book

Index 8

အပိုင်း(၈)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~


"အိုကွယ် ဒါမျိုးတွေ ယူလာစရာမလိုပါဘူး''


"ကိုယ့်အစ်မတွေအိမ်လာတာပဲ

လက်ဗလာနဲ့လာလို့ ဘယ်ဖြစ်ပါ့မလဲ အဟင်း ဟင်း''


"အဲ့လိုပြောတာလေးတွေကို မမကချစ်နေရတာ

လာလေ နှင်းစက်လေး ထိုင် 

ကဲပြော ဘာစားမလဲ''


"မမကျွေးတဲ့ဟာ စားမှာပဲ 

နှင်းစက် က မမကျွေးတာဆိုကြိုက်ပြီးသားပဲ''


"အမလေး ချွဲပြန်ပါပြီ မိချွဲလေး''


အနွယ် လှေကားမှဆင်းလာရင်း ကြားနေရသည့် ဧည့်ခန်းထဲက ခေတ် နဲ့ နှင်းစက် တို့ရဲ့အသံတွေက 

မကြားချင်မှအဆုံး။


နှင်းစက် ဆိုတဲ့ကောင်မလေးက 

အပြောအဆိုလေးက နူးညံ့သည့်အပြင် overtineတွေပါ ပြောတတ်တာမို့ အမြှောက်ကြိုက်တဲ့ ခေတ် နဲ့ကတော့ 

ကွက်တိဖြစ်နေသည်။


"ဪ... မမ ဆိုင်သွားတော့မလို့လား''

"အင်း''


"ခေတ် က ဒီနေ့ နှင်းစက်လေး နဲ့ shopping ထွက်မလို့ ဆိုင်ကိုမလာတော့ဘူးနော်''


"​ခေတ် သဘောလေ ဒါနဲ့ မေမေရော''


အနွယ် အိမ်ထဲကို ဝေ့ကြည့်ရင်းမေးလိုက်တော့ နှင်းစက် က သူမရဲ့လက်လေးတစ်ဖက်ကို လာတွဲဖက်လိုက်ပြီး


"မေမေက ဆေးရုံမှာအရေးပေါ်လူနာရောက်နေလို့တဲ့ 

အခုလေးတင်ပဲ ဆေးရုံကိုထွက်သွားတယ် မမ''


"ဪ...


ဪ တစ်လုံးတည်းသာ ပြောလိုက်သည်က

နှင်းစက် နှုတ်ခမ်းဖျားက ထွက်ကျလာသည့် မေမေဆိုသည့် ဝေါဟာရလေးတစ်လုံးကြောင့်။


ကိုယ့်မောင်ကို ကြိုက်နေတယ်ဆိုတာ သိပေမယ့်

ဒီလောက်ကြီး ရဲတင်းနေတာမျိုးကိုတော့ 

သူမတကယ်မကြိုက်။


ရဲတင်းတာက အခေါ်အပြောလေးတင်ပဲလားဆို​ေတာ ့

မဟုတ်သေးဘူး။


ပေါင်လယ်လောက်သာရှိသည့် ဂျင်းစကပ်အတိုလေးနဲ့ 

ချက်အထက်နားထိသာရှိသည့် အနက်ရောင် လည်သာအက်ျီခါးတိုလေးကြောင့် 

မမြင်သင့် မမြင်အပ်သော အတွင်းသားတွေကိုပါ မြင်နေရခြင်း။


အနွယ် တို့လဲ ခေတ်နောက်ကျတာမျိုးကို 

မကြိုက်တာပေမယ့် ဒီလောက်ကြီး ခေတ်ရှေ့ပြေးနေတာမျိုးကို လက်မခံနိုင်။


သူမတို့က လူကြီးတွေမို့ လုံချည်ဝတ်တယ်ဆို​ေပမယ့် 

နှင်းစက် တို့အရွယ်က ဒူးအောက်ရောက်သည့် အဝတ်အစားမျိုးတော့ ဝတ်သင့်တယ်ထင်သည်။ 

အခုတော့ဖြင့်...


ဒါ့ကြောင့် သူ့လက်တွေကို တွဲဖက်ထားတဲ့

နှင်းစက် ရဲ့လက်တွေကိုမသိမသာလေးရုန်းပစ်လိုက်ပြီး


"ဒါဆို မမဆိုင်ကိုသွားတော့မယ်

ခေတ် နင်ဒီနေ့ဆိုင်မသွားဘူးဆိုရင် 

နေ့လည်လောက်ကို ဂုဏ်လေး ဆီသွားလိုက်ဦး

ဒီကောင်လေးက လူကြီးတွေမရှိဘူးဆိုပြီး

လုပ်ချင်ရာ လုပ်နေမှာစိုးလို့''


"ဟုတ် မမ ခေတ် သွားလိုက်မယ်''

"အင်း အင်း''


နှင်းစက် သူမကို အမြင်မကြည်သလို ကြည့်ပြီး

ထွက်သွားသည့် မမအနွယ်ဂုဏ် ကြောင့် နှုတ်ခမ်းလေးကို ရွဲ့ပစ်လိုက်သည်။


ပြီးမှ မမခေတ် ဘက်ကို ပြုံးပြီးပြန်လှည့်ကြည့်ကာ


"မမ ဂုဏ် က ဘယ်သွားလို့လဲဟင်''


"တော်ဝင်နန်းစံအိမ်မှာ သွားနေနေတာလေ''


"ဟင် ဟုတ်လား နှင်းစက် က ဒီမှာထင်လို့''


"ဒီမှာထင်လို့ ရှင်လေးက ဒီအိမ်ကိုလာတယ်ပေါ့ ဟုတ်လား''


"ဟာ မမကလဲ''


မမခေတ် ရဲ့ စကားကြောင့် နှင်းစက် မမခေတ် ကို 

မျက်စောင်းလေး ဝဲလိုက်ပြီး ရှက်သလိုလေးအမူပိုပြလိုက်တော့ 

မမခေတ် က တခစ်ခစ်နဲ့ သဘောတွေကျလို့။


အမှန်ဆို ဒီလိုအမူပိုပိုလေးတွေကို 

ဂုဏ် ရှေ့မှာ ပြုမူချင်တာပါ။


အခုတော့ ရှင့်အစ်မတွေကို 

ပိုင်အောင် အရင်ချုပ်လိုက်ဦးမယ် ဂုဏ် ရယ်။


>>>>>>>>>><<<<<<<<<<


အိမ်ရှေ့ဧည့်ခန်းက သစ်သားဆက်တီခုံလေးတွင် 

လွယ်အိတ်လေးပြန်ချပြီးထိုင်လိုက် 

တစ်ဖန်လွယ်အိတ်လေးပြန်လွယ်ပြီး ထလိုက်ဖြင့် 

အလုပ်များနေသည့် သမီးဖြစ်သူကို 

ဒေါ်သက်ထား အတော်ကြာအောင် ရပ်ကြည့်နေပြီးမှ 

သူမလေးဆီကိုလျှောက်သွားကာ


"သမီးလေး...

"ရှင် မေမေ''


"ကျောင်းသွားမှာမဟုတ်လား ဘာလုပ်နေတာလဲ''

"သွား သွားမှာမေမေ''


"အဲ့ဒါဆို ထိုင်လိုက်ထလိုက်နဲ့ ဘယ်လိုဖြစ်နေတာလဲကွယ်''


ဘယ်လိုဖြစ်နေတာလဲဆိုတော့ 

လမ်းထိပ်ထွက်ရမှာကြောက်နေတာမေ​ေမရေ။


မနေ့ကဟိုလူက သူပြောသလို 

လမ်းထိပ်ကစောင့်နေရင် ဘယ်လိုလုပ်မလဲ။


"သမီး ခက်ခက် 

ဟေ့ မေမေခေါ်နေတယ်လေ ခက်ခက်''


"ရှင် ရှင် မေမေဘာပြောလိုက်တာလဲဟင်''


"သမီးဘာဖြစ်နေတာလဲ''

"ဟင် ဘာမှမဖြစ်ပါဘူး ဘာလို့လဲမေမေ''


"မသိပါဘူး မနေ့က ကျောင်းကပြန်လာကတည်းက 

တစ်မျိုးလေးဖြစ်နေလို့

အေးပါ သမီးဘာမှမဖြစ်ဘူးဆိုလဲ ပြီးတာပဲ 

ကဲ သွားတော့ သွားတော့''


"ဟုတ် မေမေ ဒါဆို ခက် သွားတော့မယ်နော်''


မေမေက ခေါင်းလေးငြိမ့်ပြနေတာမို့ 

ခက် သက်ပြင်းလေးကြိတ်ချလိုက်ပြီး 

အိမ်ထဲမှ ထွက်လာခဲ့တော့သည်။


အိမ်ထဲကသာ ထွက်လာရတာ 

ခြံရှေ့တော့မထွက်ရဲတာ အမှန်။ 


ဒါ့ကြောင့် ခြံတံခါးကို ခေါင်းဝင်သာရုံလေး 

တွန်းဖွင့်လိုက်ပြီး လမ်းရဲ့ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို 

ချောင်းကြည့်ရပြန်သည်။ 


"လမ်းထဲတော့ ရှင်းနေတာပဲ

ဟိုလူ မရှိဘူးထင်တယ်''


ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားကာ 

ခြံတံခါးဖွင့်လိုက်ပြီး ခြံပြင်ထွက်ရပ်လိုက်မှ လမ်းထောင့်ကနေချိုးဝင်လာတဲ့ 

မနေ့ကပြိုင်ကားအနက်ရောင်လေးကို မြင်သွားကာ


"ဟာ ဟိုလူတကယ်လာတာပဲ

ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲ?''


တစ်ယောက်တည်းပြာယာခတ်နေရာမှ 

ကြံရာမရတဲ့အဆုံး  ခြံထဲပြန်ဖွင့်ကာ ခြံထဲပြေးဝင်လိုက်၏။


နောက်ကို လှည့်ကြည့် လှည့်ကြည့်ဖြင့် 

​ြခံထဲကို ပြေးဝင်လာစဥ် အိမ်ကြီးထဲကနေ 

ကားသော့လေးကိုဝေ့ရမ်းပြီး ထွက်လာသည့် 

ကိုကို့ကို ဝင်တိုက်မိကာ


"ဘုတ်.. အင့်..

"အယ် ကိုကို ကန်တော့ ကန်တော့ပါနော်

ခက် တကယ်မမြင်လိုက်လို့ပါ''


ကိုကို့လက်ထဲမှ လွတ်ကျသွားသည့် 

ကားသော့လေးကို အပြေးအလွှားကောက်ယူကာ တောင်းပန်လိုက်တော့ ကိုကိုက သူမကို 

အလိုမကျသလို မျက်ခုံးတွေတွန့်ကျုံ့ကြည့်နေပြီး


"ဘာလို့ပြေးလွှားနေတာလဲ သစ်ခက်လေး ''


"ဟမ် မပြေးပါဘူး''


"လိမ်ပြန်ပြီ 

အခုလေးတင် ကိုကို့ရှေ့ပြေးလာတာမဟုတ်ဘူးလား''


ကိုကိုက သူမကို မျက်မှောင်ကျုံ့ပြီးမေးလိုက်မှ 

သူမလဲ ခေါင်းလေးကုတ်လိုက်ကာ


"ကိုကို ဘယ်သွားမလို့လဲဟင်''

"သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့''


"ဟုတ်လား ဘယ်မှာချိန်းတာလဲ''

"Shadow cafe မှာ''


"Shadow cafe ဆိုတာက 

ခက် တို့ကျောင်းနားကမလား ဟုတ်တယ်မလား''


"အင်း ဟုတ်တယ်လေ ဘာလို့လဲ''

"ဒါဆို ခက် ကိုကားကြုံခေါ်သွားပေးလို့ရမလားဟင်''


"ဘယ်လို ဘယ်လို ကားကြုံလိုက်ချင်လို့ ဟုတ်လား''


အရင်က သူလိုက်ပို့မယ်ဆိုရင်တောင် 

အတင်းငြင်းတဲ့ ကောင်မလေးက အခုတော့ 

ကားကြုံလိုက်ချင်လို့ လာပြောနေတာမို့ 

ဝသန် အထူးအဆန်းဖြစ်သွား၏။ 


ဒါ့ကြောင့် သေချာသွားအောင် သူထပ်မေးလိုက်တော့ 

သူမလေးက နှုတ်ခမ်းလေးကိုချစ်စရာကောင်းအောင်စူပြထားပြီး 

ခေါင်းလေးကိုပါ တဆတ်ဆတ်ငြိမ့်ပြနေသေးသည်။


"ဒီနေ့မှ ဘာ​ဖြစ်နေတာလဲ''

"ဟင့် ကိုကိုက ခက် ကိုမခေါ်ချင်ဘူးလား''


"ဟာ ဘာလို့မခေါ်ချင်ရမှာလဲ 

ကိုကိုက ဒီနေ့ ညီမလေးထူးဆန်းနေလို့ပါ

ကဲပါ လာ တက် ကျောင်းနောက်ကျနေလိမ့်မယ်''


"အဟက် အာ့ကြောင့် ကိုကို့ကို ခက် ကတအားချစ်တာ''


"အပိုတွေ အပိုတွေ လာ ကားပေါ်တက်တော့''


ဝသန် ကားတံခါးပါဖွင့်ပေးလိုက်တော့

သစ်ခက်လေး က ကားထဲမဝင်ခင် 

သူ့ကိုသွားတွေပေါ်အောင်ရယ်ပြ​ေနသေးသည်။ 


"ကိုကို ကားမှန်တွေ တင်ပေးဦး''

"ဟင် ဘာလို့လဲ''


"ကိုကိုကလဲ တင်ပေးပါဆို 

သူ့ကားနဲ့လိုက်ရတယ်ဆိုပြီး 

ခက် ကိုစျေးကိုင်နေတာ''


"ဟာ မဟုတ်ရပါဘူးကွာ

ကိုကို့ကားက airconပျက်နေလို့ကွ 

ပြင်မယ် ပြင်မယ်ဆိုပြီး မပြင်ဖြစ်သေးတာ 

အဲ့ဒါကားမှန်တင်လိုက်ရင် ညီမလေးပူမှာစိုးလို့ပါကွာ''


"မပူဘူး ခက် အဆင်ပြေတယ်

ကိုကိုသာ ကားမှန်မြန်မြန်တင်ပေး''


"အေးပါကွာ တင်လိုက်ပြီ တင်လိုက်ပြီ ဟုတ်ပြီလား''


"ကိုကိုက ချစ်ဖို့ကောင်းပါတယ်ဆိုမှ အဟွန်း ဟွန်း''


"အဲ့လိုတွေ ညာညာစားနေတာပဲ''

"ဟင် ခက် က ကိုကို့ကို ဘယ်တုန်းကညာဖူးလို့လဲ''


ခက် နှာခေါင်းလေးရှုံ့ကာပြောလိုက်တော့ 

ကိုကိုက မျက်လုံးတွေမှေးကျသွားသည်အထိ ရယ်ပြီးမှ ကားမောင်းရင်းကနေ သူမရဲ့ခေါင်းလေးကို အသာလေးပုတ်ကာ


"အဲ့ဒါကြောင့် ကိုကို့ သစ်ခက်လေး ကို 

ကိုကိုကလိမ္မာတယ်ပြောတာပေါ့''


"ဟုတ်တယ်နော် ခက် က အရမ်းလိမ္မာတာ''


ခက် ကားအပြင်ကို လှမ်းကြည့်ရင်းကနေ ပြောလိုက်ခြင်း။

တကယ့်ကို ဟိုလူက လမ်းထိပ်မှာလာစောင့်နေတာပဲ။


ကားမှန်တွေချထားကာ တံခါးဘောင်ပေါ်လက်တစ်ဖက်တင်ပြီး 

လက်ထဲကဖုန်းကိုစိတ်ဝင်တစားကြည့်နေလို့သာ။


မဟုတ်ရင် ခက် တို့ကားခြံထဲက ထွက်လာတာကို ရိပ်မိလောက်သည်။


"သစ်ခက်လေး သစ်ခက်လေး ''

"ရှင်''


"ကိုကိုမေးနေတာကို မကြားနိုင်လောက်အောင် ဘာတွေကို ဒီလောက်ငေးနေတာလဲ''


"မ မငေးပါဘူး ခက် က ဘာကိုငေးရမှာလဲ

တကယ် တကယ့်ကိုမငေးဘူးရယ်''


ခက် လက်တွေပါ ရမ်းခါပြီး အတင်းငြင်းလိုက်တော့ 

ကိုကိုက သူမကိုပြုံးထေ့ထေ့ကြည့်ကာ


"မငေးဘူးဆိုလဲ ပြီးတာပါပဲကွာ

ဘာလို့ အဲ့ဒီ့လောက် အသည်းအသန်ငြင်းနေရတာလဲ''


"ကိုကို ယုံအောင်လို့ပေါ့ 

​ေနပါဦး ကိုကိုက ခက် ကိုဘာမေးလိုက်တာလဲ''


"ဪ... ကျောင်းဆင်းရင်ရော လာကြိုရမလားလို့ပါ''


"ဟင့်အင်း ရတယ် ကိုကို လာမကြိုနဲ့

ခက် ကိုယ့်ဟာကိုယ် ပြန်ခဲ့မယ်''


"အင်းပါ ဒါဆိုလဲ ပြီးတာပါပဲ''

"ဟုတ် ကိုကို''


ခက် ကိုကိုနဲ့စကားပြောပြီးသွားမှ

ကားနောက်ကြည့်မှန်ထဲကနေ ဟိုလူ့ကားကိုပြန်ကြည့်လိုက်တော့ 

ထိုလူကြီးက ကားထဲမှထွက်လာကာ 

ခက် တို့ခြံဘက်ကို လမ်းလျှောက်သွားနေသည်။


"အမလေး တော်သေးတာပေါ့ 

ငါသာ ကိုကိုနဲ့လိုက်မလာရင် မိတော့မလို့''

"ဘာတွေပြောနေတာလဲ''


"ဟမ် ဘာမှမဟုတ်ပါဘူး အဟွန်း ဟွန်း

ကိုကိုသာ ရှေ့ကိုသေချာကြည့်မောင်း''

"အေးပါကွာ''


"ကိုကို''

"ဟင် ပြောလေ''


ခက် ဟိုနေ့က ကိုကို့သူငယ်ချင်းလာတဲ့ကိစ္စကို ပြောဖို့ ခေါ်လိုက်ပြီးမှ ပြောသင့် မပြောသင့်စဥ်းစားနေစဥ်


"ပြောလေ ကိုကို့ကို ဘာပြောမလို့ ခေါ်တာလဲ''

"ခက် ကိုကို့ကို တိုင်စရာရှိလို့''


"တိုင်စရာ ဟုတ်လား''


သူပြန်မေးလိုက်တော့ သစ်ခက်လေး က ခေါင်းကိုဆတ်ခနဲငြိမ့်ကာ


"မနေ့ကလေ ခက် တို့ကျောင်းကို ကိုကို့သူငယ်ချင်း နေအရိပ် ဆိုတဲ့သူလာတယ်''

"နေအရိပ် ဟုတ်လား''


"ဟုတ် ကိုကို''

"နေပါဦး ညီမလေးက နေအရိပ် ကို ဘယ်လိုသိတာလဲ''


"သူက ခက် ကို အရင်လာမိတ်ဆက်တာ

ပြီးတော့ ခက် နဲ့ ခင်ချင်လို့လို့လဲပြောသေးတယ်''


"အဲ့ကောင်က ညီမလေးကို ဒီလိုပဲပြောတယ်ပေါ့''

"အွန်း အဲ့ဒါ ကိုကို့သူငယ်ချင်းကို ကိုကို ကြည့်ထိန်း''


"အေး အေး တွေ့မယ် နေအရိပ် မင်းတော့ကွာ

ညီမလေး အဲ့ကောင်ကို သိပ်ပြီးအရောမဝင်နဲ့ 

အဲ့ကောင်က ကောင်းတဲ့ကောင်မဟုတ်ဘူး

ကိုကိုပြောတာ ကြားလား''


"ဟုတ် ကိုကို''


ခက် ပြောချင်တာ ေပြာပြီးသွားတာနဲ့

ကိုကို့ရဲ့ မျက်နှာကြီးကလဲ ချက်ချင်းညိုမဲသွား၏။


သေခ​ျာတာတစ်ခုကတော့ ကိုကိုနဲ့ 

ကိုကို့သူငယ်ချင်း စကားများကြပေဦးမည်။


ခက် ငယ်ငယ်ကတည်း​က 

အခုလို ခက် အနားလာကပ်တဲ့သူမှန်သမျှနဲ့ 

ကိုကိုနဲ့ ရန်ပွဲတွေဖြစ်ခဲ့တာပဲ မဟုတ်လား။


ထိုအချိန် ခက် ကို ခက် သတိမထားမိလိုက်တာက 

ဟိုလူကြီးအကြောင်း ကိုကို့ကို တိုင်မပြောမိလိုက်ခြင်း။


>>>>>>>>>><<<<<<<<<<


ဂုဏ် မနက်က ပူတူး သူ့ကို မလှိမ့်တပတ်လုပ်သွားသည်ကို 

အခဲမကြေသောကြောင့် ကျောင်းဆင်းချိန် ကျောင်းရှေ့မှာ လာစောင့်နေလိုက်သည်။


မနက်က လမ်းထိပ်မှာကားရပ်ပြီး 

ပူတူးလေးကို စောင့်နေရတာ တော်တော်နဲ့ပေါ်မလာလို့ 

သူမလေးတို့ ခြံရှေ့ကို မယောင်မလည်နဲ့ 

သွားသွားချောင်းကြည့်ရသည်အထိ။


နောက်ဆုံး မသကင်္ာလို့ ခြံစောင့်ဦးလေးကြီးကို ဝေ့လည်ကြောင်ပတ်မေးကြည့်မှ 

ဝသန် နဲ့ထွက်သွားပြီဆိုတာ သိရခြင်း။


"မင်းက ကိုယ့်ကို လိမ်ရဲတယ်ပေါ့ 

တွေ့မယ် ပူတူး 

မျိုးရိုးဂုဏ် ဆိုတဲ့ကောင်က ဘာကောင်လဲဆိုတာ 

မင်းလေးသိစေရမယ်''


ထိုစဥ် သူ့ရှေ့မှဖြတ်မောင်းသွားသည့်

ကားလေးကို အမှတ်မထင်ကြည့်လိုက်မိတော့


"ဟင် ပူတူး...


မှန်တွေချထားတာမို့ သူသေချာမြင်လိုက်သည်။


ကားမောင်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့

ဘာတွေပြောပြီးသဘောကျနေလဲတော့မသိ။


မျက်လုံးလေးတွေ မှေးကျနေသည်အထိ ဟက်ဟက်ပက်ပက်ရယ်နေသည့် 

သူရဲ့ ပူတူး မှ ပူတူး အစစ်။


သူ့စိတ်အတိုင်းဆိုရင် အဲ့ဒီ့ကားရှေ့ပိတ်ရပ်ပစ်လိုက်ပြီး

ပူတူး ကိုဆွဲချခေါ်လာချင်ပေမယ့်

ပူတူး ဘာအကွက်တွေရွေ့နေလဲဆိုတာကို

သိချင်သေးတာမို့ စိတ်ကိုမနည်းလျော့ချလိုက်ပြီး

သူမလေးတို့ကားနောက်ကို နောက်ယောင်ခံလိုက်နေရသည်။


မျိုးရိုးဂုဏ် ဆိုတာ မင်းအတွက်ဆိုရင် 

အခုလိုပေါကြောင်ကြောင်လုပ်ရပ်တွေလဲ 

လုပ်တတ်တဲ့ အကောင်ပါ ပူတူး ရေ။


"ဂူးဂူး လိုက်ပို့လို့ ကျေးဇူးပဲနော်''


ခက် တို့ခြံရှေ့ကိုရောက်တာနဲ့ ကားပေါ်ကမဆင်းခင် 

ခက် ဂူးဂူး ကို ကျေးဇူးတင်စကားဆိုလိုက်တော့ ဂူးဂူး က သူမကိုမျက်စောင်းထိုးကြည့်လာပြီး


"အဲ့လိုတွေပြောတာ ငါမကြိုက်ဘူးလို့ ပြောထားတယ်မလား''

"အေးပါ ခက် သိပါတယ် ဒါပေမယ့်...


"ဘာမှ ဒါပေ မ မယ့်နဲ့ 

နင်ငါ့ကို တကယ်ကျေးဇူးတင်ရင် 

နင့်အစ်ကို ကိုဘုန်းဝသန် နဲ့ ငါ့ကို အောင်သွယ်ပေးလိုက်''


"တော်ပြီ ကျေးဇူးမတင်တော့ဘူး''


"ဟား ဟား မိခက် မိခက် သူ့အကိုကျတော့ နှမြောလိုက်တာ ဟား ဟား''


"နှမြောတာပေါ့ဟ ခက် မှာက ပြေးကြည့်မှ 

ဒီအစ်ကိုတစ်ယောက်ပဲ ရှိတာကို''


ခက် နှုတ်ခမ်းလေးစူပြီးပြောလိုက်တော့ ဂူးဂူး က သူမကိုပြုံးတုံ့တုံ့ကြည့်ကာ


"အေးပါ အေးပါ နှမြောနေလိုက် 

ငါကတော့ နင့်အကိုကို ရအောင်ယူမှာ

မရလို့ကတော့ အပျိုကြီးလုပ်ပစ်မယ် ဘာမှတ်လဲ''


"တော်ပြီဟာ ခက် အထဲဝင်တော့မယ်

နင်လဲပြန်တော့''

"ကိုကိုနဲ့ တွေ့ချင်သေးတာကို''


"ဂူးဂူး နော် ဟွန့် ခက် တကယ်စိတ်ဆိုးလိုက်မှာ''


"အမလေးလေး ကျုပ်ကစတာပါနော်

စိတ်တော့ ဆိုးတော်မမူပါနဲ့

ကဲ သွား အထဲဝင်တော့''


"နင်လဲ ကားကိုဂရုစိုက်မောင်းသွားဦး''

"ငါသိပါတယ်ဟ''


ခက် ဂူးဂူး ရဲ့ကားလေးမောင်းထွက်သွားသည်အထိ 

ရပ်ကြည့်နေလိုက်၏။ 


ထိုစဥ် မျက်လုံးထောင့်မှာမြင်လိုက်ရသည့် အနက်ရောင်တောက်တောက်ပြိုင်ကားလေးကြောင်​့ 

မသိချင်ယောင်ဆောင်ကာ ခြံထဲကို 

ခပ်မြန်မြန်လေးပြေးဝင်လိုက်သည်။


"ဒီလူ ဘယ်လိုလူလဲမသိဘူး''ဟု နှုတ်ကရေရွတ်လိုက်မိသေးသည်။


ဂုဏ် သူ့ကားကိုမြင်တာနဲ့ ခြံထဲကိုတန်းနေအောင် ပြေးဝင်သွားသည့် ကောင်မလေးကြောင့် 

စိတ်ထဲတနုံ့နုံ့ဖြင့် အလိုမကျဖြစ်သွားသည်။


မနက်ကို ဝသန့် ကိုလိုက်ပို့ခိုင်းတယ်။

ညနေ အပြန်ကျတော့ သူငယ်ချင်းကို 

လိုက်ပို့ခိုင်းတယ်ဆိုတော့ ဒါ သူ့ကို 

တမင်ပတ်ရှောင်တဲ့သဘောလား။


ခြံထဲလိုက်ဝင်သွားရင်လဲ သူမလေးနဲ့တွေ့ရဖို့ မသေချာတဲ့အပြင် နှင်းစက် နဲ့တွေ့နေရမှာစိုးတာကြောင့် 

မကျေမနပ်ဖြင့် ကားကို ထိုခြံရှေ့က ရွေ့လိုက်ရသည်။


"မင်းတော့ ကိုယ့်သည်းခံနိုင်စွမ်းကို လာ လာစမ်းနေတာပဲ ပူတူး''


>>>>>>>>>><<<<<<<<<<


ဒီနေ့နဲ့ပါဆိုရင် ပူတူးလေး သူ့ကို ရှောင်နေတာ ၃ရက်။


မနက်တိုင်း နှင်းဆီမြိုင်စံအိမ်ရှေ့ ကို 

သွားသွားစောင့်ရတာကလဲ အလုပ်တစ်လုပ်။


ညနေကျောင်းဆင်းချိန်တိုင်း 

ကျောင်းရှေ့သွားစောင့်ပေမယ့် 

သူမလေးကို မတွေ့ရတာကြောင့် 

ဒီနေ့ ကျောင်းရှေ့မှာ တစ်နေကုန်နေပြီး 

ကျောင်းထဲကထွက်လာသမျှလူတွေကို မျက်တောင်မခတ်တမ်းကြည့်နေသော်လည်း ကျောင်းထဲက လူတွေသာကုန်သွားသည်။

သူမလေးကို ဖမ်းလို့မမိလိုက်။


ဒါ့ကြောင့် အခုဆုံးဖြတ်ချက်တစ်ခုချကာ 

ကားကို နှင်းဆီမြိုင်စံအိမ် ဘက်ဦးတည်လိုက်ပြန်သည်။


သူ့ကားလေး စင်ဝင်အောက်ထိုးရပ်သွားတာနဲ့

အိမ်ထဲကနေ အပြေးအလွှားထွက်လာသည်က

မေနှင်းစက် ။


"အိုး.. ဂုဏ် ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ''

"ကားမောင်းပြီးဝင်လာတာ မြင်တယ်မဟုတ်ဘူးလား''


"အဟင်း အေးပါ အေးပါဟယ် 

နှင်းစက် စကားပြောမှားသွားတာပါ 

လာလေ အိမ်ထဲဝင်''


နှင်းစက် ဂုဏ် ရဲ့လက်မောင်းလေးကကို

ဝင်တွဲပြီး ေခါ်လိုက်တော့ ဂုဏ် က သူမလက်တွေကို ဖယ်ချကာ


"အိမ်ထဲမှာဆိုရင် ပူတယ်မဟုတ်လား

ခြံထဲကတစ်နေရာရာကိုပဲ သွားရအောင်''


"အမ် ရတယ်လေ 

အခုခြံရှေ့က မြက်တွေရှင်းနေတာဆိုတော့... ရေကူးကန်ဘက်ပဲသွားရအောင်လေ ဖြစ်တယ်မလား''


ဖြစ်တာပေါ့။

အဲ့ဒီ့ဘက်သွားချင်လို့ တမင်အကြံထုတ်နေရတာ မဟုတ်ဘူးလား။


သို့ပေမယ့် ဟန် ကိုယ်ဖို့ဆိုသည့်စကားအတိုင်း

မလိုက်ချင် လိုက်ချင်ပုံစံလေးဖြင့် 

ခေါင်းကိုငြိမ့်ပြလိုက်၏။


"ဘာကိစ္စရှိလို့လဲ ဂုဏ်''

"ကိစ္စမရှိရင် လာလို့မရဘူးလား''


"အဲ့လိုပြောတာမဟုတ်ပါဘူး နင်ကလဲ

ဒီနေ့ ဘာဖြစ်လာတာလဲ နှင်းစက် ဘာပြောပြော အကန်တွေပဲ ​ြပန်ပြောနေတာ''


ဂုဏ် ပြန်မဖြေပဲ ပူတူး တို့အိမ်နဲ့ 

မျက်နှာချင်းဆိုင်တည့်တည့်မှာရှိသည့် 

ရေကန်ဘေးက စတီးဆက်တီခုံတွင် ဝင်ထိုင်လိုက်သည်။


ထိုစဥ် ခဲရောင်ဂါဝန်ဝဲဝဲလေးနဲ့ 

ခဲရောင် အပေါ်ထပ်လက်ရှည်ပွပွလေးကို 

ထပ်ဝတ်ထားသည့် ပူတူး က ဝသန် ရဲ့လက်ကိုတွဲကာ 

အိမ်လေးထဲမှ ထွက်လာ၏။


သူ့ရှေ့မှာဆိုရင် အမြဲတမ်းပျောက်ဆုံးနေတတ်သည့် 

အပြုံးလှလှလေးတွေကိုလဲ ပန်ဆင်ထားသေးတာမို့ 

စိတ်ထဲမှာ ထောင်းခနဲမကျေမနပ်ဖြစ်သွားသည်။


၃ရက်လောက် မမြင်ရတဲ့မျက်နှာလေးမို့

ချက်ချင်း သူမလေးဆီကိုပြေးသွားလိုက်ချင်ပေမယ့် 

သူ့အနားမှာ နှင်းစက် ကရှိ​ေနေသးသည့်အပြင် သူမလေးအနားမှာလဲ ဝသန် ကပါရှိနေသေးတာမို့ 

စိတ်ကိုထိန်းချုပ်လိုက်ပြီး အလိုမကျခြင်း များစွာဖြင့်သာ 

ငေးကြည့်နေလိုက်သည်။


"ဂုဏ် နင် တော်ဝင်နန်းစံအိမ်မှာ သပ်သပ်ခွဲနေနေတာဆို''

"အွန်း ဟုတ်တယ်''


"ဘာလို့လဲဟ မမခေတ် က 

ဟိုတစ်နေ့ကတောင်ပြော​ေနေသးတာ

နင်ပြန်လာလို့ ပျော်နေတာကို အခု နင်က 

ဟိုတိုက်မှာပြောင်းနေတော့ စိတ်မကောင်းဘူးတဲ့

နင် မမခေတ် တို့နဲ့ပဲ​ြပန်နေပေးလိုက်ပါလားဟာ မမခေတ် တို့က နင့်ကို ဒီလောက်ချစ်ပြီး အလိုလိုက်ပေးနေတာကို

နင်အရမ်းဆိုးတယ် သိလား''


သူမကသာ တတွတ်တွတ်ပြောနေရတာ။

ဂုဏ် က ဘာတစ်ခွန်းမှပြန်မပြောပဲ 

လက်ထဲက အအေးခွက်လေးကို 

ခပ်တင်းတင်းကိုင်ကာ သူမကျောပေးထားသည့် ဘက်ကိုသာ 

အလိုမကျသော မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြည့်နေ၏။


ဒါ့အပြင် မျက်နှာကြီးကပါ နီရဲနေတာမို့ 

နှင်းစက် နောက်ကို လှည့်ကြည့်လိုက်တော့ 

သူမတို့ဆီကို လျှောက်လာသည့် ဝသန် နဲ့ မိခက် ။


"ဒါဘယ်သွားမလို့လဲ ဝသန် ''

"မာမီက အလှပန်းပင်တွေ သွားဝယ်ခိုင်းလို့''


"ပန်းပင်ဝယ်တာကို ဘာကိစ္စ မိခက် ကိုခေါ်သွားမှာလဲ''

"မမ သိချင်ရင် မာမီ့ကို ကိုယ်တိုင်သွားမေးပေါ့ လာ သွားမယ် ညီမလေး''


"ဟဲ့ နေဦး''


ပြောပြီးတာနဲ့ မိခက် လက်ကိုဆွဲကာ 

ထွက်သွားဖို့ပြင်နေသည့် ဝသန့် ကို 

သူမ မကျေမနပ်ဖြစ်သွားကာ မိခက် ရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့...


"အာ့...

"ဘာဖြစ်တာလဲ အဲ့ဒါက..

 ငါဆွဲတာ အဲ့ဒီလောက်တောင်နာသွားတာလား ဟမ် မိခက် ညည်းဟာလေ အပိုတွေ တအားလုပ်တာပဲ''


မမကြီး ဆွဲတာက နာလို့မဟုတ်ပါဘူး။

ခက် မနက်က မေမေ့ကိုကူရင်း 

လက်ဓားထိသွားတဲ့ နေရာကို ဖိဆုပ်လိုက်သလိုဖြစ်သွားတာကြောင့်ပါ။


သို့ပေမယ့် အဲ့ဒီလိုလဲရှင်းပြမနေချင်တာမို့ 

ခေါင်းလေးရမ်းပြလိုက်တော့ ဘေးမှာရပ်နေသည့်ကိုကိုက 

မမကြီးရဲ့လက်တွေကို ဆွဲဖြုတ်ပစ်လိုက်ပြီး


"မမ ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ''


"ငါ ဘယ်မှာအနိုင်ကျင့်လို့လဲ

သူ့ကို ဘာလုပ်ဖို့ခေါ်သွားမှာလဲလို့ 

နင့်ကိုမေးတာ မဖြေလို့ သူ့ကိုမေးကြည့်မလို့ တားလိုက်တာ 

ဟဲ့ မိခက် ပြောစမ်း နင်က ဘာလို့လိုက်သွားမှာလဲ''


"သခင်မကြီး ဝယ်ခိုင်းတဲ့ပန်းဆိုင်က 

ခက် သူငယ်ချင်းရဲ့ မေမေ့ဆိုင်ပါ

အဲ့ဒီ့အန်တီနဲ့ ခက် နဲ့ကအသိတွေမို့ 

သခင်မကြီးက ခက် ကိုလိုက်သွားခိုင်းတာပါ

ပြီးတော့ ကိုကိုက သခင်မကြီး ဝယ်ခိုင်းတဲ့အပင်တွေကို 

သေချာမသိဘူးဆိုလို့...


"တော်ပြီ တော်ပြီ မပြောနဲ့တော့

မာမီကလိုက်သွားခိုင်းလို့လို့ ပြောလိုက်ရင်ပြီးနေတာကို

မဆိုင်တာတွေလျှောက်ပြောနေတယ် ညည်းတော်တော်စကားများတယ်

သွား သွား ငါ့ရှေ့က မြန်မြန်ထွက်သွားစမ်း''


"ဟုတ်ကဲ့''


ဟုတ်ကဲ့ဆိုတာက အဆူခံရတဲ့ မိခက် ဆီမှ။

ကိုယ့်မောင် ဝသန် ကဖြင့် သူမကို မကျေမနပ်ဖြင့် 

ဂျိုကြည့်ကြည့်ကာ ထွက်သွား၏။


ကြည့်ပေါ့ ငါကဂရုစိုက်ရမှာလား ဟွန့်။


နှင်းစက် ထွက်သွားသည့် နှစ်ယောက်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ထိုင်ခုံတွင်ပြန်ထိုင်လိုက်တော့ 

သူမရှေ့တည့်တည့်မှ ဂုဏ် က 

ဝသန် သူမကိုကြည့်သွားသည့်ပုံနှင့် တစ်ပုံစံတည်းတူအောင် ကြည့်နေတာမို့...


"ဘာဖြစ်လို့လဲ ဂုဏ်''

"ငါပြန်မယ်''


"ဟဲ့ ချက်ချင်းကြီးပါလား''


"အင်း'' ဆိုပြီး တကယ့်ကို သူမရှေ့က 

လှည့်ထွက်သွားသည့် ဂုဏ့် ကို 

သူမ အံ့ဩသလိုလေးကြည့်ပြီး ကျန်ခဲ့သည်။


"ငါ ဘာလုပ်လိုက်မိလို့ 

ဂုဏ် က စိတ်ဆိုးသလိုကြီးဖြစ်သွားတာလဲ''


ဂုဏ် သူ့ကိုရှောင်နေသည့် ပူတူး ကိုဒေါသထွက်ပြီး 

စိတ်ဆိုးတာမှန်ပေမယ့် အခုလို ကိုယ့်ရှေ့မှာ သူမလေးကို အဆူခံနေရတာကိုတော့ 

လုံးဝမကြိုက်။ 


ဘာမဟုတ်တဲ့ ကိစ္စလေးကိုတောင် 

အပြစ်ရှာပြီးဆူနေသည့် နှင်းစက် က 

သူနဲ့ ဒီချာတိတ်ပတ်သတ်နေတာကိုသာ 

သိသွားရင် ဘယ်လောက်များ ဆူလိုက်မလဲ။


သူ့ကို မလှိမ့်တပတ်လုပ်ကာ လူလည်ကျသွားသည့် 

ပူတူး ကို နှင်းစက် ရှေ့မှာပင် အတင်းဆွဲချုပ်ပြီး မေးပစ်ချင်ပေမယ့် သူမလေးထပ်ပြီး

အဆူခံရမှာစိုးတာကြောင့် မြိုသိပ်လိုက်ရသည်။


ဒါ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ထင်ရာစိုင်းတတ်သည့် 

သူ့စိတ်ကို ပထမဆုံးအကြိမ် ချုပ်နှောင်ထားမိခြင်း။


ဂုဏ် အိမ်ပြန်ရန်အတွက် သူ့ကားရပ်ထားသည့် နေရာဘက်ကို လျှောက်သွားလိုက်တော့ 

ပူတူး က အိမ်ပေါက်ဝက လှေကားထစ်လေးတွင် တစ်ယောက်တည်းငုတ်တုတ်ထိုင်နေတာမို့ နှုတ်ခမ်းတွေတွန့်ကွေးသွားအောင် မဲ့ခနဲပြုံးလိုက်ပြီး 

အဲ့ဒီ့နားကို အမြန်လျှောက်သွားလိုက်၏။


"မျိုးရိုးဂုဏ် ဆိုတဲ့ကောင်ကို လိမ်ရဲတဲ့ သတ္တိခဲလေးပဲ''

"ဟင်...


"အဲ့ဒါ ဘယ်သွားဦးမလို့လဲ လာခဲ့''


သူ့ကိုမြင်တာနဲ့ အိမ်ထဲပြေးဝင်ဖို့ပြင်လိုက်သည့် 

ပူတူး ရဲ့ လက်မောင်းလေးမှ ဖျတ်ခနဲ ဆွဲလှည့်လိုက်တော့ 

သူ့ရင်ဘတ်နဲ့ သူမရဲ့နဖူးလေးမိတ်ဆက်သွား၏။


"ဟေ့ ခေါင်းမော့စမ်း

လုပ်ချင်ရာ လုပ်ထားပြီး 

အခုလို ခေါင်းငုံ့ထားလို့ရမလား မော့စမ်း''


"ဟေ့ မင်းကို ခေါင်းမော့လိုက်လို့ပြောနေတယ်လေ''


သူအထပ်ထပ်အခါခါ ပြောလိုက်သော်လည်း

သူမလေးက ခေါင်းကိုအတင်းငုံ့ထားတာကြောင့်

စိတ်မရှည်တတ်သည့် သူကပဲ သူမရဲ့မေးဖျားလေးကို 

လက်တစ်ဖက်ဖြင့် ပင့်မော့စေလိုက်ပြီး


"မင်းအရမ်း သတ္တိရှိတယ်မဟုတ်လား ဟမ်

သတ္တိရှိလို့ ကိုယ့်ကိုလိမ်ရဲတာမဟုတ်ဘူးလား''


"ဟင့်အင်း ခက် ခက် က...


"လုပ်ချင်တာ လုပ်ပြီးရင် 

သတ္တိရှိရှိ ရင်ဆိုင်ရဲရမှာပေါ့ 

ကိုယ့်မျက်လုံးကို သေချာကြည့်ပြီး မင်းပြောချင်တာပြော''


ထိုအခါမှ အရမ်းလှသည့် မျက်လုံးဝိုင်းဝိုင်းစက်စက်လေးများက 

သူ့ကို အသနားခံသည့်အကြည့်များဖြင့် ကြည့်လာပြီး


"ခက် မှာအပြစ်ရှိတယ်ဆိုတာ ခက် သိပါတယ် 

ခက် တောင်းပန်ပါတယ်နော်

ခက် ကိုခွင့်လွှတ်ပါ''


"အပြစ်ရှိမှန်းတော့သိတယ်ပေါ့''


"ဟုတ်''

"ကိုယ်မထင်ထားလောက်အောင် 

မင်းက အရှောင်အပုန်း ကျွမ်းတာပဲ 

ဒီမှာ ကိုယ့်ကိုသေချာကြည့် 

မင်းစိတ်ထဲမှာ တွေးထားတဲ့ အရမ်းတုံးတဲ့ကောင်ဟုတ်ရဲ့လား''


လက်တစ်ဖက်က 

သူမရဲ့လက်မောင်းလေးတစ်ဖက်ကို ဖိဆုပ်ထားပြီး 

ကျန်တဲ့လက်တစ်ဖက်က သူမရဲ့ မေးဖျားလေးမှ မျက်နှာကို ပင့်မော့ထားသေးတာမို့ 

ခက် တစ်ကိုယ်လုံးက သူ့လက်ထဲရောက်နေသလိုပဲ။


ဒီကြားထဲ ခက်ထန်တင်းမာနေသည့် 

သူ့ရဲ့မျက်နှာထားကြောင့် ခက် အသက်ပင်ရဲရဲမရှူရဲပဲ


"မဟုတ်ပါဘူး ခက် ရှင့်ကိုတုံးတယ်လို့ 

တစ်ခါမှမတွေးဖူးပါဘူး တကယ်ပါ''


"ရှင်ဆိုတာ  ဟမ်

ကိုယ့်ကိုပြောတာလို့တော့ မပြောနဲ့နော်

ကိုယ့်ကို ဘယ်လိုခေါ်ရမယ်ဆိုတာကအစ

မင်းနဲ့ ကိုယ်ညှိပြီးသား''


"ဟုတ်ပါတယ် ဒါပေမယ့်...


"မင်း ကိုယ့်ကိုလိမ်တယ် ပူတူး

ကိုယ့်ကိုပေးထားတဲ့ကတိကိုလဲ ဖျက်တယ်

မနေ့ကနဲ့ ဒီနေ့ မင်းတို့ကျောင်းရှေ့မှာ 

ကိုယ်ဘယ်လောက်ကြာအောင် 

စောင့်နေခဲ့ရတယ်ထင်လဲ''


"........''

"ပြောစမ်း မင်းဘယ်လိုသတ္တိတွေနဲ့ 

ကိုယ့်ကိုလိမ်ရဲရတာလဲ''


"ခက် လိမ်ချင်လို့ လိမ်တာ မဟုတ်ပါဘူး

ခက် ေကြာက်လို့်ပါ''


"ကြောက်လို့ ဟုတ်လား ဘာကိုကြောက်တာလဲ ဟမ်''


သူ မျက်ခုံးတွေတွန့်ချိိုးပစ်ပြီးမေးလိုက်တော့ သူမလေးက သူ့ကိုမရဲတရဲလေးကြည့်ကာ နှုတ်ခမ်းလေးတစ်လှုပ်လှုပ်ဖြင့် ပြောဖို့ဟန်ပြင်လိုက်စဥ်


"တွေ့ပြီကွ တွေ့ပြီ ဟားဟား..


အိမ်ထဲမှ ဝမ်းသာအားရဖြင့် အော်ပြေးလာသည့် ကိုကို့ကြောင့် ခက် သူမကိုအတင်းဆွဲချုပ်ထားသည့် 

ဟိုလူ့လက်တွေကို ဖယ်ချလိုက်ပြီး 

နောက်ကို မလုံမလဲကြည့်လိုက်တော့ 

ကားသော့လေးရမ်းကာ ပြေးထွက်လာသည့်ကိုကိုက


"ကားသော့ပျောက်နေလို့ ညီမလေးရေ

အခုတော့ တွေ့ပြီ ဟား ဟား

ဘယ်ကတွေ့တယ်ထင်လဲ ေရချိုးခန်းထဲက အဟွန်း..


"ဟုတ်လား ကိုကို''

"အွန်း.. ဪ.. အကိုရောပြန်တော့မလို့လား''


"ဟုတ်တယ် အခုပဲပြန်တော့မလို့

ကိုကိုသွားမယ်နော်''


ခက် ကိုသေချာကြီးကြည့်ပြီး 

နှုတ်ဆက်သွားသည့် လူကြီးကြောင့် 

ခက် ကိုကို့ကို မလုံမလဲဖြင့်ပြန်ကြည့်လိုက်တော့ ကိုကိုက လှေကားထစ်မှာချထားသည့် ဖိနပ်ကိုသာ 

စိတ်ဝင်တစားငုံ့ကြည့်ပြီး စီးနေတာမို့...


"တော်ပါသေးရဲ့''

"လာလေ သွားရအောင်''


"ဟုတ်''


ကားတံခါးလေးဖွင့်ပြီးမှ ခြံထဲကထွက်သွားသည့် ဟိုလူ့ကားကိုလှမ်းကြည့်လိုက်တော့ 

သူမကြည့်နေမှန်းသိ၍လားတော့မသိ။ 


ကားထဲမှ လက်တစ်ဖက်ထုတ်ကာ 

တာ့တာလုပ်ပြသွားသေးသည်။ 

ဒီလူနဲ့တော့ ရူးချင်တော့တာပါပဲ။


>>>>>>>>>><<<<<<<<<<


ဒီနေ့က သောကြာနေ့။

ဒီတစ်ပတ်လုံး ဟိုလူနဲ့တွေ့မှာစိုး၍ 

ကျောင်းကို ခိုးကြောင်ခိုးဝှက်တက်ခဲ့ရသည်။


ဒီနေ့ပြီးရင်တော့ စနေ တနဂ်နွေ နှစ်ရက်ပိတ်တာမို့ 

နှစ်ရက်လောက်တော့ စိတ်အေး လက်အေး 

နေလို့ရလောက်ပါရဲ့။


ဒါကလဲ သူမအတွေး။ 

မနေ့ကလို အိမ်အထိလိုက်လာရင်လဲ 

သူမဘာမှတတ်နိုင်တာမဟုတ်။


"ခက် အချဥ်ထုပ်မပါဘူးလားဟာ''


ရှေ့မှာသင်နေတဲ့ တီချယ့်ကိုမှ အားမနာ 

မတအားသဖြင့် ငိုက်နေသည့် ဂူးဂူး ကသူမကိုလက်တို့ပြီးမေးနေခြင်း။


"ဂူးဂူး နင်ခုနကပဲ စားလိုက်လို့ကုန်သွားပြီလေ

စာကိုသေချာအာရုံစိုက်ကြည့်ပါဟ 

နင်ကအခု စာကိုစိတ်မဝင်စားလို့ အိပ်ချင်နေတာ''


"ဟာ မသိဘူးဟာ 

အိပ်ချင်ပါတယ်ဆိုမှ စာကိုဘယ်လိုလုပ်အာရုံစိုက်လို့ရမှာလဲ''


"ဟဲ့ တိုးတိုး.. တိုးတိုးပြောပါ ဂူးဂူး ရဲ့''


ဟုတ်တယ်။

အိပ်ချင်နေတယ်ဆိုတာကြီးကို 

ရှေ့ကတီချယ် မကြားကြားအောင်များ 

တမင်ပြောနေသလားမသိ။


တီချယ် ကြားမကြားတော့မသိဘူး။

အခန်းထဲက လူတွေကတော့ သူမတို့ကို လှည့်ကြည့်ပြီး 

ပြုံးစိစိလုပ်နေတော့သည်။


"ခက်... ခက် လို့ဆိုနေ''

"ဟဲ့ ခက် နွေ သစ် ခက် ''


စာသင်တဲ့အချိန်လေးကို 

တစ်မျိုးပြီး တစ်မျိုး ပြဿနာရှာနေသည့် ဂူးဂူး ကို 

အမြင်ကပ်ကပ်နဲ့ မထူးပဲ နေနေလိုက်သည်။ 


ဒါကိုပင် အစ်မတော်ဘုရားက လက်မလျော့ပဲ သူမရဲ့ လက်ကိုလှမ်းလှမ်းတို့နေသေးသည်။


ခက် ဂူးဂူး ကို ပြန်ရန်တွေ့ရန်ပြင်လိုက်စဥ်...


"ဂူးဂူးရတီ''

"ရှင် ရှင်တီချယ် ဂူး ရှိပါတယ်ရှင့်''


ဂူးဂူး လက်ညှိုးလေးထောင်ကာ ထူးလိုက်တော့ တီချယ်မျက်လုံးတွေက မျက်မှန်အပေါ်ကနေ သူမကိုလှမ်းကြည့်ကာ


"ဘာတွေ ပြဿနာတက်နေတာလဲ''


"မတက်ပါဘူး 

ဘာမှပြဿနာမတက်ပါဘူး တီချယ် 

ဂူး အဆင်ပြေပါတယ်ရှင့်''


"ဒါဆို ဘာလို့ ဘေးကသူငယ်ချင်းကို 

လှမ်းလှမ်းတို့နေတာလဲ''

"ရှင် တီချယ်မြင်လိုက်တာလား''


"ခစ် ခစ်..

"ဟား ဟား ဟား...


ဂူးဂူး ပြောလိုက်တဲ့စကားနောက်မှာ 

တစ်ခန်းလုံးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေထွက်ပေါ်လာတာမို့ 

သူမ အခန်းထဲကလူတွေကို နားမလည်သလိုကြည့်လို်က်ပြီး


"နင်တို့ရော မြင်လိုက်လို့လားဟင်''


"ဘယ်သူ့မှလျှောက်မေးမနေနဲ့ 

ညည်းအိပ်ချင်ပါတယ်ဆိုမှလို့ ပြောလိုက်ကတည်းက 

တစ်ခန်းလုံးနင့်ကိုဝိုင်းအုံကြည့်နေတာ

စာသင်တာအရှိန်ပျက်မှာစိုးလို့ 

ညည်းကိုမဆူသေးပဲထားထားတာ 

ဒါကို ဘေးကသူငယ်ချင်းကို ဟိုတို့ ဒီဆိတ်လုပ်နေလို့ 

ပြောစမ်း ညည်း ဘာလို့ သူများကိုလိုက်နှောင့်ယှက်နေတာလဲ''


"ရှင် ဟို ဟိုဟာ ဂူး အိပ်ချင်လို့ပါ တီချယ်''

"ဘာ...

"ဂူးဂူး...


"ဟား ဟား ဟား...


ဂူးဂူး စကားဆုံးတာနဲ့ 

တီချယ့်ရဲ့ ဘာဆိုတဲ့ အသံကြီးရယ် 

ခက် ရဲ့လှမ်းတားတဲ့အသံလေးရယ်နောက်မှာ တစ်ခန်းလုံးရဲ့ရယ်သံတွေက ဝက်ဝက်ကွဲ။


"ကဲပါ ေဒါ်ဂူးဂူးရတီ ရယ် 

အိပ်ချင်ရင်လဲ ကျွန်တော်မျိုးမအချိန်တော့ သည်းခံပြီး နေပေးပါဦး နော် ဟုတ်ပြီလား''

"ဟုတ်ကဲ့ သမီး ကြိုးစားကြည့်ပါမယ်''


"ဟား ဟား ဟား...

"ဟား ဟား ဟား...


သူမဘာပြောပြော ရယ်ပဲရယ်နေကြသည့် 

အခန်းထဲကလူတွေကို သူမနှာခေါင်းလေးရှုံ့ကာ မျက်စောင်းထိုးကြည့်လိုက်သည်။


သူများတွေကို မျက်စောင်းထိုးကြည့်လို့ 

အားရသွားမှ ခက် ကိုပြန်လှည့်ကြည့်လိုက်တော့ ခက် ကသူမကို မျက်စောင်းထိုးကြည့်ကာ


"စာကိုသေချာအာရုံစိုက်စမ်းပါ ဂူးဂူး ရယ်''

"အေးပါ အေးပါ နင်ကလဲ ငါ့ဆိုပြောဖို့ပဲ ဟွန့်''


ရှေ့မှာချထားသည့် စာအုပ်ကို 

တဗြန်းဗြန်းမြည်အောင်လှန်ရင်း ပြောလိုက်၏။


"ခက် ရေဘူးပါလားဟင်''


လေသံတိုးတိုးလေးကြောင့် ဂူးဂူး ကြည့်လိုက်တော့

ရှေ့တန်းက မိစု က တီချယ်ကြားမှာစိုး၍ထင်ပါရဲ့။ 

ခက် ကိုလေသံလေးဖြင့် မေးနေခြင်း။


"အင်း ပါတယ် ခဏနော် 

ခက် အိတ်ထဲကထုတ်လိုက်ဥိီးမယ်''


ခက် က မိစု နေရာမှာ ဂူးဂူးသာဆိုရင် 

ဘာဖြစ် ညာဖြစ်ဆိုပြီး ပွစိပွစိပြောနေဦးမှာ သေချာပေမယ့် 

အခု မိစု ကိုတော့ ပြုံးပြကာ 

အိတ်ထဲက ရေဘူးကိုထုတ်ယူနေတာမို့ 

ဂူးဂူး မကျေမနပ်ဖြင့် မျက်နှာကို တစ်ဖက်လွှဲပစ်လိုက်သည်။


"ဟင် ဒီလူ..


ခုနကတည်းက ဒီလူက ခက် ကိုစူးစိုက်ကြည့်နေတာမို့ 

ခက် ကိုအသိပေးမလို့ ခေါ်နေတာဖြစ်ပေမယ့် ယတီချယ်သိသွားလို့ မပြောဖြစ်လိုက်။


အခုလဲ ခုနကအတိုင်း 

ခက် ကိုပဲ ကြည့်နေသေးတာမို့ 

ခက် ဘက်ကိုပြန်လှည့်ကာ


"ခက် ခက် ''

"ဘာလဲ ဂူးဂူး ရယ် ဘာဖြစ်ပြန်ပြီလဲ''


တကယ် တခက်တည်း ခက်နေတာမို့ 

ခက် မိစု ကိုပေးဖို့ထုတ်ထားသည့် 

ရေဘူးလေးကို ကိုင်လျက်ကနေ 

စိတ်မရှည်သလိုထူးလိုက်တော့ 

ဂူးဂူး ကအခန်းအပြင်ဘက်ကို မေးငေါ့ပြကာ


"ခက် နင်ဟိုလူ့ကိုသိလား''

"ဘယ်လူလဲ''


"ဟိုမှာလေ အနက်ရောင်အက်ျီနဲ့ 

အတန်းရှေ့မှာရပ်နေတဲ့သူ''


ခက် ဂူးဂူး ပြနေသည့်ဘက်ကို လှမ်းကြည့်လိုက်တော့မှ...


"ဟင် ဒုန်း...

"ဟဲ့ ဂူးဂူး နဲ့ နွေသစ်ခက် ဘာဖြစ်ကြပြန်ပြီလဲ

ညည်းတို့နှစ်ယောက်နဲ့ ငါဒီနေ့ စာသင်ရပါဦးမလား''


"ရေ ရေဘူး ပြုတ်ကျတာပါ တီချယ်

ခက် တောင်းပန်ပါတယ် တီချယ်''


ထိုအခါမှ တီချယ်က စိတ်မရှည်သလို 

သက်ပြင်းရှည်ကြီးချကာ white board ဘက်ပြန်လှည့်သွားသည်။


ဂူးဂူး အပါအဝင် ကျောင်းသားအားလုံး white boardပေါ် က 

တီချယ်ရေးပြသည့် စာကိုလိုက်ကူးနေကြပေမယ့် 

ခက် မှာသာ အခန်းပြင်က လူကိုတကြည့်ကြည့်။


အနက်ရောင်စတိုင်လ်ဘောင်းဘီရှည်နဲ့ 

အနက်ရောင်တီရှပ်လက်တိုပွပွကိုဝတ်ထားသည့် ထိုလူကြီးက မသိရင် တက္ကသိုလ်ကျောင်းသားလိုလို ဘာလိုလို။


လျှောက်လမ်းဘေးက ကော်ရစ်တာကို လက်ပိုက်မှီထားသည့် သူ့ကို 

ခက် မရဲတရဲလေးခိုးကြည့်လိုက်တော့ 

လက်တစ်ဖက်မြှောက်  မျက်လုံးတစ်ဖက်ကို ဖျတ်ခနဲမှိတ်ပြကာ ခပ်ထေ့ထေ့လေးပြုံးပြနေတာမို့ 

ခက် ရှေ့ကိုခပ်မြန်မြန်ပြန်လှည့်လိုက်သည်။


"ဘာလဲဟ ငါ ရင်တွေခုန်နေတာလား''


ခက် ကိုယ့်ရင်ဘတ်ကို လက်လေးတစ်ဖက်နဲ့ဖိကာ 

ရေရွတ်လိုက်ရသေးသည်။


**ဒီနေ့တော့ ကံမကောင်းတော့ဘူး ထင်တယ်**


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်လေးနဲ့

ဝေဖန်ပေးကြပါဦး😘


အပိုင်း(၉)မျှော်


စာရေးသူ-Merida(Tulip)


rate now: