book

Index 5

အပိုင်း(၅)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~


"ဟိတ် နေဦး''

"အာ့ လွှတ် လွှတ်ပါ''


ဘယ်သူမှန်းမသိသော ထိုလူ့ရဲ့လက်ထဲမှ 

သူမရဲ့ လက်ကို ပြန်ရုန်းကြည့်ပေမယ့် 

လုံးဝမလွှတ်။


ဒါ့အပြင် အရောင်တောက်နေသော 

မျက်လုံးစူးစူးတို့ဖြင့် သူမကို စိုက်ကြည့်ကာ


"မင်း ဘယ်သူလဲ''

"ရှင်.!.!.!''


"မင်းနာမည်ကို မေးတာ 

မင်း ဒီအိမ်က ဟုတ်တယ်မလား''


သူမ ထိုလူကို မျက်လုံးပင့်ကြည့်လိုက်ပြီး 

ခေါင်း ငြိမ့်ပြလိုက်၏။


"ကိုယ့်ကို မှတ်မိလား''

"မနေ့က လေယာဥ်ကွင်းမှာ မမကြီးနဲ့အတူပြန်လာတဲ့သူမဟုတ်လား''


"အင်း ကိုယ့်နာမည် မျိုးရိုးဂုဏ် 

မင်းနာမည်က...


"ခက်ခက်ရေ ခက်ခက် သမီးလေး''

"မေမေ ခက်ဒီဘက်မှာ''


သူ့စကားမဆုံးခင် 

သူမလေးက သူ့လက်တွေကို ပုတ်ချပြီး 

အသံလာရာဘက်ကို တစ်ရှိန်ထိုး ပြေးထွက်သွား၏။ 


ရုတ်တရက်မို့ သူ့ရှေ့မှ လှစ်ခနဲပြေးထွက်သွားတဲ့ကောင်မလေးကို လှမ်းမဆွဲထားမိလိုက်ပေမယ့် 

ဝဲခနဲခါထွက်သွားတဲ့ ဆံနွယ်ရှည်တွေဆီမှ 

ပျံ့လွင့်လာတဲ့ ချိုသင်းသင်းရနံ့လေးတွေကတော့ 

စိတ်ထဲ စွဲထင်နေခဲ့မှာ အသေအချာ။


မျက်လုံးထဲတွင် ထိုအရိပ်ကလေး 

ပျောက်ကွယ်သွားမှ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး


"ခက် ခက်တဲ့လား အဟွန်း''


"ဂုဏ်''


သူ့ရဲ့အပြုံးတို့က 

နှင်းစက်ရဲ့ခေါ်သံနောက်မှာ ရပ်တန့်သွား၏။


"ဂုဏ် တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ 

နှင်းစက်လိုက်လာတာ အဟင်း

မမခေတ်လဲ ရောက်နေတယ် 

အဲ့ဒါ ဂုဏ့်ကိုမေးနေလို့''


"အင်း သွားမယ်လေ

ဪ ဒါနဲ့ ကိုယ် တစ်ခုမေးဦးမယ်''


"ဘာမေးမလို့လဲ မေးလေ ဂုဏ်ရဲ့''

"ခက်ဆိုတာ ဘယ်သူလဲ''


"ဟင် ဘာဖြစ်လို့လဲ 

 ဂုဏ်က ဘယ်လိုလုပ်ပြီး သူ့ကိုသိ...


"ဘယ်သူလဲလို့''


"မိခက်က ဒီအိမ်က အိမ်ဖော်မရဲ့သမီးလေ''

"မိခက်!


မျက်ခုံးတွေ တွန့်ကွေးပြီး 

ပြန်မေးလာတဲ့ ဂုဏ်ရဲ့မျက်နှာက 

အလိုမကျမှန်း သိသာနေတာမို့ 

သူမ စကားမှားသွားမှန်းသိသွား၏။


ထို့ကြောင့် ဂုဏ့်ရဲ့ လက်မောင်းလေးကို 

ဆွဲဖက်လိုက်ပြီး


"သူ့နာမည်က နွေသစ်ခက်တဲ့ 

နှင်းစက်တို့အိမ်က အိမ်ဖော် ဒေါ်သက်ထားရဲ့သမီးလေ''


"ဒါဆို သူက ဒီမှာပဲနေတာပေါ့''


"ဟုတ်တယ် ဟို အိမ်လေးမှာနေတာလေ''


သူမလက်ညှိုးထိုးပြတဲ့ 

ခြံနောက်က တိုက်ပုပုလေးကို 

သူလှမ်းကြည့်လိုက်ရင်းမှ


"တခြားအလုပ်သမားတွေနဲ့အတူတူပေါ့''


"အဲ့လိုမဟုတ်ဘူး သူတို့သားအမိနှစ်ယောက်ပဲနေတာ ကျန်တဲ့အလုပ်သမားတွေက 

အိမ်ကြီးပေါ်က သူတို့အခန်းမှာပဲနေတာလေ''


"ဘာလို့ သူတို့ကို သပ်သပ်ထားတာလဲ''

"အဲ့ဒါက...


နှင်းစက် ဖြေရခက်တာမို့ 

နားထင်ကို လက်ညှိုးလေးဖြင့် ကုတ်ခြစ်နေသည်ကို 

ဂုဏ်က စိတ်ဝင်တစားကြည့်ကာ


"ဘာလို့လဲလို့''


"နှင်းစက်လဲ မသိဘူး 

မာမီတို့က အဲ့လိုပဲ စီစဥ်ပေးထားတာပဲ

ဒါနဲ့နေပါဦး ဂုဏ်က သူ့ကိုဘယ်လိုသိတာလဲ''


"မနေ့က လေယာဥ်ကွင်းမှာတွေ့ဖူးလို့လေ 

ပြီးတော့ ခုနက ဒီနားမှာသူ့ကိုတွေ့တာ 

အဒေါ်ကြီးတစ်ယောက်က သူ့ကို 

ခက်ခက်ဆိုပြီး ခေါ်သွားလို့''


"ဪ...


"မလေးတို့ရောက်နေတယ်ဆို သွားမယ်လေ''

"ဟင် အင်း အင်း''


ရှေ့မှ ထွက်သွားသော 

ဂုဏ့်နောက်ကို သူမပြေးလိုက်ရပေမယ့် 

စိတ်အစဥ်က ဂုဏ်ရဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ နာမည်ဆိီမှာသာ။ 


"မိခက် ညည်းက ဘာမို့လို့ ဂုဏ်က အရေးတယူမေးနေရတာလဲ?''


>>>>>>>>>><<<<<<<<<<


"မိခက်''


ခက်ကျောင်းသွားရန် အိမ်ကြီးရှေ့မှဖြတ်အလျှောက် 

မမကြီးရဲ့ဒေါသသံပါနေသည့် အသံကြောင့် 

ကိုယ်လေးဆတ်ခနဲတုန်သွားကာ


"ရှင် ရှင် မမကြီး''


အဖြူရောင် ဇာဖောက်ရင်ဖုံးအက်ျီလေးကို 

အဖြူရောင်ပိုးထဘီလေးနဲ့ တွဲဝတ်ထားသည့် 

ခက်ပုံစံက အဖြူထည်သပ်သပ်။


တင်ပါးအထက်နားအထိရှည်သော 

ဆံနွယ်ရှည်တွေကို တစ်ဖက်တစ်ခု ခွဲစည်းထားပြီး ရင်ဘတ်ရှေ့ကိုချထားတာလေးက ချစ်စဖွယ်။


လိမ္မော်ရောင်ကျောပိုးအိတ်လေး လွယ်ထားတာမို့ 

မသိရင် ကလေးလေးတစ်​ေယာက်အတိုင်း။

 

သူမကိုကြောက်ကြောက်လန့်လန့်လေးကြည့်နေသည့် 

ခက်ကို ခေါင်းအစ ခြေအဆုံး စုန်ချီဆန်ချီကြည့်ပြီးမှ


"မနေ့က ညည်း ဘာလုပ်ခဲ့လဲ မှတ်မိလား''

"ဟင့် အင်း''


သူမ တကယ်မသိတာမို့ ေခါင်းလေးရမ်းပြလိုက်တော့ 

မမကြီးက သူမကိုစားမတတ် ဝါးမတတ်ကြည့်ကာ


"ဘာကိုဟင့်အင်းလဲ 

ညည်း မနေ့က ခြံနောက်မှာ 

ငါ့ချစ်သူနဲ့ တွေ့ခဲ့တယ်မဟုတ်လား''


"မမကြီးရဲ့ ချစ်သူ

ဟင့်အင်း ခက် မသိဘူး

ခက် ခက် ဘယ်သူနဲ့မှ မတွေ့ပါဘူး''


"ညည်း ဘယ်သူနဲ့မှမတွေ့ဘူးဆိုရင် 

ဂုဏ်က ငါ့ကို ညည်းအကြောင်းဘာလို့မေးမှာလဲ

ညည်း ငါ့ကိုမလိမ်နဲ့''


"ဂုဏ်''


ဂုဏ်ဆိုတာ မနေ့ညက ရေကန်နားမှာ 

တွေ့ခဲ့တဲ့ဟိုလူလား။ 

ဒါဆို အဲ့ဒါက မမကြီးရဲ့ချစ်သူပေါ့။


"ညည်းကို ငါသတိပေးထားမယ် မိခက်

ဂုဏ်ကငါ့ချစ်သူ ပြီးတော့ တစ်နေ့ကျရင် 

ငါနဲ့လက်ထပ်မယ့် ငါ့ရဲ့ သတို့သားလောင်း

အဲ့ဒီ့တော့ ညည်း ကိုယ့်အဆင့်ကိုယ်သိပြီး 

ကိုယ့်နေရာ ကိုယ်နေ

ညည်းအမေလို သူများရဲ့ယောက်ျားကို 

လာမလုချင်နဲ့ ဟွန့်''


ပြောချင်ရာ ပြောချသွားပြီး အိမ်ထဲပြန်ဝင်သွားသည့် 

မမကြီးကို သူမနားမလည်နိုင်ခြင်း များစွာဖြင့်သာ 

ငေးကြည့်ကျန်ခဲ့ရသည်။


မေမေ့မှာ ဘာအပြစ်ရှိလို့လဲ။


ေမမေကဖြင့် မမကြီးအပေါ်မှာ 

ဘယ်လောက်သည်းခံခွင့်လွှတ်ပေးနေလဲဆိုတာ 

သူမသာလျှင်အသိဆုံး။


ဒါကို ဘာလို့ အချိန်တိုင်း 

မေမေ့ရဲ့အမှားပဲဖြစ်နေရတာလဲ။


မေးခွန်းပေါင်းများစွာကို ကျောင်းသွားနေသည့် 

လမ်းတစ်လျှောက် အဖြေရှာကြည့်နေပေမယ့် 

ကျောင်းကိုသာ ရောက်လာတယ် 

အဖြေဆိုတာမျိုးက ထွက်မလာ။ 


"ခက်''

"ဟင် ဂူးဂူး''


ကိုယ့်အတွေးနဲ့ကိုယ်မို့ 

အနားရောက်လာသည့် ဂူးဂူးကို သတိမထားမိလိုက်။


သူမရဲ့ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့မှ 

ဂူးဂူးက သူမလက်ကိုဆွဲကာ အခန်းရှိရာကိုလျှောက်ရင်း


"နင် ဒီနေ့နောက်ကျတယ်နော် ခက်''


"ဟုတ်တယ် မေမေသိပ်နေမကောင်းလို့လေ''


"ဟုတ်လား အခုရော သက်သာရဲ့လား''


"သက်သာပါတယ် 

မနေ့က မမကြီးပြန်ရောက်လို့ပွဲလုပ်တာလေ

အဲ့ဒါ မေမေက သူတို့စားဖို့ သောက်ဖို့ 

အားလုံးပြင်ဆင်ပေးရတော့ 

နည်းနည်းပင်ပန်းသွားတာ သိတဲ့အတိုင်းပဲ မေ​ေမက နှလုံးရောဂါအခံနဲ့ဆိုတော့ 

သိပ်အပင်ပန်းခံလို့မရဘူးလေ''


ခက် ရှင်းပြသမျှကို 

ဂူးဂူးက ခေါင်းလေးငြိမ့်ပြီးနားထောင်နေ၏။


ဂူးဂူးရဲ့ဖေဖေနဲ့ ခက်ရဲ့ဖေဖေက 

လုပ်ငန်းပါတနာတွေဖြစ်နေတာအပြင် 

ခက်နဲ့ဂူးဂူးကလဲ သူငယ်တန်းကတည်းက 

သူငယ်ချင်းတွေမို့ခက်အကြောင်းအားလုံးကို 

ဂူးဂူးကသိသည်။


"ခက်''

"ဟင်''


"ဒီနေ့ အတန်းဆင်းရင် ငါမေမေ့ဆိုင်ကို သွားရမှာ''

"ဟုတ်လား''


"အင်း အဲ့ဒါ နင်ရောလိုက်ခဲ့ပါလားဟင်''


"ဘာလို့လဲ''


"မေမေက နင့်ကိုမေးနေတာ

မတွေ့တာကြာလို့တဲ့ လိုက်ခဲ့နော်''


ဟုတ်ပါရဲ့။ 

ဂူးဂူးရဲ့မေမေ အန်တီနွယ်နဲ့ 

မတွေ့ရတာတောင် ကြာပေါ့။ 


အန်တီနွယ်က ခက်အကြောင်းတွေသိတာမို့ 

ဟိုးငယ်ငယ်လေးကတည်းက သူမအပေါ်ကို 

အမေတစ်ယောက်လို မေတ္တာတွေပေးနေသူတစ်ယောက်။


"လိုက်တော့ လိုက်ချင်ပါတယ်

ဒါပေမယ့် မေမေက သိပ်ပြီးနေမကောင်းတော့...


"ခဏပဲလေဟာ နော် နော်လို့

လိုက်ခဲ့နော် ပြီးရင် ငါလိုက်ပို့မယ်လေဟာ''


"လိုက်ပို့တာ မပို့တာက အရေးမကြီးပါဘူး

ခက် taxiနဲ့ပြန်နေကျပဲကို''


"အင်းလေ ဒါဆိုလိုက်ခဲ့နော်''

"အင်း အင်း လိုက်ခဲ့မယ်''


"အိုခေ ဒါမှ ငါ့သူငယ်ချင်းလေး''


အလိုကျသွားမှ ငါ့သူငယ်ချင်းလေးဆိုပြီး 

ပြုံးပျော်သွားတဲ့ ဂူးဂူးကို သူမ ချစ်မျက်စောင်းလေးထိုးကြည့်လိုက်၏။ 


ဂူးဂူးက တစ်ဦးတည်းသောသမီးမို့ 

တခါ တခါဆိုးပေမယ့် သူမနဲ့တော့ 

အမြဲတမ်းတွဲဖက်ညီသည်။ 


ဘယ်လိုပြောရမလဲ။ 

သူမအတွက်တော့ အကောင်းဆုံးသူငယ်ချင်းဆိုတာထက်ပိုတဲ့ အဖေမတူ အမေကွဲ အစ်မတစ်ယောက်လိုပေါ့။


>>>>>>>>>><<<<<<<<<<


"မေမေရေ ဒီမှာ ဘယ်သူပါလာလဲ ကြည့်''


ဆိုင်ထဲရောက်တာနဲ့ ကောင်တာမှာထိုင်နေသည့် 

အန်တီနွယ့်ဆီကို အပြေးလေးကြွားနေသည့် ဂူးဂူး။


"ဟယ် သစ်ခက်လေး ပါလာတာလား

လာပါဦးကွယ် အန်တီနွယ့် သစ်ခက်လေးက 

ပိုပြီးလှလာလိုက်တာ''


ကောင်တာမှာထိုင်နေရာမှ 

သူမရဲ့ ပုခုံးလေးနှစ်ဖက်ကိုကိုင်ပြီး 

အန်တီနွယ်က ပြောလိုက်တာမို့ သူမ ပြန်ပြုံးပြလိုက်ကာ


"ဟုတ်လို့လား 

ခက်ကဖြင့် အန်တီနွယ်က ပိုလှလာတယ်ထင်နေတာ''


"အန်တီနွယ် လှတာက သမီးကိုဘယ်မှီပါ့မလဲ

ငါ့သမီးကမှ ဆံပင်ရှည်ရှည် နုနုဖတ်ဖတ်လေးဆိုတော့ 

မသိရင် ဘာဘီရုပ်လေးအတိုင်းပဲ''


"ဘာဘီရုပ်ပဲ ဆံပင်ရှည်တာမဟုတ်ပါဘူး မေမေရယ်

 မဖဲဝါလဲ ဆံပင်ရှည်တာပဲ''


"အဲ့ဒီ့ မဖဲဝါက ညည်းလေ ဂူးဂူ​

​​သွားစမ်းပါအေ ငါတို့နှစ်ယောက် အေးဆေးနေပါရစေ

ညည်း တစ်နေရာရာ သွားနေစမ်း''


အန်တီနွယ်က မျက်စောင်းထိုးပြောလိုက်တော့ 

ဂူးဂူးကလဲ နှုတ်ခမ်းစူ ခြေဆောင့်ပြီး 

ကောင်တာမှာ ဝင်ထိုင်နေ၏။


"သမီးမေမေရော နေကောင်းရဲ့လား''


"ကောင်းပါတယ်

မေမေက နှလုံးရောဂါ အခံရှိတယ်ဆိုတော့ 

အန်တီနွယ့်လိုတော့ အမြဲတမ်းသွက်လက်မနေဘူးပေါ့ အဟွန်း''


"အေးပေါ့ မေမေ့ကိုဂရုစိုက်နော်''

"ဟုတ်ကဲ့''


"သမီးပြန်ရင် အရင်လိုပဲ ဆိုင်ထဲက လိုချင်တဲ့ပန်းယူသွား ကြားလား သမီး''


"ဟီး ဟီး ယူသွားမှာ အန်တီနွယ်

ခက်က ဆိုင်ထဲ ဝင်လာကတည်းက ကြည့်လာပြီးသား''


အန်တီနွယ်က အလှပန်းအိုးတွေ၊ ပန်းစည်းတွေနဲ့ နိုင်ငံခြားကလာတဲ့ ပန်းမျိုးစိတ်တွေ ရောင်းတာမို့ 

အပင်စိုက်ရတာ ဝါသနာပါတဲ့ သူမနဲ့တော့ ကွက်တိ။ 


သူမ လာလည်တိုင်း လိုချင်တဲ့အပင်ပေးနေကျမို့ 

သူမကလဲဝင်လာကတည်းက 

တကယ့်ကို လိုချင်တာကြည့်ပြီးသား။


"မေမေ ဖုန်းလာနေတယ်''

"ကိုင်လိုက်လေ မိဂူးရယ်

တကတည်း မပြောလိုက်ချင်ဘူး''


အန်တီနွယ်က စိတ်မရှည်သလိုပြောလိုက်တော့

ဂူးဂူးကလဲ နှုတ်ခမ်းလေးစူကာ ဖုန်းကိုင်လိုက်၏။


အန်တီနွယ်ကတော့ ခက်နဲ့ အစအဆုံးမရှိသော 

စကားတွေဆက်ပြီး ပြောနေ၏။


ခဏနေမှ ဂူးဂူးက သူမတို့ရှိရာကို လျှောက်လာပြီး


"မေမေ G groupက အနွယ်ဂုဏ်တဲ့

မှာထားတဲ့ ပန်းအိုးတွေမရောက်သေးလို့ 

လှမ်းမေးတာတဲ့''


"ဟယ် ဟုတ်ပါရဲ့

ကြည့်စမ်း မေမေ မေ့နေတာ

ဟုတ်တယ် ဟုတ်တယ် ဒီနေ့ပို့ရမှာ''


"ထင်သားပဲ မေမေမေ့နေတယ်ဆိုတာကို''

"ဘယ်လိုပြောလိုက်လဲ''


"အခု လာပို့ဖို့ပြင်နေတယ်လို့ ပြောလိုက်တာပေါ့''

"အေးအေး ေမမေ့သမီးလေးက တော်လိုက်တာ

အဲ့ဒါတွေ အားကိုးနေရတာပေါ့''


"ခုမှ ခုမှ ဟွန့် မပြောလိုက်ချင်ဘူး

ခုနကတော့ မဖဲဝါဆို''


"ချစ်လို့စတာပါကွယ် 

မေမေက ဒီသမီးလေးကို ချစ်လို့စတာ

သမီးတို့ ထိုင်ကြဦး 

မေမေ ပန်းအိုးတွေပို့ဖို့ပြင်လိုက်ဦးမယ်''


"ဟုတ်ကဲ့ အန်တီနွယ်''


အန်တီနွယ် ထွက်သွားမှ 

ဂူးဂူးက သူမအနားကို လာထိုင်ကာ 

လွယ်အိတ်ထဲမှ ငါးထောင်တန်တစ်အုပ်ကို 

မသိမသာ ထုတ်ပြပြီး


"ဒီနေ့အဖို့ လိုချင်တာရသွားပြီ ဟီး ဟီး''

"ဟဲ့ ဂူးဂူး နင် နင် ပိုက်ဆံခိုးလာတာလား''


"ခိုးတာမဟုတ်ပါဘူး မသိအောင်ယူလာတာ''

"အဲ့ဒါလဲ ခိုးတာပဲပေါ့''


"ရှူး တိုးတိုး တိုးတိုးပြောပါ မိခက်ရဲ့

မေမေကြားသွားလို့ ငါ အထောင်းခံနေရမယ်''

"အန်တီသိသွားရင် နင်ဘယ်လိုလုပ်မလဲ''


"မသိပါဘူးဟာ

ဒါ ဆိုင်ကငွေမဟုတ်ဘူး

မေမေ့အိတ်ထဲက မေမေ့အသုံးစရိတ်လေ

အဲ့ဒါကို မေမေမသိဘူး''


"နင် ဒီလိုလုပ်ချင်လို့ 

ငါ့ကို ခေါ်လာတာမဟုတ်လား''


သူမ အလိုမကျသည့်မျက်လုံးများဖြင့် 

ကြည့်ကာမေးလိုက်တော့ ဂူးဂူးက မျက်နှာချိုသွေးကာ


"မေမေက နင့်ကိုတကယ်တွေ့ချင်နေလို့ပါဟာ''

"တော်ပြီ ငါ နောက်ကို နင်နဲ့ဆိုင်ကို မလိုက်တော့ဘူး

 အခုလဲ ပြန်မယ်''


"နေ နေပါဦးဟဲ့

ခက် နင်ကလဲဟာ နင်ချက်ချင်းပြန်သွားရင် 

မေမေကငါ့ကိုမေးမှာပေါ့ဟ''

"မေးမေးလေ''


"ဟာ အဲ့လိုမလုပ်...


"ဂူးဂူး''

"ရှင်''


ဂူးဂူး အနားလာရပ်သည့် 

မေမေ့ကို တစ်လှည့် ခက်ကို တစ်လှည့်ကြည့်ရင်းမှ


"မေမေ ဘာလို့လဲ''

"ဘာလို့ရမှာလဲ ငါ့အိတ်ထဲက ပိုက်ဆံတွေ 

ယူသွားတယ်မလား''


"ဟင် မယူပါဘူး၊ ဘာလို့ယူရမှာလဲ''

"မလိမ်နဲ့ ယူရင် ယူတယ်ပြော''


"မေမေကလဲ''


လိမ်မရမှန်းသိရက်နဲ့ လိမ်နေတဲ့ ဂူးဂူးကိုကြည့်ပြီး 

ခက် ခေါင်းလေးရမ်းလိုက်မိသည်။


"ဂူးဂူး ယူတယ်မလား ပြန်ပေး

ဟိုတစ်နေ့ကပဲ မေမေ မုန့်ဖိုးပေးထားသေးတာကို 

ဘာတွေ ဒီလောက်သုံးပစ်လိုက်တာလဲ ဟမ်''

"မေမေကလဲ ငြိုငြင်တာလား''


"ငြိုငြင်တာမဟုတ်ဘူး သမီးအရမ်းလွန်နေလို့

ပေး ခုပြန်ပေး''


အရမ်းပြတ်သားလွန်းနေသည့် မေမေကြောင့် 

ဂူးဂူး နှုတ်ခမ်းလေးစူကာ အိတ်ထဲမှ ပိုက်ဆံတွေကို 

ဆောင့်ဆောင့်အောင့်အောင့် ထုတ်ပေးလိုက်၏။


"ရော့ ရော့ ဒါလေးကိုတွန့်တိုနေတယ်

ဟွန့် ညကျမှ ဖေဖေနဲ့တိုင်ပြောမယ်''

"တိုင်ချင်တဲ့သူနဲ့တိုင် ဂူးဂူး''


"တိုင်မှာပါ လာ ခက် ငါတို့ပြန်ရအောင်''

"ဟင် ချက်ချင်းကြီးလား''


သူမလက်ကို ဆတ်ခနဲဆွဲကာ 

ဆိုင်ထဲမှပြန်ရန်ပြင်နေသည့် ဂူးဂူးကို 

သူမ မျက်လုံးပြူးလေးနဲ့ ပြန်မေးလိုက်တော့ 

ဂူးဂူးက အန်တီနွယ့်ကို ဂျိုကြည့်လေးကြည့်ကာ


"ချက်ချင်းကြီးပေါ့ 

ဒီမှာ ကြာကြာနေရင် ရန်ဖြစ်ရုံပဲရှိတော့တယ်''


"ဟင် အေး အေးပါ နင့်သဘောပဲလေ 

ပြန်ကြတာပေါ့၊ အန်တီနွယ် ခက်တို့ပြန်ဦးမယ်နော်''


ခက် အန်တီနွယ့်ကိုပြုံးပြနှုတ်ဆက်လိုက်တော့ 

အန်တီနွယ်က သူမရဲ့လက်ကို လှမ်းဆွဲထားလိုက်ပြီး


"နေပါဦးသမီးရယ် ဒီမှာ ပန်းအိုးတွေပို့ဖို့ကို 

ဆိုင်က ဝန်ထမ်းတွေက အပြင်ရောက်နေလို့ 

ဂူးဂူးကိုသွားပို့ခိုင်းရမှာ

အဲ့ဒါ သမီးရော အဖော်လိုက်သွားလိုက်နော်''


"ဟုတ် လိုက်တာက လိုက်သွားလို့ရပါတယ်

ဒါပေမယ့် ဂူးဂူးက...


ခက် ဂူးဂူးကို မရဲတရဲလေးကြည့်လိုက်တော့ 

ဂူးဂူးက တစ်ဖက်ကို မျက်နှာလွှဲသွား၏။


"ဂူးဂူးကဘာဖြစ်လို့်လဲ သမီး''

"ဂူးဂူးက သွားပို့မှာမို့လို့လား''


"မပို့ဘူး ငါ့ကိုမုန့်ဖိုးလေးတောင် မသဒ္ဓါတာကို 

ငါက ဘာလို့သွားပို့ပေးရမှာလဲ"


"နေပါဦး ဂူးဂူးရယ် နင်ကလဲ

ဒီလိုလုပ် နင်မပို့ချင်လဲ နေပါ

အန်တီနွယ် ခက် ပို့ပေးမယ်လေ ရတယ်မလား''


"လာ ခက် နင်လဲ ပို့မပေးနဲ့

အန်တီထားနေမကောင်းဘူး မဟုတ်လား လာ ပြန်မယ်''

"ဂူးဂူးကလဲ....


အန်တီနွယ့်ကို အားနာလို့ ကြားဝင်ညှိပေးနေကာမှ 

ပိုဆိုးနေသော ဂူးဂူးကြောင့် သူမ စိတ်ရှုပ်ရပြန်သည်။


ဂူးဂူးဆိုးသမျှကို ဘာမှဝင်မပြောပဲ ရပ်ကြည့်နေသည့် အန်တီနွယ်ကတော့ မျက်စောင်းတထိုးထိုး။


"လာ ပြန်မယ် ခက်''

"ဂူးဂူး ညည်းဘယ်လိုဖြစ်နေတာလဲ

ဒီမအေက ခိုင်းချင်လို့ ခိုင်းနေတာမဟုတ်ဘူးဆိုတာ 

သိရဲ့သားနဲ့.သွား ဒီပန်းအိုးတွေ သွားပို့လိုက်''


"မပို့ဘူး''

"မိဂူး.!.!


"လာပါ ဂူးဂူးရယ်ခက်လဲ လိုက်ခဲ့မှာပဲဟာ လာနော်

 အန်တီနွယ် ဒီပန်းအိုးနှစ်ခုပဲမဟုတ်လား 

ပေးပေး အန်တီ''


ခက် ဘေးက တစ်ထွာသာသာရှိသည့် 

ပန်းအိုးလေးနှစ်လုံးကို တစ်ဖက်တစ်လုံး 

မ,ယူပြီးပြောလိုက်တော့ ဂူးဂူးက မနေနိုင်စွာ 

သူမလက်ထဲမှ ပန်းအိုးတစ်လုံးကို ဆွဲယူလိုက်ပြီး


"ဘာလို့နှစ်အိုးလုံးသယ်နေတာလဲ

သူ့ကြည့်တော့ ချိနဲ့နဲ့ ဟွန့်''

"ကဲ သွားသွား မြန်မြန်သွားပို့ကြတော့''


"ဟုတ်ကဲ့ အန်တီနွယ်''


ခက်က ပြန်ဖြေလိုက်ပေမယ့် ဂူးဂူးကတော့ 

သူ့အမေကို စူပုတ်ပုတ်နဲ့သာ ကြည့်နေ၏။


"ရောက်ပြီခင်ဗျ''


ကားဆရာက အဆောက်အဦးတစ်ခုရဲ့ရှေ့မှာ 

ကားရပ်လိုက်ရင်း ပြောလိုက်တော့မှ 

ခက်တို့နှစ်ယောက် ပန်းအိုးတစ်ယောက်တစ်လုံးမ,ပြီး ကားပေါ်မှဆင်းလိုက်ကြ၏။


"အကို ဒီမှာ ကားခ''

"ဟုတ်ကဲ့''


"ဂူးဂူး သူငယ်ချင်းလေး နိုင်ရဲ့လား

မနိုင်ရင် ငါ့ကိုပေးလေ

ငါသယ်ပေးမယ်''


ခက် မျက်နှာချိုသွေးပြီး ပြောလိုက်၏။

အမှန်က တစ်ထွာသာသာရှိသည့် 

အလှပန်းအိုးလေးတွေမို့ 

သယ်ရတာမလေးမှန်းသိပါသည်။


သို့ပေမယ့် 

အခု ဂူးဂူးက သူမကို လမ်းတစ်လျှောက်လုံးစကားမပြောပဲ ခပ်တင်းတင်းလုပ်နေတာမို့ စကားရှာပြောနေရခြင်း။


"ဂူးဂူး ငါ့ကိုစိတ်ဆိုး​ေနလားဟင်''

".........''


