🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"အူဝဲ... အက်.. အက်... အူဝဲ...
"ဟင်း...
ဂုဏ် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေစဥ် နားထဲကိုစူးရှစွာဝင်လာသည့် ကလေးငိုသံလေးကြောင့် မျက်ဝန်းအစုံက ဖျတ်ခနဲပွင့်သွားရ၏။
"အူဝဲ.... အက်...
"အို... ကျွတ်.. ကျွတ်.. ကျွတ်..
သမီးလေးရဲ့ငိုသံနောက်ကနေ တကျွတ်ကျွတ်နဲ့ ဂုဏ့်ရဲ့ချော့သိပ်နေသံက တွဲပါလာ၏။ သို့ပေမယ့် ထိုအသံဟာ သမီးအတွက်မဟုတ်ချေ။
သမီးတစ်ချက်အော်ငိုလိုက်တိုင်း မျက်ခုံးတန်းတန်းလေးတွေ တွန့်ချိုးသွားသည့် သူ့ရဲ့ပူတူးလေးကို ကျောလေးပုတ်ကာ သူချော့သိပ်နေခြင်းပင်။
"အို... အေ့... အေ့... အို... ကျွတ်.. ကျွတ်...
"အူဝဲ... အူဝဲ.. အူဝဲ...
"ဟာ ဒီကလေးကတော့ကွာ ကျစ်...
အချိန်အတော်ကြာတဲ့အထိ အငိုသန်နေသည့်သမီးကြောင့် ဂုဏ် ကျစ်တစ်ချက်စုတ်ကာ အိပ်ယာပေါ်ကဆင်းလိုက်ရတော့၏။ ပြီးတာနဲ့ ကုတင်ဘေးက ပုခက်ထဲတွင် ရှိနေသောသမီးကို ကောက်ယူပွေ့ချီလိုက်တော့...
"ရှူးရှူးတွေပေါက်ထားတာပဲ၊ သမီးကလဲကွာ ရှူးရှူးတွေစိုနေတယ်လို့ ပြောရင်ရတာပဲကို ဘာလို့ ဒီလောက်တောင်အော်ငိုနေရတာလဲ''
ကလေးကို ကြံကြံဖန်ဖန်တွေပြောပြီး အနှီးလဲပေးဖို့လုပ်လိုက်သည်။ သမီးက အရမ်းကိုအသန့်ကြိုက်တဲ့ကလေးမို့ အခုလို ရှူးတွေစိုပြီဆိုတာနဲ့ အသားကုန်ခြစ်ငိုတတ်သည်။
"ဒီလို အချိန်ကြီးကို မငိုပါနဲ့လို့ ဖေဖေပြောထားတယ်လေ သမီးရာ၊ သမီးမေမေနိုးသွားရင် ဘယ်လိုလုပ်မလဲ ပြော၊ နိုးတော့ဘာဖြစ်လဲလို့တော့ ပြန်မမေးနဲ့''
အခုမှ ၃လသာသာရှိသေးသည့် ကလေးငယ်လေးကို အဖက်လုပ်ပြီးစကားပြောနေပုံက မသိရင် အရွယ်ရောက်ပြီးသား ကလေးတစ်ယောက်နဲ့ စကားပြောနေသည့်အတိုင်း။
"သမီးရဲ့မေမေက သမီးကို သူ့အသက်နဲ့ရင်းပြီးကို မွေးထားရတာ၊ သမီးက မေမေ့ရဲ့ကျေးဇူးကိုသိတတ်ရမယ်လေကွာ၊ အခုလို မေမေအိပ်ပျော်နေတဲ့အချိန်မျိုးမှာတော့ ထမငိုနဲ့လေ သမိီးရာ၊ ကဲ အခုပြန်အိပ်လိုက်တော့နော် ဖေဖေ့သမီးက လိမ္မာတယ်''
"အူဝဲ... ဗွဲ...
"ဟာ... ဟိတ်...
ပုခက်ထဲပြန်ထည့်လိုက်တာနဲ့ အသံပြဲကြီးဖြင့် ထငိုပစ်လိုက်သည့်သမီးကြောင့် ဂုဏ် ပူတူးကိုအရင်ဆုံးပြန်ကြည့်လိုက်ရ၏။ မျက်မှောင်လေးတွန့်သွားရုံကလွဲပြီး နိုးလာခြင်းမရှိသေးသည့် ပူတူးကိုမြင်မှ သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း သမီးကို ပြန်ပွေ့လိုက်၏။
"သမီး အရမ်းမဆိုးရဘူးလေကွာ၊ သမီးက ဒီလိုချည်းငိုနေရင် မေမေလန့်နိုးသွားလိမ့်မယ်ကွ''
"အူဝဲ.. အူဝဲ...
သူ ဘယ်လောက်ချော့ချော့ အမေတူသမီးလေးက အငိုမတိတ်။ မျက်နှာလေးတွေ နီရဲပေါက်လာသည်အထိ အငိုသန်နေဆဲ။ သမီးရဲ့ ငိုသံကြောင့် ပူတူးနိုးသွားမှာစိုးကာ သမီးကိုပွေ့ချီလျက် ဝရံတာဘက်ထွက်လာခဲ့တော့သည်။
"ဖေဖေ့သမီးက အရမ်းကိုဆိုးတာပဲကွာ''
"အူဝဲ... အဲ... အဲ...
"တိ်တ်ပါသမိီးရယ်၊ တိတ် တိတ် အို့... အို့...
"အူဝဲ.... အူဝဲ...
"တိတ်ပါဆိုမှ သမီးရာ၊ ဖေဖေက သမီးမေမေ့ကိုပဲချော့ဖို့စိတ်ရှည်တာဗျ၊ တခြားသူတွေဆို စိတ်ရှည်ချင်တာမဟုတ်ဘူး''
"အူဝဲ... အူဝဲ...
"မငိုပါနဲ့ဆိုကွာ၊ သမီးကြောင့် သမီးမေမေနိုးသွားရင် ဖေဖေတကယ်စိတ်တိုမှာနော်''
ခြိမ်းလိုက် ခြောက်လိုက်ဖြင့် သမီးကိုအငိုတိတ်စေလိုက်ပေမယ့် မနာခံသူသမီးဟာဖြင့် သူ့အမေအတိုင်းပင်။ ပါးမို့မို့လေးတွေနီရဲပေါက်လာသည်အထိ အသည်းအသန်ငိုနေတာကြောင့် ဂုဏ် နောက်ဆုံးအကြံတစ်ခုကိုသုံးဖို့ ဆုံးဖြတ်ကာ...
🎼နှလုံးသားကို ရစ်ဖွဲ့ခဲ့ပြီ ဒီကြိုးလေး
မမြင်နိုင်လဲ ရုန်းလို့မရတော့ဘူး
🎼သူ့ဆွဲငင်အား လွှဲမရနိုင်လို့
ဒီနှောင်ကြိုး ချည်နှောင်မဆုံး
🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့
🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ
ဒီနှောင်ကြိုး ဖြည်ပါဦး
🎼 နေှာင်ကြိုးလေးတစ်မျှင်ရယ်
မင်းကမသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း
🎼ဘယ်သူလာမြင်နိုင်မှာလဲ
🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်
🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ
စိတ်မရှည်ဘူးပြောပြီး သမီးလေးကို ပွေ့ပိုက်ရင်းမှ သီချင်းဆိုကာချော့သိပ်နေသည့် ကိုကို့ကို ခက် တံခါးအကွယ်ကနေ ရပ်ကြည့်နေမိသည်။
သမီးလေးကိုမွေးပြီးကတည်းက ကိုကို လက်ကမချနိုင်လောက်အောင် တယုတယဖြစ်နေတာကို ခက် ရိပ်မိသည်။ အစတုန်းကဖြင့် ဒီကလေးကို မယူချင်ဘူး ဘာညာနဲ့ အခုကြည့် သန်းခေါင်ကျော်ကြီးကို သီချင်းဆိုပြီး ချော့သိပ်နေလေရဲ့။
"ကိုကို့
"ဟင်... ပူတူးလေး နိုးသွားတာလား''
"ကိုကို့သမီးက အသံပြဲကြီးနဲ့ အော်ငိုနေတာကို''
သူ့ရင်ခွင်ထဲက သမီးလေးကို မကျေနပ်သလိုလေးကြည့်ကာပြောလိုက်သည့် ပူတူးကြောင့် သူခပ်လွန့်လွန့်လေးပြုံးလိုက်ရင်း...
"အဲ့ဒါကြောင့် သမီးကို မကြီးတို့ဆီပို့ထားမယ်ပြောတော့ ပူတူးပဲ မခွဲနိုင်ဘူးဆို''
"ခက် ဘယ်တုန်းက မခွဲနိုင်ဘူးပြောလို့လဲ၊ ကိုကို့သဘော ကိုကိုပို့်ချင်ပို့လို့ပြောတာလေ၊ ကိုကိုဟာ ကိုကို သမီးနဲ့မခွဲနိုင်လို့ မပို့ဘဲထားတာ မဟုတ်ဘူးလား''
ပူတူးရဲ့စကားက မှန်နေတာကြောင့် ဂုဏ် ဘာမှထပ်မပြောတော့ဘဲ နှုတ်ခမ်းလေးတွန့်သွားရုံသာပြုံးလိုက်သည်။ ပူတူးကို သူ အရမ်း အရမ်းချစ်ပါသည်။ ဒီလိုပဲ ပူတူးကမွေးပေးတဲ့ သူ့ရင်သွေးလေးဖြစ်သည့် သမီးလေးကိုလဲ သူ သိပ်ချစ်သည်။ သမီးလေးကို ကိုယ်ဝန်စရှိတဲ့အချိန်တုန်းက ပူတူးရဲ့ကျန်းမာရေးအခြေအနေကြောင့် သူ သမီးကိုစွန့်လွှတ်လိုက်ဖို့ တွေးမိပေမယ့် အခုချိန်မှာတော့ သမီးကို သူ မျက်စိအောက်ကတောင် အပျောက်မခံနိုင်ပါ။
"သမီးက အိပ်ပျော်နေပြီထင်တယ်''
"အွင်း... အိပ်ပျော်နေပြီ''
"ဒါဆို ခက်ကိုပေးလေ၊ ခက် သမီးလေးကို သွားသိပ်လိုက်တော့မယ်''
"ဟင့်အင်း ရတယ်၊ ကိုယ်ပဲ သိပ်လိုက်တော့မယ်၊ ပူတူးက ကလေးကောင်းကောင်းမချီတတ်ဘူးမဟုတ်လား''
"ဘယ်သူကပြောလဲ မချီတတ်ဘူးလို့၊ ခက် ကလေးချီတတ်တယ်''
မခံချင်စိတ်ဖြင့်သာ ပြန်ပြောလိုက်သော်လည်း တကယ်တမ်းကျတော့ ခက် သမီးလေးကို ကိုကို့လောက် ကောင်းကောင်းမွန်မွန်မချီတတ်ပါ။ မချီတတ်တာလဲ မပြောနဲ့။ သမီးက သူမဗိုက်ထဲက ထွက်သွားပြီးကတည်းက ကိုကို့လက်ပေါ်မှာသာ အချိန်ပြည့်။ တစ်ခါတစ်ရံ မမအနွယ်တို့ မမခေတ်သစ်တို့ အလည်လာရင်တောင် ကိုကိုက ဝအောင်ချီခွင့်ထိန်းခွင့်ပေးတာမဟုတ်။ သူ့လက်ထဲမှာမှမဟုတ်ရင် သမီးတစ်ခုခုဖြစ်တော့မယ့်ပုံစံမျိုးနဲ့ ကဲပြ သည်းပြနေတတ်တာမို့ မမအနွယ်တို့နဲ့ ကိုကိုက တစ်စက်ကလေးမှ တည့်သည်မရှိ။
"ပေးပါဆို ခက် သမီးကို သိပ်လိုက်ပါ့မယ်''
"မဟုတ်ဘူး သမီးက အခုမှအိပ်ပျော်ခါစဆိုတော့ ပူတူးလက်ထဲရောက်သွားရင် ပြန်နိုးပြီး ပြန်ငိုမှာစိုးလို့''
"မငိုပါဘူး ပေးစမ်းပါ ကိုကိုကလဲ''
"ပုခက်ထဲထည့်ဖို့ပဲရှိတော့တာပါ၊ ရတယ် ကိုကိုပဲထည့်လိုက်မယ်''
"ဟင့်အင်း ဟင့်အင်း ခက် ထည့်သိပ်ချင်တာ၊ အမြဲတမ်း ကိုကိုကပဲ သမီးလေးကိုချော့နေတော့ ခက်လဲ တစ်ခါတစ်လေ သမီးကို ချော့ချင်တာပေါ့''
"ချော့ချင်ရင် နောက်ရက်မှချော့တော့ ကလေးရယ်၊ အခုက အရမ်းဉာည့်နက်နေတော့လေ တော်ကြာ သမီးလေးပြန်နိုးသွားရင်... ဟာ.. ဟိတ်.. ကိုကိုပြောတာက သမီးနိုးသွားရင် ပူတူးထပ်ပြီးအိပ်ရေးပျက်နေမှာစိုးလို့နော်၊ ပူတူးထင်သလို သမီးကို ပူတူးထက်ပိုပြီး အရေးပေးနေတာမဟုတ်ဘူး''
သူ့စကားမဆုံးခင် ချက်ချင်း ငိုမဲ့မဲ့လေးဖြစ်သွားသည့် ပူတူးကြောင့် သူ အသည်းအသန်ရှင်းပြရပြန်သည်။ သမီးနဲ့အပြိုင် အလိုလိုက်ခံချင် ဂရုစိုက်ခံချင်နေသည့် ပူတူးက သူမရှေ့မှာ သမီးကိုပိုပြီးဂရုစိုက်ပြလိုက်မိရင် အခုလိုပဲ ငိုမဲ့မဲ့လေးဖြစ်သွားတတ်တာကို သိထားတာမို့ ဂုဏ် အချိန်မှီဖြေရှင်းချက်ထုတ်ရပြန်သည်။ ထိုအခါမှ ကျေနပ်သွားသည့်မျက်နှာလေးဖြင့် သူ့ကိုပေစောင်းစောင်းလေးကြည့်ကာ...
"ခက်က ဘာပြောလို့လဲ''
"ဘာမှမပြောလဲ ပူတူး စိတ်ကောက်တော့မယ်ဆိုတာကို ကိုကိုသိတယ်၊ ဘာလို့ ဒီလောက်ကလေးဆန်နေရတာလဲ ပူတူးရယ်၊ ဟော့ဒီ့လောကကြီးထဲမှာလေ ကိုယ်အချစ်ဆုံးလူသားက ပူတူးတစ်ယောက်ပဲရှိတယ်''
"ဟုတ်လို့လား၊ မဟုတ်ဘဲနဲ့လျှောက်ပြောနေတယ်၊ ကိုကိုက ခက်ထက် သမီးလေးကို ပိုချစ်နေတယ်ဆိုတာ ခက် သိသားပဲ''
"မတူညီတဲ့အရာနှစ်ခုကို ယှဥ်ပြောလို့ မရဘူးလေကွာ၊ ပူတူးက ပူတူး သမီးက သမီးပဲလေ၊ တူမှမတူဘဲ၊ ပူတူးဆိုရင်ရော ပူတူးမေမေနဲ့ ကိုယ်နဲ့ ဘယ်သူ့ကိုပိုချစ်လဲမေးရင် ပူတူးဘယ်လိုဖြေမလဲ''
သူသေချာရှင်းပြတော့မှ ေအာက်နှုတ်ခမ်းလေးထော်ပြီး ခေါင်းတငြိမ့်ငြိမ့်ြဖစ်သွားရှာသည့် ပူတူးရယ်ပါ။
"ရစ်တာတွေ ဂျစ်တာတွေ မနက်မှဆက်လုပ်တော့ ပူတူးလေးရေ၊ အခုက အရမ်းကိုဉာည့်နက်နေပြီဆိုတော့ အိပ်လိုက်သင့်ပြီကွာ နော် ကလေး''
"ဟုတ်''
"အွင်း... လိမ္မာလိုက်တာ၊ လာ အခန်းထဲပြန်ပြီးအိပ်ကြရအောင်နော်''
"သမီးကို အရင်သိပ်မယ်လေ ကိုကို''
"သမီးက အိပ်ပျော်နေပါပြီ ပုခက်ထဲထည့်လိုက်ရုံပဲ''
"ဒါဆို ကိုကိုပဲ ထည့်လိုက်တော့၊ ခက်က သမီးလေးအတွက် အနွေးထည်လေးထုတ်လိုက်ဦးမယ်''
"ရတယ် ကိုကိုပဲလုပ်မယ်၊ ကိုယ့်အသည်းလေးက အိပ်ပဲအိပ်လိုက်တော့''
"ဟင့်....
"အေးပါကွာ ပူတူးလုပ်ချင်သလိုသာလုပ်တော့ သွား''
ထိုအခါမှ သူ့ကိုပြုံးပြုံးကြီးပြန်ကြည့်လာသည့် ပူတူးကြောင့် သူ ချစ်မျက်စောင်းလေးရွယ်လိုက်မိသေး၏။ အချိန်တွေ ဘယ်လောက်ကြာကြာ ရာသီတွေဘယ်လောက်ပြောင်းပြောင်း သူ့အတွက် ပူတူးဆိုတာက နုနယ်လွန်းသည့် ကလေးငယ်လေးတစ်ယောက်လိုပါပဲ။ ဆိုးတယ် နွဲ့တယ်။ လိုချင်တာမရရင် ဂျီကျတယ်။ လုပ်ချင်တာမလုပ်ရရင် ဂျစ်တိုက်တယ်။ ဒီလိုမျိုး တစ်မျိုးပြီးတစ်မျိုး သူ့ကို ဆိုးနွဲ့ပြနေသည့် ပူတူးကြောင့် သူ့မှာတစ်နေ့တစ်နေ့ မပျင်းရ။ သမီးလေးနဲ့ ပူတူးကို တစ်လှည့်စီချော့နေရသည့်အပြင် တစ်ခါတစ်ရံ ထိန်းမရအောင်ဂျီကျလွန်းသည့် ပူတူးကြောင့် ခြိမ်းလိုက် ခြောက်လိုက်ဖြင့် သူ့ဘဝကြီးက စည်ကားသိုက်မြိုက်လျက်ပါပဲ။ ဒါပေမယ့် သူကတော့ ကျေနပ်နေဆဲ။
>>>>>>>>>><<<<<<<<<<
"ညီမလေး ပြန်တော့မလား၊ ပြန်မယ်ဆိုရင် ကိုကြီး အပြင်သွားရင်းနဲ့ တစ်ခါတည်းလိုက်ပို့ပေးခဲ့မလို့''
ဧည့်ခန်းထဲက ဆိုဖာတွင် အကျအနထိုင်ပြီး ရေခဲမုန့်စားနေသော သစ်ခက်ကို ဝသန် ဝတ္တရားအရမေးလိုက်တော့ သစ်ခက်က ရေခဲမုန့်စားနေရင်းကနေ လက်တစ်ဖက် ခါပြပြီး....
"မပြန်သေးဘူး''
"ရေခဲမုန့်တွေကလဲ စားလိုက်တာကွာ၊ ဘာလဲ ဟိုအိမ်မှာ ကိုမျိုးရိုးဂုဏ်က မကျွေးဘူးလား''
"အင်း''
"အေးပေါ့ ကိုမျိုးရိုးဂုဏ်က ဝယ်မကျွေးနိုင်ရှာဘူးကိုး''
ဝသန် ရွဲ့သလိုလိုလေးပြောလိုက်ပေမယ့် သစ်ခက်လေးဆီမှ ဘာစကားမှထွက်မလာခဲ့။ ထွက်မလာဆို ရေခဲမုန့်ကို ခေါင်းမဖော်တမ်း ငုံ့စားနေတာကို။ တကယ် တကယ် မသိရင် မစားရ မသောက်ရတဲ့ ကလေးလေးအတိုင်း။
"တကယ်မပြန်ဘူးဆိုရင် ကိုကြီး သွားတော့မယ်''
"ဟုတ်''
သူ့ကိုဝတ်ကျေတမ်းကျေ ခေါင်းငြိမ့်ပြသည့် ညီမဖြစ်သူကို ကြည့်ကာ ဝသန် မနိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းရမ်းမိ၏။ ဒီကောင်မလေး နှင်းဆီမြိုင်ကို လာတိုင်း ဒီလိုပဲ စားချင်တာတွေ လွှတ်စားတတ်တာကို သိထားတာမို့ စကားလုပ်ပြီးလဲ မတားမိတော့ပေ။
"ဟော.. ကိုမျိုးရိုးဂုဏ် သစ်ခက်လေးကို လာခေါ်တာလား?''
"အင်း ဟုတ်တယ်၊ ရှိတယ်မလား''
သူမေးတာကို မျက်နှာတည် မျက်နှာထားဖြင့် ပြန်မေးလာတာကိုကြည့်ရင် နွေသစ်ခက်တော့ ဒီအိမ်ကို ကိုမျိုးရိုးဂုဏ်မသိအောင် ခိုးထွက်လာပြန်ပြီထင်ရဲ့။
အခြေအနေမကောင်းတာကို ရိပ်မိတာကြောင့် ဝသန် အိမ်ထဲကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး...
"ရှိတယ်ဗျ၊ ကျွန်တော်လဲ အခုပဲ ပြန်ပို့မလို့လုပ်နေတာ''
"ရပါတယ် ငါပဲပြန်ခေါ်သွားလိုက်တော့မယ်''
"ဪ... အင်းအင်း''
"အခု ဘယ်မှာလဲ၊ အိမ်ထဲမှာပဲလား''
"ဟုတ်တယ် ဧည့်ခန်းထဲမှာ''
ဝသန်ညွှန်ပြလိုက်သည့် ဧည့်ခန်းဘက်ကို ဂုဏ် တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဝသန့်ကိုခေါင်းငြိမ့်ပြကာ ထိုနေရာမှထွက်လာခဲ့၏။
သူအပြင်ခဏသွားတဲ့အခိုက်အတန့်လေးကို သမီးလေးကိုပါခေါ်ပြီး နှင်းဆီမြိုင်ပြန်သွားတာမို့ ဂုဏ် စိတ်လဲဆိုး စိတ်လဲပူရ၏။ သမီးလေးကိုမွေးပြီးမှ စိတ်မြန်လက်မြန်ဖြစ်နေလွန်းသည့် ပူတူးကို သူ ဘယ်လိုမှကို နိုင်အောင်မထိန်းတော့တာ သေချာသည်။
"ပူတူးကကွာ.. ကိုကိုမကြိုက်တာတွေလုပ်ပြန်ပြီ''
"ဟင်''
ရေခဲမုန့်ဘူးထဲက နောက်ဆုံးတစ်ဇွန်းကို ပါးစပ်ထဲထည့်ခါနီးအချိန် ကြားလိုက်ရသည့် ကိုကို့အသံကြောင့် ခက် ဆတ်ခနဲတုန်သွားရ၏။ သွားပြီ သွားပြီ ခက်တော့ နားပူဦးတော့မှာပဲ။
"ဘာလို့ရေခဲမုန့်တွေစားနေတာလဲ ပူတူးရာ၊ မင်းချောင်းဆိုးနေလို့ ေရခဲမုန့်နဲ့မတည့်ဘူးလေကွာ၊ ဘာလို့ စားတာလဲ''
"နည်းနည်းလေးပဲစားတာပါ''
"နည်းနည်းလေးလဲ မလိုချင်ဘူး၊ ကိုကိုက မစားရဘူးဆိုရင် မစားဘဲနေရမှာပေါ့၊ ဘာလို့ ဒီလိုတွေခိုးစားတာလဲ''
သူမအနားကို ကပ်ထိုင်လိုက်ပြီး တစ်ဆက်တည်း လက်ထဲက ရေခဲမုန့်ဘူးကိုပါ ဆွဲယူပစ်လိုက်၏။
"မစားရဘူးလေ မတည့်ဘူးဆိုတာ မသိဘူးလား''
"ဟင့်.. ကိုကိုကလဲ''
"ရေခဲမုန့်စားချင်လို့ ဒီအိမ်ကို ကိုယ်မသိအောင် ခိုးထွက်သွားတာမဟုတ်လား''
"ခိုးထွက်တာ မဟုတ်ပါဘူးနော်၊ ကိုကိုက ခက်တို့သားအမိကို အိမ်ထဲမှာထားခဲ့ပြီး သွားချင်ရာသွားနေတော့ ခက်လဲပျင်းတာပေါ့၊ အဲ့ဒါကြောင့်မို့လို့ ခက် ဒီအိမ်ကို ခဏထွက်လာတာ''
"ဘာပဲဖြစ်ဖြစ် ကိုယ်မသိအောင်သွားတာပဲ မဟုတ်ဘူးလား''
"မဟုတ်ပါဘူးဆိုမှ''
နှုတ်ခမ်းလေးစူပြီး မျက်စောင်းလေးချီကာပြောနေပုံက စိတ်ဆိုးတော့မယ်ဆိုတာကို အချက်ပြနေသည့်အတို်င်း။ ဒိီအဆိုးလေးကို နှစ်ချီ လချီပြီး ချစ်ခဲ့တဲ့သူဆိုတော့ သူမလေးအကြောင်းကို နောကြေနေပြီးသားပါ။ ဒါ့ကြောင့်လဲ ဂုဏ် ဘာမှထပ်မပြောတော့ဖို့တွေးလိုက်ကာ...
"သမီးရော?''
"မမအနွယ်တို့ ခေါ်သွားတယ်''
"ဘယ်လို''
"ခက် ဒီကိုရောက်တော့ မမအနွယ်တို့လဲ ဒီအိမ်မှာရောက်နေတာလေ၊ အဲ့ဒါ သမီးကို ခဏခေါ်သွားချင်တယ်ဆိုလို့ ထည့်ပေးလိုက်တယ်''
"ပူတူးကကွာ ဘာလို့ထည့်ပေးလိုက်တာလဲ၊ ဟိုကူး ဒီသန်းနဲ့ ကြားထဲက သမီးလေးပဲပင်ပန်းတော့မှာပေါ့ကွ''
"မမအနွယ်က ခေါ်သွားချင်တယ်ပြောနေတာကို ခက်က မခေါ်သွားနဲ့လို့ပြောရမှာလား''
"ပြောရမှာပေါ့၊ သမီးလေးက ခုမှ ၆လပဲရှိသေးတာကို အခုလိုမျိုး ဟိုခေါ်ဒီခေါ်လုပ်လို့ရမလား''
"ဟင့်... ကိုကိုနော် ခက်ကို မအော်နဲ့''
သူ့လေသံနည်းနည်းမာသွားတာနဲ့ ချက်ချင်းကို ငိုမဲ့မဲ့လေးဖြစ်သွားသည့် ပူတူးကြောင့် သူ့မှာ ဆက်ပဲဆူရမလိုလို ထပြီးပဲချော့ရမလိုလို။
"ကိုကိုက ပူတူးကိုအော်တာမဟုတ်ပါဘူး၊ မစဥ်းမစားနဲ့ သမီးလေးကိုခေါ်သွားတဲ့ မကြီးကိုစိတ်တိုတာ''
"အဲ့ဒါ ခက်က သမီးကိုထည့်ပေးလိုက်တာလေ''
"ကျစ်...
"ဘာလဲ ကိုကိုက ခက်ကို စိတ်မရှည်သလိုလာလုပ်ပြနေတာလား''
"မဟုတ်ပါဘူးကွာ''
"ဟုတ်ပါတယ်၊ ကိုကို့သမီးကို ခက်က မမအနွယ်တို့နဲ့ထည့်လိုက်လို့ ခက်ကို စိတ်တိုနေတာ''
"မဟုတ်ပါဘူး ပူတူးရာ၊ ကိုယ်ကဒီအတိုင်းပဲ...
"သွား သွား ခက်ကိုဘာမှလာမပြောနဲ့၊ ကိုကိုဘာသာကိုကို ကိုကို့သမီးကိုသွားခေါ်ပြီး အေးအေးဆေးဆေးနေနေလိုက်၊ ခက်ကို ဘာမှလာမပတ်သတ်နဲ့''
သူ့ကိုမျက်စောင်းအချီချီထိုးကာ အိမ်ထဲကနေဇွတ်နှင်ထုတ်နေသည့် ပူတူးကြောင့် သူ ဘာဆက်လုပ်ရမှန်းပင်မသိတော့။ လာတုန်းကတော့ သူ မသိဘဲ အိမ်လည်ထွက်သွားသည့် ပူတူးကိုဆူဖို့ဆိုပေမယ့် တကယ့်လက်တွေ့မှာကျတော့ သူကပဲ အဆူခံ အရစ်ခံနေရ၏။
"သွားလို့ဆို ဘာကို ကြောင်ကြည့်နေတာလဲ သွား၊ ကိုကို့သမီးကို သွားခေါ်လေ''
"ပူတူးနဲ့အတူသွားခေါ်မယ်လေ''
"မလိုက်ဘူး ခက်က ဒီမှာနေခဲ့မှာ၊ ခက်ပျော်တဲ့အထိ ဒီမှာနေခဲ့ဦးမှာ''
"ကိုယ်တို့သားအဖကို ပစ်ထားရက်တယ်ပေါ့''
ဒီမေးခွန်းကိုကျတော့ မဖြေ။ မျက်နှာကိုတစ်ဖက်လွှဲသွားပုံက သူနဲ့စကားပြောချင်စိတ်မရှိတော့သည့်အတိုင်း။
"မနက်ဖြန်က သမီးလေးရဲ့၆လပြည့်မွေးနေ့နော်၊ ပူတူးက သမီးရဲ့မွေးနေ့မှာ သမီးကို မိတကွဲ ဖတကွဲဖြစ်စေချင်လို့လား''
"ဟင်...
"ကိုယ့်အသည်းလေးက လိမ္မာပါတယ် ကိုယ်နဲ့ပြန်လိုက်ခဲ့နော်''
"ခက်က ပြန်မလိုက်ဘူးပြောနေလို့လား''
"ဒါဆို ပြန်လိုက်မယ်ပေါ့''
"အင်း''
စူစူပုတ်ပုတ်လေးနဲ့ ခေါင်းငြိမ့်ပြသည့် ပူတူးကို သူ မြတ်နိုးမဝစွာစိုက်ကြည့်လိုက်ပြီး...
"တကယ်ပြောတာ သမီးက ပူတူးလောက် ဂျီမကျဘူး''
"ဟင့်... ကိုကိုနော်''
"ဟား... ဟား... ဟား...
သစ်ခက်နဲ့အတူရှိချိန်တိုင်း ရယ်မြူးရိပ်တွေသန်းနေသည့် ဂုဏ်ဟာ အခုလဲ နှုတ်ခမ်းလေးစူကာ မျက်စောင်းရွယ်နေသည့် ကလေးဆိုးလေးကြောင့် တဟားဟားနဲ့ ရယ်မောလျက်။ အချစ်ဟာ လူတွေကို ငိုစေ ရယ်စေတယ်ဆိုပေမယ့် ဂုဏ့်အတွက်အချစ်ကတော့ အပြုံးတွေပဲဖန်ဆင်းပေးတတ်၏။ သူ့ရဲ့အပြုံးတွေကို ပွင့်လန်းစေသည့် အချစ်နတ်ဘုရားမလေးက သူ့ရဲ့ပူတူးလေးပါလို့ ပြောလိုက်ရင် လူတွေသူ့ကိုလှောင်ရယ်ကြမလား?။
>>>>>>>>>><<<<<<<<<<
"ခက်က လာကြိုမလို့လုပ်နေတာ မမကြီးရဲ့''
"ဟုတ်လား မမက အခုပဲ နှင်းဆီမြိုင်ကိုရောက်နေပေါ့''
ဒီနေ့က မမကြီး မြန်မာနိုင်ငံကို အလည်ပြန်လာသည့်နေ့လေ။ ခက် ဖေဖေတို့နဲ့အတူ မမကြီးကိုသွားကြိုဖို့ စီစဥ်ထားပေမယ့် မမကြီးက နှင်းဆီမြိုင်ကိုတောင် ရောက်နေပြီဆိုတော့...
"ဒါဆို ခက် ညနေမှပဲ မမကြီးဆီလာခဲ့တော့မယ်လေ''
"လာခဲ့လေ၊ ဪ... ဒါနဲ့ ညီမလေးလာရင် သမီးလေးကိုပါခေါ်ခဲ့နော်၊ သမီးလေးကို ဖုန်းထဲကနေပဲတွေ့နေရတော့ အားမရလို့လေ အဟွင်း...
ဖုန်းထဲက မမကြီးရဲ့စကားကြောင့် ကုတင်ပေါ်က သားအဖနှစ်ယောက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ခက်ကို မျက်မှောင်ကြီးကျုံ့ပြီးကြည့်နေသည့် ကိုကိုနဲ့အကြည့်ချင်းဆုံသွား၏။ အစကတော့ ကိုကိုဘာဖြစ်တာလဲဆိုပြီးတွေးလိုက်မိပေမယ့် နောက်တော့မှ မမကြီးနဲ့ဖုန်းပြောတာကို ကိုကိုမကြိုက်ဘူးဆိုတာ အမှတ်ရသွားပြီး မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်ရ၏။ ကိုကို့စိတ်ထဲမှာ ခက် ကိုကို့ကိုကွားရှင်းဖို့ပြောခဲ့တာဟာ မမကြီးကြောင့်ဆိုပြီး အစွဲအလန်းရှိနေသည်ထင်ရဲ့။ ဒါ့ကြောင့်လဲ မမကြီးပြန်လာမယ်ဆိုကတည်းက ကိုကို မျက်နှာမကောင်းဘူးဖြစ်နေတာပေါ့။
"ညီမလေး သစ်ခက်... ဟေ့..
"ရှင်.. ကြားတယ် မမကြီး''
"မမက သမီးလေးအတွက် အဝတ်အစားတွေအများကြီးဝယ်လာလို့လေ၊ အဲ့ဒါ သမီးနဲ့ တော်မတော် သိရအောင် ညနေကျရင် သမီးကိုပါ တစ်ခါတည်းခေါ်ခဲ့နော်''
"ဟုတ် မမကြီး၊ ခက် သမီးကိုပါ ခေါ်ခဲ့ပါ့မယ်''
"သွားချင်ရင် ပူတူးတစ်ယောက်တည်းသွား၊ ကိုယ့်သမီးကိုတော့ ထည့်မပေးလိုက်နိုင်ဘူး''
ထိုသို့ပြောပြီး သမီးကိုဆတ်ခနဲပွေ့ချီကာ ဝရံတာဘက်ထွက်သွားတာမို့ ခက် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ ဘယ်လောက်တောင် ကလေးဆန်လိုက်ပြီး ဂွကျလိုက်ပါသလဲ။
ဂုဏ် သမီးကိုပွေ့ကာ ဝရံတာဘက်ထွက်လာပြီးမှ လေတွေတိုက်နေတာကို သတိထားမိ၏။ သမီးက အမေတူသမီးလေးမို့ နည်းနည်းလေးမှ အအေးမခံနိုင်ပါ။ သူ့အမေလိုပဲ ၁၂ရာသိီ လက်ရှည်လေးထပ်ဝတ်ပေးထားရသည့် ကလေးလေး။ အခုလဲ ေလတွေတဖြူးဖြူးတိုက်နေတာကိုသိပေမယ့် အခန်းထဲြပန်မဝင်ချင်တာကြောင့် သမီးကို ကျစ်နေအောင်ထွေးဖက်ထားရင်း လမ်းဆက်လျှောက်နေလိုက်၏။
"လေတွေတိုက်နေတယ် ကိုကိုရဲ့၊ သမီး နေမကောင်းဖြစ်တော့မှာပဲ၊ ပေး ပေး သမီးကို ခက် ခေါ်သွားမယ်''
"ဘာလဲ ဘာလဲ၊ မပေးပါဘူး ဘာကိစ္စပေးရမှာလဲ မပေးဘူး၊ မင်း သမီးကို ဟိုအိမ်ခေါ်သွားမလို့မဟုတ်လား၊ ခေါ်မသွားရဘူး''
သမီးကိုချီဖို့ကမ်းနေသည့် သူမရဲ့လက်တွေကို ပုတ်ထုတ်ပစ်ရုံမက အသည်းအသန်ငြင်းဆန်နေသည့် ကိုကို့ကို ခက် မျက်လုံးဝိုင်းလေးဖြင့် စိုက်ကြည့်လိုက်ပြီးမှ သမီးကိုဟိုအိမ်ခေါ်သွားမှာစိုးရိမ်နေသည့် ကိုကို့ရဲ့စိတ်ကို နားလည်သွားကာ...
"ခက်က နှင်းဆီမြိုင်ကို မသွားသေးပါဘူး၊ ခဏနေပြီး ရေချိုးပြီးမှသွားမှာ၊ အခု သမီးကိုခေါ်တာက ဒီမှာအေးလို့လေ၊ သမီးက အအေးမှမခံနိုင်ဘဲ''
"ကိုယ်သိပါတယ်၊ အခန်းထဲပြန်ဝင်ဖို့က မင်း ဖုန်းပြောနေလို့''
"ခက် ဖုန်းပြောတာ ဘာဖြစ်နေလို့ ကိုကိုက ဒီလိုအပြင်ထွက်ရှောင်ပေးနေတာလဲ''
"ရှောင်ပေးတာမဟုတ်ဘူး၊ မင်း ပြောနေတဲ့စကားတွေက ကိုယ် မကြိုက်တဲ့စကားတွေမို့်လို့ မကြားချင်လို့ တမင်ထွက်လာတာ''
"နေပါဦး မကြားချင်ရအောင် ခက်တို့က ဘာတွေပြောနေလို့လဲ''
"ဘာတွေပြောတယ်ဆိုတာထက် မင်း ဘယ်သူနဲ့ပြောနေတယ်ဆိုတာက ကိုယ့်ကိုပိုပြီး စိတ်ဆိုးစေတယ်ကွ၊ ကိုယ် ဒီလောက်မကြိုက်ပါဘူးလို့ပြောနေတဲ့ မေနှင်းစက်နဲ့ မင်း ဘာလို့ပတ်သတ်နေတာလဲ''
"ဒါကတော့ မမကြီးက ခက်ရဲ့အစ်မပဲဟာကို၊ မပတ်သတ်ချင်လို့ရမလား၊ ပြီးတော့ မမကြီးက ဒီကို ကိုကြီးရဲ့စေ့စပ်ပွဲရှိလို့ ခဏတဖြုတ် အလည်သဘောနဲ့ပြန်လာတာလေ၊ အဲ့ဒါကို ခက်က မပတ်သတ်ချင်ဘူးဆိုပြီး မခေါ်မပြောဘဲနေရမှာလား''
"နေရမှာပေါ့၊ သူ့ကြောင့် ကိုယ်တို့မိသားစုလေး တကွဲတပြားမဖြစ်ရုံတမယ်ပဲကျန်ခဲ့တာလေ၊ မင်းက ဒါကိုဘယ်လိုမှမခံစားရဘူးဆိုပေမယ့် ကိုယ်ကတော့ မတူဘူး၊ မင်း အစ်မကို ကိုယ်မုန်းတယ် စိတ်နာတယ်ကွ''
တကယ်လဲ ဂုဏ် နှင်းစက်ကို မကြည့်ချင် မတွေ့ချင်လောက်အောင် မုန်းသည်။ နှင်းစက်ကြောင့် ပူတူး သူ့အနားကနေထွက်သွားဖို့ကြံစည်ခဲ့တာ အကြိမ်ကြိမ်အခါခါပါပဲ။ အားလုံးထဲကမှ အဆိုးဆုံးကတော့ နှင်းစက်အစပျိုးခဲ့သည့်မီးကြောင့် ပူတူး သူ့ဆီကနေ ကွာရှင်းခွင့်တောင်းတဲ့ကိစ္စ။
အဲ့ဒီ့အချိန်တွေကို သူ ဘယ်လောက်တောင်ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရသလဲ။ သူသာ ဇွဲကောင်းကောင်းနဲ့ပူတူးကို သူ့အနားပြန်မခေါ်ခဲ့နိုင်ရင် သူဆုံးရှုံးလိုက်ရမှာက ပူတူးနဲ့အတူ သမီးလေးပါ ဖြစ်သွားမှာ။ အခုချိန်မှ အစစ အရာရာဟာ အဆင်ပြေနေပြီဆိုပေမယ့် ထိုအကြောင်းအရာတွေကိုပြန်တွေးလိုက်တိုင်း သူ့ရင်ထဲမှာ စူးစူးနင့်နင့်နဲ့ကို ပူလောင်နေရဆဲ။ ထိုနည်းတူစွာပင် နှင်းစက်ကိုလဲ အငြိုးကြီးနေဆဲ။
"မင်းက မင်းအစ်မမို့လို့ အားလုံးကိုခွင့်လွှတ်နိုင်ပေမယ့် ကိုယ်ကတော့ လုံးဝ ခွင့်မလွှတ်ဘူး''
"ကိုကို့ကို ဘယ်သူက ခွင့်လွှတ်ခိုင်းနေလို့လဲ၊ ကိုကို မမကြီးကို မတွေ့ချင်ဘူးဆိုတာ ခက် သိပါတယ်၊ သိလို့လဲ ကိုကို့ကို ခက်နဲ့အတူလိုက်ခဲ့ပါလို့ မခေါ်တာပေါ့''
"ေခါ်လဲ မလိုက်ပါဘူး၊ အဲ့လိုပဲ ကိုယ့်သမီးကိုလဲ မင်း ခေါ်မသွားရဘူး၊ မင်းအစ်မက ကိုယ့်သမိီးကို ဘယ်လိုမျိုး မကောင်းတာတွေလုပ်ဦးမလဲဆိုတာ မသိနိုင်ဘူးလေ''
အားမနာတမ်းပြောချသွားသည်က ခက် သိဖူးတဲ့ကိုကိုမှ ဟုတ်ရဲ့လား။ လူတစ်ယောက်ကို ဒီလောက်အထိ အပြစ်တင်ဝေဖန်သည့်စကားမျိုး ကိုကို့ပါးစပ်က တစ်ခါမှမထွက်ဖူး၍ ခက် အထူးအဆန်းဖြစ်နေစဥ်မှာပဲ ကိုကို အနားကနေချာခနဲလှည့်ထွက်သွားတော့သည်။ ခက် ကိုကို့နောက်ကနေလိုက်သွားတော့ ကိုကိုက သမီးကိုကုတင်ပေါ်အသာချကာ ကုတင်အောက်က အရုပ်ကလေးများကို ကောက်နေ၏။ ကြည့်ရတာ သမီးနဲ့အတူဆော့မလို့ဖြစ်လောက်သည်။
ခုနက ကိစ္စကိုဆက်ပြောပြန်ရင်လဲ ကိုကိုနဲ့ခက် စကားများရမှာကိုစိုးရိမ်တာကြောင့် နှင်းဆီမြိုင်ကို သွားဖို့ပြင်ဆင်ရန်တွေးကာ ရေချိုးခန်းဘက်လျှောက်သွားလိုက်၏။ အစက သမီးလေးနဲ့အတူ ကိုကို့ကိုပါ ချော့ခေါ်သွားဖို့တွေးထားပေမယ့် ဟိုအိမ်သွားဖို့အရေး ခါးခါးသီးသိီးဖြစ်နေတဲ့ကိုကို့ကြောင့် ခက် လက်လျော့လိုက်ရ၏။
ခက် ရေချိုးပြီးပြန်ထွက်လာတော့ ဟိုသားအဖနှစ်ယောက်က ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်လို့နေချေပြီ။ ထုံးစံအတိုင်း အဖေကိုသိပ်ကပ်လွန်းသည့် သမီးလေးက ကိုကို့ရဲ့ရင်ဘတ်ပေါ်မှာ မှောက်ခုံလေးအိပ်ပျော်နေလေရဲ့။ ဒါ သမီးကို ခက်ခေါ်သွားလို့မရအောင် ကိုကို ချော့သိပ်တဲ့နည်းပဲဖြစ်မည်။
ထိုနေ့က ခက် မမကြီးဆီကို တစ်ယောက်တည်းပဲသွားလိုက်ရသည်။ နောက်ပြီး ခေါင်းမာလွန်းသည့်ကိုကို့ကြောင့် မမကြီး ပြန်တာပြန်ရော သမီးလေးကိုတွေ့မသွားလိုက်ရရှာပေ။ ကိုကို သူ့သမီးကိုချစ်လွန်းသည်က အဲ့ဒီ့လိုမျိုး။
>>>>>>>>>><<<<<<<<<<
"ဂူးဂူး နင်မပြန်ခင် ခက့်ကို အီဆူဟို ဇာတ်လမ်းအသစ်လေး ပေးခဲ့ဦးနော်''
"အေးပါ အခု တစ်ခါတည်းကူးထားလိုက်လေ၊ တော်ကြာ ပြန်ရင်မေ့သွားမှာစိုးလို့''
"အမလေး... မေ့လို့တော့မဖြစ်ပါဘူးနော်၊ ခက့်ရဲ့အသည်းအသက်လေးကို လုပ် လုပ် အခု ချက်ချင်းကူးမယ်''
အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရသည့် ပူတူးရဲ့ အသံစွာစွာလေးကြောင့် ဂုဏ့်ရဲ့မျက်နှာတင်းခနဲဖြစ်သွားရ၏။ ဘာတဲ့ 'ခက့်ရဲ့ အသည်းအသက်လေး'ဆိုပဲ။ တစ်သက်နဲ့တစ်ကိုယ် သူ့ကိုတောင် ဒီလောက်နုနုရွရွလေး မခေါ်ဖူးတဲ့သူမက ဟိုကင်မ်ချီမြေက အဖြူကောင်ကိုကျမှ အသည်းအသက်တဲ့။
"ပူတူး''
"အယ်.. ကိုကို ပြန်လာပြီလား''
"အင်း... အဲ့ဒါ ဘာလုပ်နေတာလဲ''
ဖုန်းတစ်ယောက်တစ်လုံးစီနဲ့ အလုပ်ဖြစ်နေကြသည့်နှစ်ယောက်ကို ဂုဏ် အမြင်မကြည်သလိုဝေ့ကြည့်ရင်းမေးလိုက်တော့ ပူတူးက ဖုန်းကိုကြည့်လျက်ကပင်....
"ဇာတ်လမ်းကူးနေတာ၊ အခု Koreaမှာလွှင့်နေတဲ့ ဇာတ်လမ်းလေ၊ အရမ်း အရမ်းမိုက်တာ မင်းသားက ခက့်ရဲ့အချစ်ဦးလေးလေ အဟွင်း.. ခစ်.. ခစ်..
သူ့ကိုတစ်ချက်ကလေးမှ မော့ကြည့်မလာဘဲ သူပြောချင်တာတွေပဲပြောနေတာမို့ ကွက်ခနဲမည်းပုပ်သွားသည့် သူ့မျက်နှာအနေအထားကိုလဲ သိမည်မဟုတ်။
"အဲ့ဒီ့ဖုန်းကို ခဏထားခဲ့ပြီး ကိုယ်နဲ့ခဏ လိုက်ခဲ့ဦး''
"ဘာလုပ်ဖို့လဲ''
"လိုက်ခဲ့ဆို လိုက်ခဲ့စမ်းပါ ပူတူးရာ၊ လာ ထ''
"ဂူးဂူး ခက့်ဖုန်းထားခဲ့မယ်နော်၊ သေချာလေး ထည့်ပေးခဲ့ကြားလား''
"အေးပါ''
ကိုမျိုးရိုးဂုဏ်ရဲ့လက်ထဲကနေ စိတ်မချစွာလှမ်းပြောနေသည့် သူငယ်ချင်းကို ဂူးဂူး ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် အာမခံလိုက်တော့ သူမကို စူးရဲစွာ ချာခနဲကြည့်လာသည့် ကိုမျိုးရိုးဂုဏ်။
!! ဘာလဲဟ !!
အိမ်ထဲဝင်လာကတည်းက မျက်နှာကြီးတင်းမာနေသည့် ကိုမျိုးရိုးဂုဏ်ကို ဂူးဂူး နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။ ထို့နောက် လက်ထဲမှာရှိနေသည့် ဖုန်းတွေဆီကို အာရုံပြန်ပို့လိုက်ကာ ဇာတ်လမ်းကူးခြင်းအမှုကို ဆက်လုပ်ေနလိုက်သည်။
"ကိုကိုနော် ဘာမဟုတ်တဲ့ကိစ္စနဲ့ ခက်ကို လာပြီးရစ်မနေနဲ့''
"ဘာကို ဘာမဟုတ်တဲ့ကိစ္စလဲ ပူတူး၊ မင်း ကိုယ်မရှိဘူးဆိုပြီး လုပ်ချင်တာ လုပ်နေလို့ ကိုယ်ပြောနေရတာ''
"ခက်က ဘာလုပ်နေလို့လဲ?''
ဂူးဂူး ဖုန်းတွေဆီအာရုံရောက်နေခိုက် မိခက်ရဲ့စိတ်ဆိုးမာန်ဆိုးအသံကြောင့် ထိတ်ခနဲဖြစ်သွားရ၏။ ဒီနှစ်ယောက် ဘာတွေအဝေမတည့်ဖြစ်နေကြသည်မသိ။ အခန်းထဲကနေ လှိုဏ်ခနဲ လှိုဏ်ခနဲထွက်လာသည့် အသံတွေက စူးစူးရဲရဲ။
"ပြောလေ ခက်က ဘာလုပ်နေလို့လဲလို့''
"ကလေးက ကလေးလိုမနေလို့လေ''
"ဘာကိုလဲ''
"မင်း အခု ဂူးဂူးဆီက ကိုရီးယားကားတွေကူးနေတာမဟုတ်ဘူးလား''
"အင်းလေ အဲ့ဒါ ဘာဖြစ်လို့လဲ''
"ဘာဖြစ်ရမှာလဲကွ၊ ကလေးက ကိုရီးယားကားကြည့်စရာလား''
အခန်းထဲကနေပျံ့လွင့်လာသော ကိုမျိုးရိုးဂုဏ်ရဲ့ ထူးဆန်းဖွယ်စကားကြောင့် ဂူးဂူး ရယ်ချင်ပက်ကျိဖြစ်သွားရ၏။ ပြဿနာလုပ်စရာရှားလို့ ကိုရီးယားကားကူးနေတာက အပြစ်တဲ့လေ။ ဒီလူ ဘယ်လိုလူပါလိမ့်။
"ခက်ကြည့်ချင်လို့ ခက် ကူးတာလေ၊ ကိုကို့ကို ဘာလုပ်နေလို့လဲ''
"ကြည့်ချင်လဲ မကြည့်ရဘူး''
"ကြည့်မှာပဲ ခက်ဟာခက် ပျင်းလို့ကြည့်တာကို ကိုကိုလာပြီး ချုပ်ခြယ်ချင်မနေနဲ့''
"ပျင်းရင် ကာတွန်းကားကြည့်ပေါ့ကွ၊ ကိုယ် မင်းအတွက် downပေးထားတဲ့ ကာတွန်းကားတွေ ကွန်ပျူတာထဲမှာအများကြီးပဲ၊ အဲ့ဒါတွေကြည့်လေ''
"မကြည့်ချင်ပါဘူး၊ ကာတွန်းကားကြည့်ရအောင် ခက်က ကလေးလဲမဟုတ်ဘူး''
"ကလေးမဟုတ်ရင် လူကြီးလား၊ မင်း ဒီလောက် လူကြီးဖြစ်ချင်နေရင် လူကြီးပီပီသသနေလေ၊ သမီးကိုတောင် ကောင်းကောင်းမွန်မွန်မထိန်းတတ်ဘဲနဲ့များ လူကြီးလုပ်ချင်နေသေးတယ်''
"ဘာကိစ္စနဲ့ သမီးကို မထိန်းတတ်ရမှာလဲ၊ ထိန်းတတ်တယ် ထိန်းတတ်တယ် သိရဲ့လား၊ ဟိုမှာ သမီးကိုမြင်တယ်မဟုတ်လား၊ ခက် ချော့သိပ်ထားလို့ အိပ်တောင်အိပ်နေပြီ''
ပူတူးလက်ညှိုးညွှန်ပြသည့် အခန်းထောင့်ကိုကြည့်လိုက်မှ ဟုတ်ပါရဲ့။ ပုခက်ထဲမှာ အိပ်ပျော်နေသည့် သမီးလေး။ ပုံမှန်ဆိုရင် သမီးက သူချော့သိပ်မှ အိပ်နေကျဆိုပေမယ့် အခုတော့ ထူးထူးဆန်းဆန်း ပူတူးချော့သိပ်တဲ့အတိုင်း အိပ်ပျော်နေသည့်ပုံဖြင့်။
"ကိုကိုသာ ဒီနေ့တစ်နေကုန် ခက်တို့သားအမိကိုပစ်ထားပြီး သွားချင်ရာသွားနေပြီးတော့များ''
"ဟေ့.. ဟေ့... ကိုယ်သွားတယ်ဆိုတာက မင်းတို့သားအမိအတွက် အလုပ်သွားလုပ်တာကွ၊ အပျော်ကိစ္စမဟုတ်ဘူး''
"အဲ့ဒီ့အလုပ်မှာ ကိုကို အပျော်တွေရှိနေမလားမှ ခက် မသိနိုင်ဘဲ''
"ဘာကို ပြောချင်နေတာလဲ''
"ကိုကို့ ကုမ္ပဏီမှာ ခက့်ထက်လှတဲ့မမတွေ အများကြီးရှိတာခက်သိတယ်၊ အဲ့ဒါကြောင့် ကိုကို အလုပ်မသွားရ မနေနိုင်ဖြစ်နေတာနေမှာပေါ့''
"မဆိုင်တာတွေမပြောနဲ့ကွာ''
"ပြောမှာပဲ ပြောမှာပဲ၊ သူကျတော့ ကလေးအဖေနဲ့မတူအောင် ကျော့ကျော့မော့မော့တွေပြင်ပြီး အပျိုလေးတွေကြား တလှုပ်လှုပ်လုပ်နေပြီးတော့အိမ်ထဲမှာနေခဲ့ရတဲ့ ခက်ကိုကျတော့ ကိုရီးယားကားလေးကြည့်ဖို့တောင် ချုပ်ခြယ်ချင်နေတာ၊ ကိုကို့ကို ကိုကို တရားလားလို့ပြန်တွေးကြည့်ပါဦး''
ဖြစ်နေကြသည့် ပြဿနာက ဘာလဲမေးရင် ရှက်စရာပင်ကောင်း၏။ ကိုရီးယားကားကြည့်ဖို့ကို သဝန်တိုနေသည့် ယောက်ျားနဲ့ ကိုရိီးယားကားမကြည့်ရလို့ ဂျစ်တိုက်ပေကပ်နေသည့် မိန်းမဆိုးလေး။
"ခက့်ကို လူကြီးဆန်ဆန်နေမှ ကိုရီးယားကားကြည့်ခွင့်ပေးမယ်ဆိုလဲ ရတယ်၊ အခုကစပြီး ခက် လူကြီးဆန်ဆန်နေပြမယ် ဟွင့်..
"ကိုယ်ပြောချင်တာ ဒီလိုမဟုတ်ဘူးဆိုတာ မင်းသိပါတယ်၊ တကယ်က ကိုယ် သဝန်တိုလို့လေ၊ မင်းက ကိုရီးယားကားတွေကြည့်ပြီးရင် အဲ့မင်းသားတွေကို မမေ့နိုင်မပျောက်နိုင်တွေဖြစ်ပြီးတော့...
"အဲ့ဒါ ဘာဖြစ်လဲ၊ သူတို့ သရုပ်ဆောင်တာတော်လို့ ခက်က သဘောကျတာလေ၊ ကိုကို့လို ကိုယ်ဝန်ထမ်းတွေကို ချောလို့ လှလို့ဆိုပြီး နေ့တိုင်းသွားငမ်းနေတာမဟုတ်ဘူး''
"ဟား.... ဘယ်လိုကြီးပြောလိုက်တာလဲ''
"ကြားတဲ့အတိုင်းပဲ၊ ကိုကိုကလေ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတာမျိုး၊ သူ မရိုးသားတိုင်း သူများကို လိုက်ပြီး...
"အူဝဲ... အက်.. အက်..
ခက် စိတ်ဆိုး မာန်ဆိုးနဲ့ ကိုကို့ကို ရန်တွေ့နေစဥ် အက်ခနဲထငိုလိုက်သည့် သမီးကြောင့် စကားစပြတ်သွား၏။ ငိုနေသည့် သမီးကိုတစ်ချက်လှမ်းကြည့်ပြီးတာနဲ့ ကိုကို့ကို မကျေမချမ်း မျက်စောင်းလေးခဲကာကြည့်လိုက်တော့...
"ကိုယ် သွားခေါ်လိုက်မယ်''
"မလိုပါဘူး''ဆိုပြီး ခက် ကိုကို့ကိုတိုးတိုက်ကာ ပုခက်ထဲက သမီးလေးကိုပွေ့ချီလိုက်သည်။
"စိတ်ချ ဒီနေ့ကစပြီး နွေသစ်ခက်တို့ လူကြီးပီသစေရမယ်၊ သမီးကိုလဲ ခက်ပဲထိန်းမယ် ကိုကို မထိန်းစေရဘူး၊ မီးဖိုချောင်လဲ ခက်ပဲဝင်မယ် ဒေါ်ထွေးကို မေမေတို့်ဆီပြန်ပို့လိုက်၊ အို ရှုပ်ပါတယ် အဝတ်လျှော်စက်တွေလဲ ပြန်ရောင်းပစ်လိုက်တော့ ဒီနေ့ကစပြီး တစ်အိမ်လုံးရဲ့အဝတ်တွေ ခက်ပဲ လျှော်ပေးပါ့မယ်၊ ကိုကို့စိတ်ကြိုက် ခက်ကို ခိုင်းချင်တာခိုင်း သိလား''
သူပြောလိုက်တဲ့ 'လူကြီးပီပီသသနေလေ'ဆိုတဲ့ စကားရဲ့နောက်မှာ ပူတူးရဲ့ကပ်ကပ်လန်နေသည့် ရန်တွေ့စကားလေးတွေက စီကာတန်းလျက်။ နောက်ဆုံး သူမလေး သဘောတော်ကျ ပြောချင်ရာပြောစေတော့ဆိုပြီး ဂုဏ် လွှတ်ပေးလိုက်တော့မှ ဒီရန်ပွဲစဲသွား၏။
အခန်းထဲဝင်သွားပြီးကတည်းက ပြန်ထွက်မလာကြသည့် နှစ်ယောက်ကြောင့် ဂူးဂူး အိမ်ပြန်ဖို့အရေး ဘယ်သူ့ကိုနှုတ်ဆက်ရမှန်းမသိဖြစ်နေ၏။ စွွာစွာကြဲနေသည့် မိခက်ရဲ့အသံရော ချော့သလို ခြောက်သလိုပြောနေသည့် ကိုမျိုးရိုးဂုဏ်ရဲ့အသံပါ မကြားရတော့သည့် အခန်းရှေ့တွင် ဂူးဂူး တောင့်တောင့်လေးရပ်ကာ...
"ေဒါက်... ဒေါက်... မိခက်... ဒေါက်...
"ကျွီ.... ချလပ်...
"မိခက် ငါ ပြန်.. ဪ... ကိုမျိုးရိုးဂုဏ်...
တံခါးလာဖွင့်ပေးတဲ့သူကို မိခက်အထင်နဲ့ နှုတ်ဆက်ဖို့ကြံလိုက်ပေမယ့် တကယ်တမ်းထွက်လာသူက ကိုမျိုးရိုးဂုဏ်ပင်။ လက်ထဲမှာကလဲ သမီးလေး နွယ်ကြိုးဂုဏ်ကို ပွေ့ချီထားသေးသည်။
"ပူတူးလေးက အိပ်ပျော်နေပြီ''
"ဟင်... ခုနက မိခက်အသံကြားပါသေးတယ်''
"ဟုတ်တယ် ရန်တွေ့ရတာမောပြီး အိပ်ပျော်သွားတာ၊ ဟိုမှာလေ''ဆိုပြီး အခန်းတံခါးကိုအပြည့်ဖွင့်ကာ ကုတင်ထက်တွင် ကန့်လန့်ကြီး အိပ်ပျော်နေသော မိခက်ကိုမေးငေါ့ပြ၏။ အမလေးဟဲ့ လူကြီးဆန်ဆန်နေတော့မယ်ဆိုတဲ့ မိခက်ပါလား။ ဘာတဲ့ သမီးလေးကို ကိုကို မထိန်းစေရဘူး ခက်ပဲထိန်းမယ်တဲ့။ အခုတော့ကြည့် သူက ကုတင်ပေါ်မှာ ပိုးလို့ပက်လန်အိပ်ပျော်နေပြီး ကိုမျိုးရိုးဂုဏ်က ကလေးကိုချော့လို့။
"မိခက်ကတော့ တကယ်ပါပဲ''
"သူက ကလေးစိတ်လေးလေဗျ''
"အဲ့ဒါ ကိုမျိုးရိုးဂုဏ် အလျော့ပေးလွန်းလို့ သူ ဆိုးနေတာသိလား၊ သူ အရင်က ဒီလိုမဟုတ်ဘူး''
"ဒီလိုဖြစ်အောင် ကျွန်တော် တမင်ပုံသွင်းပေးထားတာ၊ သူ့ကို ကလေးလေးတစ်ယောက်လိုပဲ ပေါ့ပါးလွတ်လပ်စေချင်တာလေ''
"သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေတာပဲ၊ ရှင် ဒီအတိုင်း မိခက်ကို ဘယ်လောက်ကြာအောင် အလိုလိုက်နိုင်မလဲစောင့်ကြည့်ရသေးတာပေါ့''
"စောင့်ကြည့်ပါဗျာ စောင့်ကြည့်ပါ စောင့်ကြည့်ပါ''
"ဟုတ်ပါပြီ၊ ဒါဆို ဂူးဂူးပြန်တော့မယ် ဇာတ်လမ်းကတော့ ကူးပေးခဲ့တယ်နော်၊ တကယ်လို့ ကိုမျိုးရိုးဂုဏ်က မိခက်ကို မကြည့်စေချင်ဘူးဆိုရင် ဖျက်ချင်ဖျက်လိုက်ပေါ့''
"အခုတောင် စိတ်ကောက်သွားတာကို ချော့ချိန်မရလိုက်သေးတာ သူ့ဇာတ်လမ်းတွေကို ဘယ်ဖျက်ရဲမလဲ၊ ရပါတယ် ထားခဲ့လိုက်ပါ၊ ညကျမှ ပူတူးကိုချော့ရင်း အတူတူကြည့်လိုက်တော့မယ်''
တကယ့်ကို အားကျလောက်အောင် အလိုလိုက်ပြီးဂရုစို်က်လွန်းသည့် လူပါဆို။ ခုနကတော့ ဒီဇာတ်လမ်း မကြည့်ဖို့အရေး ရန်တွေဖြစ် စကားတွေများနေပြီး အခုတော့ ဘာတဲ့ ပူတူးကိုချော့ရင်း အတူတူကြည့်လိုက်တော့မယ်ဆိုပဲ။
အိမ်ထောင်ရေးကံရော အချစ်ရေးကံပါကောင်းလွန်းသည့် သူငယ်ချင်းဖြစ်သူကို အားကျခြင်းများစွာြဖင့် ကျောခိုင်းလိုက်စဥ်....
"အူဝဲ... အက်.. အက်.. အွဲ...
"အသံမထွက်နဲ့လေကွာ၊ ဟိုမှာ သမီးမေမေက ဖေဖေ့ကိုစိတ်ဆိုးပြီး အိပ်နေတာဗျ၊ တော်ကြာ သမီးအသံကြားပြီး လန့်နိုးသွားလို့ ဖေဖေ့ကိုပိုအမည်းခံနေရမယ်၊ ပြီးတော့ သမီးကြောင့် သမီးမေမေလန့်နိုးသွားရင် ဖေဖေ သမီးကို ဟိုနှစ်အိမ်ပို့ပစ်မှာဗျ''
အရွယ်မရောက်သေးသည့် ကလေးလေးကိုပင် သူ့မိန်းမနိုးသွားမှာစိုးသည့်စိတ်ဖြင့် ခြိမ်းလိုက် ခြောက်လိုက်လုပ်နေပြန်သည်။ အချစ်ဟာ လူတွေကို နုနယ်ပျိုမျစ်စေတယ်လို့ဆိုကြပေမယ့် ကိုမျိုးရိုးဂုဏ်ရဲ့အချစ်ကတော့ မိခက်ကိုသာ နုနယ်စေသည်ထင်ရဲ့။ သူ ကိုယ်တိုင်မှာတော့ နှောင်ကြိုးဂုဏ်ဆိုသည့် သမီးလေးရဲ့အဖေနေရာသာမက မိခက်ရဲ့ဆိုးနွဲ့မှုတွေကို လိုလိုလားလားကြီးလက်ခံပေးနေလေတော့... အဟွင်း..ကလေးနှစ်ယောက်အဖေကြီးအတိုင်း...
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၄၉)မျှော်
စာရေးသူ-Merida(Tulip)