မိုးသည်းည....ကာရန်
~~~~~~~~~~
အံ့သြမယုံနိုင်ခြင်းများစွာဖြင့် အနီရိပ်လေး၏ကျောပြင်ကို အကြောင်သားလိုက်ငေးနေမိသည်က တမေ့တမော..။
ကားပေါ်မှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး အကြောင်းတိုက်ဆိုင်တိုင်း အမှတ်ရနေမိသည့်ကောင်မလေး။ တနည်းဆိုရရင် မသိစိတ်ထဲကနေ ပထမဆုံးသတိထားမိခဲ့သည့် မာနမင်းသမီးလေး။
အဖြစ်အပျက်တွေက ဘယ်လိုမှ မယုံကြည်နိုင်အောင် ပဉ်စလကျဆနျနေ၏။ ပထမဆုံး ဂရုတစိုက်ရှိခဲ့ဖူးသည့် မိန်းကလေးက သူလက်ထပ်ရမဲ့ ဇနီးလောင်းတဲ့။
အဲဒါထက်ပိုအံ့သြစရာကောင်းနေတာက နတ်ပခြုပ်ဆိုသော သူမသည် မြရွှေကြုတ်ရဲ့အစ်မအရင်းကြီးဖြစ်နေခဲ့တာပင်။
"နတ်ပခြုပ်.......နတ်ပခြုပ်..."
နာမည်ဆန်းလေးတစ်ခုကို သူ မနားတမ်းရွတ်မိသွားရ၏။ ပြီးတော့...ကားပေါ်တုန်းက သူ့ကိုမယုံကြည်သလိုဟန်ပန်လေးတွေကို မျက်လုံးထဲ အလိုလိုမြင်ယောင်လာမိသည်။ ဝမ်းနည်းအားငယ်ကာ သူ့ကိုအခွင့်အရေးသမားလို့ထင်ပြီး ခပ်မာမာလေးတောင်ဆက်ဆံခဲ့သေးတာဘဲ။ အဲဒါလဲ မှန်ပါတယ်လေ...မိန်းမသားတစ်ယောက်ထဲ ခရီးထွက်လာတော့ ယောက်ျားပျိုတစ်ယောက်အပေါ် မယုံကြည်တာ သဘာဝကျပါတယ်။
တွေးနေရင်း သူ့မျက်ဝန်းအိမ်မှာ ပုံရိပ်လေးထင်လာ၏။ မျက်ရည်လေးတွေကြောင့် မျက်ဝန်းအိမ်လေးမှာ စိန်ပွင့်လေးတွေလို တလက်လက်တောက်ပနေခဲ့သည့် နွမ်းနွမ်းဖတ်ဖတ်ပုံစံလေးတွေ..။ပြီးတော့ မှန်ချပ်လေးကိုခေါင်းမှီကာ မျက်ရည်တွေတသွင်သွင်ကျနေခဲ့တဲ့ ပုံရိပ်လေးတွေ။ ဟင်း.....မင်းဆီမှာ အခက်အခဲတစ်ခုခုရှိနေခဲ့သလား မာနခဲလေးရယ်။
ရေခွက်ကိုကိုင်လျက် သူစိတ်ဝိဉာဉ်များက ခပ်မတ်မတ်လေးနှင့်လမ်းလျှောက်ပုံတမျိုးလေးဆွဲဆောင်မှုရှိသည့် သူမနောက်ကပ်ငြိပါသွားခဲ့လေသည်။ နတ်ပခြုပ်....လက်ထပ်ဖို့ကို မင်းလက်ခံလိုက်တာလား။
မင်းစိတ်မင်းသဘောနဲ့တော့ မဖြစ်နိုင်ဘူးလို့ငါထင်တယ်။ ဘယ်မိန်းကလေးမဆို ကိုယ်လက်ထပ်မဲ့ခင်ပွန်းလောင်းကို တနည်းနည်းနဲ့သိနေမှာပါ။ မင်းကတော့ လုံးဝဆန့်ကျင်ဘက်ဘဲ နတ်ပခြုပ်။ မျက်နှာချင်းဆိုင်တွေ့လိုက်တာတောင် ငါဘယ်သူလဲဆိုတာ မင်းလုံးဝသိခဲ့ဟန်မတူဘူး။
မင်းကဘယ်လိုမိန်းကလေးမျိုးလဲ နတ်ပခြုပ်။ ကိုယ်နဲ့မကြာခင်လက်ထပ်ရတော့မဲ့ ခင်ပွန်းလောင်းကို တကယ်ပဲ စိတ်မဝင်စားတာလား...ဒါမှမဟုတ် ဟန်ဆောင်ဘဲ ကောင်းနေတာလား။
သူ့ကောင်မလေးဖြစ်ခဲ့ဘူးတဲ့ မြရွှေကြုတ်ရဲ့အစ်မကို တကယ်ဆို သူလက်မထပ်ချင်ပါ။အသည်းကွဲတာမဟုတ်ပေမယ့် မြရွှေကြုတ်ကြောင့် သူနာကျင်ခဲ့ရတာကို သူမမေ့သေးသလို မြရွှေကြုတ်ရဲ့မိသားစုအသိုင်းအဝိုင်းထဲကို သူမဝင်ချင်။ မခေါ်ချင်လို့သာရမယ် မတော်ချင်လို့မရတဲ့ အခြေအနေမှာ သူတို့ပက်သက်မှုကို တချိန်ချိန်မှာ နတ်ပခြုပ်မသိဘူးလို့ မဆိုနိုင်။ အဲဒီအခါကျရင်နှစ်ဦးနှစ်ဖက် ထိခိုက်နာကျင်စရာတွေဖြစ်လာတော့မည်။ထိုအခြေအနေကို သူ မလိုလားပါ။ ဒါပေမယ့်...သူဘယ်လိုငြင်းဆန်နိုင်မလဲ။ အားလုံးက အစီအစဉ်တကျဖြစ်နေခဲ့ပြီ။ ခုချိန်မှ သူငြင်းလိုက်ရင် မိန်းကလေးဘက်က ဘယ်လောက်များထိခိုက်နစ်နာသွားလိုက်မလဲ။ ဟူး....ခက်ပါလားကွာ။
ထားလိုက်တော့ စွဲ၊မမှားသောရှေ့နေ မသေသောဆေးသမား ရောရှိခဲ့လို့လား။တစ်ကြိမ်တစ်ခါတော့ လူတိုင်းမှားဖူးကြမှာပါဘဲ။ အဲဒီအမှားကို သင်ခန်းစာယူပြီး ဆက်မမှားဖို့က ပိုပြီးအရေးကြီးတယ်မို့လား။ အမှားကို သိပြီးအမှန်ပြင်နိုင်ရင် လူတော်တစ်ယောက်ဖြစ်လိမ့်မယ်။ သူ လူတော်တစ်ယောက်မဟုတ်ခဲ့ရင်တောင် အမှားကိုသိသိလျက်နဲ့ဆက်မိုက်နေတဲ့ လူညံ့တစ်ယောက်တော့အဖြစ်မခံနိုင်။
မဂ်လာဆောင်က အားလုံးစီစဉ်ပြီးနေပြီ။ သူလက်မခံလို့မရတော့ပါ။ မမေးမစမ်းဘဲ ဇွတ်လုပ်လိုက်တဲ့ သူ့မိဘတွေကိုဘဲ မပြစ်ဆိုရမလား၊ဒါမှမဟုတ်...ယောက်ျားတစ်ယောက်အကြောင်းကို သေချာမသိဘဲ အလွယ်တကူခေါင်းညိတ်လိုက်တဲ့ နတ်ပခြုပ်ဆိုသည့်သူမကို အပြစ်ဆိုရမလား မသိတော့ပေ။
လက်ထပ်တော့မဲ့မိန်းကလေးတစ်ယောက်က ခုချိန်ထိရန်ကုန်မှာရှိနေသေးတာ ဘာသဘောလဲ။ ပြီးတော့... ယောက်ျားတစ်ယောက်နှင့်။ ခေါ်လိုက်တာက တရင်းတနှီး၊ ပခုံးချင်းယှဉ်လျှောက်သွားပုံက တစ်မျိုးတစ်မည်ထင်စရာ။ ခေါ်လိုက်ပုံက ကိုရဲတဲ့...ဂရုဏာသံလေးကဲနေသည့်ခေါ်သံလေးက နားထဲစွဲသွားရ၏။ သူ့ကို မလိုလားသလို မျက်ထောင့်နီဖြင့်ကြည့်သွားတဲ့ထောင်ထောင်မောင်း
မောင်းလူက သူမနဲ့ဘယ်လိုပက်သက်နေသလဲ။ ညီမလေးလို့ ခေါ်လိုက်တာကိုကြားပေမယ့် စူးရဲတင်းမာနေသည့်အကြည့်များနဲ့ထိုလူကို သူအလိုမကျနိုင်။
သူနဲ့မကြာခင်လက်ထပ်ရတော့မဲ့ မိန်းကလေးကို ခုလိုမြင်ကွင်းမျိုးနဲ့ရုတ်တရက်မြင်လိုက်ရတော့ စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားရသည်။ မနှစ်မြို့နိုင်သလို အမျိုးအမည်တပ်ရခက်သည့် ဝေဒနာတစ်ရပ်ကိုခံစားလိုက်ရ၏။နတ်ပခြုပ်တဲ့....ပုံစံလေးက မြရွှေကြုတ်နဲ့လုံးဝဆန့်ကျင်ဘက်။
အနီရောင်ဝမ်းဆက်လေးက သူမကိုယ်လေးပြည့်ပြည့်လေးမှာ ချပ်ချပ်ကပ်ကပ်နေရာယူနေ၏။ ချုပ်ထားပုံက ခေတ်မဆန်ပေမယ့် ယဉ်ယဉ်လေးကြည့်ကောင်းနေပြီး ပခုံးကျော်နေသည့်ဆံပင်လေးတွေကို ဒီအတိုင်းချထားတာမို့ မျက်နှာဝိုင်းဝိုင်းလေးပေါ်ပြန်ကျနေပုံက ကပိုကယိုလေးကြည့်လို့ကောင်းနေသည်။
ပါးဖောင်းဖောင်းလေးတွေနဲ့ ခပ်ပြည့်ပြည့်နှုတ်ခမ်းလေးကြောင့် သူမရုပ်ကိုတလွယ်တကူသတိထားမိစေပြီး အပြုံးအရယ်နည်းသည့်မျက်နှာပေးကြောင့်ခပ်တင်းတင်းဟန်လေးကအထင်းသား။ မြရွှေကြုတ်နဲ့ မတူတဲ့အချက်တွေထဲမှာ ထိုပုံစံလေးက ထိပ်ဆုံးကပါလေ၏။မြရွှေကြုတ်က သဘောမနောကောင်းပြီးပေါင်းသင်းဆက်ဆံရေးပြေပြစ်သလောက် နတ်ပခြုပ်ကတော့ တည်တင်းလွန်းသည်။ စောစောက သူ့ကိုဆက်ဆံသွားပုံက အကူအညီပေးခဲ့သူမို့ မဖြစ်သာလို့ လက်ခံစကားပြောခဲ့သလို..။
ဟင်း.....ဒါပေမယ့်နာမည်တူတာလည်းဖြစ်နိုင်တာဘဲလေ။ သူ့ဖြေတွေးရင်း သက်မမောကိုအသာချပစ်လိုက်၏။ စိတ်ထဲကတော့ ထူးဆန်းစွာ သူမကိုရင်းနှီးနေခဲ့လေသည်။
မှားစရာတော့မရှိပါ...ဘာကြောင့်လဲဆိုတော့ ပခြုပ်ဆိုတဲ့သူမကို သူတို့နယ်ကကားပေါ်မှာဆုံခဲ့ဖူးတာကြောင့်ပင်။ သူနဲ့မကြာခင် လက်ထပ်ရတော့မဲ့ နတ်ပခြုပ်ဆိုတာ သူမပဲလို့ သူတထစ်ကျယုံကြည်နေမိတာကပင် ဆန်းပြားမှုတစ်ရပ်ဖြစ်လို့နေသည်။
ရေသက်စေ့ပူဇော်တာ ဘယ်လိုဘယ်လိုပြီးသွားခဲ့မှန်း မသိတော့ပါ။ စိတ်နဲ့ကိုယ်မကပ်တော့ဘဲ ဘုရားပေါ်က ပြန်ဆင်းခဲ့လိုက်သည်။ သေချာတာကတော့ ဒီည သူအိပ်ရေးပျက်ရတော့မယ်ဆိုတာပါဘဲ။
ပထမဆုံးအကြိမ်ထဲက လူကိုမှတ်မှတ်သားသားဖြစ်အောင်လုပ်ခဲ့တဲ့ မိန်းကလေး၊ဒုတိယအကြိမ်မှာတော့ သူ့စိတ်တွေကို အပိုင်သိမ်းသွားခဲ့လေသည်။ နောက်ထပ်ရော ဘယ်လိုခံစားမှုတွေပေးစွမ်းဦးမလဲ....မာနခဲ။
~~~~~~~~~~~~~~~~~~~~~~~~~~
"တိတ်စမ်း ပခြုပ်.....ငါ့ကိုကလန်ကဆန်လုပ်ဖို့မစဉ်းစားနဲ့။ မိဘကကောင်းမယ်ထင်လို့စီစဉ်တဲ့လမ်းကို ညည်းဖြစ်အောင်လျှောက်ရမယ်။ ကျန်တာမတွေးနဲ့"
တစ်လနီးပါးလောက်ကင်းကွာခဲ့တဲ့ သူမအိပ်ယာလေးပေါ် ကျုံ့ကျုံ့လေးထိုင်လျက် ပခြုပ် မျက်ရည် တွေတွေကျနေလေသည်။ ကားဂိတ်ကနေအိမ်ပြန်ရောက်ကတည်းက အပေါ်ထပ်ကိုတန်းတက်ကာ ငိုနေခဲ့တာ ခုချိန်အထိမတိတ်နိုင်။ အစိမ်းရောင်ဂါဝန်ကားကားလေး၏အနားစတွေက ဘေးနားတစ်ဝိုက်မှာ ပုံကျနေသည်။ မသိသာသေးတဲ့ကိုယ်ဝန်ကို ဖုံးဖိပြီး သူမလက်ထပ်ရမည်တဲ့လေ။ တရားလို့လား...။
"သမီး...သမီးမလိုချင်ဘူးမေမေ"
ရှိုက်သံတွေကြားကနေ ထွက်ပေါ်လာသည့် ပခြုပ်အသံလေးကခပ်အစ်အစ်။
"ဘာ.....တိတ်စမ်းပခြုပ်။ အရူးထမယ်စိတ်မကူးနဲ့။ ဒီကိစ္စက နောက်စရာမဟုတ်ဘူး။ ကိုယ့်အကြောင်းကိုယ်သိနော်။ညည်းက ရေငတ်နေချိန်ရေတွင်းထဲကျတာကို မသောက်ဘဲပြန်တက်ချင်တာလား"
ဒေါ်စနိုး သမီးကိုအသည်းယားယားဖြင့် ပြောဆိုနေမိသည်။ ကိုယ်ဝန်ကြောင့် သူမဘယ်လောက်အထိ ခံစားပြီးပူလောင်ခဲ့တယ်ဆိုတာကို သမီးတွေနားလည်မယ်မထင်ပါ။ အဲဒီကိစ္စအတွက် ခေါင်းမီးတောက်အောင်ဖြစ်နေချိန်မှာ ဒေါ်ထက်ထက်သာတို့ဘက်က စပြီးကမ်းလှမ်းလာတာ သူမအတွက်ဘုရားမသလိုပင်။
ဖျက်စီးပစ်ဖို့အထိကြံစည်ခဲ့ပေမယ့် ခေါင်းမာတဲ့ပခြုပ်က လက်သင့်မခံခဲ့။ ဟော်....ခုတော့ ဘယ်လောက်အရံသင့်လိုက်သလဲ။ ဆန်စက်တွေနဲ့တစ်ဦးတည်းသော သူဌေးသားလေးအတွက် သူ့မိဘတွေက သူမဆီမှာ သမီးကိုတောင်းရမ်းခဲ့တာ။ ဖြစ်နိုင်ရင် ထက်ထက်သာကို ထိုင်ကန်တော့လိုက်ချင်၏။
ကိုယ်ဝန်က နှစ်လကျော်ကျော်သုံးလလောက်မို့ ဖုံးဖိလို့ရသေးသည်။ အရှက်တကွဲအကျိုးနည်းမဖြစ်ရေးအတွက် မဖြစ်မနေလက်ထပ်မှဖြစ်မည်။ မဟုတ်ရင်...သူမတို့နောင်ရေး မတွေးရဲစရာ။
မိဘက ကောင်းမယ်ထင်လို့စီမံတာကို ငြင်းချင်သေးသည့် သမီးကိုသာ ဒေါသဖြစ်လို့နေရသည်။
"မဟုတ်ဘူး မေမေ။ ပခြုပ်တို့ တဖက်လူအပေါ်မတရားသလိုဖြစ်နေမှာ တွေးကြည့်သင့်တယ်"
မင်းစွဲဘဏ္ဍာဆိုတဲ့နာမည်တစ်ခုကလွဲပြီး သူနဲ့ပက်သက်တာဘာတစ်ခုမှ ပခြုပ်မသိ။ သိဖို့လည်း မကြိုးစားမိခဲ့ပါ။ အရပ်ထဲကသတင်းစကားတွေကြောင့် ပခြုပ်အတော်ကြီးစိတ်ညစ်နေရသည်။
မင်းစွဲဘဏ္ဍာဆိုတဲ့ ပခြုပ်လက်ထပ်ရမဲ့ သတို့သားလောင်းက လူရှုပ်လူပွေတစ်ယောက်ဖြစ်သလို ရွှေကြုတ်နဲ့ပြတ်တာလည်း မကြာသေး။ ပြီးတော့ သိပ်ကိုမာနကြီးတဲ့ယောက်ျားတစ်ယောက်တဲ့။ ပခြုပ်အတွက် အသက်ရှူကျပ်စေသည့် သတင်းတွေချည်းပင်။ သူ့လိုမာနမိုးထိုးနေသည့် လူတစ်ယောက်က ပခြုပ့်အကြောင်းသာသိသွားခဲ့ရင်....။
"သူ့လိုသူဌေးသားတစ်ယောက်က ပခြုပ်အဖြစ်ကိုမသိဘဲနေပါ့မလား မေမေ။ သူ့ကိုအသုံးချနေတာ ပခြုပ်တို့မတရားဘူး"
"သူများအကြောင်းတွေးနေရမဲ့အချိန်မဟုတ်ဘူး ပခြုပ်။ ညည်း ကိုယ့်အကြောင်းကိုယ်ဘဲတွေးရမှာ။ လင်မယားဖြစ်သွားရင် ဘယ်ယောက်ျားမှ ငါဒီလိုဖြစ်ပါတယ်လို့ မပြောဘူး ပခြုပ်။ အဓိက ကလက်ထပ်ဖြစ်ဖို့ဘဲ"
"မင်းစွဲဘဏ္ဍာလို မာနကြီးတဲ့ယောက်ျားက လွယ်လွယ်လေးလက်လျော့မယ်လို့မေမေထင်နေတာလား"
"ငါ့ကိုမေးခွန်းတွေပြန်မထုတ်နဲ့ ပခြုပ်။ ဘသတ်ခါဆို မဂ်လာဆောင်ရတော့မယ်...မဂ်လာပွဲအတွက်ဘဲ ခေါင်းထဲထည့်ကျန်တာ မတွေးနဲ့"
မတွေးလို့ရော ပြီးသွားမှာတဲ့မေမေ။ မင်းစွဲဘဏ္ဍာကိုလှည့်စားလို့ရခဲ့ရင်တောင် ပခြုပ် ကိုယ့်လိပ်ပြာကိုယ်မလုံဘူး။ ပြင်မရတဲ့အမည်းစက်တစ်ခုနဲ့ ဖြူစင်တဲ့တပါးသူကိုပါ ညစ်နွမ်းအောင် ပခြုပ်မလုပ်ချင်ပါ။
"ကောင်လေးက သမီးရှင်တွေမျက်စိကျလောက်တဲ့ အရည်အချင်းတွေနဲ့...ကိုရီးယားသွားဖို့လောလောဆယ်သင်တန်းတက်နေတယ်။ မကြာခင် သူကိုရီးယားထွက်တော့မှာ။ ကိုယ့်ယောက်ျားဖြစ်သွားရင် ဒီကိုယ်ဝန်ကဘယ်သူ့ကိုယ်ဝန်ဘာလို့ ထင်ကြမလဲ။ မင်းစွဲဘဏ္ဍာရဲ့ကိုယ်ဝန်လို့ဘဲထင်ကြမှာဘဲ မဟုတ်လား။ ကလေးမွေးတော့လည်း ခုနစ်လနဲ့မွေးတာလို့ပြောလိုက်ရုံဘဲ။ အေး...ညည်းသာနာခံဖို့ပြင်ထား"
ပြောတော့လည်း လွယ်လိုက်တာ ပခြုပ်က ဘယ်လိုသတ္တိတွေနဲ့ သူ့ကိုလိမ်ညာရမလဲ။ သူကရော ယုံကြည်မှာတဲ့လား။
ဒေါ်စနိုးကို ပြန်မပြောရဲတော့ ပခြုပ် မျက်ရည်တွေသာ စိုစွတ်လာသည်။ ပခြုပ်ကသာ ဝမ်းနည်းပက်လက်ငိုကျွေးနေခဲ့တာ ဒေါ်စနိုးက ပခြုပ်မဂ်လာဆောင်အတွက် အပြင်အဆင်မပျက်ပါ။ အပေါ်ထပ်က ပခြုပ်အခန်းကို သေချာရှင်းလင်းပြီး ပစ္စည်းတွေစနစ်တကျထားသိုနေ၏။
မဂ်လာဆောင်မှာက ယောက်ျားလေးဘက်မှာဖြစ်ပြီး ပခြုပ်ကို မဂ်လာဆောင်မည့် မနက်စောစောမှ လာခေါ်ကြမှာ။ အိမ်မှာလည်း ကျွေးဖို့မွေးဖို့စီစဉ်နေကြသည်။ သတို့သမီးဖြစ်တဲ့ပခြုပ်မှာသာ မျက်ရည်တာကျိုးနေ၏။
"ငါတို့အရှက်ကိုထပ်ခွဲမယ်တော့မကြံနဲ့ ပခြုပ်။ မင်းစွဲဘဏ္ဍာကိုမှ မယူရင် ငါတို့ဘယ်ဘဝရောက်မယ်ဆိုတာ ညည်းသိလား။ သူတို့ဘက်က ဘယ်လောက်တာဝန်ကျေသလဲ တင်တောင်းတဲ့ပစ္စည်းတွေရဲ့ကာလတန်ကြေးကတင် ထောင်ကဏာန်းကပ်နေတာ။ ဒီနယ်တဝိုက်မှာဆို မင်းစွဲဘဏ္ဍာကို လိုချင်နေကြတဲ့မိန်းကလေးတွေ ဒုနဲ့ဒေးဘဲ။ အားလုံးထဲက ညည်းကိုမှ ထက်ထက်သာတို့က သဘောကျပြီး ချွေးမအဖြစ်တော်ကောက်တာ။ ဒီလိုအခွင့်အရေးမျိုး မလိုချင်တဲ့မိန်းကလေးမရှိဘူး ပခြုပ်။ အဲဒီမျက်ရည်တွေကို ခုချက်ချင်းသုတ်လိုက်စမ်း...အဲဒီလိုကြပ်ကြပ်လုပ် ၊ဟိုဘက်ကရိမ်မိသွားမှ ...ဟင်း...ညည်းနဲ့တော့ခက်ပါတယ် ပခြုပ်ရယ်"
ဒေါ်စနိုးဒေါသဖြစ်ပြီးဆို ညည်းတို့ငါတို့နဲ့ပြော တတ်၏။ ဗီရိုကိုပြန်ပိတ်ရင်း ပခြုပ်ဘေးမှာ ဆောင့်ဆောင့်အောင့်အောင့်နဲ့ဝင်ထိုင်ပြီး ငိုနေသည့်ပခြုပ်ကို စိတ်ပျက်သလို ခေါင်းခါနေသေးသည်။
"ကဲ....ဒီနေ့အဖို့ ငိုလို့ရောပြီးဦးမှာလား..."
ပခြုပ်လက်မောင်းကို ဖျန်းခနဲရိုက်ချလိုက်ရုံသာမက မျက်စောင်းပင်ထိုးလိုက်သေးသည်။ပခြုပ် မိခင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို အလိုမကျနေသည့် မိခင်မျက်နှာကိုမော့ကြည့်လိုက်ရင်း၊
"မင်းစွဲဘဏ္ဍာ ဘယ်သူလဲဆိုတာ မေမေသိလားဟင်"
ဒေါ်စနိုး မျက်မှောင်ကျုံ့သွားရ၏။
"မင်းစွဲဘဏ္ဍာဆိုမှတော့ ဘယ်သူဖြစ်ရဦးမှာလဲ မင်းစွဲဘဏ္ဍာပဲပေါ့"
"မဟုတ်ဘူး မေမေ။ သူက..သူက ရွှေကြုတ်ရဲ့..."
"တော်....သမီးပြောမှာ မေမေသိတယ်ပခြုပ်။ အဲဒီကိစ္စကိုဘဲ မေမေပြောချင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့ကိုယ်တိုင်ဘဲ သတ်မှတ်ကြတာ သမီး။ တန်ဖိုးမြှင့်အောင်နေတဲ့သူက သူ့အလိုလို မြှင့်တက်သွားမယ်။ အင်း...ကိုယ့်ကိုယ်ကို တန်ဖိုးမရှိအောင်နေရင်တော့ သူရဲ့တန်ဖိုးက အလိုလိုကျသွားမှာဘဲ...:"
"ဒါပေမဲ့....."
"နေဦး ပခြုပ်...မေမေပြောလို့မပြီးသေးဘူး"
ပါးစပ်ပြင်နေသည့် ပခြုပ် ၊မိခင်ရဲ့တားဆီးမှုကြောင့် စကားလုံးတွေ လည်ချောင်းဝတွင် ပျောက်ရှကုန်၏။ ရွှေကြုတ်အကြောင်းကို မေမေသိနေတာများလား။ ပခြုပ်ခေါင်းထဲ ထူပူသွားရပြီး မိခင်ဖြစ်သူဒေါ်စနိုးကို ထိတ်လန့်နေသော မျက်လုံးရွဲရွဲလေးများဖြင့် မော့ကြည့်မိသွားရသည်။
"ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်သတ်မှတ်တာ သမီး။ဘယ်သူမှ လာမသတ်မှတ်လို့မရဘူး။ မေမေ့သမီးနှစ်ယောက်ကိုဘဲကြည့်...တန်ဖိုးရှိအောင်နေတဲ့သမီးကို တန်ဖိုးထားတဲ့လူတွေက လှိုက်လှုက်လှဲလှဲကြိုဆိုကြတာဘဲ မဟုတ်လား။အငယ်မ အကြောင်းကို မေမေအားလုံးသိပြီးပြီ ပခြုပ်၊ညည်းဘာမှ ဖုံးဖိပေးဖို့မလိုတော့ဘူး"
"ပခြုပ် မလှည့်စားနိုင်ဘူး မေမေ။ပြီးတော့ ရွှေကြုတ်...ရွှေကြုတ်နဲ့သူက ပက်သက်ခဲ့ဘူးတယ်"
"ပခြုပ်....မဆိုင်တာတွေကို တွေးမနေနဲ့။ ကိုယ့်ဘဝကိုယ်ဘဲတွေး...ထက်ထက်သာက တော်ရုံမိန်းကလေးနဲ့သူ့သားကို သဘောတူလိမ့်မယ် ထင်သလား။ ညည်း အနေအထိုင်ကောင်းလို့ သူသဘောကျတာ၊ ဒါကို ညည်းက ငြင်းချင်တာလား ပခြုပ်။ အေး...ငါကတော့ သူတို့မိသားစုကို ကျေးဇူးအရမ်းတင်တာဘဲ။ သူတို့ကြောင့်သာမဟုတ်ရင်ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာနဲ့ဆက်ပြီးရပ်တည်ရမလဲ မသိဘူး။ မျက်ရည်တွေကို ခုသုတ်ပြီး ဝတ်စုံတွေဝတ်ကြည့်ရအောင်... "
ပခြုပ် ပါးပြင်ပေါ်က စိုစွတ်နေသည့်မျက်ရည်များကို လက်ခုံလေးဖြင့်ပွတ်တိုက်ပစ်လိုက်သည်။ ပြောင်ရှင်းနေသည့်မျက်နှာလေးက ငိုထားသဖြင့် မျက်ခွံလေးတွေမို့အစ်ကာ နီမြန်းလို့နေလေသည်။ဖျာလေးပေါ် မျက်လွှာလေးစိုက်ချလျက် မလှုပ်မယှက်ထိုင်နေသည့် ပခြုပ်ကို ဒေါ်စနိုး ကြည့်ရင်းစိတ်မသက်မသာဖြစ်နေရ၏။
ဒီလိုမှ မလုပ်ရင် သူမတို့မိသားစု အရှက်ကွဲရတော့မည်။ တဖက်ယောက်ျားလေးကို အသုံးချလိုက်သလိုဖြစ်နေပေမယ့် ပခြုပ်ရဲ့ အခြေအနေက နောက်ထပ်ဖုံးဖိထားဖို့မဖြစ်တော့ပေ။ ဒေါ်စနိုး... သမီးဖြစ်သူဘေးကနေ ထရပ်လိုက်ပြီး အောက်ထပ်ကိုဆင်းသွားလေသည်။ ပါးပြင်ပေါ်သို့ ပူခနဲစီးဆင်းလာသည့် အထိအတွေ့နှင့်အတူ သူမပေါင်ပေါ်သို့ပေါက်ခနဲမျက်ရည်တွေ ကျလာ၏။ ငိုရလွန်းလို့ မျက်လုံးတွေအောင့်ကာ ရင်ထဲမွန်းကျပ်လာပေမယ့် မျက်ရည်တွေက သူ့အလိုလိုကျနေတော့သည်။
"ရော့....တော်မတော် ဝတ်ကြည့်စမ်း ပခြုပ်၊တော်ကြာ မဂ်လာဆောင်တဲ့နေ့မှ ဒုက္ခများနေမယ်"
ပခြုပ်ဘေးသို့ ကျလာသည့် အိတ်လေးကို ငဲ့ကြည့်ရင်း မျက်ဝန်းအိမ်မှာ မျက်ရည်တွေပြည့်လာပြန်၏။ ပခြုပ် တကယ်လက်ထပ်ရတော့မည်။ ဒါပေမယ့်...ပခြုပ် သူ့ကို မသိ၊မြင်လည်းမမြင်ဘူးပါ။မင်းစွဲဘဏ္ဍာဆိုထဲက မေမေက သဘောတူခဲ့တာ၊ ပြီးတော့ ပြောသေးသည်။ ဒီကောင်လေးက ရုပ်ရည်ရော အဆင့်အတန်းပါရှိတဲ့ကောင်လေးတဲ့။ ပခြုပ်သာ မသိတာ မေမေတို့လည်း သူ့ကိုသိနေပုံရသည်။
"ဟဲ့....ငိုင်မနေနဲ့ပခြုပ် ဝတ်ကြည့်စမ်းဆို"
ငူတူငိုင်တိုင်ဖြစ်နေသည့် ပခြုပ်ကို ဒေါ်စနိုးစိတ်မရှည်ချင်တော့ပါ။ နဂိုစိတ်မြန်တတ်သူမို့ အိတ်ကို သူမကိုယ်တိုင်ဆွဲယူပြီး အဝတ်တွေကို ဆွဲအထုတ်၊
"ဒါ....ဒါ ဘာဖြစ်တာလဲ။ ကုန်ပါပြီ....ကုန်ပါပြီတော်"
သတို့သမီး ဝတ်စုံတွေကို ကိုင်လျက်ဒေါ်စနိုး၏ တုန်ခါနေသည့်အသံကြီးထွက်ပေါ်လို့လာသည်။ ပခြုပ်...ငိုင်နေရာမှ မိခင်ကိုမော့အကြည့်၊
"ဟင်...."
ဆုတ်ပြဲနေသည့် ဝတ်စုံများကြောင့်ပခြုပ်နှလုံးသွေးရပ်မတတ်ဖြစ်သွားရလေသည်။သတို့သမီးဝတ်စုံများက ဒေါ်စနိုးလက်ထဲ၌ ဆုပ်ပြတ်သတ်နေလျက်။
"ဘယ်လိုဖြစ်ရတာလဲ။ ဆိုင်ကယူလာတုန်းကအကောင်းကြီးပါ...။ ဘယ်သူကကတ်ကြေးနဲ့လာညှပ်သွားတာလဲ...ဟင်"
ကြတ်ကြေးဖြင့် ထိုးညှပ်ထားသဖြင့် ပျက်စီးနေသည့် သတို့သမီးဝတ်စုံတွေကို ကိုင်လျက် ဒေါ်စနိုးမျက်လုံးပြူးသွားရ၏။
"ရွှေကြုတ်.....မြရွှေကြုတ်"
ဝတ်စုံတွေကို ကိုင်လျက်နမျောတသစွာလက်တွေပါတုန်နေသည့် မိခင်ထံမှ ရွှေကြုတ်နာမည်ကို ဒေါသတကြီးခေါ်လိုက်သဖြင့် ပခြုပ်တစ်ခုခုကိုသဘောပေါက်သွားရ၏။
"မြရွှေကြုတ်....တောက်....အမိုက်မ....ညည်းလာခဲ့စမ်း။ ဟဲ့...မိရွှေကြုတ်...ငါခေါ်နေတာကြားလား"
ထဘီတစ်စဆွဲလျက် ပျက်စီးနေသည့်ဝတ်စုံများကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ ပြေးဆင်းသွားသည့် ဒေါ်စနိုး။ ပခြုပ် ကြောင်ကြည့်နေမိပြီးမှ ကပြာကယာထကာ ဒေါသကြီးသည့်မိခင်ကိုတားဆီးရန် အောက်ထပ်ကိုအမြန်ဆင်းလိုက်ရလေတော့သည်။ပေကပ်ကပ်ရွှေကြုတ်နဲ့ မေမေတို့ ထိပ်တိုက်တွေ့ရင် မလွယ်။
"မိရွှေကြုတ်....ဘယ်ရောက်နေတာလဲ။ ထွက်ခဲ့စမ်း ရွှေကြုတ်..."
ထွက်ခဲ့စမ်းဆိုပြီး ရွှေကြုတ်အခန်းထဲသို့ တန်းဝင်သွားသည့် ဒေါ်စနိုးရဲ့ခြေလှမ်းများကိုပခြုပ်မှီအောင်ပြေးလိုက်နေရသည်။
"မြရွှေကြုတ်....ညည်း ဒါဘာလုပ်တာလဲ"
ကတ်ကြေးဖြင့်ထိုးညှပ်ထားသဖြင့် ပျက်စီးနေသည့်ဝတ်စုံများက ရွှေကြုတ်မျက်နှာကိုထိမှန်ပြီးမှ ပေါင်ပေါ်တဆင့်ကျသွား၏။
"ဘာကိုပြောတာလဲ မေမေ"
မျက်လုံးလေးတစ်ချက်လှန်ကြည့်ပြီး ရွှေကြုတ်က ခပ်အေးအေးပင်ထရပ်လိုက်သည်။ ထိုအခါ...မဂ်လာဝတ်စုံများက ခုတင်အောက်သို့ကျသွား၏။ ပခြုပ်...ပျက်စီးနေသည့်ဝတ်စုံများကိုကြည့်ပြီး ရင်ထဲနင့်သွားရလေသည်။သူမကံဆိုးမှုနဲ့ထိုက်တန်နေသလား။
"ညည်းမို့လုပ်ရက်တယ် ရွှေကြုတ်ရယ်။ ဒါ ညည်းအစ်မရဲ့မဂ်လာဆောင်နော် တစိမ်းမဟုတ်ဘူး။ ဒီအမေတစ်ယောက်ထဲက မွေးခဲ့တဲ့ ညီအစ်မအရင်းကြီးတွေကို ညည်း ဘယ်လိုနှလုံးသားနဲ့ရက်စက်နိုင်ရတာလဲ ရွှေကြုတ် ဟမ်.."
ဒေါသတွေကြီးလာရင် ဘာကိုမှ မမြင်နိုင်တော့သည့် ဒေါ်စနိုး..ရွှေကြုတ်ကိုစူးရဲစွာစိုက်ကြည့်လျက် ပြောဆိုနေမိသည်။
"ဒါ ဘာသဘောလဲ...ခုလိုလုပ်လိုက်လို့ ညည်းဘာအကျိုးတွေထူးသွားသလဲ ပြောစမ်းပါ။ ညည်း အတွက်ဘာတွေအကျိုးရှိသွားလဲ ရွှေကြုတ်"
မထင်ခဲ့ပါ...သူမလုံးဝ မတွေးမိခဲ့တဲ့အခြေအနေတစ်ခုပင်။ သူမကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ သမီးတွေ ဒီလိုအကျင့်စရိုက်ရှိနေမယ်လို့ ဘယ်တုန်းကမှ မထင်ထားမိခဲ့။ ညီအစ်မအရင်းတစ်ယောက်အပေါ် ဤသို့မကောင်းကြံနေသည့် ကိုယ့်သမီးကို သူမဘယ်လိုဆုံးမရတော့မလဲ။ ကိုယ်ရဲ့ညံ့ဖျင်းမှုကြောင့် သမီးငယ်မှာ အတွေးဆိုး၊အတွေးညစ်တွေဖြစ်ခဲ့ရတာ။
"အကျိုးအမြတ်မရှိရင် ရွှေကြုတ်ဘာမှမလုပ်ဘူး မေမေ၊ မုန်းလို့...အဲဒီမိန်းမကြီးကိုမုန်းလို့ တမင်လုပ်တာ"
"ဘာ!....."
ရွှေကြုတ်မျက်လုံးများက ဒေါ်စနိုးနှင့်အပြိုင် စိမ်းတောက်နေကာ ပေါ်တင်ပြောချလိုက်သည့်စကားလုံးများက မာထန်နေ၏။ ဒေါ်စနိုး.. စွေ့စွေ့ခုန်မတတ်ဒေါသဖြစ်နေတာကိုလည်း ဂရုမစိုက်။
"အဲဒီမိန်းမကြီး ဘယ်လောက်လူပါးဝတယ်ထင်သလဲ အဟင်း...ရွှေကြုတ်ကိုများ သူ့သားနဲ့မတန်သလေး၊ဘာသလေးနဲ့။ ရွှေကြုတ်ကို ပြောဆိုထားတဲ့ သူ့ကို တစ်သက်မကြေဘူးသိလား။ အဲဒါကြောင့် ခုလိုလုပ်လိုက်တာ ဘာဖြစ်သေးသလဲ"
"မြရွှေကြုတ်!....."
သူမရဲ့သမီး မှဟုတ်ရဲ့လား...ရွှေကြုတ်ရင်ထဲ အမုန်းတွေဘယ်လောက်များကြီးထွားနေပြီလဲ။ ဒေါ်စနိုး အသားကုန်အော်ပစ်လိုက်သည်။ ထိုအခါ...ရွှေကြုတ်က သူမကိုပါ မျက်လုံးစိမ်းများဖြင့်ကြည့်ရင်း၊
"မေမေရော ရွှေကြုတ်ဘက်ကိုငဲ့ကြည့်ပေးဘူးလို့လား။ မေမေ့သမီးအတွက်ဘဲ မေမေကြည့်တယ် ၊ရွှေကြုတ်ဘက်ကို ဘယ်တော့မှ မစာနာဘူး။ မေမေလည်း အတူတူဘဲ။ သမီးချင်းတောင် ပခြုပ်ကိုဘဲ မေမေချစ်တာ"
"မြရွှေကြုတ်!.....ညည်း....ညည်း...."
"ဖြန်း!......"
"မေမေ!......"
ပခြုပ် ဝင်ဆွဲသည့်ကြားက တစ်ချက်တော့ ရွှေကြုတ်ကိုထိသွားပြီး အခန်းထဲမှာ ဝရုန်းသုန်းကား ဖြစ်သွားလေသည်။
"မိုက်ရိုင်းနေတာကို ညည်းက သိပ်ကောင်းတယ်ထင်နေတာလား ရွှေကြုတ်။ နင့်ကိုမွေးရတာ ဝမ်းရေစက်တယ် သိလား"
ရွှေကြုတ် နှုတ်ခမ်းသားတွေမဲ့ကျသွားရလေသည်။
"ဟုတ်တာပေါ့ မေမေ့သမီးလိုတော့ ဘယ်လိမ္မာပါ့မလဲ။ မြရွှေကြုတ်က ရိုင်းတယ်၊မသိတတ်ဘူး၊မေမေတို့သိက္ခာကျစေတဲ့သမီး။ ဒါကြောင့်လဲ အကောင်းနဲ့မတန်တဲ့မိန်းမဆိုပြီး ချောင်ထိုးထားကြတာမို့လား။ ကောင်းပေ့ညွှတ်ပေ့ဆိုတာချည်း မေမေ့သမီးကို ပေးချင်တာ။ ရွှေကြုတ်လို အသုံးမကျတဲ့မိန်းမကို ဘယ်ပေးချင်ပါ့မလဲ အဟင်း....တရားပါတယ်"
"မေမေ့ကို အဲဒီလိုမပြောနဲ့ ညီမလေး ဘယ်မိဘမဆို ကိုယ့်သားသမီးကို ဆင်စီးပြီးမြင်းရံနေတဲ့ ဘဝဘဲမြင်ချင်ကြတာချည်းဘဲ။ မတတ်သာလို့ မဖြည့်ဆည်းပေးနိုင်တာဘဲ ရှိမယ် မိဘတိုင်းက သူတို့သာ စားစရာမရှိချင်နေမယ် သားသမီးကိုတော့ ကောင်းနိုးရာရာလေးတွေကျွေးချင်မွေးချင်ကြတယ်။ ဒါဟာ...တုနှိုင်းမရတဲ့မိဘမေတ္တာဘဲ ရွှေကြုတ်။ နင် မိဘကို မစော်ကားနဲ့"
ပခြုပ်က ဒေါ်စနိုးလက်ကိုဆွဲထားရင်း မခံမရပ်နိုင်စွာဝင်ပြောလိုက်၏။
"တော်စမ်းပါ လူကြားကောင်းအောင်အသံကောင်းဟစ်မနေစမ်းနဲ့။ စွဲကို နင့်အထုပ်ထိုးချချင်တာ မသိဘူးထင်နေသလား။ တကယ်ဆို ဒီနေရာက နင့်နေရာမဟုတ်ဘူး ပခြုပ်"
ဒေါ်စနိုး ရှက်လွန်းသဖြင့် ဘာပြောရမှန်းမသိဖြစ်သွားလေသည်။ ရွှေကြုတ်ပါးစပ်က ဒီလိုစကားမျိုးထွက်လာတာ မိခင်တစ်ယောက်အနေနဲ့ နားတွေပူသွားရ၏။
"ပခြုပ်ကိုဘာမှလွှဲချစရာမလိုဘူး ရွှေကြုတ်။ ဒီမဂ်လာပွဲက ပခြုပ်သဘောနဲ့ဖြစ်လာတာမဟုတ်သလို ပခြုပ်က တောင်းဆိုလို့ဖြစ်လာတာလဲ မဟုတ်ဘူး။ထက်ထက်သာကိုယ်တိုင် ပခြုပ်ကိုလိုလိုချင်ချင်နဲ့ တောင်းလာတာလဲ ညည်းသိပြီးသား။ပြီးတော့ ငါ့သမီးနှစ်ယောက်လုံးကို ငါချစ်တာလည်းအတူတူဘဲ။ ထက်ထက်သာက ညည်းကိုတောင်းလာရင်လည်း ငါကျေကျေနပ်နပ်သဘောတူပေးမှာဘဲ။အဲဒါဘာကြောင့်လဲ ဆိုတော့ နင်တို့နှစ်ယောက်လုံးကငါ့သမီးတွေဖြစ်နေလို့ဘဲရွှေကြုတ်။ ဘယ်တစ်ယောက်နဲ့ဖြစ်ဖြစ် ငါကျေနပ်တယ်။ ခု ကောင်လေးမိဘက ပခြုပ်ကို ချွေးမတော်ချင်ပါတယ်လို့ပြောလာတာကို ငါကအငယ်မလေးနဲ့လက်ထပ်ပေးပါမယ်လို့ပြောလို့ရမလား။ ပြီးတော့ ခုလိုအချိန်မျိုးမှာ ပခြုပ်ကို လာကမ်းလှမ်းတာ ငါဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်...ဒါကြောင့် ဒီပွဲကို လုံးဝအပျက်မခံနိုင်ဘူး"
"မေမေ့သမီးလင်ကောင်ဖော်ဖို့အတွက် ရွှေကြုတ်ချစ်သူကို အသုံးချတာ ကောင်းတယ်ပေါ့....ဟုတ်လား"
"လင်ကောင်ဖော်ဖို့ ဟုတ်လား"
"ကိုရဲ!....."
"ဟင်...."
ရဲဇော်နိုင် အခန်းတွင်းသို့ဖြည့်ညင်းစွာဝင်လာရင်း ပခြုပ်ကို စူးစိုက်ကြည့်လျက်မေးလိုက်၏။ ပခြုပ် မျက်နှာလေးရဲသွားကာ အစ်ကိုတစ်ယောက်ရှေ့မှာ ဘယ်လိုနေရမလဲ မသိအောင် လူတစ်ကိုယ်လုံးအငွေ့ပျံပြီးပျောက်ကွယ်သွားချင်သည်။ မျက်နှာတစ်ခုလုံးက မီးကင်ထားသော သံပြားတစ်ချပ်လို...။
ဒေါ်စနိုးကိုယ်တိုင်လည်း မျက်နှာဘယ်ထားရမလဲ မသိတော့။ တူတစ်ယောက်ရှေ့မှာ သမီးမိုက်တွေရဲ့အထုပ်ကို ဖြည်ချလိုက်မိပြီ။
"ကြီးကြီး ဘာတွေလဲဗျာ....ပခြုပ်က ပခြုပ်က ဟာကွာ...."
ရဲဇော်နိုင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ရင်း အဒေါ်ဖြစ်သူမျက်နှာကို အကဲခတ်လိုက်သည်။ ထိုအခါ...သူ့ကိုရင်မဆိုင်ဘဲ ခေါင်းငုံ့မျက်ရည်ကျနေသည့် ဒေါ်စနိုးကြောင့် တဝက်တပျက်နဲ့စကားရပ်သွားရပြီး ခြေတောက်အောက်က အဝတ်ခြင်းကို လွှဲကန်ပစ်လိုက်၏။
"ပခြုပ်....နင် မိုက်လုံးကြီးလှချည်လား။ ဘယ်ကကောင်လဲ... အဲဒီကောင်ဘယ်သူလဲ"
မေးလိုက်မှ ခေါင်းငုံ့လျက် မျက်ရည်တွေအပြိုင်ပြိုင်ကျလာသည့် ပခြုပ်ကိုဘဲ ဒေါသဖြစ်လာရသည်။
"ပြောစမ်းပါ...နင်အဲဒီလောက်မမိုက်ဘူးလို့ ငါထင်ထားတာ ပခြုပ်။နင့်အကောင်က ဘယ်သူလဲ"
"ဟင်အင်း...ဟင်အင်း...ပခြုပ်ကို ဘာမှ လာမမေးနဲ့။ ပခြုပ် ဘာမှမသိဘူး"
မျက်ရည်တွေ တလဟောစီးကျလျက် ပခြုပ်က အကြောက်အကန်ငြင်းနေသည်။
"ဘာ!.....မသိရအောင်...ငါ တယ် ....ပြောရရင်မကောင်းဖြစ်တော့မယ် ပခြုပ်"
ရဲဇော်နိုင် လက်သီးတပြင်ပြင်ဖြင့် မေးနေပေမယ့် ပခြုပ်က ခေါင်းခါမပျက်။ ဘာမေးမေးခေါင်းခါမယ်လို့ သစ္စာဆိုထားသလားပင်မသိ။
"ငါလည်း အဲဒီအတွက်ခေါင်းမီးတောက်နေတာဘဲ။ ဘာမေးမေး မဖြေတော့ခက်နေတာပေါ့။ပခြုပ်မမိုက်ဘူးဆိုတာ သိပေမယ့် အထုပ်အထည်နဲ့ဖြစ်နေတော့ ခပ်ခက်ခက်ဘဲကွယ်။ ကြီးကြီးတို့မျက်စိအောက်တွင်ရှိနေတာ ချစ်သူရည်းစားမရှိဘဲ ဒီပြဿနာပေါ်လာတော့ ကြီးကြီးဖြင့်မတွေးတတ်အောင်ပါဘဲ "
ဒေါ်စနိုး မျက်နှာပူပူဖြင့် ရဲဇော်နိုင်ကို ပြောပြနေရသည်။ ရွှေကြုတ်က ဘေးကနေ ကြည့်ပြီး မဲ့နေ၏။ ပခြုပ်ကတော့ ထုံးစံမပျက်ငိုရှိုက်ရင်း ခေါင်းငုံ့ငြိမ်သက်လို့နေလေသည်။ သူမမှာ ပြောစရာစကားမရှိသလို ဖြေရှင်းဖို့နည်းလည်း မရှိခဲ့။
"ကျောင်းတက်တုန်းကလို့ပြောရအောင်လည်း ကျောင်းပြီးတာက ကြာပြီ။ ကိုယ်ဝန်က ခုမှ နှစ်လသာသာသုံးလလောက်ဘဲရှိသေးတာ။ ဘယ်သူလဲလို့မေးတော့လည်း မဖြေဘူး "
"ပခြုပ်.....နင်စော်ကားခံရတာလား....ပြောစမ်းပါ။ နင့်ကိုစော်ကားတဲ့ကောင်ဘယ်သူလဲ"
"ဟင်အင်း....ဟင်အင်း ပခြုပ်မသိဘူး"
"တောက်....ငါလုပ်လိုက်ရ သေတော့မှာဘဲ မိပခြုပ်။ နင်ဘာမှမဖြစ်ဘဲ ဒီဗိုက်က ဘယ်ကရောက်လာမှာလဲ ။ ပြောစမ်း....နင့်အကောင်က နင့်ကိုတာဝန်မယူတာမို့လား"
"သေချာတာပေါ့....မင်းချစ်သူဆိုတဲ့ကောင်က လူရှုပ်လူပွေလေ။ပခြုပ်ကို ဘယ်တာဝန်ယူပါ့မလဲ"
အပိုင်း(၁၄)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း