"ဂူးဂူးလို့ ငါမေးနေတယ်လေဟာ''

"..........''


"နင်ကလဲဟာ အဲ့လိုကြီးမနေပါနဲ့ နော် နော်လို့ 

ပြေးကြည့်မှ ဒီသူငယ်ချင်းလေးနှစ်ယောက်ပဲရှိတာကို 

အဲ့လိုကြီးစိတ်ဆိုးနေတော့ ငါက ဘယ်လိုနေရမှာလဲဟ''


ကုမ္ပဏီလို့ထင်ရသည့် အဆောက်အဦးကြီးထဲကို 

ဝင်လာရင်းမှ ကရားရေလွှတ် တတွတ်တွတ်ပြောနေသည့် ခက်ကို ဂူးဂူး မျက်စောင်းလေးတစ်ချက်ထိုးလိုက်ပြီး


"ဒါတွေက ဘယ်အထိသွားပို့ရမှာလဲ''

"မသိဘူးလေ 

အန်တီနွယ်ပြောတာကတော့ ကောင်တာမှာမေးတဲ့

နင်ဒီမှာ ခဏစောင့်နော် ဂူးဂူး

ငါ သွားမေးကြည့်ဦးမယ်''


"အင်း အင်း''


ပန်းအိုးလေးမ,ပြီး ခပ်လှမ်းလှမ်းက 

ကောင်တာဆီပြေးသွားသော ခက်ကို 

ဂူးဂူးရပ်ကြည့်နေလိုက်၏။


ခဏနေမှ ခက်က သူမဆီကိုပြန်လျှောက်လာပြီး


"6လွှာကိုသွားပို့ရမှာတဲ့ဟ လာဒီဘက်ကသွားရအောင်''

"ဟာ ရှုပ်လိုက်တာ

တော်ပြီ ခက် မပို့နဲ့တော့ ဒီမှာပဲ ထားခဲ့လိုက်ရအောင်''

"အဲ့လိုတော့ ဘယ်ဖြစ်မှာလဲ

တော်ကြာ ပန်းအိုးက မှာတဲ့သူဆီမရောက်ပဲ 

လမ်းမှာတင်ပျောက်သွားရင် ဆိုင်နာမည်ပျက်မှာပေါ့ဟ''


"ပျက်ပျက် ဆိုင်ပါပိတ်ပစ်လိုက်ရရင် ပိုကောင်းတယ် 

အဲ့ဒါမှ နောက်တစ်ခါ ဒီလိုမျိုးလာမပို့ရမှာ''


"ကလေးကျနေတာပဲ ဂူးဂူးရယ်

လာပါဟာ မြန်မြန်သွားပို့ပြီး မြန်မြန်ပြန်ကြရအောင်''


ခက်ရဲ့ဦးဆောင်မှုအတိုင်း လိုက်သွားပြီး 

6လွှာရောက်တော့ ယူနီဖောင်းအပြည့်အစုံနဲ့ 

အစ်မတစ်ယောက်က သူမတို့နှစ်ယောက်ကို မြင်တာနဲ့ ခပ်စူးစူးလေးကြည့်ကာ


"Green houseပန်းဆိုင်က ဆိုတာလား''


"ဟုတ် မမ

ဒီက အနွယ်ဂုဏ်ဆိုတဲ့နာမည်နဲ့ မှာထားတဲ့ပန်းအိုးတွေလာပို့တာပါ''


ခက် အတတ်နိုင်ဆုံး ချိုချိုသာသာပြောလိုက်ပေမယ့် 

ထိုအစ်မမျက်နှာကတော့ ခပ်တင်းတင်းပင်။


"မမက အစည်းအဝေးရှိလို့ ရုံးခန်းမှာမရှိဘူး 

ဒါပေမယ့် တို့်ကိုမှာထားခဲ့ပါတယ်

bonsaiပင်က ဘယ်ဟာလဲ''


"ဒီအပင်ပါ မမ ဒါလေးက snow rose bonsaiလေ

ဂူးဂူးလက်ထဲက peace lily''


ခက် သူမလက်ထဲက ပန်းအိုးလေးကို မြှောက်ပြပြီး 

ပြောလိုက်သလို ဂူးဂူးလက်ထဲက အပင်လေးကိုလဲ

မေးငေါ့ပြီး ပြောပြလိုက်၏။


"ဟုတ်ပြီ ဒါဆို Lilyပင် သယ်လာတဲ့က​​လေးမက

တို့နောက်လိုက်ခဲ့

bonsaiပင်က ဟိုးထောင့်က အခန်းထဲ 

သွားထားပေးနော် ရတယ်မလား''


ခက်တို့ကို လက်ညှိုးထိုးပြီး အထက်စီးဆန်ဆန် ခိုင်းနေပုံက အမြင်ကပ်ချင်စရာအတိ။ 

ဒါကို ဂူးဂူးကလဲ ကျေနပ်ပုံမရ။


"ဒီမှာ ညိီမတို့က 

အိမ်တိုင်ရာရောက်ပို့ပေးရတာဟုတ်ပါတယ်

ဒါပေမယ့် အစ်မတို့စိတ်တိုင်းကျရွှေ့​ေပြာင်းပေးတာတွေအထိ လုပ်ပေးဖို့ လိုလို့လား''


"အို ဂူးဂူးကလဲ''


"နေစမ်းပါ ခက်

ရော့ ဘယ်မှလိုက်ပြီးပို့မပေးနိုင်ဘူး 

ပိုက်ဆံကရှင်းပြီးသား''


အစကတည်းက အန်တီနွယ်နဲ့ပြဿနာဖြစ်လာ၍ 

စိတ်တိုနေသော ဂူးဂူးက သူမလက်ထဲမှ ပန်းအိုးကို 

ဟိုအမျိုးသမီးလက်ထဲ တွန်းထည့်ပြီး ပြောလိုက်တော့ ထိုအမျိုးသမီးက မျက်စိပျက် မျက်နှာပျက်ဖြင့်


"မင်းတို့ဘယ်လိုဝန်ထမ်းတွေလဲ ဟမ်

customerကို ဘယ်လိုဆက်ဆံတာလဲ''


"ဘယ်လို ဆက်ဆံတယ်ထင်လို့လဲ

အမှန်ဆို ကျွန်မတို့တာဝန်က ဒီပန်းအိုးတွေကို

အောက်ထပ်မှာပေးခဲ့လို့ရတယ်

ဒါကို 6လွှာအထိ လာပို့်ပါဆိုလို့ လာပို့ပေးတယ်

ရှင်တို့ဘက်က 6လွှာအထိရောက်တော့လဲ 

အခန်းထဲအထိ လိုက်ပို့ခိုင်းနေတာလေ

ရှင်တို့လွန်လား ကျွန်မတို့လွန်လား''


"ဂူးဂူး ဂူးဂူး တော်တော့နော်

ဟိုလေ မမ ခက်ကပဲ သူ့အစားတောင်းပန်ပါတယ်နော်''


ခက် ဂူးဂူးကို သူမနောက်ဆွဲပို့လိုက်ပြီး 

တောင်းပန်စကားဆိုလိုက်ပေမယ့် ဟိုအမျိုးသမီးက ကျေနပ်ပုံမရတဲ့အပြင် ပိုပြီး မျက်နှာကြောတင်းသွားကာ


"မလိုပါဘူး

ဟေ့ ကလေးမ မင်းလုပ်ငန်းအကြောင်းနားမလည်ရင်လဲ 

လုပ်ငန်းခွင်ထဲ မဝင်နဲ့

deliveryအလုပ်ဆိုတာ customerစိတ်တိုင်းကျတဲ့အထိ ဝန်ဆောင်မှုပေးရတယ်ဆိုတာ နားမလည်ဘူးလား''


ထိုအမျိုးသမီးက ခက်အနောက်တွင် ရပ်နေသော 

ဂူးဂူးကို ခပ်စူးစူးကြည့်ပြီး ပြောနေတာမို့ 

ကြားထဲက ခက်က နေရခက်လှသည်။


ဆတ်ဆတ်ကြဲ ဂူးဂူးကလဲ 

ဘယ်တော့မှအောက်ကျမခံသူပီပီ 

သူမနောက်မှ ေရှ့ထွက်ရပ်လိုက်ပြီး


"အရာရာမှာ အတိုင်းအတာဆိုတာရှိတယ်

ရှင်က အခုလိုခိုင်းလို့ရတဲ့အလုပ်မို့လို့ 

ဝန်ဆောင်မှုအရမ်းလိုချင်နေတာပါ

တကယ်လို့ ကျွန်မကသာ ရှင့်အိမ်က အိမ်ဖော်ဖြစ်ကြည့် ရှင့်ယောက်ျားကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ 

ကုတင်ပေါ်အထိ ကိုယ်ဖိ ရင်ဖိ ပြုစုမယ်ဆို 

ရှင်လက်ခံမလား''


"မင်း မင်း အတော်မိုက်ရိုင်းတဲ့ ကလေးမပဲ''

"ရိုင်းတယ် ရှင်ရိုင်းလို့ ကျွန်မပြန်ရိုင်းတာ

မကျေနပ်ရင် ကြိုက်တာလုပ်''


"ဂူးဂူးရယ်တော်ပါတော့ဟာ

သွား အောက်ထပ်ကစောင့်နေနော်

ခက် ခဏနေရင် ဆင်းခဲ့မယ်''


"နင်ဘာဖြစ်နေတာလဲ ခက်၊ ဖယ်စမ်းပါ''


"သွားပါ ဂူးဂူးရယ် အောက်ထပ်ကပဲ စောင့်နေနော်

ဟိုမှာ လူတွေဝိုင်းကြည့်နေကြပြီ ရှက်စရာကြီး''


"ကြည့်ကြည့်ပေါ့ဟာ''


တကယ့်ကို ကလေးဆိုးလေးလို 

ဘုတော တောနေသည့် ဂူးဂူးကို သူမအပြစ်မမြင်ရက်။


နဂိုကတည်းက ဆတ်ဆတ်ထိမခံတဲ့ စိတ်လေးကြောင့် ဆိုးနေတာကလွဲရင် ဂူးဂူးရဲ့အပြစ်မပါ။


ဟိုအမျိုးသမီးရဲ့ 

ခပ်ချေချေ အထက်စီးဆန်ဆန်လုပ်ရပ်ကြောင့် 

ဂူးဂူး ဒီလောက်ဆိုးနေရတာ မဟုတ်လား။


"သွားလိုက်ပါ ဂူးဂူးရယ်

ငါ့သူငယ်ချင်းလေးက လိမ္မာပါတယ်ဟာ နော်

ခဏပဲ ၁၀မိနစ်လောက်နေရင် ငါဆင်းခဲ့မယ်လေ''

"၅မိနစ်ပဲ''


"အေးဟာ ၅မိနစ်နေရင် ဆင်းလာခဲ့မယ် သွား သွား''


ခက် အတင်းပထုတ်ပစ်လိုက်တော့မှ 

ဂူးဂူးက ပေစောင်း ပေစောင်းကြည့်ကာ 

လှည့်ထွက်သွား၏။


ထိုအခါမှ သူမလဲ ခုနက အမျိုးသမီးဘက်ကို 

ပြန်လှည့်ကြည့်လိုက်ပြီး


"ဂူးဂူးက ရိုင်းတတ်တဲ့မိန်းကလေးမဟုတ်ပါဘူး မမ

သူအခု အရမ်းစိတ်တိုနေတာမို့လို့ပါ

သူ့အစား ခက်ကပဲ တောင်းပန်ပါတယ်နော်''


"မလိုပါဘူး မင်းလက်ထဲက ပန်းအိုးကို 

ဟိုးထောင့်ကအခန်းထဲ သွားထားပြီး မင်းလဲပြန်

မင်းတို့ကို မြင်နေရတာ ပိုဒေါသထွက်တယ်

သွား မြန်မြန်သွားထား''


"ဟုတ် ဟုတ်ကဲ့ မမ''


ခက် ထိုအစ်မပြောသော အခန်းဆီကို 

တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်က 

ကြောက်လို့တော့မဟုတ်။


ဘာမှ မဟုတ်တဲ့ ပြဿနာလေးတစ်ခုကြောင့် 

အရှည် အရှည်တွေ မဖြစ်ချင်တာမို့ပါ။


"ကျွီ ချလပ်...


"ဝှီး ဘုတ်..

"ဟင်''


"မကြီး ဒါဘာသဘောလဲ

ကျွန်တော့်ပုံတွေက ဘာလို့ ဖေဖေ့ဆီရောက်နေရတာလဲ ဟမ်၊ ရှင်းပေး ဒီကိစ္စအခုရှင်း...


တံခါးဖွင့်သံကြားလိုက်တာမို့ 

မကြီးပြန်လာပြီ အထင်နဲ့ တံခါးပေါက်ကို 

ကျောပေးထားလျက်ကနေ ဓာတ်ပုံတွေကို 

နောက်ပြန်ပစ်ချလိုက်၏။


ပြီးမှ မကျေနပ်သမျှကို အားရပါးရပြောပြီး 

ရန်တွေ့ရန် တံခါးဘက်အလှည့် 

မြင်လိုက်ရသည့်သူက မကြီးမဟုတ်ပဲ 

တခြားသူဖြစ်နေတာမို့ ပြောမည့်စကားတွေ 

ရပ်တန့်သွား၏။


ဒါ နှင်းစက်တို့အိမ်က အရုပ်မလေးပဲ။


သူ မြင်ဖူးနေကျ ကလေးဆန်ဆန်ပုံစံလေးမဟုတ်ပဲ

အဖြူရောင်ဝမ်းစက်လေးနဲ့လိုက်ဖက်စွာ

ဖြူစင်မှုအပြည့်ရှိသည့် မျက်နှာပိုင်ရှင်လေးကို

သူ အကြာကြီးငေးကြည့်ပြီးမှ အသိဝင်လာကာ...


"မင်း ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေတာလဲ''


"ရှင် ဟိုလေ ခက်က ပန်းအိုးမှာထားလို့ လာပို့တာပါ

လူမရှိဘူးထင်ပြီး အခန်းတံခါးမခေါက်ပဲဝင်လာမိတာကို တောင်းပန်ပါတယ်ရှင့်''


ခေါင်းလေးညွှတ်ပြီး တောင်းပန်လိုက်တော့ 

ခုနက သူမရှေ့ ဘုတ်ခနဲပြုတ်ကျလာသည့် 

ဓာတ်ပုံတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတာမို့ 

သူမမျက်လုံးရှေ့တည့်တည့်။.


သူ့ကို တောင်းပန်စကားဆိုပြီး ေခါင်းညွှတ်သွားသည့် ကောင်မလေးက ကြမ်းပြင်ပေါ်က သူ့ဓာတ်ပုံတွေကို 

စူးစိုက်ကြည့်နေသည်ကို သူသတိထားမိသွားတာမို့ ဓာတ်ပုံတွေကို အပြေးအလွှားကောက်ယူလိုက်ပြီး


"ပန်းအိုးက ဘယ်သူမှာတာလဲ''

"ဒေါ်အနွယ်ဂုဏ်ပါရှင့် 

အပြင်က မမတစ်ယောက်က 

ဒေါ်အနွယ်ဂုဏ် အစည်းအဝေးလုပ်နေလို့ 

အခန်းထဲ သွားထားပေးပါဆိုတာနဲ့ 

ခက် ဝင်လာမိတာပါ ခက်တောင်းပန်ပါတယ်ရှင်''


"မင်းကို ဘယ်သူက တောင်းပန်ခိုင်းနေလို့လဲ''

"ဟင် ဟုတ်ကဲ့ ဒါဆို ခက် ဒီပန်းအိုးကို 

ဘယ်မှာထားခဲ့လိုက်ရမလဲ''


"ဒီကိုပေး''


လက်နှစ်ဖက်ဖြန့်ပြီးတောင်းနေတာမို့

ခက် ကြာကြာစဥ်းစားမနေတော့ပဲ

ထိုလူ့လက်ထဲကို ခက် ပန်းအိုးလေး 

သွားထည့်ပေးလိုက်တော့ 

ထိုလူက သူမရဲ့လက်ပေါ်မှ ထပ်ကိုင်လိုက်ပြီး


"ဆောရီး ကိုယ်တစ်ယောက်တည်း ဒီပန်းအိုးကို 

နိုင်မှာမဟုတ်ဘူး

မင်းရော ကူသယ်ပေးလေ ရတယ်မလား''


"ရှင်.!.! ဟိုလေ ရှင်မနိုင်ရင် ဖယ်ပါ

ခက်ပဲ သယ်ပေးမယ် ဘယ်မှာထားမှာလဲပဲပြော''


"ကိုယ်တောင်မနိုင်တာကို 

မင်းက ဘယ်လိုလုပ်ပြီး သယ်နိုင်မှာလဲကွ''


"ရတယ် ခက် သယ်နိုင်တယ် 

ရှင့်လက်တွေ အရင်ဖယ်ပေးပါ''


"အဟွန်း လာပါ အတူတူသွားထားရအောင်နော်''


သူမလက်တွေအပေါ်ကနေ ထပ်ကိုင်ပြီး 

စားပွဲဘက်ကို လျှောက်သွားနေတာမို့ 

ခက် သူမလက်တွေကို ရုန်းကြည့်လိုက်တော့


"ဟေ့ မရုန်းနဲ့လေကွာ 

မတော်လို့ ပန်းအိုးကျကွဲသွားရင် 

မင်းကို မကြီးက ခွင့်လွှတ်မှာမဟုတ်ဘူး''


"ဒါဆို ရှင့်လက်တွေလွှတ်လေ''


"မင်းမသယ်နိုင်ဘူးထင်လို့ပါ''

"သယ်နိုင်ပါတယ် ဖယ်''


"မင်းတစ်ယောက်တည်းဆို ပင်ပန်းမှာပေါ့ 

အတူတူပဲ သယ်ရအောင် အဟွန်း''


ဂုဏ် ညစ်ကျယ်ကျယ်နဲ့ သူမလေးရဲ့ 

လက်တွေအပေါ်မှ ထပ်ကိုင်ပြီး စားပွဲနားရောက်သည်အထိ လွှတ်မပေးပဲ အနိုင်ကျင့်ထားလိုက်သည်။


"ဒါဆို ခက်ကို သွားခွင့်ပြုပါဦးရှင့်''

"နေပါဦး တစ်ခုခု သောက်သွားဦးလေ''


"ဟင့်အင်း မသောက်တော့ပါဘူး ခွင့်ပြုပါဦးရှင့်''


ခက် တံခါးဘက်ကို ပြန်လှည့်ပြီး 

ထွက်သွားရန်ပြင်လိုက်တော့ 

ထိုလူက သူမရှေ့မှ ပိတ်ရပ်လိုက်ပြီး


"ကိုယ့်ကို မမှတ်မိဘူးလားဟင်''

"မှတ်မိပါတယ်''


"ဒါဆို ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ'' 

"ရှင်နဲ့ ခက်က သိမှမသိပဲ''


"မသိဘူး ဟုတ်လား မင်း ကိုယ့်ကို မသိဘူးလား''


မသိဘူးလားဆိုတော့ သိမှ မသိပဲလေ။

ဒါကို မကျေနပ်သည့်ပုံစံဖြင့် 

မျက်ခုံးတွေ တွန့်ကျုံ့ပြီး မေးနေသည့် 

ထိုလူ့ကို ခက် ဘယ်လိုပြန်ဖြေရမှန်းမသိတာ အမှန်။


"ဟေ့ နွေသစ်ခက် ကိုယ်မေးနေတယ်လေ''

"ရှင် ခက်နာမည်ကို ဘယ်လိုသိတာလဲ''


"ဘယ်လိုသိသိပေါ့ ပြော မင်းကိုယ့်ကို မသိဘူးလားလို့ 

မသိဘူးလို့ဖြေကြည့် 

မင်းဒီအခန်းထဲက ပြန်မထွက်စေရဘူး''


"ဟင် ​သိ သိတယ် ခက် ရှင့်ကိုသိပါတယ်''


"အဟွန်း သေချာလို့လား''

"အင်း သေချာတယ်''


ကလေးလေးအတိုင်း 

ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြနေသည့် 

ေကာင်မလေးကို သူအသည်းယားစွာ စိုက်ကြည့်လိုက်ပြီး


"အခု ဘာပင်လာပို့တာလဲ''

"bonsaiပင်ပါ''


"အဲ့ဒါ ဘယ်လိုစိုက်ရတာလဲ''

"စိုက်ပြီးသားပါ ဒီအတိုင်း အလှတင်ထားရုံပဲလေ''


"မဟုတ်ဘူးလေ ရေလောင်းပေးရလား ဘာညာပေါ့''

"ရေတော့လောင်းပေးရမယ်ထင်တယ် 

ခက်က သေချာမသိဘူး''


ဟုတ်တယ်လေ။ 

ပို့ပေးပါဆိုလို့ လာပို့ပေးတာကလွဲရင် 

ဒီအပင်အကြောင်း သူမဘာမှမသိတာ အမှန်အကန်။


"မင်းက အပင်တွေအကြောင်းမသိပဲ 

အပင်တွေရောင်းတာလား''


"ခက်ရောင်းတာ မဟုတ်ပါဘူး

ခက်က ဒီအတိုင်းလိုက်ပို့်ပေးတာပါ''


"ဒါဆို deliveryပေါ့''

"ဟင့်အင်း''


ဟိုလိုလဲ မဟုတ်၊ ဒီလိုလဲ မဟုတ်ဆိုသည့် 

ကောင်မလေးကို သူစူးစမ်းသလိုလေးကြည့်လိုက်ပြီး


"ဒါဆို မင်းက ဘာလို့လာပို့တာလဲ''

"ဆိုင်ရှင်ကပို့ခိုင်းလို့ပါ''


"ဆိုင်ရှင်နဲ့မင်းနဲ့က ဘယ်လိုပတ်သတ်...


"ဟယ် ဂုဏ်လေးရောက်နေတာလား?''


ရုတ်တရက်ကြီး မကြီးဝင်လာပြီး မေး​နေတာမို့ 

ဂုဏ် ခေါင်းလေးငြိမ့်ပြလိုက်၏။


အနွယ် ဂုဏ်လေးအနားကိုသွားရပ်လိုက်ပြီး 

ရှေ့တည့်တည့်က ကလေးမလေးကို 

မျက်လုံး​ေဝ့ကြည့်လိုက်ကာ


"ဒါဘယ်သူလေးလဲ ဂုဏ်

ဟင် နှင်းဆီမြိုင်က ကလေးမလေးမလား''

"ဟုတ်ကဲ့ မမ''


"မမက သူ့ကိုသိလို့လား''

"သိတယ် သူလေး အိမ်ကိုတစ်ခါလာဖူးတယ်လေ

ဒါနဲ့ ကလေးက ဘာကိစ္စနဲ့ဒီရောက်နေတာလဲ''


ကလေးဆိုတာ ခက်ကိုကြည့်ပြီးခေါ်နေခြင်း။

ခက် ထိုမမကို ခေါင်းမော့ကြည့်လိုက်ပြီး


"ခက်ကို Green houseပန်းဆိုင်က 

ပန်းအိုးလာပို့ခိုင်းလိုက်လို့ပါ

ခက် ဟိုးက စားပွဲပေါ် တင်ပေးထားခဲ့ပါတယ်

ခက်ကို ခွင့်ပြုပါနော်''


"ဟင် အင်းအင်း''


"ဟိတ် နေဦးလေ..


ဂုဏ် လှမ်းတားလိုက်ပေမယ့် 

ချာတိတ်မလေးက လှစ်ခနဲနေအောင် 

ပြေးထွက်သွားတာမို့ သူ့စကားအရာမရောက်လိုက်။


"မမ သူ့ကိုသိတယ်ဆိုတာ တကယ်လား''

"အင်းလေ တစ်ခါတွေ့ဖူးတယ်

နေပါဦး ဂုဏ်လေးက မမရုံးခန်းကို 

ဘယ်လိုရောက်နေတာလဲ''


"ဘယ်လိုရောက်ရမှာလဲ ဖေဖေပေါ့ 

ကျွန်တော့်ကို ဒီဓာတ်ပုံတွေပြပြီး 

တစ်မနက်လုံးဆူပူနေတာ အဲ့ဒါ မမတို့ရှင်းပေး''


"အမလေးတော် 

ကျုပ်တို့်နဲ့ဘာဆိုင်လို့ ကျုပ်တို့က ရှင်းပေးရမှာလဲ''


"ဘာလို့မဆိုင်ရမှာလဲ မမတို့ဇွတ်ပြန်ခေါ်လို့ 

ကျွန်တော် ဒီကိုပြန်လာရတာ

ကျွန်တော့် သဘောနဲ့ ကျွန်တော်သာဆိုရင် 

ပြန်မလာချင်သေးဘူး

အဲ့တော့ အခုအဆူခံရတာလဲ 

မမတို့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်''


"မင်းရှုပ်ထားလို့ အဆူခံရတာပါကွာ''


အနွယ် မျက်စောင်းလေးထိုးပြီး ပြောလိုက်ရင်းမှ 

အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်၏။


"မင်းကို မမတို့အလိုလိုက်တာက 

တခြားအရာတွေပဲ ဂုဏ်လေး

ဒီလို မိန်းမရှုပ်တာမျိုးတော့ နည်းနည်းမှမကြိုက်ဘူး''


"မမတို့ ကြိုက်ဖို့မလိုပါဘူး

ကျွန်တော်ကြိုက်ရင်ပြီးတာပဲဟာ''


ဂုဏ် မမရှေ့က ထိုင်ခုံတွင် ခပ်လျောလျောဝင်ထိုင်ရင်းပြောလိုက်တော့ မမက သက်ပြင်းလေးချကာ


"မမတို့မှာ ဒီမောင်လေးတစ်ယောက်ပဲ ရှိတာကို

မကောင်းတဲ့မိန်းမတွေနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ''


"ဪ... မမတို့မောင် ဒီကကောင်ကတော့ 

အရမ်းကောင်းနေတာကို 

တော်ပါ မမရာ ကျွန်တော်ကကောင်းရင် မိန်းမကောင်းရလိမ့်မယ်

အေး ကျွန်တော်ဆိုးရင်လဲ မိန်းမဆိုးပဲရမှာ

ဒါတွေကို လိုက်တွေးမနေနဲ့''


"မတွေးလို့တော့မရဘူးတော်ရေ

တွေးလဲတွေးရမယ် ​ေရ​းလဲရေးရမယ်

မမမောင်လေးရဲ့ အိမ်ထောင်ရေးကို 

မမ သဘောကျရေးမယ် နော်''


"လွယ်မယ်ထင်ရင် လုပ်ကြည့်လိုက်ပေါ့

ကျွန်တော်ကတော့ နောက်တစ်ခါ ကနေဒါပြန်သွားဖို့ 

ဝန်မလေးဘူး''


ပုခုံးနှစ်ဖက်ကိုတွန့်ပြပြီး မခန့်လေးစားပြောနေပုံက ဖေဖေသာအနားရှိရင် ဆွဲထိုးခံရမှာသေချာသည်။ 


အရင်ကတည်းက ဖြူတဲ့အသားအရေမို့ 

အခုလို နိုင်ငံခြားမှာ အကြာကြီးနေခဲ့တော့ 

တကယ့်ကို နိုင်ငံခြားသားကြီးအတိုင်း။


၆ပေကျော်သည့် အရပ်နဲ့ လေးထောင့်ဆန်သော 

မျက်နှာကြောင့် အနောက်နိုင်ငံသားတစ်ယောက်နဲ့ အတော်လေးတူနေသည်။ 


ဒီကြားထဲကမှ မျက်ခုံးတန်းနက်နက်လေးနဲ့ 

လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းပေါက်ပုံတို့ကြောင့် 

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဖြစ်နေသေး၏။


အနွယ် မောင်ဖြစ်သူကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးမှ သက်ပြင်းလေးထပ်ချလိုက်ပြီး


"မောင်တစ်ယောက်ကို ဒီလောက်နှမြောရလိမ့်မယ်လို့ တွေးကိုမတွေးဖူးဘူး''


"မမကို ဘယ်သူက နှမြောခိုင်းနေလို့လဲ

မမတို့ နှမြောပါတယ်ဆိုပြီး အိမ်ထဲပိတ်ထားတော့ရော ကျွန်တော်က နေမှာမို့လို့လား

မနေဘူးနော် ကျွန်တော်က မိန်းမယူဦးမှာ''


"ဘာလဲ တွေ့နေပြီလား''

"ကနေဒါမှာနေတဲ့အထိကတော့ ရှာတုန်း

မြန်မာပြည်ပြန်ရောက်တော့ တွေ့ပြီထင်တယ်''


"ဟင် ဘယ်သူလဲ မမကို ပြပါဦး''


"နောက်မှ အဟွန်း သွားပြီဗျာ

မမတို့ ဖေဖေ့ကို ကြည့်ပြောဦးနော်

နောက်တစ်ခါ ဒီနေ့လိုထပ်ဆူရင် 

ကျွန်တော် ဟိုကိုတကယ်ပြန်မှာ''


"အေးပါဟယ် ဒါနဲ့ မင်းမုန့်ဖိုးရောရှိလား''


အနွယ်လှမ်းမေးလိုက်တော့ 

ဂုဏ်က တံခါးရွက်ကို ကိုင်ထားရာကနေ 

သူမဘက်ကို ပြန်လှည့်ကြည့်လာပြီး


"မမလိုချင်ရင်တောင် ပြန်ပေးလို့ရတယ် ပူမနေနဲ့''


ပြောပြီးတာနဲ့ တန်းထွက်သွားသည့် ကောင်လေးကြောင့် အနွယ် ဟက်ခနဲနေအောင်ရယ်လိုက်မိသည်။


ဟုတ်ပါရဲ့။ 

ဂုဏ့်ကိုမှသွားပြီး မုန့်ဖိုးရှိလားမေးရတယ်လို့်။ 

ဂုဏ်က ကနေဒါမှာရှိတဲ့ တိီတီလေးရဲ့ပိုင်ဆိုင်မှုအားလုံးကို တစ်ဦးတည်းအမွေရထားသူမဟုတ်လား။ 


တီတီလေးရဲ့ ပိုင်ဆိုင်မှုက ဖေဖေ့ထက်မသာရင်တောင် ဖေဖေ့ထက်တော့ မလျော့တာအမှန်။ 


ဒီကောင်လေး သုံးချင်သလောက် 

အကန့်အသတ်မရှိသုံးခွင့်ပေးထားတဲ့ တီတီလေးကြောင့် ဂုဏ်အဆိုးကြီးဆိုးနေတာလဲ သေချာသည်။


ဒီလူဆိုးလေးကို ချည်နိုင်မည့် 

နှောင်ကြိုးလေးလိုနေတာလဲသေချာသည်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘😁😁😘


အပိုင်း(၆)မျှော်


စာရေးသူ-Merida(Tulip)


rate now: