မိုးသည်းည...ကာရန်
~~~~~~~~~~
ဒေါ်စနိုးမျက်နှာမှာ စိတ်ရှုပ်ထွေးခြင်းများစွာဖြင့်ပျက်ယွင်းသွားရသည်။ ထွက်လာခဲ့တာလည်း ခါးဝတ်ခါးစားနှင့်..ခေါင်းဖီးခဲ့လို့တော်သေးသည်။ မျက်နှာမှာသနပ်ခါးမရှိသလို ပိုက်ဆံပင်တစ်ပြားမှ ပါမလာခဲ့ပါ။သူမ ဘာလုပ်ရမည်မသိတော့။
"မေမေ.."
"အငယ်မ..."
မျက်နှာပျက်ပျက်ဖြင့်ပြန်ထွက်လာသည့်မိခင်ကို ရွှေကြုတ်အသံပြုလိုက်သည်။
"ပခြုပ်ပါသွားပြီလား.."
"ခုနစ်နာရီကားနဲ့သွားပြီ။ အငယ်မ...အိမ်အမြန်ပြန်ရအောင်။ မေမေတို့ရန်ကုန်လိုက်မယ်"
"ရှင်..."
ရွှေကြုတ် မျက်လုံးလေးပြူးကျယ်သွားရ၏။ စိတ်မြန်သည့်မိခင်ဖြစ်သူက ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်ပြီး၊
"မောင်းတော့...အိမ်ပြန်မယ်"
"မေမေ...ဖြစ်ပါ့မလား။ ခုနစ်နာရီကားနဲ့ပါသွားတာ... ဒီအချိန်မှလိုက်လည်း မမှီတော့ပါဘူး မေမေရာ"
"မမှီလည်းလိုက်မှာဘဲ ရွှေကြုတ်။ ပခြုပ်ကိုပြန်တွေ့ဖို့ကအရေးကြီးတယ်။ ကိုရဲကိုကားဂိတ်မှာကြိုစောင့်ခိုင်းထားမယ်"
"ဖြစ်ပါ့မလား..."
ရဲဇော်နိုင်ဆိုတဲ့ကိုရဲက ဒေါ်စနိုးရဲ့တူအရင်းမို့ ကိုရဲကိုအကူအညီတောင်းတဲ့နေရာမှာ အားနာစရာမလို။
"ဘာမဖြစ်စရာရှိသလဲ။ဘယ်နှနာရီကားနဲ့ပါသွားတယ်ဆိုတာပါပြောလိုက်မယ်။ သူ ဂိတ်ထဲက ကြိုစောင့်နေရင် ပခြုပ်ကိုတွေ့မှာဘဲ။ မေမေတို့အိမ်ပြန်ပြီး နောက်ကားနဲ့လိုက်မယ်"
စီမံခန့်ခွဲနေသည့် မိခင်ကိုကြည့်ပြီး ရွှေကြုတ် သက်ပြင်းခိုးရှိုက်လိုက်မိသည်။ ပခြုပ်ကို တွေ့သွားလို့မဖြစ်သေးပါ။ ပခြုပ်ကြောင့် သူမမျှော်လင့်ခဲ့သမျှ ပျက်စီးသွားနိုင်သည်။
ငါဘာလုပ်ရပါ့မလဲ...။ ပခြုပ် အိမ်ပြန်ရောက်လာရင်မလိုအပ်တဲ့ပြဿနာဖြစ်လာမှာဘဲ။ ငါတို့လက်ထပ်ပြီးသွားနိုင်တော့ အဆင်ပြေကောင်းပြေသွားလိမ့်မယ်ထင်တယ်။ အဲဒီအချိန်မှ ပေါ်သွားရင်လည်း ဘာမှုစရာလိုတော့မှာလဲ။ စွဲက ငါ့အပိုင်ဖြစ်နေပြီ။ လောလောဆယ် ပခြုပ်နဲ့စွဲတို့ရဲ့ပက်သက်ကို ဘယ်သူမှမရိပ်မိတာ ပိုကောင်းသွားတယ်။
"ဟဲလို....."
ဆိုင်ကယ်နောက်ကထိုင်လိုက်ရင်း ဒေါ်စနိုးတစ်ယောက်ဖုန်းဆက်နေသည်။ ဆိုင်ကယ်မောင်းနေရင်း ရွှေကြုတ်စိတ်မဖြောင့်နိုင်တော့ဘဲ နောက်ကိုနားစွင့်နေမိသည်။
"ကိုရဲ...သား..."
".............."
တရိပ်ရိပ်ပြေးနေသည့်ဆိုင်ကယ်ရဲ့အရှိန်ကြောင့် ဖုန်းကသိပ်မသဲကွဲချင်ပါ။ လေတိုးသံတွေကြောင့်ဖြစ်လိမ့်မည်။
"အင်း...ကြီးကြီး....ကြီးကြီးပြောနေတာ"
"............"
တဖက်က သိပ်ကြားရပုံမပေါ်ပါ။ ဒေါ်စနိုးတစ်ယောက် အော်၍ပြောနေရသည်။
"ဟုတ်တယ်...ကြီးကြီး"
"..................."
"ကိုရဲကိုကြီးကြီး အကူအညီတစ်ခုတောင်းချင်လို့။ သား ဒီနေ့အားလား"
".................."
ဘုရားသကြားမလို့ ကိုရဲကီးအလုပ်များနေပါစေ။မြရွှေကြုတ် ကျိတ်ဆုတောင်းနေမိသည်။ လီဗာပေါ်တင်ထားသည့်လက်က တဆက်ဆက်တုန်ခါနေကာ ဆိုင်ကယ်က ပုံမှန်မဟုတ်တော့ဘဲ တုန့်ခနဲတုန့်ခနဲဖြစ်နေတော့သည်။
"ပခြုပ်လေ....မင်းညီမရန်ကုန်တက်လာလို့။အဲဒါ ကားဂိတ်မှာသွားစောင့်နေစမ်းပါ။ အရေးကြီးတယ်နော် ကိုရဲ။ ပခြုပ်က ခုနစ်နာရီကားနဲ့ပါလာတာ သားဂိတ်ထဲကြိုရောက်နေမှဖြစ်မယ်။ ကြီးကြီးတို့ နောက်ကားနဲ့လိုက်ခဲ့မယ်။ သားကပခြုပ်ကိုသာ ဂိတ်ထဲမှာ အုပ်မိအောင်လုပ်ပါ"
"............."
ဒေါ်စနိုးအသံက လောကြီးနေဟန်ဖြင့်အဖျားခတ်ပြီးတုန်ခါနေသည်။
"အင်း...ပခြုပ်"
"............."
"ဟုတ်တယ်လေ...အကြီးမ"
".........."
"အင်း...ကြီးကြီးနောက်မှအေးဆေးရှင်းပြမယ် ကိုရဲ။ မင်း ကားဂိတ်ထဲရောက်နှင့်နေမှဖြစ်မယ်။ကြီးကြီးလည်းနောက်ကားနဲ့လိုက်ခဲ့မယ်"
"..........."
"အင်း တွေ့တာနဲ့ သားတစ်ခါထဲခေါ်သွား။ ကြီးကြီးတို့ အိမ်လိုက်ခဲ့မယ်"
".........."
"အရေးကြီးတယ်နော်ကိုရဲ။ ကြီးကြီး ပြောသလိုလုပ်ပါ။ ပခြုပ်ကို သားနဲ့တစ်ခါထဲပါအောင်ခေါ်သွား"
"............"
"အေး....ဟုတ်တယ်။အိမ်ကခိုးထွက်သွားလို့။ တခြားမရောက်စေနဲ့ကိုရဲ။ ဂိတ်ထဲမှာဘဲ မိပါစေ"
".........."
"အေး...ကြီးကြီးတို့အမြန်ဆုံးလိုက်လာခဲ့မယ်"
"........."
"မဟုတ်ပါဘူး....မင်းညီမမှာရည်းစားမရှိတာ ကြီးကြီးသိတယ်။ သားပြောသလို ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး..."
"............."
"ကျောင်းမှာလား....အင်း...ကျောင်းမှာလည်းမရှိပါဘူး။ ကြီးကြီးတို့ရှေ့မှာတော့ ဘာအရိပ်အယောင်မှ မပြဘူး"
".........."
"အေး....သူတစ်ယောက်ထဲ။ မင်း ကားဂိတ်ထဲကသာစောင့် ပခြုပ်ပါကိုလာမှာ"
"............"
"လူသိကုန်ရင် အကျယ်အကျယ်တွေဖြစ်ကုန်လိမ့်မယ် ကိုရဲ။ မင်းလေးလေးလည်းအိမ်မှာမရှိဘူး။ အငယ်မနဲ့ကြီးကြီးတို့ ရန်ကုန်တက်ခဲ့မယ်"
".............."
"မဖြစ်ဘူး...ပခြုပ်အကြောင်း ကြီးကြီးသိတယ်။ ဒီကောင်မလေးက အရမ်းစိတ်မာတာ။ သူဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင်လုပ်မှာ။ သားပြောမှဘဲ ကြီးကြီးရင်တွေပူလာတယ်"
".........."
"မဖြစ်ဘူး...မဖြစ်ဘူး။ ပခြုပ်ကိုတွေ့တာနဲ့ဆွဲသာထား။ နှစ်ယောက်ဆိုလည်း နှစ်ယောက်လုံးကို သားအိမ်ခေါ်သွား။ ကြီးကြီးတို့နောက်မှ ကြည့်စီစဉ်ကြတာပေါ့။ သူတို့ကို လုံးဝပေးမလွှတ်နဲ့နော်။ ကြီးကြီးပြောတာသဘောပေါက်လား"
".............."
"အေး...ကြီးကြီးတို့ကွယ်ရာမှာ ရှိနေရင်တော့ ကြီးကြီးလည်းမတတ်နိုင်ဘူး။ ဒီအချိန်မှတော့ မဖြစ်မနေပေးစားရမှာဘဲ။ သူတို့ကိုတွေ့ရင်သာ သားမဆူပါနဲ့ကွယ်။နှစ်ယောက်ပူးတွေ့ခဲ့ရင်လည်း ခေါ်သာထားလိုက်"
".........."
"သားသွားတော့ကိုရဲ...ကြီးကြီးလည်းဖုန်းချလိုက်တော့မယ်။ ကြီးကြီးစိတ်ချမယ်နော်"
သွားပြီ။ ကိုရဲကြီးနဲ့သာတွေ့သွားရင် မိပခြုပ်အိမ်ပြန်ရောက်လာမှာ။ ရန်ကုန်...ရန်ကုန်။
ဟင်....စွဲ...စွဲလည်း ဒီမနက်ရန်ကုန်သွားမှာ။ဘုရား...သူတို့...သူတို့တွေ့များတွေ့နေမလား။အို...မတွေ့နိုင်ပါဘူး။ ပခြုပ်က သူ့ဘာသာထွက်သွားတဲ့ဟာ..စွဲကလည်းစက်ပစ္စည်းတက်ဝယ်တာ။ သူ့အိမ်တစ်ယောက်ယောက်
တော့ပါမှာဘဲ။ပြီးတော့ စွဲနဲ့ပခြုပ်က သိကြတာမှမဟုတ်တာ...ကားအတူတူစီးတော့လည်းဘာဖြစ်လဲ။
ခုမှ စိတ်သက်သာရာရသွားကာ မြရွှေကြုတ် ဆိုင်ကယ်ကိုပုံမှန်ပြန်မောင်းနိုင်တော့သည်။
"ကျွီ......"
"ရွှေကြုတ်....မြန်မြန်အဝတ်လဲ... မေမေတို့နေ့ချင်းပြန်သွားမယ်။ ဘာအဝတ်မှထည့်မနေနဲ့"
ဒေါ်စနိုး...မြရွှေကြုတ်ကိုပြောပြီးသည်နှင့်အိမ်ထဲ တန်းဝင်သွားတော့သည်။ သောကပွေနေသည့် မိခင်၏နောက်ကျောကိုငေးကြည့်ရင်း ရွှေကြုတ်ခေါင်းခါယမ်းလိုကိမိသည်။
"ဟူး.....ဘာဖြစ်ဖြစ်ပခြုပ်နဲ့စွဲကသိကြတာမှမဟုတ်တာ။ စွဲဆိုတာ အစောကြီးထဲ ငါ့အပိုင်။ ငါ ဘာတွေတွေးပူနေတာလဲ...အဟင်း ရူးတော့မှာဘဲ။ငါပိုင်ပြီးသားကို တွေးပူနေတာပါလား"
ဘာမှပူနေဖို့မလိုဘူး မေမေလိုက်ဆိုတော့လည်း လိုက်သွားရုံပေါ့။ ပခြုပ်ပြန်ရောက်တာနဲ့လက်ထပ်ဖို့ကိစ္စ မေမေတို့ကိုဖွင့်ပြောရမယ်။
အကြံကြီးကြီးကြံလျက် မြရွှေကြုတ် ပြုံးနေမိသည်။ ထို့နောက်... အိမ်ထဲဝင်ကာ အဝတ်အမြန်လဲလိုက်သည်။ ဒေါ်စနိုးကတော့ ခုချိန်ထိအခန်းထဲကထွက်မလာသေး။
အင်း....မေမေအလုပ်ရှုပ်နေတုန်း စွဲဆီဖုန်းဆက်ရင်ကောင်းမယ်။ ဒါမှ သေသေချာချာသိရတာပေါ့...။စွဲ ဘယ်ကားနဲ့ပါသွားလဲ သိရရင်ပြီးပြီ။
ရွှေကြုတ် ကိုယ့်အကြံနှင့်ကိုယ်နောက်ဖေးဘက်ထွက်လာခဲ့လိုက်သည်။ ပြီးတော့...ဖုန်းနံပါတ်တွေကို အမြန်နှိပ်လိုက်၏။
"တူ....တူ...တူ....."
ဖုန်းဝင်နေပေမယ့် တဖက်မှာကိုင်မဲ့သူမရှိ။ တတူတူဖြင့်အချိန်စေ့တော့ ဖုန်းကျသွားသည်။
"တောက်.....စွဲ ရှင်ဘာတွေလုပ်နေလို့ဖုန်းမကိုင်ရတာလဲ"
နောက်တစ်ကြိမ်ပြန်ခေါ်ဖို့တုံ့ဆိုင်းနေရင်း ရွှေကြုတ်ဒေါသတွေဆူပွက်လာရသည်။ပြီးတော့...အပူလုံးကြီးက ရင်ဝအထိဆို့တက်လာနေသည်။
"မဖြစ်သေးပါဘူး...စွဲ ဖုန်းကိုင်ပါ...ဖုန်းကိုင်စမ်းပါ"
နောက်တစ်ကြိမ်ဖုန်းခေါ်ရင်း ရွှေကြုတ်စိတ်တွေဂနာမငြိမ်။ လက်သီးဆုပ်လေးဖြင့်တင်ပါးကို ပြန်ထုရင်း ခြေတောက်လေးပါခုန်ဆွခုန်ဆွဖြစ်နေရသည်။မတည်ငြိမ်တဲ့စိတ်ကို သူမ၏လှုပ်ရှားမှုတွေက သက်သေခံနေ၏။
"တူ....တူ...တူ..."
တဖက်က ထူးသံမကြားရလေ ရွှေကြုတ်ရင်ပူနေရလေပါ။ စွဲ....ဖုန်းကိုင်ပါ။
"ပြော...ရွှေကြုတ်...."
ဒိတ်....။ စွဲရဲ့အသံလေးကြားလိုက်ရတာနဲ့ ရွှေကြုတ်ဝမ်းသာသွားရကာ၊
"စွဲ....ရှင်ခုဘယ်မှာလဲ"
ဖုန်းထူးသံကြားလိုက်တာနဲ့ သူမသိချင်တာကိုအလောတကြီးမေးလိုက်မိတာ ခလုတ်တိုက်မတတ်။
"ကားပေါ်မှာလေ....."
စွဲ၏သြရှရှအသံလေးသည် မဆိုသလောက်တိုးလို့နေသည်။
"ဘာကားလဲ....ဘယ်နှနာရီကားလဲ"
"Express bus ပေါ့ကွ"
ဟင်...။ရွှေကြုတ် နှလုံးခုန်သံတွေပြန်ပြီးမြန်လာရ၏။ ဒီကားတွေဘဲစီးမယ်ဆိုတာသိပေမယ့် သေချာအောင်ထပ်မေးနေမိတာ။အချိန်...အချိန်မတူပါစေနဲ့။
"ဘာဖြစ်နေတာလဲ...အဲဒါ"
"ရွှေကြုတ်မေးတာသာ ဖြေစမ်းပါ။ စွဲ ဘယ်နှနာရီကားနဲ့သွားတာလဲ"
ရွှေကြုတ် ဆင်ခြင်ရမှန်းမသိတော့ပါ။ သိချင်တာကိုတရစက်မေးနေမိသည်။
"ခုနစ်နာရီကားနဲ့....ဘာဖြစ်လို့လဲ"
"ဟင်!......"
ရွှေကြုတ် ရင်ထဲဒိန်းခနဲဖြစ်သွားပြီး လူပါကျောက်ရုပ်လိုခဏငြိမ်သက်သွားရသည်။
"ခုနစ်နာရီ...ဟုတ်လား"
"ဘာဖြစ်နေတာလဲ မင်း..."
"ဘာ..ဘာမှမဖြစ်ပါဘူး စွဲ"
"မဟုတ်ဘူး မင်းတစ်ခုခုဖြစ်နေတယ်။ဘာလဲ ကိုယ့်ကိုပြော ရွှေကြုတ်"
အကင်းပါးလွန်းသည့်မင်းစွဲဘဏ္ဍာ ချက်ချင်း..ရွှေကြုတ်အပြုအမူကိုရိပ်မိသွား၏။ ပျက်ယွင်းသွားသည့်မျက်နှာကို ပြင်ရင်း ဟန်လုပ်လိုက်ကာ ရွှေကြုတ်ပြုံးလိုက်မိသည်။
"အဟင်း....ဘာဖြစ်ရမှာလဲ စွဲရာ။ ကိုယ့်ချစ်သူကို ကိုယ်ဖုန်းဆက်မမေးရတော့ဘူးတဲ့လား"
"မဟုတ်ဘူး...မင်းတစ်ခုခုဖြစ်နေတယ် ရွှေကြုတ်"
"မဖြစ်ပါဘူးဆို စွဲကလည်း..ရွှေကြုတ်က သိချင်လို့မေးလိုက်တာကို"
"အင်းပါ....ဘာမှမဟုတ်ရင်လည်း ကိုယ်ဖုန်းချလိုက်တော့မယ်"
"ဘိုင့်ဘိုင်...အာဘွားစွဲ"
"အင်း..."
ဟင်း....။သက်ပြင်းမောတစ်ချက်ချရင်း ရွှေကြုတ် ရင်ခထဲလှိုင်းထန်လို့နေသည်။
ကားတစ်စီးထဲ အတူတူပါလား။ မတော်တဆများ...သူတို့ဆုံနေရင်...။ ဘာလို့ အဲဒီလောက်အထိတိုက်ဆိုင်နေတာလဲ...ကံကြမ္မာကမျက်နှာသာပေးနေတာများလား။ အို...ဘယ်လိုဖြစ်ဖြစ် စွဲကိုအဆုံးရှုံးမခံနိုင်ဘူး။စွဲနဲ့လက်ထပ်မဲ့ စွဲရဲ့ဇနီးဟာ မြရွှေကြုတ်ဘဲဖြစ်ရမယ်။ စွဲရဲ့မဟေသီနေရာကို ဘယ်မိန်းမမှ ကျူးကျော်ခွင့်မရှိဘူး။ ဆော်ရီးပဲပခြုပ်...ငါရဲ့ပြိုင်ဘက်နေရာကိုနင်ဘယ်တော့မှရမှာမဟုတ်တာသေချာတယ်။ဒီပွဲရဲ့..winner က ငါဘဲဖြစ်ရမှာ...ကိုယ့်အစ်မအတွက်တော့စိတ်မကောင်းပါဘူးဟာ။
ရိုးသားဖြူစင်မှုကင်းမဲ့သောအပြုံးများနှင့် ဆင်မြန်းထားသည့် နှုတ်ခမ်းတစ်စုံဟာ အကျည်းတန်စွာ တွန့်ချိုးလို့နေ၏။
~~~~~~~~~~~~~~~~~~~~~~~
"တီ....တီ...."
လမ်းပေါ်ကနေ ဘဲလ်တီးကာ တအားမောင်းသွားတဲ့ဆိုင်ကယ်ကြောင့် အကြော်ဆိုင်တဲဆီက မျက်လုံးတွေအားလုံးထိုဆိုင်ကယ်နောက်ကပ်ပါသွားကြ၏။
"စနိုးတို့သားအမိမို့လားအေ့..."
ရွာတောင်ပိုင်းက ဒေါ်စိန်တင်က မျက်ခုံးတွေတွန့်ချိုးလျက်လိုက်ကြည့်ရင်း အနီးရှိဆောင်းယွန်းရဲ့မိခင်ဒေါ်ဝတ်မှုံကိုလက်တို့မေးလိုက်သည်။ ဒေါ်စိန်တင်ဆိုတာ အသက်ခုနစ်ဆယ်နီးပါးမုဆိုးမတစ်ဦးဖြစ်ပြီး ရွာလယ်ပိုင်းမှာသားနှင့်အတူနေထိုင်သူဖြစ်၏။
"ဘာလုပ်ကြတာလဲ..."
အကြော်စောင့်နေသည့် ဆယ်အိမ်ခေါင်း၏ဇနီးဒေါ်သက်သက်ကပါ စကားစလာ၏။
"အေးလေ..ဘယ်သွားကြတာလဲမသိဘူးနော်။ ရေးကြီးသုတ်ပြာနဲ့ တစ်ခုခုဖြစ်လို့များလား"
"ဟုတ်ပါ့...အရှေ့က အကြီးမလေးနတ်ပခြုပ်မို့လား"
မျက်စိမှုန်နေသည့်ဒေါ်စိန်တင်က လူကြီးရဲ့ဇနီးဒေါ်သက်သက်ကိုမေးနေသည်။
"မဟုတ်ပါဘူး...ဟိုပွေလီမ..မြရွှေကြုတ်မို့လား"
အကြော်စားနေတဲ့ဆောင်းယွန်းက မိခင်ဖြစ်သူဘေးကနေ ထပြောလိုက်၏။ အားလုံးအကြည့်တွေ ဆောင်းယွန်းဆီရောက်လာပြီး၊
"ရွှေကြုတ်နဲ့ဟုတ်လား"
"ဟုတ်တယ်...သမီးတော့မြရွှေကြုတ်ဘဲတွေ့လိုက်တာ။ ဘာဖြစ်လို့လဲ မသိဘူး"
"ခါတိုင်းဆို ပခြုပ်နဲ့ဘဲ သွားလာနေတာ..ဒီနေ့မှတယ်ထူးဆန်းနေပါလား"
"အေး...ညည်းတို့ပြောမှ ကျုပ်သတိရတယ်သိလား။ မနက်က ကျုပ်အကြော်ဆိုင်လာဖွင့်တော့ အကြီးမပခြုပ်က အထုပ်အပိုးတွေနဲ့ မောင်ထူးဆိုင်ကယ်နောက်ပါသွားတယ်တော့"
"ဟုတ်လား..."
"နတ်ပခြုပ်တစ်ယောက်ထဲလား"
"ငါတော့ နတ်ပလခုပ်တစ်ယောက်ထဲဘဲမြင်လိုက်တာ။ သေချာတယ် သူတို့တစ်ခုခုဖြစ်နေကြပြီ"
"နတ်ပခြုပ်က အထုပ်အပိုးတွေနဲ့သွားတာလား"
"ကျုပ်မျက်စိက ဒီလောက်တော့မမွဲသေးပါဘူးအေ"
"အထုပ်အပိုးတွေနဲ့ဆိုတော့ နတ်ပခြုပ်က ဘယ်သွားတာလဲ"
"အေးလေ...ဒီကောင်မလေးက ကျောင်းလည်းပြီးနေပြီ "
"ဒေါ်လေးစနိုးတို့ ဒီလောက်ပြာယာခတ်နေရင်တော့ ပခြုပ်လင်နောက်လိုက်သွားတာဖြစ်မယ်"
"ဘယ်လိုဆောင်းယွန်း"
ဆောင်းယွန်းရဲ့စကားကြောင့် မျက်လုံးတွေပြူးကုန်ကြကာ၊
"ကောင်မလေးမှာ ရည်းစားရှိတယ်လို့ ငါတော့မကြားမိပါဘူးအေ"
ဒေါ်စိန်တင်ကြီးက ဆေးတံကြီးဖွာလျက်မျက်စောင်းကြီးဝင့်ကာပြောလာသည်။
"အို အဒေါ်ကလည်း...ဘယ်သူကတော့ ကျွန်မမှာရည်းစားရှိနေပါတယ်လို့လိုက်ကြွားနေမှာလဲ"
"ဒါတော့ ဟုတ်တယ်။ ကောင်မလေးက မြို့မှာကျောင်းသွားတက်နေတာဆိုတော့ ဟိုမှာရည်းစားထားတာ ညည်းတို့ကျုပ်တို့ဘယ်လိုလုပ်သိမှာလဲ"
ဒေါ်သက်သက်ရဲ့အပြောကြောင့် အားလုံးခေါင်းညိတ်သွားကြရင်း၊
"အုံပုန်းခုန်ရင်မြေတုန်သတဲ့...ပုပ်ရင်တော့ပေါ်လာမှာပေါ့..."
"နတ်ပခြုပ်က အငယ်မလေးလိုမဟုတ်ပါဘူးအေ။ ကျုပ်တို့မျက်စိအောက်တင်ကြီးလာတာဘဲ။ သဘောဖြူတဲ့ကောင်မလေးပါအေ။ရှုပ်ရှုပ်ယှက်ယှက်တွေလည်း မရှိရှာပါဘူး"
တချိန်လုံးငြိမ်နေသည့် ဒေါ်တင်မမကရဲ့အသံက ထွင်းဖောက်ကာထွက်လာ၏။
"ပခြုပ်သာ အဲလိုမိန်းကလေးဆိုရင် သတင်းတွေပျံ့နေတာကြာပေါ့။ ပခြုပ်လောက်အနေအထိုင်တော်တာ သူတို့အိမ်မှာမရှိသေးဘူး။ ညည်းတို့ပြောသလိုမဟုတ်ရှာပါဘူးအေ"
"ဒေါ်လေးက ဘာသိလို့လဲ..ခုခေတ်က အိုင်တီခေတ်။ ရည်းစားထားတာ လူမြင်တာမှမဟုတ်တော့ဘဲ"
"အင်း...ညည်းတို့ပြောခဲ့သလိုပေါ့အေ။ ဟုတ်ရင်ကျော်မယ် ပုပ်ရင်လည်းပေါ်လာမှာဘဲ။ ဒီခေတ်က သတင်းအမြန်ဆုံးခေတ်ဟုတ်ပါတယ်။ ပခြုပ် အနေအထိုင်တော်လို့သာ ခုချိန်ထိဘာသတင်းမှ မထွက်သေးတာပေါ့။ တကယ်လို့ ရည်းစားရှိခဲ့ရင်လည်း သင့်တော်နေပါပြီ။ ပခြုပ်ကဘွဲ့လည်းရနေပြီ..အရင်ကလည်းဘာနာမည်ဆိုးမှ မရှိခဲ့ဘူးမဟုတ်လား"
"မမတင်ပြောတာ ဟုတ်တယ်နော်။ နတ်ပခြုပ်နဲ့ကျောင်းအတူတူသွားတက်တဲ့ဟိုဘက်ရွာကကောင်မလေးဆို ပထမနှစ်ထဲက လင်ရသွားတာ။ နတ်ပခြုပ်က ရွာမှာလည်းဘာမကောင်းသတင်းမှမထွက်ဘူး"
ဒေါ်သက်သက်က ခုမှတွေးတွေးစစဖြင့်ဒေါ်တင်မမဘက်ကလိုက်ပြောလာ၏။ ဒေါ်စိန်တင်ကတော့ နှုတ်ခမ်းကြီးတစ်ဖက်ရွဲ့ရင်း၊
"အမလေးတော်...အကြီးမကိုလည်းအရမ်းကြီးမချီးမွမ်းကြပါနဲ့ဦး။ရှေ့ကတစ်ယောက်ကတော့ လက်လန်စရာ..."
"မြရွှေကြုတ်ရှုပ်တာနဲ့ဘဲ နတ်ပခြုပ်ပါ ရှုပ်လိမ့်မယ်လို့ တသမတ်ထဲ တွက်လို့ဘယ်ဖြစ်လိမ့်မလဲ ဒေါ်လေးရယ်။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်သဘောချင်းခံယူချက်ချင်းတူတာမှမဟုတ်တာ"
"အေးပါ...ညည်းတို့ကြည့်ထားကြပေါ့အေ.."
ဒေါ်စိန်တင်တစ်ယောက် အကြော်ထုပ်ကိုဆွဲလျက် ဘောက်ဆတ်ဘောက်ဆတ်ဖြင့်လျှောက်ထွက်သွားတော့သည်။ သူတို့စကားဝိုင်းက မပြေလည်ခြင်းများစွာဖြင့်အဆုံးသတ်သွားရသည်။
~~~~~~~~~~~~~~~~~~~~~~~~
"မေမေ့.....အား....."
ထအော်လိုက်တဲ့ သူမကြောင့် စွဲအတွေးတွေရပ်တန့်သွားရသည်။ အိပ်မှုန်စုံမွှားဖြင့် ကုန်းထနေသည့် သူမ.. အိပ်မက်မက်ပြီး ယောင်နေခြင်းပင်။မျက်ရည်စလေးတွေနှင့် စိုလက်လက်မျက်လုံးလေးတွေက သူ့ကိုစူးစိုက်ကြည့်ကာ ကြောင်အမ်းအမ်းဖြစ်လို့နေသည်။
အို...။ငါ အိပ်မက်မက်နေတာပါလား။ ပခြုပ် သူ့ကိုသတိရသွားပြီးအကြည့်..သူကလည်းပခြုပ်ကိုကြည့်နေတာနှင့်ကွက်တိမိသွားရပြီး အိပ်မက်မက်ပြီးယောင်နေမိသည့် သူမကိုယ်သူမရှက်သွားရသည်။ သူကလည်း ပခြုပ်ကိုဘာဖြစ်တာလဲဆိုသည့်မျက်လုံးများဖြင့်ကြည့်နေသည်။ ရန်ကုန်ကိုသုံးနာရီလောက်ဘဲမောင်းရမှာ။ ပခြုပ် ရှက်ရှက်ဖြင့် မျက်နှာလွှဲရင်း အိတ်ထဲကဖုန်းလေးကိုထုတ်ကာ နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲ။ နောက်တစ်နာရီခွဲလောက်ကြာမှ ရန်ကုန်ရောက်မှာ။
ဟင်း....။ သက်မတွေသာ အခါခါချနေမိသည်။ နာရီပတ်တဲ့အကျင့်မရှိတော့ နာရီသိချင်တိုင်းဖုန်းကို ဖွင့်ကြည့်နေရသည်။ silent လုပ်ထားတဲ့ဖုန်းမှာ အခါသုံးဆယ်လောက်ဖုန်းတွေဝင်ထားသည်။ မေမေ ဆက်တာမှန်းသိနေတော့ ပခြုပ်ဖုန်းလေးကို မှောက်ပြီးကိုင်ထားလိုက်သည်။
ဆင်းကဒ်ကို ရန်ကုန်ရောက်တာနှင့်လဲလိုက်တော့မည်။ မေမေ့တို့ကို အပူတွေမတိုးစေချင်တာ ပခြုပ်ရဲ့စေတနာအမှန်ပါ။ ရည်းစားတွေများတဲ့ရွှေကြုတ်...ဒီကိုယ်ဝန်က ရွှေကြုတ်ရဲ့ဘယ်နံပါတ်စဉ်မှန်း ပခြုပ်မသိရ။ပြီးတော့..သူကရောပခြုပ်ကိုသိမှာတဲ့လား။ ရွှေကြုတ်နဲ့မှားယွင်းတဲ့ကိစ္စမှာ ပခြုပ်ဘယ်သူ့ကိုရိုးမယ်ဖွဲ့ရမှန်းမသိ။
တွေးတွေးငေးငေးလေးဖြစ်နေသည့်ဘေးတစောင်းမျက်နှာဖောင်းဖောင်းလေးကို ကြည့်မိရင်း စွဲစိတ်တွေထူးဆန်းနေသည်။ သူမှာ မဖြစ်မနေလက်ထပ်ရတော့မဲ့မိန်းကလေးရှိနေပြီ။ဒါပေမယ့်..သူဘာဖြစ်နေမှန်းမသိတော့။ သူမကို ကူညီဖေးမချင်စိတ်လေးတွေတဖွားဖွားဖြစ်ပေါ်လို့နေသည်။
"ကလင်....ကလင်...."
သူ့လက်ထဲကဖုန်းလေး ထမြည်လိုက်တော့ သူမမျက်လုံးကြည်ကြည်လေးတွေ သူ့ဆီရွေ့လျားလာ၏။ဆွဲငင်ခြင်းတမျိုးဖြင့်မျက်လုံးလေးတွေကိုယ်စီ မလွှဲဖယ်မိ။ ရီဝေဝေအကြည့်လေးတွေ အတန်ကြာဆုံနေပြီးမှ သူမကအရင်အကြည့်လွှဲသွားကာ ခေါင်းလေးတစ်ဖက်စောင်းသွားတော့သည်။
ဖုန်းမြည်သံက တစ်ခါတိတ်ကျသွားပြီးမှ နောက်တစ်ချိန်ပြန်ပေါ်လာသည်။ သူ..ဖုန်းမကိုင်ဖြစ်သေးဘဲ သူမရဲ့လှုပ်ရှားဟန်လေးကို အစအဆုံးလိုက်ငေးနေမိသည်။
"အေးပြော...သားကြီး.."
"စွဲ....မင်းအားလား"
"ဘာဖြစ်လို့လဲ သားကြီး"
သူ့ကိုတစ်စုံတစ်ယောက်ကြည့်နေသလိုခံစားလိုက်ရသဖြင့် ဖုန်းပြောရင်း စွဲမျက်လုံးတွေ သူမဆီရောက်သွားရသည်။ ထိုအခါ...သူ့ကိုခပ်စူးစူးလေးကြည့်နေသည့်သူမနှင့်မျက်လုံးချင်းစုံသွားရတော့သည်။ ပခြုပ်လည်း အကြည့်လွှဲဖို့မေ့လျော့သွားရကာ၊
"အရေးတကြီးပြောစရာရှိလို့ တွေ့နေကြဆိုင်ကိုလာခဲ့ပါလား"
"ငါ ကားပေါ်ရောက်နေတယ်သားကြီးရ၊ ရန်ကုန်သွားမလို့လေ"
စွဲ ဖုန်းပြောရင်း မျက်နှာဝိုင်းဝိုင်းလေးကိုမလွတ်တမ်းငေးကြည့်နေမိ၏။
"ဟုတ်လား....မင်းသွားတာငါတို့တောင်မပြောဘူး"
"ဟေ့ကောင်...ရမ်းမပြောနဲ့။ မင်းမနေ့ကခြင်းဝိုင်းမလာဘဲနဲ့။ဟိုကောင်တွေအကုန်သိတယ်"
လွှဲဖယ်သွားသည့်မျက်နှာလေးကို လိုက်ကြည့်ရင်း စွဲ ပြုံးမိသွားရသည်။ ဒီကောင်မလေး...မျက်နှာလေးက ကလေးရုပ်နဲ့အမူအယာလေးက လူကြီးလေးလို ခပ်တင်းတင်း..။ဘယ်လိုလေးမှန်းမသိ။
"ဟုတ်လား...မင်းဘယ်နေ့ပြန်ရောက်မှာလဲ"
"ငါ သင်တန်းလာတက်တာသားကြီး။ ဘာဖြစ်လို့လဲ မင်းတို့လိုက်ခဲ့လေ"
"ငါပြောစရာရှိလို့ကွ..။ မင်း ရောက်ရင်ဖုန်းပြန်ဆက်လိုက်စွဲ"
"အရေးကြီးလို့လား"
"အင်း...အရမ်းအရေးကြီးတယ်။ မင်း ရောက်ရင်သာဖုန်းဆက်ဖို့မမေ့နဲ့"
"သားကြီး....ဘာလဲကွ။ ငါ သိချင်လာပြီ"
"သိရမှာပေါ့ကွာ....ကားပေါ်မှာဆိုတော့ အေးအေးဆေးဆေးဘယ်ရှိမလဲ"
"Ok...ရောက်တာနဲ့ငါဖုန်းပြန်ဆက်မယ် သားကြီး"
"အေး....ဒါပဲ စွဲ"
ဒီကောင် ဘာဖြစ်နေတာလဲ။ အသံကလည်းတစ်ခုခုကိုဒေါကန်နေပုံနဲ့။ ထက်ကို...ထက်ကို..စော်နဲ့အဆင်မပြေပြန်ဘူးထင်တယ်။
ထက်ကိုရဲ့အကြောင်းကိုသိနေသူမို့ စွဲပြုံးလိုက်မိရင်း ဘေးကိုအလှည့်..၊
"ဟောဗျာ....."
ခေါင်းလေးငဲ့စောင်းလျက် မရွှေချောကစက်ဆော်ခေါ်လို့နေပြီ။ သူ ဖုန်းပြောတာလည်းမကြာပါ။ ခဏချင်းအိပ်ပျော်သွားတဲ့ သူမကိုကြည့်နေရင်း စွဲနှုတ်ခမ်းတွေပြန်မစေ့တော့။သူ ကြည့်နေရင်း သူမကိုယ်လေးတစ်ချက်လှုပ်ရှားသွားကာ ခေါင်းလေးပါ သူ့ဘက်ငိုက်ကျလာတော့သည်။
"အဟင်း...."
ခေါင်းလေးဆတ်ခနဲဖြစ်သွားပြီး သူ့ပခုံးပေါ်တဖြည်းဖြည်းပြိုဆင်းကျလာသည်။အခွင့်အရေးယူတယ်လို့ထင်သွားမှာစိုးကာ သူ ပခုံးလေးကိုယို့ပစ်လိုက်တော့ သူမခေါင်လေးက အမှီရှာသလိုယိုင်လိုက်လာသည်။
စွဲကိုယ်လုံးလည်း ခုံပေါ်ကနေတခြမ်းစောင်းဖြစ်နေပြီ သူမခေါင်းကယိုင်နဲ့ပါလာမြဲ။
ဟင်း....တဆိတ် အထင်မလွဲလိုက်ပါနဲ့ အမိ။ သူ ပခုံးကိုပြန်မတ်လိုက်တော့ သူမခေါင်းလေးကတအိအိပြိုကျလာတော့သည်။သူ့ပုခုံးပေါ်ခေါင်းတင်လျက် အေးချမ်းစွာအိပ်စက်နေသော မရွှေချောကိုတချက်စောင်းကြည့်ရင်း၊
"မင်းဒီလိုပဲ ကြုံရာမှာအိပ်ပျော်သလား အမိ"
သူ့ခေါင်းကို စောင်းထားတာမို့ သူ့ပါးပြင်နှင့် သူမနဖူးက မိတ်ဆက်လို့နေသည်။ နီးကပ်လွန်းသည့်အနေအထားမှာ သူ့စိတ်ထဲမနေတတ်သလိုကြီးဖြစ်လာသည်။ထိုအခါ.. ရှေ့ကိုမျက်နှာပြန်လှည့်လိုက်ပြီး လက်ပိုက်လျက်မျက်လုံးစုံမှိတ်ထားလိုက်မှာ မရိုးမရွခံစားချက်တွေငြိမ်သက်သလိုဖြစ်သွားတော့၏။
အပိုင်း(၉)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း