⛈⛈မိုးသည်းည...ကာရန်⛈⛈
🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸
"ဒုန်း!!....."
"အ!!......သေပါပြီ...."
ခုတင်ပေါ် ထိုင်ပြီး ဂိမ်းဆော့နေရင်းနောက်သို့လှဲအချ...အုတ်နံရံဖြင့်ဆောင့်မိကာ သူ့ခေါင်းထဲမီးပွင့်သွားရသည်။
"တောက်!.....ဒီနံရံကွာ...သေတော့မှာဘဲ"
ကိုယ့်အပြစ်ကိုကိုယ်မမြင်ဘဲ ဘာမှမဆိုင်သည့်သက်မဲ့ပစ္စည်းကိုအရင်အပြစ်တင်ကာ နံရံကိုလက်ရွယ်လိုက်မိ၏။ တောက်!...စွဲ မင်းဘာဖြစ်နေတာလဲ။ မင်းရူးနေပြီ။ ကိုယ့်ကိုယ်ကိုသတိပေးရင်းမူးနောက်နောက်ဖြစ်သွားသည့် ခေါင်းကိုပြန်ပွတ်လိုက်ကာ ခေါင်းအုံးပေါ်နေရာကျအောင်လှဲချပစ်လိုက်သည်။
"ကျစ်!!.....ဒီ mangeတော့သေချင်နေပြီ။ ဟိုကFighterကြီးကို တစ်ကောင်ထဲသွားဖြဲနေတယ်"
ကိုယ့်ဘက်ကကောင်တွေနုနေသေးတာကိုအသည်းယားနေမိကာ ပြစ်တင်နေမိသည်။
"ဗြီး!!......ဗြီး!!....."
"ဟာ!....ဘယ်ကဖုန်းလဲ။ ရှုံးနေရတဲ့အထဲ.."
ဟင်...ရွှေ့ကြုတ်...။ပြေးလွှားနေသည့်လက်တွေရပ်တန့်ကုန်ကာ လာနေသည့်ဖုန်းကိုကြည့်ပြီး စိတ်ရှုပ်သွား၏။
"ရွှေကြုတ်...ရှုပ်ပြီကွာ..."
ဂိမ်းဆော့နေတဲ့အချိန်ဖုန်းခေါ်တာလောက်အသည်းပေါက်တာမရှိတော့..။ချစ်သူတွေဘာတွေလည်း သူနားမလည်။ ခုချိန်မှာရှုံးနေတာ..။ သူ မကိုင်ဘဲချပစ်လိုက်သည်။
"မတက်ကြနဲ့လေ...level အကွာကြီးကို...ဟာ...သေကုန်ပြန်ပြီ..။တောက်!....မဆော့တတ်ရင် rankတိုက်မနေနဲ့..."
သူ့ဘက်ကကောင်တွေအရမ်းနုနေတာကို အားမလိုအားမရဖြစ်နေစဥ်..ဖုန်းကနောက်တစ်ခေါက်ဝင်လာပြန်၏။
"ကျစ်!.....အရှုပ်ထုပ်မ"
အဆက်မပြတ်မြည်နေသည့်ဖုန်းကို မကျေမချမ်းကြည့်ရင်း ကိုင်လိုက်ရတော့သည်။
"ဟဲလို....ဘာလဲ...ဘာလုပ်ဖို့အဲလောက်ခေါ်နေရတာလဲ။ဒီမှာဂိမ်းဆော့နေတယ်..မအားဘူး"
သူ လေသံမာမာဖြင့်ပိတ်ပြောပစ်လိုက်သည်။ တကယ်...ဂိမ်းဆော့နေချိန်မှာဖုန်းဆက်ရင် သူ့ရန်သူ..။
"စွဲနော်...ရွှေကြုတ်ကိုမအော်နဲ့.."
ရွှေကြုတ်အသံလေးက စီခနဲထွက်လာ၏။ ခုချိန်မှာ ချစ်သူနဲ့လည်းဖုန်မပြောချင်သေး..ဘယ်လိုမှဖီးလ်လာမှာမဟုတ်။
"ကိုယ်ဂိမ်းဆော့နေတယ်ကွာ..နောက်မှပြန်ဆက်။ဒါပဲ..."
"နေပါဦးစွဲ...ရွှေကြုတ်..."
တဖက်ကစကားမဆုံးခင် ဦးအောင်ဖုန်းချပစ်လိုက်ကာ၊
"မတတ်နိုင်ဘူးရွှေကြုတ်..ပွဲကအရေးကြီးနေလို့"
ပွဲထဲပြန်ဝင်တော့ သူတို့တာဝါတွေအတော်ကျိုးနေပြီ။
"ချ...ချ ယုန်ချလေ...ဟာ..ဒီnanaဘာလုပ်နေတာလဲ။ ကျစ်!..အသုံးမကျလိုက်တာ"
ဂိမ်းထဲmoodဝင်သွားပြီဆို သူ့ကိုဘာမှခိုင်းမရတော့။ထိုအထဲမှာ လုံးလုံးအာရုံရောက်ကာ ပတ်ဝန်းကျင်ကိုမေ့၏။
"ဗြီး!!......"
"ကျစ်!......"
သူမချင့်မရဲ ရေရွတ်ရင်း ပြောထားတဲ့ကြားက အဆက်မပြတ်ခေါ်နေသည့်ရွှေကြုတ်ကိုဒေါသဖြစ်နေရပြီ။ ဂိမ်းဆော့နေပါတယ်လို့ပြောထားလျက်နဲ့...ငရှုပ်မ၊အဖျက်မ။
နောက်တစ်ချိန်ဖုန်းချပစ်လိုက်သည်။ ရွှေကြုတ် ဒေါပွနေတော့မှာသိပေမယ့် သူမကိုင်ဖြစ်ခဲ့ပါ။ ခုချိန်မှာ ဂိမ်းကသာအရေးကြီးနေတာမို့...။ဂိမ်းထဲတောင်မရောက်လိုက်..ဖုန်းကနောက်တစ်ကြိမ်မြည်လာပြန်သည်။ ဒါတော့မင်းလွန်ပြီ..ရွှေကြုတ်။မင်းကဘဲခေါ်နိုင်မလား...ငါကဘဲချနိုင်မလားကြည့်ရသေးတာပေါ့။
ပြန်ပြန်ခေါ်သမျှကိုအားမနာတမ်းချပစ်နေသည်။အလိုက်မသိတဲ့ရွှေကြုတ်ကြောင့် သူ စိတ်ညစ်သွားရသည်။ ဒါတော့မင်းများနေပြီ ရွှေကြုတ်။ငါ ဂိမ်းဆော့နေပါတယ်လို့ပြောထားတာတောင် မင်းသက်သက်လုပ်နေတာ။
မင်းစိတ်ကြိုက်ခေါ်တော့ ငါတော့ဒိုးပြီ။silentလုပ်လိုက်ပြီး ဖုန်းကိုတစ်ချက်လွှဲလျက်ခေါင်းအုံတွေပေါ်ပစ်တင်ပြီး အခန်းထဲကနေထွက်လာခဲ့သည်။ နောက်ကိုတစ်ချက်တောင်လှည့်မကြည့်တော့..။ ဒါပါပဲ...။သူတို့သမီးရည်းစားအဖြစ်က တစ်ယောက်အပေါ်တစ်ယောက်အလျော့မပေး၊အနိုင်မခံ။ တစ်ယောက်ယောက်ကစိတ်ခုသွားရင် စိတ်ထင်သလိုပစ်ထားတတ်သေးသည်။
နည်းနည်းလေးမထိလိုက်နဲ့...ထစ်ခနဲရှိမခေါ်မပြောဘဲနေပြလိုက်ရော။ သူ့ဘက်ကစခေါ်တယ်လို့မရှိခဲ့ဖူးသေးပါ။ မနေနိုင်တဲ့သူက ရွှေကြုတ်။ ပြဿနာရှာတာလည်းသူမ..သူ့ဘက်ကတင်းမာသွားရင် သူမမနေနိုင်တော့။သူစိတ်ဆိုးပြေအောင်မရမကချော့မြဲ။ယောကျ်ားဖြစ်ပြီး သဘောထားနုတာမဟုတ်ပေမယ့် သူ့စိတ်ကိုက ဒီအတိုင်းဖြစ်နေတာ။ ကိုယ့်ကိုအဖက်မလုပ်ချင်လို့အရေးမစိုက်တာကို အောက်ကျို့ခံပြီးမခေါ်ချင်...ကိုယ်လည်းကိုယ်ဘာသာနေတတ်သလိုနေပစ်လိုက်၏။
"ရှပ်!....ရှပ်!....ရှပ်!....ရှပ်!...."
"ရွှီး.....ရွှီး....."
ထုံးစံမပျက်..လှေကားထစ်တွေကိုကျော်ခွဆင်းရင်း ပါးစပ်ကလည်းအငြိမ်မနေ။လေလေးချွန်လိုက်သေးသည်။ သူ့ကို ပေါ့ပျက်ပျက်လူတစ်ယောက်လို့အားလုံးကပြောကြတာ ဒီလိုစရိုက်၊ဒီလိုပုံတွေကြောင့်ဘဲနေမည်။ သူများပြောတဲ့စကားတွေကိုပြန်ကြားယောင်မိရင်း ပခုံးတွန့်မိသွားသည်။ အစထဲက မင်းစွဲဘဏ္ဍာဆိုတာ ဘယ်သူ့မှဂရုစိုက်တဲ့လူမဟုတ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်လွတ်လပ်စွာနေထိုင်ခွင့်ရှိနေတာ။ အဲဒီအတွက် ဘယ်သူတွေဘာပြောပြောအရေးစိုက်ဖို့မလို။သူ့အနာဂတ်ကိုသူ့စိတ်ကြိုက်ရေးချယ်မည်။
"ဟဲ့!....ဒါကဘယ်လဲ..."
ဧည့်ခန်းမှာစာရင်းတွေထိုင်လုပ်နေသည့် မေမေ..မျက်မှန်ကြီးဝင့်လာပြီးမကြည်မလင်မေးနေသည်။ လေတချွန်ချွန်ဖြင့် အေးအေးသက်သာဖြစ်နေသည့်သူ့ကိုကြည့်ရပုံမပေါ်။
"သီဟတို့နဲ့ခြင်းသွားခတ်မလို့..."
ပုဆိုးပြင်ဝတ်ရင်း သူဖြေလိုက်တော့ မေမေမျက်နှာက အဲဒါပဲ အလုပ်လုပ်နေဟုပြောနေသလို.. ။
"သား....လမ်းသိပ်များမနေနဲ့။မနက်ဖြန်...ရန်ကုန်သွားဖို့ပြင်ထားပြီးပြီလား"
မျက်မှန်ကိုချွတ်ပြီးရှေ့ကစားပွဲပေါ်လှမ်းတင်ကာ သူ့ပုံကိုခြေဆုံးခေါင်းဖျားကြည့်နေသေး၏။ ဖြစ်သလိုနေတတ်တဲ့သူ့အကျင့်တွေကို မေမေကလုံးဝသဘောမကျပေ။
"ဟုတ်ကဲ့မေမေ။ သား..အားလုံးပြင်ထားပြီးပါပြီ။ဟိုကောင်တွေနဲ့ခြင်းသွားခတ်လိုက်ဦးမယ်"
"အင်း....အရမ်းမကြာနဲ့နော်။ သားက မနက်ခရီးထွက်ရမှာ"
"သားသိပါတယ်မေမေ"
"ပြန်ရင်မင်းဒေါ်လေးတို့အိမ်ဝင်ခဲ့ဦး.."
"ဟုတ်...သားသွားပြီမေမေ"
မေမေရှေ့ကနေအမြန်လစ်ထွက်ခဲ့ရသည်။ ကြာနေရင်အမှာခြွေလို့ပြီးတော့မှာမဟုတ်။
အိမ်ရှေ့မှာ အသင့်ရပ်ထားသည့်ဆိုင်ကယ်ပေါ်တက်ကာမောင်းထွက်လာခဲ့လိုက်သည်။သူရိန်တို့အိမ်ရောက်တော့ လူစုံနေကြပြီ။ ပိုက်ခြင်းဝိုင်းနေရာက သက်ရင့်ပင်တွေအောက်မို့တစ်နေကုန်နေရိပ်နေကာ သူတို့အကြိုက်ကစားလို့ရနေ၏။ပိုက်ခြင်းတိုက်တဲ့သူကတိုက်နေပြီး ဂိမ်းဆော့တဲ့သူကဆော့နေကြသည်။ သူ့ဆိုင်ကယ်ဝင်လာတာသည်နှင့် သီဟကအသံပြဲဖြင့်အော်တော့သည်။
"နောက်ထွက်မင်းသမီးကြွချီလာပါပြီခင်ဗျာ"
"ပေါ်တော်မူမင်းသားကြီးကလေးအနှီးလျှော်နေရလို့ပါကွာ မင်းတို့ကလည်း"
"ငါ့သူငယ်ချင်းကြီးကို အဲလိုတော့မပြောကြနဲ့လေ။ ဖြစ်ခြင်းဖြစ်ကလေးပုခက်လွှဲနေရလို့ဘဲနေမှာ"
"စွဲကိုလူပျိုထင်တာ...တကယ်တော့မဟုတ်ဘူးဘဲ....ဟား...ဟား"
"ဟား.....ဟား......"
တစ်ယောက်တစ်ပေါက်ဝိုင်းနောက်နေသည့်အသံက ခြင်းဝိုင်းတစ်ခုလုံးပွက်လောညံသွားတော့၏။
"ခွေးကောင်တွေ အားရအောင်ရယ်ကြ။ မင်းတို့နှမတွေအိမ်လှည့်နေရလို့ကြာနေတာ"
"မျက်နှာကြီးကိုကြည့်ဦး...ဟား...ဟား...ခရမ်းချဥ်သီးပုပ်ကြီးနဲ့နင်လားငါလားဘဲကွ"
"မစကြပါနဲ့ကွာ...တော်ကြာခြင်းမတိုက်ရဘဲနေမယ်"
သူ့အကြောင်းကိုသိနေတဲ့ သူရိန်ကဝင်ထိန်းလိုက်၏။ သူငယ်ချင်းတွေစနောက်တာစိတ်မဆိုးပေမယ့် စွဲပြန်ပြောရင်ပိဿာလေးနှင့်ဘေးပစ်တာထက်အကြောင်းဆိုးသည်။
"သိရင်ပြီးရော...ကဲ...ဝိုင်းစမယ်"
"ကဲစမယ်..."
"နေရှင်နယ်ဘဲခတ်မယ်...ငါရယ်၊သူရိန်ရယ်၊ကိုထူးရယ်တစ်တွဲ..မင်းတို့ကြိုက်တဲ့အတွဲထွက်လိုက်...ဘယ်လိုလဲ"
"Ok....ငါတို့အတွဲထွက်မယ်"
"အေး...လုပ်လိုက်။ ဒါနဲ့ ထက်ကိုတစ်ယောက်ရောကွ"
"ဒီကောင်...အကုသိုလ်ဖိစီးနေတယ်ကွ"
"ဘာလို့လဲ..."
"တစ်နေ့တစ်နေ့ သတ္တဝါလေးတွေကိုနှိပ်စက်နေတယ်လေ"
"ဟုတ်လား...ဒီကောင်ကြီးကငါတို့ကိုမေ့နေတယ်ပေါ့။တွေ့မယ်..."
"ထားလိုက်စမ်းပါကွာ။ ဒီကောင့်ကိုဘေးမဲ့ပေးထားလိုက်။ပွဲစမယ်...ကျမှတ်နော်"
တစ်ညနေလုံးပိုက်ခြင်းတိုက်နေကြတာ မိုးချုပ်မှအိပ်ပြန်ရောက်၏။ သူ့ဆိုင်ကယ်ဝင်လာထဲက အိမ်ပေါက်မှာရပ်စောင့်နေသည့် မေမေ။ ဆိုင်ကယ်ပေါ်ကဆင်းလိုက်သည်နှင့်၊
"စကားတော့နားထောင်ရှာသားဘဲနော်.."
ဒေါ်လေးလူကြုံပါးလိုက်သည့်သံပရာသီးထုပ်ကို ဆိုင်ကယ်ဘောက်စ်ထဲကထုတ်ယူရင်း နောက်ဆံပင်တွေထဲလက်ထည့်လျက် မချိသွားဖြဲလုပ်လိုက်သည်။ မေမေပြောလည်းပြောချင်စရာ..ခြင်းဝိုင်းရောက်သွားကတည်းက မှာလိုက်သမျှအားလုံးမေ့သွားတော့၏။
"အဟင်း.....ခြင်းဝိုင်းကောင်းနေတာနဲ့နည်းနည်းနောက်ကျသွားတာ"
"ပေး....သွားတော့...ရေမြန်မြန်ချိုး၊ပြီးရင် ထမင်းစားတော့ စားပွဲပေါ်မှာအားလုံးခူးခပ်ထားတယ်"
"အဲဒါကြောင့်မေမေ့ကိုချစ်တာ...မွ"
ခြင်းခတ်ထားလို့ သူ့တစ်ကိုယ်လုံးချွေးတလုံးလုံးဖြစ်နေသည့်ကြားက မေမေ့ကိုပွေ့ဖက်ကာ ပါးကွက်ကြားတွေနှင့်ပါးပြင်ကိုတရှိုက်မက်မက်လေးမွှေးလိုက်သည်။
နှာခေါင်းထဲတိုးဝင်လာသည့် သနပ်ခါးရနံ့ကြောင့် ရင်ထဲတမျိုးကြီးဖြစ်သွားရပြီး မေမေ့ကိုပင်သတိမရတော့ဘဲ အပေါ်ထပ်သို့ တဒိုင်းဒိုင်းပြေးတက်လာမိသည်။
"ဒုန်း....ဒုန်း....ဒုန်း.....ဒုန်း..."
တစ်ညနေလုံးခြင်းတိုက်ထားလို့မောပန်းနေပေမယ့် လှေကားထစ်တွေပေါ်မနားတမ်းပြေးတက်ခဲ့လိုက်သည်။ စောစောကတိတ်နေသည့်ချွေးများက ကျောပြင်တစ်ခုလုံးနစ်သွား၏။
"ဒုန်း....."
ဟနေသည့်တံခါးကိုဆောင့်တွန်းဖွင့်လိုက်တာမို့ တံခါးရွက်ကအုတ်နံရံဖြင့်ပစ်ဆောင့်သည့်အသံထွက်လာသည်။
"ဘုန်း......."
ကိုယ်လုံးကိုခုတင်ပေါ်ပစ်လှဲချလိုက်တော့ အသက်ရှူသံတွေမြန်နေကာ ရင်ဘတ်ကြီးနိမ့်ချည်မြင့်ချည်ဖြစ်လို့နေသည်။ ဘယ်လိုခံစားချက်မှန်းမသိတဲ့ ဝေဒနာကရင်အုံတစ်ခုလုံးဝင်ရောက်ထိုးမွှေနေကာ လူတစ်ကိုယ်လုံးနုံးချည့်သွားသလိုခံစားလိုက်ရ၏။
ဟူး......။ခုတင်ပေါ်လှဲလျောင်းရင်းလေပူကြီးမှုတ်ထုတ်ပစ်လိုက်၏။ မှတ်မှတ်ရရဖြင့်ရင်ထဲစွဲထင်နေသည့်ရနံ့လေး...။ထိုညလေးလွန်မြောက်ပြီး သုံးလေးရက်လောက်အထိနှာခေါင်းထဲစွဲကျန်နေခဲ့တာ။ တောသဘာဝမို့သနပ်ခါးလူးကြတာမဆန်းပေမယ့် သူမကိုယ်လေးကရသည့်ထိုသနပ်ခါးရနံ့လေးကတော့ တမျိုးလေးထူးခြားနေတာမွှေးပျံ့နေသည်။
ရွှေကြုတ်...ကိုယ်တို့ရဲ့ရည်းစားသက်တမ်းမှာမင်းဆီကရခဲ့တဲ့ရှားရှားပါးပါးလက်ဆောင်လေးဘဲ။စွဲလမ်းရင်ခုန်စရာအရမ်းကောင်းတာဘဲ ရွှေကြုတ်ရယ်။မိတ်ကပ်တွေနှုတ်ခမ်းနီတွေနဲ့ အမြဲလှပနေတဲ့မင်းကို သနပ်ခါးကြိုက်တတ်လိမ့်မယ်လို့ ကိုယ်လုံးဝမထင်ထားခဲ့ဘူး။ ညအိပ်ယာဝင်တိုင်း ဒီလိုလိမ်းအိပ်တတ်တယ်ထင်တယ်။
"ဟင်..."
ရွှေကြုတ် သူ့ကိုစိတ်ဆိုးသွားပြီထင်တယ်။ ဖုန်းလေးကိုသတိရသွားကာ ခေါင်းအုံးပေါ်ကဖုန်းကို တစ်ပတ်လှိမ့်၍ယူလိုက်သည်။ ဟင်...missed call တွေအများကြီးပါလား။ရွှေကြုတ်တို့ကတော့ကွာ...။ ပြန်ခေါ်ရင်ကောင်းမလား။ နေပါစေ...ကိစ္စရှိရင်သူပြန်ခေါ်မှာဘဲ။ ခေါ်မယ်လုပ်ပြီးမှ မခေါ်ဖြစ်တော့ဘဲ ဖုန်းကိုအနားချထားလိုက်ပြီးခဏမှေးနေလိုက်သည်။ ထိုစဥ်...၊
"ဗြီး!!.....ဗြီး!!......"
ဖုန်းမြည်သံလေးက တုန်ခါ၍ထွက်ပေါ်လာ၏။ထင်တဲ့အတိုင်း ရွှေကြုတ်ဆီက..။
"စွဲ!!....."
ဖုန်းကိုင်လိုက်တယ်ဆို တဖက်ကအသံကစူးခနဲထွက်လာတာမို့ ဖုန်းကိုနားနှင့်ခွာထားလိုက်ပြီး ခဏနေမှ ပြန်နားထောင်လိုက်ကာ၊
"ဘာဖြစ်လို့စွတ်အော်နေတာလဲ"
"အော်မှာပေါ့...အော်ချင်အောင်ရှင်လုပ်နေတာစွဲ။ဒီလောက်ဖုန်းတွေခေါ်နေတာကို ရှင်ဘာလုပ်နေတာလဲ"
"ခြင်းဝိုင်းရောက်နေတာ"
"ဘာ!!......"
ကျစ်!.....လုပ်ပြန်ပြီ။ နားတစ်ခုလုံးအူထွက်သွားတာမို့ ဖုန်းကိုနားနှင့်ခွာလိုက်ပြီး နားထဲလက်ထိုးကာ လေးငါးချက်ခါထုတ်လိုက်ရသည်။
"ပုရစ်သေလို့ဝင်စားတာလား...အဲလောက်ထိအော်ဖို့လိုလို့လားရွှေကြုတ်"
"လိုတယ်...ရွှေကြုတ်အတွက်အရမ်းလိုတယ်။ပြောစရာရှိလို့ဖုန်းဆက်တာကို စွဲမှဖုန်းမကိုင်ဘဲ"
"ဖုန်း အိမ်မှာထားခဲ့တာ။ ဘာပြောမလို့လဲ ပြောလေ"
"စွဲ...ရွှေကြုတ်ကိုခုလာတွေ့ပါ"
"အာ!...မရတော့ဘူးထင်တယ်"
မျက်ခုံးကိုလက်မဖြင့်ကုတ်ခြစ်ရင်း စွဲငြင်းဆန်ရမှာအားတုံ့အားနာဖြစ်နေရသည်။ မိုးချုပ်မှပြန်ရောက်တာကိုတစ်ခါပြန်ထွက်ရင် သူနဲ့မေမေ ကွိုင်တက်သွားနိုင်၏။ မေမေ..မကြည်တဲ့အလုပ်ကိုရှောင်မှဖြစ်မည်။
"ဘာလို့မဖြစ်ရမှာလဲ..ရွှေကြုတ်တောင်လာနိုင်သေးတာ စွဲကယောကျ်ားလေး..."
"အိမ်မှာမေမေရှိတယ်ရွှေကြုတ်..ကိုယ်ထွက်လာဖို့အဆင်မပြေဘူး။ပြီးတော့...အဝေးကြီးကို ညကြီးမိုးချုပ်လာရမှာ.."
"သြော်...အင်း..အင်း...ယောကျ်ားရင့်မာကြီးဆိုတော့ပူရတာပေါ့"
ရွှေကြုတ်က အငေါ့ထူနေ၏။ မတတ်နိုင်ပါ..ရွှေကြုတ်တို့ရွာနှင့်သူတို့ရွာဆိုတာ နီးတဲ့ခရီးလား။အရင်ကကိစ္စမဟုတ်ပေမယ့်..မနက်ဖြန်ရန်ကုန်သွားဖို့လည်းရှိနေသလို ခြင်းဝိုင်းကမှောင်မှပြန်ရောက်တာမို့ မေမေသိပ်မကြည်တာလည်းပါသည်။
"ခုလည်းပြောလို့ရနေတာဘဲ ရွှေကြုတ်။ ဘာပြောမှာလဲ...ပြောလေ"
"စွဲမလာတော့တာသေချာတယ်ပေါ့"
"ဟုတ်တယ်...ကိုယ်မနက်ဖြန်ရန်ကုန်သွားစရာလည်းရှိသေးတယ်...ဒီညလာတွေ့ဖို့မဖြစ်နိုင်ဘူး"
တဖက်က အသံတိတ်သွား၏။ အတန်ကြာမှ... ၊
"ရန်ကုန်ဘာသွားလုပ်မှာလဲ.."
"စက်ပစ္စည်းသွားတက်ဝယ်မလို့ပါ...မင်းဘာပြောမလို့လဲ..ပြောလေ"
သူမ မသိစေချင်လို့ဖုံးဖိထားလိုက်သည်။ ခုချိန်မှာ ရွှေကြုတ်ကိုအသိပေးလို့မဖြစ်။ သူ့ရည်မှန်းချက်တွေ ပြိုပျက်သွားနိုင်သည်။
"ပြောလေ....အရေးမကြီးရင်ကိုယ်ရေချိုးတော့မလို့"
"ရွှေကြုတ်တို့လက်ထပ်ကြရအောင် စွဲ"
"ဘယ်လို....."
မထင်မှတ်ထားတဲ့စကားမို့ ခုတင်ပေါ်ကနေထရပ်မိသွားကာ၊
"အဟင်း....ရွှေကြုတ် မင်းအိပ်မက်များထမက်နေတာလား"
"စွဲကဟိုတစ်ခါငြင်းလိုက်တာကို မကျေနပ်နေတာလား"
"မဟုတ်ပါဘူး။ လက်မထပ်ချင်သေးတဲ့သူက ရုတ်တရက်ကြီး ဘာထဖြစ်တာလဲလို့အံ့သြသွားတာ"
"ဘာလဲ...စွဲကတို့ကိုလက်မထပ်ချင်လို့လား"
ရွှေကြုတ်အမေးကြောင့် သူဖျတ်ခနဲအတွေးဝင်လာသည်က သူမပြောသလိုသူမကိုသူတကယ်လက်ထပ်ချင်ရဲ့လားလို့...။ သေချာတာကတော့ တကယ်လက်ထပ်ဖို့သူမပြောလာပေမယ့် သူဘယ်လိုမှမခံစားရ။
"ရွှေကြုတ် တကယ်ပြောနေတာလား"
"စွဲက တို့ညာနေတယ်ထင်နေတာလား"
"ကိုယ့်ကိုပြန်မမေးပါနဲ့.."
"ရွှေကြုတ်တကယ်ပြောနေတာပါ စွဲ။စွဲမိဘနဲ့လာတောင်းရမ်းမယ်မို့လား"
"အင်း...ကိုယ်မေမေတို့ကိုပြောလိုက်မယ်ရွှေကြုတ်..."
"စွဲ.."
"ပြောလေရွှေကြုတ်.."
"စွဲ တို့ကိုတကယ်ရောလက်ထပ်ချင်ရဲ့လား"
"ဘာလို့လဲ..."
"စွဲအသံက ကိုယ့်ချစ်သူကိုလက်ထပ်ရမှာ မပျော်သလိုဘဲ။ ရေခဲတုံးကြီးဖင်ခုထိုင်ထားသလားအောက်မေ့ရတယ်"
"မဟုတ်တာကွာ...."
"ဒါဆို စွဲအသံက ဘာဖြစ်နေတာလဲ"
"မရစ်နဲ့ကွာ...ကိုယ်လက်ထပ်ချင်တယ်ပြောတုန်းကလည်းမင်းဘဲငြင်းတယ်။ကဲ..ခုလက်ထပ်ပါတော့မယ် ပြောလာတော့လည်း မင်းဘဲ။ ကိုယ် ငြင်းနေလို့လားရွှေကြုတ်။ ခု..ကိုယ်လက်ခံနေတာဘဲ မဟုတ်လား"
"ကြည့်....အဲဒီကိစ္စနဲ့ရှင် ရွှေကြုတ်ကိုမကျေနပ်နေတာ.."
"ကျစ်!!....မဆိုင်တာ။မကျေနပ်မှတော့ မင်းကိုတောင်ဆက်တွဲနေမှာမဟုတ်ဘူးရွှေကြုတ်။ ကိုယ်တို့အခြေအနေက အဲဒီလိုရန်ဖြစ်စိတ်ကောက်နေရမဲ့ ချစ်သူတွေမဟုတ်တော့ဘူး ရွှေကြုတ်"
"စွဲ....ရှင်ကအဲဒီကိစ္စအတွက် ရွှေကြုတ်ကိုဝတ်ကျေတန်းကျေတာဝန်ယူချင်တာလား"
"ဒီအချိန်မှာ ဒါတွေမေးနေရမှာမဟုတ်ဘူးရွှေကြုတ်။ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ကိုယ်တို့လက်ထပ်ရမှာဘဲ"
"မဟုတ်ဘူး....စွဲ ရှင်ရွှေကြုတ်ကိုတကယ်ရောချစ်ရဲ့လား။ အဲဒီကိစ္စနဲ့မသက်ဆိုင်ဘဲ စွဲရင်ထဲက တကယ်နှစ်နှစ်ကာကာလက်ထပ်ချင်တာကို ရွှေကြုတ်လိုချင်တာ"
"ချစ်လို့မှားမိတယ် အဲဒါကြောင့်လက်ထပ်ချင်တယ်..ဒါ့အပြင်မင်းကဘာတွေလိုချင်နေတာလဲရွှေကြုတ်"
"ရှင် အရင်ကောင်မလေးတွေနဲ့လည်း ဒီလိုပဲလား စွဲ"
"ဘာ!!......မင်းငါ့သိက္ခာကိုမစော်ကားနဲ့"
စွဲမျက်နှာ ချက်ချင်းတင်းမာသွားကာ အသားတွေပင်တုန်သွား၏။
"ငါ့ကိုဘယ်လိုကောင်စားလို့ထင်နေတာလဲ ရွှေကြုတ်။ ငါသာ အဲဒီလိုစိတ်ဓာတ်မျိုးရှိနေရင် မင်းကိုလက်ထပ်စရာအကြောင်းကိုမရှိဘူး...မင်းပြောချင်တာ ဒါပဲမို့လား..."
"စွဲ....နေပါဦး....ရွှေကြုတ်..."
တောက်!....။စကားမဆုံးခင် ဖုန်းချပစ်လိုက်ပြီးစက်ပါတစ်ခါတည်းပိတ်ပစ်လိုက်သည်။ မာနကိုထိပါးလာသည့် စကားလုံးတွေက ချစ်သူဆိုတာကိုပါမေ့၏။ ခုလိုအခြေအနေမျိုးမှာ မိန်းကလေးဖြစ်တဲ့သူမကလိုက်လျောနေရမှာမဟုတ်ဘူးလား။ ခုတော့...ရွှေကြုတ် သူမကအေးဆေးလွန်းသည်။ လက်ထပ်မှာကတစ်ကဏ္ဍ သူ့မာနကိုထိပါးလာရင်တော့ မခံနိုင်။ ရေလဲပုဆိုးကို ဆွဲယူပြီးအောက်ထပ်ဆင်းလာသည့်အထိ သူ့မျက်နှာကတင်းမာနေဆဲ။
"သား...ခဏ"
မီးဖိုခန်းဘက်ကထွက်လာသည့်မေမေနှင့်မျက်နှာချင်းဆိုင်သွားဆုံသည်။ ဆက်လှမ်းနေသည့်ခြေလှမ်းများက မေမေရဲ့ခေါ်သံကြောင့် ရပ်တန့်သွားရကာ ဖြစ်သလိုဆွဲချလာသည့်ရေလဲပုဆိုးကိုပခုံးပေါ်တင်လိုက်ရင်း၊
"ဘာလို့လဲမေမေ"
"သားသင်တန်းကိစ္စ အားလုံးအဆင်ပြေတယ်။မနက်ဖြန်ကျရင် သင်တန်းကိုတစ်ခါတည်းသွားလိုက်တော့"
"ဟုတ်လားမေမေ။ ဒါဆိုအဆင်ပြေတာပေါ့..."
"အင်း....သားဘက်ကသာတာဝန်ကျေပါစေ"
"သားဘယ်လောက်သွားချင်မှန်းမေမေသိသားနဲ့..."
"ဟုတ်ပါပြီ...ကဲ..ရေသွားချိုးတော့"
"မေမေ.."
"ဘာလဲ....သားဘာပြောချင်လို့လဲ"
"မေမေ့ကိုသားတစ်ခုလောက်တောင်းဆိုချင်တယ်"
"ဘာများလဲ...သားရဲ့"
"သား ဟိုမသွားခင် သားချစ်သူနဲ့လက်ထပ်သွားချင်တယ် အဲဒါမေမေခွင့်ပြုပေးပါ"
"ဘယ်လို...."
"ဟုတ်တယ်မေမေ သား သူနဲ့လက်ထပ်ထားချင်တယ်"
"သားချစ်သူက ဘယ်ကလဲ၊ဘယ်သူလဲ..."
"ဦးတက်လူ ဒေါ်စနိုးတို့ရဲ့သမီးပါ မေမေ"
"အင်း....မေမေတီးတောက်ကြည့်ပါဦးမယ်ကွယ်..."
"အချိန်တော့သိပ်မဆွဲနဲ့နော်မေမေ"
"အေးပါ...ကဲ...သားရေသွားချိုးတော့"
"ဟုတ်ကဲ့..."
ခုလို လွယ်လွယ်ကူကူလက်ခံပေးတာ ကျေးဇူးပါမေမေ။စိတ်ထဲကနေ မိခင်ဖြစ်သူကို ကျေးဇူးအထပ်ထပ်တင်နေမိသည်။
~~~~~~~~~~~~~~♥~🌸~♥~~~~~~~~~~~~
ကိုယ်တိုင်ဆုံးဖြတ်ပြီး လှမ်းခဲ့သည့်ခြေလှမ်းများက ခရီးသည်တွေတင်ဆောင်သည့်ကားကြီးစထွက်သည်နှင့် ရင်ထဲတစ်ဆို့ကာ ယိုင်နဲ့ချင်ချင်။ လက်ခုံပေါ် မျက်ရည်စက်တွေပေါက်ခနဲကျလာသည့် အထိအတွေ့ကြောင့် ကိုယ့်ပါးပြင်ကို ကိုယ်ပြန်စမ်းမိသွားသည်။ ဟင်...ငါငိုနေမိတာလား။ မျက်ရည်ဆိုသည့်အသိတော့ လူမမြင်အောင်မျက်ရည်ကိုကျိတ်သုတ်လိုက်ကာ လက်ထဲကတရားစာအုပ်လေးကိုတင်းတင်းဆုပ်ထားလိုက်မိသည်။ တရားစာအုပ်လေးကို စလင်းဘတ်လေးပေါ်တင်ထားပေမယ့် ခုချိန်ထိမဖွင့်ဖြစ်သေး။ မဖြစ်မနေမို့ ဒီခရီးကိုစွန့်စားထွက်ခွာခဲ့ပေမယ့် မိဘတွေရဲ့မျက်နှာကိုမြင်ယောင်ကာ သူမမျက်ရည်မဆယ်နိုင်။
ဖေဖေနဲ့မေမေ...သမီးမိုက်ကိုခွင့်လွှတ်ကြပါတော့...။ သမီး ဆက်နေလို့မဖြစ်တော့ဘူးဖေဖေနဲ့မေမေ။ လူတကာရဲ့တံတွေးခွက်မမျောဖို့ သမီးဆုံးဖြတ်ခဲ့တာကိုဖေဖေနဲ့မေမေနားလည်ပေးကြပါ။
မိဘတွေရဲ့အရှက်နဲ့သိက္ခာအတွက် ဒီလမ်းကို သူမတွေဝေနေလို့မဖြစ်။ ဒီလိုမှ မလုပ်ရင်အားလုံးအရှက်ကွဲရတော့မည်။နတ်ပခြုပ်...နင်တွေဝေနေလို့ပြီးသွားမှာလား။ ကိုယ်ဆုံးဖြတ်ပြီးရင်နောက်ပြန်မလှည့်နဲ့။ ကိုယ့်ကိုယ်ကို အားပေးရင်းစိတ်ကိုပြန်တင်းလိုက်သည်။ ပါးပြင်ပေါ်စိုစွတ်နေသည့်မျက်ရည်များကို တစ်သျှူးလေးဖြင့်ဖွဖွသုတ်ရင်း သူမဘေးခုံလွတ်နေတာကို ခုမှသတိထားလိုက်မိသည်။ Express ကားကြီးရဲ့အလယ်မကျတကျနေရာမှာ သူမခုံကမှန်ဘက်အခြမ်း..သူမနဲ့ကပ်လျက်ခုံကပိုင်ရှင်မဲ့နေ၏။ ကျန်တဲ့ခုံတွေမှာ လူတွေပြည့်နေပေမယ့် သူမဘေးကခုံအလွတ်ကြီးကြောင့် စိတ်ထဲကျေနပ်သွားရသည်။ လောလောဆယ် ကိုယ့်ဘေးမှာဘယ်သူမှရှိမနေတော့ စိတ်သက်သာရာရတာပေါ့။
ကားကြီးကဂိတ်ကနေစထွက်လာတော့ လက်လေးတင်းတင်းပိုက်လျက်မျက်လုံစုံမှိတ်ကာ ဘုရားကိုအာရုံပြုလိုက်သည်။ဘုရားတပည့်တော်မ...ဤဘဝဤမျှနဲ့ဝဋ်ကြွေးတွေကျေပါစေအရှင်ဘုရား...။စိတ်ထဲကနေ တိုးတိုးလေးရေရွတ်မိရင်း ဘုရားစာကိုပြန်ရွတ်ကာ တငြိမ့်ငြိမ့်သွားနေသည့်ကားပေါ်လိုက်ပါလာခဲ့သည်။
"ကျွီ!!........"
ကားဘရိတ်ဆွဲသံနှင့်ငြိမ့်ခနဲရပ်သွားသည့်ကားကြောင့် သူမအာရုံပျက်သွားရသည်။ မြို့ထဲကတောင်မထွက်သေးပေ။ ခရီးသည်တင်တာမှန်းသိနေတာမို့ မျက်လုံးဖွင့်မကြည့်မိခဲ့။ တငြိမ့်ငြိမ့်ဖြင့်ကားကြီးပြန်ထွက်ပြီး မကြာလိုက်...ရေမွှေးနံ့ကသူမနှာခေါင်းထဲတိုးဝင်လာသလို အနားမှာလူတစ်ယောက်လာရပ်တာကိုစိတ်ထဲကခံစားမိကာ မျက်လုံးတွေအလိုလိုပွင့်သွားရသည်။
ပထမဆုံးသတိထားလိုက်မိတာက ချိုကြည်ကြည်လေးမွှေးနေသည့်ရေမွှေးရနံ့...ပြီးတော့..ခြေခုံမွှေးလေးတွေနှင့် ခြေချောင်းရှည်ရှည်လေးတွေ၊ စီးထားတဲ့အနက်ရောင်ကတ္တီပါညှပ်ဖိနပ်လေးတစ်ရံ။ အဖြူရောင်ဂျင်းဘောင်းဘီရှည်လေး။ ယောကျ်ားလေးတစ်ယောက်မှန်းသိလိုက်တော့ မျက်နှာလွှဲပစ်လိုက်ကာ ခေါင်းလေးကိုပါမှန်ဘက်စောင်းငဲ့နေလိုက်စဥ်..ထိုလူကသူမဘေးခုံမှာဝင်ထိုင်လာ၏။
စိတ်ထဲအတော်ကျဥ်းကျပ်သွားရကာ ခရီးရှည်ကြီးကိုယောကျ်ားလေးတစ်ယောက်နှင့်မစီးချင်။ ခရီးသည်တင်ကားမို့ ဘယ်သူမဆိုစီးနိုင်နေသည်။ သူမ ချေးထူနေလို့မဖြစ်။ တစ်စိမ်းယောကျ်ားလေးတစ်ယောက်မို့စိတ်ထဲမလုံဖြစ်ပြီး မှန်ဘက်ကိုပိုတိုးကပ်ကာကိုယ်လေးပါကျုံ့ထားလိုက်သည်။ လက်ပိုက်လျက်သားလေးဖြင့် မျက်လုံးလေးရွေ့ကြည့်လိုက်တော့ ဖြူနုနုလက်ချောင်းလေးတွေက ဖုန်းကိုဖွင့်နေ၏။ ပန်းရောင်သန်းနေသည့်လက်သည်းလေးတွေက အနည်းငယ်ရှည်နေပြီး ဆွဲဆောင်မှုတစ်မျိုးလေးရှိနေသည်။ဒီထက်ပိုပြီးမကြည့်သင့်တော့တာမို့ မျက်နှာပြန်လွှဲလိုက်ပြီး မျက်လုံးပါမှိတ်ချပစ်လိုက်သည်။ ထိုအခါ...မေမေရဲ့မျက်နှာက အာရုံထဲရစ်ဝဲလာကာ မျက်ရည်တွေလျှံကျလာတော့သည်။
ဖုန်းထဲက မြူးဇစ်ကိုဖွင့်လျက်နားကျပ်တပ်လိုက်စဥ် သူ့မျက်လုံးတွေဘေးခုံကိုရောက်သွားရသည်။ ကားပေါ်တက်လာထဲက သူ့ဘေးခုံကကောင်မလေးကိုသတိထားမိနေတာ။ လက်လေးတင်းတင်းပိုက်ကာ မျက်လုံးလေးမှိတ်ထားပြီးခပ်တောင့်တောင့်ထိုင်နေပုံက လူကြီးလေးလို။အပြာရောင်ဝမ်းဆက်လေးဖြင့် မတိုမရှည်ဆံပင်တွေဖြန့်ချထားပုံက သူမမျက်နှာဝိုင်းဝိုင်းလေးနှင့်လိုက်ဖက်ကာ အပြစ်ကင်းသည့်ကလေးရုပ်လေးပေါက်နေသည်။ သူ အနားလာရပ်တာကိုသိသွားတော့ မျက်လုံးလေးပွင့်လာပြီး သူ့ခြေတောက်ကိုတစ်ချက်သာစိုက်ကြည့်လျက်ချက်ချင်းအကြည့်လွှဲသွားပုံက ခပ်တင်းတင်း။ ထိုအမူအရာကြောင့် သူစိတ်ထဲတမျိုးကြီးဖြစ်သွားရကာ သူမဘက်ထပ်မကြည့်ဖို့ဆုံးဖြတ်ပြီး သူလည်းခပ်တည်တည်ဝင်ထိုင်နေလိုက်သည်။ မိန်းကလေးချောချောမြင်တိုင်းရောတတ်တဲ့အထဲ သူမပါ။ သူ့ကိုတမျိုးမြင်ပြီး မျက်နှာလေးကမှန်ထဲတိုးဝင်မတတ်ကပ်နေသည့်ထိုကောင်မလေးကို သူလည်းဂရုမစိုက်ဘဲ သီးချင်းဖွင့်နားထောင်ပြီးမှ မရည်ရွယ်ပါဘဲ မျက်လုံးတွေကသူမဆီရွေ့သွားရသည်။
ဟင်.....ငိုနေတာလား။ မျက်နှာလေးတစ်စောင်းလှည့်ကာ မှန်ကိုပါးပြင်အပ်လျက်မျက်ရည်ကျိတ်ကျနေပုံက ရင်ထဲမှာနစ်နစ်နဲနဲခံစားနေဟန်မျိုး။ တစ်ချက်တစ်ချက်ရှိုက်သံလေးပါထွက်လာပြီး မျက်ရည်တွေကျိတ်သုတ်သေးသည်။ ဘာဖြစ်တာလဲ...တစ်ခါမှခရီးမထွက်ဖူးတာလား။ သူမပုံလေးကိုကြည့်လိုက်တာနဲ့ အဖော်မပါဘဲတစ်ယောက်တည်းခရီးထွက်လာမှန်းသိသာနေလေသည်။ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ကောင်မလေးတွေနဲ့ခဏခဏဆုံဖူးပေမယ့် သူမပုံလေးကတော့ထူးခြားနေသည်။ သူမပေါင်ပေါ်ကတရားစာအုပ်လေးကိုကိုင်ထားသည့်လက်မှာ မောင်းကွင်းလက်စွပ်လေးသုံးကွင်းနှင့်။လက်ကောက်ဝတ်မှာလည်း စောက်ဖြတ်လေးတွေပါသည့်လက်ကောက်လေးသုံးကွင်းကပုံစံတူ။ သူ ကြည့်နေစဥ်..သူမပေါင်ပေါ်တင်ထားသည့်တရားစာအုပ်လေးက တအိအိလျောကျနေတာမို့ သူအမြန်ဖမ်းထားလိုက်ရသည်။
"အို!...."
သူမကလည်း လှမ်းဆွဲလိုက်ပေမယ့် တရားစာအုပ်လေးက သူ့လက်ထဲပါလာသည်။စာအုပ်လေးကို သူမဆီကမ်းအပေး..ခပ်နွမ်းနွမ်းလေးပြုံးပြလာကာ၊
"ကျေးဇူး...."
ရှိုက်သံလေးစွတ်နေသည့် တိုးဖွဖွစကားသံလေးထွက်ပေါ်လာ၏။ ညှိုးရိပ်တို့ထင်နေသည့်မျက်နှာနွမ်းဖတ်ဖတ်လေးကိုတစ်ချက်ကြည့်ပြီး သူလည်းစကားမဆိုဖြစ်တော့ပါ။ခပ်ကင်းကင်းနေချင်နေသည့်ဟန်လေးကြောင့် စိတ်ထဲဘဝင်မကျချင်ပေမယ့် ဝမ်းနည်းအားငယ်ရိပ်တွေပြည့်နှက်နေပြန်တော့ စိတ်ထဲသနားမိသလိုလို။ သူမကလည်း လည်ပင်းလိမ်မတတ် တဖက်စောင်းလှည့်နေတာမို့ ကိုယ့်မှင်နဲ့ကိုယ်လက်ပိုက်လျက်မျက်လုံးမှေးစင်းကာ သီချင်းထဲအာရုံဝင်စားသွားရသည်။ကားကလည်းတရိပ်ရိပ်ပြေးလွှားကာ ရန်ကုန်ခရီးကိုအပြင်းနှင်နေတော့၏။ ထက်ယံရဲ့ဆေးပေါင်းခတဲ့ညသီချင်းကိုတိုးဖွဖွလိုက်ညည်းနေမိစဥ်၊
"အု.....ဝေါ့!......."
"ဟာ!......"
စိတ်ထဲတစ်ခုခုကိုရိပ်မိကာ မျက်လုံးအမြန်ဖွင့်လိုက်ပေမယ့်..သူမကသူ့အပေါ်ထိုးအန်ချလိုက်ပြီ။
အပိုင်း(၇)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း