book

Index 49

ဇာတ်သိမ်းပိုင်း

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗း


~~~~~~~~~~~~


"ကျွန်တော် အပ်ထားတဲ့ ဒီဇိုင်းက ဒီလိုပုံစံဟုတ်လို့လား''


မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် အင်ဂျင်နီယာ ကိုမိုးမြင့်ကို ဂုဏ် လပ်တော့ပ်ထဲက ပုံတွေကိုဖွင့်ပြရင်းမေးလိုက်၏။


"မဟုတ်ဘူးနော်၊ ကျွန်တော်လိုချင်တာ ဒီလို ခပ်ရှုပ်ရှုပ်ဒီဇိုင်းမျိုးမဟုတ်ဘူး''

"ငါ့ညီလိုချင်တဲ့ပုံစံကို အစ်ကိုသိပါတယ်၊ ဒါပေမယ့် ငါ့ညီလုပ်ချင်တဲ့ လုပ်ငန်းအနေအထားအရဆိုရင် ဒီပုံစံလေးတွေကပဲ ပိုလိုက်မယ်ထင်လို့ အစ်ကို တမင်ကိုရွေးလာပေးတာ''


"No no no မလိုချင်ဘူး၊ ကျွန်တော် လုပ်ချင်တဲ့လုပ်ငန်းနဲ့ လိုက်တယ် မလိုက်ဘူးဆိုတာက ခင်ဗျားဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူးလေဗျာ၊ ခင်ဗျားလုပ်ပေးရမှာက တစ်ခုတည်း၊ ကျွန်တော်အပ်တဲ့ဒီဇိုင်းကို ဆွဲပေးနိုင်လား ဆွဲမပေးနိုင်ဘူးလားဆိုတာ ဖြေပေးရုံပဲ။ တခြား ဘာမှမလိုဘူး Yes or noပဲဖြေရမှာ''


"ဟုတ်ပါတယ် ဒါပေမယ့်...

"ကျွန်တော်ပြောတာကို နားမရှင်းဘူးထင်တယ်၊ ခင်ဗျားတာဝန်က yes or no ဖြေပေးရုံပဲ''


အနည်းငယ်တည်တင်းသွားသည့် မျက်နှာထားဖြင့် ထပ်မံအသိပေးလာတာဖြစ်လို့ ကိုမိုးမြင့် စကားပင်ဆုံးအောင်ပြောခွင့်မရလိုက်။ စီးပွားရေးလောကထဲကို ဝင်လာတာမကြာသေးသည့် မျိုးရိုးဂုဏ်ဆိုသည့် လူငယ်လေးက အချိန်နဲ့မလိုက်အောင် အောင်မြင်လွန်းနေသူတစ်​ယောက်။ ဖွင့်ထားတာ နှစ်နှစ်မပြည့်သေးသည့် မျိုးရိုးဂုဏ်ရဲ့ electronic centerကြီးက အခုဆို မြန်မာတစ်နိုင်ငံလုံးရဲ့ အကြီးဆုံးစင်တာတစ်ခုဖြစ်နေပြီ။ လုပ်သမျှ အောင်မြင်နေသည့် လူငယ်လုပ်ငန်းရှင်ပီပီ မာန်လေးပါရှိနေတာမို့ တစ်ခုခု အလိုမကျတာနဲ့ မျက်နှာချက်ချင်းတည်တင်းသွားတတ်တာမျိုးလဲရှိ၏။ အခုလဲ သူ့ကိုကျော်သလိုဖြစ်သွားသည့် လုပ်ရပ်ကြောင့် မျက်နှာကြီးတည်တင်းသွားတာမို့ ကိုမိုးမြင့် စိတ်ထဲနေရခက်သွားမိ၏။ ဒီလို လုပ်ငန်းရှင်မျိုးနဲ့ မျက်နှာပျက်လို့မဖြစ်ဘူးမဟုတ်လား?


"ငါ့ညီကို အစ်ကိုက စေတနာနဲ့..

"မလိုဘူးဆိုနေဗျာ၊ ခင်ဗျားကို ကျွန်တော်မေးတာ ရှင်းရှင်းလေး၊ လုပ်ပေးနိုင်လား မလုပ်ပေးနိုင်ဘူးလား တစ်ခွန်းပဲဖြေ၊ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင်လဲ ကျွန်တော်တခြားတစ်ယောက်ကိုရှာမှာ''


"လုပ်ပေးနိုင်ပါတယ်၊ အစ်ကိုပြောတာက မင်းအတွက်တွေးပြီးပြောတာပါ၊ မင်းလုပ်ချင်တဲ့ လုပ်ငန်းအနေအထားနဲ့ဆိုရင် မင်းအခုအပ်တဲ့ဒီဇိုင်းက နေရာကျဥ်းနေမယ်ထင်လို့...

"ဒါ ကျွန်တော်ဆုံးဖြတ်ရမယ့်အပိုင်း၊ ခင်ဗျားဆုံးဖြတ်ရမှာက အချိန်ဘယ်လောက်အကြာမှာ ပြီးနိုင်မလဲဆိုတာပဲ''


"အွင်း... ငါ့ညီက ဘယ်အချိန်လောက်ဖွင့်ဖို့တွေးထားတာလဲ''

"ဖြစ်နိုင်ရင် မနက်ဖြန်''


"အဟွင်း... ဟုတ်ပါပြီကွာ အစ်ကိုအတတ်နိုင်ဆုံး မြန်အောင်လုပ်ပေးမယ်''

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့''


လုပ်ငန်းတွေအောင်မြင်လာတာနဲ့အမျှ အလုပ်တွေပိုပိုပြီးရှုပ်လာရတာမို့ စိတ်တွေလဲရှုပ်ရသည်။ စိတ်ရှုပ်ရသည့်အထဲမှာ အခုလို မလိုအပ်ဘဲ စကားအပိုတွေပြောရတာလဲပါသည်။ ကိုယ့်အတွေးနဲ့ကိုယ် ဘာလုပ်မလဲတွေးထားတာကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး ဝေဖန်တာမျိုးကို သူတကယ်မကြိုက်။ ဒါ့ကြောင့်လဲ သူ ကိုမိုးမြင့်ကို အားနာပေမယ့် ပိတ်ဟောက်မိတာပေါ့။


ထိုစဥ် စားပွဲပေါ်တင်ထားသည့် သူ့ဖုန်းလေးက တုန်ခါလာတာမို့ ဂုဏ် မျက်လုံးပင့်ပြီးကြည့်လိုက်တော့ သူ့ရဲ့အဆိုးအပေလေးဆီမှ။ ဒီအချိန်  ဆက်တဲ့ဖုန်းဆိုတော့ အပြန် တစ်ခုခုဝယ်လာဖို့ လှမ်းပူဆာပဲဖြစ်မယ်ဟုတွေးကာ ဂုဏ် လှစ်ခနဲပြုံးလိုက်ရင်း ဖုန်းကိုင်လိုက်တော့...


"ကိုကို့...

"ပြောစေဗျာ ကိုယ့်ကို ဘာပူဆာဦးမလို့လဲ''


ချက်ချင်းဆိုသလို ပြောင်းလဲသွားသည့် အမူအယာကြောင့် ကိုမိုးမြင့် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ ကြည့်ဦးလေ အခု သူ့မိန်းမနဲ့ ဖုန်းပြောနေတဲ့ပုံစံက ခုနက သူ့ကိုပြောဆိုနေတဲ့ ပုံစံနဲ့များတူသေးလို့လား။ လုံးဝကိုမတူတာပါ။ အပြောင်းအလဲမြန်ချက်ကတော့ လိုက်လို့ကိုမမှီနိုင်လောက်အောင်ပါပဲ။


"ဒီနေ့က ဘာနေ့လဲဆိုတာ သိရဲ့လား''

"ဟင်.. ဘာနေ့မို့လို့လဲ၊ ပူတူးမွေးနေ့လဲမဟုတ်သလို သမီးလေးရဲ့မွေးနေ့လဲမဟုတ်ပါဘူး''


"ကိုကိုက အဲ့ရက်နှစ်ရက်ပဲ မှတ်မိတာလား ဟွင့်၊ ကိုကို့ကို ခက်ပြောထားတယ်လေ ဒီနေ့ တီတီလေးပြန်လာပါမယ်ဆို''

"ဟာ... ဟုတ်သားပဲ၊ ဆောရီးကွာ ကိုယ်မေ့သွားတာ၊ အခုကိုယ်ပြန်လာခဲ့မယ်''


"အခုမှပြန်လာလို့ ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ၊ နာရီလဲကြည့်ဦး တီတီလေးကဖြင့် လေဆိပ်တောင်ရောက်နေပြီလားမသိဘူး''

"ဆောရီးကွာ တကယ် ကိုယ်မေ့သွားတာ ကျစ်... ဒါဆို တီတီလေးကို ဖုန်းဆက်ပြီး အိမ်ကိုလာခဲ့တော့လို့ပဲပြောလိုက်တော့မယ်''


တီတီလေးကိုက ဒီလိုပြောလိုက်လဲဖြစ်ပါတယ်။ မဖြစ်တာက သူ့ပူတူး။ သူမလေးပြောထားတာကို မေ့ပစ်တယ်ဆိုပြီး တပွစိစိရန်တွေ့နေလေတော့သည်။ 


"ကိုယ် မှားသွားပါတယ် အသည်းလေးရာ၊ ဆောရီးနော်''

"တော်ပြီ ဘာမှလာမပြောနဲ့တော့၊ ခက့်ရဲ့စကားဆို နည်းနည်းလေးမှ မှတ်မထားဘူး တကယ် စိတ်ကုန်တယ်''


"စိတ်တော့ မကုန်ပါနဲ့ကွာ၊ နောက် အဲ့လိုမဖြစ်စေရဘူး နော် နော်ပူတူး''

"မသိဘူး၊ ကိုကို သွားမကြိုနိုင်ရင်လဲ နေတော့၊ ခက်ဟာခက်ပဲ သွားကြိုတော့မယ်''


"ကြိုမနေပါနဲ့တော့၊ တီတီလေးက ကလေးမှမဟုတ်တာ သူ့ဟာသူ လာတတ်မှာပါ၊ ပြီးတော့ သွားကြိုရအောင်က အိမ်မှာကားမောင်းပေးမယ့်သူလဲမရှိဘူး မဟုတ်လား''

"ခက် ရှိသားပဲ၊ ခက် ကိုကို့ရဲ့ကားကိုယူသွားလိုက်တော့မယ်''


"ဟာ.... ဟိတ်... မလုပ်ရဘူးနော်၊ ပူတူး ကားမောင်းတတ်တာ ကြာသေးတာလဲမဟုတ်ဘူး၊ မမောင်းရဘူးနော်''

"ခက် မောင်းတတ်ပါတယ်၊ ဘာမှစိတ်ပူမနေနဲ့၊ ခက် သေချာလေး အာရုံစိုက်ပြီးမောင်းမှာပါ၊ ဒါပဲနော် ကိုကို တော်ကြာ ေလဆိပ်မှာ တီတီလေး အကြာကြီးစောင့်နေရမှာစိုးလို့''


"ပူတူး ပူတူး.... ကိုယ်ပြောတာ နားထောင်ဦးကွ၊ ဟေ့...


တစ်ဖက်က ကိုကို့ရဲ့စိုးရိမ်တကြီးအသံတွေကို ခက် လျစ်လျူရှုကာ ဖုန်းချပစ်လိုက်တော့ တီတီလေးက ခက်ကိုကြည့်ရင်းရယ်၏။ တကယ်ဆို တီတီလေးရောက်လာတာ နေ့လည်ကတည်းကပါ။ တီတီလေးရောက်နေမှန်းမသိတဲ့အပြင် ဒီနေ့ပြန်လာမယ်ဆိုတာကိုတောင်မေ့နေသည့် ကိုကို့အား တမင်ပညာပြချင်တာမို့ ခက် ဒီလိုစနောက်လိုက်တာပါ။ အခုကြည့် ခက့်ရဲ့ကားမောင်းမယ်ဆိုတဲ့စကားကြောင့် မျောက်မီးခဲကိုင်သလို လှုပ်လှုပ်ရွရွဖြစ်သွားရပြီမဟုတ်လား။ ကြည့်နေ နောက်နာရီဝက်အတွင်း ဒုံးကျည်ထက်ပိုမြန်တဲ့အရှိန်မျိုးနဲ့ ကိုကို အိမ်ပြန်ရောက်လာစေရမည်။ 


"တီတီ့တူလေးတော့ တကယ့် ကလေးထိန်းပဲကွာ အဟွင်း...

"ဒါဆို ခက်က လူကြီးထိန်းပဲဖြစ်မယ်၊ တီတီ့ရဲ့တူဆိုးလေးကို လို်က်ထိန်းနေရတဲ့ လူကြီးထိန်းလေ''


"ဟုတ်မယ် ဟုတ်မယ် အဟွင်း... ဟွင်း... 


လိုက်လဲ လိုက်တဲ့အတွဲ။ တစ်ယောက်က ကလေးပီပီ ဆိုးနွဲ့နေသလို တစ်ယောက်ကလဲ လူကြီးပိီသစွာ အလျော့ပေးနေသည့်ပုံစံလေးတွေဖြင့်။ ဒါ့ကြောင့်လဲ ဒီအတွဲကိုကြည့်လိုက်ရင် မရိုးနိုင်တဲ့ ပြဿနာသေးသေးလေးတွေနဲ့ ရယ်မြူးရိပ်သန်း​ေနစေတာ​။ ဘယ်သူတွေ သစ်ခက်လေးကို ဘယ်လောက်ဆိုးတယ်ပြောပြော သူမကတော့ သစ်ခက်လေးကို သဘောကျတယ်။ အဲ့ဒါ ဘာလို့လဲသိလား။ သစ်ခက်လေးကြောင့် မျိုးရိုးဂုဏ်ဆိုတဲ့ ဂျစ်ပစီလေးရဲ့တစ်နေ့တာက စိတ်လှုပ်ရှားမှုများစွာနဲ့ အဓိပ္ပါယ်ရှိနေရတယ်မဟုတ်လား။ ဒီအချိန် မျိုးရိုးဂုဏ်ကိုသွားပြီး အချစ်ကဘာလဲလို့မေးကြည့်ပါ့လား။ သူမကတော့ အဖြေကိုသိပြီးသား။ သေချာတယ် ဒီကောင်လေး အချစ်ဆိုတာ ပူတူးပါဆိုပြီး ဖြေလာမှာကိုလေ။


>>>>>>>>>><<<<<<<<<<


"ကိုကို့ ခက် ဒါကြီးမစားချင်တော့ဘူး''


တီဗွီကြည့်နေသည့် သူ့လက်ထဲကို စားလက်စ ရေခဲမုန့်ဘူးလေးထိုးပေးလာသည့် ပူတူးကို ဂုဏ် ဖျတ်ခနဲမော့ကြည့်ရင်း ရေခဲမုန့်ဘူးလေးကိုလှမ်းယူလိုက်၏။ 


"မစားချင်ရင် ပစ်လိုက်တော့လေ အသည်းရာ၊ ဘာလို့ ကိုကို့ကိုလာပေးနေတာလဲ''

"ပစ်ရမှာ နှမြောလို့''


"နှမြောလို့''

"ဟုတ်တယ် နှမြောလို့၊ အဲ့ဒါ ကိုကို စားလိုက်တော့''


"ဟာ.. ကိုကိုမှ ​ေရခဲမုန့်မကြိုက်တာ''


ဂုဏ် ရေခဲမုန့်ဘူးကို စားပွဲပေါ်လှမ်းတင်ရင်းငြင်းလိုက်တော့ ချက်ချင်းဆိုသလိုမျက်နှာလေးရှုံ့မဲ့သွားသည့် ပူတူးက သူ့ကိုမှုန်ကုပ်ကုပ်လေးကြည့်ကာ..


"ခက်က စေတနာနဲ့ကျွေးတာကို''

"ခုနကပြောတော့ မစားချင်လို့ဆို''


"မစားချင်တာက ကိုကို့ကိုစားစေချင်လို့လေ၊ ကိုကိုများ ရေခဲမုန့်စားချင်နေမလားဆိုတဲ့စိတ်နဲ့ ့ခက်က တမင် မစားဘဲ ကိုကို့ကိုကျွေးတာကို''

"ပေါက်တတ်ကရတွေမပြောနဲ့ ပူတူး၊ မင်းသာတကယ်စားချင်ရင် ကိုယ် ဘူးခွံတောင်မြင်ရမှာမဟုတ်ဘူး''


"ဟင့်... ကိုကို့ကို ခက်က လိမ်နေတယ်ထင်လို့လား''

"လူလည်ကျနေတယ်ဆိုတာ သိတာပါ''


ခက်လည်သလောက် အကွက်ကြိုမြင်နိုင်လွန်းသည့် ကိုကို့ကို ခက် အမြင်ကပ်စွာ မျက်စောင်းလေးချိီလိုက်၏။ ပြီးတာနဲ့ တီဗွီကြည့်နေသည့် ကိုကို့ရဲ့ဘေးကို ဆူဆူအောင့်အောင့်လေး ဝင်ထိုင်လိုက်တော့ ကိုကိုက ခက်ကိုခေါင်းလေးငဲ့ကြည့်ရင်း ဟက်ခနဲရယ်၏။


"ဘာရယ်တာလဲ''

"ပူတူးကိုရယ်တာမဟုတ်ပါဘူး၊ ကိုကိုဘာသာ တီဗွီကြည့်ပြီးရယ်တာကို''


"လျှောက်ပြောမနေနဲ့၊ ကိုကိုကြည့်နေတာဖြင့် စစ်ကားကြီးကို''

"စစ်ကားမှာလဲ ရယ်စရာပါတာပဲလေ''


"တော်ပြီ ခက် ကိုကိုနဲ့စကားမပြောချင်တော့ဘူး''


ထိုသို့ပြောပြီး တစ်ဖက်ကို ကိုယ်လေးစောင်းလှည့်သွားသည့် ပူတူးကြောင့် ဂုဏ် ကြည့်လက်စ တီဗွီကိုပိတ်ပစ်လိုက်ရ၏။ ပြီးတာနဲ့ စူပုတ်နေသည့် သူ့အဆိုးလေးရဲ့ရှေ့တွင် ခြေဖျားထောက်ထိုင်လိုက်ပြီး သူမရဲ့ လက်နှစ်ဖက်ကို သူ့လက်တွေနဲ့ထပ်ကိုင်ကာ...


"စိတ်ကောက်တာလား''

"ဟုတ်တယ် စိတ်ကောက်တာ''


"ဘာကောက်စရာရှိလို့လဲ၊ ဘာလဲ ကိုကိုက ပူတူးလာပေးတဲ့ရေခဲမုန့်မစားလို့လား''

"ဟုတ်တယ်''


"အဲ့ဒါက ကိုကိုမှ ရေခဲမုန့်မကြိုက်တာ ပူတူးရယ်''

"ခက်က စားစေချင်လို့ကျွေးတာလေ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုကိုစားရမှာပေါ့''


နှုတ်ခမ်းလေးစူကာ မျက်စောင်းပါထိုးနေသေးသည့် ပူတူးက စိတ်ကောက်နေမှန်းသိသာစေရန် ခြေထောက်လေးနှစ်ဖက်ပါဆောင့်လိုက်တာမို့ ဂုဏ့်အကြည့်တွေက သူမရဲ့ခြေထောက်မို့မို့လေးတွေဆီရောက်သွားကာ...


"ဖိနပ်လဲစီးမထားဘူးကွာ၊ ကြမ်းခင်းတွေက ဒီလောက်အေးနေတာကို''

"မအေးပါဘူး''


"အေးပါတယ် မလိမ်နဲ့၊ သွား ဖိနပ်သွားစီးလာခဲ့''

"မစီးချင်ပါဘူးဆိုမှ ဖိနပ်တွေကလဲ ကြိုးသိုင်းဖိနပ်တွေချည်းပဲ ခက် မကြိုက်ဘူး''


ဆင်ခြေတွေပေးရင်း ပြောနေသည့် ပူတူးကို သူ အလိုမကျစွာ သက်ပြင်းလေးရှိုက်လိုက်၏။ သူ ဘယ်လောက်ပြေ​ာပြော မနာခံတတ်သည့် ပူတူးအကြောင်းကို သိပြီးသားမို့ သူမလေး ဖိနပ်စီးဖို့အရေး သူကိုယ်တိုင်ပဲ လှုပ်ရှားရတော့သည်။


ခက်ရဲ့ရှေ့မှာထိုင်နေရင်းကနေ ဖျတ်ခနဲဆိုသလို ထသွားသည့်ကိုကို့ကိုကြည့်ပြီး ခက် နှာခေါင်းလေးရှုံ့လိုက်၏။ ဒါ ခက့်အတွက် ဖိနပ်သွားယူတယ်ဆိုတာ သိပြီးသား။ 


ခဏနေတော့ ခက်ရှေ့ကို အသားရောင်ကြိုးသိုင်းဖိနပ်လေးကိုင်ပြီး ပြန်ရောက်လာသည့်ကိုကိုက သူကိုယ်တိုင်ပဲခက်ကို ဖိနပ်စီးပေးပြန်သည်။


"ပူတူးက ဒီလိုဖိနပ်တွေမကြိုက်ဘူးဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ မင်းက ဖိနပ်ကို ကြုံရင်ကြုံသလို ချွတ်တတ်လွန်းလို့ တမင်ကို ချွတ်ရခက်တဲ့ဖိနပ်တွေဝယ်ပေးတာ''

"နောက်နေ့ကျရင် ခက် အဲ့ဒီ့ဖိနပ်တွေကို လွှင့်ပစ်မှာ''


"ကိုယ်က ထပ်ဝယ်ပေးဦးမှာပဲ၊ ဒီလိုဖိနပ်တွေစီးရတာမကြိုက်ရင် ဖိနပ်ကို ကြုံသလိုမချွတ်ခဲ့နဲ့ပေါ့၊ ကလေးလဲမဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်ပြောရခက်နေတာလဲ၊ တကယ်ပါကွာ သမီးတောင် မင်းလောက်ပြောရမခက်ဘူး''


တကယ်လဲဟုတ်သည်။ သုံးနှစ်အရွယ် သမီးလေးကတောင် သူမလောက်ပြောဆိုဆုံးမရခြင်းမရှိပါ။ သူက ဒါဆိုရင် ဒါပဲ။ ပူတူးကဖြင့် ဒီလိုမဟုတ်။ သူ ဘယ်လောက်ပြောပြော နောက်ဆုံးကျ သူမ လုပ်ချင်တာပဲ လုပ်တတ်၏။ ဒါ့ကြောင့်လဲ သူ့မှာ ပူတူးကို အဖေလိုတစ်မျိုး ချစ်သူလိုတစ်မျိုး ချော့ရ ခြောက်ရလုပ်နေရသည်လေ။


"မချွတ်နဲ့တော့နော်၊ အောက်က ကြမ်းခင်းတွေက အေးကအေးနဲ့၊ ပြီးတော့ ပူတူးက အအေးခံနိုင်တာလဲမဟုတ်ဘူး''

"မချွတ်ရင် ဘာပေးမှာလဲ''


"ကိုယ့်ကလေးက ဘာလိုချင်လို့လဲ''

"ကိုကို့ဖုန်း''


"ဘာလုပ်ဖို့လဲ''

"ကြည့်စရာရှိလို့''


"ဘာကြည့်စရာရှိတာလဲ''

"ဟင့်အင်း.. ေပးမှာလား မပေးဘူးလားပဲပြောပါ၊ ဘာလဲ ကိုကို့ဖုန်းထဲမှာ ခက် ကြည့်လို့မရတာတွေ ရှိနေလို့လား''


"ပေါက်ပေါက်ရှာရှာကွာ၊ ကိုယ့်ဖုန်းကို မင်းကိုင်ချင်တဲ့အချိန် ကိုင်လို့ရအောင်လို့ ကိုယ်ဖြင့် passwordတောင်ထည့်မထားတာကို''

"အဲ့ဒါကိုက မဟုတ်တာလေ၊ တကယ်ဆို ခက့်ရဲ့မွေးနေ့လေးပဲဖြစ်ဖြစ် ကိုကို passwordထည့်ထားရမှာကို''


"ပူတူးကတော့ ရစ်စရာမဟုတ်တာကို ရစ်ပြီကွာ''

"မရစ်စေချင်ရင် ကိုကို့ဖုန်း ခက်ကိုပေးလေ''


သာမန်ထက်ပိုပြီးတင်းနေသည့် မျက်နှာထားလေးဖြင့် သူ့ကို အပြစ်ရှာပြီး ဖုန်းတောင်းနေသည့် ပူတူးကို သူ အကဲခတ်သလိုစိုက်ကြည့်လိုက်ပြီးမှ ဘောင်းဘီအိတ်ထဲက ဖုန်းကိုယူကာ သူမလက်ထဲထည့်ပေးလိုက်သည်။ 


သူ့ဖုန်းကိုရသွားတာနဲ့ တစ်ပြိုင်နက် ပြူးပြူးပြဲပြဲဖြင့် ဟိုရှာ ဒီရှာလုပ်နေသည့် ပူတူးကြောင့် သူ တစ်ခုခုကို သဘောပေါက်သွားကာ သက်ပြင်းရှည်ကြီးချလိုက်ပြီး....


"တွေ့လား''

"ဟင့်အင်း မတွေ့ဘူး''


"သေချာရှာပါဦး ရှိမှာပါ၊ ကိုယ် တခြားမိန်းမတစ်ယောက်နဲ့ရှိနေတယ်ဆိုပြီး မင်း သတင်းအတိအကျရထားတာမဟုတ်လား''

"ဟုတ်တယ် ကိုကိုက မိန်းမတစ်ယောက်ရဲ့လက်ကိုကိုင်ပြီး ရယ်နေတယ်ဆိုပြီး ခက်ကို သမီးလေးကိုယ်တိုင်ပြောထားတာ၊ သေချာတယ် ကိုကို်ဖုန်းထဲမှာ အဲ့ဒီ့မိန်းမပုံ ရှိကိုရှိမှာ''


"အဲ့တော့ တရားခံက သမီးပေါ့ ဟုတ်လား''

"အင်းလေ''


ဖုန်းကိုသာ အာရုံရောက်နေသည့် ပူတူးက သူမေးသမျှကို လျှောလျှောလျူလျူပဲဖြေပေးနေတာမို့ ပြဿနာရဲ့အစက သမီးဆိုတာကို သိလိုက်ပြီးသည့်သကာလ....


"ပြော သမီးက မင်းကို ဘာတွေတိုင်ထားတာလဲ''

"ဟင်...


"ဟင်မနေနဲ့၊ ကိုယ့်အကြောင်း သမီးလေးက ဘာတွေပြောထားတာလဲ''


ခက်ကို ပုခုံးနှစ်ဖက်မှ ဆွဲလှည့်ကာမေးလာသည့် ကိုကို့ကိုမြင်မှ ခက် စကားမှားသွားတာကို သတိထားမိသွားကာ အောက်နှုတ်ခမ်းလေးကို သွားချွန်ချွန်လေးနဲ့ အသာလေးဖိကိုက်လိုက်ပြီး...


"သမီးက သူမြင်တာကို ပြောတာပါ''

"အင်း... အဲ့ဒီ့ သူမြင်တာကိုပဲသိချင်တာ၊ သမီးက ဘာမြင်တယ်ပြောလို့ မင်းက ကိုယ့်ဖုန်းကိုစစ်တာလဲ''


"သမီးကပြောတယ်''

"အင်း...


"ကိုကိုက ကိုကို့ရုံခန်းကိုလာတဲ့ မိန်းမလှလှတစ်ယောက်ကို လက်ချင်းထပ်ကိုင်ပြီး ရယ်နေတယ်တဲ့''

"အင်း ပြီးတော့ရော''


"ပြီးတော့ သမီးကိုအပြင်ထွက်ခိုင်းပြီး ကိုကိုနဲ့အဲ့ဒီ့မိန်းမနှစ်ယောက်က အခန်းထဲမှာနေခဲ့တယ်ဆို''

"ပြီးတော့ရော''


"အဲ့ဒီ့မိန်းမက ပြန်တော့ ကိုကို့ကိုဖက်နမ်းသွားတယ်တဲ့၊ အဲ့ဒါ ဟုတ်လားဟင်''


သမီးပြန်တိုင်သမျှကို သူ့အား ငိုမဲ့မဲ့မျက်နှာလေးနဲ့မေးနေပုံက တကယ့်ကိုသနားစဖွယ်လေးပင်။ သူ့ဆီကအဖြေကိုမျှော်လင့်နေသည့် ပူတူးရဲ့ပုံစံက သူကသာ 'ဟုတ်ပါတယ် မင်းပြောတာအမှန်တွေပဲ'ဆိုပြီးတော့များဖြေလိုက်ရင် ငိုချလိုက်တော့မည့်ပုံစံအပြည့်ဖြင့်။ ဘာပဲဖြစ်ဖြစ် သူကလဲ ပူတူးကို ရရင် ရသလိုစချင်သေးတာမို့....


"ဟုတ်တယ်လေ''

"ဟုတ်တယ်ဆိုတာက..


"ပူတူးကို သမိီးပြောပြတဲ့အတိုင်းပဲလေ၊ အဲ့ဒီ့အမျိုးသမီးနာမည်က စတေလာတဲ့၊ ကိုယ် ကနေဒါမှာ နေခဲ့တုန်းက တွဲခဲ့တဲ့ girlfriendတစ်ယောက်''

"ဒါဆို အခု ကိုကိုတို့က ပြန်တွဲနေကြတာလား''


ဒါကျတော့ ကိုကိုကမဖြေဘဲ ခက်ကိုသာ စိုက်ကြည့်နေသည်။ ဘာလဲ ဘာအဓိပ္ပါယ်တွေနဲ့ အဲ့လိုကြည့်တာလဲ။ ခက် မေးလိုက်တဲ့မေးခွန်းအတွက် ကိုကို့မှာအဖြေမရှိလို့လား။ မဖြေချင်လို့လား။


"ဖြေလေ ကိုကိုရဲ့၊ ကိုကိုတို့ပြန်တွဲနေကြတာလား''

"ဟုတ်တယ်ဆိုရင် ပူတူးက ဘာလုပ်မှာလဲ''


"ဟင်... 

"ဘာလုပ်မှာလဲလို့''


ဂုဏ်ထပ်မေးလိုက်တာကို မျက်ရည်အဝဲသားနဲ့ ငေးမောကြည့်နေသည့်ပူတူးက ဖျတ်ခနဲဆိုသလို နံရံမှာကပ်ထားသည့် သူရယ် သူမရယ် သမီးရယ် သုံးယောက်တွဲရိုက်ထားသည့် ဓာတ်ပုံကြီးကိုဖြုတ်ယူလိုက်၏။


"ခက် မေမေတို့ဆီပြန်မယ်၊ ကိုကိုပျော်သလို ကျေနပ်သလိုနေပါ ခက် မတားဘူး၊ တစ်ချိန်မဟုတ် တစ်ချိန် ကိုကို့ဘက်က ဒီလိုအရှုပ်တွေရှိလာမယ်ဆိုတာ ခက်တွေးထားပြီးသားပါ၊ ခက် ကိုကို့ကို ကွာရှင်းပေးပါ့မယ်၊ အဲ့ဒီ့အတွက်လဲ ခက်ကို ကိုကိုမှပေးစရာမလိုပါဘူး၊ သမီးလေးနဲ့အတူ ဒီဓာတ်ပုံတစ်ပုံပဲ ခက့်ကိုပေးပါ''

"ပူတူး....


"သမီးကို ခက်ပဲ ကိုကို့မေမေ့အိမ်က ဝင်ခေါ်သွားလိုက်မယ်၊ ခက်ကို ခွင့်ပြုပါဦး''

"ကလေး ဒီလိုမဟုတ်ပါဘူး''


"ဟင့်အင်း... ခက် ခက်ကိုသွားခွင့်ပြုပါဦး အဟင့်...

"ဟာ... ငိုတာလား... ကျစ်... ဆောရီးကွာ ကိုယ်စတာ လွန်သွားတယ်၊ မငိုနဲ့​ေနာ် ကိုကိုက မင်းကိုစနေတာပါ၊ ကိုယ့်မှာ ဒီလောက်တုန်နေအောင်ချစ်ရတဲ့ မိန်းမတစ်ယောက်လုံးရှိနေတာကို ဘာလို့ ရည်းစားဟောင်းနဲ့ပြန်တွဲရမှာလဲ''


"ခက်ကို စိတ်ကုန်သွားလို့ဖြစ်မှာပေါ့ အဟင့်.. ဟင့်..

"စိတ်ကုန်စရာလား၊ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကို စိတ်ကုန်တယ်ဆိုရင် ကိုယ်ကအရူးပဲဖြစ်မယ်''


ငိုချင်နေတာကို ထိန်းထားရ၍ တုန်ခါချင်နေသည့် ပူတူးရဲ့မေးဖျားလေးမှ ပင့်မော့လိုက်ပြီး နှုတ်ခမ်းရဲရဲဖူးဖူးလေးကို သူတစ်ချက်ငုံနမ်းလိုက်တော့ ဖျတ်ခနဲမျက်နှာလွှဲပစ်လိုက်သည့် ပူတူးက မျက်ရည်တွေတောက်ခနဲကျလာအောင် ငိုချလိုက်ပြန်တာမို့ ဂုဏ် ပျာပျာသလဲဖြစ်သွားကာ...


"ကလေး''

"ခက်ကို မလိုချင်တော့ရင် ပွင့်ပွင့်လင်းလင်းပြောလေ အဟင့်.. ဘာလို့... ဘာလို့ အခုလိုဖောက်ပြန်ရတာလဲ''


"မဖောက်ပြန်ပါဘူး ကိုယ် ဖောက်ပြန်နေပါတယ်လို့ ပူတူးကို ဘယ်သူပြောလဲ''

"သမီးပြောတာ''


"သမီးက အခုမှ ကလေးပဲရှိ​ေသးတာလေကွာ၊ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စတွေပြောတတ်မှာလဲ၊ သူမြင်တာကို ပြောပြရုံလေးပဲရှိမှာပါ''

"အင်းလေ သမီးမြင်တာကို ခက်က ကိုကို့ကိုပြန်မေးတော့ ကိုကိုက ငြင်းမှမငြင်းဘဲ၊ အဲ့ဒါ ကိုကိုဖောက်ပြန်နေတာ သေချာလို့ပေါ့ အဟင့်''


"ကိုယ်က ပူတူးကိုစချင်လို့ တမင်ပြောလိုက်တာပါ၊ မင်းတစ်ယောက်လုံးရှိနေတာကို ကိုယ်က ဖောက်ပြန်စရာလား၊ စတေလာက ကိုယ့်ရဲ့ရည်းစားဟောင်းဆိုတာတော့ မှန်တယ်၊ ဒါပေမယ့် အဲ့ဒါ အတိတ်ကဇာတ်လမ်း၊ အခုချိန်မှာ သူနဲ့ကိုယ်က မိတ်ဆွေတွေပဲ၊ တခြား ဘာအကန့်မှမရှိဘူး''

"မိတ်ဆွေဆိုရင် သူက ဘာလို့ ကိုကို့ကိုနမ်းလဲ အဟင့် ဟီး....


ပြောပြီးတာနဲ့ ဓာတ်ပုံလေးကိုပိုက်လျက်ကနေ ထိုင်ပြီးငိုချလိုက်တာမို့ ဂုဏ် စလိုက်မိတာကို နောင်တရသွားမိသည်။ ဒီကလေးလေး ဘယ်လောက်အငိုသန်သလဲဆိုတာ သူ မသိတာလဲမဟုတ်။ သိလျက်သားနဲ့ စလိုက်မိတဲ့ ကိုယ့်ကိုကိုယ်သာ နံရံနဲ့ပြေးဆောင့်ပစ်လိုက်ချင်သည်။ အခုတော့ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် သူ့ကလေး ပင်ပန်းနေရပြီမဟုတ်လား။


"ကလေး.. ပူတူး တိတ်ပါကွာ၊ ကိုယ်က ဒီအတိုင်းစလိုက်တာလေ၊ ဘာလို့ ဒီ​ေလာက်ငိုရတာလဲ၊ စတေလာက ကိုယ့်ကိုနမ်းတယ်ဆိုတာ အနောက်တိုင်းဓလေ့ထုံးစံတွေအရ နမ်းတာပါ၊ ဘာစိတ်မှရှိလို့်မဟုတ်ပါဘူး၊ ပူတူးလဲသိရဲ့သားနဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုပဲနှုတ်ဆက်ကြတာကို''


ဆောင့်ဆောင့်လေးထိုင်ပြီး ဓာတ်ပုံကြီးပေါ်မျက်နှာမှောက်ငိုနေသည့် ပူတူးဟာ သူ ဒီလိုရှင်းပြလိုက်တော့မှ ခေါင်းလေးမော့ကြည့်လာ၏။ ဒါတောင် လက်စမကုန်သေးသည့် မျက်ရည်စတို့က ခိုကပ်လျက်။


"ကိုယ့်မှာ မင်းကိုတောင် ချစ်လို့မဝတာကို ဘာလို့ တခြားတစ်ယောက်ကို ဖောက်ပြန်ရမှာလဲ''

"ပြောလို့ရတာမှမဟုတ်ဘဲ၊ ခက်က အရမ်းဆိုးတော့ ခက်ကို စိတ်ကုန်ပြီး အင့်.. တခြားအသစ်ရှာမယ်ထင်တာကို''


"ပူတူးကို ဒီလိုဆိုးအောင် ဆိုးခွင့် ကိုယ်ပေးထားတာလေ မဟုတ်ဘူးလား၊ အဲ့ဒါကို ဘာကိစ္စနဲ့ စိတ်ကုန်ရမှာလဲ၊ လာ ထ''ဆိုပြီး ဂုဏ် သူမရဲ့လက်မောင်းလေးမှ ဆွဲထူကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူမလက်ထဲက ဓာတ်ပုံကြီးကို အသာလေးဆွဲယူလိုက်ပြီး နံရံမှာပြန်သွားကပ်လိုက်ရင်း....


"ကိုယ့်ကိုကျ သူများဆီပေးနိုင်ပြီးတော့ ဒီဓာတ်ပုံကျမှ ဘာလို့ မက်မောနေတာလဲ''

"ကိုကို ခက်အနားမှာမရှိရင်တောင် ကိုကို့ရဲ့ပုံရိပ်လေးပဲဖြစ်ဖြစ် ခက် သိမ်းထားချင်လို့လေ''


"ကိုယ့်ကို အဲ့လောက်ချစ်တာလား''

"မချစ်ဘူးထင်လို့လား''


"မထင်ပါဘူးဗျာ၊ ကိုယ့်ကလေး ကိုယ့်ကို ချစ်တယ်ဆိုတာ သိပြီးသားပါ၊ ဒါနဲ့နေစမ်းပါဦး ခုနက ပူတူးပြောတဲ့စကားကိုပြန်ရှင်းဦး''


ဂုဏ် သူမရဲ့ဘေးတွင်ဝင်ထိုင်ရင်း မေးလိုက်တော့ ပူတူးက မျက်ခုံးလေးတွေတွန့်ကာ...


"ဘာစကားလဲ''

"တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ဘက်က ဒီလိုအရှုပ်တွေရှိလာမယ်ဆိုတာ တွေးထားပြီးသားပါဆိုတဲ့စကား၊ ဘာအဓိပ္ပါယ်လဲ ကိုယ်က တချိန်ချိန်မှာ မင်းကိုသစ္စာဖောက်မယ်လို့ ယုံကြည်နေတာလား''


"ယုံကြည်တာတော့မဟုတ်ပေမယ့် ခက် ကိုကို့ကို စိတ်မချတာတော့အမှန်ပဲ၊ ကိုကို့လို အရာရာမှာပြီးပြည့်စုံနေတဲ့လူတစ်ယောက်ကို ခက်ရဲ့အပိုင်ပါဆိုပြီး ခက် မယုံရဲဘူး''

"အဲ့ဒါ ကိုယ့်ကို မယုံတာပေါ့ကွ''


"ကိုကိုစိတ်ဆိုးချင်ရင်လဲဆိုးပါ၊ ဟုတ်တယ် ခက် ကိုကို့ကိုမယုံဘူး၊ နောက်ပြီး ကိုကို့ဘေးနားက မိန်းမတွေကိုလဲမယုံဘူး၊ ဘယ်အချိန်များ ခက်ဆီကနေ ကိုကို့ကို လုယူသွားမလဲဆိုပြီး...

"လာ မင်း ကိုယ့်နောက်လိုက်ခဲ့''


ခက့်ရဲ့စကားမဆုံးခင် လက်ကိုဆွဲကာ အခန်းထဲတောက်လျှောက်ဝင်သွားသည့် ကိုကို့ကြောင့် ခက် ရုန်းချိန်ပင်မရလိုက်။ အခန်းထဲရောက်တော့လဲ မှန်တင်ခုံရှေ့တည့်တည့်တွင် ဝင်ရပ်လိုက်သည့် ကိုကို့ကို ခက် နားမလည်နိုင်စွာမော့ကြည့်လိုက်တော့ ကိုကိုက သူမကိုမှန်ဘက်ပြန်လှည့်စေပြီး...


"အဲ့ဒီ့မှန်ထဲမှာပေါ်နေတဲ့ ပူတူးရဲ့ပုံရိပ်ကို သေချာကြည့်၊ ကိုယ် မင်းကို ပစ်ထားချင်စရာကောင်းလောက်တဲ့ အပြစ်မျိုးရှိနေသလားဆိုတာ''

"ကိုကို''


"ကြည့်ပါ မင်းရဲ့ဘယ်နေရာ အစိတ်အပိုင်းက စိတ်ကုန်ဖို့ကောင်းနေလဲဆိုတာ''


ကိုကို ဘာကိုရည်ရွယ်ချင်လဲဆိုတာ ခက် သိသွားတာမို့ မျက်လွှာလေးချလိုက်ပြီး အောက်ကပါကေးကိုသာ အကြည့်ပို့ထားလိုက်တော့...


"မင်းမှာ ဘာလို့ ဒီလိုသောကတွေရှိနေလဲဆိုတာ ကိုယ် တကယ်မတွေးတတ်တော့ဘူး ပူတူး၊ မင်း ယုံကြည်နိုင်လောက်အောင် ကိုယ် ချစ်မပြခဲ့လို့လား ဟုတ်လား အဲ့ဒါကြောင့် ကိုယ်က မင်းကိုပစ်သွားမယ်လို့ တွေးနေတာလား''

"မဟုတ်ပါဘူး''


"မဟုတ်ရင် ဘာလို့ ခုနကစကားမျိုးပြောလဲ၊ ကိုယ့်ကိုမယုံဘူးဆို''

"အဲ့ဒီ့အတွက် ကိုကိုစိတ်ဆိုးသွားလားဟင်၊ အဲ့ဒါဆို ခက် တောင်းပန်ပါတယ်နော်''


"No ကိုယ်လိုချင်တာက တောင်းပန်စကားမဟုတ်ဘူး၊ ဘယ်လိုကိစ္စတွေပဲရှိရှိ ကိုယ့်ကိုယုံကြည်ပေးစေချင်တာ၊ နောက်ပြီး တစ်ခုခုဆို ကိုယ့်ကိုပစ်ထားခဲ့ဖို့ပဲတွေးနေတတ်တဲ့ မင်းရဲ့အကျင့်ကိုပြင်စေချင်တာ''


သူ့ခံစားချက်နဲ့သူ ပြောလိုက်တာဆိုပေမယ့် သူ့စကားကြောင့် ချက်ချင်းမျက်နှာလေးညှိုးကျသွားသည့် ပူတူးရဲ့မျက်နှာလေးကို မှန်ထဲကနေတစ်ဆင့်မြင်လိုက်ရပြန်တော့ စိတ်မကောင်းဖြစ်သွားရပြန်သည်။ ဒီကလေးလေးမှာက ဒီလို စိတ်အားငယ်တတ်တဲ့အကျင့်ဆိုးလေးလဲရှိနေသေးတယ်လေ။ ဒါကို ဘာလို့ သူက ဆူလိုက်မိပြန်တာလဲ။


"ပူတူး''

"ရှင်''


"မှန်ထဲကိုကြည့်လိုက်''


ကြည့်လိုက်ဆိုတော့လဲ မျက်လုံးလေးပင့်ကြည့်လာသည့် သူမကို ဂုဏ် နောက်ကနေသိုင်းဖက်လိုက်ပြီး...


"မှန်ထဲမှာပေါ်နေတဲ့ မင်းနဲ့ကိုယ့်ရဲ့ပုံမှာ ကိုယ်အရမ်း ရင့်ထော်နေသလိုပဲနော်''

"ကိုကို ထင်လို့ပါ''


"တကယ်၊ မင်းကတော့ အလိုလိုက်ခံ အချစ်ခံနေရတော့ နုဖတ်ဥအက်နေလိုက်တာများ ကလေးလေးအတိုင်းပဲ၊ ကိုယ့်မှာသာ ကလေးတို့အဖေရုပ်ကြီး''

"ကိုကိုက ကလေးအဖေပဲဟာကို''


"ဒါဆို မင်းလဲ ကလေးအမေပဲလေ၊ မင်းကျတာ့ ဘာလို့ ကိုယ့်လို ရုပ်မရင့်လဲ''


သူ ဒီလိုလေးမေးလိုက်တော့မှ ပြုံးတုံ့တုံ့လေးဖြစ်သွားသည့် ပူတူး။ သူ့မှာလဲ ပူတူး ပြုံးသွားတာမြင်မှ ရင်ထဲပေါ့ပါးသွားရသည်။ မဟုတ်ရင် ပူတူးများစိတ်မကောင်းဖြစ်သွားသလားဆိုသည့်စိတ်ဖြင့် သူ့မှာနေစရာကိုမရှိ။


"ပူတူး''

"ဟင်''


"သမီးကို ကိုယ် ကုမ္ပဏီကိုခေါ်သွားတာ ပြီးခဲ့တဲ့နှစ်ရက်ကပါ၊ အဲ့ဒါ ဘာလို့အခုမှ ဒီကိစ္စကို လာပြောတာလဲ၊ သမီးက ဒီနေ့မှ အဲ့ဒီ့အကြောင်းပြောပြလို့လား''

"မဟုတ်ပါဘူး၊ သမီးက ကိုကိုနဲ့အတူ ကုမ္ပဏီကပြန်လာပြီးကတည်းက ဒီအကြောင်းပြောပြသားပဲ၊ ခက်က မေ့နေလို့သာ မမေးမိတာ၊ အခုက ရေခဲမုန့်စားရင်းနဲ့မှ ဒီအကြောင်းသတိရသွားလို့...


"အဲ့တော့ ပြောချင်တာက ကိုယ်တခြားမိန်းမတစ်ယောက်နဲ့တွဲနေတာကို မင်းကသိထားလျက်နဲ့ မေ့နေတယ်ပေါ့''

"မေ့တယ်ဆိုတာက ကိုကို့ကိုယုံတာလဲပါပါတယ်''


"တော်​ပါကွာ၊ ကြာရင် ကိုယ့်ကိုတောင်မေ့သွားမလားပဲ''

"ကိုကို့ကိုတော့ မေ့စရာလား ဟွင့်၊ ကိုကို့ကိုမေ့သွားရင် ခက် စားချင်တာတွေ ခက် လိုချင်တာတွေကို ဘယ်သူက ဝယ်ပေးမှာလဲ နော်ကိုကိုရယ်''


"ကြည့်စမ်း ပြောပုံကိုက၊ ဒါဆို အခု မင်းက ကိုယ့်ကိုမမေ့တာ အဲ့ဒါတွေကြောင့်ပေါ့လေ''

"အင်းလေ''


ဆတ်ခနဲခေါင်းငြိမ့်ပြသည့် ပူတူးကြောင့် သူ အသည်းယားစွာ စွေ့ခနဲပွေ့ချီပစ်လိုက်တော့..


"ကိုကိုနော် ခက်က စတာကို၊ ခက်ကို ပြန်ချပေး''

"လူကြီးကို နောက်တစ်ခါ မစရဲတော့အောင် ဆုံးမရမယ်ကွ''


ဂုဏ် သူမကိုပွေ့ပြီး ကုတင်ရှိရာဘက်လျှောက်သွားလိုက်တော့ ပူတူးက သူ့လက်ထဲက​ေန အတင်းရုန်းကန်ပြိီး ဆင်းပြေးဖို့ကြိုးစား၏။ သို့ပေမယ့် လွတ်မြောက်ခြင်းမရှိ။ ဒီကလေးဆိုးလေးကို ဒီလိုမှ မခြိမ်းခြောက်ရင် မရဘူးမဟုတ်လား။ 


ဆိုးပေလွန်းသည့် ကောင်မလေးကို ကုတင်ပေါ်အသာလေးတင်လိုက်ပြီး မျက်နှာလေးအနှံ့အနမ်းမိုးတွေခြွေလိုက်ရင်း ရင်ထဲက သံစဥ်လေးတွေကို အနူးညံ့ဆုံးပုံဖော်တီးခတ်လိုက်သည်က ချစ်လွန်းလို့....


>>>>>>>>>><<<<<<<<<<


"သခင်မကြီး ကနေဒါမှာ ဦးနှောက်အကြိတ်ကင်ဆာနဲ့ ဆုံးသွားပြီ''ဆိုတဲ့ သတင်းကိုကြားကြားချင်း သက်ထား အရင်ဆုံး စိတ်ပူမိတာက သမီးလေးနှင်းစက်။ ဟိုမှာ ဆွေမျိုးသားချင်းဆိုလို့ ဒီသားအမိနှစ်ယောက်တည်းရှိတာကို အခု သခင်မကြီးကဆုံးသွားတယ်ဆိုတော့ အရမ်းများအားငယ်နေမလား။ ဒါမှမဟုတ် ဝမ်းနည်းနေမလား။ သူမကသာ ဒီလိုတွေးပြီး စိတ်မကောင်းဖြစ်နေပေမယ့် အဖေဖြစ်တဲ့ အစ်ကိုလေးကတော့ ခပ်အေးအေးပင်။ ခုလဲကြည့် လေယာဥ်ချိန်နီးနေတာကို ဧည့်ခန်းထဲမှာ အငြိမ်သား စာဖတ်နေတုန်း။ 


"အစ်ကိုလေး''

"ဟင်... ေပြာလေ''


"လေယာဥ်ချိန်နိီးနေပြီမဟုတ်လား၊ ပြင်စရာရှိတာပြင်တော့လေ''

"ဘာပြင်ရမှာလဲ ထားရဲ့၊ ထားပဲ ကိုယ့်အတွက် အကုန်ပြင်ပေးထားတယ်မဟုတ်လား''


"ကျွန်မက အစ်ကိုလေး ဟိုကိုယူသွားမယ့်အဝတ်အစားတွေပဲပြင်ထားတာလေ၊ အခုလောလောဆယ်ဝတ်ဖို့က...

"ရတယ် ကိုယ် ဒီအတိုင်းပဲသွားလိုက်တော့မှာ''


အလုပ်ကပြန်လာတဲ့အတိုင်း အနက်ရောင်ဘောင်းဘီရှည်နဲ့ စိမ်းညို့ညို့ ရှပ်အင်္ကျီလက်ရှည်က ကြည့်လို့တော့အဆင်ပြေသေးတာမို့ သက်ထား ဘာမှဆက်မပြောတော့ပဲ ထားလိုက်၏။


"ဘွားဘွားရေ... ဘွားဘွား''

"အယ်.. ကြိုးလေးလာတာထင်တယ်''


အိမ်ထဲမဝင်ခင်က စွာတက်နေသည့် မြေးမလေးအသံကြောင့် သက်ထား ထိုင်နေရာကနေ အိမ်ရှေ့ကိုလှစ်ခနဲထွက်သွားလိုက်၏။


"ကြိုးလေး... လာပါဦး ဘွားမြေးလေး မွ''

"ဖေဖေတို့သွားပြီလားဟင်''


"မသွားသေးဘူးသမီး၊ ဧည့်ခန်းထဲမှာရှိတယ်၊ သားဂုဏ်ရော လိုက်လာတာလား?''


မြေးမလေးကိုပွေ့ချီပြီး အိမ်ထဲဝင်ဖို့ပြ​င်လိုက်စဥ် ကားထဲမှထွက်လာသည့် ဂုဏ့်ကိုမြင်ကာ ေမးလိုက်တော့ ဂုဏ်က သူမကို တစ်ချက်ပြုံးပြပြီး...


"ပူတူးတို့သားအမိကို စိတ်မချလို့လေ''

"အိုကွယ်.. သမီးက ကလေးမှမဟုတ်ဘဲ''


"ကလေးမဟုတ်လို့ စိတ်မချတာ အန်တီ၊ အန်တီသမီးက စိတ်ကလေးက လက်တစ်ဆစ်ဆိုတော့ စိတ်မြန်လက်မြန်ရှိလွန်းလို့လေ၊ တော်ကြာ သမီးကို ကားပေါ်တင်ပြီး စိတ်ထင်သလိုတွေမောင်းနေမှာစိုးလို့ ကျွန်တော် လိုက်လာတာ''

"ဒါဆို ကိုကို့သမီးမပါရင် လိုက်မလာဘူးပေါ့ ဒီလိုလား''


"ကိုယ်ပြောချင်တာက ဒီလိုမဟုတ်ပါဘူးကွာ''

"တော်ပါ ကိုကိုက တကယ်တော့ ကိုကို့သမီးကိုပဲ စိတ်ပူတာ''


"ကဲ... မင်းတို့နှစ်ယောက် အဆင်ပြေတဲ့အချိန်ရောရှိရဲ့လား တကယ်တည်း မေမေမြင်လိုက်တိုင်း ဒီလိုပုံစံချည်းပဲ''


တကယ်က ကိုယ့်သမီးက ဆိုးနေတာပါ။ ဘယ်တော့နေနေ သားအပေါ်မှာ ဆိုးဖို့ နွဲ့ဖို့ပဲအတွေးရှိနေတဲ့ သမီးဟာ သားဘက်က စကားနည်းနည်းမှားသွားတာနဲ့ ကောက်ဖို့ ချိတ်ဖို့ပြင်ပြီးသား။ 


အခုလဲ ဘာမှမဟုတ်တာလေးနဲ့ နှုတ်ခမ်းလေးစူချင်နေပြီ။ ဘေးက ဂုဏ်ကလဲ ဟိုကတောင် မကောက်ရသေးဘူး သူက ချော့ဖို့ ရယ်ဒီဖြစ်နေသည့်ပုံနဲ့။ ဒါ့ကြောင့်လဲ ဒီကောင်မလေး မိုင်ကုန်အောင်ကို ဆိုးနေတာပေါ့။


"အခုက ဘာလာလုပ်ကြတာလဲ''

"ကိုယ် ခေါ်ထားတာ''


မေးလိုက်တာက သမီးတို့ကိုဆိုပေမယ့် ဖြေသံက အိမ်ထဲမှထွက်လာသည့် အစ်ကိုလေးဆီမှ။ အစ်ကိုလေးနဲ့အတူ ဝသန်တို့လင်မယားလဲ ပါလာတာမို့...


"သွားကြတော့မလို့လား''

"ဟုတ်ကဲ့ အန်တီထား''


"ဝသန်လေးက ဟိုရောက်ရင် မမကို သေချာနှစ်သိမ့်ပေးလိုက်နော်၊ သူ့ခမျာ အရမ်းဝမ်းနည်းနေရှာမှာ''

"ဟုတ်ကဲ့''


"ဂူးဂူးကိုတော့ စိတ်ချ သိလား၊ အန်တီထား သေချာ ဂရုစိုက်ပေးထားမယ်''


သူမ ဒီလိုပြောလိုက်တော့ ဝသန်က သူ့ဘေးမှာရပ်နေသည့် ဗိုက်ဖုံးအင်္ကျီလေးနဲ့ ဂူးဂူးကို တစ်ချက်ငဲ့ကြည့်၏။ ကြည့်ရတာ စိတ်မချဘူးထင်ရဲ့။ အေးပေါ့လေ မွေးခါနီး ဖွားခါနီး ဇနီးလေးဆိုတော့ ဘယ်မှာ စိတ်ချနိုင်ပါ့မလဲ။


"ဘဘတို့ ပြန်လာတဲ့အချိန်အထိ ကြိုးလေးတို့က ဒီအိမ်မှာနေပေးနော်''

"ဟုတ်ကဲ့ ဘဘ''


"ငါ့မြေးက လိမ္မာလိုက်တာကွာ''

"ဖေဖေပြန်လာရင်လေ မမကြီးကို ပါအောင်ပြန်ခေါ်လာခဲ့နော်''


ခက့်ရဲ့တောင်းဆိုမှုကို ဖေဖေဟာ ခေါင်းမငြိမ့်သလို ခေါင်းလဲမခါပါ။ တစ်ခါတစ်ရံ ဖေဖေနဲ့ ကိုကိုဟာ အရမ်းကိုတူလွန်းသည်။ အားလုံးထဲမှာမှ မမကြီးကို မြန်မာနိုင်ငံ ပြန်မလာစေချင်တဲ့အချက်က ဖေဖေနဲ့ကိုကို့ရဲ့ အတူညီဆုံးဆန္ဒ။ ဒါကို မမကြီးကလဲ သိလို့ထင်ပါရဲ့ ခက် ဘယ်လိုပဲဖြောင်းဖျ ဖြောင်းဖျ မမကြီးက မြန်မာနိုင်ငံကို ပြန်လာမယ်လို့ တစ်ခွန်းမှကို မဟပါ။


"မောင်မျိုးရိုးဂုဏ်က တော်ဝင်နန်းကိုပြန်ဦးမှာလား''

"မပြန်ဘူး အန်ကယ်၊ ကျွန်တော်မရှိရင် ပူတူးက နေချင်သလိုနေပြီး လုပ်ချင်တာတွေလုပ်နေမှာ၊ အန်ကယ်သိတဲ့အတိုင်း သမီးထက် ပူတူးက ပိုပြီးဆိုးတယ်ဆိုတော့ ကျွန်တော် သူ့အနားနေပြီး လိုက်ထိန်းနိုင်မှ အဆင်ပြေမှာ''


ဂုဏ့်ရဲ့ပြောစကားကြောင့် ပူတူးကလွဲရင် အားလုံးကပြုံးတုံ့တုံ့ဖြစ်သွား၏။ ပူတူးကတော့ နှုတ်ခမ်းလေးစူပြီး သူ့ကိုမျက်​စောင်းထိုးကြည့်နေလေရဲ့ဗျာ။


"တကယ်လို့ မင်းပူတူးကို ခဏလောက်ထားခဲ့လို့ဖြစ်တယ်ဆိုရင် အန်ကယ်တို့ကို လေဆိပ်လိုက်ပို့ပေးပါ့လား၊ ဒီနေ့မှ အန်ကယ့် ဒရိုင်ဘာကလဲခွင့်ယူထားလို့''

"ရတယ်လေ ကျွန်တော်လိုက်ပို့မယ်''


"ခက်လဲ လိုက်ချင်တယ်''

"ပူတူးလိုက်လို့မရဘူးလေ၊ အပြင်မှာ ဒီလောက်အေးနေတာကို၊ ကိုယ့်အသည်းလေးကလိမ္မာပါတယ်ကွာ၊ ဒီမှာပဲ သမီးလေးနဲ့နေခဲ့နော်''


"ဟွင့်...

"ကိုကိုက အသည်းလေးနေမကောင်းဖြစ်မှာစိုးလို့ပါ နေခဲ့နော်၊ ကိုယ် ချက်ချင်းပြန်လာမှာပဲကို''


"ဟုတ်သားပဲ မိခက်ကလဲ၊ ကိုမျိုးရိုးဂုဏ်က ကိုကိုတို့ကို သွားပို့ပြီးချက်ချင်းပြန်လာမှာကို နင်က ဘာကိစ္စလိုက်ချင်နေရတာလဲ၊ ဒီမှာ ကလေးဖြစ်တဲ့ကြိုးလေးကတောင် လိုက်မယ်မပြောတဲ့ဟာကို နင်က..

"ဂူးဂူး ပူတူးကို အဲ့လိုအပြစ်မပြောပါနဲ့၊ သူလဲ လိုက်ချင်လို့ ပြောတာလေ၊ ကျွန်တော့်ကလေးကို ကျွန်တော့်ဘာသာ ချော့ပြောပါ့မယ်၊ မဆူပါနဲ့''


သူမစကားမဆုံးခင် မျက်နှာတည် မျက်နှာထားနဲ့ဝင်ပြောလာသည့် ကိုမျိုးရိုးဂုဏ်ကြောင့် ဂူးဂူး စိတ်ထဲ မကျေမနပ်ဖြစ်သွားရ၏။ ဒိီက စေတနာနဲ့ သူ စကားအများကြီးမပြောရအောင် ကြားထဲကဝင်ကူပြောပေးနေတာကို လာပြီးစိတ်ဆိုးပြနေတာမို့ ဂူးဂူး မျက်စောင်းလေးခိုးထိုးလိုက်သည်။ ဒါကိုပဲ မြင်ဖြစ်အောင် မြင်သွားသေးသည့် ကိုကိုက သူမရဲ့ပုခုံးလေးကိုဖျစ်ညှစ်လိုက်ပြီး ေထ့ခနဲပြုံး၏။ မျက်နှားထားကတော့ ''သူများလင်မယားကြား ဝင်ပါချင်တာ မှတ်ပြီလား''ဆိုသည့် မျက်နှာထားမျိုး။


"ကဲ လေယာဥ်ချိန်လဲ နီးနေပြီဆိုတော့ သွားလိုက်ကြရအောင်''

"ဟုတ်ကဲ အန်ကယ်၊ ပူတူး ကိုယ်သွားမယ်နော်''


"အင်း''

"စိတ်ကောက်မနေနဲ့ဦး၊ အပြန်ကျရင် ပူတူးကြိုက်တဲ့ ကြေးအိုးဝယ်လာခဲ့မယ်နော်''


"ကြိုးအတွက်ကရော?''

"ဖေဖေ့သမီးလေးအတွက်က ကြက်ကင် ဟုတ်တယ်မလား''


"ဟုတ်''

"အေး ဖေဖေ့အပြန်ကျရင် ဝယ်လာခဲ့မယ်၊ ကြိုးလေးက မေမေ့အနားနေပြီး မေမေ့ကိုဂရုစိုက်ထားပေးနော်''


"Yes Daddy''

"လိမ္မာတယ်ကွာ''


"ကိုမျိုးရိုးဂုဏ် သွားမယ်''

"အေးအေး''


ေလဆိပ်လေး လိုက်ပို့ဖို့အရေးကို နှုတ်ဆက်လို့မပြီးနိုင်သည့် ကိုမျိုးရိုးဂုဏ်ကို ဝသန် ကားပေါ်ကနေ ထပ်ခေါ်လိုက်မှ ကားပေါ်တက်လာတော့သည်။ တော်သေးတာပေါ့ လေဆိပ်ပဲလိုက်ပို့ရလို့။ သူ့လိုများ မပေါ့မပါးကြီးနဲ့ မိန်းမကို ထားခဲ့ပြီးခရီးထွက်ရမယ်ဆိုရင် ကိန္နရီ ကိန္နရာတွေလို ရက်ပေါင်းခုနှစ်ရာလောက်များ လွမ်းပြနေမလားမပြောတတ်တော့ပါ။


>>>>>>>>>><<<<<<<<<<


ရာသီစက်ဝန်းရဲ့ မနားမနေလုပ်ဆောင်မှုကြောင့် အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးသွားချေပြီ။ အခုဆိုရင် ဘုန်းဝသန်နဲ့ ဂူးဂူးရတီတို့ရဲ့ သားဦးလေးဖြစ်တဲ့ အဂ္ဂဝသန်ပင် တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ 


စိတ်ဆတ်တယ် စိတ်ကြီးတယ်ဆိုပြီး နာမည်ကြီးတဲ့ ကိုကိုဟာဆိုရင်ဖြင့် အခုဆိုရင် သမီးလေး နှောင်ကြိုးဂုဏ်နဲ့ အဂ္ဂဝသန်တို့ရဲ့ကျေးဇူးတော်ကြောင့် စိတ်ရှည်သည်းခံတတ်ခဲ့လေပြီ။ 


ခက်တို့မှာက သမီးလေးပဲရှိတာဆိုတော့ ကိုကိုက အဂ္ဂလေးကို သားလေးတစ်ယောက်လိုကို ချစ်နေရသည်။ ဒါ့ကြောင့် ခက် ကိုကို့ကို သားလေးတစ်ယောက်လောက် ထပ်ယူမလားလို့်မေးကြည့်ဖူးသည်။ အဲ့ဒီ့တုန်းက ကိုကိုက ဘာပြန်ဖြေခဲ့တယ်ထင်လဲ။ သူ သားလေးလိုချင်တာမှန်ပေမယ့် ခက့်ရဲ့အသက်နဲ့ရင်းပြီး ဘာကလေးမှထပ်မယူနိုင်ဘူးတဲ့လေ။ အဲ့ဒီ့အချက်တွေကြောင့်ပဲ ကိုကို့ကို တစ်နေ့ထက် တစ်နေ့ပိုပြီးချစ်နေတာပေါ့။


"ဖေဖေရေ''

"ဗျ''


စာကြည့်ခန်းထဲဝင်လာပြီး အလုပ်လုပ်နေသည့် သူ့ပေါ်ကိုအတင်းတက်ထိုင်လာသည့် မီးမီးလေးကို ဂုဏ် တစ်ချက်ငုံ့ကြည့်ရင်း ထူးလိုက်၏။ သို့ပေမယ့် အကြည့်တွေကို လပ်တော့ပ်ဆီ ချက်ချင်းပဲပြန်ပို့လိုက်တော့....


"ဖေဖေလို့ဆို''

"ပြောလေ သမီးရယ်''


"ကြိုး ဗိုက်ဆာတယ် ဖေဖေ''

"ဗိုက်ဆာတယ်''


"ဟုတ်''

"ဟိုအိမ်က ဘာမှမစားခဲ့ဘူးလား သမီးရဲ့''


နှစ်ဖက်အမျိုးရဲ့ အသည်းတုံးလေးဖြစ်နေသည့် နှောင်ကြိုးဂုဏ်လေးက ကျောင်းပိတ်တဲ့ရက်​ေတွများဆိုရင် သူတို့အိမ်မှာနေတယ်ဆိုတာ ရှားလှသည်။ နှင်းဆီမြိုင်မဟုတ်ရင် မကြီးတို့ မလေးတို့ဆီမှာရှိနေတတ်သည်။ ဒီနေ့လဲ ကျောင်းပိတ်တာမို့ မိုးလင်းက မိုးချုပ် ဝသန်တို့နဲ့အတူ နှင်းဆီမြိုင်ကိုလိုက်သွားပြီး ပြန်ရောက်တာပင် မကြာသေး။ ဒါကို ဗိုက်ဆာတယ်ဆိုပြီး သူ့ကိုဂျီကျနေပြန်တာမို့ ဂုဏ် မေးလိုက်တော့....


"စားတော့စားခဲ့တာပေါ့ ဒါပေမယ့် ထပ်ဆာနေတာကို ဘယ်လိုလုပ်ရမှာလဲ''


အမေတူသမီးမို့ နွဲ့ဆိုးလေးဖြစ်နေသည့် သမီးဟာ အခုလဲ သူ့ကိုနှုတ်ခမ်းလေးစူကာပြောနေပြန်သည်။ 


"ဖေဖေ့လို့''

"အင်း သမီးက ဘာစားချင်လို့လဲ''


"ထမင်းသုပ်''

"အောက်ထပ်မှာ ဒေါ်ထွေးတို့ရှိတယ် မဟုတ်လား၊ ဒေါ်ထွေးတို့ကို လုပ်ခိုင်းလိုက်လေ သမီးရယ်''


"ဟင့်အင်း.... ကြိုးက ဖေဖေသုပ်ပေးတာပဲစားချင်တာ''

"ဖေဖေက အခုလောလောဆယ်မအားသေးဘူးလေကွာ၊ သမီးက လိမ္မာပါတယ်''


ဂုဏ် ဒီလိုပြောလိုက်ပြီး သူ့အပေါ်ထိုင်နေသည့်သမီးကိုပွေ့ကာ အောက်ဆင်းခိုင်ဖို့ပြင်လိုက်ပေမယ့် သမီးက သူ့ရဲ့လည်တိုင်ကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်ထားတာကြောင့်...


"သမီး ဖေဖေ အလုပ်မအားသေးဘူး''

"ဟင့်အင်း ဟင့်အင်း... မအားလဲ လုပ်ပေးရမှာပဲ''


"ဂျီမကျစမ်းပါနဲ့ သွား ဒေါ်ထွေးတို့ကိုပဲလုပ်ခိုင်းလိုက်''


အမိန့်သံဖြင့်ပြောကာ ဂုဏ် သမီးကို ဘေးကိုပွေ့ချလိုက်တော့ သမီးက သူ့အားမကျေမချမ်းကြည့်ကာ...


"ဖေဖေက ကြိုးကို မချစ်ဘူးလား''

"ချစ်တာပေါ့''


"ဟွန့်... ချစ်ရင် အလိုလိုက်ရမှာပေါ့''

"ချစ်ရင်အလိုလိုက်ရတယ်လို့ ဘယ်သူကပြောလဲ''


"မေမေပြောနေကျစကားလေ၊ မေမေက ဖေဖေ့ကို ဒီလိုပြောတိုင်း ဖေဖေက အလိုလိုက်တာပဲမဟုတ်ဘူးလား''

"ဒီကောင်မလေး ဒါတွေလဲသိတယ်''


"သိတယ်၊ ဖေဖေက ကြိုးထက်ပိုပြီး မေမေ့ကို ဂရုစိုက်တာလဲသိတယ်၊ တော်ပြီ ဖေဖေနဲ့မပြောတော့ဘူး၊ ကြိုး မေမေ့ကိုပဲ သွားနှိုးပြီးလုပ်ခိုင်းတော့မှာ''


ဒီလိုလေးပြောကာ သူ့ရှေ့ကနေချာခနဲထွက်သွားသည့်သမီးကြောင့် ဂုဏ် မျက်မှောင်လေးကျုံ့သွားရပြီး...


"သမီးမေမေ့ကို သွားနှိုးရင် ဖေဖေ သမီးကိုရိုက်မှာနော်''

"ဒါဆို ဖေဖေလိုက်လုပ်ပေးပါ့လား''


"ဖေဖေမအားဘူးလို့ပြောနေတာလေ၊ သမီးစားချင်ရင် ဒေါ်ထွေးကိုလုပ်ခိုင်းပေါ့၊ သမီးမေမေကို ဖေဖေဘယ်လောက်တောင်ချော့သိပ်ခဲ့ရလဲဆိုတာ မသိဘူးမလား၊ သွားနှိုးရဲနှိုးကြည့်စမ်း ဖေဖေတကယ်ရိုက်မှာ''


သူ့ရဲ့စကားကြောင့် ချက်ချင်းဆိုသလို မျက်နှာလေးရှုံ့မဲ့သွားသည့် သမီးကို သူလျစ်လျူရှုကာ လုပ်လက်စအလုပ်တွေကို ဆက်လုပ်နေလိုက်၏။ ခဏနေတော့ အခန်းထဲကနေထွက်သွားသည့် သမီးရဲ့အရိပ်ကလေးကို တွေ့လိုက်ရသည်။


ပူတူးမှာ နှလုံးရောဂါနှင့်အတူ သမီးရဲ့ကိုယ်ဝန်စရှိခဲ့ကတည်းက သူ မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်ခဲ့သည့်အကျင့်က အခုချိန်ထိ သူ့မှာ စွဲနေဆဲ။ အရင်ကအတိုင်း သွက်လက်ချက်ချာနေသော ပူတူးကို သူ့မှာစိတ်ချနိုင်ခြင်းမရှိဘဲ အိပ်ချိန် စားချိန်နဲ့ အစီအစဥ်တကျပြုစုနေသည်ကို လူတွေအားလုံးက အမြင်ပင်ကပ်နေလောက်ပြီလေ။ ဒီထဲမှာ သမီးလေးက ထိပ်ဆုံးကဖြစ်မယ်ဆိုတာ သေချာသည်။ 


သမီးကိုချစ်ပေမယ့် တစ်ခါတစ်ရံ သမီးရဲ့အလိုကို မလိုက်မိတဲ့အချိန်မျိုးလဲရှိတတ်သည်။ သို့ပေမယ့် ပူတူးကိုကျတော့ ဒီလိုမဟုတ်ဘဲ နှလုံးရောဂါအခံလေးကြောင့် သူ နည်းနည်းလေးမှစိတ်ထိခိုက်မခံပါ။ ပူတူးကချိုဆိုရင် သူပါလိုက်ချိုပေးပြီး ပူတူးက ချဥ်ဆိုရင်လဲ သူပါချဥ်ပြီးသား။ ဒီလိုမျိုး သူ အကဲပိုပြီးချစ်ပြသမျှကို ဘေးကနေ မနာလိုစွာရှိနေသူက တခြားသူမဟုတ်။ သူတို့ရဲ့ သမီးလေး ရိုးရာဂုဏ်ပါပဲ။


သွက်လက်ချက်ချာလွန်းသည့် သမီးလေးဟာ ဟိုဘက် ဒီဘက်အမျိုးတွေရဲ့ အချစ်တော်လေးဖြစ်နေတာကြောင့် အိမ်မှာကပ်သည်ကိုမရှိ။ ဟိုအိမ်က ခေါ်သွားလိုက်၊ ဒီအိမ်က လာခေါ်လိုက်နဲ့ ပါပါသွားတတ်သည့် သမီးလေးကို သူလဲသိပ်ပြီးဂရုစိုက်စရာမလိုပါ။ ဒါ့ကြောင့်လဲ သမီးကို ဂရုစိုက်ဖို့ အကျင့်မရဘဲဖြစ်ကာ မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ဂရုစိုက်ပေးနေရသည့် ပူတူးကသာ သူ့အတွက် ပထမဦးစားပေးဖြစ်နေတတ်၏။ ဒါကို သမီးလဲ ရိပ်မိသည်ထင်ရဲ့။ 


"ကိုကို့''

"ဟင်.. ကိုယ့်အသည်းလေး နိုးလာတာလား''


"ဟုတ်... ကိုကို ခက် ဗိုက်ဆာတယ်''

"ဗိုက်ဆာလို့လား ပူတူးက ဘာစားချင်လို့လဲ ပြောလေ ကိုကို လုပ်ပေးမယ်''


ဘေးနားလာကပ်ထိုင်လိုက်သည့် ပူတူးကြောင့် ဂုဏ် အလုပ်လုပ်လက်စ လက်တော့ပ်ကို ပိတ်ပစ်လိုက်ပြီး ပူတူးရဲ့ခါးလေးမှဆွဲပွေ့ကာ သူ့ပေါင်ပေါ်တင်လိုက်၏။


"ပြော ကိုယ့်အဆိုးလေးက ဘာစားချင်လို့လဲ''

"ထမင်းသုပ်စားချင်တာ''


"ဘယ်ဆိုင်က ထမင်းသုပ်လဲ''

"ဟင့်အင်း ကိုကို လုပ်ပေးတဲ့ထမင်းသုပ်''


"တကယ်စားချင်တာလား''

"အင်းပါဆို''


"ဟုတ်ပါပြီဗျာ ခဏပဲစောင့် ကိုကို အခုပဲသွားလုပ်လိုက်မယ်''

"ခက်လဲ လိုက်ချင်တယ်''


"ဒါဆို လိုက်ခဲ့''


ဗိုက်ဆာတယ်သာပြောတာ။ လူကြည့်တော့ အိပ်ချင်မူးတူးရုပ်လေး။ အိပ်နေရင်းကနေများ ယောင်ရမ်းပြီး ထမင်းသုပ်လာတောင်းနေသလားမသိ။


"ပူတူး အိပ်ချင်ရင် အိပ်နေလေ၊ ကိုကို လုပ်ပြီးမှ ဒီအခန်းထဲယူလာပေးမယ်''

"ဟင့်အင်း ရတယ်''


"ရတယ်ဆိုရင်လဲ မျက်လုံးလေးဖွင့်ပြီး လမ်းလျှောက်လေကွာ၊ ပူတူးကြည့်ရတာ အိပ်နေသလိုကြီး''


"ဖေဖေ့''

"ဟင်...


အခန်းထဲကထွက်လိုက်တယ်ဆိုလျှင်ပင် အခန်းရှေ့မှာရှိနေသည့် သမီးကြောင့် ဂုဏ် ထိတ်ခနဲဖြစ်သွား၏။ 


မိုးပြာရောင် ဂါဝန်ကားကားလေးနဲ့ သမီးလေးက အခန်းဝတွင် ခါးထောက်ရပ်နေ၏။ သူ့မေမေနဲ့အရမ်းတူလှသည့် နှုတ်ခမ်းဖူးဖူးလေးတစ်စုံကလဲ စူထော်နေပြန်သည်။ ဒါ့အပြင် သူ့ကို မျက်မှောင်ကျုံ့ပြီးကြည့်နေပုံက တစ်စုံတစ်ရာကို အခဲမကြေသည့်နှယ်။


"သမီး''

"ဖေဖေ့ကို ကြိုး စိတ်ဆိုးတယ်''


"သမီးလေးကလဲကွယ်''

"ခုနက ကြိုး ဗိုက်ဆာလို့ ထမင်းသုပ်လုပ်ကျွေးခိုင်းတော့ ဖေဖေ မအားဘူးဆို ဟင့်၊ အခု မေမေ့ကျတော့...


ထုံးစံအတိုင်း ပူတူးနဲ့လာယှဥ်ပြီး စိတ်ကောက်ဖို့ရာပြင်နေသည့် သမီးကြောင့် ဂုဏ် ဘာပြောရမှန်းမသိတော့ဘဲ သမီးကို ငေးငေးလေးသာစိုက်ကြည့်နေမိ၏။ သူကလဲ သူပါပဲ။ သမိီးကိုကျတော့ ဂရုမစိုက်ဘဲ ပူတူးကိုမှ ပိုပြီး အရေးပေးသလိုဖြစ်သွားတာကို။


"ဖေဖေက ကြိုးကိုမချစ်ဘူးမဟုတ်လား၊ ဟုတ်ပါတယ် ကြိုးကို ဖေဖေမချစ်ဘူး၊ အဲ့ဒါ​ကြောင့် ကြိုးကိုဆိုဖေဖေနည်းနည်းလေးမှ ဂရုမစိုက်တာပေါ့''

"မဟုတ်ပါဘူး သမီးရယ်၊ ဖေဖေ့မှာ ဒီအသည်းပေါက်လေးတစ်ယောက်တည်းရှိတာကို ဒီအသည်းပေါက်လေးကိုမှ မချစ်ရင် ဘယ်သူ့ကိုသွားချစ်ရမှာလဲ''


ပြောပြောဆိုဆိုနဲ့ စူပုတ်နေသော သမီးလေးကို ဂုဏ်ပွေ့ချီရင်းဆိုလိုက်တော့ သမီးက သူ့ကိုခပ်စူးစူးလေးကြည့်ကာ...


"မေမေနဲ့ ကြိုးဆိုရင် ဖေဖေ ဘယ်သူ့ကိုပိုချစ်လဲ''

"မေးစရာလိုသေးလို့လား သမီးလေးပဲပေါ့''


သမီးကျေနပ်အောင်သာပြောလိုက်ရပေမယ့် တစ်ဖက်က ပူတူးစိတ်ဆိုးသွားမှာကို ကြောက်သေးတာမို့ ပူတူးကို ပြန်လှည့်ကြည့်ရသေး၏။ တော်သေးတယ် ပူတူးက စိတ်ဆိုးသည့်ဟန်မရှိဘဲ သူ့ကိုပြုံးပြီးကြည့်နေလေရဲ့။


"တကယ်လို့ မေမေနဲ့ ကြိုး နှစ်ယောက်အတူတူရေနစ်သွားရင် ဖေဖေ ဘယ်သူ့ကိုအရင်ကယ်မှာလဲ''

''မပြောကောင်း မဆိုကောင်းကွာ''


"ဟင့်အင်း ဟင့်အင်း၊ ကြိုးမေးတာကို ဖြေရမှာပဲ၊ ပြော ဖေဖေ ဘယ်သူ့ကိုအရင်ကယ်မှာလဲလို့''

"ဘယ်သူမှရေမနစ်အောင် ဖေဖေ​က လိုက်စောင့်ရှောက်ပေးမှာ၊ ဘယ်သူမှ ရေမနစ်စေရဘူး''


"ဒါဆို ေဖဖေ ကနေဒါကို အလုပ်ကိစ္စနဲ့ခရီးထွက်ရလို့ ဖေဖေနဲ့အတူတူ တစ်ယောက်ခေါ်သွားခွင့်ရှိတယ်ဆိုရင် ဖေဖေ ဘယ်သူ့ကိုခေါ်မှာလဲ၊ မေမေ့ကိုလား ကြိုးကိုလား?''


တကယ့်ကို ပေါက်ပေါက်ရှာရှာမေးလွန်းအားကြီးသည့် သမီးကြောင့် ဂုဏ် စိတ်ရှုပ်စွာ မျက်မှောင်ကြုံ့လိုက်တော့ ပူတူးက သဘောကျသလို တခစ်ခစ်ရယ်သည်။ သမီးကတော့ ခုနက ပုံစံလေးအတိုင်း စူပုတ်ပုတ်ဖြင့်သာ သူ့ကိုကြည့်နေ၏။


"ဖြေလေ ဖေဖေရယ်၊ ကြိုးကိုခေါ်သွားမှာလား မေမေ့ကိုလား''

"နေစမ်းပါဦး သမီးရဲ့၊ ဖေဖေနဲ့အတူတူ ဘာလို့တစ်ယောက်ပဲခေါ်သွားခွင့်ရှိတာလဲ''


"ဟင်... အဲ့ဒါက... လေယာဥ်မှူးကြီးရဲ့စည်းကမ်းလို့ပဲ မှတ်လိုက်လေ''

"ဒါဆို ကိစ္စမရှိဘူး၊ ဖေဖေက ကိုယ်ပိုင်လေယာဥ်ဝယ်ပြီး သွားမယ်ကွာ''


"ဟင့် ေဖဖေ့...

"ဗျ''


"ဖေဖေက အကောင်းဖြေလေ၊ ဘာလို့ ရွှတ်နောက်နောက်တွေပြောနေတာလဲ''

"ဟောဗျာ.. ဖေဖေကလဲ အကောင်းဖြေနေတာကို''


"တော်ပြီ ဒီတစ်ခါနောက်ဆုံးပဲ၊ ဒီတစ်ခါ ဖေဖေ ကောင်းကောင်းမဖြေရင် ကြိုးတကယ် ေဖဖေ့ကို မခေါ်တော့ဘူး''

"အဟင်း.. ဟင်း...


"ဖေဖေက ကြိုးနဲ့မေမေ့ကို ထမင်းမကျွေးနိုင်လို့ တစ်ယောက်ယောက်ကို စွန့်ပစ်ရမယ်ဆိုရင်ရော? ဖေဖေ ဘယ်သူ့ကိုပစ်မှာလဲဟင်''

"အဲ့ဒီ့မေးခွန်းကို ဖေဖေ ကုန်းကောက်စရာမရှိအောင် မွဲသွားမှပြန်ဖြေပေးမယ်ကွာ''


နည်းနည်းလေးမှ အတိမ်းအစောင်းမခံသည့် သမီးကြောင့် ဂုဏ် ဝေ့ကာပတ်ကာဖြေနေရ၏။ အမြဲတမ်း ပူတူးနဲ့ယှဥ်ပြိီး စိတ်ကောက်တတ်တဲ့သမီးရဲ့အကျင့်ကြောင့်လဲပါသည်။ နောက်ပြီး သူ့ရဲ့အဖြေကို သမီးလေးမကြိုက်မှာ သိနေလို့လဲဖြစ်မည်။ အားလုံးလဲသိကြတဲ့အတိုင်း သူ့ရဲ့ပထမဦးစားပေးက ပူတူးပဲလေ။


"ကဲပါ ကိုကိုလဲတော်တော့ သမီးလေးကလဲ ဖေဖေ့ကိုရစ်နေတာ ရပ်တော့၊ သမီးပဲ ထမင်းသုပ်စားချင်တယ်ဆို''

"ဟင်... ပူတူးစားချင်တာဆို''


"မဟုတ်ပါဘူး ခက်က အိပ်လို့တောင်ပျော်နေပြီကို ဘယ်လိုလုပ်ပြီး စားချင်မှာလဲ၊ ကိုကို့သမီးက စားချင်တယ်ဆိုပြီး လာဂျီကျနေလို့ ကိုကို့ကိုလာလုပ်ခိုင်းတာ''

"သမီး...


ခက်ရဲ့စကားအဆုံး ကိုကို့ရဲ့ မျက်ခုံးတွန့်တွန့်အကြည့်တို့က သမီးဆီရောက်သွားပြီး...


"ဖေဖေ ဘာပြောထားလဲ ဟင်၊ သမီးမေမေ့ကို သွားမနှိုးနဲ့လို့မပြောဘူးလား''

"ဖေဖေက ကြိုးကိုဆို ဂရုမစိုက်ဘူးမဟုတ်လား၊ အဲ့ဒါကြောင့် ဖေဖေ ဂရုစိုက်တဲ့ မေမေ့ကို သွားခေါ်တာလေ''


"သမီးနော် ဒီလောက် ငယ်ငယ်လေးနဲ့ လူလည်လေးလုပ်မနေနဲ့ ေဖဖေမကြိုက်ဘူး၊ ပြီးတော့ အခုက ပူတူးရဲ့အိပ်ချိန်၊ အိပ်ချိန်ဆိုတာ...

"တော်ပါတော့ဆိုမှ အဲ့ဒီ့ကိုကိုကလဲ၊ သမီးကို အဲ့လိုမျက်နှာတည် မျက်နှာထားနဲ့ မဆူပါနဲ့''


"မဟုတ်ဘူး ပူတူး၊ မင်း သမီးက ကိုယ့်ကိုလူလည်ကျပြီး မင်းကိုသွားနှိုးတာ''

"အဲ့ဒါ ဘာဖြစ်လဲ၊ လာ သမီး မေမေ့ဆီလာ''


သူ့ကို စူးစူးရဲရဲလေးကြည့်ကာ သူ့ဆီမှ သမီးကို လက်ပြောင်းယူသွားသည့်ပုံက ဇိုးခနဲ ဇတ်ခနဲ။ ဒီအခြေအနေကို ကြည့်ရုံဖြင့် ပူတူးရဲ့ ဒေါသထွက်ဖို့အားယူနေသော အရိပ်အယောင်တွေကို မြင်နေရပါပြီ။


"ပူတူးလေး''

"သမီးစားချင်တဲ့ထမင်းသုပ် လုပ်ပေးမှာလား မလုပ်ပေးဘူးလားပဲပြော''


"ပူတူး ကိုယ့်ကိုစိတ်ဆိုးသွားတာလား''

"မလုပ်ပေးဘူးဆိုရင် ခက်ပဲ လုပ်ပေးတော့မလို့၊ ပြော မလုပ်ပေးဘူးလား''


"လုပ်ပေးမှာပါ''

"လုပ်ပေးရမှာပေါ့ မလုပ်ပေးလို့ရမလား ဟွင့်၊ သမီး သွား မီးဖိုခန်းဘက်ကနေ စောင့်နေ''

"ဟုတ် မေမေ''


ပူတူးလက်ပေါ်ကနေဆင်းကာ မီးဖိုခန်းဘက် လှစ်ခနဲပြေးဝင်သွားသည့် သမီးကို ဂုဏ် မျက်စိတစ်ဆုံးစိုက်ကြည့်လိုက်၏။ လိုချင်တာရရင် ချက်ချင်းဆိုသလို အချိုးပြောင်းသွားသည့် သမီးဟာ သူ့အမေနဲ့ အရမ်းကိုတူလွန်းသည်။


"ကိုကို့ကို ခက် မပြောချင်လို့ ကြည့်နေတာ ကြာပြီ သိရဲ့လား''

"ဘာကိုလဲ ပူတူးရဲ့''


"ဘာကမှာလဲ၊ ကိုကို သမီးအပေါ်ကို ဆက်ဆံတာလေ၊ မသိရင် သမီးက ကိုကိုနဲ့ရထားတဲ့ ကလေးမဟုတ်တဲ့အတိုင်းပဲ၊ ခက်က တခြားယောက်ျားနဲ့ဖောက်ပြားပြီး ရထားတဲ့ကလေးလို့များ ကိုကိုထင်နေတာလား?''

"ပူတူး... ဘာတွေလျှောက်ပြောနေတာလဲ?''


"မဟုတ်လို့လား၊ ကိုကိုကလေ သမီးအပေါ်မှာ အရမ်းကို စိမ်းကားနေတာ''

"မဟုတ်ပါဘူး''


"ဟုတ်ပါတယ်၊ အရင်ကတည်းက သမီးကို ကိုကို ဂရုမစိုက်တာ သိထားပေမယ့် ခုရက်ပိုင်း ပိုကိုဆိုးလာလို့ ခက် ပြောတာ၊ ကိုကို့စိတ်ထဲမှာ သမီးက ကိုကို့သမီးမဟုတ်ဘူးလို့များ ထင်နေတာလား''


သေးသေးလေးကို အကြီးကြီးဖြစ်အောင် တမင် ရှာကြံပြီး ရစ်နေသည့် ပူတူးကို ဂုဏ် ဘာပြန်ပြောရမှန်းမသိတော့၍ ပူတူးပြောသမျှကို မျက်နှာသေလေးနဲ့ပဲ နားထောင်နေလိုက်၏။


ရာသီဥတုကတော့ မိုးတွေခြိမ်းနေပါပြီ။ ဘယ်အချိန်များ သူ့ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချလာမလဲမသိ။


"ပြောလေ ကိုကိုရဲ့၊ ဘာလဲ ခက် မေးသလို ကိုကိုထင်နေလို့လား''

"ဘာလဲ''


"သမီးက ခက် တခြားယောက်ျားတစ်ယောက်နဲ့...

"ကျစ်... မင်းက ဘယ်ယောက်ျားနဲ့ဖောက်ပြန်ချင်လို့လဲ''


"ဖောက်ပြန်ချင်လို့ပြောနေတာ မဟုတ်ဘူး၊ ကိုကိုက အဲ့လိုထင်နေတာလားလို့မေးတာ''

"အဲ့လိုထင်နေတယ်လို့ မင်းက ဘာလို့ယူဆလိုက်တာလဲ''


"ကိုကို သမီးအပေါ်ကို ဆက်ဆံနေတဲ့ပုံစံတွေအရပေါ့''

"အရေးမပါတာကွာ၊ မင်း သိချင်ရင် ကိုယ်ပြောပြမယ်၊ ဟုတ်တယ် ကိုယ် ဒီရက်ပိုင်းတွေမှာ သမီးကိုပစ်ထားသလိုဖြစ်သွားတယ်၊ အဲ့ဒါ့ရဲ့အကြောင်းပြချက်က ပူတူးထင်နေသလိုတော့မဟုတ်ဘူးနော်၊ ကိုယ် စိတ်ကောက်နေတာ''


"ဟင်...


ကိုယ် စိတ်ကောက်နေတာဆိုတဲ့ စကားကိုပြောနေသော ကိုကို့ရဲ့ပုံစံက ရှုတည်တည်လေးသာ။


"ကိုယ့်ကိုကိုယ် ဂုဏ်ဖော်တာတော့ မဟုတ်ပေမယ့် နှောင်ကြိုးဂုဏ်လေးကို မွေးပြီးကတည်းကနေ ခုချိန်အထိ ကိုယ် ပိုးမွေးသလိုမွေးထားတာ၊ အတိအကျဆိုရင် ကိုယ် သမီးကို ပြုစုပေးတဲ့ပမာဏက ပူတူး သမီးကိုပြုစုတာထက်ပိုပါတယ်''

"ဒါဆို ဘာလို့ သမီးကို ဂရုမစိုက်ဘဲပစ်ထားတာလဲ''


"ကိုယ်ပြောပြီးပြီပဲ စိတ်ကောက်တာပါဆို''

"ဘယ်သူ့ကိုကောက်တာလဲ''


"သမီးကို''

".......''


"ကိုယ် ပူတူးကိုအရမ်းချစ်သလို ပူတူးကမွေးပေးထားတဲ့ သမီးလေးကိုလဲ ကိုယ်ပြောမပြတတ်အောင်ချစ်တယ်၊ ချစ်လွန်းလို့လဲ ကိုယ့်မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူး၊ ဒါပေမယ့် မင်း သမီးက လမ်းပျော်လေးလေ သိတယ်မလား၊ ဟိုအိမ် ဒီအိမ်ကူးနေရမှ အိပ်ပျော်စားဝင်တဲ့အမျိုး၊ တစ်နေ့ တစ်နေ့ ကိုယ်ဘယ်လောက် ပြောဆိုနေနေ အချိန်တန်တော့ သူ့တီတီလေးတွေ တီတီကြီးတွေနောက် ကောက်ကောက်ပါအောင်လိုက်သွားတာပဲလေ၊ မသွားစေချင်လို့ တားနေ ချော့နေတဲ့ကိုယ်က အရူးကြီးလိုပဲ၊ အဲ့ဒါကြောင့် ကိုယ် သမီးကိုစိတ်ဆိုးတာ၊ စိတ်ဆိုးလို့လဲ တမင်ဂရုမစိုက်ဘဲပစ်ထားတာ''

"ကိုကိုရယ်''


အရွယ်မရောက်သေးတဲ့ ကလေးငယ်ငယ်လေးနဲ့ပြိုင်ပြီး စိတ်ဆိုးစိတ်ကောက်လုပ်နေသည့် ကိုကိုကြောင့် ခက် ရယ်ချင်ပက်ကျိဖြစ်သွားရ၏။ သူ့သမီးက သူ့အနားမကပ်ဘဲ အိမ်လည်နေလို့ စိတ်ကောက်သတဲ့လေ။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ယောက်ျားလဲ။


"သမီးလေးက ခုမှ ၄နှစ်သာသာလေးရှိသေးတာလေ ကိုကိုရယ်၊ ကလေးဆိုတော့ သူ လက်သာရာမှာပဲ နေချင်မှာပေါ့''

"ကိုယ်လဲ သမီးပျော်အောင်ထားတာပဲလေကွာ''


"ဒါပေမယ့် မတူဘူးလေ၊ ဟိုအိမ်တွေမှာဆိုရင် ကိုကို့သမီးက ဆရာမကြီးလုပ်ရတယ်လေ၊ ဒီမှာဆိုရင် ကိုကိုက ဟိုဟာမလုပ်နဲ့ ဒီဟာမကိုင်နဲ့ဆိုပြီး နောက်ကနေ တစ်ခုပြီးတစ်ခု လိုက်ပြောနေတော့...

"အဲ့ဒါ ကိုယ်စိတ်ပူလို့လေ''


"ခက် နားလည်​ပါတယ်၊ ကိုကိုက စိုးရိမ်လို့လိုက်ပြီးဂရုစိုက်နေတာဆိုပေမယ့် သမီးလေးအတွက်က မလွတ်လပ်တော့ဘူးပေါ့၊ အဲ့ဒါကြောင့် သူလွတ်လွတ်လပ်လပ်နေရတဲ့ နေရာတွေမှာပဲ ေပျာ်တော့တာ''


ပူတူး ပြောတာ မှန်နေသလား။ သူ့ရဲ့စိုးရိမ်စိတ်လွန်ကဲမှုတွေကြောင့် သမီးက သူ့အနားမှာမနေချင်တော့တာများလား။ ကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်ထုတ်လိုက်ပြီးမှ ခေါင်းထဲကို လက်ခနဲဝင်လာသည့် အကြောင်းအရာတစ်ခုကြောင့် ပူတူးကို အကဲခတ်သလိုကြည့်လိုက်ပြီး...


"မဟုတ်မှ... ပူတူးရော ကိုယ့်အနားမှာနေရတာ မပျော်ဘူးလား''

"ပျော်ပါတယ် ဘာဖြစ်လို့လဲ''


"ကိုယ် သမီးကိုစိုးရိမ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလို ပူတူးကိုလဲ ကိုယ် ဂရုစိုက်ခဲ့တာပဲလေ၊ ပူတူးပြောသလိုသာဆိုရင် ပူတူးလဲ ကိုယ့်အနားမှာနေရတာ စိတ်ကျဥ်းကျပ်ပြီး ကိုယ်နဲ့ဝေးရာမှာများ ပျော်နေသလားလို့''

"အဟွင်း... ခစ်.. ခစ်..


"ဘာကိုရယ်တာလဲကွ''


သူပြောတဲ့အထဲမှာ ဘာများရယ်စရာရှိနေလို့လဲ။ ပူတူးရယ်နေတာကိုကြည့်ပြီး စိတ်ထဲမကျေမနပ်ဖြစ်ကာ မေးလိုက်တော့ ပူတူးက ရယ်မြူးရိပ်သမ်းနေသော မျက်ဝန်းတစ်စုံဖြင့် သူ့ကို ရီဝေဝေလေးကြည့်ကာ...


"ကိုကို အရမ်းအတွေးတွေလွန်နေပြီ သိရဲ့လား၊ ခက်က ဘာကိစ္စနဲ့ ကိုကိုနဲ့ဝေးရာအရပ်မှာပျော်ရမှာလဲ''

"မသိဘူးလေ မင်းတို့သားအမိက တူတာတွေများလွန်းတော့ ကိုယ်လဲ ကြံဖန်ပြီးစိတ်ပူနေရတာပေါ့ကွ''


ထိုစကားကိုပြောလာသည့် ကိုကို့ရဲ့မျက်နှာမှာ စိတ်မကောင်းဖြစ်နေရှာသည့် အရိပ်အယောင်တွေရှိနေဆဲ။ ကိုကိုက အပြင်ပန်းကြည့်ရင်သာ စိတ်ဓာတ်သန်မာတဲ့သူလို့ထင်ရတာ။ တကယ့် တကယ်တမ်းကျ​ေတာ့ ခက်တို့သားအမိနဲ့ပတ်သတ်လာရင် ကိုကို့ရဲ့စိတ်က ကလေးအရွယ်လေး။ သူ့ထက်ပိုပြီး တခြားလူတွေကို ချစ်သွားမှာစိုးရိမ်တဲ့စိတ်ကလဲ အပြည့်။ မယုံရင် ခက့် မှာ ကိုကို့ထက်ချစ်ရတဲ့သူရှိနေပြီလို့များ ပြောကြည့်လိုက်ပါ့လား။ ခြေဆင်းပြီးများ ငိုမလားမပြောတတ်။ အဲ့ဒီ့လောက်ထိ ကလေးဆန်တဲ့ ခက့်ရဲ့ကိုကိုပါ။ ကိုယ့်လူကြီးအကြောင်း ကိုယ်သိပြီးသားမို့ ခက် ရယ်ချင်စိတ်ကိုထိန်းထားလိုက်ပြီး ကိုကို့ရဲ့ရင်ခွင်ထဲတိုးဝင်ကာ...


"သမီးက ကလေးမို့လို့ ကိုကို့စိတ်ကိုနားမလည်တာပါ၊ ခက်ကတော့ သိတယ်လေ''

"ဘာကို သိတာလဲ''


"ကိုကို ခက်ကို အရမ်းချစ်တယ်ဆိုတာကိုပေါ့၊ ဟင် ဟုတ်တယ်နော် ခက်ကို ကိုကိုချစ်တယ်မဟုတ်လား''

"အဟွင်း... 


အသည်းယားအောင်ချွဲပြနေပြန်သည့် သူ့ရဲ့ကဝေမလေးကြောင့် ဂုဏ် လှစ်ခနဲပြုံးမိပြန်သည်။ ဒါကိုပဲ သဘောကျကာ ပြုံးသွားသည့် ပူတူးကြောင့် သူ ပူတူးကိုကျစ်နေအောင်ဖက်ထားကာ...


"ကိုကိုက အများကြီးချစ်လို့ အများကြီးသဝန်တိုတာကို ပူတူးက စိတ်ပျက်ပြီး ကိုယ့်ကိုထားမသွားရဘူးနော်''

"စိတ်ချ ဘယ်တော့မှ ထားမသွားဘူး၊ အဲ့ဒါ ဘာလို့လဲ သိလား''


"ပြောပါဦး ဘာလို့လဲ''

"ကိုကိုက ခက်ရဲ့ အသည်းအသက်လေးမို့လို့ပေါ့၊ ချစ်တယ်နော် ကိုကို့ကို ခက်က တအားချစ်တာ''


"ဟား... ပူတူးကတော့ကွာ အဟွင်း.. ဟွင်း...


သိပ်ကို တတ်လွန်းသည့် ကောင်မလေးကြောင့် ဂုဏ် ေကျနပ်ပီတိဖြစ်သွားကာ ပြောစရာစကားလုံးပင် ရှာမတွေ့တော့ပေ။ ဘာပြောရမှန်းမသိတဲ့အဆုံး ရင်ခွင်ထဲက သာလိကာမလေးရဲ့ မျက်နှာအနှံအနမ်းမိုးတွေ သွန်းဖြိုးလိုက်တော့ ရှက်သွေးဖြာသွားသည့် သူမရဲ့မျက်နှာရဲရဲလေးကြောင်​့ သူ့ရဲ့ရင်ခုန်သံတွေဟာလဲ ထိန်းမနိုင် သိမ်းမရ။


ထိုစဥြ....


"ဖေဖေ့... ကြိုး ဗိုက်ဆာပါပြီဆို..


>>>>>>>>>><<<<<<<<<<


ပြီးပါပြီ။

ဆက်ရန်မရှိ။

(11.5.2021-5.11.2021)


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်။


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ။


စာရေးသူ-Merida(Tulip)


rate now: