book

Index 7

အပိုင်း(၇)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~

"သား ဂုဏ်လေး ထတော့လေကွယ် 

နေမြင့်နေပေါ့ သား သား ဂုဏ်လေး''


မနက်စောစောစီးစီး 

သူ့ကိုအတင်းကာရော နှိုးနေတဲ့ 

ဒေါ်ထွေးရဲ့အသံကြောင့်

 သူ ဘယ်လိုမှဆက်အိပ်လို့မရတဲ့အဆုံး 

အိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး


"ဒေါ်ထွေး ကျွန်တော်အိပ်နေတယ်လေဗျာ''


"ပြီးမှပြန်အိပ်ပါ သားရယ် 

အခုတော့ ထပြီး မနက်စာလေးစားလိုက် နော်''


"ဟာဗျာ အရေးမပါတာ 

နေစမ်းပါဦး ဒေါ်ထွေးက ဘယ်လိုလုပ်ပြီး 

ဒီအိမ်ရောက်လာတာလဲ''


သူအိပ်ချင်မပြေသေးသည့် မျက်လုံးတွေဖြင့် ဒေါ်ထွေးကိုမော့ကြည့်ပြီးမေးလိုက်သည်။


ဟုတ်တယ်လေ။ 

မနေ့ညကအထိ ဒီအိမ်မှာ သူနဲ့ 

ခြံစောင့် ဦးမောင်ပဲရှိတာမဟုတ်လား။


"သားမေမေ လွှတ်လိုက်တာ 

သားတစ်ယောက်တည်း စားဖို့ သောက်ဖို့ 

အဆင်မပြေမှာစိုးလို့တဲ့''


"အခုလို နှိုးဖို့ရော မှာလိုက်တာလား''


"သားမေမေက သားမနက်စာ 

မစားဖြစ်မှာစိုးလို့ပါကွယ်''


"ဒေါ်ထွေးက ဒီအိမ်မှာ ဘယ်လောက်နေမှာလဲ''


"သား ဟိုအိမ်ကိုမပြန်ခင်အထိပေါ့''

"ဟာ ကျစ်.. ဒုက္ခပါပဲဗျာ''


လွတ်လွတ်လပ်လပ်နေချင်လို့မှ 

ဒီအိမ်ကို အကြောင်းရှာပြီး လာနေတာကို 

မေမေက အထောက်တော်လွှတ်လိုက်သေးသည်။ 


သူစိတ်ရှုပ်လာတာကြောင့် 

ဆံပင်တွေကို ထိုးဖွပစ်လိုက်ရင်း 

ခေါင်းရင်းက နာရီကို လှမ်းကြည့်လိုက်တော့ ၈နာရီအတိ။ 


နာရီကြည့်ပြီးတာနဲ့ နှုတ်ခမ်းကိုတစ်ချက်မဲ့ပစ်လိုက်ကာ 

ပြန်အလှည့် နာရီလေးဘေးမှထောင်ထားသည့် ပြက္ခဒိန်ကြောင့် ေခါင်းက ဒီဘက်ကိုပြန်မလှည့်ဖြစ်သေးပဲ


"ဒီနေ့ တနလင်္ာနေ့လား ဒေါ်ထွေး''

"ဟုတ်တယ်လေ 

ဘာလဲ သားမှာအရေးတကြီးကိစ္စရှိလို့လား''


"အင်း ရှိတယ် အရမ်းကို အရေးကြီးတဲ့ကိစ္စ ကျေးဇူးပဲ ဒေါ်ထွေးရေ ကျေးဇူးပဲ အဟွန်း''


ဆူပုတ်နေတဲ့မျက်နှာကနေ ရုတ်တရက်ကြီး 

ပြုံးပျော်သွားပြီး ကုတင်ပေါ်ကနေ 

ခုန်ပေါက်ပြေးဆင်းသွားသည့် ဂုဏ်လေးကို 

သူမ တအံ့တဩသာ ကြည့်နေမိသည်။


"ဒီကောင်လေး ဘာဖြစ်နေတာလဲ မသိဘူး''


ဂုဏ် ရေချိုးခန်းထဲဝင်ကာ 

မျက်နှာသစ်ရေမိုးချိုးလိုက်ပြီး 

အပြင်သွားရန်ပြင်ဆင်လိုက်၏။ 


ဒီနေ့က တနလင်္ာနေ့ဆိုတော့ 

ပူတူးလေး ကျောင်းသွားမယ့်နေ့။ 


မနေ့ကလို ဟိုအိမ်ကိုအကြောင်းရှာပြီး 

သွားစရာမလိုတော့ဘူးလေ။ 


ဒါ့ကြောင့် သူမလေးကျောင်းကိုလိုက်သွားရန်အတွေးဖြင့် ပြင်ဆင်ပြီး ကားရှိရာကိုလျှောက်သွားလိုက်တော့


"သား မနက်စာမစားဘူးလား''

"တော်ပြီ ဒေါ်ထွေး 

ကျွန်တော် အပြင်မှာပဲ စားလိုက်တော့မယ်''


"ဒီမှာ သားကြိုက်တဲ့မုန့်တွေပြင်ထားတယ်လေကွယ်''


ဂုဏ် ဘာမှထပ်မဖြေတော့ပဲ ကားပေါ်တက်ကာ ဦးတည်ရာအတိုင်းမောင်းထွက်လိုက်သည်က နှင်းဆီမြိုင်စံအိမ်။


>>>>>>>>>><<<<<<<<<<


"သမီးလေး ကျောင်းသွားရမှာမလား 

ဘာလုပ်နေတာလဲ လာ မနက်စာလာစားတော့ တော်ကြာနောက်ကျနေမယ်''


သက်ထား သမီးဖြစ်သူကို လှမ်းခေါ်ရင်းကနေ သမီးကြိုက်တဲ့ ပိန်းဥထမင်းကို ပန်းကန်ထဲထည့်လိုက်၏။


"လာပါပြီ မေမေရယ်

မေမေ ဒီမှာ ခက်ကိုကြည့်ပါဦး 

ခက်ပိန်သွားလားဟင်''


အနည်းငယ် ပွချင်နေသည့် 

မရမ်းရောင် ပိုးသားဝမ်းစက်လေးနဲ့ 

သမီးဖြစ်သူကို သက်ထား စက္ကန့်အနည်းငယ်ကြာအောင် 

စိုက်ကြည့်လိုက်ပြီးမှ


"အင်း.. နည်းနည်းပိန်သွားတယ် ထင်တယ် 

အက်ျီလေးက ပွနေသလိုပဲ''


"ဟုတ်တယ်နော် 

ခက်လဲ အက်ျီကကြီးသွားတယ်ထင်လို့''


"လာ ထိုင်လေ အက်ျီကတော့ကြီးမသွားပါဘူး သမီးရယ် သမီးကသာ ပိန်သွားတာ''

"ဟင့် အဲ့ဒါ ခက်ဘယ်လိုလုပ်ရမလဲ မေမေ''


ထမင်းစားပွဲဝိုင်းက ခုံလေးတွင်ဝင်ထိုင်ရင်းမှ နှုတ်ခမ်းလေးမဲ့ကျသွားပြီး မေးနေသည့် သမီးရဲ့ခေါင်းလေးကို အသာလေးပုတ်ကာ


"မေမေ့သမီးလေးက 

ထမင်းတွေအများကြီးစားရမှာပေါ့

ဒါဆို မေမေ့သမီးလေး ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာမှာ''


"ဟုတ်လား မေမေ''


"အွန်း အဲ့ဒါကြောင့် အခု မေမေထည့်ပေးထားတဲ့ ထမင်းကို ကုန်အောင်စား''


"ဟာ ပိန်းဥထမင်းပဲ  

ခက် ညကတောင်ပိန်းဥထမင်းစားရရင် 

သိပ်ကောင်းမှာပဲလို့ တွေးနေတာ အဟွန်း ဟွန်း မေမေက ခက်စိတ်ကို သိနေသလိုပဲ''


"သမိိီးစိတ်ကို မေမေက မသိဘူးလို့ ထင်နေလို့လား''


"ဟင့်အင်း မထင်ပါဘူး 

မေမေက သမီးဗိုက်ထဲက ပုဏ္ဏားလေးလေ ဟီး ဟီး''


"အမလေး အတတ်ကလေး 

ကဲပါ စားစား ကျောင်းနောက်ကျနေတော့မယ်''

"ဟုတ်ကဲ့ မေမေ''


ခက် မေမေထည့်ပေးထားသည့် 

ပိန်းဥထမင်းတွေကို ခေါင်းမဖော်ပဲ ငုံ့စားနေတော့ ေမမေက ခက်ရဲ့ ဖြန့်ချထားသည့် ဆံပင်တွေကို ခေါင်းစည်းကြိုးလေးဖြင့် စည်းပေး၏။ 


မေမေက အဲ့လိုပဲ။

ခက်ကိုဆို အရိပ်တကြည့်ကြည့် ဂရုစိုက်တတ်တာ။


"သမီး မုန့်ဖိုးရှိသေးရဲ့လား''


"ရှိပါတယ် မေမေရဲ့

ခက်က မုန့်မှ သိပ်မစားဖြစ်တာ

အဲ့တော့ မေမေပေးတဲ့မုန့်ဖိုးက ကုန်ကိုမကုန်တာ''


တကယ်လဲ ဟုတ်သည်။ 

မေမေက နှင်းဆီမြိုင်စံအိမ်ရဲ့ 

အရှင်သခင် ဦးမင်းသစ်ရဲ့ ဇနီးတစ်ယောက်ဆိုပေမယ့် 

နေစရာ တသီးတသန့်အိမ်ဆိုတာမျိုးကလွဲရင် အိမ်ဖော်တစ်ယောက်ရဲ့လစာကိုပဲ ခံစားခွင့်ရှိသည်မဟုတ်လား။ 


အဲ့တော့ မေမေ ခက်ကိုပေးသည့် မုန့်ဖိုးဆိုတာမျိုးက 

တစ်လတစ်ခါ လစာထုတ်မှ ရသည့် 

သိန်းဂဏန်းမပြည့်သော ပိုက်ဆံလေး။


ဒါပေမယ့် ခက်အတွက်တော့ သုံးလို့မကုန်ပါ။

ဘယ်ကုန်မလဲ ကားခနဲ့ ကျောင်းစရိတ်ကလွဲရင် တခြားဘယ်နေရာမှ မသုံးတာကို။


"သမီး ဖေဖေဆီက ပိုက်ဆံတွေ ယူထားသေးလားဟင်''

"ဟင့်အင်း ခက် မယူပါဘူးမေမေ''


"အင်းပါ မယူနဲ့နော်သမီး

မေမေက သမီးကို သမီးဖေဖေနဲ့ 

မပတ်သတ်စေချင်လို့တော့မဟုတ်ပါဘူး

သမီးဖေဖေက သမီးအတွက်လိုအပ်တဲ့ အသုံးအဆောင်ဆိုရင် ခေါင်းစည်းကြိုးကအစဝယ်ပေးတာလေ

အဲ့တော့ သမီးအနေနဲ့ ပိုက်ဆံဆိုတာမျိုးကို တောင်းလဲမတောင်းနဲ့ ပေးလဲမယူနဲ့ 

မေမေပြောတာနားလည်လား သမီး

အကိုလေးမှာက သမီးအပြင် နောက်ထပ် ဂရုစိုက်ရမယ့် သားသမီးတွေရှိသေးတော့...


"ခက် သိပါတယ် 

ခက်ကလဲ ဖေဖေဆီကနေ အဖေတစ်ယောက်ရဲ့ မေတ္တာကလွဲရင် ဘာမှ မမျှော်လင့်ပါဘူး''


"လိမ္မာလိုက်တဲ့သမီးလေး

မေမေသမီးလေးက တအားချစ်ဖို့ကောင်းတာပဲ''


"မေမေနဲ့တူလို့ပါနော် အဟွန်း''

"အဲ့လိုတွေပြောပြီး မေမေ့ကို ချုပ်နေတာမလား''


"ခက် မချုပ်လဲ မေမေက ခက်ကို ချစ်တာပဲမလား''

"မချစ်ပါဘူး ငရှုပ်လေးကို မေမေက မချစ်ပါဘူး''


"ဟား ဟား မေမေညာနေတာပါ ဟွန့် 

မေမေ့မျက်လုံးထဲမှာ ခက်ကို ချစ်ပါတယ် ချစ်ပါတယ်ဆိုပြီး စာလုံးထိုးပြနေတာကို''


"အဲ့ဒါကြောင့်ပြောတာ အတတ်လေးပါဆို 

ကဲ စားပြီးရင်လဲ ကျောင်းသွားတော့ taxiနဲ့သွားနော် 

ဘတ်စ်ကားမစီးသွားနဲ့''


မေမေက ခက်ရှေ့မှ ပန်းကန်လေးကို ဆွဲယူရင်း ပြောလိုက်တော့ ခက် ပန်းကန်လေးကို ပြန်ဆွဲယူလိုက်ပြီး ဘေစင်တွင်သွားဆေးကာ


"ဘတ်စ်ကားနဲ့သွားရင် 

ဘယ်​ေလာက်စျေးချိုတယ်မှတ်လဲ မေမေ

ပြီးတော့ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်သွားရတော့ ကျန်းမာရေးနဲ့လဲ ညီညွတ်တာပေါ့''


"ဒါပေမယ့် မေမေစိတ်မချဘူးလေ''


"ဘာလို့စိတ်မချတာလဲ''


ခက် ပန်းကန်လေးကို ပန်းကန်ထည့်တဲ့ကြိမ်ခြင်းလေးထဲ 

လှမ်းထည့်ရင်းမေးလိုက်တော့ မေမေက သူမကို မျက်စောင်းလေးထိုးကြည့်လိုက်ပြီး


"မေမေ့သမီးက တအားချစ်ဖို့ကောင်းတာကို''

"အဲ့ဒါဆို ခက်က ရုပ်ဆိုးသွားအောင် ဘယ်လိုလုပ်ရမလဲ''


"ရုပ်ဆိုးသွားအောင်မလုပ်ပဲ 

မေမေပြောသလို taxiနဲ့သွားလိုက်''


"taxiနဲ့ကျ စိတ်ချတယ်ပေါ့''


"ဘတ်စ်ကားထက်တော့ တော်သေးတာပေါ့''

"ဟုတ်ပါပြီရှင့် 

ဒါဆို ခက် ဒီနေ့ taxiနဲ့သွားလိုက်မယ်နော်''


"ဒီနေ့taxiနဲ့ သွားလိုက်မယ်ဆိုတော့ 

နောက်ရက်တွေကျတော့ရော?..''


"ဒါကတော့... အွန်း ရက်ခြားလေးပဲ လုပ်လိုက်နော်''


ခက် မေမေ့ရဲ့ခါးလေးကို ဖက်ပြီး ချွဲပြလိုက်တော့ 

မေမေက တဖြည်းဖြည်းပြုံးချလာပြီး


"သဘော သဘော ကဲ သွား ကျောင်းသွားဖို့လုပ်တော့''

"Yes mommy အာဘွားနော်''


ခက် မေမေ့ရဲ့ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်ပြီး 

အခန်းထဲဝင်ကာ  ခုနက မေမေစည်းပေးထားသည့် 

ခေါင်းစည်းကြိုးလေးကို ဖြေချလိုက်ပြီး 

ဆံပင်တွေကို ခေါင်းဖြီးလေးဖြင့် 

တစ်ချက် နှစ်ချက်ဖြီးလိုက်သည်။ 


ထို့နောက် စာအုပ်တွေပါသည့် 

မီးခိုးရောင် သားရေဘေးလွယ်အိတ်လေးကို ကောက်ယူလိုက်​ပြီး ခြံရှေ့ထွက်လာခဲ့သည်။


မေမေ့သဘောအတိုင်း လမ်းထိပ်မှ taxiတစ်စီးကို

တားလိုက်ပြီး ကျောင်းကိုထွက်လာခဲ့ပေမယ့် ကျောင်းရောက်သည်အထိ သူမရဲ့နောက်မှကပ်လိုက်လာသည့် 

အနက်ရောင်ပြိုင်ကားလေးကိုတော့ သတိမထားမိလိုက်။


ကျောင်းရှေ့ထိအရောက်ပို့သည့် taxiပေါ်မှ 

ခက် ဆင်းလိုက်တော့ သူမစီးလာသည့် 

ကားနောက်တွင် အနက်ရောင်ကားတစ်စီးလဲ 

ထိုးရပ်သွားသည်။ 


ဘာရယ်မဟုတ် ထိုကားလေးကို သူမဝေ့ကြည့်လိုက်ပြီးမှ 

ကျောင်းထဲဝင်ရန် လှည့်အထွက်


"သစ်ခက်လေး''

"ဟင် ခက်ကိုခေါ်တာလား''


သူမရှေ့တည့်တည့်တွင် လာရပ်ပြီး ခေါ်လိုက်သည့် 

လူကိုခက်ပြန်မေးလိုက်တော့ ထိုလူက သူမကိုပြုံးကြည့်နေရာမှ ခေါင်းငြိမ့်ပြ၏။


"ခက်ကို သိလို့လား''


"အင်း သိတယ် မင်းကတော့ ကိုယ့်ကိုမသိဘူးထင်တယ်

ဒီတော့ ကိုယ်ကပဲစပြီး မိတ်ဆက်မယ်နော်

ကိုယ့်နာမည်က နေအရိပ် မင်းအကို ဝသန်ရဲ့သူငယ်ချင်း''


"ဪ... ကိုကို့သူငယ်ချင်းလား 

ခက်နာမည်က..


"နွေသစ်ခက် ဟုတ်တယ်နော်''


"ရှင် ဟုတ်ကဲ့

ဒါနဲ့ ဘာကိစ္စရှိလို့လဲဟင် ခက်ဆီလာတာက''


"ကိစ္စကတော့ ခင်ချင်လို့''


"ခင်ချင်လို့''


ခက် သံယောင်လိုက်ပြီးမေးလိုက်တော့ 

ထိုလူက ခေါင်းငြိမ့်ပြပြန်သည်။


"ကိုကို့သူငယ်ချင်းဆို''

"အင်းလေ''


"ကိုကိုနဲ့ခေါ်တယ်မဟုတ်ဘူးလား''

"ခေါ်ပါတယ် ဘာလို့လဲ''


"ကိုကိုနဲ့ခေါ်ရဲ့သားနဲ့ 

ခက်ကို ဘာလို့ခင်ချင်တာလဲ?''


"ဟမ် မင်းအကိုနဲ့ခေါ်ရင် မင်းနဲ့ခင်လို့မရဘူးလား''


"အဲ့လိုတော့မဟုတ်ပါဘူး 

ခက်ဆို သူငယ်ချင်းတစ်ယောက်ပဲရှိတာတစ်ယောက်တည်းကိုပဲ အများကြီးခင်တာနောက်ထပ်လဲ ဘယ်သူ့ကိုမှထပ်ခင်ဖို့ မလုပ်ဘူး အဲ့ဒါကြောင့်ပါ''


ဒါ သူ့ကိုမခင်ချင်ဘူးဆိုတာကို 

ပညာသားပါပါဖြေလိုက်တဲ့စကား။ 


မာနကိုထိခိုက်တဲ့စကားမို့ 

ရင်ထဲအောင့်သက်သက်ဖြစ်သွားပေမယ့် ဘယ်တော့မှနောက်မဆုတ်တတ်တဲ့ ဗီဇကြောင့် မျက်နှာကို ချက်ချင်းပြုံးပစ်လိုက်ပြီး


"သူငယ်ချင်းလိုမခင်ချင်လဲရပါတယ် 

ဝသန့်လို အကိုတစ်ယောက်အနေနဲ့တော့ အခေါ်အပြောလုပ်မယ်မလား''


"ဒါပေမယ့် ရှင်က ကိုကို့လို 

ခက်နဲ့မှ အမျိုးမတော်တာကို''


"ဟာ အားနာပါးနာလေးတောင် လက်မခံပေးဘူးပဲ

ထားပါ ဒါဆို လမ်းမှာတွေ့ရင်တော့ 

နှုတ်ဆက်လို့ရတယ်မလား''


"ဟုတ်ကဲ့ ရပါတယ်''


တစ်မျိုးပြီးတစ်မျိုး အကြောင်းရှာပြီးပြောနေတာမို့ 

ခက် ပြီးပြီးရော ခေါင်းငြိမ့်လိုက်တော့ 

ထိုလူက ပြုံးသွားပြီး


"ကိုယ်က ဘယ်လိုခေါ်ရမလဲ?''

"အဆင်ပြေသလိုခေါ်ပါ ရပါတယ်''


"ဟုတ်ပြီ ဒါဆို ဝသန့်လိုပဲ 

သစ်ခက်လေးလို့ခေါ်မယ်လေ ရတယ်မလား''


"ဟုတ်ကဲ့ ရပါတယ်''


"အွန်း ကိုယ့်ကိုရော ဘယ်လိုပြန်ခေါ်ပေးမှာလဲ? ဝသန့်ကိုခေါ်သလိုပဲ ကိုကိုလို့ခေါ်မလား 

ကိုယ်ကတော့ အဆင်ပြေတယ်နော်''


"ဟင့်အင်း မခေါ်ပါဘူး 

ရှင့်နာမည်က နေအရိပ်မလား 

ကိုနေအရိပ်လို့ပဲခေါ်မယ်''


ဒါကျတော့ ခေါင်းလေးမော့ပြီး 

ဆတ်ခနဲပြန်ဖြေတဲ့ ကောင်မလေးကို 

သူသဘောကျကာ ရယ်လိုက်တော့ 

သူမလေးက သူ့ကို မျက်လုံးဝိုင်းလေးဖြင့် ပြူးကြည့်နေပြီး


"ဘာလို့ရယ်တာလဲ''

"မင်းစကားပြောတဲ့ပုံလေးကို သဘောကျလို့ မင်းစိတ်တိုင်းကျ ခေါ်လို့ရတယ် 

ကိုယ်က မင်းဘယ်လိုခေါ်ခေါ် သဘောကျပြီးသား''


"ဟုတ် ဒါဆို ခက်ကို ခွင့်ပြုပါဦး''

"ဟုတ်ပါပြီဗျာ လမ်းမှာတွေ့ရင်ခေါ်မှာနော်''


"ဟုတ်''


သူ့ကို သိပ်ပြီးအမြင်မကြည်သည့်ပုံစံလေးဖြင့် ခေါင်းငြိမ့်ပြပြီး ကျောင်းထဲဝင်သွားသည့် ကောင်မလေးကို သူအတော်ကြာအောင် 

ငေးစိုက်ကြည့်နေမိသည်။


တခြားမိန်းကလေးတွေနဲ့ မတူအောင် 

တစ်မျိုးလေးချစ်ဖို့ကောင်းနေတာတော့ သေချာသည်။ 

ဒါ့ကြောင့်လဲ ဟိုကောင် ဝသန် ဥစ္စာခြောက်နေတာဖြစ်မည်။


"တီ တီ တီ......


သူငေးကောင်းကောင်းနဲ့ငေးနေစဥ် 

ကားတစ်စီးက ဟွန်းရှည်ကြီးဆွဲတီးကာ 

သူ့ဆီတန်းတန်းကြီးမောင်းချလာတာမို့ 

သူ ထိုကားကို အလန့်တကြားဖြင့် ကြည့်လိုက်၏။


ကားက သူ့နဲ့ထိခါနီးမှ ဘေးကို ကွေ့ချလိုက်ပြီး  မှန်တွေချကာ ကားမောင်းသူနေရာမှ လူတစ်ယောက်က 

သူ့ကို မျက်လုံးစိမ်းများဖြင့် စားမတတ် ဝါးမတတ်ကြည့်ကာ


"မင်း သတိထားနေတာကောင်းလိမ့်မယ်''


