book

Index 6

အပိုင်း(၆)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~


"ဝူး... ကျွီ''


ဝသန် အိမ်ထဲမှထွက်လာလာချင်း အရှိန်ပြင်းပြင်းဖြင့် ပေါ်တီကိုအောက်ထိုးရပ်သွားသည့် ကားကို မျက်ခုံးတွေစုကျုံ့သွားအောင် စိုက်ကြည့်လိုက်၏။ 


ကားပေါ်က ဆင်းလာသောလူကိုမြင်မှ မျက်ခုံးတွန့်တွန့်တွေပြေကျသွားကာ


"အကို မမဆီလာတာလား''

"ဆိုပါတော့ နှင်းစက်ရှိတယ်မလား''


ဂုဏ် ကားပေါ်မှဆင်းလာရင်း ပြန်မေးလိုက်တော့ ဝသန်က သူ့ဆီလျှောက်လာပြီး


"မာမီနဲ့မမက ခုလေးတင်အပြင်ထွက်သွားတယ် အကို

ကြာဦးမယ်ထင်တာပဲ''


"ဟုတ်လား စောင့်လို့ရတယ်မလား''


"ရပါတယ် အိမ်ထဲဝင်စောင့်လေ အကို''

"အေးအေး ကျေးဇူးပဲ''


ဟိုချာတိတ်မလေးကို တွေ့ချင်လို့ 

အကြောင်းရှာပြီး လာရတာမို့ အကျိုးမရှိပဲတော့ ပြန်မသွားနိုင်ပါ။ 

အကျိုးရှိအောင်လို့တော့ ဉာဏ်များရတာပေါ့လေ။


ဝသန် ကိုမျိုးရိုးဂုဏ်ကို အိမ်ထဲက ဧည့်ခန်းတွင်နေရာပေးရန် အိမ်ဘက်အလှည့် 

ခြံထဲမှ တက်လာသည့် အန်တီခင့်ကိုမြင်တာကြောင့် 

လူက အိမ်ထဲမဝင်ဖြစ်သေးပဲ အန်တီခင့်ကို 

ရပ်စောင့်နေလိုက်သည်။


"အန်တီခင် ခြံထဲမှာ သစ်ခက်လေးကို တွေ့ခဲ့လား''


"တွေ့တယ်သား

မာလကာသီးစားချင်လို့ ခူးနေလေရဲ့''


"ဗျာ.. ဟိုတစ်ခါလို အပင်ပေါ်တက်ပြန်ပြီလား

ကျစ်...ဒီကောင်မလေးကတော့ကွာ 

တစ်ခါပြုတ်ကျတာကို မမှတ်ဘူး''


ဝသန် တဗျစ်တောက်တောက်ပြောဆိုပြီး 

ခြံထဲမှ မာလကာပင်ရှိရာဆီ လျှောက်သွားလိုက်သည်က 

နောက်မှလိုက်လာသည့် ကိုမျိုးရိုးဂုဏ်ကိုပင် သတိမထားမိ။


"ဟိတ် နွေသစ်ခက်''

"အမလေး လန့်လိုက်တာ''


မာလကာပင်ပေါ်ကို တက်ဖို့ပြင်နေရာမှ  နောက်မှ ကိုကို့အသံကြောင့် 

လူကဆတ်ခနဲတုန်သွားသလို 

မျက်လုံးတွေပါမှိတ်သွား၏။


"ဘာကို ခုမှလန့်လိုက်တာ လုပ်နေတာလဲ

ခု ဘာလုပ်ဖို့ကြံနေတာလဲ ဟမ်''

"ကိုကိုကလဲ....


"ကိုကိုက မလဲနဲ့

ကိုကို သစ်ခက်လေးကို ဘာပြောထားလဲ 

ဒီအပင်ပေါ်မတက်ပါနဲ့လို့ ပြောမထားဘူးလား''


"ခက်က အခုတက်နေလို့လား''


"တက်ဖို့ပြင်နေတယ်မဟုတ်လား''

"မဟုတ်ပါဘူး ခက်က ဒီအတိုင်း...


"မလိမ်နဲ့ မလိမ်နဲ့ လိမ်တာ ကိုကိုမကြိုက်ဘူး

ဟိုးက ချွတ်ထားတဲ့ ဖိနပ်က သက်သေပဲ''


ဂုဏ် သူ့ကိုဂရုမစိုက်နိုင်လောက်အောင် အငြင်းပွားနေသည့် နှစ်ယောက်ကို ရပ်ကြည့်နေရင်းမှ 

ဝသန် လက်ညှိုးထိုးပြနေသည့် ရှူးဖိနပ်လှလှလေးကို 

လိုက်ကြည့်မိပြန်သည်။


မာလကာသီးစားရဖို့ကို ဘယ်လောက်တောင်ကြိုးပမ်းထားသလဲမသိ။ 


ခိုပြာရောင်ပေါ်တွင် အဝါနုရောင်ကာတွန်းရုပ်လေးတွေပါသည့် 

ဂါဝန်လေးပေါ်မှ ထပ်ဝတ်ထားသည့် 

ဂါဝန်နဲ့ဆင်တူလက်ရှည်ပွပွလေးက ပုခုံးတစ်ဖက်မှ 

လျောကျနေပြီး ပုခုံးပေါ်မှ လက်နှစ်လုံးစာလောက်ရှိသည့် 

ဂါဝန်ကြိုးလေးတစ်ချောင်းနှင့်အတူ 

ပုခုံးသားဝင်းဝင်းလေးက အထင်းသား။ 


ကနေဒါမှာနေရင်းနဲ့ နိုင်ငံပေါင်းစုံက မိန်းမပေါင်းစုံကို

သူငယ်ချင်းလိုတစ်ဖုံ ချစ်သူလိုတစ်မျိုး

ရင်နှီးနီးစပ်ခဲ့ဖူးတဲ့ သူက ဒီချာတိတ်ရဲ့

ခလေးဆန်ဆန် ဖရိုဖရဲဖြစ်နေတဲ့ပုံစံမှာ

စက္ကန့်အတော်ကြာအောင် ငေးကြည့်နေမိပြန်သည်။


သူ ငေးကြည့်နေတာကို 

အရင်ဆုံး ရိပ်မိသွားသူက ဝသန်။

လက်ရှည်လေးလျောကျနေသဖြင့် မြင်နေရသည့် 

ချာတိတ်ရဲ့ ပုခုံးသားဝင်းဝင်းလေးကို 

သူ မမြင်တွေ့လိုသောသဘောဖြင့် လျောကျနေသည့် 

လက်ရှည်အက်ျီလေးကို ပုခုံးပေါ်အထိ ဆွဲတင်ပေးလိုက်တော့..

!! ဒီကောင် တော်တော်အူတိုပါ့လား!! လို့ 

တွေးမိကာ ပြုံးချင်ချင်။


ထို့နောက် ဖြန့်ချထားသည့် 

ချာတိတ်ရဲ့ဆံပင်ရှည်တွေကို ဝသန်က သူ့လက်ဖြင့် 

သပ်ပေးပြီး ချာတိတ်လက်တွင် စွပ်ထားသည့် ခေါင်းစည်းကြိုးလေးဖြင့် စည်းနှောင်ပေးနေသေးသည်။ 


ထိုအချိန် ချာတိတ်က ဆူပုတ်ပုတ်ဖြင်​့ 

မကျေမနပ်ပွစိ ပွစိ ပြောနေသလို သူ့ရင်ထဲမှာလဲ

အားကျတာလား မနာလိုတာလား မသဲကွဲသည့်

အမည်ဖော်ရန်ခက်ခဲသော လှိုင်းတွေထနေတာ ကိုယ်သာအသိဆုံး။


"ဘာလို့ ကိုကို့စကား နားမထောင်တာလဲ ဟမ် 

ကိုကို့ကို မချစ်ဘူးလား''


"ချစ်တယ်လေ ချစ်တာနဲ့ စကားနားမထောင်တာနဲ့ ဘာဆိုင်လို့လဲ''


"ဆိုင်တာပေါ့ ကိုကို့ကိုချစ်ရင် 

ကိုကို့စကားနားထောင်ရမယ်လေ''


"ချစ်တာကချစ်တာပဲ မာလကာသီးစားချင်တာက စားချင်တာပဲ မဆိုင်ဘူးလေ

ပြီးတော့ ကိုကိုလဲခက်ကို ချစ်တယ်မဟုတ်လား

ချစ်ရင် အလိုလိုက်ရမှာပေါ့''


နှုတ်ခမ်းလေးစူပြီး ချွဲနေပုံက တကယ့်ကိုအသည်းယားချင်စရာအတိ။ 


ဂုဏ် ဝသန်သာမရှိရင် သူမလေးကို အသည်းယားလွန်းလို့ ပါးနှစ်ဖက်ကို ဆွဲဖဲ့မိမှာသေချာသည်။ 


အခုတော့ ဝသန်က ရှိနေလေတော့ 

ချစ်စရာကောင်းလွန်းနေသည့် ချာတိတ်ကို

မချင့်မရဲဖြစ်မိတာမို့ နှုတ်ခမ်းကိုက်နေရသည့်အဖြစ်။


"ဒါ့ထက်များ အလိုလိုက်ရရင်တော့ကွာ ဟင်း...

စားချင်ရင် တစ်ယောက်ယောက်ကို ခူးခိုင်းပါ့လား''


"ဘယ်သူ့ကိုခိုင်းရမှာလဲ တစ်ယောက်မှမအားတာကို''


"ကိုကိုအားတယ်လေ''

"ကိုကို့ကိုခိုင်းရင် သခင်မကြီးက ခက်ကို ရိုက်မှာပေါ့''


"မာမီလား မင်းကိုရိုက်ရဲမှာ

မာမီက မင်းကိုရိုက်တယ်ဆိုတဲ့ သတင်းသာ 

ဒယ်ဒီကြားကြည့် USကနေ တစ်ခါတည်း 

ဒုံးပျံစီးပြီးပြန်လာမှာ''


"သွားပါ အပိုတွေ

ဖေ​ေဖကဖြင့် ခက်ကို ဖုန်းမဆက်တာ နှစ်ရက်ရှိပြီ''


"မအားလို့နေမှာပါ 

ဒယ်ဒီက သားသမီးတွေထဲမှာ သစ်ခက်လေးကို အချစ်ဆုံးပဲလေ''


ဂုဏ် ဝသန်တို့ပြောနေသမျှကို နားထောင်ရင်း နားလည်သလိုလိုရှိလာသည်။ 


တစ်ယောက်က ဒယ်ဒီလို့ခေါ်ပြီး 

တစ်ယောက်ကဖေဖေလို့ခေါ်နေပေမယ့် 

သူထင်တာသာမမှားရင် နှစ်ယောက်လုံးက 

အဖေတစ်ယောက်တည်းဖြစ်ဖို့များသည်။ 


အဖေတစ်ယောက်တည်းဖြစ်ပါစေလို့ 

ဆုတောင်းနေမိတာကလဲ အကြိမ်ကြိမ်။ 


ဘာကြောင့်လဲဆိုတာကတော့ 

ဝသန်နဲ့ပြိုင်ဘက် မဖြစ်ချင်လို့။ 


ဝသန်သာ သူ့ရဲ့ပြိုင်ဘက်ဖြစ်ခဲ့ရင် 

ခုနကအပြုအမူတွေနဲ့တင် ဒီပွဲမှာ သူရှုံးဖို့က သေချာသလောက်ရှိနေပြီ။


"အကို ဒီနားလ​ာလေ ကျွန်တော် အကို့ကို သစ်ခက်လေးနဲ့ မိတ်ဆက်ပေးမယ်''

"ဟင် အင်း အင်း''


ဂုဏ် ယောင်နနဖြင့် ဝသန်တို့အနားသွားရပ်လိုက်တော့ 

ချာတိတ်မလေးက ထုံးစံအတိုင်း 

သူ့ကို တစ်ခါမှမမြင်ဖူးသလို ပြူးကြောင်ကြောင်လေးသာ 

ကြည့်နေပြန်သည်။


"ခက် ဒီအကိုက မမသူငယ်ချင်းလေ

နာမည်က မျိုးရိုးဂုဏ်တဲ့

အကို ဒါ ကျွန်တော့်တို့ညီမလေး နွေသစ်ခက်တဲ့''


"ညီမလေး ဟုတ်လား နှင်းစက်ပြောတာတော့ သူက မောင်နှမနှစ်ယောက်ပဲရှိတာဆို''


"ဟုတ်လား ဒီလိုပဲပြောတာလား အဟွန်း တကယ်က ကျွန်တော်တို့က မောင်နှမ သုံးယောက်ရှိတာ

အမေမတူပေမယ့်ပေါ့ အဟွန်း''


"ဪ... ဆောရီးကွာ အကိုက စပ်စုသလိုဖြစ်သွားတယ်''


ဂုဏ် အားနာသွားတာမို့ 

တောင်းပန်စကားဆိုလိုက်တော့ 

ဝသန်က ချာတိတ်ရဲ့ ပုခုံးလေးကို ဖက်ထားရင်းမှ 

ခေါင်းရမ်းပြပြီး


"ကိစ္စမရှိပါဘူး အကိုက မစပ်စုလဲ 

ကျွန်တော်ကပြောပြချင်တာပါ

သစ်ခက်လေး အိမ်ထဲဝင်တော့ 

ကိုကို ပြီးမှ မာလကာသီးခူးပြီး လာပေးလှည့်မယ်''


"နှစ်လုံးနော် တစ်လုံးတည်းဆိုရင် 

ခက် ကိုကို့ကို မခေါ်ပဲနေလိုက်မှာ''


"ဟား ဟား ဟုတ်ပါပြီကွာ 

၃လုံးခူးပေးမှာ ဒီကကိုကိုက''


"အဲ့ဒါကြောင့် ကိုကို့ကိုချစ်နေရတာ''


မျက်လုံးလေးတွေ ေမှးစင်းသွားအောင် 

ရယ်ပြပြီး ပြောနေသည့်ချာတိတ်မလေးကိုကြည့်ပြီး

အူတွေယားလိုက်တာ မပြောနဲ့တော့။


ပြောပြီးတာနဲ့ ခြံထောင့်က တိုက်ပုပုလေးထဲ ပြေးဝင်သွားသည့် ကောင်မလေးကို 

သူတို့နှစ်ယောက်လုံး ငေးကြည့်ကျန်ခဲ့ကြသည်။


"မမရဲ့ သူငယ်ချင်းတော်တော်များများက 

အိမ်ကိုလာလည်ရင် သစ်ခက်လေးကို 

အိမ်ဖော်ရဲ့သမီးဆိုပြီး အရမ်းနှိမ်ကြတာ

မမက သစ်ခက်လေးရဲ့ မေမေ အန်တီထားကို အမြင်မကြည်တာမို့ သူ့သူငယ်ချင်းတွေကို 

ဝင်မတားပေမယ့် ကျွန်တော်ကျတော့ 

ဟိုးငယ်ငယ်လေးကတည်းက သစ်ခက်လေးကို အရိပ်တကြည်ကြည့်နေလာတဲ့သူဆိုတော့ 

သည်းမခံနိုင်ဘူး

ဒါ့ကြောင့် အကို့ကို သစ်ခက်လေးက 

ကျွန်တော့်ညီမဆိုတာ အသိပေးတာပါ''


ပြောချင်တဲ့သဘောက ချာတိတ်ကို 

နှိမ့်ချဆက်ဆံခြင်း မလုပ်ဖို့ပေါ့လေ။ 


!!စိတ်ချ ဝသန်ရေ မင်းညီမလေးကို 

ငါကမင်းထက် အရိပ်တကြည့်ကြည့်နေပေးမှာ!!


"အကို့ကို ကျွန်တော် ပွင့်ပွင့်လင်းလင်းမေးချင်တာရှိသေးတယ်''


ဝသန်က လက်တစ်ပြန်စာအမြင့်မှာရှိတဲ့ မာလကာကိုင်းကို လှမ်းဆွဲပြီး သစ်ကိုင်းအဖျားမှာရှိတဲ့ 

မာလကာသီးနှစ်လုံးကိုခူးရင်းမှ ပြောနေသလို ဂုဏ်ကလဲ လက်တစ်ကမ်းအကွာမှာရှိသည့် မာလကာသီးဝင်းဝင်းကြီးကို 

ခြေဖျားထောက်လှမ်းခူးရင်းကနေ လှည့်ကြည့်လိုက်ပြီး


"မဟုတ်မှလွဲရော 

မင်းအစ်မနဲ့အကိုနဲ့ဘယ်လိုပတ်သတ်လဲ 

မေးချင်တာမလား?''


"အဟွန်း ဟုတ်တယ် ဖြေပေးလို့ရတယ်မလား?''


"နှင်းစက်နဲ့ အကိုနဲ့က အရင်းနှီးဆုံးသူငယ်ချင်း၊ 

နောက်လဲ ဒီအတိုင်းပဲ ဖြစ်နေမယ်ဆိုတာ 

အကို့ဘက်က သေချာတယ်၊ ရော့ တစ်လုံး''


ဂုဏ်လှမ်းပေးနေသည့် မာလကာသီးကို 

ဝသန် လှမ်းယူလိုက်ပြီး


"အကို့ဘက်က သေချာတယ်ဆိုတာက 

ဘာသဘောလဲ''


"မင်းအစ်မကို ဆက်မေးကြည့်ပေါ့

မင်းသိချင်တဲ့ မေးခွန်းကို အကိုဖြေပေးနိုင်တာ 

ဒီလောက်အထိပဲ''


မင်းအစ်မကတော့ မသေချာဘူးလို့ပြောချင်နေမှန်း 

သိသာတဲ့ အဖြေတစ်ခုပါ။ 


မမကို ကြည့်ရတာလဲ ကိုမျိုးရိုးဂုဏ်ကို 

အသေခိုက်နေတာ သေချာသည်။ 


သို့ပေမယ့် အခုလို မောင်တစ်ယောက်ရှေ့မှာ အစ်မကို အပေါစားဆန်ဆန် ပြောနေတာမျိုးကတော့ 

အားနာခြင်း မရှိတာပဲမဟုတ်လား။


ဒါ့ကြောင့် မျက်နှာကိုချက်ချင်းတင်းပစ်လိုက်ပြီး

ကိုမျိုးရိုးဂုဏ်ကို ချဥ်တူးတူးကြည့်လိုက်တော့

ဟိုက သူ့ကိုပင် ဂရုမစိုက်ပဲ

မာလကာသီးတွေကိုသာ

အာရုံစိုက်ပြီး ခူးနေ၏။


ထိုစဥ် သူတို့ရှိရာကိုလျှောက်လာတဲ့ မတူးကြောင့်

ဘာလဲဆိုသည့်သဘောဖြင့် မော့ငေါ့ပြလိုက်တော့..


"အကိုလေး၊ အကိုလေးသူငယ်ချင်း ရောက်နေပါတယ်''

"နေအရိပ်လား?''


"ဟုတ် အကိုလေး''

"ဒီကောင် ဘာကိစ္စရှိလို့လဲမသိဘူး..

ကဲ ဒါဆို မတူးကပဲ ဒီမာလကာသီးတွေကို 

သစ်ခက်လေးကိုသွားပေးပေးဦး

ကျွန်တော် ဟို့ကောင့်ဆီသွားလိုက်ဦးမယ်''


"ရှင် ဟို.. ဟိုလေ ကျွန်မက ဟင်းအိုး...''


ပြောပြီးတာနဲ့ အိမ်ဘက်တန်းပြန်သွားသည့် ဝသန်ကို တစ်ခုခုပြောချင်နေဟန်ရှိသည့်မတူးကို ဂုဏ် အကဲခတ်သလို တစ်ချက်ကြည့်လိုက်ကာ..


"ဘာလို့လဲ''

"ရှင် ဟိုလေ ကျွန်မက ဟင်းအိုးကြီးတည်ထားခဲ့လို့''


"ဪ... အဲ့လိုလား..

 ဒါဆို ဒီအသီးတွေ ကျွန်တော်သွားပေးပေးရမလား''


"အဲ့လိုလုပ်ပေးမယ်ဆိုရင် အဆင်ပြေတာပေါ့ရှင်''


သူ့ရဲ့ဉာဏ်များမှုကို နားမလည်သည့် မတူးက

တကယ် အဆင်ပြေသွားသည့်ပုံဖြင့်

ပြောနေတာမို့ သူလဲ ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း

ခေါင်းငြိမ့်ပြလိုက်၏။


သူခေါင်းငြိမ့်ပြလိုက်တော့ မတူးက ပြုံးရွှင်နေသော မျက်နှာကြီး​ြဖင့် သူ့ကိုမော့ကြည့်လာကာ


"ကျေးဇူးပါ အကိုလေးရယ်

ရော့ ဒါဆို ဒီအသီးတွေကို အကိုလေးလက်ထဲပဲလွှဲခဲ့တော့မယ်နော်''

"အင်းပါ''


"ေကျးဇူးပါနော် အကိုလေး အဟင်းဟင်း''


ကျေးဇူးစကားကိုအထပ်ထပ်ပြောပြီး 

ထွက်သွားသည့် မတူးကို သူကလဲ စိတ်ထဲကနေ ကြိတ်ပြီး ကျေးဇူးတင်လိုက်သေးသည်။


တွေ့ချင်လို့ စကားပြောချင်လို့ 

ဒီအိမ်ကိုလာတဲ့ မျိုးရိုးဂုဏ်ပါ ချာတိတ်ရယ်။ တွေ့ရုံပဲတွေ့ရပြီး စကားမပြောရပဲ ပြန်ရအောင် ဒီကောင် အဲ့လောက်မတုံးသေးဘူး။


သူ ခြံထောင့်မှာရှိသည့် 

တိုက်ပုပုသေးသေးလေးရှေ့တွင် ရပ်ပြီး 

တံခါးဖွင့်ထားသည့် အတွင်းပိုင်းကို လှမ်းကြည့်လိုက်ပြီး


"အိမ်ရှင်တို့ ဗျို့ လူရှိလားဗျ''


အထဲမှ ဘာသံမှမကြားရတာပေမယ့်

ချာတိတ် အိမ်ထဲဝင်သွားတာကို မြင်ထား၍

ချာတိတ်ရှိနေမယ်ဆိုတာ သေခ​ျာတာကြောင့်

သူ အိမ်ထဲကို ဝင်သွားလိုက်ပြီး


"နွေသစ်ခက် ဟေ့ နွေသစ်ခက်ရှိတယ်မလား.. 

ဘာလဲဟ လူမရှိတာလား..

ခုနက ချာတိတ်ဒီအိမ်ထဲ ဝင်သွားတာပါ

နွေသစ်ခက်...


သူ ဘယ်လောက်ခေါ်နေနေ 

ဘာအသံမှပြန်မကြားတာမို့ မာလကာသီးတွေကို ဘေးက စားပွဲလေးပေါ် လှမ်းတင်လိုက်ပြီး 

ပြန်ထွက်ရန် အလှည့် နံရံတွင်ချိတ်ထားသည့် ဓာတ်ပုံလေးကြောင့် လူက တောင့်ခနဲဖြစ်သွား၏။ 


ဓာတ်ပုံထဲတွင် ၅နှစ်အရွယ် ကလေးမလေးကို အမျိုးသမီးတစ်ဦးက ပွေ့ချီထားပြီး

သူ့အတွက် ထူးဆန်းနေတာက ထိုဓာတ်ပုံထဲမှ ကလေးမလေး။


အရင်းနှီးဆုံးဆိုတာထက်ပိုတဲ့ မျက်နှာဝိုင်းဝိုင်း

ပါးဖောင်းဖောင်းလေးကိုကြည့်ကာ

ရင်ဘတ်ထဲက နှလုံးခုန်နှုန်းတွေ ယောက်ယက်ခတ်သွားသလို

သူ့ နှုတ်ခမ်းဖျားမှလဲ...


"ပူတူး... ဟုတ်တယ် ပူတူးလေး''


"ဘယ်သူလဲ''


သူ ဓာတ်ပုံလေးကို မေ့မေ့မောမောငေးကြည့်နေစဥ် 

နောက်ပါးဆီမှ အသံကြောင့် လှည့်ကြည့်လိုက်တော့ 

အသက် ၄၀ အရွယ် ခပ်ချောချော 

အမျိုးသမီးက သူ့ကိုစူးစမ်းသော 

မျက်လုံးများဖြင့်ကြည့်ကာ


"မင်း ဘယ်သူလဲ''


"အန်တီကရော ဘယ်သူလဲ''

"ဘာ.. ဒါ ငါ့အိမ်

နေစမ်းပါဦး မင်းက ဘာကိစ္စ ဒီအိမ်ထဲရောက်နေတာလဲ''


"ကျွန်တော့်နာမည်က မျိုးရိုးဂုဏ်ပါ 

နှင်းစက်ရဲ့သူငယ်ချင်းပါ အန်တီ

ဝသန်က နွေသစ်ခက်အတွက် ဒီအသီးတွေ 

ပေးခိုင်းလိုက်လို့''


"ဝသန်ကလား?''

