မိုးသည်းည...ကာရန်
~~~~~~~~~~
သင်တန်းထဲက ပြန်ထွက်လာတဲ့ စွဲခြေလှမ်းများက လိုအပ်တာထက်ပိုသွက်နေသည်။မနက်ဖြန် သင်တန်းစတက်လို့ရပြီ။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာမို့ စွဲ ပျော်နေသည်။
လူငယ်စာရေးဆရာမလေးတစ်ယောက်ပြောတဲ့စကားလေးတစ်ခွန်းကို သူအမြဲတမ်းကြားယောင်မိတယ်။ အဲဒါက..ဘာလဲဆိုရင် ကိုယ်ဖြစ်ချင်တာကို ရဲရဲကြီးသာကြိုးစားပါတဲ့။ ခုခေတ်က တက်လမ်းအရမ်းမြန်သတဲ့။ကြိုးစားဖို့လည်း အခွင့်အရေးတွေများတယ်တဲ့လေ။ တကယ်လို့မဖြစ်ခဲ့ရင်လည်း ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့ နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက်ပါတဲ့။ အောင်မြင်မှုဆိုတာ သင်နဲ့လက်တစ်ကမ်းမှာ ရှိနေတယ်တဲ့လေ။
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြသလို အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေကြတဲ့သူတွေချည်းပါဘဲ။ တချို့က အချိန်အခါနဲ့အခွင့်အလမ်းကြောင့် အိပ်မက်တွေလှပကြသလို တချို့တလေကြပြန်တော့လည်း အကြောင်းအမျိုးမျိုးကြောင့် အိပ်မက်တွေက စိတ်ကူးထဲ၌သာ ဝေဝါးသွားတတ်ကြပါတယ်။
အခွင့်အရေးတွေ ကိုယ့်ဘက်မှာမရှိခဲ့ဘူးဆိုရင်တောင် လက်လျော့အရှုံးမပေးသင့်ပါဘူး။ ဇွဲလုံ့လနဲ့ ကိုယ်စီရည်ရွယ်ရာ ပန်းတိုင်ကိုမဆုပ်မနစ်လျှောက်လှမ်းသင့်ပါတယ်။ တနေ့နေ့မှာ...ကိုယ့်အိပ်မက်တွေလှပစွာပွင့်လန်းလာမှာပါ။
လှေလှော်ရင်းတက်ကျိုးဆိုသလို လမ်းခုလပ်မှာ မကျရှုံးဖို့ အင်အားတွေ၊ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်ဖို့တော့ လိုအပ်တာပေါ့။အဓိကကတော့ ကိုယ့်ရည်ရွယ်ရာပန်းတိုင်လေးပျောက်မသွားဖို့အရေးကြီးပါတယ်။
သူကိုယ်တိုင်လည်း သူရဲ့အိပ်မက်အတွက် လက်တွေ့အကောင်အထည်ဖော်ဖို့ ပထမဆုံးခြေလှမ်းစတင်နေပါပြီ။ သူက ချမ်းသာချင်တာ။ ကိုယ့်မိဘ၊ကိုယ့်တည်ဆောက်မဲ့ အနာဂတ်မိသားစု...သူတို့အားလုံးကိုချမ်းချမ်းသာသာ၊ပြည့်ပြည့်စုံစုံနဲ့ထားချင်တာ။
အဲဒီလိုစိတ်ကူးတွေရှိနေလို့ သူဆင်းရဲနေသလားဆိုတော့လည်း... သူမဆင်းရဲပါဘူး။ မကြောင့်မကျနေနိုင်ရုံကလွဲပြီးပြည့်စုံချမ်းသာတဲ့ဘဝတစ်ခုတော့မဟုတ်သေးပါ။
အချစ်ဆိုတဲ့အရာကို ကစားစရာဂိမ်းတစ်ခုလို သဘောထားခဲ့တဲ့သူ၊မခံချင်စိတ်တစ်ခုကြောင့် သူ့အနာဂတ်မှာ တာဝန်ယူမှုတစ်ခုနဲ့အဆုံးသတ်ရတော့မည်။
ဒီနေ့၊ဒီအချိန်ထိ အချစ်ဆိုတာကို တစ်ခါမှ လေးလေးနက်နက်တွေးမကြည့်ခဲ့ဘူးပါ။ တကယ်တော့ အချစ်ဆိုတာ သူနဲ့စိမ်းသက်တဲ့အရာ။ အချစ်တွေအများကြီးရှာခဲ့တယ်...အားလုံးကသာယာမှုတစ်ခုနောက်မှာ အချစ်စစ်ဆိုတဲ့ခေါင်းစဉ်က မှေးမှိန်သွားခဲ့တာချည်းပင်။
တချို့မိန်းကလေးတွေက သူ့ရဲ့ပိုင်ဆိုင်မှု၊ရုပ်ရည်ရူပကာကိုမက်မောကြတယ်။ တချို့ကျပြန်တော့ သူရဲ့ကျော်ကြားမှုကို သဘောကျကြပြန်သတဲ့လေ။ အားလုံးက မေတ္တာတရားကိုကွင်းရှောင်နေကြတာချင်း အတူတူတွေပါဘဲ။
သူကိုယ်တိုင်ကျပြန်တော့ရော...ဘာထူးခြားပါသေးသနည်း။ တွဲခဲ့တဲ့မိန်းကလေးတွေကို တန်းစီခိုင်းရင် သူတို့ရွာကနေ တောင်ပိုင်းရွာအထိဆုံးသွားလိမ့်မည်။ ဘယ်တစ်ယောက်ကိုမှ နှစ်နှစ်ကာကာမချစ်ခဲ့ဘူးသေးပါ။မြရွှေကြုတ်...သူမကတော့ အချစ်နဲ့တစ်ဖက်စွန်းစီမှာရှိနေတဲ့ သူ့လက်တွဲဖော်တစ်ယောက်။
ရွှေကြုတ်ကို တကယ်ချစ်လား၊မချစ်ဘူးလားဆိုတဲ့ အဖြေကရေရေရာရာမထွက်ခင် မဖြစ်မနေလက်ထပ်ရတော့မည်။
အရက်ရဲ့ဆိုးကျိုးကြောင့် မမှားသင့်တဲ့အမှားကို လွယ်လွယ်ကျူးလွန်ခဲ့တာ သူ့ဘဝအတွက်ကြီးကြီးမားမားနောင်တတစ်ခုပင်။
ပြင်ဆင်မရတဲ့အမှားအတွက် သူတာဝန်ယူရမည်။ အဲဒီအမှားကိုလွယ်လွယ်ကျူးလွန်စေခဲ့သော အရက်ကို သူသိပ်မုန်းသွားခဲ့တာ။ ထိုနေ့ကစပြီး သူအရက်ကိုလှည့်မကြည့်တော့ပါ။
သင်တန်းကိစ္စတွေပြီးမှာ ပြန်ခဲ့တာဆိုတော့ ညနေစောင်းနေပြီ။ ညနေရုံးဆင်းချိန်မို့ YBS ကားတွေမှာ လူတွေတိုးကျိတ်နေကြသည်။ ကားဂိတ်ဆီလျှောက်လာရင်း YBS တွေ သူ့ကိုဖြတ်ကျော်သွားတာကို အမှတ်တမဲ့လှည့်ကြည့်လိုက်မိစဉ်...တစုံတခုကိုသတိရသွားရ၏။
မာနခဲလေး....။အမှတ်တမဲ့ပေမယ့် မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ကောင်မလေး။
သူမနဲ့တွေ့ဆုံမှုက ရိုးရှင်းနေပေမယ့် စိတ်ထဲစွဲထင်ကျန်ရစ်သည်။နာမည်လေးတောင် သိခွင့်မရခဲ့တဲ့မိန်းကလေး...ဒါပေမယ့် သူမကို သူသတိတရဖြစ်ခဲ့တာတော့မညာချင်ပါ။
ကလေးဆန်ဆန်မျက်နှာလေးက ဖျတ်ခနဲပေါ်လာပြန်တော့ သူ့နှုတ်ခမ်းတွေအလိုလိုပြုံးမိသွား၏။ သူ့ကိုယ်သူ ရင့်ကျက်သယောင်ဟန်လုပ်၍ ကလေးစိတ်ကိုဖိဖုံးနေသူ....။
မျက်လုံးလေးတွေ....။ကြည်လဲ့နေတဲ့ မျက်လုံးလေးတွေထဲမှာ အားငယ်ညှိုးရော်ရိပ်တွေကအပြည့်...။ ထိုမျက်လုံးလေးတွေထဲမှာသာ ဝမ်းနည်းမှုအရိပ်တွေထိုးမနေခဲ့ရင် သိပ်ကိုဖြူစင်တဲ့ မျက်လုံးလေးတွေဖြစ်နေခဲ့မှာ။
တည်တင်းနေသည့်နှုတ်ခမ်းပြည့်ပြည့်လေးနှင့် ရှူတည်တည်အကြည့်လေးကြောင့် တော်ရုံလူရှိန်နိုင်တဲ့.... မာနခဲလေးမှန်း သိသာစေ၏။
ပျားပန်းခတ်အောင်များပြားသည့် လူတွေကိုကြည့်ရင်း သူ့မျက်လုံးတွေက တစ်နေရာမှာ ရပ်တန့်သွားရသည်။
"ရွှေကြုတ်....."
နာမည်လေးကို တိုးတိုးဖွဖွရေရွတ်ရင်း မျက်ခုံးတန်းတွေတွန့်ချိုးသွားရသည်။
ရွှေကြုတ်..ရန်ကုန်ရောက်နေတာလား။ ဘယ်တုန်းက ရောက်နေတာလဲ။ ဘယ်သူနဲ့လာတာလဲ...။ဘာလာလုပ်တာလဲ။ မေးခွန်းတွေက ဦးနှောက်ကနေ ဖျစ်ဖျစ်မြည်အောင်တန်းစီထွက်လာသည်။
အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ကိုယ်ဟန်ကနွဲ့တယ်ထင်ရသည့် ယောက်ျားတစ်ယောက်နှင့် လက်ပွန်းတတီးပုတ်ခတ်လျက် ထွက်လာသည့် ရွှေကြုတ်။ ပြုံးရွှင်ရယ်မောနေသည့် သူတို့နှစ်ယောက် coffee galleryတစ်ခုထဲကနေထွက်လာထဲက သူမြင်လိုက်တာ။
မြရွှေကြုတ်မှ မြရွှေကြုတ်အစစ်...။ ပိုးအပြောင်သား ရွှေအိုရောင်ဝမ်းဆက်နှင့် ဖြောင့်စင်းရှည်လျားသည့် ဆံပင်တထွေးကြီးကို ဒီတိုင်းဖားလျားချထားပြီး လမ်းလျှောက်ဟန်က ကနွဲ့ကလျ။ လှပသည့်ဆံနွယ်ရှည်များက သူမလှုပ်ရှားမှုအတိုင်း စည်းချက်ညီညီကခုန်နေသည်။
သူ ဘယ်လိုမှမမှားနိုင်..။ ပန်းရောင်ရှပ်လက်ရှည်နှင့် စတိုင်ပန့်အနက်ကို သေသပ်ပြောင်လက်အောင်ဝတ်ထားသည့် သူမဘေးက လူကဘယ်သူလဲ။ သူမနဲ့ဘယ်လိုပက်သက်တာမို့ ဒီလောက်ရင်းရင်းနှီးနှီးကြီးရှိနေရတာလဲ။
ထိုလူရဲ့ဘေးတိုက်တစောင်းကိုသာ လှမ်းမြင်လိုက်ရပေမယ့်...ခပ်ထောထောလူတစ်ယောက်ဆိုတာကို ဦးနှောင်က အချက်ပေးလာ၏။
စကားတွေပြောရင်း တချက်တချက် ရွှေကြုတ်က ထိုလူရဲ့လက်မောင်းကိုဖျတ်ခနဲရိုက်လိုက်တာလည်းရှိ၏။ ထိုလူရဲ့ ခါးကိုမသိမသာဖက်လိုက်တာလည်းရှိသည်။
မျက်ခုံးတွေမပြေကျခင် အံတွေပဲ့ကြွေမတတ်ကျိတ်ပစ်လိုက်မိသည်။ တောက်!.....မြရွှေကြုတ်...မင်းကွာ။
အစထဲက ရည်းစားများတဲ့မိန်းကလေးမှန်းသူသိခဲ့တာဘဲ။ ဒါပေမယ့်...ခုလိုချိန်မျိုးမှာတော့သူမဆင်ခြင်ဖို့ကောင်းသည်။
ခံပြင်းနာကျင်မှုတို့ဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်စဉ် သူမတို့က ကားပေါ်တက်ကာ မောင်းထွက်သွားခဲ့ပြီ။
မျက်စိရှေ့ကနေ ကားတန်းကြားကားလေးပျောက်ကွယ်သွားသည့်အထိလိုက်ကြည့်ရင်း ဒေါသတို့ကအရှိန်အဟုန်ပြင်းသော လောင်စာတစ်ခုလို...။
မြရွှေကြုတ်....အစထဲက မင်းကရည်းစားများတယ်လို့ကြွေးကြော်ခဲ့သူဘဲ။ ငါ အနားမရှိတယ်ဆို...တခြားတစ်ယောက်ကို မင်းအနားနေခွင့်ပေးလိုက်တာပေါ့။
မျက်ဝါးထင်ထင်မြင်လိုက်တဲ့မြင်ကွင်းက ပျောက်ကွယ်သွားသည့်တိုင် နှလုံးအိမ်မှာ စွဲထင်ကျန်ရစ်သည်။ နမျောတသယူကြုံးမရခြင်းထက် ခံပြင်းနာကျင်စိတ်က ပို၏။
"တောက်!......"
ဘယ်နှကြိမ်မှန်းမသိတောင် တောက်တွေခတ်နေမိရင်း ဒေါသတွေက ခြေတောက်မှာစုံပုံရောက်သွားသည်။ သူ့ဒေါသတို့ရဲ့ ဦးတည်ရာက ကတ္တရာလမ်းမကြီးဖြစ်သွားခဲ့၏။ ခြေတောက်အောက်က လမ်းမကြီးကို တရားခံရှာကာ ဆောင့်နင်းရင်း သူ့မျက်နှာမှာ နီရဲတင်းမာလို့နေသည်။
"ကဲကြာ!....."
"ဒေါက်!....."
"ခလွပ်!....."
မျက်စေ့ရှေ့ရောက်လာတဲ့ အချိုရည်ဗူးလေးက ဒုတိယမြေစာပင်ဖြစ်သွားခဲ့သည်။ပြန်လည်တည်ဆောက်လို့မရတဲ့အထဲမှာ ယုံကြည်မှုတွေပါတယ်ဆိုတာ မင်းနားမလည်တာလား မြရွှေကြုတ်...။
~~~~~~~~~~~~~~~~~~~~~~~~~~
"ဟေ့ကောင်....ချစ်သူ...."
"ဘာလဲကြာ...."
မျိုးမင်းက ဂိမ်းဆော့နေသည့် မင်းချစ်သူဘေးဝင်ထိုင်ကာ ပခုံးပုတ်ခေါ်လိုက်ပေမယ့် မင်းချစ်သူက ကစားမပျက်။
"နည်းနည်းပါးပါးလည်း အဖက်လုပ်ပါဦး ငါ့ကို"
"လာမရစ်နဲ့မျိုးမင်း....ဒီမှာ ငါရှုံးနေတာ"
လက်မနှစ်ဖက်က ဖုန်းစခရင်ပေါ်ပြေးလွှားတာ မရပ်ဘဲ မင်းချစ်သူက ဘုဆတ်ဆတ်ပြန်ဖြေ၏။ ကစားမပျက်၊ အသွားမပျက်တဲ့မင်းချစ်သူကိုကြည့်ပြီး မျိုးမင်းစိတ်ပျက်သွားရသည်။
"မင်းက ဒီမှာလာဆော့နေ...ဟိုမှာမင်းကောင်မလေး သူများနောက်ပါတော့မှာ မင်းသိလား"
"ဘာ!...."
