မိုးသည်းည...ကာရန်
~~~~~~~~~~
"ကျွန်မ...အန်ချင်....ဝေါ့"
"ပေနေပြီဘဲ...ဆက်အန်ချလိုက်ပါ။အားမနာပါနဲ့"
သူ့ပေါင်တစ်ခုလုံးပေနေပြီမို့ မထူးတော့ပါ။ သူမကိုလွတ်လွတ်လပ်လပ် အန်ခိုင်းလိုက်တော့သည်။
"ဝေါ့!....."
ကိုယ်ဝန်ရှိစမို့ ဘာမှမစားပါဘဲအရည်တွေအန်နေသည်။ပခြုပ် အကြောင်းပခြုပ်သာသိသည်။ သူကတော့ ကားမူးလို့ရိုးရိုးအန်တယ်လို့ဘဲထင်နေကာ၊
"အားနာလိုက်တာရှင်....."
ခေါင်းပြန်မတ်လိုက်ရင်း အားနာနာဖြင့်သူ့ကိုမော့ကြည့်လိုက်မိစဉ်၊
"ကားဆရာ...ခဏ၊ဒီမှာအန်နေလို့...."
သူ ကားသမားကိုလမ်းအော်လိုက်သည့်အသံကြောင့် ကားလည်းရပ်သွားကာ ကားတစ်စီးလုံးကခရီးသည်များ၏အကြည့်တွေသူတို့နှစ်ယောက်စီစုပုံရောက်လာ၏။ ကားရပ်သွားသည်နှင့် မလိုလားသလိုဝိုင်းကြည့်နေကြသည့်လူတွေကိုနည်းနည်းမှဂရုမစိုက်ပါဘဲ သူကနေရာမှထရပ်လိုက်ကာ၊
"ဟေ့!.....မင်းပါလိုက်ခဲ့လေ၊ပလုတ်လေးဘာလေးမကျင်းတော့ဘူးလား"
အပေါ်ကကျောပိုးအိတ်ကို ဆွဲချလျက် ကြောင်ငေးနေမိသည့် သူမကိုပါခပ်နက်နက်လေးကြည့်ကာခေါ်လိုက်၏။ ထို့နောက်.. ရှေ့ကနေလျှောက်လမ်းအတိုင်း ခပ်တည်တည်လျှောက်ထွက်သွားတာမို့ စူးစိုက်ကြည့်နေသည့်မျက်လုံးများကြားဝယ်ခေါင်းလေးငုံ့လျက်သူ့နောက်လိုက်ခဲ့ရသည်။
"အမလေးတော်...ကားကထွက်မယ်မကြံသေးဘူး ပြဿနာကရှာပြီ။ ကားမူးတတ်ရင်အစောထဲက ဆေးဆောင်ထားပေါ့။ခုတော့..ခရီးတွေအလကားဖင့်ကုန်ပြီ"
ကားခေါင်းဘက်က အဒေါ်ကြီးအသံကစီခနဲထွက်ပေါ်လာ၏။ သူက ကားပေါ်ကခုန်ဆင်းသွားပြီ။ သူမမှာသာ ထိုအဒေါ်ကြီးရှေ့မို့ ရုတ်တရက်ကိုယ့်ကိုအပြောခံလိုက်ရသဖြင့် ခြေလှမ်းတွေပါတုံ့သွားရ၏။
"လာ...."
ကားအောက်ကနေ မော့ကြည့်လျက် ခေါ်နေသည့် သူ။ ကြည်လဲ့နေသည့်မျက်လုံးလေးတွေက အပေါ်ကိုပင့်ကြည့်လာသဖြင့် မျက်ဆံအနက်အောက်တွင်မှဲ့နက်ကလေးကတမျိုးလေးဆန်းနေ၏။
"မြန်မြန်ဆင်းလေ...ခရီးသည်တွေစောင့်နေရတာ အားနာစရာ"
"ရှင်!....ဟုတ်"
မတုန်မလှုပ်ဖြင့် ခပ်ငိုင်ငိုင်လေးဖြစ်နေသည့် သူမကိုမျက်မှောင်ကျုံ့လျက်ပြောဆိုပြီး သူကတဖက်လှည့်သွားတော့၏။ ပခြုပ်မနေသာတော့ပါ။ကားပေါ်ကနေ ဆင်းလိုက်ပြီး သူ့နောက်မှာခပ်တောင့်တောင့်လေးရပ်လျက် အသားညိုညို၊ထောင်ထောင်မောင်းမောင်းနှင့် ထိုယောက်ျားပျိုကိုသာ အားအနာကြီးနာနေရသည်။
"ရော့!.....မင်းပလုတ်အရင်ကျင်းလိုက်"
သူ့အိတ်ထဲကနေ ရေသန့်တစ်ဗူးထုတ်ကာ ပခြုပ်ဘက်ကမ်းပေးလိုက်တာမို့ လှမ်းယူလိုက်ပြီးကပြာကယာပလုတ်ကျင်းလိုက်ရသည်။
ဆံပင်တွေမျက်နှာပေါ် ဖရိုဖရဲပြိုဆင်းကာ တမျိုးလေးအရိုင်းဆန်နေသည့် မျက်နှာဝိုင်းဝိုင်းလေးကို ဘေးတစောင်းငေးကြည့်ရင်း သူ့စိတ်ထဲညံ့သက်နေရသည်။ ခရီးထွက်တိုင်းသူငယ်ချင်းတွေ၊မိဘတွေနှင့်သာ အများဆုံးထွက်ဖြစ်တာမို့ ပထမဆုံးတစ်ကိုယ်တည်းခရီးစဉ်က အစမှာပင်ထူးခြားလို့နေလေ၏။ခုလိုပြဿနာမျိုးလည်း မကြုံဖူးခဲ့တာမို့စိတ်ထဲအနည်းငယ်ကသိကအောင့်ဖြစ်သွားတာကလွဲပြီး သူလုံးဝစိတ်မဆိုးခဲ့ပေ။
ရေသန့်ဗူးကိုနှုတ်ခမ်းဖြင့်မထိအောင်မော့နေသည့် သူမမျက်နှာလေးကိုအမှတ်တမဲ့ငေးမိသွားရ၏။မတိုမစိပ်မျက်တောင်လေးတွေကမျက်ခွံမို့မို့လေးထက်ပင့်ကပ်ကာ နှုတ်ခမ်းလေးဟလျက်ရေမော့နေသည့်ပုံလေးကိုဘေးတိုက်ကနေ ရပ်ကြည့်နေမိသည်။သူမထက်လှတဲ့မိန်းကလေးတွေကိုမြင်လည်းမြင်ဖူးခဲ့သလို တွဲလည်းတွဲခဲ့ဖူးပါ၏။သို့သော်...သူမမျက်နှာလေးလို ကလေးဆန်လျက်အေးဆေးတည်ငြိမ်ဟန်လေးကို သူမနဲ့မှမြင်ဖူးခဲ့ခြင်းပင်။ သူ ငေးကြည့်နေစဉ် သူမက ရေဗူးလေးကမ်းပေးလာတာမို့ စူးစိုက်ကြည့်နေမိသည့်သူ သူခိုးလူမိဖြစ်သွားရသည်။
ပခြုပ် ရေဗူးလေးကိုသူ့ဆီလှမ်းအပေး သူမကိုဘယ်အချိန်ထဲကကြည့်နေမှန်းမသိတဲ့သူနှင့်မျက်လုံးချင်းဆုံသွားရသည်။အနီဘက်လုနေသည့်နှုတ်ခမ်းလွှာကိုတင်းတင်းစေ့လျက်ခပ်စူးစူးစိုက်ကြည့်နေတာမို့ ပခြုပ်စိတ်ထဲမလုံမလဲဖြစ်သွားရကာ ကပြာကယာမျက်လွှာချလိုက်ရသည်။ သူကြည့်နေမှန်း စိတ်ကအလိုအလိုသိနေပြီး မနေတတ်သလိုဆံပင်တွေကိုနားရွက်နောက်သို့ အလုပ်မရှိအလုပ်ရှာလျက်ပို့နေမိသည်။အတန်ကြာမှ..သူ့ဆီကနေလှုပ်ရှားသံများထွက်လာတာမို့ သူမမော့ကြည့်လိုက်သည်။ ထိုအခါ...သူမပလုတ်ကျင်းပြီး ပြန်ပေးလိုက်သည့်ရေဗူးဖြင့် သူ့ပေါင်ပေါ်ကအန်ဖတ်အရည်တွေကိုလောင်းချဆေးကျောနေသည်။ ပခြုပ်...အားတုံ့အားနာဖြင့် သူ့ကိုသာငေးနေမိသည်လေ။
"မင်းဟိုဘက်လှည့်လေ...ငါပုဆိုးလဲမလို့"
အားငယ်ရိပ်တွေယှက်သန်းနေသည့်မျက်လုံးလေးတွေက သူ့ထံရစ်ဝဲနေတာမို့ လက်ထဲကပုဆိုးကိုဖြန့်လိုက်ရင်း သူမကိုသတိပေးလိုက်သည်။
"ရှင်......."
ပခြုပ်မျက်နှာလေးပန်းရောင်ပြေးသွားရပြီး ကြောင်တောင်တောင်လေးနှင့်သူ့ကိုမော့အကြည့်..မျက်စပစ်လျက်သူက တဖက်လှည့်ခိုင်းနေသည်။ ပခြုပ် မျက်နှာလေးရဲသွားကာ ပူထူသွားပြီး သူ့ကိုအမြန်ကျောခိုင်းလိုက်ရသည်။ ရှက်လိုက်တာ...ပခြုပ်..နင်လုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းဘဲ။ဟင်း....ငါ့ကိုတမျိုးထင်သွားပြီလားမသိဘူး။ရှက်ကိုးရှက်ကန်းဖြစ်ကာ မလုံမလဲဖြင့် သူမပါးကိုကုတ်ခြစ်နေမိသည်။
အဟင်း....။ရှက်ရှက်ဖြင့်တဖက်လှည့်သွားတဲ့မျက်နှာနီနီလေးကြောင့် သူကြိတ်ပြုံးမိသွားသည်။ ဖြန့်ကိုင်ထားတဲ့ပုဆိုးကို ခေါင်းကနေစွပ်ချလိုက်ပြီး လဲလှယ်လိုက်ရသည်။ ကားနှင့်ကွယ်ထားပေမယ့် သူဝတ်လာတာဂျင်းဘောင်းဘီ။ ဘောင်းဘီချွတ်ချလိုက်ပြီး ပုဆိုးကိုသေသေသပ်သပ်ပြင်ဝတ်နေစဉ်...၊
"ဟိုအစ်ကိုနဲ့အစ်မ....ကားထွက်ပါတော့မယ်ခင်ဗျာ...ကားပေါ်ကိုအမြန်လာပေးကြပါ"
စပယ်ရာလေးရဲ့အသံဗြဲကြောင့် ပခြုပ်ကားဘက်ကိုလှည့်လိုက်ပြီးမှ သူ့ကိုသတိရသွားကာ၊
"ရှင်ပြီးပြီလား"
"အင်း....ခဏ"
သူ့လက်ထဲကအိတ်ကို ကမ်းပေးနေတာမို့ လှမ်းယူလိုက်ရသည်။ သူက ဂျင်းဘောင်းဘီကိုကောက်ယူလိုက်ပြီး သေချာခေါက်လျက်သူမလက်ထဲကအိတ်ကိုပြန်ယူပြီးထည့်လိုက်၏။ ယောက်ျားဖြစ်ပြီး စည်းစနစ်ကျသည့် သူ့ကိုစိတ်ထဲကကျိတ်ချီးကျူးရင်း ရေသန့်ဗူးလေးကိုကိုင်လျက် သူ့ရှေ့ကနေကားပေါ်တက်ခဲ့သည်။
"ခရီးဖင့်ရတဲ့အထဲအေ...အလုပ်ကိုရှုပ်နေတာဘဲ"
အဆင်းတုန်းကပြောခဲ့တဲ့အဒေါ်ကြီးဆီက အသံထွက်လာပြန်သည်။ပခြုပ် ရင်ထဲဒိတ်ခနဲဖြစ်သွားရပြီး ခြေလှမ်းများအရပ်၊
"အင့်!....."
"အို...."
ပခြုပ်နောက်ကနေတက်လာတဲ့ သူ့ရင်ဘတ်နှင့်အင့်ခနဲပစ်တိုက်မိသွားရသည်။ခန္ဓာကိုယ်ထဲကသွေးတွေဖျင်းခနဲဖြစ်သွားရပြီး မျက်နှာပူပူဖြင့် ကိုယ့်ခုံနေရာကိုခေါင်းငုံ့လျက်အမြန်လျှောက်ခဲ့ရတော့သည်။
"ဟဲ့ကောင်လေး......"
"ဗျာ!.....ကျွန်တော်ကိုခေါ်တာလား"
လျှောက်လမ်းအတိုင်း လျှောက်နေစဉ် နောက်က သူနှင့်ခရီးသည်အဒေါ်ကြီးတွေအသံက တိုးဝင်လာသည်။သူမလှည့်ကြည့်တော့ ပခြုပ်တို့ခုံရဲ့ရှေ့နှစ်ခုံကျော်က အဒေါ်ကြီးက သူ့ကိုခေါ်လိုက်တာမို့ သူက ရပ်စောင့်ကာနားထောင်နေသည်။
"မင်းမိန်းမက ကားမူးတတ်ရင် ရှူဆေးတို့ချိုချဉ်တို့ဆောင်ထားလေကွယ်။ တကယ်ထဲ...ညားကာစတွေမှန်းသိသာလိုက်တာ"
"ခင်ဗျာ!.....မဟုတ်...."
ဘုမသိဘမသိရမ်းပြောလိုက်သည့် ထိုအဒေါ်ကြီးကြောင့် ပခြုပ်မျက်နှာဘယ်ထားရမှန်းမသိတော့ပေ။ ကိုယ့်ခုံဆီကပြာကယာသွားကာ နေရာမှ ထိုင်ချလိုက်သည့်အထိဘေးကိုမမြင်တော့။ ခေါင်းကိုစွတ်ငုံ့လျက်...အိတ်လေးကိုဆုပ်ထားမိသည်။
"ဘာမဟုတ်ရမှာလဲ။ ရော့....ဒီမှာရှူဆေးတောင့်... မင်းမိန်းမကိုရှူခိုင်း။တော်ကြာ တစ်လမ်းလုံးအန်နေမှဖြင့်..."
ဘုရား....။ ပခြုပ်ကိုယ်လေးကျုံ့သွားရကာ သူတို့ကိုလှမ်းအကြည့်..ပခြုပ်ဆီလှမ်းကြည့်လာသည့် သူ့အကြည့်တွေနှင့်ဆုံသွားရသည်။ ရှက်လိုက်တဲ့ဖြစ်ခြင်း...ဘာမသိ၊ညာမသိနှင့် စွပ်စွဲပြောဆိုနေကြတာ။ ပခြုပ်မှာ နေရင်းထိုင်ရင်းယောက်ျားတစ်ယောက်အဖက်တင်နေ၏။သူက ရှူဆေးဗူးကိုလှမ်းယူရင်း ပြုံးပြနေသေးသည်။
စွဲ...မျက်နှာနီနီလေးဖြင့် သူ့ကိုကြည့်နေသည့် အရှက်သည်းလွန်းသူကို ရယ်ချင်နေမိသည်။ ဘာမှမသိတဲ့လူတွေပြောနေတာကို အရှက်ကြီးရှက်နေသည့် သူမ နှုတ်သီးဖျားလေးတွေနဲ့ပါးပြင်လေးပါရဲလို့နေသည်။ဆုံလည်းဆုံတတ်ပါ့နော်...အဟင်း။ စိတ်ထဲက ကျိတ်ပြုံးမိရင်းထိုင်ခုံဆီလှမ်းလာခဲ့သည်။ ကားလည်းပြန်ထွက်နေပြီမို့..လျှောက်လမ်းကနေထိန်းလျှောက်နေရသည်။ အကြည်ဓာတ်လေးတွေဖြာနေသည့်မျက်လုံးလေးက မျက်တောင်တစ်ချက်မခတ်..။သူ့ကိုကြည့်နေပေမယ့် တကယ်ရောမြင်ရဲ့လားမသိ။ စူးရဲနေသည့်မျက်လုံးလေးတွေကြောင့် လှမ်းနေသည့်ခြေလှမ်းများပင်ရပ်ချင်ချင်။ စိတ်ထဲတမျိုးလေးဖြစ်နေရသည်။
မိန်းကလေးတစ်ယောက်က ခုလိုကြည့်နေတော့ ဖိန်းတိန်းရှိန်းတိမ်းဖြစ်ကာ ခြေလှမ်းမှားချင်နေသည်။စွဲ.. သူ့ကိုသူလည်း နားမလည်။ ရည်းစားတွေအများကြီးလည်းထားခဲ့ဖူးသည်၊ မိန်းကလေးသူငယ်ချင်းတွေလည်း သူ့မှာမရှား။ အားလုံးက အချောအလှတွေချည်းပင်။ အားလုံးရှေ့မှာ သူ ရဲရဲဝံ့ဝံ့ရှိခဲ့သည်။ ဘယ်မိန်းကလေးရဲ့မျက်လုံးအကြည့်ကိုမှ သူဂရုမစိုက်ခဲ့ဖူးပါ။ ခုမှဘာဖြစ်ရတာလဲ..။ စူးရဲနေသည့်မျက်လုံးလေးတွေက ထက်မြက်ဟန်တွေအပြည့်နှင့်။ သူ့ကိုစိုက်ကြည့်နေပုံက ကျောထဲဆိမ့်စေသည်။ မကြုံစဖူးထူးခြားနေသည့်ထိုမျက်ဝန်းလေးတွေကြောင့် သူခဏတုံ့ဆိုင်းသွားရပြီး ခြေလှမ်းများကပုံမှန်ပြန်ရွေ့၏။ မင်းစွဲဘဏ္ဍာဆိုတာ အဲဒီလောက်နဲ့ရှိန်နေတတ်တဲ့ယောက်ျားမှမဟုတ်တာဘဲ။ ပခုံးမှာချိတ်ထားတဲ့ ကျောပိုးအိတ်လေးကို အပေါ်လှမ်းတင်လိုက်သည့်အထိ သူမအကြည့်တွေရုတ်သိမ်းမသွားခဲ့။ သူမပုံစံလေးကိုကြည့်ပြီး စွဲ စချင်လာကာ၊
"ဟေ့!....ဘာကြည့်နေတာလဲ။ ဖယ်..."
"ရှင်!...."
သူ့ဘက်ရောက်နေသည့်သူမတံတောင်လေးက ဆတ်ခနဲနောက်ရုတ်သွားကာ ကိုယ်လေးပါမှန်ထဲတိုးဝင်မတတ်ထိကပ်သွား၏။ လည်ပင်းလေးလိမ်မတတ် လှည့်နေသည့် သူမရဲ့ရှက်ကိုးရှက်ကန်းအမူအရာလေးကြောင့် စွဲကျိတ်ပြုံးလိုက်ရင်း ခုံမှာသက်သောင့်သက်သာဝင်ထိုင်လိုက်သည်။ သူမဘက်ကိုခေါင်ငဲ့ကြည့်လိုက်ကာ၊
"ရော့!...."
ရှက်လိုက်တာ...ယောက်ျားတစ်ယောက်ကို အဲလောက်ထိကြည့်နေရလားမိပခြုပ်ရယ်။ ဟိုကတမျိုးထင်ပြီး အခွင့်အရေးယူနေမှ ဒုက္ခ။ရန်ကုန်အထိ အတူတူစီးရမှာ..သူသာအခွင့်အရေးသမားဆိုရင်...။ ပခြုပ်အတွေးတွေလွန်ကာ ကြက်သီးတွေပါထလာ၏။ ကြောက်စိတ်တွေဝင်လာကာ ချွေးတွေထွက်လာတော့သည်။ ဟင်း....သူ့ပုံကအခွင့်အရေးသမားရုပ်တော့မဟုတ်နိုင်ပါဘူး။ ဒါပေမယ့်..ဘယ်သူမှယုံရတာမဟုတ်ဘူး။ နတ်ပခြုပ်...နင်သတိထားနေတော့။
"ဟေး....ခေါ်နေတာကြားလား"
"အေမ့!......"
ပခြုပ် မဟုတ်တာတွေတွေးပြီးကြောက်နေချိန် သူကသူမနားကပ်ကာအော်လိုက်တာမို့ အသားတုန်သွားကာ လန့်အော်မိသွားသည်။
"ရော့....မင်းကားမူးနေတာမို့လား ဒါကိုရှူနေ..."
"အင်း..."
ရှူဆေးတောင့်လေးကိုနှာခေါင်းမှာတေ့ရင်း ပခြုပ်တစ်ဖက်ပြန်လွှဲနေလိုက်သည်။ သူမကိုကူညီတာ ကျေးဇူးတင်ပေမယ့် ယောက်ျားလေးတွေနှင့်အရောမဝင်ချင်ပါ။ ပခြုပ် ထွက်လာခဲ့တာ ကိုယ့်ပြဿနာနဲ့ကိုယ်။ လူသိခံလို့မရတဲ့ ပြဿနာက သူမမှာ အထုပ်အထည်နှင့်။
"ဒါလေးငုံထားလိုက်...မူးနေတာတွေသက်သာသွားလိမ့်မယ်"
"ကျေးဇူး.."
"ရတယ်"
ချိုချဉ်လေးတွေ သူမလက်ထဲထည်ပေးရင်း စွဲခပ်တည်တည်လေးပြန်ပြောလိုက်သည်။ သူမက သူ့ကိုအခွင့်အရေးသမားလို့ထင်နေပုံ။အရောမဝင်ချင်သလိုပုံလေးကြောင့် စွဲလည်းခပ်တင်းတင်းလေးပင်ဆက်ဆံလိုက်သည်။ သူမလက်ထဲ ချိုချဉ်ရောက်သွားတာနဲ့ လက်ပိုက်လျက် နားကျပ်ပြန်တပ်ကာ မှေးနေလိုက်တော့၏။ မိန်းမချောချောမြင်တိုင်းဝင်လုံးတတ်တဲ့ယောက်ျားမျိုးလို့ အမိထင်နေရင် အမိဆန္ဒအတိုင်းပေါ့...။ကိုယ်မသိတဲ့မိန်းမတစ်ယောက်ကို စေတနာနဲ့ကူညီလိုက်တာကို တလွဲထင်နေရင်တော့...အဟင်း...ကိုယ့်သမိုင်းနဲ့ကိုယ်။
ပခြုပ်...သူပေးတဲ့ချိုချဉ်လေးကိုဖောက်ကာ ပါးစပ်ထဲငုံလိုက်ရင်း မျက်လုံးလေးစွေလျက်သူ့ကိုမသိမသာခိုးကြည့်လိုက်သည်။ထိုအခါ...လက်ပိုက်လျက်မျက်လုံးစုံမှိတ်ငြိမ်သက်နေသည့် သူ့ကိုမျက်လုံးထောင့်ကနေမြင်နေရသည်။ကြည်သန့်နေသည့်မျက်နှာမှာ ရိတ်သင်ပြီးစ အမွှေးအမျှင်လေးများက စိမ်းမှောင်လို့နေသည်။ မှေးမှိတ်ထားသည့်မျက်လုံးများပေါ် ရှည်ရှည်စင်းစင်းမျက်တောင်များကာရံထားသည့် မျက်လုံးများကိုအကြည့်ရောက်သွားရကာ ပခြုပ်ရင်ထဲနွေးသွားရသည်။ စိတ်ထဲကနေကျိတ်ပြီး ကျေးဇူးတင်မိသွားရသည်။ ကျေးဇူးတင်ပါတယ် ...ပခြုပ်ကိုခုလိုကူညီပေးတဲ့အတွက်။ ရှင့်ကျေးဇူးကို ပခြုပ်မမေ့ပါဘူး။မိန်းကလေးတစ်ယောက်ဒုက္ခရောက်နေတဲ့အချိန် အခွင့်အရေးမယူဘဲ စေတနာဖြူဖြူနဲ့ကူညီတဲ့ ရှင့်စိတ်ဓာတ်ကလေးစားစရာပါ။ မိန်းကလေးတစ်ယောက်ထဲခရီးသွားတာမို့ ရွယ်တူယောက်ျားလေးအပေါ် တမျိုးအမြင်လေးနဲ့ကိုယ့်ကိုယ်ကိုကာကွယ်မိတာ ကျွန်မ မမှားဘူး။ကျွန်မကိုကူညီပေးခဲ့တဲ့ရှင် ဒီလောက်တော့နားလည်နိုင်မယ်ထင်ပါတယ်။
တင်းတင်းစေ့ပိတ်ထားသည့် လုံးစင်းနေသည့်နှုတ်တံအောက်က ပါးလျလျနှုတ်ခမ်းလေးနှင့် ခပ်သွယ်သွယ်မျက်နှာထားပိုင်ရှင် သူကတကယ့်ကောင်ချောလေးတစ်ယောက်ပါ။ အရွယ်ကလည်း သူမနှင့်မတိမ်းမယိမ်းလောက်ရှိလိမ့်မည်။ ဒါပေမယ့်...မာနကြီးတဲ့ယောက်ျားတစ်ယောက်ဆိုတာ သူ့အပြုအမူကသက်သေခံနေသည်။ သူမကိုကူညီပေးပြီးထဲက လက်ပိုက်ငြိမ်သက်သွားတာ တစ်ချက်လေးတောင်လှုပ်မလာတော့ပါ။ သူ့နေရာမှာ တခြားတစ်ယောက်ယောက်ဆို စကားရောဖောရောဖြင့်ရင်းနှီးမှုလောက်တော့ ရှိကောင်းရှိလိမ့်မည်။
ငြိမ်သက်တိတ်ဆိတ်နေသည့် သူ့ထံကနေအကြည့်လွှဲလိုက်ရင်း..ကားမှန်မှတဆင့်လမ်းဘေးမြင်ကွင်းတွေဆီအကြည့်တွေပို့လိုက်တော့ ဝမ်းနည်းစိတ်က တဖန်ဝင်ရောက်လို့လာသည်။ မေမေ.....ပခြုပ်ကိုသမီးမိုက်စာရင်းသွင်းပြီးမေ့လိုက်ပါတော့။ မေမေတို့ဂုဏ်တက်ရမဲ့သမီးတစ်ယောက် ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့တဲ့ပခြုပ်...ထွက်လာခဲ့ပါပြီမေမေ။ ပခြုပ်ရဲ့ဘဝ...ပြီးတော့...ပြီးတော့...လူလောကထဲကိုရောက်မလာသေးတဲ့ပခြုပ်ဗိုက်ထဲက ကလေးလေးရဲ့အနာဂတ်အတွက် ပခြုပ်ကြိုးစားတည်ဆောက်ရဦးမယ်။ ပခြုပ်ရဲ့ဗိုက်ထဲရောက်လာတဲ့ ကလေးလေးအပေါ်ပခြုပ်မရက်စက်နိုင်ဘူး မေမေ။ ပြည့်တန်ဆာတောင် သူတို့ရင်သွေးကိုမွေးဖွားကြသေးတာ လူလောကထဲရောက်မလာနိုင်သေးတဲ့ ဒီကလေးလေးကိုပခြုပ်..ပခြုပ်မစွန့်လွှတ်နိုင်ဘူး။ အင့်...ဒီကလေးက ပခြုပ်ရဲ့သွေးသားနဲ့ဖြစ်တည်လာတဲ့ပခြုပ်ကလေးပါမေမေရယ်။ မျက်ရည်တွေသွင်သွင်စီးကျလျက် တစ်ချက်ချက်ငိုရှိုက်သံတွေက အပြင်ထွက်လာရသည်။ ပခြုပ် ကိုယ့်ကိုယ်ကိုထိန်းရင်း မျက်ရည်လေးကျိတ်သုတ်လျက် ခေါင်းလေးငဲ့ပြီး လမ်းဘေးမြင်ကွင်းကိုမလွတ်တမ်းငေးနေမိသည်။သို့သော်...ပခြုပ်မျက်လုံးထဲမြင်နေသမျှက မေမေနဲ့ဖေဖေ့မျက်နှာ၊ပြီးတော့ရွှေကြုတ်။
စိတ်သဘောထားနူးညံ့ပြီး သနားဂရုဏာအပြည့်ရှိပါတယ်ဆိုတဲ့မေမေ...အများတကာက သနားကြင်နာတတ်သူလို့ချီးကျူးခံရတဲ့မေမေ..။ ညနေက မေမေ့ဆီက ကြားလိုက်ရတဲ့စကားတစ်ခွန်းကပခြုပ်ကမ္ဘာကြီးကိုချာချာလည်စေသည်။ ဖျက်ချလိုက်ပါတဲ့...။ သမီးတွေအပေါ်အစစအရာရာနားလည်မှုရှိပြီးရှေ့ကနေမားမားမတ်မတ်ရပ်တည်ခဲ့တဲ့ သူရဲကောင်းမေမေ့နှုတ်ဖျားက ထိုသို့ထွက်ကျလာတော့ ပခြုပ်မယုံနိုင်။ပြီးတော့ပြောသေးသည်....သမီးကြီးအတွက်အကောင်းဆုံးနည်းလမ်းပါတဲ့။ အဲဒီတုန်းက ပခြုပ်တွေဝေသွားခဲ့တာ အမှန်ပါဘဲမေမေ။ ဒီကလေးရဲ့အဖေကိုဘယ်သူမှန်းတောင်မသိရပါဘဲ ပခြုပ်ရဲ့ကိုယ်ဝန်အပေါ် ပခြုပ်ရူးမတတ်ဖြစ်ခဲ့ရတယ်။ မိသားစုရဲ့အရှက်နဲ့ဂုဏ်သိက္ခာမကျဆင်းရအောင် မေမေရွေးပေးတဲ့နည်းလမ်းကို ပခြုပ်လက်ခံရတော့မဲ့အခြေအနေပါ။
ဒါပေမယ့်....လူလောကထဲကိုရောက်မလာသေးတဲ့ကလေးလေးမှာ ဘာအပြစ်မှမရှိဘဲ။ ပြီးတော့...ဒီကလေးလေးက ပခြုပ်ရဲ့သွေးသားနဲ့ဖြစ်တည်လာတာ ပခြုပ်ကမိခင်လောင်းတစ်ယောက်။ ကိုယ့်သွေးကိုယ့်သားကိုဖျက်စီးရဲတဲ့အထိ ပခြုပ်မှာသတ္တိမရှိဘူးမေမေ။ ဒီတော့ ပခြုပ်ရဲရဲဆုံးဖြတ်လိုက်တယ်။ ပခြုပ်..ဒီကိုယ်ဝန်ကိုရအောင်မွေးမယ်၊ဒီကလေးကို ပခြုပ်ဘာသာစောင့်ရှောက်မယ်။ ဒီကလေးရဲ့ဖခင်ကို သိဖို့လည်းမကြိုးစားဘူး..ပြီးတော့ ကလေးလေးအတွက်ဖခင်ဆိုတဲ့ကွက်လပ်ဘယ်တော့မှလည်းမရှိအောင် ပခြုပ်ကလေးလေးအတွက်လိုအပ်ချက်မရှိအောင်ဖြည့်ဆည်းပေးမယ်။
မေမေ့ကိုပခြုပ် အပြစ်မတင်ပါဘူးမေမေ။ သားသမီးအပေါ်ချစ်လွန်းတဲ့မေမေ...ပခြုပ်ကိုချစ်လို့ ဒီလိုမျိုးဆုံးဖြတ်လိုက်မှန်းပခြုပ်သိပါတယ်။ သားသမီးတွေကို အသန့်စင်ဆုံး၊အတေတ်ာဆုံးဖြစ်စေချင်တဲ့ မေမေ၊သားသမီးတွေအတွက်ရည်ရွယ်ချက်ကြီးကြီးထားခဲ့တဲ့မေမေ ပခြုပ်ကြောင့် မေမေအရမ်းခံစားနေရမှာ ပခြုပ်သိပါတယ်။ဒါပေမယ့်...ပခြုပ်မကျူးလွန်ခဲ့တဲ့အပြစ်အတွက် မေမေ့တို့ကိုမထိခိုက်စေချင်သလို အပြစ်မဲ့တဲ့ကလေးလေးကိုလည်းအရိုက်ခတ်မခံပါရစေနဲ့။ ပခြုပ် ကလေးကိုပခြုပ်ရအောင်မွေးမယ်မေမေ။ ဒီအတွက်...မေမေပခြုပ်ကိုခွင့်လွှတ်ပေးပါ မေမေရယ်။ မျက်ရည်တွေပါးပြင်တစ်လျှောက်စီးကျနေရင်း ပခြုပ်လက်လေးက သူမဗိုက်သားချပ်ချပ်လေးပေါ်အသာထိထားလိုက်မိသည်။
စိတ်မပူပါနဲ့ကလေးလေးရယ်...မင်းကိုရအောင်မွေးမှာပါ။ ဘာအကြောင်းနဲ့မှ ဆုံးဖြတ်ချက်တွေမယိုင်နဲ့စေရပါဘူး။ပြီးတော့...ခုချိန်ကစပြီး လောကကြီးကိုရဲရဲရင်ဆိုင်ရတော့မယ်။ မေမေ့ကိုသတ္တိခွန်အားတွေ ပေးသနားပါကလေးလေးရယ်။ မေမေတို့အတူတူ ရင်ဆိုင်ကြတာပေါ့...ဘေဘီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှာကြစမ်းပါ...ပခြုပ်ကိုအမြန်တွေ့အောင်ရှာကြစမ်းပါ"
"မေမေ့သမီးက ဘယ်သွားမှာလဲ"
"အငယ်မ တိတ်စမ်း။ ညည်းအစ်မက ဘယ်တုန်းက ဒီအချိန်ထွက်ဖူးသလဲ။ ခု..မရှိတာ ထူးတယ်။ မြန်မြန်ရှာကြစမ်းပါအေ"
တစ်အိမ်လုံးဒေါင်းတောက်နေပေမယ့် ရွှေကြုတ်တို့က ခပ်သာသာ။ ကိုယ့်ဘာသာဖျော်ထားတဲ့ကော်ဖီကို အရသာခံလျက်သောက်နေရင်း လုံချည်တစဆွဲလျက် ပြာယာခတ်နေသည့်မိခင်ကို ကြည့်ပြီးနှုတ်ခမ်းလေးရွဲ့သွားရ၏။ မနက်မိုးလင်းတာနဲ့တစ်အိမ်လုံးအတွက် မနက်စာအသင့်ဖြစ်အောင်စီမံထားတတ်တဲ့ ပခြုပ်၊ထူးထူးခြားခြား ဒီမနက်မှ ပျောက်ချင်းမလှပျောက်နေသည်။ မိုးလင်းလို့အားလုံးစုံတော့ ပခြုပ်မရှိတော့ပေ။ ဒေါ်စနိုးတစ်ယောက်ထဲ ပြာယာခတ်အောင်ရှာနေတာ ရွှေကြုတ်ကတော့ အစားမပျက်။ဦးတက်လူက ရိတ်စက်နောက်လိုက်သွားတာ နယ်ခြားမို့ လနှင့်ချီကြာမှာ။ အိမ်မှာ သူတို့သားအမိသုံးယောက်တည်း။
"မေမေ့သမီး လင်နောက်လိုက်သွားတာနေမှာပေါ့"
"ဘာ!......"
ဒေါ်စနိုး ခေါင်းမိုးကြိုးပစ်သလိုပင်။ သမီးကြီးအကြောင်း သူမအသိဆုံး။မနေ့က သူမပြောလိုက်တဲ့စကားကြောင့်များ... ဘုရား...ဘုရား။မဖြစ်ဘူး...မဖြစ်ဘူး...အမြန်တွေ့အောင်ရှာရမယ်။
"ရွှေကြုတ်....မေမေနဲ့လိုက်ခဲ့"
"ဘယ်လဲ..."
"ညည်းအစ်မကိုသွားရှာမလို့..."
"အာ...မေမေကလည်း သူစာရေးသွားတာမေမေလည်းမြင်သားဘဲ။သူ့ကိုလိုက်မရှာပါနဲ့တဲ့...သူမနေချင်တော့လို့ထွက်သွားပြီတဲ့။ အဲဒါ သူလင်နောက်လိုက်သွားတာသေချာနေသားကို"
"တိတ်စမ်းရွှေကြုတ်...ပျောက်သွားတာ ညည်းအစ်မအရင်းနော်။ လာ...စကားမရှည်နဲ့ ငါနဲ့လိုက်ခဲ့"
"ဟုတ်..."
ရွှေကြုတ် ပွစိပွစိရေရွတ်ရင်း ပါလာရပေမယ့် စိတ်ထဲမှာကျိတ်ပျော်သွားရသည်။ ပခြုပ် သူ့ဘာသာသူထွက်သွားတော့ စာရင်းဇယားရှုပ်သက်သာတာပေါ့...။ ပခြုပ်...နင့်အတွက်ငါတကယ်စိတ်မကောင်းပါဘူးဟာ။ ဒါပေမယ့်...နင်မသိသေးတဲ့အဖြစ်မှန်တွေကို နင်ဘယ်တော့မှ သိခွင့်ရမှာမဟုတ်တော့ဘူး။ စွဲကိုယ်တိုင်က နင့်ကိုလုံးဝမမှတ်မိတော့..ဒီတိုင်းလေးဆက်လျှောက်ကြတာပေါ့ ပခြုပ်။နင့်ကိုငါချစ်ပါတယ် ပခြုပ် ဒါပေမယ့် စွဲကိုလည်းငါမစွန့်လွှတ်နိုင်ဘူး။ စွဲကလည်းမမှတ်မိ..နင်ကလည်းမသိတဲ့အခြေအနေမှာ သူရဲကောင်းမကြီးမလုပ်နိုင်ဘူး။ စွဲကအစထဲကငါ့ချစ်သူဆိုတော့ ငါနှုတ်ဆက်နေလိုက်တာ ငါမလွန်ပါဘူးပခြုပ်။
"ရွှေကြုတ်က ဘယ်ကိုမောင်းရမှာလဲ မေမေ"
ဆိုင်ကယ်ကိုရွာလမ်းအတိုင်းမောင်းနေရင်း ရွှေကြုတ်မေးလိုက်သည်။ ကိုယ့်အစ်မကိုစိတ်ပူတာကစိတ်ပူတာတစ်ကဏ္ဍ...ကိုယ်ရည်ရွယ်ထားတဲ့ယောက်ျားကိုအလှူပေးတဲ့အထိ ငါမရက်ရောပါရစေနဲ့။ နင်တို့နှစ်ယောက်က ဆုံဆည်းရမဲ့သူတွေမှမဟုတ်တာပခြုပ်ရယ်။
"သူသွားတာတစ်ယောက်ယောက်တော့မြင်လိုက်မှာဘဲ။ ဆိုင်ကယ်ကယ်ရီလိုက်တဲ့မောင်ထူးအိမ်အရင်သွားကြမယ်"
"ဟုတ်ကဲ့မေမေ"
ကိုထူးအိမ်က ရွာထိပ်ပိုင်းမှာမို့ ရွှေကြုတ်ဆိုင်ကယ်အရှိန်တင်လိုက်သည်။ ပခြုပ်ကို စိတ်မကောင်းပေမယ့် ခဏလေးအခိုက်အတန့်မှာ ပခြုပ်ဒီမှာမရှိတာ ပိုကောင်းတယ်လို့သူမထင်သည်။ စွဲနဲ့လက်ထပ်ပြီးသွားခဲ့ရင်..ဒီပြဿနာတွေအလိုလိုပြေလည်သွားမှာပါ။နင်လည်း အဲဒီအချိန်ရောက်ရင် ပြန်လာခဲ့ပါ ပခြုပ်။
"ကျွီ...."
"မောင်ထူး....ဟေ့မောင်ထူး"
ဝါးအိမ်လေးရှေ့ရောက်တော့ ရွှေကြုတ်ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဒေါ်စနိုးက ဆိုင်ကယ်ပေါ်ကဆင်းရင်း အိမ်ထဲကိုအော်ခေါ်နေသည်။ မျက်နှာမှာ သနပ်ခါးမလူးနိုင်သလို အိပ်ယာထစပုံဖြင့် ဒေါ်စနိုး သမီးအတွက်သောကဖိစီးနေသည်။
"ဘယ်သူလဲဝေ့..."
"ငါပါ...မောင်ထူးရှိလား"
အိမ်ထဲကနေ မောင်ထူးမိန်းမက ပြန်ထူးနေသည်။ ကြည့်ရတာ မောင်ထူးရှိပုံမပေါ်။အိမ်ရှေ့မှာလည်း မောင်ထူးဆိုင်ကယ်မတွေ့ရ။
"မယ်ပိန်...မောင်ထူးရှိလား"
လုံချည်ကိုဖြန့်ဝတ်ရင်း မောင်ထူးမိန်းမ မယ်ပိန် အိမ်ထဲကထွက်လာ၏။
"သြော်....ဒေါ်လေးစနိုး...ဘာဖြစ်လို့လဲ။ စောစောစီးစီး.."
ဒေါ်စနိုးမှန်းသိသွားမှ အနားရောက်လာပြီးမေး၏။
"နင့်ယောက်ျားဘယ်သွားလဲ မယ်ပိန်"
"ဟင်....ဒေါ်လေးစနိုးသမီး..ကိုထူးကိုကယ်ရီခေါ်သွားတာလေ။ဒေါ်လေးမသိဘူးလား"
"ဟုတ်လား....သွားတာအတော်ကြာပြီလား"
"အင်းကားဂိတ်ရောက်ရောပေါ့...ကိုထူးကစျေးဝင်ဦးမှာလေ"
"အေးအေး....ငါသွားပြီမယ်ပိန်"
"ဟုတ်"
ဆိုင်ကယ်ကို တအားမောင်းထွက်သွားသည့် ဒေါ်စနိုးတို့သားအမိကို မယ်ပိန်တစ်ယောက်နားမလည်နိုင်သလို ကြည့်နေမိသည်။
"ဘာဖြစ်တာလဲဟ...တစ်ခုခုတော့တစ်ခုခုဘဲ"
မယ်ပိန်တစ်ယောက်စူးစမ်းတဲ့အကြည့်တွေနဲ့ကြည့်နေတာလည်း ဒေါ်စနိုးသတိမထားမိခဲ့။ ပခြုပ့်အတွက်သာ ပူပင်နေတာမို့ ကားဂိတ်ဆီသို့ တအားမောင်းခိုင်းနေသည်။မေမေ...လက်မခံနိုင်ဘူး သမီးကြီး။ ဒီနည်းနဲ့ ပြဿနာကိုဖြေရှင်းလို့ ရမယ်ထင်နေတာလား။ မဟုတ်ဘူး...လောကကြီးအကြောင်းကို မေမေ့သမီးကြီးဘာမှမသိသေးဘူး။ ဒီလိုလုပ်လို့...သမီးဘဝနစ်မွန်းသွားမှာ...မေမေ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ မေမေ့သမီးတွေရဲ့အနာဂတ်ကို အမှေးမှိန်မခံနိုင်ဘူး။
ကားဂိတ်ထဲ ရောက်သည်နှင့် ဒေါ်စနိုးက ကားလက်မှတ်ဖြတ်သည့်နေရာကိုတန်းသွားကာ၊
"ဒီမနက်လက်မှတ်ဖြတ်တဲ့အထဲမှာ နတ်ပခြုပ်နာမည်လေးတဆိတ်လောက်ကြည့်ပေးစမ်းပါ"
"ခင်ဗျာ..."
ကားလက်မှတ်လာဖြတ်တာဟုထင်နေချိန် ဒေါ်စနိုး စကားကြောင့် စာရေးအံ့သြသွားသည်။
"နတ်ပခြုပ်...နတ်ပခြုပ်ဆိုတဲ့ခရီးသည်ဘယ်ကားနဲ့ပါသွားလဲ သိချင်လို့"
"နတ်ပခြုပ်....ဟုတ်ကဲ့ ခုနစ်နာရီကားနဲ့ပါသွားတယ်အစ်မ။ ကျွန်တော်လည်း သူ့နာမည်လေးကအဆန်းမို့သူ့ကိုမှတ်မိနေတာ။ ကားထွက်သွားတာ တစ်နာရီလောက်ရှိနေပါပြီ"
"ဘယ်...ဘယ်အထိလက်မှတ်ဖြတ်ထားတာလဲ"
"ရန်ကုန်အထိပါ အစ်မ"
"ကျေးဇူးတင်ပါတယ်ရှင်။ နောက်ကားကဘယ်အချိန်ထွက်မှာလဲ"
"ခုထွက်တော့မှာအစ်မ..."
အပိုင်း(၈)ဆက်ရန်
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း