဆက်နေရင် တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာဖြစ်မှာ။ ကိုယ်ဘာကိုဆိုလိုသလဲ မင်းသဘောပေါက်ပါတယ်နော်"


"ရတယ်...ကျွန်မလိုက်မယ်။ ဒီအတွက်မပူနဲ့။ ရှင်လိုချင်တဲ့အလျော်အစားက ဒါတော့မဖြစ်နိုင်ဘူး...."


သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားပုံကအလွန်ကြည့်ကောင်းသည်။ သွားစွယ်လေး လက်ခနဲပေါ်သွားသည့် အပြုံးတစ်ခုမှာ ခဏတာ မိန်းမောသွားရလေ၏။


"ဟုတ်တယ်...ကိုယ်တကယ်လိုချင်တာ အဲဒါမဟုတ်ဘူး။ မင်းကလေးမွေးပြီးတဲ့အချိန် ကိုယ်ဟိုကိုမထွက်ခင် ကွာရှင်းသွားချင်တယ်"


ပခြုပ် နှုတ်ခမ်းသားလေးကို ကိုက်မိတော့မလိုဖြစ်သွားရသည်။ မာနကြီးတဲ့ယောက်ျားတစ်ယောက်ရဲ့ တုံ့ပြန်မှုတဲ့လား။သို့သော်လည်း.. ကိုယ့်ဘက်ကမှားနေတာမို့ ပခြုပ် ခေါင်းညိတ်လိုက်သည်။


"ရတယ်....ကလေးမွေးပြီးတာနဲ့ ကွာရှင်းပေးမယ်။ အဲဒီအတွက် ရှင်မပူပါနဲ့။ပြီးတော့.. ကျွန်မတစ်ခုပြောချင်တယ်။ ရှင်ကြိုက်သလိုကျွန်မကို အထင်သေးလို့ရတယ် ဒါပေမယ့် ကျွန်မမိသားစုကိုတော့ မထိပါးပါနဲ့"


"အထင်ကြီးစရာရောရှိလို့လား"


ချက်ချင်းပြန်မေးတော့ ပခြုပ်မဖြေနိုင်။ တကယ်လည်း ဟုတ်နေတာဘဲ။ ပခြုပ်ရဲ့အနေအထားက သူ့အထင်ကြီးစရာတစ်ခုမရှိသည့်အနေအထား။ ဘယ်သူ့အပြောမှ မခံခဲ့သည့် ပခြုပ်..သူ့ရှေ့မှာ သိမ်ငယ်နေရသည်။


"မင်းရင်ခံသွားပြီမို့လား...နောက်ကိုခုလိုမျိုးတွေမပြောမိစေနဲ့ ပခြုပ်"


သူထပ်သတိပေးလိုက်မှ ပခြုပ်စကားမှားသွားမှန်းသိလိုက်သည်။ 


"မင်းအိပ်ချင်အိပ်တော့လေ...ကိုယ်ရေချိုးဦးမယ်"


"အင်း.."


ရေချိုးဖို့ထရပ်ပြီးမှ သူတစ်ခုခုကိုသတိရသွားကာ၊


"မင်း ထမင်းမစားရသေးဘူးမို့လား...သွားစားလိုက်"

.


"ဟင်အင်း...ကျွန်မမဆာဘူး"


ခပ်စိုက်စိုက်အကြည့်တစ်ချက်ရောက်လာပြီးမှ သူကလှည့်ထွက်သွားသည်။ ထိုအခါမှ ပခြုပ် သက်မချနိုင်တော့သည်။ လေပြည်လေညင်းလည်းမဟုတ်သလို မုန်တိုင်းလည်းမဟုတ်သည့် အခြေအနေမှာ သူနဲ့ပခြုပ်ရပ်တည်နေ၏။ 


မနက်ဖြန်အတွက် မတွေးချင်...ဒီနေ့ဖြစ်ပျက်သမျှကိုပဲ သိမ်းဆည်းလျက်..။ သူရဲ့အထင်သေးရှုံ့ချသည့်အကြည့်တစ်ချက်မှာ သူမသိက္ခာတွေမာန်မာနတွေ အောက်ဆုံးထိုးဆင်းကာ မိုင်းနက်ပြသွား၏။


~~~~~~~~~~~~~~~~~~~~~~~~~


"ထားလိုက်ပါ သမီးရယ် မေမေ လုပ်မှာပေါ့"


"ပခြုပ် အိမ်မှာလည်းလုပ်နေကြပါ... ရပါတယ်"


"အစောကြီးနိုးနေတာလား သမီး"


"သိပ်တော့မစောပါဘူး ။ ငါးနာရီလောက်ကမှပါ"


ပခြုပ် ဒေါ်ထက်ထက်သာကိုဘယ်လိုခေါ်ရမလဲမသိလို့ သံပြတ်နှင့်စကားပြောနေသည်။ မေမေလို့လည်း ပခြုပ်မခေါ်ရဲ။


"မနက်စာအတွက် အစောကြီးထပြင်စရာမလိုပါဘူး သမီးရယ်။ အိမ်သားအားလုံးကနေမြင့်မှနိုးကြတာ"


"ဟုတ်...အန်တီစားလို့ရပြီနော် ပခြုပ်ပြင်ပေးမယ်"


ခုံဆွဲပေးရင်း ပခြုပ်ခေါ်လိုက်ပုံကြောင့် ဒေါ်ထက်ထက်သာ ပြုံးလိုက်၏။


"မေမေ့ကိုမေမေလို့ခေါ်နော်။ မေမေ့မှာ သမီးလေးမရှိတော့ သမီးကို မေမေ့သမီးလေးလိုချစ်တယ်။ ချွေးမဆိုတာထက် သမီးကမေမေ့သမီးဘဲ"


ပခြုပ် မျက်နှာပူနေရပြီ။ 


"ဟုတ်...ဟုတ်ကဲ့ပါ ပခြုပ် ခေါ်ပါ့မယ်"


"ကဲ....ဘာတွေစီစဉ်ထားလဲ"


"လက်ဖက်ရည်ဖျော်ထားတယ် အန်...အဲ..."


ယောင်ပြီးထွက်တော့မှာမို့ ပခြုပ်နှုတ်ခမ်းလေးကို လက်လေးဖြင့်ကာလိုက်ရသည်။ ပခြုပ်ရဲ့ ထိုအမူအယာလေးကိုပဲ ဒေါ်ထက်ထက်သာက သဘောကျနေသည်။ ဘယ်လိုရေစက်ကြောင့်မှန်းမသိ...ဒီကလေးမလေးကို မြင်မြင်ချင်း သမီးအရင်းလေးလိုတွယ်တာနေမိသည်။ 


"အဟင်း.....သမီးခေါ်ရခက်နေရင်လည်း ရပါတယ်ကွယ်။ဒါနဲ့ သားရောမနိုးသေးဘူးမို့လား"


ပခြုပ် အားနာသွားရသည်။ တွေ့တာမကြာသေးပေမယ့် ဒေါ်ထက်ထက်သာက ပခြုပ်အပေါ်လိုလားလွန်း၏။ 


"ဟုတ်ကဲ့ မေမေ...သူမနိုးသေးဘူး။ ပခြုပ် ထမင်းကြော်ထားတယ် မေမေ။ ထည့်လိုက်ရမလား"


"အေးကွယ်....ထည့်လိုက်"


ပခြုပ် ထမင်းကြော်ကို ပန်းကန်ထဲထည့်ပြီး အပေါ်က ကြက်ဥကြော်ပါ ထပ်တင်ပေးလိုက်သည်။ 


"သမီးရော မစားဘူးလား"


"ဟိုလေ...သူနိုးမှပဲ စားတော့မယ်"


"အေးအေး....သားကိုသွားနှိုးလိုက်တော့ သမီး။ သူကမနှိုးရင်ထမှာမဟုတ်ဘူး"


"ဟုတ်ကဲ့...မေမေ"


ပခြုပ် ဒေါ်ထက်ထက်သာဘေးကနေ ခပ်သွက်သွက်လေးထွက်လာခဲ့ပေမယ့် သူ့ကိုလည်း မနှိုးရဲပါ။ သူ့မျက်နှာတင်းတင်းကြီးကိုမြင်ယောင်မိတော့ ပခြုပ်နှုတ်ခမ်းလေးစူသွားရ၏။ အလကား...မာနကတစ်ခွဲသားလောက်နဲ့။


ပခြုပ် ကိုယ့်အဖြစ်ကိုမေ့ကာ သူ့ကိုရန်စောင်နေမိသည်။ လှေကားပေါ်တက်လာရင်း ထဘီစလေးကိုအနည်းငယ်မနေရသည်။ အိမ်နေရင်း ထဘီမဝတ်ခဲ့သည့်အကျင့်က ခုမှ ပြဿနာ။ ကျွတ်ကျမှာ စိုးသဖြင့် ထိန်းနေရတာလည်း တစ်ဒုက္ခ။


"ဟင်....တကယ့်ကာလနဂါးဘဲ"


အခန်းတံခါးလေးကို အသာလှပ်ကြည့်တော့ သူကခုတင်ပေါ်မှာ ကို့ရို့ကားယားအိပ်ပျော်နေလေရဲ့။ နှစ်ယောက်အိပ်ခုတင်ကျယ်ကြီးမှာ ပခြုပ်မရှိမှ သူကလွတ်လွတ်လပ်လပ်အိပ်နေပုံရသည်။


ခြေသံကိုဖွနင်းရင်း အနားကိုလျှောက်သွားလိုက်၏။ ပခြုပ် အိပ်ယာထစက ဖွင့်ထားခဲ့သည့် ပြတင်းပေါက်မှနံနက်ခင်းရဲ့နေခြည်နုနုက သူ့မျက်နှာပေါ်ဖြာကျနေသည်။ ဒါတောင် အိပ်ပုတ်ကြီးတဲ့ သူကမနိုး။


"မင်း....."


နာမည်ခေါ်မည်ပြင်ပြီးမှ ပခြုပ်နှုတ်ခမ်းလေးတွေပြန်စေ့သွားရပြီး နေရောင်ထိုးနေသည့်မျက်နှာမှာ အကြည့်တွေရပ်တန့်သွားရသည်။


ရှည်စင်းစင်းမျက်တောင်လေးတွေ ကာရန်ထားသည့် မျက်လုံးစိမ်းများက ခုတော့ အနားပေးကာမှေးမှိတ်ထားသဖြင့် ပခြုပ်ကိုမထိတထိမကြည့်တော့။ လုံးစင်းနေသည့် နှာတံလေးကိုအကြည့်ရောက်တော့ သူမမနာလိုဖြစ်မိသွားရသည်။ ပခြုပ်က သူ့လိုမှ နှာတံမလှဘဲ။ သူကယောက်ျားဖြစ်ပြီး နှာတံလေးက ပုံချထားသလို လုံးစင်းနေ၏။ ပြီးတော့ နှုတ်ခမ်းပါးလေးတွေက ရယ်လိုက်တိုင်းအရမ်းကြည့်ကောင်းလွန်းသည်။


တကယ်တော့ သူမကလှတာမဟုတ်။ မျက်နှာတစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းမှ ပြောပလောက်အောင်မရှိ။ သူကျတော့ နှာတံလှသလိုနှုတ်ခမ်းတွေပါလှ၏။ ပြီးတော့ မျက်နှာသွယ်သွယ်..။ အားလုံးကငေးမောချင်စရာကောင်းအောင်စွဲဆောင်မှုရှိသည်။ဒီလိုရုပ်ရည်၊ဒီလိုအဆင့်အတန်းနှင့်ယောက်ျားတစ်ယောက်ကို ရွှေကြုတ် မက်မောတာ မပြစ်မဆိုသာ။ သူလည်း ရွှေကြုတ် ရည်းစားပဲဒီကလေးအဖေက သူရောမဖြစ်နိုင်ဘူးလား။ ပခြုပ် ကိုယ့်ဘာသာတွေးပြီး မျက်နှာလေးပျက်ယွင်းသွားရ၏။ တစ်နေ့နေ့တော့ ပခြုပ်သိချင်တာတွေ သိလာရမှာပါ။တွေးနေရင်း ရင်ထဲမှာ တဆစ်ဆစ်နာလာပြီး မျက်ရည်လေးတွေရစ်ဝဲလာသည်။အနာဆိုတာ မဆွတာပိုကောင်းလိမ့်မည်။ ဆွလိုက်တာနဲ့...မခံမရပ်နိုင်အောင်နာကျင်လျက်။


ကလေးလေးရဲ့အဖေကဘယ်သူဖြစ်ဖြစ်ပခြုပ် ဂရုမစိုက်တော့ပါ။ ပတ်ဝန်းကျင်မှာ ကလေးလေးရဲ့ ဖေဖေက မင်းစွဲဘဏ္ဍာဘဲ။ပခြုပ်ဖြစ်ချင်တာတွေ ဖြစ်နေရပြီပဲ ကျန်တာမတွေးနဲ့။ သူမရှိတဲ့အခါ ပခြုပ်ဘဝနဲ့ပခြုပ်ရှင်သန်နိုင်အောင်ကြိုးစားရမယ်။


"ဒီမှာ...ရှင်မထသေးဘူးလား"


ပခြုပ် သူ့နားကပ်ကာကျယ်ကျယ်လေးအော်ပေးလိုက်သည်။ ထိုအခါမှ သူ့မျက်လုံးတွေဖျတ်ခနဲဖွင့်လာပြီး ရှုံ့တွလျက်ပြန်မှိတ်ကျသွားကာ၊


"ဟာ....ဘယ်အချိန်ရှိသေးလို့လဲ"


"ခုနစ်နာရီထိုးပြီ ထတော့။ အောက်မှာ လူကြီးတွေတောင်နိုးနေပြီ"


ပခြုပ် သူ့ကိုယ်ပေါ်ကစောင်ကိုဆွဲခွာလိုက်တော့ သူကပြန်ဆွဲထား၏။


"ဟာ....ဘာလုပ်တာလဲ။ ရှင် နိုးနေမှနော်"


"ဘာမှမနိုးဘူး...သွား ပြန်အိပ်ဦးမယ်"


စွဲက မျက်လုံးမဖွင့်ဘဲ စောင်ကိုပြန်ခြုံပစ်လိုက်သည်။ သူ့ပုံကြောင့် ပခြုပ်စိတ်တိုသွားရ၏။ ဒီအချိန်အထိတောင် အိပ်ချင်နေသေးတာ တွေ့မယ်။ 


ပခြုပ် စောင်ကိုအတင်းဆောင့်ဆွဲပစ်လိုက်သည်။ 


"ဟေ့......"


စွဲ အသံကျယ်ကြီးနဲ့အော်လိုက်ပြီး စောင်ကိုပြန်လု၏။ ပခြုပ်ကလည်းဆွဲ သူကလည်းဆွဲနှင့် စောင်ကကြားထဲမှာ ဘယ်သူလက်မှ မပါ။ နောက်တော့ စွဲ ထထိုင်ပြီး တအားဆောင့်အဆွဲ၊


"အို...."


ပခြုပ် စောင်နောက်ပါသွားရကာ အရှိန်များသွားသည့် စွဲနှင့်လုံးထွေးလျက် ပစ်ကျသွားရသည်။ 


"အ....သေပါပြီ"


သူ့နှာခေါင်းရိုးကို ပခြုပ်ခေါင်းဖြင့်တအားပစ်ဆောင့်မိသွားတာမို့ ရှုံ့မဲ့ငြီးတွားနေသည့် သူ့ကိုကြည့်ပြီး ပခြုပ် ကြက်သေသေနေမိ၏။


"နှာခေါင်းရိုးကျိုးပြီလား မသိဘူး"


သူ့မျက်နှာကိုကြည့်ပြီး ပခြုပ် ထရပ်လိုက်ဖို့လည်းသတိမရ။ ကိုယ့်ခေါင်းကြောင့်ဖြစ်သွားတာမို့ ပခြုပ် အားတုံ့အားနာဖြစ်နေစဉ်၊


"ဖယ်လေ....ဘာလုပ်နေတာလဲ"


မျက်နှာတည်တည်ဖြင့် သူပြောလိုက်မှ ပခြုပ်ကပြာကယာထရပ်လိုက်သည်။ ထိုအခါမှ ပိုအဆင်ဆိုးသွားလေ၏။


"အေမ့...."


ကိုယ့်ထဘီစကိုကိုယ်ပြန်နင်းမိပြီး ပခြုပ်လဲကျသွားသည်။ ဟပ်ထိုးလဲအကျမှာ ပခြုပ်ရောက်သွားသည်က နွေးထွေးသည့်ရင်ခွင်တစ်ခုထဲသို့။


"သတိထား...လက်သည်မလိုဖြစ်နေမယ်"


နူးညံ့တာလည်းမဟုတ် တင်းမာတာလည်း မဟုတ်သည့် အသံကြောင့်ပခြုပ်မျက်လုံးဖွင့်အကြည့် သူက ပခြုပ်ကို လွှတ်လိုက်ပြီ။


"ကျေးဇူး..."


"အကူအညီဆိုတာအမြဲရှိနေမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ဆင်ခြင်"


ဘာလဲ...ပခြုပ်ကိုဆူနေတာလား။ ပခြုပ် နားမလည်သလိုလေးကြောင်ငေးနေစဉ် သူကအောက်ထပ်ဆင်းသွားခဲ့ပြီ။ စောင်တွေခေါက်နေပေမယ့် ပခြုပ်စိတ်တွေကပျံ့လွင့်နေသည်။


သူ ပခြုပ်ကို အထင်အမြင်သေးသွားမှန်းသိပေမယ့် ပခြုပ်တစ်သက်လုံးဖုံးကွယ်သွားဖို့ဘယ်လိုမှ လိပ်ပြာမသန့်လို့ပါ မေမေ ပခြုပ်ကိုခွင့်လွှတ်ပါ။ လိမ်ညာဖုံးကွယ်ထားရင် ပိုဆိုးမည့်အဖြစ်မို့ ပခြုပ်ဖွင့်ပြောလိုက်ပြီ။ ဖြစ်လာသမျှကို ရှေ့လျှောက်ရင်ဆိုင်ရုံကလွဲပြီး ကျန်တာတွေကိုမေ့ထားပါရစေ။ 


အပိုင်း(၁၆)ဆက်ရန်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: