⛈⛈မိုးသည်းည....ကာရန်⛈⛈
🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸
"ဘာ!......"
"ရွှေကြုတ်!....."
ဒေါ်စနိုး ယိုင်နဲ့သွားတာမို့ နံရံကိုလက်ထောက်အားပြုလိုက်ရ၏။ ရဲဇော်နိုင်က မျက်လုံးပြူးဖြင့် ရွှေကြုတ်ကို လှမ်းကြည့်ကာ အာမေဍိတ်သံ အကျယ်ကြီးထွက်သွားပြီး ပခြုပ်မှာတော့ အံ့သြမယုံနိုင်ခြင်းများစွာဖြင့် အပုံလိုက်လေးခွေကျသွားတော့သည်။
"မဟုတ်ဘူး....ပခြုပ် သူ့ကိုမသိဘူး"
မျက်ရည်များလွင့်ခါသွားသည့်အထိ ခေါင်းလေးကို ပြုတ်ထွက်လုမတတ်ခါပြီး ပခြုပ် ငြင်းဆန်နေသည်။
ဟင်အင်း.....။ ရွှေကြုတ်ဘာတွေပြောနေတာလဲ။ ပခြုပ်က မင်းချစ်သူနဲ့ဘာကြောင့်ပက်သက်ရမှာလဲ။
"ဘုရား.....ဘုရား......တကယ်လား....တကယ်လားပခြုပ်"
ပြာဝေနေသည့်မျက်လုံးများကို အနိုင်နိုင်ဖွင့်လျက် ဒေါ်စနိုး တုန်တုန်ရင်ရင်ဖြစ်နေသည်။
"မဟုတ်ဘူး မေမေ။ ပခြုပ် သူနဲ့ဘာမှမဆိုင်ပါဘူး"
ကတုန်ကယင်ဖြင့် မျက်ရည်များကြားက ပခြုပ်အလူးလူးအလိမ့်လိမ့်ဖြစ်နေရ၏။ပခြုပ် အဖြစ်ကဘယ်သူ့ကိုပြောပြပြီး ရင်ဖွင့်ရမှန်းမသိ။ ရွှေကြုတ်ရဲ့ ဘာလိုလိုအပြောကြောင့် ပခြုပ် မိဘမောင်ဘွားတွေရှေ့မှာ အရှက်ကွဲရပြီ။
"အဲဒီကောင်က နင်နဲ့ပြဿနာဖြစ်တဲ့ကောင်မို့လား...ရွှေကြုတ်"
ရုတ်တရက် ရဲဇော်နိုင်အမေးကြောင့် ရွှေကြုတ် ကြောင်အသွားရ၏။ ချက်ချင်းဘာပြန်ဖြေရမှန်းမသိအောင်ဖြစ်သွားပြီးမှ၊
"ဟုတ်တယ်....အဲဒီလူကလူယုတ်မာ"
ရွှေကြုတ်ရဲ့ စကားအဆုံး ရဲဇော်နိုင် ဒေါသများက နံရံဆီဦးတည်သွားလေသည်။
"ဟာကွာ!......"
"ကိုရဲ....မလုပ်နဲ့...."
နံရံပေါ်ဆင့်ကာဆင့်ကာ ကျသွားသည့်လက်သီးများ၏ နောက်ပါးက ရင်တွင်းခံစားချက်အတိမ်အနက်ကိုဘယ်သူမြင်နိုင်မှာလဲ။ညီမတွေအတွက် ယူကြုံးမရစွာခံပြင်းနာကျင်စိတ်ဖြင့်သူ့ ရင်တစ်ခုလုံးလှိုင်းထန်နေရသည်။
"အမလေး သား...မလုပ်နဲ့။ လက်မှာလည်း သွေး...သွေးတွေ"
လက်ဆစ်တွေဆုပ်ပြဲပြီး သွေးတွေချက်ချင်းစီးကျလာပေမယ့် ထိုးချက်တွေက မရပ်တန့်။ ပခြုပ် ရဲဇော်နိုင်ဘေး ချက်ချင်းရောက်သွားပြီး ငိုယိုလျက်တားဆီးလိုက်သည်။ စိတ်နဲ့ကိုယ်မကပ်ဘဲ မျက်ရည်တွေဖြိုင်ဖြိုင်ကျနေသည့် ဒေါ်စနိုး... ပခြုပ်အသံကြောင့် သတိပြန်ဝင်လာသည်နှင့်တပြိုင်နက် ရဲဇော်နိုင်လက်ကစီးကျနေသည့် သွေးများကိုမြင်လိုက်ကာ စူးစူးဝါးဝါးထအော်လေတော့သည်။
"တော့ပါတော့ ကိုရဲ ပခြုပ်ကိုသာသတ်လိုက်ပါ။ ကိုရဲရဲ့ဒေါသတွေကို ပခြုပ်ဆီသာပုံချပစ်လိုက်ပါတော့ကိုရဲရယ်...ဟင့်....ဟီး....ပခြုပ်...ပခြုပ်သေမှအေးမှာ"
အစ်ကိုဖြစ်သူရဲ့ခါးကိုဖက်ထားရင်း ပခြုပ်ဝမ်းနည်းပက်လက်ငိုချပစ်လိုက်၏။ ဒီဒုက္ခဆိုးထဲက သူမလွတ်မြောက်နိုင်ပါဦးမလား။ လွတ်မြောက်ခွင့်ရောရပါ့မလားဟင်...။ ပခြုပ်တို့မိသားစုကျမှ ဒီလိုဝဋ်ကြွေးမျိုးတွေနဲ့ကြုံရတာ ဘာကြောင့်လဲ။ ဘာကြောင့်...ပြဿနာတွေကပခြုပ်ဆီပဲဆိုက်ရောက်လာရတာလဲ။
"နင်သေသွားရင်ရော ပြဿနာတွေက ပြီးမှာတဲ့လား ပခြုပ်"
မျက်လုံးတွေရဲပြီး လက်ကသွေးများတစက်စက်ကျနေသည့်ကြားက ရဲဇော်နိုင် အံကြိတ်သံဖြင့်မေးလာသည်။ ထိုအခါ...မျက်တောင်ဖျားလေးတွေစိုကပ်လျက် မျက်ရည်တွေမစင်သေးသည့်ပခြုပ် မျက်ဝန်းလေးတွေ ပင့်တက်လာပြီး ဖိတ်လျှံကျလုဆဲဆဲမျက်ရည်များက ခုမှလွတ်လပ်စွာလိမ့်ဆင်းသွားကြသည်။ ရဲဇော်နိုင်ခါးကို အသေဖက်တွယ်ထားသည့်လက်ကလေးများက ပြေလျော့ကျသွားပြီး အင့်ခနဲတချက်ရှိုက်၏။
"ဒါပေမယ့်...ခုလိုတွေဖြစ်နေတာ ပခြုပ်ကြောင့်.....ပခြုပ်သေ..."
"တော်!......ဆက်မပြောနဲ့ ပခြုပ်။ နင်ထပ်ပြောရင် ငါဘာလုပ်မိမယ်ဆိုတာ အာမမခံနိုင်ဘူး။ ဘာကြောင့်ပဲမှားမှား....ဖြစ်ပြီးတဲ့ကိစ္စတွေကို ပြန်ဖျက်လို့ပြန်ပြင်လို့ရမယ်ထင်နေတာလား။ အေး....တခြားကောင်နဲ့ဆို ငါကိုယ်တိုင်ဒူးထောက်တောင်းပန်ရ တောင်းပန်ရ ငါလိုက်ပြောမယ်..ဒီကောင့်ကိုတော့ အသံတောင်မကြားချင်ဘူး ပခြုပ်။ ဖြစ်ပြီးတာတွေကို ထားလိုက်တော့ ခုချိန်မှာ နင်လုပ်ရမှာက မင်းစွဲဘဏ္ဍာကိုလက်ထပ်ဖို့ဘဲ မဟုတ်ရင်တော့ ငါကိုယ်တိုင်နင့်ကိုသတ်မယ်"
ရဲဇော်နိုင်ရဲ့ ကြိမ်းဝါးသံက မိုးခြိမ်းသံလိုပြင်းထန်သွား၏။ အခန်းထောင့်၌ ရပ်နေသည့် ရွှေကြုတ်မျက်နှာ သိသိသာသာပျက်ယွင်းသွားလေသည်။
"ကိုရဲပြောတာမှန်တယ် မိပခြုပ်။ ပျက်စီးသွားတဲ့ဝတ်စုံတွေအစား ခုချက်ချင်းမြို့တက်ဝယ်မယ်။ ဟိုမှာ အသင့်ဖြစ်နေတဲ့မဂ်လာပွဲကို ဘယ်နည်းနဲ့မှ အပျက်မခံနိုင်ဘူး။ အို..အေ....ညည်း မင်းစွဲဘဏ္ဍာကို ယူကိုယူရမယ်"
တစ်ချက်လွှတ်အမိန့်သံအဆုံး ပခြုပ်မျက်ရည်တာကျိုးလေတော့သည်။ နောက်ဆုံးတော့ အရှုံးဆိုတာ ပခြုပ်အတွက်ပါဘဲလေ။ ရင်ဖွင့်ပြောပြလို့မရသည့်စကားလုံးများက လည်ချောင်းဝတွင်ဆို့ကျပ်လို့နေသည်။ ကိုယ့်ဘဝကို တန်ဖိုးထားပြီးမြင့်မားအောင်အမြဲနေထိုင်ခဲ့သည့် သူမ ဘာမှန်းမသိတဲ့အလှည့်အပြောင်းတစ်ခုမှာ မျက်ရည်စက်လက်ဖြင့် အားလုံးကြားမှာခေါင်းမဖော်ရဲအောင်ဖြစ်ခဲ့ပြီ။ ဒါကြောင့်ပြောကြတာဖြစ်မည်....လင်ယောကျ်ားမရှိတဲ့မိန်းမတွေဟာ အစ်ကိုမောင်ဘွားတစ်ကျိပ်ရှိရင်တောင် မလုံခြုံဘူးတဲ့။ ပခြုပ် အဖြစ်လည်းဘာထူးသေးသလဲ...။
"မိရွှေကြုတ်....ညည်းကြောင့်ပျက်စီးသွားတဲ့ဝတ်စုံတွေကိုခုချက်ချင်းသွားပြန်ဝယ်မယ်။ ဒီပွဲကို နှောက်ယှက်မယ်လို့စိတ်မကူးနဲ့...ဒီမဂ်လာပွဲသာဖြစ်မလာခဲ့ရင် ငါ့ရဲ့နာရေးကိုသာ ညည်းတို့ကျင်းပကြတော့...."
"မေမေ့!......"
အဟင်း....။ တရားပါတယ်မေမေ..မေမေကအသက်နဲ့လောင်းကြေးထပ်လိုက်တာပေါ့ ဟုတ်လား။ မေမေ့သမီးအတွက် စွဲကို အဲဒီလောက်လိုအပ်နေတယ်ပေါ့လေ။ ရစေရပါ့မယ်...ဒီပွဲဖြစ်မှာပါ။ အဖိုးတန်အမျိုးမှန်မလေးနတ်ပခြုပ်ကို လိုလိုလားလားကမ်းလင့်နေတဲ့ ဒေါ်ထက်ထက်သာကြီးက နတ်ပခြုပ်မှ နတ်ပခြုပ်ဖြစ်နေလေရဲ့။
"ပခြုပ်....."
ပါးပြင်ပေါ် လိမ့်ဆင်းလာသည့်မျက်ရည်များကို အကျီစဖြင့်ပွတ်သုတ်ရင်း ဒေါ်စနိုးခေါ်လိုက်၏။ ပခြုပ်က ခေါ်လိုက်မှ ခေါင်းလေးပိုငုံ့ချလိုက်ပြီး တစတစထွက်ပေါ်နေသည့်ရှိုက်သံလေးများကို ဖုံးဖိဖို့ကြိုးစားနေသည်။ရင်ထဲမှာတော့ နေဆယ်စင်းလောင်မြိုက်နေသလို ကလီစာတွေပါပြာကျစေနိုင်၏။နောက်ထပ်ခံစားဖို့နှလုံးသားမရှိတော့သလို ရင်တစ်ခုလုံးဗလာဟင်းလင်း...။ သူမ မသိခဲ့တဲ့အတိတ်ကအရိပ်ဆိုးကြီးမှာ မင်းချစ်သူဆိုတဲ့ ခပ်ပွေပွေယောကျ်ားတစ်ယောက်ပါဝင်နေခဲ့တာလား။ သူမ မယုံကြည်နိုင်ပေ။
သူမဘဝကိုညစ်နွမ်းစေခဲ့သလို မလှပတဲ့အနာဂတ်ကိုဖန်တီးခဲ့သူဟာ မင်းချစ်သူဆိုတာကိုလက်သင့်မခံနိုင်။ ခြောက်ခြားစရာအိပ်မက်ဆိုးတစ်ခုမှ နိုးထခွင့်ရချင်သည်။ ပခြုပ် မသိခဲ့တဲ့ထိုလူဟာ မင်းချစ်သူမဟုတ်ပါဘူးလို့ ပခြုပ်စိတ်ထဲက ထင်နေမိသလို မသိစိတ်ထဲကပါ ငြင်းဆန်နေခဲ့လေသည်။
နူးညံ့တဲ့အကြင်နာတွေနဲ့ သူမဘဝကိုဖျက်စီးခဲ့သူဟာ မင်းချစ်သူလုံးဝမဖြစ်နိုင်ပါ။ မင်းချစ်သူနဲ့ရွာချင်းကပ်လျက်မို့ ခဏခဏဆုံဖူးနေသည်။ ပခြုပ်ရဲ့အိပ်မက်ဆိုးက မင်းချစ်သူလုံးဝမဟုတ်။ သြရှရှအသံတစ်ခုက မင်းချစ်သူအသံမဟုတ်တာကို ပခြုပ်သိနေ၏။
"ငါတို့မိသားစုက အရှက်ကိုအသက်ထက်တန်ဖိုးထားတာ ညည်းသိပါတယ်နော် ပခြုပ်"
နူးညံတာလည်းမဟုတ်သလိုခက်ထန်ခြင်းလည်းမမည်တဲ့ အသံကြောင့် ပခြုပ် မော့ကြည့်မိစဥ်...သူမကို စူးနစ်စွာစိုက်ကြည့်နေသည့် မေမေ့မျက်လုံးထဲဝယ်နားလည်ရခက်သည့် အခိုးအငွေ့တွေနှင့်ပြည့်နေသည်။
"အေး....နင်ဆန့်ကျင်ရဲရင်ဆန့်ကျင်ကြည့်..."
နောက်ဆုံးစကားသံက အဆုံးစွန်ဆုံးပြတ်သားခြင်းများဖြင့် တုန်ခါလို့သွားလေသည်။
မေမေရယ်....ပခြုပ်ကိုချောင်ပိတ်ဖမ်းပြီးမှ သတ္တိရှိရင်ထွက်ကြည့်လို့ပြောတော့ ပခြုပ်ဘာတတ်နိုင်မှာလဲ။ ပခြုပ်မှာ ရွေးစရာလမ်းရောရှိလို့လားဟင်။
"ဒီမှာ ပခြုပ်....ဒီပွဲမဖြစ်ရင် ငါဟိုကောင့်ကိုသတ်ပြီးထောင်ထဲမှာ သွားနေမယ်။ မိသားစုရဲ့အရှက်နဲ့သိက္ခာအတွက် နင်ကြိုက်ရာလမ်းကိုရွေးလိုက်"
မေးကြောတွေထောင်ထနေသည့်အထိ အံကြိတ်လျက် ရဲဇော်နိုင်ကပါ ကြိမ်းမောင်းပြီး အခန်းထဲကပြန်ထွက်သွားလေတော့သည်။ တကယ်တော့ ကိုရဲနဲ့သူမ အတူတူပြန်လာခဲ့တာ မဂ်လာဆောင်အတွက်ပါ။နှစ်ရက်သာ လိုတော့တဲ့ ညီမဖြစ်သူရဲ့မဂ်လာဆောင်အတွက် ရန်ကုန်ကနေတစ်ခါတည်းလိုက်လာတဲ့ ကိုရဲ။ ခုတော့...ပြဿနာတွေက သူ့ရှေ့မှာမှ ဗူးပေါ်သလိုပေါ်ကုန်ရပြီ။ ပြီးတော့...အစ်ကိုတွေထဲမှာ အသက်အကြီးဆုံးနဲ့ပခြုပ်တို့အကြောက်ဆုံးအစ်ကိုတစ်ယောက်ဆိုလည်းမမှားပေ။
နဂိုစိတ်ဆတ်သည့် ကိုရဲက ဘယ်ရန်ပွဲမဆိုသူ မပါတာအရှိ။ ဖြစ်လိုက်ပြီဆို ရုံးရောက်ဂတ်ရောက်နှင့် မိဘတွေ၊အဒေါ်တွေလိုက်ရှင်းရတာလည်း တစ်ခါမဟုတ်၊နှစ်ခါမဟုတ်အကြိမ်ကြိမ်အဖန်ဖန်။ ရန်ကုန်ရောက်သွားတော့ ပထမနှစ်တက်နေပြီ။ အကျင့်တွေမပြင်တဲ့အပြင် ထိုအခါမှ ပိုဆိုး၏။ လမ်းထဲမှာအုပ်စုဖွဲ့၍ ရန်ဖြစ်သည်။ ထိုသို့သော်...စရိုက်များနှင့်ကိုရဲသည် ပခြုပ်တို့အတွက် မင်းချစ်သူကိုမသတ်ဘူးလို့မဆိုနိုင်။ ခုပဲကြည့်...ပခြုပ်ကိုကြည့်သွားသည့်မျက်လုံးများက မီးဝင်းဝင်းတောက်လျက်။
ဘယ်လောက်ပဲ စိတ်တင်းထားထားသစ္စာမရှိတဲ့မျက်ရည်တွေက ပါးပြင်ပေါ်စိုလူးလာပြန်၏။ ပျော့ညံ့တာကိုမနှစ်သက်တဲ့ သူမ၊ ကျောင်းစာနဲ့ပက်သက်ပြီးမျက်ရည်ကျဖူးပေမယ့် ကျန်ကိစ္စတွေမှာတော်ရုံနဲ့မျက်ရည်မကျတဲ့ သူမ၊ ယခုတော့ အကြိမ်ကြိမ်ငိုနေမိပြီ။အခန်းထဲကနေ အလျှိုလျှိုထွက်သွားကြပေမယ့် သူမ လဲကျနေရာမှ ထရပ်ဖို့သတိမရခဲ့ပေ။ ထိုစဥ်...ဖြူနုဖွေးညက်နေသည့် ခြေတောက်တစ်စုံက ပခြုပ်ရဲ့မျက်စိအောက်တိုးဝင်လာ၏။ ဘယ်သူလဲဆိုတာ သိနေသဖြင့်ပခြုပ်မော့မကြည့်မိ...၊
"အသွားမတော်တစ်လှမ်း၊အစားမတော်တစ်လုတ်တဲ့ ရှေးလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူး...ပခြုပ်။ မနပ်ရင်ခံဘဲ"
ဟုတ်ပါတယ်...ငါကသာမနပ်တာပါ ရွှေကြုတ်ရယ်။ နင်ကတော့ လူတတ်ကြီး၊ လူနပ်ကြီးပါ။ ပြင်ဆင်ချိန်တောင်မရလိုက်ဘဲ ဘဝဆုံးခဲ့ရတာ ဘယ်သူကိုယ်ချင်းစာမှာလဲ။ ရွှေကြုတ်ရယ်၊မင်းချစ်သူရယ်၊မင်းစွဲဘဏ္ဍာရယ်၊သူမရယ်... ဒီလေးယောက်ထဲမှာ သူမသာကံဆိုးမဖြစ်နေခဲ့တာ။ ပြီးတော့ ရွှေကြုတ် သူမနဲ့ပက်သက်ခဲ့သူကိုဘာကြောင့်တပ်အပ်ပြောနိုင်ရတာလဲ။ စောစောကပဲ သူမအတွက်ဝတ်စုံတွေကိုကတ်ကြေးနဲ့ကိုက်ဖြတ်ပစ်ခဲ့သေးတာ....ရွှေကြုတ်ဘာဖြစ်ချင်တာလဲ။
အချစ်ဆိုတာကို ဘယ်တုန်းကမှ ခေါင်းထဲမထည့်မိခဲ့တဲ့ သူမ၊ အချစ်ဆိုတာဘာမှန်းမမြည်းစမ်းမိခင် ဘဝတစ်ခုလုံးဆုပ်ပြတ်သပ်ခဲ့ရပြီ။
သူမရဲ့အရှက်နဲ့သိက္ခာအတွက် တစ်ပါးသူအပေါ်ရက်စက်စွာအသုံးချရမည့် နတ်ပခြုပ်ဆိုတာ ဖြူစင်ခြင်းကင်းမဲ့သည့် မိန်းကလေးတစ်ဦးဖြစ်ခဲ့ရပြီ။
~~~~~~~~~~~~♥~🌸~♥~~~~~~~~~~~
"ဟား......ဟား.....ဟား...."
"အဲဒီလောက်ပါးစပ်ကြီးဖြဲပြီးစွတ်ရယ်မနေနဲ့ ဟေ့ကောင်..ပါးစပ်ထဲစီးကရက်ထိုးထည့်မိတော့မယ်"
"သဘောကျလို့ပါကွာ"
ရယ်သံတွေက စီခနဲပျံ့လွင့်သွားတာမို့ မဏ္ဍပ်ဆင်နေသည့် လူစုရဲ့အကြည့်တွေ သူတို့အုပ်စုဆီရောက်လာသည်။ စွဲ မျက်နှာပူသွားရကာ သူငယ်ချင်းတွေကိုဘုတောပစ်လိုက်၏။ဤကဲ့သို့..စွဲ မျက်နှာထားတင်းတင်းဖြင့်ပြောဆိုနေတာတောင် သူရိန်တို့ထက်ကိုတို့အုပ်စုက အရယ်မပျက်။ အုပ်စုလိုက်ကြီး ဝိုင်းဟားနေတော့ စွဲ ရှက်သွားရပြီး မျက်နှာကြီးကိုပိုတင်းထားလိုက်ကာ၊
"မင်းတို့တွေကခုမှမြီးကောင်ပေါက်တွေလား၊ ဒါမှမဟုတ် သွားပေါက်ချင်လို့များလား"
အတောမသပ်နိုင်သည့်ရယ်သံတွေကြောင့် အိမ်ရှေ့မှာ မဏ္ဍပ်အလှဆင်သူတွေနဲ့စာလုံးဖော်သူတဲ့သူတွေရဲ့အကြည့်တွေက သူတို့ဆီကမခွာတော့ပေ။ ဘာဖြစ်တာလဲ ဟုမေးနေသယောင်။
"အောင်မာ...ငါတို့ကသစ်ရွက်လှုပ်တိုင်းရယ်ရအောင် ဆယ်ကျော်သက်အရွယ်လားကွ။ စွဲ..မင်းနော် ငါမပြောချင်လို့ကြည့်နေတာ မင်းသိပ်မရိုးတော့ဘူး"
ထက်ကိုက အစထောင်၏။ ထိုအခါ...ပါးစပ်မငြိမ်တတ်တဲ့ သူရိန်ပါနောက်ကပါလာပြန်သည်။
"ပြန်ရောက်ထဲကနားကိုငြီးနေတာဘဲ ပခြုပ်..ပခြုပ်နဲ့ တပခြုပ်ထဲပခြုပ်နေတာ ငါ့မျက်လုံးထဲ မြွေတွေတောင်မြင်ယောင်လာတယ်"
သူရိန်က ကိုယ်လုံးကို အဖျားတက်သလိုတုန်ခါပြလျက် ကြောက်ဟန်လုပ်လိုက်သေးသည်။ အားလုံးက ဝိုင်းရယ်လိုက်ကြပြန်တာမို့...စွဲလက်ထဲက စီးကရက်ကို မျက်လုံးတွေမှေးစင်းသွားသည့်အထိဖွာလိုက်ပြီး အတန်ကြာမှ မီးခိုးတွေကိုမှုတ်ထုတ်၏။ စွဲ.. စီးကရက်သောက်တိုင် ငေးမောကြည့်ချင်စရာဖြစ်အောင်စွဲဆောင်မှုရှိတာမို့ သူတို့တွေ စွဲစီးကရက်သောက်တိုင်း ချီးကျူးဘူးသည်။
စီးကရက်ပြာကိုလက်ဖြင့်တောက်ထုတ်လိုက်ပြီးချိန်မှာတော့၊
"အဲဒါကားဖူးစာကွ"
အရင်းမရှိအဖျားမရှိထပြောလိုက်သည့် နေရှိန်းထံ စွဲ အကြည့်တွေရွေ့သွားရ၏။ မဏ္ဍပ်ရဲ့မလှမ်းမကမ်းတွင် ခုံဝိုင်းထိုင်ကာ သူတို့ဆွေးနွေးနေသည်က နတ်ပခြုပ်အကြောင်း။ တမင်ရည်ရွယ်ပြီးပြောတာမဟုတ်ပေမယ့် စကားဝိုင်းစလိုက်ထဲက နတ်ပခြုပ်နှင့်။
"ဟုတ်တယ် စွဲ မင်းတို့ဖူးစာမှန်လို့ကြံဖန်ဆုံတာကြည့်။ အရင်ကဆို တစ်ကျောင်းတည်းတက်နေပေမယ့် မင်းနဲ့သူမသိဘူး။ ထားပါတော့ ကျောင်းဝင်းကအကျယ်ကြီးမို့ပြီးတော့ မေဂျာမတူလို့ ဒါကဖြစ်သင့်တယ်။ မဟုတ်တာက မင်းတို့ငါတို့ မြရွှေကြုတ်ဆီသွားခဲ့တာလည်း ချောင်းပေါက်မတတ်ပဲ ဒါပေမယ့် နတ်ပခြုပ်နဲ့တစ်ခါမှ မဆုံဘူးနော်။ အဟဲ...ခုမှဖူးစာရေးနတ်ကအချက်ပြတာနေမှာ"
"နတ်ပခြုပ်က မင်းကို ဘယ်သူမှန်းမသိသေးဘူးပေါ့...ဟုတ်လားစွဲ"
ထိုမေးခွန်းကြောင့် စွဲမျက်ခုံးတွေ အလိုမကျစွာ ကျုံ့သွားရပြီး စီးကရက်ကို အဝေးသို့တောက်ထုတ်ပစ်လိုက်သည်။ စွဲရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ထက်ကိုတို့တစ်ယောက်ကိုတစ်ယောက်မေးဆတ်ပြမိ၏။ စွဲ အစာမကြေတာကိုရိမ်မိသွားရပြီး၊
"ပခြုပ်က အနေအေးတယ်လို့ဆိုရမလား သီးသန့်ဆန်တယ်လို့ပြောရမလားဘဲ စွဲ။ ငါတို့နဲ့တစ်ရွာတည်းမို့ ပခြုပ်အကြောင်းကို ငါအားလုံးသိတယ်။စွဲ...ပခြုပ်နဲ့မင်းလိုက်ပါတယ်ကွာ။ မင်းပြောသလို ပခြုပ်ကမာနကြီးတာမဟုတ်ဘူးကွ ဘယ်လိုပြောမလဲ ပေါင်းသင်းဆက်ဆံရေးညံ့တာပေါ့ကွာ...လူတစ်ယောက်ကို တွေ့တွေ့ချင်း မခေါ်မပြောတတ်ဘူး။ အေး...သူနဲ့တကယ်ရင်းနှီးပြီဆိုရင်တော့ သူဘယ်လောက်အထိသဘောကောင်းသလဲ စကားများသလဲဆိုတာ သိသွားကြရော။ အဟင်း...ပခြုပ်က ပျော်ပျော်နေတတ်တဲ့မိန်းကလေးမျိုးကွ"
ပခြုပ်နဲ့တစ်ရွာတည်းသားထက်ကိုက ပခြုပ်အကြောင်းကို သေချာပြောပြနေသည်။
"မင်းနဲ့ရော ရင်းနှီးလား "
သူရိန်က ထက်ကို ကိုပြုံးစေ့စေ့ဖြင့်မေးလိုက်၏။ထိုအခါ...စွဲ ခေါင်းကြီးထောင်လာကာ ထက်ကို ကိုမော့ကြည့်ပြီး၊
"ရင်းနှီးမှာပေါ့ တစ်ရွာထဲကို"
စွဲပုံစံကြောင့် သူရိန်တို့ဝိုင်းရယ်ကြပြန်ကာ၊
"ခုထဲက တိုနေပြီဟေ့..."
"ကားဖူးစာ..ကားဖူးစာ"
"မြင်မြင်ချင်းအချစ်ဆိုတာ အဲဒါပဲကွ။ ဒီကောင် နတ်ပခြုပ်ကိုပထမဆုံးဆုံထဲက မသိစိတ်ထဲနေရာပေးနေလို့ သူမလုပ်ဘူးတာတွေလုပ်ခဲ့တာ"
"တော်စမ်းပါကွာ....မင်းတို့ဒီအကြောင်းတွေချည်းပြောနေမယ်ဆိုပြန်ကြတော့"
"ဟ!....ရင့်လှချည်လား"
"အေးလေ...ငါတို့ကသူ့မဂ်လာဆောင်ကိုလာကူတဲ့ဟာ"
"မင်းကသတို့သားဆိုပြီး ရင့်တာလားစွဲ"
သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ဝိုင်းပြောကြပေမယ့် စွဲကသူ့အကျင့်အတိုင်းမလှုပ်။ အားလုံးက ငယ်ပေါင်းတွေမို့ စိတ်ဆိုးရမှန်းမသိ။ စွဲအကျင့်ကိုသိနေကြသဖြင့် စွဲပြောတာကိုအပြစ်မမြင်ဘဲ ဝိုင်းစနေကြတာ။
"ခွေးကောင် ဝဋ်လည်မယ်"
"ဘာလဲ...ဘာဝဋ်လည်မှာလဲ"
နေရှိုင်းက ကလေးဆိုးကြီးလို ပြောလိုက်တာမို့ စွဲက ပက်ခနဲပြန်ပြောလိုက်လေသည်။
"ငါတို့ကို နိုင်စားတဲ့ကောင် မင်းကိုနိုင်တဲ့သူနဲ့တွေ့မှ..."
"ဘာဝဋ်မှ လည်စရာမရှိဘူး...."
"အပြောမကြီးနဲ့ စွဲ"
"အပြောကြီးတာမဟုတ်ဘူး မင်းစွဲဘဏ္ဍာက သူများနိုင်စားတာခံမဲ့ကောင်လား"
"အစားကိုသာကုန်အောင်စား...စကားကိုကုန်အောင်မပြောနဲ့...ဒါမျိုးဆိုတာဖြစ်တတ်တယ်"
"ခေါက်ထားလိုက်"
စွဲက သူ့လက်သုံးစကားဖြင့် ပိတ်ပစ်လိုက်၏။ ဒါတောင် သူရိန်က စကားပြတ်မခံဘဲ၊
"ဟ!...ဒါဆိုဘာလို့လက်ထပ်နေသေးလဲ"
"အေးလေ...စိတ်မဝင်စားရင်လဲ ပြောပေါ့"
"အားလုံးစီစဥ်ပြီးနေလို့ပေါ့ ဘယ်သူကလိုချင်နေလို့လဲ စကားကိုကြည့်ပြော"
စွဲက မဏ္ဍပ်ဘက်လှမ်းကြည့်ရင်း ထရပ်လိုက်ကာ အနိုင်မခံပြန်ပြောလိုက်သေး၏။ ထက်ကိုက ခပ်ချဥ်ချဥ်ပုံစံဖြင့် ၊
"ယုံအောင်ပြောပေါ့ကွာ....အဟင်း..."
မောင်မင်းစွဲဘဏ္ဍာနှင့်မနတ်ပခြုပ်ဆိုသည့် ဖောင်းကြွစာလုံးကြီးဆီရောက်နေသည့်နူးညံ့ညံ့အကြည့်တွေက ထက်ကိုထံရောက်လာတော့ စူးရဲနေလျက်။ ထက်ကိုက မလုံမလဲဖြင့် မျက်လုံးလွှဲလိုက်ကာ၊
"ယုံတယ်လို့ ပြောတာ...."
မျက်နှာပိုးမသေသည့်ရုပ်တွေကြောင့် နေရာကနေလှည့်ထွက်လိုက်စဥ်မှာတော့၊
"ဟား....ဟား...."
လုပ်ကြစမ်း....မင်းတို့ရယ်နိုင်ဖို့အရေးကြီးတယ်။
~~~~~~~~~~~~♥~🌸~♥~~~~~~~~~~~
"ဝေး......သတို့သားအသစ်စက်စက်ကြီးကံကောင်းပါစေဗျာ...."
စီခနဲ ထွက်ပေါ်လာသည့် အသံများကြောင့် မှေးခနဲအိပ်ပျော်နေရာမှ ပခြုပ်လန့်နိုးလာရသည်။ နာရီကိုမော့ကြည့်တော့ ညဆယ်နာရီ။ ဟင်း....။ပခြုပ် သက်ပြင်းခိုးရှိုက်လိုက်မိ၏။
ဒီညတော့ ပခြုပ်ဖွင့်ပြောမှဖြစ်မည်။ ပြောဖို့လည်း သတ္တိတွေမွေးထားခဲ့၏။ အမှန်တရားကို ဖွင့်ဟဖို့ စိတ်ကူးဖြစ်သွားတာက မနက်ထဲက။ ကံကြမ္မာအလှည့်အပြောင်းက တကယ်ဆန်းကြယ်လွန်းတာကို ပခြုပ်ယုံကြည်ရတော့မည်။ မင်းစွဲဘဏ္ဍာဆိုတာ တခြားလူမဟုတ်...ကားပေါ်မှာ ပခြုပ်ကိုအကူအညီပေးခဲ့သူဖြစ်နေခဲ့သည်။
ပခြုပ်အပေါ်စေတနာဖြူဖြူဖြင့်ကူညီခဲ့သူအပေါ် ပခြုပ်မလိမ်ချင်တော့။ အမှန်ကိုဝန်ခံလိုက်ဖို့ ပခြုပ်ဆုံးဖြတ်ခဲ့ပြီး သူပြန်လာချိန်အထိ ပခြုပ်စောင့်နေခဲ့တာ။ ရေချိုးပြီးထဲက အနီရဲရဲတီရှပ်လေးနဲ့ အနက်ရောင်ကချင်ထဘီလေးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ကာသနပ်ခါးရေကြဲလေးလိမ်းထားသဖြင့် လူကအနည်းငယ်နေသာထိုင်သာရှိနေခဲ့၏။ မဟုတ်ရင် ပခြုပ်စိတ်ရှုပ်လွန်းလို့ ရူးသွားနိုင်သည်။
မဏ္ဍပ်တွေအားလုံးသိမ်းဆည်းပြီးကတည်းကသူ့သူငယ်ချင်းတွေနဲ့ပါသွားတာ ခုမှပဲ ပြန်လာတော့သည်။ သူ့အမေဒေါ်ထက်ထက်သာက ပခြုပ်ကို အရမ်းအရေးပေးလွန်း၏။ ရောက်ထဲက သူမအနေမခက်ရအောင် အနားမှာ တတွတ်တွတ်နဲ့ စကားတွေမပြတ်ပြောကာ သူမနဲ့ရင်းနှီးမှုရအောင်လုပ်တော့သည်။ သူတို့မိသားစုက ဤမျှကောင်းပြလေ ပခြုပ်ပိုဝမ်းနည်းရလေပါ။သူတို့ဖြူစင်သလို သူမကဖြူစင်တဲ့မိန်းမမှမဟုတ်ခဲ့ဘဲ။ဒါကြောင့် သူ့ကိုအမှန်အတိုင်းပြောဖို့ သူမဆုံးဖြတ်လိုက်တာ။
တစ်ယောက်နဲ့တစ်ယောက်ရယ်မောနှုတ်ဆက်သံတွေနှင့်ရောထွေးကာ ဆိုင်ကယ်တွေပြန်ထွက်သွားသံကြားရ၏။ လိုက်ပို့တဲ့သူ့သူငယ်ချင်းတွေပြန်ကုန်ပြီပေါ့။ ဒါဆို..သူအိမ်ပေါ်ကိုမကြာခင်ရောက်လာတော့မည်။ဘယ်လိုပဲ စိတ်တင်းထားထား ပခြုပ်လက်ဖျားလေးတွေအေးစက်လာရသည်။စိတ်အိုက်လာရင် လုပ်နေကြအတိုင်း ကလစ်ဖြင့်သိမ်းတင်ထားသည့် ဆံပင်တွေကို ဖြုတ်ချ၊ ပြီးတော့ ပြန်သိမ်းတင်ဖြင့် သူမစိတ်ကိုတတ်နိုင်သလောက်ငြိမ်အောင်ကြိုးစားနေရသည်။
"ကျွန်တော်ပြန်ရောက်ပြီမေမေ..."
ဒိတ်....ဒိတ်.....။ လှေကားပေါ်တက်လာသည့်တရှပ်ရှပ်ခြေသံနှင့်အတူ သူ့မိခင်ကိုနှုတ်ဆက်သံကြောင့် ပခြုပ်ရင်တွေတဒိတ်ဒိတ်ခုန်လာ၏။ မဂ်လာပွဲကျင်းပနေသည့်တစ်လျှောက်လုံး အမှတ်တမဲ့မျက်လုံးချင်းဆုံတာကလွဲပြီး ရဲရဲမကြည့်ခဲ့တဲ့ သူ့မျက်နှာကိုပခြုပ် မူမပျက်ဘဲကြည့်နိုင်ဖို့ကြိုးစားနေရသည်။ အထူးသဖြင့်...မင်းစွဲဘဏ္ဍာဆိုသည့်ထိုယောကျ်ားရှေ့မှာ မစင်ကြယ်ခြင်းတွေဖွင့်ဟဖို့ ပခြုပ်သိမ်ငယ်နေမိ၏။
"ကျွီ......"
အခန်းဆီလျှောက်လာပြီး အခန်းတံခါးကိုဆွဲအဖွင့် ပခြုပ်ထိုင်နေရာမှ ထရပ်လိုက်သည်။တံခါးကိုနောက်ပြန်ပိတ်ရင်း စွဲမျက်လုံးများက ပခြုပ်မျက်နှာလေးပေါ် စူးစိုက်ကျနေ၏။
"ရှင်ပြန်လာပြီလား..."
ပခြုပ်က စတင်နှုတ်ဆက်လိုက်တော့ သူကအခန်းတွင်းလျှောက်လာရင်း ပခြုပ်ကိုခြေဆုံးခေါင်းဆုံးကြည့်၏။ ပခြုပ်ကိုယ်လေးဖျင်းခနဲဖြစ်သွားပြီး သူ့အကြည့်ရဲရဲမှာ မနေတတ်စွာ လက်မောင်းသားလေးတွေကိုပြန်ပွတ်နေမိသည်။
"အင်း.....ဒါနဲ့ မင်းထမင်းစားပြီးပြီလား"
ပခြုပ်ခေါင်းခါပြလိုက်ပြီး အားတင်းသလိုလက်လေးကိုဖျစ်ညှစ်ပစ်လိုက်ကာ၊
"ရှင့်ကိုပြောစရာရှိလို့စောင့်နေတာ"
စွဲ မျက်မှောင်ကျုံ့သွားရပြီး ပခြုပ်နားတိုးလာကာ၊
"ဘာပြောမလို့လဲ ပြော....."
ပြောဆိုမှ ပခြုပ်ဆွံ့အသွားရပြီး သူ့ကိုမော့ကြည့်လိုက်မိသည်။ ထိုအခါ...ဆွဲငင်ဓာတ်တစ်မျိုးလေးပျော်ဝင်နေသည့်မျက်ဝန်းများနှင့် ငြိတွယ်သွားတော့၏။
အပိုင်း(၁၅)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း