လှုပ်ရှားနေသမျှ လက်ချောင်းတွေအားလုံးရပ်တန့်ကုန်ကာ မင်းချစ်သူရဲ့ကိုယ်တပိုင်းလုံး မျိုးမင်းဘက်လှည့်လာသည်။
"မင်း စောစောက ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း မျိုးမင်း"
ခုမှ အသည်းနဲ့အသန်ဖြစ်ပြီ ဆိုတဲ့မျက်လုံးများဖြင့် မျိုးမင်းက မင်းချစ်သူကိုစွေကြည့်လာ၏။
"ဟေ့ကောင်...ငါမေးတာဖြေ...ငါ့ကောင်မလေးသူများနောက်ပါတော့မယ်ဟုတ်လား"
"ဟုတ်တယ်....မြရွှေကြုတ်က မင်းစွဲဘဏ္ဍာနဲ့မကြာခင်လက်ထပ်တော့မယ်တဲ့"
"မင်း...မင်းမဟုတ်တာတွေမပြောနဲ့ မျိုးမင်း"
မင်းချစ်သူ ခေါင်းမာမာဖြင့်ခြေကန်ငြင်းနေမိသည်။ ရွှေကြုတ်က မင်းစွဲဘဏ္ဍာကိုလက်ထပ်တော့မယ်တဲ့။မဖြစ်နိုင်တာ...ရွှေကြုတ်က လက်ထပ်ဖို့ကိုစိတ်ဝင်စားတဲ့မိန်းကလေးမှမဟုတ်ဘဲ။
"ကျစ်!....ခက်ပါလား ချစ်သူရာ။ ဒီကိစ္စမျိုးဆိုတာ ညာရမဲ့ကိစ္စမှမဟုတ်တာ။ ညာတော့ရော ငါ့မှာ ဘာအကျိုးအမြတ်ရမှာမို့လဲ"
အလေးအနက်ပြောနေသည့် မျိုးမင်းကြောင့် မင်းချစ်သူ ရင်တွေပူလာသည်။ ရည်းစားလူလု အူနုကျွဲခတ်တဲ့။ ဟင်အင်း...သူကကျန်ရစ်မင်းသားမှမဟုတ်ဘဲ။ မြရွှေကြုတ်ကို စချစ်ခဲ့တာ သူမထားရစ်ခံလူသားဖြစ်ဖို့မဟုတ်သလို ကျစ်ရစ်ခဲ့ဖို့လည်းမဟုတ်။
"မင်းတကယ်ပြောနေတာလား မျိုးမင်း"
"ခက်ပါလား ချစ်သူရာ။မင်း မယုံလည်း မတတ်နိုင်ဘူး။ ဟိုက ဖိတ်စာလာပို့မှ မင်းဟက်ကော့ကြီးဖြစ်နေမှာမြင်ယောင်တယ်"
စကားလုံးတိုင်းက နှလုံးသားကိုတည့်တည့်ပစ်မှန်သည်။ ဟက်ကော့ကြီးတဲ့လား...။ထိုစကားလုံးက အရှိုက်ကိုလာထိသည်။
"မင်းကိုဘယ်သူပြောတာလဲ မျိုးမင်း..."
ဟန်မဆောင်နိုင်သည့် မျက်နှာက အကြီးအကျယ်ပျက်ယွင်းလျက် သူအလောတကြီးမေးလိုက်သည်။
"သတင်းကလုံးဝအတိအကျနော် ...လုံးဝမလွဲနိုင်ဘူး။ချစ်သူ...မင်းဒီအတိုင်းငြိမ်မနေသင့်တော့ဘူး"
ဂိမ်းပွဲပင် ဘာဖြစ်ကုန်သလဲစိတ်မဝင်စားနိုင်တော့။ သူ စပ်ပူစပ်လောင်ဖြစ်သွားပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်...ခါးထောက်လျက်ခေါက်တန့်ခေါက်ပြန်လျှောက်နေမိ၏။
"မင်း ဘယ်ကကြားလာတာလဲ မျိုးမင်း"
"ရွှေကြုတ်ရဲ့သူငယ်ချင်း..သီရီဆီက အတိအကျရလာတာ။ ငါ မနက်က ကိုဝင်းတို့အိမ်ကိုသွားတော့ သီရီနဲ့ မြခေတ် ငါ့ကြားအောင်တမင်ပြောသွားကြတာ။ သေချာတယ်..သူငယ်ချင်း ။ မင်းကိုဖြုတ်ထားခဲ့တာ သိသာအောင်ငါ့ကိုကပ်ရိသွားတာ။ ပြီးတော့... သီရီအစ်မ မမအိကလည်း မြရွှေကြုတ်လက်ထပ်တော့မယ်ဆိုတာ တကယ်တဲ့"
"ဟာကွာ!....ဘာတွေဖြစ်ကုန်တာလဲ..."
မင်းချစ်သူ မကျေမချမ်းဖြင့် ထအော်ပစ်လိုက်သည်။
"တောက်!.....ခွေးမ ငါ့ကိုညာနေတာ။ ပြောတော့ဖြင့် အဲဒီကောင်ကိုကြည့်မရသလေး ဘာသလေးနဲ့။ ခုတော့...မဂ်လာပါတောင်ဆောင်ဖို့လုပ်နေပြီပေါ့။ဒါကြောင့်...ငါဖုန်းဆက်တာလည်း ဒင်းမကိုင်တာကိုး။ ငါ့ကို အရင်ကောင်တွေလိုလွယ်လွယ်ကစားလို့ရမယ်များထင်နေတာလား"
"မြရွှေကြုတ်က မင်းစွဲဘဏ္ဍာလို အစစပြည့်စုံတဲ့ကောင်ကို ရွေးချယ်လိုက်တာ သေချာတယ် ချစ်သူ။ မင်းစွဲဘဏ္ဍာရဲ့အရှိန်အဝါကို မင်းလည်းသိပါတယ်... ဒီနယ်တဝိုက်မှာ သူတို့က တကယ့်ဘောစိတွေကွ"
"သွားစမ်းပါ...ဘာဘောစိလဲ..."
မှန်နေပေမယ့် ထိုအမှန်တရားကို သူလက်သင့်မခံချင်။ ကိုယ်ချစ်နေတဲ့ကောင်မလေးက ကိုယ့်ထက်သာတဲ့ကောင်နောက်ပါသွားတာ ဘယ်လောက်ခံပြင်းလိုက်သလဲ။
ပြီးတော့...သူက မင်းစွဲဘဏ္ဍာထက် အရင်ဦးခဲ့သားနဲ့။ တောက်....မင်းစွဲဘဏ္ဍာ မြရွှေကြုတ်ဆိုတာ ငါပိုင်ပြီးသားပန်းကလေးဘဲ။ မင်း လာလုလို့မရဘူးဆိုတာ သိစေရမယ်။
"ငါ သဲကို မပေးနိုင်ဘူး မျိုးမင်း။ သူက ငါ့အပိုင်။ ဒီကောင်က နောက်မှပေါက်တဲ့ရွှေကြာ.."
"ဒါပေမယ့် အဲဒီရွှေကြာကဘဲ ရေပေါ်အရင်ရောက်နေပြီလေ ချစ်သူ။ မင်း တွေဝေနေရင်တော့ မင်းဘဲ ကျန်ရစ်ဖြစ်မှာ... ပြီးတော့ မင်းတို့အခြေအနေကိုလည်းမင်း အသိဆုံးဘဲ သားကြီးရာ"
"ငါ ဖုန်းဆက်ကြည့်ဦးမယ် မျိုးမင်း။ သဲ ဆီက ဖြေရှင်းချက်လေးတော့နားထောင်ကြည့်ချင်တယ်"
ချစ်သူ သက်ပြင်းချလျက် တွေးတွေးစစဟန်ဖြင့် မျိုးမင်းနားပြန်ထိုင်လိုက်၏။ မျိုးမင်းက နားမလည်သလို ကြည့်ရင်း၊
"ဘာဆက်စရာလိုသလဲ သားကြီးရာ။ သူက မင်းကို ညာနေဦးမှာဘဲ။ အစထဲက ဘာလေးညာလေးနဲ့ ဟိုကောင့်ကိုပိုနေတာ... "
"နေပါဦး သူငယ်ချင်းရာ။ သူညာနေတယ်ဆိုရင်တောင် သူ့နှုတ်ဖျားက စကားသံလေးတော့ ငါနားထောင်ကြည့်ချင်သေးတယ်။ ပြီးမှ ငါတို့ဘာလုပ်သင့်လဲ ဆုံးဖြတ်ကြတာပေါ့"
အံ့သြစရာကောင်းလောက်အောင်တည်ငြိမ်နေသည့် မင်းချစ်သူကို မျိုးမင်း နားမလည်တော့ပါ။ အရင်ကဆို... သူပျင်းလာရင် အကြောင်းမဲ့သက်သက်ဖြတ်ချပစ်တတ်တဲ့မင်းချစ်သူလို ငပွေးက ရွှေကြုတ်နဲ့မှ အစွယ်ကျိုးနေသည်။
"အေးလေ....မင်းစိတ်ကျေနပ်အောင် ဆက်ချင်ဆက်ကြည့်ပေါ့။ ဒါမှ သူဘာပြောမလဲ ငါတို့သိရတာပေါ့"
သူငယ်ချင်းကို စာနာစွာ မျိုးမင်းဖြေပြောလိုက်၏။
"ဟဲလို....."
"သဲ....ကိုယ်ပါ...."
"အင်း...သိတယ်ပြောလေ"
"သဲ ခုဘယ်မှာလဲ"
"ဘာလုပ်မလို့လဲ...ခုရန်ကုန်ရောက်နေတယ်"
အနားမှာတစုံတယောက်ရှိနေသလို သူ့ကို သံပြတ်နှင့်ပြောနေသည့် မြရွှေကြုတ်။ ဖုန်းပြောရင်း မင်းချစ်သူ နှုတ်ခမ်းရွဲ့သွားသည်။
"ရန်ကုန်ကိုဘာသွားလုပ်တာလဲ သဲ"
"ကိစ္စရှိလို့ပေါ့...."
"ဘာကိစ္စလဲ သဲ။ ဘယ်သူနဲ့သွားတာလဲ"
"မေမေနဲ့....အရေးမကြီးရင် ဖုန်းချလိုက်တော့မယ်"
"နေ...နပေါဦး သဲ..."
"အနားမှာ မေမေရှိတယ်။ ဒါပဲ...."
ဟင်....။ တကယ်ဖုန်းချပစ်လိုက်တာပါလား။ သူ စိတ်တိုသွားကာ နောက်တစ်ကြိမ်ပြန်ခေါ်လိုက်တော့ စက်ပါပိတ်ပစ်လိုက်ပြီ။ တောက်....မြရွှေကြုတ် မင်းအချိုးတွေပြောင်းနေပြီပေါ့လေ။
"ဘာတဲ့လဲ... "
စိတ်တိုတိုဖြင့် ဖုန်းကို ခုံပေါ်လှမ်းအတင် မျိုးမင်းက သူ့အရိပ်အကဲကိုကြည့်လျက်မေးလာ၏။
"သူ ငါ့ကို ညာနေပြီ မျိုးမင်း.."
"ငါပြောသားဘဲ မြရွှေကြုတ်က တကယ့်ကဝေပါဆို"
"ကဝေတဲ့လား...အဟင်း သူကကဝေဆိုလည်းကဝေမဘဲဖြစ်မယ်မျိုးမင်း။ မင်းချစ်သူကိုလွယ်လွယ်လှိမ့်လို့ရမယ်မထင်နဲ့"
"မင်း ဘာလုပ်မလဲ ချစ်သူ"
"မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ မင်းမကြားဖူးဘူးလား။ မနိုင်...နိုင်တာနဲ့တိုက်ရမှာပေါ့..."
မြရွှေကြုတ်...မင်းက မင်းချစ်သူကိုလျော့တွက်နေတာလား။ ဒါဆို မင်းမှားလိမ့်မယ်။ဒီပွဲမှာ ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့။
မင်းစွဲဘဏ္ဍာနဲ့ဘယ်တော့မှ မပေါင်းရဘူးမှတ်....။
~~~~~~~~~~~~~~~~~~~~~~~~
"မိရွှေကြုတ်!!......."
အခန်းထဲမှာခွေနေသည့် ပခြုပ် ဧည့်ခန်းဆီက မေမေ့အော်သံကြောင့် လန့်ဖြန့်သွားပြီး လှဲအိပ်နေရာမှ ထထိုင်မိသွားသည်။
"မြရွှေကြုတ်!!.......ဘယ်ရောက်နေတာလဲ ။ မြရွှေကြုတ်....ညည်းခုထွက်လာခဲ့စမ်း"
တခါမှ ဒီလောက်ဒေါသမထွက်ဘူးတဲ့ မေမေ။ ဒီတခါ ဒေါသအတော်ကြီးနေပုံရ၏။
"ရှင်.....လာပြီ မေမေ"
ရွှေကြုတ်ရဲ့ထူးသံလေးက နောက်ဖေးဘက်ကနေထွက်ပေါ်လာနေသည်။ စောစောကမှ အပြင်ကပြန်လာတဲ့ရွှေကြုတ် ဘာပြဿနာရှာပြန်သလဲ မသိပါ။
"မိရွှေကြုတ်....ငါခေါ်နေတာကြားလား"
"လာပြီမေမေ..."
ပခြုပ်...ခေါင်းတွေမူးနောက်နေသည့်ကြားက အခန်းထဲကနေထွက်ခဲ့သည်။
"ဖြန်း!!.....ဖြန်း!!......ဖြန်း!!....."
"မေမေ....မလုပ်နဲ့!....."
ပခြုပ် မျက်လုံးတွေပြာကာ ခေါင်းမူးနေတာတွေပါ ပျောက်ကုန်၏။ ရွှေကြုတ် ပါးကို စိတ်ရှိလက်ရှိရိုက်ချပစ်လိုက်သည့် မေမေ့ဒေါသက သေးသေးကွေးကွေးမဟုတ်။
"ဖယ်စမ်း......ငါ ဒီကောင်မကိုသတ်မယ်"
"မေမေ မလုပ်ပါနဲ့မေမေရယ်"
လဲကျသွားသည့် ရွှေကြုတ်ကို စားပွဲပေါ်တင်ထားသည့် ပန်းအိုးဖြင့် ထုမလို့လက်ရွယ်နေသည့်ဒေါ်စနိုး။ သူမ ဘာကိုမှ မမြင်နိုင်တော့ပါ။ ရှက်ဒေါသတွေက သူမခန္ဓာကိုယ်တစ်ခုလုံးထိုးမွှေလို့နေသည်။
ပခြုပ်...မိခင်ကိုပြေးဆွဲလိုက်ရင်း ငိုယိုတောင်းပန်နေမိသည်။ ပါကေးခင်းပေါ် လဲကျနေသည့် ရွှေကြုတ်မျက်ဝန်းများက စူးရဲနေလျက်... လက်တစ်ဖက်က ပါးပြင်ကိုအုပ်ကိုင်ထားရင်း၊
"ရွှေကြုတ်ကို ရိုက်တယ်....ဟုတ်လား....ရွှေကြုတ် ဘာလုပ်လို့လဲ ။ ပြောစမ်းပါ မေမေ...ပြောစမ်းပါ။ ရွှေကြုတ်မှာ ဘာအပြစ်ရှိလို့လဲလို့"
"ခွေးမ...နင်မိုက်ဇာတ်ခင်းတာ နင်မသိလို့လား။ တောက်!....နင့်ကိုငါသတ်မယ်။ နင့်ကိုသတ်ပြီး ငါထောင်ထဲသွားမယ်"
"မလုပ်ပါနဲ့ မေမေရယ်....ဟင့်...ဟင့် ပခြုပ်တောင်းပန်ပါတယ်...ညီမလေးကိုမလုပ်ပါနဲ့တော့"
"ဖယ်စမ်း....အမိုက်မတွေ။ သိက္ခာမရှိတဲ့ဟာတွေ..."
ရွှေကြုတ်က ဘာတစ်ခွန်းမှ ခံမပြောဘဲ အံကြိတ်လျက် ပေရပ်နေသည်။ ပခြုပ်မှာသာ ဝုန်းဒိုင်းကြဲသောင်းကျန်းနေသည့် မိခင်ကိုလိုက်ဆွဲနေရတာ။ ဧည့်ခန်းထဲမှာ ဖရိုဖရဲနှင့် အလဲလဲအကွဲကွဲ။
"လွှတ်လိုက်စမ်းပါ....လွှတ်ပေးလိုက်ပါ ပခြုပ်။ ငါ့ကိုသတ်ချင်နေတာ သတ်ပါစေ။ ဘာအကြောင်းမှန်းမသိဘဲ ငါကခံနေရတာ ကျေနပ်နေတာမဟုတ်ဘူး"
ရွှေကြုတ်က မိခင်ကိုမကျေမနပ်ဖြင့် ဆိုလာသည်။
"အောင်မာ.....ခွေးမ...ခွေးစကားမပြောနဲ့...ဒီမှာ နင်ခွေးဇာတ်ခင်းထားတဲ့ဟာတွေကြည့်ပေတော့..."
"ဒေါက်!...."
ဒေါ်စနိုး အသားတွေဆတ်ဆတ်တုန်ကာ ဖုန်းကို ရွှေကြုတ်ရှေ့ချပေးလာ၏။
"ဟင်!......"
"ဒါ.....ဒါ...."
fbမှာ တက်နေသည့်ပုံတွေကိုကြည့်ပြီး ပခြုပ်မျက်လုံးပြူးသွားသလို ရွှေကြုတ် မျက်နှာလည်းမည်းမှောင်သွားကာ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
"ငါ့မျက်နှာကိုဓားနဲ့သာ လှီးပစ်ချင်တယ်။ အမိုက်မ....."
"မေမေ့...."
ပြောနေရင်း ဒေါသကထွက်လာပြန်တော့ ဒေါ်စနိုး ကတ်ကြေးပြေးဆွဲကာ ရွှေကြုတ်ဆီအသွား ပခြုပ်က ကြားကနေဝင်ရပ်လိုက်ကာ၊
"သတ်ချင်ရင် ပခြုပ်ကို အရင်သတ်လိုက်ပါ...မေမေ။ ခေါင်ကမှမိုးမလုံတာ တံစက်မြိတ်ကဘယ်လုံပါတော့မလဲ။ ပခြုပ်မှာသာ အပြစ်ရှိတာပါ။ မေမေသတ်ချင်ရင် ပခြုပ်ကိုသာသတ်လိုက်ပါ"
မျက်ရည်တွေတွေတွေကျလျက် ငိုရှိုက်ရင်း ပြောနေသည့် ပခြုပ်ကို နီရဲနေသည့် မျက်လုံးများဖြင့် ဒေါ်စနိုးကကြည့်၏။
"ခွေးမတွေ...နင်တို့ကငါ့အရှက်ကိုခွဲကြတာ။ နင်တို့ကြောင့် ငါတို့မိသားစု မျက်နှာထားစရာနေရာမရှိတော့ဘူး။ ငါတို့...ငါတို့ခွေးလုံးလုံးဖြစ်ပြီသိရဲ့လား"
မျက်ရည်တစ်စက်မှ မကျပါဘဲ အသားတွေတဆတ်ဆတ်တုန်နေသည့် ဒေါ်စနိုး။ သူမ မျက်နှာမှာ ဘာမဆိုလုပ်တော့မည့် ခက်ထန်မာကျောခြင်းများဖြင့်...။
အချစ်ကြီးတော့ အမျတ်ကြီးသတဲ့။ သူမ သမီးတွေအပေါ် တခြားမိခင်တွေအားလုံးထက်ပိုချစ်ခဲ့လို့လား မသိပါ...ခုချိန်မှာ ဘယ်လိုမှမခံစားနိုင်ခဲ့။
ကံကြမ္မာက သူမကိုမှ ရွေးပြီးရက်စက်လွန်းသည်။ သူမတန်ဖိုးထားမွေးမြူခဲ့သည့် သမီးတွေကျမှ အဖြစ်ဆိုးလွန်း၏။
ပတ်ဝန်းကျင်က ဘာတွေပြောကြမလဲ။ ပြီးတော့...ပတ်ဝန်းကျင်မှာဘယ်လိုမျက်နှာမျိုးနဲ့အသက်ဆက်ရှင်ရပါ့မလဲ...။
fbကနေ ပျံ့နှံ့သွားတဲ့ သူမတို့မိသားစုရဲ့ဂုဏ်သိက္ခာတွေ၊အရှက်တရားတွေ...သွားပြီ။ ဒေါ်စနိုးဆိုတဲ့မိန်းမ...လူတကာရဲ့တံတွေးခွက်မှာ ပက်လက်မျောရပြီ။
အကြီးမက ဘယ်သူနဲ့မှန်းမသိတဲ့ဗိုက်တစ်လုံးနဲ့...။ဒီပြဿနာကိုဖြေရှင်းဖို့ ကြိုးစားရုံရှိသေးတယ်...အငယ်မကပါ..။ တောက်!....သမီးမိုက်တွေ။
"ခွေးထက်မိုက်တဲ့ဟာတွေနင်တို့ကိုသတ်မယ်"
ဒေါ်စနိုး သွေးရူးသွေးတန်းဖြင့် ဘာကိုမှမမြင်နိုင်တော့ပါ။ ကတ်ကြေးကြီး ကိုင်လျက် ရှေ့တိုးလာသည်။ သုံးယောက်က မျဉ်းဖြောင့်အတိုင်းရပ်နေတာမို့ ဒေါ်စနိုးရှေ့တိုးလာတော့ နောက်ဘက်မှာရပ်နေသည့် ရွှေကြုတ်ဆီ ပခြုပ်တိုးကပ်သွားမိ၏။
"သတ်ချင်ရင် ပခြုပ်ကိုသာ သတ်လိုက်ပါ မေမေ။ ပခြုပ်...ပခြုပ် အကြီးဖြစ်ပြီး ညီမလေးကိုမဆုံးမလို့ ခုလိုတွေဖြစ်လာတာပါ။ ပခြုပ်ကြောင့် ခုလိုကိုယ်ကျိုးနည်းအရှက်ကွဲရတာပါ။ ပခြုပ်ကိုသတ်လိုက်ပါ။ ပခြုပ်သေမှ အေးမှာပါ။ ပခြုပ်က အကြီးဖြစ်ပြီး အသုံးမကျလို့ ခုလိုညီမလေးလမ်းမှားရောက်ရတာပါ"
မိခင်ရှေ့ကနေ ရွှေကြုတ်ကိုကွယ်ရပ်မိသွားသည်နှင့် ပခြုပ်က နောက်ကိုထပ်မဆုတ်တော့ဘဲ ခြေစုံရပ်လျက် ပါးစပ်ကမနားတမ်းပြောလိုက်သည်။ ပခြုပ် စကားအဆုံး ကတ်ကြေးကိုင်လျက် လှမ်းလာနေသည့် ဒေါ်စနိုးခြေလှမ်းတွေတုံ့ဆိုင်းသွားရပြီး၊
"အကြီးဖြစ်ပြီး ညီမလေးကိုမဆုံးမလို့ခုလိုဖြစ်လာတာပါတဲ့လား..."
ပခြုပ်စကားကို သံယောင်လိုက်ရေရွတ်ရင်း မျက်ရည်တစ်စက်က ပါးပြင်ပေါ်လိမ့်ဆင်းကျသွား၏။ထို့နောက်...ပခြုပ်နဲ့ရွှေကြုတ်ကိုနာနာကြည်းကြည်းကြည့်ရင်း၊
"ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့...ကြားလို့မှကောင်းကြသေးရဲ့လား။ ဟုတ်တယ်...မိုက်တာ...ငါကိုကမိုက်တာ။ တကယ့်တရားခံက ငါ...နင်တို့ရဲ့ဒီအမေအသုံးမကျလို့ ခုလိုတွေဖြစ်လာတာ။ ဟုတ်တယ်...ငါဆုံးမတာလျော့ရဲခဲ့လို့ နင်တို့ခွေးဇာတ်ခင်းကုန်ကြတာ။ တရားခံက ငါ...ဒီအမေမိုက်"
သူမ ရင်ဘတ်ကို ပြန်ပြန်ထုလျက် ဒေါသဖြင့်ပြောဆိုနေသည့် မိခင်ကိုကြည့်ပြီး ပခြုပ် မျက်ရည်မဆယ်နိုင်တော့ပေ။ အိမ်မှာလည်း ပခြုပ်တို့သားအမိသုံးယောက်ဘဲ ရှိသည်။ ကိုရဲက အလုပ်ကိစ္စအရေးကြီးလို့ အပြင်ပြန်ထွက်သွားပြီ။ ကိုရဲမိဘတွေက ပွဲတစ်ခုသွားနေတာပြန်မရောက်သေး။
"မေမေကြောင့်မဟုတ်ပါဘူး...ပခြုပ်မိုက်တာပါ။ပခြုပ်ကိုသာ သတ်လိုက်ပါ။ မိသားစုတွေအရှက်ကွဲအောင် ပခြုပ်မိုက်လုံးကြီးခဲ့တာ"
"ဟုတ်တယ်....နင်တို့မိုက်လုံးကြီးတာ ...သတ်မယ်။ နင်တို့ကို ငါသတ်မယ်။ လူတကာရဲ့ပါးစပ်ဖျားမှာ အပြောအဆိုခံပြီး အရှက်ကွဲရမဲ့စကား နင်တို့ကို သတ်ပြီး ငါကိုယ်တိုင်လည်း သေမယ်..."
ဒေါ်စနိုး အရှက်နဲ့အသက်ကိုလဲဖို့ဆုံးဖြတ်ပြီး ကတ်ကြေးကြီးကိုင်လျက် ပခြုပ်တို့ဆီပြေးဝင်လိုက်၏။
"မေမေ....မလုပ်နဲ့!...."
နောက်က ရွှေကြုတ်ရဲ့ တားဆီးသံကြားပေမယ့် ပခြုပ် ညီမရှေ့ကနေ အတင်းကွယ်ကာ မျက်လုံးစုံမှိတ်ပစ်လိုက်သည်။
သမီးသေပါရစေ မေမေ...။ဒီဝဋ်ကြွေးတွေသည်ဘဝသည်မျှနဲ့သာကျေပါစေတော့။
အပိုင်း(၁၁)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း