🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ကိုကို့ရဲ့စာကြည့်ခန်းထဲတွင် ခက် အကျအနထိုင်ကာ စာဖတ်နေရင်းကနေ ဗိုက်ထဲက လှုပ်ရှားမှုလေးကြောင့် ခန္ဓာကိုယ်လေး တောင့်ခနဲဖြစ်သွား၏။
"ဘာဖြစ်တာလဲ''
လက်ထဲက စာအုပ်ကိုချလိုက်ပြီး စူမို့မို့ ဗိုက်လေးကို လက်ဖြင့်အသာကိုင်ကြည့်လိုက်တော့...
"ဟင်..
ဘာဖြစ်တာလဲဆိုသည့် စိုးရိမ်စိတ်လေးဖြင့် အုပ်ကိုင်ကြည့်လိုက်သည့် သူမလက်လေးဆီမှ အထိအတွေ့လေးတစ်ခုကြောင့် ခက် တဖြည်းဖြည်း ပြုံးလိုက်မိ၏။ ဒါ ဒါ ကလေးလေး ကန်နေတာပဲ။
"ဪ... ပူတူးက ဒီရောက်နေတာကို''
ဒီကောင်မလေး ပျောက်သွားလို့ သူနေရာအနှံ့လိုက်ရှာနေလိုက်ရတာ။ သူမလေးကဖြင့် စာကြည့်ခန်းထဲဝင်ပြီး ဘာတွေများလုပ်နေပါလိမ့်နော်။ ဂုဏ် စာကြည့်ခန်းထဲကိုဝင်လာလိုက်ပြီး...
"ပူတူးက စာဖတ်နေတာလား''
"အင်း''
"ဘာလို့ဖတ်နေတာလဲ၊ ပူတူးက ဒီလိုတွေအာရုံစိုက်ရတဲ့အလုပ်မျိုး မလုပ်သင့်ဘူးလေ၊ တကယ်လို့ စာဖတ်ချင်ရင် ကိုကို့ကိုပြောလေကွာ၊ ကိုကိုဖတ်ပြမှာပေါ့''
"ကိုကို့...
"ပြောလေ အသည်းလေးရဲ့ မွ''
ခက်ထိုင်နေတဲ့ဘေးကို ဝင်ထိုင်လိုက်သည့်ကိုကိုက ခက်ကိုသူ့ရင်ခွင်ထဲထည့်ဖက်လိုက်ရင်းမှ ပါးလေးတစ်ဖက်ကိုပါ ငုံ့နမ်းလိုက်သေးသည်။ ခက်ကိုဆို သူမထင်ရင် မထင်သလို နမ်းရှိုက်တတ်တဲ့ ကိုကို့အကျင့်ဆိုးကြီးနဲ့ အသားကျနေတာမို့ ခက်လဲ ရုန်းဖို့ပင်သတိမရတော့ပါ။
"ကိုကို့.. ခက်ရဲ့ ဗိုက်ထဲကလေ..
"ဟင်.. ဘာဖြစ်လို့လဲ ပူတူး၊ ဗိုက်နာလို့လား''
"ဟင့်အင်း မဟုတ်ပါဘူး၊ ဒီမှာလေ''ဆိုပြီး သူ့ရဲ့လက်တစ်ဖက်ကိုဆွဲယူကာ သူမရဲ့ဗိုက်လေးပေါ်တင်လိုက်သည့် ပူတူးကြောင့် သူ အထူးအဆန်းဖြစ်သွားကာ...
"ဘာလဲ ပူတူး''
"ကိုကိုက သေချာအာရုံစိုက်လေ၊ အထဲမှာ ကလေးလေးက ကန်နေတာသိလား''
ထိုအခါမှ ဂုဏ် သတိထားမိသည်။ ဟုတ်ပါရဲ့ ပူတူးရဲ့ ဗိုက်ထဲကနေ တစ်စုံတစ်ရာက သူ့လက်ကိုလာတိုးနေသည်။ ဒါဟာ ပူတူးပြောသလို ကလေးလေးကန်နေတာပေါ့။
"ကိုကိုကလဲ တစ်ခုခုပြောဦးလေ''
"ကိုယ်က ဘာပြောရမှာလဲ ကလေးရဲ့''
"ဟင့်.. တစ်ခုခုပေါ့ အထဲက ပူတူတူးလေးကို ကိုကို တစ်ခုခုပြောပေါ့၊ ခက်ကြားဖူးတာကလေ ကလေးတွေကို ဗိုက်ထဲမှာကတည်းက စကားပြောပေးရတယ်တဲ့''
"ဟုတ်လား ကိုယ်က ဘာပြောပေးရမလဲ''
"အဲ့ဒါကတော့ ကိုကိုပြောချင်တာပြောပေါ့၊ ကိုကို့စိတ်ထဲကနေ ကလေးလေးကိုပြောချင်နေတဲ့စကားပြောလေ''
ခက်ပြောတာကို နားလည်သွားဟန်ြဖင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားသည့် ကိုကိုက ခက်ရဲ့ရှေ့တွင် ခြေဖျားလေးထောက်ထိုင်လိုက်ကာ လက်တစ်ဖက်ကို ခက်ရဲ့ဗိုက်လေးပေါ်တင်ထားပြီး ကျန်တဲ့တစ်ဖက်က ခက်ရဲ့လက်လေးကိုဆုပ်ကိုင်ထားရင်း...
"အထဲက ပေါက်စလေးရေ အခုစကားပြောနေတာက မင်းရဲ့ဖေဖေပါ၊ ဖေဖေ့ကို မင်းရဲ့မေမေက မင်းနဲ့စကားပြောရမယ်လို့ပြောတယ်ကွ၊ အမှန်တိုင်းပြောရရင် ဖေဖေ မင်းကိုဘာပြောရမှန်းလဲ မသိဘူး၊ အင်း... ဖေဖေလေ မင်းကိုတစ်ခုမှာချင်တယ်၊ အဲ့ဒါက ဘာလဲဆိုတော့ မင်းဖေဖေ့ဆီကို အကောင်းမွန်ဆုံးရောက်ရှိလာဖို့ပါပဲ''
ခက့်အလိုကျ ကလေးလေးနဲ့စကားပြောပေးနေသည့် ကိုကို့ကြောင့် ခက် ကျေနပ်ပီတိဖြစ်ကာ ပြုံးလွင့်လွင့်လေးဖြစ်နေရ၏။
"မင်းသိမလားတော့ မသိဘူး၊ မင်းရဲ့မေမေ့မှာ နှလုံးရောဂါရှိတယ်ကွ၊ အဲ့ဒါကြောင့် မင်းကိုမွေးဖို့က သူ့အတွက် အရမ်းကိုခက်ခဲလွန်းနေတယ်၊ ပြီးတော့ ဖေဖေလဲ မင်းမေမေ့ကို အရမ်းစိုးရိမ်နေရတာ''
"ကိုကို''
"ဖေဖေကလေ မင်းမေမေ့ကို အရမ်းချစ်လို့ သူ့ကို နည်းနည်းလေးမှအထိခိုက်မခံနိုင်ဘူးကွ၊ သူ့ကိုထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ဖေဖေ့က ခွင့်လွှတ်မှာမဟုတ်ဘူး၊ အဲ့တော့ မင်းကလဲ မင်းမေမေကို ထိခိုက်အောင်မလုပ်ရဘူးနော် ကြားလား''
"ကိုကိုကလဲ ကလေးကို ဘာတွေလျှောက်ပြောနေတာလဲ''
"ပူတူးပဲ ကိုယ်ပြောချင်တာပြောဆို''
"ဒါတော့ ဒါပေါ့၊ ဒါပေမယ့် ကိုကိုပြောနေတာတွေက ကလေးကို ခြိမ်းခြောက်နေသလိုပဲ''
"ခြိမ်းခြောက်နေတာပဲကို၊ ဒါမှ သူ ကိုယ့်ပူတူးလေးကို ဒုက္ခရောက်အောင်မလုပ်ရဲမှာ''
"ဟာ ကိုကို့...
သူ့စကားကို သဘောတွေ့ပုံမရသည့် ပူတူးဟာ မျက်စောင်းကြီးခဲပြီး ကြည့်လာတာကြောင့် ဂုဏ် လှစ်ခနဲပြုံးလိုက်ရင်း...
"ဟုတ်ပြီ ကိုယ့်ပူတူးက ဒီလိုပြောတာ မကြိုက်ရင် မပြောတော့ဘူးနော်''
"......''
"မပြောတော့ဘူးဆိုပေမယ့် တစ်ခုတော့ပြောပါရစေဦးကွာ''ဆိုပြီး ခက့်ရဲ့ဗိုက်လေးကို လက်နှစ်ဖက်ဖြင့် ထပ်ကိုင်လိုက်သည့်ကိုကိုက...
"အထဲကနေ စွတ်ကန်မနေနဲ့ကွ၊ မင်းကြောင့် ငါ့ပူတူးလေး နာရင် မင်းမလွယ်ဘူးမှတ်''
"ကိုကို့...
အော်လဲ မတတ်နိုင်ဘူး၊ ကိုယ်စိုးရိမ်တာ ကိုယ်ပဲသိတယ်လေ။ဘယ်သူ့အတွက် ဘာ့အတွက်မှ ပူတူးနာကျင်တာကို သူ မမြင်ချင်ပါ။ ဒါဟာ သူ့ရဲ့အတ္တကြီးမှုဟုဆိုလျှင် ဟုတ်တယ် သူ အတ္တကြီးပါတယ်။ ဒါတွေဟာ ပူတူးကိုချစ်လွန်းလို့ဖြစ်လာရတဲ့ အချစ်အတ္တတွေပဲလေ။
>>>>>>>>>><<<<<<<<<<
"ကိုကို ကိုကို ကိုကိုလို့ဆို ကိုကို့..
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဥ် နားနားကပ်ပြီးအော်လိုက်သည့် ပူတူးရဲ့ အသံစူးစူးလေးကြောင့် သူ ခန္ဓာကိုယ်ကြီးပါ ဆတ်ခနဲတုန်သွားပြီး...
"ဘာလဲ ဘာလဲ ပူတူး ဘာဖြစ်လို့လဲ''
"ဘာမှမဖြစ်ပါဘူး ကိုကိုအိပ်ပျော်နေပြီလားလို့ ခေါ်ကြည့်တာ''
"ဘာ...
"ဟုတ်တယ် ကိုကို အိပ်ပျော်သွားပြီလားဆိုတာ သိချင်လို့''
"ပူတူး... မင်းကွာ.. ကျစ်...
သူ့မှာတော့ ပူတူး တစ်ခုခုများဖြစ်လားဆိုပြီး စိုးရိမ်စိတ်ဖြင့် ရင်တွေပါပူထူသွားရပေမယ့် သူမလေးကတော့ အိပ်ပျော်သွားပြီလားသိချင်လို့ ခေါ်ကြည့်တာတဲ့။ ဘယ်လောက်တောင် ဆွဲကိုင်ပေါက်ပစ်ချင်စရာ ကောင်းလိုက်ပါသလဲ။
"မင်း ဘယ်လိုကလေးလဲကွာ၊ ဒီမှာ ကိုယ်အိပ်နေတာကို မမြင်ဘူးလား''
"မြင်တယ်လေ၊ မြင်လို့ တမင်ခေါ်လိုက်တာ''
"ဘာလုပ်ဖို့ခေါ်တာလဲ''
"ဘာမှမလုပ်ပါဘူး၊ ကိုကိုကအိပ်ပျော်နေတော့ ခက်တစ်ယောက်တည်းပျင်းသလိုကြီးဖြစ်နေလို့ တမင်နှိုးလိုက်တာ''
"ပူတူးကကွာ၊ ကိုယ် ညက မင်းကိုစိတ်မချလို့ တစ်စက်ကလေးမှအိပ်မပျော်လို့ အခု အိပ်တာလေ၊ ဘာလို့ ဒီလောက်ဆိုးရတာလဲ''
အိပ်ကောင်းနေတုန်း အတင်းလာအော်နှိုးသည့်ပူတူးကို သူ စိတ်ဆိုးဆိုးဖြင့် အပြစ်တင်လိုက်တော့ ချက်ချင်းဆိုသလို နှုတ်ခမ်းလေးစူသွားသည့် သူ့ရဲ့အဆိုးလေး။
နှုတ်ခမ်းစူသွားလဲ မတတ်နိုင်ဘူး။ ညက ပူတူးဖျားချင်သလိုလိုဖြစ်နေလို့ သူ့မှာ စိတ်ဖြောင့်လက်ဖြောင့် မအိပ်နိုင်ဘဲ အိပ်ပျော်နေသည့် ဒီအဆိုးလေးကို သူတစ်ညလုံးငုတ်တုတ်ထိုင်စောင့်နေခဲ့ရတယ်မဟုတ်လား။
မိုးလင်းလို့ ပူတူးသက်သာတယ်လို့ပြောမှ သူ့မှာဟင်းချနိုင်သည့်အဖြစ်။ ပူတူးအတွက် မနက်စာစီစဥ်ပေးပြီး ပူတူးရဲ့မျက်နှာလေး ရွှင်ရွှင်လန်းလန်းဖြစ်နေတာကိုမြင်ပြီးမှ သူ ပြန်အိပ်နေတာပါ။ အခုတော့ကြည့် သူ့ကို နည်းနည်းလေးမှ အေးအေးဆေးဆေး မနေစေတဲ့ပူတူးကြောင့် အိပ်နေရာကနေ ကမန်းကတမ်းထထိုင်ရပြန်သည်မဟုတ်လား။
"ဘာကိစ္စမှလဲ မရှိဘဲနဲ့ ကိုယ်အိပ်နေတာကို လာနှောင့်ယှက်ရသလားကွ၊ ကိုယ့်ကို ခဏလောက်လေးတောင် အေးအေးဆေးဆေးနေခွင့်မပေးနိုင်ဘူးလား ဟင် ပူတူး ကိုယ်မေးနေတာဖြေလေ''
"တစ်အိမ်လုံးမှာမှ ခက်နဲ့ကိုကိုပဲရှိတာလေ၊ အဲ့ဒါကို ကိုကိုက အိပ်နေတော့ ခက်ကပျင်းလို့ကို''
"မဟုတ်ပါဘူး မင်း ကိုယ့်ကို တမင်သက်သက် နှောင့်ယှက်ချင်နေတာ''
"မဟုတ်ပါဘူးဆို''
သူဖိဟောက်ပြီးဆူပစ်လိုက်တာနဲ့ ငိုမဲ့မဲ့လေးဖြစ်သွားပြန်သည့် ပူတူးက သူ့ကိုမျက်စောင်းလေးဝဲရင်းမှ...
"ကိုကိုအိပ်ချင်ရင် ဆက်အိပ်ပေါ့၊ ခက်ကတော့ တစ်ယောက်တည်းပျင်းလွန်းလို့မနေနိုင်ဘူး၊ ခက် မေမေ့အိမ်ကိုပြန်မယ်''
"ပြန်ကွာ၊ မင်းပြန်ချင်တဲ့နေရာပြန်၊ ဒီလောက်တောင်ဆိုးတဲ့ကလေးကို ကိုယ်လဲ ဆက်ပြီးမထိန်းချင်တော့ဘူး၊ ပြန်တော့''
"ပြန်မှာပါ အဟင့်... ဟင့်.. ခက်ကလဲ ခက်ကိုအလိုမရှိတဲ့လူတွေနားမှာ မနေဘူး ဟင့်...
ကိုကို့ရဲ့ အလိုလိုက် အလျော့ပေးမှုတွေကြောင့် ခက် အမြဲလိုလိုဆိုးနေမိတာကို ခက် ကို ခက်လဲသိပါတယ်။ အဲ့လိုဆိုးတိုင်းလဲ ခွင့်လွှတ်နားလည်ပေးခဲ့သည့် ကိုကိုက အခုတော့ ခက်ကိုအမှိုက်ထုပ်တစ်ခုလို အလွယ်တကူစွန့်ပစ်ဖို့ပြောထွက်လာတာကြောင့် ဝမ်းပန်းတနည်းငိုလိုက်မိ၏။
အရင်ဆို ခက်ငိုရင် ပျာပျာသလဲချော့တတ်သည့်ကိုကိုက အခုတော့ ခက်ကိုကျောပေးကာ ပြန်အိပ်နေ၍ သူမဝမ်းနည်းတာအပြင်စိတ်ပါဆိုးသွားကာ ဗီဒိုဘက်ကိုလျှောက်သွားလိုက်ပြီး ဗီဒိုတံခါးကို ဒိုင်းခနဲနေအောင်ကန်ပစ်လိုက်၏။ ဒါဟာ ကိုကို သူမကိုပြန်လှည့်ကြည့်လာစေဖို့။
သူမရဲ့အကြံအောင်မြင်ပါတယ်။ ကျယ်လောင်စွာပေါ်လာသည့် အသံကြောင့် ကိုကိုက သူမကိုခေါင်းလေးထောင်ကြည့်လာတာမို့ ခက် ဗီဒိုထဲကအဝတ်တွေကိုဆွဲယူကာ ခရီးဆောင်အိတ်ထဲပစ်ထည့်လိုက်တော့....
"အဲ့ဒါ ဘာလုပ်နေပြန်တာလဲ''
"မေမေ့ဆီပြန်မလို့... ရွှတ်..
"ပူတူး မင်းဘယ်လိုဖြစ်နေတာလဲ၊ ကိုယ် ဒီမှာ အရမ်းကိုအိပ်ချင်လို့ပါဆိုကွာ၊ တစ်နာရီလောက်ပဲ ငြိမ်ငြိမ်လေးနေလို့မရဘူးလား''
"ရှင်အိပ်ချင်အိပ်ပေါ့၊ ခက်ဟာခက် မေမေ့ဆီပြန်ဖို့လုပ်နေတာ''
"ကျစ်... ပူတူးကကွာ..
နောက်ဆုံး သူကပဲစိတ်လျော့လိုက်ကာ ကောက်ကွေးနေသည့်ပူတူးအနားကိုသွားရပ်လိုက်ရ၏။ သူလာရပ်နေတာကို သိလျက်နဲ့ တစ်ချက်ကလေးတောင်လှည့်ကြည့်မလာတဲ့ ပူတူးဟာ ငိုရှိုက်ရင်းကနေ အဝတ်တွေကို ထုပ်ပိုးနေဆဲ။
သူမလေးသဘောကျ လုပ်ချင်တာလုပ်စမ်းဆိုပြီး ဂုဏ် လက်ပိုက်ပြီးကြည့်နေမိ၏။ ဆိုးတယ်။ အရမ်းကိုဆိုးတယ်။ နေ့လဲနေ့မို့လို့ ညလဲညမို့လို့ သူ့ကိုဂျီကျပြီးဆိုးနွဲ့လွန်းတဲ့ ကောင်မလေးမို့ သူ့မှာ အခုကတည်းက ကလေးအဖေကြီးတစ်ယောက်လို စိတ်ရှည်သည်းခံနေရသည်။ ဒါလဲ သူမလေးက ကျေနပ်သေးပုံမရပါ။
အခုပဲကြည့်လေ တစ်လျှောက်လုံးသူမလေး ဆိုးနွဲ့သမျှ သူသည်းခံခဲ့တာကိုတော့ သတိမရဘဲ အခု သူပြောလိုက်သည့် ပြန်ဆိုတဲ့စကားကို အထအနကောက်ပြီး တကယ်အထုပ်အပိုးတွေပြင်နေတယ်မဟုတ်လား။ သူ့သဘောအတိုင်းသာဆိုရင် ဒီလောက်ဆိုးလွန်းသည့်ကလေးကို လုပ်ချင်ရာလုပ်ဆိုပြီး ပစ်ထားလိုက်ဖို့တွေးမိပေမယ့် တကယ်တမ်းကျတော့ သူ့မှာပစ်မထားရက်။ ဒါ့အပြင် မွေးခါနီး ဖွားခါနီးကြီးကို သူမလေးစိတ်ဆင်းရဲရတာမျိုးလဲ မဖြစ်စေချင်ပါ။ ဒါ့ကြောင့် အပြာနုရောင် ဗိုက်ဖုံးဂါဝန်ဖားဖားလေးနဲ့ တရွှတ်ရွှတ်ငိုနေရင်းကနေ လှုပ်လှုပ်ရှားရှားလေးလုပ်ကိုင်နေသည့် သူ့ရဲ့ကလေးကို ခါးလေးမှဖက်လိုက်ပြီး လည်တိုင်လေးကိုဖိကပ်နမ်းရှိုက်ပစ်လိုက်တော့....
"ဟင့်အင်း... သွား ခက်အသားကိုမထိနဲ့''
"ကလေးကကွာ''
"ဟင့်အင်း...
ခက် ရုန်းပေမယ့် လွှတ်ပေးခြင်းမရှိသည့်ကိုကိုက ပါးလေးပေါ်ဝဲကျနေသည့် ဂုတ်ဝဲဆံပင်နွဲ့နွဲ့လေးများကို နားနောက်ညှပ်လိုက်ပြီး ပါးလေးကိုပါ ရွှတ်ခနဲနေအောင် နမ်းလိုက်ပြန်သည်။
"သွားနော် ခက်ကို အခုမှ လာချော့မနေနဲ့''
"မချော့ပါဘူး ဘယ်သူက ချော့မယ်ပြောလို့လဲ''
"ကိုကို့..
"ဗျ''
"ခက်ကို စိတ်တိုအောင်လာမလုပ်နဲ့နော်၊ ခက် ကိုကို့ကို တကယ်စိတ်ဆိုးတယ်သိလား''
"ဟော... ကိုကိုက အသည်းလေးကို ဘာလုပ်လို့လဲ''
"ဘာလုပ်လို့လဲ ဟုတ်လား၊ ဟင့်... ကိုကိုပဲ ခုနက ခက်ကို အတင်းနှင်ထုတ်နေပြီးတော့ အဟင့်...
"မငိုရဘူးလေကွာ''
အငိုသန်လေးကတော့ ထုံးစံအတိုင်း ဘယ်လောက်ချော့ချော့ ဝအောင်ငိုတော့မယ်ဆိုတာကို ဂုဏ်သိတာကြောင့် သက်ပြင်းတစ်ချက်ရှိုက်ကာ...
"ဆက်ငိုနေရင် ကိုယ့်ကလေးမောမှာပေါ့''
"သေသေ၊ ကိုကိုမှ ခက်ကို အရင်လိုမချစ်တော့တာ''
မျက်ရည်စတွေကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ထိန်းထားရင်းမှ ေအာက်နှုတ်ခမ်းလေးထော်ပြီးပြောနေပုံက သူ့အသည်းကို ပုရွက်ဆိတ်ကိုက်နေသကဲ့သို့။
"ကိုကိုက ခုနအိပ်ချင်နေလို့လေ''
"ဘယ်လိုပဲဖြစ်ဖြစ် ခက်ကို ကိုကိုက ရှုပ်တယ်လို့ထင်နေတာတော့ သေချာတယ်မလား''
"မဟုတ်တာကွာ''
"ဟုတ်ပါတယ်၊ ခက့်ကို ကိုကို စိတ်ပျက်နေတာကို ခက်သိတယ်၊ စိတ်ချပါ ကိုကိုစိတ်ပျက်နေတဲ့ခက်ကို ကိုကို နောက်တစ်ခါ ထပ်မတွေ့စေရဘူး၊ ခက် မေမေ့ဆီကို အပြီးပြန်တော့မှာ''
"ဘယ်သူက ပြန်ခိုင်းလို့လဲ''
"မပြန်ခိုင်းလဲ ခက်က ပြန်မှာပဲ''
"ကိုယ့်အနားကနေထွက်သွားချင်ရင် ပူတူးဗိုက်ထဲက ကိုယ့်သမီးလေးကို ကိုယ့်ဆီပေးခဲ့မှရမယ်''
"ဘယ်လို''
"ဟုတ်တယ်လေ၊ ကိုယ့်ကိုထားခဲ့ဖို့တွေးပြီး ကိုယ့်သမီးကိုတော့ ခေါ်သွားချင်လို့ရမလား''
"ဒါဆို ကိုကိုက ခက်ထက် ဗိုက်ထဲက ကလေးကို.... အဟင့်.. ဟင့်... ဟီး...
"ဟာ... ပူတူးလေး.. မင်းကတော့ကွာ... ကျစ်...
"ကိုကိုက ခက်ထက်ပိုပြီး ကလေးကိုချစ်နေတာ''
"ကလေးထက် မင်းကိုပိုပြီးအလေးထားတာတွေကိုတော့ မေ့ပစ်လိုက်တာလား''
"ဘယ်တုန်းကလဲ ဘယ်တုန်းက ခက်ကို ကလေးထက်ပိုပြီး ကိုကို ဦးစားပေးခဲ့လို့လဲ အဟင့်.. ဒီကလေး တစ်ခုခုဖြစ်မှာစိုးလို့ ခက်ကို ဟိုဟာမစားရဘူး ဒီဟာမစားရဘူးဆိုပြီး လိုက်ပိတ်ပင်နေခဲ့ပြီးတော့.. အဟင့်...
ကြံဖန်ပြီးကို ရစ်နိုင်တဲ့ကလေးပါဆို။ ပြဿနာရှာစရာဆို ကြံဖန်ပြီးတော့ကို ရှာနိုင်လွန်းသည့် အဆိုးအပေလေး။ ငိုရင်းရှိုက်ရင်းကနေ နှာတရှုံ့ရှုံ့ မျက်စောင်းတထိုးထိုးဖြစ်နေပုံက အသည်းယားစဖွယ်။
"ပြီးတော့ ခက်ကို ကိုကိုကွာရှင်းမပေးခဲ့တာကလဲ ဒီကလေးကြောင့်ပဲဆိုတာ ခက်သိ...
"ဒါဆို ဒီကလေးကို အခု စွန့်လွှတ်ချင်လား''
"ဟင်...
"ပြောလေ၊ ကိုယ်က မင်းထက် ဒီကလေးကိုပိုပြီးတန်ဖိုးထားနေတယ်လို့ ထင်နေတယ်မလား၊ အဲ့တော့ မင်းယုံအောင် ကိုယ် ဒီကလေးကိုစွန့်ပစ်ပြရမလား''
"ဘာလဲ ဘာတွေပြောနေတာလဲ''
"ကိုယ်တကယ်မက်မောတာက မင်းဆိုတာကို သိစေချင်တာ''
"အဲ့ဒါနဲ့ပဲ ကလေးကို စွန့်ပစ်ဖို့အထိပြောရသလား၊ ကိုကိုက ဒီကလေးလေးရဲ့အဖေမဟုတ်ဘူးလား၊ ဘာလဲ ကိုကို့်မှာ နှလုံးသားမရှိဘူးလား''
"ဟုတ်တယ် မရှိဘူး၊ ရှိတဲ့ နှလုံးသားတစ်ခုက ပူတူးအတွက်ပဲဆိုတော့ တခြား ဘယ်သူ့အတွက်မှ တွေးမပေးနိုင်ဘူး၊ အဲ့တော့ မင်း ကိုယ့်အနားကနေထွက်မသွားဖို့ ကိုယ်ဘာမဆိုလုပ်မှာပဲ၊ အရင်က ကလေးကိုလက်ခံပေးမှ မင်းကိုယ်နဲ့ပြန်ပေါင်းမယ်ဆိုလို့ ကိုယ် ဒီကလေးကို လက်ခံပေးခဲ့တာ၊ အခုလဲ မင်းထက် ကလေးကိုပိုပြီးအရေးပေးတယ်လို့ထင်နေတဲ့အတွေးတွေပျောက်သွားအောင် ကလေးကို စွန့်ပစ်ပြီး ကိုယ်သက်သေပြပေးလို့ရတယ်''
"ကိုကိုပြောချင်တာက...
"အစကတည်းက မင်းရဲ့ကျန်းမာရေးအခြေအနေကြောင့် ဒီကလေးကို ကိုယ်လက်ခံချင်ခဲ့တာမဟုတ်ဘူး၊ ဒါပေမယ့် မင်းက ကလေးကိုလက်ခံပေးမှ ကိုယ်နဲ့ပြန်ပေါင်းမယ်ဆိုတာကြောင့် ကိုယ်လက်ခံပေးခဲ့တာ၊ တစ်နည်းအားဖြင့် မင်းကိုမပစ်နိုင်လို့ ကလေးကိုချစ်ပေးခဲ့တာကွ၊ အဲ့ဒါကို အခုမင်းက ကလေးကိုမင်းထက်ပိုပြီးဂရုစိုက်တယ်လို့ထင်နေရင် မင်းယုံအောင် ကိုယ် ဒီကလေးကို စွန့်လွှတ်ပြမှ...
"ကိုကို့.. တော်ပြီ ဆက်မေပြာနဲ့တော့၊ ကိုကို့စကားတွေကို သမီးလေးကြားသွားမှဖြင့်...
ဗိုက်ဖောင်းဖောင်းလေးကို လက်နှစ်ဖက်ဖြင့် အသာအုပ်ကိုင်ရင်း ပြောလိုက်သည့်ပူတူးကြောင့် သူ ခပ်ဟဟလေးရယ်ကာ...
"ဆက်မပြောစေချင်ရင် မင်းလဲ လက်ထဲကအဝတ်တွေကိုချပြီး ကုတင်ပေါ်မှာ အသာလေး သွားထိုင်နေလိုက်တော့''
"ဒါဆို ကိုကိုလဲ အခန်းထဲကထွက်သွား၊ ခက်ကို ကိုကို့အနားကနေထွက်သွားစေချင်နေလို့ ခက် ကိုကို့ကိုစိတ်ဆိုးတယ်၊ ပြီးတော့ ကိုကို့ကိုခက် မခေါ်တော့ဘူး''
"ဟောဗျာ...
အရစ်တုံးလေးကတော့ ထုံးစံအတိုင်း ရိုးရာမပျက် ရစ်ဆဲပါ။ စူပုတ်နေသည့် မျက်နှာလှလှလေးကြောင့် ဂုဏ်ကပဲ သူမလေးသဘောတော်ကျ အခန်းထဲကထွက်လာခဲ့လိုက်ရတော့သည်။
** အရမ်းကိုဆိုးလွန်းသည့် သူ့ပူတူးရယ်ပါဆို **
>>>>>>>>><<<<<<<<<<<<
ကမ္ဘာကြီးက သူ့ဝင်ရိုးအတိုင်း လည်ပတ်နေပြီး အချိန်တွေကလဲ နေ့တစ်လှည့် ညတစ်လှည့်နဲ့ ခရီးနှင်နေ၏။ အချိန်တွေကုန်သွားတာနဲ့အမျှ လောကကြီးထဲမှာလဲ ပြောင်းလဲခြင်းများစွာ။
ထိုပြောင်းလဲခြင်းများစွာထဲကမှ ခက့်အတွက် အရေးပါဆုံး အရာတစ်ခုက ဖေဖေနဲ့မေမေရဲ့ပေါင်းစည်းခြင်းပါပဲ။ ဖေဖေ့ရဲ့စိတ်ရှည်လက်ရှည် ပိုးပန်းမှုကြောင့် နောက်ဆုံးမှာတော့ မေမေကပဲ အလိုလိုက်လိုက်ရသည်မဟုတ်လား။
နောက်ထပ် ပြောင်းလဲခြင်းတစ်ခုက....
"မိခက်ရေ... ဟဲ့... မိခက်...
"ဘာလဲ ဘာကိစ္စနဲ့ ဒီလောက်အော်ခေါ်နေရတာလဲ''
ခေါ်တာက မိခက်ကိုဆိုပေမယ့် အိမ်ထဲကနေအရင်ဆုံးထွက်လာသည့်သူက ကိုမျိုးရိုးဂုဏ်ပင်။ လက်ထဲမှာကလဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများလက်စွဲဆိုသည့် စာအုပ်ကြီးဖြင့်။
"ဟိုလေ.... မိခက် ရှိတယ်မဟုတ်လားဟင်''
"မရှိလို့ ဘယ်သွားရမှာလဲ၊ ပူတူးနေတဲ့အိမ်ကိုလာမှတော့ ပူတူးရှိမှာပေါ့၊ ဒါကို ဘာလို့စကားတွေရှည်ပြီးမေးနေရတာလဲ''
"ဂူးဂူးက မိခက် အပြင်သွားသလားလို့ပါ''
"ဘယ်မှမသွားဘူး၊ လာ ဝင်ခဲ့''ဆိုပြီး သူကပဲ အိမ်ထဲကို အရင်ဆုံးဝင်ချသွားသည့် ကိုမျိုးရိုးဂုဏ်ကို ဂူးဂူး မျက်စောင်းကြီးလှမ်းထိုးလိုက်၏။
အချိန်တွေကြာသွားပေမယ့် ကိုမျိုးရိုးဂုဏ်ရဲ့ မျက်နှာစူစူပုတ်ပုတ်ကတော့ ပြောင်းလဲခြင်းမရှိ။ ဒီလောက် မျက်နှာကြောတင်းတဲ့လူနဲ့ မိခက်တို့ ဘယ်လိုများနေနိုင်လဲဆိုတာ စဥ်းစားလို့ကိုမရပါ။
"မင်း ဒီအိမ်ကိုမရောက်ဖူးတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်အော်ခေါ်နေတာလဲ ဂူးဂူး''
"ဂူးက အကျင့်ဖြစ်နေလို့ပါ ကိုမျိုးရိုးဂုဏ်''
"အကျင့်ဖြစ်နေရင်လဲ ရအောင်ပြင်၊ မင်းက လာတိုင်းဒီလိုအော်ခေါ်နေတော့ မတော်လို့ ငါ့ကလေးက ပြေးထွက်လာပြီး တစ်ခုခုဖြစ်သွားရင် မင်း ဘယ်လိုတာဝန်ယူပေးမလဲ''
"ဟုတ် နောက်ဆို ဂူးဂူးဆင်ခြင်ပါ့မယ်''
"အင်း''
"ဒါနဲ့ မိခက်က ဘယ်မှာလဲဟင်''
"အခန်းထဲမှာ''
အခန်းဘက်ကို မေးငေါ့ပြပြီးတာနဲ့ ဧည့်ခန်းထဲကိုချိုးဝင်သွားသည့် ကိုမျိုးရိုးဂုဏ်ကို ဂူးဂူး ရပ်ကြည့်နေလိုက်တော့....
"သွားလေ အခန်းထဲကို''
"ဪ.. ဟုတ်ကဲ့''
ထိုအခါမှ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် အခန်းဘက်ကိုလျှောက်သွားသည့် ဂူးဂူးရတီ။ ထို့နောက် ဧည့်ခန်းထဲကိုဝင်ဖို့ပြင်လိုက်စဥ် အခန်းတံခါးခေါက်လိုက်သည့် ဂူးဂူးကြောင့် မဝင်ဖြစ်တော့ဘဲ အခန်းထဲကနေထွက်လာမည့် ပူတူးရဲ့အသံကို နားစွင့်နေမိ၏။
"ဒေါက်... ဒေါက်...
"ကိုကို့ကို မခေါ်ဘူးလို့ ခက်ပြောထားတယ်နော်''
"ဟင်...
အခန်းထဲကနေ စွာလန်ကျဲနေသည့် မိခက်ရဲ့အသံစူးစူးကြောင့် ဂူးဂူး နောက်ကိုလှည့်ကြည့်လိုက်တော့ ဧည့်ခန်းဝကနေ တစ်စုံတစ်ရာကို စူးစမ်းနေဟန်ရှိသည့် ကိုမျိုးရိုးဂုဏ်နဲ့အကြည့်ချင်းဆုံသွား၏။
လက်စသတ်တော့ ဒီနှစ်ယောက် ရန်ဖြစ်ထားကြတာကို။ ဒါကြောင့် ဒီလူကြီး ကုလားမနိုင် ရခိုင်မည်းဆိုသည့်အတိုင်း မိခက်ကို အလျော့ပေးရသမျှ သူမကို ဒေါသတွေထွက်ပြနေတာပေါ့လေ။
"ဒေါက်... ဒေါက်...
မိခက် ငါပါဟ''
"ဂူးဂူးလား''
"အေး ဟုတ်တယ်''
အဲ့ဒီ့နောက် အခန်းထဲက ပူတူးရဲ့အသံလေးငြိမ်ကျသွားပြီး ချပ်ခနဲပွင့်သွားသည့်အခန်းတံခါးလေး။
"လာ ဂူးဂူး အထဲဝင်ခဲ့''
"ခြံထဲသွားရအောင်လေ''
"ဟင့်အင်း မသွားချင်ဘူး၊ တော်ကြာ ငါ့ကိုမြင်နေရလို့ လူတစ်ချို့ စိတ်ဆင်းရဲနေရဦးမယ်၊ လာပါ အခန်းထဲမှာပဲ စကားပြောရအောင်''
ကြည့်။ ဘယ်လောက်တောင် ကလေးဆန်လိုက်တဲ့ ပူတူးပါလဲ။ သူကြည့်နေမှန်းသိလို့ ဒီစကားကို သူ မကြားကြားအောင် ပြောသွားတာ။ မနက်ကကိစ္စနဲ့သူ့ကိုအခဲမကြေနိုင်ဖြစ်နေသည့် ပူတူးကို သူ အူတွေယားနေရသည်။
"နင်တို့က ဘာဖြစ်ကြပြန်တာလဲ''
အခန်းထဲဝင်ဝင်ချင်း မေးလာသည့် ဂူးဂူးကို ခက် မဖြေဘဲ စူစူပုတ်ပုတ်ဖြင့် ကုတင်ပေါ်ကိုဝင်ထိုင်လိုက်၏။
"ဟဲ့ မေးနေတာဖြေလေ၊ ဘာဖြစ်ကြပြန်တာလဲ''
"ဘာဖြစ်ဖြစ်ပေါ့''
"အေးပါ မဖြေချင်ရင်လဲ မမေးတော့ဘူး၊ သေချာတာတစ်ခုကတော့ နင်မှားတာပဲဖြစ်မှာ''
"ဘာပြောတယ်''
"ဟုတ်တယ်လေ၊ နင်တို့နှစ်ယောက်ပြဿနာဖြစ်ကြတိုင်း အဲ့ဒီ်ပြဿနာကိုအစပျိုးတဲ့သူက နင်ပဲမဟုတ်ဘူးလား''
"ဂူးဂူးနော်''
ဂူးဂူးပြောတာမှန်ပေမယ့် မှန်လွန်းတော့ လက်မခံနိုင်ဖြစ်ကာ ခက် ဂူးဂူးကို မျက်စောင်းလေးထိုးရင်း ဆက်မပြောဖို့ တားလိုက်၏။
"မဟုတ်တာကျလို့ ကိုမျိုးရိုးဂုဏ်ကဖြင့် နင့်ကိုဆို အလိုလိုက်တာမှ ဖူးဖူးကိုမှုတ်လို့၊ ဒါကိုပဲ နင့်မှာပြဿနာ ရှာရှာနိုင်လွန်းအားကြီးတယ် တကယ်''
"နင်က ဘာသိလို့ ဒီလိုတွေပြောနေတာလဲ ဟွင့်၊ နင်တို့လူကြီးက အခု ငါ့ကိုစိတ်ကုန်နေပြီသိရဲ့လား၊ သူ့အိမ်မှာမနေစေချင်လို့ ငါ့ကို နှင်ထုတ်နေတာ''
"တော်စမ်းပါ မိခက်ရယ်၊ နင့်စကားကို ယုံရအောင် ငါက အရူးလဲမဟုတ်ဘူး၊ ပေါက်ကရတွေမပြောစမ်းနဲ့''
"တကယ်ပါဆိုမှ''
"တော် တော်၊ တကယ်တွေ နှစ်ကယ်တွေလာပြောမနေနဲ့၊ ငါ အခုလာတာက နင်တို့ပြဿနာကိုနားထောင်ပေးဖို့မဟုတ်ဘူး''
ခက့်ကို မယုံသလိုလိုနဲ့ လျစ်လျူရှုလိုက်သည့် ဂူးဂူးကို ခက် မကျေနပ်စွာ မျက်စောင်းလေးထိုးလိုက်၏။ ပြောလိုက်ရင် ဒီလိုချည်းပဲ။ မသိရင် ခက်ကပဲ ထိန်းမနိုင် သိမ်းမနိုင်ဆိုးသွမ်းနေသည့်အတိုင်း။
"ဂူး နင့်ကိုမေးစရာရှိလို့''
"ဘာလဲ''
"ဟိုလေ.. ကိုကို့ကို လက်ဆောင်ပေးချင်လို့၊ အဲ့ဒါ ကိုကိုက ဘာကြိုက်တတ်လဲဆိုတာ..
"ဘယ်က ကိုကိုလဲ''
အရင်းမရှိအဖျားမရှိတဲ့ ဂူးဂူးရဲ့စကားကို ခက် အလိုမကျစွာ မျက်မှောင်ကျုံ့ရင်းမေးလိုက်တော့ ဂူးဂူးက မျက်နှာရှုံ့ရှုံ့မဲ့မဲ့ဖြစ်သွားကာ လက်ညှိုးလေးဖြင့် နဖူးကိုကုတ်ခြစ်ရင်းမှ...
"ဂူးကို စိတ်မဆိုးဘူးဆိုမှ...
"ဘာကိုလဲ ဂူးဂူးရယ်၊ ပြောစရာရှိတာကို ပြောတာမဟုတ်ဘူး၊ ကွေ့ပတ်မနေနဲ့ ပြော''
"အေးပါ နင်ကလဲ စိတ်ချည်းပဲ၊ ကိုယ့်ကိုကိုယ် မွေးခါနီး ဖွားခါနီးကြီးဆိုတာကိုလဲ သတိရပါဦး''
"အဲ့ဒီ့ကလေးလဲ မြန်မြန်မွေးပြီးမှပဲ၊ မဟုတ်ရင် ခက် ဘာလုပ်လုပ် ဒီမွေးခါနီး ဖွားခါနီးဆိုတာကြီးနဲ့ လာပြီးခြိမ်းခြောက်နေကြတယ်''
"နင့်ကို စိုးရိမ်လို့ပြောနေတာပါ''
"မသိဘူးဟာ၊ ခုနက နင်ဘာပြောမလို့လဲ''
"အဲ့ဒါက ဟိုလေ... တကယ်တော့ မနက်ဖြန်က ဂူးတို့ရဲ့ 6 month anniversityလေ''
"ဂူးတို့ဆိုတာက...
ခက် ထပ်မေးလိုက်တော့ ဂူးဂူးက သူမကိုမချိုမချဥ်လေးပြုံးပြကာ...
"ဂူးနဲ့ကိုကိုဝသန်လေ''
"ဘယ်လို...
အံ့ဩခြင်းများစွာဖြင့် ပွင့်အံထွက်လာသည့် ခက်ရဲ့အသံက ကျယ်ကျယ်လောင်လောင်ကြီးမဟုတ်။ လေသံသာသာ ခပ်တိုးတိုးလေးပါပဲ။
္"ကိုကြီးနဲ့ နင်နဲ့ ဟုတ်လား''
"အွင်း...
ဂူးဂူး ရှက်ဝဲဝဲေလးဖြင့် ခေါင်းလေးငြိမ့်ပြလိုက်သည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် မိခက်ကြောင့် သူမ ဘယ်လိုနေရမှန်းပင်မသိတော့။
"မိခက်ကဟာ ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ''
"မယုံလို့လေ၊ ကိုကြီးက နင့်ကို ၆လကြီးများတောင်ကြာအောင် တွဲတယ်ဆိုတာကို မယုံနိုင်လို့''
"ဘာဖြစ်တယ်''
"ဟုတ်တယ်လေ၊ ကိုကြီးက အရင်ကတည်းက မျက်နှာများတော့ မိန်းကလေးတစ်ယောက်ကို ၆လထိတွဲတယ်ဆိုတာ သိပ်မရှိဘူး၊ အလွန်ဆုံးကြာမှ နှစ်လပဲ၊ အဲ့ဒါ အခု ၆လကြာအောင်တွဲတယ်ဆိုတော့ ထူးဆန်းလို့ပါ၊ ပြီးတော့အဲ့ဒီ့မိန်းကလေးကလဲ တခြားသူမဟုတ်ဘဲ နင့်လို ဂေါက်ကြောင်မဆိုတော့...
"မိခက်နော် ဆက်ပြောရင် ငါတကယ်စိတ်ဆိုးမှာ''
ဂူးဂူး မျက်စောင်းလေးခဲရင်းပြောလိုက်တော့ မိခက်က ပြုံးတုံ့တုံ့ဖြင့်ကြည့်၏။ ကိုကိုနဲ့ သူမတွဲနေတယ်လို့ ပြောလိုက်ရင် မိခက် အံ့ဩသွားပြီး ကံမကောင်းရင် သူမကို လျှို့ဝှက်ထားရကောင်းလားဆိုပြီး စိတ်ဆိုးမယ်လို့ ထင်ခဲ့တာ။ အခုတော့ဖြင့် သူမ တွေးထားသလိုမဟုတ်ဘဲ ကိုကိုက သူမလိုဂေါက်ကြောင်မကို ၆လကြာအောင်တွဲတယ်ဆိုတာကို အံ့ဩတာဆိုတော့ သူမ စိတ်မဆိုးသင့်ဘူးလား။
"မိခက်နော် နင့်မျက်နှာကြီးက စပ်ဖြဲဖြဲနဲ့ ဘာဖြစ်နေတာလဲ''
"ရယ်ချင်နေတာဖြစ်မှာပေါ့ အဟွင်း၊ ကောင်မလေးတစ်ယောက် သနားပါတယ်လေ၊ ပထမဆုံးအနေနဲ့ တွဲလိုက်တဲ့ရည်းစားက မိန်းမတကာနဲ့တွဲခဲ့တဲ့ လူကြီးဆိုတော့...
"ကိုကို့ကို နင် ဒီလိုမပြောနဲ့''
"ဘာလဲ ခက် ပြောတဲ့အထဲမှာ မဟုတ်တာ ဘာပါလို့လဲ၊ နင့်ရဲ့ကိုကိုက ရည်းစားမရှုပ်ခဲ့ဖူးတာကျလို့''
"ဒီလိုပြောကြေးဆိုရင် နင့်ကိုကိုကရော ဘယ်လောက်တောင်ဖြူစင်နေလို့လဲ ဟင်၊ အနှစ်၂၀လောက် နိုင်ငံခြားမှာနေပြီး မိန်းမတွေကို နိုင်ငံခြားစတိုင်လ်တွေနဲ့ ဘယ်အတိုင်းအတာထိ ပတ်သတ်ခဲ့လဲဆိုတာ နင်သိနိုင်လို့လား''
"ခက့်ရဲ့ကိုကိုက ဒီလိုမဟုတ်ဘူး''
သူ့ယောက်ျားကျတော့ နည်းနည်းလေးမှ အပြောမခံနိုင်ဘဲ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ခေါင်းလေးမော့နေအောင် ပြန်ဖြေရှင်းနေပုံက အမြင်ကပ်ချင်စရာ။
"ဘာကို မဟုတ်တာလဲ၊ ကိုမျိုးရိုးဂုဏ် ဟိုမှာ ဘယ်လောက်တောင်ရှုပ်ခဲ့လဲဆိုတာ နင်ကသိလို့လား''
"သိသိ မသိသိဟာ၊ နင် ကိုကို့ကို ဒီလိုမပြောနဲ့''
"ဒါဆို နင်လဲ ငါ့ကိုကို့ကို ဘာလို့လာပြီးပုတ်ခတ်လဲ''
"ခက်က စတာလေ''
တကယ်လဲ စတာပါ။ ဂူးဂူးနဲ့ကိုကြီးတွဲနေကြတယ်ဆိုတာကို သူမ ရိပ်မိနေခဲ့တာကြာပါပြီ။ သူတို့နှစ်ယောက်လုံးက တရားဝင်အသိမပေးသေးလို့ တမင်မသိချင်ယောင်ဆောင်နေခဲ့တာ။ အခု ဂူးဂူးက အသိပေးလာလို့ တမင်ကို စိတ်ဆိုးအောင်စနေတာပါ။ ဒါကိုပဲ ဘယ်တော့မှ ငြိမ်မခံတတ်သည့် ဂူးဂူးက ထုံးစံအတိုင်း ပြန်ပြီးရန်တွေ့လေတော့ မခံချိမခံသာ ဖြစ်ရသူက သူမပါပဲ။
"နင့်ရဲ့ကိုကိုက ဟိုမှာ မိန်းမဘယ်နှစ်ယောက်နဲ့ ရှုပ်ခဲ့လဲဆိုတာကို နင့်ကိုပြောပြဖူးလား၊ ဘယ်ပြောမလဲ သူတောင် သူတွဲခဲ့တဲ့မိန်းမအရေအတွက်ကိုမှတ်မိရဲ့လားမှ မသိတာ''
"ဂူး.... ဂူး....
"ဟင်....
ဂုဏ် ဧည့်ခန်းထဲထိုင်ကာ စာအုပ်ဖတ်နေရာမှ အခန်းထဲကနေ ကျယ်လောင်စွာထွက်ပေါ်လာသည့် ပူတူးရဲ့အသံစူးစူးလေးကြောင့် ဆတ်ခနဲထရပ်လိုက်၏။
"ဘာတွေဖြစ်နေကြတာပါလိမ့်''
ပူတူးရဲ့အသံက ေဒါသထွက်သလိုကြီးဖြစ်နေတာမို့ တစ်ခုခုဖြစ်သွားမှာစိုးရိမ်ကာ အခန်းထဲကိုတလွှားလွှားလျှောက်သွားလိုက်တော့ ကုတင်ပေါ်ထိုင်နေသည့် ဂူးဂူးကို မတ်တပ်ရပ်လျက်ကနေ လက်သီးလေးနှစ်ဖက်ကိုကျစ်နေအောင်ဆုပ်ကာ စားမတတ် ဝါးမတတ်စိုက်ကြည့်နေသည့် သူ့ရဲ့ပူတူးလေး။ ဝတ်ထားသည့် ဗိုက်ဖုံးဂါဝန်လေးကိုမှအားမနာ စူထော်နေသည့်နှုတ်ခမ်းဖူးဖူးလေးက သူမကို သူမ ကလေးလို့များထင်နေသလားမသိ။
"ပူတူး... ကလေး ဘာဖြစ်လို့လဲ''
သူမေးလိုက်တယ်ဆိုတာနဲ့ ခုနက စူပုတ်နေသည့်မျက်နှာလေးကနေ အားကိုးရသွားသည့် ကလေးတစ်ယောက်လို ငိုမဲ့မဲ့လေးဖြစ်သွားတော့၏။ နောက်ပြီး တံခါးဝမှာရပ်နေသည့် သူ့ဆီကို ဘောက်ဆတ်ဆတ်လေးလျှောက်လာပြီး အနားရောက်တာနဲ့ သူ့ရင်ခွင်ထဲတိုးဝင်၍...
"ကိုကို့.. အဟင့်..
"ဘာဖြစ်လို့လဲ ပူတူး၊ နေမကောင်းလို့လားဟင်''
"ခက် ဂူးဂူးကို မခေါ်တော့ဘူး''
"ဟင်...
"ဂူးဂူးက မကောင်းဘူး သိလား ကိုကို''
"ဟုတ်လား''
ဟုတ်လားဆိုတာက သူမရဲ့စကားကို အလိုက်သင့်ပြန်မေးလိုက်တာပါ။ ဒါကိုပဲ ခေါင်းလေးငြိမ့်ပြလာသည့် ပူတူးကြောင့် ဂုဏ် သူမရဲ့ခေါင်းကိုအသာလေးပွတ်သပ်ရင်း....
"သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်ကြတာလား''
"ဂူးဂူးက ခက်ကို စိတ်ဆိုးအောင်အရင်လာပြောတာ''
"မဟုတ်ဘူး ကိုမျိုးရိုးဂုဏ်၊ မိခက်က အရင် ဂူးမကြိုက်တာကိုပြောတာ''
"ဘယ်မှာပြောလို့လဲ၊ ခက်က အမှန်တိုင်းပြောတာကို''
"ဒါဆို ဂူးပြောတာကရော ဘာမှားလို့လဲ၊ ကိုမျိုးရိုးဂုဏ်မှာ နင်မဟုတ်တဲ့ တခြားမိန်းကလေးတွေရှိခဲ့ဖူးတယ်ဆိုတာ မဟုတ်ဘူးလား''
"ဟင်....
ဒီတစ်ခါ အံ့ဩရသူက ဂုဏ်ရယ်ပါ။ ဒီကောင်မလေးတွေ ရန်ဖြစ်စရာရှားလို့ကွာ။ တစ်ချိန်က သူရည်းစားများခဲ့ဖူးတာကို အငြင်းအခုံလုပ်ပြီး ရန်ဖြစ်ရတယ်လို့။ အထူးသဖြင့် ဂူးဂူး။ ဒီကောင်မလေး ဘာကိစ္စနဲ့ ဒီအကြောင်းတွေကို အစဖော်နေရပြန်တာလဲ။ ပူတူးက အခု ရန်ဖြစ်ချင်ဇောနဲ့ သူ့ကိုပြဿနာမရှာသေးပေမယ့် တော်ကြာ ဒီကိစ္စနဲ့သူ့ကိုပြန်ရစ်လာမှဖြင့်... ဟင့်အင်း မဖြစ်ဘူး။ ပူတူးရဲ့မြှားဦး သူ့ဘက်ကိုပြန်လှည့်လာလို့ မဖြစ်ဘူး။
ဂုဏ် ဦးနှောက်ထဲမှာ အပြေးအလွှားတွေးတောလိုက်ပြီးသည့်နောက် ဒီကိ္စ္စကိုဆက်ပြီး မပြောနိုင်အောင်တားမြစ်ဖို့ဆုံးဖြတ်လိုက်ပြီး.....
"ဂူးဂူးရတိီ မင်း ပြန်လိုက်တာ ကောင်းမယ်''
"ကိုမျိုးရိုးဂုဏ်''
"ပြန်လိုက်တော့၊ ငါ့ကလေး ဒါ့ထက်ပိုပြီးစိတ်မဆိုးခင် မင်းပြန်လိုက်တာ ကောင်းမယ်ကွာ''
"ဂူးပြောတဲ့အထဲမှာ...
"တော်ပြီ တော်လောက်ပြီ၊ ဒါ့ထက်ပိုပြီး ထပ်ပြောနေရင် ငါ ဘာလုပ်မိမယ်မသိဘူး၊ သွားတော့ သွားလိုက်တော့''
သူ ဒီလိုထပ်ပြောလိုက်တော့မှ ဆိုးခနဲ ဆတ်ခနဲထပြန်သွားသည့် ဂူးဂူးရတီကြောင့် ဂုဏ် သက်ပြင်းလေးကြိတ်ချလိုက်ရ၏။ တော်သေးတာပေါ့။ သူ့အကြံအတိုင်း သူမတို့နှစ်ယောက်ကို အချိန်မှီခွဲထားလိုက်နိုင်လို့။
"အဲ့ဒါ ကိုကိုမကောင်းလို့ သိလား၊ ကိုကို ရည်းစားများခဲ့လို့ ခက် အခုလိုအပြောခံရတာ''
"ဟင်...
နောက်ဆုံးကျတော့လဲ သူဟာ ပူတူးရစ်သည့်ဒဏ်ကို ခံနိုင်ဖို့ အင်အားတွေသာ မွေးထုတ်ရင်း....
>>>>>>>>>><<<<<<<<<<
ထိုနေ့က ဂုဏ်တို့နှစ်ယောက်ဆီကို ကံကောင်းခြင်းလက်ဆောင်လေး ရောက်ရှိသည့်နေ့ပါ။ တစ်နည်းအားဖြင့် သမီးလေးကိုမွေးသည့်နေ့။ ပူတူးမှာနှလုံးရောဂါရှိနေတာကြောင့် သမီးကို ဒီအတိုင်းရိုးရိုးပဲမွေးဖွားဖို့မလွယ်ကူတာမို့ သူတို့ကြိုက်တဲ့နေ့ကိုရွေးပြီး ခွဲမွေးဖို့ဆုံးဖြတ်ခဲ့ကြ၏။
"ငြိမ်ငြိမ်ထိုင်နေစမ်းပါ ဂုဏ်ရယ်''
ခွဲစိပ်ခန်းထဲကို သစ်ခက်လေးဝင်သွားကတည်းက မထိုင်နိုင်ဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေသည့် မောင်ဖြစ်သူကို မျက်စိနောက်လာတာမို့ ခေတ် မျက်မှောင်ကြီးကြုံရင်းဆူလိုက်၏။ သို့ပေမယ့် သူမစကားကို အရေးမလုပ်တဲ့ဂုဏ်ကတော့ ခုနကပုံစံအတိုင်းသာ ရှိနေ၏။
"ပူတူးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲဟင်''
"ဘာဖြစ်စရာရှိလို့လဲ''
"ဟာ.. မကြီးကလဲ သိရဲ့သားနဲ့ဗျာ၊ ပူတူးမှာ နှလုံးရောဂါရှိနေတယ်မဟုတ်လား''
"အဲ့ဒါ့ကြောင့် ရိုးရိုးမမွေးဘဲ အခုလို ခွဲစိပ်ပြီးမွေးတာလေဟယ်၊ မင်းကို အဲ့ဒါအတွက်စိတ်ပူစရာမလိုဘူးလို့ အန်တီခင်ပြောထားပြီးသားပဲဟာ''
"ဒါပေမယ့်လဲဗျာ၊ မတော်တဆ တစ်ခုခုများချွတ်ချော်သွားရင်.....
"ဟဲ့ ကောင်လေး ဘာလို့ လျှောက်ပြောနေတာလဲ''
သူ့စကားမဆုံးခင် ဝင်ပြီးတားလိုက်သည့် မေမေ။ ပူတူးကိုစိုးရိမ်နေကြသည့်စိတ်တွေဖြင့် စိုးတထိတ်ထိတ်ရှိနေတာမို့ ဒီအချိန် မကောင်းတဲ့စကားတွေကို မကြားချင်တာအမှန်ပင်။ သူကလဲ မပြောချင်ပါဘူး။ ဒါပေမယ့်...
"ကျွီ... ဂျိုင်း.....
သူတို့မျှော်တလင့်လင့်စောင့်စားနေသည့် ခွဲစိပ်ခန်းတံခါးကြီး ပွင့်သွားတာနဲ့ အခန်းထဲကနေ ကလေးငယ်ငယ်လေးကိုပွေ့ကာ ထွက်လာသည့် သူနာပြုဆရာမလေးက သူတို့ကို့ဝေ့ကြည့်ရင်းမှ...
"ဘေဘီနွေသစ်ခက်ရဲ့ အဖေရှိလား?''
"သား ဂုဏ် ခေါ်နေတယ်လေ''
"ဗျာ... ကျွန်တော့်ကိုလား?''
"အေးပေါ့ ဘေဘီနွေသစ်ခက်ရဲ့အဖေပါဆိုတာကို ကျွန်တော်လားမေးနေတယ်၊ ဒီကောင်လေး ကြောင်တောင်တောင်နဲ့''
"မသိဘူးလေဗျာ၊ ကျွန်တော်က သမီးကို နာမည်မှမပေးရသေးတာ၊ အဲ့တော့....
"ကဲပါ စကားကလဲများလိုက်တာ၊ သွား ကလေးသွားခေါ်ခဲ့လိုက်''
သူ့သမီးကိုနာမည်မပေးရသေးတာကို အရစ်ရှည်ပြီးပြောနေတာမို့ ဒေါ်ခင်စောသိုက် စိတ်မရှည်စွာ ဆူပူလိုက်ရပြန်သည်။ ထိုသို့ ဆူလိုက်မှ ဆရာမလေးဆီကိုလျှောက်သွားသည့် သားတော်မောင်က အနားရောက်တာနဲ့ ကလေးကို အရင်မယူဘဲ...
"ကျွန်တော့်ပူတူးကရော...
"ဒီမှာပါ အစ်ကို့ရဲ့ပူတူတူးလေး အဟွင်း၊ ကြာသပတေးနေ့ မနက် ၉ နာရီအတိမှာ သမီးလေးကို ကျန်းကျန်းမာမာပဲ မွေးတယ်ရှင့်''
"ဒီကလေးကိုမေးတာမဟုတ်ဘူး''
"ရှင်...
ဆရာမလေးက သူ့စကားကို နားရှုပ်သွားသည့်ဟန်ဖြင့် မျက်ခုံးတွေတွန့်သွားကာ...
"အစ်ကိုက ေဘဘီနွေသစ်ခက်ရဲ့အဖေမဟုတ်ဘူးလားဟင်''
"ဟုတ်တယ် ညီမရေ ဟုတ်တယ် ဟုတ်တယ်''
"ဪ.. အစ်မကြီး''
ဒေါ်ခင်စောသိုက်ကို အခုမှမြင်သွားဟန်ရှိသည့် ဆရာမလေးက ဂုဏ့်ကိုတစ်လှည့် ဒေါ်ခင်စောသိုက်ကို တစ်လှည့်ကြည့်ကာ...
"ဒါ အစ်မကြီးရဲ့..
"ဟုတ်တယ် ညီမ၊ မမရဲ့သားလေ ညီမလက်ထဲက ကလေးက မမရဲ့မြေးမလေး''
"အယ်... ညီမက အစ်မကြီးရဲ့သားဆိုတာကို မသိလိုက်မိလို့ပါနော်''
"ရပါတယ်ကွယ်''
"မေမေတို့ နှုတ်ဆက်နေတာတွေ ခဏနားပြီး ကျွန်တော့်ပူတူးအခြေအနေလဲ ပြောကြပါဦး''
"အထဲက ညီမလေးလဲ အားလုံးကောင်းပါတယ်ရှင့်''
"ကောင်းရင် ဘာလို့ထွက်မလာသေးတာလဲ''
"ရှင်....
"ကျစ်... မေးနေတာကို မဖြေဘဲ ဘာကြောင်ကြည့်နေတာလဲ၊ ဘယ်မလဲ ကျွန်တော့်ပူတူးက...
"ဟဲ့.. ဪ.. ဒီကောင်လေးကတော့လေ၊ ကလေးမွေးပြီးပြီးချင်း ခွဲခန်းထဲက ထွက်လာတဲ့မိန်းမရယ်လို့ မင်းမြင်ဖူးလို့လား''
စိုးရိမ်စိတ်တွေများလွန်းပြီး ဆရာမလေးကို အော်ငေါက်ချင်နေသည့် သားကို ဒေါ်ခင်စောသိုက် အကျိုးသင့်အကြောင်းသင့်ပြောပြလိုက်တော့မှ အနည်းငယ်ငြိမ်ကျသွား၏။.
"ဒါဆို ညီမ အထဲပြန်သွားလိုက်ဦးမယ်နော် အစ်မကြီး''
"အင်း အင်း ညီမ''
"ဒီမှာ ကလေး''ဆိုပြီး ဂုဏ့်ရှေ့ကို ကလေးထိုးပေးလိုက်သော်လည်း မတုန်မလှုပ်နဲ့ တောင့်တောင့်ကြီးသာရပ်ကြည့်နေသည့် သားကြောင့်...
"ကလေးယူလိုက်လေ သားရယ်''
"ဟင့်အင်း မယူချင်ဘူး၊ ပူတူးဘာမှမဖြစ်ဘူးဆိုတာကို သေချာမြင်ရမှ ကျွန်တော် ဒီကလေးကိုချီမှာ''
"ဟဲ့ကောင်လေး''
သိပ်ကို တယူသန်လွန်းသည့်ဂုဏ့်ကြောင့် ဒေါ်ခင်စောသိုက်ကပဲ ကလေးကို လက်လွှဲယူလိုက်ရသည်။ ဒီကောင်လေးပြောပုံဆိုပုံက မတော်လို့များ သူ့မိန်းမတစ်ခုခုဖြစ်သွားရင် ဒီကလေးကို စွန့်လွှတ်ပစ်လိုက်မလားပဲ။ ဟင်း.. အဖေတစ်ယောက်ရဲ့မေတ္တာတွေ အတော်လေးကို ပြည့်နှက်နေပါလား။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၄၈)မျှော်
စာရေးသူ-Merida(Tulip)