ထိုမျှသာပြောပြီး ကားကိုဝူးခနဲနေအောင် 

မောင်းထွက်သွားတာမို့ ကျန်ခဲ့တဲ့ သူ့မှာသာ ဘယ်သူ့ကို ဒေါသထွက်ရမှန်းမသိ။


ဂုဏ် နှင်းဆီမြိုင်စံအိမ်ကနေ 

ပူတူးလေးစထွက်လာကတည်းက 

နောက်ခပ်လှမ်းလှမ်းကနေ ကျောင်းရောက်သည်အထိ လိုက်လာခဲ့၏။ 


ကျောင်းထဲ သူမလေးဝင်သွားတာနဲ့ 

လှည့်ပြန်ဖို့တွေးထားသည်​့ သူ့အတွေးတွေက 

ပူတူးနဲ့လာပြီးစကားပြောရင်းရယ်နေသည့် 

လူကြောင့် လုံးဝပျက်စီးသွားသည့်အပြင် 

ဒေါသရိပ်တွေပါ တိုးလာသေးသည်။ 


ဒါ့ကြောင့် သူမလေး ကျောင်းထဲဝင်သွားသည့်အထိ မနည်းသည်းခံစောင့်ဆိုင်းနေလိုက်ပြီးမှ အခုလို မထိတထိရန်စလိုက်ခြင်း။


**မင်းကြောင့် မင်းကြောင့်ပူတူး 

ကိုကို ဒေါသတွေထွက်နေရတာ မင်းကြောင့်**


>>>>>>>>>><<<<<<<<<<


ဂုဏ် ဒီနေ့တစ်နေကုန် ဘယ်မှမသွားဖြစ်​ေတာ့ဘဲ

ပူတူးလေးကျောင်းရှေ့တွင် အချိန်ကုန်နေလိုက်သည်။


အခုလဲ ကျောင်းဆင်းချိန်ရောက်နေတာမို့

ကျောင်းထဲမှ ကျောင်းသားတစ်ချို့ 

ပြန်ထွက်လာကြသည်ကို ကားထဲကနေ 

မြင်နေရပေမယ့် သူ့ရဲ့ပူတူးလေးကိုတော့ မမြင်မိသေး။


"သွားတာ လာတာကလဲ နှေးလိုက်တာကွာ

သူများတွေက အိမ်တောင်ပြန်ရောက်တော့မယ်

သူက အခုထိ ပေါ်ကိုမလာသေးဘူး ဟင်း..''


စောင့်ရတာ စိတ်မရှည်တာကြောင့် 

ကျောင်းထဲကို ခေါင်းလေးရှည်ကြည့်ပြီး

တစ်ယောက်တည်းငြီးတွားနေစဥ်

​သူ့ရဲ့ပူတူးလေးက ကျောင်းထဲမှ တုံ့နှေး တုံ့နှေးဖြင့်

ထွက်လာ၏။


မရမ်းရောင် ပြောင်ဝမ်းစက်လေးနဲ့ သူ့ရဲ့ပူတူးကခါးအထိရှည်သော ဆံနွယ်တွေကို ဖြန့်ချထားတာမို့

လမ်းလျှောက်လိုက်တိုင်း ဆံနွယ်ရှည်ရှည်တွေက 

လှုပ်လီလှုပ်လဲ့ဖြင့် တလွင့်လွင့်။


ဂုဏ် သူမလေးကို ကားပေါ်ကနေ ပြုံးပြီးငေးကြည့်နေရာမှ

သူမအနောက်က ကပ်လိုက်လာသည့် 

ကောင်လေးနှစ်ယောက်ကြောင့် 

အလိုမကျဖြစ်သွားကာ ခုနကပြုံးနေသည့် နှုတ်ခမ်းတွေက တင်းခနဲဖြစ်သွား၏။


ကောင်လေးတစ်ယောက်က သူ့လက်ထဲမှစာလေးကို 

ပူတူးကိုအတင်းပေးနေပြီး ကျန်တဲ့တစ်ယောက်ရဲ့ 

မျက်နှာက စပ်ဖြဲဖြဲ။


 ပူတူးကတော့ ဘေးပတ်ဝန်းကျင်ကို မလုံမလဲကြည့်ကာ 

ရှက်နေပုံရတာကြောင့် ဒါ ပူတူးကိုရည်းစာစာလိုက်ပေးနေတာ​ြဖစ်မည်ဟု ယူဆလိုက်ပြီး

ထိုမြင်ကွင်းကို ကြာကြာထိုင်ကြည့်မနေနိုင်တာကြောင့် 

ကားပေါ်မှဆင်းလာလိုက်ပြီး.....


"ယူပါဟ နင်ကလဲ ဒီစာကိုဖတ်ကြည့်ပြီးမှ 

ငါ့ကို နင်ကြိုက်တဲ့အဖြေပြန်ပေး''


"ဟင့်အင်း မယူချင်ဘူး 

ခက်ဆီမှာ ရှင်တို့ကိုပြန်ပေးဖို့ ဘာအဖြေမှမရှိဘူး''


"ဟာ... ဒီလိုတော့ ချက်ချင်းကြီးမငြင်းရဘူးလေကွာ

ရော့ပါ ဒီစာကို အရင်ဖတ်ကြည့်လိုက်''


ခက် ရှေ့ကိုအတင်းထိုးပေးနေတဲ့ စာလေးကို ခက်ကြောက်လန့်တကြားလေးကြည့်ကာ နောက်ဆုတ်လိုက်ပေမယ့် ကျန်တဲ့တစ်ယောက်က ခက်ရဲ့နောက်ကနေ ပိတ်ရပ်ထားတာမို့ နောက်လဲဆုတ်လို့မရ။


ဒီနေ့မှ ဂူးဂူးကလဲ ကျောင်းမလာတာကြောင့် ခက် ဒုက္ခတွေများနေရသည်။


"ေဟ့ နွေသစ်ခက် ရော့ ယူလေ''

"ဟင့်အင်း''


"ဟျောင့် ငထွန်း မင်းဟာလေးက ခေါင်းမာလှချည်လားကွ''

"ငါကလဲ အဲ့ခေါင်းမာတာလေးကို ကြွေနေတာဟ 

နွေသစ်ခက် ဒီစာကိုယူမှာလား မယူဘူးလားပဲပြော''


"ဟင့်အင်း မယူဘူး''

"မရဘူး ယူရမယ် ရော့.. ယူလေ ယူလေကွာ..


"အာ့ ရှင်နော် ခက်အော်လိုက်မှာ''


ထိုလူက ခက်ရဲ့လက်တစ်ဖက်ကိုအတင်းဆဲွဲပြီး သူ့လက်ထဲမှ စာခေါက်လေးကို ခက်လက်ထဲအတင်းထိုးထည့်နေတာမို့ ခက်ရုန်းရင်းပြောလိုက်ပေမယ့် ထိုလူက ဂရုစိုက်ပုံမရ။


"ဘာစာမို့လို့ အတင်းပေးနေရတာလဲ

မဟုတ်မှလွဲရော မင်းအသုဘဖိတ်စာလား''


ခက် အသံလာရာကို လှမ်းကြည့်လိုက်တော့

သူမတို့ရပ်နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းကနေ

သူမတို့ကို လက်ပိုက်ကြည့်ပြီးပြောနေသည့်

မနေ့ကလူကြီး။


ဂျင်းဘောင်းဘီ အနက်ရောင်နဲ့ မီးခိုးရောင် တီရှပ်ပွပွကို အပြင်ထုတ်ပြီး ခပ်မိုက်မိုက်ဝတ်ထားသည့် လူကြီးက မနေ့ကလိုတော့ လူကြီးဆန်မနေပါ။


သူမတို့ကို မျက်ခုံးနှစ်ခု ထိမတတ် ကုတ်ကွေးကြည့်နေရာမှ သူမဆီကိုလျှောက်လာပြီး ဟိုလူတွေလက်ထဲမှ သူမရဲ့လက်ကို ဖျတ်ခနဲလှမ်းဆွဲကာ


"ကိုကိုက ပူတူးလေးကို စောင့်ရတာ ကြာနေလို့ စိတ်တိုနေတာ

အခုမှ ငါ့ခလေးကိုခွေးဆွဲနေမှန်းသိတယ်''


"ဟင်''


ဂုဏ် သူမရဲ့ပုခုံးလေးကို လက်တစ်ဖက်ဖြင့် သိမ်းဖက်လိုက်ပြီး ကျန်လက်တစ်ဖက်က ဆံပင်လေးကို ဖွပေးရင်းပြောလိုက်တော့ သူမလေးက အရမ်းလှသော မျက်လုံးဝိုင်းလေးများဖြင့်သာ စိုက်ကြည့်နေ၏။


"လာ ပြန်ရအောင် ပူတူး''

"နေ နေပါဦး ခက်နဲ့ရှင်နဲ့....


"ဘာရှင်လဲ ပူတူးနော် ကိုကို့ကိုစိတ်တိုအောင်မလုပ်ရဘူး

အရင်လို ကိုကိုလို့ပဲခေါ်လေကွာ''


ပုခုံးကိုဖက်ထားတဲ့လက်တွေက 

ခါးလေးပေါ်ရောက်လာတာမို့ ခက်တွန့်ခနဲဖြစ်သွားပေမယ့် 

ထိုလူကတော့ မှုပုံမရ။ 


စူးရဲပြီး အရည်တောက်နေသည့် မျက်လုံးများဖြင့်သာ 

သူမကို စူးစိုက်ကြည့်နေပြီး


"လာ ကိုကိုအိမ်ပြန်ပို့ပေးမယ်''

"ဟင့်အင်း...


"ဟိတ်လူ နေဦး''

"ခွပ် ခွပ်''


ခက်ကို အတင်းဆွဲဖက်ခေါ်နေတဲ့ လူကြီးကို ခုနက စာပေးနေတဲ့လူက ပုခုံးမှလှမ်းဆွဲလိုက်ချိန် ထိုလူကြီးက နောက်လှည့်ကာ လာဆွဲတဲ့သူရဲ့ မျက်ခွက်ကို နှစ်ချက်ဆင့်ထိုးချလိုက်သည်။


အဖြစ်အပျက်က မြန်ဆန်လွန်းတာမို့ 

ခက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်လုံးလေးပြူးသွား၏။


ခက်ကသာလန့်သွားတာ။

ထိုလူကြီးကတော့ မျက်နှာတစ်ချက်မပျက်ပဲ လဲကျသွားသည့်သူ့ကို နှုတ်ခမ်းတင်းတင်းစေ့ကြည့်လိုက်ပြီး


"ငါ့အသားကိုလာထိရင် လန့်ပြီး လက်ပါတတ်တယ်ကွ

ဒါ ငါ့အသားကိုထိရင်နော် 

ငါ့ခလေးအသားထိရင် ပိုလန့်တတ်တယ် 

မမေ့နဲ့ လာ ပူတူး''


"ဟို နေ နေပါဦး... ဟိုလူ ရှင်အဆင်ပြေရဲ့လား?''


"လာစမ်းပါ မသေပါဘူး..

"အမေ့...


အတင်းဆွဲခေါ်ခံလိုက်ရတာမို့ 

ခက် ယက်ကန် ယက်ကန်ဖြင့် 

ထိုလူကြီးနောက်ကို ပါလာခဲ့ရသည်။ 


အခုမှ သတိထားမိသည်က ကျောင်းထဲကလူတွေ 

သူမတို့ကို ဝိုင်းအုံကြည့်နေခြင်း။

ရှက်လိုက်တာနော်...


"တက်''


ကျောင်းရှေ့ရောက်တာနဲ့ ရပ်ထားတဲ့ 

အနက်ရောင်ပြောင်လက်နေသော ကားလေးရဲ့ တံခါးကိုဖွင့်ပေးပြီး ကားပေါ်တက်ခိုင်းနေသည့် လူကြီးကို ခက် မော့ကြည့်လိုက်ပြီး


"ဟင့်အင်း... ခက် အိမ်ပြန်မလို့''


"မင်းကို တက်လို့ပြောနေရင် တက်လိုက်''


"ဟင့်အင်း ခက်ကိုဟိုလူတွေလက်ထဲက 

ကယ်ပေးလို့တော့ ကျေးဇူးတင်ပါတယ်

ဒါပေမယ့် ခက်က တွေ့ရာကားနဲ့မလိုက်တတ်ဘူး''


လူကြည့်တော့တာ ဘာမှမသိတဲ့ ကလေးလေး။

မာနကတော့ ခေါင်ခိုက်လို့။

ဂုဏ် စကားများလွန်းသည့် သူမလေးကို 

စိတ်မရှည်လာတာကြောင့် သူမရဲ့ပုခုံးနှစ်ဖက်ကို ဖိကာ ကားထဲ အတင်းထိုးထည့်လိုက်တော့


"ဟင့်အင်း မတက်ဘူး 

ရှင်နော်.. မတက်ဘူးလို့ဆိုနေ''


အတင်းငြင်းနေသည့် ပူတူးကို 

သူကားထဲအတင်းတွန်းထည့်လိုက်ပြီး 

ကားတံခါးကိုပါ ဆောင့်ပိတ်ပစ်လိုက်သည်။


သူကားထဲ ပြန်ဝင်လာသည်အထိ 

ပူတူးက သူ့ကို လန့်သွားသည့် မျက်လုံးလေးနဲ့ ကြည့်နေတာမို့ သူမကို ခပ်စူးစူးကြည့်ကာ


"ဘာပြောချင်လို့လဲ ပြော''

"ဟင့်အင်း မ​ မပြောချင်ပါဘူး''


"မပြောချင်ရင်လဲ ပြီးတာပဲ''


ကား​လေးမောင်းထွက်လာသည်အထိ 

ခက် ဘာတစ်ခွန်းမှ ထပ်မပြောဖြစ်ပဲ 

ပေါင်ပေါ်ခွေကျနေသည့် ဆံနွယ်ရှည်တွေကို လက်ညှိုးလေးဖြင့် အကြောင်းမဲ့ ရစ်ပတ်နေလိုက်မိသည်။


"အဲ့ဒီ့ကောင်တွေက ဘယ်သူတွေလဲ''

"ရှင်.!.!


သူ ဘာမေးမေး အမြဲတမ်း'ရှင်'ဆိုတဲ့ အာမေဋိတ်သံလေး ထွက်လာတတ်သည့် ပူတူးကို သူစိတ်မရှည်သလိုကြည့်ကာ


"မရှင်နဲ့ ငါမေးတာ 

အရင်ဖြေပြီးမှ ရှင်ချင်သလောက်ရှင်

ပြော အဲ့ကောင်တွေက ဘယ်သူတွေလဲ''


"ဟင့်အင်း ခက် မသိဘူး''


"မသိဘူး ဒါဆို မင်းကို 

ဘာလို့ စာအတင်းလိုက်ပေးနေတာလဲ''


"ဟင့်အင်း အဲ့ဒါလဲ ခက် မသိဘူး''


"မင်းသိတာ ဘာရှိလဲ''


သူ အသံခပ်မာမာဖြင့် မေးလိုက်တော့

ပူတူးက သူ့ကို မျက်နှာငယ်လေးဖြင့် ေမာ့ကြည့်ပြီး

ခေါင်းလေးရမ်းပြ၏။


"သူတို့လာပေးတာ ရည်းစားစာဆိုတာတော့ 

သိတယ်မလား''

"ဟုတ်''


"မင်းက အဲ့ဒီစာလိုချင်လို့ 

ဘာမှမလုပ်ပဲ ငြိမ်ပေးနေတာလား 

ဟုတ်လား နွေသစ်ခက်''


"မဟုတ်ပါဘူး ခက် မလိုချင်ပါဘူး

ပြီးတော့ ခက် မလိုချင်ဘူးလို့ငြင်းပါတယ်

ခက် ငြိမ်နေတာ မဟုတ်ပါဘူး''


"ငြင်းတယ် ဘယ်လိုငြင်းတာလဲ 

ကိုယ်မြင်တာကတော့ မင်းငြိမ်နေလို့ 

မင်းလက်ကို သူတို့အတင်းဆွဲနေတာပဲ''


"ခက် မလိုချင်ဘူးလို့ပြောတာပဲလေ

အဲ့ဒါကို အတင်းပေးနေတာကို 

ခက်က ဘယ်လိုလုပ်ရမှာလဲ''


"မင်းမှာ လက်မပါဘူးလား ဟမ်

ပါးတွေ ဘာတွေ ရိုက်ပစ်လိုက်ပါလား''


"ဟင့်အင်း ခက် မလုပ်ရဲပါဘူး''


သူ့ကိုခေါင်းလေးရမ်းပြီး ပြောနေသည့်ပုံက

တကယ့်ကိုမလုပ်ရဲဘူးဆိုတာ သေချာသည်။

ဒါ့ကြောင့်လဲ သူမလေးကို ထပ်မဆူချင်တာမို့ 

ကားမောင်းရင်းမှ သက်ပြင်းလေးရှိုက်လိုက်ပြီး


"ဟုတ်ပြီ အခုကိစ္စကို ထားလိုက်တော့

မနက်ကကောင်က ဘယ်သူလဲ''


"ရှင်.!.! အယ် မှားလို့ မှားလို့''


ရှင်ခနဲနေအောင် ဖြစ်သွားပြီးမှ 

သူဆူမှာစိုး၍ သူမရဲ့ပါးစပ်ကို လက်တစ်ဖက်ဖြင့် ချက်ချင်းအုပ်လိုက်တဲ့ ပူတူးကြောင့် သူရယ်ချင်သွားသည်။


သို့ပေမယ့် သူမလေးကို ဆူချင် ရစ်ချင်သေးတာမို့ 

ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ပြီး 


"မနက်ကကောင်ကိုတော့ မင်းသိတယ်မလား''

"ဘယ်သူ့ကိုမေးတာလဲဟင် ခက် တကယ်မသိလို့ပါ''


"မနက်က မင်းကျောင်းထဲမဝင်ခင် စကားလာပြောတဲ့ကောင်''

"ဪ... 


"သိတယ်မလား အဲ့ဒီ့ကောင် ဘယ်သူလဲ''

"ကိုကို့သူငယ်ချင်းပါ''


"ကိုကိုဆိုတာ ဝသန့်ကိုပြောတာလား''

"ဟုတ်''


အပြစ်လုပ်ထားတာမဟုတ်ပဲ

အဆူခံနေရသည့် ကလေးတစ်ယောက်လိုဖြစ်နေတာမို့

ခက် မကျေနပ်ပေမယ့် ထိုလူကြီးရဲ့ မိုက်တိမိုက်ကန်း ပုံစံကြောင့် ပြန်လဲမပြောရဲ။


ဒါ့ကြောင့် သူမေးသမျှကို ကောင်းကောင်းမွန်မွန်ဖြေပေးလိုက်ပြီး

အိမ်ပြန်လို့ရအောင် အကြံထုတ်​ေနရသည်။


"ဝသန့်သူငယ်ချင်းက မင်းဆီဘာလို့လာတာလဲ''

"ခက်နဲ့ ခင်ချင်လို့တဲ့''


"အဲ့တော့ မင်းလက်ခံလိုက်တယ်ပေါ့''


သူမကို မျက်လုံးများပြူးကာ မေးလာသည့်

ထိုလူကြီးကို ခက် ခေါင်းလေးငြိမ့်ပြလိုက်တော့

ထိုလူကြီးက ကားကို လမ်းဘေးဆွဲချရပ်ပစ်လိုက်သည်။ 


ထို့နောက် လက်တွေကို စ​တီရာတိုင်ပေါ်တင်ထားလျက်ကနေ ကူရှင်ပေါ်ကို ခေါင်းမှိိီချလိုက်ပြီး မျက်လုံးတွေမှိတ်ကာ


"မင်းက ခင်ချင်တယ်ဆိုပြီး 

လာတောင်းဆိုတိုင်း ခင်ပေးတာလား''


"ဟင် အဲ့လိုမဟုတ်ပါဘူး 

ကိုနေအရိပ်က ကိုကို့သူငယ်ချင်းမို့...


"အားနာလို့် လက်ခံလိုက်တယ်ပေါ့''

"အားနာလို့ဆိုတာထက် ကိုကို့မျက်နှာနဲ့ဆိုတော့..


"ဟုတ်ပြီလေ 

အဲ့လို မျက်နှာလိုက်ပြီး လက်ခံပေးကြေးဆိုရင် ကိုယ် ဘယ်သူလဲ သိတယ်မလား''


ကူရှင်ကို မှီထားရာမှ သူမဘက်ကို လှည့်ကြည့်ပြီး 

မေးလာသည့်မေးခွန်းက ဘယ်လိုမေးခွန်းလဲ။


နာမည်ကို ရည်ရွယ်ပြီးမေးတာလား။

မမကြီးရဲ့ချစ်သူဆိုတာကို 

ရည်ရွယ်ပြီး ပြောချင်တာလား။


ဘယ်လိုအဓိပ္ပါယ်နဲ့မေးတဲ့ မေးခွန်းဆိုတာ မသိပေမယ့်

ဒီလူကြီးက မမကြီးရဲ့ချစ်သူဆိုတာရော၊

မျိုးရိုးဂုဏ်ဆိုတဲ့သူဆိုတာရော သူမသိနေတာမို့ ခေါင်းလေးငြိမ့်ပြလိုက်တော့ ထိုလူကြီးက နှုတ်ခမ်းတွေ တွန့်ကွေးသွားအောင် ပြုံးပစ်လိုက်ပြီး


"ကိုယ်ဘယ်သူလဲဆိုတာသိရင်

ကိုယ်တောင်းတဲ့ အခွင့်အရေးပေးမယ်မလား''


"ရှင်က ဘာတောင်းမလို့လဲ''


"ချစ်ခွင့်..

ကိုယ်လေ မင်းဆီက ချစ်ခွင့်ရချင်တယ်''

"ရှင်.!.!...


"ဟေ့ ရှင်ပြန်ပြီလား ရှင်ချင်ရင် နောက်မှရှင်ကွာ

အခု ကိုယ်တောင်းတာကို အရင်ပေး''


သူ ထပ်ပြောလိုက်ပေမယ့် သူမလေးကဖြင့်

သူ့ကို တအံ့တဩကြည့်နေသည်မှလွဲ၍ 

ဘာမှပြန်မပြော။


ဒါ့ကြောင့် သူမရဲ့ ပုခုံးနှစ်ဖက်မှကိုင်ကာ 

သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင် 

ဆွဲလှည့်ပစ်လိုက်ပြီး


"ကိုယ်တောင်းတာကို ပေးမယ်မလား

နေအရိပ်က မင်းအကိုဝသန်ရဲ့ သူငယ်ချင်းမို့ 

ခင်ခွင့်ပေးလိုက်တယ်ဆိုရင် 

ကိုယ်က မင်း မမကြီးမေနှင်းစက်ရဲ့ သူငယ်ချင်းလေ

ချစ်ခွင့်တော့ပေးရမယ် ဘယ်လိုလဲ လက်ခံတယ်မလား''


"ဟင့်အင်း ခက်ကို လွှတ်ပါ''


"လွှတ်စေချင်ရင် အဖြေအရင်ပေး''

"ခက်ကို ဒီလိုမနောက်ပါနဲ့ ခက် မကြိုက်ဘူး''


"မကြိုက်ဘူးဆိုတာ ကိုယ့်ကိုပြောတာလား''

"အဲ့လိုမဟုတ်ပါဘူး''


"ဒါဆို ကြိုက်တယ်ပေါ့''

"ဟင် အဲ့လိုပြောတာလဲမဟုတ်ပါဘူး

ခက်ပြောချင်တာက...


ခက် အသည်းအသန်ငြင်းရန် ပြင်လိုက်တော့

ထိုလူကြီးက ခပ်တည်တည်မျက်နှာကြီးကနေ

တဖြည်းဖြည်းပြုံးကျသွားကာ


"အခုတော့ ကြိုက်တယ် ဆိုတာလောက်နဲ့ပဲ

ကျေနပ်ပေးမယ်

ဒါပေမယ့် မင်းအနားမှာ ဟိုကောင်နေအရိပ်ကို ထပ်တွေ့ရင် မင်းပါးစပ်က ချစ်တယ်လို့ပြောလာတဲ့အထိ 

ကိုယ်ကြမ်းသင့်ရင် ကြမ်းပစ်မှာ

ခြိမ်းခြောက်နေတာမဟုတ်ဘူးနော်''


ဒီလူ ဘယ်လိုလူလဲ။

စကားပြောတာတွေက ရဲတင်းလိုက်တာ လွန်ပါရော။

လူကိုပိုင်စိုးပိုင်နင်း ပြုမူနေတဲ့ပုံစံက

နည်းနည်းလေးမှ သည်းခံချင်စရာ မကောင်းပေမယ့်

မမကြီးရဲ့ချစ်သူဆိုတဲ့စိတ်ကြောင့်

ပြဿနာမ​ြဖစ်အောင် စိတ်ကိုအတော်လေး လျော့ထားလိုက်ရ၏။


သူပြောလိုက်တာကို မျက်လုံးလေးဝိုင်းစက်ပြီး

အထူးအဆန်းလိုကြည့်နေသည့် ကောင်မလေးကို

သူအသည်းယားလာတာမို့ ပါးဖောင်းဖောင်းလေးကို 

ဆွဲဖဲ့ပစ်လိုက်တော့


"အာ့...

"နာသွားလား ဆောရီးကွာ ပူတူးရဲ့ ပါးလေးက ဖောင်းကားပြီး ဆွဲဖဲ့ချင်စရာကောင်းနေလို့''


"ခက် အိမ်ပြန်ချင်တယ်''

"ကိုကိုလိုက်ပို့မှာပေါ့''


"ခက် ကိုယ့်ဘာသာပြန်တတ်ပါတယ်''

"သိသားပဲ ဒါပေမယ့် ကိုကိုက လိုက်ပို့ချင်လို့''


ပြောပြီးတာနဲ့ ထိုလူကြီးက တစ်ဖက်ပြန်လှည့်သွားသလို 

ကားလေးကလဲ ထိုနေရာမှ တရွေ့ရွေ့မောင်းထွက်လာခဲ့တော့သည်။


တစ်လမ်းလုံး ကားအပြင်ကိုငေးကြည့်လိုက်လာသည့် 

သူမကလဲစ​ကားမပြောသလို

ထိုလူကြီးကလဲ သူမကို လှည့်ကြည့် လှည့်ကြည့်လုပ်နေရုံကလဲွဲပြီး စကားတစ်ခွန်းမှမဟ။


ပုံမှန်ထင်ပိုမြန်သော အရှိန်ဖြင့် မောင်းနှင်လာသည့် 

ကားလေးက ခက်တို့ရပ်ကွက်ထဲရောက်မှ 

သူမ ထိတ်ခနဲဖြစ်သွားကာ ထိုလူကြီးကိုလှည့်ကြည့်လိုက်ပြီး


"ဒီမှာပဲ ရပ်ပေးပါနော်''

"ဘာလို့လဲ''


"ရှင်လိုက်ပို့တာကို မမကြီးမြင်ရင် ခက်ကိုဆူလိမ့်မယ်''

"ဘယ်လို ကိုယ်လိုက်ပို့တာနဲ့ 

နှင်းစက်က မင်းကိုဘာလို့ဆူမှာလဲ?''


သူ အလိုမကျသလိုပြန်မေးလိုက်တော့ 

ပူတူးလေးက စိတ်ရှုပ်သွားဟန်ဖြင့် မျက်နှာလေးရှုံ့မဲ့ကာ


"အဲ့ဒါက... 

"ကိုယ်နဲ့မပတ်သတ်ရဘူးလို့ ​ပြောထားတာလား''


"ဟင် ရှင်ကဘယ်လိုလုပ်သိတာလဲ''

"ကိုယ်ထင်တာ မှန်နေတာပဲ''


ထိုအခါမ​ှ ခက်စကားမှားသွားမှန်းသိကာ 

လက်နှစ်ဖက်က လက်ချောင်းလေးတွေကို 

တစ်ချောင်းချင်း အကြောင်းမဲ့ပွတ်သပ်နေလိုက်တော့ 


"နှင်းစက်က မင်းကို ဘာတွေ ဘယ်လိုပြောထားလဲဆိုတာ 

ကိုယ်မသိပေမယ့် ကိုယ့်ဘက်က မင်းသိအောင်ပြောထားစရာရှိတယ်

နှင်းစက်နဲ့ ကိုယ်နဲ့က အမြဲတမ်းသူငယ်ချင်းပဲ''


"သူငယ်ချင်း''


ခက် သံယောင်လေးလိုက်ပြီး ပြောလိုက်တော့ ထိုလူကြီးက ကားမောင်းလျက်ကနေ ခေါင်းငြိမ့်ပြ၏။


မမကြီးပြောတော့ ချစ်သူဆို။

မမကြီးက မိန်းကလေးပဲ။ 

ဘာလို့   တကယ်မဟုတ်ပဲ ကိုယ့်ကိုကိုယ် 

သိက္ခာအကျခံပြီး ချစ်သူလို့ပြောမှာလဲ။


ဒီလူကြီးပြောတဲ့စကားကမှ 

ယုံချင်စရာမကောင်းတာ။


ဂုဏ် သူ့ကိုဘာမှမပြောပဲ 

ခပ်ငေးငေးလေးကြည့်နေသည့် ပူတူးကို 

ခေါင်းငဲ့ကြည့်လိုက်ပြီး


"မယုံဘူးလား ပူတူး''

"ဟင် မဟုတ်ပါဘူး''


"ဒါဆို ယုံတယ်ပေါ့''


ဒါကျတော့ ပြန်မဖြေ။

ခုနကပုံစံလေးအတိုင်း ကားအပြင်ကိုသာငေးကြည့်နေဆဲ။


"ဒီမှာပဲ ရပ်ပေးပါနော် ခက်တောင်းပန်ပါတယ်''

"တောင်းပန်တယ်ဆိုရင်လဲ ဒီဘက်လှည့်ပြီး တောင်းပန်လေကွာ''


သူ့စကားကြောင့် ခက် သူဘက်ကို ချာခနဲလှည့်လိုက်ပြီး


"ခက်ကို ဒီအထိပဲ လိုက်ပို့ပေးပါနော်''

"ကိုယ်က အိမ်အထိ ပို့ပေးချင်တာလေ''


"အဲ့လိုမလုပ်ပါနဲ့နော် 

ခက်.. ခက်ကိုမမကြီးဆူလိမ့်မယ်''


"ကျစ်... လာပြန်ပြီ ဒီမမကြီးက

ဒီလိုလုပ် ကိုယ်တို့အပေးအယူလုပ်ကြမယ်

ကိုယ်တောင်းတာကို မင်းပေးမယ်ဆိုရင် 

ကိုယ်မင်းကို ဒီမှာပဲ ကားရပ်ပေးမယ် မဟုတ်ရင်တော့...


"လုပ်ပေးမယ် ရှင်တောင်းတာ ခက်လုပ်ပေးမယ်''

"Are you sure?''


"Sure sure''

"အိုခေလေ ဒါဆို ကိုယ့်ဘက်က 

မင်းကိုတောင်းစရာ (၃)ခုရှိတယ်''


"(၃)ခုကြီးတောင်လား''


ခက် လက်(၃)ချောင်းထောင်ပြီး 

အထိတ်တလန့်မေးလိုက်တော့ ထိုလူက 

ခေါင်းကို ဆတ်ခနဲငြိမ့်ကာ


"ဘာလဲ နည်းလို့လား''

"များလို့''


"များလဲ မင်းလုပ်ပေးမယ်လို့ပြောပြီးပြီ 

ပြင်လို့မရတော့ဘူး''


"ဒါပေမယ့် ပိုက်ဆံနဲ့ပတ်သတ်တာဆိုရင်တော့ ခက်လုပ်ပေးနိုင်မှာ မဟုတ်ဘူးနော် 

အဲ့ဒါ ခက်ကြိုပြောထားတာ''


"ဟား.. ကိုယ်ကရော ပိုက်ဆံအတွက်ဆို 

ဒီလောက်အောက်ကျခံမယ်ထင်နေလား''


အောက်ကျတယ်။

အောက်ကျတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ခက်ကို သူက အောက်ကျခံပြီး တောင်းဆိုနေတာမို့လို့လား။


"(၁)အချက်က မင်းနဲ့ကိုယ် မျက်နှာချင်းဆိုင်တွေ့ကြရင် 

အရင်တုန်းကလိုမျိုး မသိချင်ယောင်ဆောင်မသွားရဘူး''


"ဒါပေမယ့် ပြုံးပြနှုတ်ဆက်နေရအောင် 

ခက်တို့က မိတ်ဆွေတွေမှမဟုတ်ပဲ''


"မိတ်ဆွေလား ဘာလားဆိုတာ 

အချိန်က ပြောပြပေးပါလိမ့်မယ် 

အခု မင်းလုပ်ရမှာက ကိုယ်တောင်းဆိုတာကို လိုက်လျောပေးဖို့ပဲ''


"ပြီးရော ပြီးရော''


"(၂)အချက်က မင်း ကျောင်းသွား ကျောင်းပြန် ကိုယ်နဲ့ပဲသွားရမယ်''


"ဟာ ဒါကတော့ ဘယ်ဖြစ်မလဲ

မေမေနဲ့ မမကြီးသိသွားရင် 

ခက်ကို အသေရိုက်မှာပေါ့''


ခါးခါးသီးသီးငြင်းနေတဲ့ ပူတူးကို 

သူ ခပ်စူးစူးလေးကြည့်လိုက်ကာ


"ဒါဆို ကိုယ်တောင်းဆိုတာကို 

လက်မခံဘူးဆိုတဲ့သဘောပေါ့''


"ဒါကိုတော့ လက်ခံလို့မရဘူးလေ 

တခြားဟာပြောပါ''


"တော်ပြီ ဆက်မပြောတော့ဘူး

အစက မင်းကို နှင်းစက်ဆူမှာစိုးလို့ 

ကိုယ်က အတတ်နိုင်ဆုံး ညှိနှိုင်းပေးနေတာ

မင်းဘက်က လိုက်လျောမပေးနိုင်ဘူးဆိုတော့လဲ

ဘယ်တတ်နိုင်မလဲ ကိုယ်ကတော့ ​ြဖစ်ချင်တာ ဖြစ်အောင်လုပ်ရမှာပဲ

ဒီတော့ အခုလဲ အိမ်ထိလိုက်ပို့မယ် 

မနက်ဖြန်လဲ အိမ်ရှေ့ကနေ စောင့်ပြီး 

ကျောင်းကိုလိုက်လာဦးမှာ''


"ရှင်နော် ခက်ကို အဲ့လိုအကြပ်မကိုင်နဲ့''


ခက် အသံကိုမြှင့်ပြီး ရန်တွေ့သလိုပြောလိုက်တော့ 

ထိုလူကြီးက ဂရုမစိုက်ဘူးဆိုသည့် သဘောဖြင့် ပုခုံးကိုတွန့်ပြနေသေး၏။

ဒါ့ကြောင့် သူမကပဲ အလျော့ပေးလိုက်ဖို့တွေးကာ


"လမ်းထိပ်ကနေပဲ ရမယ်''

"အဟွန်း လမ်းထိပ်ဆိုတော့လဲ လမ်းထိပ်ပေါ့ကွာ''


"နောက်ဆုံးအချက်ကို မြန်မြန်ပြောတော့ 

အိမ်နားရောက်တော့မှာ''


"နောက်ဆုံးအချက်က 

အားလုံးထဲမှာ အရေးအကြီးဆုံးပဲကွ

မြန်မြန်ပြောရမယ်ဆိုရင် ကိုယ့်ကို ကိုကိုလို့ခေါ်ပေးရမယ်္''. 


"ဟင် ဒါကတော့...

"မခေါ်ချင်လဲရတယ်နော် ကိုယ်အခုပဲတွေးနေတာ 

မင်းကိုလိုက်ပို့ရင်းနဲ့ တစ်ခါတည်း 

နှင်းစက်နဲ့တွေ့မလားလို့''


"ဟင် ရှင်နော်..''

"ကိုကိုလို့ခေါ်ကြည့်လိုက် 

မျိုးရိုးဂုဏ်ဆိုတဲ့ ဒီကောင်ကြီး ဒီနေရာကနေ 

ချာခနဲနေအောင် လှည့်ပြန်သွားလိုက်မယ်''


လူကြည့်တော့သာ လူကြီးလိုလို ဘာလိုလိုနဲ့။

တကယ်က ကလေးစိတ်နဲ့ ထိုလူကြီးကို 

ခက် အတိုက်အခံမလုပ်ချင်။

မလုပ်ချင်ဘူးဆိုတာထက် မလုပ်ရဲတာဆိုရင် 

ပိုမှန်လိမ့်မည်။


တော်ကြာ သူစိတ်ထင်တဲ့အတိုင်း 

အိမ်အထိကားမောင်းဝင်သွားရင် 

ဒီနေ့အဖို့ မမကြီးလက်ချက်နဲ့ 

သူမ အသက်ထွက်သွားမလားပဲ။


ထို့ကြောင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး


"ေခါ်မယ်''

"ခေါ်မယ်ဆိုရင် အခုခေါ်ကြည့်''


"နောက်နေ့မှ ခေါ်လို့မရဘူးလား''

"ရပါတယ် ဒါဆို ဒီနေ့တော့ 

ကိုယ်လဲ မင်းလေးကို အိမ်အထိလိုက်ပို့မယ်နော်''


"ဟာ ရှင်နော်...

"ကိုကိုနော်လို့ပြောရင် လှည့်ပြန်ပေးမလို့ကိုကွာ''


ဂုဏ် သူမလေးကို တမင်အနိုင်ကျင့်ပြီး

လိုချင်တာတောင်းနေရသည်ကိုက 

တစ်မျိုးလေးကြည်နူးရသည်။


သူကသာ ကြည်နူးနေရတာ သူမလေးကဖြင့် 

စူပုတ်နေသည့် မျက်နှာလေးဖြင့်။


ခက် ထိုလူကြီးကို ဘာမှမပြောပဲ ငြိမ်နေလိုက်ပေမယ့် 

အငြိမ်မနေသည့် ကားလေးက သူမတို့နေတဲ့လမ်းထဲကို ချိုးဝင်သွားတာကြောင့် 

လူက ပျာယာခတ်သွားကာ


"ကားရပ်ပေး ကားရပ်ပေးပါနော်''

"ကားရပ်ပေးပါ ကိုကိုလို့ပြောရင် စဥ်းစားမယ်''


"အဲ့လိုမလုပ်ပါနဲ့နော် 

ခက်ကိုသနားပါဦး ကားရပ်ပေးပါတော့''


"ကိုယ်တောင်းဆိုထားတာ 

မရမချင်း လုံးဝရပ်မပေးဘူး

နေစမ်းပါဦး ကိုကိုလို့ခေါ်ဖို့က 

ဒီလောက်တောင်ခက်နေလို့လား

မင်း ဝသန့်ကိုကျတော့ ဒီလိုပဲခေါ်နေပြီးတော့''


ကိုကိုနဲ့ရှင်က တူမှမတူတာကိုလို့

စိတ်ထဲကနေသာ ပြန်ပြောလိုက်၏။


ပုံမှန်ဆို သူမဆက်ပြီး ခေါင်းမာနေဦးမှာဖြစ်ပေမယ့်

အခု ကားလေးက အိမ်နဲ့ ၃ ၄အိမ်လောက်သာ ခြားတော့တာမို့ မျက်လုံးတွေကိုစုံမှိတ်ပစ်လိုက်ပြီး


"ခက်ကို ကားရပ်ပေးပါနော် ကိုကို''


သူမစကားအဆုံး ကားကလဲတိခနဲရပ်သွားပြီး

ခက်ရဲ့ပါးပေါ်ကို လက်နုနုလေးတစ်ဖက်ရောက်လာကာ


"ချစ်လို့ရပ်ပေးလိုက်တာနော် 

ကိုကို့ရဲ့ပူးတူးလေး''


သူမလေးက သူ့ကို မျက်လုံးဝိုင်းလေးများဖြင့်

စိုက်ခနဲတစ်ချက်ကြည့်လိုက်ပြီး ကားပေါ်မှ ပြေးဆင်းသွားတော့၏။ 


သံယောဇဥ်ပြတ်ပုံက ခြံထဲဝင်သွားသည်အထိ

​ေနာက်ကိုတစ်ချက်ကလေးမှ လှည့်ကြည့်မသွားခြင်း။


**ကိုယ်သာ လိပ်ပြာလေးတစ်ကောင်ဖြစ်ခဲ့ရင်

အခုချိန် မင်းပုခုံးပေါ်ခိုနားပြီး မင်းသွားရာအရပ်လိုက်နေမိမှာ အသေအချာပဲ ပူတူးရယ်**


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အပိုင်း(၈)မျှော်


စာရေးသူ-Merida(Tulip)


rate now: