မိုးသည်းည...ကာရန်
~~~~~~~~~~
ဟင်....။တစုံတခု၏ နှို့ဆော်မှုကြောင့် ပခြုပ်လန့်နိုးသွားရသည်။ ထိုအခါ...ပခြုပ်နဲ့စိမ်းသက်လွန်းသည့်ရနံ့နှင့် နီးကပ်လွန်းသည့်အနေအထားကြောင့် လူကဆတ်ခနဲ ဖြစ်သွားရပြီး မျက်လုံးတွေပါပွင့်သွားရသည်။
"အို....."
ပခြုပ်ပူထူသွားရ၏။ သူ့ပခုံးပေါ် ပခြုပ်အကျအနမှီနေမိတာပါလား။ သူက လက်ပိုက်လျက်ခုံနောက်မှီကိုခေါင်းတင်ပြီး အသက်မှန်မှန်ရှူနေသည်။
ပခြုပ် ရှက်ရှက်ဖြင့် တဖက်ကိုကပ်ပစ်လိုက်ပြီး မလုံမလဲဖြင့် ဘေးဘီဝဲယာကိုခိုးအကြည့်..။
"မြတ်စွာဘုရား..."
ပခြုပ်နှုတ်ဖျားမှာ ဘုရားတလိုက်မိသည်။ ပခြုပ်တို့ဘေးခုံဘက်မှာ ခရီးသည်အဒေါ်ကြီးတစ်ယောက်ရဲ့မျက်လုံးများဖြင့်ဆုံသွားရလေ၏။ ဘယ်အချိန်ထဲက ပခြုပ်တို့ကိုကြည့်နေမှန်းမသိပါ။ စူးစမ်းသည့်မျက်လုံးများကြောင့် သူမ မလုံမလဲဖြင့်မျက်နှာလွှဲလိုက်ရသည်။
ပြဿနာပဲ....သူနဲ့ပခြုပ်ကိုတမျိုးတွေထင်သွားပြီနဲ့တူပါတယ်။ ရှက်လိုက်တာ...။မသေမသပ်ဖြစ်နေသည့် ဆံပင်တွေကို သပ်ချလိုက်ပြီးအကျီပါ ဆွဲချလိုက်ပြီး ဘေးကိုအကြည့်..ကားကဂိတ်ထဲမောင်းဝင်နေပြီ။
ပခြုပ် စိတ်လှုပ်ရှားသွားရပြီးပေါင်ပေါ်ကအိတ်လေးကိုပခုံးပေါ်ဆွဲတင်လိုက်သည်။
"ကျွီ!......"
ကားက ဂိတ်ထဲမှာရပ်တန့်သွားသည်။အရှေ့က ခရီးသည်တွေအလျှိုလျှိုဆင်းကုန်ကြပြီ။ပခြုပ် ထရပ်ပြီးမှ အခက်တွေ့သွားရသည်။
ယောက်ျားတစ်ယောက်ရဲ့ အိပ်ယာနိုးထပုံစံက ညင်သာနူးညံ့လို့နေလေသည်။ပခြုပ် သူ့ကိုငုံ့ကြည့်နေစဉ် လက်ပိုက်လျက်ဖြင့် သူ့မျက်လုံးတွေဖျတ်ခနဲပွင့်လာပြီး ပခြုပ်ကိုမြင်သွား၏။
"ဟင်....ကားတောင်ဆိုက်ပြီ"
ပခြုပ်ကို ပြောသလိုလိုဖြင့် ရှေ့ကိုထုတ်ထားသည့် သူ့ခြေတောက်ကိုရုတ်ပေးလာ၏။ ပခြုပ် သူ့ရှေ့ကနေ ရအောင်တိုးထွက်လာပြီးလျှောက်လမ်းအတိုင်းလျှောက်လာခဲ့မိသည်။ ရင်ထဲတွင်တော့ နှလုံးသားလေးတဒိတ်ဒိတ်ခုန်လို့နေပြီ။
ရန်ကုန်ကို သူမရောက်လာခဲ့ပြီ။ နောက်ပြန်လှည့်ဖို့စိတ်ကူးမရှိပေမယ့် တခါမှမခွဲဘူးတာမို့ ခံစားချက်ကနစ်နစ်နဲနဲကြီးဖြစ်နေသည်။မာကျောသူလို့အထင်ခံရပေမယ့် တကယ်တမ်းခွဲခွာရတော့ ဝမ်းနည်းစိတ်ကတလှိုက်လှိုက်တက်လာရ၏။
"ဟင်း....အိပ်လို့ကောင်းလိုက်တာ"
ကားပေါ်ကခရီးသည်တွေအတော်များများဆင်းကုန်ကြပြီ။သူ့အပေါ်ကအိတ်ကိုဆွဲချလိုက်ပြီး ကားပေါ်ကနေအေးဆေးဆင်းလာခဲ့လိုက်သည်။
"ဘုတ်!...."
ခြေနင်းခုံပေါ်ကနေ မြေပြင်ပေါ်သို့လွှားခနဲခုန်ဆင်းလိုက်ပြီး ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူမကိုများ တွေ့လိုတွေ့ငြားပေါ့။အလျှိုလျှိုထွက်သွားကြသည့် ခရီးသည်တွေနဲ့ဂိတ်ထဲမှာမိုးတိုးမတ်တပ်ရပ်နေသည့်ခရီးသည်တွေကြား ဝေ့ကြည့်လိုက်ပေမယ့် သူမရဲ့အရိပ်အယောင်ပင်မမြင်ရ။
သူမ မျက်နှာဝိုင်းဝိုင်းလေးကိုပြန်မြင်ယောင်မိရင်း သူပြုံးလိုက်မိသည်။ထို့နောက်...ကားဝမ်းထဲက အိတ်ကိုထုတ်ယူပြီး ဂိတ်ထဲကနေထွက်လာခဲ့သည်။ ရန်ကုန်မြေဆိုတာ သူနဲ့မစိမ်းသက်ပါ။
YBS နဲ့ သူနေမဲ့နေရာကိုအရင်သွားရမည်။အခန်းကကြိုစုံစမ်းပြီးသားမို့..နေရာကိုတန်းသွားရုံပင်။ နိုင်ငံခြားသွားဖို့ သင်တန်းအရင်တက်ရမည်။ ကိုရီးယားကို အရမ်းသွားချင်နေခဲ့တာ။ ဘွဲ့တစ်ခုယူပြီးရင် ထွက်ဖို့ကြိုဆုံးဖြတ်ခဲ့တာ။ ခုချိန်မှာဘွဲ့တစ်ခုလည်း ရနေပြီ။ သင်တန်းတက်ပြီး အောင်တာနဲ့သွားမည်။
ကုန်ကျစရိတ်ကလည်းပူပင်စရာမရှိပါ။ မိဘတွေက အားလုံးအကုန်အကျခံ၍လွှတ်နိုင်သည်။ အနာဂတ်အတွက် ပလပ်ကြီးကြီးချခဲ့တာ ကျောင်းတက်နေစဉ်ကာလထဲကဆိုမမှား။ကျောင်းပြီးတာနဲ့ ထွက်ခွင့်ရအောင် သူကြိုးစားမည်။ ဟိုမှာ ပိုက်ဆံရှာမည်။ သူမျှော်လင့်တဲ့အနေအထားတစ်ခုရောက်တော့မှ ပြန်လာဖို့လည်းတခါတည်းဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့်...လူငယ်သဘာဝ မခံချင်စိတ်ကိုရှေ့တန်းတင်လိုက်မိပြီး မဖြစ်အမနေလက်ထပ်ဖို့ဖြစ်လာသည်။ မင်းစွဲဘဏ္ဍာဆိုတဲ့သူ...ရည်းစားတွေမှိုလိုပေါတာမှန်သည်။ သို့သော်...သူ့မှာမကောင်းတဲ့အကျင့်မရှိပါ။ မိကောင်းဖခင်သားသမီးပီပီ ယုတ်ညံ့သည့်သွေးဆိုးသွေးညစ်တွေ သူ့မှာကိန်းအောင်းမနေခဲ့။
ယောက်ျားကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ရှိသူမို့...သူ့မှာတာဝန်ယူစိတ်အပြည့်ရှိသည်။ ရည်းစားကိုအပျော်သဘောထားခဲ့တာမှန်ပေမယ့် မထင်မှတ်ဘဲ ကျူးလွန်ခဲ့သည့်အဖြစ်အတွက် သူခေါင်းရှောင်လို့မဖြစ်။ တစ်ဖက်ကမိန်းမသား..သူ့ကြောင့်နစ်နာမဲ့အဖြစ်မျိုးသူလုံးဝအဖြစ်မခံ။
မာနခဲလေး...။ ဘာစိတ်မှ မဟုတ်ပေမယ့် သူမပုံလေးကသူစိတ်ထဲထူးထူးခြားခြားစွဲထင်ကျန်ရစ်၏။
အဟင်း...ဘယ်သူနဲ့မှမတူတဲ့ဆုံတွေ့ခြင်းမျိုးမို့လားမသိဘူး မာနခဲလေး ....မင်းကိုတော့ မှတ်မှတ်ထင်ထင်ဖြစ်သွားခဲ့တာ သေချာတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ပခြုပ်......"
"အေမ့!......"
ကိုယ့်အတွေးနဲ့ကိုယ်လျှောက်နေစဉ် လက်မောင်းကိုပိုင်နိုင်စွာဆွဲလျက် ရင်းရင်းနှီးနှီးခေါ်လိုက်သံကြောင့် ပခြုပ်လန့်သွားရပြီး မော့အကြည့်၊
"ကို...ကိုရဲ..."
ပခြုပ်ကို စူးစူးရဲရဲကြည့်နေသည့် ကိုရဲ။ မျက်လုံးတွေက ပခြုက်နောက်ကို ကျော်သွားပြီး ကျီးကန်းတောင်းမှောက်လျှောက်ကြည့်နေရင်း မျက်မှောင်ကြီးတွန့်သွားရပြီး၊
"ပခြုပ်...."
ရဲဇော်နိုင်က ပုံမှန်ခေါ်လိုက်တာပေမယ့် ပခြုပ်က အပြစ်ရှိသူပီပီလန့်သွားရသည်။ ဒီလိုအချိန်၊ဒီလိုနေရာမှ ကိုရဲနဲ့လာဆုံရတယ်လို့။
ပျက်ယွင်းသွားသည့် မျက်နှာကိုပြင်ဆင်လိုက်ရင်း ပခြုပ် ကိုရဲကိုခပ်တည်တည်လေးကြည့်လိုက်ကာ၊
"ကိုရဲ..ဘယ်သူ့ကိုလာကြိုတာလဲ"
ပုံမှန်လေသံလေးဖြင့်မေးလိုက်သည်။ ရဲဇော်နိုင် မျက်နှာကြီးက တည်တင်းနေလျက် ပခြုပ်ကို ခပ်တည်တည်တစ်ချက်ကြည့်လာပြီး ပခြုပ်လက်ထဲကအိတ်ကိုဆွဲယူပစ်လိုက်၏။
"ကိုရဲ..."
ပခြုပ်ယောင်နနဖြင့် လက်ထဲကအိတ်ပေးလိုက်ရသည်။ ထိုအခါ...အခြေအနေကိုရိပ်စားမိသွားကာ ပခြုပ်မျက်နှာလေးပိုပျက်သွားရ၏။
"လာ...သွားမယ်"
"ဟင်အင်း....."
ရဲဇော်နိုင်က ပခြုပ်လက်ကိုလှမ်းဆွဲလာသဖြင့် ပခြုပ်လက်လေးကိုရုန်းဖယ်ပစ်လိုက်ရင်း၊
"ပခြုပ် မလိုက်ဘူး ကိုရဲ"
"ဘာ!....."
အစထဲက ကိုယ့်ပြဿနာကိုယ့်ရှင်းဖို့ထွက်လာခဲ့တာ။ ပခြုပ်...ဒီအသိုက်အဝန်းထဲပြန်ဝင်ဖို့မှ မဟုတ်တာ။ ကိုရဲရဲ့လက်ကို တွန်းဖယ်ရင်း သူဆွဲထားတဲ့အိတ်ကိုပြန်လုလိုက်သည်။
"ပခြုပ်...ငြိမ်ငြိမ်နေစမ်း"
ရဲဇော်နိုင်ရဲ့ အသံကြောင့်ပခြုပ်ခဏငြိမ်သွရသည်။ အစ်ကိုတွေထဲမှာ ရဲဇော်နိုင်ကိုပခြုပ်အရှိန်ဆုံးပါ။ ပခြုပ်တို့ထက်ရှစ်နှစ်လောက်ကြီးပြီး စကားအပိုမပြောဘဲ ခပ်တင်းတင်းနေတတ်သည့် ရဲဇော်နိုင်ကို ပခြုပ်တို့ကြောက်ကြ၏။
"ပခြုပ်... မလိုက်ဘူးကိုရဲ။ ပခြုပ်ကိုလာစောင့်နေတာဆိုရင်တော့ ကိုရဲဘာသာ ကိုရဲပြန်လိုက်ပါ။ ပခြုပ်ပြန်လိုက်မှာမဟုတ်ဘူး"
လာမဲ့ဘေးပြေးတွေ့ရုံမို့ ပခြုပ် တည့်ပင်ရင်ဆိုင်လိုက်သည်။ ဒီထက်တွေဝေနေရင် မိသားစုကြားထဲ ခေါင်းမဖော်ရဲတဲ့ လိပ်ဘဝကိုလုံးလုံးရောက်ရတော့မည်။
"တော်စမ်း ပခြုပ်။ ငါအားလုံးသိပြီးပြီ။ ခု နင့်ကောင်ရောဘယ်မှာလဲ"
"ရှင်!....."
ပခြုပ် ဆွံ့အသွားရသည်။ သွားပြီ...ကိုရဲတို့အထင်လွဲနေပြီ။
"ဘာ...ဘာကောင်လဲ ကိုရဲ။ ကိုရဲဘာတွေပြောနေတာလဲ"
ပခြုပ်ရဲ့ အူကြောင်ကြောင်ပုံကြောင့်ရဲဇော်နိုင် မျက်ခုံးတွေတွန့်ချိုးသွားရ၏။ ပခြုပ်ကလည်း ဘာမှမသိတဲ့ပုံလေးဖြင့် သူ့ကိုပြန်ကြည့်နေပြီး၊
"ပခြုပ်ရဲ့ကောင် ဟုတ်လား။ ကိုရဲကို ဘယ်သူ ဘာပြောလိုက်လို့လဲ"
ပခြုပ်ရဲ့မေးခွန်းကို ရုတ်တရက် ရဲဇော်နိုင်မဖြေနိုင်။ ကားဂိတ်ထဲကနေ သူသေချာလာစောင့်နေခဲ့တာပါ။ ကားဆိုက်ထဲက ကားပေါ်ကဆင်းလာတာ ပခြုပ်တစ်ယောက်ထဲ။
"ပခြုပ်...ညီမလေး..."
"ဟင်..."
အစ်ကိုရဲ့ လေသံဖျော့ဖျော့ကြောင့် ပခြုပ်မျက်လွှာလေးလှန်ကြည့်လိုက်မိသည်။ တခါမှ မသိမ်ငယ်ဖူးခဲ့ပေမယ့် ဒီတခါတော့ ကိုရဲရှေ့မှာ ပခြုပ်သိမ်ငယ်နေရသည်။
"ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ မသိဘူး။ ဒါပေမယ့်...ညီမလေးကမိန်းကလေးလေ..စိတ်ထင်တိုင်းလုပ်လို့မရဘူး။ ကြီးကြီးတို့မျက်နှာကို ပြန်ကြည့်သင့်တယ်"
"ပခြုပ် ဆုံးဖြတ်ပြီးပြီ ကိုရဲ။ ပခြုပ်မပြန်တော့ဘူး"
"မဟုတ်သေးဘူး...ညီမလေးရဲ့။ ဘာဖြစ်ခဲ့တယ်ဆိုတာ ကိုရဲကို ပြောပြ။ နင် စိတ်ထင်ရာမလုပ်ပါနဲ့"
ကိုရဲက တမျိုးထင်နေတာ။ ပခြုပ်က ကိုယ့်ပြဿနာနဲ့ကိုယ်...အစ်ကိုတစ်ယောက်ကိုဖွင့်တိုင်ပင်ဖို့သင့်တော်တဲ့ကိစ္စမဟုတ်တော့လည်း ခက်သား။
မောင်နှမဝမ်းကွဲတွေဆိုပေမယ့် တကယ့်အရင်းအခြားတွေလိုနေထိုင်လာခဲ့သူတွေမို့ အကြောင်းကိစ္စရှိလာရင် အမြဲသွေးစည်းနေခဲ့သည်။ ရဲဇော်နိုင်ကလည်း တစ်ဦးတည်းသော သားမို့ ပခြုပ်တို့ကို ညီမအရင်းတွေလိုသဘောထားခဲ့တာ။
"ပခြုပ်...ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်ချင်တယ် ကိုရဲ။ ပခြုပ်အကြောင်းနဲ့ပခြုပ်မို့ ကိုရဲမတားပါနဲ့တော့"
ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်လွှာသိမ်းတင်ရင်း ပခြုပ်ငိုမဲ့မဲ့လေးဆိုလိုက်သည်။ တကယ်တော့ အများအမြင်မှာ စိတ်မာတဲ့သူလို့အထင်ခံရတဲ့ပခြုပ်ဟာ ဝမ်းနည်းလွယ်တတ်သူတစ်ယောက်ပါ။
"ကျစ်!.....တော်စမ်းပခြုပ်။ နင်က မိမရှိဖမရှိတစ်ကောင်ကြွက်လား ခုလိုဆုံးဖြတ်ရအောင်။နင့်မှာ ဆွေမျိုးညီအစ်ကိုမောင်နှမရှိတယ် ပခြုပ်။ နင် ထင်ရာဆိုင်းလို့မရဘူး"
"ထင်ရာဆိုင်းတာမဟုတ်ဘူး ကိုရဲ။ ပခြုပ်တို့အကြောင်းနဲ့ပခြုပ်တို့ပါ။ ပခြုပ် သွားပါရစေ"
ကိုရဲလက်ကိုတွန်းတိုက်ကာ လက်ထဲကအိတ်ကိုလှမ်းဆွဲလိုက်သည်။ ထိုအခါ...ကိုရဲကလည်းအထိမခံဘဲ ကိုယ်ကိုနောက်ယို့ပစ်ပြီးရှောင်တိမ်းပစ်၏။
"ငါ နင့်အစ်ကိုနော်ပခြုပ်။ ငါပြောနေတာကိုလက်ခံလိုက်...လာပါညီမလေးရယ်"
"ဟင်အင်း....ပခြုပ်မပြန်ဘူး ကိုရဲ"
ခေါင်းမာတတ်တဲ့ညီမဖြစ်သူကိုကြည့်ပြီး ရဲဇော်နိုင်ခေါင်းခါရမ်းလိုက်သည်။ မပြေလည်တဲ့ပြဿနာတွေကြားထဲ သူဘာလုပ်ရမလဲမသိတော့ပါ။ သူ ထင်နေတာကပခြုပ် ချစ်သူနောက်လိုက်ပြေးတယ်ထင်ခဲ့မိတာ။ တကယ့်လက်တွေ့မှာ သူထင်နေသလိုပြဿနာကမရိုးရှင်း။
ဘာဖြစ်ဖြစ် ညီမလေးပခြုပ်ကိုရအောင်ဖြောင်းဖျဖို့က သူ့တာဝန်။ ပခြုပ်ကို အေးအေးဆေးဆေးမေးကြည့်ရမည်။
"ကြီးကြီးနဲ့ဘာဖြစ်လာတာလဲ..."
ဂိတ်ထဲမှာလည်း ခရီးသည်တွေရှင်းကုန်ပြီ။ ကားဘေးမှာရပ်လျက် သူတို့မောင်နှမအခြေအတင်ဖြစ်နေကြတာ။ ဂိတ်ထဲက ခရီးသည်အချို့နဲ့စျေးသည်အချို့က ကွက်ကြည့်ကွက်ကြည့်ဖြစ်နေပြီ။
ရဲဇော်နိုင် ပခြုပ်ဆီပြန်ကြည့်တော့ ပခြုပ်ကပေရပ်နေကာ တစ်ခွန်းမှမဖြေ။ ခက်တော့ခက်နေပါပြီ။ ပခြုပ်နဲ့ကြီးကြီးဆိုတာ အရမ်းချစ်ကြတဲ့သားအမိ။ ခွန်းကြီးခွန်းငယ်တောင်တခါမှမဖြစ်ဘူးတာသူတို့အသိ။ သမီးလိမ္မာလေးဖြစ်တဲ့ပခြုပ်...အိမ်ပေါ်ကဆင်းလာတဲ့အထိဖြစ်တယ်ဆိုတော့...ဟင်း...စဉ်းတော့စဉ်းစားစရာဘဲ။
"ကဲပါ...အိမ်မပြန်ချင်ရင်လည်းနေ...."
ပခြုပ်မျက်လွှာလေးပင့်ကြည့်လာ၏။ ရဲဇော်နိုင်က ပခြုပ်လက်တစ်ဖက်ကိုဆွဲလိုက်ရင်း၊
"ဒါပေမယ့်....ညီမလေး နင် ငါ့အိမ်လိုက်ခဲ့"
"ရှင်!...."
ပခြုပ် မျက်လုံးပြူးလေးဖြင့် ရဲဇော်နိုင်ဆွဲခေါ်ရာနောက်ပါသွားရသည်။နှစ်လှမ်းသုံးလှမ်းလောက်အထိ တရွတ်တိုက်ပါသွားပြီးမှ ပခြုပ်လက်လေးကိုလိမ်ရုန်းလိုက်ရင်း၊
"ပခြုပ်မလိုက်ဘူးနော်ကိုရဲ...ဖယ်ပါ။ ပခြုပ်ဘာသာပခြုပ်သွားပါရစေ"
"မသွားရဘူး ပခြုပ်...နင်ကမိန်းကလေး။ ဒီလိုလက်လွတ်စပယ်လွှတ်စရာလား။ လာ...ငါ့အိမ်လိုက်ခဲ့။ ဟိုရောက်မှ ငါတို့အေးဆေးရှင်းကြတာပေါ့။ ပြဿနာရှိရင်အဖြေရှိပါတယ် ညီမလေးရယ်"
"ပခြုပ်....ပခြုပ်...."
ဝမ်းနည်းစိတ်၊သိမ်ငယ်စိတ်တို့ကရင်တစ်ခုလုံးလှိုက်တက်လို့လာသည်။ စကားကိုဆုံးအောင်မပြောနိုင်တော့ဘဲ ကျလုဆဲဆဲမျက်ရည်များကိုမျက်တောင်သိမ်းတင်လိုက်ရ၏။ပခြုပ် ဘယ်များတွေရှေ့မှာမျက်ရည်မကျချင်ပါ။ အထူးသဖြင့် ပခြုပ်ရဲ့မိသားစုရှေ့မှာဆိုပိုလို့တောင် မျက်ရည်မကျချင်။
"ညီမလေး....ပခြုပ်။ နင်ဘာဖြစ်လာလဲ ငါမသိဘူး။ ဒါပေမယ့် ငါတို့ကမိသားစုအရင်းတွေ။ နင်... တစ်ယောက်တည်းဒီလိုခွဲထွက်တာဘယ်လိုမှမသင့်တော်ပါဘူးဟာ။ ကြီးကြီးတို့နဲ့မနေချင်လည်း ရတယ်။ ဒီမှာသင်တန်းတွေတက်ရင်း ငါတို့ဆီမှာနေ ဟုတ်ပြီလား။ နင်ဘာသင်တန်းတက်ချင်လဲ။ ငါ အားလုံးစီစဉ်ပေးမယ်...သင်တန်းကြေးအတွက်လည်းမပူနဲ့ ...ငါသွင်းပေးမှာ"
ကိုရဲက အဲဒီလိုကောင်းပြလေ ပခြုပ်ပိုပြီးသိမ်ငယ်ရလေပါ။ ပခြုပ်အဖြစ်က....ဟင်အင်း ဘယ်သူမှသိလို့မဖြစ်ဘူး။ ပခြုပ်ကို အစ်ကိုတွေကသိပ်ချစ်တာ။ ဒီအကြောင်းသာ သိသွားရင်....အို....ပခြုပ်....ပခြုပ်ဘာလုပ်ရမလဲ။ပြီးတော့...ကိုကို...ကိုကိုသာသိရင် ပခြုပ်ကိုသတ်မှာ။
"ကြားရဲ့လား ပခြုပ်။ လာပါဟာ...ငါနင့်ကိုတမင်လာစောင့်နေတာ။တွေ့လို့တော်သေးတာပေါ့...လွဲများလွဲသွားခဲ့ရင် မတွေးရဲစရာဘဲ"
အစ်ကိုတစ်ယောက်အနေနဲ့ ပူပင်နေသည့်ရဲဇော်နိုင်ရဲ့စကားတွေကြောင့် ပခြုပ်ဝမ်းနည်းစိတ်က ထိန်းမရတော့....။
"ပခြုပ်လေ....ပခြုပ်....ဟီး....."
"ဟာ......ပခြုပ်...."
ပခြုပ် ငုပ်တုတ်ထိုင်ချလျက် မထိန်းချုပ်နိုင်စွာ ငိုချလိုက်သည်။ရဲဇော်နိုင် ခြေမကိုင်မီလက်မကိုင်မီဖြစ်သွားရ၏။
"ပခြုပ်...ဒုက္ခပါပဲဟာ။ မငိုနဲ့လေ...ခက်တော့တာဘဲ ပခြုပ်ရာ။ လူတွေကြည့်နေကြတယ် ။လာပါဟာ"
အိတ်ကိုလည်း တစ်ဖက်ကဆွဲရင်း ရဲဇော်နိုင်တစ်ယောက် ပခြုပ်ကိုလက်မောင်းရင်းကနေဆွဲထူလျက် ကားထဲဆွဲသွင်းလိုက်သည်။ဂိတ်ထဲကနေ မောင်းထွက်လာသည့် တစ်လျှောက်လုံး ပခြုပ်ရဲ့ ငိုရှိုက်သံလေးကမဆဲ...။
~~~~~~~~~~~~~~~~~~~~~~~~
"မောင်အုန်းမြင့်.....ခဏ..."
"ဗျာ.....လာပြီ"
အိမ်မှာအလုပ်သမားခေါင်း မောင်အုန်းမြင့် သူမခေါ်လိုက်တယ်သည်နှင့် ချက်ချင်းပြေးလာတော့သည်။ မောင်အုန်းမြင့်က အိမ်မှာ အားအကိုးရဆုံးတပည့်ဆိုလည်း မမှားပါ။ အားလုံးမျက်နှာလွှဲရသူတစ်ယောက်။
သားလေးတစ်ယောက် မွေးထားပါတယ် သူမတို့လုပ်ငန်းတွေကိုတ်မဝင်စား။ ကိုရီးယားကိုသွားချင်ပါသတဲ့လေ။ သူမအနေနဲ့ကတော့..သားလေးတစ်ယောက်တည်းရှိတာမို့ မသွားစေချင်ပါ။ သို့သော်... သားရဲ့ဆန္ဒက ဒါပဲမို့ သူမတို့လိုက်လျောရုံသာရှိတော့၏။
ခုတော့ သားကကိုရီးယားမထွက်ခင် သူ့ကောင်မလေးကိုလက်ထပ်သွားချင်သတဲ့လေ။ တစ်ဦးတည်းသောသားလေးမို့ တွေ့ကရာ မိန်းကလေးနဲ့တော့ သဘောမတူနိုင်။ သူမတို့တွေက မီလျှံနာသူဌေးကြီးတွေမဟုတ်ပေမယ့် ကိုယ့်စီးပွားနဲ့ကိုယ် ခန့်ထည်စွာနေနိုင်စားနိုင်ပါ၏။
မြို့သူဌေးတွေကို မမှီရင်တောင် တောသူဌေးဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ မိဘဘွားဘွားလက်ထပ်ကတည်းက ချမ်းသာခဲ့ကြတာ။ သူမတို့ရဲ့ ရင်နှစ်သည်းချားသားရတနာလေးအတွက် ဇနီးလောင်းဟာ မချမ်းသာရင်နေပါစေ အကျင့်စာရိတ္တပျက်ပြားနေတဲ့မိန်းကလေးမျိုးတော့မဖြစ်စေချင်ပါ။
စည်းစိမ်ဥစ္စာဆိုတာ သူမတို့အတွက်ပြည့်စုံပြီးသားမို့.. ပညာတတ်၊အလိမ္မာအိမ်ပါ၊ မိန်းမကောင်းမိန်းမမြတ်လေးကိုသာ သူမချွေးမအဖြစ်လက်ခံနိုင်မည်။
"ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲ ဒေါ်ဒေါ်..."
အုန်းမြင့်က တွေးငေးနေသည့် သူမကို သတိပေးလာ၏။ ထိုအခါမှ သူမသတိဝင်လာရကာ၊
"အေး...မင်းကိုခိုင်းစရာရှိလို့ မောင်အုန်းမြင့်"
"ဟုတ်ကဲ့...ပြောပါဒေါ်ဒေါ်"
အသက်အစိတ်သာရှိသေးသည့်အုန်းမြင့်က သွက်လက်ချက်ချာသူတ်ယောက်ပါ။
"ငါ့ကို တ်ခုလောက်စုံစမ်းပေးစမ်းပါ အုန်းမြင့်"
"ဘာများလဲ ဒေါ်ဒေါ်..."
"မင်း...ကညင်ကွင်းရွာကိုသိလား.."
"ဘာဖြစ်လို့လဲ....ကျွန်တော်သိပါတယ်။ အဲဒီရွာမှာ ကျွန်တော့်အဒေါ်ရှိတယ်"
"အေး....ဒါဆိုဟန်ကျတာဘဲ..."
"ဘာလို့လဲ..."
အုန်းမြင့် နားမလည်သလိုထပ်မေးလိုက်သည်။
"အဲဒီရွာကကိုတက်လူနဲ့စနိုးကိုရော သိလား"
"ဒေါ်ဒေါ်နဲ့စပါးလိုက်သိမ်းတဲ့ ဟိုအဒေါ်ကြီးလား"
တခါက စနိုးတို့စပါးတွေ သူတို့စက်မှာလာသွင်းတာကို အုန်းမြင့်က မှတ်မိနေသည်။ စနိုးနဲ့သူမ အရင်းနှီးကြီးမဟုတ်ပေမယ့် ခင်မင်နေတာတော့ အမှန်ပါ။
"အေး..ဟုတ်တယ်။ ငါက သူတို့ရွာဘက်ရောက်ခဲတယ်လေ။ မင်းအဒေါ်က သူတို့ရွာကဆိုတော့ အဆင်ပြေတယ်..ငါ့ကိုစနိုးတို့မိသားစုအကြောင်းစုံစမ်းပေးစမ်းပါ။အထူးသဖြင့် သူတို့သားသမီးတွေအကြောင်းဘဲ"
"ဗျာ!......"
အုန်းမြင့် အံ့သြသွားရ၏။ သူတို့ ဆရာမ ဒီနေ့မှ ထူးထူးဆန်းဆန်း။ ဘာအကြောင်းတွေရှိလို့လဲ မသိ။
"သူတို့မှာ သားသမီးဘယ်နှစ်ယောက်ရှိသလဲ။ပြီးတော့ အဲဒီကလေးတွေရဲ့အကြောင်းပေါ့ကွာ။ ဘယ်လိုလဲ လုပ်နိုင့်ပါ့မလား"
"ရပါတယ် ဒေါ်ဒေါ်။ ကျွန်တော် သိတာတော့ သူတို့မှာ သမီးနှစ်ယောက်ရှိတာပါဘဲ"
"သမီးနှစ်ယောက် ဟုတ်လားမောင်အုန်းမြင့်"
"ဟုတ်ပါတယ် ဒေါ်ဒေါ်။ ဦးတက်လူမှာ သမီးနှစ်ယောက်ဘဲရှိတာ"
"အေး...နှစ်ရက်အတွင်းသူတို့နှစ်ယောက်ရဲ့အကြောင်းကို ခရေစေ့တွင်းကျ အားလုံးငါသိချင်တယ်"
"ခင်ဗျာ...."
"သူ့သမီးနှစ်ယောက်အကြောင်း သိရရင်တော်ပြီ။ ကဲ မင်းလုပ်စရာရှိတာလုပ်လို့ရပြီ"
"ဟုတ်ကဲ့..."
အုန်းမြင့်..အူကြောင်ကြောင်ဖြင့် သူမနားကထွက်သွားသည်။ သက်ပြင်းမောကို မသက်မသာချလိုက်ရင်း သူမတွေးနေမိသည်။
"သားရဲ့ကောင်မလေးဆိုတာ အကြီးလား၊အငယ်လား..."
အပိုင်း(၁၀)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း