book

Index 46

အပိုင်း (၄၆)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


🎼🎼 နှင်းစက်ကလေးတွေ မြေ​ပြင်သက်ဆင်း

ဆိုင်ခြင်း မဆိုင်ခြင်း ကိုယ်မသိတော့ပါ

ချစ်တဲ့သူကို.. သတိရနေတယ်🎼🎼


🎼🎼 နန်းမဆန်လို့ရယ်.. 

မလှမ်းချင်တာလားကွယ်

သက်ထားရယ် ပြောပြစမ်းပါကွယ်🎼🎼


ညရဲ့တိတ်ဆိတ်မှုကို ဖြိုခွဲလာသည့် ဂီတာသံနဲ့ သီချင်းသံအေးအေးလေးကြောင့် ဧည့်ခန်းထဲတွင် ထိုင်ပြီးစကားပြောနေကြသည့် မေမေရော ခက်ရော ခေါင်းထောင်ကြည့်မိ၏။


🎼🎼 ကျေးငှက်ကလေးတွေ တောင်ပံဖြန့်ရင်း လေထဲပျံဝဲ ကိုယ်လဲလိုက်ပါ

ချစ်တဲ့သူကို လိုက်လို့ရှာနေ🎼🎼


🎼🎼 အချစ်သာရှိရင် ဘဝဟာပြည့်စုံ

သက်ထားရယ် မင်းပြောခဲ့တာပဲ🎼🎼


အသံကတော့ ဖေဖေ့အသံနဲ့ ခပ်ဆင်ဆင်မို့ ခက် မေမေ့ဘက်ကိုလှည့်ကာ...


"ဖေဖေထင်တယ်နော်''

"ဟင်... မသိပါဘူး''


ရှက်ဝဲဝဲလေးပြောကာ မျက်နှာကိုငုံ့ချသွားသည့် မေမေ့ကြောင့် ခက် မှာ ပြုံးမိ၏။ အဟွင်း... ဖေဖေတော့ မေမေ့စိတ်ကိုရအောင် ဂီတာသံပေးပြီး သီချင်းဆိုပြနေပြီ ထင်ရဲ့။ 


🎼🎼 မောင့်သက်ထားရေ... 

သက်ထားကိုချစ်တဲ့ချစ်သူ 

တငေးငေးတွေးလို့ တရေးရေးမြင်🎼🎼


🎼🎼 အိပ်မရတဲ့ ညတိုင်းမှာ 

ဂီတာရယ် ကိုယ်ရယ်ပေါ့ကွယ်..🎼🎼


🎼🎼 သက်ထားကို လွတ်ဆွတ်ရင်းနဲ့ 

ကြေကွဲစွာ တမ်းတမိတော့

အိပ်နေတဲ့ ငှက်ကလေးတွေတောင်

တို့ကို စိတ်ဆိုးသွားကြတယ်🎼


အဲ့ဒီ့ဖေဖေဆိုသည်မှာလဲ မေမေ့ကိုပိုးချင်တာကို အရင်နေ့တွေက လွတ်လွတ်လပ်လပ်ပိုးပါတော့လား။ အခု ခက်ဒီအိမ်ကို လာအိပ်တဲ့ညမှ လာပိုးရတယ်လို့။ တကယ်ပါဆို။ နောက်ပြီး မေမေ့ကိုလဲ ကြည့်ဦး။ ဖေဖေ့သီချင်းသံကို နားထောင်ပြီး ပြုံးတုံ့တုံ့ဖြစ်နေသည့် မျက်နှာလေးက ဆယ်ကျော်သက်ကလေးအတိုင်းပင်။ 


"မေမေ့''

"ဟင်...


"ဖေဖေက ဂီတာတီးတတ်တာလား''

"မသိပါဘူး''


"ဟင့်.. မေမေသိမှာပါ''

"မသိပါဘူးဆိုမှ ဒီကောင်မလေး''


ရှက်ရမ်းတွေရမ်းကာ ခက်ကို လှမ်းထုဖို့ပြင်နေသည့် မေမေကြောင့် ခက် ထိုင်နေရာကနေ ဖျတ်ခနဲထရပ်ရှောင်လိုက်ပြီး...


"မေမေနော်၊ ရှက်ရမ်းတွေရမ်းပြီး ခက်ကို အနိုင်ကျင့်ဖို့ ကြိုးစားမနေနဲ့''

"သမီး''


"ဟုတ်တယ် မေမေ့သမီး၊ နောက်ပြီး ဖေဖေဦးမင်းသစ်ရဲ့သမီး''

"ကျစ်... ဒီကောင်မလေး..


"ေမမေနော် ခက်ကို ခေါက်ရင် ခက် ဖေဖေနဲ့တိုင်ပြောမှာ''

"ပြောပေါ့ ငါက ကြောက်မယ်ထင်နေလား''


လက်တပြင်ပြင်ဖြင့် ​ပြောနေသည့် မေမေ့ကြောင့် ခက် အိမ်ပေါက်ဝရောက်အောင် ပြေးထွက်သွားလိုက်ပြီး တံခါးနားရောက်တာနဲ့ မေမေ့ကိုပြန်လှည့်ကြည့်ကာ...


"ဖေဖေ့ကို မေမေက မကြောက်ဘူးလို့ပြောနေတယ်ဆိုပြီး သွားတိုင်မယ်''


ပြောလဲပြော လူကလဲ တကယ် ဖေဖေရှိနေသည့်ဘက်ကို ပြေးထွက်သွားလိုက်တော့ ရေကန်နားက မာလကာပင်ကြီးအောက်တွင် ထိုင်နေသည့် ဖေဖေနဲ့ကိုကို့ကို တွေ့လိုက်ရ၏။ ကိုကို့လက်ထဲမှာက ဂီတာလေးတစ်လက်။ ကြည့်ရတာ ဖေဖေ့ကို ဂီတာတီးပေးနေတာဖြစ်မယ်။


ခက် လာချင်တယ်ဆိုလို့ မေမေ့ဆီလိုက်ပို့ပေးရင်း ဒီအိမ်မှာပဲ ညအိပ်မယ်ဆိုပြီးနေနေတဲ့ကိုကိုက အခု ဖေဖေ့ကို ပါရမီဖြည့်ပေးနေပါ့လား။


🎼🎼 ကျေးငှက်ကလေးတွေ တောင်ပံဖြန့်ရင်း လေထဲပျံဝဲ ကိုယ်လဲလိုက်ပါ

ချစ်တဲ့သူကို လိုက်လို့ရှာနေ🎼🎼


🎼🎼 အချစ်သာရှိရင် ဘဝဟာပြည့်စုံ

သက်ထားရယ် မင်းပြောခဲ့တာပဲ🎼🎼


ခက် ကိုကိုနဲ့ဖေဖေ့အနားကို လျှောက်သွားလိုက်တော့ ဂီတာတီးနေသည့် ကိုကိုက ခက်ကိုမြင်သွားကာ ပြုံးပြနေပေမယ့် ဖေဖေကတော့ စိတ်တွေ ဘယ်ဆီပျံ့လွင့်နေသလဲမသိ။ ခက် လာနေတာကို မမြင်နိုင်လောက်အောင် သီချင်းကိုသာ အာရုံစိုက်ပြီး ဆက်ဆိုနေဆဲ။


🎼🎼 မောင့်သက်ထားရေ... 

သက်ထားကိုချစ်တဲ့ချစ်သူ 

တငေးငေးတွေးလို့ တရေးရေးမြင်🎼🎼


🎼🎼 အိပ်မရတဲ့ ညတိုင်းမှာ 

ဂီတာရယ် ကိုယ်ရယ်ပေါ့ကွယ်..🎼🎼


🎼🎼 သက်ထားကို လွတ်ဆွတ်ရင်းနဲ့ 

ကြေကွဲစွာ တမ်းတမိတော့

အိပ်နေတဲ့ ငှက်ကလေးတွေတောင်

တို့ကို စိတ်ဆိုးသွားကြတယ်🎼


🎼🎼 မောင့်သက်ထားရေ... 

သက်ထားကိုချစ်တဲ့ချစ်သူ

တငေးငေးတွေးလို့ တရေးရေးမြင်🎼🎼


🎼🎼 အိပ်မရတဲ့ ညတိုင်းမှာ 

ဂီတာရယ် ကိုယ်ရယ်ပေါ့ကွယ်..🎼🎼


🎼🎼 သက်ထားကို လွတ်ဆွတ်ရင်းနဲ့ 

ကြေကွဲစွာ တမ်းတမိတော့

အိပ်နေတဲ့ ငှက်ကလေးတွေတောင်

တို့ကို စိတ်ဆိုးသွားကြတယ်🎼


သီချင်းဆုံးသွားတာနဲ့ ကိုကိုက ဂီတာကို ဘေးချလိုက်ပြီး ခက့်အနားကိုလာရပ်ကာ လက်နှစ်ဖက်ကို ထပ်ကိုင်လိုက်ပြီး...


"ထင်တဲ့အတိုင်းပဲ၊ လက်တွေ အေးစက်နေတာပဲကွာ''


ပြောပြောဆိုဆိုဖြင့် သူဝတ်ထားသည့် အနက်ရောင်သိုးမွှေးအင်္ကျီကိုချွတ်ကာ သူမကိုလွှမ်းခြုံပေးလာ၏။


"မအေးဘူးလား ပူတူး''

"ဟင့်အင်း...


"မလိမ်နဲ့၊ မင်းရဲ့လက်တွေ ဒီလောက်အေးစက်...

"သမီး ထားရော အိပ်နေပြီလား''


"မအိပ်သေးဘူး ဖေဖေ၊ ဖေဖေ့ရဲ့သီချင်းသံကို ပြုံးပြီး နားထောင်နေလေရဲ့ အဟွင်း..


ခက်ပြောလိုက်တာကို ဖေဖေက ကျေနပ်သွားဟန်ဖြင့် ခပ်လွန့်လွန့်လေးပြုံးသွားသလို ကိုကိုကလဲ ခက်ရဲ့ခေါင်းလေးကို ပုတ်ကာ ပြုံး၏။ 


"ဖေဖေကလဲ တကယ်ပဲ သိလား၊ မေမေ့့ကို သီချင်းဆိုပြီး ပိုးချင်ပန်းချင်တာကို အရင်နေ့တွေကလုပ်ပါ့လား၊ ဘာလို့ ခက်တို့အလည်လာအိပ်တဲ့နေ့မှ လုပ်ရတာလဲ''

"အရင်နေ့တွေက လုပ်ရအောင် ဖေဖေမှ ဂီတာမတီးတတ်ပဲကွ၊ အခုက ဂုဏ်ကလဲ ဂိီတာတီးပေးမယ်ဆိုတာနဲ့ အဟက်...


ပြောနေရင်းကနေ ရှက်ရယ်လေးရယ်သွားသည့် ဖေဖေ့ကိုကြည့်ကာ ကိုကိုက ဟက်ခနဲ ကြိတ်ပြီးရယ်၏။ ဒါကို ရှက်နေသည့် ဖေဖေကမသိပေမယ့် ခက်ကသိလိုက်၍ ကိုကို့ရဲ့ဗိုက်ကို တံတောင်ဖြင့် တွတ်ကာ သတိပေးလိုက်ရသည်။ 


"ဖေဖေ့''

"ဟင်..


"မေမေ့ဆီသွားလိုက်လေ''

"ဖြစ်ပါ့မလား တော်ကြာ...


"ခုနကအထိတော့ ဖေဖေသီချင်းဆိုတာကို နားထောင်ပြီး ပြုံးနေတာပဲ၊ ဖေဖေ့သဘောပါနော် ခက်က အခုချိန်သွားရင် ဖေဖေအဆင်ပြေနိုင်မယ်ထင်လို့ အကြံပေးရုံသက်သက်ပဲ''

"ဒါဆို သွားလိုက်ဦးမယ်''ဆိုပြီး ချက်ချင်းကိုထွက်သွားသည့် အန်ကယ့်ကိုကြည့်ကာ ဂုဏ် မထိန်းနိုင်ဘဲ ထရယ်ပစ်လိုက်တော့ သူ့ဆီကို မျက်စောင်းလှလှလေးတစ်စုံရောက်တာကြောင့် မျက်နှာပိုးသတ်လိုက်ပြီး...


"ကိုယ်က သဘောကျလို့ပါ''

"ဖေဖေ့ကို လှောင်ချင်နေတာ မဟုတ်လား''


"မဟုတ်ရပါဘူးကွာ''

"ဟုတ်ရဲ ဟုတ်ကြည့်ပါ့လား ဟွန့်''


"ကြောက်ပါတယ်ကွာ''

"အင်း... ဒါနဲ့လေ ကိုကို့ကို ခက်ပြောစရာရှိတယ်သိလား''


အားတက်သရောလေးပြောနေသည့် ပူတူးကြောင့် သူလဲ တကယ့်ကိုနားထောင်ချင်နေတဲ့ပုံစံလေးဖြင့်...


"ဟုတ်လား ဘာများလဲ ပြောပါဦး''

"ညနေက မမဖုန်းဆက်တယ်''


"မမဆိုတာက...

"မ​မအနွယ်လေ..


"ဪ.. ဟုတ်လား ဘာတဲ့လဲ''

"မနက်ဖြန်ကျရင် ခက်တို့အိမ်ကို လာခဲ့မယ်တဲ့''


မကြီး လာမယ်ဆိုတာကို ပျော်နေသည့်ပုံလေးဖြင့် ပြောနေသည့် ပူတူးကြောင့် သူပါလိုက်ပြုံးလိုက်ရင်း သူမရဲ့ပုခုံးလေးကိုဖက်ကာ အိမ်ကြီးဘက်ကို လျှောက်သွားလိုက်၏။ 


"မမကလေ ခက်တို့အိမ်မှာ ညအိပ်မယ်လို့လဲပြောသေးတယ်''

"အင်း.. ဟုတ်လား''


"ဟုတ်၊ ပြီးတော့ ခက်ကို ကိုရီးယားထမင်းလိပ်လုပ်ကျွေးမှာတဲ့ အဟွင်း..

"ပျော်နေတယ်ပေါ့''


"ပျော်တယ်၊ ခက် ထမင်းလိပ်စားချင်နေတာနဲ့ အတော်ပဲဖြစ်သွားတာ''

"ပူတူးက တကယ်စားချင်နေတာလား''


"ဟုတ် တကယ်စားချင်တာ''


လမ်းလျှောက်ရင်းကနေ သူ့ကိုခေါင်းလေးငြိမ့်ပြပြီး မျက်လုံးလေးပင့်ကြည့်လာပုံက တကယ့်ကို အသည်းယားစရာလေးပါ။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးချစ်စရာကောင်းလာသည့် သူမလေးကြောင့် ဂုဏ်လဲ ထားစရာနေရာပင်မရှိလောက်အောင်အချစ်ပိုနေရသည်။


"ကိုကို စားဖူးလားဟင်''

"ထမင်းလိပ်ကိုလား''


"အင်း ဟုတ်တယ်၊ ကိုကို စားဖူးလားလို့''

"မစားဖူးပါဘူး''


"ဟုတ်လား၊ ခက်လဲ မစားဖူးဘူး အဲ့ဒါကြောင့် စားကြည့်ချင်တာလေ၊ သူက ဘယ်လိုလေးလဲဆို​တော့...

"ဟိတ်... ကျစ်..


စကားတွေအရမ်းများနေသည့် သူမက လမ်းလျှောက်နေတာကိုပင် အာရုံမရတော့ဘဲ အိမ်ပေါက်ဝမှာရှိသည့် လှေကားကိုခလုတ်တိုက်မိမလိုဖြစ်သွားတာကြောင့် ဂုဏ် အလန့်တကြားဖြင့် သူမရဲ့လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲလိုက်ရ၏။


"အာရုံတွေ မများရဘူးလေ ကလေးရာ''

"အင်းပါ ခက် သိပါတယ်၊ ခုနက ထမင်းလိပ်အကြောင်း ဆက်ပြောမယ်နော်''


"တော်ပြီ အိမ်ထဲရောက်မှပြောတော့''

"ဘာလို့လဲ''


"မင်းက စကားတွေအရမ်းများရင် တခြားဘာကိုမှ အာရုံမရတော့လို့လေ''

"ဟွန့်... 


သူ ပြောချင်တာ ပြောခွင့်မရတော့၍ ချက်ချင်းဆိုသလို နှုတ်ခမ်းလေးဆူသွားပုံက ဘာမှမသိတတ်သည့် ကလေးလေးသဖွယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ သူက ဒီကလေးလေးကိုမှ အသည်းပေါက်အောင် ချစ်နေမိတာဆိုတော့လဲ မျက်နှာလေးမှ အညှိုးမခံနိုင်။ ဒါ့ကြောင့်...


"ရွှေစိတ်တော်လေးက မညှိုးလိုက်ပါနဲ့ကွာ၊ ကဲပြော ပူတူးပြောချင်တာ မှန်သမျှကို ကိုယ်နားထောင်ပေးမယ် ဟုတ်ပြီလား''

"အဟီး... ဟုတ်၊ အဲ့ဒီ့ထမင်းလိပ်ထဲမှာလေ ကြက်အူချောင်းရယ်၊ ကြက်ဥကြော်ရယ် ခါကြက်ဥရယ် ပါတယ်၊ နောက်ပြီး အပြင်ကနေ ရေညှိဖက်လေးအုပ်ထားသေးတာ၊ အဲ... ရေညှိဖတ်ဆိုလို့ ကိုကိုမြင်ဖူးတဲ့ရေညှိလို့တော့ မထင်နဲ့နော်၊ သူက စက္ကူလိုအပြားလေးလေ''


"ဪ... ဟုတ်လား''

"အင်း''


လူတတ်ကြီးလုပ်ပြီး ပြောပြနေတာမို့ ဂုဏ်လဲ မသိချင်ယောင်ဆောင်ကာ ခပ်နုံနုံ့ ခပ်အအလေးပဲ နေပေးလိုက်သည်။ ဒီရေညှိဖတ်လောက်ကတော့ သူလဲ သိပါတယ်လေ။ သို့ပေမယ့် သူမလေး စိတ်ချမ်းသာစေရန်အလို့ငှာ သူမ အကြိုက်ပဲ လိုက်ပြောလိုက်တော့...


"ကိုကို မမြင်ဖူးရင် မနက်ဖြန်ကျ မမလာလုပ်တာကို သေချာကြည့်ထားပေါ့''

"ကြည့်ရမှာပေါ့၊ ဒါနဲ့ နေပါဦး ပူတူးက အဲ့ဒါကို ဘယ်လိုလုပ်သိလဲ''


"တီဗွီထဲမှာ ကြည့်ဖူးတာ၊ သူတို့ကလေ ဆန်ကိုအရင်ချက်တာ၊ ပြီးတော့မှ ကြက်ဥကြော်ပြီး တစ်ခုနဲ့တစ်ခု ညီအောင်သေချာလေးလှီးတာလေ၊ အဲ့ဒါပြီးတော့......


တစ်ယောက်က စိတ်လိုလက်ရ ပြောပြနေသလို နောက်တစ်ယောက်ကလဲ ဘာမှမသိတဲ့ပုံစံဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေ၏။ တစ်ယောက်ရဲ့အလိုကို တစ်ယောက်က ဖြည့်ဆည်းပေးနေသည့် နတ်ဖက်တဲ့စုံတွဲလေးပေါ့။ ဒီလိုနည်းနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ကြားက မပြေလည်မှုတွေ ပြေလျော့ခဲ့ကြတာပဲ မဟုတ်လား။ 


** ကျွန်တော့်အတွက် အချစ်ဆိုတာ သက်တန့်ကြီးတစ်ခုလိုပါပဲ၊ သက်တန့်မှာ အရောင်အသွေးစုံလင်စွာရှိနေသလို အချစ်မှာလဲ ခံစားချက်ပေါင်းစုံရှိတယ်၊ အချစ်ကြောင့် ပျော်ရတယ်၊ အချစ်ကြောင့်ငိုရတယ်၊ တစ်ခါတရံ အချစ်ကြောင့် ကြည်နူးရသလို တစ်ခါတလေကျပြန်တော့ အချစ်ကြောင့် ရူးချင်မိပြန်ရော၊ ဒါတွေအားလုံးစုံလင်စွာရှိနေမှ အချစ်ဟာ အဓိပ္ပါယ်ရှိတာမဟုတ်လား၊ ခင်ဗျားပဲစဥ်းစားကြည့် အချစ်တစ်ခုမှာ အမြဲတမ်းပျော်နေရမယ်ဆိုရင် ဘယ်လောက်တောင်ငြီးငွေ့ဖို့ ကောင်းလိုက်မလဲ၊ အရောင်တစ်ခုတည်းရှိတဲ့ သက်တန့်ကြီးကို ခင်ဗျားလှတယ်ထင်လား၊ ကျွန်တော်ကတော့ မထင်ဘူးဗျ၊ အရောင်စုံတဲ့သက်တန့်ကြီးလိုအချစ်မျိုးကိုပဲ ကျွန်တော်လိုချင်တာလေ''


>>>>>>>>>><<<<<<<<<<


"တီ.. တီ.. တီ..တီ..

တီ.. တီ.. တီ.. တီ..


ဧည့်ခန်းထဲမှာရှိသည့် တိုင်ကပ်နာရီကြီးထံမှာ ပျံ့လွင့်လာသည့် အချက်ပေးသံကြောင့် ဂုဏ် လက်ကနာရီကိုမြှောက်ကြည့်လိုက်တော့ ၁၁နာရီနဲ့ ၄၅မိနစ်အတိ။ 


နောက်လထဲမှာဖွင့်မယ့် electronic shopping mallကြီးအတွက် အဆောက်အဦးဒီဇိုင်းတွေကို အသိengineerတစ်ယောက်ဆီပို့ပြီး ဟိုဘက်ကပြန်ပို့လာမယ့် mailကိုစောင့်နေစဥ် မှေးကနဲအိပ်ပျော်သွားသည်ထင်ရဲ့။ နိုးနိုးချင်း ဟိုဘက်ကပြန်ပို့လာသည့်mailကိုစစ်ကြည့်လိုက်တော့ သူလိုချင်တဲ့အတိုင်း အဆင်ပြေနေတာကြောင့် သူကျေနပ်သွားကာ ပြုံးလိုက်၏။ 


"ဟင်...


သူ့အပြုံးဟာ ခဏပါပဲ။ ပြုံးနေတဲ့သူ့ရဲ့မျက်နှာလှလှကြီးဟာ မျက်နှာချင်းဆိုင်မှာရှိနေသည့် ပြောင်ရှင်းနေသော မွေ့ယာကြီးဆီအရောက် ချက်ချင်းဆိုသလို တည်တံ့သွားရ၏။ 


"ပူတူး အခုချိန်ထိ လာမအိပ်သေးတာလား?''


အလိုမကျခြင်းများနဲ့အတူ ဂုဏ် အခန်းထဲကနေ ပြေးထွက်လိုက်၏။


"အဟွင်း... ခစ် ခစ်''


အခန်းထဲက ထွက်လိုက်တယ်ဆိုတာနဲ့ ကြားရတဲ့ ရယ်သံလေးကြောင့် ဂုဏ့်ခြေလှမ်းတွေက ဧည့်ခန်းထဲကို လျှောက်လှမ်းသွားလိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ ညစာစားပြီးကတည်းက မကြီးတို့ မလေးတို့နဲ့အတူ တိီဗွီကြည့်ရင်းကျန်ခဲ့သည့် ပူတူးက အခုလဲ မကြီးရဲ့ပေါင်ကိုခေါင်းအုံးကာ တီဗွီကြည့်နေဆဲ။ 


"ပူတူး...

"ဟင်... ကိုကိုက မအိပ်သေးဘူးလား''


သူ့ကိုမြင်တာတောင် ခပ်တည်တည်ပဲပြန်မေးလာသည့် ပူတူးက အပြစ်မရှိတဲ့သူတစ်ယောက်လို။


"မင်း အဲ့ဒါ ဘာလုပ်နေတာလဲ ပူတူး''

"တီဗွီကြည့်နေတာလေ''


"အချိန်ကိုလဲကြည့်ဦး ပူတူး၊ သန်းခေါင်ရောက်တော့မယ်ကွ''

"သိသားပဲ''


"ဘာကွ''

"ဟဲ့... ကလေးကို ဘာလို့အော်နေတာလဲ''


အော်တယ်တဲ့လား။ သူ့ရဲ့အသံခပ်ကြိတ်ကြိတ်က အော်တယ်တဲ့လား။ တပ်ကူတွေတအားများနေသည့် ပူတူးကို သူ မျက်လုံးပြူးကြီးဖြင့်စိုက်ကြည့်ကာ...


"ဘယ်အချိန်ရှိနေပြီလဲ ထ အိပ်မယ်''

"ဟင့်အင်း ခက် မအိပ်ချင်သေးဘူး''


"ဘာကို မအိပ်ချင်သေးဘူးပြောနေတာလဲ၊ မရဘူး လာ အခုချက်ချင်းထ''ဆိုပြီး လက်လေးမှ ဆွဲယူခေါ်လိုက်တော့ ငုတ်တုတ်လေးဖြစ်သွားသည့် ပူတူးက...


"ကိုကိုပဲ တီဗွီကြည့်ချင်ကြည့်ဆို''

"အဲ့ဒါ ကိုကိုအလုပ်လုပ်နေရင် မင်းပျင်းနေမှာစိုးလို့ ခဏတဖြုတ်ကြည့်ခိုင်းတာလေကွာ၊ အခု အချိန်လဲကြည့်ဦး ဒါ တီဗွီကြည့်နေရမယ့်အချိန်လား''


နည်းနည်းလေးဟောက်လိုက်တာနဲ့ ချက်ချင်းဆိုသလို ငိုမဲ့မဲ့လေးဖြစ်သွားသည့် ပူတူးကြောင့် သူသက်ပြင်းရှည်ကြီးချလိုက်ရပြန်သည်။ ပြီးမှ အခုချိန်ထိ သူတို့နှစ်ယောက်ကို အကဲခတ်သလိုကြည့်နေသည့် မကြီးနဲ့မလေးကိုပြန်ကြည့်လိုက်ပြီး...


"ပူတူးက ကလေးမို့လို့ ဘာမှမသိရင်တောင် မကြီးတို့ကတော့ သိရမယ်လေဗျာ၊ ကလေးက အိပ်ရေးပျက်ခံလို့မရဘူး''

"တစ်ရက်တစ်လေပဲ ဂုဏ်ရယ်၊ ဘာများဖြစ်သွားမှာမို့လို့လဲ''


"မလေး စကားကိုဒီကိုမပြောနဲ့၊ တစ်ရက်အိပ်ရေးပျက်တာကလဲ ပျက်တာပဲ၊ ပူတူးကို အိပ်ချိန်စားချိန်မှန်အောင် ကျွန်တော် သေချာလေ့ကျင့်ပေးထားတာ၊ မလေးတို့လာပြီး အကျင့်မဖျက်နဲ့၊ ပြီးတော့ ပူတူးက တစ်ယောက်တည်းမဟုတ်ဘူး ကိုယ်ဝန်နဲ့၊ သာမန်လူတစ်ယောက်တောင် အအိပ်အနေဂရုစိုက်နေရတာကို ပူတူးလို...


"အမလေးဟဲ့ စကားတွေများလိုက်တာ၊ ဟုတ်ပါပြီ နောက်တစ်ခါ မင်းမိန်မကို အိပ်ရေးပျက်အောင် မလုပ်တော့ဘူး ဟုတ်ပြီလား၊ တကယ်ပဲ သူ့မိန်းမကကြည့်ချင်တယ်ဆိုလို့ အဖော်လုပ်ပြီးကြည့်ပေးနေတာကို ကျေးဇူးမတင်တဲ့အပြင် အပြစ်လာပြောနေတယ်''


"အပြစ်ပြောမခံချင်ရင် အပြောမခံရအောင်နေလေ၊ အလိုလိုက်တယ်ဆိုတဲ့နေရာမှာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ရတယ်၊ အခုလို ပူတူးရဲ့ကျန်းမာရေးထိခိုက်အောင် အလိုလိုက်တာမျိုးကျတော့ ချစ်တာနဲ့မတူဘူး''

"ကြီးကျယ်လိုက်တာ မောင်မျိုးရိုးဂုဏ်ရယ်၊ မကြိီးတို့သစ်ခက်လေးကို ဦးစားပေးတာက မင်းလောက်တော့ မဆိုးပါဘူး''


"ကျွန်တော်က ပူတူးရဲ့ကျန်းမာရေးကို ထိခိုက်စေမယ့် အလိုလိုက်မှုမျိုး မလုပ်ဘူး''

"အပိုတွေမပြောစမ်းနဲ့၊ ဟိုတစ်ခါ ကလေးက ဆေးမသောက်ချင်လို့ဆိုပြီး ငိုတော့ မင်းဘာပြောလဲ ဟင်၊ မသောက်ချင် မသောက်နဲ့လို့ပြောတာ မဟုတ်ဘူးလား''


ဂုဏ့်ကို အမြင်ကပ်လွန်းလို့ အနွယ်ရော ခေတ်ရော အထောက်အထားခိုင်လုံစွာ ပြန်ပြီးပြောလိုက်တော့မှ မျက်နှာနည်းနည်းလျော့သွားသည့် ဂုဏ်။ 


သူမတို့သဘောအတိုင်းသာဆိုရင် ဒီကောင်လေး နောက်တစ်ခါထပ်ပြီး ပြဿနာမလုပ်ရဲအောင် ပြောပစ်လိုက်ချင်ပေမယ့် သူတို့သုံးယောက်ကြားထဲကနေ ဟိုကြည့် ဒီကြည့်ဖြင့် မော့မော့လေးဖြစ်နေရှာသည့် သစ်ခက်လေးကြောင့်...


"ကဲ အိပ်မှာဆို သွားအိပ်ချည်ကြတော့''

"မမတို့က ဆက်ကြည့်ဦးမှာလား''


"ကြည့်မယ်ဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ''

"ခက်လဲ ကြည့်ချင်လို့လေ''


"လုပ်ကြည့်လိုက်လေ၊ ဆက်ကြည့်လို့ကတော့ အဲ့ဒီ့တီဗွီရော လူတွေရော အကောင်းအတိုင်းမထားဘူး''


တကယ်လုပ်မယ့်ပုံကြီးဖြင့် ပြောနေတာကြောင့် အနွယ် ရှေ့ကတီဗွီရီမုဒ်ကိုယူကာ ပိတ်ပစ်လိုက်သည်။ ကြောက်လို့တော့မဟုတ်ပေမယ့် ဒီကောင်လေးရဲ့ စိတ်မြန်လက်မြန်လုပ်ရပ်ကြောင့် ဆူဆူပူပူတွေမဖြစ်ချင်တာပါ။ 


"သွား အိပ်လိုက်တော့ ကလေး၊ မဟုတ်ရင် ဒီကောင်လေး အကြီးတွေကို စော်ကားလွန်းအားကြီးလို့ မြေမြိုတော့မှာ''

"ဟုတ်တယ်ဟေ့ တော်ကြာ ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မှ ဟင်း... ဟင်း...


ကိုကို့ကို တော်တော်လေး အမြင်ကပ်နေပုံရသည့် မမတို့ကြောင့် ခက်လဲ အလိုက်သိစွာပင် နေရာကနေထရပ်လိုက်တော့ ခက်ရဲ့ပုခုံးလေးကိုထိန်းဖက်လာသည့် ကိုကိုက...


"အိပ်ခါနီးသောက်ရမယ့်ဆေး သောက်ပြီးပြီလား၊ မသောက်ရသေးဘူးဆိုရင် တစ်ခုခုစားပြီးသောက်လိုက်ရအောင်ကွာ နော် ပူတူး၊ ပြော ကလေးဘာစားချင်လဲ''

"ခက် သောက်ပြီးသွားပြီ''


"ဟုတ်လား''

"အင်း''


မြင်လား။ သူ့မိန်းမကိုကျတော့ တစ်ချက်ကလေးမှ ဆူငေါက်ခြင်းမရှိ။ ကလေးလေး ပူတူးလေးဆိုပြီး အဆင်ကိုချောလို့။ တော်တော်ကို ချစ်စရာကောင်းတဲ့ မောင်အလိမ္မာလေး။


>>>>>>>>>><<<<<<<<<<


ဗီဒိုရှေ့မှာရပ်ပြီး ခက့်အတွက် အင်္ကျီရွေးပေးနေသည့်ကိုကို့ကိုကြည့်ကာ သက်ပြင်းအကြိမ်ကြိမ်ချမိ၏။


"ကိုကို''

"ဟင်... ဘာလဲ ပူတူး''


"ခက် ကိုကို့ကိုပြောစရာရှိလို့''

"ပြောလေ''


"ခက်ပြောရင် ကိုကိုက စိတ်ဆိုးမှာမလား''


ထူးထူးဆန်းဆန်း စကားပလ္လင်တွေခံနေသည့် ပူတူးကို ဂုဏ် ခေါင်းလေး​စောင်းရုံ လှည့်ကြည့်လိုက်တော့ မျက်လုံးလေးတွေဝိုင်းစက်နေအောင် သူ့ကိုစိုက်ကြည့်နေသည့် သူ့ကလေး။


"ခက်လေ..

"အင်း... ပူတူးက ဘာဖြစ်လဲ''


"ခက်.. ခက်.. ခက် ဆံပင်ညှပ်ချင်လို့''

"ဟင်...


"ဟိုလေ ခက်က ဖြစ်ချင်တာကိုပြောတာပါ၊ ကိုကိုက မညှပ်နဲ့ဆိုရင် ခက် မညှပ်ပါဘူး''


ဆံပင်ညှပ်မယ်ဆိုတာနဲ့ သူမကို ထူးဆန်းသလိုကြီးကြည့်လာသော ကိုကိုကြောင့် ခက် အလျင်အမြန်ပင် စကားခံလိုက်ရ၏။ သို့ပေမယ့် ကိုကို့ရဲ့မျက်နှာအနေအထားက လျော့ကျမသွားဘဲ ဗီဒိုထဲက အဝတ်အားတစ်ချို့ကိုယူကာ သူမဆီလျှောက်လာရင်း...


"ဘာလို့ ဆံပင်ညှပ်ချင်တာလဲ''

"ခက် စိတ်ရှုပ်လို့ပါ၊ ခေါင်းလျှော်ပြီးရင်လဲ လွယ်လွယ်နဲ့မခြောက်ဘူး၊ ခက်က အရင်လို လွတ်လွတ်လပ်လပ်လဲ မဟုတ်တော့ ဒီဆံပင်အတွက်နဲ့ ခက် ဒုက္ခများမှာမလိုချင်လို့ပါ''


ခက်ရဲ့စကားဆုံးတာနဲ့ ကိုကိုလဲ သူမဘေးကိုရောက်လာပြီး ဘေးချင်းယှဥ်ထိုင်လိုက်၏။ 


"ပူတူးက တကယ်ညှပ်ချင်လို့လား''

"ဟုတ်''


သူ့မေးခွန်းကို ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ ပြန်ဖြေပေးသည့် ပူတူးကြောင့် ဂုဏ် သက်ပြင်းလေးရှိုက်လိုက်ပြီး...


"မညှပ်ပါနဲ့ကွာ၊ ပူတူးက ဆံပင်ရှည်လေးနဲ့ တအားလှတာ''

"လှတာက ဘာလုပ်လို့ရမှာလဲ''


"လှတာ ကိုကိုကြည့်လို့ရတာပေါ့''

"ဟင့်အင်း မကြည့်နဲ့၊ ခက် တကယ်ညှပ်ပစ်မှာ၊ နောက်ဆို ခက်က ကလေးလေးကို ဂရုစိုက်ရတော့မှာဆိုတော့ ဒီဆံပင်တွေကို ဂရုစိုက်နိုင်မှာမှမဟုတ်တာ''


"ကလေးအတွက်နဲ့တော့ မညှပ်ပါနဲ့၊ ကလေးကို ပူတူးဂရုစိုက်စရာမလိုအောင် ကိုကိုပဲထိန်းပေးမယ်လေ''

"မသိဘူး မသိဘူး၊ ခက်ကတော့ ညှပ်ရမှကိုကျေနပ်မှာ''


"ပူတူးကလဲကွာ''


ခက်ကို နိုင်အောင်မပြောတတ်တော့မို့ ဂုဏ့်ရဲ့မျက်နှာကြီးက ခရမ်းသီးကြီးမီးဖုတ်ထားသလို ​ညိုမဲရှုံ့တွနေတော့သည်။ 


ဒီဆံပင်ရှည်တွေကို ကိုကိုမြတ်နိုးသလို ခက်လဲ မြတ်နိုးပါတယ်။ ဒါပေမယ့် အခုတောင် ခက်ကို မျက်လုံးဒေါက်ထောက်ပြီးကြည့်နေတဲ့ကိုကိုက ခက် ခေါင်းလျှော်တာကအစ ခေါင်းဖြီးတာအဆုံး သူပဲလိုက်လုပ်ပေးနေတော့ ခက့်အတွက်နဲ့ ကိုကို့မှာ အလုပ်ပိုတွေကိုဖြစ်လို့။ နောက်ကို ကလေးလေးပါရှိလာပြီဆိုရင် ကိုကို့မှာ အချိန်တောင်ရှိပါ့မလား။ ဒါတွေကြောင့် ခက့်ကိုဂရုစိုက်ပေးနေတဲ့ကိုကို့ရဲ့အချိန်တွေပိုလာစေဖို့ ခက် ဒီဆံပင်ဖြတ်ဖို့ကိစ္စကို ပြောနေခြင်းရယ်ပါ။


"နော် ကိုကိုနော်၊ ခက် ဆံပင်ညှပ်ပါရစေ''

"ဘယ်လောက်ညှပ်မှာလဲ''


"ဒီနားလေးအထိပါပဲ''

"ဘာကွ''


ပုခုံးအထက်နားလေးကို လက်ညှိုးလေးဖြင့်ထောက်ပြပြီးပြောနေပုံက တကယ့်ကိုဆုံးဖြတ်ပြီးသည့်ပုံဖြင့်။ သူမလေး မနှမြောရင်တောင် ဒီလောက်အများကြီးထိညှပ်ဖို့ကတော့ သူနှမြောလွန်းလို့ ဘယ်လိုမှခွင့်မပြုနိုင်ပါ။ ဒါ့ကြောင့် မျက်မှောင်ကြီးတွန့်ကျုံ့ပစ်လိုက်ပြီး...


"အဲ့ဒီလောက်ကြီးတော့ မညှပ်ရဘူးကွာ၊ တစ်လက်မ နှစ်လက်မလောက်ညှပ်ရင်တော်ရောပေါ့''

"ကိုကိုကလဲ တစ်လက်မ နှစ်လက်မဆိုရင် အခုဆံပင်နဲ့ ဘာထူးတော့မှာလဲ''


"မထူးလဲဘာဖြစ်လဲ၊ တော်ပြီကွာ ဘယ်လောက်မှ မညှပ်နဲ့တော့''

"ဟင့်... ကိုကို့...


"ကလေးအတွက်လဲ ကိုယ်တာဝန်ယူသလို မင်းအတွက်လဲ ကိုယ်ပဲတာဝန်ယူတယ်ကွာ၊ မင်းက ဘာမှမလုပ်ဘဲ ကိုယ့်ဘေးမှာ ကျန်းကျန်းမာမာနဲ့ရှိနေပေးရင်ရပြီ''

"ဒါပေမယ့် ခက်က ကျန်းမှ မကျန်းမာတာ၊ ခဏနေရင်မောလိုက် ခဏနေရင် အသက်ရှူကြပ်လိုက်နဲ့ ခက် ကိုယ့်ကိုကိုယ်လဲ စိတ်ပျက်လာပြီသိလား၊ ပြီးတော့ ခက့်အတွက်နဲ့ကိုကိုဒုက္ခတွေများနေတာကို မလိုချင်ဘူး၊ ခက်က အသက်အရှည်ကြီးလဲနေရမှာမဟုတ်တော့ နေရတဲ့ခဏကို ကိုကို့အနားမှာ ရောဂါသည်ကြီးလိုမနေချင်ဘူး''


"ပူတူး... ဘာတွေလျှောက်ပြောနေတာလဲကွာ၊ မင်းက ဘာလို့ အသက်အရှည်ကြီးမနေရမှာလဲ''


ဘာလို့မနေရမှာလဲဆိုရင် ခက်က ဒီအသက်အရွယ်လေးနဲ့ ဒီလောက်ခြူချာနေတာလေ ကိုကိုရယ်။ ဒီလိုပြန်ဖြေချင်ပေမယ့် ခက်ကို စိုးရိမ်တကြီးထွေးဖက်ထားသည့် ကိုကို့ကြောင့် ခက် မပြောဖြစ်ပါ။ 


"ကိုကို့ကိုချစ်ရင် နောက်ကို ဒီလိုစကားတွေမပြောရဘူးနော် ပူတူး၊ မင်းမသိရင် ကိုယ်ပြောပြမယ် ကိုယ်တို့က နောက်ထပ်နှစ်တွေအများကြီး အတူတူနေရဦးမှာ''

"မနေရရင်ရော?''


"ဘာကိစ္စနဲ့မနေရမှာလဲကွ၊ အခုက ပူတူးမှာ နှလုံးရောဂါစရှိနေတဲ့အချိန် ကလေးလေးရှိလာလို့ ပူတူးအရမ်းပင်ပန်းနေတာပါ၊ နောက်ဆိုအဆင်ပြေသွားမှာလို့ အန်တီခင်ကပြောထားတာပဲလေ''


"ဒါပေမယ့်....

"တော်ပြီကွာ၊ ကိုယ်မကြားချင်တဲ့စကားတွေ ထပ်မပြောနဲ့၊ မဟုတ်ရင် မင်းအသက်ကိုခြိမ်းခြောက်နေတဲ့ ဗိုက်ထဲက မျိုးစိတ်လေးကို ကိုယ်ဘာလုပ်မိမယ်မသိဘူး''


"ဟင်...

"တကယ်ပြောတာ၊ အလိုလိုနေရင်းတောင် ကိုယ့်မှာ မင်းအတွက် စိတ်ပူနေရတာကို အခုလိုသေမယ့်စကားတွေပြောနေရင် ကိုယ် ဒီကလေးကို လက်ခံနိုင်တော့မယ်မထင်ဘူး''


"ကိုကိုကလဲ''

"တော်ပြီ ဘာမှထပ်မပြောနဲ့တော့၊ အခု ပူတူးက ဆံပင်ညှပ်ချင်တာမဟုတ်လား၊ လာ ထ ဆေးခန်းကအပြန်ကျရင် ပူတူးကြိုက်တဲ့ဆိုင်မှာ ဝင်ညှပ်မယ်''

"တကယ်?''


"တကယ်ပေါ့''

"ဒီလောက်လောက်လေးလေ''


"မင်းကြိုက်သလောက်ညှပ်''

"ဟေး... ဒါမှ ခက်ရဲ့ကိုကိုကွ''


သူ့ရဲ့ခါးကိုတင်းကြပ်နေအောင်ဖက်ကာ ရင်ခွင်ထဲခေါင်းလေးတိုးဝင်လာသည့် ပူတူးကြောင့် သူ့မှာ ပြုံးမိပြန်သည်။ ဒီကောင်မလေးက အဲ့လိုပါပဲ။ သူမ လိုချင်တာရပြီဆိုရင် တကယ့်ကို ကလေးလေးအတိုင်း။ 


သူကလဲ ကလေးလေးကိုမှ မုန့်ပေးကြိုက်သလိုဖြစ်နေတော့ သူမလေး သဘောတော်ကျ အလိုလိုက် အကြိုက်ဆောင်ပေးနေရုံမှတစ်ပါး ဘာများတတ်နိုင်ဦးမှာပါ။ကိုယ်က သူ့ကိုချစ်တယ်လေ။


>>>>>>>>>><<<<<<<<<<


"ကိုကို့''

"ပြောလေ ပူတူး''


"ခက်ကို အရုပ်ဝယ်ပေး''

"အရုပ်''


ထူးထူးခြားခြား တောင်းဆိုလာတဲ့ တောင်းဆိုမှု​ကြောင့် ဂုဏ် သူမလေးကို ပြန်ငဲ့ကြည့်လိုက်တော့ ပူတူးက ဘေးကအရုပ်ဆိုင်ထဲကို လက်ညှိုးလေးထိုးပြရင်း...


"Poohအရုပ်ကြီး အကြီးကြီးပဲသိလား၊ ခက် လိုချင်တယ်''

"Poohအရုပ်က အိမ်မှာလဲ အများကြီးပဲလေ ပူတူးကလဲ''


"အိမ်ကဟာတွေက ဒီလောက်မှမကြီးတာကို''

"ကြီးပါတယ် ကလေးရဲ့၊ ကိုကို အရင်လကဝယ်ပေးထားတဲ့အရုပ်က ဒီလိုဆိုဒ်ပဲလေ၊ ပူတူးပဲကြီးလို့ရှုပ်တယ်ဆိုပြီး စတိုခန်းထဲသွားထည့်ထားပြီးတော့''


သူ ဒီလိုပြောလိုက်သော်လည်း ခေါင်းမာလွန်းတဲ့ကလေးဟာ လက်ခံခြင်းမရှိတဲ့အပြင် သူမလက်ကိုကိုင်ထားသည့် သူ့လက်တွေကိုဖြုတ်ချပစ်လိုက်ပြီး သူ့ကိုကျောပေးရပ်ပစ်လိုက်၏။ နောက်ပြီး လက်ကိုပိုက်ကာ နှုတ်ခမ်းကိုပါဆူထားလိုက်သေး၏။


အခုမှ ညှပ်လာသည့် ဂုတ်ဝဲကေဝဲဝဲလေးရယ်၊ သူကိုယ်တိုင်ဆင်ထားသည့် ဖြူစွတ်နေသည့် ဂါဝန်လှလှလေးရယ်ကြောင့် အခု သူမလေးလုပ်နေသည့်ပုံစံက ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ယောက်လို့ မြင်နိုင်ဖွယ်မရှိ။ မိဘက အလိုလိုက်ထားသည့် ဆယ်ကျော်သက်မိန်းမပျိုလေးတစ်ယောက် ဆိုးသွမ်းနေသည့်နှယ်။


"ပူတူး ဘယ်လိုပုံစံလေးလုပ်​နေတာလဲ''


ဂုဏ် အသည်းယားလွန်းတာမို့ သူမရဲ့ရှေ့ကနေသွားရပ်ပြီး မေးလိုက်တော့ သူ့ကိုမျက်စောင်းလှလှလေးတစ်ချက်ထိုးကာ တစ်ဖက်ကို မျက်နှာလွှဲသွားပြန်တာကြောင့် ဂုဏ်သဘောတကျ ပြုံးလိုက်မိပြန်သည်။


"ပူတူးက ကိုကို့ကိုစိတ်ကောက်တာလား''

"ဟုတ်တယ် စိတ်ကောက်တာ''


"ဒီအရုပ်က ပူတူးဆီမှာရှိပြီးသားကြီးမို့လို့ ကိုကိုက ဝယ်မပေးတာပါ၊ ပူတူးလိုချင်ရင် တခြားအရုပ်ယူလေ ကိုကိုဝယ်ပေးမှာပေါ့၊ လာ ကလေးကြိုက်တဲ့အရုပ်ယူ''

"Poohအရုပ်မှ မဟုတ်ရင် ဘယ်ဟာမှမယူဘူး''


တကယ့်ကလေးဆိုးပါဆို။ သူမရဲ့လက်ကိုဆွဲကာ ဆိုင်ထဲဝင်ဖို့ပြင်နေသည့် သူ့လက်တွေကို

​ဖြုတ်ချပစ်လိုက်တာက စိတ်ဆိုးမာန်ဆိုးဖြင့်။


"မဆိုးရဘူးလေ ပူတူးရာ''

"ဆိုးမှာပဲ ဆိုးမှာပဲ၊ ခက်က ကိုကို့ကို ဘယ်နှစ်ခါများ လိုချင်တာပူဆာဖူးလို့လဲ၊ အခု တကယ်လိုချင်လွန်းလို့ ပူဆာမိတာကို ကိုကိုက ဝယ်မပေးချင်ဘူးမဟုတ်လား''


"ဝယ်မပေးချင်တာမဟုတ်ဘူး၊ ကလေးမှာရှိပြီးသားကြီးမို့လို့ ကိုကိုက...

"ရှိပြီးသားလဲ ခက်က လိုချင်တာ ဘယ်လိုလုပ်ရမှာလဲလို့...


"ဟာ... ဟေ​့.. ဟေ့.. ခြေထောက်မဆောင့်ရဘူးလေ ပူတူး၊ အဲ့လို ခြေထောက်မဆောင့်ရဘူးနော် ပူတူးက လိမ္မာရဲ့သားနဲ့''


ပြူးပြူးပြာပြာနဲ့ သတိပေးလာတဲ့ကိုကို့ရဲ့ပုံစံကိုမြင်မှ ခက် ကိုယ့်ကိုကိုယ်သတိထားမိသွားကာ ခြေဆောင့်တာကို ရပ်လိုက်ရ၏။ ပြီးတာနဲ့ အခုမှ စူမို့မို့လေးသာရှိသေးသည့် ဗိုက်ဖောင်းဖောင်းလေးကို လက်ဖြင့်အုပ်ကိုင်လိုက်ကာ...


"ကလေးလေး လန့်သွားပြီလားမသိဘူးနော်''


လုပ်ချင်တာ လုပ်ပြီးသွားမှ ငိုမဲ့မဲ့လေးမေးလာပြန်သည့် ပူတူးကို သူ့မှာ ချစ်စိတ်တွေပိုကာ သူမလေးရဲ့ခေါင်းကို အသာလေးပုတ်လိုက်ပြီး...


"ကိုကိုလန့်သွားတာကိုတော့ မသိဘူးမဟုတ်လား''

"အာ... ကိုကိုကလဲ အရေးထဲ လာနောက်နေပြန်ပြီ''


"တကယ်ပြောတာကွ၊ မင်း အဲ့လို ကိုယ်ဝန်ကိုမေ့မေ့ပြီး စိတ်မြန်လက်မြန်လုပ်တာတွေမြင်ရင် ကိုယ့်မှာ အသက်ရှုတောင်မှားတယ်''

"ကလေးတစ်ခုခုဖြစ်သွားမှာစိုးလို့မဟုတ်လား''


"ဟုတ်တယ် ကလေးတစ်ခုခုဖြစ်သွားမှာစိုးလို့''

"ဟွင့်...


"အဟက်... ကောက်ပြန်ပြီကွာ၊ ကိုယ်ပြောတဲ့ကလေးဆိုတာ ဟော့ဒီ့က ကိုယ့်ပူတူတူးလေး၊ ကိုယ့်အသည်းလေးကိုပြောတာပါ''


ခက်ရဲ့မေးဖျားလေးမှကိုင်ကာ ချစ်စနိုးလေးပြောနေသည့် ကိုကို့ကြောင့် ခက်ပြုံးတုံ့တုံ့လေးဖြစ်သွားပြီး ချစ်မျက်​ေစာင်းလေးဝဲလိုက်မိ၏။ 


"သစ်ခက်လေး''

"ဟင်... အစ်ကို''


ရုတ်တရက်ဆိုသလို သူတို့အနားရောက်ချလာသည့် နေအရိပ်ကြောင့် ဂုဏ်ရဲ့ မျက်နှာကတင်းမာသွားကာ တစ်ဆက်တည်း ပူတူးကိုပါ ပုခုံးလေးကနေ သိမ်းဖက်ထားလိုက်၏။


"ခင်ဗျား လန်ဒန်ကိုသွားပြီဆို''

"အပြီးသွားတာမှမဟုတ်ဘဲ ကိုမျိုးရိုးဂုဏ်ရာ''


"အပြီးသွားသင့်တာလေ၊ တကယ်ဆို အခုလို ပြန်မလာသင့်ဘူး''

"ကိုကို့..


"ကိုယ့်ရဲ့နိုင်ငံကိုပစ်ပြီး တစ်ခြားနိုင်ငံတစ်ခုမှာ အခြေချဖို့စိတ်ကူး ကျွန်တော့်ဆီမှာ သေးသေးလေးတောင်မရှိဘူးဗျ၊ တကယ်လို့ ကျွန်တော့်ကိုမြင်ရတွေ့ရတာ အဆင်မပြေဘူးဆိုရင် ခင််ဗျားပဲ ဒီနိုင်ငံက ထွက်သွားလိုက်ပါ့လား''


"ငါက ဒီနိုင်ငံကနေထွက်သွားဖို့ဆိုတာက သားနဲ့မယားနဲ့ဖြစ်နေလို့ပြောနေတာပေါ့ကွ၊ ဪ... အဲ့ဒီ့ကိစ္စ မင်းမသိသေးဘူးထင်တယ် ပူတူးဆီမှာ ငါ့ရဲ့ရင်သွေးလေးရှိနေပြီ''


တမင်သက်သက်ကြီး ကြွားနေသော ကိုမျိုးရိုးဂုဏ်ရဲ့စကားကြောင့် နေအရိပ် အရမ်းကိုရယ်ချင်သွားရ၏။ ရယ်ချင်တာကို ထိန်းထားရ​​ေတာ့ မျက်နှာကလဲ စပ်ဖြဲဖြဲဖြစ်နေတယ်ထင်ရဲ့။ ဒါကိုပဲ မြင်​ြဖစ်အောင်မြင်သွားသည့် ဂုဏ်က မျက်ခုံးကြီးနှစ်ခု ထိလုမတတ်တွန့်ကျုံ့ပစ်လိုက်ပြီး...


"မင်းမျက်နှာက ဘာဖြစ်တာလဲ''

"အဟွင်း... ဘာဖြစ်လို့လဲ''


"ဆွဲထိုးချင်စရာကောင်းနေတယ်''

"ဟာ... အသားလွတ်ကြီးပါလား၊ သစ်ခက်လေး မင်းရဲ့လူက ဘယ်လိုလဲကွ၊ စတွေ့ကတည်းက ကိုယ့်ကို ရန်စကားတွေပဲပြောနေတယ်နော် လုပ်ဦး''


အစ်ကိုပြောသလိုပဲ ရန်လုပ်နေသည့် ကိုကို့ကို ခက် ဘာမှပြောချင်စိတ်မရှိတော့တာကြောင့် မျက်စောင်းသာထိုးလိုက်တော့သည်။ သို့ပေမယ့် အရိပ်အကဲမသိတာလား၊ မသိချင်ယောင်ဆောင်တာလား မသိနိုင်သောကိုကိုက မျက်နှာကိုနည်းနည်းလေးမှပြင်သွားခြင်းမရှိ။ ခုနက ပုံစံအတိုင်းဆူပုတ်တင်းမာနေဆဲ။ ဒါ့ကြောင့် ခက်ကပဲ အစ်ကို့ကိုစကားလမ်းကြောင်းလွှဲဖို့ တွေးလိုက်ကာ...


"အစ်ကို ဘယ်နေ့ကပြန်ရောက်တာလဲ''

"နှစ်ရက်လောက်ပဲရှိဦးမယ် ညီမလေး''


"ဪ... ဒီမှာကြာဦးမှာလား အစ်ကို''

"အွင်း... ကြာဦးမယ်ထင်တယ်၊ အလုပ်ကိစ္စလဲပါလာတယ်ဆိုတော့လေ၊ ဒါနဲ့ ဆံပင်တွေညှပ်ပစ်လိုက်တော့ ညီမလေးက ကလေးလေးကျနေတာပဲကွာ၊ တကယ်လိုက်တယ် သိလား''


"ဟုတ်လား အဟွင်း... ခက်က တစ်မျိုးကြီးဖြစ်သွားမယ်ထင်နေတာ''

"မဖြစ်ပါဘူး သစ်ခက်လေးနဲ့လိုက်တယ်''


"သွားမယ် ပူတူး''


လူကိုရှိတယ်လို့ကို သဘောမထားဘဲ သူတို့အချင်းချင်းစကားပြောနေကြသည့် နှစ်ယောက်ကြောင့် ဂုဏ် အူတွေယားကာ ပူတူးရဲ့လက်ကိုဆဲွဲပြီးထွက်သွားဖို့ပြင်လိုက်သော်လည်း သူ့လက်ကိုခါချပစ်လိုက်သည့် ပူတူးကြောင့် သူ့မှာ တအံတဩတွေကိုဖြစ်လို့။


"ပူတူး''

"ခက် ဟိုအရုပ်ရမှပြန်မှာ''


"မဝယ်ပေးဘူးလို့ပြောပြီးပြီလေ''

"ဒါဆို ခက်လဲ ကိုကိုနဲ့ပြန်မလိုက်တော့ဘူး၊ အဲ့ဒီ့အရုပ်မရမချင်း ဒီနားမှာ ဒီလိုပဲရပ်နေတော့မှာ''


"မဟုတ်တာကို ဂျီမကျစမ်းပါနဲ့ ပူတူးရာ''

"ဟင့်အင်း မသိဘူး၊ ခက်ကို ဘာမှလာမပြောနဲ့''


သူ အလိုလိုက်လွန်းလို့ ဆိုးချင်တိုင်းဆိုးနေသည့် ပူတူးကို သူကလဲ မဆူရက်ဘဲဖြစ်နေရ၏။ သူမလေး ခေါင်းမာတာကို သူအသိဆုံးမို့ နောက်ဆုံးသူကပဲအလျော့ပေးဖို့တွေးလိုက်စဥ်....


"ညီမလေးက ဘယ်အရုပ်လိုချင်လို့လဲ''

"ဟိုးဆိုင်ထဲက poohအရုပ်၊ ခက်က တကယ်လိုချင်လို့ ပူဆာတာကို ကိုကိုက ဝယ်မပေးဘူး''


ဆိုင်ထဲကအရုပ်ကို လက်ညှိုးလေးထိုးပြရင်း စူပုတ်ပုတ်မျက်နှာထားလေးဖြင့် သူ့ကိုတိုင်သလိုပြောနေသည့် သစ်ခက်ကြောင့် နေအရိပ် အခြေအနေကို နားလည်သွား၏။ ဒီအရုပ်ကိစ္စနဲ့ အတိုင်အဖောက်မညီဖြစ်နေကြတာကို။


"ဒါဆို အစ်ကို ဝယ်ပေးမယ်လေ''

"မင်းနဲ့ ဘာဆိုင်လို့ ဝယ်ပေးမယ်ပြောနေတာလဲ''

"ကိုကိုကလဲ''


"သစ်ခက်လေးက ကျွန်တော့်ရဲ့ညီမလေးလိုပဲလေ''

"တကယ့်ညီမလေးမှမဟုတ်တာ၊ ပူတူးက ငါ့ဇနီးဖြစ်နေတဲ့အတွက် သူလိုတာမှန်သမျှ ဖြည့်ဆည်းပေးမယ့် ငါတစ်ယောက်လုံးရှိတယ်''


"ဒါပေမယ့် ခင်ဗျားကမှ သစ်ခက်လေးလိုချင်တာကို ဝယ်မပေးတာပဲလေ၊ အဲ့တော့ ကျွန်တော်က ကျွန်တော့်ညီမအတွက်...

"ဝယ်မပေးဘူးလို့ ဘယ်သူကပြောလဲ၊ ပူတူးသာတကယ်လိုချင်ရင် ကောင်းကင်က ကြယ်ကိုပဲစွတ်ပေးရ စွတ်ပေးရ ငါ ယူပေးနိုင်တယ်၊ လာ ပူတူးလိုချင်တဲ့အရုပ်သွားဝယ်မယ်''


အကဲပိုပြီး ဆတ်ဆတ်ထိမခံနိုင်ဖြစ်နေသည့် ကိုမျိုးရိုးဂုဏ်ကိုကြည့်ပြီး နေအရိပ် ရယ်ချင်မိသည်။ သူ့ကို သဘောမကျတာမှန်ပေမယ့် လူကြီးလူကောင်းပီပီ ပြောဆိုဆက်ဆံနိုင်ခြင်းမရှိလောက်အောင်ကို ဒီလူ အကဲဆတ်လွန်းအားကြီး၏။ ဧကန္တ ဒီလူ ကိုယ့်ထက်ငယ်တဲ့ကလေးကိုယူထားပြီး သူပါ ကလေးစိတ်ပေါက်နေပြီထင်ပါရဲ့။ 


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺


အပိုင်း (၄၇)မျှော်


စာရေးသူ-Merida(Tulip)


rate now: