မိုးသည်းည...ကာရန်
~~~~~~~~~~
"ကြီးကြီး!.....မလုပ်နဲ့......"
အသံနှင့်အတူလူပါ ဒေါ်စနိုးဘေးရောက်လာကာ ရဲဇော်နိုင်တားလိုက်သည်။
"စိတ်လျော့ပါ ကြီးကြီးရယ်....မလုပ်ပါနဲ့"
အဒေါ်ဖြစ်သူရဲ့လက်ကိုဆွဲထားရင်း ရဲဇော်နိုင် ပြာယိပြာယာဖြင့်ပြောလိုက်သည်။ ဒေါ်စနိုးရဲ့ ခန္ဓာကိုယ်တစ်ခုန်လုံး နတ်ဝင်သည်လိုတုန်ခါလျက် ဒေါသတွေမပြေနိုင်သေးပါ။
"ဖယ်စမ်း...ငါ ဒီအမိုက်မတွေကိုသတ်ပစ်မယ်။ ဒင်းတို့သေမှ အေးမှာ"
"ဟာ....ကြီးကြီးမလုပ်နဲ့"
ဆွဲထားသည့်ကြားကနေ ဒေါ်စနိုးအတင်းရှေ့တိုးနေသဖြင့် ရဲဇော်နိုင်ဖမ်းချုပ်ထားလိုက်ပြီး လက်ထဲကကတ်ကြေးကိုရအောင်လုပစ်လိုက်သည်။ထို့နောက်...ကတ်ကြေးကို ဝေးရာဆီ လှမ်းပစ်လိုက်ပြီး၊
"ဘာဖြစ်ကြတာလဲ...ကျွန်တော့်ကိုလည်းပြောပါဦး။ ဒီလိုလုပ်လုပ်လို့ရော..ပြဿနာတွေက ပြေလည်သွားမှာလား"
ဒေါသကြီးကာ အသားတွေတုန်နေသည့် အဒေါ်ဖြစ်သူကိုပြောရင်း ရဲဇော်နိုင်မျက်လုံးတွေက တောင့်တောင့်လေးရပ်နေကြသည့် ပခြုပ်နှင့်ရွှေကြုတ်ထံရောက်သွားလေသည်။ ပြူးကြောင်ကြောင်လေးဖြင့် နှုတ်ခမ်းကိုက်ကာ ငြိမ်သက်နေသည့်ရွှေကြုတ်က လက်သီးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသေးသည်။ မျက်လုံးစုံမှတ်လျက် အသက်မပါသလို ပေရပ်နေသည့် ပခြုပ်ကတော့ သူ့အသံကြားမှ မျက်လုံးလေးတွေလှုပ်လီလှုပ်လဲ့ပွင့်လာပြီး ထိုမျက်ဝန်းအိမ်မှ မျက်ရည်များတရစ်ရစ်တက်လာနေ၏။
ရဲဇော်နိုင် စိတ်မသက်မသာဖြင့် မျက်နှာပြန်လွှဲရင်း၊
"ဘာဖြစ်ကြတာလဲ ...မထိတ်သာမလန့်သာရှိလိုက်တာ ကြီးကြီးရာ"
ဒေါ်စနိုးက မျက်လုံးတွေစူးရဲနေလျက် ရွှေကြုတ်ဆီ မီးဝင်းဝင်းတောက်မတတ်လှမ်းကြည့်လိုက်၏။
"ပြန်ပြောရမှာတောင်ရှက်တယ် ကိုရဲ။ ဒီဟာမကို သတ်ပစ်ချင်တာ။ ငါတို့ကို အရှက်ခွဲတဲ့မိန်းမ။ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲအောင်လုပ်တာ..."
ပြဿနာကိုဘာမှမသိသေးတဲ့ ရဲဇော်နိုင်.. ဒေါ်စနိုးပြောတာကို ရုတ်တရက်နားမရှင်းပါ။ ကိုယ့်အဒေါ်စိတ်ဆိုးနေတာ ပခြုပ်ကိုလား၊ရွှေကြုတ်ကိုလား။
"ဘယ်သူက ဘာတွေလုပ်လို့လဲ။ ကျွန်တော့်ကို နားလည်အောင်ပြောစမ်းပါ ကြီးကြီး။ ပြဿနာဆိုတာ ရှိရင် ဖြေရှင်းဖို့နည်းလမ်းလည်းရှိပါတယ်။ ဘာဖြစ်ကြတာလဲဆိုတာသာ ပြော"
ဒေါ်စနိုးကို ထိုင်ခုံဆီဆွဲခေါ်လာရင်း လေပြည်ထိုး၍မေးလိုက်သည်။
"ငါ...ငါအသုံးမကျတာ၊ အမေဖြစ်ပြီး ငါဆုံးမတာလျော့ရဲခဲ့လို့ ခုလိုတွေဖြစ်လာတာ။ ငါသေသာသေလိုက်ချင်တယ်"
ထိုင်ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်ပြီး ဒေါ်စနိုး ယူကြုံးမရစွာဆိုလိုက်၏။ ထို့နောက်
...ထိန်းသိမ်းထားသည့်မျက်ရည်များက နှစ်နှစ်ပေါက်၊သုံးယောက်ဆက်တိုက်ဆင်းလာတော့သည်။
"ဟာ...ကြီးကြီး မငိုနဲ့လေဗျာ။ ဘာတွေဖြစ်ကြလို့ သားအမိတွေဒီလောက်အထိဖြစ်ကြတာလဲ"
ငိုနေတဲ့ အဒေါ်ကိုမေးပေမယ့် ဘာတစ်ခွန်းမှ တုံ့ပြန်သံမကြားတော့..မိခင်ကိုကြည့်ပြီးသူမပါရောငိုနေသည့် ပခြုပ်ကိုမော့ကြည့်လိုက်ကာ၊
"ပခြုပ်...."
"ဟင်...."
ပခြုပ်က မျက်နှာလေးမော့လာကာ ညှိုးရီနေသည့်မျက်လုံးလေးတွေက လေးဖင့်စွာ ရွေ့လျားလာ၏။
"ဘာဖြစ်ကြတာလဲဟာ...လူကြားလို့မှမကောင်းလိုက်တာ ပခြုပ်ရယ်။ သတ်တော့ဖြတ်တော့မတတ်ဖြစ်ရအောင် နင်ဘာလုပ်ထားလို့လဲ"
ဒီမနက်ပဲ ရန်ကုန်ကိုထွက်လာတာ ပခြုပ်မို့...ခုဖြစ်တာ ပခြုပ်နဲ့သာ သက်ဆိုင်တယ်လို့ သူ တထစ်ကျ တွက်လိုက်ပြီး ပခြုပ်ကိုမေးလိုက်တာပါ။ သူမေးလိုက်မှ ပခြုပ်က မိခင်ကို တစ်ချက်လှမ်းကြည့်ပြီး မျက်လုံးလေးတွေက အောက်ကိုရွေ့လျားသွားတော့သည်။
ပခြုပ်မျက်လုံးရွေ့သွားသည့်အတိုင်း ရဲဇော်နိုင်လိုက်ကြည့်လိုက်မိသည်။ ထိုအခါ...အနက်ရောင်ဖုန်းလေးဆီ သူ့မျက်လုံးတွေရပ်တန့်သွားတော့သည်။
"အရှက်တွေတော့ ကုန်ပါပြီ..ငါတို့အရှက်တွေကွဲကုန်ပြီဟဲ့"
ဒေါ်စနိုးရဲ့ ငိုရှိုက်သံကြားက စကားများကြောင့် ရဲဇော်နိုင် မျက်ခုံးတွေကျုံ့သွားရပြီး နေရာမှထရပ်လိုက်ကာ ပခြုပ်နားသို့တရွေ့ရွေ့လှမ်းသွားလေသည်။ မျက်ရည်တွေသွင်သွင်ကျလျက် ဒေါ်စနိုးတစ်ယောက် မျက်လုံးတည့်တည့်ရှိနံရံကိုသာ အဓိပ်ပါယျမဲ့စိုကျကွညျ့နမေိသညျ။ ရင်ထဲမှာ ဟင်းလင်းကြီးဖြစ်နေပြီး ခံစားရလွန်းလို့ ကလီစာတွေပင် မရှိတော့သလိုဖြစ်လို့နေသည်။
ကြောင်တောင်တောင်လေးတွေရပ်နေသည့် ညီမနှစ်ယောက်ကို မျက်လုံးဝေ့ကြည့်ရင်း ပခြုပ်နားက ဖုန်းကို ရဲဇော်နိုင် ကောက်ယူလိုက်သည်။ ဘယ်လိုစိတ်ဆွအြားလည်းတော့မသိပါ..ပခြုပ်နဲ့သူ ငယ်ငယ်ထဲက အရမ်းခချစ်ခဲ့ကြသည်။ ပြီးတော့...မောင်နှမတွေတစ်ယောက်မျက်နှာရိပ်မျက်နှာကဲကို တစ်ယောက်ကနားလည်နေခဲ့လေသည်။
ပခြုပ် မျက်လုံးလေးရွေ့သွားထဲက ခုဖြစ်နေတာနဲ့ ဒီဖုန်းတစ်နည်းနည်းပက်သက်နေမယ်ဆိုတာကို တန်းသိလိုက်၏။ လက်ထဲရောက်လာတဲ့ဖုန်းလေးကို ဖွင့်အကြည့်၊
"ဟာ!......"
ရဲဇော်နိုင် ခေါင်းတစ်ခုလုံးထောင်မတ်သွားရပြီး မျက်လုံးတွေပါပြာသွား၏။ အစ်ကိုတစ်ယောက်အနေ ယူကြုံးမရတဲ့စိတ်တွေရော၊ ဒေါသတွေပါ ပေါင်းလျက် မေးကျောတွေပါထောင်တက်သွားရသည်။ သူ ထင်နေတာက ပခြုပ်ကို။ ကားဂိတ်ကနေ စောင့်ခေါ်လာခဲ့ရတာလဲ ပခြုပ်မို့ ပခြုပ်ကို ကြီးကြီး စိတ်ဆိုးနေတယ်ဘဲ ထင်ခဲ့တာ။ တကယ့် တရားခံက အငယ်မရွှေကြုတ်။
တောက်.....။ မျက်စပ်တွေပါ နီရဲလျက် ပေရပ်နေသည့် ရွှေကြုတ်ကိုမော့ကြည့်လိုက်ကာ၊
"မြရွှေကြုတ်.....နင်...နင် အရှက်မဲ့လှချည်လား။ တောက်....မြရွှေကြုတ် နင် ဒါ ဒါဘယ်လိုရှင်းမလဲ"
ဖုန်းကို ကျိုးကြေမတတ်ဆုပ်ကိုင်ရင်း ရွှေကြုတ်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ကာ အံကြိတ်လျက်ပြောချပစ်လိုက်သည်။ မျက်လွှာချလျက် တစ်ခွန်းမှ ပြန်မပြောတဲ့ ရွှေကြုတ်ကိုဘဲ အသည်းယားလာကာ ပခုံးနှစ်ဖက်ကနေကိုင်လျက် ဆောင့်ခါပစ်လိုက်ရင်း၊
"ဖြေလေ ပါးစပ်ပိတ်နေတာနဲ့ ပြဿနာကပြီးသွားမှာ မဟုတ်ဘူး ရွှေကြုတ်။ ဒီကောင်က ဟိုဘက်ရွာကကောင်မို့လား။ အဲဒီကောင်ကို ခုသွားသတ်ပစ်မယ်....တောက် လူစိတ်မရှိတဲ့ခွေးမသား"
"ကိုရဲ....."
ပခြုပ် ကြောင်ငေးနေမိရင်း ဝုန်းဒိုင်းကြဲထထွက်သွားသည့် အစ်ကိုဖြစ်သူကို အပြေးလိုက်ဆွဲရင်း၊
"မလုပ်ပါနဲ့ ကိုရဲရယ်။ သူ့ကိုသတ်လိုက်လို့လည်း ရွှေကြုတ်ရဲ့အရှက်ကပြန်ရမှာမှ မဟုတ်တာ။ ပခြုပ်တို့ ရွှေကြုတ်အတွက်အကောင်းဆုံးနည်းလမ်းကိုစဉ်းစားကြတာပေါ့"
"တောက်....အဲဒီခွေးသားကို ငါကတော့သတ်ပစ်ချင်တာဘဲ သိတယ်ပခြုပ်"
လက်သီးကို ကျစ်နေအောင်ဆုပ်ထားရင်း ရဲဇော်နိုင်က ဓားကြိမ်း ကြိမ်းနေသည်။
"သူ့ကိုသတ်လိုက်လို့ရော ကိုရဲအကောင်းနေရမှာလား။ သေချာစဉ်းစားကြည့်ပါဦး ကိုရဲရယ်။ ပခြုပ်တို့ဘက်ကဘဲ နစ်နာနေမှာဘဲ မဟုတ်လား။ သူသေသွားလို့ရော ရွှေကြုတ်ရဲ့အဖြစ်ကပြီးသွားမှာလား။ ပြီးတော့ကိုရဲ...အောင်မြင်နေတဲ့ကိုရဲဘဝကို သူ့အတွက်ထောင်ထဲမှာ စတေးမလို့လား"
ထောင်တက်နေသည့်မေးကျောတွေပြန်ပြေသွားပြီး ရဲဇော်နိုင် နောက်ပြန်လှည့်လာကာ၊
"ရွှေကြုတ်....ဒါ သူ့အကောင့်ကတင်တာသေချာလား"
ရွှေကြုတ်ဆီလျှောက်သွားကာ မေးလိုက်တော့ သူမကတချက်မော့မလာခဲ့။
"မြရွှေကြုတ်...."
ရဲဇော်နိုင် အသံကျယ်သွားတာမို့ ပခြုပ် သူတို့နှစ်ယောက်နားလှစ်ခနဲရောက်သွားရပြီး ဒေါသကြီးသည့်အစ်ကိုဖြစ်သူလက်ကိုဆွဲထားလိုက်ကာ၊
"သူ့အကောင့်ကတင်တာဘဲ နေမှာပါကိုရဲ။ ပခြုပ်တို့မှာ အချိန်ရပါသေးတယ်။ အဲဒီကောင်ကိုဖုန်းဆက်ပြီး ပြန်ဖျက်ခိုင်းရင်မကောင်းဘူးလား"
ဉာဏ်ကောင်းသည့် ပခြုပ်က အရေးအကြောင်းဆို အကြံကောင်းတွေထွက်လာသည်။ ပခြုပ်ရဲ့အကြံက ခုချိန်မှာ အကောင်းဆုံးမို့ ရဲဇော်နိုင်ခေါင်းညိတ်လိုက်ပြီး ဖုန်းထဲကပို့စ်ကိုနောက်တစ်ကြိမ်ကြည့်လိုက်ရင်း၊
"မင်းချစ်သူဆိုတာ သူ့အကောင်အမှန်သေချာလား ရွှေကြုတ်လား"
"အင်း"
ရွှေကြုတ်က မပွင့်တပွင့်ဖြင့် ဖြေလေသည်။ ရဲဇော်နိုင် ရွှေကြုတ်ရဲ့ပေကပ်ကပ်အမူအယာကြောင့် အသည်းယားကာ လက်ပါချင်နေသည်။
"မထုံတတေးလုပ်မနေနဲ့ ရွှေကြုတ်။ အဲဒီကောင်ရဲ့ဖုန်းနံပါတ် ငါ့ကိုပေးစမ်း"
ရွှေကြုတ်က ရဲဇော်နိုင်ကို မျက်လွာပင့်ကြည့်လျက် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလေသည်။ မထင်မှတ်ထားတဲ့ပြဿနာကို လှတာက သပ်သပ်၊ ကိုယ့်ကျမှ ဒေါသတွေအရမ်းထွက်ပြနေသည့် အမေနဲ့အစ်ကိုကိုမကျေနပ်တာကတစ်ကဏ္ဍ။ ပခြုပ်ကျတော့ ကျိတ်ဖြေရှင်းနေကြတာ ဘယ်သူမှမသိ။ သူမကျမှ သတ်မယ်၊ဖြတ်မယ်တကဲကဲနှင့်။ တော်တော်တရားကျဖို့ကောင်းတယ်။ အားလုံးက ပခြုပ်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ကြ၏။ မြရွှေကြုတ် ရှေ့မှာတော့ဘယ်သူမှ မရှိကြ။
"မိရွှေကြုတ်....ငါတယ်....လုပ်လိုက်ရင်နင်သေတော့မယ်"
"ကိုရဲ....မလုပ်ပါနဲ့။ ရွှေကြုတ်....ပြောလိုက်လေဟာ။ ငါတို့အားလုံးဒီပြဿနာကိုဖြေရှင်းပေးကြမှာ။ နင် စိတ်မညစ်နဲ့လေ"
"နင် ဘာသိလို့လဲ ပခြုပ်"
ပခြုပ်ပြောတာကိုလက်သင့်မခံတဲ့အပြင် ရွှေကြုတ်က ပြန်ခံပြောနေ၏။
"မိရွှေကြုတ်....တော်စမ်း။ ဖုန်းနံပါတ်တောင်းနေတာကို ပြေးလိုက်။ ဘာလဲ...နင်က ငါတို့သေတာကိုမြင်ချင်လို့လား။ စနိုးဆိုတဲ့မိန်းမက အရှက်ကို အသက်နဲ့လဲဖို့ဝန်မလေးဘူး"
တစ်ချိန်လုံးငြိမ်နေသည့် ဒေါ်စနိုးဆီက မာန်မာနအပြည့်နှင့်စကားလုံးတွေထွက်ကျလာ၏။ ရွှေကြုတ်က ဒေါ်စနိုးကို မျက်လွှာလှန်ကြည့်ရင်း ဖုန်းနံပါတ်တစ်ခုကို တစ်လုံးချင်းရွတ်ပြလေသည်။ ရွှေကြုတ် နှုတ်ဖျားက ထွက်ကျလာတဲ့နံပါတ်တွေကို ရဲဇော်နိုင်က လက်ထဲမှာ အသင့်ကိုင်ထားသည့်ဖုန်းထဲလိုက်နှိပ်လိုက်ကာ ရွှေကြုတ်ရွတ်ပြလို့ပြီးသွားတယ်ဆို ဖုန်းတန်းခေါ်လိုက်သည်။
"တူ...တူ...တူ...."
ရှည်လျားသည့် ဖုန်းသံပေးနေပေမယ့် ဖုန်းကိုင်မဲ့သူမရှိ။
"တောက်!......ခွေးမသား ဖုန်းမကိုင်ဘူး"
အကြိမ်ကြိမ်ခေါ်နေပေမယ့် တစ်ဖက်ကကိုင်မဲ့သူမရှိတော့ ရဲဇော်နိုင် မျက်နှာပိုနီရဲလာသည်။
"ရွှေကြုတ်....နင့်ဖုန်းပေးစမ်း"
ဘယ်လိုမှ ခေါ်မရတဲ့အဆုံး ရဲဇော်နိုင်က ရွှေကြုတ်ရဲ့ဖုန်းကို လှမ်းတောင်းလိုက်သည်။
"ရော့!....."
ရွှေကြုတ် ပြန်ရောက်ထဲက ဗီရိုပေါ်တက်လိုက်တာကို မြင်လိုက်တဲ့ ပခြုပ်က ဖုန်းကိုသွားယူလိုက်ပြီး ရဲဇော်နိုင်လက်ထဲ ထည့်ပေးလိုက်သည်။
"တူ...တူ...တူ..."
ခဏကြာတော့ တစ်ဖက်က ထူးသံထွက်လာ၏။
"ဟေ့ကောင်.....မင်းချစ်သူ။ မင်းရဲ့ပို့စ်ကိုခုချက်ချင်းဖျက်လိုက်...."
ဒေါသနဲ့မို့ ရဲဇော်နိုင်ရဲ့စကားတွေက မပြေမပြစ်နှင့် တောက်လျှောက်ထွက်သွား၏။
"ခင်ဗျားက ဘယ်သူလဲ"
"ခွေးမသား....ငါ ဘယ်သူဖြစ်ဖြစ်။ မင်းပို့စ်ကို ခုဖျက်မှာလား မဖျက်ဘူးလား"
"မဖျက်ဘူးဆိုရင်ရော....."
"ဘာ!.....ခွေးမသား....မင်းခွေးစကားမပြောနဲ့"
ကိုယ့်ဘက်က ပျော့ပျောင်းဖို့လည်း သတမရတော့...ရဲဇော်နိုင် ဒေါသတကြီးပြောလိုက်တော့ တစ်ဖက်ကလည်း မခံ။ ညစ်တစ်တစ်၊ဂျစ်ကန်ကန်အပြောကြောင့် ရဲဇော်နိုင် ဒေါသအိုးပေါက်ကွဲသွားရသည်။ အစ်ကိုဖြစ်သူနဲ့ စကားပြောအဆင်မပြေတာကို သိလိုက်တဲ့ ပခြုပ် ဖုန်းကိုလက်ပြောင်းယူလိုက်ပြီး နားနားကပ်ကာ၊
"မင်းချစ်သူ....နင်ရဲ့ပို့စ်ကိုခုပြန်ဖျက်လိုက်ပါ။ ဒီပို့စ်ကြောင့် ညီမလေးဘယ်လောက်သိက္ခာကျသွားမလဲ နင်မတွေးဘူးလား။ ဘယ်လိုရည်ရွယ်ချက်နဲ့တင်တင်...ပြန်ဖျက်ပေးပါ"
ပခြုပ် စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း အချိုသာဆုံးကြိုးစားပြောလိုက်၏။ ခုချိန်မှာ...ပခြုပ်တို့ဘက်ကတင်းမာလို့မဖြစ်။ ဒီကောင်လေးက ဘာမဆိုလုပ်တော့မဲ့ ဂျစ်ကန်ကန်မိုက်ကန်းကန်းလေး။ ပခြုပ်တို့သာ နစ်နာမှာမို့ ပခြုပ် လေအေးလေးဖြင့်ဆိုလိုက်တာပါ။
"ကျွန်တော်ပြန်မဖျက်နိုင်ဘူး...ဆော်ရီးဘဲ အစ်မ"
စိတ်ထဲဖျင်းခနဲဖြစ်သွားပေမယ့် ပခြုပ်ဒေါသကိုမြိုသိပ်လိုက်ရင်း၊
"မင်းဘာဖြစ်ချင်တာလဲ မင်းချစ်သူ။ ငါတိုမိသားစု အရှက်ကွဲအကျိုးနည်းအောင်လုပ်ချင်တာလား။ လူ့ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲတဲ့အဖြစ်မျိုးကို မြင်စေချင်တာလား"
"ကျွန်တော် ရည်ရွယ်ချက်က အဲလောက်မစူးရောက်ဘူးလို့ထင်တာဘဲ။ ကျွန်တော်လိုချင်တာ အစ်မညီမနဲ့ကျွန်တော်ရဲ့ပက်သက်မှုကို တလောကလုံးသိရုံလေးပါ။ ခက်ပါးပါးလေးဘဲ"
တဖက်က ဘယ်လိုသွေးအေးအေးနှင့်ပြောနိုင်နေသလဲ မသိပေမယ့် ပခြုပ်ဒေါသတွေတလိပ်လိပ်တက်လာသည်။ ရဲဇော်နိုင်က ခါးထောက်ရင်း မျက်ထောက်နီကြီးနှင့်ကြည့်နေသလို သွေးပူနေချိန် သတ်မယ်၊ဖြတ်မယ်ဖြစ်နေသည့် မိခင်ဒေါ်စနိုးကလည်း ပခြုပ်ကို သောကအပြည့်ဖြင့်ကြည့်နေသည်။
"ဘာ!....အဲဒီလိုလက်လွတ်စပယ်မပြောနဲ့ မင်းချစ်သူ။ ခုလုပ်ရက်ကြောင့် ညီမလေးနဲ့ငါတို့မိသားစု ဘယ်လောက်အရှက်ကွဲရမယ်ထင်သလဲ။ နင်တင်ထားတာကို ခုပြန်ဖျက်လိုက်ပါ မင်းချစ်သူ"
"အဲဒီလိုဖြစ်သွားသလား....အဟင်း....ဒါနဲ့ အစ်အညီမကိုလည်းမေးကြည့်ပါဦး အဲဒီလိုခံစားရသလားလို့"
"ငါကောင်းကောင်းပြေနေတုန်း ဖျက်လိုက်နော် မင်းချစ်သူ။ ငါတို့စကားကုန်ပြောလို့မှ မရရင်တော့ တရားဥပဒေနဲ့စကားပြောရလိမ့်မယ်"
"အဟ.....လုပ်လိုက်လေ....လုပ်ပေါ့ဗျာ... မင်းချစ်သူဆိုတဲ့ကျွန်တော်က ထောင်လည်းကြောက်လိမ့်မယ်မထင်နဲ့။ ခင်ဗျား ညီမကကျွန်တော့်ကို ဗလိုင်းကြီးပစ်ချသွားလဲ ထည့်ပြောဦး"
မင်းချစ်သူက မကျေနိုင်မချမ်းနိုင်သလိုဆိုလာသည်။
"အဲဒါနဲ့ နင်ဒီလိုလုပ်ဖို့လိုလို့လား မင်းချစ်သူ။ ညီမလေးရဲ့သိက္ခာကိုငဲ့ကွပ်ပြီး ပြန်ဖျက်ပေးပါ"
"မဖျက်နိုင်ဘူး အစ်မ။ အစ်မညီမက ကျွန့တော့်ကိုခေါက်ပြီး လက်ထပ်ဖို့လုပ်နေတာ ကျွန်တော် မသိဘူးများထင်နေသလား။ကျွန်တော့်ကိုမှ မယူရင် တခြားဘယ်ကောင်မှမရစေရဘူး"
"ဟဲ့....နင်ဘာတွေပြောနေတာလဲ။ ငါ့ညီမက ဘယ်သူနဲ့လက်ထပ်ရမှာလဲ ။ နင် သွေးရူးသွေးတန်းတွေလိုက်ပြီး ပြောချင်တာတွေပြောမနေနဲ့။ ခု ဖျက်မှာလား မဖျက်ဘူးလားပြော....အေး မဖျက်ပေးရင် နင့်မိဘတွေနဲ့ငါလှမ်းတိုင်လိုက်မယ်"
"အစ်မတို့ ကျွန်တော့်ကို လာမလိမ်နဲ့နော်။ အစ်မတို့ ခုရန်ကုန်ရောက်နေတာ လက်ထပ်ဖို့ကိစ္စအတွက်မို့လား။ မြရွှေကြုတ်ကို ကျွန်တော့်မှမပိုင်ရရင် တခြားကောင်လည်းမပိုင်ရဘူး။ ကျွန်တော်ကတော့ ဘာမဆိုလုပ်မှာဘဲ"
"ကျစ်!.....နင်ဘာဖြစ်ချင်တာလဲ မင်းချစ်သူ၊ ငါ့ညီမက ဘာကြောင့်လက်ထပ်ရမှာလဲ။ နေစမ်းပါဦး အဲဒီကိစ္စကြောင့် နင်ဒီလိုလုပ်နေတာဆိုရင်တော့ အဲဒီပို့စ်ကိုခုဖျက်လိုက်ပါ မင်းချစ်သူ။ ရန်ကုန်ရောက်နေတာ ငါတို့ကိစ္စနဲ့ငါတို့။ ညီမလေးက လက်ထပ်ရလောက်တဲ့အထိ အရွယ်မရောက်သေးဘူးလို့ ငါတို့ထင်တယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ချပေးမှာ မဟုတ်ဘူး။ နင် ခုချက်ချင်းပြန်ဖျက်ပေးပါ"
"အစ်မတို့ဘက်က သေချာရင် ကျွန်တော် ပြန်ဖျက်ပေးမယ်"
"အနားမှာ မေမေလည်းရှိတယ် မင်းချစ်သူ။ ငါတို့ဘက်က မိန်းကလေးရှင်နော်။ နစ်နာစရာရှိရင် ငါတို့ဘဲ နစ်နာမှာ။ ခုမိနစ်နှစ်ဆယ်အတွင်းမှာ လူဘယ်နှယောက်လောက်မြင်သွားပြီလဲ ငါတို့မသိနိုင်ဘူး။ နင် အမြန်ပြန်ဖျက်လိုက် မင်းချစ်သူ"
"ကောင်းပြီ...ရွှေကြုတ် လက်ထပ်မယ်ဆိုတဲ့သတင်းက မဟုတ်ရင် ကျွန်တော်ပြန်ဖျက်ပေးမယ်"
"ခုဖျက်လိုက်....စိတ်ချ ရွှေကြုတ် ဘယ်သူနဲ့မှ မယူဘူး"
"ဒါပေမယ့်..အစ်မတို့လိမ်မယ်လို့စိတ်မကူးနဲ့နော်။ အစ်မတို့လိမ်မယ်စိတ်ကူးတာနဲ့ ကျွန်တော်က နောက်ထပ်ပုံတွေတင်ပြီးသားဘဲ"
"နင်သာဖျက်စရာရှိတာ ဖျက်လိုက်...ငါတို့အရှက်ကွဲမဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး"
"Ok...ဒါဆို ကျွန်တော် ခုဖျက်လိုက်မယ်"
"နင့်ကတိနင်တည်နော်.... "
"စိတ်ချစမ်းပါ....ရွှေကြုတ် လက်မထပ်ရင် ကျွန်တော်ကျေနပ်ပြီ"
တောက်...။တဖက်ကဖုန်းချသွားသည်နှင့် ပခြုပ်တောက်ခေါက်ပစ်လိုက်သည်။
"ဖျက်မယ်တဲ့လား ပခြုပ်"
ငြိမ်နားထောင်နေတဲ့ ရဲဇော်နိုင်က ပခြုပ်ကို စိုးရိပ်မကင်းသံဖြင့် မေးလာ၏။
"ခုပြန်ဖျက်ပေးမယ်တဲ့ ကိုရဲ...သူက ရွှေကြုတ်လက်ထပ်တော့မယ်ထင်ပြီး တင်လိုက်တာ"
"တောက်!.....မိုက်ရိုင်းတဲ့ကောင်။ သူ့အဖေကို ငါကိုယ်တိုင်လှမ်းတိုင်မယ်"
"ဟုတ်တယ် ကိုရဲ....အုပ်ထိန်းသူကို ခုထဲက ဆုံးမခိုင်းတာ အကောင်းဆုံးဘဲ"
"နှမချင်းမစာနာတဲ့ ကောင်။ မှတ်လောက်အောင်ဆုံးမပစ်ရမယ်"
ဟင်း....။ ပခြုပ် သက်ပြင်းကြိတ်ရှိုက်လိုက်၏။ မိုက်လိုက်တာလိုက်တာ ရွှေကြုတ်ရယ်....မိန်းကလေးတစ်ယောက်ရဲ့ဘဝကို နင်ဘယ်လိုသဘောထားနေတာလဲ။
ဖက်ဘဝကို နင်မသိလေရောသလား ...။
~~~~~~~~~~~~~~~~~~~~~~~~~~~
"တောက်!......မိုက်ရိုင်းလိုက်တာထက် စော်ကားယုတ်မာတယ်ဆိုရင်ပိုမှန်လိမ့်မယ်။သစ္စာမရှိတဲ့မိန်းမ"
" ငါသိနေတာ ကြာပြီ စွဲ။ သေချာတဲ့သက်သေတစ်ခုကိုရှာနေလို့ ဒီအချိန်ထိကြာနေရတာ။ သူတို့နှစ်ယောက်က မင်းနဲ့မတွဲခင်ထဲက ငြိနေကြတာ စွဲ။ ခု မင်းချစ်သူဘက်က ပုံတွေတင်တဲ့အဆင့်အထိဖြစ်သွားတာ မင်းစဉ်းစားကြည့်ပေတော့သူငယ်ချင်း"
စွဲ အံတွေကြိတ်ထားမိတာ မေးကျောတွေတောင် ထောင်ထနေလေသည်။
"ကောင်းတာပေါ့... သူတို့ရဲ့ဇာတ်လမ်းစောစောစီးစီးပေါ်သွားတာ ငါ့အတွက်ကံကောင်းတာပေါ့..."
အခန်းနံရံထက် စိုက်ကျနေသည့် စွဲမျက်ဝန်းများက စူးရဲလာကာ စကားလုံးတွေပါ မာကျောလာ၏။ ရွှေကြုတ်...မင်းကို အဲဒီလိုမိန်းကလေးလို့ မထင်ခဲ့တာ အမှန်ဘဲ။မင်းမို့ကွာ.....တောက်။
"ငါ သိနေသမျှကိုပြောရရင် ပုံတွေက တမင်အကွက်ချပြီးလုပ်ထားတာ မဟုတ်ဘူး စွဲ။ တကယ့်အစစ်တွေကွ။ ပြီးတော့ fbမှာ မိနစ်နှစ်ဆယ်လောက် ကြာသွားတယ်။ ပြီးတော့ ချက်ချင်း ပြန်ဖျက်သွားတာ စဉ်းစားစရာဘဲ။ ငါထင်တာတော့ ရွှေကြုတ်တို့ဘက်က ပြန်ဖျက်ခိုင်းတာထင်တယ်"
"ဘာဖြစ်ဖြစ် သူ့ငါ့အပေါ်သစ္စာမဲ့တာဘဲ ထက်ကို။ တောက်...သူနဲ့ငါပြီးပြီ...နောက်ထပ်ပက်သက်ဖို့မရှိတော့ဘူး"
"စွဲ...ငါလည်း အဲဒါပြောမလို့...မင်းသူနဲ့လက်ထပ်ဖို့စီစဉ်နေတယ်ဆိုထဲက ငါရင်တွေပူနေဏတာ သူငယ်ချင်း။ မင်းနဲ့ ရွှေကြုတ်က မတန်ဘူးကွ...သူနဲ့အဲဒီကောင်က သမီးရည်းစားအဆင့်ထက်ပိုတယ် စွဲ"
"အဲဒီကိစ္စအတွက် ငါ့ကိုငါရှက်မိတယ် ထက်ကို။သူ့ဘက်ကို ငါကတော့စဉ်းစားပေးလိုက်ရတာ..."
"မင်း အရမ်းခံစားနေရလား စွဲ"
အရမ်းခံစားရသတဲ့လား။ ထက်ကိုမင်းရဲ့ စကားကြောင့် စွဲ သူ့ကိုသူပြန်မေးနေမိသည်။ သေချာတာတော့ သူ့ရင်ထဲမှာ ခံပြင်းနာကျင်စိတ်ထဲမပိုတာ ထူးဆန်း၏။ သေချာတာကတော့ သူအချစ်ဆိုတာကို လေးလေးနက်နက်မရှိခဲ့လို့ဖြစ်လိမ့်မည်။ ခုကြားရတဲ့သတင်းတွေကြောင့် ထူးထူးခြားခြားကြေကွဲခံစားမှုမျိုးရှိမနေ။
"အဟင်း....အဲဒီလိုမိန်းမမျိုးအတွက် ငါ့စိတ်ကိုအညစ်နွမ်းမခံဘူး ထက်ကို။ ငါ့ဘက်က ပြီးပြီ။ နောက်ထပ် ပက်သက်ဖို့မရှိတော့ဘူး။ငါ့ဘဝမှာ ခဏခလုတ်တိုက်ခဲ့တယ်လို့ဘဲ သဘောထားလိုက်ရုံပေါ့"
ယောက်ျားမာနက ခေါင်းထောင်လာရသည်။ ဘယ်လောက်ပဲ မခံစားရဘူးဆိုပါစေ..ကိုယ်နဲ့ပက်သက်ခဲ့တဲ့မိန်းကလေးကို ဒီလိုအဖြစ်မျိုးနဲ့လက်မခံနိုင်။ ရင်ထဲမှာ ဝေခွဲရခက်သည့် ဝေဒနာက နှိပ်စက်နေ၏။
"ခုရွာမှာ ရွှေကြုတ်မရှိဘူးကွ။ သူတို့သားအမိတွေရန်ကုန်ရောက်နေကြတယ်ကွ"
"ရန်ကုန်ရောက်နေတယ် ဟုတ်လား"
ဖျတ်ခနဲ အတွေးထဲပေါ်လာတာက ရွှေကြုတ်နဲ့ယောက်ျားတစ်ယောက်ရဲ့ပုံရိပ်။ ညနေက သူမြင်ခဲ့တဲ့မြင်ကွင်းက တကယ်ပေါ့...။ စွဲမျက်နှာက တဖြည်းဖြည်းတင်းမာလာရကာ၊
"အဟင်း....တွေ့လိုက်ပါတယ် ဘဲတပွေနဲ့"
"ဟင်....တကယ်ကြီးလား စွဲ။ မင်းနဲ့ထိပ်တိုက်တွေ့တာလား။ ဘယ်မှာတွေ့တာလဲ"
ထက်ကို အသံက အလောတကြီးနိုင်နေသည်။ စွဲနဲ့ဆုံတယ်ဆိုတာကို အံ့သြနေပုံရ၏။
"ထားလိုက်တော့....မင်းတို့ရွာထဲမှာ သတင်းတွေအတော်ပျံ့ကုန်ပြီလား "
စိတ်မနာနိုင်သေးတာ မဟုတ်ပေမယ့် နှမချင်းစာနာစိတ်ဖြင့် သူမေးလိုက်မိသည်။ သူမကိုလက်ထပ်ဖို့အထိတော့ သူမမိုက်မဲတော့ပါ။
"အင်း...တချို့တလေလည်း သိကုန်တာပေါ့ကွာ။ သူတို့မနက်ထဲက ရန်ကုန်တက်သွားကြတာကွ။ မိုက်ရူးရဲမဆန်ပါနဲ့ စွဲရာ။ ရွှေကြုတ်နဲ့ မင်းချစ်သူက..."
"ငါသိတယ် ထက်ကို။ သူ့ကိုငါ့ဘဝထဲကထုတ်လိုက်ပြီ...ဒီအတွက် ငါဘာမှထွေထွေထူးထူးမခံစားရဘူးဆိုရင် မင်းယုံပါ့မလား"
"ငါယုံတယ် စွဲ...ဘာကြောင့်လဲဆိုတာ ငါပြောရမလား"
စွဲ ငြိမ်နားထောင်နေလိုက်သည်။
"မင်း သူ့ကိုတကယ်မချစ်ခဲ့လို့ဘဲ သူငယ်ချင်း။ အစထဲက ငါတို့ဝိုင်းမြှောက်ပေးလို့ မင်းနဲ့သူငြိသွားကြတာ။ မင်းရင်ထဲက တကယ့်အနှစ်မပါဘူး ဒါကြောင့် မင်းဘာမှ မခံစားရတာ"
"ခံပြင်းနာကျင်မိတာတော့ အမှန်ဘဲ"
စွဲ ထက်ကို စကားကို ဝင်ထောက်ပေးလိုက်မိသည်။
"ဒါကတော့ကွာ...မင်းနေရာမှာ ငါဆိုလည်း ဒီအတိုင်းဘဲနေမှာ... စောစောစီးစီး အဖြစ်မှန်တွေပေါ်ကုန်တာ ငါတကယ်ဝမ်းသာတယ် သူငယ်ချင်း။ အစထဲက မင်းနဲ့သူက တန်ကိုမတန်တာ"
မတန်ဘူးတဲ့လား။ သေချာတာကတော့ သူကိုယ်သူ ခွင့်မလွှတ်နိုင်တာပါဘဲ။
မိန်းကလေးတစ်ယောက်ကို ကျူးလွန်စော်ကားခဲ့မိတဲ့အတွက် သူ့အနာဂတ်မှာ အဲဒီအရိပ်မည်းကြီး စွန်းထင်းနေမှာပါဘဲ။
ဘယ်သူမှ မသိပေမယ့် သူ့လိပ်ပြာကို သူညာလို့မရပါ။ လက်ထပ်ဖို့မဖြစ်နိုင်တော့တာ မှန်သည်။ သို့သော်...သူမှားမိခဲ့တဲ့အမှားအတွက် တစ်ဘဝစာလုံးနောင်တရနေမိတော့မှာအမှန်ပင်။
ဒါပေမယ့်...သူမလွန်ဘူးထင်ပါတယ်။ သူ့တာဝန် သူယူဖို့ အမြဲအသင့်ဖြစ်နေခဲ့တာဘဲ။ သူမဘက်ကသာ ဖောက်ပြားမှုတွေများနေခဲ့တာ။ မြရွှေကြုတ်...ယောက်ျားကောင်းတစ်ယောက်ဆိုပေမယ့် ရိုးသားမှုမရှိတဲ့မင်းကိုလက်ထပ်ဖို့အထိ ငါ့ဦးနှောက်ကခွင့်မပြုဘူး။ဒါပေမယ့်....အဲဒီအမှားထဲမှာ တစ်ကြိမ်တစ်ခါပါဝင်မိတဲ့ငါ့ကိုယ်ငါဘဲ ခွင့်မလွှတ်နိုင်တာ။ မင်းနဲ့ပက်သက်မိတဲ့ ငါ့အတိတ်ကို ဖျက်ထုတ်လို့မရပေမယ့် အဲဒီအမှားအတွက် တစ်သက်လုံးနောင်ကြဉ်သွားတာတော့အမှန်ဘဲ။
အမှားတွေကို အလွယ်တကူကျူးလွန်စေတဲ့ အရက်ကို မသောက်မိဖို့ကြိုးစားမယ်။ အဲဒီအရက်ကြောင့် ဖြစ်ခဲ့တဲ့နောက်ဆက်တွဲရလဒ်တွေက အရမ်းကို ဆိုးဝါးလွန်းတာ ငါသိလိုက်ပါပြီ။
ငါ့ဘဝတစ်လျှောက်လုံးအတွက် သင်ခန်းစာရလိုက်ပါပြီကွာ...သင်ခန်းစာကောင်းကောင်းရလိုက်ပါပြီ။
နောင်ကို တကယ်မချစ်ဘဲ ရည်းစားမထားဖို့ သူဆုံးဖြတ်လိုက်၏။ တချိန်ချိန်မှာ သူ့နှလုံးသားက လက်ညှိုးထိုးပြလာပါလိမ့်မည်။ ထိုအခါမှသာ.....။
~~~~~~~~~~~~~~~~~~~~~~~~~~
"ဗျာ....မိန်းမပေးစားမလို့.....ဟုတ်လားမေမေ"
"ဟုတ်တယ်....သားမေမေ့ကိုခွင့်တောင်းထားတဲ့ကိစ္စလေ..အဲဒါမေမေသဘောတူတယ် သား။ မိန်းကလေးရဲ့မိဘတွေကိုလည်း မေမေကြောင်းလမ်းပြီးပြီ။ သူတို့ဘက်ကလည်း လိုလိုလားလားနဲ့လက်ခံကြတယ်ကွဲ့။ ဒီမှာ ဖိတ်စာတွေလည်းဝေပြီးပြီ။ သားကိုကြိုပြောရင် သင်တန်းမတက်ဘဲ ကြိုပြန်လာမှာစိုးလို့ အနားနီးမှာ ပြောတာသားနားလည်မှာပါ။ ကြားနှစ်ရက်ဘဲ ကျန်တော့တာဆိုတော့ မနက်ဖြန်ကားနဲ့ သားအမြန်ဆုံးပြန်လာခဲ့ပါ။ ဒီမှာ မေမေတို့အားလုံးစီစဉ်ပြီးပြီ"
"ခင်ဗျာ!......"
အပိုင်း(၁၂)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း