"ဟုတ်ကဲ့ခင်ဗျ''


သူ ဒီလိုဖြေပေးလိုက်မှ

ချာတိတ်ရဲ့အမေဟု ယူဆရသော

အမျိုးသမီးကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွား၏။


စတိုင်လ်ဘောင်းဘီအနက်ရောင်ကိုမှ 

ခဲရောင်ပေါ်တွင် အနက်ရောင်အစင်းကြားလေးတွေပါသော 

စပို့ရှပ်ကော်လံအက်ျီနဲ့ တွဲဝတ်ထားတာမို့ အသားဖြူ​သော ထိုကောင်လေးနဲ့တော့ လိုက်ဖက်လှသည်။ 


ဒါ့အပြင် နောက်ကိုလှန်သိမ်းထားသော ဆံပင်တွေကြောင့် လေးထောင့်ဆန်သော မျက်နှာက ထင်းခနဲ။


ဂုဏ် သူ့ကို စေ့စေ့စပ်စပ်ကြည့်နေသည့် အမျိုးသမီးကြီးရှေ့တွင် နေရခက်လာတာကြောင့် 

လည်ပင်းကို အကြောင်းမဲ့သပ်သပ် ပွတ်သပ်လိုက်ပြီး


"ကျွန်တော့်ကို တစ်ခုခုများပြောစရာ ရှိလို့လားဗျ''


"အို မဟုတ်ပါဘူး မဟုတ်ပါဘူး

ဘာမှပြောစရာမရှိပါဘူးကွယ်

နှင်းစက်ရဲ့သူငယ်ချင်းဆိုပေမယ့် အန်တီ မင်းကို

တစ်ခါမှမမြင်ဖူးလို့ သေခ​ျာစိုက်ကြည့်မိလိုက်တာပါ

နေရခက်သွားရင် အန်တီကပဲ တောင်းပန်ပါတယ်ကွယ်''


"မဟုတ်တာ ရပါတယ်ဗျ..

နှင်းစက်နဲ့က ကနေဒါမှာကျောင်းတက်ရင်း

သူငယ်ချင်းတွေဖြစ်သွားတာပါ

အဲ့ဒါကြောင့် အန်တီမမြင်ဖူးတာဖြစ်မှာ

ဒါပေမယ့် ဟိုနေ့ညက ဒီမှာပါတီလုပ်တော့

ကျွန်တော်လာပါသေးတယ်''


"ဪ.. ဟုတ်လား..

အေးပေါ့ အေးပေါ့ နှင်းစက်လေးရဲ့သူငယ်ချင်းအားလုံးကို

အန်တီက ဘယ်သိနိုင်ပါ့မလဲ''


စကားပြောကြည့်မှ သဘောကောင်းပုံရသည့်

ထိုအမျိုးသမီးကို ဂုဏ်ပြုံးပြလိုက်ရင်း..


"ဒါနဲ့ အန်တီ ဟိုဓာတ်ပုံထဲက ကလေးလေးက နွေသစ်ခက်လားဗျ''


သူမေးလိုက်တော့ ထိုအမျိုးသမီးက နံရံက ဓာတ်ပုံလေးကို တစ်ချက်မော့ကြည့်ကာ


"ဟုတ်တယ်ကွယ့်

အဲ့ဒါ သမီးလေး ၅နှစ်ပြည့်မွေးနေ့တုန်းကပုံလေး

နေပါဦး သားက နှင်းစက်သူငယ်ချင်းဆိုပြီး သမီးလေးကို ဘယ်လိုသိတာလဲ''


"ဟို အဲ့ဒါက ဝသန်က မိတ်ဆက်ပေးလို့ပါ''


"ဪ....


အသီးလာပို့ပေးတာဆိုပြီး 

အခုထိ မပြန်သေးပဲ ရပ်နေသည့် ကောင်လေးကို သူမကလဲ ထိုင်ပါလို့မပြောဖြစ်။ 


ပြန်မည့်ပုံလဲမပေါ်သေးတာရယ် 

နှင်းစက်ရဲ့သူငယ်ချင်းဖြစ်နေတာကြောင့်ရယ် သူမ အလိုက်တသိ ဧည့်ခံပေးရန် ဆုံးဖြတ်လိုက်ပြီး 

ဘုရားစင်ရှေ့က နေရာအလွတ်လေးတွင်

ဖျာခင်းလိုက်ကာ..


"အန်တီတို့အိမ်က ဘယ်ဧည့်သည်မှမလာတော့

ဧည့်သည်လာရင် ထိုင်ဖို့ ဘာညာဆိုပြီး

ခုံတွေ ဘာတွေ သပ်သပ်သူသူတော့ မရှိဘူး

သား မပြန်သေးဘူးဆိုရင် ဒီမှာလာထိုင်လေ

လာ... အန်တီ သားစားဖို့ တစ်ခုခုလုပ်ပေးမယ်''


"ဟာ.. မလုပ်ပါနဲ့ အန်တီ

အားနာစရာကြီးဗျာ..ကျွန်တော် မထိုင်တော့ဘူး ချာတိတ်နဲ့ခဏတွေ့ပြီးရင် ပြန်တော့မှာပါ

ဘာမှမလုပ်ပါနဲ့''


"ဟုတ်လား.. ဒါဆိုလဲ ခဏတော့ထိုင်ပါဦး

အန်တီ မင်းညီမကို သွားခေါ်လိုက်မယ်''


"ဘယ်အထိသွားခေါ်ရမှာလဲဗျ

ခုနကတော့ သူ အိမ်ထဲဝင်သွားတာမြင်လိုက်မိသလားလို့''


သူ ဒီလိုဝင်ပြောလိုက်တော့

ချာတိတ်ရဲ့အမေက သူ့ကို ဘယ်လိုသိတာလဲဆိုသည့် မျက်လုံးများဖြင့်ကြည့်လာတာမို့...


"ခုနက ဝသန်နဲ့ကျွန်တော်က ချာတိတ်နဲ့အတူရှိနေတာပါ

ပြီးတော့ ချာတိတ်က အိမ်ဘက်ပြန်သွားလို့''


"ဪ.. ဒီလိုလား 

ဒါဆိုရင်တော့ သမီးက သူ့အပင်တွေနားမှာဖြစ်မယ်

ခဏစောင့် အန်တီသွားခေါ်.....


"ဝုန်း ဒလုန်း...ဒုန်း..ဒုန်း..

"မေမေရေ မေမေ ခက်ကို ကယ်ပါဦး မေမေ''

"ဟင် သမီး''


ချာတိတ်ရဲ့ အထိတ်တလန့်အော်သံကြောင့် 

သူရော အန်တီရော မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားကာ 

အန်တီကတော့ အိမ်လေးရဲ့နောက်ကို 

လှစ်ခနဲပြေးထွက်သွား၏။ 


ထိုအခါမှ သူလဲအန်တီနောက်ကို ပြေးလိုက်သွားတော့ 

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ​ခြေလှမ်းတွေ 

တုံ့ခနဲရပ်သွား၏။


လူ့တစ်ရပ်စာလောက် အမြင့်ရှိသည့် 

အုတ်တံတိုင်းပေါ်တွင် ချာတိတ်က 

ကြောင်လေးတစ်ကောင်ကို ပွေ့ပိုက်ကာ

ဆောင့်ဆောင့်လေးထိုင်နေပြီး အောက်တွင် 

ဝါးလှေကားလေးက လဲကျနေ၏။ 


အုတ်တံတိုင်းရဲ့ တစ်ဖက်တွင် 

ဟိုဘက်အိမ်ရဲ့ ရေစင်ပေါ်တက်သည့် 

လှေကားလေးရှိနေတာမို့ သူမလေးက 

အဲ့လှေကားကို မရဲတရဲလေးမှီထားပြီး 

ဆောင့်ကြောင့်ထိုင် မျက်လုံးမှိတ်ထား၏။


"သမီး ခက်ခက် 

ဘယ်လိုလုပ်ပြီး အဲ့အပေါ်ရောက်နေတာလဲ?''


"ဟီး ဟီး မေမေ ခက်ကို ကယ်ပါဦး 

ခက်ပြုတ်ကျတော့မှာ အဟင့် ဟီး ဟီး''


ကြောက်အားကြီးပြီး မျက်လုံးစုံမှိတ် အော်ငိုနေပေမယ့် 

ကြောင်လေးကို ပွေ့ထားသည့် လက်တွေကတော့ မြဲနေဆဲ။


"သမီး မျက်လုံးဖွင့်မကြည့်နဲ့နော် 

မေမေ လှေကား​ြပန်ထောင်ပေးမယ် ခဏ ခဏလေး''


"မေမေ မြန်မြန်လုပ်နော် 

ခက်ဒူးတွေ တုန်နေပြီ''


"အင်းပါ ခဏလေး ခဏလေး''


လဲကျနေသည့် လှေကားကို 

အတင်းဆွဲထူရန်ပြင်လိုက်တော့ 

ဟိုကောင်လေးက သူမထက်အရင် ဆွဲထူကာ သမီးထိုင်နေသည့် အုတ်တံတိုင်းနားတွင် 

ထောင်ပေးလိုက်ပြီး


"ရပြီ ပူတူးလေး မျက်လုံးဖွင့်ကြည့်ပြီး 

ဆင်းခဲ့တော့''

"ဟင် ဟင့်အင်း ခက် မဆင်းရဲဘူး အဟင့် ဟင့်''


"သမီးက အမြင့်ကြောက်တတ်တယ်သား

သမီး ခဏလေးစောင့်နော် မေမေ ဝသန်လေးကို သွားခေါ်ပေးမယ်''


"မြန်မြန်ခေါ်ပေးနော် အဟင့် 

ခက်.. ခက် ခေါင်းတွေပါ မူးလာပြီ ဟင့်''


ပူတူးလေး စကားဆုံးတာနဲ့ အန်တီက စကားပင်ပြန်မပြောနိုင်ပဲ အိမ်ရှေ့ကို ပြေးသွားပြန်သည်။


ဝသန်ကိုသွားခေါ်ပြီး ဘာလုပ်ပေးမှာမို့လို့လဲ?


အုတ်တံတိုင်းပေါ်တွင် ငိုမဲ့မဲ့လေးထိုင်နေသည့် ပူတူးကိုကြည့်ကာ သူ သက်ပြင်းလေးရှိုက်လိုက်ပြီး


"ပူတူးလေး... ပူတူးလက်ထဲကကြောင်ကို ကိုကို့ကိုပေး''

"ဟင့် ခက် လက်မလွှတ်ရဲဘူး''


"ပူတူးလုပ်ရဲပါတယ်ကွာ လုပ်ပါ 

ပူတူးမာလကာပင်ပေါ်တက်ပြီး အသီးခူးသလိုပဲလေ 

အသီးတွေကို အောက်ကိုပစ်ချသလို 

အခု ကြောင်လေးကို ပစ်ချလိုက်''


"ပြုတ်ကျသွားရင် ရွှေဝါလေး ကျိုးပဲ့သွားမှာ

 ဟင့်အင်း ပစ်မချချင်ဘူး''


ကြောင်ကို ပြုတ်ကျသွားရင်လို့

ကလေးအတွေးတွေးနေပြန်သည့် ပူတူးကို

သူ အပြစ်မဆိုရက်ပဲရှိကာ

လေသံကိုအတတ်နိုင်ဆုံးလျော့ချထားလိုက်ပြီး


"ရွှေဝါလေး ဘာမှမဖြစ်စေရဘူးကွာ 

ပူတူးရဲ့လက်တွေဆန့်ထုတ်ပြီး ပစ်သာချလိုက် ကိုကိုဖမ်းထားပေးမယ်''


ဒီတစ်ခါတော့ ပူတူးက ဘာမှပြန်မပြောပဲ ငြိမ်သွား၏။ ခနနေမှ ကြောင်လေးကိုပွေ့ထားသည့် လက်တွေကို မျက်လုံးမှိတ်ထားလျက်ကနေ တဖြည်းဖြည်းဆန့်ထုတ်လာပြီး


"မိအောင်ဖမ်းနော် ခက် ပစ်ချလိုက်တော့မလို့''

"အိုခေ ပစ်လိုက်''


ပစ်လိုက်ဆိုတာနဲ့ ဆတ်ခနဲ ကြောင်လေးကို 

ပစ်ချလိုက်တာမို့ ဂုဏ် လက်တစ်ဖက်ဖြင့်

အမိအရဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမလေးရဲ့ လက်ကို လှမ်းဆွဲချလိုက်တော့


"အား မေမေရေ...

"ဘုန်း အင့်...


အသာလေး ပွေ့ချီလိုက်ဖို့အတွေးက 

လက်တွေ့မှာတော့ အရာမရောက်တော့ပါ။


ပူတူးရဲ့တစ်ကိုယ်လုံး သူ့အပေါ်ပိကျသွားတာမို့ 

ကျောရော ခါးရော အောင့်ခနဲဖြစ်သွားသလို

သူ့လက်ထဲမှ ကြောင်လေးကလဲ ခုန်ပေါက်ပြေးထွက်သွား၏။


သို့ပေမယ့် ကိုယ်နာတာကို ဂရုမစိုက်နိုင်ပဲ 

သူ့အပေါ်မှ ပူတူးလေးကို စိုးရိမ်တကြီး

ခေါင်းထောင်ကြည့်လိုက်ရင်း..


"ပူတူးလေး.. ချာတိတ်.. ဟိတ်.. 

ပူတူး.. ဟိတ်..''


"ဟင် အင်း အင်း''


"ဟိတ် မျက်လုံးဖွင့်ကြည့်စမ်း ပူတူး

ဘာဖြစ်သွားသေးလဲ ထကြည့်ဦးကွ''


သူ အထပ်ထပ်အခါခါ ခေါ်ပြီးသတိပေးလိုက်မှ သူမလေးက သူ့ရင်ဘတ်ပေါ်မှ မျက်လုံးဖွင့်ကြည့်လာ၏။ 


ခက် မျက်လုံးတွေဖွင့်ကြည့်လိုက်မှ 

အုတ်တံတိုင်းပေါ်မှာမဟုတ်ပဲ အောက်ရောက်သွားသည်ကို သတိထားမိသွားကာ


"ခက်.. ခက် မသေဘူးပဲ အဟင့် 

ခက် မသေဘူး''


"ဟုတ်တယ် မသေဘူး 

ဘာမှမဖြစ်ဘူးမဟုတ်လား ဟမ်.. 

ဘယျနား နာနေသေးလဲ''


"ဟင်..


ခက် အခုမှ သတိထားမိသည်။

ခက် ရောက်နေတာ မြေပြင်မဟုတ်ပဲ 

လူတစ်ယောက်ရဲ့ ပြည့်ပြည့်တင်းတင်း ရင်အုပ်ကျယ်ကျယ်ကြီးပေါ်မှာဆိုတာကို။


ထို့ကြောင့် ထိုလူကြီးရဲ့ ရင်ဘတ်ကို 

လက်ဝါးလေးဖြင့်ထောက်ကာ

အတင်းကုန်းရုံးထလိုက်တော့ ထိုလူက သူမရဲ့ခါးလေးမှ သိမ်းဖက်ထားပြီး...


"ဘယ်နားနာသွားသေးလဲလို့ ပူတူး''


"ရှင်.!.!.!  မနာပါဘူး ဘယ်နားမှမနာဘူး 

လွှတ်လေ ခက်ဖယ်ပေးမလို့''


လက်တစ်ဖက်ထောက်ပြီး ထဖို့ပြင်နေတာမို့ သူမလေးရဲ့ ဆံနွယ်ရှည်တွေက သူ့ရင်ဘတ်ပေါ်မှာ အထပ်လို်က် အခွေလိုက်။ 


ဒါ့အပြင် အနီးကပ်မြင်နေရသည့် ခပ်စိပ်စိပ်နဲ့ ရှည်လျားကော့ပြန်နေသည့် မျက်တောင်တွေက ယပ်တောင်လေးသဖွယ်။ 


အဆိုးဆုံးကတော့ နီရဲစိုအိနေသည့် 

နှုတ်ခမ်းတစ်စုံကြောင့် ထိန်းမရအောင်ခုန်လာသည့် 

သူ့ရဲ့ရင်ခုန်သံတွေ။ 


ဒီ မူမမှန်တဲ့ ရင်ခုန်သံ လတ်လတ်ဆတ်ဆတ်ကြီးကို

သူမလေး ကြားပါစေ။


"ဖယ်ပါ ခက်.. ခက် ရှင့်အပေါ်က ဖယ်ပေးမလို့''

"ဘယ်လိုလုပ်မလဲကွ..

ကိုယ်လန့်ပြီးတော့ လက်တွေက ခွာမရတော့ဘူး''


"ဟင်...


ဟုတ်လို့လားဆိုသည့် မျက်လုံးများဖြင့် ကြည့်လာတာမို့ ဂုဏ် နှုတ်ခမ်းကိုတွန့်ခနဲနေအောင် ပြုံးလိုက်ပြီး


"တကယ် ကိုယ့် လက်တွေဖယ်မရဘူး''

"မရလို့ မရဘူးလေ ဟင့် 

ဒီလိုကြီး ဘယ်လိုလုပ်ဖြစ်မှာလဲ 

ရှင့်လက်တွေကို ရအောင်လွှတ်ပေး''


"ဟောဗျာ...ဖယ်လို့မှမရတာကို 

ကိုကိုက ဘယ်လိုလုပ်ပေးရမှာလဲ''


"အို.. မသိဘူး ရအောင်လွှတ်...


"သစ်ခက်လေး...

"သမီး...


ဝသန်နဲ့အတူ အန်တီရဲ့ အံ့ဩသံစွက်နေသော 

အသံတွေကြားမှ ဂုဏ် သူမလေးကို ဖက်ထားတဲ့ လက်တွေကို ဖယ်ပေးလိုက်သည်။ 


အန်တီကတော့ ပူတူးကို ဆွဲထူကာ ပွေ့ဖက်ထားပြီး 

သူ့ကို အံ့ဩသလိုသာကြည့်နေပေမယ့် 

ဝသန့်ရဲ့အကြည့်တွေကတော့ မီးတောက်ပမာ။


"သစ်ခက် ဘယ်လိုလုပ်ပြီး အုတ်တံတိုင်းပေါ် ရောက်နေရပြန်တာလဲ''


"ရွှေဝါလေးကို တက်ခေါ်တာ

ဟိုဘက်အိမ်ရဲ့ ရေစင်ပေါ်ကနေ အတင်းအော်နေလို့ 

အဲ့ဒါ တက်ခေါ်လိုက်တာ''


"ဘယ်လို ဘယ်လို ရေစင်ပေါ်ထိ တက်ခေါ်တာလား''


ဝသန် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးလိုက်တော့ 

ကလေးမက သူ့အမေရင်ခွင်ထဲကနေ မျက်နှာငယ်လေးဖြင့် ခေါင်းငြိမ့်ပြနေ၏။


"ရူးနေလား သစ်ခက် ဟမ်

မင်း အမြင့်ကြောက်တယ်မလား ပြီးတော့

ပြုတ်ကျရင် သေနိုင်တယ်ဆိုတာ မသိဘူးလား''


"ပြုတ်မကျပါဘူး ကိုကိုကလဲ

ခက် တက်တတ်ပါတယ်''


"ဪ... တက်တော့ တက်တတ်တယ်

ဆင်းတော့ မဆင်းတတ်ဘူးမလား''


"အဲ့ဒါက လှေကားက ဘယ်လိုဖြစ်ပြီးလဲကျသွားလဲမသိလို့ပါ

ပြီးတော့ ခက် နည်းနည်းကြောက်သွားလို့

ကိုကိုနော် ခက်ကို မဆူနဲ့ 

ခက် အခု အရမ်းလန့်နေတာ''


နဖူးစပ်က ချွေးတွေရွှဲနေသည့် ဆံစတွေကိုကြည့်ရုံနဲ့ 

ဒီကောင်မလေး ဘယ်လောက်လန့်သွားလဲဆိုတာ ဝသန်သိပါသည်။ 


သို့ပေမယ့် အရင်လို ဆွဲပွေ့ ဆွဲချော့ပေးချင်တဲ့စိတ်တွေက ခုနက မြင်ကွင်းကြောင့် 

ကြက်ပျောက် ငှက်ပျောက်။


"ဟုတ်တယ် ဝသန် ပူတူးအရမ်းလန့်သွားတာ 

သူ့ကို သိပ်မဆူပါနဲ့''


"ကျွန်တော်သိပါတယ် ဒါနဲ့ မမပြန်ရောက်နေပြီ''


ဒါ သူ့ကိုတမင်နှင်နေမှန်း သိသာတဲ့စကားလုံး။

မျိုးရိုးဂုဏ်လိုကောင်ကို အခုလို မျက်နှာတည် မျက်နှာထားနဲ့ နှင်ထုတ်ဖူးတဲ့သူမျိုးမရှိပေမယ့် တစ်ချိန်မှာ အမျိုးတော်ရမယ့် ရွှေယောက်ဖလေးမို့ ဂုဏ် စိတ်ကို အတတ်နိုင်ဆုံးလျော့ချလိုက်ပြီး


"ဪ အေးပါ 

ဒါဆို အကို နှင်းစက်ဆိီသွားဦးမယ်''


ဝသန် ခေါင်းသာငြိမ့်ပြလိုက်သည်။


"ပူတူး ကိုကိုပြန်မယ်နော် 

အရမ်းလန့်သွားတယ်မလား ရေလေးသောက်လိုက်ဦး''


ပူတူးကလဲ ဝသန့်စတိုင်လ်အတိုင်း 

ခေါင်းတစ်ချက်သာငြိမ့်ပြတာမို့ 

သူ မချိတချိလေးပြုံးလိုက်ပြီး 

အန်တီ့်ဘက်လှည့်ကာ


"အန်တီ ကျွန်တော်ပြန်ဦးမယ် 

ပူတူးကိုဂရုစိုက်လိုက်ပါဦးနော်''


"အေးကွယ် သမီးလေးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်နော် သား''


"အဟွန်း ရပါတယ်ဗျ 

ကျွန်တော်မကယ်လို့ မဖြစ်တဲ့သူမို့လို့ ကယ်ပေးပါတာ

အန်တီ စိတ်ထဲမထားပါနဲ့ ခွင့်ပြုပါဦး အန်တီ''


"ေအး အေးကွယ်''


ပြောပြီးတာနဲ့ သူမတို့ရှေ့မှ လှည့်ထွက်သွားသည်​့ 

ထိုကောင်လေးကို အားလုံး ငေးကြည့်နေမိဆဲ။


အတော်လေးလှမ်းသွားမှ 

ခက်ရဲ့အသံလေးထွက်လာပြီး


"တံတောင်ဆစ်က သွေးထွက်နေတယ်နော် 

အိမ်ရောက်ရင် ဆေးထည့်လိုက်ဦး''


"အဟွန်း မင်းပေးတဲ့ဒဏ်ရာမို့ သိမ်းထားမလို့လေ''


ဂုဏ် လမ်းနောက်ပြန်လျှောက်ရင်းက 

ပြန်ပြောလိုက်တော့ ပူတူးက အန်တီနဲ့ဝသန်ကို မျက်လုံးပြူးလေးဖြင့် ပြန်ကြည့်လိုက်ပြီး 

ဝသန်ကတော့ ပူတူးကို ဒေါသအငွေ့တွေပါသော မျက်လုံးများဖြင့် ကြည့်နေ၏။


သူ့ကြောင့် ပူတူးအဆူခံရမည်စိုးတာကြောင့် 

သူရပ်နေရာကနေ


"အလကားစတာပါ 

အိုခေ အိုခေ ဆေးထည့်လိုက်မယ်

ဝသန် မင်း ခလေးကိုဆူမနေနဲ့နော်''


စကားအပြောအဆိုရဲတင်းလွန်းတဲ့ ကိုမျိုးရိုးဂုဏ်ကို 

ဝသန်စိတ်တိုလာတာကြောင့် ပြန်ပြောရန်လှည့်ကြည့်လိုက်တော့ 

ကိုမျိုးရိုးဂုဏ်က သူတို့ကို ကျောခိုင်းကာ 

အိမ်ကြီးဘက်လျှောက်သွားနေချေပြီ။ 


ကုလားမနိုင် ရခိုင်မဲဆိုတဲ့ စကားပုံအတိုင်း 

ကိုယ့်ညီမ ကိုယ်ပြန်ဆူရန်ပြင်လိုက်တော့ သစ်ခက်လေးက အန်တီထားရင်ခွင်ထဲတွင် မျက်နှာငယ်လေးဖြစ်နေတာမို့ 

ကိုယ့်ဒေါသ ကိုယ်သာမြိုချလိုက်ရတော့သည်။


**စိတ်လျော့ ဝသန်ရေ စိတ်လျော့ စိတ်လျော့**


>>>>>>>>>><<<<<<<<<<


ဂုဏ်ရဲ့ နက်ပြောင်နေသော ပြိုင်ကားလေး 

ခြံထဲမှာထိုးရပ်သွားတာသည်ဆိုလျှင် 

အိမ်ထဲမှ မေမေနဲ့ မလေးပြေးထွက်လာ၏။


သူကားပေါ်ကဆင်းလာသည်အထိ မစောင့်နိုင်တဲ့ မလေးက ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး


"ဂုဏ်လေး ဒဏ်ရာရလာတယ်ဆို ဟမ်.. ဟုတ်လား ပြစမ်း ပြစမ်း 

ဘယ်နားခိုက်မိလာတာလဲ''


သူ့တစ်ကိုယ်လုံးကို ကျီးကန်းတောင်းမှောက်ကြည့်ကာ 

ပျာယာခပ်အောင်မေးနေသည့် မလေးကို 

မျက်ခုံးတွေတွန့်ချိုးကာ 

သူအလိုမကျသလိုကြည့်လိုက်ပြီး


"ကျွန်တော် ဒဏ်ရာရလာတယ်လို့ 

မလေးကို ဘယ်သူပြောလိုက်တာလဲ

မဟုတ်မှလွဲရော နှင်းစက်မလား''


"အင်းလေ နှင်းစက်လေးက 

မင်းကိုဆေးမထည့်ပေးလိုက်ရလို့ 

စိတ်ပူလို့ဆိုပြီး မမကို ဖုန်းဆက်ပြောတာ

ပြစမ်းပါဦး ဘယ်လောက်တောင် ခိုက်မိသွားတာလဲ''


"ဘယ်လောက်မှ မခိုက်မိပါဘူး 

ဘာမှမဖြစ်ဘူး''


"ဘာမှမဖြစ်ပဲနဲ့ နှင်းစက်လေးက 

မမကို လှမ်းပြောပါ့မလား''


"ဟုတ်သားပဲ သားရယ် 

ပြစမ်း မေမေ့ကို ဘယ်နားခိုက်မိလာတာလဲ''


မေမေကပါ သူ့အနားလျှောက်လာပြီး ပြောနေတာမို့ 

ဂုဏ် စိတ်ပျက်လက်ပျက်နဲ့ တံတောင်ဆစ်က အနာကို 

မေမေမြင်သာအောင် လှည့်ပြလိုက်တော့


"အိုကွယ် သွေးတွေတောင် ခြောက်နေပြီ

ဟဲ့ ခေတ် သွားစမ်း သွားစမ်း စင်ပေါ်က 

ဆေးသေတ္တာယူလာခဲ့''


"ဟုတ်ကဲ့ မေမေ''


"ဘယ်လိုများဖြစ်လို့ ဒဏ်ရာကရလာရပြန်တာလဲ ဟမ်

တကယ်ပါပဲ ပြန်ရောက်တာမှ တစ်ပတ်မပြည့်သေးဘူး 

ဘာလဲ ရန်ဖြစ်လာတာလား''


"ဟာ မဟုတ်ပါဘူး မေမေကလဲ''


"ဒါဆို ဘာဖြစ်လာတာလဲ''


မေမေက သူ့ကို အိမ်ရှေ့က ပန်းအိုးတွေ 

တန်းစီတင်ထားသည့် အုတ်ခုံလေးရဲ့ အစွန်းတွင် ထိုင်စေပြီး မေးလိုက်တော့ သူ မေမေ့ကို မော့ကြည့်လိုက်ပြီး


"ကောင်မလေးကိစ္စ အဟွန်း''


"ဘာ မျိုးရိုးဂုဏ်.!.!. 

မင်းကို မင်းဖေဖေဘာပြောထားလဲ သိတယ်မလား''


"မေမေကလဲလေ ဘာလို့ မောင်လေးကိုဆူနေရတာလဲ

ပေးပေး မင်းလက်ကို မမဆေးထည့်ပေးမယ်''


အမြဲတမ်း တစ်ယောက်မဟုတ် တစ်ယောက်အကာအကွယ်ရှိနေတတ်သည့် ဂုဏ့်ကို 

မေမေက ဘာမှမပြောတော့ပဲ 

မျက်စောင်းသာထိုးကြည့်နေ၏။


မလေးကတော့ သူ့လက်က ဒဏ်ရာကို 

နာမှာစိုး၍ထင်ပါရဲ့။ 

လေလေးမှုတ်ပေးလိုက် ဆေးလေးထည့်ပေးလိုက်ဖြင့် တယုတယ။


ထိုစဥ် ကုမ္ပဏီမှပြန်လာသော 

ဖေဖေ့ရဲ့ကားလေးက သူတို့ရှေ့တွင် ရပ်သွားသလို 

ကားထဲမှ ဖေဖေကလဲ မျက်မှောင်ကြီးကျုံ့ကာ ဆင်းလာပြီး


"ဒါ ဘာဖြစ်နေကြပြန်တာလဲ''

"ဟင် ဖေဖေ.!.!


"ဟေ့ မေးနေတယ်လေ 

ဂုဏ် မင်းဖြေ ဘာဖြစ်လာတာလဲ?''


"မတော်တဆခိုက်မိလာတာ''


"ဘယ်လိုခိုက်မိတာလဲ ရန်ဖြစ်လို့ခိုက်မိတာလား''


"မဟုတ်ပါဘူး ဖေဖေကလဲ 

မောင်လေးက ဘာလို့ရန်ဖြစ်ရမှာလဲ''


"ခေတ် ဖေဖေက သမီးကိုမေးနေလို့လား

ဟိုကောင် ဂုဏ် ပြောစမ်း ရန်ဖြစ်လာတာမလား''


"မဟုတ်ပါဘူး ဖေဖေကလဲ 

ကျွန်တော် ဒီအတိုင်းမတော်မဆခိုက်မိလာတာပါ''


"ငါယုံမယ်လို့ ထင်နေတာလား ဂုဏ်''

"ကျွန်တော်ကတော့ အမှန်အတိုင်းပြောတာပဲ ဖေဖေမယုံတာတော့ မတတ်နိုင်ဘူး''


"ယုံစေချင်ရင် အစကတည်းက 

ငါယုံလောက်အောင်နေခဲ့ပါ့လား

ဘာလို့ မိန်းမတကာနဲ့ ပတ်ရှုပ်ခဲ့လဲ''


ဖေဖေကလဲနော်.. 

ဒီကောင်လေး ဘယ်လောက်ဂျစ်တူးတူးနိုင်သလဲဆိုတာ သိရဲ့နဲ့ ချော့မေးမယ်မရှိဘူး။ 


ဟိုကောင်လေး အရွဲ့တိုက်ပြီး 

ဂျစ်တူးတူးပြန်မဖြေပါစေနဲ့လို့ 

ဆုတောင်းလိုက်သော်လည်း...


"ဂုဏ် ငါမေးနေတယ်လေ 

ရန်ဖြစ်လာတာမလား''


"ဟုတ်တယ် ဖေဖေ ကျွန်တော်ရန်ဖြစ်လာတာ ဘာလို့ရန်ဖြစ်လဲဆိုတာ ဖေဖေသိချင်သေးလား ကောင်မလေးကိစ္စနဲ့ ရန်ဖြစ်လာတာ''


"ဘာကွ..

"အို သားကလဲ''


"ဂုဏ် မောင်လေး 

ဘာတွေလျှောက်ပြောနေတာလဲ''


ဂုဏ် စကားအဆုံး သုံးယောက်လုံးဆီမှ 

အာမေဋိတ်သံများထွက်ပေါ်လာပေမယ့် 

ဂုဏ်ကတော့ မလေး လက်ထဲမှသူ့လက်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး


"ဖေဖေ မကြိုက်ဘူးဆိုတဲ့ 

မိန်းမတကာနဲ့ပတ်ရှုပ်ပြီး ရန်ဖြစ်လာတာ''


"ခွပ်.. ခွပ်.. 

အဲ့ဒါ ရန်ဖြစ်ချင်ဦးကွာ''


"ဂုဏ်လေး..


"အကို့ သားကိုဘယ်လိုလုပ်လိုက်တာလဲ''

"မြင်တဲ့အတိုင်းပဲ''


ဦးရာဇဂုဏ် ထိုးချလိုက်လို့ ယိုင်သွားသည့် 

ဂုဏ့်ကို ခေတ်သစ်က ပြေးတွဲလိုက်သလို 

ဇနိီးဖြစ်သူ အစောကလဲ သူ့ကို ခပ်စူးစူးလေးကြည့်နေပြန်၏။


အားလုံးထဲကမှ ဂုဏ်ဆိုတဲ့ကောင်က 

နှုတ်ခမ်းကထွက်လာသည့်သွေးတချို့ကို လက်မဖြင့်ဖိပွတ်လိုက်ပြီး 

သူနဲ့မျက်နှာချင်းဆိုင်တွင် လာရပ်ကာ


"ထပ်ထိုးဦးမလား ဖေဖေ''


"ဘာကွ.. ဂုဏ် သွားစမ်း သွားစမ်း 

မင်းငါ့နဲ့ဝေးဝေးသွားနေစမ်း''


"သွားမှာပါ 

မသွားခင် ဖေဖေထပ်ထိုးချင်သေးလားလို့ 

မေးနေတာ''


ဂုဏ်ထပ်မေးလိုက်တော့ ဖေဖေက သူ့ကို ဒေါသမပြေသေးသည့် မျက်လုံးတွေနဲ့သာစိုက်ကြည့်နေသည်။


ကနေဒါက ပြန်လာကတည်းက 

ဟိုမှာ ရည်းစားရှုပ်ခဲ့တဲ့ကိစ္စကို 

ဖေဖေမကျေနပ်မှန်းသူသိသည်။ 


ဒီကိစ္စနဲ့ပဲ ပြန်ရောက်ကတည်းက နားပူအောင်အဆူခံနေရတာမို့ သူ ဖေဖေ့အလိုကျ 

ဘယ်မိန်းမနဲ့မှမပတ်သတ်ပဲ နေပေးခဲ့တာပဲလေ။


ဒါကို အခု ဒဏ်ရာရလာတာကို ဘာကိ္စ္စ 

ဒီရည်းစားများတဲ့ကိစ္စကို လာပြောနေရတာလဲ။


သူ စိိတ်တိုလာတာမို့ ရွဲ့ဖြေလိုက်တော့လဲ 

သူ့အလွန်ပဲဖြစ်သွားပြန်သည်။


"ဖေဖေ ထပ်မထိုးတော့ဘူးဆိုရင် 

ကျွန်တော်သွားတော့မလို့နော်''


အရယ်အပြုံးမရှိ မကျေနပ်ခြင်းမရှိသည့် မျက်နှာဖြင့် ပြောနေသည့် ဂုဏ့်ကို 

ကျန်တဲ့သုံးယောက်လုံး ထူးဆန်းသလိုကြည့်နေစဥ် 

ဂုဏ်က အုတ်ခုံပေါ်က ကားသော့ကို ကောက်ယူလိုက်ပြီး


"ဒါဆို ကျွန်တော် သွားတော့မယ် 

ကိုယ့်ကိုကိုယ် ဂရုစိုက်ကြနော်''


"ဘယ်လဲ သားက ဘယ်ကိုသွားမှာလဲ''


"တော်ဝင်နန်း စံအိမ်''


တော်ဝင်နန်းစံအိမ်ဆိုတာက 

ဂုဏ် နိုင်ငံခြားမသွားခင်အထိ နေခဲ့တဲ့စံအိမ်ကြီး။


နောက်ပိုင်းကျမှ အမွေဆိုင်စံအိမ်ဖြစ်နေတာမို့်လို့

ဖေဖေက ဒီတိုက်ကိုဝယ်ပြီး ပြောင်းနေကြခြင်း။


ဂုဏ် မေမေ့ကို ငဲ့ကြည့်ပြီးဖြေလိုက်တော့ 

ဖေဖေက တဟားဟားထရယ်ပြီး


"အဲ့တိုက်က ငါ့တိုက်နော် ဂုဏ်

မင်းက ငါနဲ့စိတ်ဆိုးပြီး ငါ့တိုက်မှာသွားနေမှာပေါ့ ဟုတ်လား''


ေဖဖေ့ရဲ့ ခနဲ့တဲ့တဲ့စကားကို 

ဂုဏ် စိတ်မဆိုးပဲ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်၏။


"ဖေဖေ့တိုက်ဆိုပေမယ့် 

အဲ့ဒီ့တိုက်က အမွေဆိုင်လေ

ဖေဖေတစ်ယောက်တည်းပိုင်တာမဟုတ်ဘူး

တီလေးရော တစ်ဝက်ပိုင်တယ်

တီလေးပိုင်သမျှအားလုံးက 

ကျွန်တော့်နာမည်နဲ့ဆိုတာ ဖေဖေသိပါတယ် အဟွန်း''


"ဟေ့ကောင် ဂုဏ် 

မင်းက ဖအေနဲ့အမွေပြိုင်လုနေတာလား''


"လုစရာလိုလို့လား 

ကျွန်တော်က တစ်ယောက်တစ်ဝက်ပိုင်တယ်ဆိုတာ သိပြီးသား

ဖေဖေသာ အတင်းလိုချင်နေရင် မပြောတတ်ဘူး''


"မျိုး..ရိုး..ဂုဏ်..''


"ဒါပေမယ့် အဲ့ဒီ့ဖေဖေပိုင်တဲ့ တစ်ဝက်ကိုလဲ ကျွန်တော့်ကိုပဲ အမွေပေးလိုက်တော့

ဖေဖေပိုင်တဲ့ ကျန်တာတွေ ကျွန်တော်စိတ်မဝင်စားဘူး 

အဲ့တိုက်ပဲပေးလိုက်''


"ဟေ့ကောင် ငါမသေသေးဘူးနော်''

"မသေသေးလို့ အခုလိုတောင်းလို့ရတာပေါ့''


"ဂုဏ်..


သူ ဖေဖေ့ကို စိတ်ဆိုးတာမျိုးမဟုတ်ပဲ 

တမင်စချင်နေတာမို့ ပြောလိုက်ပေမယ့် 

မေမေက ထပ်မပြောရန် မျက်နှာရိပ် မျက်နှာကဲပြပြီးတားလိုက်တာကြောင့် 

ဂုဏ် မေမေတို့ကို ကျောခိုင်းလိုက်ပြီး 

ကားဘက်ကိုလှည့်လိုက်တော့


"သားလေး မသွားပါနဲ့နော် 

ဟိုမှာက ​ြခံစောင့်ကလွဲရင် ဘယ်သူမှ 

ရှိတာမဟုတ်ဘူး''


"ဟုတ်သားပဲ ဂုဏ်လေးရယ် မသွားနဲ့နော် 

ဖေဖေက စိတ်ဆိုးတုန်းမို့ပါ''


"ဖေဖေ့ကြောင့်သွားတာမဟုတ်ပါဘူး၊ယ

ကျွန်တော် ဟိုတိုက်ကိုပဲသဘောကျလို့''


"ဒါပေမယ့် သားရယ်...


"သွားပါစေ အစော ဒီကောင်က သူ့တီလေးဆီက အမွေတွေရထားတယ်ဆိုပြီး ကြီးကျယ်နေတာ''


"အကိုကလဲ သားက အဲ့လိုသဘောမျိုးမဟုတ်ပါဘူး''


"ဒါဆို ဘယ်လိုသဘောနဲ့ ငါ့ကိုခြေရာတိုင်းနေတာလဲဆိုတာ 

မင်းသားကို မင်းပြန်မေးကြည့်လိုက်ပါဦး''


ဂုဏ် ဖေဖေနဲ့ထပ်ငြင်းမနေတော့ပဲ 

ကားပေါ်တက်ကာ ခြံထဲမှမောင်းထွက်လာခဲ့၏။ 


သူ ပြန်လာကတည်းက အရင်တိုက်ကြီးမှာပဲ 

ပြန်နေဖို့ ပြောပေမယ့် မေမေတို့ကလက်မခံခဲ့။


အခုမှပဲ ဖေဖေဆွဲထိုးတာကို အကြောင်းပြပြီး 

အရင်တိုက်ကြီးကို ပြန်နေရတော့မည်။


**ဂုဏ်ပါ ဖြစ်ချင်တာကို 

မဖြစ် ဖြစ်အောင်လုပ်မယ့် မျိုးရိုးဂုဏ်**


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘😁



အပိုင်း(၇)မျှော်


စာရေးသူ-Merida(Tulip)


rate now: